ကျော်မောင်(တိုင်းတာရေး) - တွေးမိလေသော - လူငယ်နှင့် စီးကရက်
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၅
ထမင်းဆိုင်တဆိုင်မှာ ထမင်းစားအပြီး အဲဒီဆိုင်မှာပဲ ဟိုးအတန်းငယ် မူလတန်းကျောင်းတုန်းက သူငယ်ချင်းတွေနဲ့တွေ့လို့ လက်ဖက်ရည်သောက်ရင်း ၊ ရေနွေးကြမ်းသောက်ကြရင်း ဆက်ထိုင်ဖြစ်တယ်။ ဟိုတုန်းက အကြောင်းတွေပြန်လည်ပြောကြ၊ ဟိုသူငယ်ချင်း ဒီသူငယ်ချင်းအကြောင်းတွေ အချင်းချင်းဖလှယ်ကြ၊ လက်ရှိဘာတွေလုပ်နေတယ်ဆိုတာ ကိုယ့်ဂုဏ်ကိုယ်ဖော်ကြနဲ့ စကားဝိုင်းက စည်လှပါတယ်။ အရွယ်တွေကလည်း အဲဒီအချိန်မှာ တက္ကသိုလ်ဝင်တန်း အောင်စတွေ ဆိုတော့ တလူလူနဲ့ပေါ့။
ဝိုင်းမှာက ငါးယောက်ထိုင်နေတာဖြစ်ပါတယ်။ တယောက်က နိုင်ငံခြားဖြစ် စီးကရက်ကို စတိုင်ပါပါခဲနေပါတယ်။ စားပွဲပေါ်ကို သူ့ရဲ့ စီးကရက်ဗူးကို တင်ထားတယ်။ မီးခြစ်လိုချင်ရင် ဆိုင်က စားပွဲထိုးတယောက်ကို ညီလေးရေဆိုပြီး လက်သီးဆုပ်မှာ လက်မကို မီးခြစ်တဲ့ပုံစံလုပ်ပြလိုက်ရင် မီးခြစ်လာချပေးတဲ့ခေတ်၊ ထမင်းဆိုင်ထဲမှာ ဆေးလိပ်ပဲသောက်သောက်၊ စီးကရက်ပဲသောက်သောက် ရတဲ့ခေတ်ပါ။ အခုလည်း ပိုတောင်လွတ်လွတ်လပ်လပ် သောက်လို့ရနေတဲ့ ခေတ်ရောက်နေပြီ ငကျော်မောင်ရဲ့ဆိုရင်တော့ မသိတဲ့ အမိုက်အမဲလေးမို့ ခွင့်လွှတ်ကြပါလို့ပဲ ပြောပါရစေ။
သူငယ်ချင်းတစု စကားကောင်းနေတုန်း စာရွက်စာတမ်းတွေ၊ ဖိုင်တွေ တပွေ့တပိုက်ကြီးနဲ့ အမကြီးတယောက် ဆိုင်ထဲဝင်လာပြီး ဘေးဝိုင်းမှာ ၀င်ထိုင်ပါတယ်။ သူ့ပစ္စည်းတွေ စားပွဲဝိုင်းပေါ်ချပြီးတဲ့အခါ စီးကရက်သောက်ရင်း အားပါးတရ စကားပြောနေတဲ့ သူငယ်ချင်းကို ခွင့်တောင်းပါတယ်။ သူ ဆာဗေးလုပ်ပါရစေတဲ့။ သူက စစ်တမ်းကောက်တဲ့သူပေါ့။ ရပါတယ်ဆိုတော့ သူထိုင်နေတဲ့ စားပွဲဝိုင်းဖက်ကို ခေါ်ပြီး ဗျူးပါလေရော။ ဘယ်တံဆိပ်ကို သောက်သလဲ၊ တနေ့ဘယ်နှစ်လိပ်သောက်သလဲ စသဖြင့်ပေါ့။ စကားဝိုင်းမှာ တယောက်လျော့သွားတော့ ကျန်တဲ့လေးယောက်က သိပ်အစာမကြေချင်။
ဆာဗေးကလည်း အတော်ကြာပါတယ်။ မိနစ်နှစ်ဆယ်လောက်၊ နာရီဝက်လောက်များ ရှိမလားပဲ။ အားရပါးရ မေးမြန်းပြီးတဲ့အခါ ဆာဗေးမမကြီးလည်း စာရွက်တွေသိမ်း ထပြန်မယ်လုပ်တဲ့အချိန် ဒီကကောင်လည်း ရတဲ့အခွင့်အရေးကို လက်လွတ်မခံဘဲ တဖက်ဝိုင်းက ဆာဗေးသမားကို မေးမိပါတယ်။
“အမရေ မေးပါရစေဗျာ၊ အမ ဆာဗေးက ဆေးလိပ်သောက်တဲ့သူတွေကိုပဲ လုပ်တာလား။”
“အင်း ဟုတ်ပါတယ်” ဆိုပြီး အဲဒီအမက ပြန်ဖြေပါတယ်။
ကွန့်ချင်တဲ့ ငနဲဖြစ်တော့ ဆက်မေးပါတယ်။
“ဟာ ဒါတော့ မဟုတ်သေးဘူးဗျ၊ မသောက်တဲ့သူတွေကိုလည်း ဘာကြောင့်မသောက်တာလည်း၊ အစက သောက်ဖူးလား၊ သောက်ဖူးရင် ဘာကြောင့်မသောက်ဖြစ်တော့တာလည်း၊ မသောက်ဖူးဘူးရင်လည်း ဘာကြောင့် စမ်းသပ်ပြီးတောင် မသောက်တာလည်း စသဖြင့် ဆာဗေးလေး မလုပ်သင့်ဘူးလားဗျာ။ ဒါမှ အမရဲ့ဆာဗေးက ပိုပြည့်စုံမှာပေါ့ “ ဆိုတော့ သူလည်း ဘာမှ ပြန်မဖြေတော့ဘဲ စာရွက်စာတမ်းတွေ ဖိုင်တွေ ပိုက်ပြီး ဆိုင်ထဲက အသော့နှင်ပါတော့တယ်။
စစ်တမ်းသမားကို ပြန်လည် ဆားဗေးလုပ်ခဲ့တဲ့ ဖြစ်ရပ်လေးပါ။ ဘယ်လို ကောင်လေးပါလိမ့်လို့ ထင်ရင်လည်း ထင်သွားမှာပေါ့ဗျာ။
ခင်မင်ရတဲ့ မိတ်ဆွေညီငယ်တယောက် ပြန်လည်ပြောပြခဲ့တဲ့ အဖြစ်အပျက်ကိုလည်း မျှဝေချင်ပါတယ်။ အားတဲ့အချိန် အတွေ့အကြုံလည်းရ၊ ကျောင်းစရိတ် နေစရိတ် စားစရိတ် စတာတွေကာမိအောင် အချိန်ပိုင်းအလုပ်တွေကို စင်ကာပူရောက် ရွှေပြည်ကြီးက ကျောင်းသူကျောင်းသား အတော်များများ ၀င်လုပ်ကြပါတယ်။
နှစ်ဆယ့်လေးနာရီပတ်လုံး ရောင်းတဲ့ စတိုးဆိုင်တဆိုင်မှာ ခုနက ညီငယ် ညဖက် အချိန်ပိုင်း ဆင်းစဉ်ကဖြစ်ပါတယ်။ ညသန်းခေါင် (၁၂) နာရီမထိုးခင် နာရီဝက်အလိုလောက်မှာ လူငယ်တယောက် ဆိုင်ရှေ့ရောက်လာပါတယ်။ ပြီးတော့ စီးကရက်ဗူးတဗူးကို လက်ညှိုးထိုးပြပြီး ၀ယ်မယ်ပြောပါတယ်။ သူရဲ့အပေါင်းအသင်းရောင်းရင်းတွေဖြစ်ပုံရတဲ့ သက်တူရွယ်တူ လူငယ်တသိုက်ကလည်း ကောင်လေးကို ဆိုင်ရဲ့ခပ်လှမ်းလှမ်းကနေ မတ်တပ်ရပ် အကဲခတ်နေကြပါတယ်။
အချိန်ပိုင်း အရောင်းဝန်ထမ်းဖြစ်တဲ့ ညီငယ်ကလည်း လူငယ်တွေ စီးကရက်လာဝယ်တယ်ဆိုရင် အဲဒီမှာ စည်းကမ်းရှိထားတဲ့အတိုင်း ဈေးဝယ်သူရဲ့ မှတ်ပုံတင်ကို တောင်းကြည့်စစ်ဆေးပြီးမှ ရောင်းရမှာဖြစ်လို့ မှတ်ပုံတင်ပြခိုင်းပါတယ်။ အသက် (၁၈) နှစ်ကျော်တဲ့ လူငယ် (ကျားမ မဟူ) ဈေးဝယ်သူကိုမှ စီးကရက်ရောင်းခွင့်ရှိတာဖြစ်ပါတယ်။ မှတ်ပုံတင်ကိုကြည့်လိုက်တဲ့အခါ ကောင်လေးရဲ့ အသက်က နောက်တရက်ဆိုရင် (၁၈)နှစ်တင်းတင်းပြည့်တော့မှာ။ တိတိကျကျပြောရရင် အဲဒီည(၁၂) နာရီကျော်တာနဲ့ (၁၈)နှစ်ပြည့်ပြီလို့ ပြောနိုင်ပြီ။ စီးကရက်ဝယ်သောက်နိုင်ပြီ။ ဒါပေမဲ့ ပုဂ္ဂိုလ်လေးက နာရီဝက်စောပြီး စီးကရက်ဝယ်ချင်တယ်။ ဟိုညီငယ်ကလည်း ဒီနိုင်ငံမှာ သတ်မှတ်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်ပြီး မရောင်းနိုင်ပါဘူးလို့ ပြေပြေလည်လည် ငြင်းရတယ်။
အဲဒီအခါ ကောင်လေးကလည်း လက်ကနာရီ ပြပြပြီး နာရီဝက်ပဲလိုတော့တာ ဘယ်သူမှမသိပါဘူး ရောင်းပေးပါဗျာလို့ နားပူနားဆာလုပ်ပြန်တယ်။ မိတ်ဆွေညီငယ် ဆုံးဖြတ်ရပါတယ်။ အခု မရောင်းပေးနိုင်ဘူး၊ နောက်နာရီဝက်ကျော်တဲ့အခါ လာဝယ်၊ အဲဒီအခါ ရောင်းပေးမယ်ဆိုပြီး ခပ်တင်းတင်း ဆိုရပါသတဲ့။
ကောင်လေး သူ့အပေါင်းအသင်းတွေဆီ မကျေမနပ်နဲ့ ပြန်သွားပါတယ်။ သန်းခေါင်ကျော်တဲ့အခါ လာဝယ်ဖြစ်လား မ၀ယ်ဖြစ်တော့လားဆိုတာ သူပြန်ပြောင်းပြောပြတုန်းက မေးကြည့်သေးတယ်ထင်ပါတယ်။ အဲဒီအကြောင်းကို မမှတ်ထားမိပါ။
ရွှေပြည်ကြီးမှာ လူငယ်တွေ စီးကရက်ခဲကြ၊ ဆေးပေါ့လိပ်သောက်ကြနဲ့ အတော်ကို တိုးတက်ပါတယ်။ စတိုင်နဲ့ပါ။ အရင်ခေတ်တုန်းက မင်္ဂလာဆောင်ပွဲတွေမှာ မင်္ဂလာပွဲ ကြွလာတဲ့ ဧည့်ပရိသတ်ကို ခန်းမ အ၀င်ဝမှာပဲ စီးကရက်ကောင်းကောင်း ဝေတဲ့ အလေ့ရှိခဲ့ဖူးပါတယ်။
မင်္ဂလာဖိတ်စာကို အိမ်တိုင်ရာရောက်ဖိတ်တဲ့အခါမှာ လက်ဖက်ထုပ်နဲ့ ဆေးလိပ်ကမ်းတဲ့ ဓလေ့လည်း အောက်ပြည်အောက်ရွာမှာ ရှိခဲ့ဖူးပါတယ်။ အခုထိလည်း တချို့အရပ်တွေမှာ အစဉ်အလာအဖြစ် အသုံးပြုနေကြဆဲလို့ ကြားသိရပါတယ်။ အထက်ဖက်မှာလည်း ရွာတွေ၊ နယ်တွေမှာ အဲဒီ အလေ့ကို ကျင့်သုံးနေဆဲဖြစ်တယ်လို့ အထက်အညာဇာတိ မိတ်ဆွေတဦးက ပြောပြပါတယ်။ မင်္ဂလာဧည့်ခံပွဲတွေက ရလာတဲ့ ဆေးလိပ်တွေ၊ စီးကရက်တွေကို အိမ်ရောက်တဲ့အခါဖြစ်ဖြစ်၊ ဆိုင်တဆိုင်မှာ ဆက်ထိုင်ကြတာပဲဖြစ်ဖြစ် သောက်ကြပါတယ်။ တချို့ကလည်း မင်္ဂလာပွဲထဲမှာကို ခဲကြပါတယ်။ မသောက်ဖူးသေးတဲ့ လူငယ်တွေအတွက် စစမ်းသောက်ကြည့်နိုင်ဖို့ အခွင့်အလမ်းတခုပါပဲ။
နောက်တခုက ဆေးလိပ်၊ စီးကရက်သောက်တဲ့ လူကြီးမိဘက ဆယ်ကျော်သက်ပဲရှိသေးတဲ့ သားတွေ၊ တူတွေကို မီးညှိခိုင်းရာက သောက်မိစေတာပါပဲ။
အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနဲ့ နီးတဲ့နေရာတွေမှာ ကွမ်းယာရောင်းတဲ့ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ ရှိတတ်ပါတယ်။ အဲဒီမှာ ကျောင်းသားအရွယ် လူငယ်တွေ စီးကရက်လာဝယ်ရင် မရောင်းဘူးပြောတဲ့ဆိုင်၊ ကျန်းမာရေး အသိရှိတဲ့ အရောင်းဝန်ထမ်းတွေ၊ ဆိုင်ရှင်တွေ ရှိကြပါတယ်ဆိုရင် လူငယ်တွေ ဘယ်လောက်များ အကျိုးရှိလိုက်လေမလည်းရယ်လို့ အတွေးဆန့်မိကြောင်းပါ။