တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၃)
( အရိုးတောင်းတဲ့ ၁၃ ပါတီအသံ)
မိုးမခ၊ နိုဝင်ဘာ ၂၉၊ ၂၀၁၆
အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာသေနတ်သံတွေ မရပ်စဲသေးတဲ့အပြင်“တောင်းဆိုသံ”ထွက်လာပေါ် လာပြန်ပါတယ်။
ကာလုံအစည်းအဝေးခေါ်ပေးရန် ၁၃ ပါတီရဲ့ တောင်းဆိုသံဖြစ်ပါတယ်။
ဒီ “တောင်းဆိုသံ” ဟာ သွေးရိုးသားရိုး မဟုတ်ပါဘူး။ အသားလိုလို့ အရိုးတောင်းတဲ့အသံဖြစ်ပါတယ်။ မင်းသားကြီးမလုပ် ရတဲ့သူတွေရဲ့ ဓားကြိမ်း ကြိမ်းတဲ့ အသံဖြစ်ပါတယ်။
၁၃ ပါတီဆိုတဲ့ ဗြုတ်စဗြင်းတောင်းအုပ်စုထဲဘယ်သူတွေပါသလဲလို့ ကြည့်မိတော့။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက် ပွဲမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့ ပါတီ နှစ်ခု ထိပ်ဆုံးမှာပါတာကို တွေ့ရတယ်။ သူတို့နောက်ကြောင်းကို ပြန်စောင်း ကြည့် တော့ စစ်အုပ်စုက မွေးထုတ်လိုက်တဲ့ (ညီအစ်အကိုတွေဖြစ်တဲ့) (မဆလ) ရဲ့ဆိုးမွေခံ( တစည) ပါတီနဲ့ (ကြံ့ဖွံ့အသင်း) ရဲ့ မိုက်မွေခံ (ကြံ့ဖွံ့ပါတီ) တို့ပဲဖြစ်တယ်ဆိုတာတွေ့ရတယ်။
ရွေးကောက်ပွဲမှာ သူတို့ခွက်ခွက်လန်အောင်ရှုံးရတာဟာ ဘာအကြောင်းကြောင့်မှ မဟုတ်ဘူး။ ပြည်သူလူထုအပေါ် နှစ်ပေါင်း များစွာ ဆိုးသွမ်းယုတ်မာစွာ ဖိနှိပ်ခဲ့ကြတာကြောင့် ပြည်သူလူထုက ပြစ်ဒဏ်ခတ်လိုက်တာဖြစ်တယ်။ ပြည်သူတွေက (မဆလ)ကို မုန်း တယ်။ ရွံတယ်။ (မဆလ) ရဲ့ မိုက်မွေခံ (တစည)ပါတီကိုလည်း မုန်းတယ်၊ ရွံတယ်။ ဒါကြောင့် ပြည်သူတွေက ၁၉၉၀ ရွေးကောက်ပွဲမှာ ဒဏ်ခံလိုက်တာဖြစ်တယ်။ ထိုနည်းတူပဲ (ကြံ့ဖွံ့) အသင်းကိုလည်း မုန်းတယ်၊ ရွံတယ်။ ဒါကြောင့် (ကြံ့ဖွံ့အသင်း) ရဲ့ မိုက်မွေမံ (ကြံ့ဖွံ့ပါတီ) ကိုလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ဒဏ်ခံလိုက်တာပဲဖြစ်ပါတယ်။
အရင်းခံ အချက်က ပြည်သူတွေရဲ့ ရွံရှာမုန်းတီးမှုပဲ။ ပြည်သူတွေအပေါ် သွေးစုပ်ဖိနှိပ်တဲ့ပါတီအစိုးရတွေကို ပြည်သူတွေက မုန်းတီးတယ်ဆိုတာကို အရှင်းလင်းဆုံးသက်သေပြလိုက်တာပဲ။
တခြား မိုက်ဖော်ဆိုးဘက် ဘယ်(ဗမာ) ပါတီတွေပါသေးသလဲဆိုတာ ကြည့်လိုက်တော့ ပြောလောက်ဆိုလောက်တဲ့ပါတီ မရှိပါ ဘူး။ ကြံ့ဖွံ့နဲ့ (တစည)က ဦးစီးပြီး “ရခိုင်ပြည်နယ်အရေးအတွက်”(၁၆-၉-၂၀၁၆)“တော်သလင်းပြည့်နေ့ပူးတွဲကြေညာချက်” ထုတ်ခဲ့တဲ့ ၁၁ ပါတီထဲမှာ ပါဝင်ခဲ့ကြတဲ့ ပါတီတွေပဲဖြစ်တယ်ဆိုတာ တွေ့ရတယ်။
တိုင်းရင်းသားပါတီတွေထဲဘယ်ပါတီတွေပါသလဲဆိုတာကြည့်လိုက်တော့ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဆိုတဲ့ ပါတီ နှစ်ခုပါတာတွေ့ရတယ်။ ဒီနှစ်ပါတီ တိုင်းရင်းသားအမည်ခံထားသော်လည်း လက်တွေ့ မှာတော့ ကြံ့ဖွံ့နဲ့ (တစည) လက်အောက်ခံပါတီတွေပဲဖြစ်ပါတယ်။
တခြားတိုင်းရင်းသားပါတီတွေမပါဝံ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ မူမှန်တဲ့ လှုပ်ရှားမှု၊ တောင်းဆိုမှုမဟုတ်လို့ပဲလို့ ယူဆတယ်။ သူတို့လည်း ဒီချုပ်အစိုးရရဲ့ လက်တွေ့ဆောင်ရွက်ပုံတွေကို အစာကြေကြတာတော့မဟုတ်ဘူး။ သူတို့မကျေနပ်မှုကို ဒီလိုပါတီတွေနဲ့ အတူတွဲရပ်တည်ပြီး ဖော်ပြလို့ မဖြစ်ဘူးဆိုတာ သူတို့ကောင်းကောင်းသိတယ်။ ကြွက်ချေးတွေထဲ ဆွမ်းဆန် သွားရောတဲ့ အဖြစ်မျိုး အဖြစ်မခံနိုင်ကြဘူးလို့ ထင်ပါတယ်။
ဒီကိစ္စက နိုင်ငံရေးပါတီတွေရဲ ရပ်တည်ချက်နဲ့သဘောထားကို အတိအလင်းဖော်ပြနေပါတယ်။
တိုင်းရင်းသားပါတီအချို့ ပါချင်ပုံ ရမှာ။ ဒါပေမယ့် သူတို့ပါတီမှာက ထင်ရှားတဲ့ အက်ကြောင်းရှိနေတယ်။ ဒီလိုပူးတွဲ ကြေညာ ချက်ထဲ ပါလိုက်ကာမှ ကိုယ့်ရှူးကိုယ်ပတ်မှာစိုးရိမ်ပြီး အသာလျှိုနေလိုက်ကြရတာလို့ယူဆတယ်။ ဒါပေမယ့် လက်သိပ်ထိုးတော့ တက် တက်ကြွကြွ အားပေးနေမှာသေချာတယ်။
“၁၃ ပါတီ ပူးတွဲ သဘောထားကြေညာချက်” ကနေ ဖော်ပြနေတဲ့ တကယ့်သဘောထားနဲ့အနှစ်သာရက ဘာလဲဆိုတော့ “သေနတ်နဲ့စစ်တပ်” သာ သူတို့အတွက် ဆည်းကပ်ကိုးကွယ်ရာနဲ့ မှီခိုအားထားရာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။
သူတို့အတွက် မှီခိုအားထားစရာဟာ ပြည်သူလူထုမဟုတ်ပါဘူး။ ပြည်သူလူထုအပေါ်ဖိနှိပ်ရက်စက်ခဲ့ကြသူတွေဖြစ်တယ်။ အကြမ်းဖက်ဖိနှိပ်သက်ဖြတ်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အားကိုးမှီခိုရာဟာ ပြည်သူလူထုမဟုတ်ဘူးဆိုတဲ့ အချက်ကို လည်း တဆက်ထဲဖော်ပြနေပါတယ်။ ဒီကနေ ရှေ့ဆက်လိုက်တော့ သူတို့ဟာ သူတို့ကို မွေးထုတ်ပေးလိုက်တဲ့ စစ်တပ်နဲ့ စစ်အုပ်စုကိုပဲ ‘တ’ တယ် ဆိုတာ ဘာမှမဆန်းပါဘူး။ “ခလုပ်ထိမှ အမိ တတယ်” ဆိုတဲ့ စကားလိုပါပဲ။ စစ်တပ်သာအမိ - စစ်တပ်သာအဖ လို့ ဗြောင် ပြောခဲ့ကြသူတွေပဲ။ (တစည) နဲ့ (ကြံ့ဖွံ့) ဆိုတာ စစ်အုပ်စုရဲ့အရှင်မွေးနေချင်းကြီး ညီအစ်ကို ပါတီတွေပဲလေ။
ဒါကြောင့် စစ်တပ်က ပါတီနိုင်ငံရေးမလုပ်ဘူးလို့ ဘယ်လိုပဲပြောနေပါစေ၊ ဒါဟာ ဗြောင်လိမ်ညာပြီးပြောဆိုတာသာဖြစ်ပါတယ်။ စစ်အုပ်စုက စစ်တပ်ကို တလက်ကိုင် (ဝါ) ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းပေါင်းစုံခြယ်လှယ်နေတဲ့ အဖြစ်ကတော့ လက်တွေ့မျက်မြင်ပဲဖြစ်ပါတယ်။ စစ်တပ်ကနေ အငြိမ်းစားအနားယူတဲ့ စစ်ဗိုလ်တွေ ဘယ်ပါတီထဲဝင်သလဲ ကြံ့ဖွံ့ပါတီထဲ တန်းဝင်ပါတယ်။
နောက်တစ်ချက်ကတော့ (၂၆-၁၁-၂၀၁၆) ရက်နေ့က (NDC)မှာ ကာချုပ်ပြောတဲ့မိန့်ခွန်းကို “၁၃ ပါတီက ပူးတွဲကြေညာချက်” ထုတ်ပြီးထောက်ခံကြိုဆိုတာလား။ ဒါမှမဟုတ် (NDC) မှာ ပြောတဲ့ ကာချုပ်ရဲ့“မြင် ၅ မြင်” မိန့်ခွန်းကို လမ်းညွန်အဖြစ်ခံယူပြီး ၁၃ ပါတီ က ပူးတွဲကြေညာချက်အဖြစ်ထုတ်ပြန်သလား ဆိုတဲ့အချက်ပါပဲ။
တကယ်တော့ အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း ဟာ စစ်အုပ်စုက စိတ်ကြိုက်ခင်းထားတဲ့ လမ်းဖြစ်ပါတယ်။ ဒီလမ်းပေါ် မှာ လျှောက်နေသမျှ စစ်အုပ်စုက ဖန်တီးတဲ့ အတားအဆီး၊ အနှောင့်အယှက်၊ အဖျက်အမှောင့်မျိုးစုံကို တမျိုးမဟုတ်တမျိုး ကြုံနေရမှာ ပါ။တွေ့နေရမှာပါ။
ဆက်ရေးပါအုံးမယ်။