မောင်ဥက္ကလာ ● ဒုက္ခပေးတဲ့ ခွေးများနဲ့ အိပ်မရအရေး
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၆
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၆
နှင်းတွေဝေတဲ့ အနောက်နိုင်ငံက ပြန်ရောက်လာခဲ့တဲ့ မိုးမခဝိုင်းတော်သားတယောက်က မင်းတို့ ညစ်ပတ်ပေတူး၊ ဆူညံပြွတ်သိပ်နေတဲ့ ရန်ကုန်ဆောင်းကလဲ ဒီနေ့အထိ မအေးချမ်းပါလားလို့ ပြောတယ်။ ဒါကို ကျုပ်က ဆူလွယ်နပ်လွယ်နဲ့ ဆရာကြီးဦးထွန်းလွင် ဟောကိန်းအရတော့ လာနီညာ (La Niña) ကြောင့် ရာသီဥတုဖောက်ပြန် ဒီဆောင်းရာသီ အလွန်အေးမယ်လို့ ပြန်ပြောမိတယ်။ အဲ့ဂလို ကြက်ဥအရောင် တိမ်တောင်သဖွယ် … ဥတုရာသီဆိုတာ အာဏာရတဲ့အခါ မထင်ရင်မထင်သလို ဖောက်ပြန်တတ်တဲ့ လူတွေလို၊ ခန့်မှန်းရခက်တယ် မဟုတ်လား။
ကဲ ထားတော့ … ကျုပ်ပြောချင်တာက အစိုးမရ ဖောက်ပြန်နေတဲ့ ပူစပ်စပ် ဥတုရာသီ နဲ့ နိုင်ငံရေး မဟုတ်။ Weather မကောင်းရင် အပေါ်တက်ပြီး ပြင်လဲလို့မှ မရတာ- ဒါပေမဲ့ မှတ်မိသေးတယ် ဟိုးရှေးရှေးတုန်းကတော့ ဥာဏ်ကြီးရှင် ဗိုလ်ချုပ်တယောက်က weather မကောင်းရင် အသစ်လဲဖို့ ပြောဖူးတယ်။ အဲ့ဂလို ခေတ်အဆက်ဆက် ကျုပ်တို့ ခေါင်းဆောင်တွေက သမိုင်းဝင်စကားတွေ ပြောတတ်ကြတယ် … အဲ နိုင်ငံရေးတွေ ပါကုန်ပြီ။
ကဲ ပြောမယ် … ကျုပ်ပြဿနာက ဒီရက်အတွင်း … အိပ်ရာထဲ လှဲနေလည်း မအိပ်နိုင်ဘဲ … ပိုပိုဟေသာရဲ့  သီချင်းကို ဟစ်ကြွေးရမလို့ တကြော့ပြန် သောင်းကျန်းလာတဲ့ ခွေးတွေကြောင့် မအိပ်နိုင် မစားနိုင် ခပ်ကြောင်ကြောင် ဖြစ်နေရတဲ့အကြောင်းပါ။ သိကြတဲ့အတိုင်း … ကျုပ်တို့ ရွှေပြည်ကြီးမှာ ရပ်ရွာလုံခြုံရေးအတွက် ဘာမှမစွမ်းဘဲ၊ သူတို့ ကိုယ်ကျိုးအရေးကိစ္စ ဆူပူသောင်းကျန်းနေတဲ့ ခွေးလေခွေးလွင့် ခွေးဂျပိုးတွေ ပေါများချက်က အံ့ဘနန်း။
စာဖတ်သူတွေက ဒါများ ရေးကြီးခွင်ကျယ် အဆန်းလုပ် ပြောစရာလား - ကျုပ်တို့ ရွှေပြည်ကြီးမှာ ခွေးတွေအပြင် ခြင်၊ ယင်၊ ပိုးဟပ်၊ ကြွက်တွေ၊ ထစ်ကနဲဆို လက်သီးလက်မောင်းတန်း ဆန္ဒထုတ်ဖော်ချင်သူတွေ ပေါများချက်က ရပ်ကျော်ရွာကျော် ကမ္ဘာသိလို့ ပြောမယ်ဆိုတာ ကျုပ် သိတာပေါ့။ ပြီးတော့ (အခြား “အလုပ်လက်မဲ့၊ သက်ငယ်အလုပ်သမား၊ ပညာမဲ့၊ စည်းမဲ့ကမ်းမဲ့တွေ” ပေါများတာလည်း ရှိသေးတယ် မဟုတ်လား။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း သက်ရှင်ရှိနေသေးရင် “ပေါဋီကာ” ဆိုပြီး ရေးမှာ သေချာတယ်။
တကယ်တော့ ဒီလို ခြင်ယင် အဟိတ်သတ္တဝါတွေ ပေါများခြင်းကလဲ အဆန်းမဟုတ် - ရွှေပြည်ကြီးကို နှစ် (၅၀) ကျော် ငြိမ်ဝပ်ပိပြားအောင် စွမ်းဆောင်ခဲ့တဲ့ ကျေးဇူးရှင် စစ်အစိုးရ ဓါးမိုးသေနတ်မိုး အုပ်ချုပ်ခဲ့ချိန်ကနေ ဒီနေ့ (၇၅) ရာခိုင်နှုန်း ပြည်သူ့အစိုးရ၊ အမေ့အစိုးရ အုပ်ချုပ်ခွင့်ရချိန်အထိ ကျုပ်တို့တွေမှာ ထားရာမှာနေ (နေချင်သလိုနေ)၊ စည်းမဲ့ကမ်းမဲ့ အမှိုက်တွေပစ်၊ ကျူးတွေတိုးပွား၊ အိမ်တွေတိုးချဲ့ ဆောက်၊ အညစ်အကြေး စွန့်ပစ်မှုတွေကြောင့် ဖြစ်တယ်ဆိုတာ အားလုံးအသိ။ အဲ့ဂလိုပဲ နှစ်ဆတိုးပွား ပိုသောင်းကျန်းလာတဲ့ ခွေးလေခွေးလွင့်တွေ ပေါများခြင်းကလည်း တိုင်းပြည်အရေး ဘာဆိုဘာမှ မစွမ်းဆောင်ခဲ့တဲ့ စစ်အစိုးရ (လက်ရှိ အစိုးရကလဲ ငါးပွက်ရာ ငါးစားချ လုပ်နေသလို) နဲ့ နိုင်ငံသားကောင်း မပီသသေးတဲ့ ကျုပ်တို့လူတွေကြောင့်လို့ ပြောကြပြန်တယ်။ ဟုတ်မဟုတ် ရင်ထဲပေါ့သွားအောင် ဆက်ပြောကြည့်တာပေါ့။
အဲ့ဂလို တညလုံး ဘယ်လူမှ လူမထင် ဆူပူသောင်းကျန်းကြတဲ့ ခွေးတွေကို ကျုပ်တို့ ရွှေပြည်သားတွေက အရေးလုပ် ဟန့်တားကြတာ မရှိကြဘူးနော် - စည်ပင်ရဲ့  “a quick solution” လူမဆန် အဆိပ်ကျွေး ဖြေရှင်းချက်ကိုတော့ မပြောလိုပါ။ အိပ်မရတဲ့ ခပ်ညစ်ညစ် ကျုပ်ကတော့ ခွေးဟောင်တိုင်း ထမကြည့်နဲ့ ဆိုပေမယ့် အိမ်နားတဝိုက်မှာ အသံမျိုးစုံနဲ့ အူဟောင် ကိုက်နေတာကို သည်းမခံနိုင်တော့၊ မကြာခဏထပြီး ခဲနဲ့ပစ် ခြောက်လန့်တတ်တယ်။ တည့်တည့်ပြောရင်တော့ ခွေးနဲ့ဖက် ရန်ဖြစ်တယ်။ ကျုပ်လုပ်ရပ်ကို စာဖတ်သူတွေက တယ်မိုက်တဲ့လူလို့ ပြောချင်လဲပြောပေါ့။ မှန်ရာကိုသစ္စာဆို ပြောရရင် ကျုပ်ကတော့ အသိဥာဏ်မဲ့ ပြောမရဆိုမရ၊ လူစကားနားမလည်၊ ကျွေးတဲ့လက်ကို ပြန်ကိုက်၊ သောင်းကျန်းလွန်တဲ့ ခွေးတွေနဲ့ ရန်ဖြစ်ခဲ့တာ အတော်ကြာခဲ့ပေါ့။
ဒီမှာ ခွေးပြဿနာ ခဏထားပြီး၊ အိပ်မရ ဂယောင်ခြောက်ခြား ဖြစ်ရတဲ့ နောက်အကြောင်းတခုက ခြင်ထောင်အပြင်ကနေ ရန်ထောင်ကြိမ်းဝါးနေတဲ့ ရွှေပြည်ရဲ့  အဓိက မွေးမြူးရေး ထုတ်ကုန်တခုဖြစ်တဲ့ ခြင်တွေကိုကြည့်ပြီးတော့လဲ - ကျုပ်တို့ အဆင့်မြင့် (ရွှေပြည်မှာ အများဆုံး မြင်တွေ့ရတဲ့ အသုံးအနှုန်း … အဆင့်မြင့်ဈေး၊ အဆင့်မြင့်ကျောင်း၊ အဆင့်မြင့်ဆေးရုံ၊ အဆင့်မြင့်တည်ခိုခန်း etc)။ ရွှေဗမာတွေ ခြင်ပေါ (ခြင်ကိုက်)၊ ယင်ပေါတာလဲ ဂရုမစိုက်၊ အလေးမထား နေနိုင်ကြတယ်။ သွားကြည့်လေ - အလွန်ဆင်းရဲလှတဲ့ ကျူး နဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာရှိတဲ့ ခြင်ကြီးတွေက အစွယ်တဖွေးဖွေးနဲ့ ကြောက်စရာလန့်စရာ (ဥပဒေအထက်က လူလည်ချမ်းသာ ဗိုလ်မင်းတွေနေတဲ့ ရပ်ရွာတွေမှာတော့ ရှိမယ်မထင်)။ နိုင်ငံခြားသားခရီးသည်တွေများ အဲဒီလိုနေရာမျိုး ရောက်သွားခဲ့ရင် ချက်ချင်းပြန်ပြေးမှာ သေချာတယ်။
အဲ့ဂလောက် ပေါများလှတဲ့ ရောဂါပေါင်းစုံ ပေးစွမ်းမယ့် ခြင်းအန္တရာယ် ပြဿနာကို ကျုပ်တို့ ရွှေပြည်သားတွေ ဖြေရှင်းပုံကလည်း အလွန်ရှင်း - ခြင်းကိုက်ရင် ခြင်ဆေးခွေထွန်းလိုက်၊ ခြင်ဆေးဖြန်းလိုက်၊ မဟာဥာဏ်ကြီးရှင် တရုတ် တီထွင်ပေးတဲ့ လျှပ်စစ်ခြင်ရိုက်ဘတ်တန်နဲ့ နှိမ်နင်းပေါ့။ ဥာဏ်မီသလောက် တွက်ကြည့်တော့ … မြန်မာ့ထိပ်တန်း ပြည်ပသွင်းကုန်ထဲမှာ အများဆုံး နဲ့ အရောင်းရဆုံး ကုန်ပစ္စည်းက ခြင်ဆေး ဖြစ်နိုင်တယ်။ ဒါနဲ့ဆက်စပ်ပြီး ကမ္ဘာပေါ်မှာ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှု အမြင့်ဆုံး ရောက်ရှိနေတဲ့ ရွှေပြည်ကြီးမှာ ခြင်ဆေး၊ ခြင်ဆေးခွေကထွက်တဲ့ အငွေ့တွေကြောင့် အိမ်တွင်းလေထု အဆိပ်ဖြစ်နေမှုကလည်း ကြောက်စရာလန့်စရာ။ ဒီလိုနဲ့ ကျုပ်တို့ ရွှေဗမာမျိုးဆက် (ကလေး) တွေ ခြင်ကိုက်၊ ယင်နားစာစား၊ အဆိပ်ငွေ့တွေရှုပြီး နိုင်ငံတကာ အဆင့်မီလူတွေ ဖြစ်လာခဲ့တာ ဒီနေ့ ရွှေဗမာကလေးတွေရဲ့  အရွယ်အစားကိုကြည့် သိနိုင်တယ်။
အဲ့ဂလို အခြေခံ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ခြင်ယင်တွေ ကွယ်ပျောက်ရေးအတွက် ကိုယ့်ပတ်ဝန်းကျင် ရပ်ရွာအတွက် (နောင်ဘဝ ကောင်းစား၊ နတ်ပြည်ရောက်ရေး အကျိုးမျှော်ကိုးပြီးလုပ်ကြတဲ့ ဘုန်းကြီး ဘုရား အလှူခံရေးကလွဲလို့) ဘာမှ ထူးထူးထွေထွေ မလုပ်ချင်၊ မလုပ်တတ်ကြတဲ့ ကျုပ်တို့ပြည်သူအများစုက မေမေနိုင်မှ ဖြစ်မယ်ဆိုပြီး မြှောက်တင်လိုက်တော့၊ ယုံကြည်ချက်အပြည့်နဲ့ ငါပြော အကုန်ဖြစ်စေ မေမေကလည်း သူ့ ဝရိဇိန် (Thunderbolt or Magic Wand) လက်နက်နဲ့ ပြဿနာသောင်းခြောက်ထောင်ကို အကုန်သိမ်းကျူံးဖြေရှင်းမယ်။ အလွန်သန့်ရှင်း၊ ကြီးပွားတိုးတက် ချမ်းသာနေတဲ့ စင်္ကာပူနိုင်ငံကြီးကို ရွှေပြည်က နောင်အနှစ် (၂၀) မှာ ကျော်တက်နိုင်မယ်လို့ “လွတ်လပ်တယ်ဆိုပြီး လူတကာသွားတဲ့ လမ်းပေါ် ဆေးလှန်းကြ၊ လမ်းဘေးသေးပေါက်၊ ကွမ်းတတွေးတဗြစ်ဗြစ်ထွေးတဲ့” ကျုပ်တို့ကို ယုံစားပြီး ပြောလိုက်တာ ကြက်သီးဘဲသီးထ အိပ်မပျော်ဖြစ်ရပြန်တယ်။
စာဖတ်သူတွေ သိနေတာကို ထပ်ပြောရရင် … လွတ်လပ်ချိန်ကနေ ဒီနေ့အထိ ပဋိပက္ခကင်းအေး၊ ရွှေပြည်ထက် များစွာသေးငယ်တဲ့ စင်္ကာပူနိုင်ငံရဲ့  GDP က ဒေါ်လာ ငါးသောင်းကျော်ရှိပြီး၊ စစ်မီးလျှုံတဟုန်ဟုန် သပွက်အူ လေနဲ့ဝမ်းမကွဲတဲ့ (ဒီမိုကရက်တစ် အာဏာရှင်ကြီး ဆိုစကား) ရွှေပြည်တော်ရဲ့  GDP ကတော့ တစ်ထောင်ကျော်သာ ရှိနေသေးတယ်။ ထားပါတော့ အဲ့ဂလို အားလုံးအထက်မှာရှိနေတဲ့ မေမေရဲ့  ရဲရင့်ပြတ်သား ဆိုစကားကို ယုံစားအားကိုးကြတဲ့ မောင်းချင်သလိုမောင်း၊ ရောင်းချင်တဲ့နေရာမှာ ရောင်းပြီး ကမ္ဘာမြေကြီးကို (ကွမ်း) ဆေးရောင်ခြယ်နေသူတွေက မရှက်မရွံ ပြောကြသေးတယ် - “စောင့်ကြည့်ကြ။ အမေ့ဘုန်းတန်ခိုးနဲ့ ဟုပ်ခနဲ အကုန်ဖြစ်စေမယ်လို့။” ကျုပ်ကတော့ ‘ဆုတောင်းပြည့်ဘုရား’ ပေါများလှတဲ့ ရွှေပြည်ကြီးမှာ လှည့်လည်ဆုတောင်းကြရင် ကောင်းမယ်လို့ တွေးမိတယ်။
ထိန်းမနိုင်ရှင်းမနိုင် ခွေးတွေအကြောင်း ပြန်ဆက်ပြောရရင် … သခင်တွေ စွန့်ပစ်လို့ လမ်းပေါ်ရောက်သွားတဲ့ ခွေးလေခွေးလွင့်တွေ နဲ့ အိမ်ခြံဝင်းထဲနေ ပိုင်ရှင်ရှိတဲ့ခွေးတွေလည်း တနေ့တခြား ပိုများလာတယ်။ ကျုပ် နေထိုင်တဲ့ ရပ်ကွက်ထဲမှာတော့ ခြံဝင်းနဲ့နေခွင့်ရတဲ့ ခွေးတွေက “ခွေးရူးကောင်းစား တမွန်းတည့်” ဆိုသလို ဘယ်လိုနည်းနဲ့ တချိန်တခါက ပလပ်မြေ၊ ပြည်သူပိုင်မြေ၊ ကစားကွင်းတွေပေါ်မှာ အလွန်ကြီးမားတဲ့ အိမ်ကြီးတွေဆောက် ဘယ်လို ပိုင်ဆိုင်ကြလဲ မသိ။ သိသာတာကတော့ နောက်ကြောမလုံလို့ဖြစ်မယ် သူတို့ခြံကြီးတွေကို ခြံစည်းရိုးအမြင့်ကြီးနဲ့ သံဆူးကြိုးအထပ်ထပ် ကာရံပြီး နေကြတယ်။
အဲဒီမှာ သတိထားမိတာက ထိုထို သကောင့်သား သခင်တွေက နေ့ခင်းပိုင်းမှာ ထမင်းကျန်ဟင်းကျန် အရိုးအရင်းကျွေးပြီး ခွေးတွေကို အိမ်စောင့်ခြံစောင့်အဖြစ် ခြံဝင်းထဲ သော့ခတ်ထားခဲ့ကြပြီး၊ ညရောက်တဲ့အခါ ခြံပြင်ထုတ်၊ သွားချင်ရာ သွားစေကာ လွတ်လပ်စွာ သောင်းကျန်းစေတယ်။ အဲဒီ သခင်အလိုကျ ခွေးတွေက သူတို့ သခင်အိမ်တွေနားမှာ မဆူပူဘဲ (ဆူပူလဲ အသံလုံတိုက်အိမ်တွေဖြစ်လို့ သခင်ဆိုသူတွေ ကြားမှာမဟုတ်။) တလမ်းဝင် တလမ်းထွက် လှည့်လည်ဗိုလ်ကျ သောင်းကျန်းကြတယ်။ အဲဒီ ခြံတွေထဲက ထွက်လာတဲ့ ခွေးတွေက လမ်းပေါ်အိပ်၊ အားကိုးမဲ့၊ အစာရေစာမဝတဲ့ ခွေးတွေထက် အကောင်ကြီး၊ အားအင်ကြီးကြတယ်။ ပြောရရင် သူတို့ အပြုအမှုက ဥပဒေအထက်မှာ (သူတို့) ဆရာသခင်တွေ ရှိတယ်ဆိုပြီး ဗိုလ်အောင်ဒင်နဲ့အပြိုင် ဆူပူ၊ အပြတ်ကြမ်းရမ်းကြတယ်။
အဲ့ဂလို တညလုံး လမ်းပေါ်မှာ ခွေးတွေ အူကိုက်၊ ခြင်ထောင်တဝိုက် ခါမီခါဇိ (Kamikaze) ခြင်တပ် တဝီဝီဝဲပျံနေတာကို မူးနောက်နောက် ခံစားရင် - အချိန်က အာရုံမိုးသောက်တော့မှာမို့၊ မကြာခင် အိမ်နဲ့မနီးမဝေး ဘုန်းတော်ကြီးကျောင်းမှ အရပ်ရှစ်မျက်နှာကြားနိုင်တဲ့ အလှုတော်တရား နဲ့ နောက်ဆက်တွဲ ဗိုလ်အောင်ဒင်တို့ မပေါ်ထွက်လာခင် တရေးလောက် ကြိုးစားပြီး အိပ်လိုက်တော့ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့ခ်ျ အိုဝဲလ် (George Orwell) ရေးတဲ့ “Animal Farm” (ဆရာကြီးသခင်ဘသောင်း ဘာသာပြန်ဆိုတဲ့ “ခြေလေးချောင်း တော်လှန်ရေး”) ကို အိပ်မက်မက်ပြီး တိရစ္ဆာန်အားလုံးရဲ့  အရှင်သခင် ရက်စက်ကြမ်းကြုတ်၊ အကျင့်ပျက်ခြစားတဲ့ ခေါင်းဆောင် ဝက်တွေရဲ့  ခြိမ်းခြောက်ဟောပြောသံတွေ၊ ဥပဒေအထက်က သူတို့ကို အာခံ၊ နာမခံသူတွေကို အစွယ်တဖွေးဖွေး ရန်လုပ်နေတဲ့ သစ္စာခံ ခွေးတွေနဲ့ ပက်ပင်တိုးနေလို့ အိပ်မရဘဲ ဒီခပ်ကြောင်ကြောင်စာကို ရေးဖြစ်တယ်။
နောက်ဆုံးတော့ ဂျော့ခ်ျ အိုဝဲလ်ရဲ့  Animal Farm ထဲမှာ ဆိုခဲ့သလို All animals are equal, but some animals are more equal than others ဖြစ်နေပါလား။