အောင်မော်ဦး ● အက်ကွဲနေတဲ့ ဖေဖော်ဝါရီ
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
ဖေဖော်ဝါရီ (၁၂) ရက်ကဲ့သို့သော တိတိကျကျ ဝိသေသရှိသည့် နေ့ကြီးရက်ကြီးတခု၌ ယင်းနှင့်ကိုက်ညီသည့် ဂုဏ်ပြုလက် ဆောင်တခုခုတော့ မုချရကြလိမ့်မည်ဟူ၍ အများနည်းတူ သူလည်းမျှော်လင့်မိသည်။ သူတို့ငံ့လင့်နေသည့်အရာမှာ အချစ် ဖြစ်သည်၊ စစ်မဟုတ်။ သူတို့မွတ်သိပ်နေသည့်အရာမှာ အကြမ်းဖက်မှုမဟုတ်၊ ငြိမ်းချမ်းမှု ဖြစ်သည်။
သို့သော် မျှော်လင့်သလိုဖြစ်မလာခဲ့သဖြင့် ငြိမ်းချမ်းရေးရယ် ဝေးရချည်သေးရဲ့ဟူ၍ စိတ်ထိခိုက်ရသည်။ ထို့အတူ နောက် ဆက်တွဲအဖြစ် ကြားရသည်များက စောစောက ထိခိုက်နေသည့်စိတ်ကို ဒေါသတကြီး ပေါက်ကွဲရန် လှုံ့ဆော်သည်။ ပေါက်ကွဲစိတ်ဖြင့် ဒေါသအလျောက် စိတ်လိုက်မာန်ပါ ပြောမိရေးမိလျှင် အဆိုးသက်ရောက်မှုကများနိုင်သဖြင့် “တခုခုမရေးမိ အောင်လို့ ကျနော့်ကီးဘုတ်ကိုတိပ်နဲ့ ပိတ်ထားတယ်“ ဟူ၍ ခပ်သုတ်သုတ် ရေးတင်ထားလိုက်သည်။ ထို့နောက် ရုပ်မြင် သံကြားရှေ့ သွားထိုင်နေလိုက်သည်။
သို့သော် တီဗွီ၌ အာရုံစူးစိုက်၍ စိတ်ကို တည်ငြိမ်အောင် ထိန်း၍မရ။ ဂစ်တာရှိလျှင်တော့ ဂစ်တာကြိုးများပေါ် ဖွာရရာ ခတ်မိ မည်ထင်သည်။ လျော့တိလျော့ရဲ ကြိုးများကြောင့် ထွက်ပေါ်လာမည့် အက်ကွဲကွဲအသံကြောင်များအား မကျေမချမ်း ညှိကောင်းညှိနေနိုင်သည်။ သို့သော် ဂစ်တာက မရှိ။ ဂစ်တာမတီးဖြစ်သည်မှာပင် ဆယ့်လေးငါးနှစ် မကတော့။ “မကျေနပ် ဘူး”၊ “တို့လာတယ်” စသဖြင့် ဟိုတုန်းကနှယ် စိတ်လိုလက်ရ ဟစ်ပစ်ချင်မိသည်။
သို့နှင့် စာဖတ်လျှင်ကောင်းမည်ဟု စဉ်းစားသည်။ ကဗျာဖတ်ရလျှင် ဖြေသာမည်ဟုထင်မိသည်။ လူက နည်းနည်းလည်း တင်းနေသဖြင့် ခပ်ပြင်းပြင်း ကဗျာများ ဖတ်ချင်မိသည်။ ခပ်ပြင်းပြင်းကဗျာများဆိုသဖြင့် ကျနော်နှစ်သက်သည့် ကဗျာဆရာမ များ ရေးထားကြသည့် “လေသံပြင်းပြင်း”ကဗျာစာအုပ်လေးကို သွားသတိရသည်။ သို့သော် မှာထားသည့် စာအုပ်က ခုထိ ရောက်မလာသေး။ သို့နှင့် သိမ်းထားသည့် ပိုစ့်များထဲမှ ခေမာရှင်းရေး၍ ရွှေပိုးအိမ် (ပဲခူး) ရွတ်သည့် “စက်ရုပ်မိန်းမ” ဗွီဒီယို ကလစ်ကို ဖွင့်ကြည့်ဖြစ်သည်။ ကြားတချက် မကြားတချက် နားထောင်နေရင်း စိတ်ထဲနည်းနည်းတော့ ငြိမ်လာသလိုရှိ သည်။
အမှန်တကယ်က ကျနော့်အပြစ်ဟုပြောလျှင် ပိုမှန်မည်ထင်သည်။ စောစောက ပိတ်ထားသည့် facebook ကို ယောင်၍ သွားဖွင့်ကြည့်လိုက်မိသဖြင့် ငြိမ်းလုလုမီးက ဝုန်းခနဲ ထတောက်သည်။ အမှတ်မရှိသဖြင့် နှစ်ထပ်ထိခဲ့ရသည့် စိတ်အနာတရ၊ စိတ်ဒဏ်ရာက ငေါက်ခနဲ ပြန်ထသည်။ သို့သော် လုပ်စရာက မယ်မယ်ရရ မရှိ။ အဖြူထည်ကြီး ဖြစ်နေသည်။ “ဒါလောက် တောင် ဖြစ်လှတာ၊ ကွဲပြီး ဟဲမယ်ကွာ“ဟု ဆုံးဖြတ်၍ သီချင်းဖွင့်လိုက်သည်။
ရှရှတတ ရှိလှသည့် ကိုညီထွဋ်အသံကြားလိုက်ရသဖြင့် ကျေနပ်သလိုရှိသွားသည်။ ကျနော့်အတွက်လိုအပ်နေသည်မှာလည်း အက်ကွဲနေသည့် ဖေဖော်ဝါရီလို အက်ကွဲနေသည့် အပြင်းစား ရသ။ ကျနော်တို့ပြောနေကျစကားနှင့်ဆိုလျှင် “ကိုယ်တို့က ဒိုင်းညောင့်“။ တဘက်မှာကျပြန်တော့လည်း ကိုယ့်ကိုယ်ကိုယ်လည်း အားနာရသည်။ ရုပ်ကြမ်းကြီးနှင့် နွဲ့နေ၍မရ။
ကျနော်ဖွင့်လိုက်မိသည့် သီချင်းလေးက ဆောင်းဦးလှိုင်ရေး၍ ဇော်ဝင်းထွဋ်ဆိုထားသည့် “ဒဏ်ရာရထား”။ သူ့သီချင်းတို့၏ ထုံးစံအတိုင်း စာသားများက ကဗျာဆန်ဆန်လှပသည်။ ဆောင်းဦးလှိုင်၏ ဒဏ်ရာရထားလေးက ပြေပြေလေး ခုတ်မောင်း၍ ဖြေးဖြေးချင်း ချဉ်းနင်း ဝင်ရောက်လာသည်။ ဥသြသံရှည် ဆွဲသံကြားကတည်းက ဟန်ရေးတပြပြဖြစ်နေသည့် မြို့က လေးသည် Chorus အပိုဒ်အရောက်၌ တောင့်မခံနိုင်တော့။
“ယုံကြည်နေတာတွေ xxx ဒီကမ္ဘာမှာ ပြိုကျတော့ xxx ရင်ထဲ ထိချက်က ပြင်းလွန်း“
ရေခဲပင် ရောမနေတော့။ ခွက်ကြမ်းပက်ချလိုက်သည်။ ရင်ခေါင်းတလျှောက် ပူခနဲဆင်းသွားသည်။ သီချင်းသံက ဆက်လွင့် နေသည်။ သူကလည်း ဆက်ကာ ဆက်ကာ မော့နေသည်။
“မှန်မယ်ထင်တာတွေ xxx ဒီအချိန်မှာ အကုန်မှားတော့ xxx“
ခွက်ထဲပင် ငှဲ့ မနေတော့။ ပုလင်းလိုက် မော့ချလိုက်သည်။
ချစ်ကြည်စွာဖြင့်
အောင်မော်ဦး
၁၆၊ ဖေဖော်ဝါရီ၊ ၂၀၁၇။