အရှင်သြသဓ (ဓမ္မာနန္ဒ ဝိဟာရ) - သာသနာ အမြစ်စွဲစေဖို့
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၅
ဒီနှစ်တော့ ကျွန်ုပ်တို့ ဓမ္မာနန္ဒကျောင်းရဲ့ နွေရာသီဗုဒ္ဓဘာသာသင်တန်းအကြောင်းကို ကျွန်ုပ်ကိုယ်တိုင်လဲ ဖေ့စ်ဘုတ်မှာ သတင်းတိုလေးတွေရေး၊ လူတော်တော်များများကလည်း ပုံတွေတင်ကြပြီးတာနဲ့ မရေးတော့ဘူးလို့ နေတာ၊ စာဖတ်သူတစ် ယောက်က ‘ဘယ်တော့ ဆောင်းပါးရေးမှာလဲ’လို့ လာမေးတာနဲ့ အခုတော့ ဖေ့စ်ဘုတ်မှာ ရေးပြီးသားလေး တွေကိုဘဲ ပေါင်းစုပြီး ထပ်ရေးလိုက်တာပါ။
ကလေးများအတွက် နွေရာသီ ဗုဒ္ဓဘာသာသင်တန်းကို ပြုလုပ်လာခဲ့ရာ ယခုဆိုလျှင် ၂၃-နှစ်တောင် ရောက်လာ ပါပြီ။ ယခု၂၀၁၅-ခုနှစ်အတွက် သင်တန်းကို ဇူလိုင်လ ၂၅-ရက်နေ့ကနေ သြဂုတ်လ ၁-ရက်နေ့အထိ တပါတ်ကြာ သင်ကြား ပို့ချပေးခဲ့ပါတယ်။
ဒီနှစ်တော့ ကျောင်းသားအားလုံး ၁၇၆-ယောက်၊ အကူဆရာ ၂၀-ကျော်၊ လုပ်အားပေး ၃၀-ကျော် ရှိပါတယ်။ လာရောက်ကြသူများကတော့ ဆန်ဖရန်ဆစ္စကို အနီးတဝိုက်မှ အများစု တက်ရောက်ကြပြီး၊ ကာလီဖိုးနီးယား တောင်ပိုင်း LA၊ အခြားပြည်နယ်များဖြစ်သည့် နယူးယောက်၊ နယူးဂျာစီ၊ တက်ဆပ်စ် ပြည်နယ်မှ ကျောင်းသားများလည်း လာကြ ပါတယ်။ ဒီနှစ် သင်တန်းမှာ တမူထူးစွာ သည်မှာမွေး, သည်မှာကြီးကြသည့် အကူဆရာ လူငယ်များကို တာဝန်ခွဲဝေပေးပြီး သူတို့စီမံ, သူတို့ သင်ကြား, သူတို့အုပ်ချုပ်, သူတို့တာဝန်ယူ စနစ်မျိုး ချမှတ်ပေးပါတယ်။ မိမိတို့က လိုအပ်တာတွေ့ လျှင် ထိုခေါင်းဆောင်သူ လူငယ်များကိုသာ ညွှန်ကြားပေးပါတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း တိုးပေးထားပါတယ်။
စမ်းသပ်ပြီး စတင်လွှတ်ကြည့်ရာ ခေါင်းဆောင်လုပ်သူများကတော့ သင်ကြားမှု၊ စည်းကမ်းထိန်းသိမ်းမှု၊ အုပ်ချုပ် မှုများမှာ မဆိုးဘူးလို့ဘဲ ပြောရမှာပါ။ သူတို့တတွေ လုပ်ကိုင်တာကို အကဲခတ် ကြည့်ရသလောက်တော့ ရဲရင့်တယ်၊ သတ္တိရှိတယ်၊ တာဝန်ယူမှုရှိတယ်၊ လုပ်ကိုင်မှု အကွက်စေ့တယ်။ သို့သော် အလုံးစုံ မျက်နှာလွှဲထားလို့တော့ မရသေး ဘူးပေါ့။ လူကြီး ထိန်းကျောင်းစောင့်ကြပ်မှုကတော့ အပြည့်ရှိနေရပါတယ်။
မည်သို့ပင်ဖြစ်စေ ဒါသည်ပင် ကျွန်ုပ်တို့ မြှော်လင့်သောအရာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ဒီမှာမွေး၊ ဒီမှာကြီးကြမဲ့ ကလေးများဟာ အဆင့်ဆင့် တာဝန်ယူကာ သာသနာပြုသွားကြလျှင် မျိုးဆက်သစ်တို့ရဲ့ နှလုံးသားမှာ သာသနာ့အမြစ် စွဲလာလိမ့်မည်ဟု မြှော်လင့်ပါတယ်။
ဒီလို မြှော်မှန်းချက်ထားပြီး ကိုယ့်ကိုယ်ကို အားပေးကာ လုပ်ရတာပါ။ ကျောင်းသားနဲ့ လုပ်အားပေး လူ ၂၀၀-ကျော်လောက်ကို နေ့စဉ် တာဝန်ယူ ကြည့်ရှုရတယ်ဆိုတာ တော်တော်လေးကို မောလှပါသဗျာ့။ ဒါပေမဲ့ အုပ်ချုပ်ရေး၊ သင်ကြားရေး၊ အလှုခံရေး၊ ချက်ပြုတ်ရေး၊ သန့်ရှင်းရေး စသဖြင့် သူ့အုပ်စုနဲ့သူ ခွဲပြီး ဝိုင်းဝန်းလုပ်လိုက်တော့လဲ ဒီလောက်များပေမဲ့ သူဟာနဲ့သူ စည်းကမ်းတကျ အချိန်ဇယားအတိုင်း ဖြစ်မြောက်သွားပါတယ်။
တာဝန်ယူမှု အပိုင်းမှာတော့ မိဘတွေက သူတို့သားသမီးတွေကို ဗုဒ္ဓဘာသာအကြောင်း သင်ပေးဖို့ လာအပ် တယ်။ ဆရာတော်တွေက ဦးဆောင်သင်ကြားပေးတယ်။ အကူဆရာတွေက နောက်လူငယ်လေးတွေကို ကူသင်ပေးတယ်။ မိဘတွေက လှုဒါန်း ထောက်ပံ့တယ်။ ဝေယျာဝစ္စများက သန့်ရှင်းတယ်၊ ပြင်ဆင်တယ်။ ချက်ပြုတ်ရေးအဖွဲ့က ခုတ်တယ်၊ ထစ်တယ်၊ ကြော်တယ်၊ ချက်တယ်။ သာသနာဆိုတာ အဲသလို ဒကာက ဆရာရဲ့ သင်ပြမှုအပေါ်မှာ မှီ၊ ဆရာက ဒကာရဲ့ ထောက်ပံ့မှု အပေါ်မှာ တည်၊ သည်နည်းဖြင့် သွားမှ ကြာရှည်ခံပါတယ်။
ကလေးတွေလဲ စည်းကမ်းတကျဖြစ်အောင် စားတဲ့နေရာသွားတော့လဲ တန်းစီသွား။ ဟိုရောက်တော့ တန်းစီဝင်၊
ဝေယျာဝစ္စတွေက အထဲမှာ အဆင်သင့် ပြင်ပြီးသား။ ဆရာတွေက စားစရာကူညီ ထည့်ပေး။ မိဘတွေက အငယ်လေးတွေ ကြည့်ကျွေး။ ဒီလူတွေ သူ့အချိန်နဲ့သူ စားနိုင်ဖို့ နောက်က မီးဖိုချောင်မှာတော့ မိုးလင်း မိုးချုပ် လူတစ်အုပ်နဲ့ တဒုန်းဒုန်း ခုတ်။ ပြီးတော့ စဖိုမှုးက ကြော်ချက်။ (စဖိုမှုးဆိုလို့ သူများ မထင်နဲ့ အသင်းဥက္ကဋ္ဌပြောတာ။ ကျုပ်တို့ကျောင်း ဥက္ကဋ္ဌက ဟင်းချက်ရတယ်၊ အိုးပါဆေးရတယ်။) အလှူခံဌာန လုပ်အားပေးတွေကလည်း အလှုရှင်တွေ နာမည်ကို လှလှပပ ပန်းချီပါ ဆွဲပြီး ကမ္ဗည်းထိုးပေးပါတယ်။
တကယ်တော့ အမေရိကားမှာ ဒီလောက်လူအများကြီးနဲ့ ခုလို ရက်ရှည်ကြီးလုပ်ရတယ်ဆိုတာ လွယ်ပါဘူးဗျာ။ သင်ကြားမှုပိုင်းဆိုင်ရာ ကူညီမည့်သူများ၊ ဝေယျာဝစ္စ ပြုလုပ်သူများကို စည်းရုံးပြီး အဝေးကြီးကတယ်လို့ စီမံရတာပါ။
ဖြစ်လာအောင်လဲ သူတို့တွေဘဲ ဝိုင်းလုပ်ကြလို့ပါ။ သူတို့က လုပ်ရုံတင် ဘယ်ကမလဲ၊ ကိုယ်တိုင်လဲ လှု၊ သူတစ်ပါးတွေလဲ တိုက်တွန်း။ သူတို့ချင်း ပြောတာက ကျုပ်တို့ တရားဟောတာထက်တောင် စွမ်းသေးဗျား။ သူတို့မှာလဲ အခုလို လာပြီး လုပ်အားပေးဖို့ကို မနှစ်ကတယ်လို့ ခွင့်ယူထားရတာ တဲ့။ နောင်အနာဂတ်မှာ သူတို့ ရင်သွေးလေးတွေအတွက် စိတ်အေး ရလေအောင် တခြားကို အပျော်ခရီးမသွားဘဲ အခုလို ကျောင်းကိုလာပြီး လုပ်အားပေးကြတာပါ။ တချို့လူတွေဆို အခုက တယ်လို့ နောက်နှစ်ဘယ်ရက်လဲလို့ ခွင့်ယူဖို့ မေးနေကြပြီ။ ကိုယ့်ဘက်ကတောင် ရက်မဆွဲရသေးပါဘူး။ ဒါကြောင့် သူတို့ စေတနာတွေတော့ မချီးကျူးဘဲ မနေနိုင်ပါ။
ကလေးတွေရဲ့ တစ်နေ့တာ အချိန်ဇယားကတော့ မနက် ၆-နာရီထ၊ ၆-နာရီခွဲမှာ ဘုရားဝတ်တက်၊ ၇-နာရီမှာ မနက်စာစား၊ ၈-နာရီမှာ သင်တန်းတစ်ကြိမ်၊ ၉-နာရီခွဲမှာ တစ်ကြိမ်၊ ကြားမှာ ၁၅-မိနစ်နား၊ ၁၁-နာရီမှာ နာရီဝက် တရားထိုင်၊ ၁၂-နာရီမှာ နေ့လည်စာစား၊ နေ့လည် တစ်နာရီမှာ သင်တန်းတစ်ကြိမ်၊ ၂-နာရီ ၁၅မှာ တစ်ကြိမ် တက်ရပါ တယ်။ ၃-နာရီခွဲမှာ ညနေပိုင်း ဘုရားရှိခိုးပြီး၊ ညနေ ၄-နာရီ မုန့်စား၊ ၄-နာရီခွဲကနေ ၆-နာရီအထိ ကစား၊ ရေချိုးချိန်ဖြစ် ပါတယ်။ ညနေ ၆-နာရီ ညစာစား၊ ညပိုင်း ရ-နာရီမှာတော့ guest speaker များက ကလေးများ ဗဟုသုတဖြစ်စေရန် သင့်တော်ရာ ခေါင်းစဉ်များဖြင့် လာရောက် ဟောပြောကြပါတယ်။ ဆရာများလည်း အတွေ့အကြုံရအောင် သူတို့လည်း ပြောကြရပါတယ်။ သူတို့ကတော့ ဟောပြောရုံတင် မကဘူး၊ နောက်က ပုံပြောတာကို ရှေ့က ထွက်ပြီး သရုပ်ဆောင်များပါ ထည့်လို့ ကြည့်ရှုသူ ကျောင်းသားတွေရော မိဘတွေပါ တဝါးဝါးနဲ့ ပွဲကျခဲ့ပါတယ်။ ည ၈နာရီ ၄၅-မှာတော့ မအိပ်ခင် နာရီဝက် တရားထိုင်၊ ပြီးမှ အိပ်ကြရပါတယ်။
အပိုအနေနဲ့ သူတို့လေးတွေ အတွေ့အကြုံရအောင် တစ်နှစ်ကို အက်ဆေးတစ်ပုဒ် ရေးရပါတယ်။ ခေါင်းစဉ်ကို စာရေးသူက ချပေးပါတယ်။ ဒီနှစ် အက်ဆေးခေါင်းစဉ်က Right Understanding ပါ။ သူတို့ စာသင်ကျောင်းက အတန်း အလိုက် စာမျက်နှာ ခွဲခြားသတ်မှတ်ပေးထားပါတယ်။ ခေါင်းစဉ်ပါ အကြောင်းအရာ အချက်အလက်တွေရအောင် ညပိုင်း speakerများက ထည့်သွင်းပြောကြားသွားပါတယ်။ သူတို့ရေးနိုင်ဖို့ကို အတန်းပိုင်ဆရာများကလည်း ထပ်မံရှင်းပြ ကူညီပေးပါတယ်။
တချို့ကလေးတွေကတော့ အတော်လေးကို အံ့သြလောက်အောင် တွေးခေါ်ရေးနိုင်တာကို တွေ့ရသဗျ။ သူတို့ ကိုယ်ပိုင်အတွေ့အကြုံ၊ ဖတ်ဖူးမှတ်ဖူးတဲ့စာ၊ ပြင်ပဗဟုသုတလေးတွေပါ ထည့်သွင်းပြီး ပုံစံကျ ရေးတတ်ကြတယ်။ ရေးအားကောင်းတဲ့ ကလေးတွေက အက်ဆေးရေးရတာကို ပျော်လို့။ ရေးအားမကောင်းတဲ့ ကလေးတွေကတော့ ကြောက်လိုက်သည့် ဖြစ်ချင်း။ ဒါကြောင့် သူတို့က “Essay is suffering”လို့ ကျုပ်မကြားတကြားလေးတွေ ပြောကြလေ ရဲ့။ ဒီတော့ ကျုပ်ကလဲ ပြန်ရှင်းပြရတော့ တာပေါ့။ အမေရိကားမှာ နေရင် အက်ဆေးရေးတာ မလွတ်ဘူး။ တော်တဲ့ ကျောင်းသားတိုင်းဟာ အက်ဆေးရေးတတ်တယ်။ အက်ဆေးရေးတော်တဲ့ ကျောင်းသားအများစုဟာ ကျောင်းကောင်း ကောင်း ရတတ်တယ်။ ဘဝဆိုတာ စစ်မြေပြင်လို ဘဲ။ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားမှု မရှိရင် ဘဝစစ်မြေပြင်မှာ ကျရှုံး တတ်တယ်။ “The more you sweat in peace, the less you bleed in war”ဆိုတဲ့ စစ်မြေပြင်မှာသုံးတဲ့ စကားပုံ လေးကို ပြောပြာကာ အားပေးပြီး ရေးခိုင်းရတယ်။ တော်တဲ့သူတွေကိုလဲ ပ-ဒု-တ ရွေးပြီး ဆုတွေပေးတော့ များသော အားဖြင့်တော့ ဆုလိုချင်ကြလို့ ကြိုးစားကြပါတယ်။
အတန်းတွေကိုတော့ primary တန်းမှာ အခြေခံလေးများကို နှုတ်တိုက်ချ သင်ပေးပါတယ်။ Basic Level 1, 2, 3, နဲ့၊ Advanced Level 1,2,3၊ ဒီအဆင့်တွေကတော့ နောက်ဆုံးနေ့မှာ စာမေးပွဲဖြေရပါတယ်။ ဒီအဆင့်တွေ ပြီးသွားရင် တော့ ကလေးတွေဟာ ဗုဒ္ဓဘာသာအကြောင်း အတော်လေး တီးမိခေါက်မိ ရှိသွားပါပြီ။ မိခင်တစ်ယောက်က ကားစီးရင်း Advanced Level 1 မှာ တက်နေတဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့လို့ မေးကြည့်တော့ ဗုဒ္ဓဘာသာအကြောင်း ပြန်ရှင်းပြတာ သူ့အသက်နဲ့စာရင် အများကြီး ပြောပြနိုင်တယ်။ သူတောင် တော်တော်လေး အံ့အားသင့်သွားတယ်လို့ စာရေးသူကို လာပြောပါတယ်။ ပြီးတော့ ကလေးမက ပြောသေးသတဲ့၊ အတန်းတွေပြီးရင် ကျောင်းမှာပြန်ပြီး လုပ်အားပေး ဆရာ လုပ်အုံးမယ်တဲ့။ ကြားရတာ ဝမ်းသာလိုက်ဘိချင်း။ ဒါကိုကြားတော့ “ဒို့ကလေးတွေရဲ့ နှလုံးသားမှာ သာသနာတော့ အခြေတည်စပြုနေပြီ။ ဒါကို ခိုင်မြဲအောင် စောင့်ရှောက်ဖို့ဘဲ လိုတော့တယ်”လို့ စိတ်ထဲမှာ ဖြစ်မိပါသဗျ။ ဒီလို သာသနာ့ အမြစ်စွဲအောင် လုပ်ကြရတယ်ဆိုတာ ရှေးသာသနာပြု သူတော်ကောင်းကြီးတွေရဲ့ လမ်းစဉ်ပါဘဲ။
ဘီစီ ၃၀၉-ခုလောက်မှာ သီရိဓမ္မာသောကမင်းကြီးက သာသနာပြုရဟန်းတော်များ နိုင်ငံကိုးခုကို စေလွှတ်ခဲ့ ပါတယ်။ သီရိလင်္ကာနိုင်ငံကိုတော့ သူ့သားတော် ရှင်မဟိန္ဓနှင့် မြေးတော်လေး သုမနသာမဏေတို့အဖွဲ့ ကြွခဲ့တယ်။ ရှင်မဟိန္ဓမထေရ်နှင့် ဒေဝါနံပိယတိဿ မင်းကြီးတို့ ကျေးဇူးကြောင့် မကြာခင်ဘဲ သီရိလင်္ကာနိုင်ငံမှာ သာသနာအရောင် ထွန်းပြောင်ခဲ့ပါတယ်။
တနေ့မှာ ရှင်မဟိန္ဒမထေရ်ကို မင်းကြီးက “အရှင်ဘုရား...သီရိလင်္ကာမှာ သာသနာ တည်ပြီလား ဘုရား”လို့ မေးလျှောက်ပါတယ်။ ရှင်မဟိန္ဒမထေရ်က “မင်းကြီး...တည်တော့ တည်ပြီ။ ဒါပေမဲ့ သာသနာ့အမြစ်ရင်းတော့ မစွဲတတ် သေးဘူး”လို့ ပြန်ဖြေလိုက်ပါတယ်။ “ဘယ်တော့မှ စွဲမှာပါလဲ ဘုရား” လို့ မင်းကြီးကလျှောက်တော့ “သီရိလင်္ကာနိုင်ငံသား မိဘနှစ်ပါးက မွေးတဲ့ သားငယ်က ရဟန်းဖြစ်၊ ဝိနည်းစာပေတွေ သင်၊ ဒီနိုင်ငံသားရဟန်းတွေကို ပြန်လည် သင်ကြားပို့ချ ပေးနိုင်ပြီဆိုရင် သာသနာ့အမြစ်ရင်း စွဲပြီ”လို့ မထေရ်က ပြန်လည် မိန့်ပါတယ်။
အကျွနု်တို့နေရာ အမေရိကားမှာလည်း သာသနာ့အမြစ်စွဲစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နောက်မျိုးဆက်သစ် ကလေးငယ်လေးများကို အခြေခံဗုဒ္ဓဘာသာ သင်တန်းများ သင်ကြားပေးလာရာ အခုဆို သူတို့ကိုယ်တိုင် ဆရာလုပ်ကာ သင်ကြားနေကြပေပြီ။ ဤနည်းအတိုင်း လက်ဆင့်ကမ်း သယ်ဆောင်သွားမယ်ဆိုရင်ဖြင့် တဖြေးဖြေး သာသနာ့အမြစ် စွဲမြဲ ခိုင်မာလာလိမ့်မည်ဟု ယုံကြည်မိပါသည်။