Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

သွန်းခ - မဝင်းမော်ဦး၊ အသက်(၁၆)နှစ်၊ အရိုးကင်ဆာဖြင့်ကွယ်လွန်သည်

$
0
0


 
သွန်းခ -  မဝင်းမော်ဦး၊ အသက်(၁၆)နှစ်၊ အရိုးကင်ဆာဖြင့်ကွယ်လွန်သည်
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၅



     ပြီးခဲ့တဲ့ ၁၉၊ ၉ ၊၂ဝ၁၅ ဟာ ကျွန်တော့်သားကြီး (၂၆)နှစ်ပြည့်မွေးနေ့ပါ။ (၂၇)နှစ်ထဲရောက်ပြီပေါ့။ အဝေးတစ်နေရာမှာရှိနေတဲ့သားကြီးက လှမ်းနှုတ်ဆက်ရင်း ကျေးဇူးတင်စကားနဲ့အတူ လှမ်းကန်တော့ရှာပါတယ်။ ကျွန်တော်က ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံးသွားခဲ့တဲ့ သမီးလေး မဝင်းမော်ဦး ကွယ်လွန်ခြင်း (၂၇) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားလုပ်တဲ့ဆီ သွားဖို့ပြင်ဆင်နေချိန်ပါ။ မိုးသည်းသည်းမနက်ခင်းပေမယ့် မဖြစ်မနေ သွားမယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ရန်ကုန်မြို့၊ လှိုင်သာယာ(၂ဝ)ရပ်ကွက်၊ ဗိုလ်တေဇလမ်းမှာရှိနေတဲ့ ကျန်ရစ်သူမိသားစုဆီအ ရောက်သွားဖြစ်ခဲ့ပါတယ်။

 
    ပွဲက မန က်အရုဏ်ဆွမ်းကပ်၊ အမှတ်တရစကားနည်းနည်းစီပြောကြ၊ ကြွရောက်လာခဲ့တဲ့ ရွှေဝါရောင်သံဃာတော်များကို နေ့ဆွမ်းကပ်ဖြစ်သွားခဲ့တဲ့ အစီအစဉ်ပါ။ အမှတ်တရစကားတွေက တိုသလောက် လေးနက်လှပါတယ်။ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ ၊ဒေါ်ခင်ဌေးဝင်း (မဝင်းမော်ဦးမိခင်)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒါရိုက်တာကြည်ဖြူသျှင် နဲ့ ရွှေဝါရောင်ဆရာတော် ဦးပြည်ကျော်တို့ ပြောကြား၊ မိန့်ဆိုခဲ့ကြတာပါ။


    ဒါရိုက်တာကြည်ဖြူသျှင်အနေနဲ့ ဘယ်လိုမှ မလေးစားပဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့ရတာရယ်၊ ခုထိ မဝင်းမော်ဦးဓါတ်ပုံ ကိုမကြည့်ရက်တာကို ရင်နာနာနဲ့ပြောသွားခဲ့ပါတယ်။ ရွှေဝါရောင်ဆရာတော်ဦးပြည်ကျော်ကလည်း ကိုယ်တော့်အနေနဲ့ ရှုမြင်သုံးသပ်ချက်တွေ မိန့်ကြားသွားခဲ့တဲ့အထဲမှာ အခုလက်ရှိနိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ဆန်ဆန် မိန့်ကြားသွားခဲ့တာပါ။


    "ဝင်းမော်ဦးရေ၊ ဘုန်းဘုန်းတို့ကတော့ ရေစက်ချပေးချင်ပါတယ်၊ အနေအထားလေးတွေက ရင်ခုန်ရတုန်းပဲရှိသေးတယ်၊ နောက်ထပ်ရက်ပေါင်း ၅ဝ ကျော်လောက်တော့ စောင့်ကြည့်လိုက်ပါဦး"လို့ ဘုန်းဘုန်း ဦးပြည်ကျော်ကမိန့်ကြားခဲ့ပါတယ်။

    ဖခင်တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာပြီး မမေးရက်ပေမယ့် အဖြစ်အပျက်တွေကို ဆို့နင့်စွာပြန်ပြောခဲ့တဲ့စကားတွေကတော့ သမီးလေးဟာ ဘယ်ပေါင်၊ ညာဘက်ဒူး၊ ညာလက်မောင်းကနေ ရင်အုံထဲ ကျည်ဆန်ဖောက်ဝင်သွားခဲ့တယ်။ သမီးတို့ အ.လ.က (၄) ၊ကြည့်မြင်တိုင်က ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၁၇) ယောက် ကျည်ထိမှန်ခဲ့တယ်၊ သမီးကမှ ဆေးရုံရောက်ခွဲစိတ်ကုသခံလိုက်ရသေးတယ်၊ မောင်ပိန်(ခ) မောင်တင်ထွန်းက နဖူးတည့်တည့်ထိပြီး အုပ်ဆက်ပွင့်သွားခဲ့တာ၊ မောင်သန်းဌေးတစ်ယောက်ခမျာလည်း ဆီးအိမ်ထိပြီး နေရာတင်ပွဲချင်းပြီးခဲ့တာပါ၊ နောက်တစ်နေ့ (၂ဝ) ရက်နေ့မှာ သမီးအလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံမှာ ထုတ်ယူခဲ့တာလည်း - "အရိုးကင်ဆာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်၊ (၂၄) နာရီ အတွင်း သင်္ဂြိုလ်ပါ့မယ်၊ အလောင်းနဲ့ပတ်သက်ပြီး အစစအရာရာ တာဝန်ယူပါတယ်၊ ဆူပူမှု မဖြစ်စေရပါဘူး ..."ဆိုတာ လက်မှတ်ထိုးထုတ်ယူခဲ့ရတဲ့ အကြောင်းတွေပြောပြခဲ့ပါတယ်။


    မှတ်တမ်းပေါင်းများစွာတွေထဲမှာ မဝင်းမော်ဦး အကြောင်းရှိနေပြီဖြစ်ပေမယ့် (၂၇) နှစ်ကြာလို့ ဒီဘက်ခေတ် ကလေးတွေ မသိနိုင်ကြတော့တာလား၊ လူကြီးပိုင်းတော်တော်များများလည်း မေ့မေ့ပျောက်ပျောက် ဖြစ်ကောင်းဖြစ်နေနိုင်တာမို့ မှတ်တမ်းတွေထဲက အချက်အလက်တချို့ ပြန်ဖော်ပြချင်ပါတယ်။


    မဝင်းမော်ဦးဟာ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း (မြောက်)၊ အရှေ့ရပ်ကွက်၊ အမှတ်(၃၅)၊ ပန်းပင်ကြီးလမ်းမှာ ၁၉၇၂ ခုနှစ်၊ နိုဝင်ဘာ (၁၅) ရက်၊ ဗုဒဟူးနေ့မှာ မွေးဖွားခဲ့သူပါ။ မိဘတွေဖြစ်ကြတဲ့ ဦးဝင်းကြူ၊ ဒေါ်ခင်ဌေးဝင်းတို့ရဲ့ သားသမီး (၆) ယောက်ထဲက အကြီးဆုံးသမီးဖြစ်ပါတယ်။ ရပ်ကွက်သာရေး၊ နာရေး၊ လူမှုရေးကိစ္စတွေမှာ ကျရာ တာဝန်ပါဝင်ထမ်းရွက်လေ့ရှိခဲ့သူတစ်ယောက်ပါ။ ပြည်သူတစ်ရပ်လုံး တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ၁၉၈၈ခုနှစ်အရေးတော်ပုံကာလက သူနေခဲ့တဲ့ အ-လ-က (၄) ကြည့်မြင်တိုင်မှာ အဌမတန်းကျောင်းသူတစ်ယောက်အဖြစ် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ပူးပေါင်းချီတက်ဆန္ဒပြခဲ့တာပါ။ စစ်အာဏာသိမ်းခဲ့တဲ့ (၁၈၊ ၉၊ ၁၉၈၈) ညနေမှာ တစ်အိမ်လုံးက မဝင်းမော်ဦးကို ဖျောင်းဖျခဲ့ကြပါသေးတယ်။ နောက်တစ်နေ့မနက်မှာ ကျောင်းခဏသွားမယ်၊ မျက်နှာပြပြီး ပြန်လာခဲ့ပါ့မယ်လို့ အိမ်က အထွက်ကောင်းအောင်ပြောပြီး ထွက်သွားလိုက်တာ မိခင်ဖြစ်သူက စိတ်ပူလို့ ကျောင်းလိုက်သွားတော့ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကိုင်ပြီး လိုက်သွားပြီဆိုတာ သိလိုက်ရပါတယ်။ သေနတ်မှန်ခဲ့တဲ့နေရာက ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့် မီးပွိုင့်နားမှာဖြစ်ပြီး ရန်ကုန်ဆေးရုံကြီး ကိုဒေါက်တာဝင်းဇော် နဲ့ ဒေါက်တာစောလွင် တို့က ဒဏ်ရာရပြည်သူတွေကို ဆေးရုံကားနဲ့လိုက်ကယ်ရင်း ရောက်လာခဲ့တာပါ။ မဝင်းမော်ဦးကို အရေးပေါ်ခွဲစိတ်ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးဒေါက်တာ ဦးညွန့်ဝင်းမြင့်နဲ့ မဝင်းမော်ဦး ဖခင်တို့ တွေ့ခဲ့ကြတုန်းကတည်းက အဆုတ်တစ်ခြမ်း ခွဲစိတ်ဖြတ်ထုတ်ပစ်လိုက်ရပြီ။ အခြေအနေတော့ မကောင်းပါဘူးဆိုတာ ဆရာဝန်ကြီးပြောစကားအရ ဖခင်ကသိလိုက်ရပြီးဖြစ်ပါတယ်။

    လူနာဆောင် ၃/၄ ရှေ့က (ယခင်) အသည်းအသန်လူနာပြုစုခန်းထဲမှာ မဝင်းမော်ဦးက သူ့ဖခင်ကိုတွေ့တွေ့ချင်း လက်အုပ်ချီ၊ မျက်ရည်တွေကျပြီး တောင်းပန်စကားဆိုခဲ့ပါတယ်။ အသက်မီချင်ရင် အမြန်ဆုံး ဆေးရုံကြီးကို လိုက်ခဲ့ပါဆိုတဲ့ သတင်းကြားခဲ့ရပြီးကတည်းကရော၊ ခွဲစိတ်ဆရာဝန်ကြီးပြောစကားအရရော ဖခင်တစ်ယောက်အနေနဲ့ နင့်နင့်သီးသီးခံစားနေရပြီဖြစ်တဲ့ ဦးဝင်းကြူဟာ အသက်ရှင်နေသေးတဲ့သမီးကို အားပေးစကား ဆို့ဆို့နင့်နင့် ပြောရင်း အနားယူခိုင်းခဲ့ပါတယ်။ သေနတ်မှန်ပြီး - ဖခင်နဲ့ သမီး တွေ့ခဲ့ရချိန်ဟာ (၂)နာရီ လောက်ပဲရှိပါလိမ့်မယ်။

    မှိန်းနေတဲ့သမီးက ညနေ  ၅း ၁၅ လောက်မှာ သူ့ဖခင်ကို လက်ယပ်ခေါ်ပြီး ကတိတစ်ခုတောင်းပါတော့တယ်။ အဲဒါကတော့ အများသိပြီးခဲ့ကြတဲ့အတိုင်း သမီးတို့တောင်းထားတဲ့ ဒီမိုကရေစီမရမချင်း… သမီးတို့ကို အမျှမဝေပါဘူး ဆိုတဲ့ကတိပါ။ သမီးကို နှစ်သိမ့်နေပေမယ့် မရမက တောင်းနေခဲ့တဲ့ ကတိကြောင့် သမီးတောင်းတဲ့ကတိ ပေးပါတယ်လို့ ပြောအပြီး ၁၉၊ ၉၊ ၁၉၈၈ ညနေ ၅း ၃၅ မှာ မိသားစု၊ ရဟန်း ရှင်လူ၊ကျောင်းသားပြည်သူတွေအားလုံးကို မျက်ကွယ်ပြုသွားခဲ့ပါတော့တယ်။


     မြန်မာပြည်ကျောင်းသားသမိုင်းတွေထဲမှာ သွေးနဲ့ရေးခဲ့ရတဲ့သမိုင်းတွေ အများသားပါ။ ဒီမိုကရေစီရရှိရေး တောင်းဆိုရင်း အသက်ပေးခဲ့ကြတဲ့ ကျောင်းသား၊ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ မဝင်းမော်ဦးကတော့ အခုအချိန်အထိ အမျှမဝေရသေးပါဘူး။ ကျဆုံးသွားခဲ့တုန်းက အသက် (၁၆)နှစ်၊ မကျခဲ့ရင် ခုဆို အသက် (၄၃) နှစ် ... ။ ဒီမိုကရေစီအပြည့်အဝရရှိရေးကိုတော့ အသက်ရှင်ကျန်နေခဲ့ပါတယ်ဆိုရင် တောင် ဆက်တောင်းဆိုနေဦးမှာပဲလို့ ယုံကြည်မိပါတယ်ခင်ဗျာ။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>