ကိုသစ် (သီတဂူ) ● ပြည်ထဲရေးကို ချစ်သောကြောင့်
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
မြန်မာသက္ကရာဇ် ၇၆၂ ခုနှစ် အင်းဝကိုတည်၍ နန်းတက်သော သတိုးမင်းဖျားလက်ထက်တွင် ‘ငတက်ပြား’ အမည်ရှိ သူခိုးကြီးတယောက် ရှိခဲ့ဖေူးကြောင်း မှန်နန်း ရာဇဝင်၌ ပါရှိလေသည်။ သူက စစ်ကိုင်း ရေဝန်းသားဖြစ်၏။ ရေဝန်းဆိုသည်မှာ ယခု စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်နှင့် စိန်ကုန်းရပ်ကွက်အကြားရှိ ရပ်ကွက်ကလေးတခုပင် ဖြစ်သည်။ “သတိုးမင်းဖျား ငါ့ကို ရလျှင်သော် သတ်အံ့။ မရသော်ကား အသူရအံ့နည်း” ဟု ငတက်ပြားက ကြုံးဝါးလိုက်သည်။ ငတက်ပြား၏ ကြုံးဝါးသံကို ဘုရင်ကြားသောအခါ သူကိုယ်တိုင်ဖမ်းမည်ဟု သတိုးမင်းဖျားက စိတ်ထဲတေးထားလိုက်သည်။
ငတက်ပြားသည် စစ်ကိုင်းကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီးနောက် အင်းဝမြို့သို့သွား၍ လူချမ်းသာများဆီကနေ ခိုးယူ နေခြင်းဖြစ်သည်။ သူက ဆင်းရဲသူများထံမှ လုံးဝမခိုး။ သူနေထိုင်ရာ စစ်ကိုင်းတွင်လည်း မခိုးဟုဆို၏။ ညတညမှာ ဧရာ ဝတီမြစ်ကို ဖြတ်ကူးပြီးနောက် အင်းဝဘက်ခြမ်းသို့ရောက်သော်အခါ မြစ်ဆိပ်တွင် လူတယောက်ကို တွေ့လိုက်ရသည်။ လေ ပေါ်ကမဆင်းသေးဘဲ အဘယ်သူနည်း လှမ်းမေးလိုက်သည်။ သူခိုးတယောက်ပါ။ ဆရာကြီးထံ တပည့်ခံလို၍ စောင့်နေ ခြင်းဖြစ်ကြောင်းဆိုလေသော် တပည့်အဖြစ်လက်ခံ၍ မြို့ထဲသို့ဝင်ကြ၏။ အတားအဆီး၊ ခြံစည်းရိုးစသည်တို့ကို ငတက်ပြား ခုန်လျှင် သတိုးမင်းဖျားလည်း လိုက်ခုန်၏။ ငတက်ပြား ပြေးလျှင်လည်း ထပ်ကြပ်မကွာ လိုက်ပြေးနိုင်၏။ သူ့အရည်အချင်းကို မီသူဖြစ်၍ ငတက်ပြား သဘောကျသွားသည်။ ခိုးတဲ့နေရာမှာတော့ မင်းအရည်အချင်းက မသေးဘူးပဲဟု ငတက်ပြားက ချီးမွမ်းသည်။ “နန်းတော်သို့ဝင်၍ ဘုရင့်ပစ္စည်းများ ခိုးကြရအောင်” ဟု သတိုးမင်းဖျားက တိုင်ပင်သောအခါ ငတက်ပြားက “ငါ့တပည့်၊ ငါတို့က မရှိလို့ခိုးစားသည်မှန်သော်လည်း ဘုရင်ပစ္စည်းကိုတော့ မခိုးသင့်။ ဘုရင့်ပစ္စည်းဟု ဆိုသော်လည်း တိုင်း ပြည်အရေးကြုံလျှင် ပြည်သူတွေအတွက် အသုံးပြုရန်အလို့ငှာသာလျှင် ဘုရင်က ခေတ္တခဏ သူ့ဆီမှာသိမ်းထားသည့် သ ဘောဖြစ်သည်။ ဘုရင့်ပစ္စည်းသည် တိုင်းပြည်ပစ္စည်းဖြစ်သည်။ မခိုးချင်ပါနှင့်၊ ဘယ်တော့မှ မခိုးလေနှင့်” ဟု တပည့်ဖြစ်သူကို ဆုံးမလေသည်။ သတိုးမင်းဖျား သဘောကျသွားသည်။ အင်းဝမြို့ရှိ သူဋ္ဌေးသူကြွယ်များအိမ်မှ ပစ္စည်းများကို ခိုးယူပြီးနောက် မြို့တံခါးအနီး မီးသွေးတိုက်သို့ ပြန်လာကြသည်။ သတိုးမင်းဖျားက ငတက်ပြားကို ဖျားယောင်း၍ အရက်မူးအောင် တိုက်လေ သည်။ ထို့နောက် ခြေချင်းခတ်၍ မီးသွေးတိုက်ထဲတွင် သော့ခတ်ထားခဲ့လေသည်။ နံနက်မိုးလင်းသောအခါ ငတက်ပြားကို ရှေ့တော်သို့ ခေါ်ပြီးနောက် ဓား လှံ လက်နက်အမျိုးမျိုးပြ၍ “ယခု သင့်ကိုဖမ်းမိလေပြီ။ သင့်ကိုသတ်မည်။ ကြိုက်ရာ လက်နက်ကို ရွေးပါ” ဟု ဘုရင်က ပြောလေသော် “အရှင်မင်းကြီး ကျနော်မျိုး ကြိုက်တာကို တောင်းရလျှင်ဖြင့် မိဖုရားကြီး စောဥမ္မာကိုသာ အလိုရှိပါသည်” ဟု ပြန်ပြောလေ၏။ ငတက်ပြား၏ ရဲဝံ့မှုကိုကြည့်၍ သည်လို သတ္တိရှိသည့်ယောကျာ်း တယောက်ကို အကြောင်းမဲ့ မသေစေကောင်း။ နောင်တိုက်ပွဲရှိသောအခါ အမှုတော်ထမ်းစေဟု အမိန့်ချလေ၏။
လေးကိုချစ်သောယောက်ျားသည် မြားကိုချစ်သကဲ့သို့ ပြည်ထဲရေးကိုချစ်သောကြောင့်လည်းကောင်း၊ ငါးကိုလိုသော တံငါ သည်သည် ကွန်ကိုချစ်သကဲ့သို့ ပြည်ထဲစီးပွါးကို ချစ်သောကြောင့်လည်းကောင်း သူခိုးငတက်ပြားကို မသတ်ဘဲ အမှုတော် ထမ်းစေသည်။ နောင်တွင် တောင်တွင်းမြို့စားက ပုန်ကန်သောအခါ ငတက်ပြားအကူအညီဖြင့် အဓိက ရုဏ်းငြိမ်းခဲ့ဖူးသည်ဟု မှန်နန်းရာဇဝင်က ဆိုပါသည်။ သတိုးမင်းဖျားက ငတက်ပြားကို ရွှေတိုက်စိုးရာထူးပေးပြီး ဘုရင့်ဘဏ္ဍာများကို ထိန်းသိမ်း စောင့်ရှောက်စေသည်။ ထိုမှ “သူခိုးကို ရွှေတိုက်စိုးခန့်သည်” ဟူသောစကား ဖြစ်ပေါ်လာသည်ဟုလည်း ဆိုကြသည်။ သူက ရွှေတိုက်စိုးရာထူးယူပြီးနောက် မခိုးတော့။ သူခိုးဇာတိကို စွန့်နိုင်သူဖြစ်သည်။
မြို့ထဲဘက်မှအထွက် စစ်ကိုင်းတောင်အတက်တွင်ရှိသော ‘မရှိခဏ’ ဘုရားကို ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်။ ထို’ မရှိ ခဏ’ဘုရားကို သူခိုးကြီးငတက်ပြား တည်ခဲ့သည်ဟု အဆိုရှိ ပါသည်။ ဘုရားတည်စဉ်က ငွေလို ငွေမရှိလျှင်လည်း ခဏသာ ဖြစ်သည်။ ငတက်ပြား သွားခိုးလိုက်လျှင် ခဏလေးဖြင့်ပင်ရလာသောကြောင့် မရှိခဏ ဘုရားဟုအမည်တွင်ကြောင်း ဆို သည်။ သို့သော ကျေးဇူးရှင်သီတဂူဆရာတော်ဘုရားကြီးကတော့ ‘မဟိယင်္ဂဏ’ ကနေ ‘မရှိခဏ’ အဖြစ် ပြောင်းလဲလာသည်။ ‘မရှိခဏ’မဟုတ်။ ‘မဟိယင်္ဂဏ’ ဖြစ်သည်ဟု အမိန့်ရှိဘူးပါသည်။
မည်သို့ဆိုစေ သူခိုးကြီး ငတက်ပြားကတော့ အင်းဝခေတ်တွင် အမှန်တကယ်ပင် ရှိခဲ့ဖူးပါသည်။ ငတက်ပြားလို သူခိုးမျိုးက တော့ဖြင့် ရှားမှရှားပင်ဖြစ်သည်။ သူ့ရဲ့ သူခိုးသက်တမ်းတလျှောက်မှာ ဆင်းရဲသားတွေဆီကနေ ဘယ်တုန်းကမှ မခိုးယူခဲ့ဘူး ဖူးတဲ့။ သူ့နေထိုင်ရာအရပ်ဒေသမှာလည်း မခိုးခဲ့ဘူးတဲ့။ ဓား လှံလက်နက်ပြ၍ သူ့ကိုသတ်မည်။ ကြိုက်ရာရွေးပါဟု ဆိုလာ သောအခါ သူတောင်းဆိုလိုက်သည်က မိဖုရားစောဥမ္မာ ဖြစ်သည်။ သူခိုးပင်ဖြစ်လင့်ကစား သစ္စာ သတ္တိ စာနာမှုနဲ့ ချစ်ခြင်း မေတ္တာကို သူ့သန္တာန်မှာ မြင်တွေ့ရသေးသည်။ အင်းဝဘုရင် သတိုးမင်းဖျားက ပြည်ထဲရေးကိုချစ်သောကြောင့် ငတက်ပြားကို အပြစ်မယူရက်၊ မသတ်ရက်ဘဲ အမှုထမ်းစေခဲ့သည်။
မြန်မာပြည်သည် သဘာဝသယံဇာတ ပေါကြွယ်ဝသည့် တိုင်းပြည်ဖြစ်ကြောင်း အထူးပြောစရာမလိုပါတော့။ ယခုတော့ မြန်မာပြည် အရပ်ရပ်ရှိ ဓာတ်ငွေ့တွေ၊ သစ်တွေ၊ တွင်းထွက်သယံဇာတတွေ ကုန်သွားသည်။ သစ်တောတွေ၊ တောင်တွေသာ ပြောင်သွား သည်။ ပြည်သူတွေရဲ့ ဘဝတွေက တောက်တောက်ပြောင်ပြောင် ဖြစ်မလာခဲ့။ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အာဆီယံနိုင်ငံများတွင် ဆင်းရဲမှုနှုန်း အမြင့်မားဆုံးနိုင်ငံတနိုင်ငံဖြစ်သည်ဟု ကမ္ဘာ့ဘဏ်အစီရင် ခံစာက ဆိုပါသည်။ မွေးကင်းစကလေးနှင့် ကလေးသူငယ်သေဆုံးမှုတွင် ကျနော်တို့ချစ်ရပါသော မြန်မာနိုင်ငံက ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်နေသည်။ ကျနော်တို့ ကိုယ့်ကိုယ်ကို အမှန်အတိုင်းသိမြင်ပြီး ဒီထက်ခြေလှမ်းတွေ အများကြီးလှမ်းဖို့ လိုပါ သည်။
၂ဝ၁၆ တွင် အပြောင်းအလဲသို့ ဦးတည်ခဲ့ကြသည်။ ပြည်သူတွေကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်ခဲ့ပြီးနောက် ပြည်သူ့အစိုးရ တရပ်ပေါ်ပေါ်လာသောအခါ ပြည်ထဲရေးကို ချစ်သောကြောင့် အမှုထမ်းမြဲ၊ထမ်းစေခဲ့တာ အားလုံးအသိ ပင်ဖြစ်သည်။ သို့သော် တချို့သော ပြည်သူ့လခစား ဝန်ထမ်းတချို့က ပြည်သူကို မျက်နှာမမူချင်ကြ။ ပြည်သူကို အလုပ်အကျွေး မပြု လိုကြ။ အင်တင်တင်ဖြစ်နေကြသည်။ အရင်ဘဝကိုပဲ မျှော်မှန်း တမ်းတနေကြသူတွေ ရှိနေသေးတာကို တွေ့မြင်နေရပါသည်။ ပြစ်တင်ဝေဘန်မှုတွေ မှာတင် လမ်းဆုံးနေ၍ မဖြစ်။ အားလုံးက ဒီထက်ပိုပြီး ဝိုင်းတွန်းကြရပါမည်။ ပြည်ထဲရေးကိုချစ်လို့ ကိုယ့်ကိုယ်ဆက်ပြီး အမှုထမ်းစေခဲ့တယ်ဆိုတာကို နားလည်သဘောပေါက်လျှင် ပြည်သူ့လခစားနေကြသည့် ပြည်သူ့ဝန် ထမ်း များအနေဖြင့် ပြည်သူကိုပဲ မျက်နှာမူ ထားစေချင်ပါသည်။ ပြည်သူတွေကိုပဲ အလုပ်အကျွေး ပြုစေချင်ပါသည်။
ကိုသစ် (သီတဂူ)
ဖေဖော်ဝါရီ ၆၊ ၂၀၁၇