နောင်ကျော် - သိန်းသန်းထွန်းရဲ့ "ဘယ်ပန်းချီ ရေးလို့မှမမှီ "ဝတ္ထု
(မိုးမခ၊ သစ်ခက်သံလွင်) ဒီဇင်ဘာ ၁၀၊ ၂၀၁၆
ကျောင်းထဲမှာလုပ်တဲ့ စာအုပ်ဈေးပွဲရောက်တော့ တိုးမြစ် စာအုပ်တိုက်က ကိုဝင်းဇော်လတ်ဆီက ရလာတဲ့ သိန်းသန်းထွန်းရဲ့ "ဘယ်ပန်းချီ ရေးလို့မှမမှီ "ဝတ္ထု။
၁၉၇၆ လောက်က ဖတ်ဖူးခဲ့တာ။ နာမည်ကြီးခဲ့တဲ့ဝတ္ထု။ ရေးခဲ့တာက ၁၉၆၅ လို့ တွေ့ရတယ်။ ရုပ်ရှင်ရိုက်ခဲ့ဖူးတယ်။ ကျနော် မကြည့်ဖူးခဲ့။ ရုပ်ရှင်ရဲ့ဇာတ်ဝင်ခန်းသီချင်း နားထောင်ဖူးတယ်။ တက္ကသိုလ်အေးမောင် ဆိုခဲ့တာလို့ မှတ်မိတယ်။ ကြိုက်တဲ့သီချင်း။ နာမည်လည်းကြီးတဲ့သီချင်းပါ။ စာရေးဆရာက ဒီဝတ္ထုဟာ သူနေ့ချင်းပြီးရေးတဲ့ဝတ္ထုတွေထဲကတပုဒ်ဖြစ်တယ်လို့ အမှာစာမှာရေးထားတယ်။ ငယ်ငယ်က ဖတ်တော့ ကြိုက်ခဲ့တယ်။ ခု ပြန်ဖတ်တော့လည်း အကြိုက်မလျော့ပါဘူး။
ဇာတ်လမ်းက ရှမ်းပြည်ဘက်က ရွာလေးတရွာကိုနောက်ခံထားပြီး မိဘတွေ အသတ်ခံရတာကြောင့် ရူးသွားတဲ့ မိန်းမချောလေးကို ကိုယ်ကျင့်တရားကောင်းတဲ့လူကြီးတယောက်က စိတ်ရူးနောက် ကိုယ် ပါဖြစ်ပြီး ဆက်တိုက် လွန်လွန်ကျူးကျူး ဖြစ်တာ။ ဒါကို သားကသိတယ်။ ကောင်မလေးကိုယ်ဝန်ရှိလာတော့ ကျူးလွန်သူကို တရွာလုံးက ရှာတယ်။ သူကြီးက သားဖြစ်သူကို မသင်္ကာပြီး စွပ်စွဲ။
သူကလည်းငြင်း။ နောက်ဆုံးတော့ ဖအေအရှက်ကွဲမှာစိုးလို့ သားက တာဝန်ခံရမယ့် အခြေ အနေ ရောက်လာ။ ဖအေကလည်း သူ့အပြစ်ကိုသူတာဝန်ယူမယ် ဖြစ်လာ။ ဒါကို သားက မရ ရအောင်တားပြီး သူ့ဘဝထိခိုက်နစ် နာခံရင်း သေသွားရတဲ့ဇာတ်။
ဒီဝတ္ထုမှာ စာရေးဆရာက အဓိကဇာတ်ကောင်တွေကို အပြစ်တင်ရေးထားတာမျိုးမဟုတ်ဘဲ သားနဲ့ဖအေရဲ့မေတ္တာတရားကို ဇောင်းပေးပြီး ရေးခဲ့တယ်။ လူကောင်းတယောက်က လူစိတ်ပျောက် ပြီး ဖောက်ပြန်လာလိုက်၊ လူစိတ်ပြန်ဝင်လာရင် နောင်တရလိုက်။ အပြစ်ကင်းပြီးရိုးသားတဲ့သားက အစွပ်စွဲ ခံနေရချိန်မှာ သူက ဝန်ခံဖိုကြိုးစားတော့ သားက ဟန့်တား။ သူ့ဖအေက လူကောင်းဆိုတာ ရွာနီးချုပ်စပ်က လည်းလက်ခံသူလည်းသိထားခဲ့။
နောက်ဆုံးမှာ သားအဖ နှစ်ယောက်ရဲ့မေတ္တာအားပြိုင်ပွဲ။ အရူးမလေးကတော့ လင်ကောင်မပေါ်ဘဲ ကိုယ်ဝန်ရ(ဒေသအခေါ် ငန်းဥ အု) ပြီး ကလေးမွေးပြီး ခဏပြန်ကောင်း။ ကလေးကသေ။ ပြန်ရူးသွား။ ရင်နင့်စရာ ဇာတ်သိမ်းခန်းနဲ့။
အညွှန်းရေးတာဆိုတော့ ချုံ့ရေးရလို့ စာရေးဆရာ ပေးချင် ပြောချင်တာတွေ ကျန်ပါလိမ့်မယ်။ မဖတ်ဖူးရင် ဖတ်ကြည့်နိုင်ဖို့ပါ။

၂၀၁၄ မေလ တုန်းက တတိယအကြိမ်အနေနဲ့ လင်းယုန်စာပေက ထုတ်ခဲ့ပြီး တန်ဖိုးကျပ် ၁၈၀၀ ပါ။
စိတ်ဝင်စားသူတချို့အတွက် သိန်းသန်းထွန်းရဲ့ နာမည် ကြီးနောက်ထပ်စာအုပ်တအုပ်ရဲ့ကြော်ငြာကိုပါ တင်ပေးလိုက်ပါတယ်။