ခိုင်ကြည်သစ် ● အတတ်ကျူး၍ အရူးမဖြစ်စေလိုပါ
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၆
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၆
(၁)
သည်ရက်ပိုင်းထဲ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာဘာသာရပ်တွင် သင်ယူခဲ့ရသည့် “Too Much Knowledge Maketh Fools (အတတ်ကျူး အရူးဖြစ်)” ဆိုသည့် ပုံပြင်လေးကို ပြန်လည်သတိရမိပါသည်။ ဆရာကြီးဒေါက်တာထင်အောင်၏ “Thirty Burmese Tales (မြန်မာပုံပြင်အပုဒ် သုံးဆယ်)” မှ ထုတ်နှုတ်သင်ကြားခြင်းဖြစ်သည်ဟု မှတ်သားခဲ့ဖူးပါသည်။ တက္ကသိုလ်ပြည်မှ ပညာသင်ယူပြီး မိမိတို့ရပ်ရွာသို့ပြန်လာသည့် သူငယ်ချင်းလေးယောက် လမ်းခရီးတွင်တထောက်နားကာ နေ့လည်စာအတွက် စီစဉ်ကြပုံကို ရေးဖွဲ့ထားသည့်ဇာတ်လမ်းဖြစ်ပါသည်။
တက္ကသိုလ်ပြည်မှ ဆေးပညာ၊ နက္ခတ်ပညာ၊ ဂီတပညာနှင့် ဒဿနိကပညာတို့ကို အသီးသီးသင်ယူခဲ့ကြရသည့်ပညာတတ်လူငယ်လေးဦးသည် ပညာစုံသဖြင့် မိမိတို့ရပ်ရွာသို့ ပြန်လာကြရာ လမ်းခရီးတနေရာတွင် နေ့လည်စာစားချိန်ရောက် လာ တော့သည်။ ထို့ကြောင့် သူငယ်ချင်းလေးဦးသည် တာဝန်ကိုယ်စီခွဲကာ နေ့လည်စာချက်ပြုတ်ရန် စီစဉ်ကြတော့သည်။ နက္ခတ်ပညာရှင်သည် ဟင်းစားရှာ သွားရင်း သစ်ပင်ပေါ်တက်ကာ သူတတ်ကျွမ်းသည့် နက္ခတ်ပညာနှင့် ကြယ်တာရာတို့ကို ငေးမောကာ အချိန်ကုန်ဆုံးခဲ့ပါသည်။ ဟင်းစားရှာမရခဲ့။ ဒိန်ခဲရှာသူ ဒဿနိကသမားမှာမူ သူ့တာဝန်အတိုင်း ဒိန်ခဲ ကို ရှာဖွေနိုင်ခဲ့သော်လည်း ဒိန်ခဲအကြောင်း အတွေးနယ်ချဲ့ရင်း သူယူလာသောဒိန်ခဲများ အရည်ပျော်ကာ ဆုံးရှုံးလိုက်ရပါသည်။ ဟင်းသီးဟင်းရွက် အသားငါးရှာသူ ဆေးပညာရှင်မှာလည်း ဟိုအရွက်ကဖြင့် သွေးတိုးစေသည်၊ သည်အရွက်ကတော့ဖြင့် ချောင်းဆိုးစေသည်၊ ဟိုအသီးကတော့ဖြင့် လေပွစေသည်၊ သည်အသီးကတော့ဖြင့် ချောင်းဆိုးစေသည် စသည်ဖြင့် သူ တတ်ကျွမ်းသည့်ဆေးပညာရှုထောင့်မှပင် အရာရာကိုဆုံးဖြတ်ကာ ဟင်းစားရှာမရခဲ့ပေ။ ထိုသုံးဦးဟင်းစားရှာသွားချိန်တွင် ထမင်းချက်ထားနှင့်ရန် တာဝန်ကျသူမှာ ဂီတပညာရှင်ဖြစ်ပါသည်။ ဂီတပညာရှင်သည် ထမင်းအိုးကို ကောင်းကောင်းမွန်မွန် ချက်ပြုတ်နိုင်သော်လည်း ထမင်းအိုးပွက်သံကြားရချိန်တွင် ထမင်းအိုးငှဲ့ရန်ထက် သူတတ်ကျွမ်းသည့် ဂီတပညာဖြင့် ထမင်း အိုးဆူပွက်သံများကို ဂီတသံအဖြစ်နာယူကာ ကခုန်ရန် စိတ်ထက်သန်ခဲ့သဖြင့် ထမင်းအိုးကို ဆုံးရှုံးခဲ့ရပြန်ပါသည်။ ပညာ တတ်လူငယ်လေး လေးဦးသည် သူတို့သင်ယူခဲ့သည့်ပညာရပ်တခုချင်းစီအပေါ် အာရုံစူးစိုက်မှုလွန်ကဲကာ အရာရာကို သူတို့တတ်ကျွမ်းတဲ့ပညာရပ်နယ်ပယ်မှ ချဉ်းကပ်စဉ်းစားကြသဖြင့် နေ့လည်စာထမင်းငတ်သည့်အဖြစ်ကို ရောက်ရှိခဲ့ကြရပါ သည်။
ပုံပြင်ကပေးချင်သော သင်ခန်းစာမှာ ပုံပြင်ခေါင်းစဉ်အတိုင်း “အတတ်ကျူး အရူးဖြစ်” ဆိုသည့်အတိုင်း မိမိတတ်ကျွမ်း ထားသည့် ပညာရပ်တခုတည်းပေါ်မှသာ အရာရာကို ချဉ်းကပ်စဉ်းစားဆောင်ရွက်ပါက ထိုပညာရပ်များသည် လက်တွေ့ဘဝ ကို ရင်ဆိုင်ဖြတ်သန်းရာတွင် အသုံးမဝင်တော့ပဲ ထမင်းငတ်စေနိုင်သည်ဟူ၍ ဖြစ်ပါသည်။ ထိုပုံပြင်လေးသည် လူတဦး ချင်းစီ၏လက်တွေ့ဘဝအတွက် သင်ခန်းစာများစွာပေးနိုင်သကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင် ရွက်ရာတွင် ပါဝင် ကြသူများအတွက်လည်း အလွန်သတိထားသင့်သည့်ပုံပြင်လေးတပုဒ်ဖြစ်သည်ဟု ယူဆမိပါသည်။
(၂)
စာရေးသူအနေဖြင့် ဘွဲ့ရပြီးချိန်မှစတင်၍ မိမိသင်ယူတတ်မြောက်ခဲ့သည့်ဘာသာရပ်အပေါ် မူတည်၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ဆက်စပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်းခဲ့ရာ ဆယ်စုနှစ်တစ်စု နီးပါးရှိလာပြီဖြစ် ပါသည်။ ထိုကာလအတွင်း မိမိ၏အထက်လူကြီး ပြည်တွင်းပညာရှင်များ၊ နိုင်ငံတကာမှဧည့်ပညာရှင်များ မြောက်များစွာနှင့် လက်တွဲလုပ်ဆောင်ရင်း ၎င်းတို့ထံမှပညာရပ်များကို ရနိုင်သမျှ ဆည်းပူးလေ့လာခဲ့ပါသည်။ ထိုသို့လေ့လာရင်း သတိထားမိ သည့်အချက်မှာ အချို့ပညာရှင်များသည်ကိစ္စတခုကို ချဉ်းကပ်အဖြေရှာရာတွင် ဘာသာရပ်တခုတည်းအပေါ်တွင် အခြေခံ စဉ်းစားခြင်းမပြုပဲ အခြားဘာသာရပ် ရှုထောင့်များ၊ ဖြစ်ပေါ်နေသော မြေပြင်အခြေအနေများ၊ ရရှိလာနိုင်သည့်အကျိုးအပြစ် များအားလုံးကို ချိတ်ဆက်စဉ်းစားသုံးသပ်ပြီးမှ ဆုံးဖြတ်ချက်တခုကို ချမှတ်လေ့ရှိသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် ရောဂါကျရောက်နေသော တိရစ္ဆာန်မွေးမြူရေးခြံတခုတွင် ရောဂါထိန်းချုပ်ရေးဆောင်ရွက်ရာ၌ သက်ဆိုင်ရာဘာသာရပ် ရှုထောင့်တခုတည်းမှစဉ်းစားပါက ခြံရှိတိရစ္ဆာန်အားလုံးကို သတ်ဖြတ်သုတ်သင်ရှင်းလင်းရမည်ဖြစ်သော်လည်း ခြံ ပိုင်ရှင်၏ စီးပွားရေးအခြေအနေ၊ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ၊ တိရစ္ဆာန်များအား မသုတ်သင်ပဲ ရောဂါကိုထိန်းချုပ်နိုင်မည့်အခြားနည်းလမ်းများကို ရှာဖွေခြင်းမျိုး ဖြစ်ပါသည်။
သို့ရာတွင် အချို့သောပညာရှင်များမှာမူ မိမိတို့တတ်ကျွမ်းသောပညာရပ်နယ်ပယ်ကို အလွန်တန်ဖိုးထားသကဲ့သို့ ပြဿနာ များကို ဖြေရှင်းရာတွင်လည်း မိမိတို့၏ပညာရပ်နယ်ပယ်ကို အခြေခံစဉ်းစားကြသည်ကို တွေ့ရှိရပါသည်။ ထို့ထက်ပို၍ အချို့မှာ မိမိတို့၏ပညာရပ်နယ်ပယ်ကို ဂုဏ်မြှင့်ကာ (Promotion) ပြဿနာကိုချဉ်းကပ် အဖြေရှာလေ့ရှိကြပါသည်။ ဥပမာ အားဖြင့် နို့စားနွားမွေးမြူရေးပညာရှင်တဦးအနေဖြင့် စပါးဈေးကျနေချိန်တွင် လယ်သမားများအား စပါးအစား မြက်ကို ပြောင်းစိုက်ကာ နို့စားနွားမွေးရန် အကြံပြုခြင်းမျိုးဖြစ်ပါသည်။ စပါးဈေးကျနေသည်မှန်သော်လည်း ဆန်ဈေးမှာ မိုးထိအောင် တက်နေသဖြင့် ထိုသို့ဈေးကွာဟမှုဖြစ်ပေါ်ရသည့်အကြောင်းအရင်းကိုလေ့လာက ပြုပြင်ဖြေရှင်းပေးရမည့်အစား အခြား သီးနှံတခုပြောင်း၍ စိုက်ပျိုးစေခြင်းသည် အဖြေမှန်နှင့် ကွာဟလွန်းနေမည်ဖြစ်ပါသည်။ တချိန်တည်းတွင် အခြားအခြေအနေများဖြစ်သောလယ်မြေကို မြက်စိုက်ပျိုးရေးအတွက် အသုံးပြုခွင့်ရနိုင်မရနိုင်၊ တိုးတက်ထုတ်လုပ်လာမည့်နွားနို့များကို မည်သို့ရောင်းချမည်၊ လုပ်ငန်းကူးပြောင်းကာလတွင် ဝင်ငွေရလမ်းမည်သို့ရှိမည် စသည့်အချက်အလက်များကိုလည်း ချင့် ချိန်၏စဉ်းစားရန်လည်း လိုအပ်မည်ဖြစ်ပါသည်။
ထို့ကြောင့် ပညာရပ်နယ်ပယ်အသီးသီးတွင် တာဝန်ယူနေကြသောပညာရှင်များအနေဖြင့် ပြဿနာရပ်များကို ချဉ်းကပ်အဖြေ ရှာရာတွင် မိမိတို့၏ ပညာရပ်နယ်ပယ်အပေါ် ဘက်လိုက်မှု (Bias) ကင်းကင်းဖြင့် ပြဿနာ၏ မူလအရင်းအမြစ်ကို ရှာဖွေပြီး၊ ပညာရပ်ဆိုင်ရာ ရှုထောင့်ပေါင်းစုံမှ ပြည့်စုံစွာ စဉ်းစားသုံးသပ်အဖြေထုတ်မှသာလျှင် တိုင်းပြည်ထူထောင်ရေးအတွက် ထိထိ ရောက်ရောက် အားပေးကူညီရာ ရောက်မည်ဖြစ်ပါသည်။
ထို့ပြင် ပြဿနာရပ်များကိုချဉ်းကပ်ဆောင်ရွက်ရာတွင်လည်း မိမိတို့၏ပညာရပ်နယ်ပယ် (Profession) ကို မျက်စိမှိတ် အ ကာအကွယ်ပေးရန်ထက် အများပြည်သူအကျိုးစီးပွားနှင့် အခြားအချက်အလက်များကို အခြေခံ၍ အမှန်ကိုအမှန်အတိုင်း ရှုမြင်သုံးသပ်ရပ်တည်နိုင်မှသာလျှင် ပညာရှင် (Professional) ပီသသူများ ဖြစ်နိုင်ပါလိမ့်မည်။
(၃)
ပညာရပ်နယ်ပယ်အသီးသီးမှ ပညာရှင်များက မိမိတို့ပညာရပ်နယ်ပယ်ရှုထောင့်တခုတည်းမှ မဟုတ်ပဲ ဘက်ပေါင်းစုံစဉ်းစား သုံးသပ်ပြီး ရရှိလာသောအဖြေများ၊ အကြံပြုချက်များကို လက်တွေ့အကောင်အထည်ဖော်ရာတွင်လည်း သူတလူ၊ ငါတမင်းမဟုတ်ပဲ အကောင်အထည်ဖော်ရမည့် လုပ်ငန်းနယ်ပယ်အချင်းချင်း ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ရန်လိုအပ် ပါသည်။ ဥပမာအားဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဌာနနှင့် မွေးမြူရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ၎င်းနှစ်ဌာန၏လုပ်ငန်းများ ထိရောက်အောင်မြင်စေရေးအတွက် စိုက်ပျိုးမွေးမြူသူများ မြေ ယာအသုံးချမှုအဆင်ပြေစေရေး အကူအညီပေးနိုင်မည့် မြေစာရင်းဌာန၊ စိုက်ပျိုးရေရရှိရေး ကူညီပေးနိုင်မည့် ဆည် မြောင်း ဌာန၊ ဈေးကွက်ဖော်ဆောင်ရေးအတွက် အကူအညီပေးနိုင်မည့် စီးပွား/ကူးသန်းဌာန၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ ဖိတ်ခေါ်နိုင်မည့် စီမံ/ဘဏ္ဍာဌာန၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်များတွင် ဆုံးရှုံးလေလွင့်မှုကို ဖြစ်ပေါ်စေသည့် ရာသီဥတုအခြေ အနေများအတွက် ကြိုတင်သတင်းပေးနိုင်မည့် မိုးလေဝသဌာန၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဈေးကွက်သို့ သယ် ယူပို့ဆောင်ရောင်းချနိုင်ရေး ကူညီပေးနိုင်မည့်သယ်ယူပို့ဆောင်ရေးဌာန စသည်ဖြင့် အားလုံးက ဟန်ချက်ညီညီဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြမှသာလျှင် အောင်မြင်နိုင်မည် ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက ပဲ့နင်းဦးထောင်၊ ဦးနင်းပဲ့ထောင်ဆိုသကဲ့သို့ ခရီးမပေါက်နိုင်သည့်အခြေအနေမျိုးနှင့် ကြုံတွေ့ရမည် ဖြစ်ပါသည်။
(၄)
တိုင်းသစ်ပြည်သစ်ကို တည်ဆောင်နေကြရချိန်တွင် ပညာရှင်နှင့် ပညာရပ်နယ်ပယ်အသီးသီးက ကိုယ့်အသိ၊ ကိုယ့်အတတ်၊ ကိုယ့်ပညာနှင့်၊ ကိုယ့်ဘာသာရပ် နယ်ပယ်တခုတည်းကသာ ရပ်တည်စဉ်းစားနေကြပါလျှင်၊ ကိုယ့်အသက်မွေးဝမ်းကျောင်းဘာသာရပ်ကိုသာ မျက်စိမှိတ်အကာကွယ်ပေးရင်း အမှန်တရားနှင့် ကျောခိုင်းနေကြပါလျှင်၊ လုပ်ငန်းကဏ္ဍတခုစီက ကိုယ် တတ်သလောက်နှင့် ကိုယ့်အမြင် ကိုယ့်ရှုထောင့်ကို အခြေခံ၍ ဆောင်ရွက်နေကြပါလျှင် ထမင်းငတ်သည့် ပညာတတ် လူငယ်လေးဦးကဲ့သို့ အတတ်ကျူးကာ အရူးဖြစ်နေကြဦးမည်သာ ဖြစ်ပါကြောင်း စေတနာအရင်းခံဖြင့် တင်ပြလိုက်ရပါသည်။