ချမ်းမြ - ကုသိုလ်တော်ဘုရားဝန်းထဲက ပြဇာတ်များ
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၅
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၅
ကျွန်တော်လည်း ဆေးလိပ်ဖွာလျှက် ဘုရားဝန်းထဲဝင်သို့ဝင်လာခဲ့သည်။ ဘုရားဝန်းထဲရောက်တော့ ကျွန်တော့်ညာဘက်ကိုချိုး၍ကွေ့လိုက်စဉ် အနောက်မှ ကလေးငယ်တစ်ယောက်အသံကြားရသည်။
“အကိုကြီး ခရေပန်းလေးဝယ်ပါအုံးလား”
“တစ်ကုံးမှ နှစ်ရာထဲမှာ သုံးကုံးယူရင် ငါးရာနဲ့ပေးပါ့မယ် အကိုကြီး”
ထိုကလေးငယ်လေးကိုလှည့်ကြည့်လိုက်တော့ အဖြူစိမ်းအင်္ကျီ ခပ်နွမ်းနွမ်းလေး နဲ့ ပါးမှာလည်း သစ်ရွက်ပုံသနပ်ခါးပါးကွပ်လေးနဲ့ ချစ်ရာကောင်းသည်။
“အကိုကြီးရယ် သမီးခရေပန်းလေးဝယ်ပါ။ သမီးခရေပန်းလေးဝယ်ရင် ဒီကုသိုလ်တော် ဘုရားသမိုင်းကြောင်းကို အင်္ဂလိပ်လိုရော မြန်မာလိုပါ ရှင်းပြပါ့မယ်။ သမီးဒီပန်းလေးကုန်မှ အိမ်ပြန်ရမှာမို့လို့ပါအကိုကြီး”
ကလေးငယ်လေးက သူ့ပန်းလေးတွေရောင်းကုန်ဖို့ ကျွန်တော့်ကို အဆက်မပြတ်ပြောနေရှာသည်။ ဒါနဲ့ကျွန်တော်လည်း ခရေပင်ကြီးအောက်က အုတ်ခုံဝိုင်းလေးထိုင်ပြီး ...
“လာ ညီမလေး ဒီဘက်မှာထိုင်”
“ညီမလေး ခရေပန်းတွေ အကုန်လုံး အကိုဝယ်မယ်နော်” လို့ပြောလိုက်တော့
ကလေးငယ်လေးရဲ့မျက်နှာလေးမှာဝင်းလက်တောက်ပသွားသည်ကို ကျွန်တော်သတိထားမိသည်။
“ညီမလေးက ကျောင်းတက်သေးလား”
“ဟုတ် အကိုကြီး တက်သေးတယ်”
“အခုကျောင်းကပြန်ရောက်လာလို့ မေမေသီပေးထားတဲ့ ခရေပန်းလေးလာရောင်းတာ။ တစ်ခါတစ်လေကျတော့လည်း ညီမလေးက ဧည့်သည်တွေကို ဒီဘုရားသမိုင်းကြောင်း ရှင်းပြတဲ့အလုပ်လုပ်တယ်။ ကျောင်းစရိတ်နဲ့ မုန့်ဖိုးလေးတော့ရပါတယ်”
ကျွန်တော်ရင်ထဲတွင် ကလေးငယ်ကို သနားသွားသည်။ ကျွန်တော်ဘဝကလည်း ငွေကြေးပြည့်စုံသူတစ်ယောက်တော့မ ဟုတ်ပေ။ သို့ပေမယ် ထိုကလေးငယ်လေးထက် အစပေါင်းများစွာသာသည်။ ထိုကလေးငယ်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်နှစ်ခုလုပ်ပြီး ဘဝကိုရုန်းကန်၍ ကျောင်းတက်နေရှာသည်။
“ညီမလေး ခရေပန်းက အားလုံး ဘယ်လောက်လဲ”
“နှစ်ထောင့်ငါးရာဖိုးရှိတယ်အကိုကြီး နှစ်ထောင်ပဲပေးပါ”
“ဘယ်ဟုတ်မလဲ ညီမလေးကလည်း ...”
“ရော့ သုံးထောင် ပြန်မအမ်းနဲ့ မနက်ဖြန် ကျောင်းမုန့်ဖိုးယူလိုက်နော်”
ကလေးငယ်က ခရေပန်းလေးတွေကို သေသေချာထည့်ပေးပြီး ကျွန်တော်ကိုပေးသည်။
“ညီမလေးက အခုဘယ်နှစ်တန်းလဲ”
“တတိယတန်းတက်နေတာအကိုကြီး”
“မိသားစုကရောဘယ်နှစ်ယောက်ရှိလည်း”
“လေးယောက်ပါ အကိုကြီး သမီးအောက်မှာ တစ်လသားသမီးမောင်လေးရှိတယ်။ ဖေဖေကတော့ အရက်ဆိုင်မှာပဲအချိန်ကုန်တယ်။ တစ်ခါ တစ်လေ သမီးအိမ်က ထွက်ပြေးချင်စိတ်ပေါက်တယ်။ ဒါပေမယ့် သမီးမောင်လေးမျက်နှာကိုကြည့်ပြီး စိတ်လျော့ထားရတယ်”
ထိုကလေးငယ်ကို ကျွန်တော်လေးစားမိသည်။ အဘယ်ကြောင့်ဆိုသော် သူ့လိုအရွယ်တုန်းက ကျွန်တော်သည် ဆော့လို့ကောင်း စားလို့ကောင်း အိပ်လို့နေလို့ကောင်းနေတုန်းရှိသည်။
“အိမ်မှာက ဘာလို့ရန်ဖြစ်ကြတာလည်း”
“ဖေဖေ အရက်သောက်ချင်လို့ အရက်ဖိုးတောင်းတယ်လေ။ မေမေကလည်း သူထဲမရှိတော့ မရှိဘူးလို့ပြောတာပေါ့။ ဒါနဲ့ မပေးရမလားဆိုပြီး စကားများရာကနေရန်ဖြစ်ကြတာ။ တစ်ခါတစ်လေကျတော့လည်း သမီးကျောင်းမုန့်ဖိုးထဲကပေးလိုက်။ အဲဒီနေ့ဆို အိမ်မှာ နေရတာပျော်တယ်”
စကားပြောရင်း ကလေးငယ်လေးရဲ့မျက်ဝန်းထဲက မျက်ရည်စတွေစီးလို့ကျလာလေသည်။
“အကိုကြီးသမီးပြန်တော့ မေမေကသမီးကိုစောင့်နေမှာ။ သမီးအိမ်ပြန်နောက်ကျရင် မေမေတို့ညစာမိုးချုပ်နေမှာ”
“အေး....ညီမလေး။ ဖြေးဖြေးပြန်ဦးနော်။ နောက်တစ်ပတ် အကိုလာရင် ညီမလေး ကျောင်းတက်ရင်လိုအပ်မည်ပစ္စည်လေးတွေဝယ်ခဲ့မယ်”
ထို့သို့ပြောပြီး ကလေးငယ်နဲ့ကျွန်တော် စကားဖြတ်ပြီးကိုယ်အိမ်ကိုပြန်ခဲ့သည်။
******************
ကျွန်တော်ကရုံးဝန်ထမ်းတစ်ယောက်ဖြစ်သည်။ ဒီနေ့ရုံးမှာ စာရင်းအားလုံးလုပ်ပြီးသဖြင့် အားနေသည်။ ဒါနဲ့ ကျွန်တော် ဈေး ချိုဘက်ပစ္စည်းဝယ်စရာရှိလို့ဆိုပြီး ခွင့်တောင်း၍ထွက်လာခဲ့သည်။ ကလေးငယ်အားပေးရန် ဈေးချိုထဲကနေ ကျောင်းပစ္စည်း အချို့ကိုဝယ်ခဲ့ပြီးရုံးကိုပြန်လာခဲ့သည်။ ရုံးရောက်တော့ မန်နေဂျာကမေးသည်။
“ချမ်းမြ...မင်းကျောင်းသုံးပစ္စည်းတွေဝယ်လာတာများပလားကွ။ ဘယ်ကလေးမွေးနေ့ပွဲရှိလို့လည်း”
“မဟုတ်ပါဘူး ....ဂျာကြီးရာ” ဆိုပြီး အကြောင်းစုံပြောပြလိုက်သည်။ ဂျာကြီးက ကျွန်တော့်ကို ပြုံးဖြီးဖြီးကြီးကြည့်နေသည်။ ပစ္စည်းတွေကို ကျွန်တော့်စားပွဲဘေးတွင်ထားလိုက်ပြီး စားပွဲခုံပေါ်ကအသင့်ကြိုလျက်ရှိသော စာရင်းတွေနဲ့ နပန်းလုံးရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့သည်။
ဒီနေ့ တနင်္ဂနွေနေ့ ကျွန်တော်ရုံးပိတ်သည်။ မနက်ပိုင်း အိမ်ကခိုင်းတာလေးတွေလုပ်ပြီး ရေမိုးချိုး ရုံးယူနီဖောင်တွေလျှော်၊ ထမင်းစားပြီး တစ်ရေးတမောအိပ်ခဲ့သည်။ ညနေခင်းပိုင်းကျ နိုးလာသည်။ မျက်နှာသစ်ပြီး ကလေးငယ်ကိုပေးဖို့ ကျောင်း ပစ္စည်းတွေကိုယူပြီး ကုသိုလ်တော်ဘုရားဘက်ထွက်လာခဲ့သည်။ ဘုရားထဲရောက်တော့ ကလေးငယ်ကိုမတွေ့သဖြင့် အ ရင်တပတ်က ထိုင်တဲ့နေရာလေးမှာထိုင်ပြီးစောင့်နေခဲ့သည်။ နာရီဝက်လောက်ကြာတော့ ရောက်ချလာလေသည်။ ဈေးဗန်း ထဲတွင်လည်း ခရေပန်းတစ်ကုံးမှမတွေ့ရပါ။
“ညီမလေး ဘယ်သွားနေတာလည်း”
“မီးပွိုင့်မှာ ခရေပန်းသွားရောင်းနေတာ။ အကုန်လုံးကုန်ခဲ့ပြီ ဒီနေ့မဆိုးဘူး ရောင်းရတယ်”
“ဘုရားထဲကဘာဖြစ်လို့လည်း မရောင်းရလို့လား”
“မဟုတ်ဘူး အကိုကြီးရောင်းရပါတယ်။ ဒီနေ့ က ဟိုကောဇောကြီးကြောင့် ဘုရားထဲမှာပန်းမရောင်းရတာ” ဆိုပြီး ကျွန်တော့် ကိုလက်ညှိုးထိုးပြသည်။
ကျွန်တော် လှမ်းကြည့်လိုက်တော့ ကောဇောအနီနဲ့အစိမ်း တခြမ်းစီခင်းထားကိုတွေ့ရသည်။ သေချာပြီ ဒီနေ့တော့ ကုသိုလ်တော်ဘုရားကို အစိုးရလူကြီးတွေ လာသွားပြီဖြစ်သည်။
“အော်....အဲဒါကြောင့် ညီမလေးက မီးပွိုင့်မှာသွားရောင်းတာလား”
“ဟုတ်တယ် အကိုကြီး”
ထို့နောက်ကျွန်တော် လည်း ကလေးငယ်အတွက်ဝယ်လာသောကျောင်းပစ္စည်းတွေကိုပေးလိုက်သည်။ ကလေးငယ်လေး က တစ်ခုခြင်းစီထုတ်ကြည့်နေသည်။ ထိုသို့ထုတ်ကြည့်ပြီး ကျွန်တော်ကို စကားတစ်ခွန်းပြောသည်။
“သမီး ပညာတက်ကြီးဖြစ်ချင်တယ်။ ဒါဆိုရင် သမီးတို့ အိမ်မှာ ညစာနောက်မကျတော့ဘူး”
ကျွန်တော့်မှာ ကျောက်ရုပ်ကြီးတစ်ရုပ်လိုဖြစ်သွာပြီး ကလေးငယ်ကို စူးစိုက်၍ကြည့်ပြီး စိတ်ထဲကနေပြောနေမိသည်။
“ဘာလို့ အဲလောက်တောင်ရင့်ကျတ်နေရလည်း...ညီမလေးရယ်”
တွေးလက်စအတွေးကိုဖြတ် ကျနေတဲ့မျက်ရည်စလေးကိုသုတ်ပြီး ...
“ကြိုးစားပေါ့ ညီမလေးကလည်း ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်“
“ဟုတ်ကဲ့ အကိုကြီး ညီမလေးကြိုးစားပါမယ်၊ အကိုကြီး အခုလိုကူညီတာကိုလည်း ညီမလေးဘယ်တော့မှမမေ့ပါဘူး”
“ကဲ ဒါဆိုလည်း ပြန်ကြစို့၊ မိုးချုပ်တော့မယ် ညီမလေးအိမ်အပြန်နောက်ကြနေမယ်” လို့ပြောပြီး ကျွန်တော်လည်းပြန်ခဲ့သည်။
အိမ်ပြန်ရောက်တော့ထမင်းစားပြီး အိပ်ရာဝင်ခဲ့သည်။ သို့သော် အိပ်၍မပျော်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ နိုင်ငံတွင် ဆင်းရဲသားပြည်သူများပပျောက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ နစ်မြှုပ်နေတဲ့မိသားစုတွေ ဘယ်လောက်တောင်ရှိနေဦးမလဲ။ ပြီးတော့ပညာတက်ဖြစ်ချင်ပြီး ပညာသင်ခွင့်မရတဲ့ကလေးငယ်လေးတွေ ဘယ်လောက်တောင်ရှိနေလဲ စသည့် အတွေးတွေကြောင့် အိပ်မပျော်နိုင်ပဲဖြစ်ခဲ့သည်။ သို့ပေမယ့် မနက်ရုံးသွားရမည်ဖြစ်သဖြင့် အိပ်ဆေးသောက်ပြီး အိပ်ရာဝင်ခဲ့ရလေသည်။
ချစ်ခြင်းအားဖြင့်
ချမ်းမြ