နိုင်ငံရေးသမား၊ သတင်းစာဆရာတဦး၏ ၇ ဇူလိုင် အတွေ့အကြုံ
(မိုးမခ) သြဂတ်စ် ၉၊ ၂၀၁၅
(အသံဖိုင်ပေးပို့ပေးသူ - ဂါမဏိ)
အသံဖိုင် နားဆင်နိုင်ရန်
ထို့အပြင် ဟံသာဝတီ ဆရာကြီးဦးဝင်းတင်မကွယ်လွန်မီက ဦးသာဘန်းနှင့် ပတ်သက်သည့် မှတ်မှတ်ရရ အဖြစ်အပျက်တချို့ပြောဆိုခဲ့သည်ကို ကိုရာဇာရေးသားသည့် ဦးဝင်းတင်နှင့် နေထိုင်ခြင်းဆိုသည့် ဆောင်းပါးကိုလည်း အမှတ်တရ ပြန်လည်ဖော်ပြပေးလိုက်ပါသည်။
===========
ကိုရာဇာ - ဦးဝင်းတင်နဲ့ေ နထိုင်ခြင်း
(မိုးမခ) မေ ၁၇၊ ၂၀၁၄
ဦးဝင်းတင်နဲ့ ချစ်ခင်ခြင်းတရား (ဦးသာဘန်း)(မိုးမခ) မေ ၁၇၊ ၂၀၁၄
အဘဦးဝင်းတင်ကလူတွေအပေါ် ပိုမိုချစ်ခင်ခြင်း၊ မုန်းတီးရွံရှာခြင်း၊ အမြင်မကြည်လင်ခြင်းစိတ်မထား အားလုံးကို တသားတည်း သဘော ထားသွားတာ အားလုံးအသိပါ။ အဘ ဒေါသ၊ အဘ မာန၊ အဘ ပီတိများကိုတော့ အနီးနေ အနေနီးတဲ့ ကျနော်က ကောင်းကောင်း သိထားတယ်ဆိုပါတော့။ အဘတို့ အသက်အရွယ်ပိုင်းခြားလူကြီးများဟာ သူတော်ကောင်းစိတ်ထား သူတော်ကောင်းတရား ပွားကြတယ် ဆိုရင် လွန်မယ်မထင်ဘူး။ ဘာလို့ပြောလည်းဆိုရင် အဘတို့ဟာ စကားပြောသိပ်ယဉ်ကျေးကြတယ်။ အဘ သခင်သိန်းမောင်၊ အဘ ဦး အုန်းမြင့်တို့၊ အဘဦးဝင်းတင်တို့က စကားပြောရင် ခင်ဗျား ကျနော်ပြောတတ်ကြတယ်လေ။
လူငယ်တွေတောင်စကားပြောရင် နာမည်ခေါ်ရင် ကိုဘယ်သူရေ မဘယ်ဝါရေဆိုပြီးတော့ ပီယ၀ါစာကြ တယ်ဆိုပါတော့ဗျာ။ လူငယ်တွေ အပေါ်မှာတောင် ဒီလောက်အရေးတယူပြုနေရင် အသက်ပိုင်းခြားချင်း သိပ်မကွာသူတွေအပေါ် ပိုတန်ဖိုးထား တယ်ဆိုတာ ပြောစရာ မလိုပါဘူး။ မှတ်မှတ်သားသား…ပြောပါဆိုရင် အဘဦးဝင်းတင် လူကြီးတွေကို မင်း ငါပြောတာ နှစ်ယောက်သုံးယောက်လောက်ရှိမယ်ထင်ပါရဲ့။ အဘကိုစောင့်ရှောက်ထားတဲ့ ကျောက်ကုန်းအဘဦးအုန်းထွန်းကို မင်းငါပြောတယ်။ ကြို့ပင်ကောက် ၁၉၉၀ ရွေးကောက်ပွဲ အမတ် ဟောင်း အဘတို့သူငယ်ချင်းကို မင်းငါပြောတယ်။ နောက်တစ်ယောက်က ထူးထူးခြား ဦးသာဘန်းကိုလည်း မင်းငါပြောတဲ့အခါတွေမှာ ပြောတယ်။
အဘက ရင်းရင် ရင်းသလို မင်းငါပြောလေ့ရှိတယ် ဆိုပါတော့။ လူကြီးတွေထဲကတော့ အပေါ်ကသုံးယောက်ကိုပဲ တရင်းတနှီး မင်းလုံး ငါလုံး တီးတာကြားဖူးတယ်။ (ကျနော်မသိနိုင်တာတွေလည်း ရှိအုံးမှာပေါ့လေ) ဒီထဲမှာ အဘက ဦးသာဘန်းကိုတော့ အတော်လေးနောက် နောက်ပြောင်ပြောင်ပြောတယ်။ ဦးသာဘန်းကလည်း အဘအပေါ် တလေးတစားစိတ်ထားနဲ့ ဆက်ဆံတယ်။ ဆိုလိုချင်တာက အဘက ဦးသာဘန်းအပေါ် နည်းနည်းလေးအကဲပိုရင်းတယ်လို့ ကျနော်ခံစားမိတယ်။
အဘရှေ့ဆိုရင် ဦးသာဘန်းက ကျနော့်ကို အမြဲနောက်တယ်။ “ဟေ့ယောင်… ငါ့မှာငွေပါတယ် ဆိုင်သွားမလား…မင်းကတော့ ခွင့်တောင်းနေ ရမယ့်ကောင်ပါကွာ” ဆိုပြီး နောက်လေ့နောက်ထရှိတယ်၊ အဘကို တည့်တည့်မစရဲတော့ ကျနော့်ကာတင်ပစ်တယ်ပြောပါတော့။
“ဟေ့ယောင်ရာဇာ ဒီသာဘန်းဆိုတဲ့ကောင်က ရခိုင်ကွ။ စိတ်ကြီးတယ်။ မင်းတို့ကြားဖူးလား သူက တ.က.သမှာလည်း ကျောင်းသားခေါင်း ဆောင်လုပ်ဖူးတယ်ကွ။ သူကျောင်းသားခေါင်းဆောင်ဘ၀ နယ်ချဲ့ဆန့်ကျင်ရေးလုပ်တော့ ဒတ်ခ်ျအလံမီးနဲ့ရှို့တယ်ကွ။ ဟိုသံရုံးဖက် ကလည်း လက်ဖျားခါတယ်။ သာဘန်းလည်း လက်ဖျားခါတယ်ကွ။ နိုင်ငံအတော်များများက သူတို့အလံကို တန်ဖိုးထားတာကိုးကွ။ စိတ်မ ကောင်းဘူးပေါ့ကွာ။ သူတို့အလံမီးတင်ရှို့တာဆိုတော့။ သာဘန်းလက်ဖျားခါသွားတာက ဒီလို အလံမီးရှို့ရင်း သူ့လက်မီးလောင်သွားလို့ကွ”
ဆိုပြီး အဘ တဟားဟားကို သဘောကျပြီး ရယ်မောနေတတ်ပါတယ်။ ဒီမိုကရေစီရေးလုပ်ငန်းစဉ်တွေမှာ အဘတို့ထောင်ကမထွက်ခင် အသက်အကြီးဆုံးပါဝင်လှုပ်ရှားနေသူဟာ ဦးသာဘန်းပါလို့ ကျနော်ပြောပြဖူးတယ်။ အဘ မှတ်ချက်မပြုဘူး။
“ဒီကောင်က လုပ်တယ်ကွ။ လုပ်တာမှ မကြောက်မရွံ့ကိုချတာ ခက်တာက သူက ဒေါသနည်းနည်းကြီးတော့ လူတွေနဲ့သိပ်မတည့်ချင်ဘူး။ ငယ်ကတည်းက သူမှန်တယ်ဆိုလို့ကတော့ ကြီးကြီးငယ်ငယ် အကုန်ချဲလင်းတော့တာကွ။ ငါနေတဲ့တာမွေအိမ်မှာ သူတို့ရခိုင်တွေရှိတယ်။ ကယားတွေရှိတယ်။ ရှမ်းတွေရှိတယ်။ ချင်းတွေလည်းရှိတယ်။ ငါ သော့ရှစ်ချောင်းလုပ်ထားပြီး လာချင်တဲ့အချိန်လာ ပြန်ချင်တဲ့အချိန်ပြန် ဆိုပြီး လုပ်ထားတာမျိုး အဲ့ဒီကတည်းက ငါ့အိမ် အ၀င်အထွက်အများဆုံးရခိုင်ကတော့ သာဘန်းပဲကွ”
အဘ သတင်းစာသမားဘ၀ကို ပြန်လည်တမ်းတနေဟန်တူပါတယ်။ သတင်းသမားဖြစ်တဲ့ တိုင်းရင်းသားညီအကိုများကို စောင့်ရှောက်ပေး ခဲ့ရတာကိုလည်း ၀မ်းမြောက်ဝမ်းသာဖြစ်နေဟန်တူပါသေးတယ်။ အဲ့သလို ခနစကားပြတ်သွားပြီးတော့ ရုတ်တရက် ရာဇာရေ….သာဘန်း ရဲ့ နာမည်ကျော်စကားတစ်ခွန်း မင်းသိလားတဲ့။ ကျနော်မသိဘူးလေအဘ… အဘပြောမှသိမှာပေါ့ဆိုတော့…
“ခုနငါပြောတာ မှတ်မိမဟုတ်လား။ သူ အလံမီးရှို့တယ်ဆိုတဲ့ကိစ္စလေ။ အနောက်သံရုံးတွေက အဲ့သလိုထပ်လုပ်မှာစိုးလို့ ပါတီတွေ အမျိုးမျိုးပေးပြီး ကိုသာဘန်းကိုဖိတ်ပေါ့ကွာ။ နောက်တော့ အရက်အကောင်းစားတွေတိုက်ပေါ့။ ငါမှတ်မိသလောက်ဆို ကိုသာဘန်းဧည့်ခံပွဲ တွေ မပြတ်တက်၊ နောက်တော့ သူက လူပျော်လူကျော်မဟုတ်လား။ သူက စကားပြောတာရှိတယ်။ ကျုပ်က ဘရန်ဒီပဲသောက်တယ်ဆိုပြီး ပြောထားကြွေးကြော်ထားတာ။ တစ်ရက်သား ငါ့တိုက်မှာ ငါတို့သောက်ဖို့ပြင်တာပေါ့ကွာ။ သောက်ဆို အဲ့တုန်းက ဘီအီးဒီစီ က တစ်လုံးတစ်ဆယ်၊ ငါတို့တစ်တိုက်လုံးပေါင်း ဆယ့်သုံးကျပ်ပဲရှိတယ်။ ဒီတော့ ငါအကြံပေးတယ်။ တာမွေနတ်ချောင်းဖက် ဒေါင်း တံဆိပ်ကားစီးသွား၊ ဂျန်းဂဲဝယ်။ ဂျန်းဂဲက တစ်လုံး ခြောက်ကျပ် အသွားငါးမူး အပြန်ငါးမူး ဆယ့်သုံးကျပ် အကိုက်ပေါ့ကွာ။ ၀ယ်တဲ့လူပြန်လာ တော့ ငါတို့လည်း အမြည်းကလေး ဘာလေးလုပ် သောက်စားဖို့လုပ်နေတုန်း ကိုသာဘန်းရောက်လာသကွ။ ဒီမှာတော့ ဘရန်ဒီမရှိဘူးကွ။ ဘီအီးတောင်မနိုင်လို့ ဂျန်းဂဲပဲလုပ်နိုင်တယ်ဆိုတော့ သူက မျက်နှာရှုံ့တွသွားသေးပြီးတော့ “ဟာဗျာဆိုပြီး အကြာကြီးရပ်နေသေးတယ်။ နောက်တော့မှ သာဘန်းဆိုတဲ့ကောင်က ဂျန်းဂဲလေးလည်း ကြိုက်ပါတယ်ဗျ” ဆိုပြီး ၀င်တီးသွားပါရောလား။ အဲ့သလောက်ချစ်ဖို့ ကောင်း တဲ့သူကွ….တဲ့။
ကျနော်ရိပ်စားမိတာတော့ အဘနဲ့ ဦးသာဘန်းဟာ သတင်းစာသမားဘ၀ချင်း နိုင်ငံရေးသမား ဘ၀ချင်း ထောင်တွင်းဖြတ်သန်းမှုချင်းအကုန် တူတယ်။ နောက်တော့ ဦးသာဘန်းက သူ့ထက်အငယ်ဆိုတော့ စောင့်ရှောက်မှုပေးချင်တာလည်း ပါလိမ့်မယ်ထင်ပါရဲ့။ နောက်ဆုံး ဆေး ရုံတက်တော့ အဘက ဦးသာဘန်းအပေါ် အမြင်မကြည်လင်မှုတစ်ခုဖြစ်သွားတယ်။ ဒီကောင် အတော်ဒေါသကြီးတယ်ကွာချည်း ပြော နေတယ်။ တစ်ရက်သား ဦးသာဘန်းမှန်ပေါက်ကလေးကလာချောင်းတယ်။ ရုတ်တရက်ဆိုသလို အဘစကားပြောနေရင် အိပ်ပျော်သွား တယ်။ ပြန်နိုးလာတော့ကြည်လင်ရွှင်ပြပြီး ဟေ့ယောင် ရာဇာ…ခုနက သာဘန်းလာသွားတယ်။ ငါ့လည်းကွာ ထိုင်ရှိခိုးတောင်းပန်ဆိုတာ မျိုးလုပ်သွားတယ်။ ငါ့ဖောင်ဒေးရှင်းလည်း ပုံမှန်လှူသွားပါ့မယ်ပြောသွားတယ်ကွ….ဆိုတော့…ဒါဆို အဘဦးသာဘန်းကို ခွင့်လွှတ်လိုက်ပြီ လားလို့မေးတော့ ...
“ငါနဲ့ သူနဲ့ ဟိုး…နှစ်ပေါင်းငါးဆယ်ကျော်ကတည်းက ညီကိုရင်းလိုနေလာခဲ့တာလေကွာ။ သူ့မှ ခွင့်မလွှတ် ဘယ်သူ့လွှတ်ရမှာလည်း ဒီကောင်က ချစ်စရာကောင်းပါတယ်” ….တဲ့။
ပြောနေတဲ့အချိန်အဘ ပီတိဘယ်လောက်ဖြစ်နေသလည်းဆိုတာ ကျနော်ခန့်မှန်းမိပါတယ်။ အဘရဲ့ချစ်ခြင်းတရား ထုံမွှမ်းခဲ့သူ ဦသာဘန်း လည်း ကျန်းမာပါစေပေါ့…..ဗျာ။