ဓာတ်ပုံ - မောင်ရစ် |
မောင်ရစ်နဲ့ သူ၏ ဆရာစွမ်း
(မိုးမခ) ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၇
ဆရာစွမ်း မွေးနေ့က ဖေဖော်ဝါရီ ၁၇ပါ။ သူ အသက် ၈၀ ပြည့်ပြီ ဖြစ်ပါတယ်။ ဆရာစွမ်းက မောင်ရစ်ကို ဆရာ တပည့်လို ပေါင်းပါတယ်။ သူက ဆရာပေါ့။ ကျနော်က တပည့်ပါ။ သူငယ်ချင်းတွေလိုလည်း ပေါင်းပါတယ်။ သူက သူငယ်ချင်းကြီးပေါ့။ မောင်ရစ်က သူငယ်ချင်းအငယ်ပါ။ မောင်ရစ်အဖွားကို သူက အမကြီးလို့ ခေါ်ပါတယ်။ မောင်ရစ်အဖေကိုတော့ ကိုခင်မောင်ဝင်းတဲ့။ သူက မောင်ရစ်အဖေနဲ့ အသက်မတိမ်းမယိမ်းဆိုတော့ ကျနော်က သူ့တူ သူ့သားအရွယ်ပေါ့ ခင်ဗျာ။ မောင်ရစ်ကလည်း ကိုယ့်ဦးလေးအရင်း ဘကြီးအရင်းတွေ ဆွေမျိုးအရင်းကြီးတွေလို စာရေးဆရာကြီးများကို သဘောထားပြီး ရင်းရင်းနှီးနှီး လက်ပွန်းတတီးပေါင်းပါတယ်ခင်ဗျ။ ခင်မင်စရာ လူကြီးတွေဆိုလို သူတို့ပဲ ရှိတယ်လို့ စိတ်ထဲမှာ ထင်ထားတာပါ။ ပြီးတော့ ဆွေမျိုးအရင်းတွေထဲမှာကလည်း စိန်ခင်မောင်ရီတို့လို ဦးလေးတွေ ဘကြီးတွေ ရှိတော့ စာရေးဆရာတွေက ကိုယ့်အမျိုးချည်းပဲ ထင်ထားတာပါ။ စာရေးဆရာတွေကလည်း အဖိုးအဖွားတွေကို သူတို့ မိဘဘိုးဘွားလို ဆက်ဆံကြတော့ ကိုယ်ကလည်း အပြန်အလှန် ကိုယ့် ဦးဦးဒေါ်ဒေါ် ကိုကိုမမ လို သဘောထားလိုက်တာကိုး။
ဆရာစွမ်း ရန်ကုန်ရောက်တော့ အိမ်ထောင်နဲ့ မိသားစုနဲ့ အိမ်ငှားနေတော့ အဘိုးအဘွားတွေနဲ့ ပတ်သက်ပြီး သူတို့အိမ်တွေ ရောက်ဖူးပါတယ်။ သိပ်အခင်ကြီးမဟုတ်ပါဘူး။ အစပိုင်းက။ နောက်တော့ စွမ်းတို့ ဂျမ်းတို့ ယဉ်မင်းပိုက်တို့ အိမ်မှာ စကားဝိုင်းဖွဲ့ကြတော့ ကလေးတဦးအနေနဲ့ ဘေးကနေ ငေးမောကြည့်ဖူးပါသပေါ့။ သည်တော့ သူတို့တွေကို စိတ်ထဲမှာ ခင်မင် သံယောဇဉ်တွယ်မိနေတာ မဆန်းပါ။ သည်လိုနဲ့ အရွယ်ရောက်လာတဲ့နောက် ဆရာတွေနဲ့လည်း ဝေးကွာသွားခဲ့ရပါတယ်။
ဒါပေမယ့် ဖြစ်ချင်တော့ မြန်မာပြည်ရဲ့ အဝေးတနေရာ အမေရိကားပြည်မှာ ဆရာစွမ်းတို့ ဆရာဂျမ်းတို့နဲ့ ပြန်ဆုံရပါတယ်။ စာပေ မိတ်ဆွေ သူငယ်ချင်းတွေ ခေါင်းပါးတဲ့ အဝေးပြည်မှာ ဆရာတို့ကို ပြန်တွေ့ရတာ အမျိုးတွေ ပြန်တွေ့ရသလို မောင်ရစ်တို့ ဘယ်လောက်တောင် ပျော်ရွှင် ၀မ်းမြောက် သွားမယ်ဆိုတာ စာဖွဲ့ပြလို့ ရမယ် မထင်ပါ။ ဆရာတွေကလည်း သူတို့နဲ့ ငယ်စဉ်က ကွဲသွားတဲ့ တူကလေး သားကလေး ပြန်ဆုံတွေ့ရသလို လက်ချင်းမြဲမြဲ ဆွဲဆုပ်ထားလိုက်တာ ပြန်မလွှတ်တော့တာ တသက်လုံးပဲ ဆိုကြပါစို့ရဲ့။
စွမ်းတို့ ဂျမ်းတို့က မိုးမခကို မြေတောင်မြှောက်ပေးပါတယ်။ စွမ်းတို့ ဂျမ်းတို့ဟာ သီးခံခွင့်လွှတ်ခြင်း ကြီးစွာနဲ့ မောင်ရစ်ကို အားပေးကူညီ စောင့်ရှောက်ပါတယ်။ အလိုက်ကမ်းဆိုး မသိတဲ့ ကလေးတကောင်ကို မျက်စိအောက်က မပျောက်အောင်ကြည့်ပြီး စောင့်ရှောက်ထားတာကို အခု ပြန်စဉ်းစားမိတော့ ကိုယ့် မိဘဘိုးဘွားတွေ မျက်စိကွယ်ရာမှာ ရှင်သန်ခဲ့ရာတာမှာ ဆရာကြီးတွေ မျက်စိအောက်ဖြစ်ခဲ့လို့ မောင်ရစ် လမ်းမမှား စိတ်တွေ ထွေမပြားဖြစ်ခဲ့ရတာပါလား လို့ ကျေးဇူးကို အောက်မေ့မိပါတယ်။
ဆရာဂျမ်းကတော့ အပြစ်တင်တတ် ဆူပူတတ်သူ မဟုတ်ပါ။ ဂရုဏာကြီးပါတယ်။ လုပ်ပေးနိုင်တာ လုပ်ပေးပြီး မလုပ်ပေးနိုင်တာ မလုပ်ပေးချင်တာဆို ဆိတ်ဆိတ်နေပြီး မျက်နှာလွှဲနေတတ်ပါတယ်။ ဆရာစွမ်းကတော့ ဝေဖန်ရေးဆရာဆိုတော့ စွာပါတယ်။ အပြစ်တင်တတ်၊ ဝေဖန်တတ်၊ ဆူပူ ထောက်ပြတတ်ပါတယ်။ စိမ်းစိမ်း ကျက်ကျက် ဝေးဝေးနီးနီး မျက်နှာသိပ်လွှဲနေတတ် သူ မဟုတ်ပါ။ သည်တော့ မောင်ရစ်ခင်ဗျာ ဆရာစွမ်း၏ အဆူအပြော ဝေဖန်ပြစ်တင်မှုတွေကို အမြဲမပြတ် ခံယူနေရတာပေါ့ခင်ဗျာ။ မောင်ရစ်ကတော့ ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက မြင်တွေ့ ရင်းနှီးတဲ့ ဘကြီး ဦးကြီးတွေ စာပေအမျိုးရင်းကြီးတွေ ပြောတာ ဆိုတာများကတော့ ပန်းနဲ့ ပေါက်တာပဲ လို သဘောထားတော့ အပြုံးအရယ်လည်း မပျက်ပါ။ တခါတလေ ပြန်ပြီးတော့တောင် နှုတ်လှန်ထိုးတာတွေ ဆင်ခြေ လက်ခြေတွေ ပေးတတ်လို့ ဆရာစွမ်းလည်း အတော်ကို ပြန်သီးခံရပုံပါ။
ဆရာစွမ်းက ခိုင်းတာတွေ လုပ်စေချင်တာတွေ အများကြီးပါ။ မောင်ရစ်က မိုးမခမှာ ခြေတရွတ်တိုက်ဆွဲပြီး ဆူဆူဆောင့်ဆောင့်နဲ့ လုပ်ပေးရတာပါ။ သူ စီစဉ်ပေးလို့ စာပေကဏ္ဍတွေ မှတ်စုမှတ်တမ်းတွေ စုံလင်တာပါ။ ဘယ်က တန်ဖိုး ရှိပြီး ဘာက ဘယ်လို သိမ်းဆည်း တင်ပြတတ်အောင် သင်ပေးတာပါ။ သူရှိနေလို့ သူ့ ပရိသတ်တွေ မိတ်ဆွေတွေက မိုးမခကို ၀န်းရံပြီး ရေးသားပေးကြတာပါ။ စွမ်းတို့ ဂျမ်းတို့က မိုးမခကို သူတို့ကလေးသူငယ်လို အရိပ်အာဝါသပေးတာမို့ အခုလို အရွယ်ရောက်ရ ကြည့်ပျော် ရှုပျော်လေး ဖြစ်ရတာပါ။ စွမ်းတို့ ဂျမ်းတို့ မျက်နှာနဲ့ ကြေးမုံဦးသောင်း၊ မောင်သာရ၊ အန်တီ ဒေါ်မာမာအေး၊ ဦးဝင်းဖေ တို့တတွေက မိုးမခမှာ သူတို့ စာမူတွေ ဖော်ပြခွင့်ကို မေတ္တာနဲ့ ခွင့်ပြုခဲ့ကြတာပါ။
အရင်တုန်းက မောင်ရစ်ကို မိတ်ဆက်ရင် အဖိုးအဖွားတွေ အမည်နဲ့ … ဒါ သူတို့မြေးလေ မောင်ရစ်လို့ မိတ်ဆက်ပေးကြတယ်။ ဒါနဲ့ မောင်ရစ်တယောက် မျက်နှာပွင့်တယ်ပေါ့။ နောက်တော့ စွမ်းတို့ ဂျမ်းတို့ အမည်နဲ့ မောင်ရစ်ကို မိုးမခကို မိတ်ဆက်ရပါတယ်။ ဆရာစွမ်းတို့ ဆရာဂျမ်းတို့ မွေးစားထားတဲ့ မောင်ရစ်ပါ၊ မိုးမခမီဒီယာပါ ပေါ့လေ။ သည်လိုနဲ့ လူတောထဲ တိုးနိုင်ခဲ့တာပါ။ ဆရာတွေရဲ့ မေတ္တာနဲ့ စောင့်ရှောက်မှုဟာ ကြီးမားပါတယ်။ ဆရာတို့ကို ချစ်ခင်သူတွေက ကျနော်တို့ကိုလည်း မေတ္တာထားပါတယ်။ အားပေး စောင့်ရှောက်ပါတယ်။ မိုးမခမှာ တင်ဆက်ခဲ့သမျှ စာမူတွေ အတော်များများဟာ စွမ်းတို့ ဂျမ်းတို့နဲ့တကွ ဆွေတော်မျိုးတော် စာပေသမားတွေအများရဲ့ ပို့သခဲ့သော မေတ္တာတွေချည်းပါပဲ ခင်ဗျာ။
စွမ်းက ဂျမ်းကွယ်လွန်ပြီးနောက် ၂၀၀၇ ကတည်းက မိုးမခကနေ စာအုပ်ထုတ်ဖို့ တိုက်တွန်းပါတယ်။ စွမ်းရဲ့ စာအုပ် တအုပ်ဖြစ်ဖြစ် ထုတ်ပါလားလို့လည်း အကြံပေးပါတယ်။ တင်မိုးအကြောင်း ရေးထားတဲ့ သူ့ဆောင်းပါးတွေ စုပြီး စာအုပ်ထုတ်ဖို့လည်း ပြောပါတယ်။ သူများတွေကသာ ဆရာစွမ်းစာအုပ်တွေ ယူထုတ်သွားတယ်၊ လူရင်းတွေနဲ့ မိုးမခက စွမ်းကော ဂျမ်းကော စာအုပ်တွေကို စိုက်ထုတ်ပြီး စာအုပ်အဖြစ် မထုတ်ဖူးခဲ့ပါ။ အတော် ညံ့တဲ့ မောင်ရစ်နဲ့ မိုးမခက လူတွေပါ။
သည်လိုနဲ့ ၂၀၁၇ ထဲ ရောက်လာတယ်။ ၂၀၁၆ ဒီဇင်ဘာထဲမှာ ဆရာဂျမ်းရဲ့ အရိုးအိုး ကို သူ့ကျန်ရစ်သူမိသားစုတွေက အိမ်ပြန်ပို့ခဲ့ကြတယ်။ ဂျမ်း ကို အိမ်ပြန်ပို့တော့ စွမ်းရဲ့ သူငယ်ချင်းတင်မိုးအကြောင်း ဆောင်းပါးတွေ စုစည်းပြီး ထုတ်ပါလားလို့ စွမ်းက တိုက်တွန်းပြန်ပါတယ်။ ဆရာကလည်း ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ကလေးတဦးလို အချိန်တွေ ဆွဲနေခဲ့မိရာက ဇန်န၀ါရီထဲမှာ ဆရာစွမ်းနဲ့ စကားပြောဖြစ်ပြန်တော့ ငါလည်း အသက် ၈၀ ပြည့်တော့မယ်ကွ၊ လာမယ့် ဖေဖော်ဝါရီလို့ ပြောပါတယ်။ အင်း သည်တခါတော့ ငါတို့တွေ အချိန်ဆွဲနေတာနဲ့ ဆရာကြီးတွေကို ငါတို့တတွေ ကျေးဇူးသိတတ်ကြောင်း မပြဖြစ်ခဲ့တာတွေကို အချိန်မီ အမြန်ဆုံး လုပ်ကြမှလို့ သဘောပေါက်မိတယ်။ ဆရာစွမ်း သက် ၈၀ပြည့် အမှတ်တရနဲ့ ဂျမ်းကွယ်လွန်ခြင်း ၁၀ နှစ် အလွန်မှာ မောင်စွမ်းရည် ရေးခဲ့တဲ့ သူ့သူငယ်ချင်း တင်မိုး (ဆောင်းပါးများ ပေါင်းချုပ်) တကယ်ကို မိုးမခကနေ ထုတ်ပါ့မယ် ဆရာစွမ်းရယ်။ ဂတိ အစစ်အမှန် ပေးလိုက်ပါတယ်။
ဆရာစွမ်းကတော့ သိပ်ယုံမှာ မဟုတ်ပါ။ စာလုံးပေါင်းတွေ မှား၊ စာတွေ မှား ၊ လုပ်ပုံကိုင်ပုံ မှားလို့ အာပေါက်အောင် ဘယ်လို ပြောပြော မောင်ရစ်တို့က “ဟုတ်ကဲ့ဆရာ၊ ကျနော် အခုပဲ ပြင်လိုက်ပါပြီ ဆရာ” ဆိုပြီး ပုံပြောတာ များလှတော့ ယုံချင်မှ ယုံပါလိမ့်မယ်။ ပြီးတော့လည်း ခွင့်လွှတ်စိတ်နဲ့ မေတ္တာစိတ်နဲ့ မောင်ရစ်တို့ မိုးမခအတွက် စာမူတွေ လက်ကိုင်ဖုံးလေးက ကင်မရာနဲ့ ရိုက်ပြီး ပို့ပေးပါလိမ့်ဦးမယ်။ “စာမူတွေကို သေချာ ရိုက် သေချာ ပြန်စစ် ပြီးမှ မသေချာရင် ငါ့ကို မေး” လို့ ပြောဦးမှာပါ။ မောင်ရစ်ကလည်း “ဟုတ်ကဲ့ဆရာ” ဆိုပြီးတော့ တလွဲဖြစ်သွားလည်း “ပြင်လိုက်ပါ့မယ် ဆရာ ပြင်လိုက်ပါ့မယ် ဆရာ” လို့ အကြိမ်ကြိမ် ထပ်ပြောဦးမှာ။ စာပေအမျိုးအဆွေတွေဟာ ဘယ်တော့မှ ရန်မဖြစ်ပါ။ နဲနဲပါးပါး ကျွဲမြီးတိုတာပဲ ရှိကြတာမို့ ဆရာကတော့ ခွင့်လွှတ်နေဦးမှာပါ။
ကဲ ။ ဆရာစွမ်းလည်း သက် ၈၀ ပြည့်ပါပြီ။ ကျနော်လည်း ဘာပဲဖြစ်ဖြစ် မွေးနေ့လက်ဆောင် စာလေးလည်း ရေးလိုက်ပါတယ်။ သူက နားလည်း လေးတော့ စာကို အသံထွက် ဖတ်ပြလည်း ကြားချင်မှ ကြားမှာ။ မိုးမခဒေါ့ကွန်ဆိုတာလည်း ဘယ်ရှာရမှန်း မသိပါ။ မိုးပေါ်မှာလား၊ မြေအောက်ထဲလား သိပ်ပြီး ရှင်းရှင်းလင်းလင်း သိချင်မှ သိမှာ။ သူကတော့ စာပေသံယောဇဉ် စာပေအမျိုးအဆွေ တလမ်းတည်း လျောက်ကြသူများအဖြစ်နဲ့ စွမ်းက မောင်ရစ်တို့ မိုးမခတို့ဘက်က ရပ်တည်ပေးနေဦးမှာပါ။ မြန်မာပြည်သူတွေအတွက် သူက ကလောင်လက် ထက်နေမြဲ ထက်နေဦးမှာပါ။
စွမ်း သက်တော် ရာကျော် ရှည်ပါစေ။