မောင်ရစ် - ရွေးကောက်ပွဲ ပြီးတော့ ပင်လုံ - နောက်ပြန်ရုပ်ရှင်ပြခြင်း
အယ်ဒီတာ့လက်ရေး၊ မိုးမခ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
ဖေဖော်ဝါရီလတွင်းမှာ ပင်လုံညီလာခံ ဒုတိယအကြိမ် ခေါ်နိုင်မယ် ထင်နေတာကနေ မတ်လကို ရွှေ့သွားပါပြီ။ ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့မှာတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည်က NCA လို့ ခေါ်တဲ့ အပစ်ရပ်စာချုပ်ကို အားလုံး ၀ိုင်းလက်မှတ်ထိုးကြပြီး ၂၁ ရာစု ပင်လုံလမ်းစဉ်ကို ဆက်သွားကြဖို့ တိုက်တွန်း ပြောဆို မေတ္တာရပ်ခံသွားပါတယ်။ လက်မှတ်ထိုးထားပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း ဆက်ပြီး ပြောဆို ဆွေးနွေး သဘောတူညီချက်တွေ ဆက်လုပ်ရမှာတွေ ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။ တပါတည်းမှာ တိုင်းနဲ့ ပြည်နယ်အလိုက် တိုင်းရင်းသားနဲ့ ဒေသခံကိုတွေကိုယ်စားပြုတဲ့ ညီလာခံတွေ ဆွေးနွေးပွဲတွေလည်း ဆက်လက်ကျင်းပ ဆွေးနွေးဖြစ်နေကြတယ်လို့ သိရပါတယ်။
ပင်လုံဆိုတာကို "အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ"အားလုံးက လုပ်နေကြတဲ့နေရာမှာ ယေဘူယျ အားဖြင့် နားလည်မိတာကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားလူမျိုးစု အားလုံး အတူတကွ ငြိမ်ချမ်းစွာ ယှဉ်တွဲ နေထိုင်ရေး၊ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ပြန်လည် တည်ဆောက်ရေးနဲ့ အဲသည်အတွက် လိုအပ်ချက်တခုဖြစ်တဲ့ အခြေခံဥပဒေကိုပါ ပြင်ဆင်ပြဌာန်းနိုင်ရေးတွေ ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးခေါင်းဆောင်တွေ ကြိုးပမ်းစဉ်တုန်းကတော့ တိုင်းရင်းသားတွေနဲ့အတူ တောင်ပေါ် မြေပြန့် အားလုံး လွတ်လပ်ရေး အတူတကွ ယူကြရေး ဖြစ်ပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးအတွက် အာမခံချက်တွေ ကတိက၀တ်တွေလည်း ပါခဲ့ပါတယ်။ အဲသည်တုန်းကလည်း အတိုက်အခံတွေ အတားအဆီးတွေ ရှိခဲ့ကြပါတယ်။ လုံးဝ လွတ်လပ်ရေးကို တခါတည်း လိုချင်ကြသူတွေရှိသလို၊ ကိုလိုနီအရှင်တွေနဲ့ အဆက်အသွယ် တုံးတိမဖြတ်တောက်ဘဲ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးတောင်းဆိုပြီး အိနြေ္ဒရရနဲ့ တဖြေးဖြေးချင်း လုံးဝလွတ်လပ်ရေးကို ရယူသွားဖို့ကိုလည်း ပြင်ဆင်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်မှာ ဦးနုခေါင်းဆောင်တဲ့ ဖဆပလနိုင်ငံရေး ခေါင်းဆောင်များက ကိုလိုနီအရှင်ဗြိတိသျှအစိုးရနဲ့ သဘောတူ ဆွေးနွေးခဲ့ကြတဲ့ စာချုပ်စာတမ်းများအတိုင်း မြန်မာပြည်လွတ်လပ်ရေးကို တောင်းဆို ရယူနိုင်ခဲ့ကြပါတယ်။ အဲသည်နောက်တော့ ပြည်တွင်းစစ်မီးကြီး တောက်လောင်ပြီး မြန်မာပြည်လည်း အာဏာရှင်လက်အောက် လုံးလုံးကျရောက်ခဲ့တယ် ဆိုရမှာပေါ့ ခင်ဗျာ။
အခုအချိန်မှာတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ ခုနင်က သမိုင်းဖြစ်စဉ်ကနေ မြန်မာပြည်ကို ပြန်ဆွဲထုတ်နေရသလို ဖြစ်မိကြောင်းပါ။ ရုပ်ရှင်ဖြစ်စဉ်လို ပြောရရရင် "ပြည်ထောင်စု တစုတည်းအဖြစ် သဘောတူကြ၊ လွတ်လပ်ရေးရ၊ ပြည်တွင်းစစ်ဖြစ်၊ အာဏာရှင်လက်ထဲကျ"ဆိုတာကိုး။ အခုကျတော့ နောက်ပြန်ရုပ်ရှင်ပြရသလို - "အာဏာရှင်လက်ထဲက လွတ်အောင်ရုန်းကြရ၊ ပြည်တွင်းစစ်မီး ပြန်ငြိမ်းသတ်ကြ၊ တောင်ပေါ်ကော မြေပြန့်ပါ အာဏာရှင်ဆီက လွတ်မြောက်ကြရ၊ ပြီးတော့မှ ပြည်ထောင်စုကြီးအဖြစ် ပြန်ဇာတ်ပေါင်းကြ"ဆိုတာမျိုး ဖြစ်နေလေမလား စဉ်းစားမိပါတယ်။
အဲသည်လို ဆိုလိုက်ပြန်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ထောက်ခံသူ ပြည်သူတွေဟာ "အာဏာရှင်လက်ထဲက လွတ်အောင်ရုန်းနိုင်ဖို့"ပထမအဆင့်နဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရအောင် အရင်ကြိုးပမ်းခဲ့ကြပါတယ်။ စည်းမျဉ်းခံပဲဖြစ်ဖြစ် ၉၁ ဌာနလို့ပဲဆိုဆို ဘယ်လိုပဲ အကန့်အသတ်ရှိရှိ ပြည်သူ့အစိုးရနဲ့ လူထုလွှတ်တော်ကို တောင်ပေါ် မြေပြန့် ဖြန့်ကျက်လို့ ရသမျှနေရာတွေမှာ ထူထောင်နိုင်ခဲ့ကြပါတယ်။ အဲသည်နောက်မှာမှ တိုင်းရင်းသားဒေသအသီးသီးက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့"ပြည်တွင်းစစ်ကြီး ပြီးနိုင်ဖို့"ထပ်မံချီတက် သွားရောက် ဆွေးနွေးမှုတွေ ဆက်ကြရပြန်ပါတယ်။ အတားအဆီးတွေ အတိုက်အခံတွေကလည်း ရှိနေပြန်ပါပဲ။ အာဏာရှင်များလက်က လုံးဝလွတ်မြောက်ရေးကို တခါတည်း လိုချင်ကြတဲ့ သဘောထားတွေ ရှိကြသလို၊ လက်ရှိ လက်နက်အာဏာတွေ ဆုပ်ကိုင်ထားဆဲ အလွှာအသီးသီးကအာဏာရှင်တွေ လက်ထဲကနေ နိုင်ငံရေးနည်းနဲ့ အိနြေ္ဒရရ တဖြေးဖြေးချင်း လွတ်မြောက်ရေးကို ရယူကြဖို့ဆိုတဲ့ သဘောထားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်တွေ လုပ်ကိုင် ဆောင်ရွက်နေကြတယ်လို့ သဘောထားသူတွေလည်း ရှိကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အဆင့်ကို ဖော်ဆောင်ကြဖို့ "ပင်လုံလမ်းစ"ကို နင်းမိပြီ ဆိုရင်ဖြင့် တိုင်းရင်းသားတွေ အားလုံး လက်နက်စွဲကိုင်မှုတွေ ချုပ်ငြိမ်းတဲ့ "ဖယ်ဒရယ်ပြည်ထောင်စုဆီ"ဆက်ချီတက်နိုင်ကြပါလိမ့်မယ်လို့ ထင်မြင်မိကြောင်းပါ။
ခုနင်က ဥပမာဆောင်မိတဲ့ ရုပ်ရှင်ဇာတ်ညွှန်းထဲကလို ဆိုရင် "နိုင်ငံရေးလုပ်ကြံမှုတွေ"ဆိုတာကလည်း ကျနော်တို့ မိဘပြည်သူတွေ ကြုံခဲ့ကြရတာတွေ သမိုင်းဖြစ်ရပ်တွေ ဒင်းကြမ်းနဲ့ဆိုတာ မမေ့အပ်ပါဘူးခင်ဗျား။ လုပ်ကြံမှုဆိုတာမှာ သမိုင်းဖြစ်ရပ်မှန်တွေကို ကွေးကောက် ပျက်ပြယ်သွားအောင် လုပ်ကြံတာမျိုးတွေ ရှိပါတယ်။
၈၈ အရေးတော်ပုံကြီး၊ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ အောင်မြင်မှု ဆိုတာတွေ၊ ကျောင်းသားအရေးအခင်း၊ သံဃာ့အရေးတော်ပုံတွေဟာ ဒီမိုကရေစီခရီးကြမ်းရဲ့ အဆင့်ဆင့် မြင့်စေသော အုတ်မြစ်တွေ၊ လှေကားထစ်တွေဖြစ်တယ်ဆိုတာကို မှေးမှိန် ကွယ်ပျောက်အောင် လုပ်ကြံခဲ့ကြတာကိုလည်း ကြုံခဲ့ကြရ ကြံ့ကြံ့ခံခဲ့ကြပြီးပါပြီ။
လူမျိုးရေး အဓိကရုဏ်း၊ တိုင်းရင်းသားအချင်း သွေးကွဲစေသော လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဘာသာရေး အဓိကရုဏ်းတွေကိုလည်း ပြည်သူလူထုက နိုင်ငံရေးအသိရှိရှိနဲ့ ရင်ဆိုင် ကျော်လွှားနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။
ထို့အတူ နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားများ၊ ကျောင်းသားများစွာကိုလည်း ထောင်တွေ၊ ညှင်းပမ်းရေးစခန်းတွေ၊ စစ်မြေပြင်တွေမှာ စစ်အာဏာရှင်တွေက ရက်စက်စွာ လုပ်ကြံ သတ်ဖြတ် ဖျောက်ဖျက်ပစ်ခဲ့တာတွေကိုလည်း မြန်မာပြည်သူတွေက ရင်စီးပြီး ခံခဲ့ကြ ရင်ဆိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၃ မေလ ဒီပဲယင်းမှာ မြန်မာပြည်ရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အမျိုးသားရင်ကြားစေ့ရေး ပြန်လည်သင့်မြတ်ရေး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာသော လောကသစ် ထူထောင်နိုင်ရေးအတွက် ဦးစားပေးပြီး လုပ်ကြံမှုကို လက်စားမချေ၊ သင်ပုံးချေပေးခဲ့ပါတယ်။
လောလောလတ်လတ်တင်ပဲ မြန်မာပြည်ရဲ့ နိုင်ငံရေးဥပဒေပညာရှင် ဦးကိုနီကိုလည်း အဖျက်သမား၊ အကြမ်းဖက်သမား၊ သောင်ကျန်းသူများက လူမြင်ကွင်းမှာ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်လိုက်တာကိုလည်း ပြည်သူတို့ ရင်ဆိုင်ခံစားခဲ့ကြပါတယ်။ သည်လုပ်ကြံမှုကြီးဟာ ကျနော်တို့ လက်ရှိ ရုန်းကန်နေကြတဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုအတွက် အဖျက်အင်အားမဖြစ်စေဘဲ စည်းလုံးညီညွတ်မှု အင်အားအဖြစ် ပြောင်းလဲနိုင်ခဲ့တာဟာ ထူးခြားကြီးကျယ်တဲ့ သမိုင်းသာဓက တခုအဖြစ် ကျန်ရစ်မှာ ဖြစ်ပါတယ်။
မည်သို့ပင် နိုင်ငံရေးလုပ်ကြံမှုတွေ ကြုံပါစေ ဖြတ်သန်းခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေကို သင်ခန်းစာယူထားနိုင်မယ်ဆိုရင် နိုင်ငံရေးမှာ ဆုတ်ယုတ်နိုင်စရာထက် တိုးတက်မှု အကောင်းဘက်ကို ရုန်းကန် တွန်းတိုက်ပြီး ချီတက် ရယူနိုင်ပါကြောင်း ယုံကြည်မိပါတယ်။ ဗိုလ်ချုပ် သက်ရှိထင်ရှားရှိခဲ့စဉ်က လွတ်လပ်ရေးအိပ်မက်၊ ပြည်ထောင်စုအိပ်မက်တွေဟာ နိုင်ငံရေး သွေးခွဲ လုပ်ကြံမှုတွေနဲ့ ပြိုကွဲ ပျက်စီးခဲ့ရတာတွေ ပြန်ပြောင်း စဉ်းစားပြီးတော့ သင်ခန်းစာတွေလည်း ပြန်ထုတ်နိုင်ကြမယ် ထင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုနေ့မှာ ပြောခဲ့ပါတယ်၊ ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲ အောင်မြင်ရေးဟာ သည်မျိုးဆက်ပြီးနောက် နောင်မျိုးဆက်သစ်တွေအတွက် ချန်ထားရစ်ရမယ့် အမွေကောင်းတွေ ဖြစ်စေရမယ် တဲ့။
နောက်ပြန်ရုပ်ရှင်ပြသလို မြင်ယောင်ကြည့်ရမယ်ဆိုရင်ဖြင့် … စစ်သားတွေဟာ နောက်ပြန်ချီတက်သွားကြတယ်။ သူတို့ ပစ်လိုက်တဲ့ ကျည်ဆံတွေဟာ သူတို့ သေနတ်ပြောင်းထဲ ပြန်ဝင်သွားကြ၊ သေနတ်မှန်ပြီး လဲကျသွားတဲ့ ကလေးတွေ အသက်ပြန်ဝင်၊ လူငယ်တွေဟာ အလံတွေ ဝှေ့ယမ်းရင်း လမ်းပေါ်မှာ နောက်ပြန် ချီတက်လို့ သူတို့ မိဘတွေ ရင်ခွင်ထဲ ပြန်ရောက်သွားကြတယ် ဆိုတာမျိုးပေါ့။ အဲသည်ကဗျာက ဗားတော့ဗရက်ရေးခဲ့တယ်လို့ ထင်တဲ့ နောက်ပြန်ရုပ်ရှင်ပြခြင်း ဆိုတာကို သတိရမိသလောက်နဲ့ အဆုံးသတ်လိုက်ပါတယ်။