သဒ္ဓါ သီလ သုတ ပညာ နဲ့ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်
(ဇူလိုင်လ ၂၅ရက်၊ မွန်းလွဲ၁ နာရီခန့်က ကျိုက်လတ်မြို့သာသနာ့ဗိမာန်တော်ကြီးတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော မိန့်ခွန်းအပြည့်အစုံ)
(မိုးမခ) သြဂုတ် ၃၊ ၂၀၁၅
ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ်လို့ တရားဝင်ကြေညာပြီးတဲ့အခါမှာ ပထမဦးဆုံး ကျွန်မလူထုနဲ့ တွေ့ဆုံတာဟာ အခုဒီပွဲပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့ကို အခုလာရောက်ပြီးတော့ ကြိုဆိုအားပေးတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ဒီမှာ ဟောပြောပွဲလုပ်ခွင့်ပေးတဲ့ ဂေါပကအဖွဲ့နဲ့ ဆရာတော်ကြီးများကိုလည်း ကျေးဇူးကြီးမားလှပါတယ်လို့ ပြောချင်ပါတယ်။ဒီလို ကျွန်မတို့ ပြောနေတဲ့ ရွေးကောက်ပွဲအတွက် ပညာပေးဖို့ဆိုတာဟာလည်း အားလုံးက သိပြီးသား ဖြစ်ပါလိမ့်မယ်။ရွေးကောက်ပွဲ ဘယ်လောက် အရေးကြီးလဲဆိုတာလည်း ဦးဝင်းမြင့်ကနေပြီးတော့ ရှင်းပြသွားပါလိမ့်မယ်။
ကျွန်မတို့ ဒီမိုကရေစီကို လိုချင်တယ်လို့ အမြဲပဲ ကျွန်မတို့ပြောပါတယ်။ပြည်သူလူထုက ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့လူထုတွေလို့ ကျွန်မတို့ ယုံကြည်ပါတယ်။ဒီမိုကရေစီဆိုတာဘာလဲ ဆိုတာကို ကျွန်မ အမြဲပဲကြိုးစားနေတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ဒီနေ့ အဖြစ်အပျက်လေးတစ်ခုနဲ့ ကျွန်မရဲ့ ဒီမိုကရေစီ အပေါ်မှာ သဘောတရားတစ်ခုကို ကျွန်မရှင်းပြချင်ပါတယ်။ ကျွန်မလာတုန်းက ကျွန်မရဲ့ အဖွဲ့ဝင်ထဲကနေပြီးတော့ အသံချဲ့စက်ကနေပြီးတော့ ပြောလိုက်မှ ကျွန်မရောက်လာပြီ ကြိုဆိုကြပါ။ လက်ခုပ်တီးကြပါလို့ပြောတော့ ကျွန်မက မကြိုက်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ကြိုဆိုလက်ခုပ်တီးတယ်ဆိုတာ ပြည်သူလူထု နှလုံးသားထဲက ပါမှ လုပ်ရမဲ့ကိစ္စပါ။ ကျွန်မတို့ အဖွဲ့ဝင်ကတော့ ကျွန်မတို့အတွက် စေတနာအပြည့်နဲ့ ပြောတယ်ဆိုတာတော့ ကျွန်မသိတယ်။ ဒါပေမဲ့ ဒါဟာ ဒီမိုကရေစီမဟုတ်ဘူး။လူကြီး လာပါပြီ၊လက်ခုပ်တီးကြပါဆိုတာ ကျွန်မ သိပ်မကြိုက်တာဘဲ။အဲဒီတော့ ဒါဟာ ပြည်သူက စိတ်ထဲက ရှိမှ ဩဘာပေးရမယ်။အထက်အမိန့်ကြောင့် ပေးတဲ့ဩဘာ၊ အထက်အမိန့်ကြောင့်တီးတဲ့ လက်ခုပ်သံဟာ ဘာတန်ဖိုးမှ မရှိဘူးလို့ ကျွန်မပြောချင်ပါတယ်။ဒါကြောင့် အထက်အမိန့်ကြောင့် ပေးရတဲ့မဲဆိုတာလည်း ဘာတန်ဖိုးမှ မရှိတဲ့အပြင် အန္တရာယ်မျာနိုင်ပါတယ်လို့ ကျွန်မပြောပါရစေ။
ဦးဝင်းမြင့်ကတော့ ချေးငွေတွေအကြောင်းစသဖြင့် ပြောသွားတယ်ပေါ့နော်။ကျွန်မကတော့ အဲဒါကို နည်းနည်းဖြည့်စွက်ပြီးတော့ ပြောချင်ပါတယ်။ချေးငွေတွေအပြင် ဖွံ့ဖြိုးမှု အစီအစဉ်တွေဆိုတာလည်း ရှိပါတယ်။ပေးတာကမ်းတာပေါ့နော်။ အဲဒီတော့ ကျွန်မဘယ်လိုပြောချင်လဲဆိုတော့ ကျွန်မတို့အဖွဲ့ဟာ အင်မတန်မှ ဖြောင့်ဖြောင့်မတ်မတ်သန့်သန့်ရှင်းရှင်း နေခဲ့တဲ့အခါကျတော့ လိုက်ပြီးငွေပေးစရာ မရှိဘူး။ဒါပေမဲ့ ကျွန်မပြောချင်တာက ပေးသမျှကိုယူ ကျွန်မကိုမဲပေးရင် ကျေနပ်တယ်။ကိုယ်မပေးနိုင်တာကို သူများပေးရင် ကျွန်မတို့မုဒိတာ ပွားနိုင်ပါတယ်။သူတို့လည်းကုသိုလ်ရပါတယ်။ ယူသာယူလိုက်ပါ။ မဲတော့ ပြန်မပေးနဲ့နော်။
ဒီလိုစိတ်ဓာတ်မျိုးနဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေကို ၂၀၁၅ ရွေးကောက်ပွဲကို ချဉ်းကပ်စေချင်တယ်။
ဒီမိုကရေစီဆိုတာ နောက်ဆုံးရိုးရိုးသားသားပြောရင် ပြည်သူတွေဟာ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့်ကို လက်မလွှတ်ပါနဲ့။ ဘယ်တော့မှ လက်မလွှတ်ပါနဲ့။ ဒါကြောင့် ရွေးကောက်ပွဲမှာ ပါဝင်ရမယ်။ မဲထည့်ရမယ်။ ကျွန်မအရင် ၂၀၁၂ ရွေးကောက်ပွဲတုန်းက မကြာခဏ ပြည်သူတွေနဲ့ တွေ့တဲ့အခါတိုင်း ကျွန်မပြောခဲ့ပါတယ်။ရွေးကောက်ပွဲနေ့မှာ ကျွန်မတို့ရဲ့ ပြည်သူ တစ်ယောက်ချင်းတစ်ယောက်ချင်း ဘယ်လောက်ပဲ ဆင်းရဲသည်ဖြစ်စေ၊နိုင်ငံရဲ့ ချမ်းသာမှုအဆင့်အရ နိမ့်ကျသည်ဖြစ်စေ ၊အထက်ဆုံးမှာရှိတဲ့ နိုင်ငံတော်ခေါင်းဆောင်နဲ့တစ်ညီတည်းဖြစ်တယ်။ ဘယ်လိုတစ်ညီတည်းဖြစ်တာလဲဆိုတော့ အထက်ဆုံးခေါင်းဆောင်ကလည်း မဲတစ်မဲပဲရှိတယ် ။အောက်ဆုံးက အဆင်းရဲဆုံးပြည်သူ ကျွန်မတို့ ဆိုတာလည်း မဲတစ်မဲပဲရှိတယ်။အောက်ဆုံးက အဆင်းရဲဆုံးပြည်သူကျွန်မတို့ဆိုတာလည်း မဲတစ်မဲရှိတယ်။အဲဒီတော့ ကိုယ်က ဒီနေ့တစ်နေ့မှာ နိုင်ငံ့ရဲ့ အထက်ဆုံး အကြီးဆုံး အာဏာအရှိဆုံးလူနဲ့ တန်းတူညီတူလုပ်ပိုင်ခွင့်ကို လုံးဝလက်မလွှတ်ပါနဲ့လို့ ကျွန်မအနေနဲ့ ဆော်ဩချင်ပါတယ်။ သတ္တိရှိရှိနဲ့ မဲပေးကြပါ။ လျှို့ဝှက်မဲပါ။ဘယ်သူတွေက ဘယ်လောက်ပဲ ခြိမ်းခြောက်၊ခြိမ်းခြောက် ၊တကယ်တော့ ကိုယ့်ဘယ်သူမှ သိမသွားပါဘူး။နောက်ပြီးတော့ တစ်ခုပြောမယ်နော်။မဲပေးမှန်လို့ တကယ့်ဒီမိုကရေစီစနစ်ကို ကျွန်မတို့ ထူထောင်ချင်ရင် နောင်ဘယ်တော့မှ ဘယ်သူ့ကို ကိုယ်မဲပေးချင်၊မဲပေးချင် ၊ကြောက်စရာမလိုတော့ဘူး။ ကိုယ်ပေးချင်တဲ့သူကို ပေးလို့ရတယ်။ဘယ်သူ့ကိုမှ စိုးရိမ်စရာ မလိုဘူး။ကျွန်မတို့ စိုးရိမ်ကြောင့်ကြမှုရှိနေရတဲ့ ဘဝတွေက လွတ်ကင်းချင်ရင် လူတိုင်းလူတိုင်းဟာ ကိုယ့်တာဝန်အရ ရုန်းကန်ရမယ်။ဒီအခြေအနေကနေ လွတ်မြောက်ဖို့ အားလုံးဟာ ရုန်းကန်ရမယ်။တစ်ယောက်ထဲလုပ်လို့ မရဘူး။ကျွန်မတစ်ယောက်တည်း လုပ်လို့လည်း မရဘူး။ ကျွန်မတို့ အဖွဲ့တစ်ခုတည်း လုပ်လို့လည်းမရဘူး။နောက်ဆုံးကျတော့ ပြည်သူက လုပ်မှရတာပါ။
ဒါကြောင့် ကျွန်မက ပြည်သူလိုလားရင် ဒီတာဝန်ယူပါမယ်၊ဟိုတာဝန်ယူပါမယ်လို့ ပြောတာ လုံးဝမကြိုက်ဘူး။ဒီမိုကရေစီစနစ်ဟာ ပြည်သူလိုလားမှပဲ ဖြစ်လာမှာပဲ။အပိုတွေပြောနေစရာမလိုဘူး။ကျွန်မတို့ကိုယ် ကျွန်မတို့ ယုံကြည်မှုရှိလို့ ဒီမိုကရေစီအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်လို့။
အဲဒီတော့ အခုတိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဆွေးနွေးစကားမပြောမီ၊ ဆရာတော်ကြီးများကို သွားရောက်ဖူးမြော်တဲ့အခါမှာ ဒေဝီကျောင်းဆရာတော်ကြီးကနေ ဩဝါဒပေးတော်မူပါတယ်။ဒီဩဝါဒစကားဟာ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံရေးအတွက် အင်မတန်မှ ထိရောက်တဲ့ ဩဝါဒ။ကောသလမင်းကြီးကို မြတ်စွာဘုရားကိုယ်တိုင်က ဟောခဲ့တဲ့တရားဖြစ်တယ်လို့ ဆရာတော်ဘုရားကြီးက မိန့်တာမှာ အောင်မြင်မှုအတွက် လိုအပ်တာဟာ သဒ္ဓါ၊ သီလ၊ သုတ၊ ပညာပါတဲ့။ ဘာသာရေးအရ မဟုတ်ဘဲနဲ့ ကောသလမင်းကြီးကို မိန့်ကြားတဲ့ တရားတော်ဆိုတော့ မြတ်စွာဘုရားက အုပ်ချုပ်ရေး၊နိုင်ငံရေးအမြင်နဲ့ ဟောကြားလိုက်တာလို့ ကျွန်မတို့ သုံးသပ်ရမှာပါ။
ဆရာတော်ဘုရားကြီးက ရှင်းပြပါတယ်။ သဒ္ဓါဆိုတာဟာ ပေးကမ်းစွန့်ကျဲတာကို ပြောတာမဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်ကို ယုံကြည်တာ၊ကိုယ့်ရဲ့အဖွဲ့အစည်းလုပ်တဲ့အလုပ်ကို ကိုယ်ယုံကြည်တာ အဲဒီသဒ္ဓါ ကိုပြောတာလို့ ပထမအချက် မိန့်လိုက်ပါတယ်။ဒါဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အများကြီး သက်ဆိုင်ပါတယ်။ကျွန်မတို့ဟာ ဒီမိုကရေစီကို ယုံကြည်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာလည်းပါရမယ်လို့ ဆရာတော်ဘုရားကြီးက မိန့်သွားပါတယ်။အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ဆိုရင် ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက အဖွဲ့ဝင်တွေဟာ ကိုယ်တိုင်ဘယ်လောက်၊အရင်နှစ် ၂၇ နှစ်အတွင်းမှာ ဒီမိုကရေစီအတွက် လုပ်ခဲ့လဲဆိုတာ ကိုယ်တိုင်အသိဆုံးပဲ။ တကယ်ပဲလုပ်ခဲ့တယ်။တကယ်ပဲမှန်မှန်ကန်ကန် သစ္စာရှိရှိလုပ်ခဲ့တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လုံးဝယုံကြည်နိုင်တယ်။နောက်ပြီးတော့ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်သိတယ်။ဘယ်လောက်အထိ ဒီမိုကရေစီအတွက် ရပ်တည်ခဲ့သလဲဆိုတာကို။အဲဒီတော့ အဲဒီစကားလေးနဲ့ ပြည့်စုံမယ့် ပုဂ္ဂိုလ်တွေကို ကျွန်မတို့ဟာ အမြဲပဲ တာဝန်ပေးမှာ ဖြစ်ပါတယ်။
ပြီးတော့ သီလ၊ ဆရာတော်ဘုရားကြီးက မိန့်ပါတယ်။ငါးပါးသီလ၊ရှစ်ပါးသီလ၊ကိုးပါးသီလ ရယ်လို့အဲဒါတွေကို မိန့်တာမဟုတ်ပါဘူး။ သီလဆိုတာဟာ ကိုယ်လုပ်တဲ့အလုပ်ကို လုပ်နိုင်တဲ့အရည်အချင်း၊ကိုယ့်ရဲ့ယုံကြည်ချက် သဒ္ဓါကို ပံ့ပိုးနိုင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံဖို့ဆိုတာ ဒါကလည်း ကျွန်မတို့ နိုင်ငံရေးအမြင်နဲ့ကြည့်မယ်ဆိုရင် အင်မတန်မှပဲ လိုအပ်တဲ့ကိစ္စပါ။အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တာကို ဆက်ပြီးတော့ ပြောချင်ပါတယ်။ကျွန်မတို့ ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်တဲ့နေရာမှာ အရည်အချင်းကို ကျွန်မတို့ပထမထားပါတယ်။အဲဒီတော့ အရည်အချင်းဆိုတာဘာလဲဆိုတော့ ကျွန်မတို့နိုင်ငံကို အကျိုးပြုနိုင်မယ့်အရည်အချင်း။ ဒါပါပဲ။ ကျွန်မတို့ ကိုယ်စားလှယ်တွေဟာ ကျွန်မတို့အဖွဲ့ချုပ်ကို အကျိုးပြုနိုင်ဖို့က နံပါတ်တစ်မဟုတ်ဘူး။ကျွန်မတို့ နိုင်ငံကို အကျိုးပြုနိုင်ဖို့က အဓိကပဲ။ဒါပေမဲ့ ကျွန်မတို့နိုင်ငံကို အကျိုးပြုနိုင်ဖို့ဆိုတာ ကျွန်မတို့ အဖွဲ့အစည်းမှာ ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်မှ အကျိုးပြုနိုင်မှာပါ။ အဲဒီတော့ ဒီနှစ်ခုကတော့ ခွဲခြားလို့မရနိုင်ပါဘူး။ အဲဒီတော့ နိုင်ငံကိုအကျိုးပြုဖို့ဆိုတာ ကိုယ့်ရဲ့အဖွဲ့အစည်းကိုတောင်မှ အကျိုးမပြုနိုင်ဘဲနဲ့ ဘယ်လိုလုပ် နိုင်ငံကို အကျိုးပြုနိုင်မလဲဆိုတာ မေးစရာမလိုဘူးထင်ပါတယ်။
ကျွန်မတို့ အခုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဝင်ရောက်ပြီးတော့ ယှဉ်ပြိုင်ဖို့ တကယ်တော်တဲ့ပုဂ္ဂိုလ်ကြီးများ၊ပညာရှင်များ၊အတွေ့အကြုံ အလုပ်အကိုင်အရ ကျွမ်းကျင်သူများကို ကျွန်မတို့ဖိတ်ခေါ်တယ်။တချို့ဒီလိုထင်တယ်။ ဒီလူတွေက အစကတည်းက အဖွဲ့ချုပ် အဖွဲ့ဝင်တွေလည်းမဟုတ်ဘူး။ အခုမှ ဝင်လာပြီးတော့ သူတို့ကို ကိုယ်စားလှယ်နေရာပေးမှာလား ဆိုပြီးတော့ မေးတဲ့လူတွေရှိတယ်။ဟုတ်တယ်၊ ကျွန်မတို့ပေးရမယ်၊ဘာဖြစ်လို့လဲဆိုတော့ ဒီပုဂ္ဂိုလ်တွေက အရင်တုန်းက နိုင်ငံရေးထဲမှာ ဝင်မပါခဲ့ပေမယ့် မိမိတို့ရဲ့ကျွမ်းကျင်မှုအရ၊မိမိတို့ရဲ့ ပညာအရ နိုင်ငံကို အကျိုးပြုတယ်၊နောက်ပြီးတော့လည်း ဒီမိုကရေစီကို ထိပါးအောင်မလုပ်ခဲ့ဘူးဆိုရင် ကျွန်မတို့ ဒီလိုပုဂ္ဂိုလ်တွေကို နိုင်ငံ့အတွက် သုံးရမှာပဲ။နိုင်ငံ့အတွက် သုံးတာ၊ နိုင်ငံ့အတွက် လုပ်ရမှာပါပဲ။ဒါကြောင့် ကျွန်မတို့ဟာ လုပ်နိုင်ကိုင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးမှာပါ။အဲဒါဟာ ဆရာတော်ကြီးမိန့်တဲ့အထဲမှာ တတိယဖြစ်တဲ့ သုတနဲ့လည်း ဆက်သွားပါတယ်။
သုတက ဘာလဲဆိုတော့ ဆရာတော်ဘုရားကြီးက စကားတွေကြားတယ်၊ကြားတယ်၊အမျိုးမျိုးကြားတယ်။ကျွန်မတို့နိုင်ငံအတွင်းမှာဆိုရင် အထူးအရေးပါပါတယ်။ ကြားရတဲ့စကားတွေထဲမှာ ဘယ်ဟာက မှန်တယ်၊ဘယ်ဟာက မှားတယ်ဆိုတာကို ပိုင်းခြားတွေ့မြင်နိုင်တဲ့ ဗဟုသုတရှိရမယ်ပေါ့။ ဥပမာဆိုရင် ဒီမှာလာပြီးတော့ ကျွန်တော်တို့ ချွေးနည်းစာထဲက ပေးလိုက်တဲ့ဟာပါ၊ အဲဒီလိုဆိုရင် ဘယ်ချွေးနည်းစာထဲကမှ ထွက်လာမှာမဟုတ်ဘူး။ပြည်သူ့ဘဏ္ဍာထဲကပဲ ထွက်လာတာ။ အဲဒီလိုသိတယ်ဆိုရင် ပြောသမျှကို မယုံဘူးပေါ့။ ဘယ်ဟာကို ယုံသင့်၊မယုံသင့် ပိုင်းခြားစိတ်ဖြာနိုင်ဖို့ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတရှိဖို့လိုတယ်ဆိုတာမျိုးပါ။
နောက်ဆုံးဆရာတော်ဘုရားကြီး မိန့်လိုက်တဲ့ဟာက ပညာပေါ့။ ပညာဆိုတာကတော့ ဆိုးကျိုး၊ကောင်းကျိုးကို ခွဲခြားနိုင်တာပေါ့။ ဒါလုပ်လိုက်ရင် ဆိုးကျိုးဖြစ်သွားမလား၊ကောင်းကျိုးဖြစ်သွားမလား ဆိုတာကို တွက်တတ်တာကို ပညာလို့ ဆရာတော်ဘုရားကြီးက ပေးလိုက်တဲ့ဩဝါဒဟာ ကျွန်မတို့ နိုင်ငံရေးလုပ်တဲ့ ပုဂ္ဂိုလ်များအတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်။ဒါကြောင့် ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်များရှိသင့် ရှိထိုက်တဲ့ သဒ္ဓါ၊သီလ၊သုတ၊ပညာ နဲ့ပြည့်စုံတဲ့ ကိုယ်စားလှယ်များကို ကျွန်မတို့ ကြိုးစားပြီးတော့ ရွေးပါမယ်။
ကျွန်မတစ်ခုပြောပါရစေ။ ကျွန်မနိုင်ငံရေးလုပ်တာဟာ ၂၇ နှစ်ရှိသွားပါပြီ။ ၂၇ နှစ်အတွင်းမှာ ကျွန်မလုပ်တာ အားလုံးမှန်တယ်လို့လည်း မဆိုပါဘူး။ကျွန်မကိုယ်ကျွန်မလည်း ခြောက်ပြစ်ကင်းသဲလဲစင်၊ဘာမှ အပြစ်ကို မရှိတဲ့သူလို့ လည်းမဆိုလိုပါဘူး။ဒါပေမဲ့ ဒီ ၂၇ နှစ်အတွင်းမှာ ကျွန်မဘယ်တုန်းကမှ ပြည်သူကို လိမ်လည်လှည့်ဖြားပြီးတော့ မစည်းရုံးခဲ့ဖူးဆိုတာတော့ ကျွန်မပြောရဲပါတယ်။နောက်ပြီးတော့လည်း ကျွန်မမတည်နိုင်တဲ့ ကတိတွေကို ဘယ်တုန်းကမှ ကျွန်မ ပြည်သူကိုမပေးခဲ့ပါဘူး။ ကျွန်မမပေးခဲ့တဲ့အပြင် ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒအရ မတည်နိုင်တဲ့ ကတိတွေကို တည်နိုင်တယ်ဆိုတာကို သေချာခြင်းမရှိတဲ့ ကတိတွေကို ပြည်သူကိုပေးပြီးတော့ မစည်းရုံးရဘူးလို့ ကျွန်မတို့မူချထားပါတယ်။
ကျွန်မအခုဒီလိုပြောရတဲ့အကြောင်းကတော့ ပြည်သူကို အကျိုးပြုနိုင်တဲ့ ကိုယ်စားလှယ်တွေ ကျွန်မတို့ အကောင်းဆုံးရအောင် ရွေးပေးမယ်။သို့သော်လည်း ကျွန်မရိုးရိုးသားသားပဲ ဝန်ခံပါရစေ၊ရာနှုန်းပြည့်တော့ ကျွန်မတို့အောင်မြင်ချင်မှ အောင်မြင်မှာပါ။ စုန်းပြူးလေးတွေကတော့ ပါလာရင် ပါလာမှာပဲ။ ဒါပေမဲ့ ကျွန်မတို့ဒါတွေကိုတော့ သန့်စင်ရမှာပဲ။ဒါကြောင့် ကျွန်မတို့ကနေပြီးတော့ အကောင်းဆုံးကိုယ်စားလှယ်တွေ၊ပြည်သူလူထုအတွက် အကောင်းဆုံးနိုင်ငံကို အကျိုးပြုနိုင်ဆုံး ကိုယ်စားလှယ်တွေကို ကြိုးစားပြီးရွေးချယ်မယ်။ဒါပေမဲ့နောက်ကျမှ ဟိုတစ်ယောက်က သိပ်မဟန်ဘူး။ဒီတစ်ယောက် သိပ်မဟန်ဘူးဆိုရင် ကျွန်မတို့က လက်ခံမှာပါ။ တကယ်ပဲ မဟန်ဘူးဆိုရင် ဒါဟာ ကျွန်မတို့မှားပြီပေါ့။ ဒါတွေကတော့ ပါနိုင်တယ်ဆိုတာ ကျွန်မအခုထဲက ပြောထားပါရစေ။
ဘာလို့လဲဆိုတော့ တချို့ကတော့ ပြောမယ်၊ကျွန်တော်တို့အဖွဲ့ကိုမဲပေးပါ ကျွန်တော်တို့အဖွဲ့မှာ လူတော်၊လူကောင်းချည်းပဲဆို၊ အဲဒါမျိုးယုံကိုမယုံနဲ့နော်။ အဲဒီလိုပြောကတည်းက မဟုတ်တော့ဘူး။မြတ်စွာဘုရားရဲ့တရားတော်ထဲမှာလည်းပါပါတယ်။ကိုယ့်ရဲ့ ဂုဏ်ကျေးဇူးတွေကို သိပ်ပြီးတော့ ချဲ့ကားပြောတဲ့ ပုဂ္ဂိုလ်များဟာ လူကောင်းတွေမဟုတ်ဘူး၊လူတော်လူကောင်းတွေ မဟုတ်ဘူးဆိုတာ အဲဒါလည်းကောင်းကောင်းမှတ်ထားပါ။ကျွန်မတို့က ဒါကြောင့်၊ကျွန်မတို့ရဲ့ အဖွဲ့ချုပ်မှာ အားနည်းချက်တွေရှိနေပါတယ်။ပြည်သူဟာ အသိဆုံးပါပဲ။ကျွန်မတို့ အဖွဲ့ချုပ်ရဲ့အောင်နိုင်မှုဟာ ပြည်သူရဲ့ထောက်ခံမှုကြောင့်ပဲ။ကျွန်မတို့အဖွဲ့ချုပ်တော်လွန်းလို့လားဆိုတာ အတိုင်းအတာတစ်ခုအထိတော့ ကျွန်မတို့အဖွဲ့ဝင်တွေရဲ့ကြိုးစားမှုကြောင့်လို့ ကျွန်မမြင်ပါတယ်။
ဒါပေမဲ့ အဓိကအောင်မြင်မှုကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုပဲ။ပြည်သူလူထုက ဘာလို့ ကျွန်မတို့ကို ထောက်ခံလဲဆိုတာဟာ ကျွန်မ မကြာခင်က စဉ်းစားကြည့်ပါတယ်။ဘာကြောင့်ထောက်ခံသလဲ။ ကျွန်မရိုးရိုးသားသားပဲ စဉ်းစားတယ်။ဖေဖေ့သမီးကြောင့် ထောက်ခံတာလားဆိုတော့ ဒါလည်း အများကြီးပါပါတယ်။ဒါလည်းကျွန်မလက်ခံပါတယ်။ဒါဟာ ဖေဖေ့ရဲ့မျက်နှာကြောင့်၊ဖေဖေ့ရဲ့ဂုဏ်သိက္ခာကြောင့် ၊ဖေဖေ့အပေါ်မှာထားတဲ့ပြည်သူတွေရဲ့မေတ္တာကြောင့်၊အဲဒီဟာပြည်သူတွေရဲ့အကျိုးတွေလည်းကျွန်မခံစားရတယ်။အဲဒီဟာတွေက ကျွန်မကနေတစ်ဆင့် ကျွန်မတို့အဖွဲ့ချုပ်ကနေခံစားရတယ်ဆိုတာ ဒါလည်း ကျွန်မတို့လက်ခံပါတယ်။နောက်တစ်ခုက ကျွန်မတို့ကံကောင်းတာက ဘဘဦးတင်ဦးလို ခေါင်းဆောင်ကောင်းတွေလည်း ကျွန်မတို့ အဖွဲ့ချုပ်မှာရခဲ့တယ်။ အဲဒီလို ခေါင်းဆောင်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့်လည်း ပြည်သူတွေရဲ့ ထောက်ခံမှုတွေ ကျွန်မတို့ရခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ဒါပေမဲ့ ကျွန်မတို့ပြည်သူလူထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံရခြင်းရဲ့ အဓိကအကြောင်းကတော့ ကျွန်မတို့အဖွဲ့ချုပ်ဟာ ဒီနိုင်ငံရဲ့ မျှော်လင့်ချက်လို့ ပြည်သူလူထုက ယုံကြည်လို့လို့ ကျွန်မထင်ပါတယ်။
ဒီနိုင်ငံရဲ့ကို တကယ်ပဲပြောင်းလဲဖို့ အတွက် ပြောင်းလဲချိန်လည်းတန်ပါပြီဆိုတာ လူတိုင်းသိပါတယ်။အခုမှ မပြောင်းလဲလို့ နောက်ထပ်နှစ်တွေ ထပ်စောင့်ရဦးမှာလားလို့ မေးစရာ ဖြစ်နေပါတယ်။အဲဒီတော့ ကျွန်မတို့ဟာ တကယ်ဒီနိုင်ငံကိုပြောင်းလဲဖို့ တကယ်ကို ဒီမိုကရေစီ လမ်းပေါ်ကို ရောက်သွားဖို့ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ အဆုံးအဖြတ်ပေးမှာပါလို့ လူတိုင်း၊လူတိုင်း သိဖို့လိုပါတယ်။၂၀၁၅ ရွေးကောက်ပွဲဟာ မဲထည့်တယ်ဆိုတာဟာ ကိုယ့်ရဲ့ အခုလက်ရှိမဲထည့်ပိုင်ခွင့်ရှိတဲ့ ၁၈ နှစ်ကျော်နိုင်ငံသူနိုင်ငံသားများအတွက်သာ မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့အနာဂတ်အတွက်ဖြစ်တယ်ဆိုတာကို လေးလေးနက်နက် နှလုံးသွင်းစေချင်ပါတယ်။
ကျွန်မတို့လမ်းမှာ လာတဲ့အခါကျတော့ မိုးကလည်းကျလာပြီဆိုတော့ အခြေအနေကလည်း နည်းနည်းမကောင်းချင်ဘူး။လမ်းအခြေအနေကလည်း မကောင်းချင်တော့ဘူး။ အဲဒီတော့ ကျွန်မတို့ဒါကိုဆွေးနွေးပါတယ်။ ဒီလမ်းဟာ ၂၀၁၀ ကနေပြီးတော့ ခင်းလိုက်တဲ့ ဒီမိုကရေစီလမ်းလိုပဲ။ မိုး တစ်ခါကျတာနဲ့ ကြာကြာလည်းမခံဘူး။ အပေါက်တွေနဲ့၊အချိုင့်တွေနဲ့ဖြစ်လာတာပဲ။သွားရတာမဟန်ဘူးလို့ပေါ့။ ကျွန်မတို့ပြည်သူတွေအတွက် ခင်းပေးချင်တဲ့ ဒီမိုကရေစီလမ်းဟာ ရာသီစုံလမ်းဖြစ်စေချင်ပါတယ်။ ရာသီစုံမှာတောင့်ခံနိုင်တဲ့ လမ်းကြောဖြစ်စေချင်ပါတယ်။ ဒါပေမဲ့အဲဒါဖြစ်ဖို့ဟာ ကျွန်မတို့ဟာ ပြည်သူရဲ့ထောက်ခံမှုရှိမှ ဖြစ်မှာပါ။ကျွန်မတို့က ပြည်သူ့ထောက်ခံမှု မရရှိဘဲနဲ့ ရမှာမဟုတ်ဘူး။ ကျွန်မတို့ပြောမယ်။ပြည်သူ့ထောက်ခံမှု မရှိဘဲနဲ့လည်းရမှာ မဟုတ်ဘူး။ ပြည်သူရဲ့ တကယ့်နှလုံးသားထဲက ထောက်ခံမှုမရှိဘဲနဲ့ ယူထားတဲ့အာဏာဆိုတာဟာ အင်မတန်မှခါးသီးတယ်လို့ ကျွန်မကတော့ မြင်ပါတယ်။ ဒါကြောင့်ပြည်သူလိုလားရင်တော့ တာဝန်ယူပါမယ်ဆိုတာ ဘယ်တော့မှမပြောဘူး။ပြည်သူမလိုလားဘဲနဲ့တော့ တာဝန်ရစရာအကြောင်းမရှိဘူးလို့တော့ ကျွန်မတို့က သတ်မှတ်ထားတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလိုလားတဲ့ အခါမှာတောင်ကျွန်မတို့ဟာ တာဝန်ထမ်းဆောင်ခွင့်မရခဲ့ဘူးဆိုတာ ၁၉၉၀ ခုနှစ်တုန်းက ပြခဲ့တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ပြည်သူက လိုလားပါတယ်ဆိုတာတောင်မှ ကျွန်မတို့ အဖွဲ့ချုပ်ကိုပြည်သူ့တာဝန်ကို ထမ်းဆောင်ပိုင်ခွင့်မပေးခဲ့ဘူး။ သို့သော်ငြားလည်း ဒီလိုမပေးခဲ့လို့လဲ ကျွန်မတို့ဟာ မတော်လှန်ဘူး။ကျွန်မတို့အဖွဲ့ချုပ်ဟာကြံ့ကြံ့ခံပြီးတော့ ကျွန်မတို့ဒီမိုကရေစီအတွက်ဆက်ပြီးတော့ တိုက်ပွဲဝင်တယ်။
ဒီနိုင်ငံဟာ ဒီမိုကရေစီပြည်ထောင်စုတစ်ခုအဖြစ်နဲ့ ရပ်တည်နိုင်ဖို့အတွက် ကျွန်မတို့လုပ်တယ်။ကျွန်မဟောပြောပွဲလုပ်တိုင်းလိုလို အမြဲသတိပေးပါတယ်။ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါ။တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့ထားတဲ့ပြည်ထောင်စုဖြစ်ပါတယ်။ဥပမာ ဧရာဝတီတိုင်းမှာဆိုရင် ကရင်တိုင်းရင်းသားတွေတော်တော်များပါတယ်။ဒီတော့ ကျွန်မတို့ဟာ ဗမာချည်းပဲနေတဲ့နိုင်ငံ၊တိုင်းပြည်မဟုတ်ပါဘူး။ ဗမာကလူများစုဆိုတာမှန်ပါတယ်။ကျွန်မကိုယ်တိုင်ကလည်းဗမာပါ၊ အဖေဗမာ၊ အမေဗမာ၊တခါတလေလည်း ကျွန်မက တိုင်းရင်းသားသွေးလေးပါရင်ကောင်းမယ်လို့ထင်တယ်။ဒါပေမဲ့ အဲဒီလိုလိုက်ပြီးတော့ အမျိုးစပ်ကြည့်တော့လဲ သိပ်တော့မတွေ့ဘူး။ဒါပေမဲ့ မေမေ့မှာတော့ နည်းနည်း မွန်သွေးပါမလားမသိဘူး။ ဒါရှိသမျှလေးကို ကျွန်မပြောရတာပါ့နော်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တိုင်းရင်းသားတွေ အားလုံးကို လုံးဝ သွေးစည်းညီညွတ်မှုရှိစေချင်တယ်။ တစ်ယောက်ကို တစ်ယောက်ချစ်ခင်ရုံတင်မကဘူး၊လေးစားစေချင်တယ်။တစ်ယောက်ရဲ့တန်ဖိုးကို တစ်ယောက်သိစေချင်တယ်။အဲဒီလို ပြည်ထောင်စုကြီး ကျွန်မတို့ထူထောင်စေချင်တယ်။
အဲဒီလိုပြည်ထောင်စုကြီးထူထောင်ဖို့ဆိုတာ ကျွန်မတို့တစ်ဦးချင်းတစ်ဦးချင်းဟာ သဘောထားကြီးဖို့လိုတယ်။ပြည်ထောင်စုရဲ့တန်ဖိုးကို နားလည်ဖို့လိုတယ်။ကျွန်မတို့ နိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံရှိတယ်ဆိုတာ ကျွန်မတို့နိုင်ငံအတွက်အင်အားဆိုတာသိဖို့လိုတယ်။နောက်ပြီးတော့ အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားများဟာ ပိုပြီးတော့ သဘောထားကြီးရမယ်၊ပိုပြီးတော့ ပြည်ထောင်စု ထူထောင်ရေးအတွက်ကြိုးပမ်းရမယ်။ကြိုးပမ်းဖို့ တာဝန်ရှိတယ်။ကိုယ့်ရဲ့အင်အားများလေလေ၊ ကိုယ့်မှာ တာဝန်ကြီးလေလေ ဆိုတာကို နားလည်စေချင်တယ်။
တချို့က ဘယ်လိုမြင်လဲဆိုတော့ အင်အားများလေလေ၊ အာဏာပိုပြီးရလေလေလို့ ဒီလိုမြင်တဲ့လူတွေရှိတယ်။ဒါဟာ လုံးဝ မမြင်သင့်ဘူး။ ကိုယ့်မှာ အင်အားများလေလေ၊ကိုယ်က သဘောထားကြီးလေလေ၊တခြားလူတွေနဲ့ ကိုယ်က ခွဲဝေပြီးတော့၊မျှပြီးတော့ လုပ်ချင်တဲ့စိတ်က များပြားလေလေ ဖြစ်ရမယ်။ ကိုယ်ကအင်အားကြီးလေလေ စိတ်ထားမြင့်လေလေဖြစ်ရမယ်။အင်အားကြီးလေလေ လောဘကြီးလေလေဆိုလို့ကတော့ ကျွန်မတို့နိုင်ငံ ဒုက္ခကိုရောက်မှာပဲ။ဒါကြောင့်အားလုံးသတိပြုကြပါ။လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။ တာဝန်ဆိုတော့ မကြောက်ပါနဲ့၊ ဒီတာဝန်ကိုကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့အခွင့်အရေးဟာ ဘယ်လောက် ရှားရှားပါးပါးရထားသလဲဆိုတာကို ဆင်ခြင်ကြပါ။
အခု ၂၀၁၅ ရွေးကောက်ပွဲလိုရွေးကောက်ပွဲလိုမျိုး နောင်ဒီနိုင်ငံရဲ့ သမိုင်းမှာ ဘယ်တော့ဖြစ်မလဲဆိုတာ ကျွန်မတို့ ပြောလို့မရဘူး။၁၉၉၀ တုန်းက ကျွန်မတို့ အဲဒီရွေးကောက်ပွဲဟာ နိုင်ငံ့ရဲ့ ကံကြမ္မာကိုပြောင်းလဲနိုင်မည့် ရွေးကောက်ပွဲဟု ယုံကြည်ကြလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝိုင်းပြီးတော့ ထောက်ခံကြတယ်။ ပုံပြီးတော့ မဲတွေကိုပေးကြတယ်။ ဒါပေမဲ့ ပြည်သူရဲ့ဆန္ဒကို မလေးစားဘဲနဲ့ ပယ်ဖျက်လိုက်တယ် ။ကောင်းပြီ အခုကျွန်မတို့ ၂၀၁၅ ခုနှစ်ကိုရောက်လာပြီ။ဒီရွေးကောက်ပွဲဟာလည်း နိုင်ငံ့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်တဲ့ ရွေးကောက်ပွဲပဲ။ ၁၉၉၀ တုန်းကလိုပဲ ပြန်ဖြစ်ရင်ဘယ်နှယ့်လုပ်မလဲတဲ့။ ကျွန်မကတော့ ပွင့်ပွင့်လင်းလင်းပြောမယ်။ ၁၉၉၀တုန်းကလိုဖြစ်မယ်လို့ ပြည်သူကိုခြိမ်းခြောက်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။နားမယောင်ပါနဲ့။ အဲဒါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးမှာစိုးလို့ ပြောတဲ့သူတွေ ဖြစ်တယ်။
တချို့က ဘယ်လိုပြောလဲဆိုတော့ ၁၉၉၀တုန်းက အဖွဲ့ချုပ်ကို မဲပေးလိုက်တုန်းက ခင်ဗျားတို့ဘာရလို့လဲ။ဒီတစ်ခါမဲပေးရင်လည်း ပြန်ပြီးတော့တပ်ကနေ အာဏာသိမ်းမယ်လို့ ခြိမ်းခြောက်တဲ့လူတွေရှိတယ်။ အဲဒါဟာ ကျွန်မတို့ပြည်သူတွေကိုလည်း စော်ကားရာရောက်တယ်။ ဒီမိုကရေစီကိုလည်း စော်ကားရာရောက်ပါတယ်။အဲဒီတော့ အဲဒါတွေကို လုံးဝနားမထောင်ပါနဲ့။ကိုယ့်တာဝန်ကိုသာ ကိုယ်ကျေပွန်အောင်လုပ်ပါ။
ကိုယ့်တာဝန်က ဘာလဲဆိုတော့ ဒီမိုကရေစီရရှိရေးအတွက် မဲပေးဖို့ပဲ။မဲပေးတယ်ဆိုတာ ဘယ်လောက်မှ မကြာဘူး။အဲဒီနေ့မှာ မကြာဘူး ဆိုပေမယ့် တကယ်ကြတော့ကြာပါတယ်။ မနက်စောစောစီးစီးကတည်းက တန်းစီရတာတွေရှိတာပေါ့။ကဲ … တစ်နေ့ပေါ့။ တစ်နေ့ကုန်ခံလိုက်တယ်။ ဒီတစ်နေ့ကုန်ခံလိုက်တယ်ဆိုတာ ကျွန်မတို့နိုင်ငံရဲ့အနာဂတ်ရာစုနှစ်တွေ ခံစားရကျိုးနပ်ပါတယ်ဆိုတာ ကျွန်မတို့ ပြည်သူတွေ သဘောပေါက်စေချင်ပါတယ်။
မဲပေးနိုင်ဖို့အတွက် ဘာလုပ်ရမလဲဆိုတာစောစောက ဦးဝင်းမြင့် ရှင်းပြသွားပြီးပါပြီ။ မဲစာရင်းမှာ နာမည်ပါဖို့၊ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲရဲ့ရလဒ်ဟာ ဒီနိုင်ငံရဲ့အနာဂတ်ကို အကောင်အထည်ဖော်မယ့်ရလဒ်ဆိုတာ မမေ့ပါနဲ့။နေ့တိုင်းနေ့တိုင်း ဒါကိုစဉ်းစားပါ။ ကိုယ့်ရဲ့အသိုင်းအဝိုင်းမိတ်ဆွေ၊ မိသားစုကိုလည်းပြောပြပါ။ ဒါကို သဘောပေါက်အောင်လို့ပြောပါ။ ကျွန်မကတော့ လုံးဝယုံကြည်တယ်။ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲ ထောက်ခံရင် ကျွန်မတို့ နိုင်ငံရဲ့ ကံကြမ္မာကို ကျွန်မတို့ ၂၀၁၅ ရွေးကောက်ပွဲကနေပြီးတော့ ကျွန်မတို့ပြောင်းလဲပေးနိုင်တယ်ဆိုတာ ကျွန်မလုံးဝယုံကြည်ပါတယ်။
အဲဒီတော့ ပြည်သူလူထုက ကျွန်မတို့ကို ဘယ်လောက်ထောက်ခံရမလဲလို့ တချို့က မေးရင်မေးမယ်။အဲဒီတော့ ကျွန်မက ရိုးရိုးလေးပဲဖြေမယ်။ တစ်ရာရာခိုင်နှုန်းထောက်ခံပါလို့။ တခြားဟာတွေပြောနေရင် ခေါင်းရှုပ်တယ်။တစ်ရာရာခိုင်နှုန်းပဲ ထောက်ခံလိုက်ပါ။ အဲဒီတော့ ဘယ်ပါတီကို ပေးရမလဲဆိုတာလဲ ခေါင်းထဲမှာ မထားနဲ့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲ မဲထည့်တော့မယ်ဆိုပြီး အဲဒီလိုပဲထည့်လိုက်ပါ။ အဲဒီလိုဆိုရင် မဲရေတွက်ရမယ့်လူလည်း သက်သာပါတယ်။အဲဒီတော့ စေတနာအပြည့်အဝနဲ့ အဖွဲ့ချုပ်ကိုပဲ တစ်ရာရာခိုင်နှုန်းထောက်ခံပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
အခုကျွန်မ ပြည်သူတွေဆီကနေပြီးတော့ မေးခွန်းတွေကို ဖိတ်ခေါ်ပါမယ်။ဒါတော့ ကျွန်မအမြဲလုပ်လေ့ရှိပါတယ်။ဟောပြောပွဲတွေလုပ်ရင် ပြည်သူတွေဆီကနေမေးခွန်းများ၊မေးချင်တဲ့လူတွေ ရှစ်ဦး ရှစ်ဦးစီမေးခွင့်ပြုပါတယ်။ ။