သျှင်မျိုးငယ် ● ပြည်တွင်းစစ်ကြီးပြီးတဲ့ နောက်တနေ့
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၆
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၆
"တိုက်ပွဲများ ဆက်လက်ဖြစ်ပွား"ဆိုတဲ့သတင်းခေါင်းစဉ်ဟာ ကျွန်တော့်နားထဲမှာ အခက်ထန်ဆုံးသော သတင်းကြေညာချက် တခုပဲ။ စက်သေနတ်သံတွေက တဒက်ဒက်၊ ဗုံးကွဲသံတွေ၊ မိုင်းကွဲသံတွေရဲ့ပြင်းထန်ခြင်းဟာ နှလုံးခုန်သံစည်းချက်တွေကို ရပ်တန့်စေလောက်တဲ့အထိ စူးနစ်လာတယ်။ အိုးအိမ်ကို ပစ်ခွာ၊ မိသားစုကို ဖက်တွယ်၊ လက်ဗလာနဲ့ ပြေးထွက်လာခဲ့ကြတဲ့ ခြေသံတွေမှာ ဖိနပ်တွေ ပါရဲ့လား။ ပြေးထွက်ခဲ့ကြရတယ်။
ဒုက္ခသည်စခန်းမှာ ဘယ်သူတွေပျော်နေနိုင်မှာလဲ။ ဖရိုဖရဲဖြစ်နေတဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ရင်မှာပိုက်လို့ နေထိုင် ရှင်သန်နေကြရတယ်။ ခြောက်ကပ်ရှတနေတဲ့မျက်ဝန်းတွေဟာ မျှော်လင့်ချက်တွေ ဝေဝါးလာတဲ့ သက်သေတခုလေလား။ ကိုယ်ချင်းစာတရားလေးနဲ့ မြင်အောင်ကြည့်တတ်ခဲ့ရင် စာနာတတ်တဲ့ အသည်းနှလုံးပါခဲ့တယ်ဆိုရင် ရက်စက်တတ်သော စစ်ပွဲတွေကို ဘယ်သူကမှဖန်တီးမှာ မဟုတ်ဘူး။
ကျွန်တော် အော်ဟစ်အကူအညီ တောင်းလိုက်တယ် "စစ်ပွဲများ ရပ်တန့်ပေးပါ"။ ဘယ်သူမှ မကြားလိုက်ဘူးထင်ပါရဲ့။ အပြန် အလှန် ပစ်ခတ်နေကြတုန်းပဲ။ ကျွန်တော့်အသံကပဲ တိုးလျလွန်းနေသလား။ မလိုချင်တော့ဘူး စစ်ပွဲတွေ။ မမြင်ချင်တော့ဘူး သွေးထွက်သံယိုတွေ။မကြားချင်တော့ဘူး စက်သေနတ်သံတွေ။ မကြိုဆိုချင်တော့ဘူး ဒုက္ခသည်တွေ။ ဟုတ်တယ်...ဒါတွေကို ငြင်းဆန်ပစ်လိုက်တယ်။ တခုပဲလိုအပ်တယ်။ တခုဆိုတခုတည်းပါပဲလေ။ အဲဒါကတော့ "ငြိမ်းချမ်းရေး"။ ငမ်းငမ်း တက်လိုချင်နေမိတယ်။ ရင်ထဲ၊ အသည်းထဲကနေ တရှိုက်မက်မက်မြတ်နိုးစွာ တောင့်တနေမိတာကတော့ "ငြိမ်းချမ်းရေး"ပင်။
ငြိမ်းချမ်းရေးဆိုတာကို ကျွန်တော်တို့လိုအပ်တယ်။ စစ်မြေပြင်မှာရောက်ရှိနေမှ တသနေရမယ့်အရာမဟုတ်ဘူး။ စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကလေးငယ်တွေဟာ ငြိမ်းချမ်းရေးကို ဆာလောင်နေမှာပဲ။ ကလေးဘဝမှာ စစ်ဒဏ်ကြောင့် ပြေးလွှားနေခဲ့ရတယ်ဆိုရင် ခြေပြတ် လက်ပြတ်၊ အသက်ဆုံးရှုံးတာတွေထက် ဆိုးရွားမှုတခုကတော့ "စိတ်ဒဏ်ရာ"တွေပါပဲ။ ဘယ်လိုမှ ကုစားပေးလို့ရမှာ မဟုတ်တော့ဘူး။ စိတ်မှာ အနာတရတွေနဲ့ ကလေးငယ်တယောက်ဟာ ဘယ်အရာကိုမှ ယုံကြည်နေတော့မှာမဟုတ်သလို ရည်ရွယ်ချက်တွေလည်း ပျောက်ရှနေပါလိမ့်မယ်။ ဒါကြောင့် ကလေးငယ်တွေအတွက် ငြိမ်းချမ်းရေးဟာ ပိုပြီးအရေးကြီးပါတယ်။ မိသားစုနဲ့အတူ နေထိုင်ခွင့်ရရှိခြင်းဟာ ကလေးငယ်တွေကို မိမိကိုယ်မိမိ ယုံကြည် ချက်မြင့်တက်လာစေတယ်ဆိုတာ ငြင်းဆန်လို့ မရတာ သေချာတယ်။ ကျွန်တော်တို့ ကလေးတွေကို ဘယ်လောက်ချစ်သလဲ ဆိုတာ ငြိမ်းချမ်းရေး အတွက် ဘယ်လောက် ကြိုးစားနေတယ်ဆိုတာနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။
ငြိမ်းချမ်းရေးဆိုတာ လက်နက်တွေနဲ့တိုက်ခိုက်ပြီး ရယူရတာမဟုတ်ဘူး။ အကြမ်း မဖက်ဘဲ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေ အံ့သြဖွယ်ကောင်းလောက်အောင် ရှိနေပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးသံတမန်တွေရဲ့ အကြမ်းမဖက်တဲ့ ချဉ်းကပ် မှုစနစ်တွေဟာ အသုံးဝင်လာပါတယ်။ ဘာကြောင့်မငြိမ်းချမ်းရတာလဲ ဆိုတာဟာလည်း ကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေပါပဲ။ အဖြေကတော့ "တိုက်ခိုက်နေလို့ မငြိမ်းချမ်းတာ"လို့ ဖြေရမှာပါပဲ။ ဘာအတွက် တိုက် ခိုက်နေတာလဲ။ ယုံကြည်ချက်အတွက်..ယုံကြည်ချက်အတွက်လို့ တဖွဖွအော်နေကြတဲ့အသံတွေ ရှိတယ်။ ပြောချင်တာက တော့ "ယုံကြည်ချက်"လို့အော်နေတဲ့အသံတွေထဲမှာ အတ္တတွေပါဝင်ရောယှက်နေပါတယ်။ ဒီတော့ အတ္တတွေကို လျော့ချပြီး ဆွေးနွေးခြင်းကနေတဆင့် ရရှိနိုင်မလား တွေးမိပါတယ်။
ငြိမ်းချမ်းရေးဆိုတာ သာယာပျော်ရွှင်ကျေနပ်ဖွယ် ဘဝနေထိုင်နည်းတခုပါပဲ။ ဒါဟာ အပြည့်စုံဆုံး ဖြစ်ပါလိမ့်မယ်။ ငြိမ်းချမ်း ရေးဆီကို ကျွန်တော်တို့ ဘာနဲ့သွားရမလဲ။ "ကိုယ်ချင်းစာတရား"ကို လက်ကိုင်ထားကျင့်သုံးရင်း သွားရမှာပါ။ တယောက်က တယောက်ရဲ့ ကောက်းကျိုးချမ်းသာကို အလိုရှိခြင်းဟာ မေတ္တာတရားပါပဲ။
မေတ္တာကိုရှေ့ထားပြီး လူအချင်းချင်း ဆက်ဆံပေါင်းသင်းနေထိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ မဝေးတော့ပါ။
မေတ္တာသည် အေးချမ်းစေသည်။ ဒါဟာ အမှန်တရားပင်။လူအချင်းချင်း ဆက်ဆံနေထိုင်ကြတဲ့အခါ "မုန်းစကို အတိုဖျက်လို့ ၊ ချစ်စကို အရှည်ဆက်ပြီး သူမနာ ကိုယ်မနာ မျှတတဲ့စာနာမှုတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်း"ဟာ အမွန်မြတ်ဆုံးသော ဘဝ နေထိုင်နည်းပဲ ဖြစ်ပါတယ်။ ဒီလိုဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့ လက်တကမ်းအကွာမှာ ရှိနေပါ လိမ့်မယ်။
ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါ တယောက်တိုင်းတစ်ယောက်တိုင်းရဲ့စိတ်မှာလည်း ငြိမ်းချမ်းနေတဲ့ စိတ်ကို ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခြင်းဟာ လူ့လောကကို အကျိုးပြုတဲ့ အမွန်မြတ်ဆုံးအလုပ်တခုပင် ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါမှာ ငြိမ်းချမ်းရေးလုပ်ခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်းဆိုတဲ့အဆင့်တွေနဲ့ ပုံမှန်ချီတက်နေရမှာပါပဲ။ ဒါမှ ငြိမ်းချမ်းရေးဟာ တည်တံ့ခိုင်မြဲမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး မရသေးတဲ့အတွက် ငြိမ်းချမ်းရေးကို လုပ်နေကြရပါတယ်။ ကဗျာဆရာတွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကဗျာ တွေကို ရေးတယ်။ စာရေးဆရာတွေကလည်း ငြိမ်းချမ်းရေးအတွက် စာတွေကို ရေးသားနေကြတယ်။ ရဟန်းသံဃာ၊ တရား ဟောဆရာတွေအားလုံးကလည်း ငြိမ်းချမ်းတဲ့ တရားဓမ္မတွေကို ဟောပြောနေကြတယ်။ ကျောင်းဆရာ၊ဆရာမတွေကလည်း ကျောင်းသား/သူတွေ ကို ပညာသင်ကြားပေးရင်း ငြိမ်းချမ်းရေးစကားတွေ ပြောဆိုနေကြတယ်။ အားလုံးဟာ ငြိမ်းချမ်းရေး အတွက် အလုပ်လုပ်နေကြတာပါပဲ။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံတဝှမ်းမှာ ငြိမ်းချမ်းရေးတောင်းဆိုသံတွေနဲ့ ချီတက်ဆန္ဒပြ ပွဲတွေကို မြင်တွေ့နေရပါတယ်။ ကောင်းတဲ့လုပ်ဆောင်ချက်တွေပါပဲ။ အများညီလာတဲ့အခါ ငြိမ်းချမ်းရေးအလုပ်ဟာ ပိုပြီး အသက်ဝင်လာမှာ မဟုတ်ပါလား။
ငြိမ်းချမ်းရေးတည်ဆောက်ရာမှာတော့ ပဋိပက္ခတွေရဲ့အရင်းအမြစ်တွေကို ဖော်ထုတ်ပြီး ဖြေရှင်းချက်တွေကို ရှာဖွေတာ ပဲဖြစ်ပါတယ်။ တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်၊ တောင်းဆိုချက်တွေကို စစ်မြေပြင်မှာမဟုတ်ဘဲ စားပွဲပြင်ပေါ်မှာ ဆွေးနွေးညှိနှိုင်းကြဟာ အကောင်း ဆုံးသော အလားအလာရှိမယ်လို့ ပြောနိုင်ပါတယ်။"အပစ်အခတ်တွေကို ရပ်တန့်ပေးကြပါ"ဒီလို မေတ္တာရပ်ခံထားလိုက်ပါတယ်။ သို့ပေမယ့် ပစ်ခတ်တိုက်ခိုက်နေကြဆဲ။ အပစ်အခတ်ရပ်စဲနေရာ ကနေတဆင့် သံခင်းတမန်ခင်းဆက်ဆံရေးတွေကို ဖန်တီးပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆီကို ချီတက်လာကြမယ်ဆိုရင် ကျွန်တော်တို့ သိပ်ကိုပျော်ရွှင်နေပါလိမ့်မယ်။ "လူတွေ သေကြေလှပြီ၊ အသက်အိုးအိမ် စည်းစိမ်တွေလည်း မကာကွယ်နိုင် တော့ဘူး၊ မိသားစုတွေ ဖရိုဖရဲပြိုကွဲနေတာ များပြီ"။ ဒီအဖြစ်အပျက်တွေဟာ တကယ့်အဖြစ်အပျက်တွေပါပဲ။ စိတ်ကူး ယဉ်မှုမဟုတ်ဘူး။ အပုပ်ချစွပ်စွဲမှုတွေ မဟုတ်ဘူး။ မြင်လား...ကြားလား... ကိုယ်ချင်းစာ တရားလေးကို ထည့်ပြီး မြင်ကြည့် လိုက်စမ်းပါ။ ဒီလိုသာ မြင်တတ်လာမယ်ဆိုရင် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တွေကို ပူးပေါင်းဆောင်ရွက်လာချင်တဲ့ စိတ်ဓာတ်တွေ ရှင်သန်လာမှာ အမှန်တကယ်ပင်။ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာအရေးပါလာပါတယ်။ အဖွဲ့အစည်းတခုနဲ့တခုအကြား ဆွေးနွေးညှိနှိုင်းအဖြေရှာရင်းနဲ့ အကောင်းဆုံးသောရလာဒ်တွေကို မျှော်လင့်ရင်း ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါစို့။
ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းဆိုတဲ့နေရာမှာ ကျွန်တော်တို့ရရှိထားတဲ့ ငြိမ်းချမ်းရေးကို ဆုံးရှုံးမသွားအောက် ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ခြင်းပါပဲ။ ငြိမ်းချမ်းရေးရလာရင် ကျွန်တော်တို့အားလုံး ထိန်းသိမ်းရမယ့်တာဝန်တရပ်ပင်။"ငြိမ်းချမ်းရေးကို ထိန်းသိမ်းပါ"ဆိုတဲ့ကြွေးကြော်သံဟာ ပြည်သူတရပ်လုံးရဲ့အသည်းနှလုံးထဲအထိ နက်ရှိုင်းစွာ အမြစ်တွယ်လာလိမ့်မယ်လို့ ယုံကြည်နေမိ တယ်။ တကယ်သာ ငြိမ်းချမ်းရေးကို ရရှိခဲ့ပြီဆိုတဲ့အခါပေါ့။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ဆိုတာ ကျွန်တော်တို့ ပြည်သူတရပ်လုံးအတွက် ပြောနေဖို့ မလိုအပ်ပါဘူး။ အားလုံးက ငြိမ်းချမ်းရေးကို အငမ်းမရ လိုချင်နေကြတာမဟုတ်ပါလား။ ငြိမ်းချမ်းရေးရင်ဆိုတာဟာ ကျွန်တော်ပြောတဲ့ "ပြည်တွင်း စစ်ကြီးပြီးတဲ့ နောက်တနေ့"ဆိုတဲ့အချိန်ပေါ့။
ဟုတ်တယ်...ကျွန်တော်တို့ရဲ့အလှပဆုံးသောမျှော်လင့်ချက်တွေဆိုတာ ပြည်တွင်းစစ်ကြီးပြီးတဲ့ နောက် တနေ့မှာ ရှင်သန် လာ တယ်။ သာယာပျော်ရွှင်တဲ့ဘဝနေထိုင်နည်းတွေကို ကျွန်တော်တို့ရရှိပါလိမ့်မယ်။ ဒါဟာ "ငြိမ်းချမ်းရေးရဲ့ အနှစ်သာ ရ"ပင်။
ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်တနေ့မှာ မနက်ခင်းအရုဏ်ဦးနေခြည်ဟာ တင့်တယ်ဝေဖြာနေပါလိမ့်မယ်။ မနက်ခင်းနေခြည်နုနုကလေးတွေအောက်မှာ တေးသီငှက်ကလေးတွေက တီတီတာတာ သံစုံနှောလို့ လှပနေပါလိမ့်မယ်။မနက်ခင်းရဲ့လတ်ဆတ်တဲ့လေပြေတွေထဲမှာ ပန်းပေါင်းစုံရဲ့ ရနံ့ကလေးတွေက မွှေးပျံ့ရီဝေနေတဲ့အပြင် လောကကြီးကို အရောင်အသွေးစုံ လင်စွာနဲ့ အဖူးအပွင့်စုံလင်စွာနဲ့ ပန်းကလေးတွေဟာ လွတ်လပ်စွာ ပွင့်ဖူးဝေဆာနေပါလိမ့်မယ်။ လှပတင့်တယ်နေသော ပန်းကလေးတွေအနားမှာ လိပ်ပြာ၊ပိတုန်း စတဲ့ ပန်းချစ်သူတွေလည်း ဝိုင်းဝိုင်းလည်နေပါလိမ့်မယ်။သိပ်ကိုဆွတ်ပျံ့ကြည်နူးဖွယ် မနက်ခင်းကလေးရဲ့ပန်းကလေးတွေကို"ကျွန်တော်တို့ချစ်သော ကလေးတွေ"အဖြစ် မြင်ယောင်နေမိတော့တယ်။ သူတို့လည်း ပျော်နေမှာ သေချာတယ်။
နွေးထွေးတောက်ပလှသော နေရောင်ခြည် အလင်းတန်းတွေအောက်မှာ မိသားစုတွေ စုံစုံညီညီနဲ့ အိုးမကွာ၊ အိမ်မကွာ ပျော်ရွှင်နေကြပြီ။ မိသားစု ထမင်းဝိုင်းကလေးဟာလည်း အသက်ဝင် လှပနေပါလိမ့်မယ်။ အပြုံးကလေးတွေကိုယ်စီနဲ့ ပျော် ရွှင်ချမ်းမြေ့ဖွယ် ကောင်းနေပါလိမ့်မယ်။ ကျောင်းသွား၊ကျောင်းပြန်လမ်းမထက်က ကဗျာရွတ်သံ၊ အော်သံတွေ ဆူညံ နေပါ လိမ့်မယ်။ ကျောင်းတက်ခေါင်းလောင်းသံရဲ့အောက်မှာ စာကျက်သံ၊ စာအံသံတွေနဲ့အတူ လှပတဲ့အနာဂတ်တွေဆီကို ပုံဖော်ထုဆစ်နေပါလိမ့်မယ်။ ဆရာ/ဆရာမ၊ကျောင်းသား/သူနဲ့ မိဘတွေရဲ့ စည်းလုံးညီညွတ်မှုကနေတဆင့် ပညာရေးကို မြှင့်တင်ပေးနိုင်တော့မယ်။ ကလေးဘဝရဲ့လွတ်လပ်တက်ကြွတဲ့ ပျော်ရွှင်မှုတွေကို ကလေးတွေ ရရှိခံစားနိုင်ပါလိမ့်မယ်။
သွေးခွဲစကားသံတွေကို မယုံကြည်တော့ဘူး။ တိုင်းရင်းသားအားလုံးဟာ အေးအတူ၊ ပူအမျှ ပေါင်းသင်းဆက်ဆံနေထိုင်ကြပါလိမ့်မယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တန်းတူညီစွာ ရရှိပါလိမ့်မယ်။ အားလုံးဟာ ကိုယ်ကျိုးမဖက်ဘဲ ပရဟိတစိတ် ဓာတ်တွေကိုမွေးမြူလို့ တယောက်ကိုတယောက်ကူညီရင်း ခရီးဆက်လာလိုက်တာ သွေးစည်းညီညွတ်ပြီး ပျော်ရွှင်ချမ်း မြေ့ဖွယ်ရာ ပတ်ဝန်းကျင်ကလေးကို ဖန်တီးနိုင်လာပါလိမ့်မယ်။ စည်းလုံးညီညွတ်ခြင်းနဲ့အတူ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်း သိမ်းလာနိုင်ပါလိမ့်မယ်။ တယောက်သောသူက တယောက်သောသူရဲ့ကောင်းကျိုးချမ်းသာကိုသာ အလိုရှိတဲ့ မေတ္တာ တရားကို မွေးမြူရင်း တိုင်းရင်းသားညီအကို၊ မောင်နှမများအားလုံးဟာ ကြည်ဖြူ စွာ လက်တွဲနေထိုင်ကြပါလိမ့်မယ်။
ငြိမ်းချမ်းရေးအတွက်ဆိုတဲ့ ဆန္ဒပြပွဲတွေ ရှိတော့မှာမဟုတ်ဘူး။ "ပြည်တွင်းစစ် ချက်ချင်းရပ်""စစ်ပွဲတွေရပ်""အပစ်အခတ် တွေရပ်"ဒီလိုကြွေးကြော်သံတွေ ရှိတော့မှာမဟုတ်ဘူး။ စစ်မြေပြင်ဆိုတာ မရှိတော့ဘူး။ စက်သေနတ်သံတွေ မရှိတော့ဘူး။ အမြောက်သံဗုံးသံတွေ၊ မိုင်းသံတွေ မရှိတော့ဘူး။ စစ်ဘေးဒုက္ခသည်စခန်းတွေမရှိတော့ဘူး။ စစ်ပွဲလည်း မရှိတော့ဘူး။ ခြေပြတ်လက်ပြတ် သွေးထွက်သံယို တိုက်ပွဲတွေ မရှိတော့ဘူး။ ပြိုကွဲသွားတဲ့ မိသားစုတွေ မရှိတော့ဘူး။ အဲဒီလိုနေ့တနေ့ဟာ ပြည်တွင်းစစ်ကြီး ပြီးသွားတဲ့နောက်တနေ့ပေါ့။
ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်တနေ့မှာ ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးအခြေအနေဟာ တည်ငြိမ်အေးချမ်းလာပါလိမ့်မယ်။ လူမှုရေးဆိုတဲ့နေရာမှာ ပြည်တွင်းရော ပြည်ပပါ မျက်နှာပွင့်စွာ အရေးတယူ ဆက်ဆံလာပါလိမ့်မယ်။ နိုင်ငံရဲ့စီးပွားရေးဟာ လည်းပဲ တိုးတက်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်တော့ ကျွန်တော်တို့ဟာ ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းတခုကို ပိုင်ဆိုင် လိုက်တဲ့ နေ့တနေ့ဖြစ်တဲ့အတွက် လူ့အခွင့်အရေးတွေကို အပြည့်အဝရရှိပြီး လုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်တခုမှာ ဖန်တီးမှုစွမ်း အားတွေကို တိုးတက်လာစေပါလိမ့်မယ်။ သာတူညီမျှတဲ့အခွင့်အရေးအောက်မှာ လူတန်းစားအားလုံးဟာ ပျော်ရွှင်စွာနဲ့ နေထိုင်နိုင်ပါလိမ့်မယ်။
ငြိမ်းချမ်းရေးဆိုတာ သာယာပျော်ရွှင်ကျေနပ်စရာကောင်းသော ဘဝနေထိုင်နည်းတခုပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအမှန်တကယ်ရရှိတဲ့အခါ ကျွန်တော်တို့ဘဝတွေဟာ ပျော်ရွှင်ဖွယ်အတိပြီးတဲ့ ရှင်သန်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။ ငြိမ်းချမ်းရေးကို ဖန်တီး ဖို့အတွက် မေတ္တာတရားကို ရှေ့တန်း တင်နေထိုင်ကြပြီး ကိုယ်ချင်းစာတရားမွေးမြူပြီး ကျင့်ကြံနေထိုင်ခြင်းကသာ အဓိက ကျပါလိမ့်မယ်။
ကျွန်တော်စိတ်ကူးယဉ်ပြီး ပျော်ရွှင်ကြည်နူးမိတဲ့နေ့တနေ့ဟာ ပြည်တွင်းစစ်ပြီးတဲ့ နောက်တနေ့ပေါ့။ မေတ္တာ တရားတွေ ပွားများ ရင်း ကိုယ်ချင်းစာတရားနဲ့နေထိုင်ရင်း ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းတခုအဖြစ် ဖန်တီးကြပါစို့။ ။
ငြိမ်းချမ်းကြပါစေ
သျှင်မျိုးငယ်