Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မင်းညွန့်လှိုင် - က ဗျာ ဝို င်း စာ ဝို င်း များ မှ သ ည် . . .

$
0
0


မင်းညွန့်လှိုင် - က ဗျာ ဝို င်း စာ ဝို င်း များ မှ သ ည် . . .
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၅


                     ဆည်းဆာရဲ့ဝိုင်းဟုသာဆိုရပေတော့မည် ။ မန္တလေးကုသိုလ်တော်ဘုရားဝန်းသည် ပရဝုဏ်ပြင်ပမှ မြို့ပြ၏ပူလောင်ဆူညံခြင်းနှင့်ခြားနားစွာ အေးချမ်းဆိတ်ငြိမ်နေ ပေသည် ။ ပြီးခဲ့သည့်ရက်ပိုင်းလောက်ကပင် သည်ဘုရားဝန်းအတွင်းမှာ လျှပ်စစ်အင်ဂျင်နီယာများ၏ ဖဲကြိုးပြာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည် ။ ကျန်းမာရေးနှင့်တရားစီရင်ရေးတို့မှာ မိုးကျရွှေကိုယ်များ မတော်မတည့်ဝင်ရောက်စွက်ဖက်မှုကိုဆန့်ကျင်ကန့်ကွက် သော ဖဲကြိုးနက်နှင့် ဖဲကြိုးဝါ လှုပ်ရှားမှုများနည်းတူ နောက်ထပ်လှုပ်ရှားမှုတစ်ခုပင် ။ ယခု ကျွန်တော်တို့ စုဝေး ရောက်ရှိနေသူများ ကတော့ မန္တလေးမှကဗျာချစ်သူ ကဗျာဆရာတစု ဖြစ်သည် ။ အပတ်စဉ် တနင်္ဂနွေညနေတိုင်း ပြုလုပ်နေကျ ခရေရိပ် ကဗျာဝိုင်းဖြစ်သည် ။ ခရေရိပ်မှ "ခရေရိပ်"ဖြစ်သည် ။

                    သည်နေ့ ( ၁၃ . ၉ . ၂၀၁၅ ) ကတော့ ထူးထူးခြားခြား ခရေရိပ် ကဗျာဝိုင်း၏ ၇၅ ကြိမ်မြောက် ရက်သတ္တပတ်ဖြစ်သည် ။ စိန်ရတုအမှတ်တရခရေရိပ်ဖြစ်သည် ။ ထို့အတွက် စာရေးဆရာ စိုးနိုင် ( မန္တလေးတက္ကသိုလ် ) ကလည်းတကူးတကလာရောက်ပြီးမုဒိတာ အမှာစကား ချီးမြှင့်ပေးလေသည် ။

                     ဆရာစိုးနိုင် ( မန္တလေးတက္ကသိုလ် ) ကသမိုင်းခေတ်များကိုဖြတ်သန်းခဲ့သူပီပီ သမိုင်းခံစားမှုကိုနောက်ခံထား၍ပြောကြားသည် ။ မြန်မာ့သမိုင်းတွင်ပါတော်မူအလွန်မှ သည် လွတ်လပ်ရေးကြိုးပမ်းစဉ်နှင့် မျက်မှောက်ခေတ်အထိ အမျိုးသားစည်းလုံးညီညွတ်မှု ရရှိသောကာလမှာ အခိုက်အတန့်မျှသာဖြစ်သည် ။ ဆရာက ကဗျာချစ်သူများ၏ ချစ်ခင် ညီညွတ်မှုကို ပီတိဖြစ်သည် ။ သည်လိုစုစည်းမှုကို သည့်ထက်ပြန့်ပွားစည်ပင်စေချင်သည် ။ ခရေရိပ်ကဗျာဝိုင်းသည်လည်း ရက်သတ္တ ( ၇၅ ) မှသည် ရက်သတ္တ ( ၁၀၀ ) ထိုမှသည် ဆက်၍ဆက်၍ဓွန့်ရှည်အောင်ထိန်းသိမ်းစေလိုကြောင်း တိုက်တွန်းပြောကြားသွားသည် ။

                     ဆရာစိုးနိုင် ( မန္တလေးတက္ကသိုလ် ) ပြောပြီးသည့်နောက် ကဗျာဆရာနေမိုးညိုက ဆက်လက်ပြောကြားရာတွင် ကဗျာဆရာများသည် လွတ်လပ်မှုကိုမြတ်နိုးသူများ ဖြစ်ကြောင်း ကဗျာဆရာများကိုအမိန့်ပေးခိုင်းစေ၍မရကြောင်း အခြားသောအဖွဲ့အစည်း များကဲ့သို့ စုဖွဲ့ရန်ခက်ခဲကြောင်း ကဗျာချစ်စိတ်ကြောင့်သာ ယခုကဲ့သို့စုစည်းမိကြခြင်း ဖြစ်ကြောင်း ပြောကြားသွားသည် ။ ဆရာနေမိုးညိုပြောကြားပြီးသည့်နောက် ကဗျာရွတ် ခြင်းအစီအစဉ်ကိုစတင်သည် ။


                     ယနေ့ရောက်ရှိလာသော ကဗျာချစ်သူများမှာ အယောက် ( ၄၀ ) ကျော်ခန့် ရှိသည် ။ အသက်အရွယ်လည်းစုံလင်သည် ။ လူကြီး လူလတ် လူငယ် အရွယ်စုံ ။ မျိုးဆက်များပေါင်းစည်းခြင်းသဘောကိုမြင်နေရသည် ။ အများစုက ပုဆိုးနှင့် ရှပ်အင်္ကျီနှင့် ။ ဂျင်းဘောင်းဘီဝတ်ကဗျာဆရာတွေလည်းပါသည် ။ ဘောင်းဘီတိုနှင့် တီရှပ်ဝတ်လူငယ် များလည်းပါသည် ။ အမျိုးသမီးကဗျာရှင် ( ၃ ) ဦးပါဝင်သည် ။ ရွှေဝါရောင်သင်္ကန်း ဆင်မြန်းသည့်ရဟန်းပျိုက ( ၁၀ ) ပါးခန့်ရှိသည် ။
                   
ပိဋကတ်တော်ကျောက်စာတိုက်ဖြူလွလွနှင့် သက်တော်ရှည်ခရေပင်ကြီးများက အသစ်ဖူးပွင့်လာသည့်ကဗျာရွတ်သံများကို နားစိုက်ထောင်နေကြသည် ။ အခမ်းအနားမဆန် ပကာသနမပါ လွတ်လပ်ပေါ့ပါးစွာ ဝိုင်းဖွဲ့ထိုင်ပြီး အလှည့်ကျမတ်တပ်ရပ်ကာ ကဗျာရွတ်ကြသည် ။ အင်္ဂတေကြမ်းခင်းက လူအိုတစ်ယောက်၏အရေပြားနှယ် အက်ရာမွမွနှင့် ။ လူစက်ဝိုင်း၏အလယ်ဗဟိုမှာတော့ တစုံတယောက်ယူဆောင်လာသည့် ကြာပန်းတစ်စည်းကလန်းလန်းဆတ်ဆတ် ။ မြေအိုမြေဟောင်းပေါ်မှာ ပွင့်သစ်တို့ပွင့်ဝေနေသည့်သင်္ကေတပင် ။

                     ကဗျာချစ်သူအားလုံးမှာ မန္တလေးမြို့ဖွား မန်းသူမန်းသားချည်းတော့မဟုတ်။ အခြားမြို့များမှလာပြီးအလုပ်လုပ်နေသူများနှင့်ပညာသင်ကြားနေသူများလည်းပါသည် ။  သည်အချက်ကိုသူတို့၏ကလောင်အမည်များက ဖော်ပြနေကြသည် ။ ပတ္တမြားမြေဆန်ဝေ တဲ့ ။ မင်းနွယ်သွေး (ပခုက္ကူ)တဲ့ ။ မောင်ခန့်မြေ(ထီလာ)တဲ့ ။ ကျော်နေနိုင်(ကျောက်ထပ်)တဲ့ ။ ဇေသော်(စကားဝါမြေ)တဲ့။ ဒဏ္ဍာရီ(ပျဉ်းမနား)တဲ့။ ထို့အပြင်သည်နေ့မှပခုက္ကူ ကချီတက်လာကြသည့် လူငယ်ကဗျာဆရာများကိုလည်း အားတက်ဖွယ်တွေ့မြင်ရပေသည် ။

                     ရွတ်ဖတ်ကြသည့်ကဗျာများကလည်းပုံသဏ္ဍန်အစုံ ခံစားမှုအစုံ။ အချစ်ခံစားမှုမှသည် ခေတ်ပြိုင်ခံစားမှုအထိထွေပြားကျယ်ပြောလှသည် ။ဒါသည်ပင်လျင်ဗဟုခေတ်၏ အလှဗေဒဖြစ်ပေသည် ။ အများစုကကိုယ်တိုင်ရေးဖွဲ့သည့်ကဗျာများကိုရွတ်ကြသည်။ တချို့ကတော့အခြားကဗျာဆရာများ၏ကဗျာကိုရွတ်ကြသည် ။တချို့ကစာရွက်ကိုကြည့်ပြီး ရွတ်ကြသည်။ တချို့က စာအုပ်ကိုကြည့်ပြီး ရွတ်ကြသည် ။တချို့က ဘာမှမကြည့်ပဲ အလွတ်ရွတ်သည် ။ အများစုကတော့ လက်ကိုင်ဖုန်း၏ ပွတ်တိုက်ဖန်သားပြင်ကို ကြည့်ပြီးရွတ်ဖတ်ကြလေသည် ။ ဒါကလည်းယနေ့ခေတ်မြန်မာကဗျာဆရာများ၏ ကဗျာရွတ်ဟန်ဖြစ်နေလေပြီ ။

                      ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)ကတော့ သည်နေရာအခင်းအကျင်းကိုဖွဲ့ဆိုထားသည့် ကိုယ်တိုင်ရေးကဗျာကို ရွတ်ပါသည် ။ ကဗျာခေါင်းစဉ်က "အရိပ် အေး အေး"တဲ့ ။

                     ကုသိုလ်တော်...
                      ဘုရားရိပ် တရားရိပ် သာသနာ့ရိပ်
                     ကမ္ဘာ့အကြီးဆုံးစာအုပ်ရိပ်
                     တိတ်တိတ်ဆိတ်ဆိတ် ။

                      ကုသိုလ်တော်...
                      မြင်စိုင်းမြို့စား မိုးဗြဲစစ်ကဲ
                       ခရေရိပ်များရဲ့ဒါယကာ
                       နှစ်ပေါင်းများစွာသူချွေးသိပ်
                       တိတ်တိတ်ဆိတ်ဆိတ် ။

                      ကုသိုလ်တော်...
                      ကဗျာရိပ် စာရိပ်
                      စိန်ရတုရက်သတ္တပတ်
                      အက္ခရာတံဆိပ်နှိပ်
                      တကယ့်ကို...တိတ်တိတ်ဆိတ်ဆိတ် ။      ။

                      လူကိုယ်တိုင်မလာရောက်နိုင်သည့် အဝေးရောက်ဝိုင်းတော်သူ ဝိုင်းတော်သား ကဗျာချစ်သူများကတော့ တယ်လီဖုန်းမှတဆင့် ကဗျာရွတ်ကြသည် ။ ညနေသည် တဖြည်းဖြည်းနှင့်ညဖြစ်စပြုလာသည် ။ သို့သော် အဝေးရောက်များ၏ ရင်ခုန်သံများကိုလည်း ချန်မထားလိုကြပေ ။ မီးရောင်တလက်လက် အသံချဲ့စက် ပုဝိုင်းဝိုင်းလေးက အသံရှင်များ၏လိပ်ပြာကိုသယ်ဆောင်လာသကဲ့သို့ရှိသည် ။ မျက်ဝန်းချင်းမနီးသော်လည်း နှလုံးသားချင်းမဝေးကြသည့်သဘောပင် ။

ကျွန်တော်သည် ဆရာဒဂုန်တာရာ၏"စာပေဆည်းဆာ"ဆောင်းပါးထဲမှဝါကျတစ်ကြောင်းကို လွမ်းလွမ်းမြမြ အမှတ်ရမိလိုက်သေးသည် ။ "ကျွန်တော်တို့သည်အမှောင်ထဲမှာ နစ်မြုပ်နေကြသည်"တဲ့ ။ မှန်သည် ။ ယခုလည်း တဖြည်းဖြည်းရုပ်လုံးပေါ်လာသည့်ည၏ အမှောင်ထဲမှာ ကျွန်တော်တို့နစ်မြုပ်စပြုပြီ ။ သို့သော်ကျွန်တော်တို့၏ ကဗျာဝိညာဉ်က အမှောင်ကိုဆန်တက်လျက်ရှိသည်။နောက်ဆုံးအစီအစဉ်အဖြစ် ကဗျာဆရာ ရတုသစ်က ခရေရိပ်၏အတ္တုပ္ပတ္တိကို အကျဉ်းရုံးပြောပြပြီး သူ၏ကဗျာတစ်ပုဒ်ကို ရွတ်လိုက်သည် ။ လက်ကိုင်ဖုန်းမီးရောင်တွေက စကားလုံးတွေလို တလက်လက်လင်းပနေသည်။

                    ကျွန်တော်တို့၏သမိုင်းအတွေ့အကြုံအရ စာကြည့်တိုက်များ၊ စာကြည့်အသင်းများ၊ စာပေဝိုင်းများသည် အရွေ့တစ်ခုကို အစပြုကြသည်ချည်းပင်ဖြစ်သည် ။ မြန်မာပြည်စာအုပ်အသင်း ၊ နဂါးနီစာအုပ်အသင်း နှင့် စနေစာပေဝို်င်းတို့သည် ထင်ရှားသည့်မှတ်တိုင်များဖြစ်ကြသည် ။ မန္တလေးမြို့တွင်လည်း ကဗျာဝိုင်း စာဝိုင်း များစွာရှိကြသည် ။ နန်းရှေ့ မှ ရွှေစွန်မင်းကဗျာဝိုင်း ဆိုလျင်သက်တမ်း ( ၁၀ ) နှစ်ပြည့်လုပြီဟု သိရသည် ။ ကျနော်၏ လူငယ်ဘဝမှာပင် ဖြူးမြို့မှ"မိတ်ဆွေများ"စာကြည့်အသင်းနှင့် ခေတ်ပြိုင် တောင်ငူမြို့မှ"အလင်းသစ်"စာပေဝိုင်းကို ဖြတ်သန်းခဲ့ရသည် ။ ထိုစာပေဝိုင်းက လူငယ်ကဗျာပွင့်သစ်များကိုဖူးပွင့်စေခဲ့သည် ။

                     ကျွန်တော်တို့သည် ခရေရိပ်ကဗျာဝိုင်းစိန်ရတု ( ၇၅ )ပတ်မြောက် အမှတ်တရထုတ်ဝေအပ်သော"ခရေရိပ်ပေါ်လွင့်ကျလာတဲ့တနင်္ဂနွေများ"အမည်ရ လှပသည့်ကဗျာ စာအုပ်လေးများကို ကိုယ်စီကိုင်ကာ ခရေရိပ်မှပြန်လာခဲ့ကြသည် ။ ညကောင်းကင်က အောင်စည် ရွမ်းသည့်အလား  မိုးချုန်းသံတစ်ချက်ပေးလိုက်သည် ။ ကျွန်တော်ကတော့ ရေစီးသံသဲ့သဲ့ကြားနေမိသည် ။ ခရေရိပ်အောက်မှ တိုးတိတ်သော်လည်း အားကောင်း စွာစီးဆင်းနေသည့် ရေစီးကြောင်းတစ်ခု၏ခြေသံဖွဖွ ။

ခရေရိပ် ကျန်းမာပါစေ။ တနင်္ဂနွေများ အဓွန့်ရှည်ပါစေ ။                        ။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>