ငြိမ်းချမ်းအေး - အနာဂတ်အတွက်ဆိုးမွေများ
(သည်လေဒီးစ်နယူးစ် / မိုးမခ)
ဇွန် ၂၁၊ ၂၀၁၅
(သည်လေဒီးစ်နယူးစ် / မိုးမခ)
ဇွန် ၂၁၊ ၂၀၁၅
ဒါကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၆ ဖွဲ့က ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှာ သွားရောက်ပြီး ကန့်ကွက်ဆွေးနွေး ခဲ့ကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ ကန့်ကွက်မှုတွေဟာ တနိုင်ငံလုံးအတိုင်းအတာလည်း မကြီးကျယ်၊ လူထုစိတ်ဝင်စားမှု ကလည်း သိပ်မရှိခဲ့ပါဘူး။ အဓိကပြဿနာက လူသာမန် လူအများရဲ့ မသိစိတ်ထဲမှာကိုက အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဆိုတဲ့ စကားလုံးရဲ့ လွှမ်းမိုးဖမ်းစားခံရမှုကရှိနေတော့ ဒီဥပဒေတွေရဲ့ အကျိုးအကြောင်း၊ အကောင်းအဆိုး၊ အတိမ်အနက်တွေကို အလေးအနက်ထား ထည့်သွင်းမစဉ်းစားကြသလို အမျိုးသားရေးသံဃာများရဲ့ ဆန္ဒသဘောကို လွန်ဆန်ကာ ပြင်းပြင်းထန်ထန် ပြန်လည် ကန့်ကွက်လိုစိတ်လည်း မရှိကြပါဘူး။
တကယ်တော့ လူမျိုးရေး၊ ဘာသာရေး အစွဲ စိတ်အခံလေးမှာ မဟာဖို ကျားကြီးဗဟိုပြု သဘောလေးစွက်ကာ ဒါတွေဟာ တခြား ဘာသာခြား၊ လူမျိုးကွဲတွေ၊ အမျိုးသမီးတွေ အထူးသဖြင့် မွတ်ဆလင်တွေကို ကန့်သတ်ချင်တာပဲ၊ ငါတို့နဲ့ မဆိုင်ပါဘူး ဆိုပြီး နေချင်တဲ့ စိတ် လူအများစုမှာ မသိမသာ ရှိချင်ကြပါတယ်။ ဒီလို ဥပဒေဆိုးတွေကို ဒီကနေ့ ပေယျာလကန်ပြု ကန့်ကွက်ဖို့ နှောင့်နှေးရင် တရားဥပဒေကို အသုံးချ လူသားအခွင့်အရေးတွေကို တုန့်နှောင်လိုမှု ဒဏ်ဟာ နောင်တနေ့မှာ တိုင်းရင်းသား လူများစု မြန်မာ အပါအဝင် ကချင်၊ ကရင်၊ ချင်း အစရှိတဲ့ လူနည်းစု ခရစ်ယာန် ကျား၊ မ အားလုံးအပေါ် သက်ရောက် လာမှာသာ ဖြစ်ပါတယ်။ ဒါဟာ ကျား-မ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးစံနှုန်း ရေချိန်တွေကို နိမ့်ပါးစေရုံမက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်းနေထိုင်နေတဲ့ တိုင်းပြည်ရဲ့ သဟဇာတဖြစ်မှု ဟန်ချက်ကို အကြီးအကျယ်ပျက်ပြားစေ၊ လူမှု မတည်ငြိမ်မှုတွေ ဖြစ်စေ၊ လူမျိုး၊ဘာသာမတူသူတွေကြား မယုံသင်္ကာရှိမှု၊ အမြင်မကြည်လင်မှု၊ အမုန်းပွားမှု ဓာတ်ခံတွေ ပိုမို များလာစေတာကို နားလည်ရပါမယ်။ ဒါကြောင့် ဒီမျိုးစောင့်ဥပဒေတွေ အတည်ပြုမယ့် အရေးကလည်း အရေးကြီးလှပါ တယ်။
ဒါအပြင် လက်ရှိ ဥပဒေပြုလွှတ်တော်တွေရဲ့ အနေအထားကို ကြည့်ပါဦး။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ကန့်သတ်ထားတဲ့ အခြေခံဥပဒေပါ သမ္မတအရည်အချင်း ၅၉ (စ) ကန့်သတ်မှုမျိုးကိုလည်း အခု အပြည့်အဝ ပြင်ဆင်ဖို့ ဆန္ဒသဘောထား မရှိကြသေးတာကို ညွှန်ပြနေပါတယ်။ ‘သမ္မတရဲ့ ချွေးမ၊ သမက်တော့ နိုင်ငံခြားသား ဖြစ်ချင် ဖြစ်ပါစေ၊ ခင်ပွန်း ဇနီး သားသမီး အထိတော့ လိုက်လျောမပေးနိုင်ပါဘူး’ ဆိုတဲ့ သဘောကို စစ်ဗိုလ်ချုပ်အဟောင်းကြီးများနဲ့ စစ်တပ်ကိုယ်စားလှယ် များ ကြီးစိုးရာ လွှတ်တော်က သဘောထား ပြသနေပါတယ်။ လူပုဂ္ဂိုလ်နာမည်တွေတပ် ‘ဒဲ့’ ပြောရရင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တော့ သမ္မတ ပေး မလုပ်နိုင်ဘူး၊ ဟိုအရင်တခေါက်တုန်းက သားသမီးရဲ့ ဇနီး၊ ယောက်ျားအထိ နိုင်ငံခြားသား မဖြစ်ရလို့ ကန့်သတ်ထားမှုကြောင့် ဒုသမ္မတရာထူးနဲ့ လွဲခဲ့ရသူ စစ်ဗိုလ်ဟောင်း ဦးမြင့်ဆွေတော့ သမ္မတဖြစ်ခွင့် ရှိ၊ ဖြစ်ချင် ဖြစ်နိုင်တယ်ဆိုတဲ့ သဘောပေါ့။
ဒါမျိုး အငြင်းပွားဖွယ် နိုင်ငံရေး အသုံးချမှု၊ လှည့်ကွက်များနဲ့ ဆက်စပ်နေတဲ့ ဥပဒေဆိုင်ရာများ ပြည့်နှက်နေတဲ့ လွှတ်တော်မှာ အခုတော့ ဆိုခဲ့သလို တိုင်းပြည်ရှေ့ရေးအတွက် အန္တရာယ်ကြီးတဲ့ မျိုးစောင့်ဥပဒေတွေက အတည်ပြုမယ့် အခြေဆိုက်ခဲ့ရပါပြီ။ ဒီမှာလည်း လူမျိုးရေး၊ ဘာသာရေးဆက်စပ် ပြင်းထန်စွန်းရောက်မှု အပြင်မှာ နိုင်ငံရေးအောက်လုံး၊ ရည်ရွယ်ချက်ပါတာကလည်း သိသာထင်ရှားလှပါတယ်။
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ပြိုင်ပြီး အပြတ်အသတ် နိုင်ခဲ့ပါတယ်။ ဒါဟာ လက်ရှိ အာဏာရပါတီခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းများနဲ့ ထောက်ခံသူများကို တုန်လှုပ်သွားစေခဲ့ပါတယ်။ လာမယ့်နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကိုလည်း နိုင်ငံတကာ ထောက်ခံမှုနဲ့ အနောက်အုပ်စု စီးပွားအခွင့်းအလမ်းအတွက် ကြည်ဖြူအောင် အထိုက်အလျောက် လွတ်လပ်မျှတရှိတဲ့ ရွေးကောက်ပွဲ အဖြစ်လည်း လုပ်ပြရမယ့်တာဝန် ဗိုလ်ချပ်ဟောင်းကြီးများမှာ ရှိနေပါတယ်။ ရွေးကောက်ပွဲကျမှ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲလို ရုပ်ပျက်ဆင်းပျက် ကြိုတင်မဲတွေ၊ တမလွန်မဲတွေ၊ ခြိမ်းခြောက်မဲတွေ အလွန်အကျွံထုတ်သုံးလို့ မရမှန်း အာဏာရပါတီက တွက်မိဟန်တူပါတယ်။
ဒါတောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ စစ်ဗိုလ်ဟောင်းက ‘အနောက်အုပ်စု အမေရိကန် နိုင်စေချင်တဲ့ ပါတီ အနိုင်မရလို့ နှစ်တရာမက အရေးယူပိတ်ဆို့လည်း ဂရုမစိုက်ဘူး’ လို့ ဗြောင်စိန်ခေါ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ လုပ်ချင်ရာလုပ်မယ့် အနေအထားကို အခုလတ်တလောလေးတင် လှစ်ဟပြခဲ့ပါသေးတယ်။ ဒီမိုကရေစီနာမည်ကောင်း၊ စနစ်ကောင်း၊ ဓလေ့ကောင်းကို အနောက်အရင်းရှင်အုပ်စု အမေရိကန်နဲ့ ပေးစား နာမည်ဖျက်ဖို့ ကြံစည်တဲ့ စစ်အစိုးရများ အဆက်ဆက်ရဲ့ အတွေးအခေါ် Mindset က မပျောက်သေးပါဘူး။ ဒီအပြင် ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းလမ်းတကျ လွတ်လပ်မျှတ လူထုအဆုံးအဖြတ်ခံယူရမှာကိုကြောက်တော့ ဒီမိုကရေစီ အင်အားစုကို အမျိုး၊ ဘာသာ၊ သာသနာနဲ့ အမြဲ လှည့်ရန်တိုက်ပေးချင်ကြတဲ့ အကျင့်ကလည်း အရင်အတိုင်းပါပဲ။ ဥပမာ - အခု ထောင်ကျသွားခဲ့တဲံ NLD ပါတီဝင်ဟောင်း ဦးထင်လင်းဦး အမှု။
ဒီလို အမျိုးသားရေးနဲ့ ဒီမိုကရေစီ ပြဒါးတလမ်း၊ သံတလမ်း ဖြစ်ဟန်ပုံဖော်မှု ‘ဒီမိုကရေစီအရောက်၊ ဘာသာ သာသနာ အပျောက်ပဲ’ မှိုင်းတိုက်မှု၊ အမျိုးသားရေးနဲ့ မဲဆွယ်လိုမှုရဲ့ အထွတ်အထိပ် ဖြစ်စဉ်ကတော့ သံဃာတော်များရဲ့ ဆိုခဲ့တဲ့ မျိုးစောင့်ဥပဒေတွေကို ဇွတ်အတင်း ရှေ့တန်းတင်ပေး၊ တိုင်းပြည်ရဲ့ ဥပဒေပြဋ္ဌာန်းမှုရေးရာမှာကို ထည့်သွင်းပေးခဲ့တဲ့ ဖြစ်ရပ်ကြီးပါပဲ။ မညှာစတမ်းဆိုရင် လက်ရှိ အာဏာရ စစ်တပ်ပါတီဟာ နိုင်ငံရေးအာဏာအတွက် အမျိုးသားရေး၊ ဘာသာရေး၊ ဥပဒေရေးရာတွေကို မိုက်မိုက်ကန်းကန်း အသုံးချနေခြင်းပဲ ဖြစ်ပါတယ်။
မျိုးစောင့်ကို ဦးဆောင်ဆော်သြခဲ့သူ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သံဃာ ဦးဆောင် အဖွဲ့အစည်း မဘသဟာ ဘယ်လိုဘယ်ပုံ ဝေဖန်ခံရမှုတွေ ရှိစေဦး ဘာသာရေးကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာ အများစုရှိရာ တိုင်းပြည်ရဲ့ အခြေခံ ရပ်ထဲ ရွာထဲမှာ သြဇာကြီးပါတယ်။ ဒါကိုမှ ဘင်္ဂါလီရိုဟင်ဂျာတွေ ရခိုင်ကို ကျူးကျော်နေပြီ၊ မွတ်ဆလင်တွေ သားဖောက်သာသနာပြုနေပြီဆိုတဲ့ လှန့်လုံးနဲ့အတူ လုပ်ခဲ့တဲ့ မွတ်ဆလင် မုန်းတီးရေးဟာလည်း လူအများကြားကို အထိုက်အလျောက် သက်ရောက်ပါတယ်။ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ဝါဒအန္တရာယ်ကလည်း လူပြိန်း လူသာမန်အများရဲ့ အသိစိတ်ကို လွှမ်းမိုးပါတယ်။ ဆိုတော့ လူမျိုး၊ ဘာသာမခွဲခြားလိုပါဘူးဆိုတဲ့ လူသာမန်မျိုးတောင်မှ မွတ်ဆလင် (အစိတ်အပိုင်းတခု) ဟာ အန္တရာယ် အဖြစ် ယူဆလာစေပါတယ်။ ဒါကြောင့် မွတ်ဆလင် ထိန်းချုပ်ရေး ဗဟိုပြု မျိုးစောင့်ဥပဒေကို သံဃာ အဝန်းအဝိုင်းက စတင်ခဲ့သလို အစိုးရကလည်း ဒါကိုနင်း မဲဝယ် လက်နက် အဖြစ် လူသာမန် အများ ထောက်ခံမှု ရလေမလားဆိုပြီး အခု လွှတ်တော်မှာ ဆွေးနွေးရုံမက အတည်ပြုပေးတဲ့ အထိ ပြုလုပ်လာခဲ့ခြင်းပါပဲ။ ဒါကို လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေး ဆေးသကြားအုပ် အချိုသကာဖုံးထားတဲ့ နိုင်ငံရေးအမြတ်ထုတ်မှုလို့ အမှန်ရင်းခံအတိုင်း မြင်နိုင်ရပါမယ်။
ဒီလို နိုင်ငံရေးအတွက် ခုတုံးလုပ် အသုံးချမှု အပြင် ဒီမျိုးစောင့်ဥပဒေတွေရဲ့ အနှစ်သဘောကို လူ့အခွင့်အရေး၊ အမျိုးသမီး အရေးဘက်ကပြန်ကြည့်ပြန်ရင်လည်း ဘယ်လိုမှ လက်သင့်ခံဖွယ်မရှိပါဘူး။ တကယ်တော့ အရွယ်ရောက်ပြီး လူသားတဦး (အမျိုးသမီး၊ အမျိုးသား၊ ဘာ လိင်ပဲ ဖြစ်ဖြစ်)ရဲ့ လူမှုရေးရာ၊ ဘာသာရေးရာ ရွေးချယ်မှု အားလုံးဟာ တကိုယ်ရေ ဆုံဖြတ်ချက်သာ အဓိက ဖြစ်ပါတယ်။ လူတယောက် မနက်အိပ်ရာထချိန် ဘယ်ဘုရားရှိခိုးမယ်၊ ဘယ်ဘုရားကို မရှိခိုးဘူး၊ ဘာသာမဲ့ အဖြစ်နေမယ်၊ ည အိပ်ရာဝင်ရင် ဘယ် ယောက်ျား၊ ဘယ် မိန်းမနဲ့ အိပ်မယ်၊ မိန်းမချင်း၊ ယောက်ျားချင်း အိပ်မယ်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာနဲ့ လက်ထပ်မယ် အားလုံးဟာ ပုဂ္ဂလိကဘဝ ဆန္ဒသက်သက်သာ ဖြစ်ရပါမယ်။ အမျိုးသမီးများရဲ့ မိမိ ခန္ဓာကိုယ်အတွက် ရွေးချယ်ခွင့်အားလုံးဟာလည်း သူတို့အပေါ်မှာသာ လုံးလုံး တည်မှီရပါမယ်။
၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီးတဦးရဲ့ ကာမဆက်ဆံခြင်း၊ အိမ်ထောင်သားမွေးပြုခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်ဖျက် ချခြင်း၊ လိင်ပြောင်းခြင်း၊ ကိုယ်ခန္ဓာ ပြုပြင်ခွဲစိတ်ခြင်း အားလုံးဟာ သူတပါး လွှမ်းမိုးခံမပါ တဦးတည်း သဘော၊ ရွေးချယ်မှုသာ ဖြစ်ရပါမယ်။ ဒီ ဆုံးဖြတ်မှု အားလုံးဟာ အမေ၊ အဖေ၊ ညီအစ်ကို မောင်နှစ်မ၊ သမီးရည်းစား၊ လင်ယောက်ျား၊ ဘုန်းတော်ကြီး ကျောင်း၊ ဘုရားကျောင်း၊ ဘာသာရေးခေါင်းဆောင်း၊ မင်းအစိုးရ၊ ဥပဒေတွေရဲ့ လွှမ်းမိုးမှု၊ ချုပ်ကိုင်မှု၊ ဖိနှိပ်မှုတွေက လွတ်ကင်းနေရပါမယ်။ ဒါမှသာ လူသား လွတ်လပ်ခွင့်နဲ့ အခွင့်အရေး ပေမီဒေါက်မီ ဖြစ်တဲ့ အနာဂတ် ဒီမိုကရေစီနိုင်ငံသစ်ကို အုတ်မြစ်ချ တည်ဆောက်နိုင်ပါမယ်။
ဒီမျိုးစောင့်ဥပဒေတွေဟာ ဒီလို ဒီမိုကရေစီ ရှုထောင့်အပြင်မှာ မြန်မာ (ဗမာ) တွေ နှစ်ပေါင်း ရာထောင်ချီ ဖြစ်တည်ကျင့်သုံး လာခဲ့တဲ့ လူမှုရေးဓလေ့၊ အလေ့အထ ရိုးရာကိုလည်း ထိပါးပြန်ပါသေးတယ်။ တကယ်တော့ မြန်မာ့ဓလေ့မှာ အိမ်ထောင်ပြုမှု ထုံးစံလောက် လွတ်လပ်တာ ဘာမှ မရှိပါဘူး။ ဘာ ဘာသာရေး၊ ဥပဒေရေး အထိမ်းအမှတ် အခမ်းအနားမှ မပါဘဲ လင်ကိုယ် မယားကိုယ် နှစ်ဦးတည်း သဘောတူနေထိုင်ပြီး အရပ်က အသိအမှတ်ပြုရုံနဲ့ လူမှုထုံးတမ်း၊ တရားဥပဒေထုံးတမ်း နှစ်ခုစလုံး နဲ့ တရားဝင်တဲ့ ဓလေ့ ဆိုတာ နည်းနည်းနောနော လွတ်လပ်မှုမျိုး မဟုတ်ပါဘူး။
မြန်မာ့သမိုင်း မှာ လက်ထပ်ခြင်း ဆိုင်ရာ အတွက် ‘Saint Valentine’ မလိုခဲ့ဖူးပါဘူး။ မြန်မာတွေ လက်ထပ်ဖို့ အတွက်၊ လူ့သဘာဝ လွတ်လွတ်လပ်လပ် ချစ်တင်းနှောခွင့် ရဖို့အတွက် ဘယ်ဘုန်းကြီးက စီမံဆောင်ရွက်ပေးမှ၊ ဘုရားကျောင်းတော် က ခွင့်ပြုမှ၊ ဘာသာတရား ထုံးစံ ပြုမှ၊ ဥပဒေ အရ တရားဝင်မှ၊ အကန့်အသတ် ပညတ်ချက်တွေ လုံးဝ မရှိခဲ့ဖူးပါဘူး။ မြန်မာတွေ အများစု ယုံကြည်တဲ့ ဘာသာတရားကလည်း ကိလေသာ၊ တဏှာဖြတ်၊ သံသရာ ပြတ်အောင် လုပ်ဖို့က အန္တိမ ဆိုတော့ ဘာသာဓလေ့နဲ့ အိမ်ထောင်သားမွေးပြုမှု ဆက်စပ်စရာလည်း အကြောင်းမရှိပါဘူး။ လူသား နှစ်ဦး တဦးအပေါ် တဦး ချစ်မြတ်နိုးမယ်၊ အတူတကွ နေထိုင် ပေါင်းသင်း၊ သဘာဝ တရား အတိုင်း လိင်ဆက်ဆံမှု ပြုလိုမယ် ဆိုတာနဲ့တင် အိမ်ထောင်တည်မှု ဖြစ်မြောက်၊ လက်ထပ်ရာ ရောက်တယ်။ လူမှုအသိုင်းအဝန်းကလည်း လင်မယား အဖြစ် အသိအမှတ်ပြုပါတယ်၊ ဥပဒေအရလည်း အတည်ဖြစ်ပါတယ်။ မိန်းကလေး အတွက် ထိုက်သင့်တဲ့ ကာကွယ်မှု၊ အမွေဆက်ခံမှုတွေလည်း ရပြီးဖြစ်ပါတယ်။
ဒီလို ကိုယ့်ရိုးရာ ဓလေ့အရ ရှေးပဝေသဏီ ကတည်းက ကျင့်သုံးခဲ့ပြီး အမျိုးသမီး အခွင့်အရေးလည်း အပြည့်ရှိ၊ လက်ထပ်ထိမ်းမြားခြင်း ညီမျှ တရားမျှတမှုလည်း ဖော်ဆောင်နိုင်တဲ့ လက်ထပ်ခြင်းဆိုင်ရာ ယဉ်ကျေးမှုတွေဟာ မျက်မှောက် ၂၁ ရာစု ခေတ်သစ် ဒီမိုကရေစီ အသံညံချိန်ကျမှ အာဏာနိုင်ငံရေးကိုမှ လက်ယာစွန်းအမျိုးသားရေးဝါဒ မတရား ထကြွမှုနဲ့အတူ ယုတ်လျော့ပျက်စီး ကျဆင်းရတာ အင်မတန် ဝမ်းနည်းဖို့ကောင်းပါတယ်။ လက်ရှိပြဋ္ဌာန်းပြီး တည်ဆဲ လက်ထပ်ခြင်းဆိုင်ရာ၊ အမွေဆက်ခံခြင်းဆိုင်ရာ ဥပဒေထုံးတွေကလည်း မြန်မာအမျိုးသမီးများကို သင့်လျော်တဲ့ အကာအကွယ်ပေးမှုမျိုး ပေးနိုင်ပြီး ဖြစ်ပါတယ်။
ပြန်ချုပ်ရရင် လက်ရှိ အတည်ပြုမယ့် မျိုးစောင့်ဥပဒေများထဲက ‘တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ တခုကပဲ အမှန်တကယ် ထည့်သွင်းစဉ်းစားဖို့ လိုအပ်တာပါ။ အစဉ်အဆက် တိုင်းပြည်မှာ မဟာဖိုဝါဒ ယောက်ျား အသားပေး စနစ် အရ လင်ပြိုင် (Polyandry) ထားမှုကိုသာ တရားဥပဒေ အရ ကန့်သတ်ထားခဲ့ပြီး မယားပြိုင် (Polygyny) ထားမှုကို ဥပဒေ အရ ခွင့်ပြုထားတာကို ပယ်ဖျက်ခြင်းဟာ လူ့အဖွဲ့အစည်းရဲ့ ကျား-မ တန်းတူညီမျှရေး၊ လူ့အခွင့်အရေး စံချိန်ကို တိုးစေမှာ ဖြစ်ပါတယ်။ ကျန်တဲ့ (၃) ခုဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းနဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများကတော့ ဆိုခဲ့သလို နိုင်ငံရေး ရည်ရွယ်ချက် စဉ်းလဲမှု အရင်းခံ၊ အမျိုး၊ဘာသာ၊ သာသနာက အသုံးချခံသက်သက်နဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးကို ဖိနှိပ်ကန့်သတ်လိုခြင်းသာ ဖြစ်ပါတယ်။ ဒီဥပဒေတွဟာ လူမျိုး၊ ဘာသာစုံ ငြိမ်းချမ်း ချစ်ကြည် အတူတကွ ယှဉ်တွဲနေထိုင်ကာ ခေတ်မီဖွံ့ဖြိုးတိုးတက် လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ အနုသုခုမ၊ အားကစား အရာရာ လူစဉ်မီတဲ့ အနာဂတ် တိုင်းပြည် တခုတည်ဆောက်ရေး အတွက် အန္တရာယ် ဆိုးမွေများသာ ဖြစ်ကြောင်းပါ ခင်ဗျား။
ငြိမ်းချမ်းအေး
ဇွန် ၁၁၊ ၂၀၁၅ (စာပြီးရက်စွဲ)
(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၆၅)၊ (၂၀၁၅) ခုနှစ် ဇွန်လ (၁၂) ရက်၊ သောကြာနေ့ထုတ်၌ ပုံနှိပ်ခဲ့သည်။ ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။ ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)
The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/News.TheLadies/posts/439568859551422:0