ေ ဆ ာ င်း လူ ● ရိုး မ
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၆
ရိုးမ
အခုချိန်ဆို
ဆောင်းလေအေးနဲ့အတူ ရိုးပြတ်မီးခိုးရနံ့တွေ သင်းအူနေမှာပဲ ...။
ရိုးမ
အခုချိန်ဆို
နင့်နှုတ်ခမ်း တောစပ်လမ်းမှာ ဆိတ်ဖလူးတွေ ပြန့်ကျဲနေမှာပဲ ...။
ရိုးမ
အခုချိန်ဆို
နင့်ရင်နဲ့ ထွေးပွေ့ထားတဲ့ စိမ်းစိုခြင်းတွေကြားမှာ အရာရာဟာ အေးမြနေမှာပဲ ...။
ရိုးမရေ ...
နံနက်စာမှာ ဆီတူးနံ့တွေနဲ့ ရိုးရာစာအတုတွေတည်ခင်းတတ်တဲ့ မြို့ပြကို ငါ မနှစ်မြို့ဘူး ..။
ဒီလိုပဲ ...
နေ့ခင်းစာ
ညစာတွေမှာ တရုတ်လုပ်သံပတ်ခွေတွေ ထည့်ပြုတ်ကျွေးမွေးတတ်တဲ့ မြို့ပြကို ငါ မနှစ်မြို့ဘူး ..။
ရိုးမရေ ...
မြို့ပြရဲ့ တိုက်တာအဆောက်အဦတွေကြား ပျံ့နှံ့ကျဲပြန့်နေတဲ့ ငှက်တွေရဲ့အိပ်တန်းတွေဆိုတာ
နင့်ရင်ခွင်ထဲထုပ်ပိုးထားတဲ့ ရိုးမငှက်အိပ်တန်းတွေလောက် အသံမသာဘူးဟ ...။
ဒီလိုပဲ ရိုးမရေ ....
ထိတွေ့ရတဲ့ မြို့ပြမှာ ...
ဘုရား ဘုရားနဲ့ ... သီချင်းသံတွေကြား ဆူညံပွက်လောရိုက်လို့ ...
ငါသိခဲ့တဲ့ ရိုးမကတော့ ဘုရား ဘုရားဆိုတာမှာ ... တရားပါ ပါတော့ စိတ်ငြိမ်အေးချမ်းလို့ ...။
ရိုးမရေ ....
မြို့ပြကလူတွေက ရိုးမဆို သူပုန်တွေခိုတဲ့အရပ်လို့ပဲ မြင်ကြတာ ...။
ဒါပေမယ့် နင့်အရေခွှာ .. နင့်အရိုးစည်းထိုးခဲ့တဲ့ ဓားပြတွေ မြို့ပြမှာခိုလှုံနေတာကြ သူတို့ မသိပြန်ဘူး ...။
ရိုးမရေ ...
နင်ကတော့
နင့်တောလမ်းလေး ...
နင့်စမ်းချောင်းလေး ... တည်တံ့စေဖို့ ရင်ခွင်နဲ့အုပ် ထုပ်ပိုးထားပေမယ့် ....
မြို့ပြမှာတော့
ဂုတ်သွေးစုပ် အမြတ်ထုတ် လျှပ်ပေါ်လော်လီလို့ ..။
ဒီဇင်ဘာ ၁၅၊ ၂၀၁၆ ၊ ၂း ၂၅ နာရီ