မောင်စွမ်းရည် - ဆရာကြီး ဦးခင်မောင်လတ် (ရာပြည့် ဘဘလတ်သို့ အလွမ်းစာ)
(မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၅
မြန်မာစာပေလောကမှာ နာမည်ကျော်စုံတွဲ စာရေးဆရာလေးငါးတွဲ ရှိပါတယ်။ စိတ်တူကိုယ်တူ၊ဝါသနာတူ စုံတွဲတွေဖြစ်လို့ အားကျစရာကောင်းပါတယ်။ ဆရာကြီးဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်၊ လူထုဦးလှ ဒေါ်အမာ၊ ဆရာတက်တိုး ဒေါ်နုယဉ်၊ ဂျာနယ်ကျော်ဦးချစ်မောင် ဒေါ်မမလေး၊ မင်းယုဝေ ငွေတာရီ စတဲ့ စုံတွဲတွေဖြစ်ပါတယ်။ ကျနော်က အညာမှာနေတာများလို့ ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ ငွေတာရီတို့ဆိုရင် မမြင်ဖူးလိုက်ပါဘူး။ သူတို့က အသေစောကြလို့ပါ။
ကျနော်မန္တလေးမှာ နေတုန်းက လူထုဦးလှ ဒေါ်အမာတို့ဟာ စာပေရေးရာအရ ကျနော်ဦးခိုက်အားထားစရာ သတင်းစာဆရာ၊စာရေးဆရာ စုံတွဲ ဖြစ်ခဲ့သလို ကျနော်ရန်ကုန်မှာ ပြောင်းရွှေ့နေထိုင်တဲ့အခါ သတင်းစာဆရာ၊စာရေးဆရာစုံတွဲ ဖြစ်တဲ့ ဆရာကြီးဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ဟာ စာပေရေးရာအရာ ကျနော်ဦးခိုက်အားထားစရာ စုံတွဲဖြစ်လာခဲ့ပါတယ်။ရပ်ကွက်တခုတည်းမှာ အိမ်နီးချင်း ဖြစ်နေလေတော့ အဝင်အထွက်လဲများပါတယ်။ ရန်ကုန် ကမာရွတ် ဝဂ္ဂီထဲမှာ နေကြတာပါ။ခွေးတဟောင် ကြောင်တအော်ကြားနိုင်တဲ့ အိမ်နီးချင်းတွေပါ။
ကျနော်က ခုအခါ လူကြီးတန်းကို ဝင်လာပြီဆိုတော့ လူကြီးတွေကို ပိုပြီး ကိုယ်ချင်းစာကြည့်နိုင်ခဲ့ပြီ ဆိုရပါမယ်။လူကြီးတွေက သူတို့အတိတ်ကို စမြုံ့ပြန်ချင်တတ်ကြသလို လူငယ်တွေဆီက စာသစ်ပေသစ် ကလောင်သစ်တွေ အကြောင်းကိုစနည်းနာချင်ကြပါတယ်။ ကျနော်ဆိုရင် ဆရာကြီးတို့နဲ့ လူငယ်စာပေသမားတွေကြားမှာ ဆက်သားအောင်သွယ် ခေါ်ရမလား၊“ တံတား ” တမန်ခေါ်ရမလား ဖြစ်လာခဲ့ပါတယ်။ ဆရာကြီးမောင်နှံက ခေတ်စာတွေကို အမြဲထိတွေ့နေတော့ လူငယ်ခြေတက် လက်စွမ်းထက်ကြသူတွေကို စာနဲ့သာမက လူကိုပါတွေ့ဆုံချီးမြှောက်ချင်ကြပါတယ် ။မောင်သာနိုး၊တင်မိုး၊ကိုလေး၊ စမ်းစမ်းနွဲ့၊ မစန္ဒာ၊ ချစ်ဦးညို ၊နုနုရည် စတဲ့ လူငယ်ခြေတက်တွေကို ဖိတ်ကြားပေးရပါတယ်။သူတို့ဟာ ဝမ်းတွင်းစုန်းတွေ၊ပါရမီရှင်လေးတွေကို အားရပါးရ ချီးကျူးပါတယ်။ ငါတို့က “ ဘူးသွင်းစုန်း ” တွေဟဲ့။ ပါရမီ မရှိလို့ ကြိုးစားအားထုတ်ယူရတာလို့ ပြောကြရှာပါတယ်။
ကျနော်ကတော့ စာဖတ်စအရွယ်ဆယ်နှစ်သားလောက်ကတည်းက ဆရာသော်တာဆွေရေး ရှုမဝမဂ္ဂဇင်းပါဟာသစာပေတွေကို ကာတွန်းဦးဘဂျမ်းရဲ့လက်ရာတွေနဲ့ တွဲဖက်ဖတ်ရှုရင်း ဆရာကြီးတို့ကို ဟာသဇာတ်ဆောင်တွေအဖြစ် သိလာရတာဆိုတော့ စိတ်ထဲက အလွန်ကိုရင်းနှီးနေခဲ့လို့ ပြောသင့်မပြောသင့် မဆင်ခြင်ဘဲ ပြောချင်ရာပြောလေ့ရှိလို့ ခဏခဏကန်တော့ရတဲ့အပြင် ဆရာမကြီးလက်မြန်ခြေမြန်နဲ့ ကန်လိုက်ခေါက်လိုက်မှာစိုးလို့ ထထပြေးရတာလဲအမောပါ။ မလာတာကြာရင် ဘဘလတ်က တုတ်ကောက်ကိုင်ပြီး လမ်းမပေါ်ကနေ “ ဟဲ့- ဆင်းခဲ့ ” လို့ လှမ်းအော်ခေါ်တော့တာပါ ။ရေးရင်းတွေးရင်းနဲ့ မျက်ရည်လည်အောင် လွမ်းမိပါတယ်။
ဆရာသော်တာဆွေက ဆရာကြီးဦးခင်မောင်လတ် ၊ဒေါ်ခင်မျိုးချစ်၊ဒ ဂုန်တာရာ၊ ကြည်အေးစတဲ့ ရင်းနှီးသူတွေကိုသူ့ရဲ့ ဟာသစာပေထဲက ဒုန်းပျံထဲမှာ သွင်းပြီး လအာကာသထဲ ပစ်လွှတ်ခဲ့တာပါ။ ခေါင်းစဉ်က “ ဖိုးသော်တာစန္ဒာလ ကိုကွယ်” လို့ဆိုထင်ပါရဲ့ ။နှစ်ပေါင်း ၆၀-၇၀ ကစာတွေဆိုတော့ မေ့တေ့တေ့ဖြစ်ကုန်ပါပြီ။ စာထဲက ဆရာသော်တာဆွေက “ ကိုလတ် ”နဲ့ “ အမကြီး ” လို့ ခေါ်တာလဲ မှတ်မိပါတယ်။ ကျနော် ဒေါ်ခင်မျိုးချစ်ကို စတွေ့တော့ အမကြီးလို့ပဲ ခေါ်ခဲ့ပါတယ်။ အမေအရွယ်၊အဒေါ်အရွယ်ကို အမကြီးခေါ်ခဲ့မိတာပါ။ ဘဘလတ်ကိုတော့ သူကိုယ့်သူ “ဘဘ ”လို့ညွှန်းဆိုလေ့ရှိလို့ ဘဘလတ် ခေါ်ခဲ့ပါတယ်။တင်မိုးက ဘဘလတ်ဟာ ကျောင်းဆရာကြီးနဲ့တူလွန်းလို့တဲ့ “ ဆရာကြီး ” လို့ပဲခေါ်ပါတယ်။
ဘဘလတ်က မုံရွာဇာတိ၊အမကြီးက စစ်ကိုင်းဇာတိလို့ မှတ်သားခဲ့ရဖူးပါတယ်။ နှစ်ဦးလုံးမှာ အင်္ဂလိပ်ခေတ် ရဲဝန်ထောက်မျိုးတွေလို့လဲ မှတ်သားထားရဖူးပါတယ်။ဒါပေမဲ့ ကျနော်သိရသလောက် ဆရာကြီးဆရာမကြီးတို့တဆွေ တမျိုးလုံးဟာ သတင်းစာဆရာ ၊စာရေးဆရာတွေချည်းပါပဲ။ ပုလိပ်အရာရှိတဦး (နောက်တော့ ရဲအရာရှိတဦး )လို့ ကလောင်အမည်ခံသူ ရဲအရာရှိဦးဘသော်ဟာ ဘဘလတ်ရဲ့ အကိုအရင်းပါ။ ရဲ မှုခင်းမဂ္ဂဇင်း တည်ထောင်ထုတ်ဝေသူပါ။ခင်မောင်ရီ၊ ခင်မောင်ကြည်၊ ခင်မောင်စီတို့လဲ စာနယ်ဇင်းသမားတွေချည်းပဲ။ ရဲအရာရှိကြီးရဲ့သားတွေဟာ နိုင်ငံရေးနဲ့စာပေကိုတွဲပြီး စိတ်ဝင်စားကြပါတယ်။ ဆိပ်ကမ်းအမတ် ဒေါ်စန်းစန်းဆိုရင် သူတို့နဲ့ မောင်နှမပေါ့။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ် (၁၉၉၀တုန်းက) ပေါ့။
ထူးခြားချက်တခုက နှစ်ဖက်ဆွေမျိုးမိသားစုတွေဟာ မြန်မာစာပေသာမက အင်္ဂလိပ်စာပေကိုပါ စိတ်ဝင်တစားလေ့လာ လိုက်စားကြတာပါပဲ။ ဆရာကြီးဦးခင်မောင်လတ်ဆိုရင် တက္ကသိုလ်မှာလဲ အင်္ဂလိပ်စာပြဖူးတဲ့အပြင် ပြင်ပမှာလဲ တသက်လုံး အင်္ဂလိပ်စာကိုပဲ သင်ကြားပို့ချသွားပါတယ်။ အင်္ဂလိပ်ကဗျာတွေ၊ ပြဇာတ်တွေ ရွတ်ဆိုသင်ကြားပေးရတာကို အရသာလဲခံပါတယ်။ ခု သူ့မြေးမကလေးက သူတို့အဖိုးအဖွား ဘဘလတ်နဲ့ အဖွားချစ်တို့အကြောင်းကို သူတို့ရာပြည့်အထိမ်းအမှတ်အဖြစ် အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တအုပ်ရေးထုတ်လိုက်တာကို တွေ့ရတော့ သူတို့အဖိုးအဖွားတွေရှိသေးရင် ဝမ်းသာရှာမယ်လို့ တွေးမိပါတယ်။
တိုက်ဆိုင်ပုံက သူတို့ဇနီးမောင်နှံဟာ ၁၉၁၅ မှာ တနှစ်တည်းမွေးဖွားကြသူတွေဖြစ်လို့သူတို့ဟာ ဒီနှစ် ၂၀၁၅ မှာ ရာပြည့်ပွဲတပြိုင်တည်းကျင်းပခွင့်ကြုံလိုက်ကြရပါတယ်။ ကျနော် ဗမာပြည်မှာ မရှိလို့ ပွဲကြီးပွဲကောင်းလွတ်သွားပေမဲ့ ၂၀၁၅ တနှစ်လုံး ကျနော်က ဘဘလတ်တို့ရာပြည့်ပွဲကို ပြည်ပစာနယ်ဇင်းတွေမှာ ဆင်နွှဲနေခဲ့ပါတယ်။ ဒီနှစ်က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်အောင်ကျော် နဲ့ လူထုဒေါ်အမာတို့ကလဲ ၁၉၁၅ ခုနှစ်မှာ ဖွားသူတွေဖြစ်လို့ ၁၀၀ပြည့်တွေပါပဲ။ ကျနော်က ရာပြည့် ၅ဦးကို ဆောင်းပါးတွေ၊ကဗျာတွေရေးဖွဲ့ပြီး တနှစ်လုံးဂါရဝပြုနေခဲ့တာပါ။
ဘဘလတ်အကြောင်းကို ကျနော်ပြည်ပမထွက်ခင်က ထုတ်ခဲ့တဲ့ စာပေရုပ်ပုံလွှာ ၁ စာအုပ်တအုပ်ထဲမှာ ထည့်ရေးခဲ့ဖူးပြီဖြစ်ပါတယ်။ ဘဘလတ်ဟာ အရပ်သွယ်သွယ်ရှည်ရှည်၊ အမကြီးဒေါ်ခင်မျိုးချစ်ကလဲ အရပ်သွယ်သွယ်ရှည်ရှည်မို့ လိုက်ဖက်တဲ့စုံတွဲ ဖြစ်ပါတယ်။ စာပေသမားချင်းလဲဖြစ်၊ အင်္ဂလိပ်စာသမားချင်းလဲ ဖြစ်ကြလို့ပိုပြီး လိုက်ဖက်ပါတယ်။ဘဘလတ်က မဟာဝိဇ္ဇာ၊အမကြီးက ဝိဇ္ဇာဘွဲ့ရတွေပါ။ တက္ကသိုလ်မှာလဲ အင်္ဂလိပ်စာပြခဲ့သူတွေပါ။ အင်္ဂလိပ်စာဆရာ၊အင်္ဂလိပ်လိုစာအုပ်ရေးသူတွေ ဖြစ်ကြပေမဲ့ ဗိုလ်ဆန်သူတွေတော့ မဟုတ်ပါ။ အညာသားတွေဖြစ်လို့ အညာဆန်တယ်လို့ပဲ ပြောရပါလိမ့်မယ်။
ဘဘလတ်အပြင်ထွက်ရင် တိုက်ပုံအင်္ကျီအမြဲဝတ်ပါတယ်။ သက္ကလပ်ဦးထုပ်လဲ အမြဲဆောင်းပြီး တုတ်ကောက်ဖြစ်စေ၊ဖဲထီးရိုးကောက်ဖြစ်စေ အမြဲဆောင်သွားလေ့ရှိပါတယ်။ တသက်လုံးလုပ်တဲ့အလုပ်ကတော့ အင်္ဂလိပ်စာသင်တဲ့အလုပ်ပါပဲ။စာသင်တာကို အသက်မွေးဝမ်းကျောင်းအဖြစ်နဲ့သာ မဟုတ်ပါ။ ဝါသနာလဲပါလို့ စာပေအရသာခံပြီး သင်လေ့ရှိတယ်လို့ သူ့ကျောင်းသားဟောင်းတွေက ပြောလေ့ရှိပါတယ်။
ဗိုလ်ချုပ်နေဝင်းစစ်အစိုးရလက်ထက်မှာ သူငယ်ချင်းဗိုလ်ချုပ်တင်ဖေက တဆင့်ခေါ်လို့အားနာပါးနာနဲ့ အင်္ဂလိပ် လုပ်သားပြည်သူ့သတင်းစာမှာ ဇနီးမောင်နှံဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဗိုလ်နေဝင်းကိုယ်တိုင်က “ ကိုလတ်တို့ လွတ်လွတ်လပ်လပ်ရေးပါ။ ဘာမှဝင်မစွက်စေရပါဘူး ” လို့ အာမခံလို့ဝင်လုပ်တာပါ။ ဘဘလတ်တို့ဇနီးမောင်နှံက “ ဗိုလ်နေဝင်းမျက်နှာမကြည့် တိုင်းပြည်ကြည့်ပြီးရေးခဲ့ကြတယ်လို့ ” ပြောလေ့ရှိပါတယ်။ ဒါကြောင့် တနေ့တော့ ဗိုလ်နေဝင်းက ခေါ်တွေ့တယ်။ “ ကိုလတ်တို့လဲပင်ပန်းကြပြီ။ အေးအေးဆေးဆေးနားရအောင် နိုင်ငံရွေးပါ။ ဘယ်နိုင်ငံကြိုက်သလဲ။ သံအမတ်အဖြစ်နဲ့ သွားပြီးအနားယူပါလို့ ” လေချိုသွေးသတဲ့။ အဲဒီကာလမှာ သံအမတ်ရာထူးကို ဗိုလ်မှူးကြီး ၊ဗိုလ်ချုပ်ကြီးတွေက ဒေါ်လာစားအလုပ်မို့ အလွန်စုံမက်ကြပြီး အလုအယက်ဖြစ်နေကြတဲ့အချိန်ပေါ့။ ဘဘလတ်သာမက ဆရာတက်တိုးကိုလဲ ခေါ်ပြီးဒီလိုပဲပြောသတဲ့ ။နှစ်ဦးလုံးက သံအမတ်အလုပ်ကိုခါးခါးသီးသီးငြင်းလိုက်ကြပါတယ်။ ဘဘလတ်က--
“ဗိုလ်ချုပ် … ဗိုလ်ချုပ် ကျနော့်ကို မလိုလားတော့ဘူးဆိုတာ နားလည်ပါပြီ။ ကျနော်တို့က ကျောင်းဆရာအလုပ်ပဲဝါသနာပါတယ်။ ဒီအလုပ်ဟာ ဗိုလ်ချုပ်ကို အားနာလို့ ဝင်လုပ်တာပါ။ သံအမတ်ရော၊ ဘာရော ဘာအလုပ်မှ မလုပ်ချင်ပါဘူး။ ခုပဲ သတင်းစာအလုပ်က ထွက်လိုက်ပါမယ် ” လို့ပြောပြီး သူတိုက်တဲ့ လဖက်ရည်ကြဲတောင် မသောက်တော့ဘဲ ထလာပြန်ခဲ့သတဲ့။ ဘဘလတ်အထလိုက်မှာ ဗိုလ်နေဝင်းက “ မခင်မြလဲ စိတ်ကောင်းရှာမှာမဟုတ်ဘူးလို့ ” အဆစ်အစွက်ပြောလိုက်ပြန်တော့ “ အမလေး။ မခင်မြကလဲ ဒီအလုပ်ကို အစကတည်းက မလုပ်ချင်ရှာဘူး။ ခုလို သတင်းကြားရရင် ထ က မှာ ” လို့ပြောပြီးထွက်လာခဲ့တော့ ဗိုလ်နေဝင်းခမျာ ပါးစပ်အဟောင်းသားနဲ့ကျန်ရစ်သတဲ့။
ဘဘလတ်လဲ သတင်းစာတိုက်ကို တန်းပြန်ပြီး ရောက်သွားတော့ တိုက်ထဲမဝင်သေးဘဲ လဖက်ရည်ဆိုင်ဝင်ပြီး အလုပ်သမားတယောက်ကို“ အယ်ဒီတာစားပွဲမှာ ကိုဝင်းတင်နဲ့ ကိုသောင်း(အောင်ဗလ)တို့ကို ခေါ်ချေ။ ဘဘ လဖက်ရည်ဆိုင်က စောင့်နေတယ်ပြော” လို့လွှတ်လိုက်ပြီး လက်ဖက်ရည်သုံးခွက် “ ရှယ် ”မှာသတဲ့။ သူလူ့တွေရောက်လာတော့ “ ဗိုလ်နေဝင်းတိုက်တဲ့ နွားသေးရည်လို လဖက်ရည်ကြဲကြဲကို ငါမသောက်ခဲ့ဘူးဟေ့။ ဒီနေ့ ဟောဒီလဖက်ရည်အကောင်းစားနဲ့ ငါ့လူတွေကို တိုက်ပြီး သတင်းကောင်းပြောမယ်။ ဘဘလတ် အလုပ်ထွက်ခဲ့ပြီ ”တဲ့။ အကျိုးအကြောင်း ရှင်းပြလိုက်တယ်။ကိုဝင်းတင်(ဟံသာဝတီဦးဝင်းတင်) နဲ့ ကိုသောင်း(အောင်ဗလ) တို့လဲဝမ်းသာအားရ သောက်ခဲ့ကြသတဲ့။ ဘဘလတ်တို့က အဲသလိုလူမျိုးပါ။
ဘဘလတ်တို့က လွတ်လပ်ရေးခေတ်ဦးနဲ့ နယ်ချဲ့တော်လှန်ရေး ဖက်ဆစ်တော်လှန်ရေးခေတ်တို့မှာ ဗိုလ်ချုပ်အောင်ဆန်း၊သခင်သန်းထွန်း၊ သခင်စိုး၊ ဗိုလ်လက်ျာ စတဲ့ ခေါင်းဆောင်များနဲ့ တရင်းတနှီးလက်တွဲလုပ်ခဲ့သူတွေပါ။ ဘဘလတ်ရော၊ အမကြီးဒေါ်ခင်မျိုးချစ်ရော ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတွင်းရေး၊ အတွင်းဝန်၊အပါးတော်မြဲသဘော အနီးကပ်ဆောင်ရွက်လာခဲ့ကြသူတွေပါ။ ဘဘလတ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရွယ်တူပါ။ အလုပ်လုပ်ကြတော့ သဘောမတူရင် ဗိုလ်ချုပ်အောင်ဆန်းကအော်သလို ဘဘလတ်ကလဲ အော်တတ်ကြသတဲ့ ။ဒေါ်ခင်မျိုးချစ်ကတော့ ယခု မရန်းခြံ ခေါ်တဲ့ အထက(၁)ကမာရွတ်မှာ ဘီဒီအေစစ်ရုံးချုပ်လုပ်ထားတုန်းက တဦးတည်းသော အမျိုးသမီး စစ်ဝန်မှုထမ်းအဖြစ် စစ်ယူနီဖေါင်းပွပွကြီးဝတ်ပြီး အလုပ်လုပ်ခဲ့ဖူးသတဲ့။ ရုံးခန်းထဲမှာတော့ ရုံးစာတွေကိုင်ရတဲ့ “ ချာပရာစီ ”သဘောပါပဲတဲ့။ ဒါပေမဲ့ လစ်ရင်လစ်သလို မီးဖိုချောင်ထဲ ဝင်ပြီး ရေဒီယိုက အင်္ဂလိပ်လိုလွှင့်တဲ့ စစ်သတင်းတွေနားထောင်ကူးယူပြီး ဗိုလ်ချုပ်အောင်ဆန်း၊သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်း တို့ဆီလျှို့ဝှက်ပို့ပေးရသတဲ့။ ဂျပန်က ရေဒီယိုနားထောင်ရင် သေဒဏ်ကြေညာထားလို့ လျှို့ဝှက်သတင်းယူရတာပေါ့။ အဲဒီအခါမှာ ဗိုလ်နေဝင်းဟာ ဆပ်ပလိုင်းရုံးခေါ် ရိက္ခာရုံးမှာ အုပ်ချုပ်ရတော့ တခါတခါမှ ရုံးချုပ်ကိုလာရင်း ဒေါ်ခင်မျိုးချစ်ရဲ့ အမည်ရင်း “ မခင်မြ ” ကိုခေါ်ပြီး ဘာစာတွေလာသေးသလဲလို့မေးလေ့ရှိသတဲ့။ဒါကြောင့် စစ်အတွင်းမှာ ဗိုလ်နေဝင်းနဲ့လဲ ရင်းနှီးခဲ့ကြပါတယ်။
အဲဒါက ဂျပန်ခေတ်ပါ။ဖက်ဆစ်တော်လှန်ရေးပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလဥက္ကဋ္ဌ၊ သခင်သန်းထွန်းက အတွင်းရေးမှူး၊ အစိုးရအဖွဲ့မှာ ဝန်ကြီးတွေပါ။ ဘဘလတ်နဲ့ အမကြီးတို့က စစ်ပြီးစမှာ အလုပ်အကိုင်မရှိတော့ လဟာပြင်ဈေးမှာ ခုံဖိနပ်ကို အထမ်းနဲ့ ချရောင်းနေတယ်ဆိုထင်ပါရဲ့။ ဖိနပ်ရောင်းတာကတော့ သေချာတယ်။ ဝန်ကြီးသခင်သန်းထွန်းက ဖြတ်သွားဖြတ်လာနဲ့ သူတို့ကိုမြင်သွားတော့ အံ့အားသင့်ပြီး ဆလွန်းကားလေးပေါ်က ဆင်းလာသတဲ့။ “ ကိုလတ်နဲ့ မခင်မြ တို့ပါလား။ ဘာတွေလုပ်နေကြတာလဲ။ လာလာ။ ကားပေါ်တက် ” လို့ဇွတ်ဆွဲခေါ်ပြီးငိုပါသတဲ့။ “ ဖြစ်ရလေဗျာ၊ဘာဖြစ်လို့ ကျနော်တို့နဲ့ လာမတွေ့သလဲ” လို့တဖွဖွ ပြောရင်း ရှိုက်ကြီးတငင်ဖြစ်နေရှာသတဲ့။ ကွန်မြူနစ်ကြီးတဦးရဲ့ လွမ်းခန်းလို့ ဆိုရမှာပေါ့။ ဒီဇာတ်လမ်းက အမကြီးဒေါ်ခင်မျိုးချစ်ကိုယ်တိုင်ပြောပြဖူးတာပါ။
ကွန်မြူနစ်ခေါင်းဆောင်ကြီး မျက်ရည်ကျခန်းတခုကို ဒီဆောင်းပါးပါ ကြုံကြိုက်လို့ မှတ်တမ်းတင်လိုက်ပြီးမှ ဘဘလတ်တို့ ဇနီးမောင်နှံမျက်ရည်ကျခန်းကိုလဲ မှတ်တမ်းတင်ရပါအုံးမယ်။ ၈ လေးလုံးကာလက ကျောင်းသားလူငယ်လေးတွေဟာ ကမာရွတ်အဝိုင်း မိုးစိုကြီးထဲမှာ ညအိပ်ညနေ အစာငတ်ခံဆန္ဒပြပွဲဆင်နွှဲနေကြတဲ့ ကာလမှာပါ။ ကျနော်တို့ ဝဂ္ဂီရပ်ကွက်ထဲက ကလေးတွေလဲပါတယ်။ ကဗျာဆရာပုတီးကုန်းမောင်စိန်ဝင်းလဲပါတယ်။ ကျနော်သွားရောက်အားပေးဟောပြောပြီး ကျောင်းသားလူငယ်တွေကို အားပေးနေစဉ် ဆရာကြီးမင်းသုဝဏ်လဲရောက်လာတယ်။ သူ့သမီးက ဘေးက ဖေးမလာပါတယ်။ကျနော်က ဆီးကြိုနှုတ်ဆက်တော့ ကလေးတွေကိုကြည့်ပြီးအံ့ဩချီးကျူးစကားဆိုရင်း မျက်ရည်တွေကျလာပါပြီး ပြန်သွားပါတယ်။ ဆန္ဒပြလူငယ်တွေက တချို့ထလာပြီး “ ခုနက လာတဲ့ဘဘက ဘယ်သူလဲ” လို့မေးပါတယ်။“ ကဗျာဆရာကြီး မင်းသုဝဏ်ပါ ” လို့ပြောတော့ မလှမ်းမကမ်းရောက်သွားတဲ့ ဆရာကြီးကို အမှီလိုက်ပြီး “ အားပေးစကား ချီးမြှင့်ပါအုံး ” လို့ ပန်ကြားပါတယ်။ ဆရာကြီးက “ အဘမျက်ရည်မဆည်နိုင်ဘူး။ လူကြားထဲ အရှက်ကွဲပါမယ်။ မပြောပါရစေနဲ့၊ကဗျာတပုဒ်ရေးပေးလိုက်မယ် ” ဆိုပြီး ကျနော့်ကို ခေါ်သွားပါတယ်။ ဆန္ဒပြလူငယ်တွေကို ဂုဏ်ပြုကဗျာတပုဒ်ရေးပေးပြီး ကျနော့်ကို ဖတ်ခိုင်းတော့ ပရိတ်သတ်က ၃- ၄ခါ ပြန်ဖတ်ခိုင်းပါတယ်။
ဖတ်ပြီးထွက်လာတော့ ဘဘလတ်တို့ဇနီးမောင်နှံလဲ လမ်းကြားထဲက ထွက်လာပါတယ်။ ကျနော်နောက်က လူငယ်တွေက “ဘဘလတ်တို့လဲ ကျောင်းသားလူငယ်တွေကို အားပေးစကားပြောပါအုံး။ ဆရာကြီးမင်းသုဝဏ်ကတော့ ကဗျာနဲ့ ဂုဏ်ပြုလို့ ဆရာက ဖတ်ပြပြီးသွားပါပြီ ” လို့ ပြောပြတယ်။ ကျနော်က “ ဆရာကြီးမင်းသုဝဏ်မျက်ရည်မဆည်နိုင်လို့ စကားမပြောတော့ဘဲ ကဗျာရေးပေးလိုက်တာ ” လို့လျှာရှည်လိုက်မိပါတယ်။ ဘဘလတ်က “ ငါလဲ ကလေးတွေကို ကြည့်ပြီးငိုချင်လာပြီဆိုပြီး နှစ်ယောက်လုံးငိုပါလေရော။ သူတို့ကလဲ “ငါတို့စကားပြောလို့မရတော့ဘူး။ စာရေးပေးမယ်” ဆိုပြီး အိမ်ပြန်စာရေးပြီးပေးပါတယ်။ ဆရာ့ သားသမီးများပဲ ရောက်လာလို့ သူတို့ကိုပဲ ဖတ်ပြပေးဖို့ လက်လွှဲလိုက်ပါတယ်။သား သင်္ချာပါမောက္ခဒေါက်တာခင်မောင်ဝင်းနဲ့ သမီးချွေးမ ရွှရည်ဝင်းတို့ ဘဘလတ်တို့ကိုယ်စား ဖတ်ပြသွားခဲ့ပါတယ်။ ဘဘလတ်တို့ မျက်ရည်နဲ့ ရေးတဲ့စာတွေပါ။
ဘဘလတ်တို့ဟာ ဗိုလ်ချုပ်အောင်ဆန်းစတဲ့ ခေါင်းဆောင်ကြီးတွေအားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပေမဲ့ သူ့တို့အကူအညီလိုရင်သာပေးခဲ့ပြီး ကိုယ့်မှာ အကူအညီလိုလို့ဆိုတဲ့အနေနဲ့တော့ တခါမှ အခွင့်အရေးမတောင်းခဲ့ကြပါဘူး။စာသင်တဲ့အလုပ်နဲ့ပဲ တသက်လုံး မွေ့လျော်ခဲ့ကြပါတယ်။ ဘဘလတ်တို့အိမ်ဟာ ဒဂုန်တာရာ၊ ထင်လင်း ၊မြသန်းတင့်၊ ဦးဝင်းတင်၊ ကဗျာဆရာမ ကြည်အေးတို့ခေတ်က စားအိမ်သောက်အိမ်ဖြစ်သလို ကျနော်တို့ခေတ်မှာလဲ လူငယ်စာရေးဆရာတွေရဲ့ စားအိမ်သောက်အိမ်ပါပဲ။ ထွက်ပေါ်လာသမျှ လူငယ်ခြေတက်တွေကို ခေါ်ယူအားပေးလေ့ရှိပါတယ်။လွတ်လပ်ရေးခေတ်ဦးမှာတော့ ဦးသုခ၊ ဦးချင်းစိန်၊ ဇဝန ၊သော်တာဆွေ စတဲ့ပုဂ္ဂိုလ်များနဲ့ အတူ စာဆိုတော်နေ့ပြဇာတ်တွေမှာ ဘဘလတ်တို့နှစ်ဦးလုံး စင်ပေါ်တက်ခဲ့ကြဖူးသတဲ့။ ကျနော်တို့က မန္တလေးမှာ အလယ်တန်းကျောင်းသားဘဝပဲရှိသေးတဲ့ ကာလပေါ့။
ဘဘလတ်သီချင်းဆိုတာကိုတော့ နှစ်စဉ်ထမနှဲပွဲတွေမှာ ကြားရမြဲပါ။ ၇၀ ခုနှစ်များအတွင်းမှာ ဆရာကြီးမင်းသုဝဏ်အိမ်က ထမနှဲပွဲ နေ့ခင်းပိုင်းမှာလုပ်တယ်ဆိုရင် ညပိုင်းကျတော့ ဘဘလတ်တို့အိမ်က ထမနှဲပွဲပါ။ ရှေ့နေကြီးဦးထွန်းတင်ရဲ့ အိမ်က ထမနှဲပွဲရော သုံးပွဲဆက်လုပ်တာရှိပါတယ်။ စာရေးဆရာတွေနဲ့ နိုင်ငံရေးသမားတွေ ဆုံလေ့ရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည်လဲ လာလေ့ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ ဘဘလတ်တို့တွဲပြီး အလုပ်လုပ်ကြတုန်းက ဒေါ်စုနဲ့ ဒေါက်တာခင်မောင်ဝင်း (ဘဘလတ်တို့ရဲ့သား ကိုသံချောင်း) တို့က ကစားဖေါ်တွေပါ။ ဒေါ်စုက ဒေါက်တာခင်မောင်ဝင်း (သင်္ချာပါမောက္ခကြီး) ကို ငယ်ငယ်ကအတိုင်း ကိုသံချောင်းလို့ပဲ ခေါ်ပါတယ်။ ထမနှဲပွဲညမှာ အကော်ဒီယံအုန်းကျော်လဲလာလေ့ရှိတယ်။ ဘဘလတ်နဲ့ ရွှေညာမောင်(ဦးချင်းစိန်) နှစ်ယောက်တွဲပြီး “ တို့ဗမာ ” သီချင်းကို လက်သီးလက်မောင်းတန်းပြီး သီဆိုကြရင် ကိုအုန်းကျော်က အကော်ဒီယံနဲ့ တီးမှုတ်ပေးပါတယ်။ ဗီဒီယိုရုပ်ရှင်ရိုက်ကူးထားတာတွေ ရှိပါအုံးမယ်။ လွမ်းစရာတွေပါပဲ။
တနေ့တော့ ကျနော်နဲ့ ကိုဝင်းတင်(ဟံသာဝတီဦးဝင်းတင်) တို့ဆုံပြီး ဘဘလတ်တို့ဆီသွားပါတယ်။အမကြီးဒေါ်ခင်မျိုးချစ်က သူငယ်စဉ်က သူမိဘစကားနားမထောင်ဘဲ လုပ်ချင်ရာလုပ်ခဲ့ပုံတွေကိုပြောပြပါတယ်။ရဲဝန်ထောက်ကြီးသမီးက သတင်းစာလောကဝင်လိုက်၊ သပိတ်မှောက်ကျောင်းသားတွေ၊ ကွန်မြူနစ်တွေနဲ့ပေါင်းလိုက် လုပ်တော့ ဘယ်မိဘကကြိုက်မှာလဲ။ “ ငါ့တသက်မှာ မကောင်းတာတွေချည်းပဲလုပ်ခဲ့တယ်။ ကောင်းတာတခုပဲရှိတယ်ဆိုရင် ကိုလတ်ကို အိမ်ထောင်ဖက်အဖြစ်ရွေးတာပါပဲ ” တဲ့။ ကျနော်က လက်မြန်ခြေမြန် အမကြီးနဲ့ဝေးရာ ခပ်ခွာခွာသွားပြီး “ ဘဘလတ်ကလဲ ခုလိုပြောမယ်ထင်တယ်။ ငါ့တသက်မှာ ကောင်းတာတွေချည်းလုပ်ခဲ့တယ်။ မကောင်းတာ တခုလုပ်ခဲ့တာရှိတယ်ဆိုရင်---- လို့ အဆုံးမသတ်ဘဲ ဝင်ပြောလိုက်မိပါတယ်။ ဘဘလတ်က ကျနော်တို့ဖို့ ကော်ဖီခွက်တွေယူလာရာက “ အေး--အေး ဟုတ်တယ်၊ဟုတ်တယ်။ဆက်ပြော၊ဆက်ပြော ” လို့အားပေးပါတယ်။ အမကြီးက ထရိုက်လို့ ကျနော်က ထွက်ပြေးရပါတယ်။ဒါကိုလဲကျနော်က ဆောင်းပါးရေးပြီး သောင်းပြောင်းထွေလာမဂ္ဂဇင်းမှာ ရပ်ကျော်ရွာကျော် ရေးလိုက်ပါသေးတယ်။ မသွားရဲလို့ အတန်ကြာတော့ ကြိမ်လုံးကိုင်ပြီးဘဘလတ် နဲ့အမကြီးတို့ ကျနော့်အိမ်ရှေ့က အော်ခေါ်ပါတယ်။ “ လာခဲ့ ၊ဆင်းခဲ့ ” လို့ခေါ်တယ်။လမ်းပေါ်က လူတွေက အထူးအဆန်းအဖြစ်ကြည့်နေကြပါသေးတယ်။ ကျနော်က ရယ်ရယ်မောမောနဲ့ အိမ်ပေါ်ကဆင်းပြီး လိုက်သွားရပါတယ်။
အမကြီးဒေါ်ခင်မျိုးချစ်က ရောဂါထူပါတယ်။ ဘဘလတ်က ဖျားနာခဲပါတယ်။ ၁၉၉၆ ခုနှစ် (အသက် ၈၂) ကွယ်လွန်ခါနီးမှာ တုပ်ကွေးနည်းနည်းဖြစ်ပါတယ်။ ဒီကြားထဲက နှစ်ပေါင်း၄၀ တောခိုရာက ပြန်လာတဲ့ ကွန်မြူနစ်ခေါင်းဆောင် ဦးလွင် (ဒေါ်ခင်မျိုးချစ်ရဲ့မောင်အရင်း) မမာမကျန်းတာကို တူဖြစ်သူ ကိုခင်မောင်ကြည်အိမ် ပို့ထားပြီး တနေ့ ၁၀၀ဖိုးလောက်ကုန်အောင် ကျွေးမွေးပြုစုရပြန်ပါသေးတယ်။ ကျန်းကျန်းမာမာ ထောင်ထောင်မောင်းမောင်းနဲ့ သွားလာနေလျှက်ပါပဲ။ ကျနော်နဲ့ မောင်ပေါက်စည် မန္တလေးစာပေဟောပြောပွဲတစ်ခုသွားရင်း လူထုတိုက်ကိုရောက်တော့ လူထုဒေါ်ဒေါ်က ဘဘလတ်ဆုံးကြောင်း သတင်းဆိုး ပြောပါတယ်။ ဦးလွင်ဆုံးတာရော ဘဘလတ်ဆုံးတာရော ကျနော် နောက်ဆုံး မကန်တော့လိုက်ရပါ။ ဘဘ လတ် မကွယ်လွန်ခင် သူ့သားသမီးတွေကို သေတမ်းစာပေးခဲ့ရာမှာ ကျနော့ကိုလဲ ပေးသွားခဲ့ပါတယ်။ သူများကို ဒုက္ခမပေးချင်လို့ လူမသိသူမသိ သေသွားချင်တယ်ဆိုတဲ့ အကြောင်းကို အင်္ဂလိပ်ကဗျာတစ်ပုဒ်ကို မှီငြမ်းရေး ထားတာပါ။ ကျနော်က တန်ဖိုးရှိတဲ့စာအဖြစ်နဲ့ အမျိုးသားစာကြည့်တိုက်ကို သွားလှူထားလိုက်ပါတယ်။ မဂ္ဂဇင်း အယ်ဒီတာတစ်ဦးက ခွင့်မတောင်းဘဲယူပြီး မဂ္ဂဇင်းထဲထည့်လိုက်လို့ တစ်နိုင်ငံလုံး သိသွားခဲ့ပါတယ်။ စိတ်သဘောကောင်းတဲ့ ဘဘလတ်ဟာ ကောင်းရာသုဂတိ ရောက်မှာပါ။
ဘဘလတ်တို့ဇနီးမောင်နှံ သုဂတိဘုံမှာ ဆုံကြပါစေ။
မောင်စွမ်းရည်
၂၀၁၅ ဂျူလိုင် ၂၀