မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ - အပိုင်း (၁၀)
(မိုးမခ) မတ် ၃၊ ၂၀၁၇
(မိုးမခ) မတ် ၃၊ ၂၀၁၇
● လက်ဝဲဝါဒ
မိမိအဖို့ ထိုသို့တိမ်းရှောင်နေသောကာလတွင် မိမိ၏ယုံကြည်မှုနှင့်ပတ်သက်သော အယူအဆများကို ပိုမိုလေ့လာဖြစ်သောကာလဟုဆိုနိုင်သည်။ ထိုစဉ်က မိမိအနေနှင့် ကျောင်းသားလှုပ်ရှားမှု ပါဝင်ခဲ့ပြီးနောက် ဗမာပြည်ကွန်မြူ နစ်ပါတီအခြေစိုက်ရာ အရှေ့မြောက်တောင်တန်းများဆီ အရောက်သွားနိုင်ရန် ကြိုးစားနေခြင်းသည် ယုံကြည်မှုကြောင့်ဖြစ်သည်။ မိမိတို့ ယုံကြည် မှုကို အများက လက်ဝဲဝါဒဟု ခေါ်ဆိုကြသည်။ ထိုထက်ပို၍ မတ်ဝါဒဟုလည်း ဆိုကြသည်။ ထိုစဉ်က တိကျစွာသုံးနှုံးသည် ကတော့ မတ်ဝါဒ လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်ဟူ၍ ဖြစ်ပါသည်။
၁၈၄၈ ခုနှစ်တွင် ကားလ်မတ်နှင့် ဖရက်ဒရစ်အိန်ဂျယ်တို့က ကွန်မြူနစ်ပါတီကြေညာစာတမ်းထုတ်ပြန်သည်မှစ၍ ဥရောပ တိုက်တွင် ကွန်မြူနစ်တစ္ဆေစတင်ခြောက်လှန့်ခြင်းခံရတော့သည်ဟု အဆိုရှိကြသည်။ မတ်နှင့်အိန်ဂျယ်က သဘောတရားတရပ်နှင့်စတင်ထူထောင်လိုက်သည့် ကွန်မြူနစ်ဝါဒသည် အယူဝါဒတရပ်အဖြစ်တည်ရှိရာမှ ဥရောပအလုပ်သမားလှုပ်ရှားမှု များတွင်စိမ့်ဝင်ရာမှ ၁၉၁၇ ခုနှစ်တွင် လီနင်ဦးဆောင်မှုဖြင့် ရုရှားတွင် အောက်တိုဘာတော်လှန်ရေးဆင်နွှဲပြီး ဇာဘုရင်ကို ဖြုတ်ချလိုက်ရာ ဥရောပတိုက်တွင်သာမက တကမ္ဘာလုံးအား လှုပ်နှိုးလိုက်သကဲ့သို့ဖြစ်သွားစေခဲ့သည်။ တကမ္ဘာလုံးအား ထိပ်ထိပ်ပြာပြာဖြစ်စေခဲ့သည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော သမိုင်းတလျောက် အစဉ်အလာတည်ရှိခဲ့သည့် အုပ် စိုးမှုကြီးအား ဖယ်ရှားခဲ့ပြီး စနစ်သစ်တရပ်ကို ဖေါ်ဆောင်လိုက်၍ ဖြစ်သည်။
မတ်နှင့်အိန်ဂျယ်က ရှေ့တန်းရောက် စက်မှု လက်မှု ထွန်းကားသည့်နိုင်ငံများတွင် ကျင့်သုံးဖေါ်ဆောင်သည် ကွန်မြူ နစ် တော်လှန်ရေးသည် ရုရှား၌အောင်မြင်လာပြီးနောက် ခေတ်နောက်ကျသည့် စက်မှု လက်မှု မဖွံ့ဖြိုးသေးသည့် ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်းနိုင်ငံများဟု ခေါ်ဝေါ်သတ်မှတ်ကြသည့် တတိယကမ္ဘာနိုင်ငံများသို့ပါ ကွန်မြူနစ်ဝါဒသည် ပြန့်နှံ့ခဲ့သည်။ ကွန်မြူ နစ်ဝါဒသည် "လူမွဲတို့၏ ထွက်ရပ်လမ်း"ဖြစ်ခဲ့သည်။ ဗမာပြည် အင်္ဂလိပ်ကိုလိုနီခေတ်မှာပင် လက်ဝဲဝါဒ ခေါ် ကွန်မြူ နစ်ဝါဒ ခေါ် ဘုံဝါဒသည် ပြန့်နှံ့လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ တိုးတက်သောလူငယ်များဦးဆောင်သည့် နဂါးနီစာ အုပ်တိုက်သည် လက်ဝဲစာပေစတင်ဖြန့်ဖြူးသူအဖြစ် ထင်ရှားခဲ့သည်။
၁၉၄၉ ခုနှစ် မော်စီတုန်းခေါင်းဆောင်သည့် တရုတ်ကွန်မြူနစ်ပါတီက တရုတ်တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲလိုက် နိုင်သည့်အခါ လက်ဝဲဝါဒသည် မဖွံ့ဖြိုးသေးသည့် တတိယကမ္ဘာနိုင်ငံများသို့ ပိုမိုပျံ့နှံ့ခဲ့သည်။ ယခုမိမိပြေးလွှားနေသော ကာလဖြစ်သည့် ၁၉၇၅ ခုနှစ်တွင်ပင် ဗီယက်နမ် လာအိုကမ်ပူကျဲ ခေါ် ကမ္ဘောဒီးယား စသည့် အင်ဒိုချိုင်းနား သုံးနိုင်ငံတွင် လက်ဝဲဝါဒ အောင်ပွဲခံခဲ့သည်။ စီးပွားရေးအရ စစ်ရေးအရ အင်အားတောင့်တင်းပြီး ထိုစဉ်က ခေတ်ပေါ်စစ်လက်နက်ပစ္စည်းမျိုး စုံတပ်ဆင်ထားသည့် အမေရိကန်တို့ အင်ဒိုချိုင်းနားဒေသတွင် ခွက်ခွက်လန် စစ်ရှုံးခဲ့ရသည်။ သို့ဖြစ်ရာ ၁၉၇၅ ပတ်ဝန်းကျင် ကား လက်ဝဲဝါဒ လေထုအမြင့်ဆုံးအချိန်ဟု ဆိုရမည်။
သို့သော် ဤသို့ဆိုခြင်းကြောင့် ထိုစဉ်က အားကောင်းသောလက်ဝဲ ဝါဒမှိုင်းမိကာ ဘုမသိဘမသိ ရောယောင်ပါသွားသည်ဟု ဆိုလိုချင်၍မဟုတ်ပါ။ မိမိသည်ထိုစဉ်အားကောင်းသော လက်ဝဲဝါဒ (ဝါ) ကွန်မြူနစ်ဝါဒကို ပြည့် ပြည့်စုံစုံ မဟုတ်သော်လည်း လက်လှမ်းမှီသလောက်လေ့လာပြီး မှန်ကန်သည်ဟု ယုံကြည်လက်ခံခြင်း ဖြစ်ပေသည်။ ထိုစဉ်က မိမိနားလည်သဘောပေါက် လက်ခံထားခဲ့သည့် အခြေခံသဘောထားများကို ပြန်လည်ဖေါ်ပြလိုပါသည်။
မတ်ဝါဒသည် စက်မှုတော်လှန်ရေးခေတ်ကာလတွင် ပေါ်ပေါက်လာခဲ့သော အယူဝါဒတခုဖြစ်ပြီး ၎င်းခေတ်ကာလအခြေ အနေများကို သုံးသပ်၍အဖြေရှာထားခြင်းဖြစ်သည်။ အတိတ်သမိုင်းခေတ်များ၏ပြောင်းလဲမှုများကို သုံးသပ်ထားခဲ့သကဲ့သို့ အနာဂါတ်ကိုလည်း မျှော်ကြည့်သုံးသပ်ထားသည်။ လက်ရှိ လူ့အဖွဲ့အစည်းနှင့်ပတ်သက်၍ ကွဲပြားနေသော လူတန်းစား လူ့အလွှာများကို ခွဲခြမ်းစိတ်ဖျာသုံးသပ်ပြီး စနစ်ဟောင်းမှ အုပ်စိုးသူ မင်းဆိုးမင်းညစ်များလက်မှ ပြည်သူလူထု လွတ်မြောက် ရာကို ညွှန်ပြထားသည်။
မတ် အိန်ဂျယ်တို့မှသည် မော်စီတုန်းအထိ ကွန်မြူနစ်ဝါဒကို လက်ခံယုံကြည် အကောင်အထည်ဖေါ်ခဲ့ကြ တိုက်ပွဲဝင်ခဲ့ကြ ဦးစီးဦးရွက်ပြု ခဲ့ကြသူများသည် နိုင်ငံရေးအရ စီးပွားရေးအရ စစ်ရေးအရ ပြည့်စုံသော အဘိဓမ္မာသဘောတရားကို တ ယောက်ပြီးတယောက် တဆင့်ပြီးတဆင့် မိမိတိုင်းပြည်အခြေအနေများဖြင့် ပေါင်းစပ်ကျင့်သုံးခဲ့ကြသည့်ပြင် သဘောတရား အရလည်း ဖြည့်စွက်ဖေါ်ပြခဲ့ကြသည်။ အယူဝါဒအရ ဘက်စုံက ပြည့်ပြည့်စုံစုံဖေါ်ပြခဲ့သည့် ဝါဒတရပ်အဖြစ် တွေ့ရသည်။ ကွန်မြူနစ်ဝါဒသည် နိုင်ငံရေးစီးပွားရေး စစ်ရေး ဘက်အားလုံး ပါဝင်သည့် "တစုံ"ဖြစ်သည်။
မတ်ဝါဒ၏ အခြေခံလုပ်ငန်းလမ်းညွှန်မှာ သဘောတရားနှင့် လက်တွေ့ပေါင်းစပ်ခြင်းဖြစ်သည်။ မတ်ဝါဒသဘောတရားဆို သည်မှာ အနုပဋိလောမ (Dialectic) နည်းဖြင့် ပြဿနာကိုချဉ်းကပ်သုံးသပ်ခြင်းဖြစ်သည်။ ဒိုင်ယာလက်တအား ကွန်မြူ နစ်များက အနုပဋိလောမဟု ပြန်ဆိုကြသည်။ ဒိုင်ယာလက်တစ်အဓိပ္ပါယ်မှာ ပြဿနာကို ယုတ္တဗေဒနည်းအရ ကျိုးကြောင်း ဆင်ခြင်၍ အမှန်တရားကို ဆန်းစစ်သုံးသပ်ခြင်းဟူ၍ ဖွင့်ဆို၍ရပါသည်။
လက်တွေ့ရင်ဆိုင်ရသော ပြသနာကြီးငယ်များ (လူအဖွဲ့အစည်းဆိုင်ရာပြသနာကြီးမှစ၍ အခြာအခြား ဖြေရှင်းရန်လိုအပ်သော ပြဿနာများ)ကို အနုပဋိလောမနည်းကျ ချဉ်းကပ်သုံးသပ်ပြီး ဖြေရှင်းခြင်းသည် မတ်ဝါဒ၏ အခြေခံလမ်းညွှန်မှုဟု မိမိနား လည်ခဲ့သည်။ လက်တွေ့ကျကျ ဖြေရှင်းရမည့် လူအဖွဲ့အစည်းပြသနာများကို လက်တွေ့တည်ရှိနေသည် ဖြစ်ရပ်များအပေါ် မျက်မှောက်ပြုခြင်းသည်လည်းကောင်း၊ အနုပဋိလောမနည်းနာ (ဝါ) ယုတ္တဗေဒနည်းအရ ကျိုးကြောင်းဆင်ခြင်၍ အမှန်တ ရားကို ဆန်းစစ်သုံးသပ်ခြင်းကို ဆုပ်ကိုင်ခဲ့ခြင်း မတ်ဝါဒကို မိမိယုံကြည်ခဲ့ခြင်း၏ အခြေခံဖြစ်သည်ဟု ဆိုရပါမည်။
မိမိဖေါ်ပြခဲ့သည့် ဖြစ်စဉ်ထဲတွင် အငြင်းပွားခံရဆုံးခံရသော လူပုဂ္ဂိုလ်နှစ်ဦးမှ စတာလင်နှင့် မော်စီတုန်းဖြစ်ပေလိမ့်မည်။ ထို့အတူ နောက်ပိုင်းကာလများ၌ ဖြစ်ပွားခဲ့သော တိန်အန်မင်အရေးအခင်း ဆိုဗီယက်ယူနီယံနှင့် အရှေ့ဥရောပကွန်မြူနစ် နိုင်ငံများပြိုကွဲခြင်း ပစ္စည်းမဲ့အာဏာရှင်စနစ်ပြဿနာ ဗဟိုမှချုပ်ကိုင်သည့် ဆိုရှယ်လစ်စီမံကိန်းစီးပွားရေးစနစ်ပြဿနာ စသည်တို့နှင့်ပတ်သက်၍ ပြောစရာ ငြင်းခုံစရာများစွာ ရှိပေလိမ့်မည်။ သက်ဆိုင်ရာအချိန်ကာလများတွင် မိမိ၏သဘောထား ကို ဆက်လက်ဖေါ်ပြသွားပါမည်။
လက်ရှိ ၁၉၇၅ ခုနှစ်ကာလပိုင်းတွင် သဘောတရားနှင့်လက်တွေ့ပေါင်းစပ်သော အနုပဋိလောမရုပ်ဝါဒကိုကိုင်စွဲသော တရား သေဝါဒကိုဆန့်ကျင်သော မတ်ဝါဒ လက်ဝဲဝါဒသည် မိမိယုံကြည်ခဲ့သည့် အယူဝါဒဖြစ်ခဲ့ပါသည်။
● ဗမာပြည်ကွန်မြူ နစ်ပါတီ (CPB)
ဗမာပြည်သို့ လက်ဝဲဝါဒ ပြန့်နှံ့လာသည်နည်းတူ ကွန်မြူနစ်ပါတီသည်လည်း ကိုလိုနီခေတ်ကပင် ဖွဲ့စည်းခဲ့ပြီဖြစ်သည်။ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် သခင်အောင်ဆန်း (နောင် ဗိုလ်ချုပ်အောင်ဆန်း) အတွင်းရေးမှူး အဖြစ်တာဝန် ယူသည့် ဗမာပြည်ကွန်မြူနစ်ပါတီ CPB ကို စတင်တည်ထောင်ခဲ့သည်။ ကနဦး ဗမာပြည်ကွန်မြူနစ်ပါတီတွင် သခင်အောင် ဆန်းနှင့်အတူ သခင်လှဖေ သခင်ဗဟိန်း သခင်စိုး ဒေါက်တာနတ်နှင့် ဂိုရှယ်တို့ပါဝင်ခဲ့ကြသည်။
တကယ်တမ်း CPB အားကောင်းလာခဲ့သည်မှာ ဂျပန်တော်လှန်ရေးကာလတွင် ဖြစ်သည်။ ဂျပန်တော်လှန်ရေးအတွင်း CPB သည် ဗမာ့တပ်မတော် ပြည်သူ့အရေးတော်ပုံပါတီတို့နှင့်အတူ "ဖတပလ"နောင် "ဖဆပလ"တပ်ပေါင်းစုတွင် ပါဝင်ခဲ့ပြီး ဖက်ဆန့်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအပြီး ပါတီကွန်ဂရက်ကျင်းပရာမှ အစပြု၍ ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသည်။ အနည်းစုက သခင်စိုးနှင့်အတူ အလံနီကွန်မြူနစ်ပါတီဟု ခွဲထောင်သည်။ အများစုကတော့ သခင်သန်းထွန်း သိန်းဖေမြင့်တို့၏ဦးစီးမှုဖြင့် CPB နာမည်ဖြင့် ဆက်လက်ရပ်တည်သည်။ ထိုစဉ်က စိုးကြီးကွန်မြူနစ် သိန်းသန်းကွန်မြူ နစ်ဟူ၍လည်း ခွဲခြား၍ ခေါ်ကြသည်ဟုဆိုသည်။ သခင်စိုးက အလံနီပါတီဟု ခွဲထောင်၍ CPB အား အလံဖြူဟု အစောပိုင်းကာလက ခေါ်ဆိုခဲ့ကြသေးသော်လည်း နောက်ပိုင်းတွင် ဗကပဟုသာ ခေါ်ဆိုကြသည်။
၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် CPB ၏လက်နက်ကိုင်တော်လှန်ရေးစတင်သည်။ ဤတွင် ပြည်တွင်းစစ်မည်သူ စသနည်းဟူသော မေးခွန်းနှင့်ပတ်သက်၍ အတော်ပင်အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။ ဖြစ်နေကြဆဲဖြစ်သည်။ မိမိအနေနှင့် လက်လှမ်းမှီသမျှ CPB က စတင်လက်နက်စွဲကိုင်သည်ဟု မယူဆပါ။ CPB အား မတရားသင်းကြေညာပြီး လိုက်လံဖမ်းဆီးခြင်းကြောင့် မလွဲမရှောင် လက်နက်ကိုင်ခဲ့ရသည်ဟု ယူဆသည်။ ဤအချင်းအရာ ပတ်သက်၍ ဖဆပလ အစိုးရတခုလုံး တာဝန်မရှိတောင်မှ အနဲဆုံးဖဆပလ ထိပ်တန်းခေါင်းဆောင် နှစ်ဦးတွင် တာဝန်ရှိလိမ့်မည်ဟု ခံယူထားသည်။ ဤကိစ္စကား အငြင်းပွားဘွယ်ရာ သမိုင်းဆိုင်ရာကိစ္စဖြစ်ပါသည်။မိမိလည်း ကောင်းစွာလက်လှမ်းမှီသည့်ကိစ္စမဟုတ်ပါ။ မတူကွဲပြားသည့်အမြင်များ ရှိနိုင်ပါသည်။ ယခင်ရော ယခုပါ မိမိခံယူထားသည့် အမြင်ကိုဖေါ်ပြခြင်းမျှသက်သက်ဖြစ်ပါသည်။
ထိုစဉ် ၁၉၇၅ ခုနှစ်က CPB သည် သက်တမ်း ၄၀ နီပါးရှိပြီဖြစ်သည့်ပြည်တွင်း၌ နိုင်ငံရေးသက်တမ်းအရင့်ဆုံးပါတီဖြစ်သည်။ မတ်ဝါဒအား ကိုင်စွဲခဲ့သည့် ပါတီလည်းဖြစ်သည်။ တိုင်းပြည် ကိုလိုနီလက်ထက်ကထဲက လူထုအတွက် မားမားရပ်၍ တိုက်ပွဲဝင်ခဲ့သော ပါတီ အစဉ်အလာကြီးခဲ့သောပါတီဖြစ်သည်။ ထို့ပြင် ထိုစဉ်ကာလ၌ မဆလစစ်အစိုးရအား ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တခုတည်း လောက်လောက်လားလား အားထားရသည့် ပါတီတရပ်အဖြစ်လည်း တည်ရှိနေသည်။
၁၉၇၀ နောက်ပိုင်းကစ၍ လကျာ်သမားများဟု အများက သမုတ်ကျသည့် ဦးနုနှင့် ဗိုလ်လက်ျာတို့သည် ထိုင်းနယ်စပ်၌ အခြေပြု ပြီး ပါလီမန်ဒီမိုကရေစီပါတီ (ပဒပ) အားဖွဲ့စည်း၍ မဆလအား လက်နက်ကိုင် တိုက်ခိုက်ရန်လုံးပမ်းမှု ရှိသော်လည်း လူထုအား မျှော်လင့်ချက်ပေးနိုင်သည့် အားကိုးအားထားရှိလောက်သည့် အနေအထားသို့ မရောက်နိုင်ခဲ့ပါ။ သို့သော် သူတို့သည်လည်း သူအဝန်းအဝိုင်းနှင့်သူတော့ရှိခဲ့ပေသည်။
မိမိအနေနှင့် CPB အားယုံကြည်ခဲ့ရာ၌ နောက်အဓိက ကျ သည့်အချက်တခုမှာ CPB အနေနှင့် ၁၉၄၈ ခုနှစ်မှစ၍ လက်နက်စွဲကိုင်တိုက်ခိုက်နေခြင်းနှင့် ၁၉၆၄ ခုနှစ်မှ စတင်ချ မှတ်ခဲ့သည့် စစ်နိုင်ရေးအာဏာသိမ်းရေးလမ်းစဉ်ကြောင့်ဟုဆိုရပါမည်။
● စစ်နိုင်ရေး အာဏာသိမ်းရေး
ထိုစဉ်က CPB တွင် ထင်ရှားသည့်နိုင်ငံရေးလမ်းစဉ် နှစ်ခုကိုတွေ့ရသည်။ တခုက "ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်း ရေးလမ်းစဉ်"ဖြစ်ပြီး ၁၉၅၅ ခုနှစ် CPB ဗဟိုကော်မတီအစည်းအဝေးက ချမှတ်ခဲ့သည့် လမ်းစဉ်ဖြစ်၍ ၅၅ လမ်းစဉ်ဟု လည်းခေါ်ကြသည်။ နောက်တခုက "စစ်နိုင်ရေး အာဏာသိမ်းရေးလမ်းစဉ်"ဖြစ်ပြီး ၁၉၆၄ ခုနှစ် ဗဟိုကော်မတီအစည်း အဝေးကချမှတ်ခဲ့သည့် လမ်းစဉ်ဖြစ်၍ ၆၄ လမ်းစဉ်ဟူ၍လည်း ခေါ်ကြပါသည်။
လက်ရှိ မဆလစစ်အစိုးရ၏ လက်နက်အာဏာဖြင့် ဖိနှိပ်မှုများလက်နက်ကိုင်တော်လှန်ပုန်ကန်ပြီး အဆုံးသတ်မှပင်ရမည်။ သို့မဟုတ်ပါက လူထု၏ဘဝသည် စစ်အင်အားဖြင့် အာဏာချုပ်ကိုင်ထားသည့်သူများ၏လက်ခုပ်တွင်း၌ မှောက်လိုမှောက် လှန်လိုလှန် ဘဝတွင်သာ ကျရောက်နေလိမ့်မည်ဟု မိမိယုံကြည်ခဲ့သည်။ မိမိတို့လို့ မဖွံ့ဖြိုးသေးသည့် စစ်တပ်အာဏာသိမ်းမှု ကြုံနေရသည့် နိုင်ငံများတွင် နိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝက ထွက်သည်။ စစ်အနိုင်တိုက် အာဏာမသိမ်းနိုင်ဘဲ လူထုဘဝကို ပြောင်းလဲ၍မရနိုင်ဟု ယုံကြည်ခဲ့ပေသည်။
အခြေခံအားဖြင့် စစ်နိုင်ရေး အာဏာသိမ်းရေးလမ်းစဉ်ကို လက်ခံသည်နှင့်အညီ ၅၅ လမ်းစဉ်အားကိုင်စွဲသူများအား ဖောက် ပြန်သူများအဖြစ်လည်းကောင်း "ထိုးစစ်ကို ထိုးစစ်နှင့်ရိုက်ချိုးရေး စစ်ရေးလမ်းစဉ်အား"လက်ခံခဲ့သည်။ သို့သော် မိမိအနေ နှင့် ပါတီတွင်း ပြည်သူလူထုတွင်းမတူသော အယူအဆများနှင့်ပတ်သက်၍ လက်ငင်းဖြတ်သန်းရသောအခါတွင်လည်း ကောင်း၊ စစ်ဖက်ဆိုင်ရာအတွေ့အကြုံများကို ဖြတ်သန်းရသောအခါတွင်လည်းကောင်း ပြန်လည်ဆင်ခြင်သုံးသပ်ခွင့် ရခဲ့ပါ သည်။
ထို့ပြင် ထိုစဉ် CPB ခေါင်းဆောင်များ ကျဆုံးရခြင်း အခြေခံဒေသအချို့ဆုံးရှုံးရခြင်းနှင့်ပတ်သက်၍ တော်လှန်ရေးတရပ်တွင် မလွဲမသွေကြုံရသည့် စွန့်လွှတ်စွန့်စားရမှုဟု သဘောထားခဲ့သည်။ ထို့ပြင် ပါတီခေါင်းဆောင်များ ကေဒါများ ပါတီဝင်များ၏ ကိုယ်ကျိုးစွန့်လွှတ်အနစ်အနာခံမှုများမှာလည်း မိမိတို့အတွက် စံနမူနာယူစရာ လေးစားဖွယ်ရာဖြစ်နေခဲ့သည်။ ထို့ပြင် လက် နက်ကိုင်၍ ဖိနှိပ်မှုအား လက်နက်ကိုင်တော်လှန်ခြင်းသည် တရားသည်ဟူ၍လည်းကောင်း၊ လက်နက်ကိုင်တော်လှန်ရေးသည် မရှိရာမှ ရှိရာသို့ အားနည်းရာမှ အားကြီးရာသို့ ရေရှည်လုံးပမ်းတိုက်ခိုက်ရမည်ဖြစ်စဉ်ဖြစ်သည်ဟု ခံယူခဲ့ကြသည်။ မိမိရည် မှန်းချက်ကို လက်နက်ကိုင်ခြင်းဖြင့် အလွယ်တကူရရှိလိမ့်မည်ဟု ယူဆထားခြင်းမရှိပေ။ ကွန်မြူနစ်တို့၏လက်နက်ကိုင် တော်လှန်ရေးသည် ရေရှည်စစ်ဖြစ်သည်ဟု ခံယူထားကြသည်။
ချုပ်၍ ဆိုရလျင် အထက်ပါအခြေခံအကြောင်းအချက်များသည် မိရိုးဖလာ ဗုဒ္ဓဘာသာလွှမ်းမိသည့် အဝန်းအဝိုင်းတွင်းကြီးပြင်း လာပြီး ကွန်မြူနစ်ဆိုသည်မှာ ဓမ္မန္တရယ်ဟု ခေါ်ဆိုတိုက်ခိုက်နေသည့်ကြားမှ ကွန်မြူနစ်ဝါဒနှင့်ပါတီကို ယုံကြည်လာ ခဲ့ခြင်း ကို အကြမ်းပြင်းဖေါ်ပြခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း ၁၉၉၀ ခုနှစ်နောက်ပိုင်း မိမိတို့အဖမ်းခံရသည့်အခါ စစ်ထောက်လှမ်း ရေးအရာရှိများက"ခင်ဗျားတို့က အစ်ဇင် (ism) တွေဗျ။ အယူဝါဒတခုကို ခိုင်ခိုင်မာမာနဲ့ယုံပြီး အကောင်အထည်ဖေါ်ဖို့ လုပ်ကြသူတွေ။ ခင်ဗျားတို့ကို ကျနော်တို့ ပေါ့ပေါ့ဆဆ သဘောထားလို့မရဘူး"ဟု ဆိုခဲ့သည်။ သူတို့၏ဆရာကြီးဖြစ်သူ ဗိုလ်ခင်ညွန့်ပြောသည့် Once a communistalways communist တခါကွန်မြူနစ်ဖြစ်ရင် တသက်လုံးကွန်မြူ နစ်ဘဲ ဆိုသည့်စကားကို အကျယ်ရှင်းခြင်းဖြစ်ပုံရသည်။
ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)