မောင်စွမ်းရည် - သင်္ချိုင်းကပြောတဲ့ သမိုင်း
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၅
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၅
အထက်ဗမာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲကို မန္တလေးမှာ နှစ်စဉ်ကျင်းပလေ့ရှိခဲ့တယ်။ အဲဒီစာ တမ်းဖတ်ပွဲတစ်ခုမှာ မန္တလေးတက္ကသိုလ်၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက `သင်္ချိုင်းကပြောတဲ့ သမိုင်း´ ဆိုတဲ့ စာ တမ်း တစောင်တင်ဖူးတာကို ရေးရေးပဲ မှတ်မိပါတော့တယ်။
နယူးယောက်မြို့မှာ ၂၀၁၅ စက်တင်ဘာ ၁၂ က မြန်မာစာပေဟောပြောပွဲတရပ်ကျင်းပသွားစဉ် စာရေးဆရာ ကိုဘုန်း (ဓါတု) ဟောပြောတဲ့အထဲမှာ ကြံတောသင်္ချိုင်းဖျက်တဲ့အကြောင်းကို တကဏ္ဍထည့်ပြောသွားခဲ့တော့ ဒေါက်တာ သန်းထွန်း ရဲ့စာတမ်းကို ပြေးပြီးသတိရလိုက်မိတယ်။ ကိုသန်း (ကြည့်မြင်တိုင်) ကလည်း` ကြံတောကပြောတဲ့သမိုင်း´ဆိုထင်ပါရဲ့။ စာအုပ်တအုပ် ထုတ်ဖူးတယ်။ ကိုဘုန်း (ဓါတု) ကတော့ သင်္ချိုင်းပါမက တခြားသမိုင်းဝင် အဆောက်အဦးတွေဖြစ်တဲ့ တကသအဆောက်အဦး၊ ဂျူဗလီဟော စတဲ့ အဆောက်အဦးတွေ ဖျက်ဆီးခံခဲ့ရပုံ အလုံးစုံကိုပြောပြတာပါ။ သူပြောတာက သမိုင်းချစ်မှ နိုင်ငံကိုချစ်ရာရောက်မယ်လို့ပြောရင်း တကယ်နိုင်ငံကိုမချစ်လို့ နိုင်ငံသမိုင်းဝင်အဆောက်အဦးတွေ ဖျက်ဆီး ခဲ့တဲ့ စစ်အစိုးရအောက်ကို ဝေဖန်ပြောဆိုသွားတာ ဖြစ်ပါတယ်။ ကျနော်က သူပြောတဲ့အထဲမှာပါတဲ့ သင်္ချိုင်းဖျက်တဲ့အကြောင်း၊ ကွက်ကွက်ကလေးကိုပဲ ပြောချင်တာပါ။
ကြံတောသင်္ချိုင်းနားမှာ ကျနော်နေခဲ့ဖူးတယ်။ ကြံတောသင်္ချိုင်းထဲကို နေ့စဉ် ဖြတ်သွားဖြတ်လာလုပ်ခဲ့ဖူးပါတယ်။ ကျနော် ဖြတ်သွားတဲ့လမ်းဘေးမှာ နောက်ဆုံးပြုလုပ်သွားတဲ့အုတ်ဂူက မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့အုတ်ဂူပါ။
ဦးနုရဲ့ အုတ်ဂူပေါ်မှာ အင်္ဂတေနဲ့ သွန်းလုပ်ထားတဲ့ `လက်ဝါးဗလာ´ ပုံစိုက်ထူထားပါတယ်။ လူသေသွားရင် လက်ဖဝါးချည်းပဲ ဘာမှမပါပဲ သေသွားရတယ်ဆိုတဲ့ တရားသဘောကိုပြောပြတဲ့ သင်္ကေတအဖြစ်နဲ့ ဖေါ်ပြတာပါ။ သင်္ချိုင်းအုတ်ဂူတိုင်းမှာ လူ နာမည်နဲ့အတူ `မွေး-သေ သက္ကရာဇ်´ တွေ ပါမြဲမဟုတ်လား။ တချို့အုတ်ဂူကတော့ ဘယ်လိုသေဆုံးတယ်ဆိုတာတောင် ဖေါ်ပြတတ်သေးတယ်။ ထူးခြားရင် ထူးခြားသလို ဖော်ပြလေ့ရှိတယ် ထင်ပါတယ်။
ကြံတောထဲကို တောင်ဘက်ကဝင်တော့ ဦးနုအုတ်ဂူအနီးမှာပဲ ဦးနုအုတ်ဂူမရောက်ခင်မှာ၊ သုံးပေပတ်လည်လောက် လေး ထောင့်စပ်စပ်နဲ့ တပေလောက်ပဲမြင့်တဲ့ အုတ်ဂူလေးတခုရှိသေးတယ်။ အဲဒါက ဆရာဇဝနရဲ့ အုတ်ဂူတဲ့။ ဆရာဇဝန နဲ့ ဦးနုရဲ့ အုတ်ဂူတို့ရဲ့ မြောက်နားလေးမှာ လေးထောင့်စပ်စပ် လူတရပ်လောက်အုတ်ဂူက ဆရာဇော်ဂျီရဲ့ အုတ်ဂူပါ။ အဲဒီ အုတ်ဂူ ပြုလုပ်စဉ်က ဆရာဇော်ဂျီရဲ့ မိသားစုနဲ့အတူ ဆရာ့တပည့်ရင်းများဖြစ်ကြတဲ့ မြန်မာ့အသံကျော်ဦး၊ မြန်မာစာဌာနက ဆရာ ဦးဝင်းမွန်နဲ့ ကဗျာဆရာမင်းမောင်တို့ သုံးဦးပါတာ မှတ်မိတယ်။ ကျနော်လည်း အစအဆုံးစောင့်ကြည့်ခဲ့ရတယ်။ အုတ်ဂူမှာ ဆရာရဲ့ `သင်သေသွားသော်´ ကဗျာ ကောက်နှုတ်ချက် ရေးထိုးထားတယ်လို့ မှတ်သားမိပါတယ်။
အဲဒီလမ်းအတိုင်း မြောက်ကိုတည့်တည့်သွားရင် လမ်းအဆုံးမှာ ခရစ်ယာန်သင်္ချိုင်းပါ။ ကြားထဲမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ အုတ်ဂူရှိတာကို မြင်ယောင်နေပေမဲ့ လူအမည် မမှတ်မိတော့ပါဘူး။ ခရစ်ယာန်သင်္ချိုင်းထဲမှာတော့ ရုပ်ရှင်မင်းသားကောလိပ်ဂျင်နေဝင်းနဲ့ ရုပ်ရှင်မင်းသား ဝင်းဦးတို့ရဲ့ အုတ်ဂူတွေရှိပါတယ်။ သူတို့က ခရစ်ယာန်တွေကိုး။ ကိုနေဝင်း အုတ်ဂူပြုလုပ်ရာမှာ လည်း ဘေးကစောင့်ကြည့်သူတွေထဲမှာ ကျနော်ပါခဲ့တယ်။ ကဗျာဆရာကြီး ဒဂုန်တာရာကိုယ်တိုင်ပုံစံထုတ်၊ စောင့်ကြည့်ပြီး ပြုလုပ်ခဲ့တဲ့ အုတ်ဂူပေကိုး။ အုတ်ဂူကဗျည်းစာမှာ သမ္မာကျမ်းစာကောက်နုတ်ချက်ကိုလည်း ဆရာတာရာပဲ ရွေးထုတ်ပေး ပါတယ်။ ကိုနေဝင်း မကွယ်လွန်ခင်က သူ့သူငယ်ချင်းခရစ်ယာန်တဦးဖြစ်တဲ့ စီတီအို ခေါ် ချစ်သိန်းဦး နဲ့ ယုဒသန်ဝတ်ကျောင်းမှာ ဆုံမိကြတော့ ပြောခဲ့ဖူးတာက တင်မိုးရဲ့ `ဧည့်သည်ကြီး ၏´ ကဗျာလေးကို သူ့အုတ်ဂူမှာ ရေးထိုးချင်တာတဲ့။
ဆရာတာရာက ကိုနေဝင်းတို့အိမ်ရဲ့ အိမ်ဦးခန်းမှာ နေခဲ့တာလေ။ ကိုနေဝင်းရဲ့ဇနီးခင်မာလာဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ် ဇေယျ (တကသဥက္ကဋ္ဌ ကိုလှမောင်) ပါ။ ကိုလှမောင်နဲ့ ကိုဌေးမြိုင် (ဆရာတာရာ) တို့က တက္ကသိုလ်မှာ ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်လို့ ဗိုလ်ဇေယျမိသားစုကိုစောင့်ရှောက်ရင်း ခင်မာလာတို့နဲ့ အတူနေခဲ့တာပါ။ ဗိုလ်ဇေယျတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလာတုန်းက ငယ်သူငယ်ချင်းနှစ်ယောက် ပြန်ဆုံပြီး အလွမ်းသည်ကြတယ်လေ။ အဲဒါကို မျက်မုန်းကျိုးလို့ထင်ရဲ့၊ဆရာတာရာအဖမ်းခံခဲ့ရဖူးပါတယ်။ ဗိုလ်ဇေယျက တောခိုကွန်မြူနစ်ကိုး။
ကြံတောထဲမှာ ဆရာတာရာ အစအဆုံးကြီးကြပ်ပြုလုပ်ခဲ့ဖူးတဲ့ တခြားအုတ်ဂူကတော့ ကြံတောသုဿာန်တောင်ဘက်ဖျားက ဇရပ်ဘေးမှာပြုလုပ်ခဲ့တဲ့ ဆရာတာရာရဲ့ချစ်သူငယ်ချင်း၊ စာပေရဲဘော် ဗန်းမော်တင်အောင်ရဲ့ အုတ်ဂူပါ။ ဆရာဗန်းမော် တင်အောင်ကလည်း ခရစ်ယာန်ပါ။ ဒါပေမယ့် သမ္မာကျမ်းစာ ကောက်နုတ်ချက် ကဗျည်းမထိုးဘဲ ဆရာဗန်းမော်တင်အောင်က သူ့သား ဗဟိန်းအောင်ကို နောက်ဆုံးမှာကြားခဲ့တဲ့စကားနဲ့ ရေးထိုးစေပါတယ်။ အတိအကျတော့ ကျနော် မမှတ်မိတော့ဘူး။ `လူတယောက်ရဲ့တန်ဘိုးဟာ သူ့ပခုံးပေါ်မှာကျရောက်လာတဲ့ သမိုင်းပေးတာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်း ဆောင်နိုင်သလဲဆိုတဲ့အပေါ်မှာတည်တယ်´ တဲ့။ လူငယ်တော်တော်များများကတော့မှတ်မိပြီး ကိုးကားပြောဆိုလေ့ ရှိကြပါ တယ်။ အဲဒီတုန်းက ဆရာတာရာနဲ့အတူ ဆရာပါရဂူလည်း ပါတယ်။ အသုဘပို့ဆောင်ကြတဲ့ အမျိုးသမီးတွေက ဆရာဗန်း မော်တင်အောင်ရဲ့အုတ်ဂူပေါ်မှာ ချလာတဲ့ပန်းခွေတွေက နှင်းဆီပန်းတွေကိုခူးယူပြီး အယူမသီးကြဘဲ ရင်ဘတ်မှာ အမြတ် တနိုး ထိုးသွားကြပုံကို ဆရာပါရဂူက ဆောင်းပါးရေးဖူးပါတယ်။
အဲဒီနားကဇရပ်ထဲမှာ အနောက်ဖျားတံစက်မြိတ်အောက် အတွင်းဘက်နားမှာ တောင်မြောက်တန်းလျက် အုတ်ဂူနှစ်ခုရှိပါ တယ်။ ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ ဗိုလ်အောင်ကျော်တို့ရဲ့ အုတ်ဂူတွေပါ။ ကျနော် ကြံတောရောက်လို့ အတူပါတဲ့ မိတ်ဆွေ တွေကို သမိုင်းဝင်အုတ်ဂူတွေလိုက်ပြတဲ့အခါ အဲဒီအုတ်ဂူနှစ်ခုကို ပြလေ့ရှိပါတယ်။ အဲဒီဇရပ်ရဲ့ အရှေ့ဘက်ကပ်လျက်မှာ ၊တောင်ဘက်အုတ်နံရံကို ကျောခိုင်းထားနဲ့ မတ်ရပ်အုတ်ဂူတခုကတော့ အမျိုးသားပညာဝန်ဦးဖိုးကျားရဲ့ အုတ်ဂူပါ။
အဲဒီဇရပ်ရဲ့ မြောက်ဘက်၊ ဆရာဗန်းမော်တင်အောင်ရဲ့ အုတ်ဂူခြေရင်း၊ မြောက်ဖက်ခပ်ယွန်းယွန်းမှာ အုတ်ဂူပြားပြားနဲ့ ခပ်ကြီးကြီးတခုကတော့ သံတိုင်လေးတွေနဲ့ ဝင်းခတ်ထားပါတယ်။ အဲဒီအုတ်ဂူဘေးမှာ သူ့ခင်ပွန်းအတွက်ဆိုထင်ပါရဲ့။ နေ ရာလပ်တခု ချန်ထားတယ်။ ဦးနေဝင်းရဲ့ အချစ်ဆုံးဇနီးကြီး ဒေါ်ခင်မေသန်းရဲ့ အုတ်ဂူပါ။ အဲဒီအုတ်ဂူလည်း သူ့ခင်ပွန်းအုတ် ဂူ မရောက်လာခင် ဖျက်ဆီးရွှေ့ပြောင်းခံလိုက်ရပါတယ်။ သူ့ခင်ပွန်းရဲ့ လက်ချက်ပါပဲ။
ကြံတောသုဿာန်ထဲက သမိုင်းမှာအရေးကြီးတဲ့ အုတ်ဂူတွေ ကျနော်ဖော်ပြဖို့ကျန်ဦးမှာပါ။ ကိုသန်း (ကြည့်မြင်တိုင်) ရေးတဲ့ ကြံတောပြောတဲ့ သမိုင်းစာအုပ်ကို ကိုးကားရအောင်ကလည်း ကျနော့်မှာ မရှိပါ။ ပြည်ပမှာ သင်္ချိုင်းအကြောင်းစာအုပ်ကို ဘယ်သူမှလည်း တကူးတက ယူလာမယ်မထင်ပါ။ ဒါပေမဲ့ ... ဆရာဗန်းမော်တင်အောင်ရဲ့ အုတ်ဂူအကြောင်းပြောတုန်းက သူအလွန်လေးစားခင်မင်တဲ့ ရဲဘော်ဗဟိန်းရဲ့အမည် တကြိမ်ပါသွားလို့ ဗဟိန်းအုတ်ဂူအကြောင်းလေးလည်း စပ်မိတုန်း ပြောပါရစေ။ ဆရာက သူ့သားကြီးနာမည်ကို `ဗဟိန်းအောင်´ လို့ တမြတ်တနိုး မှည့်ခေါ်ခဲ့ပါတယ်။ ရဲဘော်ဗဟိန်းဆိုတာ သခင်အောင်ဆန်းတို့ ဆရာဒဂုန်တာရာတို့နဲ့လည်း အလွန်းကျွမ်းဝင်ရင်းနှီးတဲ့ ချစ်ရဲဘော်ပါ။ သူကွယ်လွန်တော့ မန္တလေး မှာပါ။ မန္တလေးသားလည်း ဖြစ်ပါတယ်။ မန္တလေး ရွာဟိုင်းသုဿာန်မှာ အုတ်ဂူပြုလုပ်ထားပါတယ်။ ကျနော်သွားရောက် ဂါရဝ ပြုဖူးပါတယ်။ အနီးမှာ ဘငြိမ်းနဲ့ ဗဟိန်း ယှဉ်လျက်ပါ။ `ဘငြိမ်း´ ဆိုတာ တေးဂီတပညာရှင်ကြီး မြို့မငြိမ်းပေါ့။ သူတို့ အုတ်ဂူတွေလည်း သမိုင်းဖျက်ဝါသနာပါသူတွေရဲ့ လက်ချက်နဲ့ ရှိမှာမဟုတ်တော့ပါ။
အုတ်ဂူတွေ ဖျက်သူလည်း အုတ်ဂူမရှိရှာပါ။ ရှိလျှင်လည်း လူထုက ဖျက်ချမှာမလွဲပါ။ ခုတော့ သူ့ရဲ့ အရိုးတဆစ်၊ ပြာတဆုပ်မျှ ၊ ပြာတမှုန်မျှ မကျန်ရစ်ရှာပါ။ သူ့သမိုင်းကတော့ ဖျက်လို့မရ သူ့တပည့် ဗိုလ်ခင်ညွန့်က `အတိတ်ကို ပြန်လှန်မနေနဲ့´ လို့ ပြောတာ သင်္ချိုင်းဖျက်၊ သမိုင်းဖျက်သူရဲ့အတိတ်လို ဇာတ်လမ်းမျိုး ဖြစ်ပေလိမ့်မယ်။ သမိုင်းဟူက ဖျက်မရနိုင်။ သမိုင်းသိမှ ပဏ္ဍိတ။ မ`အ´ချင်ရင် သမိုင်းသင်လော့´ တဲ့။
မောင်စွမ်းရည်
၂၀၁၅ စက်တင်ဘာ ၁၉