နောင်ကျော် ● မညီညာ မပြေပြစ်သော ငြိမ်းချမ်းရေး တောင်တက်လမ်း
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၆
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၆
ဗမာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးရပြီးနောက် (၃) လကျော်ကြာတော့ ၁၉၄၈၊ မတ်လ (၂၈) ရက်မှာ ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွားတယ်လို့ သမိုင်းမှတ်တမ်းအနေနဲ့တွေ့ရတယ်။ စစ်ဖြစ်ခဲ့ရတဲ့အကြောင်းကို ပြန်ရှာကြည့်တဲ့အခါမှာ အာဏာ ရဖဆပလအစိုးရက ဗမာကွန်မြူနစ်ပါတီခေါင်းဆောင်တွေကို ပြည်ထဲရေးဝန်ကြီးဦး ကျော်ငြိမ်းအမိန့်နဲ့ တနိုင်ငံလုံးမှာ လိုက်ဖမ်းခဲ့တာကြောင့် အဖမ်းမခံရဘဲ လွတ်သွားခဲ့တဲ့ခေါင်းဆောင်တွေက ရရာလက်နက်ကိုင်စွဲပြီး ပြန်လည်ခုခံတိုက်ခိုက်ရာ ကနေ ပြည်တွင်းစစ်ဖြစ်ခဲ့ရတယ်ဆိုတာ တွေ့ရတယ်။ ဒီအတွက် အကိုးအကားအနေနဲ့ ရည်ညွှန်းချုပ်တဲ့စာအုပ်တွေကတော့ သခင်တင်မြရဲ့ဘုံဘ၀မှာဖြင့် ထပ်ကြပ်မကွာ၊ သိန်းဖေမြင့်ရဲ့ကျော်ငြိမ်း၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့နဲ့ ဗိုလ်မှူးချစ်ကောင်းရဲ့ အနှစ်နှစ်ဆယ်ဆိုတဲ့စာအုပ်တွေပဲ ဖြစ်ပါတယ်။ အာဏာရဖဆပလအစိုးရက ဒီမိုက ရေစီအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာဆန္ဒပြခွင့်၊ လွတ်လပ်စွာပုံနှိပ် ထုတ်ဝေခွင့်…အစရှိ တဲ့အခွင့်အရေးတွေကို သည်းမခံနိုင်ဘဲ၊ ခွင့်မပြုနိုင်ဘဲ ဒီမိုကရေစီကိုချိုးဖောက်ပြီး အတိုက်အခံဖြစ်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (လွှတ်တော်ထဲမှာလည်း ရွေးကောက်ခံအမတ်တွေရှိတယ်) ကို တောထဲမောင်းချခဲ့ရာကနေ ပြည် တွင်းစစ်ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းစစ်ကို လွတ်လပ်ရေးရဲ့ဖွားဖက်တော်လို့ ပြောကြတာဖြစ်ပါတယ်။
ဒါက အာဏာရအစိုးရကစပြီး ဒီမိုကရေစီကို ရိုက်ချိုးခဲ့လို့၊ ချိုးဖောက်ခဲ့လို့ ပြည်တွင်းစစ်ဖြစ်ခဲ့ရတာလို့ ပြောရမှာပါ။ အခုတော့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ (၆၉) နှစ်ပြည့်ခါနီးပါပြီ။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မှတ်တမ်းဝင်ခဲ့ပါပြီ။ ဒီလို ဘိုးသက်ရှည်ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေး ခုထိမရနိုင်သေးတာနဲ့ ဆက်စပ်လို့ သုံးသပ်ကြည့်ချင်ပါတယ်။
ဘာကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရတာလဲ။
ဘာကြောင့် ငြိမ်းချမ်းရေး မရခဲ့တာလဲ။
လတ်တလောအခြေအနေမှာလည်း ငြိမ်းချမ်းရေးရနိုင်ခြေရှိလား။ ငြိမ်းချမ်းရေးရဲ့အဆုံးအဖြတ်က ဘယ်သူ့လက်ထဲမှာလဲ။
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လာလို့ ၂၀၁၆၊ အောက်တိုဘာလထုတ် 'ယနေ့ခေတ်'မဂ္ဂဇင်းမှာ ကျွန်တော်ရေးခဲ့တဲ့ဆောင်းပါး ထဲက သဘောထားတခုကို ထုတ်နုတ်ပြပါရစေ။
'ဘက် (၃)ဖက်ရှိနေတဲ့နေရာမှာ အဓိကအဆုံးအဖြတ်ကို ပေးမယ့်သူဟာလည်း စစ်တပ် (တပ်မတော်) ပဲဖြစ်နေတာလည်း ထူးခြားတဲ့အခြေအနေလို့ ပြောရမယ်ထင်ပါတယ်။ သူပုန်နဲ့အစိုးရက ငြိမ်းချမ်းရေးကို (သေလောက်အောင်)ရချင်ယူချင်နေပါ စေဦးတော့၊ စစ်တပ်က 'ဟင့်အင်း'ဆိုပြီး အငြင်းသံလေးထွက်လာရင် 'ဘိုးဘိုးအောင်'လည်း ၀င်ကယ်လို့မရပါဘူး။ အစိုးရ ကို ဘာတော့မလုပ်နဲ့၊ ဒါပဲလုပ်ပါလို့ စစ်တပ်ကပြောရင် 'စစ်တပ်က အစိုးရရဲ့ညွှန်ကြားချက်အတိုင်း လုပ်ရမယ်၊ သြဇာမပေးနဲ့'လို့ ပြောရဲတဲ့၊ ပြောလို့ရတဲ့အခြေအနေမဟုတ်ပါဘူး။ လက်ရှိမောင်းနှင်နေတဲ့ ယန္တရားကြီးဟာ ၂၀၀၈ ခြေဥက လက်ညှိုး ထိုးထားတဲ့အတိုင်း လည်ပတ်နေရတာ။ အဲဒီယန္တရားကြီးရဲ့ခလုတ်ကို ကိုင်ထားတာက စစ်တပ်မဟုတ်လား'
ဒါကြောင့် လက်ရှိငြိမ်းချမ်းရေးက ဘယ်သူ့လက်ထဲမှာရှိနေသလဲဆိုရင် စစ်တပ် (တပ်မတော်) လက်ထဲမှာပဲ အဓိကရှိနေတယ်လို့ပြောရမှာဖြစ်ပါတယ်။ စစ်တပ်လက်ခုပ်ထဲက ငြိမ်းချမ်းရေးလို့ တင်စားချင်ရင်လည်း ရပါသေးတယ်။ အခုလက်ရှိအစိုးရ လက်ထဲမှာတော့ ငြိမ်းချမ်းရေးချိုးဖြူငှက်မရှိတာက သေချာပါတယ်။
ပြည်တွင်းစစ် အနှစ် (၇၀) နီးပါးမှာ စစ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေးရဖို့ ကြိုးစားခဲ့ကြပေမယ့် အခုအထိငြိမ်းချမ်း ရေးမရခဲ့ရတာ ဘာကြောင့်လဲဆိုတာကို စဉ်းစားတဲ့အခါမှာ ပြည်တွင်းစစ်ဘာကြောင့်ဖြစ်ရသလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါ တယ်။ ရောဂါသိမှ ဆေးရှိမှာလို့ ဆိုတတ်ကြသလို ရောဂါသိပေမယ့် ဆေးမရှိသေးတာတွေ၊ ဆေးရှိပေမယ့် အဲဒီဆေးကို ရောဂါကုဖို့ ထုတ်မသုံးတာတွေလည်း ရှိတတ်ကြတာကို သိထားမိကြမယ်ထင်ပါတယ်။
(၁) ပြည်တွင်းစစ် စဖြစ်ခဲ့ရတာဟာ အာဏာရအစိုးရက လွတ်လပ်စွာရေးသားပြောဆိုခွင့်၊ စုရုံးခွင့်၊ ဆန္ဒပြခွင့်အပါအ၀င် ဒီမိုကရေစီအခွင့်အရေးကိုမပေးဘဲ ချိုးဖောက်ဆန့်ကျင်ရုံတင်မကဘဲ အတိုက်အခံပါတီကို ဖမ်းဆီးခဲ့တာကြောင့် (တောထဲ မောင်းချခဲ့တာကြောင့်) ပြည်တွင်းစစ် စဖြစ်ခဲ့တာပါ။ ပြည်တွင်းစစ်ကျယ်ပြန့်လာရတာကတော့ ပင်လုံစာချုပ်မှာပါတဲ့ ကတိက၀တ်တွေကို အကောင်အထည်မဖော်ပေးဘဲ ငြင်းပယ်ချောင်ထိုးထားခဲ့လို့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လက်နက် ကိုင်တော်လှန်ရေးတွေဖြစ်လာတာကနေ စစ်မီးဧရိယာ ကျယ်ပြန့်ခဲ့တာဖြစ်ပါတယ်။ အာဏာရအစိုးရအဆက်ဆက်ဟာ ဒီမို ကရေစီကို ကာကွယ်မြှင့်တင်တာမျိုးမလုပ်ခဲ့တဲ့ ချိုးဖောက်ဖျက်ဆီးခဲ့မှုရဲ့ ဆိုးကျိုးဆက်လို့ပြောရမှာပဲဖြစ်ပါတယ်။
(၂) ပြည်တွင်းစစ်ဟာ အစိုးရကြောင့်ဖြစ်ရတယ်ဆိုတာကို အဓိကအနေနဲ့တွေ့ရပါတယ်။ (သမိုင်းအမှန်ကို ပြန်လေ့လာ ဖို့လည်း အကြံပြုချင်ပါတယ်။)
(၃) ပြည်တွင်းစစ်ရပ်စဲရေးကို သူပုန်တွေဘက်က တရားမျှတမှုရှိရှိ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းချင် ကြပေမယ့် အစိုးရတွေ အဆက်ဆက်က လက်နက်ချအညံ့ခံစေချင်ခဲ့တာကို တွေ့ရပါတယ်။
(၄) ပြည်သူလူထုကြီးအများစုက လိုလားတဲ့ငြိမ်းချမ်းရေးဆန္ဒကို အစိုးရအဆက်ဆက်က ဂရုမစိုက်ဘဲ စစ်ဆက်တိုက်ရေး လမ်းပေါ်မှာ ဆက်ရှိနေခဲ့တာကြောင့် လူထုဆန့်ကျင်ရေးသဘောထားရှိတဲ့ အစိုးရတွေလို့ (ရှေ့ပိုင်းအစိုးရတွေကို) သတ် မှတ်ရမှာဖြစ်ပါတယ်။
(၅) အစိုးရအဆက်ဆက်ဟာ နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းအရ မဖြေရှင်း ဘဲ စစ်ရေးနည်းလမ်း အရ ဖြေရှင်းရင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးကို သောင်းကျန်းသူတွေအဖြစ် မြင်လာအောင် လူထုကိုလိမ် ညာဝါဒ ဖြန့်မှိုင်းတိုက်ခဲ့တာလည်း တွေ့ရပါတယ်။
(၆) စစ်ပွဲဆက်ရှိနေရင် အာဏာချုပ်ကိုင်နိုင်မှု ပိုမြဲမြံတာကြောင့်ရယ်၊ စစ်ပွဲကြောင့် စီးပွားဖြစ်လာတာ ကြောင့်ရယ်၊ အာဏာနဲ့ စီးပွားရဲ့ အကျိုးဆက်ကနေ ယန္တရားပိုမိုခိုင်မာလာတာကြောင့်ရယ်တွေပေါ်မှာအခြေခံပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းရေးထက် စစ်မီးဆက်လက် တောက်လောင်နေရေးကို အစိုးရတွေက အာရုံစိုက်ခဲ့ကြတာ တွေ့ရပါတယ်။
(၇) ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဟန့်အတားတွေထဲမှာ တခုကတော့ နိုင်ငံရေးအခြေခံပေါ်က စစ်တိုက်ခဲ့ကြတဲ့ သူပုန် တွေအပေါ် နိုင်ငံရေးအရ တန်းတူသဘောမထားဘဲ အထက်စီးကနေ ကြည့်မြင်သဘောထားခဲ့ကြတာကိုပါ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
(၈) အခုလက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ဟာ သမ္မတဦးသိန်းစိန်လက်ထက်က ဆောင်ရွက်ခဲ့မှုရဲ့အဆက်ဖြစ် ပါတယ်။ ဒီငြိမ်းချမ်း ရေးဖြစ်စဉ်မှာ အဓိကကျတဲ့အဆုံးအဖြတ်ဟာ အစိုးရနဲ့လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့လက်ထဲမှာမရှိဘဲ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ လက်ထဲမှာပဲရှိနေတာကို ထူခြားတဲ့အခြေအနေ၊ အခင်းအကျင်း တခုအနေနဲ့ တွေ့နေရပါတယ်။
လတ်တလောကာလဟာ ငြိမ်းချမ်းရေးအပေါ် ပြည်သူလူထုရဲ့ အာရုံစိုက်မှုပြန်လည်မြင့်တက်လာတဲ့ ကာလလို့ပြောနိုင်ပါ တယ်။ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်ရဲ့စီးပွားရေးလည်း နာလန်မထူဖြစ်ခဲ့ရ၊ ဒီမိုကရေစီ လည်းကျိုးကြေခဲ့ရ၊ ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်တွေလည်း စစ်စရိတ်ဖြစ်ခဲ့ရ၊ စစ်ကြောင့် စစ်အာဏာရှင် စနစ်လည်း ပိုပြီးခိုင်မာတောင့်တင်းခဲ့ရပါတယ်။ စစ်ကြောင့် ဘ၀ပျက်ခဲ့ရ၊ အနာဂတ်ပျောက်ခဲ့ရတဲ့ တိုင်းသူပြည် သားတွေရဲ့မျက်နှာကိုကြည့်ပြီး တိုင်းပြည်ကောင်း စားတိုးတက်ရေး၊ ပေမီဒေါက်မီတိုင်းပြည်ဖြစ်ရေးဘက်ကို မျက်နှာမူကြဖို့ လိုအပ်သထက် လိုအပ်လာပါပြီ။
ဒီအခြေအနေကောင်းကို ရရှိပိုင်ဆိုင်ဖို့ဆိုရင် တိုင်းပြည်ထဲမှာ စစ်မက်ကင်းပြီး ငြိမ်းချမ်းရေးရတဲ့ အခြေအနေရှိနေဖို့ လိုအပ်ပါတယ်။ လက်ရှိနိုင်ငံရေးဖြစ်စဉ်ထဲမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးပါ ၀င်လာတဲ့အခြေအနေရှိ လာအောင်၊ အားလုံးရဲ့ငြိမ်းချမ်းချင်တဲ့ဆန္ဒတွေကို တန်းတူအဆင့်အတန်းနဲ့ ဆွေးနွေးညှိနှိုင်းပြီး အကောင်းဆုံး၊ အပြေလည် ဆုံးအခြေအနေရလာအောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
ဒီအတွက် လတ်တလော ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ တာဝန်ရှိနေကြသူတွေနဲ့ အဓိကတာဝန်ရှိနေသူတွေ က တိုင်းပြည်မျက်နှာ၊ ပြည်သူလူထုမျက်နှာ၊ တိုင်းပြည်နဲ့လူထုတရပ်လုံးရဲ့ အနာဂတ်ကံကြမ္မာ အရေးကိုလေး လေးနက်နက်တွေးပြီး ငြိမ်းချမ်းရေးတိုင်းပြည်ဖြစ်အောင် အားထုတ်ကြပါလို့ တိုက်တွန်းချင်ပါသေးတယ်။
ပြည်တွင်းစစ်အစဟာ အဲဒီတုန်းက (၁၉၄၈ တုန်းက) အာဏာရဖဆပလအစိုးရကြောင့်လို့ ပြောခဲ့ပါတယ်။ အတိုက် အခံပါတီကို တောထဲမောင်းချပြီး လက်နက်ကိုင်ခုခံသူတွေကို စစ်တပ်အားကိုးနဲ့ အမြစ်ပြုတ်အောင်တိုက်ရင်းနဲ့ စစ်ပွဲဟာ ရှည်ကြာလာတယ်။ အဲဒီအခါမှာ အရပ်သားအစိုးရဟာ ပြည်တွင်းစစ်ကို ဆက်တိုက်နိုင်ဖို့အတွက် စစ်တပ်ကိုမှီခိုလာရတယ်။ အစပိုင်းမှာတော့ စစ်တပ်ခေါင်းဆောင်တွေဟာ အာဏာရအစိုးရရဲ့ခါးပိုက်ထောင်ထဲကဘ၀မှာ ရှိခဲ့ပေမယ့် ပြည်တွင်းစစ် ရှည်ကြာလာတော့ စစ်တပ်ခေါင်းဆောင်တွေက နိုင်ငံ ရေးအာဏာကိစ္စထဲကို ၀င်ပါလာကြတယ်။ အဲဒါကနေ နောက်ဆုံးတော့ တိုင်းပြည်အာဏာကိုသိမ်းပြီး စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့ကြတာကိုပါတွေ့ရတယ်။ ဒါကြောင့်မို့ ရေရှည်ပြည်တွင်း စစ်ဟာ စစ်အာဏာရှင်စနစ်ကိုပါ သန္ဓေတည်မွေးဖွားရှင်သန်စေခဲ့တာကို သတိပြုမိတယ်။ ပြည်တွင်းစစ်ဟာ ဒီမိုကရေစီမျိုး စေ့ကို အပင်ရှင်သန်ခွင့်မပေးဘူးဆိုတာမြင်ရတယ်။ ပြည်တွင်းစစ်ကြောင့်ပဲ တိုင်းရင်းသားသွေးစည်း ညီညွတ်ရေးဟာ ပြိုကွဲ ပြီး ရင်းပြိုကွဲရင်းကနေ တဆင့်ထပ်မြင့်ပြီး အမုန်းတွေ၊ အငြိုးတွေကိုပါ ထပ်ဖြစ်စေခဲ့တယ်။ ပြည်တွင်းစစ်ကို ဖန်တီးခဲ့သူတွေ ကိုယ်တိုင်ပဲ စစ်အာဏာရှင်စနစ်ရဲ့ ၀ါးမျိုမှုကိုခံခဲ့ရတာကိုပါ တွေ့ရတယ်။
ဒါကြောင့် စစ်ပွဲမရှိတော့တဲ့၊ ငြိမ်းချမ်းရေးတကယ်ရလာခဲ့ အခြေအနေရောက်လာရင် စစ်ပွဲအပေါ်မှာ အမှီပြုပြီးဖြစ်လာတဲ့ စစ်အာဏာရှင်စနစ်ကိုပါ ချုပ်ငြိမ်းအောင် ဖန်တီးနိုင်စွမ်းရှိပါလိမ့်မယ်။
ငြိမ်းချမ်းရေးတိုင်းပြည်ဖြစ်လာဖို့ဆိုရင် ပြည်သူလူထုတွေ ကိုယ်တိုင်ကလည်း စစ်ဆန့်ကျင်ရေး၊ စစ်ပွဲတွေရပ်တန့်စေရေးနဲ့ ငြိမ်းချမ်းရေးအတွက် မိမိတို့အသံတွေ၊ ခံစားမှုတွေ၊ သဘောထားအမြင်တွေကို ဖော်ထုတ်ဖွင့်ထုတ်ပြသဖို့ လိုအပ်နေကြောင်း ကိုပါ တွေးမိပါတယ်ခင်ဗျာ။
နောင်ကျော်