မောင်အောင်မွန် - မိဖုရားစော၏ နယူးယောက်မြို့ နိုဝင်ဘာည (၀တ္ထုတို)
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅
(၁)
ဥပါသည့်သုံးကောင်မှတပါး ကျန်ငါးပုဏ္ဏားများကိုတော့ စားသည့်အခါ ကြွပ်နေအောင် မကြော်သေး၊ ဘူးသီးဟင်းခါး၊ ကိုက် လံရွက်ကြော်ထဲ ကြာညှို့နည်းနည်းထည့်လိုက်တာ ယိုးဒယားဆန်သွားလားမသိ၊ အညာတမာချဉ်နဲ့ ငါးပိထောင်းကအဆင် သင့်၊ အသားပါချင်သေးသပဆိုလည်း ဗူးဖောက်ကာ နွှေးလိုက်ရုံ၊ မောင်ကပြောဖူးတယ် ဘရာဇီးအမဲသားက ဘရာဇီးဘော လုံးနဲ့ အပြိုင်ကောင်းတာတဲ့။
မနေ့က ညပျောက်၊ မိုးလင်းမှအိပ်ရသမို့ ကိုယ်တော်မြတ်မနိုးသေး။ ကိုချစ်ဆွေရဲ့ စန္ဒရားသံ ငြိမ့်ငြိမ့်လေးဖွင့်ပေးထား၊ ခေါင်းကြည်လင် ခံတွင်းရွှင်ဖို့ လိမ္မော်ရည်ထဲ သံပရာစိမ်းပါးပါးလှီးထည့်ထား။
(၂)
ဖလော်ရီဒါတုန်းက ဒုက္ခကို ပြန်သတိရမိ၏။ သွားလေသူရဲ့ အခြေအနေကို တယ်လီဖုန်းဆက် မေးရာကနေ မောင်နဲ့ညတိုင်း စကားပြောဖြစ်တာလေ။ အဲဒီတုန်းက တယ်လီဖုန်းခုံလေးနား ထိုင်စောင့်နေကျ၊ ဘယ်လောက်ညဥ့်နက်နက် မောင့်အသံ မကြားရရင် မအိပ်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားပွဲတော်ည၊ သူတို့သူငယ်ချင်းနှစ်ယောက်နဲ့ လည်ကြရင်း၊ မျှော်နေလင့်နေတာကမောင်၊ ညဘက်စွန့်စားဖို့ ချစ်အိပ်မက်၊ ကံဆိုးချင်တော့ ဆိုလာတာက သွားလေသူ၊ ဘာ့ကြောင့်များ သွားလေသူကို အလွယ်တကူ ခေါင်းညိတ် ယူဖြစ်သွားတယ်မသိ။
ပေးလိုက်တဲ့ဒုက္ခ၊ နေ့တိုင်းမူး သူနဲ့အိပ်ရတာ ချဉ်ချဉ်တူးတူး၊ ဘယ်လောက်ကြာကြာ သူ့ကိုယ်ကအရက်နံ့နဲ့ ယဉ်ပါးလို့မရ။ တခုတေ့ရှိ၊ သူ့မိဖများစီစဉ်ပေးလို့ ဖလော်ရီဒါရောက်လာတာ၊ သူ့ရောဂါက မသက်သာ၊ မောင် နယူးယောက်မှာဆိုတာ သိရ၊ အဆက်အသွယ်ရ၊ အဆိုးထဲက အကောင်းလေ။
(၃)
အင်္ဂလိပ်စာ ဂုဏ်ထူးတန်းတက်ခဲ့သူမောင်ဟာ ဘန်ကောက်ပို့စ် သတင်းစာမှာ သုတေသနအယ်ဒီတာ၊ မြန်မာ့နိုင်ငံရေး သမိုင်းအချက်အလက် နှံ့စပ်ကျွမ်းကျင်ရုံမက၊ မောင့်ရဲ့ရှုမြင်ပုံက ရှားပါးအဖိုးတန်လို့ သုံးသပ်ချက်ရေးသူတိုင်း အားထား ရတာ။
မြန်မာ့အရေး နိုင်ငံတကာသတင်းတွေထဲပါလာတော့ မောင်လည်း နေရာရလာတာပေါ့။
နယူးယောက်က လစာကောင်းကောင်းပေးကာ ခေါ်ယူလို့ရောက်လာတာ။ မောင်က သူ့သတင်းအေဂျင်စီပေါ် သစ္စရှိတာရယ်၊ သုတေသနမှူးသက်သက်ထက် ပင်ကိုယ်ရှုမြင်ပုံကို သုံးချင်တာရယ် တို့ကြောင့် ဘယ်နေရာက ဘယ်လောက်ပေးပေး မပြောင်း။
မိဖုရာစောတို့ ခုနေနေတဲ့အိမ်ဆို၊ အလုပ်ရှင်ကစိုက်ထည့်ပေးလို့ အတော်ကြေနေပြီ။ ပြီးတော့ တကယ့်နေရာကောင်း။ လင်မယားနှစ်ယောက် အဖို့အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်။
(၄)
ဖလော်ရီဒါကနေ မထိတထိပြောကြရင်း သူ့ကိုအစောဆုံးလို့ ပြောမိရာကနေ စောတဲ့၊ မေသူဝါ ဆိုတဲ့နာမည်နဲ့ ဘယ်လိုမှ မနီးစပ်ပေမယ့် သူ့အကြိုက် စောကလေလို့ လိုက်ပြောမိလျက်သားဖြစ်သွား။ သူ့နိုင်ငံကူးလက်မှတ်ထဲက နာမည်ကမောင်နဲ့ စလို့အမေရိကန်တွေ ဘယ်လိုခေါ်မယ်ထင်သလဲမေးလာတော့ ယောင်ပြီးမောင်ပေါ့၊ တယ်လီဖုန်းထဲ ရယ်သံလျှံထွက် လာတယ်။
စန္ဒရားချစ်ဆွေရဲ့ မွှေးလွန်းသည့်ပန်းသီချင်းထဲ ထဘီဝါလေးဝတ် သရုပ်ဆောင်တဲ့ မင်းသမီးရဲ့ တနေရာဟာ စောနဲ့သိပ်တူ ဆိုလို့ ပီတိဖြစ်၊ မိုးလင်းချင်း အဲဒါမျိုးပြေးဝယ်လိုက်မိ။ ခုချိန်ထိ ဘာဖြစ်လို့ မိန်းမ မယူသေးတာလဲလို့မေးတော့ ချစ်တဲ့သူ မရလိုက်လို့တဲ့၊ ကိုယ်ကြားချင်တဲ့ အဖြေရမရ မသေချာသမို့ ဆက်မမေးလိုက်။
မောင့်ကိုချစ်တယ်၊ မောင်နဲ့နေချင်တယ်။ အချစ်ငတ်သမ မရေမရာနဲ့ ဘယ်လောက်စောင့်ရမလဲကွယ်။
(၅)
သူ ဖလော်ရီဒါရောက်နေ၊ လာတွေ့ပါဆိုလို့ အ၀ါရောင်လေးဝတ်ကာ အပြေးသွား၊ စော အရင်တုန်းက အတိုင်းဘဲတဲ့။ နှစ် တွေ နှစ်တွေ၊ မပြောင်းလဲတာက မောင့်အချစ်ကိုမျှော်နေဆဲ။ ပန်းခြံကခုံတန်းမှာ ထိုင်ကြရင်း ငြိမ်နေကြ၊ တယ်လီဖုန်းထဲဆို စကားပြောမကုန်၊ရုတ်တရက် စောနှုတ်ခမ်းကို နမ်းလာတော့ ထကချင်မိ၊ မောင်လို့ခေါ်ရပြီ။
ဖလော်ရီဒါမိုးက ရွာချလာတာနဲ့ ဟိုတယ်ကိုပြေးကြသော်လည်း စိုစိုရွှဲ။ ညစာခန်းကိုမှာစား၊ ရေစိုအ၀တ်တွေ လှမ်းကာ၊ မောင်နဲ့နွေးနွေးထွေးထွေး၊ မိုးလင်းတော့ မခြေက်တခြောက် ဖြစ်သလိုဝတ်ကာ မောင့်ကိုအိမ်ခန်းခေါ်လာရတယ်။
မောင်ကြည့်ချင်တယ်ဆိုတာ စောကိုးတန်းတုန်းက ဘတ်စကက်ဘော ကစားဘက်များ ပြောကြတဲ့ ပေါင်အလှ။ တကယ်ဘဲ မောင်ရယ်၊ မောင့်အကြိုက် မောင့်အတွက် စောရဲ့ပေါင်။ အဲဒီမှာတင် ရွှေဘိုမင်းရဲ့ မိဖုရာစော ဖြစ်ရလိုက်ပြီမို့ ဘုန်းတန်ခိုးနဲ့ သုံးမျိုး ပွင့်ရလို့ သီချင်းဆိုတော့ မောင်ကခေါင်းညိတ်တယ်။
တညလောက် အိပ်သွားပါလားလို့ ပူဆာတော့ ခေါင်းခါတယ်။
ပြတ်သားပုံကြည့်၊ အလုပ်ထွက် ကျန်တဲ့ကိစ္စတွေရှင်း မောင်ပို့တဲ့ လေယာဉ်လက်မှတ်နဲ့လိုက်သွား။ နယူးယောက်မှာ မောင် တယောက်ထဲ ဖြစ်သလိုနေတာတွေ ပြောင်းလဲပြုပြင်ရ၊ ၀ယ်ရချမ်းရ၊ စိတ်တူကိုယ်တူ။ လက်ထပ်လိုက်ပြီမို့ တရားဝင် လင် မယား။ ဖလော်ရီဒါတုန်းက စုထားတဲ့ငွေ မထိမတို့ရ။
ချစ်မျက်စိနဲ့ အရိပ်တကြည့်ကြည့်၊ မောင့်အကြိုက်ကို မြင်မိ၊ ပြင်ဆင်ဖို့သိ။
မောင်က ကဗျာဆန်၊ စိတ်ကူးကောင်းတော့ မီးအပြာရောင် ဖျော့ဖျော့၊ မိဖုရာစော ၀တ်လဲတော် ပျော့ပျော့အိအိမို့ ညတိုင်း ပျားရည်စမ်းလို့။
ကျောင်းသားပွဲတော်ညမှာ စောဘ၀ထဲ ဘာဖြစ်လို့ မောင်ဝင်မလာတာလဲကွယ်။
(၇)
နယူးယောက်မြို့ရဲ့ နိုင်ဝင်ဘာလ၊ စနိုးထူထပ်နေတဲ့ကြား မောင့်ကားနဲ့ သွားလို့အရသား၊ ဒါပေမယ့် အိမ်ထဲမှာပဲ နွေးနွေး ထွေးထွေး။ ညနေမှာကတည်း မှောင်ချင်နေပြီ။ မနက်ဖြန် မောင်နားတဲ့နေ့။ တက္ကသိုလ်ပွဲတော်ညက မရလိုက်တဲ့ အိပ်မက် ပြန်ယူမယ်။
မိဖုရားစော သီချင်းတိုးတိုးဆိုရင်း ၀တ်လဲတော်တွေထဲ စိတ်ရှည်စွားရွေးတော့မှ စိတ်ကြိုက်သုံးစုံရပြီ၊ နီနီရဲရဲဘလောက်စ်နဲ့ ထဘီစိမ်းက ပထမ၊ အိပ်ရာထဲ ခေါင်းမထူနိုင်သူဆီ အပြေးအလွှား မောင်က စိုးရိမ်စွာပြုစုရင်း သူ့အကြိုက်မို့ပွတ်သပ်၊ စော က အလိုက်သင့်၊ ချော့ရင်း နော့ရင်း ----၊ မီးဖွင့်လိုက်တော့ မောင်က နှင်းဆီပွင့်ကြီးတဲ့။
မောင်က မီးဖိုခန်းသွားပြီး ကြက်ဥကြော်ထိုင်စားနေစဉ်၊ အထက် စကားဝါ၊ အောက်ခရမ်းပြာပြောင်းဝတ်ကာ ဘေးနားသွားထိုင်ရင်း၊ စိတ်ထဲ မောင်နဲ့အဝေးကြီးကို ရောက်နေသလိုဘဲ မနေရဲလို့ လျှာလေးအားလေးဆိုတော့ မောင်မင်း ကြီးသား ချေမကိုင်မိ လက်မကိုင်မိ၊ ကလေးပမာ ပေါင်ပေါ်တင် ရင်ငွေ့ပေးအလိုက် မိဖုရားစောပြန်ဖြစ်သွား။
ညဥ့်နက်မှာ မောင်အလွတ်မခံနိုင်တဲ့ ဘောလုံးပွဲရှိ ကြည့်နေစဉ်၊ အပေါ်ကလိမ္မော်၊အောက်ပိုင်းမှာ စပယ်ပွင့်လေးတွေ ခွါလိုက် ပူးလိုက် ဖြူလိုက်ကြူလိုက်နဲ့ အတွဲ ဆင်ကာ နတ်မိမယ်ရောက်လာ၊ အိပ်ရာထဲကြောက်လို့ဆိုကာ မောင့်ခါးကိုဖက် ပေါင်မှောက်အိပ်နေသူရဲ့ ဆံပင်တွေကို မောင်ဖွဆော့ကစားရင်း၊ TV ဘက်စိတ်က ရောက်လိုက်ပြန်လာလိုက်၊ ဘောသမား တွေများ လှမ်းကြည့်နေသလား သတိမထားမိ။
ဒီလိုနဲ့ ညပျောက် လင်းလုလုရောက်၊ မောင်နိုးလာတော့ ခုတင်ဘေးမှာ ပုံထားတဲ့ မိဖုရားစောရဲ့ ညဥ့်လွှာရုံသုံးစုံကိုကြည့်နေစဉ်၊ ဘုန်းတန်ခိုးနဲ့ သုံးမျိုးပွင့်ခဲ့တယ်လို့ ချစ်မယားရဲ့ သီချင်းသံနားထဲဝင်လာ၊ ကျေနပ်သတိရမိတာက မိဖုရားစော၏ နယူး ယောက်မြို့ နိုဝင်ဘာလညပါ။