အောင်သူငြိမ်း ● ထိုင်းနိုင်ငံ ပညာရေးစနစ်သစ်
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၇
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၇
ကျွန်တော်နဲ့ ထိုင်းပညာရေးအတွေ့အကြုံ အပိုင်း (၃)
မနေ့ကပဲ ထိုင်းနိုင်ငံက နှစ် ၂၀ ပညာရေးမဟာဗျူဟာ စီမံကိန်း (Education Strategic Plan) ကို စတင်ကြေညာခဲ့ပါပြီ။
အခု ပညာရေးမူဝါဒအသစ်မှာ ဧရိယာ ၆-ခုကို ဦးစားပေးထားပါတယ်။ လုံခြုံရေး၊ ဖက်စုံ ဖွံ့ဖြိုးမှုမြှင့်တင်ရေး၊ လူသား ရင်းမြစ် ဖွံ့ဖြိုးမှု၊ လူမှု တန်းတူရေး၊ မြစိမ်းရောင် ဖွံ့ဖြိုးမှု၊ အစိုးရကဏ္ဍ ဖွံ့ဖြိုးကို ပြန်လည် ချိန်ညှိရေး (rebalancing public sector development) တွေ ပါဝင်တယ်လို့ဆိုပါတယ်။ ပညာရေးမူဝါဒတခုချင်းရဲ့ ရည်ရွယ်ချက်တွေက လူသားရင်းမြစ် ဖွံ့ဖြိုးမှုမှာ ရင်းနှီးမြှုပ်နှံဖို့၊ တရားမျှတမှု သေချာရှိစေဖို့နဲ့ လူတန်းစား ကွာဟနေမှုကို လျော့နည်းကျဆင်းစေဖို့၊ စီးပွားရေး ဖွံ့ဖြိုးအားကောင်းစေဖို့နဲ့ ရေရှည်တည်တံ့ဖို့ ဖွံ့ဖြိုးမှုအတွက် ပြိုင်ဆိုင်နိုင်စွမ်း (competitiveness) မြှင့်တင်ရေးတွေအတွက် ဦးတည်ချက်ထားပါတယ်။
အခု မူဝါဒမတိုင်မီ နောက်ခံအကြောင်းလေးတွေ ပြန်ပြောကြရအောင်ပါ။
တလောက ထိုင်းနိုင်ငံက ပညာရေးစနစ်နဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ ပညာရေးအာဏာပိုင်အဖွဲ့ Institute for Promotion of Teaching Science and Technology (IPST) သင်ကြားရေးသိပ္ပံနဲ့ နည်းပညာ အင်စတိကျုက မကြာ သေးခင် ဒီဇင်ဘာလထဲမှာ အစီရင်ခံစာ တစောင် ထွက်လာခဲ့ပါတယ်။ သူတို့က နိုင်ငံတကာက ကလေးတွေကို ပညာရေး နဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ PISA စနစ်ရလဒ် အစီရင်ခံစာတွေအပေါ်မှာ အခြေပြုပြီး သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ပညာရေးစနစ်ကြီးတခုလုံးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်လို့ သတိပေးပြီး၊ ယခု PISA အစီရင်ခံစာက ထောက်ပြထားတဲ့ အရေးကြီးတဲ့ အချက်တွေကို လိုက်နာလုပ်ဆောင်သင့်တယ်။ ထိုင်းနိုင်ငံက နိမ့်ကျနေတဲ့ကျောင်းတွေ ကို အလေးပေးပြီး အားထုတ်ပြုပြင်သင့်တယ်လို့ ဖော်ပြထားပါတယ်။ PISA (The Programme for International Student Assessment) ဆိုတာက OECD ခေါ်တဲ့ ဥရောပ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှုအဖွဲ့က လုပ်တဲ့ နိုင်ငံတကာ ကျောင်းသားများအပေါ် အကဲဖြတ်စစ်ဆေးမှု စာမေးပွဲတခုပါ။ နိုင်ငံပေါင်း ၇၀ ကျော်လောက် ပါဝင်ယှဉ်ပြိုင်ကြပါတယ်။
အဲသည်မှာ ထိုင်းနိုင်ငံရဲ့ ရမှတ်အဆင့်က ကျဆင်းလာပါတယ်။ ၂၀၁၂ ခုနှစ်အတွက်လုပ်တဲ့ စစ်ဆေးမှုမှာ ထိုင်းနိုင်ငံက အဆင့် ၅၄ ပဲ ရပါတယ်။ ဘာသာရပ်အလိုက်ဆိုရရင် သင်္ချာမှာ အဆင့် ၅၄၊ အဖတ်မှာအဆင့် ၅၇၊ သိပ္ပံမှာ အဆင့် ၅၄ ပဲရပါတယ်။ တရုတ်နဲ့ စင်္ကာပူနိုင်ငံကတော့ ရမှတ်အဆင့်တက်လာခဲ့ပါတယ်။ ၂၀၁၅ PISA စစ်ဆေးမှုရမှတ်တွေမှာလည်း ထိုင်းနိုင်ငံက ဆက်ကျဆင်းနေပါတယ်။ ဒါပေမယ့် တွေ့ရှိချက်တွေအရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ကျောင်းသားတွေက အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ သူတို့ရွယ်တူ ကျောင်းသားတွေအတိုင်း စွမ်းဆောင်နိုင်ကြပါတယ်။ သို့သော်လည်း နယ်က ကျောင်းတွေမှာတော့ နိမ့်ကျမှု၊ ကွာဟမှုက ကြီးမားနေပါတယ်။ ဒါကြောင့်မို့ နိမ့်ကျနေတဲ့ ကျောင်းတွေကို အလေး ပေးဆောင်ရွက်ဖို့ ကိစ္စက အရေးကြီးလာခဲ့ပါတယ်။ IPST အဖွဲ့ရဲ့ အကြံပေးချက်တွေမှာ ပညာရေးဆိုတာ ဆရာ၊ ကျောင်းသား၊ သင်ရိုးညွှန်းတမ်းမျှသာချည်း မဟုတ်ပါဘူးတဲ့။ ပညာရေးလောကတခုလုံးရဲ့ ဝန်းကျင်အခြေအနေ၊ လူမှု အဖွဲ့ အစည်း၊ ယဉ်ကျေးမှုတွေအပေါ်လည်း မှီတည်နေပါတယ်တဲ့။
အရည်အသွေးတူတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆရာတွေရတဲ့ လခက တူညီမှု ရှိပါသလား။ အလုပ်အကိုင် ရရှိမှုတွေမှာ ဘွဲ့၊ ဒီပလိုမာ လက်မှတ်တွေက ဘယ်လောက်တန်ဖိုးထားခံရပါသလဲ။ မိဘတွေကရော သူတို့ကလေးတွေကို တနေ့ကျ ရင် ကျောင်းဆရာ ပြန်ဖြစ်စေချင်ကြသလား၊ သတင်းမီဒီယာနဲ့ လူထုက ပညာရေးအပေါ် ဘယ်လောက်အလေးထား ဖော်ပြပါသလဲ။ လူ့အဖွဲ့အစည်းကရော ပထမဦးစားပေးထားပါသလား။ အားကစား ထူးချွန်တာ လိုချင်သလား၊ ကလေး တွေကို ပညာရေးထူးချွန်တာ ဖြစ်စေချင်တာလား၊ မိဘတွေကရော ကလေးတွေ စာကြိုးစားကြဖို့ တင်းတင်းကျပ်ကျပ် အားပေးကြပါသလား… စတဲ့ အချက်တွေကလည်း အရေးကြီးနေသေးတယ်လို့ ထောက်ပြပါတယ်။ ဆရာကောင်းတွေ ရဖို့ အရေးကြီးပါတယ်။ ဆရာတွေကရော လစာကောင်းကောင်းနဲ့ လေးစားမှု ခံကြရပါသလား၊ လူမှုအဖွဲ့အစည်းက ရှုမြင်ပုံ လည်း လိုအပ်ပါသေးတယ်။ ယဉ်ကျေးမှုကိုတော့ ပညာရေးက အကောင်းဖက်၊ အဆိုးဖက်ကို ပြောင်းဖို့ တွန်းအားဖြစ်စေ နိုင်ပါသေးတယ်။ အနာဂတ်အတွက် မျှော်ရည်သင်ကြားဖို့လိုတယ်။ ဒီနေ့ကလေးတွေက အနာဂတ်ကို သေချာရင်ဆိုင်နိုင် ဖို့ ပြင်ဆင်ထားဖို့လိုတယ်ဆိုတာ IPST က ထောက်ပြခဲ့ပါတယ်။
အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှု (English language proficiency Index) ညွှန်းကိန်းမှာလည်း ထိုင်းနိုင်ငံက ကျဆင်း နေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ညွှန်းကိန်းအရ နိုင်ငံ ၇၀ ပြိုင်ဆိုင်ကြတဲ့အထဲ ၆၂ သာ ချိတ်ပါတယ်။ အင်္ဂလိပ်စကားပြောနှစ် (၂၀၁၂)၊ အင်္ဂလိပ်စာ တစိတ်တပိုင်းသင်ကြားတဲ့ EP, MEP (English Program, Mini-English Program) စတာတွေ လုပ်ဆောင်ခဲ့တာတောင်မှ အာရှမှာ တတိယ အညံ့ဆုံး ဖြစ်နေပါတယ်။ ဒီကိစ္စလည်း တကြောင်း ပြုပြင်ဖို့လိုအပ်နေတာ ပါဝင်ပါတယ်။
ခုလို ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့၊ ဒီကိစ္စဟာ နိုင်ငံရဲ့အရေးကြီးတဲ့ အပြောင်းအလဲဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု Thailand Economy 4.0 နဲ့လည်း ပတ်သက်ဆက်စပ်တယ်။ ရေရှည်လမ်းညွှန်ချက်တွေ ရှိရ မယ်"လို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စတာ ချိုင်းပရူးအက် (Mr. Chaipreuk) က ပြောပါတယ်။ ထိုင်း စီးပွားရေး ၄.၀ ဆိုတာက ကွန်ပြူတာဆော့ဝဲယား အဆင့်များကို 1.0 ကနေ တဖြည်းဖြည်းချင်း 4.0 ကို တက်လာတဲ့ သဘောဆိုတာဖြစ်ပြီး၊ လက်ရှိကာလ စီးပွားရေးပြုပြင် ပြောင်းလဲမှုကို ခုထိုင်းစစ်အစိုးရက ၂၀၁၆ ခုနှစ်မှာ စတင်တာဖြစ်ပြီး Thai Economy 4.0 ဆိုပြီး အမည်ပေးထားပါတယ်။ အထူးသဖြင့်တော့ ထိုင်းနိုင်ငံကို ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံ အဆင့်မှာ ပိတ်မိနေတဲ့ ထောင်ချောက်ကနေ ကျော်လွှားရုန်းထွက်ပြီး၊ ဝင်ငွေကောင်းတဲ့နိုင်ငံအဖြစ် ၅-နှစ်အတွင်း ကြိုးပမ်း ကြဖို့ ဖြစ်ပါတယ်။ ထိုင်းလူထုရဲ့ ၅၆% ကပဲ အင်တာနက်သုံးနိုင်ပါသေးတယ်။ ဟိုက်တက်ခ် လုပ်သားထုတွေထုတ်ဖို့ ခက်ခဲနိုင်ပါသေးတယ်။ အဲဒါအပြင် အခု ထိုင်းစီးပွားရေး 4.0 မှာ အခြေခံအဆောက်အဦ၊ သယ်ယူပို့ဆောင်ရေး၊ စာတိုက် စနစ်၊ အွန်လိုင်းငွေပေးချေစနစ်တွေကို မြှင့်တင်ဖို့ပါ လျာထားချက်ရှိပါတယ်။ ပညာရေးကိုလည်း အခုရည်မှန်းချက်နဲ့အညီ ပြင်ဆင်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ နောက်တချက်ကတော့ (AEC) အာဆီယံစီးပွားရေး အသိုက်အဝန်း ပေါင်းစည်းမှု အပေါ်မှာ အကျိုးဖြစ်ထွန်းနိုင်ရေး ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။
ပညာရေးဝန်ကြီးဌာနက ဆိုတာက ယခုပညာရေးစနစ်သစ်မှာ ကုမ္ပဏီတွေမှာ အလုပ်သင်စနစ် (apprenticeships) နဲ့ သက်မွေးဝမ်းကျောင်းပညာရေး ပေါင်းစည်းမယ့် နှစ်လမ်းသွားစနစ် (dual system) ကိုလည်း သုံးသွားမယ်ဆိုပါတယ်။ ခုအချိန်မှာ သက်မွေးဝမ်းကျောင်း ကျောင်းသားနဲ့ အထွေထွေကျောင်းသားအချိုးက 38:62 ရှိနေရာကနေ၊ အခု နှစ် ၂၀ စီမံကိန်းပြီးတဲ့အခါ 60:40 အချိုးရောက်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း နှစ်စဉ် ကမ္ဘာ့ ကျွမ်းကျင် တတ်မြောက်မှု အစီရင်ခံစာ (World Talent Report) အရ ပြိုင်ဆိုင်နိုင်မှု ညွှန်းကိန်းတွေ မြှင့်တင်ဖို့ လုပ်ဆောင်ဖို့လည်း လျာထားပါသေးတယ်။ (O-Net) လို့ခေါ်တဲ့ ယေဘုယျကျောင်းသားတွေ ဖြေဆိုရတဲ့ ရမှတ်ကို ဘာသာရပ်တိုင်းမှာ ၅၀% အထက် ဖြစ်လာအောင် မြှင့်တင်သွားမယ်။ အလုပ်လုပ်ကိုင်တဲ့အရွယ် ကျောင်းသားတွေရဲ့ ပညာရေးကို မြှင့်တင်သွားမယ်။ တနိုင်ငံလုံးက ကျောင်းတွေမှာ မြန်နှုန်းမြင့် အင်တာနက် (high-speed internet access) ရရှိနိုင်မှုကို ၉၀% သော ကျောင်းတွေမှာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အခု မဟာဗျူဟာသစ်မှာတော့ ကျေးလက်ဒေသက ကျောင်းတွေမှာ တန်းတူညီမျှစွာ ရင်းမြစ်များ ရရှိခွဲဝေပေးရေ။ သုတေသနနဲ့ ဖွံ့ဖြိုးမှု (R&D) ကို တက္ကသိုလ်များမှာ ဦးစားပေးရေးတို့ကို ဆောင်ရွက်သွားမယ် ဆိုထားပါတယ်။
ခုလို သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းသား၊ ဟိုက်တက်ခ်ကျောင်းသားတွေ ပိုလိုအပ်တယ်ဆိုတာကလည်း နိုင်ငံ စီးပွားရေးနဲ့ စပ်ဆိုင်ပါတယ်။ ထိုင်းနိုင်ငံ စက်မှုဖက်ဒရေးရှင်းရဲ့ စစ်တမ်းကောက်ယူလေ့လာချက်အရ ကားလုပ်ငန်း၊ ကား ပစ္စည်းထုတ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်ငန်း၊ အီလက်ထရွန်းနစ်၊ သတ္တုလုပ်ငန်း၊ စိုက်ပျိုးကဏ္ဍ စက်မှုလုပ်ငန်းတွေ မှာ လုပ်သားလိုအပ်ချက်က ၂၀၁၁ ကနေ၊ ၂၀၁၅ အကြား ၂၉၀,၀၀၀ ကျော် ပိုမိုလိုအပ်လာလိမ့်မယ်လို့ ခန့်မှန်းတွက်ချက် ထားတာကြောင့် ဖြစ်ပါတယ်။ "ထိုင်းနိုင်ငံ သက်မွေးဝမ်းကျောင်းပညာရေးရဲ့ ရွှေခေတ်"လို့တောင် တင်စားပြောဆိုနေကြပါ တယ်။ ဒီကိစ္စအတွက် သူတို့က သက်မွေးဝမ်းကျောင်းပညာရေး ကော်မရှင် (Office of Vocational Education Commission_OVEC) ဖွဲ့လို့ ဆောင်ရွက်နေကြပါတယ်။
ထူးခြားတာလေးတော့လည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၁၈ နှစ်ကာလမှာ ထိုင်းနိုင်ငံမှာ ပညာရေးဝန်ကြီး ၂၁ ဦး ပြောင်းလဲခဲ့ပါ တယ်။ အဲသည်တော့ တွက်ချက်သူတွေက ဝန်ကြီးတယောက်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၉-လသာပဲ ခံတယ်ဆိုပြီး ထောက်ပြကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အပြောင်းအလဲကို အားကျထောက်ခံကြရမှာပါ။ မြန်မာနိုင်ငံမှာလည်း ထိရောက်သော ပညာရေးပြုပြင်ပြောင်းလဲမှုများ မြင်ချင်မိပါကြောင်း။
အောင်သူငြိမ်း
ဇန်နဝါရီ ၁၆၊ ၂၀၁၇
အကိုးအကား-
၁။ Vocational education could be set for golden era as changes begin, Jan 6, 2014. The Nation
၂။ Thai education system fails to deliver, 19 December 2016, Bangkok Post. http://www.bangkokpost.com/news/general/1162805/thai-education-system-fails-to-deliver.
၃။ Govt launches 20-year strategic education plan. 16 January, 2017. Bangkok Post. http://www.bangkokpost.com/news/general/1180769/govt-launches-20-year-strategic-education-plan.
၎။ Education authority cites ‘focal points’ to improve Thai education system, December 23, 2016.
http://www.nationmultimedia.com/news/national/30302667
၅။ Thai English proficiency drops, now 3rd worst in Asia, 6 November, 2015. Bangkok Post. http://www.bangkokpost.com/learning/learningnews/756536/thaienglishproficiencydropsnow3rdworstinasiaef