Aéroport International Don Muang (ဓါတ်ပုံ မရငတ) |
မောင်ရင်ငတေ - အတွေးစတစ (ငါးသိန်းတန်အိပ်မက်)
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၅
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၅
ဟို တမြန်နေ့ကရော မနေ့ကပါ မောင်ရင်ငတေ အိပ်မက် မက်တယ်။ ဒါမျိုးတွေလည်း ဟိုးအရင်ကတော့ မက်တော့ မကြာ ခဏ မက်ဖူးနေကြပါ။ ဒီနှစ်ပိုင်းလောက်မှာ ပိုစိတ်လာသလားတော့ မသိပါဘူး။
အကြောင်းအရာချင်းကတော့ ခပ်ဆင်ဆင်ပါ၊ ဘာလဲဆိုတော့ ပြန်တော်မူတာပေါ့။ ဘယ်နှစ်ကလည်း ဘယ်အချိန်တုန်းက လည်းရယ်တော့ မသေချာပါဘူး၊ မသိပါဘူး။ ကောင်းကင်ကနေ လေယာဉ်ကြီးစီး ပြန်ခဲ့လေသလား။ တောလမ်းကနေ တောင်ကျော်ပြီး ပြန်သလားတော့ ကွဲကွဲပြားပြား မပါပါဘူး။ အိပ်မက်ဆိုတာကလည်း ခက်သားကလား၊ ဟိုတပိုင်း ဒီတစ လောက် မှတ်မိတာလေ။ မှတ်မိတာလေးတွေ ဆက်စပ်ရေးရ ပြောရတာပေါ့။
မောင်ရင်ငတေ ပြန်ရောက်တယ်ဆိုတော့ တလမ်းလုံးကတော့ ကြိုဆိုလို့ပေါ့။ ဆွေမျိုးသားချင်း နောက်ပေါက် ဘုစုခရုတွေ မောင်ရင်ငတေနဲ့ တခါဖူးမျှ မတွေ့ဖူးတဲ့ကောင်တွေ ရောပေါ့။ ရပ်ကွက်ထဲက လက်ကျန်အသိ လူကြီးတချို့တွေကလည်း ပြုံး ပြ နှုတ်ဆက်ကြပေါ့။ လမ်းထိပ်က လူတချို့ကလည်း ဒီလောက် ဆယ့်လေးငါးနှစ်လောက် ပျောက်ချက်သားကောင်းနေတဲ့ ကောင်ကို မနေ့တနေ့က နှုတ်ဆက်သလို နှုတ်တွေဆက်နေလေရဲ့ … နေကောင်းလားတဲ့ဗျ။
သတင်းကြားတဲ့ မောင်ရင်ငတေရဲ့ ငယ်ပေါင်းဘော်ဒါတချို့ကလည်း လှမ်းဖုန်းဆက်ကြတယ်။ ၁၉ လမ်းလား ၄၂ လမ်းလား မောင်ပိန်လား အလင်းရောင်လား ဘူတာရုံလမ်းထိပ်လား ညဈေးထိပ်လား ဟိုက်ခင်လား ပြည့်ဝလား . . .. ကီးတော်ကျန်လား … .. အိမ်မှာချမလား … .. ဟိုကောင့်အိမ်မှာ ဆုံကြမလား . …. တညင်သွားမလား .. … လားပေါင်းများစွာနဲ့ ချိန်းကြတာပေါ့၊
နယ်ကကောင်တွေကလည်း ပြည်လာခဲ့ ထီလာကိုလာခဲ့ ရေနံချောင်းလာခဲ့ ဟင်္သာတလာမှာလား။ မန္တလေး ဘယ်တော့ လာမလဲ၊ မေမြို့တက်အုံးမလား၊ ပုဂံညောင်ဦးသွားရင် ကျောက်ပန်းတောင်း အပြန်လှည့် ဝင်လာခဲ့လေ၊ ဖိုးပါကြီးမရှိတော့၊ မိတ်ဆက်တော့ မရှိတော့ဘူး၊ မင်္ဂလာဈေးဒေါင့်မှာ ဆုံမယ်၊ ပါရာဒိုက်မှာဆုံမယ်၊ ဖုန်းတွေက တဂွမ်ဂွမ်လား တတီတီလား မြည်နေလေရဲ့။ အမယ် . .. …လက်ထဲမှာတော့ ဟန်းဖုန်းလို့တော့ ထင်တာဗျ သေတော့မသေချာဘူး။
အဲဒီမှာ အိပ်မက်က၊ နောက်တပိုင်း ဆက်တယ် ထင်ရဲ့။
မောင်ရင်ငတေ လက်ထဲမှာက လေးငါးသိန်းလောက်ပါတဲ့ ငွေထုတ်တထုပ်၊ ဟန်းဘက်ဂ်အိပ်နဲ့လား ဆာလာအိပ်နဲ့လားတော့ မသေချာဘူး။ စိတ်မချလို့ အမေ့ကိုလား အမကိုလား အပ်တယ်၊ ခပ်တိုးတိုးလည်း မှာခဲ့တယ်၊ ငါးသိန်းပေါ့ သူတို့ကလည်း သူတို့အလုပ်နဲ့ သူတို့ ရှုပ်လို့ အေး အေးပေါ့၊ ထားခဲ့ပြောတယ်။ အဲဒါနဲ့ တပတ်လား ဆယ်ရက်လား တလလားတော့ မသိပါ ဘူး . … .. ကြာတော့။ အိပ်မက်ထဲမှာ မေးခွန်းတွေ. .. … ငါ ဘယ်မှာလဲ၊ ဘယ်ရောက်နေတာလဲ၊ ဘာလုပ်ဖို့ လာတာလဲ။ ဘာလုပ်တတ်သလဲ၊ ဘာလုပ်ချင်သလဲ၊ ငါ့မှာ ဘာရှိသလဲ . …. . …. လဲ . …. ပေါင်း များစွာပေါ့။
အဲဒီမှာ . . . ….. အိပ်မက် ဆိုတော့ အခန်းပြောင်းတာက ရုပ်ရှင်ထက်မြန်တယ်၊
ထိုင်းပြန်ရောက်သွားလိုက် ကိုရီးယားပြန်ရောက်သွားလိုက် မလေးရှားပြန်ရောက်သွားလိုက်၊ တကယ်ပြန်ရောက်တာလား၊ မရောက်နိုင်တော့ဘူးလား၊ အလုပ် ပြန်ရှာနေရ၊ ပြန်ရှာနေရတဲ့ အလုပ် ရမရက မသေချာ၊ အလုပ်ရှင်တွေက လိပ်စာပြောင်း၊ လုပ်ဖော်ကိုင်ဖက်တွေက ပျောက်ကုန်၊အိပ်မက်ထဲ လူလည်း ဇောချွေးတွေပြန် ဒေါင်ချာလည်းစိုင်း၊
အိပ်မက် . … … …. အိပ်မက်၊ တယ်လည်း ခက်ပါလား၊
ပါလာတဲ့ ငွေငါးသိန်းက တပတ် ဆယ်ရက် တလ မခံဘူးလေဗျာ၊ သူတို့ ထင်တာက ငါးသိန်းဆိုတော့ ဒေါ်လာတို့ ယူရိုတို့ ထင်နေကြသလားတော့ မသိဘူး၊ မောင်ရင်ငတေဟာက ကျပ်ငါးသိန်းလေ၊ အဲဒါတောင် အိပ်မက်က ဘယ်တုန်းကမှန်း မသေချာလို့၊
အခုနေများဆိုရင် လေဆိပ်ကနေ လှည့်ပြန်ရမလား မသိပါဘူး၊ ကျပ် ငါးသိန်းလေ ။ ။။။။
အိပ်မက် . … … …. အိပ်မက်၊
(တကြောင်းနှစ်ကြောင်းရေးထားတာ ဘယ်တုန်းကမှန်း မသိပါဘူး၊ အခု ပြန်ချောရေးလိုက်ပါတယ်)
မောင်ရင်ငတေ ၂၆၀၈၂၀၁၅