အောင်သူငြိမ်း ● ဘဝနေနည်း အနုပညာ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၆
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၆
"ချစ်တာဟာ အနုပညာ (အတတ်ပညာ) တခုလား။ ဒါမှမဟုတ် အလိုအလျောက်ပေါ်လာတဲ့ ပကတိစိတ်မျိုးလား"
ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ အင်ဒရေ မော်ရွိုင်း (Andre Maurois) ရေးတဲ့စာအုပ် (The Art of Living) ဘဝနေနည်း အနုပညာစာအုပ် အဖွင့်မှာ မေးခွန်းထုတ်လိုက်တယ်။ ဒီစာအုပ်နဲ့အတူ စာအုပ်တအုပ်ကိုလည်း ပြန်ဖတ်နေမိတယ်။ ဖြစ်ပုံ က ဒီလို၊ မနေ့က မကွေးက ဟိုတယ်တခုမှာ။ ဆောင်းဝင်စဖြစ်လာတော့ ရာသီဥတုက အေးစိမ့်စိမ့်လေး ဖြစ်လာတယ်။ ဒါနဲ့ ကျနော်က အခန်းက အဲယားကွန်းကို ပိတ်လိုက်တယ်။ တံခါးကို သဘာဝအတိုင်း အအေးဝင်လို့ ရလာအောင်ဖွင့်လိုက် တယ်။ ကော်ဖီပူလေးတခွက် ကြိုတယ်။ ချက်ချင်းဖျော်တဲ့ အသင့်ကော်ဖီပဲ ရှိပါတယ်။ ဝရံတာက ကုလားထိုင်မှာ ထွက် ထိုင်တယ်။ ဘဝမှာ ခုလို သဘာဝအရသာကို ခံစားရဖို့ အခွင့်အရေးဆိုတာ ရှားပါးတယ် မဟုတ်လား။ ဆေးလိပ်မသောက် တတ်ပေမယ့် လေအေးအေးရှူသွင်းနေရတဲ့ ကာလမှာ ဆေးလိပ်တလိပ်လောက် ကောက်ဖွာချင်တဲ့ စိတ်တွေ ပေါ်လာခဲ့ တယ်။
အဝေးမှာ တဖက်ကမ်းက မီးရောင်တွေကို မြင်နေရသလို၊ ဧရာဝတီမြစ်ထဲက သင်္ဘောမီးရောင်အချို့ကို တွေ့ရတယ်။ မကွေး- မင်းဘူးဆက်ထားတဲ့ တံတားက မီးရောင်တွေကတော့ လင်းလင်းထိန်ထိန်။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လခြမ်းကွေးလေးနဲ့ ကြယ်တချို့တွေ ပြိုးပြက်နေတာ တွေ့ရတယ်။ မကြာသေးခင် ရက်ပိုင်းက ကျနော့်အသက် ၅၁ ခုနှစ် ပြည့်ခဲ့ပြီ။ ဘဝကို ပြန်ဆင်ခြင်မိတယ်။ ခု အင်ဒရေမော်ရွိုင်း ဘာသာပြန်စာအုပ်နဲ့အတူ M. Scott Peck ရေးတဲ့ လူသွား နည်းတဲ့လမ်း- အချစ်၊ ရိုးရာစဉ်လာ တန်ဖိုးများနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (The Road Less Traveled: A new psychology of love, traditional values and spiritual growth) စာအုပ်ကိုလည်း တပြိုင်တည်းမှာ ပြန်ဖတ်နေမိ တယ်။ ဒီစာအုပ်က ရောင်းကောင်းတဲ့စာအုပ်စာရင်းဝင် စာအုပ်တခုပါ။
အင်ဒရေမော်ရွိုင်းစာအုပ်မှာ စိတ်ဝင်စားစရာတွေ အများကြီးပါတယ်။ ပြောတော့ဘူး …ရှာဖတ်။ ကျား-မ တွေ့လိုက်ကြရတဲ့ ခဏတာ တွေ့ဆုံမှုဆိုတာ ပါတယ်။ ဒီတခဏတာဟာ ကောင်းကင်က ကြယ်နက္ခတ်တွေတောင် ဆုံဆည်းကြုံကြိုက်လာ ကြသလို။ ရှေးကပြုဖူးတဲ့ ကုသိုလ်ကံကြောင့် မင်းသား-မင်းသမီးလေး ကြုံတွေ့လိုက်ကြရသလို။ ကောင်မလေးက လက်ကိုင်ပုဝါ ပြုတ်ကျခဲ့။ ဒီလိုနဲ့ ကောင်းလေးက ကောက်တွေ့။ ဘတ်စကားအဆောင့်မှာ ကောင်လေးနဲ့ ကောင်မလေး လက်ချင်း မတော်တဆ တိုက်မိခဲ့။ … ဒါမျိုးတွေအပြင် မျက်လုံးချင်းမြင်လိုက်ရတဲ့ တခဏ 'လျှပ်တပြက် အချစ်'ဆိုတာ မျိုးလည်း သူက ရှင်းပြတယ်။ ပိုးပန်းခြင်းမှာလည်း အနုပညာ ဆိုတာ ရှိပါသတဲ့။ အမျိုးသမီးတွေက အမျိုးသားတွေကို ချစ်ခြင်းမေတ္တာ အတွက် စောင့်ဆိုင်းနေကြတယ်ဆိုတာမျိုးကိုလည်း သူက ဥပမာတမျိုးနဲ့ ရှင်းပြပါတယ်။ ပင့်ကူတကောင် က သားကောင်ကို စောင့်နေသလိုမျိုးလည်း ဖြစ်နိုင်ပါသတဲ့။ မာယာသုံးကြတယ် လျှော့ပေးလိုက်၊ ပြန်ဆွဲလိုက်လုပ်နေတဲ့ သိုးမွေးလုံးလေး တလုံးကို ကြောင်ကလေးက ခုန်ပြီး လိုက်ဖမ်းအောင် လုပ်တာမျိုးဆိုပဲ။ အချော့အမြူတွေပေါ့။ ဒါပေမယ့် သူက မီးတောက်တခုဟာ လောင်စာမရှိဘဲ ကြာရှည်မတောက်လောင်နိုင်ဘူး။ မျှော်လင့်ချက်ဆိုတဲ့ လေပြည်လေညင်း မရှိခဲ့ရင် အဲသည်မီးတောက်ကလေးက ငြိမ်းသွားမှာပဲတဲ့။
အင်ဒရေ မော်ရွိုင်းကတော့ ပြောပါတယ်။ "ကိုယ့်ဇနီးကိုတောင် ပြန်ပြီးပိုးပန်းနေဖို့ လိုအပ်နေပါသေးသတဲ့။"ကိုယ့်ဇနီးကို လည်း ပြန်ပိုးပန်းရဦးမယ်။
ဒီစာအုပ်မှာ လက်ထပ်ထိမ်းမြားခြင်း အနုပညာ၊ မိသားစုဘဝ အနုပညာ၊ မိတ်ဆွေဖွဲ့နည်း အနုပညာ၊ တွေးခေါ်ခြင်း အနုပညာ စတဲ့ကဏ္ဍ များစွာ ဆွေးနွေးထားပါသေးတယ်။
ကော်ဖီလေးကြိုက်လိုက်၊ စာတမျက်နှာလှန်လိုက်ပေါ့။
ကျနော့်အသက် ၅၀ အထိ ကျနော်ဟာ ဘဝနေနည်း အနုပညာကို မသိဘဲ နေထိုင်လာခဲ့တာလား။ ချစ်ခြင်းရဲ့အနုပညာကို မသိဘဲ ချစ်လာခဲ့တာလား။ ကျနော်မသိနိုင်ပေဘူး။
"ငါဟာ မတည်ငြိမ်တဲ့ မိုးတိမ်ပဲ
ငါဟာ ဂျစ်ပစီပဲ ခရီးနှင်နေ
ကြိုတင်ကာကွယ် ဇာတ်လမ်းမတိုက်လာသူ
မင်းသားတယောက်ပါပဲ"
ဂျစ်ပစီမိုးတိမ် (သန်းနိုင်) သီချင်းထဲကလို ကျနော်တို့က ဇာတ်လမ်းမှားပြီး တက်ကနေကြတာ မျိုးလား။
M. Scott Peck စာအုပ် ဖတ်လို့ အတော်ခရီးရောက်လာရင်၊ အားလပ်ရင် ဆက်ပြောကြတာပေါ့။
အောင်သူငြိမ်း
ဒီဇင်ဘာ ၈၊ ၂၀၁၆