ဖိုးစီ (ရုံးတော) - အိမ်ခါးပန်းက စာတမ်းတွေ
(မိုးမခ) စက်တင်ဘာ ၀၈၊ ၂၀၁၅
ရွာပြန်ရောက်သည်နှင့် တပြိုင်နက် ရှိရှိသမျှသော အဆွေအမျိုးတွေက အိမ်လည်ဖိတ်တာကို အိမ်စေ့ရောက်အောင် အားထုတ်ရတာက အလုပ်ကြီးတခုပင်ဖြစ်သည်။ တနှစ်တခေါက် ရောက်ခဲလှတာကြောင့်လည်း ဆွေမျိုးတွေက တွေ့ချင် ကျွေးမွေးချင်ကြတာမဆန်းပါ။ ကျွန်တော့်အိမ်သူက တနယ်သူ ဖြစ်သည့်အပြင် တောရွာတွေနဲ့ အကျွမ်းတ၀င်မရှိလှ တော့ အိမ်လည်မသွားချင်။ သို့သော် ခေါ်တဲ့သူတွေက မရမက ခေါ်တဲ့အပြင် အမေကလည်း မရောက်မဖြစ်သွားရမည့် အိမ်တွေကို နှုတ်တိုက်ချပေးထားတော့ သူ မငြင်းသာ။
ပထမဆုံး အိမ်အရောက်မှာပင် အိမ်ခါးပန်းပေါ်က စာတမ်း အချို့ကို သူက သတိပြုမိသွားသည်။ အိမ်အပေါ်ထပ် ကြမ်းခင်း အောက်ပြေးထားသည့် ထုပ်တန်း၊ ယက်မ သို့မဟုတ် အိမ်ခါးပန်း သစ်သားပြား၏ မြင်သာသော နေရာတွင် မြေဖြူဖြင့် လက်ရေးလှလှ ရေးသားထားသည့် အဆိုအမိန့် ၊ တက်ကျမ်း ၊ တရားစာသား တချို့ဖြစ်သည်။
ဆိုကြပါစို့။ သူ အဦးဆုံးတွေ့ရသည့် စာတမ်းက ဆိုလျှင်
“ပြောမှသိ၊ ထိမှာနာ၊ သာမှနေ၊ သေမှခင်၊ ဤလေးအင် လူတွင် မကျင့်အပ်” ဟူ၏။
“ဒါတွေက ဘာသဘောလဲ”ဟု မေးလာတော့၊ ဒီအိမ်ကလူတွေ ရဲ့ စိတ်သဘော ဘ၀အမြင်တွေကို ထင်ဟပ်သည့် စာသား စကားအလှလေးတွေ ဖြစ်ကြောင်း ရှင်းပြရပါသည်။
“ဒါဖြင့် ဒို့အိမ်မှာ ရောမရှိဘူးလား ..” ။
“ရှိတာပေါ့ဟာ၊ လောလောဆယ်တော့ ဘွဲ့ဓာတ်ပုံတွေ အလှဓာတ်ပုံတွေက စာတွေကို ကွယ်သွားပြီ..” ဟု ကျနော်က အပြုံးတ၀က်ဖြင့် ဖြေရသည်။ အကယ်၍ ထိုဓာတ်ပုံတွေ ဖယ်ကြည့်လိုက်လျှင် ကျွန်တော့် ငယ်လက်ရာ စာတမ်းတွေကို သူ တွေ့ရလိမ့်မည်။
နောက်အိမ်တွေ အရောက်မှာတော့ ၀င်လျှင်ဝင်ချင်း အိမ်ခါးပန်းက စာတမ်းလေးတွေကို ဦးစားပေးဖတ်ရင်း ကျွန်တော့် ဆွေမျိုးတွေကို သူ တတ်သလောက် သရုပ်ခွဲနေတော့သည်။ သူက မြို့ကြီးမှာ မွေးသည့်အပြင် တရုတ်သွေးလည်းပါလေတော့ သူရို့ အဆွေအမျိုးတွေ အိမ်မှာ စာတမ်း ရှာမတွေ့တာ ဖြစ်ခဲ့ပါလိမ့်မည်။
“မိတ်ဆွေ၊ ငွေခေတ် ငွေကမ္ဘာမှာ ငွေကိုသာ အရင်ရှာပါ” ဆိုသော စာတမ်းကိုတော့ သူမ ဘ၀င်ကျပုံမရ။
“ဒါကြီးက မကောင်းပါဘူး..” လို့ မှတ်ချက်ချ၏။ စာတမ်းနဲ့ လိုက်ဖက်ညီစွာ အိမ်ရှင်တွေက ကျွန်တော့ ၀င်ငွေ မည်မျှရှိသည်၊ မြန်မာငွေဖြင့်ချင့်တွက်သော် မည်မျှဖြစ်မည်၊ တနှစ်တာ တွက် ဘယ်ကလောက် အသားတင် ကျန်သည် စသဖြင့် စပ်စုနေတော့ရာ သူမ မျက်နှာအိုကာ စိတ်အိုက်၍ နေတော့သည်။
“တောသူတောင်သားတွေမို့ သိချင်လို့ စပ်စုတာပဲကွာ..” ဟုသာလျှောချ ဖြေသိမ့်ရသည်။
ကျွန်တော့် ၀မ်းကွဲ အကိုတော် အိမ်ခါးပန်းက စာတမ်းကိုတော့ သူမက ဖတ်ရင်းပြုံးကာ ကိုယ်တွေ့ခံစားချက်ထင်တယ်ဟု မှတ်ချက်ပြုသည် ။ ရေးထားသည်က
“မိတ်ဆွေ၊ ခင်ဗျား လူကြီးပီပီ စကားကို ‘ပြောပြီးပျက်’ မဖြစ်စေနဲ့ဗျာ။ ဆိုခဲပါစေ၊ မြဲပါစေ” ဟူ၏။ သည်စာတမ်း၏ ဇာတ်လမ်းနောက်ခံကို သိထားသော ကျနော်က သူမမှတ်ချက် ကွက်တိကျလှသဖြင့် သဘောတကျ ပြုံးမိရတော့သည်။
တချို့အိမ်တွေကျတော့ အဆိုအမိန့်တွေမဟုတ်။ အိမ်ခါးပန်းပေါ်တင်ထားသည့် မှတ်စု မှတ်တမ်းတွေ ဖြစ်သည်။ ဥပမာ - “တော်သလင်း လ္ဆုပ် - ၃ ရက် စာဥကလေးမွေး” ဟု နွားမွေးသော ရက်ချုပ်ကို မှတ်ထားခြင်းမျိုး၊ “ကဆုန်လပြည့်နေ့ မြောက်အင်တိုင်း ပဲကြည်း” (‘ကြဲ’ - ကို ဆိုလိုသည် ) သည်ဆိုသော သီးနှံမြေချမှတ်စု မျိုးလည်း ရှိတတ်သေးသည်။
ဒါ့အပြင် “နှောင်းတန်ခူးလဆန်း ၂ ရက် အမေကြီး ရက်လည်” ဆိုသော ဆောင်ရွက်ရန်ရှိ သည့် သတိပေးစာတမ်းများ၊ “တပို့တွဲ လပြည့်နေ့ ဘုရားပွဲ - ၀င်းထိုက်ကျော်ဇာတ်” ဟုကြော်ငြာထိုးသော စာတမ်း တချို့ကိုလည်း တွေ့နိုင်ပါသေးသည် ။
မှတ်မှတ်ထင်ထင်ရှိနေတာကတော့ ကျွန်တော့်ရွာမှ မိုင်အနည်းငယ်ခန့်ဝေးသော အမေ့ဆွေမျိုးတွေ ရွာမှာတွေ့ခဲ့ရသော စာတမ်းကလေး။ အိမ်လည်သည့် ဧည့်သည်တို့ ထုံးစံ စားပွဲ၌ ထိုင်၍ သာကြောင်းမာကြောင်း ပြောဆိုပြီးကြသော် အိမ်သူက ကျွန်တော့်အား ခါးပန်းပေါ်မှ စာကို မျက်ခုံးပင့်၍ ပြသည်။
“တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက် ၊ သားကြီး စိုးခန့် မလေးရှားသို့ ထွက်” တဲ့။ သည်ခါးပန်းပေါ်က စာကို အဖေ အမေ နှစ်ဦး နေ့စဉ် ရေနွေးကြမ်းဝိုင်းဖွဲ့တိုင်း မြင်၍ သူရို့ သားကြီးအား လွမ်းတမ်းတနေခဲ့ကြပေလိမ့်မည်။
ကျွန်တော်တို့လည်း သည်စာကို မမြင်ယောင်မတွေ့ယောင်ပြု၍ မသိကျိုးကျွံ နေရန်အားထုတ်သော်လည်း သားကို လွမ်းနေသော မိဘ နှစ်ပါးကတော့ စာကိုလက်ညှိုးထိုးဖတ်ပြကာ ဇာတ်ကြောင်းပင် လှန်နေသေးတော့သည်။
ဒီနှစ်ဦးမှာ ရွာတခေါက် ရောက်ရပြန်သေးရာ ကျွန်တော့် ရွာသားတို့ အတွေးအမြင်အနည်းငယ်ပြောင်းလဲလျက် ရှိသည်ကို တွေ့ခဲ့ ရသည်။ သယ်ယူပို့ဆောင်ရေးနှင့် ကူးသန်းသွားလာရေး အခြေအနေမှာ မိုင် ၃၀ အကွာက မြို့ကို တနေ့ခရီးဖြင့် ဒုံရင်း က မတက်နိုင်သေးသော်လည်း ဆက်သွယ်ရေး ကဏ္ဍမှာတော့ သက်ဆောင်ရလွယ်ကူသည့် လက်ကိုင်ရွေ့လျားမိုဘိုင်းဖုံးက ရွာ့ထက်ဝက်ခန့်ကို နေရာယူခဲ့ပြီးပြီ။ သူတို့ခမျာ လက်ကိုင်ဖုံးကို မမြင်ဘူးခဲ့ရာမှ တွေ့မဲ့တွေ့တော့ အင်တာနက်ပါ ရနိုင်သည့် စမတ်ဖုံး ဆက်သွယ်ရေးကို ဘွားကနဲ ကြုံရခြင်းဖြစ်လေရာ သတင်းငတ်၊ သုတငတ်နေသော တောနေလူတန်းစား အတွက် မိုဘိုင်းဖုံး ယဉ်ကျေးမှု တော်လှန်ရေးကြီး တရပ် ဖြစ်နေပါပြီ လို့တောင် ကျွန်တော် စာဖွဲ့ချင်မိသည်။
အရင်ခေတ်ကလို ဗီဒီယို၊ ဗီစီဒီများလည်း ရွာ့တင်းကုပ်တွေအကြား မကျင်လည်နိုင်ရှာတော့ပေ။ ယင်းတို့အစား တရုတ်နိုင်ငံလုပ် ဆိုင်ကယ်များနှင့် ဟွာဝေ လက်ကိုင်ဖုံးများကသာ တောသားတို့ အသည်းစွဲဖြစ်နေကြပြီ။ ဤမှာဘက်ခေတ် ဆိုရှယ်မီဒီယာသည်လည်း ရွာမှာ ခြေချ ပျံ့နှံ့စပြုနေပြီ။ ဒီအရာတွေသည်ပင် သူတို့နေ့စဉ်ဘ၀၏ အရသာများ ဖြစ်လာလေရကား အိမ်ခါးပန်းပေါ် စာတမ်းတင်ဖို့ ကျွန်တော့် ရွာသားတွေ သတိမှ ရကြပါသေးစ ဟု ကျွန်တော် တွေးကာ စောကြော လေ့လာမိသည်။
ရာစုနှစ်ဖြင့်ချီ၍ ထုံလေ့လာခဲ့သည့် သည်ဓလေ့က အလွယ်တော့ ပျောက်ပျက်မသွားပါ။ ပိုလို့ပင် တိုးတက်ဖြစ်ထွန်းလျက်ရှိသည်ဟု ဆိုလျှင် ရသေး၏။ ကြည့်ပါ။
“လူဆင်းရဲ တယောက်အဖြစ် မွေးလာခဲ့ခြင်းသည် သင့် အပြစ်မဟုတ်၊ လူမွဲ တယောက်အဖြစ် သေဆုံးသွားခဲ့သော် သင့် အပြစ်ဖြစ်သည်” ဆိုသော မိုက်ခရိုဆော့ဖ်ဆရာကြီး၏ ဆိုရှယ်မီဒီယာပေါ်က စာသည် ရွာက အိမ်ခါးပန်းပေါ် ရောက်နေပြီ။ သို့သော် အရင်ကလို မြေဖြူ လက်ရေးတော့ဖြင့် မဟုတ်တော့ချေ ။ ဗင်နိုင်း ပိတ်စပေါ် ပရင့်ရိုက်ထုတ်၍ အပိုင်းသေးလေးများ ဖြစ်အောင် ပြုပြင်ကာ ယက်မပေါ်တင်ရိုက်ထားခြင်းမျိုးသာဖြစ်သည်။
မိဘကျေးဇူး သိတတ်ရန် ဆုံးမစာများ ၊ တက်ကျမ်း ကဗျာ လင်္ကာတိုကလေးများ ကလည်း အိမ်တိုင်းနှင်နှင်။
ငှင်းတို့ အထဲကမှ “ဤအိမ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အား ထောက်ခံပြီး ဖြစ်ပါသဖြင့် အခြားမည်သည့်ပါတီမျှ စည်းရုံး၍ မရနိုင်ပါ” ဆိုသော စာတမ်းလေးများလည်း ပြုံးချင်စဖွယ်တွေ့ရသေးသည်။ ခေတ်စနစ်ကို ထင်ဟပ်ရန် ကျွန်တော့် ရွာသားတွေ တာဝန်ကျေကြပါသည်။
ထူးထူးခြားခြား စာတမ်းတခုကိုတော့ အိမ်ပေါက်စေ့ တွေ့ခဲ့ရသဖြင့် စပ်စုကြည့်တော့ ကျွန်တော် နောင်တော် ဦးပဇင်းက မန္တလေးမှနေ၍ ဗင်နိုင်းဖြင့် ရိုက်ထုတ်ကာ ရွာက အိမ်တွေ ဖြန့်ဝေပေးထားတာဖြစ်ကြောင်းပြောကြသည် ။
စာက ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ဆုံးမစကား ဖြစ်ကြောင်း ခရက်ဒစ်ပေး ညွှန်းဆိုထား၏။
အနာဂတ် လူငယ်များ အတွက် “ထ” လေးလုံးပေါ်လစီ ဟု ခေါင်းစီးရေးထိုးထားသည် ။
ထူထောင်ရမယ်
ထိန်းသိမ်းရမယ်
ထိုင်မနေနဲ့
ထိတွေ့ရမယ် …………. ဟူ၏ ။
အလွန်ပင် အနှစ်အသားပါလှသော ဆုံးမစကားများကို အိမ်တိုင်းစေ့ မြင်ခွင့်ရသဖြင့် ကျွန်တော့်မှာ ၀မ်းသာအယ်လဲဖြစ်ရပါတော့သည်။
ဒီစကား၊ ဒီစာတွေသည် အလကား သက်သက် လူကြိုက်များရုံ ဖတ်ကောင်းရုံစာများမဟုတ်၊ လွှမ်းမိုးမှုကြီးလှသည်ကိုလည်း လက်တွေ့ မြင်ခဲ့ရသည်။ ရွာက ကျွန်တော့် ယောက်ဖသည် ဒီစာကို ခါးပန်းမှာကပ် ကာအားဆေးသဖွယ်ယူ၍ လုပ်ငန်းများ ချဲ့ထွင်လျက်ရှိ၏။ ဓားမဦးချ ယာလုပ်ငန်းအတွက် ခိုင်းနွားရှားပါးလာသည့် ကိစ္စကိုလည်း ထိုင်ညည်းမနေဘဲ ရန်ကုန်တက်၍ ကုမ္ပဏီတခုထံမှ အကြွေးဆိုင်းစနစ်ဖြင့် ထွန်စက်ဝယ်ကာ နည်းစနစ်သစ်ကို ထိတွေ့လျက်ရှိသည်။ ငယ်သူငယ်ချင်း အချို့လည်း သန်ရာ သန်ရာကြိုးစားလျက် ရှိနေသည်ကိုတွေ့ရမြင်ရ ကြည်နူးစရာပင်။
တိုင်းပြည်အပေါ် မေတ္တာအား စေတနာအား ကြီးမားလှသည့် ပုဂ္ဂိုလ်တယောက်၏ နှုတ်ထွက်စကားကလေး အနည်းငယ်ကို အိမ်ခါးပန်းပေါ် စာတမ်းတင်ကာ လမ်းညွှန်အဖြစ် ခံယူရုံကလေး မျှဖြင့် လူမှု ဘ၀ အချို့တိုးတက်ပြောင်းလဲလာသည်ကို မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရကား…။
ကျွန်တော်တို့ နိုင်ငံ၏ လာလတ္တံ့သော ၂၀၁၅ အလွန်ကာလ၌ စစ်မှန်သည့် မေတ္တာအား စေတနာအား ဖြင့်ဦးဆောင်လမ်းညွှန်ပေးနိုင်မည့် အစိုးရတရပ်မျိုးသာ ဖော်ဆောင်နိုင်ခဲ့ပါက နိုင်ငံနှင့် အ၀ှမ်း တိုးတက်ပြောင်းလဲလာကြပေလိမ့်မည်ဟု ‘စိတ်ကူးဖဲ’ ထုတ်ကာ ရိုက်ကြည့်နေမိပါတော့သည် ။ ။
ဖိုးစီ (ရုံးတော)
စက်တင်ဘာ ၈၊ ၂၀၁၅