Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မင်းကိုနိုင် - “ အမေ့ တမ်းချင်း ”

$
0
0

မင်းကိုနိုင် - “ အမေ့ တမ်းချင်း ”
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ စက်တင်ဘာ ၁၇၊ ၂၀၁၅


မနေ့က အမေ့မွေးနေ့။

မတွေ့ဖြစ်တာ ကြာပြီဖြစ်တဲ့ ကျနော်တို့မောင်နှမ လေးယောက် အမေ့အိမ်မှာ ဆုံကြဖို့ မအားကြတဲ့ကြားက ကတိတည်ခဲ့ကြပါတယ်။ မိသားစု ပြန်ဆုံတဲ့ အမေ့မွေးနေ့ပွဲဟာ ညနေစောင်းထိ ဘာမှ မထူးခြားသေးပါဘူး။ သားသမီးတွေက အဖေနဲ့အမေကို ကန်တော့မယ်။ မိဘတွေက ဆုတောင်းပေးမယ်။
.
ညနေစောင်းလာတဲ့အခါမှာတော့ အမေက သားသမီးတွေကို မွေးဖွားခဲ့တဲ့ အတွေ့အကြုံကိုပြောပြရင်း အခုလို ညနေစောင်းပြီဆိုရင် အဖေရော အမေပါ ကြောက်ခဲ့ရတဲ့ ညနေ စောင်းတွေအကြောင်းကို ပြောပြပါတယ်။

ကျနော်တို့မှာ မကြီး ၊ မငယ်၊ ကျနော်နဲ့ ညီမလေးအပါအ၀င် မောင်နှမ လေးယောက်ပဲရှိတယ်လို့ လူအများက သိထားကြပေမယ့် ကျနော့်မှာ အကိုရင်းတယောက်ရှိခဲ့ဖူးတယ် ဆိုတာ လူရင်းတွေတောင် သိပ်မသိခဲ့ကြပါဘူး။ သမီးမိန်းကလေးနှစ်ယောက် မွေးပြီးတဲ့နောက် အဖေနဲ့
အမေ တမ်းတတာက သားယောက်ျား။ သူတို့ဆုတောင်း ပြည့်ခဲ့ကြပါတယ်။

ရံဖန်ရံခါ ကျနော့်ရဲ့ ညှင်းသိုးသိုး ပုံကိုကြည့်ပြီး အမေက ချစ်စနိုး ကြည်စယ်လေ့ရှိတယ်။

“ ငါ့သားကြီးက မင်းလိုမဟုတ်ဘူး၊ ရုပ်ရည်လှလှနဲ့ ခြေတံ လက်တံကောင်းကောင်း၊ မျက်ခုံးမျက်လုံးလှလှ ။ ” စသဖြင့် ပြောရင်းက ဘယ်တော့မှ ၀ါကျမဆုံးနိုင်။ အဝေးကို ငေးသွားရတာချည်းပဲ။

ညီအစ်ကိုငတ်တဲ့ ကျနော်ကလည်း ငါ့မှာ အစ်ကိုသာ ရှိခဲ့ရင် ဆိုတဲ့အတွေး မဆုံးနိုင်တော့ဘူးပေါ့။

အကို့ကို မွေးပြီး တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) မှာရှိတဲ့ ဟိုတုန်းကအခေါ် ဒေါ်ခင်ကြည်ဆေးရုံက မြင်ကွင်းကို အမေက ပန်းချီဆွဲသလို ပြောပြပါတယ်။

“ ဟိုတုန်းက...ဆေးရုံဆိုတာ မိုးလင်းတာနဲ့ ကော်ဖီနဲ့မုန့် ။ ပြီးရင်အိပ်ယာခင်းက အစ ၊ အ၀တ်အစားတွေအားလုံး လျှော်ဖွပ် ဆေးနဲ့ပေါင်းပြီးသား အသစ်လဲပေးတယ်။ အိမ်က အ၀တ်အစားတွေပေးမ၀တ်ဘူး။ ဘာမှယူလာစရာလည်း မလိုဘူး။ ထမင်းနှစ်နပ်ကျွေးတာလည်း တကယ့်အာဟာရ
အပြည့် သန့်ရှင်းလက်ဆတ် တာတွေကိုပဲ စေတနာ အပြည့်နဲ့ ချက်ကျွေးတာ။ ဆေးရုံကဆင်းတဲ့ အထိ တပြား တချပ်မှ ပေးစရာမလိုဘူး။ ဆေးရုံက ဆင်းမှသာ အလှူခံပုံးထဲကို စေတနာရှိရင် ထည့်သွား။ တချို့ကလည်း အနှီးပိတ် အသစ်တွေ လှူတာမျိုးရှိတယ်။ ဒီလောက်ပါပဲ။ ”
.
ကျောက်မြောင်းအိမ်ကနေ တာဝါလိန်းလမ်းဆေးရုံကို အမေဟာ လမ်းလျှောက်သွားခဲ့ပြီး အစ်ကို့ကို သက်သက်သာသာပဲ မွေးခဲ့ကြောင်း။ သားဦးမွေးရင် အနည်းဆုံး ၁၀-ရက်။ ကျန်ကလေးများမွေးရင် အနည်းဆုံးတပတ် ဆေးရုံမှာ နေရကြောင်း အမေက ဆက်ပြောပြပါတယ်။
.
အမေ့သားကြီးဟာ နှစ်ရက်မြောက်မှာ မျက်လုံးတွေဝါလာတယ်လို့ အမေ့စိတ်ထဲ ထင်ခဲ့တယ်။ ဒါပေမယ့် ကလေးက နို့စို့မပျက်တော့ အမေလည်း သိပ်မတွေးတတ်ခဲ့ဘူး။ ရှစ်ရက် မြောက်တဲ့နေ့မှာ အမေ ဆေးရုံက ဆင်းတဲ့အခါ သားကို ပြန်ခေါ်ခွင့်မရဘူး။ သားကို ခဏထားခဲ့ရဦးမယ်။
ခြေထောက် အကြောအတွက် ဆေးထိုးရဦးမယ်ဆိုလို့ မထားချင်ပဲ ထားခဲ့ရပါတယ်တဲ့။
.
ညနေမှောင်တော့ မိတ်ဆွေတယောက် ရောက်လာ။ အဖေ့ကို အောက်ထပ်ခေါ်သွားတယ်။ အမေ့စိတ်ထဲ ထင့်ကနဲ ဖြစ်။ ငါ မသိစေချင်တဲ့ အကြောင်းမို့ ငါ့ရှေ့မှာ မပြောတာများလား။ ဘုရား...ဘုရား... ငါ့သားများ ...။
.
ယခင်က လူတွေပြောတဲ့ ရင်ထဲမှာ “ ဟာခနဲ ” ဖြစ်သွားတယ် ဆိုတာမျိုးဟာ အမေ လက်တွေ့ ခံစားလိုက်ရပါတယ်တဲ့။ ဒါပေမယ့် ချက်ခြင်းပဲ...စိတ်ကို တင်းတယ်။ အို...မဖြစ်နိုင်ပါဘူး။ ခြေထောက်အကြောဆိုတာ အသက်နဲ့အဝေးကြီးပါ။  စသဖြင့် ဖြေသိမ့်ပါတယ်တဲ့။
.
နောက်ရက်တွေမှာတော့ ညနေစောင်းပြီဆိုရင် အဖေနဲ့ အမေ့အမေ(ကျနော့်အဖွား) တို့ဟာ ဆေးရုံသွားကြည့်မယ် ဆိုပြီးတော့ ထွက်သွားကြ။ မှောင်ပြီဆိုမှ တိတ်တဆိတ် ပြန်လာကြ။ အမေက စိတ်ထင့်ထင့်နဲ့သတင်းမေး။ သူတို့က နေကောင်းပါတယ် ၊ အနာကျတ်မှပြန်ခေါ်လာမယ်ဆိုပြီး
ဖြေကြ။ ပြီးတော့ အိမ်ဟာ တိတ်ဆိတ် သွားနေကျ။
.
အဖေဟာ ညနေရောက်တိုင်း လမ်းထိပ်ရောက်ရင် ယောက္ခမ ဖြစ်သူနဲ့ လမ်းခွဲ။ ခြေဦးတည့်ရာ ခေါင်းငိုက်စိုက်နဲ့ လျှောက်။ နှုတ်ဆက်သူတွေကိုလည်း မတုံ့ပြန်နိုင်။ မှောင်လောက်ပြီဆိုမှ  အဖွားနှင့်ပြန်ဆုံ အိမ်ထဲဝင်။ အမေ့မျှော်လင့်တကြီး မျက်ဝန်း တွေကို ရှောင်လွှဲရင်းမနက်ဖြန်တော့ သားကို ခေါ်လာလို့  ရမယ်ထင်တယ် ဖြေရင်း..။
.
“ သားအဖေဟာ အမေ့ကို ညာတယ်ကွယ်။ အကြာကြီး ညာခဲ့တယ်။ ကလေး နေကောင်းပါတယ်၊ ဒဏ်ရာက ရောင်နေလို့ ပြောလိုက်။ နို့မှုန့်တွေ တိုက်တာ အများကြီးသောက်တယ်လို့ ဆိုလိုက်။ ညနေတိုင်း အမေ့ကို ညာခဲ့တာ။ ”
.
အဖေ့နေရာမှာ ကျနော်ဆိုရင်လည်း ညာမိမှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အခုအမေ့မျက်လုံးတွေကို ကြည့်မိရင်ကို ဒီလိုညာမှ ဖြစ်တော့မှာပဲလို့ တွေးမိတာကိုး။
.
ဒီလိုနဲ့ တလပြည့်တဲ့နေ့မှာ အဖေဟာ အ၀တ်အစားအိတ်ပြင်ရင်း ကျနော့်အဖွားကို အခုလိုပြောပါတယ်။ “ အမေ...ကျနော်တော့ အမေ့သမီးကို
ပြောမထွက်ဘူး။ ခရီးပဲ ထွက်တော့မယ်။ ” တဲ့။
.
အဖေဟာ သတင်းဆိုးကို ပြောဖို့လူ ရွေးရာမှာ ဘာကြောင့် အဖွားကို ရွေးလိုက်ရပါသလဲ။ အဖွားက အမေ့အမေလေ။ မိခင်တယောက်ရဲ့ရင်သွေးဆုံးရှုံးဒဏ်ကို နားအလည်နိုင် ဆုံးဟာ မိခင်ဖြစ်ဖူးသူပဲ မဟုတ်ပါလား။ နှစ်သိမ့်စကား ရွေးချယ်ဖို့လည်း မိခင်ချင်း နားလည်တဲ့ ဘာသာစကားနဲ့မှ ဖြစ်မှာ မဟုတ်လား။  နောက်ဆုံး အမေငိုချလိုက်မယ်ဆိုရင်တောင် သူ့အမေရဲ့ ရင်ခွင်သာ ဖြေသိမ့်မှုအပေးနိုင်ဆုံး မဟုတ်ပါလား။

ဒီနှစ် အမေ့မွေးနေ့မှာ အမေဟာ “ ငါ့သားကြီးသာ ရှိရင်....”လို့  သူရွတ်နေကျ တမ်းချင်းကို ထုံးစံအတိုင်း ၀ါကျမဆုံး ရေရွတ် နေပြန်ပါတယ်။ မျက်လုံးတွေကတော့ ဟိုအဝေးကို ငေးလို့.....။
.
နှစ်ပေါင်း နှစ်ဆယ်ကျော် ကျနော် အိမ်ပြန်ခွင့်မရတဲ့ကာလတွေမှာ  နိမ့်ပါးနေတဲ့ မိသားတစုကို ပမာမခန့်ပြုမူတာတွေ ခံရတိုင်း ၊ အားနည်းနေတဲ့ မိသားစုအပေါ် မထီမဲ့မြင်ပြုတာတွေ ကြုံတိုင်း၊  ငါတို့မှာ သားယောက်ျားကြီးတယောက်သာ မားမားမတ်မတ် ရှိခဲ့ရင်ဆိုတဲ့ တမ်းတမှုမျိုး ကျနော့်မိသားစု အချိန်နဲ့အမျှ ခံစားခဲ့ရကြောင်း ပြန်မလာနိုင်သေးသူ ကျနော့်ထံ ရင်ဖွင့်ခဲ့ကြဖူးပါတယ်။
.
ကျနော်ကိုယ်တိုင်လည်း အဲဒီလိုအခါမျိုးမှာ “ ငါ့အစ်ကိုသာ ရှိခဲ့ရင်လို့ ” အမေ့လိုပဲ ၀ါကျမဆုံးနိုင်ခင် အံကြိတ်ခဲ့ရဖူးတာပါပဲ။

အခုလည်း တခါတရံမှ အိမ်ပြန် အမေနဲ့ ဆုံဖြစ်တဲ့ ကျနော်ဟာ သူ့သားကြီး ဇာတ်ကြောင်းပြန်ရင်း စကားဆုံးမရပဲ အဝေးတနေရာ ငေးနေတဲ့ အမေ့မျက်လုံးတွေကို ကျနော်ကြည့်ရင်း ....။
.
-မင်းကိုနိုင် ( ၁၆-စက်တင်ဘာ-၂၀၁၅) { အမေ့ ၇၉-နှစ်ပြည့် မွေးနေ့ အမှတ်တရ }

#ပန်းချီ အညွန်း - အဖေ့လက်ရာ အမေ့ပုံတူ

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>