တူမောင်ညို ● ပြည်ခိုင်ဖြိုးအစ စစ်အုပ်စုက
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
ကြံ့ဖွံ့အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းပြောသွားတာတွေ ဖတ်ရတော့၊ သူတို့ ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးပြောတာတွေနဲ့ ပတ်သက်ပြီး ဒီချုပ်ပါတီကဦးဝင်းထိန်ပေးတဲ့ “သူပါးစပ်ပါလို့ပြောတာ ပြောပါစေ။ အဲဒီ ဦးသန်းဌေးဆိုတာ နိုင်ငံရေးဘာမှ နားမလည်ဘူး” ဆိုတဲ့ မှတ်ချက်ကို သတိရမိတယ်။ တပ်ထွက်တွေအချင်းချင်းဆိုတော့ ဘယ်စကားပြောရင် ဘယ်ရောက် တယ်ဆိုတာ သူတို့ချင်းပိုသိတာပေါ့။
သူတို့ပါးစပ်ပေါက်ဆိုတာကလည်း စားဖို့၊ ဖားဖို့၊ ဟိန်းဖို့ ဟောက်ဖို့နဲ့ မဟုတ်မဟတ်ပြောဖို့ပဲ မဟုတ်လား။ ဦးသက်နိုင်ဝင်း ပြောသွားတာတွေကို သည်းခံပြီး ဖတ်ကြည့်ပါအုံး။
“ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအစ ပြည်ခိုင်ဖြိုးက” တဲ့။
“သမိုင်းရေးပကတိလိုအပ်ချက်များနဲ့အညီ လေးနက်တည်ကြည်သော သံန္နိဋ္ဌာန်စိတ်ဖြင့် ဖွဲ့စည်းပေါ်ပေါက်လာခဲ့တဲ့ အမျိုး သား ရေးပါတီလည်းဖြစ်ပါတယ်” တဲ့။
“မိမိတို့ပါတီဝင်များအနေနဲ့ ဘာပဲလုပ်လုပ် ပြည်သူကိုမျက်နှာမူ၊ ပြည်သူကိုဗဟိုပြုလို့၊ ပြည်သူ့အရေးကို ဦးစားပေးကြဖို့” တဲ့။
“ဒီမိုကရေစီကျင့်စဉ်နဲ့အညီ” တဲ့။
“ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအစ ပြည်ခိုင်ဖြိုးက” ဆိုတာနဲ့ “ ---- အမျိုးသားရေးပါတီ လည်းဖြစ်ပါတယ်” ဆိုတဲ့အချက်တွေ ကို ပထမဆုံးပြောကြရအောင်။
ဒီမိုကရေစီက ဘယ်ကနေ ဘယ်ကိုပြောင်းလဲသွားတာလဲ။
(နဝတ-နအဖ) စစ်အုပ်စု အစဉ်အမြဲကိုင်စွဲထားတဲ့ “မာရှယ်လော” ကို “၂၀၀၈ အခြေခံဥပဒေ” လို့ အမည်ပြောင်းလဲပေးတာ ကို ပြောချင်တာလား။ သေချာတဲ့အချက်ကတော့ “ပြည်ခိုင်ဖြိုး”ကို (နအဖ)စစ်အုပ်စု က “အသင်း”လို့ အမည်တပ်ပြီး အသက်သွင်းပေး လိုက်တာပဲ။ ဒါကြောင့် “ပြည်ခိုင်ဖြိုးအစ စစ်အုပ်စုက”လို့ ဆိုရင် အဖြစ်ရပ်နဲ့ ကွက်တိကိုက်ညီပါလိမ့်မယ်။
“အမျိုးသားရေးနဲ့အမျိုးသားနိုင်ငံရေး” လုပ်ဖို့လို့ ပါးစပ်ကပြောတာပဲ။ လက်တွေ့မှာတော့ ဒီချုပ်ပါတီဆန့်ကျင်ရေးနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအပုပ်ချတိုက်ခိုက်တာတွေ (ပုန်းရှိုးကွယ်ရှိုးရော/ဗြောင်အတိအလင်း) ဝစီကံအရရော ကာ ယကံအရပါ ကျူးလွန်ခဲ့တာတော့ အထင်အရှားပဲ။
ဒီချုပ်ပါတီဆန့်ကျင်ရေး/ ဒေါ်စုကို ပုဂ္ဂိုလ်ရေးအပုပ်ချရေးဟာ သူတို့ပြောတဲ့/သူတို့လုပ်နေတယ်ဆိုတဲ့ “အမျိုးသားရေး (ဝါ) အမျိုးသားနိုင်ငံရေးရဲ့ အနှစ်သာရပဲဖြစ်လိမ့်မယ်။ ဘာလို့ ဒီလိုပြောသလဲဆိုတော့ ကြံ့ဖွံ့အသင်းဖွဲ့ပြီး နိုင်ငံရေးပါတီလို့ (အသင်းကနေ ပါတီသို့) ဆိုင်းဘုတ်ပြောင်းတဲ့အထိ သူတို့လုပ်ခဲ့တာ ဒီချုပ်ပါတီဆန့်ကျင်ရေး/ ဒေါ်စုကို ပုဂ္ဂိုလ်ရေးအပုပ်ချရေးပဲဖြစ်တယ်။ ဒါကို အတိ အကျသိချင်ရင် ကြံ့ဖွံ့အသင်းဖွဲ့ပြီးနောက်ပိုင်းကနေ ကြံ့ဖွံ့ပါတီလို့ အမည်ပြောင်းတဲ့ကာလအထိ စစ်အစိုးရထုတ်ဝေခဲ့တဲ့သတင်းစာတွေ ဖတ်ကြည့်တာနဲ့ အလွယ်တကူ သိနိုင်တယ်။ အဲဒီလို ဒီချုပ်နဲ့ ဒေါ်စုအပေါ် ဝစီကံ/ကာယကံနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီး နှစ်ခုကို နောက် ကြောင်းပြန်ပြီး ဖော်ပြလိုက်ပါတယ်။
တစ်ခုက ဝန်ကြီးပါးစပ်ကနေ လူသတ်ဖို့ ဗြောင်လှုံ့ဆော်တာဖြစ်ပြီး။ နောက်တစ်ခုက ဗြောင်ကျတဲ့ သတ်ဖြတ်ပွဲလက်တွေ့ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ တိုက်ဆိုင်တာပဲလို့ဆိုရမလားမသိပါဘူး။ အဲဒီဖြစ်ရပ် နှစ်ခုစလုံး စစ်ကိုင်းတိုင်းထဲမှာဖြစ်ပျက်ခဲ့တာပါ။
ပထမတစ်ခုက ၁၉၉၆ ခုနှစ်၊နိုဝင်ဘာလ ၁ ရက်နေ့၊ အင်းတော်မြို့နယ်၊လယ်ပြင်ကျေးရွာ၊ မူလတန်းကျောင်းမှာ ပြုလုပ်တဲ့ (ကြံ့/ဖွံ့) အသင်း ဝင် အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ထိုစဉ်က ကြံ့ဖွံ့အမှုဆောင်လူကြီးတစ်ဦးဖြစ်တဲ့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဦးဝင်းစိန် တက်ရောက်ပါတယ်။ အဲဒီပွဲမှာ ဝန်ကြီးဦးဝင်းစိန်က “ဒေါ်အောင်ဆန်း စုကြည်ကို သုတ်သင်ရဲသလား၊ သုတ်သင်တယ်ဆိုတာ သတ်ပစ်ရမယ်လို့ပြောတာဖြစ်တယ်” ဆိုတဲ့စကားကို မိုက်မိုက်ကန်း ကန်း သွေးထိုးပြောဆိုခဲ့တာပါ။ တက်ရောက်လာတဲ့ လူသုံးထောင်လောက်က ဘာမှပြန်မပြောခဲ့ကြပါဘူး။
ဒုတိယတစ်ခုကတော့ ဒီပဲယင်းရွာအနီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုဖြစ်ပါတယ်။ “ဒီပဲယင်းအကြမ်းဖက် သတ်ဖြတ်မှု” လို့ အမည်တွင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အသက်ဘေးကနေ လက်မတင်လေး လွတ် မြောက်ခဲ့တာပါ။
ကြံ့ဖွံ့အသင်းဟာ ပါးစပ်ကပြောသလို လက်တွေ့လည်း တကယ်လုပ်တယ်ဆိုတာ ဒီဖြစ်ရပ်ကိုကြည့်ရင်မထင်ရှားဘူးလား။
ဒါကြောင့် ကြံ့ဖွံ့ပါတီဟာ ကြံ့ဖွံ့အသင်းကနေ ပြောင်းလာတာ၊ (မဆလ) ကနေ (တစည) ပြောင်းသလိုပေါ့။
ကြံ့ဖွံ့အသင်းကို (နအဖ) စစ်အုပ်စုက ဖန်တီးထုတ်လုပ်လိုက်တာဖြစ်တယ်။
ဒါကြောင့် “ကြံ့ဖွံ့အစ - စစ်အုပ်စုက” ။
ဒီအချက်တွေကနေ ဦးသက်နိုင်ဝင်းပြောတဲ့ “သမိုင်းရေးပကတိလိုအပ်ချက်များနဲ့အညီ” ဆိုတာကို ဆန်းစစ်ကြည့် လိုက် တော့ ဒီချုပ်ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်အပုပ်ချရေးဆိုတာဟာ သူတို့ပြောတဲ့ “သမိုင်းရေးပကတိ လိုအပ် ချက်တွေ” ဖြစ်နေ တာသွားတွေ့ရတယ်။
ကြံ့ဖွံ့အစ စစ်အုပ်စုက ဆိုတဲ့ ဇစ်မြစ်ကလည်းရှင်းနေသလို လက်ရှိ ကြံ့ဖွံ့ပါတီကို ကြည့်ပါအုံး ပါတီထိပ်ပိုင်းမှာ ခေါင်းဆောင်နေ သူတွေအားလုံးဟာ စစ်တပ်က အငြိမ်းစားယူလာကြတဲ့ စစ်ဗိုလ်ထိပ်သီးတွေချည်းဖြစ်တယ်။ ဒါကြောင့် အနှစ်သာရအားဖြင့် စစ်ဗိုလ် တွေရဲ့ပါတီပဲ။ စစ်ဗိုလ်ထိပ်သီး အငြိမ်းစားဖြစ်လာရင် ကြံ့ဖွံ့ပါတီ ထိပ်သီးဖြစ်လာတာလွှဲရှောင်လို့မရနိုင်ဘူး။ ဒါ ကြောင့် ကြံ့ဖွံ့ပါတီဟာ စစ်တပ်ပိုင် ပါတီပဲ။ “အမျိုးသားနိုင်ငံရေး” လို့ဆိုတာကို စစ်တပ်က “တပ်မတော်” နာမည်နဲ့လုပ်ပြီး “ပါတီနိုင်ငံရေး” ကို စစ်ဗိုလ်အငြိမ်းစားတွေက ကြံ့ဖွံ့ပါတီဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး လုပ်တယ်။ ဒါဟာ သူတို့ စိတ်ကြိုက် ရေးဆွဲပြီး အဓမ္မအတည်ပြုခဲ့တဲ့ “၂၀၀၈ အခြေခံဥပဒေ” နဲ့ အညီဖြစ်တယ်။ သူတို့ပြောပြောနေတဲ့ “ပြောင်းလဲလာတဲ့ ခေတ် စနစ်နဲ့အညီ” ဆိုတာ အဲဒါပဲ။
“မိမိတို့ပါတီဝင်များအနေနဲ့ ဘာပဲလုပ်လုပ် ပြည်သူကိုမျက်နှာမူ၊ ပြည်သူကိုဗဟိုပြုလို့၊ ပြည်သူ့အရေးကို ဦးစားပေးကြဖို့” ဆို တာနဲ့ “ဒီမိုကရေစီကျင့်စဉ်နဲ့အညီ” ဆိုတာကို ကြည့်ကြအုံးစို့။
၁၉၆၂ စစ်တပ်က အာဏာသိမ်းတုန်းက “ဦးနုကို ဖမ်းမိထားပြီ”ဆိုတာကို “လောက်ကောင်ကိုမိထားပြီ ” ဆိုတဲ့ စကားဝှက် သုံးပြီး ဝန်ကြီးကြီးချုပ်ဦးနုအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြတဲ့ စစ်သားတွေက သူတို့အထက်ကို အစီရင်ခံခဲ့ကြတယ်မဟုတ်လား။ အခု လည်းပဲ“ပြည်သူကိုမျက်နှာမူ၊ ပြည်သူကိုဗဟိုပြုလို့၊ ပြည်သူ့အရေးကိုဦးစားပေးကြဖို့”ဆိုတဲ့စကားရပ်တွေထဲက“ပြည်သူ”ဆိုတဲ့ စကားလုံးဟာ “စစ်အုပ်စု” ကို စကားဝှက်နဲ့ခေါ်တဲ့ အမည်များဖြစ်နေသလား။
“ဒီမိုကရေစီကျင့်စဉ်နဲ့အညီ” တဲ့။ ဒီစကားလုံးကိုတော့ ဗိုလ်ရွှေမန်းတို့ အပယ်ခံအုပ်က နာလိုခံခက်ဖြစ်ကြမှာအမှန်ပဲ။ ဒါပေ မယ့် ဘာမှတော့ အသံထွက်ဝံ့မှာမဟုတ်ပါဘူး။ ဗိုလ်ရွှေမန်းတို့အုပ်စုက သူတို့ကို ကြံ့ဖွံ့ပါတီထဲက ထုတ်ပစ်တာဟာ ဒီမိုကရေ စီကျင့်စဉ်နဲ့ မညီဘူးလို့ မိုးလားကဲလား ပြောခဲ့ကြတာပဲလေ။ လက်တွေ့မှာတော့ ဗိုလ်သန်းဋ္ဌေးသာ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌဖြစ် လာတယ်။ ဗိုလ်ရွှေမန်းတို့ ကိစ္စဘာမှဖြစ်မလာခဲ့ဘူး။ ဒါကြောင့် ကြံ့ဖွံ့ပါတီရဲ့ “ဒီမိုကရေစီကျင့်စဉ်နဲ့အညီ” ဆိုတာ ဗိုလ်ရွှေမန်း တို့အုပ်ကို ညအချိန်မတော် ပါတီဋ္ဌာနချုပ်ကို ဝင်စီးပြီး ဖြုတ်ထုတ်ပစ်တာမျိုးဟာ “ကြံ့ဖွံ့ပါတီရဲ့ဒီမိုကရေစီကျင့်စဉ်သာဖြစ် တယ်” လို့ ပြောရမှာဖြစ်ပါတယ်။ ဒါဟာ ဗိုလ်ရွှေမန်းတို့အုပ်စု လက်တွေ့ခံခဲ့ကြရတဲ့ ဖြစ်ရပ်မှန်ပဲ မဟုတ်ပါလား။ ကြံ့ဖွံ့ပါတီ ထဲမှာ “ဒီမိုကရေစီကျင့်စဉ်” မရှိဘူးဆိုတာကို ပြသလိုက်တဲ့ အရှင်းလင်းဆုံးဖော်ပြချက်လည်းဖြစ်ပါတယ်။
နိဂုံးချုပ်ရရင် ....
အတိတ်တချိန်က (မဆလ) ပါတီနဲ့ ဗိုလ်နေဝင်းအရေးဟာ စစ်အုပ်စုကလုပ်တဲ့ အမျိုးသားရေးနဲ့ ဆိုရှယ်လစ်ရေးဖြစ်တယ်။
ဒီကနေ့ “အမျိုးသားရေးတာဝန်” ကတော့ ဗိုလ်သန်းရွှေအမှူးပြုတဲ့ စစ်အုပ်စုနဲ့စစ်အုပ်စုအကျိုးစီးပွားကာကွယ်ရေးဖြစ်တယ်။ ဒါကို ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်က ဦးထမ်းပဲ့ထမ်းထမ်းနေကြတာသာဖြစ်တယ်။
ဗိုလ်နေဝင်းစစ်အုပ်စုက “ဆိုရှယ်လစ်အနံ့” ပေးထားတဲ့ အနေအထားမှာ “လက်ဝဲ” ဆိုသူတွေ အမြီးနန့်ခဲ့ကြသလို၊ “၂၀၀၈ အခြေခံဥပဒေ” ဗိုလ်သန်းရွှေစစ်အုပ်စုက “ဒီမိုကရေစီအနံ့” ပေးထားတာကို တချို့က “သင့်မြတ်ရေးပဝါလေး” နှာခေါင်းစီးပြီး လေသွေး ရင်ပဲ မွှေးတော့သကို လုပ်နေကြမယ်ဆိုရင်တော့ ဒီမိုကရေစီခရီးဝေးနေပါလိမ့်အုံးမယ်။
ညွှန်း
- မြဝတီသတင်းစာ (၈-၂-၂၀၁၇)