တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ် လျှောက်သောလမ်း အပိုင်း (၅)
(သီတဂူဘုန်းကြီး၊ နာဂျစ်နဲ့ ကျီးကန်းပုံပမာ)
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၆
(သီတဂူဘုန်းကြီး၊ နာဂျစ်နဲ့ ကျီးကန်းပုံပမာ)
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၆
၁၉၄၈ ခု၊ လွတ်လပ်ရေးရစဉ်က စပြီးကျင့်သုံးခဲ့တဲ့ “မြန်မာ့နိုင်ငံခြားရေးမူဝါဒ” ဟာ အခြေခံအားဖြင့် မှန်ကန်ပါတယ်။ ချို အင်လိုင်း၊ နေရူးတို့ရဲ့ ကမကထပြုမှုနဲ့ စတင်ခဲ့တဲ့ ဘက်မလိုက်လှုပ်ရှားမှုထဲပါခဲ့တာ၊ ဘန်ဒေါင်းမူကြီး ၅ ချက် ကိုကိုင်စွဲထား တာတွေ ဟာ တိုင်းငယ်ပြည်ငယ်ဖြစ်တဲ့ မြန်မာပြည်အဖို့ မှန်ကန်တဲ့ရွေးချယ်မှုတွေပဲဖြစ်ပါတယ်။
အမှားအယွင်းတွေ၊ အတိမ်းအစောင်းတွေ မရှိဘူးလားဆိုတော့ ကူမင်တန်တရုတ်ဖြူကျူးကျော်မှုမှာ ပြတ်ပြတ်သားသား မပြောဝံ့ပဲမှာ အမေရိကန်ဘက်ယိမ်းခဲ့တာတွေရှိခဲ့တာပါပဲ။ ဒါ့အပြင် ဗိုလ်နေဝင်း (မဆလ) ခေတ်မှာ ကိုယ့်ပြည်တွင်း ပြဿ နာဖြစ်တဲ့ “စစ်တွေဆန်ပြဿနာ” ကို အာရုံလွှဲဖို့ တနပ်စား ကြံမိကြံရာကြံရာကနေ တရုတ်ဆန့်ကျင်ရေးလုပ်လိုက်မိလို့ နှာခေါင်း ကျည်ပွေ့ တွေ့ခဲ့ရတာမျိုးတွေ လည်းရှိခဲ့ပါတယ်။ ဒီလိုအဖြစ်မျိုးတွေ ၂၁ ရာစုမှာ အလားတူမဖြစ်ပွားဖို့ လိုပါတယ်။ အုပ်စိုးသူတွေ အမြင်တိုရင် နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်းဆိုတဲ့ကိန်းမျိုးဆိုက်ရောက်သွားပါလိမ့်မယ်။
တိုင်းငယ်ပြည်ငယ်လည်းဖြစ်၊ အမျိုးသားသွေးစည်းညီညွတ်မှုကလည်းရေရှည်ပျက်ပြား၊ ဆင်းရဲမွဲတေမှုကလည်း “အမွဲတ ကာ့ထိပ်ခေါင် ဖွတ်မင်းနောင်” ဆိုတဲ့ဘဝမျိုးမှာ “အောက်အီအီးအွတ်” လို့ တွန် တတ်ရုံ၊ အမောက်ကလေးထောင်ပြတတ်ရုံ (အသံနဲ့ဟန်ရှိရုံ) လောက်နဲ့တဲ့ ကြက်ဖလုပ်ချင်လို့မဖြစ်နိုင်ပါဘူး။ “အတောင်နဲ့အတက်” (အမျိုးသားသွေးစည်းညီညွတ်မှုနဲ့စီးပွားရေးတောင့်တင်းခိုင်မာမှု) ကောင်းကောင်းရှိ ဖို့လိုအပ်ပါတယ်။ ဒါတွေမရှိရင်တော့ ကိုယ့်ရှူးကိုယ့်ပတ်တာပဲဖြစ်မှာပါ။ တိုင်းပြည်နဲ့လူထုဖွံ့ဖြိုးတိုးတတ်ရေးကို အမှန် တကယ်လိုလားရင် ကိုယ့်ပြည်တွင်းမှာညီညွတ်မှုနဲ့ငြိမ်းချမ်းမှုကိုခိုင်ခိုင်မာမာတည်ဆောက်ထားရမှာက ပထမနဲ့အခြေခံအကျဆုံး အချက် ပဲဖြစ်ပါတယ်။ ဒီလိုတည်ဆောက်ဖို့ အတွက် လိုအပ်နေတာက တန်းတူရည်တူညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ပါ။ ဒီလိုမဟုတ်ဘဲ၊ ငါတို့ခွင့်ပြု ထားတဲ့ဘောင်ထဲ မင်းတို့အရင်ဝင် ဒီထဲမှာ ပေး ထားတဲ့ “ဒီမိုကရေစီ”နဲ့ မင်းလို့လိုချင်တာတောင်းကြ ဆိုတဲ့ အပေါ်စီးကနေလုပ်နေလို့ကတော့ အဖြေကောင်း မရနိုင်ဘူး။ ဒီလိုမရလို့လဲ။ သေနတ်သံ၊ အမြောက်သံတွေ မရပ်မနား မြည်ဟီးနေတာပါ။
ဒုတိယက မိမိအိမ်နီးချင်း၊ ဒေသတွင်း၊ နိုင်ငံတကာစတဲ့ နယ်ပယ်အလိုက် မိမိကိုစာနာထောက်ထား၊ဝန်ရံထောက်ခံတဲ့၊ အား ပေးကူညီတဲ့ မိတ်ဆွေနိုင်ငံတွေရှိထားရမှာပါ။ ဒါမှသာ အကွေ့အဝှိုက်၊ အလှုပ်အရမ်းတွေများပြားပွေလီလှတဲ့ နိုင်ငံတကာနိုင်ငံ ရေး သမုဒ္ဒပြင်မှာ မိမိတိုင်းပြည်နဲ့ ပြည်သူတွေရည်မှန်းတဲ့ ညီညွတ်ငြိမ်းချမ်းပြီးခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဦးတည်ချက်ကို တည်တည်ငြိမ်ငြိမ်၊ တည့်တည့် တန်းတန်းလှော်ခတ်နိုင်မှာဖြစ်ပါတယ်။
မလေးရှားဝန်ကြီးနာဂျစ်ပြောဆိုမှုဟာ အရင်းစစ်လိုက်တော့ အညှီရှိလို့ ယင်အုံတာမျိုးသာဖြစ်တယ်။ ရခိုင်ပြည်နယ်ပြဿနာ ကို တည်တည်ကြည်ကြည်၊တည့်တည့်မတ်မတ်ဖြေရှင်းရမယ့်အစား ဆန်မရှိအစားကြီးဆိုတာလိုမဖြစ်ညစ်ကျယ်လုပ်ရပ်တွေကြောင့် တန်ပြန်လာတဲ့ သက်ရောက်မှုပဲဖြစ်ပါတယ်။ တကယ်က ရခိုင်ပြည်နယ် မှာကြုံနေရ တဲ့အရေးဟာ ပြည်တွင်း ရေးပဲ။
အုပ်စိုးသူ အစိုးရအဆက်ဆက်ရဲ့ အစုတ်ထုတ်၊ အရှုပ်ထုတ်တွေထဲက တစ်ခုပဲ။ ဒီအထုတ်စုတ်တွေ ဒီချုပ်ပါတီအစိုးရ ခေါင်း ပေါ်ရွက်ထားရတာပါပဲ။ ရခိုင်ပြည်နယ်က“အဝင်အလာကိစ္စ”ကလည်းနယ်ချင်းစပ်နိုင်ငံနဲ့နှစ်နိုင်ငံရေရှည်ဆွေးနွေးညှိနှိုင်းဖြေရှင်းဆောင် ရွက်ရမှာပဲ ဖြစ်ပါတယ်။ “အနောက်တံခါး” က အဝင်အလာနဲ့ “အရှေ့မြောက်တံခါး” က အဝင်အလာဟာ မတူဘူး။ အရှေ့မြောက်တံခါး က အဝင်အလာကိုတော့ လေတောင်မကျယ်ဝံ့ဘူး။ “မုန်းဝန်းကိစ္စ” အသံတောင်ဟဟ မထွက်ဝံ့ဘူးမဟုတ်လား။
တနပ်စားဉာဉ်ဆိုးနဲ့ “ဝှိုက်ကဒ်” ဆိုတာတွေ ထုတ်ပေးပြီး ၂၀၁၀ရွေးကောက်ပွဲမှာ မဲတွေယူခဲ့တာ (ကြံ့ဖွံ့ပါတီ) ပဲဖြစ်ပါတယ်။ အခုတော့ ဝှိုက်ကဒ်ပြန်သိမ်းပြီး အမျိုးသားရေးလက်သီးလက်မောင်းတန်းပြနေတာ၊ အဝင်အလာတွေအပေါ် ဖိထောင်းပြီး အမျိုးသားရေး အလံထောင် ပြနေတာတွေဟာ အရှက်ကင်းမဲ့လွန်းတဲ့ ယုတ်မာမှုတွေပဲဖြစ်တယ်။
နာဂျစ်ကဒီအချက်ကိုသူ့ကိုယ်အကျိုးအတွက် ကောက် ကိုင်ပြီး အသုံးချသွားတာဖြစ်ပါတယ်။ တကယ်တော့ မလေးရှား ဆို တာ (နဝတ-နအဖ) စစ်အစိုးရကို တလျှောက်လုံး ထောက်ခံလာတဲ့ တိုင်းပြည်ပဲ။ “မဟာသီယာ” ကို သူတို့ ဆရာတင် ခဲ့ကြတာပဲ မဟုတ်လား။ အခုလည်း “မဟာသီယာ”က နာဂျစ်ကို ဆုံးမနေတယ်။ ထိန်းကျောင်းပေးနေတယ် မဟုတ်လား။ ဒီတော့ ကိုယ့်ဘက်ကလည်း ကိုယ့်ကောင်တွေကို ကြိုးပြန်တင်းသင့်တယ်၊ ကိုယ့်တပည့်တွေကိုယ် ထိန်းသင့်တယ်၊ မီးနဲ့က စားပြတယ်ဆိုတာ မျက်လှည့်ပွဲလောက်ပဲ ကြည့်ကောင်းတာပါ၊ တိုင်းပြည်နဲ့ချီပြီးမကစားသင့်ပါဘူး၊ အစိုးရက မီးကို တတ်နိုင်သလောက်ငြှိမ်းနေတယ်ဆိုတာမြင်ရပါတယ်။ ပြာဖုံးနေတဲ့မီးကို ယပ်ခပ်ပြီး ဓာတ်ဆီလောင်းနေတာ စစ်တပ်နဲ့ သေနတ်ကို အားကိုးတဲ့၊ ကျောထောက်နောက်ခံပြုထားတဲ့သူတွေ၊ အစိုးရဟောင်းနဲ့ခြေဆုံးခေါင်းဆောင်းဆက်စပ်နေ သူတွေဖြစ်တယ် ဆိုတာ လူတိုင်းသိကြ၊ မြင်ကြပါတယ်။
မဟာသီယာဆိုတာ တကယ်တော့ “မလေးရှားဗိုလ်သန်းရွှေ”ပါပဲ။ (UMNO) ဆိုတာလည်း မလေးရှားကြံ့ဖွံ့ပါတီပဲ။ ဒေသ တွင်းနဲ့ နိုင်ငံတကာမှာ အထီးကျန်တစ်ကောင်ကြွက်ဖြစ်နေတဲ့ စစ်အစိုးရကို အာဆီယံထဲခေါ်ပြီး လူရာသွင်းကြသူတွေအထဲမှာ မလေးရှား က မဟာသီယာတို့ ထိပ်ကပါခဲ့ကြတာမဟုတ်လား။
မဟာသီယာဟာ သူရွေးထားတဲ့ သူ့ကိုဆက်ခံမယ့်သူ အဏ္ဏဝါအီဘရာဟင်ကို လိင်တူဆက်ဆံမှုဆိုတဲ့ စွပ်စွဲချက်နဲ့ အပုပ် ချပြီး နိုင်ငံရေးအသေ သတ်ခဲ့တယ်မဟုတ်လား၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဟာ၊ (နဝတ-နအဖ) စစ်အစိုးရကို ထောက်ခံခဲ့တဲ့ မဟာသီယာကို တလျှောက်လုံးဆန့်ကျင်ခဲ့ကြပြီး “အဏ္ဏအီဘရာဟင်” ကို စာနာထောက်ခံခဲ့ကြပါတယ်။
ပြည်တွင်း/ပြည်ပ ဘေးဆိုင်းမျိုးစုံ မြိုင်မြိုင်ဆိုင်ဆိုင်တီးပြီး ဒီချုပ်ပါတီအစိုးရလှေကြီးလူးနေအောင် အချွန်တွေနဲ့ဝိုင်းမနေချိန်မှာ သီတဂူဘုန်းကြီးက ဒကာရင်း/ဒကာဟောင်းတွေဘက်ကနေ ဝန်းရံဖေးမကူညီနေပါတယ်။
သီတဂူ ဘုန်းကြီးဟောပြောသွားတာတွေကို စိစစ်ကြည့်လိုက်တော့ အခုလိုတွေ့ရပါတယ်။ ပထမအချက်က “ ကျီးကန်းသူ ကောင်းမြှောက် ချေးခြောက်ကောက်စား” အသုံးအနှုန်းပဲ။နာဂျစ်ရိုင်းပြတာကို ကိုယ်ကရိုင်းပြစွာတုန့်ပြန်မည်လော။ နိုင်ငံတ ကာကျင့်ဝတ်အရ၊ နှစ်နိုင်ငံဆက်ဆံရေးသံတမန်ရေးကျင့်ထုံး အရ၊ အာဆီယံသဘောထားပေါ်လစီတွေအရ အစိုးရဘက်က လုံလောက်စွာ ဖြေရှင်းနေပြီ မဟုတ်လား၊ ဒီလိုအသုံးအနှုန်းမျိုးက အထူးသဖြင့်အများက ကြည်ညိုနေတဲ့ ဘုန်းကြီးတပါး အနေနဲ့ ဒီလို့ ကြမ်းတမ်းတဲ့စကားကို မဆိုသင့်ပါဘူး။ (ဂမ္မဒေါသတော့ရောက်တယ်၊ပြောပါရစေ) လို့ ဘုန်းကြီးကထည့် ဟောထားပါတယ်။ ဒါပေသိ “ချေးခြောက်” နဲ့ “အကောင်” ဆိုတဲ့ စကားလုံးကို တကြိမ်မဟုတ် အကြိမ်ကြိမ်ရေရွတ်ပြီး ပီပီပြင်ပြင်ကြီးဟောပြောသွားတာ မဟုတ်လား။
( “ -ာသည်မ” လို့ ဆဲတဲ့ ဘုန်းကြီးနဲ့သွားပြီး တူညီနေပါလိမ့်မယ်)
ဘုန်းကြီးရဲ့ “ကျီးကန်း ပုံပမာ” ဟောပြောချက်ကို အမြောက်ကျင်းနှုတ်ခမ်းဝမှာ မိန့်မိန့်ကြီးထိုင်ပြီး စစ်မြေပြင်ကို ကြည့်နေတဲ့ ဘုန်းကြီးရဲ့ ဓာတ်ပုံတွေနဲ့ ဆက်စပ်ကြည့်မိသလို၊ သဲကုန်းကလယ်သမားကိစ္စဟောပြောချက်၊ “မျိုးစောင့်ဥပဒေအောင်ပွဲ”လို့ ဆိုကြတဲ့ သုဝဏ္ဏအားကစားရုံမှာပြုလုပ်တဲ့ အခမ်းအနားမှာပြောကြားခဲ့တဲ့ “သြဝါဒစကား” ဆိုတာတွေ နဲ့ဆက်စပ်ကြည့်မိ ပါတယ်။
ဒီအခါမှာသီတဂူဘုန်းကြီးရဲ့နိုင်ငံရေးသဘောထားနဲ့ရပ်တည်ချက်ဘာလဲ/ဘယ်လဲဆိုတာနဲ့ဘုန်းကြီးဟာ “ဘာသာ၊သာ သ နာ” အကျိုးတင်မကဘူး၊ “အာဏာ” အကျိုးကိုပါ ထမ်းနေပါပေါ့လား ဆိုတဲ့အချက်ထင်ရှားလာပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ “သိမ် မွေ့တဲ့တရားဓမ္မနဲ့ ဖန်ရည်ဆိုးသင်္ကန်း” ဟာ “အာဏာနဲ့သေနတ်” ကို အကာအကွယ်ပေးရတဲ့၊ မြှောက်ပင့်ပေးရတဲ့ အနေ အထားမျိုးအထိ ဘယ်လိုနည်းနဲ့ မှ ဆိုက်ရောက်မသွားစေသင့်ပါဘူး။ ဒုတိယအချက် ဒီအချက်က သတိထားရမယ့် အဓိ အချက်ဖြစ်ပါတယ်။
လူထုဆန္ဒပြမှုအပေါ်၊ လူထုလှုပ်ရှားမှုအပေါ် တဖက်သတ်ချိုးနှိမ်တဲ့၊ မလိုလားတဲ့ သဘောထားနဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ “လမ်းပေါ်ထွက်ဆန္ဒပြတာ သာမန်လူတွေအလုပ်တဲ့ အလုပ်မဟုတ်လား” တဲ့။ ဒီဟောပြောချက်က (ကုလားထိုင်ကို ယာ ယီစွန့်ပေးထားရ တဲ့) အုပ်စိုးသူတွေနဲ့ တထပ်တည်းရပ်တည်နေတဲ့ သဘောထား ဖော်ပြချက်ပါပဲ။
လူထုဆန္ဒပြမှုဆိုတာဖိနှိပ်မှု/မတရားမှု ဆိုတဲ့အကြောင်းတရားတွေကြောင့်သာ တိုက်ရိုက်ပေါ်ထွက်လာရတဲ့ ပြည်သူလူထုရဲ့ တရားမျှတပြီး မှန်ကန်တဲ့ တုန့်ပြန်လှုပ်ရှားမှုဖြစ်ပါတယ်။အကျိုးဆက်ရလဒ်ဖြစ်ပါတယ်။ ဖိနှိပ်မှု၊ မမျှတမှု၊ အဓမ္မအနိုင်ကျင့် မှုတွေရှိနေရင် လူထုလှုပ်ရှားမှုတွေဖြစ်တဲ့ ဆန္ဒပြတာ၊သပိတ်မှောက်တာ၊ခုခံတော်လှန်တာတွေဟာ ဘယ်သူတွေက ဘယ် လိုပဲတားတား သဘာဝကျစွာ ပေါ်ပေါက်နေမှာဖြစ်ပါတယ်။
“သာမန်လူတွေလုပ်နေတဲ့အလုပ်ကို ဟိုထိပ်ဆုံးအစိုးရအဖွဲ့အကြီးဆုံးအကောင်က ဝင်ပါတာကြည့်လေ။ အဲဒါကျီးကန်း သူကောင်း မြှောက်သလိုဖြစ်သွားတာ ဒို့တိုင်းပြည် အဲဒီလို ဘယ်တော့မှမဖြစ်ပါစေနဲ့လို့ ဒို့များဆုတောင်းနေတယ်” တဲ့။ ဒီအချက်က မလေးရှားက “နာဂျစ်” တစ်ယောက်ထဲကို သက်သက် ဦးတည်ရည်ရွယ်တာ မဟုတ်တော့ဘူး။
ဒီအချက်က နောင်မှာ လူထုဆန္ဒနဲ့ လူထုဆန္ဒပြပွဲကြီးတွေနဲ့ “ ၂၀၀၈ အခြေခံဥပဒေ” ဖျက်သိမ်းရေး သို့မဟုတ် ပြင်ဆင်ရေး အတွက် လုပ်လာနိုင်တဲ့ခြေလှမ်းမှာ နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်မလာနိုင်အောင် ကြိုတင်ပြီး တားမြစ်လိုက် တာလို့ ယူဆတွေးတောစရာဖြစ်ပါတယ်။ ကြိုတင် ပိတ်ပင်ကန့်သတ်လိုက်တာဖြစ်ပါတယ်။ နှပ်ကြောင်းပေးလိုက်တာဖြစ်ပါတယ်။
(“ဥပဒေနဲ့ညီညွတ်တဲ့ပြည်သူ့ဆန္ဒကိုကာကွယ်ဖို့”ဆိုတဲ့ NCA တစ်နှစ်ပြည့်ပွဲ မှာ“ကာချုပ်” ပြောတဲ့စကားနဲ့ ဆက်စပ်စဉ်းစား ကြည့်စမ်းပါ)
တတိယအချက်ကတော့ “ ခြေလေးချောင်းကိစ္စ”
တကယ်တော့ “သံဃာအင်အား ၅ သိန်းရှိတယ်” ဆိုတာ တမင်ထည့်ပြောပဲ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်အောင်၊ ရောက်အောင်ပြော တာပါပဲ။ ဒီပြောစကားက မြို့တော်ခမ်းမရှေ့ နာဂျစ်ဆန့်ကျင်ရေးပွဲမှာ သံဃာငယ်တစ်ပါး လက်သီးလက်မောင်း တန်းပြောတဲ့ “လိုအပ်ရင် လူဝတ်လည်းပြီး စစ်ထဲလိုက်မယ်/စစ်တိုက်မယ်”ဆိုတာနဲ့ တသဘောထဲဖြစ်ပါတယ်။ ဒါကို အားပေးတဲ့ သဘော ဖြစ်ပါတယ်။ အရိပ်ပြလိုက်တာပဲ။ မင်းတို့ အကောင်မြင်ကြပေတော့ဆိုတဲ့သဘောပါပဲ။ ဒါ့အပြင် “၂၀၀၈ အခြေခံဥပဒေ” အရ အသိအမှတ်ပြုထားတဲ့ အခြား ဘာသာနဲ့ ကိုးကွယ်ယုံကြည်ကြသူနိုင်ငံသားပြည်သူလူထုကို သွယ်ဝိုက်ခြိမ်းခြောက်လိုက်တဲ့သဘောလည်းသက်ရောက်နေပါတယ်။
ကြွက်မနိုင်လို့ ကျီးမီးရှို့တယ်ဆိုတာ မိုက်မဲသူတွေရဲ့ ဖြေရှင်းနည်းပါ။ ညစ်ပေလို့ ကြွက်ပေါတာပဲ။ အညှီရှိလို့ ယင်အုံတာပဲ။ ဒီတော့ ကိုယ့်ပြည်တွင်းပြဿနာကို မှန်ကန်ပြီးတည်ကြည်ဖြောင့်မတ်တဲ့သဘောထားနဲ့ဖြေရှင်းဖို့ပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ အန္တရာယ် တွေကိုဖိတ်ခေါ်နေတာနဲ့အတူတူပါပဲ။ ဒီအန္တရာယ်တွေကို လက်ယပ်ခေါ်နေတာကလည်း တကယ်တော့ စစ် တပ်အုပ်စိုးမှုကို ပင့်ဖိတ်ခေါ် ယူတာသာဖြစ်ပါတယ်။ ဖွတ်သား စားချင် တဲ့ဘုန်းကြီးရဲ့ ဝိနည်းလွတ်ပြောနည်းမျိုးပါပဲ။
တကယ်တော့ တိုင်းပြည်မှာလိုအပ်နေတာ ညီညွတ်ငြိမ်းချမ်းဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ။ ဖြစ်နေတဲ့စစ်တွေကို ရပ်စဲဖို့၊ တန်းတူ ညှိနှိုင်း ဆွေးနွေးပြီး ဖြစ်နေတဲ့ ပြည်တွင်းစစ်၊ ပျက်ပြားခဲ့တဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးကို ပြန်လည်တည်ဆောက်ဖို့ ဟောပြော တရားပြသင့်တာပါ။ စစ်အုပ်စုကို ဆုံးမတရားပြသင့်တာပါ။ ဒါကိုလျစ်လျူရှုပြီး ပြည်ပကို သွားဆဲနေတာ၊ သွားမဲ နေတာဟာ ကျောက်ခဲမပြီး ကိုယ့်ခြေမပေါ်ပြန်ပစ်ချတာပါပဲ။
အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ မြွေပူရာ ကင်းမှောင့်ပြီး ဆူးတွေ၊ ခလုပ်တွေ၊ ညှောင့်တွေက နေရာမျိုးစုံ၊ ဒေါင့် ပေါင်းစုံ၊ အထက်လမ်းအောက်လမ်းစုံလှပါကလား။ အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းဟာ စစ်အုပ်စုက စိတ်ကြိုက်ခင်း ထားတဲ့ လမ်းဖြစ်ပါတယ်။
ဆက်ရေးပါအုံးမယ်။