Cartoon ATH |
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ဒီဆေးတွေ တိုက်လိုက်မှဖြင့်
(မိုးမခ) စက်တင်ဘာ ၉ ၊ ၂၀၁၅
မှတ်မိသမျှ ရာစုနှစ်ထက်ဝက်ကျော်ကာလအတွင်း ရွှေပြည်ကြီးမှာ စီမံအုပ်ချုပ်သွားကြတဲ့- ဘောင်းဘီ ဝတ်/မဝတ် စစ်ခေါင်းဆောင်တိုင်းဟာ ဘယ်လိုပဲ ပေါ်လစီကမ္ဗည်းဆိုင်းဘုတ်တွေတပ်ထားထား - မူမရှိ၊ စည်းမရှိ၊ ဥပဒေကလဲ ပြည်သူကိုဖိနှိပ်ဖို့ကလွဲပြီး တရားတယ်လို့ပြောစရာ ဘာမှမရှိ ပုံစံနဲ့ချည်း နိုင်ငံကို မျိုမျိုချစ်ကြတဲ့“မျိုချစ်"ခေါင်းဆောင်တွေချည်းပဲ တွေကြုံရဖူးတယ်။ သူတို့စီမံအုပ်ချုပ်စဉ်အတွင်းမှာ-ပြည်သူအတွက် ထိရောက် ထင်ရှားတာဆိုလို့ အမိန့်နဲ့အဏာတွေကို ခံစားရတာပဲရှိပြီး နိုင်ငံမှာ သယံဇာတတွေ ကိုယ်ကျိုးအတွက် နှိုက်ယူ, ထုပ်ယူ, ခုတ်ယူ,ဖဲ့ရောင်း အမျိုးမျိုးကြောင့် "ကတုန်း, ချိုင့်, ကျင်း, ဟင်းလင်း, ကန္တာရတွေပဲ"အသားတင် ဖြစ်ရတာပဲရှိတယ်ဆိုတာ ပြည်သူက မြင်သိနေတာကြာပြီ။ အဲဒါ ခုထိလဲ အဝတ်တွေ, အမည်တွေသာပြောင်းနေကြပြီး မူနဲ့အချိုးက အနှစ်သာရအရ ဘာမှ မပြောင်းဘူး။ ဒါကိုပဲ မျိုးချစ်စိတ်အလွန်ရှိသူများအဖြစ် ပြောသူကလဲ မျက်နှာပြောင်တိုက်ပြော၊ (တချို့) ယုံသူကလဲ မျက်လုံးမှိတ် ယုံကြတုန်း။ အဲဒါတွေကြည့်ပြီး ဟုမ္မလင်းရောက်စဉ်က ကြားခဲ့ရတဲ့ ဖြစ်ရပ်လေးတခုကို သတိရမိလို့ပါ။
“ဒီဆေး တိုက်လိုက်မှဖြင့်"…
ဝန်းကျင်ရပ်ရွာတွေက လေးစားအားထားရတဲ့ တိုက်နယ်ကျေးရွာကြီးတခုက- ဝန်းကျင်ဒေသ လေးစားပြီး ပညာရည်သောက်စို့ရာကျောင်းတိုက်ကြီးရဲ့ ကျောင်းထိုင်ဘုန်းကြီးက လူထွက်သွားတယ်။ မပျော်လို့ ရိုးရိုးသားသား ထွက်သွားတာပါပဲ။ ဘာ(အသက်မွေးဝမ်းကျောင်း) ပညာမှ မတတ်ဘူး။ ဒါနဲ့ဆေးနည်းစာအုပ်တွေထဲက လက်လှမ်းမှီသမျှ ဆေးဝါးလေးတွေဖေါ်စပ်ပြီး ဆေးကုစားပါသတဲ့။ သူဆေးကုပုံက ရွှေပြည်ကြီးသား ဆန်ပါတယ်။ ဘာဖြစ်သလဲ မေး၊ ဗိုက်နာတယ် ဆိုရင် ဗိုက်နာပျောက်ဆေးအမည်တပ်ထားတဲဆေးပေး၊ ဒါပဲ။ တကယ်ရောဂါကြီးလာရင်တော့-“ခွက်ဖြောင့်ဆရာ"ဆိုလောက်တယ် "တခွက်ဆိုတခွက်"အသက်ပါသွားတာ များပါသတဲ့။ ဒါပေမယ့် ဝန်းကျင်မှာ ဆေးဆရာရယ်လို့လဲ မရှိ၊ တပည့်တပန်းတွေကလဲ များတော့- တပည့်တွေကလဲ ကိုယ့်ဆရာကိုယ် ညွှန်းကြ၊ ဒေသသားများမှာကလဲ တခြားအားကိုးရာမရှိနဲ့ ဒီဆရာကိုပဲ အားကိုးရတာပေါ့။ သူ့ ခွက်ဖြောင်ဒဏ်ကြောင့် ဆုံးပါးသွားလဲ "သတ္တဝါတခု ကံတခု"နဲ့ပဲ ဖြေကြပေါ့။
တနေ့တော့-သူတပည့်များ သြဇာရှိတဲ့ရွာက မျက်စိဝေဒနာရှင်တဦး ဆေးလာကုတယ်။ ထုံးစံအတိုင်း"မျက်စိရောဂါပျောက်ဆေး"လို့ အမည်တပ်ထားတဲ့ မျက်စဉ်းနဲ့ စားဆေးများကို ပေးလိုက်ပြီး “ဒီဆေးစားပြီး ဒီမျက်စဉ်းခပ်ထား မနက်ဖြန်မှ ဆရာလိုက်လာမယ်"ဆိုပြီး လွှတ်လိုက်တယ်။ ရွာရောက်လို့ ဆရာပေးတဲ့ဆေးစား ,ဆေးခပ်လုပ်လိုက်တော့- မကြာခင်ပဲ မျက်လုံးကြီးက တဖြေးဖြေးဖေါင်းလာသတဲ့။ ကြံရာမရဖြစ်ပြီး ရွာဦးကျောင်းဆရာတော် သွားလျှောက်ကြည့်တော့လဲ ဆရာတော်က ဆရာကြီးရဲ့တပည့်ဟောင်ကြီးဆိုတော့- "ဆေးနဲ့ရောဂါတိုးလို့ ခဏဖြစ်တာ၊ ဆရာကြီးကို မယုံမကြည်မရှိပါနဲ့ ၊ထပ်တိုက်, ထပ်ခပ်ပါ"လို့ အကြံပေး၊ ရွာထဲကတပည့်ဟောင်းကြီးတွေကလဲ ဝိုင်းတိုက်တွန်းကြဆိုတော့- ထပ်တိုက်, ထပ်ခပ်တာပေါ့။ ဆေးခပ်လိုက် ၊ပိုရောင်လိုက်၊ ပိုရောင်လိုက်၊ ထပ်ခပ်လိုက်နဲ့ သန်းခေါင်ကျော်လောက်ရောက်တော့-မျက်လုံးကြီး ပေါက်ထွက်သွားပါရောတဲ့။ လာပြောကောင်းမလဲ-ဝေဒနာရှင်က အသိုင်းကြီး အဝိုင်းကြီးထဲကဖြစ်လို့ ဆွေမျိုးအုပ်စုကတောင့်တော့- ရွာဦးကျောင်းဆရာတော်ကိုတော့ ဗုဒ္ဓဘာသာတွေပီပီ ဘာမှမပြောပေမယ်- ရွာထဲက ဝိုင်းပြီးတိုက်တွန်းကြတဲ့ ဆရာကြီးတပည့်တွေကိုလဲ ဓားကြိမ်း ကြိမ်း၊ ဆရာကြီးကိုလဲ“ဒီရွာ လာစမ်းပါစေ၊ ဓားနဲ့နုတ်နုတ်စဉ်းပစ်မယ်"ကြိမ်းကြတာပေါ့။
ဒါနဲ့ တပည့်တွေက “ဒီတခါတော့ သိပ်မလွယ်ဘူး ဒီအုပ်စုက တကယ်လုပ်မှာ၊ တို့ဆရာကြီးကို လမ်းကနေ ကြိုတားပြီး သူ့ရွာသူ ပြန်ခိုင်းမှ"ဆိုပြီး သွားစောင့်ကြတာပေါ့။ လမ်းမှာ ဆရာကြီးနဲ့တွေ့လို့ အကျိုးအကြောင်းပြောပြတော့- ဆရာကြီးက- တောက် တချက်ခေါက်လိုပ်ပြီး- “ဒီဆေးတွေတိုက်လိုက်မှဖြင့် ဒီတိုင်းချည်းပဲကွာ၊ အတော်ေ-ာက်သုံးမကျတဲ့ဆေးတွေ"လို့ အပြစ်တင် ကြိမ်းဝါးလိုက်ပါသတဲ့။ အဲဒီရွာသားတွေက အမှတ်သည်းခြေတော့ရှိကြပါတယ်။ နောက်ဆို ဒီဆရာကြီးကို လုံးဝ ထပ်မပင့်ကြတော့ဘူးတဲ့။ (ဟုမ္မလင်းရောက်စဉ်က ဒီအကြောင်းပြောပြတဲ့- ကလေးဝသားလေး မောင်စိုးစိုး (ယ္ခု မန္တလေး ဖားကန့်) ကို ကျေးဇူးတင်ပါတယ်)
အပ္ပမာဒေန သမ္ပာဒေထ...!
၀၉.၈.၁၅၊ သီတဂူသံဃဝိဟာရ၊
အနောက်ထန်းတောဆိပ် (West palm beach)မြို့၊ ဖလော်ရီဒါပြည်နယ်၊
ယူအက်စ်အေ။