cartoon Beruma |
ဖိုးထက် - နိမ့်၊ မြင့်၊ တက်၊ ကျ လောင်းကစားပါ
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅
ကျွန်တော်တို့ မျိုးဆက်မှာ တက်သုတ်ရိုက် သင်ကြားပေးလိုက်ကြသော ပညာရေးစနစ်အောက်မှ တက္ကသိုလ်ဘွဲ့တွေ ရခဲ့ကြသည်။ ပြီးရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြတော့။ ပံ့ပိုးမှု တတ်နိုင်သည့် မိဘတွေ၏ သား၊ သမီးများကတော့ ဘွဲ့ရပြီးကာမှ အင်္ဂလိပ်စာ သင်တန်းထပ်တက်ရသည်။ ထိုစဉ်က ခေတ်စားစ ပြုနေသည့် Window 95 အသုံးချ သင်တန်းတက်သည်။ LCCI တက်သည်။ ပြီးတော့ရော။ ပြီးတော့ ပိုက်ဆံ တတ်နိုင်လျှင် နိုင်ငံခြားထွက်ကြ။ မတတ်နိုင်သည့် လူလတ်တန်းစား မိဘတွေ၏ သား၊ သမီးတွေက နေရာကောင်းကောင်း၊ ဂွင်ကောင်းကောင်း အစိုးရ အလုပ်ရဖို့ ဗိုလ်ကြီး ဗိုလ်မှူးကြီးများ၏ ထောက်ခံစာများဖြင့် ၀န်ကြီးဌာနတွေမှာ တန်းစီ။ ဖြစ်သော်လည်း ၀င်တိုး။ ဗိုလ်မှူးကြီး သမီးက ပြန်တမ်းဝင် အရာရှိ နေ့ချင်း ညချင်း ဖြစ်ပြီး မတတ်နိုင်၊ မကန်တော့နိုင်သူများက သူ့ပညာရပ်မှာ ဘယ်လောက်တော်တော်၊ ဘယ်လောက် တတ်တတ် ဖင်ခြေကပ်နေသည့် အောက်ခြေ ၀န်ထမ်းက စပေရော့။
အစိုးရ အလုပ်ဆိုလျှင် ယောင်လို့တောင် အိပ်မက်ထဲ ထည့်မမက်သည့် လူငယ်တွေကတော့ ပွဲစားလိုလို၊ ၀ယ်ရောင်းလိုလို၊ ကိုယ်ပိုင်စီးပွားရေး တစ်ခုခုဘဲ လုပ်တော့မှာလိုလို။ လူငယ်တွေကို အလေအလွင့် ၊ အလေနတော မဖြစ်စေလိုလျှင် အလုပ်အကိုင် များဖြင့်သော်လည်းကောင်း၊ ဆက်လက်ပညာ သင်ယူသွားချင်လာအောင် ဖန်တီးပေးထားသည့် စနစ်များဖြင့် သော်လည်းကောင်း စီမံပေးထားဖို့ လိုသည်ဟု ကျွန်တော် ထင်သည်။
“မင်းတို့ကွယ်…ကြိုးစားကြစမ်းပါ။ ကိုယ်တို့ တုံးက ဒီနေရာ ရောက်ဖို့ ဒီလိုဘဲ ခြေနှစ်ဖက် လက်နှစ်ဖက်နဲ့ဘဲ ကြိုးစားလာရတာဘဲ။ ကွယ်…. ဒီခေတ်ကလေးတွေ ခက်ပါတယ်။ ကိုယ်တို့နဲ့ မတူဘူး ဟင်း…..” ဟု သက်ပြင်းကြီးချ။ ဆရာ၊ ဆရာမကြီး လေသံဖြင့် လူငယ်များကို ပြောကြည့်စမ်းပါ။ “ဘဲကြီးက ဘာအထာလဲ” ဟူသည့် အကြည့်ဖြင့် အကြည့်ခံရပြီမှတ်။ လူငယ်သည် လူငယ်သာ ဖြစ်သည်။ လူငယ်ကို လူကြီးလို မတွေးရကောင်းလားလို့ ဇွတ် လုပ်လို့ မရ။ သူတို့ အတွက် ဘ၀ရည်မှန်းချက်များဆီသို့ ကြိုးစားရင် ကြိုးစားသလောက် အထိ၊ အခိုက်မရှိ သွားလို့ရသည့် လမ်းတွေကို လူကြီးတွေက ခင်းပေးထားဖို့ဘဲ လိုပါသည်။
လူငယ် တစ်ရာလျှင် အနည်းစုခန့်ကသာ သူများ ခိုင်းခိုင်း၊ မခိုင်းခိုင်း၊ ဘယ်လို စနစ်ကြီးဖြစ်ဖြစ်၊ ဘယ်သူတွေ ဘယ်လို အုပ်ချုပ် အုပ်ချုပ် ကိုယ့် ကိုယ် ကိုယ် အမြဲ ချွန်ထက်နေအောင် ဘယ်လို သနေရမည်ဆိုတာ သိကြသည်။ သူတို့က ရှာမှ ရှား၊ သိတတ်လိမ္မာသည့် လူငယ်လေးတွေ။ သူတို့က နောင်မှာ လူနည်းစု ပညာရှင်တွေ ဖြစ်လာမည့် လူငယ်တွေ။ ကျန်သည့် လူငယ်အများစုက လူငယ်ပီပီ ပေါ့ပေါ့စား ပေါ့ပေါ့နေ။ သာမန် လူငယ်။ သာမန်ဆိုသော်လည်း စနစ်ဇယားကျသည့် အချိန်၊ စနစ်တွေပေါ်သို့ မောင်းတင်ပေးလိုက်လျှင် နောင် အနာဂါတ်မှာ နိုင်ငံကို ဦးဆောင်သည့် လူတွေဖြစ်လာသည်။ အောက်ခြေကိုလဲ နားလည်၊ ပညာတတ်တွေကိုလဲ လေးစားရမှန်းသိသည့် သူတွေဖြစ်လာမည်။ ထိုသို့မှ မဟုတ်ပါဘဲ လူငယ်တွေကို အခွင့်အလမ်း မဖန်တီးပေးထားနိုင်ဘဲ ပြစ်ထားကြလျှင် အထက်က ကျွန်တော် ဆိုခဲ့သည့် ဘောလုံးပွဲလောင်း၊ ဘောလုံးပွဲကြည့်၊ ဘီယာသောက်၊ အရက်သောက်၊ ဆေးချသည့် လူငယ်တွေ ဖြစ်လာနိုင်ကြသည်။ ဗေဒင်မေး ဆန်ကုန်တာဘဲ အဖတ်တင်မည်။
လူသည် မကောင်းမှုတွင် မွေ့လျော်သည်လို့ ဗုဒ္ဓဘုရားက ဟောခဲ့တာ ပေါက်ကရ ပါးစပ်ထဲ တွေ့ကရာ အဆိုးမြင်ပြီး ပြောခဲ့တာ မဟုတ်။
ယခု ရန်ကုန်မှာ လုကြ၊ ယက်ကြ၊ ရိုက်ကြ၊ နှက်ကြ ဖြစ်နေသည့် လူငယ်တွေသည် ဒီလို လူငယ်တွေသာ ဖြစ်သည်လို့ ကျွန်တော် ထင်သည်။ သူတို့ကို အပြစ်တင်ချင်သည့် လူများ စနစ်ကြောင့် မမှားသင့်ဘဲ မှားနေသည့် လူငယ်တွေ၏ ဘ၀ကို မြင်၊ သိကြဖို့ ကောင်းသည်။ လက်မထောင်သည့် mouse click တွေကို သာယာ၊ အပြစ်တင်၊ ပါမေက္ခလေသံဖြင့် ဆိုရှယ်နက်ခ်ဝပ်တွေကနေ လေကန်နေခြင်းက အဖြေမဟုတ်။ လူငယ်တို့၏ ပြည့်ဝသည့် အား၊ အင်တွေကို အသုံးဝင်၊ အလုပ်ရှုပ်နေအောင် ဖန်တီးထားသည့် စနစ်တွေ၊ ပါတ်ဝန်းကျင်တွေကသာ အဖြေလို့ ကျွန်တော် ထင်သည်။
ကျွန်တော်သည်လည်း ဘာထူးသနည်း။ စစ်အစိုးရခေတ်က စနစ်တကျ ဖျက်ဆီး၊ ပျက်စီးနေသည့် ပညာရေး စနစ်အောက်မှာ အသက်မွေးဝမ်းကျောင်း ဘွဲ့လေးရသည်။ နိုင်ငံခြားထွက်ချင်သော် လည်း သတ္တိမရှိ၊ ငွေမရှိ။ အစွမ်းအစ မရှိ။ အစိုးရ အလုပ် ၀င်လုပ်ဖို့ ဆိုတော့လည်း တီးကောင် ကို ဆားပုံလိုက်သလို။ ဒီတော့ စာဖတ်တာလိုလို၊ ဘောလုံး ကန်တာလိုလို၊ အင်္ဂလိပ်စာဘဲ လုပ်တာလိုလို ဖြင့် ယောင် Sixty။ ရပ်ကွက် တစ္ဆေဝေလေလေ။ ကိုယ် ဘာစိတ်ဝင်စားလို့ စိတ်ဝင်စားမှန်း မသိ။ အသေအချာ စိတ်ဝင်စားတာ တစ်ခုတော့ ရှိသည်။ ဘောလုံးပွဲများ နှင့် ဘောလုံး သမားများ။
၂၀ ရာစု ပြီးဆုံးခါနီးတွင် မွေးဖွားလာသည့် မြန်မာ ယောင်္ကျားလေး လူငယ်တွေထဲတွင် လူတစ်ရာလျှင် ရှစ်ဆယ်ခန့် ဘောလုံးပွဲ များနှင့် ရူးသွပ်ဖူးခဲ့ပါလိမ့်မည်။ ဘောလုံးပွဲ လောင်းကြေးများနှင့် ယဉ်ပါးခဲ့ဖူးပါလိမ့်မည်။ မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်လ်၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ အစရှိသည့် ဥရောပနိုင်ငံများ၏ ဘောလုံး အင်အားကြီး အသင်းတွေကို မသိသူ မရှိ။ ပီထရက်စကု၊ လိုသာ မာသီးယပ်စ်၊ ပေါလ်အင့်စ်၊ ပေါလ်စခိုးလ်၊ ဒေးဗစ်ဘက်ဟမ်း၊ မားလ်ဒီးနီစ်၊ ဗီရွန် စသည့် စသည့် ဥရောပ ဘောလုံး ဇာတ်ခုံပေါ်မှ များမြောင်လှစွာသော နိုင်ငံစုံ ဘောလုံးသမားများကို ကိုယ့်ရပ်ကွက်ထဲက လူတွေထက် ပိုသိခဲ့ကြသည်။ ကိုယ့်အိမ်ဘေးက မိသားစု ဘယ်က ပြောင်းလာတယ်ဆိုတာ မသိပေမယ့် အနှီ ဘောလုံးသမား ဘယ်နှစ်သင်း ပြောင်းခဲ့ပြီး ဘာဆုတွေ ရခဲ့တယ်ဆိုတာ အလွတ် လက်တန်း ပြောနိုင်၏။
ဘောလုံးပွဲ လောင်းကစားနည်းကလဲ ဆေးမကုသဘဲ ထားသည့် ကင်ဆာဆဲလ်များလို ကြီးသထက်ကြီး၊ ပွားသထက် ပွားလာသည်။ သူခိုး စစ်အစိုးရကလဲ သူ့တို့ လုပ်ချင်ရာ လုပ်နေရလျှင်ပြီးရော့။ သူတို့ ခိုးချင်ရာ ခိုးနေရလျှင် ပြီးရော့။ သူတို့ ကို မတော်လှန် မပုန်ကန်လျှင်ပြီးရော့။ လူတွေ ဘောထဲ အာရုံရောက်နေလျှင် လွှတ်ထားသည်။ ရဲစခန်းဘေးမှာ ဘောလုံးပွဲ လောင်းကြေးကို ဘုတ်ထောင်ပြီး ရေးပြထားနိုင်သည်။ စီမံချက် ရှိတယ်ဆိုပြီး ဖမ်းပြပေမယ့် လောင်းကစား ဒိုင်များကို အဖမ်အဆီးရှိတယ်လို့ သတင်းပေးသူက မြို့နယ် ရဲစခန်းမှုး။ ထို့ကြောင့် ဘောလုံးပွဲ လောင်းကစားက ဆိုးသထက် ဆိုးလာကြသည်။ ဘောလုံးဂျာနယ်များကလဲ မိုးဦးကျခါစ မှိုများလို များပြားလှသည်။ ၀ယ်ဖတ်လို့ မကုန်နိုင်။ ဒီသတင်း၊ ဒီ အကြောင်းအရာတွေကိုဘဲ စာမျက်နှာ အရင်ထည့်ထားတာနှင့် နောက်ကျောဖုံးမှာ ထည့်တာဘဲ ကွာသည်။
ကျွန်တော်သည်လည်း ယောင်စိန် ဘွဲရပြီးစ လူငယ်ပီပီ ညနေတိုင်လျှင် ဘယ်ပွဲ၊ ဘယ်အချိန် ရှိတယ်ဆိုတာ သွားသွားကြည့်ရတာ အမော။ နှစ်လုံး ဆယ်ပြား စား၊ တစ်ရှုံး၊ တစ်လုံး ရှစ်ဆယ်နိုင် စသည့် ဘောလုံးပွဲ လောင်းကြေးတွေကို မေးရတော အမော။ ဘောလုံးပွဲ တစ်ပွဲကို လောင်းကစားလို့ ရသော နည်းလမ်း များကလဲ စုံမှ စုံ။ ဘော်ဒီတဲ့။ ဖိုးကပ် (foucs) တဲ့။ ဂိုးပေါင်းတဲ့။
ဘယ်အမျိုးအစားကိုဘဲ လောင်း၊ လောင်း လွယ်တော့ မလွယ်။ နှစ်ဘက်အသင်းအခြေ အနေကို ဘက်ပေါင်းစုံက တွက်ရ၊ လေ့လာရ၊ ဆန်းစစ်ရသည်။ ဘောလုံး ဂျာနယ်မျိုးစုံက ပုံစံမျိုးစုံပြောသလို အချိန်တွေ အားနေသည့် ကျွန်တော်တို့ကလဲ လ္ဘက်ရည်ဆိုင်မှာ ငြင်းလို့ မဆုံး။ ဘယ်သူက အိမ်ကွင်းလဲ။ အာဆင်နယ်လ်မှာ ဘားကပ်မ် ပါမှာလား။ ဗီအာရာ ပွဲပါယ်ခံထားရသလား။ တစ်ဘက် အသင်းက တန်းဆင်းဇုန်ကနေ ရုန်းမည့်သူလား။ အမှတ်လိုနေသလား။ ဖွင့်ကစားကြမယ်ထင်သလား။ ပိတ်ကစားကြမလား။ အယ်နယ်လ်ကာ ဂိုးပေါက်ပျောက်နေသလား။ ဂိုးမြူးနေသလား။ အဲဒီ ပြင်သစ်သား ဂိုး ကံ လိုက်၊ မလိုက်ကလဲ ထည့် စဉ်းစားရသည်။ သူတစ်ဖက်သား ကံကြမ္မာကို မိမိတို့၏ သင်္ချာတွက်နည်းမှာ အဖြေအတိအကျရလာဖို့ ထည့်သွင်း တွက်ချက်ရတာ ပျော်တော့ ပျော်စရာ။
ဘောလုံးသည် ဘောလုံးသာ ဖြစ်သည်။ ဂိုးပြတ်နိုင်မယ်လို့ တွက်ပြီး လောင်းပေမယ့် ဂိုးပြတ်ရှုံးသွားသည်။ နှစ်ဘက် အသင်း ဂိုးတွေ တဒိုင်းဒိုင်း အပြန်အလှန်သွင်းကြမယ်လို့ တွက်ပြီး ဂိုးပေါင်း အပေါ်နေပြီးကာမှ ဂိုးမရှိ သရေဖြင့် ပွဲပြီးသွားသဖြင့် အီလည်လည်ကြီးဖြစ်သွားရတာတွေလဲ မနည်း။ တစ်ခါတစ်ရံ ဂျာနယ်တွေရော၊ ကျွန်တော်တို့ လောင်းကစားသမားများရောပါ အတူတူ သဘောတူညီ နိုင်ကြမယ်လို့ တွက်ထားသည့် အသင်းသည် ရှုံးပါသည်။ ဘောလုံးကစားနည်းမှာ နှစ်ဘက်အသင်းသား ၂၂ ယောက်၊ ကွင်းလယ်ဒိုင် နှင့် စည်းကြပ်ဒိုင် နှစ်ယောက် ပေါင်း သုံးယောက်။ စုစုပေါင်း ၂၅ ယောက်တို့၏ ဆုံးဖြတ်ချက်လေးတစ်ခု၊ အမှားလေးတစ်ခု၊ ပါးနပ်မှုလေး တစ်ခု၊ အကွက်မြင်တတ်မှုလေး တစ်ခု၊ ပေးပို့မှုလေး တစ်ခု၊ ကံတရားလေး တစ်ခုကနေ ပွဲရလာဒ်တွေက ပြောင်းသည်။ ဘယ်လိုလဲ တွက်တွက်၊ ဘယ်လောက်ဘဲ သေချာပါစေ ဖော်မြူလာ မရှိ။ ပုံသေကားချပ် တွက်ဆလို့ မရ။ လောင်ကစားသမားတို့ ပီပီ မည်မျှပင် သေချာစေသော်လည်း ရှုံးတာက ရှုံးသည်သာ။
ကျွန်တော်တို့မှာ ထိုစဉ်တုံးက ဘောလုံးပွဲ မရှိသည့် နေ့များမှာ တစ်ခုခု လိုနေသလိုလို။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိလောက်အောင် ဘောလုံးပွဲကို စွဲ လမ်းလာသည်။ ဘောလုံးပွဲကို မလောင်းဘဲနဲ့ မကြည့်တတ်ကြတော့။ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် အလုပ် မရှိ အကိုင်မရှိ ကိုယ်က မြန်မာငွေ တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်လောက်ကို ခြစ်ခြစ်မြည်အောင် စုပြီးမှ လောင်းနိုင်သည်။ တစ်ဖက် ဒိုင်တွေက သိန်းသောင်းချီ ကိုင်နိုင်သည့် သူတွေ။ လောင်းကြေးကလဲ သူတို့ဘက် အသာစီး ရမည့် ပေါက်ကြေးကို ဖွင့်သည်။ အသင်းက နိုင်သည်။ လောင်းကြေးရှုံးသည်။ အသင်းက နိုင်သည်။ နိုင်ကြေးကြတော့ အပြည့်မရ။
ရှုံးဖန်များလာ၊ အပြည့်အ၀ မနိုင်တာ များလာတော့ စဉ်းစားရပြီ။ ရပ်ပြစ်ဖို့လား။ ဝေးပါသေးသည်။ ငါ ဘာကြောင့် နိုင်အောင် မလောင်းနိုင်သလဲကို ပြန်စဉ်းစားကြည့်ခြင်း ဖြစ်သည်။ အသင်းစွဲထားလွန်းသည်။ လောင်းကြေးမကြိုက်လျှင် သို့မဟုတ် မသေချာလျှင် လက်ရှောင်နေရမှာကို မရှောင်နိုင်ဘဲ ပွဲရှိသမျှ အကုန်လောင်းချင်သည်။ လောင်းကစားသမားပီပီ လောဘနောက်လိုက်ပြီး ရှုံးသည်။ ဒါဆို ဘယ်လို နိုင်အောင် လုပ်မလဲ။ သေချာတဲ့ပွဲကိုဘဲ သေသေချာချာလောင်းရင် နိုင်ဖို့ ရှိသည်။ လူ့လောဘ နှင့် ဒေါသသည် အမှတ် အတေး မရှိ။
ထိုစဉ် ကျွန်တော်သည် ဘ၀သံသရာ ကို သွားတွေ့သည်။ ကြီးကျယ်တယ်လို့ မထင်စေလို။ ကျွန်တော်ဆိုလိုသည့် ဘ၀သံသရာ ဆိုသည်မှာ နိဗ္ဗာန်ရွှေပြည်ကြီးနှင့် ဆိုင်သော ဘ၀သံသရာကို မြင်အောင် ကြည့်သည့် သူတော်ကောင်းတွေသာ သိမြင်သည့် အသိမဟုတ်။ ကျွန်တော့် အသိက သတ္တ၀ါတွေရဲ့ ဘ၀တွေဟာ အမြဲတမ်းကြီး အပေါ်မှာ ရှိမနေ။ အမြဲတမ်းကြီး အောက်မှာ ရှိမနေ ဆိုသည့် တွေ့ရှိချက်။
ဥပမာအားဖြင့် မန်ချက်စတာ ယူနိုက်တက် ဆက်တိုက် ရှုံးနေသလား။ သူဆက်တိုက် လောင်းကြေးရှုံးလာတာ ဘယ်နှစ်ပွဲ ရှိပြီလဲ။ လေးပွဲဆက်တိုက်ခန့် ဘောလုံးပွဲလဲ ရှုံး၊ လောင်းကြေးလဲ ရှုံးနေပြီဆိုလျှင် ငါးပွဲမြောက်မှာ သူ့ဘက်က ဘာပေါက်ကြေး ပေါက်ပေါက် လောင်းပေတော့။ သေသေချာချာ နိုင် နိုင်ပါသည်။ နိုင်ပါသည်။ မန်ချက်စတာ ယူနိုက်တက်က သူ့အလုပ် သူလုပ်ပြီး ဘောလုံးပွဲကို နိုင်အောင် ကန်သွားပါသည်။ တစ်ဂိုး ဂိုးမရှိ။ နှစ်ဂိုး တစ်ဂိုး။ လောင်းကြေးက နှစ်ဂိုး ၁၀ ပြားနိုင်။ သူတို့ သုံးမှတ်ရသည်။ သို့မဟုတ် နောက် တစ်ဆင့် တက်သည်။ ကျွန်တော့်မှာသာ တစ်ပြားမှ ပြန်မရဘဲ ခွက်ခွက်လန်အောင် ရှုံးပြန်လေတော့သည်။
အခု အသက်ကလေး ရလာတော့ ငွေကြေးဖြင့် ဘောလုံးပွဲ လောင်းကစားလုပ်ဖို့ ဘယ်လိုမှ စိတ်မ၀င်စားတော့ သော်လည်း ဘ၀သံသရာ အတွက်အချက်ကြီးကိုတော့ လက်မလွှတ်နိုင်သေး။ ပြီးခဲ့သော အပါတ်က ချယ်လ်ဆီးနှင့် အာဆင်နယ်လ်ပွဲ ဆိုကြပါစို့။ ဒီနှစ် အစကတည်းက ချယ်လ်ဆီးသည် ပရီးမီးယားလိဂ်မှာ ရလဒ် မကောင်း။ ဆက်တိုက် ရှုံး လာသည်။ သရေကျလာသည်။ လောင်းကြေးလဲ ရှုံး။ ဘောလုံးလဲ ရှုံးခဲ့သည်။ အာဆင်နယ်လ်က ဘောလုံး ဘာသာစကားအရ ခြေမှန်သည်။ ပရီးမီးယား လိဂ်မှာ ဆက်တိုက်နီးပါး နိုင်လာသည်။ ထို့ကြောင့် ကျွန်တော့် သံသရာ တွက်နည်း အရ ဒီပွဲမှာ အာဆင်နယ်လ် ရှုံးကို ရှုံးမည်လို့ တွေးခဲ့သည်။ ( အဟိံစ္စ ဒီစကားမှန်သောကြောင့် မြန်မာပြည်စစ်တပ် ပြည်သူ့ မျက်နှာ ကြည့်သော စစ်တပ် ဖြစ်ပါစီ။)
တွေးထင်သည့် အတိုင်း ကျွန်တော် အားပေးသည့် ချယ်လ်ဆီးနိုင်သည်။ ဟို ဘုရားစူး အကျင့်ယုတ် စပိန်လူမျိုး ဒီယေဂိုကော်စတာကြောင့် ကျွန်တော့် တွက်နည်းကို အပြည့်မ၀ မပျော်နိုင်တာတော့ အမှန်။ ဒီအကောင် ကစားလျှင် တစ်ဖက်အသင်း နောက်ခံ လူတွေကို ဆွသည်။ ဒေါသထွက်လာအောင်၊ မခံချိ မခံသာ ဖြစ်လာအောင် လုပ်သည်။ ပြီးလျှင် ဘာ ဘာ ဘာမှ မသိပါဘူး ဆိုသည့် အချိုးဖြင့် နေသည်။ ကိုယ်အနိုင်ရပြီးစတမ်း၊ ကိုယ် အသာရ ပြီးစတမ်း ဘာကျင့်ဝတ်၊ နီတိမှ မသိသော အနှီ ချယ်လ်ဆီး တိုက်စစ်မှုးသည် သူတို့ နိုင်ငံမှ ကမ္ဘာကျော် ၀တ္ထုထဲမှ စပိန်သူရဲကောင်း ဒွန်ကွိဇုတ် မျက်နှာနှင့် စိတ်ရင်း သဘောထား ပြည့်ဝသည့် စပိန်လူမျိုးကို အိုးမည်း ဆီလူးပြီး သုတ်သူဖြစ်သည်။ နိုင်ရင်ပြီးစတမ်း အမျိုးမျိုး ညစ်၊ ချက်အောက်ပိုင်းလက်သီများသာ မက ကုန်းပါ ကိုက်ချင်ကြသည့် မြန်မာ့နိုင်ငံရေးကို ငြီးငွေ့နေသည့် ကျွန်တော့် စိတ်အခံကြောင့် ချယ်လ်ဆီးရဲ့ နိုင်ပွဲကို မပျော်နိုင်တာလဲ ဖြစ်နိုင်ပါသည်။
အခုတော့ ကျွန်တော့်ကို ဘောလုံးပွဲ လောင်းပါဆိုပြီး ဝေါနှင့် ပင့် ငွေထုပ်လိုက် ချပေးရင်တောင် လောင်းဖြစ်မှာ မဟုတ်တော့။ စိတ်လဲ မ၀င်စားတော့။ လောင်းကြေးမပါဘဲ ဘောလုံးပွဲကို အရသာ ခံကြည့်ရသည့် အရသာကို လောဘဖြင့် မလဲနိုင်တော့။ လန့်လဲ လန့်ပါပြီ။ ဒါပေမယ့် ကျွန်တော်၏ ဘ၀သံသရာ တွက်နည်း၊ ချက်နည်းကြီးကိုတော့ မစွန့်လွှတ်နိုင်သေး။ ဘယ်သူမှ အမြဲ မရှိ။ ဘယ်သူမှ အမြဲမနိုင်။ အထက်တက်လိုက်၊ အောက်ကျလိုက်။
ဘောလုံးပွဲကို ဘ၀သံသရာ တွက်နည်းဖြင့် လောင်းကစား မလုပ်ဖြစ်တော့သော်လည်း တစ်ချို့ အကြောင်းအရာတွေမှာတော့ ကျွန်တော့် တွက်နည်းကြီးဖြင့် လောင်းကြေးထပ်မိဆဲ။ လောင်းကစားသူပီပီ ပွဲနိုင်သော်လည်း လောင်းကြေးရှုံးမှာ ကျွန်တော် စိုးရိမ်ပါသည်။ ပွဲလဲနိုင် လောင်းကြေးလဲ နိုင်ချင်သည်။ အကုန်လုံး ရှုံးမည်ဆိုလျှင်လည်း ဘ၀ဆိုတာ နိမ့်လိုက်၊ မြင့်လိုက်၊ တက်လိုက်၊ ကျလိုက် ရှိကို ရှိတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါသည်။ သိလဲသိသင့်ကြပါသည်။ ဘက်ပေါင်းစုံက နိုင်ဖို့ ကံတရား လိုသေးသည် မဟုတ်ပါလား။ ကံသည် အလုပ် ဖြစ်ပါသည်။
ဖိုးထက်