Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်လူရေး - လေဥကာကွယ်ရေး အမိန့်တော်မြတ်

$
0
0

မောင်လူရေး - လေဥကာကွယ်ရေး အမိန့်တော်မြတ်
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၅


ဖွတ်ဂါရာမတွင် လေဥကို ကာကွယ်စောင့်ရှောက်သည့်အမိန့်တော်တရပ် ထွက်ပေါ်၍လာချေပြီ။

လေဥကို အထူးစီမံချက်ဖြင့် စောင့်ရှောက်ဖို့ အသက်ပေးနိုင်သည့်သူ လူ၁၀၀ ရွေးချယ်ရာတွင် သူ့ထက်ငါလုနေ၍ ဖွတ်ဂါရာမလုံခြုံရေးတာဝန်ရှိသူများထဲမှ ၂၅ဦးကို အမာခံအဖြစ်ကနဦးလက်ခံပြီး ကျန် ၇၅ဦးကို ဝါးတားပါတီ ရေပါတီတို့မှ ရပ်ရေးရွာရေးသမားများကို ရွေးလိုက်ကြသည်။

ထို ၁၀၀တွင် ပါဝင်ခွင့်မရသူများက အရန်အဖြစ်စောင့်ရှောက်ခွင့်ရပါမည့်အကြောင်း တောင်းဆိုလျှောက်ထား ဆန္ဒတော်များပြလာကြသဖြင့် ဤသို့ဤနှယ် လေဥကို ကာကွယ်စောင့်ရှောက်သည့်အမိန့်တော်တရပ်သီးသန့်ထုတ်ပြန်လိုက်ရခြင်းဖြစ်ပေတော့ချေသည်တကား။

လေဥကို အဘဲ့ကြောင့် သဲသဲသန်သန် အဓိဋ္ဌာန်အားကြွယ်ကြွယ်ဖြင့် ကာကွယ်စောင့်ရှောက်လိုကြသနည်းဆိုသည်ကိုမူ ဖွတ်ဂါရာမလေဥပရောစက်ကို သေချာသိမှ သဘောပေါက်ပေရော့မည်။

လေဥ ပရောစက်ကို ရှု့ချေဦးလော့။

လေဥလုပ်ပုံအဆင့်ဆင့်ကို အချိန်ကာလအလိုက်တင်ပြရလျှင်

ပထမအဆင့်

“လေဥတလုံးရရှိရေးသည် ဖွတ်ဂါရာမသားတိုင်း၏တာဝန်ဖြစ်သည်” ဟူသောဆောင်ပုဒ်တော်ကြီးကို ဇီးသီးထုတ်တံဆိပ်မှအစပြုကာ ကျောင်းသုံးစာအုပ် သိုင်းစာအုပ်မှစ ရိုက်နှိပ်သမျှ စာအုပ်တိုင်း၏စာမျက်နှာအဖွင့်အဖြစ်လည်းကောင်း၊ ရုပ်မြင်သံကြားအစီအစဉ်၏ဥဒါန်းအဖြစ်လည်းကောင်း၊ အမျိုးသားရေးသရဏဂုံအဖြစ်လည်းကောင်း၊ ထုတ်သမျှသီးချင်း ဗီဒီယိုခွေတိုင်း၏ရေကင်းအဖြစ်လည်းကောင်း အမျိုးမျိုးအဖုံဖုံ ၁၉၉၀ခုနှစ်မှ ၂၀၀၈ အထိ ၁၈နှစ်တိတိ စဉ်တိုက်ဆက်တိုက် ဆော်သြရသည်။

ဒုတိယအဆင့်

ဖွတ်ဂါရာမတရွာလုံး ၁၉၉၃ခုနှစ်မှစ၍ ၂၀၀၃ ခုနှစ်အထိ လေဖန်းဒန်းစီး ၁၀နှစ် လုပ်ရသည်။

တတိယအဆင့်

၂၀၀၃ ခုနှစ်မှ ၂၀၀၈ခုနှစ်ထိ ၅ နှစ်ဆက်တိုက် လေသင်ဓုန်းဖြတ်ရသည်။

စတုတ္ထအဆင့်

၂၀၀၈ ခုနှစ်မှ ၂၀၁၀ထိ ၂နှစ်ကြာ လေသလပ်ခံရင်း လေရုံကြီးဆောက်ရသည်။

ပဉ္စမအဆင့်

လေပြင်းသူများကို ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်ရသည်။ ယင်းသို့ရွေးချယ်ရာတွင် နိုင်ငံတကာအကဲဖြတ်များပါ ဖိတ်ကြားဆောင်ရွက်ရသည်။

နောက်ဆုံးအဆင့်

လေရုံကြီးထဲတွင် ရွေးကောက်ထားသောလေသမားများနှင့် “မိုးလား လေလား ဟေ့လာ မောင်တို့ဝါး” ဟူသောမန္တာန်တော်မြတ်ကို ၂၀၁၀ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ၅နှစ်တိုင်တိုင် လိုကယ် အင်တာနေရှင်နယ် ဂလိုဘယ် ယူနီဗာဆယ်လေမှုတ်တူရိယာမျိုးစုံဖြင့် ရွတ်ဖတ်သရဇ္ဈယ်ရသည်။

သို့ဆိုလျှင် လေဥတလုံးရရေး အဘယ်မျှလောက်ခက်သည်ကို သိပေရော့မည်။

ဖွတ်ဂါရာမတရွာလုံး စီးပွားရေး လူမှုရေး ကျန်းမာရေး အားကစားရေး ကာကွယ်ရေး ငြိမ်းချမ်းရေး ဘာသာရေး ပညာရေး ရွာရေးရပ်ရေး ဘာတရေးမှ မရေးနိုင်ဘဲ ဤလေဥတလုံးရရေးကိုသာ ဇောက်ချလုပ်ခဲ့သည်မှာ ၂၅နှစ်ပင် ရှိချေပြီ။

ယခင့်ယခင် တိုင်ပင်စဉ်းစား ကြိုးစားအားထုတ်ခဲ့သည့်နှစ်များကိုပါ ထည့်ပေါင်းလျှင် နှစ်ပေါင်း ၅၀ပင် တိုင်ရော့မည်။

အနို့သို့မို့ ပလို့ထို့ကြောင့် လေဥကာကွယ်စောင့်ရှောက်ရေးမည်မျှအရေးကြီးသည်ကို သိရှိကြသည့်အလျောက် ကမ္ဘာပျက်လျှင်ပင် မပျက်စေရန် ရည်သန်၍ နောက်လာနောင်သားများ ဦးထိပ်ရွက်ပန်ဆင်နေစေရေး တွေးရှုကာ လေဥကာကွယ်စောင့်ရှောက်ရေးဥပဒေတော်ကြီးကို ထုတ်ပြန်လိုက်ရချေပြီတည်း။

ယခုအခါ ရွာနီးချုပ်စပ်ဖြစ်သော ဂွဒ်ဂါရာမ ကလင်းဂါရာမတို့ပင် ဖွတ်ဂါရာမကို မနာလိုတိုရှည်ဖြစ်နေကြပေပြီ။

အကြောင်းမှာ ဖွတ်ဂါရာမသည် လေဥကာကွယ်စောင့်ရှောက်ရေးသာမက မွတ်ဂါရာမတို့ကဲ့သို့ ရွှေဥကာကွယ်စောင့်ရှောက်ရေးကိုလဲအမိန့်တော်မြတ် မှတ်ပြီးသကာလ အောင်ပွဲများကျင်းပတော့မည်ဖြစ်ကြောင်း ကြော်ညာမောင်းသံ ဘဝဂ်လျှံချင်တိုင်း လျှံနေလေပြီတမုံ့။


မောင်လူရေး

(မိုးမခ ဖြည့်စွက် - အဆိုပါ နောက်ခံအကြောင်းအရာကို ၂၀၁၅ မေလတုန်းကလည်း ပြည်တွင်းသတင်းများမှာ ဖော်ပြခဲ့ကြသည်။  - https://aungmyokyaw.wordpress.com/2015/05/26/%E1%81%82%E1%81%80%E1%81%80%E1%81%88-%E1%80%96%E1%80%BC%E1%80%B2%E1%82%95%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%B6%E1%80%AF-%E1%80%A1%E1%80%B1%E1%80%BB%E1%80%81%E1%80%81%E1%80%B6%E1%80%A5/

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>