စံလှကြီး - နာမည်ကောင်းဖြင့် သမိုင်းမတင်လောက်သော်လည်း နာမည်ဆိုးဖြင့် သမိုင်းဝင်ခဲ့သူများ
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၅
မနက်ခင်း နေရောင်အောက်တွင် ကောင်လေး နှစ်ယောက် ခပ်သုတ်သုတ် လျှောက်လာကြသည်။ တစ်ဦးမှာ အသက် ၁၉ နှစ်ခန့် ရှိပြီ ဖြစ်ပြီး ဝါကြန့်ကြန့် ဆံပင်နှင့် ဖျတ်လတ်ပြာလဲ့သော မျက်လုံးများ ရှိသည်။ နောက်တစ်ဦးမှာ ရုပ်ရည် သိပ်မလှပပဲ အသက် ၁၃ နှစ်ကျော်ခန့် ရှိသော လူပျိုဖော်ဝင်ခါစ ကောင်လေး ဖြစ်သည်။ သူတို့ နှစ်ဦးမှာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်သည်။ အသက် ၅ နှစ်ခန့် ကွာခြားခြင်းသည် သူတို့၏ သူငယ်ချင်း အဖြစ်ကို စည်းမခြား နိုင်ခဲ့ပေ။ လမ်းသွားရင်းပင် အသက် ပိုကြီးသော ကောင်လေးက လှမ်းပြောလိုက်သည်။
"ငါပြောတာ မှတ်ထားနော်။ တို့ဆရာကြီးက တပည့်တွေကို ကျိုးနွံမှ ကြိုက်တယ်။"
နောက်ဆုံးတွင် သူတို့ နှစ်ဦးလုံး အခန်းကျယ်ကြီး တစ်ခု အတွင်းသို့ ဝင်လိုက်ကြလေသည်။ အခန်းအတွင်း ထိုင်နေသော အသက် ၄၀ ခန့်ရှိသည့် လူကြီး တစ်ယောက်ရှေ့တွင် အသက် ပိုကြီးသော ကောင်လေးက ရိုကျိုးသော အမူအရာဖြင့် စကားပြောလိုက်သည်။
"ဆရာကြီး ကျွန်တော် ပြောတဲ့ မိုင်ကယ်အိန်ဂျလို ဆိုတာ သူပဲ။ သူ့ ပန်းချီလက်ရာ ကောင်းပါတယ်။ သူ့အဖေ အိမ်နံရံပေါ်မှာ ဆွဲတာတွေ ကျွန်တော် တွေ့ခဲ့ဖူးပါတယ်။"
ဤမြင်ကွင်းကား ပန်းပုပညာ သမိုင်းတွင် ဘုရင်တစ်ဆူ သဖွယ် ထင်ရှားလာမည့် မိုင်ကယ်အိန်ဂျလို(Michelangelo) အလောင်းအလျာ ကောင်လေး ပညာသင်ရန် ရောက်ရှိလာသော မြင်ကွင်းပေတည်း။
အချိန်ကား အီတလီ ပြည်တွင် ရှေး ဂရိနှင့် ရောမ အနုပညာရပ်များကို ပြန်လည် ဆန်းသစ်သည့် အသိဥာဏ် ခေတ်ဆန်းချိန် ဖြစ်သည်။ မိုင်ကယ်အိန်ဂျလိုကား ထိုခေတ်တွင် မွေးဖွားခဲ့ပြီး ယနေ့ခေတ်အထိ ပန်းပုပညာတွင် သူ့ကို မှီသူ မပေါ်သေးဟု ဆိုစမှတ် ပြုရသူ ဖြစ်သည်။ တစ်ခေတ်တွင် တစ်ယောက်ဆိုသော စကားသည် သူလိုလူအတွက် မလုံလောက်ပေ။ နှစ်ပေါင်း ၅၀၀ ကျော်လာသည် အထိ သူလို ပညာရှင်မျိုး မတွေ့ကြရသေးဟု ဆိုသည်။
မိုင်ကယ်အိန်ဂျလိုသည် ပန်းပုဆရာဟုသာ သူ့ကိုယ်သူ လက်မှတ်ထိုးလေ့ ရှိပြီး ပန်းချီပညာကို အခြေခံအားဖြင့် တစ်နှစ်ခန့်သာ လေ့လာခဲ့သည်ဟု ဆိုသည်။ သို့သော် သူ ဆွဲသည့် ပန်းချီကားကို မြင်လိုက်ရသည့် ခေတ်ပြိုင် ပန်းချီကျော်ကပင် "ဒီလို ပညာရှင်မျိုးနဲ့ တခေတ်တည်းမှာ လူလာဖြစ်ရတာကိုက ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ"ဟု ဥဒါန်းကျူးခဲ့ရလေသည်။ အနုပညာတွင် မွေးရာပါ တတ်လာသော ထူးခြားသည့် ပါရမီရှင်ပေတည်း။
ပထမဦးစွာ မိုင်ကယ်အိန်ဂျယ်လိုသည် သူ့ သူငယ်ချင်း ဂရာနာချီ(Granacci) ၏ အဆက်အသွယ်ဖြင့် ပန်းချီဆရာကြီး ဂါလန်ဒါအီယို(Ghirlandaio) ထံ ပညာသင်ဖို့ ရောက်လာခဲ့သည်။ သို့သော် တစ်နှစ်ခန့်သာ ကြာပြီး ထိုအချိန်က ဖလော်ရင့်မြို့ကို အုပ်ချုပ်နေသည့် လော်ရင်ဇို၏ ပန်းပုဥယျာဉ်တော်သို့ ပညာဆက်သင်ရန် ရောက်သွားခဲ့သည်။ တကယ်တော့ သူ သင်ချင်သည်မှာလည်း ပန်းပုပညာ ဖြစ်သည်။ မကြာမီပင် သူထုသော ပန်းပုရုပ်ကို မြင်ပြီး လော်ရင်ဇိုက သူ့ကို နေရာပေးလေတော့သည်။
ထိုအချိန်မှ စပြီး သူ၏ ပညာသင်ဘက်များ အနက် စိတ်ဝင်စားစရာ ကောင်းသူ နှစ်ဦးကို တွေ့ရလေတော့သည်။ လူ့သဘော လူ့မနောနှင့် ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းသည့် လူများ ဖြစ်ပါသည်။
သူတို့ အကြောင်းကို ပန်းပုဆရာကြီး မိုင်ကယ်အိန်ဂျလိုထက် ပိုစိတ်ဝင်စားမိသလို သင်ခန်းစာလည်း ရပါသည်။
ပထမ တစ်ဦးမှာ တော်ရီဂီယန်နီ ဆိုသူ ဖြစ်သည်။ သူသည် မိုင်ကယ် ရောက်လာခါစက ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည်။ သူ ကိုယ်တိုင်လည်း သူ့ သူငယ်ချင်း၏ လက်စလက်နကို မသိသေးပေ။ သို့သော် မိုင်ကယ်ထုလုပ်သည့် ပန်းပုရုပ်ကို မြင်ပြီး သိပြီးကတည်းက သူ့အချိုးလည်း ပြောင်းလေတော့သည်။ မြွေမြွေချင်း ခြေမြင်သည် မဟုတ်လား။ ပညာသည် အချင်းချင်း တစ်ဖက်လူ၏ ပညာ အတိမ် အနက်ကို တစ်ဖက်က သဘောပေါက်စမြဲ ဖြစ်သည်။ ပညာသည်တောင်မှ မိုင်ကယ်အိန်ဂျလိုက ရိုးရိုး ပညာသည် မဟုတ်။ ဆယ်နှစ်ကြိုးနှင့် မိုးပျံနိုင်သည့် အနုပညာ မှော်အောင်သူ ပန်းပုကဝေ တစ်ဦး ဖြစ်ချေသည်။ သူ့ အနုပညာစွမ်းဖြင့် လူများကို တိမ်းမူးအောင် ဖမ်းစားနိုင်သည်။ ဒီတော့ မိုင်ကယ်လိုပဲ ပညာသည် တစ်ဦး ဖြစ်သည့် တော်ရီဂီယန်နီမှာ သူအနေဖြင့် မိုင်ကယ်၏ ပညာကို ဒီတစ်သက်တွင် မှီရန် မဖြစ်နိုင်တော့ကြောင်း သိလေတော့သည်။
ထိုသို့ သိပြီးကတည်းက သူ့ခမျာ အေးအေးမြမြ မနေနိုင်ရှာတော့။ ဆယ်ကျော်သက် လူငယ် ဘဝကစပြီး ရန်ငြိုးထားလေတော့သည်။ ဥယျာဉ်တော်တွင် အတူ ပညာယူကြရင်း မိုင်ကယ်ကို အမြဲလို လိုက်ရန်စသည်။ နှိပ်စက်ကလူ ပြုသည်။ တစ်နေ့သော် မိုင်ကယ်၏ မျက်နှာကို လက်သီးနှင့်ထိုးရာ နှာခေါင်းရိုး ကျိုးသွား၍ သေရာပါအောင် မရှုမလှ ဖြစ်ရသည်။
ဤအဖြစ်ကို မြင်သော ဂရာနာချီက မိုင်ကယ်ကို "မိုင်ကယ်ရေ လောကကြီးမှာ အနုပညာကို ပြောင်ပြောင်မြောက်မြောက် ဖန်တီးနိုင်တဲ့လူက ဖန်တီးကြတာပဲ။ သူတို့လို မဖန်တီးနိုင်တဲ့ လူတချို့ကတော့ သူတို့ မလုပ်တတ်တိုင်း လုပ်နိုင်တဲ့သူတွေ လုပ်တတ်တဲ့သူတွေကို ဖျက်လိုဖျက်ဆီး လုပ်ကြတာပဲ"ဟု ကိုယ့်ထက်သာ မနာလိုတတ်သည့် လူများကို မှတ်ချက်ချ သံဝေဂ ယူလေသည်။
မိုင်ကယ်အိန်ဂျလိုက "အေးကွာ တော်ရီဂီယန်နီ ဆိုတဲ့ နာမည်တော့ နောင်လာနောက်သားတွေက မိုင်ကယ်အိန်ဂျလိုကို လက်သီးနဲ့ ထိုးတဲ့လူ အဖြစ် သိကြမှာပါ"ဟု ပြောခဲ့လေသည်။
သူပြောခဲ့သလိုပင် ပန်းပု အနုပညာကို လေ့လာလိုက်စားသူများက တော်ရီဂီယန်နီ၏ နာမည်ကို တွေ့သည်နှင့် "မိုင်ကယ်အိန်ဂျလိုကို နှာခေါင်းရိုးကျိုးအောင် ထိုးတဲ့လူ"ဟုသာ အသိအမှတ် ပြုကြလေသည်။ အမှန်မှာ တော်ရီဂီယန်နီသည် အတော်အတန် လက်ရာမြောက်သော ပန်းပုပညာရှင် တစ်ဦး ဖြစ်ပြီး အင်္ဂလန်ပြည့်ရှင် အဌမမြောက် ဟင်နရီဘုရင်၏ သင်္ချိုင်းဂူပုံကို ထုလုပ်ခဲ့သူ ဖြစ်သည်။ သို့သော် ထိုအချက်များ မပေါ်လွင်ပဲ မိုင်ကယ်အိန်ဂျလို ဆိုတဲ့ ဆရာကြီးကို နှာခေါင်းရိုးကျိုးအောင် ထိုးတဲ့လူ ဟူသော ဘွဲ့ထူးဖြင့်သာ ထင်ရှားလေသည်။
သူနှင့် ဆန့်ကျင်ဖက် နောက်တစ်ဦးမှာ ဂရာနာချီ ဖြစ်သည်။ သူကိုယ်တိုင်လည်း ပန်းချီဆရာ တစ်ဦး ဖြစ်ပြီး မိုင်ကယ်အိန်ဂျလို၏ လက်စွမ်းကို မြင်စဉ်ကတည်းက သိခဲ့သူ ဖြစ်သည်။ မြွေမြွေချင်း ခြေမြင်သည် ဆိုသော စကားအတိုင်းပင် သူ့ သူငယ်ချင်း၏ လက်စွမ်းကိုလည်း သိသည်။ သူ့ကိုယ်သူလည်း ထိုအဆင့်ကို ရောက်မည်မဟုတ် မှန်တန်း အမျိုးအစားထက် မကျော်လွန်နိုင် ဆိုသည်ကိုလည်း သိသည်။
သို့သော် ဂရာနာချီသည် "ငါ သူ့လို မဖြစ်ရလေခြင်း"ဟူသော မနာလို ဝန်တိုစိတ် လုံးဝ မရှိပေ။ မိုင်ကယ်ကို ပညာသင်ပေးမည့် ဆရာသမားထံ ရောက်အောင် ပို့ပေးသည်။ သို့သော် ဂရာနာချီ ကိုယ်တိုင် ဖန်တီးနိုင်သည်ကတော့ မင်းပွဲစိုးပွဲတွေမှာ သုံးဖို့ မုခ်ဦးတို့ မဏ္ဍပ်တို့ ဆောက်ပေး ဆေးရောင်ခြယ်ပေး စသော ဖန်တီးမှုများလောက်သာ တတ်နိုင်သည်။
မိုင်ကယ်အိန်ဂျလို ကိုယ်တိုင် သူ့ သူငယ်ချင်းကို ဤကဲ့သို့ ပွဲပြီး အမှိုက်ဖြစ်သွားမည့် ပစ္စည်များနှင့် အချိန်ကုန်ခံရမည်လား ဟု အပြစ်ဆိုခဲ့ဖူးသည်။ ဂရာနာချီက ပြန်ပြောသော စကားလေးမှာလည်း လှပပါသည်။ သူပြန်ပြောတာက "တကယ်တော့ သူငယ်ချင်းရာ အနုပညာဆိုတာ လူတွေကို နှစ်သက်ရွှင်လန်းအောင် လုပ်နိုင်ရင် ပြီးတာပါပဲကွာ။ ပွဲပြီး အမှိုက်ဖြစ်တော့ရော ဘာဖြစ်သေးလဲ။ ငါလဲ ဒီလောက်ပဲ လုပ်တတ်လို့ ဒါပဲ လုပ်ရတာပေါ့။ မင်းလို ခေတ်အဆက်ဆက် တည်ရစ်မယ့် ပန်းချီကားကြီးတွေ ပန်းပုရုပ်ကြီးတွေ မဖန်တီးနိုင်ဘူး။ အဲဒါ ဘာတတ်နိုင်မှာလဲ။ ငါလုပ်တတ်တာ လုပ်ပြီး ငါတော့ ပျော်နေတာပဲ။ ငါ့ကို အကြောင်းပြုပြီး လူတွေ ပျော်တယ်။ ဒါကို ငါကျေနပ်တယ်"ဟု ဆိုခဲ့လေသည်။
ဂရာနာချီသည် အနုပညာတွင် မိုင်ကယ်လို မမြင့်မားပါ။ သို့သော် သူ၏ စိတ်ထားကမူ မိုးထက်မြင့်သည်ဟု ဆိုရလောက်အောင် မြင့်မောက်လှချေသည်။ ငါ့ကို အကြောင်းပြုပြီး လူတွေ ပျော်ကြပါစေဟု သဘောထား နိုင်ခြင်းကပင်လျှင် သူသည် အာဂယောကျာ်း တစ်ဦး ဖြစ်ကြောင်း သိသာစေခဲ့သည်။
လူနှစ်ယောက် ယှဉ်ကြည့်လျှင် ခြားနားချက်များကို တွေ့ရပေသည်။ ပထမဆုံးမှာ မိမိထက်သာသူကို မနာလိုသဖြင့် ဖျက်လိုဖျက်ဆီး တိုက်ခိုက်တတ်သည့် တော်ရီဂီယန်နီလို လူစား ဖြစ်သည်။ ဒုတိယ တစ်မျိုးမှာ စွမ်းရည်အရ သမိုင်းမတင်လောက်သော်လည်း စိတ်ဓာတ်အရမူ သမိုင်းဝင်လောက်သည့် ဂရာနာချီလို လူဖြစ်သည်။
အမှန်တော့ မိုင်ကယ်အိန်ဂျလိုကို အနုပညာ လောက ဟူသော တောင်ထိပ်ပေါ်တွင် အလှဆုံး အမြင့်ဆုံး သစ်ပင်ကြီး အဖြစ် တင်စားမည် ဆိုလျှင် သူ့ သူငယ်ချင်း ဂရာနာချီက တောင်ခြေမှ အလှဆုံး ချုံပုတ်ကလေး တစ်ခုဟု တင်စားရမည် ဖြစ်သည်။ ဖြစ်ချင်တာကတော့ လူတိုင်းလိုလို တောင်ထိပ်မှ အလှဆုံး အမြင့်ဆုံး သစ်ပင်ကြီး ဖြစ်လိုကြသည်ပေါ့။ သို့သော် ထိုသို့ ဖြစ်ခွင့် မရတော့ပြီ ဆိုလျှင် အနည်းဆုံး တောင်ခြေမှ အလှဆုံး ချုံပုတ်လေး တစ်ခု ရေအိုင်လေး တစ်အိုင်တော့ ဖြစ်ရန် ကြိုးစားသင့်ပေသည်။ ယောနိသော မနိသီကာရော ဟု ဆိုအပ်သည့် သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းနိုင်ခြင်းပေတည်း။
ပန်းပု အနုပညာ နယ်ပယ်မှသာ မဟုတ် အခြား နယ်ပယ် အသီးသီးတို့တွင်လည်း ထိုအဖြစ်မျိုးတွေ ရှိခဲ့သည်။ ရှိလည်း ရှိနေသေးသည်။ နောင်လည်း ရှိပေဦးမည်။ အနည်းစုမှာ ထိပ်ဆုံးက ကျွန်တော်ဟု ဆိုရမည့်သူများ ဖြစ်သည်။ ထိပ်ဆုံး ရောက်သူမှာ အနည်းစုသာ ရှိမည်။ နောက်ထပ် အနည်းစုက ဂရာနာချီလို ကိုယ့်ထက်သာသူကို မနာလိုစိတ် မမွေးပဲ ဖြစ်ရာဘဝတွင် လောကကို အလှဆင်ရန် ကြိုးစားသူများ ဖြစ်သည်။ ဤကဲ့သို့ လူများလည်း နည်းကြပေသည်။ မနာလိုစိတ်ဖြင့် ဖျက်လိုဖျက်ဆီး အပြစ်ရှာ တိုက်ခိုက်တတ်သည့် တော်ရီဂီယန်နီလို လူစားတွေကမူ အရေအတွက် များနိုင်သည်။
နိုင်ငံရေးလောက စီးပွားရေးလောက အနုပညာလောက စသည့် ကဏ္ဍအသီးသီးတွင် တော်ရီဂီယန်နီ လက်သစ်များ ရှိနေကြပေဦးမည်။ များသောအားဖြင့် ကိုယ်နှင့် နယ်ပယ်တူသူ အချင်းချင်း မနာလိုဝန်တိုစိတ် ဖြစ်လေ့ ရှိသည်။ အောင်မြင်မှုကို ပြသည့် အညွှန်းကိန်းများကလည်း တူညီနေသည်ကိုး။ နိုင်ငံရေးသမားက အနုပညာသည်ကို မနာလို ဖြစ်ရန်ခက်သည်။ အနုပညာသည်ကလည်း စီးပွားရေးသမားကို မနာလို မဖြစ်နိုင်။ လုပ်ငန်းတူသူ အချင်းချင်းသာ ပို၍ အောင်မြင်သူကို မအောင်မြင်သူက မနာလိုဝန်တို ဖြစ်တတ်ပေသည်။
မနာလိုဝန်တိုစိတ်သည် မျက်လုံးစိမ်းနှင့် ကြောက်စရာ သတ္တဝါ ဖြစ်သည် ဟူသော စကားပုံ ရှိပါသည်။ အင်္ဂလိပ်ဘာသာတွင်လည်း မနာလို ဝန်တိုစိတ်ကို အစိမ်းရောင်ဖြင့် တင်စား ပြောဆိုကြသည်။ မနာလိုဝန်တိုစိတ် ဝင်လာပြီ ဆိုလျှင် လူသည် မူလ အမှား အမှန် ခွဲခြားနိုင်စိတ် ပျောက်သွားကာ လူမဆန်သည့် အလုပ်များကိုပင် လုပ်မိလေ့ ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခဲ့သည် ဆိုသော ပုဂ္ဂိုလ်ကြီးသည် ထိုသို့ လုပ်ရန် အခြား အကြောင်းပြချက်များ ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် သူ၏ မနာလိုစိတ်က အရေးကြီးသော အခန်းမှ မုချ ပါပေလိမ့်မည်။ သူလည်း မြန်မာနိုင်ငံ၏ နန်းရင်းဝန် (ဝါ) ဝန်ကြီးချုပ်ပင် လုပ်ခဲ့သူ တယောက်ပေပဲ။ တကယ်ဆို ဗိုလ်ချုပ်အောင်ဆန်း ဆိုတာက သူ့အနေဖြင့် ကြည့်လျှင် နိုင်ငံရေးလောကသို့ သူ့နောက်မှ ရောက်ခဲ့သူ ဖြစ်သည်။ သို့သော် သူ ဘယ်လိုမှ မမှီနိုင်သော အဆင့်သို့ ရောက်သွားခဲ့လေပြီ။ ဒီတွင် သူလည်း တော်ရီဂီယန်နီလိုပင် လုပ်မိတော့သည်။ သူ့နာမည်ကိုလည်း နောက်လူများက မြင်လိုက်သည်နှင့် ဗိုလ်ချုပ်ကို လုပ်ကြံတဲ့သူ ဟူ၍သာ အမှတ်အသား ပြုကြတော့သည်။ အမှန်တော့ သူ့တွင် လူတော်ဟု ဆိုနိုင်လောက်သည့် အရည်အချင်းကောင်းများ အမှန်ပင် ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် ထိုအရာများ မပေါ်လွင်တော့ပဲ နာမည်ဆိုးဖြင့်သာ ကျော်ကြားရပေတော့သည်။
မနာလိုဝန်တိုစိတ်သည် မူလစိတ်ရင်း ကောင်းသူကိုပင် လူဆိုးတစ်ယောက် အဖြစ် ပြောင်းလဲ ပစ်နိုင်ပေသည်။
ဗုဒ္ဓသာသနာ သမိုင်းတွေ အလွန် ထင်ရှားကျော်ကြားလှသည့် မိလိန္ဒမင်းကြီးက ရှင်နာဂသေန မထေရ်ကို မေးခွန်း တစ်ခု မေးဖူးသည်။ မေးခွန်းမှာ ရှင်ဒေဝဒတ်သည် ဘဝများစွာ သံသရာတွင် ဘုရားအလောင်းတော်နှင့် တွေ့ဆုံခဲ့ဖူးရာ ဘဝတိုင်းလိုလိုမှာပင် ဘုရားအလောင်းတော်ထက် ဘဝအဆင့်အတန်း အားဖြင့် မနိမ့်ကျပဲ တူညီသူ ရံဖန်ရံခါ ပို၍ သာလွန်သူပင် ဖြစ်ခဲ့သည်။ နောက်ဆုံး ဘုရားစင်စစ် ဖြစ်သော ဘဝမှာပင် ရှင်ဒေဝဒတ်၏ ဘဝ အဆင့်အတန်းက မြတ်စွာဘုရားထက် နိမ့်ကျခြင်း မရှိ။ ရွှေလင်ပန်းဖြင့် အချင်းဆေးခဲ့သူ ဖြစ်ပေသည်။ သူလို လူဆိုး တစ်ဦးက ကုသိုလ်ကောင်းမှု မရှိပဲ ဒီလို အဆင့်မြင့်သည့် ဘဝမျိုးကို ရောက်နိုင်ပါသလား ဆိုသည့် မေးခွန်း ဖြစ်သည်။
ရှင်နာဂသေနကလည်း မိလိန္ဒမင်းကြီးကို ရှင်ဒေဝဒတ်သည် လူတိုင်းနှင့် ဆန့်ကျင်သည် မဟုတ်။ ဘုရားအလောင်းတော်ကိုသာ ဆန့်ကျင်သည်။ ဘုရားအလောင်းတော်နှင့် မတွေ့သည့် အခါများတွင် ရှင်ဒေဝဒတ်လောင်းသည် ကုသိုလ်ပြုခြင်း အလှူပေးခြင်း စသော ကောင်းမှုများစွာကို ပြုခဲ့သည်ဟု အဖြေပေးလေသည်။
ဒီအတိုင်းဆိုလျှင် ရှင်ဒေဝဒတ်သည် မူလ စိတ်ရင်း မဆိုးသူ တစ်ယောက်ဟုပင် ဆိုနိုင်သည်။ ဘုရားအလောင်းတော်နှင့် တွေ့သော အခါတွင်သာ သူဖြူလျှင် ငါမည်းရမည် ဆိုသော မူဖြင့် ဆန့်ကျင်ဘက်များကို ပြုလုပ်လေသည်။ "ကောင်းတာလုပ်သူ""မှန်ကန်သူ"ကို ဆန့်ကျင်သောအခါ "မကောင်းတာ မှန်သမျှလုပ်သူ""အမှားပြုသူ"အဖြစ်ဖြင့် နစ်မွန်းရတော့သည်။
ထိုသို့ ဖြစ်စေသည်မှာလည်း မူလအစ မနာလို ဝန်တိုစိတ်ကြောင့် ဖြစ်သည်။ သူသည် ဘုရားအလောင်းတော်နှင့် သေရိဝဇာတ်ခေါ် ရွဲကုန်သည် ညီနောင် ဘဝက ရန်ငြိုးဖွဲ့ခဲ့သည်။ အတူတူ ရွဲရောင်းထွက်ရင်းမှ အသပြာ တစ်သိန်းတန်သော ရွှေခွက်ကို ဘုရားအလောင်းက အရင် ရသွားခဲ့သည်။ အမှန်တော့ ရှင်ဒေဝဒတ် ဖြစ်လာမည့် ရွဲကုန်သည်က အရင် ထိုနေရာကို ရောက်ပြီး တွေ့ခဲ့တာ ဖြစ်သည်။ သို့သော် သူက မရိုးသားစိတ် ရှိနေသဖြင့် ထို ရွှေခွက်ကို မရပဲ နောက်မှ ရောက်လာသူ အရင် ရသွားခဲ့သည်။ ဒီမှာတင် မနာလို ဝန်တိုစိတ်ဖြင့် မြစ်ကမ်းတလျှောက် ပြေးလိုက်ရင်း သွေးအန်ပြီး သေပွဲဝင်ခဲ့ရလေသည်။
ထိုမနာလိုဝန်တိုစိတ်သည် ဘဝဆက်တိုင်း အထုံ ပါရမီအနေဖြင့် ပါသွားကာ ဘုရားအလောင်းတော်နှင့် တွေ့တိုင်း ဆန့်ကျင်ဖက် ပြုတော့သည်ဟု ဆိုသည်။ ဘဝဆက်တိုင်း မသိစိတ်ထဲတွင် စွဲလမ်းသွားအောင်လည်း သူ၏ မနာလိုဝန်တိုစိတ်က ကြီးမားခဲ့သည်။ သန်သန်မာမာ ယောကျာ်းကြီး တစ်ယောက်ကို ရောဂါ အနာတရ မရှိပဲ သွေးပွက်ပွက်အန်၍ နေရာတွင် လဲသေစေနိုင်သည့် မနာလိုဝန်တိုစိတ်သည် မည်မျှလောက် ကြီးမားသည်ကို သိနိုင်ပေသည်။
သူသည်လည်း တော်ရီဂီယန်နီလိုပင် သမိုင်းဝင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ မဟုတ်သူများပင် သူ့အမည်ကို မသိသူ မရှိသလောက် ရှားအောင် သမိုင်းဝင်သူ ဖြစ်သည်။ သို့သော် နာမည်ဆိုးဖြင့် သမိုင်းဝင်ရခြင်း ဖြစ်၍ အလွန် အဖြစ်ဆိုးပါပေသည်။
ထို့ကြောင့် နယ်ပယ် ကဏ္ဍအသီးသီးရှိ လူသားအားလုံး အနေဖြင့် ကိုယ်ကျက်စားရာ နယ်ပယ်များတွင် အမြင့်ဆုံးသစ်ပင်ကြီးများ အဖြစ် ရောက်ရှိအောင် ရည်မှန်း ကြိုးစားအပ်ပေသည်။ အကယ်၍ တောင်ထိပ်မှ အမြင့်ဆုံး သစ်ပင်ကြီး အဖြစ်ဖြင့်(အောင်မြင် ကျော်ကြား ထင်ရှားသူအဖြစ်) သမိုင်းမတင်နိုင်တော့ပြီ ဆိုလျှင်လည်း နာမည်ဆိုးဖြင့် သမိုင်းဝင်သည့် ပုဂ္ဂိုလ် မဖြစ်အောင် ကြိုးစားနိုင်ကြပါစေသတည်းဟု ဆန္ဒပြုလိုက်ရပါသည်။
မှီငြမ်း
ကိုင်းပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ(ခင်မျိုးချစ်)
ဥရောပယဉ်ကျေးမှု အနုပညာမိတ်ဆက်(ခင်မျိုးချစ်)
မိုင်ကယ်အိန်ဂျယ်လို(ခင်မျိုးချစ်)
မြန်မာ့စွယ်စုံကျမ်း
(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.comသို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)