မောင်စွမ်းရည် - DRONES!
(မိုးမခ) သြဂုတ် ၂၂၊ ၂၀၁၅
တရုန်းရုန်းနဲ့ ၊ DRONES တွေဟာ
ပိတုန်းတွေလိုပဲတဲ့
ပျံဝဲနေကြတာ--
တီဗွီမှာလဲလာ၊ သတင်းစာမှာလဲပါ
ပါသာပါပေမဲ့၊ငါတခါတလေမှ မမြင်ဖူးဘူး
မြင်ဖူးတယ်ဆိုအုံး၊တောသားငတုံး
ပိတုံးလား၊ ဒရုန်းလား
ခွဲခြား သိမယ်မထင်။
ကောင်းကင်မှာတဲ့၊
မောင်းနှင်သူ လူမပါဘူးတဲ့၊
ဦးတည်ချင်ရာ၊ ဒရုန်းယာဉ်နဲ့
ဗုံးတင်လို့ပျံဝဲ၊ ကြဲချင်ရာကြဲ
(ငရဲမကြောက်၊ သရဲမခြောက်ရင်ပေါ့)
ပေါက်ချင်ရာပေါက်၊ ကွဲချင်ရာကွဲ
သူ့လဲ ကိုယ်မသိ၊ ကိုယ့်လဲ သူမသိ
ထိချင်ရာထိ၊ မိချင်ရာမိ
ဒက်ထိ၊ ကွက်တိဆိုပဲ၊
လက်ထဲက ရီမုတ်(Remote ) နဲ့
ခလုတ် အသာကစားရုံနဲ့
မသာ သွားလေရော-- တဲ့။
ပွေးတကောင်လို
ခွေးမဟောင်တဲ့၊ သေးမျှောင်မျှောင်ကျဉ်းကျဉ်း
မုန်းတွင်းဆိုလား၊ ပုန်းကျင်းဆိုလား
လျှိုကြားမှာ တွင်းအောင်းရင်း
ပုလင်းပေါင်း တရာနှစ်ရာနဲ့
စားစရာ၊ ဝါးစရာ၊ ပလာတာဘာညာတွေရော
ဖား၊ ခါ၊ စာ - အဆာပလာနဲ့ ၊ပါပလာတွေရော
ကစားစရာ၊ ညားစရာ၊ ဝါစာကမာတွေနဲ့
မနားသာ နားသာ ၊ မယားကညာဆွေလဲ
ပါပေမပေါ့။
နွေအခါမှာ၊ လေလာလာ- မလာလာ၊
နေ- သာသာ၊မသာသာ၊
ရေ ဆာဆာ ၊မဆာဆာ၊
ဧကစာမကျင့် ၊ဒွေကစာကျင့်မှာပေါ့
တေတျာ အဟင့်တွေနဲ့ ပလ္လင့်ခြေအရင်းမှာ
တပေလျဉ်းလျဉ်း ၊ နှစ်ဗွေပျင်းတိုင်း
မြေကျင်းလျားမှာ၊ ထွေခင်းကစားသူကို
ဘုရားတဆူဆူမှာ၊ အနားယူပေအုံးလို့
ကုန်းကလေးအထက်၊ တောင်ကမူကြားဆီက
အမုန်းအတေးမစွက်၊ ပခုံးကလေးဖက်ပြီး
အောင်ကြူကြူနဲ့ ဟားချင်သမို့
ဒရုန်းကလေးဆိုတဲ့ ၊ငှက်တကောင်ငှားပြီး
ဗုံးကလေး လက်ဆောင်ပါးရမလားလို့
အပြုံးကလေး ကလက်တက်တက်နဲ့
ကလောင်ကစားမိပါရဲ့ ။
အမှောင်ကြားမှာ၊ ယောင်ဝါးဝါးနဲ့
သနားသဖြင့် ရယ်မို့
အမှားချင့်မိရင်လဲ
ဟားသင့်မှ ဟား။ ။
မောင်စွမ်းရည်