နေ၀န်းနီ (မန္တလေး) - မန္တလေးမြို့က သစ်ပင်ဒါယကာကြီး ဦးငွေ
(မိုးမခ) ဇွန် ၁၈၊ ၂၀၁၅
“အို....သစ်ပင်ဒကာ
သင်ဟာ မဟာသူရဲကောင်း”
အထက်ဖော်ပါကဗျာလေးနှစ်ကြောင်းမှာ သစ်ပင်ဒါယကာကြီးဦးငွေကို ဆံပင်ညှပ်သမားကြီး ကဗျာဆရာကြီး ယုထင် (မန္တလေး) က ဂုဏ်ပြုရေးသားခဲ့သောကဗျာဖြစ်သည်။ အမေလူထုဒေါ်အမာကလည်း သူ၏ “မန္တလေးသူ - မန္တလေးသားများ” စာအုပ်၌ ဦးငွေအကြောင်းကို ထည့်သွင်းရေးသားဂုဏ်ပြုထားလေသည်။
နေအလွန်ပူပြင်းတဲ့ ကျွန်တော်တို့မန္တလေးမှာ လမ်းဘေးသစ်ပင်ပေါင်း (၅၀၀) ကို ရေလောင်းစိုက်ပျိုးပေးသွားခဲ့မှာ ဆိုက္ကား ဆရာကြီး ဦးငွေဖြစ်သည်။ ဦးငွေကို ၁၂၇၆ ခုနှစ်တွင် ငါန်းဇွန်မြို့၌ အဘဦးစံညွန့် အမိဒေါ်စံမှီတို့မှမွေးဖွားခဲ့လေသည်။ဒေါ်သိန်းငွေနှင့်လက်ထပ်ခဲ့ပြီး မန္တလေးမြို့ တောင်ကြခတ်ဝင်းတွင် သမီး (၇) ယောက်ကို ဆိုက္ကာနင်းပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သည်။ ဦးငွေသည် လူဆင်းရဲကြီးဖြစ်ပေမယ့် စိတ်ရင်းစေတနာမဆင်းရဲပေ။ ဒုတိယ ကမ္ဘာစစ်အပြီး စစ်ဘေးဒဏ်ကြောင့် အရိပ်အာဝါသကင်းမဲ့နေသော မန္တလေးမြို့လေးကို စိမ်းလန်းစိုပြေအောင် မည်သူတဦးတယောက်၏ တိုက်တွန်းနှိုးဆော်ချက်မှပါပဲ မိမိ၏စိတ်ရင်းစေတနာဖြင့် သတ္တဝါအပေါင်းအေးမျှစေရန်ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးခဲ့သည်။ ဦးငွေသည် သူကြိုက်သည့် မျိုးစေ့လေးတွေကို ဆိုက္ကားနင်းရင်းစုသည်။ အိမ်ရောက်တော့ ပန်းအိုးလေးကလေးထဲပျိုးထားသည်။ အပင်ပေါက်လို့စိတ်တိုင်းကြသည့်အရွယ်ရောက်တော့မှ အရိပ်အာဝါသကင်းမဲ့နေတဲ့ လမ်းလေးတွေမှာရှာပြီးစိုက်တယ်။ ပြီးတော့ ဦးငွေက သူ့စိုက်ပျိုးခဲ့အပင်လေးတွေကို ဆိုက္ကားနင်းထွက်ရင်းရေလောင်းပေးတယ်။ အဲဒီလိုနဲ့ ဆိုက္ကားသမားကြီး ဦးငွေ က အရိပ်ရအပင်တွေကို ၃၅လမ်းတစ်လျှောက်၊ ဂေါဝိန်ဆိပ်ကမ်းဝန်းကျင်၊ မြတောင်ကျောင်းတိုက်တစ်ဝိုက်၊ ဘုရားကြီး၊ရွှေကျီး မြင်ဘုရား၊ ကုသိုလ်တော်ဘုရားဝန်ကျင်နှင့်ကျုံးတောင်ဘက်တို့တွင် ၁၃၁၄ ခုနှစ် အသက် (၃၈) နှစ်မှစတင်၍ အသက် (၇၄) နှစ်ကွယ်လွန်တဲ့အထိ အသက်ထက်ဆုံးအရိပ်ရအပင် (၅၀၀) ကိုစိုက်ပျိုးပေးခဲ့သော မန္တလေးမြို့ရဲ့သစ်ပင်ဒါယကာ ကြီးဖြစ်လေသည်။ ၁၉၈၉ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ မန္တလေးမြို့ - မြို့သစ်၌ သစ်ပင်ဒါယကာကြီး ဦးငွေကွယ်လွန်လေသည်။
“သေသောသူကြာရင်မေ့” ဆိုသော်လည်း ယခုကဲ့သို့သော ပူပြင်းခြောက်သွေ့မှုဒဏ်ကိုခံစာနေရသောအခါ အရိပ်ရအပင်များကို စိုက်ပျိုးပေးခဲ့သော မန္တလေးမြို့ သစ်ပင်ဒါယကာကြီးဦးငွေကို ကျွန်တော်အပါဝင် မန္တလေးမြို့သူ၊ မြို့သားများကအောက် မေ့သတိရနေဆဲဖြစ်သည်။
လေးစားလျှက်