တယ်လီနောမှ စူပါပွား အစီအစဉ်ဖြင့် ဈေး နှုန်း အသက်သာဆုံး ဖုန်းခေါ်ဆိုခ သတ်မှတ်
ရန်နောင် (ဗိုလ်တထောင်) မိုးမခ ဩဂုတ် ၁၉- ၂၀၁၅
မြန်မာနိုင်ငံ နေရာအနှံ့၌ ဈေးနှုန်းအသက်သာဆုံး အင်တာနက်နှင့် အသံဝန်ဆောင်မှုများကို ပေးရန် ကတိပြုထားသည့်အချက်ကို ပိုမိုခိုင်မာလာစေရန် တယ်လီနောမြန်မာသည် ၎င်း၏ ဈေးနှုန်းအသစ်ကို စတင်မိတ်ဆက်ခဲ့သည်။
တယ်လီနော်အသုံးပြုသူအားလုံးသည် တယ်လီနော်ဖုန်းအချင်းချင်းခေါ်ဆိုခ တစ်မိနစ်လျှင် ၁၈ ကျပ်သာ ကျမည်ဖြစ်သော စူပါပွားအစီအစဉ်ကို အသုံးပြုလိုလျှင် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့အပြင် တယ်လီနော်ဖုန်းမှ အခြားဖုန်းများသို့ ခေါ်ဆိုခကိုလည်း ယခင် တမိနစ် ၂၅ ကျပ်မှ ယခုအခါ ၂၃ ကျပ်သို့ ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်သည်။
စူပါပွား အသုံးပြုသူများသည် အင်တာနက်အသုံးပြုရာတွင် တယ်လီနော်၏ ၁ မီဂါဘိုက် ၆ ကျပ်ပေးရသော Smart Internet သို့ အလိုအလျောက် အကျုံးဝင်သွားမည်ဖြစ်သည်။ Smart Internet သည် ရာနှုန်းပြည့် 3G ကွန်ယက်ဖြင့် 2Mbps အထိ မြန်နှုန်းရရှိမည်ဖြစ်သည်။ အခြားဝန်ဆောင်မှုများအတွက် ဈေးနှုန်းများ (ဥပမာ SMS ,IDD, Roaming ) နှင့် လက်ကျန်ငွေလွှဲပြောင်းခြင်း၊ကြိုသုံး၊ Mytune ) မှာ ယခင်အတိုင်းပင်ဖြစ်သည်။
“ မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီနော သုံးစွဲသူတွေအားလုံးက တယ်လီနော်အနေနဲ့ ဈေးနှုန်းသက်သာတဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးသွားမယ်လို့ မျှော်လင့်ထားလို့ရပါတယ်။ တယ်လီနော်အနေနဲ့ အခုလက်ရှိမှာဆိုရင် တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲက ၁၂ ခုထဲမှာရှိတဲ့ သုံးစွဲသူပေါင်း ၁၀ သန်းကျော်ကို ဝန်ဆောင်မှုတွေပေးနေပါတယ်။တယ်လီနောကွန်ယက်ရောက်ရှိပြီးတဲ့နေရာတွေမှာ မိုဘိုင်းဖုန်းသုံးစွဲသူ နှစ်ယောက်ထဲက တစ်ယောက်က တယ်လီနောကို သုံးစွဲသူဖြစ်ပါတယ်။ စူပါပွား အစီအစဉ်နဲ့ တယ်လီနောသုံးစွဲသူတွေဟာ သူတို့ရဲ့ မိသားစု၊မိတ်ဆွေ အပေါင်းအသင်းတွေကို ဈေးနှုန်းအသက်သာဆုံးနဲ့ ဖုန်းခေါ်ဆိုလို့ရပါပြီ ” ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် မစ္စတာပက်တာဖားဘာ့ခ် ကပြောပြခဲ့သည်။
ဆက်လက်ပြီး ၎င်းက “Smart Internet ကို အလိုအလျောက်အကျုံးဝင်အောင် စီစဉ်ထားတာက အင်တာနက်ကို သုံးစွဲမှုများလာတာနဲ့အတူ သုံးစွဲသူတွေအနေနဲ့ ပိုမြန်တဲ့ ကော်နက်ရှင်ကို ရရှိစေဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်းဖုန်းသုံးစွဲမှု တိုးတက်မှုနှုန်းဟာ တကမ္ဘာလုံးမှာ အဆင့် ၃နေရာမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ ၇၀% ကလည်း စမတ်ဖုန်းသုံးစွဲသူတွေဖြစ်ပါတယ်။ တယ်လီနော သုံးစွဲသူတွေ အပေါ်မူတည်ပြီး တွက်ချက်ထားတဲ့ ကျနော်တို့ရဲ့ ခန့်မှန်းချက်အရ ၅၅%က အင်တာနက်သုံးစွဲသူတွေ ဖြစ်ပါတယ်။ ခုဈေးနှုန်းအသစ်နဲ့ တယ်လီနော်သုံးစွဲသူတွေက ကောင်းမွန်တဲ့ မြန်နှုန်း၊ဈေးအသက်သာဆုံး နှုန်းထားနဲ့ အင်တာနက်ကို သုံးစွဲနိုင်ပါပြီ။မြန်မာနိုင်ငံအတွင်း ကွန်ယက်လွှမ်းခြုံမှု အထိရောက်ဆုံးနဲ့ အမြန်ဆုံးကွန်ယက်ပေါ်မှာပေါ့ ” ဟုဆက်လက် ပြောကြားခဲ့သည်။
တယ်လီနောမြန်မာ၏ My Internet အစီအစဉ်သည် တမိနစ်ကို ငါးကျပ်နှုန်းဖြင့် ဆက်လက်ရရှိနေဦးမည်ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် စူပါပွားအစီအစဉ်ကို SMS ဖြင့် (ကုတ်နံပါတ် ၃၆၅ သို့ “ SUP ON ” ) ဟု ပေးပို့၍သော်လည်းကောင်း၊ တယ်လီနော call center 979 (အခြားဖုန်းများဖြင့် ခေါ်ပါက 0979 00 979 00) သို့ လည်းကောင်းဆက်သွယ်၍ ပြောင်းလဲသုံးစွဲနိုင်သည်။
ယနေ့အချိန်အထိ တယ်လီနောသည် တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် ဝန်ဆောင်မှုများပေးလျှက်ရှိသည်။၎င်းတို့မှာမန္တလေး၊ရန်ကုန်၊စစ်ကိုင်း၊မကွေး၊ဧရာဝတီ၊ကရင်၊မွန်၊ကချင်၊ရှမ်း၊ကယား၊တနင်္သာရီ နှင့် နေပြည်တော်တို့ တွင်ဖြစ်သည်။တယ်လီနောအနေဖြင့် လာမည့် လအနည်းငယ်အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ကွန်ယက်ချဲ့ထွင်ရန် ကြေငြာပြီး ဖြစ်သည်။
“ ကွန်ယက်ချဲ့ထွင်တာအပြင်၊တယ်လီနော ရောက်ရှိပြီးတဲ့ နေရာတွေမှာလည်း ကွန်ယက်အရည်အသွေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်။ မြို့ကြီးတွေမှာ ကွန်ယက်အရည်အသွေး တိုးတက်လာဖို့ အထူးတလည် ကြိုးစားနေပါတယ်။အခုဆိုရင် ရန်ကုန်မှာ တာဝါတိုင်ပေါင်း ၈၁၁ တိုင်ရှိပြီးတော့ မန္တလေးမှာ ၅၂၁ တိုင်ရှိနေပါတယ်။မြို့ပြဒေသတွေမှာ တာဝါတိုင်တွေ ပိုမို တိုးမြှင့်ဆောက်တာအပြင် တာဝါ တိုင်ငယ်လေးတွေနဲ့လည်း ဖြည့်စွက်ပြီး ကွန်ယက်ပိုမိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်နေပါတယ် ” ဟု မစ္စတာဖားဘာ့ခ် က ဆက်လက်ပြောခဲ့သည်။
စူပါပွား နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို www.telenor.com.mmတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း ထပ်မံသိရှိရသည်။