ကိုသစ် (သီတဂူ) ● ၂၀၁၆ ဒိုင်ယာရီ
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၆
ပယောဂမှန်လို့ တုံတက်လာတာပဲ
သူခိုးမပြေးသေးလည်း ထိုးကွင်းမထတော့ပါဘူး။
ဟိုအရေး ဒီအရေးနဲ့
၂၀၁၆ ဟာ
အဖြူအမည်းကွဲစ အလှတရားတစ်ခုဖြစ်တယ်။
တစစီဖြုတ်ချခံခဲ့ရတဲ့ အမှောင်ညတွေရဲ့ရှေ့မှာ
မားမားမတ်မတ်ရပ်လို့
ဘယ်သူခြောက်ခြောက် ဘယ်တုန်းကမှ မကြောက်ခဲ့သူတွေပါ
တရားများများထိုင် စာများများဖတ်
ယဿာနုဘာဝတောနဲ့ မိုးမလင်းချင်သေးတဲ့ညတွေမှာ
၂၀၁၆ ဟာ
ဒဏ်ရာဟောင်းနဲ့ အလွမ်းသည်လို့မရတဲ့ ပြဇာတ်တပုဒ်လည်းဖြစ်တယ်။
မှိုင်းဝလို့ လွှတ်တင်ထားတဲ့ မီးပုံးပျံတွေရှိနေသေးရင်
အပြင်ထွက်ခဲ့ကြ
လက်သီးပုန်းထိုးလို့မရတော့တဲ့ ဟောဒီကောင်းကင်ကြီးထဲမှာ
ခေါင်းခေါင်းချင်း ယှဉ်တဲ့အခါ
ရာသီပြောင်းချိန်မှာ ဖြစ်တတ်တဲ့ရောဂါသည်လေးတွေပါ
သူ့ဘက်ကိုယ့်ဘက် လှည့်တွက်ရင်း
၂၀၁၆ ဟာ
ဆန်ရင်းနာနာဖွပ်ခဲ့ရတဲ့ သက္ကရာဇ်တစ်ခုလည်းဖြစ်တယ်။
ရှေ့ကရောက်နှင့်သူတွေက
အနာခံလိုစိတ်မရှိကြမှတော့
ဘ၀တွေက နင်းပြားဟာ နင်းပြားပဲပေါ့
သိတယ်မဟုတ်လား
အများညီတာတောင် ဤကိုကျွဲမဖတ်နိုင်တဲ့အထိ
အရှက်တရားနဲ့ အတ္တမာနကို ဖယ်တွယ်ထားတဲ့အခါ
၂၀၁၆ ဟာ
မျက်နှာဖုံးကွာကွာကျခဲ့ရတဲ့ မျက်လှည့်ပြပွဲတစ်ခုလည်းဖြစ်တယ်။
အိမ်ကြက်ချင်း အိုးမည်းသုတ်လိုက်လို့
တောင်တန်းပေါ်က စာသင်ကျောင်းကလေးတွေမှာ
ခေါင်းလောင်းသံလေးတွေ မကြားရတာကြာလှပေါ့
ပြေးရင်းလွှားရင်း ကြီးပြင်းခဲ့ရတဲ့ဘ၀တွေမှာ
၂၀၁၆ ဟာ
သေနတ်သံတွေနဲ့ဆူညံနေတဲ့ ပစ်ကွင်းတစ်ခုလည်းဖြစ်တယ်။
ငါ့တရား ငါစီရင်တယ်ဆိုတာတောင်
ငါကြိုက်ရုံနဲ့မဖြစ်တော့တဲ့ခေတ်မှာ
လှောင်အိမ်ထဲကထွက်စ ငှက်ဟာ ပျံနိုင်အား ပိုကောင်းခဲ့
တဆင့်ထက်တဆင့် မြင့်ဖို့ပဲတွေး
တနိုင်တပိုင်ပြုပြင်ရေးနဲ့
၂၀၁၆ ဟာ
ပြည်သူတွေကို အသုံးတော်ခံတဲ့ ပဒေသာကပွဲတစ်ခုလည်းဖြစ်တယ်။
ကိုသစ် (သီတဂူ)
၁၂၊ ၁၂၊ ၂၀၁၆