မျိုးတေဇာမောင် ● ကိုယ်တိုင်ရေးအထ္တုပ္ပတ္တိ
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၆
ကျနော့်ကို ၁၉၀၂ မှာမွေးတယ်
မွေးရပ်မြေကို တစ်ခေါက်မှပြန်မရောက်ခဲ့ဘူး
ပြန်လည်းမပြန်ချင်ဘူး
သုံးနှစ်သားတုန်းက ကျနော်ဟာ မယ်လီပိုမှာ ပါရှားရဲ့မြေးပေါ့
ဆယ့်ကိုးနှစ်သား မော်စကိုကွန်မြူနစ်တက္ကသိုလ်ကျောင်းသား
လေးဆယ့်ကိုးနှစ် မော်စကို တစ်ခေါက်ပြန်ရောက်ခဲ့
တတ်ရှ်ကာပါတီဧည့်သည်တော်အဖြစ်
ကျနော်ကဗျာဆရာဖြစ်တာကတော့ ဆယ့်လေးနှစ်သားကတည်းကပေါ့
တချို့လူတွေ
အပင်တွေ ငါးတွေအကြောင်း
ကကြီးကနေ အ အထိသိနေချိန်
ကျနော်ကတော့ ခွဲခွာခြင်းအကြောင်းပဲသိခဲ့တယ်
တချို့လူတွေ ကြယ်နာမည်တွေ အလွတ်ရွတ်နိုင်ချိန်
ကျနော်ကတော့ မရှိခြင်းကိုပဲ ရွတ်ဆိုခဲ့
ကျနော် ထောင်တွေထဲ အိပ်ခဲ့ရ
အဆင့်မြင့်ဟိုတယ်တွေမှာလည်း အိပ်ခဲ့ရ
ငတ်မွတ်ခြင်းအကြောင်းကိုတော့
အစာငတ်ခံဆန္ဒပြနေတုန်းကသိခဲ့တယ် စားစရာလုံးဝမရှိ
ကျနော် အဲ့ဒိအရသာမြည်းစမ်းခဲ့ဖူးတယ်
အသက်သုံးဆယ် သူတို့ ကျနော့်ကိုကြိုးပေးချင်နေပြီ
လေးဆယ့်ရှစ် ငြိမ်းချမ်းရေးဆုရခဲ့ပေါ့
သုံးဆယ့်ခြောက်နှစ် လေးပေပတ်လည် တိုက်ထဲ
နှစ်ဝက်လောက်တိုက်ပိတ်ခံခဲ့ရ
ငါးဆယ့်ကိုးနှစ် ပရာဟာကနေ ဟာဗားနားထိ
ဆယ့်ရှစ်နာရီလေယာဉ်ပျံခရီးသွားခဲ့
လီနင်ကို ကျနော်တခါမှ မမြင်ခဲ့ဖူးဘူး
၁၉၂၄ သူ့အခေါင်းဘေးမှာ ရပ်နေခဲ့ဖူးတယ်
၁၉၆၁ သူ့အုတ်ဂူဘေး သူ့စာအုပ်တွေနဲ့
သူတို့ ကျနော့်ကို ကျနော့်ပါတီကနေ ခွဲပစ်ဖို့ကြိုစားတယ်
အလုပ်မဖြစ်ပါဘူး
လဲကျသွားတဲ့ စံပြပုဂ္ဂိုလ်တွေ ကျနော့်ကို မချေမှုန်းနိုင်ဘူး
၁၉၅၁ လူရွယ်မိတ်ဆွေတစ်ယောက်နဲ့ ပင်လယ်ခရီး
သေခြင်းတရားရဲ့ သွားတွေကြားဆီ
၁၉၅၂ ကျနော် ကြေကွဲနှလုံးသားနဲ့ လေးလလောက်လဲနေခဲ့
သေဆုံးဖို့စောင့်စားနေသလို
ကျနော်ချစ်ခဲ့တဲ့မိန်းမတွေကို ကျွန်တော်မနာလိုဘူး
ကျနော် ချာလီချက်ပလင်ကို မနာလိုမဖြစ်ဘူး
ကျနောမိန်းမတွေကို မှားကို အမှားမှန်းသိစေခဲ့
ကျနော်မိတ်ဆွေတွေရဲ့ကွယ်ရာမှာ
ဘယ်တော့မှစကားမပြော
ကျနော်အရက်သောက်တယ် နေ့တိုင်းတော့မဟုတ်
ကျနော့်ဝမ်းရေးကို ရိုးသားပျော်ရွှင်စွာဖြည့်ဆည်းခဲ့
ကျနော်လိမ်ခဲမိတာတွေအတွက် ရှက်ရွံ့ခဲ့
တပါးသူမထိခိုက်စေတဲ့ မုသားဖြူတွေနဲ့
ကျနော်လိမ်ခဲ့ဖူးတယ်
အကြောင်းပြချက်မရှိဘဲလိမ်ခဲ့ဖူးတယ် ကျနော်ရထားစီးခဲ့ ကားစီးခဲ့ လေယာဉ်ပျံစီးခဲ့
လူအများစုမရခဲ့ဖူးတဲ့ အခွင့်အရေးတွေပေါ့
လူတော်တော်များများ အော်ပရာဆိုတာ မကြားဘူးသေးခင်
ကျနော် အော်ပရာကြည့်ခဲ့
၁၉၂၁ ကတည်းက လူအများကိုးကွယ်တဲ့
ဗလီ ချာ့ခ်ျ ဘုရားကျောင်း ဂျူးဘုရားကျောင်း
ဘယ်ကိုမှမသွားခဲ့တာ အခုထိ
ဒါပေမယ့် ကျနော့်ကိုယ်ပိုင် ကော်ဖီဆိုင်စာဖတ်ဝိုင်းရှိတယ်
ကျနော့်အရေးအသားတွေကို
ဘာသာစကားသုံးဆယ်လေးဆယ်နဲ့ ထုတ်တယ်
ကျနော့်နိုင်ငံ တူရကီမှာတော့
တားကစ်ရှ်လို ထုတ်ဝေခွင့်ပိတ်ထားတယ်
ကျနော်အခုထိတော့ ကင်ဆာမဖြစ်သေးဘူး
ဘာဖြစ်မယ်လဲ မပြောနိုင်ဘူး
ဝန်ကြီးချုပ်ဒါမှမဟုတ် အဲ့ဒီလိုရာထူးတခုခုတော့ မဖြစ်မှာသေချာတယ်
ကျနော် အဲ့ဒီလိုဘဝလည်းမဖြစ်ချင်ဘူး
စစ်လည်း မတိုက်ချင်ဘူး
ညဆို ဗုံးကျင်းထဲလည်း ဝင်ဝပ်မနေချင်ဘူး
ထိုးစင်းလာတဲ့တိုက်လေယာဉ်တွေအောက်က လမ်းပေါ်ခရီးမသွားဖူးဘူး
အသက်ခြောက်ဆယ်လောက်မှာ
ကျနော်အချစ်ကိုတွေ့ရှိတယ်
ရဲဘော်ရေ
ဒီနေ့တော့ ဘာလင်မှာ ကျနော်ဝမ်းနည်းမှုနဲ့ တွန့်ခေါက်နေတယ်
ကျနော် လူသားပီပီသသ နေထိုင်ခဲ့တယ်လို့
ကျနော်ပြောရဲတယ်
ဘယ်သူကြိုပြောနိုင်မှာလဲ
ကျနော်ဘယ်လောက်ဆက်ရှင်သန်မလဲဆိုတာ
ကျနော်ဘာဖြစ်အုံးမလဲဆိုတာ။ ။
မျိုးတေဇာမောင်
၂၀၁၃ နိုဝင်ဘာ
မူရင်း ~~တူရကီကဗျာဆရာ နီဇမ်းဟေးမာ့ခ် ရဲ့ Autobiography
တူရကီပြည်ပြေးကဗျာဆရာ Nazim Hikmetရဲ့ Autobiography အမည်ရတဲ့ကဗျာကို ၁၉၉၃ မှာ Randy Blasing နဲ့ Mutlu Konuk တို့ ဘာသာပြန်တဲ့ အင်္ဂလိပ်ဘာသာမူကနေ ပြန်ပါတယ်။ မူရင်းကို အရှေ့ဘာလင်မှာ ၁၉၆၁ စက်တင်ဘာ ၁၁ တုန်း က ရေးခဲ့တယ်လို့ သိရပါတယ်။
ပုံ-မူရင်းကဗျာဆရာပါ