ဧရာဝတီတိုင်းတွင်းရှိ ရေဘေးဒဏ်ခံနေရသောရွာများ ကူညီမှုပေးရန်ကျန်ရှိနေ
ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၁၆ရက်၊ ၂၀၁၅ခုနှစ်
ဧရာဝတီတိုင်းဒေသကြီးရှိ ပန်းတနော်၊ ကျောင်းကုန်း၊ ပုသိမ်၊ ငသိုင်းချောင်း၊ သာပေါင်းမြို့များမှ ရွာများသည် ရေဘေးဒဏ်ကြောင့် ယခုထိနေထိုင်၊ စားသောက်မှုအခဲအခက်အခဲများစွာရှိနေသည်။ အစိုးရနှင့် လူမှုကူညီရေးအသင်းများမှ ရေဘေးသင့်ပြည်သူများသို့ လှူဒါန်းသောပစ္စည်းများသည် ဧရာဝတီတိုင်းရှိ ရေဘေးဒဏ်ခံစားနေရသော ရွာများသို့ ကူညီပေးရန်လိုအပ်နေသေးကြောင်း ပန်းတနော်မြို့ ရွှေဖလားကျွန်းကျေးရွာရှိ ရွာသူရွာသားများက သြဂုတ်၁၃ရက်နေ့တွင် ပြောပြခဲ့သည်။
ဧရာဝတီတိုင်းတွင်းရှိ ရွာများသည် မြစ်ရေတိုက်စားမှုဒဏ်ကို မကြာခဏခံစားနေရသဖြင့် ရွာ များပျောက်ဆုံးမှုများရှိခဲ့ကြောင်း၊ ဆက်လက်နေထိုင်နေသောအိမ်များမှာလည်း သုံးလတစ် ခါရွှေ့ပြောင်းပြီး နေထိုင်နိုင်ရုံ အဖြစ်မျှသာဆောက်ထားပြီးနေရကြောင်း၊ ထိုသို့နေထိုင်နေသောမြေ များသည် ရေတိုက်စားမှုဒဏ်ကင်းလွတ်နေသေးသော ဘေးကပ်ရပ်ရွာများမှ မြေများကို ဝယ်ယူ ပြီးနေထိုင်နေရကြောင်း၊ ယခုလက်ရှိဖြစ်ပွားနေသော ရေကြီးရေလျှံရေဘေးဒဏ်ကြောင့် စားစရာနှင့် နေစရာအခက်ကြုံနေရသဖြင့် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် သွားရောက်နေထိုင်မှုများရှိနေကြောင်း၊ ရေဘေးဒဏ်ကြောင့်ဒုက္ခရောက်၍ ကျန်ရှိနေသေးသောရွာများသို့ ကူညီမှုများပေးစေလိုကြောင်းများကို ရွာသူရွာသားများက ပြောပြခဲ့သည်။
“ကျနော်တို့ အခုလက်ရှိလိုအပ်နေတာ ရေနှင့် စားသောက်စရာလေးပါပဲ၊ အဝတ်အစားတွေ သိပ်မလို ပါဘူး၊ ကျနော်တို့က ဧရာဝတီမြစ်ရေသောက်ပြီးကြီးလာခဲ့တာပါ အခုတော့ရေဆို ရွှံ့ညွှန်တွေရော ပြီး ဝါထိန်နေလို့ သောက်သုံးရေအဖြစ် အခက်ကြုံနေရပါတယ်၊ အခုလာရောက်လှူဒါန်းနေတဲ့အ ဖွဲ့တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်၊ ဘေးရွာများကိုလည်း ဆက်လက်ကူညီပေးဖို့အကြောင်း ကြားပေးပါ” ဟု ရွှေဖလားကျွန်းရွာနေ ကိုမင်းမင်းက ပြောပြသည်။
“အခုကျောင်းပိတ်ပေးထားတာ တော်တော်ကြာနေပြီ၊ ကလေးတွေစာပြန်သင်ရမှာ ဖြစ်တဲ့အတွက် အခုစာသင်ကျောင်းတွင်နေထိုင်နေသော မိသားစုများကို ဘုန်းကြီးကျောင်းများသို့ပြောင်း ရွှေ့ရန်စီစဉ် နေ ပါတယ်”ဟု ဆရာမဖြစ်သူ မသင်းသင်းဌေးကပြောပြသည်။
ဧရာဝတီတိုင်းအတွင်းရှိ ရေဘေးသင့်ဒဏ်ရွာများသည် အများအပြားရှိသဖြင့် ကူညီလှူးဒါန်းသူများမရောက်ရှိသေးသော ရွာများလည်း ကျန်ရှိနေသေးကြောင်းသိရသည်။