Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၇

$
0
0



မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၇
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆


ဆေးကျောင်းမှာပျော်ခဲ့သမျှ

မိမိအနေနှင့် မည်မျှ ပြင်ပလောကသို့ ခြေဆန့်သည်ဆိုစေကာမူ အထူးသဖြင့် ညပိုင်းကတော့ အဆောင်မှာ ရှိတတ်သည်က များသည်။ အဆောင်ရှိကျောင်းသားများနှင့် ရင်းနှီးစွာပေါင်းဖော်မိသည်။ ထို့ပြင် ချောက်ကပ်ချောင်ကျလှသည့် မင်္ဂလာဒုံ ဆေးကျောင်းမှနေ၍ စည်ကားလှသည့် ထိုစဉ်ကတော့ RASU ရာဇူး သို့ မဟုတ် Main မိန်း ဟုခေါ်သည့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ပင်မသို့ သွားရောက် လည်ပတ်ကြရာတွင်လည်း အတူတူဖြစ်သည်။
မိမိတို့ဆေး ၂ မှ ဆေးကျောင်းသူလေးများသည်လည်း သူဟာသူချောမောကြသည်ဖြစ်သော်လည်း ရန်ကုန်တက္ကသိုလ် ပင်မနှင့် စီပွားရေးတက္ကသိုလ်တို့မှအပြိုင်းအရိုင်းပွင့်ဖူးနေကြသည့် ရောင်စုံပန်းပွင့် ကလေးများသဖွယ် လှပချောမောကြသည့် ကျောင်းသူလေးများကလည်း မိမိတို့ကို ဆွဲဆောင်နေကြ
သည်မဟုတ်ပါလော။

ဆရာကြီးရွှေဥဒေါင်းစာများအရ ယောက်ျားဆိုသည်မှာ စုံဖို့လိုသည်ဟုမိမိတို့အနက်ကောက်ထား သည်။ လွတ်လပ်သောကျောင်းသားဘဝဆိုတော့ စုံချင်တာကို လွတ်လပ်စွာစုံ၍ ရသည်။ အထက်တန်းကျောင်းသား ဘဝက စာမေးပွဲအပြီးတွင် သူငယ်ချင်းတယောက်၏ခြံထဲတွင် ဘဲငန်း တကောင် စုချက်စားသည်။ ဆေးခြောက်ထည့်ချက်စားရန် အကြံပြုကြသည်။ အားလုံးသဘောညီညာစွာတူကြပြီး ဆေးခြောက်ထည့်သည်။ စိုးရိမ်တတ်သူ များက သိပ်အများကြီး မထည့်ဖို့ပြောတော့ သူတို့ရှေ့တွင်နည်းနည်းသာထည့်ပြီး သူတို့အလစ်တွင် ခိုးထည့်ကြသည်။ ခိုးထည့်သူက ၂ ယောက် ၃ ယောက်ဖြစ်တော့ လက်ဆ နည်းနည်းများသွားသည်။ ထိုညနေ ဘဲငန်း ဟင်းတွင် ဆေးခြောက်များသွားသော အနှစ်ကချိုလွန်း အရသာရှိလွန်း၍ အားလုံး အလုအယက် စားကြသည်။ မိမိလည်းအိမ်ပြန်ရောက်တော့ တဟီးဟီး တဟားဟားရီမောကာ အပေါ်ထပ် အိပ်ခန်းဆီသို့ လှေခါးအား လေးဖက်တက်သွားသည်ဟု နောက်နေ့မနက်ကျတော့ အိမ်ကပြောသည်။

ဆေးခြောက်၏မူးယစ်သောအရသာကို ရှူမကြည့်ဘူးသေး၍ စမ်းပြီး ရှူကြည့်ချင်သည်ကို ဆေးကျောင်းရောက်မှစမ်းသပ်ရသည်။ ထမင်းစားဆောင် ကော်ရစ်ဒါတွင် သွားရှူကြည့်ဖူးသည်။ မိမိတို့ထက် အတန်းကြီးမှဆရာကြီးများက ဦးဆောင်သည်။ ဆေးပေါ့လိပ်ကို ထိပ်ကဖွင့်ပြီး အထဲက
ဆေးသားတွေထုတ် ပြီးတော့ ဆေးခြောက်ပြန်ထည့် ပြီးတော့ အားရပါးရရှိုက်ဖွာပြီး မူးကြောင် ရူးကြောင် အရသာကို ထမင်းစားဆောင်နံရံမှီပြီး ခံစားကြည့်ခဲ့သည်။

၁၉၇၃ ခုနှစ်ထဲတွင် ထင်သည်။ မိမိနှင့် Eco ( စီးပွားရေးတက္ကသိုလ်) ကကျောင်းသား ၂ ဦး ပေါင်း၍ ထိုစဉ်က နံမည်ထွက်စပြုနေသော နံပတ်ဖိုးခေါ် ဘိန်းဖြူ အား စမ်းသပ်ကြည့်ရန် တိုင်ပင်မိကြသည်။ ထိုစဉ်က ဘိန်းဖြူပေါ်ဦးပေါ်ဖျားဖြစ်ပြီး ဘိန်းဖြူ နှင့်ပတ်သက်သည့် ဥပဒေပင်မထွက်သေးပေ။
တရုတ်တန်းတွင် ရနိုင်သည်ဟုဆို၍ ခပ်တည်တည်နှင့် အသိအကျွမ်း အဆက်အသွယ်မရှိဘဲ ၁၉ လမ်းသို့သွားကြသည်။ ၁၉ လမ်းကတရုတ်စားသောက်ဆိုင်များအနီး ဟိုလိုလို ဒီလိုလိုနှင့် စားပွဲထိုးလေးတစ်ယောက်ကိုမေးတော့ မိမိတို့အား တိုက်လှေခါးခြေရင်းတခုအနား ခဏစောင့်ခိုင်းပြီး အပေါ်တက်၍ ပစ္စည်းယူသည်။ မဆလာထုတ်ခပ်သေးသေးအရွယ် ဖြူ ဖြူမှုန့် ပလပ်စတစ်အိတ်သေး တခုအား မိမိတို့အားပေးသည်။ ၂၀ ကျပ်လား ၂၅ ကျပ်လားမသိပေးလိုက်ရသည်။ ထိုစဉ်က ဗမာထမင်းဆိုင်ကောင်းကောင်းတွင် ဟင်းအစုံအလင်နှင့် ထမင်းအဝစားမှ ၃ ကျပ်ခန့်သာရှိသေးသည်။

ထို့နောက် မင်္ဂလာဒုံအဆောင်ပြန်ပြီး ပထမထပ်ရှိ မိမိတို့မြို့မှ အတန်းကြီးသမားတယောက်အခန်းကို သွားသည်။ သူတို့အခန်းက ပုံမှန်အဆောင်ခန်းမဟုတ် စတိုခန်းကို လူနေခန်းလုပ်ထား၍ အတော် ကျယ်သည်။ ဝယ်လာသော ဘိန်းဖြူမှုန့်ကို စီးကရက် ၄ လိပ်တွင် မျှထည့်ပြီး ၄ ယောက်သား မျှ ရှူကြ
သည်။ အတော်လေးမူးယစ်ထုံထိုင်း၍ မလှုပ်မရှားချင် အသံကျယ်ကျယ် မကြားချင် မှိန်းနေရသည်က ဇိမ်တခုဖြစ်ခဲ့သည်။ ဤသို့ဖြင့် ဘိန်းဖြူ ကို ပထမဆုံးနှင့် နောက်ဆုံးစမ်းသပ်ခဲ့ဖူးသည်။

လူငယ် လူပျိုပေါက်ဆိုသည်မှာ လိင်မှုကိစ္စစိတ်ဝင်စားကြသည်။ အနှီကိစ္စကိုအတန်းကြီးက ဝါရင့် ကျောင်းသားကြီးများက ဦးဆောင်ကြသည်။ ထိုစဉ်က လိင်ကိစ္စဖော်ပြသော အပြာကားကြည့်ဖို့ ဆိုသည်မှာ လွယ်လှသည် မဟုတ်။ တီဗီမရှိ ကွန်ပြူတာမရှိ အင်တာနက်မရှိသည့်ခေတ်ဖြစ်သည်။ သို့
သော် ၈ မီလီမီတာ ရုပ်ရှင်ပြစက်အငယ်လေးများဖြင့် ခိုးပြကြသည်။ ကြည့်ချင်သူများကို စည်းရုံး၍ ရုံဝင်ခတောင်း၍ ကြည့်ရမည့်နေရာနှင့် အချိန်နှင့် ပြော၍ချိန်းဆိုသည်။

ပြသသည့်နေရာများကတော့ ကျောင်းစာသင်ခန်းနှင့် အဆောင်ဘေးကထမင်းစားဆောင်များတွင် ညဘက်ခိုးပြသည်။ အစောင့်များဝန်ထမ်းများကို စည်းရုံးထားပုံရသည်။ နောက်မင်္ဂလာဒုံစစ်ဆေးရုံထဲက စာသင်ခန်းမှာ နေ့ခင်းကြောင်တောင်ပြသည်။ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေး ၂ ကျောင်းသားများအတွက် စာသင်ခန်းရှိသည်။ ထိုစာသင်ခန်းက ရှေ့ကဝင်ပေါက်တခုသာ
ရှိသည်။ နေ့လည်ခပ်တည်တည် စာအုပ်ကလေးတွေပိုက်၍ စာသင်ခန်းထဲဝင်ကြတော့ ဘယ်သူမှ သိပ်သတိမထားမိကြ။ ကြည့်ပြီးကြတော့လည်း စာအုပ်ကလေးတွေပိုက်၍ ခပ်တည်တည်ပိုက်၍ ပြန်ထွက်ကြသည်။ အခန်းစောင့်ဝန်ထမ်းများကို စည်းရုံးထားပုံရသည်။

တညတော့ အဆောင်ဘေးက ထမင်းစားဆောင်မှာပြသည်။ ထမင်းစားဆောင်ကျယ်ဝန်း၍ လူပိုဆန့်သဖြင့် ပွဲသွင်းသူများက ပိုသဘောကျ ပုံရသည်။ သို့သော် သတင်းပေါက်ကြားပြီး ဆရာများက ဝင်ဖမ်းရာ ကျောင်းသားများ ဝုန်းဒိုင်းကြဲပြေးကြရတော့သည်။ ထမင်းစားဆောင်ဝန်ထမ်းများအဆိုအရ ဖိနပ်များတောင်း ၂ လုံးစာခန့် ကျန်ခဲ့သည်ဟုဆိုသည်။

အတွေ့အကြုံ အသစ်အဆန်းဆိုတော့ အခြားသူအားမပြောဘဲမနေနိုင်။
မိမိတို့သူငယ်ချင်းထဲမှ တယောက်က ကြည့်ရသည့်အတွေ့အကြုံကို နယ်မြို့က သူငယ်ချင်းဆီ စာလှမ်းရေးသည်။ သူကလည်း ခပ်အအဆိုတော့ ကျောင်းလိပ်စာနှင့် ပို့လိုက်ရာ ကျောင်းအုပ် ဆရာမကြီးက သူမ၏ကျောင်းမှ ဆေးကျောင်းကိုထူးချွန်စွာအောင်သွားသည့် တပည့်ကျော် ရန်ကုန်တက္ကသိုလ် အတွေ့အကြုံ ဘာတွေများရေးလိုက်သလဲဟု ဖောက်ဖတ်ကြည့်ရာ ဒေါသများ
အလိပ်လိုက်ထွက်ခါ သူမရုံးခန်းထဲချိတ်ထားသော လူရည်ချွန် သုံးထပ်ကွမ်းတပည့်ကျော်၏ ဓာတ်ပုံအား ဖြုတ်၍ စတိုခန်းထဲသို့ ပို့လိုက်သည်ဟု ကြားရသည်။ ငယ်ဘဝ မဆင်မချင်လုပ်ခဲ့သမျှ ကြုံရသမျှဟုဆိုရမည်။

အပြာကားတွေလည်းကြည့် အရွယ်ကလည်းမရောက်တရောက်ဆိုတော့ လက်တဲ့စမ်းချင်လာကြ သည်။ သို့နှင့် တညတော့ အဆောင်တွင်းသို့ ပြည့်တန်ဆာ မိန်းကလေး ၂ ယောက် ခေါ်သွင်းဖက်ဖို့ ကျောင်းသားတအုပ် ကြံစည်ကြသည်။ အမျိုးသားဆောင်က အလယ်ခေါင် လျှောက်လမ်းရှိပြီး အခန်းတွေက မျက်နှာချင်းဆိုင်ဖြစ်သည်။ အပြင်မျက်နှာစာဖက်သို့ အခန်းတိုင်းမှာ ပြတင်းပေါက်များ ရှိသည်။ သူခိုးရန်စိုးရိမ်ရသဖြင့် အခန်းပြူ တင်းပေါက်တိုင်းကိုသံဇကာကွက်စိပ်ဖြင့် ရိုက်ကာထား ကြသည်။ မြောက်ဥက္ကလာသို့ သွားခေါ်သူကခေါ်နေချိန် ပြူ တင်းပေါက် သံဇကာဖြု တ်သူက ဖြုတ်ကြသည်။

အဆောင်ဘေးသည် သိပ်မလင်းလှပေ။ အဆောင်တွင်းထွန်းထားသော မီးအလင်းရောင် ဖျာကျနေရုံသာရှိသည်။ သို့နှင့် မှောင်ရိပ်ခို၍ ပြတင်းပေါက်မှခေါ်သွင်းကြသည်။ သို့နှင့် ကျောင်းသားများ၏ လက်တဲ့စမ်းပွဲစတော့သည်။
ပထမတော့ ပူးပေါင်းကြံစည်သူ ကျောင်းသား လေးငါးယောက်သာ သိသော်လည်း တဖြည်းဖြည်းနှင့် ထိုအခန်းရှိရာ roll တခုလုံးကျောင်းသားများ သိသွားကြသည်။ ကျောင်းသားများထုံးစံအတိုင်း အော်သူကအော်သူ ထိန်းသူက ထိန်းနှင့် ပွက်လောရိုက်နေတော့သည်။ အသားဖြူဖြူ ဆံပင် ကောက်ကောက်လူပုံချောချော ကျောင်းသားတယောက်ကတော့ ထို roll အလယ် လမ်းမတ
လျှောက် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း"ငါလဲပါမယ်ကွ ငါလဲပါမယ်ကွ "သူအလှည့် မပေးမချင်း လိုက်အော်နေတော့သည်။ ယခုတော့ သူလည်း တရားရ၍ တရားဓမ္မနှင့်ပျော်မွေ့နေကာ အရာရာကို တရားသဘောနှင့်ကြည့်သည့် ဆေးမကုသည့် ဆရာဝန်ကြီး ဖြစ်နေရှာသည်။

သတင်းကောင်းစွာ ပေါက်ကြားသွား၍ နောက်တနေ့ ညကျတော့ ထိုလူသွင်းသည်ဆိုသော အခန်း ၂ ခန်းကို လက်ထောက်အဆောင်မှူးဆရာ hall tutor တယောက်လာကြည့်သည်။ အခန်းရှင်ကျောင်းသား ၂ ယောက် ကတော့ ခပ်တည်တည်ပင်။ "မဟုတ်ပါဘူးဆရာ သံဇကာကြီး ပိတ်ထားတာ လူဝင်လို့မရပါဘူး "ဟု ပြန်တပ်ထားသော သံဇကာကို လက်ညိုးထိုး၍ ဘူးခံ
ငြင်းသည်။ ဆရာကအတင်းအကြပ် တရားခံစစ်မစစ်။ မလုပ်ကြရန်သာ ဆုံးမ ပြန်သွားရှာသည်။

ကျောင်းရောက်အရက်လည်း စသောက်စပြုပြီ။ တခါတရံမြို့ထဲသွား၍ ပန်းဆိုးတန်း နန်းသီတာတွင် ဘီယာသွားသောက်သည်။ ထိုစဉ် နန်းသီတာမှာ အစိုးရဆိုင်ဖြစ်သည်။ အောက်ထပ်ကကတော့ ကိုယ်တိုင်သွားယူရသည်။
အပေါ်ထပ်ကတော့ အနောက်တိုင်းဝတ်စုံဝတ် စားပွဲထိုးနှင့်ဖြစ်သည်။ စားပွဲထိုးကို မှာရ၍ အပေါ်ထပ် တွင် ဘီယာတလုံး ၅ ကျပ်ပေးရပြီး အောက်ထပ်တွင်တော့ ဘီယာတလုံး ၃ ကျပ် ကျော်ခန့် သာ ရှိသည်။ အပေါ်ထပ်မြစ်ကမ်းနားဖက်ခြမ်းတွင် မိမိတို့မိမိတို့ထိုင်ရန် ရွေးလေ့ရှိသည်။ ရန်ကုန်မြစ်ရှုခင်းကိုကြည့်၍အေးအေးလူလူသောက်၍ရသည်။ ရန်ကုန်မြစ်အတွင်းမှ ပင်လယ်
ကူးသင်္ဘောများ နှစ်ထပ်သင်္ဘောများ မော်တော်များ ငှက်သမ္မာန်များဖြင့် ညနေနေရိုးရီ ဆည်းဆာချိန်တွင် လှပနေသည်။ ဘီယာသောက်ရင်း မိမိတို့တတွေ လူကြီးဖြစ်လာချေ ပြီဟုစိတ်ကြီးဝင်ခဲ့သည်။အောက်ထပ်ကတော့ လူများပြီး ဆူညံနေလေ့ရှိသည်။ သို့သော် ရောက်ဖူးသည်ဆိုရုံ တခေါက်နှစ်ခေါက်သာ ရောက်ခဲ့သည်။

တကယ်တမ်း လူမှန်းသူမှန်းမသိအောင်မူးသည်ကတော့ ကျောင်းမှာ ဖြစ်သည်။ ပထမနှစ်ဆေးအကြီးတန်းစာမေးပွဲပြီးသည့်ညက ဖြစ်သည်။ ဈေးမှာ အာမီရမ် ၂ လုံးသွားဝယ်ပြီး ရေချိုးရာတွင်သုံးသည့် ပလတ်စတစ်ကိုင်း ပုန်းထဲသို့ လောင်းထည့်သည်။ ပြီးတော့ ရေခဲတုံးတွေ ရေတွေထည့်ပြီး သီတာဆောင်ရှေ့သွားသီချင်းဆိုကြမည်ဟု ဆော်အော်လိုက်တော့ စာမေးပွဲပြီး၍ အိမ်ပြန်ကြရတော့မည့် မိမိတို့အတန်းဖော် ၂၀ ခန့်ပါလာသည်။ ဂီတာလွယ်သူ လွယ် အရက်ပုန်းဆွဲသူဆွဲဖြင့် သီတာဆောင်ရှေ့သို့ရောက်လာကြသည်။

သီတာဆောင်သည် ပြည်လမ်းမကြီးအား ကန့်လန့်ဆောက်လုပ်ထားသည်ဖြစ်ရာ တဖက်ထိပ်သည် ပြည်လမ်းမဘက် ဝင်ပေါက်ဝနှင့် နီးသည်။ အဆောင်တခါးအပြင်ဖက် အုတ်ခုံတန်းလေး ထိုင်သူထိုင် ထသူထ သောက်သူသောက် ဂီတာတီးသူတီး သီချင်းဆိုသူဆိုနှင့် ဆူညံပျော်မြူးခဲ့ကြသည်။ မိမိ
တို့အတန်းမှ ကျောင်းသူများကလည်း လမ်းမနား အဆောင်တဖက်ထိပ်တွင် လာထိုင်ကြပြီး မိမိတို့အား လက်ကျန်မုန့်တွေကျွေးကြ သီချင်းတွေတောင်းကြနှင့် တညလုံးအပျော်လွန်နေခဲ့ကြသည်။ သီတာဆောင်က ခြံဝင်းတံခါးခတ်ထားသည့်ပြင် အဆောင်ကလည်း သံဇကာနှင့်ပတ်လည် ပိတ်ထားသည်မို့ အဆောင်ထဲက ကျောင်းသာများနှင့် ဝင်းတံခါးအပြင်က ကျောင်းသားများကြား ခေါက်တုန့်ခေါက်ပြန် အပို့အယူလုပ်ပေးနေရသည်က အဆောင်စောင့်အဘိုးကြီးဖြစ်သည်။ ကျောင်းသားများကို အတော်သည်းညည်းခံသည်ဟု ဆိုရမည်။

ထိုစဉ်က ရန်ကုန်ပြည်လမ်းသည် ည ၉ နာရီခန့်ဆိုလျှင် ကားအသွားအလာပြတ်နေချေ ပြီ။ အတော်ကြာကြာမှကားတစီးတလေတွေ့ရတတ်သည်။
သီတာဆောင်ရှေ့ ပြည်လမ်းမပေါ် မိမိတို့ကျောင်းသားတသိုက်အသံသာ ဆူညံနေတော့သည်။ မိမိတော့ ဘယ်အချိန်အဆောင်ပြန်ရောက်မှန်းမသိလိုက်။
အမူးလွန်သွားသည်။ မနက်နိုးတော့ အခန်းထဲက အိပ်ရာပေါ်ရောက်နေသည်။ ဘေးက စားပွဲပေါ်တွင် ညှစ်ထားသော သံပုရာသီးခွံများ စက္ကူ ပြာချထားသည်များနှင့် ရှုတ်ပွနေသည်။ အမူးလွန်သူအား စက္ကူ ပြာချ၍ ရေနှင့်ဖျော်တိုက်ရမည်ဆိုသူကဆို၍ ပြာချတိုက်သူကတိုက်။ နားထဲ သံပုရာသီးညှစ်ထည့်
သူထည့်နှင့် အမူးလွန်သောမိမိအား ပြုစုထားကြသည်ဟုဆိုသည်။

ဒီကောင်လေးအတော်အမူးလွန်နေပြီ ဂရုစိုက်လိုက်ကြအုံးဟု သီတာဆောင်စောင့်သည့် အဘိုးကြီးက မှာလိုက်သေးသည်ဟုဆိုသည်။ ထိုစဉ်က ကျောင်းကဝန်ထမ်းများသည် ကျောင်းသားများကို တရင်း တနှီးချစ်ခင်ကြသည်။ မိမိအားတွဲခေါ်လာသလား ထမ်းခေါ်လာသလား မမှတ်မိတော့။ တကယ်တော့ မိမိတို့သောက်သည်မှာ အာမီ ၂ လုံးထဲဖြစ်သည်။ လူက ၂၀ ခန့်ဖြစ်သည်။ မိမိကပဲ ပိုသောက်၍လော အူနုအူရိုင်းဖြစ်၍လော အာမီရမ်ကပဲ စစ်သေး၍လော မိမိကျောင်းတော်ကြီးကို သေချာပေါက် စွန့်ခွာရ တော့မည်ကိုကြိုသိနေ၍လော ထိုထဲမှတခုခုကြောင့်လော သို့မဟုတ် အားလုံးကြောင့်လော မပြောတတ်တော့ပါ။ မည်သို့ဆိုစေ အာမီရမ် ၂ လုံးကို လူ ၂၀ ခန့် ဝိုင်းသောက်ရင်း အားရပါးရမူးခဲ့ဖူးပါသည်။

မိမိသည် ဆေးကျောင်းသားကာလက စာဖတ်ဝါသနာပါသည် နိုင်ငံရေးစိတ်ဝင်စားသည်ဆိုသည် ဆိုသော်ငြားလည်း ထိုခေတ်ကာလ လူငယ်များကဲ့သို့ပင် ဘဝကိုဖြတ်သန်းခဲ့ပါသည်။ ဆံပင်ရှည်ထားသည်။ ခေါင်းလောင်းဘောင်းဘီဝတ်သည်။ ဂီတာတီးသည်။ စတီယိုသီချင်းကြိုက် သည်။ ဆန့်ကျင်ဖက် ချောမောလှပသည့် မိန်းကလေးများအား စိတ်ဝင်စားသည်။ အသစ်အဆန်းများ ကို စိတ်ဝင်စားသည်။ ဘတ်စကားလည်း တွယ်စီးဖူးပါသည်။

တကယ်တော့ ခေတ်ကာလသည် လူငယ်များသည် သာမန်အလယ်အလတ်အနေအထားနှင့် ဖြတ်သန်းလာသည်က အများစုဖြစ်သည်။ သိက္ခာသမာဓိကြီးစွာနှင့်နေထိုင်ခြင်းနှင့် အရမ်းဆိုးသွမ်း ခြင်းတို့မှာ အနည်းစုသာဖြစ်သည်။ ပုံမှန်နေထိုင်မှုဘဝနှင့်ဖြတ်သန်းသူက အများစုဖြစ်ကြသည်။ အားလုံးသည် ထိုပုံမှန်ဘဝအခြေမှ ရုန်းထွက်လာကြခြင်းဖြစ်ပေသည်။ ယနေ့ခေတ်ကာလကား မိမိတို့ထက် အဆိုးအကောင်းထိတွေ့ရန် ပို၍လွယ်ကူသည့်ကာ လဖြစ်သည်။ လမ်းတလမ်းတွင်ပင် အရက်ဆိုင် ဘီယာဆိုင် သုံးလေးဆိုင်မက ရှိနေသည်။ မူးယစ်ဆေးကလည်း နံပတ်ဖိုးမကတော့ အိုက်စ်တို့ ယာမတို့ ဆေးပြားတို့နှင့် ပေါများလှသည်။ ကေတီဗီ အနှိပ်ခန်း ညကလပ်များကလည်း
နေရာအနှံ့ရှိသည်။ မိမိတို့ခေတ်လို တခုခု လက်တည့်စမ်းရန် တကူးတက ရှာဖွေနေရန်မလိုအပ်ပေ။ အပြာကားဆိုသည်မှာလည်း ရှားပါးပစ္စည်းမဟုတ် စီဒီချပ်ထဲ မန်မိုရီစတစ်ထဲ လက်တော့ထဲ လက်ကိုင်ဖုန်းထဲတွင် အလွယ်တကူကြည့်နိုင်နေသည်။

ယနေ့ခေတ်လူငယ်တွေလည်း ဤအချင်းအရာများအောက်တွင် ဘဝကိုဖြတ်သန်းကြရပေမည်။ အဆိုးအကောင်း အကျိုးအကြောင်းကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ကြရပေမည်။ တင်းကြပ်သောစည်းကမ်းများ ပုံစံသွင်းမှုများဖြင့် လူငယ်များကို ကိုယ်လိုချင်သည့်ပုံစံသွင်း၍ မရနိုင် ပေ။ လူငယ်တို့၏စူးစမ်းလေ့လာစိတ်ကို အသိအမှတ်ပြုပြီး သူတို့မှန်ကန်စွာရွေးချယ်ဖို့ အကူအညီ ပေးပြီး သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်မှန်ကန်သည့်လမ်းရွေးနိုင်ဖို့ အကူအညီပေးခြင်းက ပိုသင့်တော်သည်ဟု ထင်မြင်ယူဆမိသည်။

နောက်တခုက လိင်ကိစ္စဖြစ်သည်။ ဆယ်ကျော်သက်အရွယ်ရောက်လာသည်နှင့် သွေးသားပြောင်းလဲ လာသည် လိင်စိတ်ပေါ်လာသည်မှာ သဘာဝတရားဖြစ်သည်။ မှန်ကန်စွာလမ်းကြောင်းပေးဖို့ လိင်ကိစ္စ ပညာပေးဖို့လိုအပ်သည်။ မိမိတို့လူ့အဖွဲ့အစည်းကား ဤကိစ္စနှင့်ပတ်သက်၍ မပွင့်လင်းကြ။
လူအများရှေ့တွင် ပြောရသည်မှာ ရှက်စရာကိစ္စဟုထင်နေကြသည်။ အနောက်နိုင်ငံများတွင် အထက်တန်းကျောင်းများ၌ပင် လိင်ကိစ္စပညာပေးမှုပြုလုပ်နေကြချိန်တွင် မိမိတို့လူ့အဖွဲ့အစည်း၌ တက္ကသိုလ်၌ပင် ပညာပေးမှုမလုပ်နိုင်သေး။ ပုန်းလျှိုးကွယ်လျှိုးဖြင့် ကျော်လွှားနေကြသည်။ အရင်ခေတ်ကာလကဆစ်ဖလစ်လောက် ကာလသားရောဂါလောက်မို့ ပြဿနာသိပ်မကြီးသော်
လည်း ယခုတော့ HIV တို့ AIDS တို့ဖြင့် မျိုးတုန်းနိုင်သည့်ပြသနာဖြစ်နေပြီ။
ဆင်းရဲသောတိုင်းပြည်ဖြစ်သဖြင့် ဆေးဝါးကိုလည်း အခမဲ့မဖြန့်နိုင်။ ဆေးကဈေးကြီးသဖြင့် ဆင်းရဲသားများလည်း ဝယ်မကုနိုင်။

မိမိနှင့်ဆေးကျောင်းနေဖက် ဆရာဝန်အတော်များများ မော်လမြိုင်ဘက်
တွင်ရှိသည်။ ၂၀၀၀ ခုနှစ်မတိုင်မီက သူတို့ဆီလျှောက်လည်ရင်း သူတို့ဆေးခန်းများဆီရောက်သည်။ AIDS ရောဂါဖြင့် လမ်းဆုံးလုဆဲဆဲ လူနာများစွာကိုသူတို့ဆေးခန်းများတွင် တွေ့ရ၍ စူးစမ်းကြည့်ရာ ထိုစဉ်က မိမိသူငယ်ချင်းတဦးစီ ဆေးခန်းတိုင်းတွင် AIDS ဖြင့်သေဆုံးသူ အနည်ဆုံး ၃၀ မှ ၅၀ ခန့်ထိ
ရှိပြီဟုဆိုကြသည်။ ကုသရေးထက် ကာကွယ်ရေးက အရေးကြီးသည်ဟုဆိုကြသည်။ အရွယ်ရောက်ချိန်ဖြစ်ပေါ်လာသော လိင်စိတ်နှင့် အတူ ပညာပေးမှု အဆိုးအကောင်း အကျိုး အကြောင်းများစွာကို လူငယ်များကြား လူထုကြား ပျံ့နှံ့ရန်လိုသည်။ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုကြပေမဲ့ မပွင့်လင်းနိုင်ကြသေးပေ။

မိမိသည် မိမိခေတ်ကာလ လူငယ်များနည်းတူ ဘဝကိုဖြတ်သန်းခဲ့သည်။ ယနေ့ခေတ် လူငယ်များလည်း ထိုနည်းနှင်နှင်ဖြစ်သည်။ မိမိတို့သည် အဆိုးအကောင်းများစွာကို ထိတွေ့ စူးစမ်းခဲ့သည်။ အမှားများလည်း ကျူးလွန်ခဲ့သည်။ အမှန်အားလည်း စူးစမ်းရှာဖွေခဲ့သည်။ သမိုင်းသည် ကြောင်လိမ်လှေခါးသဖွယ် ဖြစ်ထွန်းတိုးတက်နေသည်ဟုဆိုသည်။

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )

photo credit U Hla Oo
အပေါ် အမျိုးသားဆောင် National Hall
အောက် သီတာဆောင် Thida Hall
↧

ကာတွန်း သီဟ(စခန်းသစ်) - ခွေးဋီကာ

$
0
0

ကာတွန်း သီဟ(စခန်းသစ်) - ခွေးဋီကာ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆
↧
↧

သျှင်မျိုးငယ် - အခန်းငယ်တခုမှာ နေထိုင်ခြင်း

$
0
0
Photo - Than Htay Maung


သျှင်မျိုးငယ် - အခန်းငယ်တခုမှာ နေထိုင်ခြင်း
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆

ကျနော်ဟာ ဒီအခန်းကလေးထဲမှာ နေထိုင်လာခဲ့တာ ကြာပြီ။ ဒီအခန်းကလေးရဲ့နေ့စဉ် သမားရိုးကျ ဖြစ်ပျက်မှုတွေကိုလည်း တွေ့ကြုံခံစားခဲ့ဖူးပြီ။ ကျနော်ဟာ ဒီအခန်းလေးကို ဘာကြောင့် တွယ်တာမက်မောနေရပါသလဲ။ ဘာလို့များ ဒီအခန်းကလေးရဲ့အဝေးကို ထွက်မသွားခဲ့တာလဲ။

အဖြေက "ကိုယ့်ကိုယ်ကို ပိတ်လှောင်မိခြင်းသာ"။ ကျနော်တို့သည် ကိုယ့်ကိုယ်ကို အခန်းငယ် တခုမှာ ပိတ်လှောင်ထားကြလေသည်။

အခန်းတံခါးကို ဆွဲဖွင့်လိုက်တာနဲ့ ခန်းဆီးစလေးက ယိမ်းထိုးက ခုန်နေသလို။ ကျနော်လည်း ခန်းဆီးစလေးကို တွန်းဖယ်ရင်း အခန်းလေးထဲသို့ ခန္ဓာကိုယ်ကို ဆွဲသွင်းနေလေရဲ့။ အခန်းထဲမှ အောက်သိုးသိုးရနံ့တခုက လေနှင့်အတူ လွင့်ပျံ့လာလေပြီ။ ဒါဟာ နိစ္စဓူဝအဖြစ်အပျက် တွေပဲ ဖြစ်တယ်။ ကျနော်တို့ဟာ နိစ္စဓူဝအတွေ့အကြုံတွေကို သတိမထားမိကြဘူး။ အခန်းထဲမှာ ခင်းထားတဲ့ကော်ဇောပေါ်သို့ ခြေချမိလိုက်တဲ့အခါ ဖုန်နံ့တို့က ဝေ့သီသီ။ ဒါတွေဟာ ပုံမှန်

သက်ဝင်ရှင်သန်နေတဲ့နေ့ရက်တွေရဲ့ အငွေ့အသက်တခုပဲ။

ခြေလှမ်းများ တရွေ့ရွေ့။ အခန်းလေးထဲ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်မိတဲ့အခါ စားပွဲတလုံးက ရပ်လျက်။ ထိုင်ခုံများကထိုင်လို့။ ပလပ်စတစ်ဖိုက်ဘာထိုင်ခုံ ၃ လုံးရဲ့အလယ်မှာ ပိတောက်သားနဲ့ ပြုလုပ်ထားသော သစ်သားကုလားထိုင်က မာန်ဝံ့ထည်နေလေရဲ့။ ဒါဟာ ကျနော်ရဲ့ ကိုယ်တိုင် သတ်မှတ်ထားသော ထိုင်ခုံပင်။ ကျနော်ဟာ အခန်းလေးထဲကိုပြန်ရောက်လာတိုင်း ဒီထိုင်ခုံ ကလေးပေါ်မှသာ အနားယူ၊ အပန်းဖြေမြဲ။ ကျနော့် ထိုင်ခုံပေါ့။ အစွဲအလမ်း ကြီးခဲ့သူပါလေ။ ထိုကုလားထိုင်ကလေးပေါ်မှာ ထိုင်ချလိုက်ပြီး အနားယူနေလိုက်တယ်။ နာကျင်နေတဲ့ခြေဖဝါးတွေ၊ကိုက်ခဲနေတဲ့ ဦးနှောက်တွေကို နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့နာရီက အချိန်သတ်မှတ်နေလေရဲ့။ ကျနော် သက်ပြင်းပူတချက်ကို မှုတ်ထုတ်ပစ်လိုက်တယ်။ အပူအပင်တွေကို ဖယ်ခွာသလိုပေါ့။ နေ့စဉ်ကြုံတွေ့နေကျပတ်ဝန်းကျင်အလှဟာ ခေါက်ရိုး မကျေသေးဘူး။

ပူလောင်အိုက်စပ်တဲ့ခံစားမှုဟာ ပျက်စီးနေတဲ့ အဲကွန်းကြီးရဲ့လက်ဆောင်ပဲ။ မျက်နှာကြက်မှာ တွဲခိုနေတဲ့ ပန်ကာကြီးက တည်ငြိမ်မှုရဲ့ပြယုဂ်အဖြစ် ငြိမ်သက်နေတာကြာပြီ။ မျက်နှာကြက်မှာတွားသွားနေတဲ့ လျှပ်စစ်မီးကြိုးများက အပြိုင်အဆိုင်။ မျက်နှာကြက်မှာ တွယ်ကပ်နေတဲ့မီးချောင်းက ညိုမွဲမွဲအသွင်နှင့် မလင်းလက်တော့။ အခန်းထောင့်မှာ မီးသီးလေး တလုံးဟာ လင်းလက်လို့။"တခါတရံ လင်းလက်တောက်ပမှုတွေဟာ အခန်းထောင့်ကလေးမှာ

ရှိနေ တတ်ပြီး မတောက်ပတာတွေက မျက်နှာကြက်အပြည့်နေရာယူထားတတ်လေသည်မှာ လောက နိယာမပင်။"

ကျနော်ဟာ မျက်နှာကြတ်ကို မော့ကြည့်ရင်း မျက်မှောင်ကြုတ်မိပြီး တံတွေးနဲ့ ထွေးပစ် လိုက်ဖို့ပင် မိုက်မဲစွာစဉ်းစားမိလိုက်သေးသည်။ "လူတချို့သည် မျက်နှာကြက်ကိုမော့ပြီး တံတွေး နဲ့ ထွေးတတ်ကြလေသည်။"

မျက်နှာကြတ်ဆီမှအကြည့်ကို စားပွဲပေါ်သို့ လွှဲပြောင်းလိုက်သည်။ စာအုပ်များဟာ ဖရိုဖရဲနဲ့ အစီအစဉ်တကျ နေရာယူလျက်။ စာအုပ်တွေကိုဆွဲယူလိုက်တာနဲ့ ပျင်းရိမှုတခုကအလိုလိုပေါ်လာ လေပြီ။ စာအုပ်တွေက ဘဝလား။"ဘဝမှာ စာအုပ်အတိုင်းလုပ်၍မရသောအရာများ မြောက်မြားစွာ ရှိလေသည်။"ထို့ကြောင့် ကျနော်သည် စာအုပ်များကို လွတ်လပ်စွာ နေထိုင်ခွင့်ပြုလိုက်သည်။

ကျနော်ရဲ့အကြည့်များက စာအုပ်များနှင့် ကင်းဝေးရာသို့...။ ပြတင်းတံခါးချပ်များ ပိတ်ဆို့ ထားဆဲ။

ပြတင်းတံခါးမှန်ချပ်တွေကို သုတ်လိမ်းထားတဲ့ ဖုန်မှုန့်တွေက မိုးရေစက်များနှင့် အထိအတွေ့မှာ အရည်ပျော်စွန်းထင်းခဲ့။

ညစ်ပတ်ပေရေနေတဲ့မှန်ချပ်တွေက နေသားတကျ။ ပြတင်းတံခါးရဲ့ အပေါ်ထောင့်မှန်တချပ်ဟာ အက်ကွဲနေလေရဲ့။

ပြတင်းတံခါး လိုက်ကာစကလေးကို ချည်ထုံးထားပုံက ပိုသီပတ်သီ။ မသပ်မရပ်။ မလှမပ။ "ဘဝမှာလည်း ဒဏ်ရာရနေတဲ့အခါ မလှမပနဲ့ပေါ့။ "ပြတင်းတံခါးမှန်ချပ်ထဲမှာ အပြင်မှဝိုးတဝါး ပုံရိပ် များက လှုပ်ခတ်သွားလေပြီ။ "ကျနော်တို့သည် ပြတင်းတံခါးများကိုပိတ်ပြီး အပြင်လောကသို့ ခဏခဏ ခိုးကြည့်တတ်လေသည်။"

လူတွေ လှုပ်ရှားသွားလာနေကြပုံကို ဘာကြောင့်ကြည့်နေမိသလဲ။ ထိုပြတင်းတံခါးကို ဖွင့်ပြီး အပြင်လောကသို့ ထွက်သွားဖို့ မဝံ့မရဲ...ငေးမောလိုက်...တွေးတောလိုက်။ အခန်းကလေးမှာ ဆူညံသံတွေတိတ်ဆိတ်နေသလိုတိတ်ဆိတ်သံတွေသာ ဆူညံနေခဲ့လေပြီ။ အေးငြိမ်းရာ အခန်း

ကလေးပေါ့။ ပြတင်းတံခါးကမြင်ကွင်းတွေက ရိုးအီမသွားနိုင်။ ဘာတွေလဲ၊ဘာအတွက်လဲ၊ ဘာကြောင့် ပြေးလွှားလှုပ်ရှားနေပါသလဲ။ တွေးရင်း...ငေးရင်း...။

မျက်လုံးများကို ဆွဲယူပြီး အခန်းကလေးကိုပြန်ကြည့်နေမိတယ်။ ကျနော့်ရှေ့မှာရပ်နေတဲ့ ဗီရိုကြီး နှစ်လုံးဆီသို့ စူးစူးစိုက်စိုက် ကြည်နေမိတယ်။ သော့ခတ်ထားတဲ့ဗီရိုတလုံးရှိသလို သော့ တန်းလန်းနှင့် ဗီရိုတလုံး...။ အထဲမှာ ဘာတွေရှိနေမလဲ။ စီစီရီရီလား၊ ဖရိုဖရဲလား။ တွေးလို့။

"ကျနော်တို့ဘယ်အရာကိုမှ အပေါ်ယံသာကြည့်ပြီး မဆုံးဖြတ်နိုင်ပေ။"ဗီရိုကြီးတွေကို ဖွင့်ကြည့်ရ မလား။ မကြည့်ဘဲ ခန့်မှန်းတွေးဆနေရင်ကောင်းမလား။ ဘာပဲဖြစ်ဖြစ် ဒီအတိုင်းထားလိုက်တာ အကောင်းဆုံးပင်။"ကျနော်တို့သည် မျှော်လင့်ချက်ဖြင့်သာ ရှင်သန်နေကြသည်။"

ဒီလိုနဲ့ ယောက်ယက်ခတ်အတွေးတွေထဲ ပျော်ဝင်စီးမျောခဲ့လေပြီ။ ကျနော်ရဲ့ မျက်လုံးအစုံ ကို မှိတ်ထားလိုက်ပြီး အနားယူနေလိုက်တယ်။ အတွေးများ ရပ်တန့်သွားသယောင် ထင်ရပေမယ့် ရောက်တတ်ရာရာအတွေးများက ဝင်ရောက်နေဆဲ။ သိပ်မကြာခင်မှာ အိပ်ပျော် သွားခဲ့လေပြီ။ အိပ်စက်ခြင်း ဆိုတာ ကျနော်တို့ခန္ဓာကိုယ်အတွက် လိုအပ်ချက်တခုဖြစ်တယ် ဆိုတာငြင်းဆန်လို့ မရပေ။ ခဏလေးများစွာ အိပ်စက်အနားယူ။

ကျနော်ပြန်လည်နိုးထလာတဲ့အခါ ကျနော့်ခြေလှမ်းများရဲ့လားရာအတိုင်း အခန်းအပြင်ဘက် သို့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။ ခန်းဆီးစကလေးကိုဖယ်ပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။ အခန်းတံခါးဝမှာ ခြေလှမ်းများက သွက်လက်စွာ ယိမ်းထိုးနေလေရဲ့။ တောက်ပစူးရှသော အလင်းတန်းများနှင့် ရှုပ်ရှက်ခတ်နေသော လူများစွာက ကျနော်ကို စတင်နှောက်ယှက်လေပြီ။ ကျနော့်မျက်လုံးများက စူးရှတောက်ကသော အလင်းတန်းများကို အံတုဖို့ ခက်ခဲနေဆဲ။ လှုပ်ရှားသွားလာနေသော လူများက ကျနော်ကို ဆွဲခေါ်နေသယောင်။ ဒါဟာ အခန်းကလေးရဲ့ အပြင်ဘက်က အဖြစ်အပျက်တွေ ဖြစ်တယ်။ ကျနော်နဲ့ သဟဇာတမဖြစ်သော ဒီပတ်ဝန်းကျင်မှာ ဘယ်လိုရှင်သန်နေထိုင်ရပါမလဲ။ ကျနော့်အတွေးစများ ပျက်စီးသွားခဲ့ပြီ။ မျက်လုံးများကို မှိတ်လိုက်တယ်။ ဆူညံသံတွေက နားထဲမှာ....ဒါဟာ အခက်အခဲတခုပါပဲလေ။

ကျနော်ဆုံးဖြတ်လိုက်ပြီ။ ကျနော်(၁၀)နှစ်အကြာ နေထိုင်လာခဲ့သော အခန်းငယ်ကလေးဟာ ကျနော်မရှိရင် အထီးကျန်နေတော့မှာပေါ့။ ကျနော်သတိမထားမိလိုက်ခင်မှာပဲ ကျနော် ခြေလှမ်းများ က အခန်းတံခါးဝသို့ ရောက်ရှိနေလေပြီ။

အခန်းတံခါးကို ဆွဲဖွင့်လိုက်တာနဲ့ ခန်းဆီးစကလေးက ယိမ်းထိုးကခုန်နေလေရဲ့။

……………………..

ကျနော်တို့သည် အခန်းငယ်ကလေးတခုထဲမှာ နေထိုင်ပြီး ထိုအခန်းကလေးကို တပ်မက်နေကြ သည်။

ထိုအခန်းကလေးရဲ့အပြင်ဘက်မှာ ဘာတွေရှိနေမလဲ။ ဘယ်လိုရင်ဆိုင်မလဲ။ မစွန့်စားရဲကြပေ။ အပြင်ကမ္ဘာမှာ ဒီထက်ပိုမို ကျယ်ဝန်းပြီး စူးစမ်းလေ့လာစရာများစွာ ရှိသည်ကို ပြတင်းတံခါးမှ ခိုးကြည့် ရုံသာကြည့်တတ်ပြီး အခန်းငယ်ကလေးရဲ့အပြင်သို့ထွက်ပြီး ရင်ဆိုင်ရန် ကြောက်ရွံ့နေ ကြလေသည်။

တကယ်ဆိုရင် ကျနော်တို့ဟာ အခန်းကလေးရဲ့အပြင်ကို ထွက်ပြီးစွန့်စားကြဖို့ လိုအပ်ပါတယ်။
↧

ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၁)

$
0
0
ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၁)
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆

တော်လှန်တဲ့နယ်မြေထဲ ကျနော်ပထမဦးဆုံးထိတွေ့ခွင့်ရတဲ့ကဗျာဆရာအဖြစ် ရဲဘော်တိုက်မောင်း၊ ကိုတိုက်မောင်းကို မှတ်တမ်းတင်မိတယ်။ သူကဗျာရေးတဲ့အခါ ကေကေဇံကလောင်အမည်ကို ပိုပြီးအသုံးပြုလေ့ရှိတယ်လို့ မှတ်မိနေတယ်။ လွယ်ဖီတောင်တန်းစစ်စခန်း။ ကေကေးဇံနဲ့ကျနော်တို့ တွေ့ခဲ့ကြတယ်။ ပအို့ဝ်ဒေသရောက် ကျောင်းသားတွေက ကဗျာအာရုံ တိမ်းညွတ်မှုများသူတွေ။ တပ်ဦးရဲ့အသံ ဒေါင်းအိုးဝေစာစောင်မှာ ဝင်ရောက်ရေးသားသလို အချိန်နဲ့တပြေးညီ အမှတ်တရ ကဗျာစာအုပ်တွေကို ဒေသတွင်း ဖြန့်ဝေလေ့ရှိကြတယ်။ ကျနော်တို့ကျိုတ်လတ်သားတွေထဲ ကဗျာရေးသူတွေ ရှိတယ်။ နိုင်မိုးအောင်၊ တိုးသစ် (ကိုအေးမင်းနိုင် ကဗျာစရေးကတည်းက တိုးသစ် ကလောင်အမည်ယူခဲ့တယ်) နဲ့ ကျနော်။ ကိုတိုက် မောင်းက ကျနော်တို့ကို ပျော်ရွှင်တတ်ကြွစွာ ကြိုဆိုခဲ့တယ်။

ကျနော်တို့ဒေသတွင်းဖြန့်ဝေခဲ့တဲ့ အမှတ်တရကဗျာစာအုပ်တွေကို မှတ်မိသလောက် မှတ်တမ်းတင်ကြည့်မိတယ်။ ကျနော့် မှတ်တမ်းတင်မှုကို ကြိုတင်ပြောထားချင်တာရှိတယ်။ ကျနော်ရောက်ရှိချိန် ဖြန့်ချိတဲ့ကဗျာစာအုပ်တွေသာ ဖြစ်ပေလိမ့်မယ်။ ရဲရင့်ဂလက်စီရဲ့ထ္ထုပ္ပတ္တိ - အဲဒီကဗျာစာအုပ်ကို ရုံးအဖွဲ့မှူးတာဝန်ယူတဲ့ ရဲဘော်အောင်ကြိုင်ကြီး က တာဝန်ယူတည်းဖြတ်တယ်။ စာမူရွေးတာ၊ မျက်နှာဖုံးပန်းချီ၊ စာအုပ်အမည်တွေကို အောင်ကြိုင်ကြီးကပဲ တာဝန်ယူ လုပ်ဆောင်တယ်။ ကိုတိုက်မောင်းတို့ ကျနော်တို့က ကဗျာရေးသူတွေ။ ဒီကဗျာစာအုပ်ကိုတော့ ရလလဖ (ရှမ်းပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့) ဒေသ ထဲမှာ ဖြန့်ချိခဲ့တယ်။

နိုင်ငံရေးအထိမ်းအမှတ်နေ့တွေကို ကျနော်တို့တွေ ကဗျာတွေနဲ့ဖောက်ခွဲ နှိုးဆော်လေ့ရှိတယ်။ ကျနော်တို့ဗဟို ဒေါင်းဂွင် ဒေသထဲရောက်တဲ့အချိန် ကျနော်တို့တတွေ ကဗျာစာအုပ်တအုပ် လုပ်ကြတယ်။ လက်ကျန်ရှင်းတမ်း၊ အဲ့ဒီစာအုပ်ကတော့ လက်နှိပ်စက်နဲ့ လေးအောက်တည်ဆောက်ထားတဲ့ ကဗျာစာအုပ်။ မောင်ခတ်နိုင်ရဲ့ ကဗျာအမည်ကို စာအုပ်အမည်ပေး ထားတာ။

အဲဒီစာအုပ်ထဲမှာ ကျနော်က-သူပုန်ကြေး၊ တိုးသစ်က-ပြောင်းပြန်ကြိုးစားခြင်း၊ မောင်ခေတ်နိုင်က-လက်ကျန် ရှင်းတန်း၊ ဂင်ကြီးရဲ့အချစ်ရေ ဝါဆိုပန်းခူးကြရအောင်၊ အဲဒီကဗျာတွေ ထည့်သွင်းထားတာကို မှတ်မိနေတယ်။ ဗဟိုဂွင်ထဲ ရင်ခုန်လှုပ် ရှားစေတဲ့ စာအုပ်ဖြစ်ခဲ့တယ်။

ကရင်နီဒေသထဲရောက်တော့ ကဗျာစာအုပ် ၂ အုပ် ဖြန့်ဝေဖြစ်တယ်။ ကမ္မဇလေရဲ့ရင်ခုန်သံများ၊ နေလောင်ခံ အခက်သစ်၊ ကမ္မဇလေရဲ့ရင်ခုန်သံများစာအုပ်က ကျနော့်ကဗျာကို စာအုပ်အမည်ပေးထားတာ။ နေလောင်ခံ အခက်သစ် ဒီအမည် ကတော့ တိုးသစ်ရဲ့ကဗျာနဲ့ မောင်ခေတ်နိုင်ရဲ့ကဗျာတွေကိုပေါင်းပြီး ပေးထားတာ။ အဲဒီစာအုပ် ၂ အုပ်လုံးရဲ့ ကဗျာရွေး ချယ်မှုတွေကို ကျနော် တာဝန်ယူလုပ်ခွင့်ရခဲ့တယ်။

ကိုဒေါင်းနီ (အိမ်ဒေါင်းနီ) နဲ့တွဲပြီး ၂၀၀၀ ခုနှစ်မှာ ကဗျာစာအုပ်လုပ်ဖြစ်ကြတယ်။ အိပ်မက်ပြတိုက်။ အဲဒီစာအုပ်ထဲ ကဗျာ ရွေးချယ်မှုကို ကိုဒေါင်းနီ တာဝန်ယူတယ်။ ကျနော်က စာအုပ်အပြင်အဆင်ဆောင်ရွက်မှုနဲ့ မျက်နှာဖုံးဒီဇိုင်းတွေကို ကွန်ပြူ တာ ကျွမ်းကျင်တဲ့တဦးနဲ့တိုင်ပင်ပြီး လုပ်ခဲ့တယ်။

ကျနော်တို့ဒေသတွင်း ကဗျာဆရာတွေကို မှတ်မိသလောက် မှတ်တမ်းတင်ကြည့်တယ်။ ကေကေးဇံ၊ ညိုထွန်းအောင်၊ တိုး သစ်၊ ညိုထက် (လမ်းသစ်ဦး)၊ အိမ်ဒေါင်းနီ၊ မောင်ခက်နိုင်၊ ဂင်ကြီး၊ ပျိုး၊ ရိုး (သရေခေတ္တရာ)၊ ညိုပု၊ ကစဲဒို။

မှတ်မှတ်ရရ အဲဒီအချိန်တွေက ကျနော်တို့မှာဒေါင်းအိုးဝေစာစောင်သာလျှင် ရေးစရာနေရာရှိနေခဲ့တယ်။ ကျနော်တို့ တွေနေ ရတဲ့နေရာက ပအို့ဝ်ဒေသ။ ဒါ့ကြောင့်ပဲ ဒေသတွင်း ကဗျာစုစည်းမှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ ၉၄ လောက် ကိုဒေါင်းနီ တာဝန်ယူတဲ့ အမြဲစိမ်းစာစောင်ပေါ်လာတယ်။ တော်လှန်နယ်မြေတွင် ပထမဦးဆုံး စာမူခပေးသည့်စာစောင်။ ဒီစာစောင် တွက် ကျနော်တို့ထဲက ကေကေးဇံနဲ့ တိုးသစ်တို့ ဝင်ရောက်ရေးခဲ့ကြတယ်။ သူတို့ရတဲ့ စာမူခတွေကို ကျနော်တို့ ဝိုင်းဝန်း အားပေးခဲ့ကြတယ်။

ကျနော်ရဲ့ဘဝထဲ ဒေသခံကဗျာဆရာတွေအပြင် တွေ့ခွင့်ရတဲ့ကဗျာဆရာထဲ ဌေးအောင်က ပထမဦးဆုံးပဲ။ သူ့ကို ကယန်း ပြည်သစ် သစ်ကျိတ်ရွာထဲ တွေ့ခွင့်ရတယ်။ အဲဒီအချိန် ဆရာစောကြီးက ကယမ်းပြည်သစ်ပါတီရဲ့ နိုင်ငံရေးမှူး။ ဌေးအောင် အမည်နဲ့ ကဗျာတွေရေးတယ်။ ကမ္ဘာလောကရဲ့သမီးပျို၊ ရွှေရုပ်ထုကဗျာတွေ အောင်မြင်တယ်။ စာရေးခဲပေမယ့် ရေးတဲ့ စာတိုင်း သတိထားရလောက်တဲ့ကဗျာတွေ စာတွေ။ စကားပြေတွေ (အထူးအားဖြင့် နိုင်ငံရေးသဘောထားပေးတဲ့ စကား ပြေတွေ) ရေးလေ့ရှိတယ်။ ကျနော်တို့တွေ့ကြချိန် တဦးအပေါ်တဦး ဝမ်းမြောက်ဝမ်းသာ သဘောထားရှိကြတယ်။ ကယန်း ပြည်သစ်ကလုပ်တဲ့ ကေဒါသင်တန်းကို ဗိုလ်ရွှေအေးနဲ့ ဆရာစောကြီး သင်တန်းမှူးလုပ်ပြီး ကျနော့်ကို မှတ်တမ်းတင် တာဝန်ပေးလို့ သူတို့ပေးတဲ့ နိုင်ငံရေးသင်တန်း တတ်ခွင့်ရခဲ့တယ်လို့ ပြောလို့ရတယ်။ ကျနော်နဲ့ဆရာစောကြီး ပြည်ရန်အေး စခန်းမှာ ၁ နှစ်လောက် အတူတူတွဲပြီး နေထိုင်ခဲ့ရတယ်။ ဆရာစောကြီးရဲ့ နိုင်ငံရေးတည်ကြည်မှုကိုတော့ ကိုယ်တိုင်တွေ့ခွင့် ရခဲ့တယ်။ ကျနော်ဒေါင်းအိုးဝေထဲ ကဗျာတွေ စာတွေရေးနေတော့ လူကြုံနဲ့ ဝမ်းသာကြောင်း စကားလက်ဆောင်ပေးခဲ့တယ်။ အားပေးခဲ့တယ်။

ပအို့ဝ်၊ ကရင်နီ၊ အထူးဒေသ၊ ကယန်းပြည်သစ်။ ၂ဝဝဝ ခုနှစ်တွင် ဗဟိုတာဝန်ယူရတယ်။ စည်းရုံးရေးမှူးတာဝန်နဲ့အတူ ဒေါင်းအိုးဝေအယ်ဒီတာ ဖြစ်လာတယ်။ ကျနော်ရဲ့ကဗျာရေးသားမှု ဒေသတွင်းစာစောင်များမှာ ရေးသားနေရာက ဒေါင်းအိုး ဝေအတွင်း ရေးသားလာခဲ့တယ်။ ၂ဝဝဝ ခုနှစ်စတင်ပြီး ABSDF ကို ပြန်လည်ထူထောင်ရေးလုပ်ရင်း ဒေါင်းအိုးဝေကို ထူထောင်ခဲ့ကြရတယ်။ အဲဒီအချိန်တွေရဲ့ စည်းရုံးရေးဝါဒဖြန့်ချိရေးအနေအထားတွေက ဒေါင်းအိုးဝေကို ဗဟိုပြုနေရတဲ့ အနေအထား။ ဒေါင်းအိုးဝေကနေ ကျနော်တို့တပ်ဦးရဲဘော်တွေရဲ့သဘောထားတွေကို တိတိကျကျ တင်ပြနေကြတဲ့အချိန်။

အခြေအနေအရပြောရရင် တပ်ဦးရဲ့မျိုးဆက်ဟောင်းခေါင်းဆောင်အများစု ထွက်ခွာသွားတဲ့အချိန်။ ကျနော်တို့ ဒုတိယမျိုးဆက်တပ်ဦးရဲ့နိုင်ငံရေးတာဝန်တွေယူကြရတဲ့အချိန်။ ကျနော်တို့အားကောင်းမောင်းသန်တပ်ဦးရဲ့ နိုင်ငံရေးနဲ့ တပ်ဦးရဲ့ တည်ရှိမှုကို ကလောင်ထမ်းပြီး ကာကွယ်၊ တည့်မတ်ခဲ့ကြရတယ်။ အဲဒီအချိန် တပ်ဦးနဲ့အတူ ရပ်တည်ခဲ့ ကြတဲ့ ကလောင်တွေ ရဲ့အား တန်ဖိုးကြီးမားတယ်လို့ မှတ်ချက်ပြုမိတယ်။

အဲဒီအချိန်တွေ ဒေါင်းအိုးဝေရဲ့ပင်တိုင်ကလောင်ရှင်တွေအဖြစ်တာဝန်ယူခဲ့ကြတဲ့ တပ်ဦးရဲဘော်တွေကို မှတ် တမ်းတင်ပေး ချင်တယ်။ မောင်လွမ်းဏီ၊ တိုးသစ်၊ ပွင့်သစ် (ကရိန်ကန်)၊ ကမာပုလဲ၊ ညိုထက် (လမ်းသစ်ဦး)။ ဒီ ၅ ဦး က ဒေါင်းအိုးဝေရဲ့ပင် တိုင်ကလောင်တွေလို ဖြစ်နေတယ်။ ၂၀၀၀-၂၀၀၁ လောက်အချိန်တွေ ကိုရဲနည်သတင်းဆောင်း ပါးတွေလုပ်ပေးခဲ့တယ်။ သံခဲ (ဆေး/မန်း) ပေါ်လစီဆောင်းပါးတွေ ရံခါရေးပေးတယ်။ အာရုံရတဲ့အခါ ကဗျာ၊ ဝထ္ထုတိုတွေ ရေးလေ့ရှိတယ်။ တမာ ခင်ရဲ့အက်ဆေးတချို့။ တပ်ဦးအဖွဲ့ဝင်မဟုတ်ပေမယ့် ဒေါင်းအိုးဝေကိုဝန်းရံပေးကြတဲ့ ကလောင်ရှင်တွေရှိတယ်။ အနီးအနား မဲဆောက်ဒေသကနေစပြောရရင် ကိုထိန်လင်း၊ လင်းနွေးအိမ်။ အရှေ့မြောက် ဒေသကနေ ဝန်းရံပေးကြတဲ့ ကလောင်တွေ။ ငြိမ်းချမ်းသူ၊ အောင်ငြိမ်း၊ မောင်လှဝင်း (မြင်းခြံ)၊ ဖိုးသံ (လူထု)၊ ဂါမဏိ၊ ဗိုလ်ထွန်းငြိမ်း။

အဲဒီကလောင်ရှင်တွေထဲ ကျနော်နဲ့ လူချင်းတွေ့ဆုံ ရင်းနှီးကြသူတွေကို ရေတွက်ကြည့်တယ်။ ကိုထိန်လင်း၊ လင်းနွေးအိမ်။ ကိုထိန်လင်းနဲ့ကျနော်တို့တွဲပြီး စာပေဟောပြောပွဲလုပ်ခဲ့ကြတယ်။ တွေးတွေးဆဆနဲ့ အနေအေးတဲ့လူ။ သတိပြုမိတဲ့ ကိုထိန်လင်းရဲ့ထူးခြားချက်ရှိတယ်။ တော်လှန်နယ်မြေထဲ ကလေးစာပေပြုစုပျိုးထောင်ချင်တဲ့ အာသီသရှိတဲ့လူ။ လူငယ်တွေ အပေါ်မှာ အထူးပြုလေ့လာလေ့ရှိတဲ့လူ။ လူငယ်တွေနဲ့ကိုထိန်လင်း၊ လူငယ်ဆောင်းပါးတစောင်နဲ့ ဒေါင်းအိုးဝေ ပွတ်တိုက်မှု လေးတွေရှိခဲ့ဖူးတယ်။ လင်းနွေးအိမ်ကတော့ ကျနော့်နဲ့အရွယ်မတိမ်းမရိမ်း။ အက်ဆေးအရေး ကောင်းတယ်။

အရှေ့မြောက်ဒေသကလောင်ရှင်တွေထဲ အောင်ငြိမ်းနဲ့ကျနော် စာပေဘဝအရရော၊ နိုင်ငံရေးဘဝအရရော အထိ အတွေ့များတယ်။ ကျနော်ရောက်ခါစ လပဒတ (လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု) ရဲ့ သေနတ်သံ ဂျာနယ်လုပ် တော့ အောင်ငြိမ်းအယ်ဒီတာတာဝန် ယူရတယ်။ အမှတ် (၁) ဂျာနယ်ထဲ ကျနော်သိသောကွန်မြူနစ်ဝါဒကို ကျနော်မောင် မှိုင်းထက် ကလောင်အမည်နဲ့ရေးခဲ့သလို အမှတ် (၂) ဂျာနယ်ထဲ ကမ္ဘာပုတ်ခြင်းကဗျာကို မြင့်ဘုန်းနိုင် ကလောင်အမည်နဲ့ ရေးဖြစ်တယ်။ ကျနော်ထိတွေ့ဖူးတဲ့ ပထမဦးဆုံးအယ်ဒီတာအဖြစ် မှတ်ချက်ပြုဖူးတယ်။
 ဗိုလ်ထွန်းငြိမ်းကိုတော့ ပအို့ဝ်ရွာတရွာမှာ အမှတ်မထင်ပုံစံနဲ့ တွေ့ဖြစ်ခဲ့ကြတယ်။ ပုံခြုပ်လို့အမည်ရတဲ့ ပအို့ဝ် ရွာထဲ ကျနော်နဲ့ ရဲဘော်ဝိုင်းမော်ရောက်တော့ ဗိုလ်ထွန်းငြိမ်း ရှိနေတယ်။ တွေ့တာနဲ့ တရားတန်းဟောတော့တာပဲ။ ကျနော်ကလည်း ကျနော် ရဲ့ တပ်ဦးပေါ်လစီတွေနဲ့ ပြန်လှန်ပက်ခဲ့တာကိုတွေးမိတော့ ပျော်ရွှင်စွာပြုံးမိတယ်။ တကယ်တမ်းပြောရရင် အဲဒီအချိန် ကျနော်တို့ကို တရားတွေလှိုမ့်ဟောနေတဲ့ပအို့ဝ်ကြီးက ဗိုလ်ထွန်းငြိမ်းဖြစ်တဲ့အကြောင်း ဒီ အချိန်တွေမှ ကျနော်မှတ်မိလာတာ။ အဲဒီအချိန်တွေက လူငယ်ပီပီ နိုင်ငံရေးမာန်မာနတွေနဲ့ ခံပက်ခဲ့တာ။ ဗိုလ်ထွန်းငြိမ်းကတော့ ခေါင်းတငြိမ့်ငြိမ့်။ ဗိုလ်ထွန်းငြိမ်းနဲ့ ကျနော် အဲဒီတကြိမ်ပဲလူချင်းတွေ့ခဲ့ကြပေမယ့် ဒေါင်းအိုးဝေမှာ ကလောင်ချင်း တွေ့ကြတယ်။ တပ်ဦးနဲ့ ဒေါင်းအိုးဝေကို စေတနာမှန်နဲ့ ဝန်းရံတဲ့ရဲဘော်တွေ။

၂ဝဝ၂ ဗဟိုဒေသကနေ မဲဆောက်အရောက် ပြည်တွင်းကလောင်ရှင်တွေ ရောက်နေကြတယ်။

အဲဒီကလောင်ရှင်တွေထဲ ဒီကနေ့အထိ ကျနော်တို့တူညီနေတဲ့ ရဲဘော်တွေရှိတယ်။ ခင်လွန်း (ကိုခင်လွန်း)။ ရောက်လာ သမျှထဲ အကြီးဆုံးကဗျာဆရာ။ လူကြီးပီသတယ်။ ကျနော့်အပေါ်၊ အထူးအားဖြင့် ကျနော့်ရဲ့စာအရေးအသားတွေအပေါ် တန်ဖိုးထားတယ်။ တွေ့တဲ့အခါတိုင်း စာတွေရေးဖို့ တွန်းအားပေးလေ့ရှိတယ်။ သူရဲ့တောကြီးပင့်ကူဝထ္ထုက ကျနော်တို့ကို ခပ်စပ်စပ်ရိုက်လိုက်သလိုပဲ။ တွန့်ခနဲ ဖြစ်ခဲ့ရတယ်။

ကိုခင်လွန်းကနေတဆင့် အက်ဆေးတွေအရေးကောင်းတဲ့ ခွာညိုနဲ့ ခင်မင်ခွင့်ရခဲ့တယ်။ ဝတ်စားဆင်ယင်မှုရော စကားပြော တဲ့လေယူလေသိမ်းရော အတော်ရိုးတယ်။ အဲဒီဟန်တွေက သူ့စာအရေးအသားကို ထင်ဟပ်တယ်။ ရိုးရိုးနဲ့လှပတဲ့ အက်ဆေးတွေ သူ့ဆီကဖတ်ရလေ့ရှိတယ်။ သူတို့ဆီကနေတဆင့် သုတေသနမှတ်တမ်းပြုစုမှုနဲ့ ကောက်ချက်၊ သုံးသပ်ချက် တွေကောင်းတဲ့ မိုးကြိုးအယ်ဒီတာ နေသွင်နဲ့ ခင်မင်ခွင့်ရခဲ့တယ်။

မိုးကြိုးသတင်းစဉ်ကို နေသွင်အယ်ဒီတာ တာဝန်မယူခင် တာဝန်ယူခဲ့တဲ့လူက ကိုပုည။

မောင်တောက်ကလောင်နဲ့ သွက်လက်တဲ့အာဝဇွန်းရွှင်တဲ့ စာတွေရေးတယ်။ ဒေါင်းအိုးဝေကို ဝန်းရံပေးတဲ့ ကလောင်ရှင်။ ကဗျာဆရာနေဇော်နိုင်။

သူ့ရဲ့ကျနော်ဆွဲဖွင့်မိသောတံခါးများကို အပတ်စဉ်ဂျာနယ်တစောင်မှာ ရေးသားခဲ့တာကို သတိရနေတယ်။ မဲဆောက်ထဲလုပ် ခဲ့တဲ့ စာပေဟောပြောပွဲတွေတိုင်း အာဝဇွန်းရွှင်တဲ့စာရေးဆရာအဖြစ် လူကြိုက်များလှတယ်။ ဆရာ တင်မိုးကို အတော်ကြည် ညိုလေးစားတဲ့သူ။

ဆရာတင်မိုးအကြောင်းတော့ ကျနော့်မှာ ပြောစရာတချို့ရှိတယ်။ ဆရာတင်မိုးနဲ့ ကျနော် စတင်တွေ့ခွင့်ရတာ ၂ဝဝ၁။ ကို လွမ်းဏီတို့အိမ်။ ဆရာတင်မိုးကို ဝေယျာဝစ္စလုပ်ပေးရင်းတွေ့ခဲ့ကြတယ်။ ဒုတိယအကြိမ်ကတော့ နည်းနည်းများတယ်။ ကျနော်နဲ့ကျနော့်အကိုကြီး ဘိုးတော်နီတို့ ဆရာတင်မိုးကို သွားတွေ့ကြတယ်။ အဲဒီအချိန်တွေက မဲဆောက် အလုပ်သမား တွေရဲ့သားသမီးတွေအတွက် စာသင်ကျောင်းတွေဖွင့်လှစ်ပေးနေတဲ့လုပ်ငန်း အတော်လေးအရှိန်ရနေတဲ့ အချိန်။ BMWEC ရဲ့တိုက်တွန်းမှုကြောင့် ကျနော့်အကိုကြီးကသင်ရိုးညွန်းတမ်းရေးနေတဲ့အချိန်။

ဆရာတင်မိုးမဲဆောက်ရောက်လာလို့ ကျနော်တို့ညီအကိုသွားတွေ့ပြီး ရေးထားတဲ့သင်ရိုးညွန်းတန်းထဲက ကလေးကဗျာ တွေကို ပြကြတယ်။ ဆရာတင်မိုးက တချို့ကဗျာတွေကိုတည်းဖြတ်ပေးတယ်။ ဘိုးတော်နီရေးတဲ့ ကလေးကဗျာတွေက မော်ဒန်ကလေး ကဗျာတွေလို့ ပြောရမယ်ထင်တယ်။ သတိရမိတာလေးမိတ်ဆက်ပေးရရင် -

ဟယ်မော်တော်ကား
နင့်မျက်လုံးကပြုး၊
ငါတို့ဘယ်ကိုသွားသွား လိုက်ပို့ပေးတက်ရဲ့
ဟယ်မော်တော်ကား
ခြေထောက်လေးဘီးနဲ့
…….


ညိုထက် (လမ်းသစ်ဦး)
၂၆ - ၇ - ၂ဝ၁၆

ဆက်လက်ဖော်ပြပါမည်။

↧

ကာတွန်း ဘီရုမာ ● မတွေ့ခဲ့ဘူး ဆရာ

$
0
0
 


ကာတွန်း ဘီရုမာ ● မတွေ့ခဲ့ဘူး ဆရာ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆
↧
↧

ဂါမဏိ ● မြေအောက်မှ စာချုပ်များ

$
0
0
ဂါမဏိ ● မြေအောက်မှ စာချုပ်များ
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၄ )
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆

(၁) မာနယ်ပလောစာချုပ် (၁၉၉၂ ခု)
ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရေး သဘောတူညီချက်
မြန်မာပြည်သည် လွန်ခဲ့သောနှစ် ထောင်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုးအသီးသီးတို့ နယ်မြေချင်းဆက်စပ်လျက် အတူတကွ အခြေချနေထိုင်လာခဲ့သည့် တိုင်းပြည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်လည်းဖြစ် သည်။

မြန်မာပြည်သည် တိုင်းရင်းသားလူမျိုးအားလုံး၏ ဆန္ဒညီညွတ်မှုကိုအခြေခံသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်နိုင်မှသာ စည်းလုံးခိုင်မာစွာ ရပ်တည်သွားနိုင်မည်ဖြစ်သည်။ ဤသို့ဖြစ်မြောက်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြ သည်။

သို့ရာတွင် ဤစာချုပ်သည် လက်တွေ့အကောင်အထည်မပေါ်ခဲ့ပေ။

ယခု မဆလ၊ နဝတ စသော မဟာလူမျိုးကြီးဝါဒကျင့်သုံးသည့် ဖက်ဆစ်အာဏာရှင်တို့၏ ကြီးစိုးမှုကြောင့် တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ ပြည်သူလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆုံးရှုံး နေကြရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်ပြားပြီး ပြည်တွင်းစစ်မီး တောက်လောင်လျက်ရှိသည်။

သို့ဖြစ်၍ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုအားလုံးသည် စစ်အာဏာရှင်အား အပြုတ်တိုက်ပြီးနောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်လိုကြသည်။

တန်းတူမှု၊ လွတ်လပ်မှု၊ စည်းလုံးညီညွတ်မှု၊ လုံခြုံမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှု၊ ဖွံဖြိုးတိုးတက်မှုရှိသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ စစ်အာဏာရှင်ကြီးစိုးမှုအား တိုက်ဖျက်ရေး၊ ဒီမိုက ရေစီရေး၊ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ပင်ဖြစ်သည်။

ဤသို့သောအခြေအနေတွင် -

(၁) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
(၃) မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်
(၄) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု

အဖွဲ့အစည်း (၄) ဖွဲ့တို့သည် ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် မာနယ်ပလောဌာနချုပ်၌ အောက်ပါအတိုင်း အခိုင် အမာသဘောတူညီကြသည်။

၁။ မဟာလူမျိုးကြီးဝါဒကိုလည်းကောင်း၊ စစ်အာဏာရှင်စနစ်ကိုလည်းကောင်း၊ မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်စစ်အာ ဏာ ရှင်စနစ်ကို ကျင့်သုံးသည့် နဝတအားလည်းကောင်း အဆုံးတိုင် အတူတကွဆန့်ကျင်တိုက်ဖျက်သွားမည်။

၂။ နဝတစစ်အာဏာရှင်ကြီးစိုးမှု ချုပ်ငြိမ်းပြီးနောက် လွတ်လပ်ငြိမ်းချမ်းသည့် အခြေအနေတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံ တက်ရောက်နိုင်သည့် စစ်မှန်သောအမျိုးသားညီလာခံကြီးကို ခေါ်ယူသွားမည်။

၃။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၏ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုတရပ်လုံး၏ ဆန္ဒညီညွတ်မှုကို အခြေခံ၍ ရေးဆွဲပြဋ္ဌာန်းသွားမည်။

၎။ မည်သည့်လူမျိုးကိုမျှ အခွင့်ထူးမပေးရေးနှင့် လူမျိုးစု၊ မျိုးနွယ်စုအားလုံး၏ အခြေခံအမျိုးသားအခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်မှုမပြုရေးမူကို ကျင့်သုံးသွားမည်။

၅။ တိုင်းရင်းသားလူမျိုးအားလုံး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေး အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမည်။

ထိုသို့တည်ဆောက်ရာတွင်
(က) ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်နယ်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသားပြည်နယ်ပေါင်းစု ပြည်ထောင်စုဖြစ်ရေး၊

(ခ) ပြည်နယ်များမှ ပြည်ထောင်စုသို့ လွှဲအပ်ထားသော အာဏာများမှအပ ကျန်သောအာဏာများကို ပြည်နယ်များတွင် ထားရှိ၍ ပြည်နယ်အသီးသီးတွင်လည်း ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာများ ကျင့်သုံးပိုင်ခွင့်ရှိရေး၊

(ဂ) ပြည်ထောင်စုတွင် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) ဟူ၍ လွှတ်တော်နှစ်ရပ်ထားရှိရေး၊

(ဃ) ပြည်ထောင်စုနှင့် ပြည်နယ်များ၏ တပ်မတော်များကို လူမျိုးပေါင်းစုံ ပြည်သူလူထု၏ ကွပ်ကဲမှုအာဏာအောက်တွင် တည်ရှိရေး၊

(င) ပြည်ထောင်စု၏ အချုပ်အခြာအာဏာဖြစ်သော ဥပဒေပြုအာဏာ၊ တရားစီရင်မှုအာဏာနှင့် အုပ်ချုပ်ရေးအာဏာသုံးရပ်ကို အပြန်အလှန်ထိန်းညှိစနစ်ဖြင့် ထားရှိပြီး လွတ်လပ်သည့် တရားစီရင်မှုစနစ်ကို ကျင့်သုံးရေး၊

(စ) မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်စစ်အာဏာရှင်စနစ် ပြန်လည်၍ ပေါ်ပေါက်မလာနိုင်ရေး

စသည့်အချက်များကို ပြည်ထောင်စုဖွဲ့စည်းရေးတွင် ကျင့်သုံးသွားမည်။

ဒေါက်တာစိန်ဝင်း
ဝန်ကြီးချုပ်
အမျိုးသားညွန့်ပေါင်းအစိုးရ

ဦးတင်အောင်
အတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

စောဘိုမြ
ဥက္ကဋ္ဌ
မြန်မာပြည်ဒီမိုကရက်တစ်
မဟာမိတ်အဖွဲ့ချုပ်
နိုင်ရွှေကျင်
ဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု

၁၃၅၄ ခုနှစ်၊ ၀ါခေါင်လဆန်း (၂) ရက်
၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်

(၂) မဲသရောထာ သဘောတူညီချက် (၁၉၉၇ ခု)
ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ရခိုင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသား၊ ကချင်တိုင်းရင်းသား၊ ကရင်တိုင်း ရင်းသား၊ ကရင်နီတိုင်းရင်းသား၊ ကယန်းတိုင်းရင်းသား၊ မွန်တိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား၊ ပလောင်တိုင်းရင်းသား၊ လားဟူတိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသားနှင့် “ဝ” တိုင်းရင်းသားခေါင်းဆောင်များသည် အဖွဲ့အစည်းနှင့် လူမျိုးအသီးသီးကို ကိုယ်စားပြုကြလျက် ကော်သူးလေပြည်နယ်၊ မယ်သရောထာ၌ ၁၉၉၇ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်နေ့မှ (၁၄) ရက်နေ့ထိ ကျင်းပသော နှီးနှောဖလှယ်ပွဲကြီးတွင် စုံညီစွာ တက်ရောက်ခဲ့ကြသည်။

အထက်ဖော်ပြခဲ့သော ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးခေါင်းဆောင် ကိုယ်စားလှယ်များသည် နှီးနှောဖလှယ်ပွဲကြီး၌ ရင်းနှီးပွင့် လင်းစွာ အကြေအလည် ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြပြီးနောက် အောက်ပါအချက်များကို တညီတညွတ်တည်း သဘော တူချမှတ်ခဲ့ကြသည်။

၁။ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ သဘောတူညီချက်-
(က) စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန်၊
(ခ) ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးရန်၊
(ဂ) လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရရှိရန်၊
(ဃ) ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရန်တို့ဖြစ်သည်။

၂။ နဝတအမျိုးသားညီလာခံနှင့်ပတ်သက်သော သဘောတူညီချက်-
လက်ရှိ နဝတဦးစီးကျင်းပနေဆဲဖြစ်သော အတုအယောင် အမျိုးသားညီလာခံသည် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအတွက် အခွင့်အရေးလုံးဝရနိုင်မည် မဟုတ်သည့်အတွက်၎င်း၊ နဝတအမျိုးသားညီလာခံကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက “လုံးဝ” အသိအမှတ်မပြုကြောင်းနှင့် ၎င်းညီလာခံကို ဆန့်ကျင်တိုက်ပွဲဝင်သွားကြရန် သဘောတူကြသည်။

၃။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲနှင့်ပတ်သက်သော သဘောတူညီချက်-
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆုံးဖြတ်ထောက်ခံထားသည်သာမက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကလည်း သဘောတူထားသော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖ လှယ်ပွဲကြီးက သဘောတူလက်ခံသည်။

ထိုသုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် မဒတ၏ (UNLD) (PDF) နှင့် အခြားတိုင်းရင်းသားလူမျိုးများပါဝင်သော အင်အားစု၊ ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီအင်အားစုနှင့် နဝတစစ်အုပ်စုအင်အားစု သုံးစုတို့ ပါဝင်စေရမည်။

၎။ ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်သော သဘောတူညီချက်-
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိပြီး အမျိုးသားပြည်နယ်များ စုပေါင်းပါဝင်ဖွဲ့စည်းထား သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျွန်ုပ်တို့တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီး က တညီတညွတ်တည်းသဘောတူကြပါသည်။

၅။ စီးပွားရေးမူဝါဒနှင့်ပတ်သက်သော သဘောတူညီချက်-
စီးပွားရေးမူဝါဒနှင့်ပတ်သက်သော ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်သွားရန် ကျွန်ုပ်တို့တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။

သို့သော် နဝတအုပ်ချုပ်နေစဉ် ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းသည် စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စု၏အကျိုးစီးပွားကိုသာဖြစ်စေပြီး တိုင်းရင်းသားလူမျိုးစု ပြည်သူများအဖို့ အကျိုးလုံးဝမရှိသည့်အပြင် ဖိနှိပ်အုပ်ချုပ်မှုဒဏ်ကို ပိုမိုခံစားလာရသည့်အတွက် နဝတစစ်အုပ်စုနှင့် ပူးတွဲလုပ်ဆောင်သော ရင်းနှီးမြှုပ်နှံမှုအပါအ၀င် စီးပွားရေးလုပ်ငန်းအားလုံးကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက အပြင်းအထန်ကန့်ကွက်သည်။

၆။ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော သဘောတူညီချက်-
မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းချမှု အပါအဝင် လုပ်ငန်းအားလုံး ဆန့်ကျင်တိုက်ဖျက်ရန်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ် ပွဲကြီးက တညီတညွတ်တည်းသဘောတူသည်။

၇။ ဒီမိုကရေစီအင်အားစုများနှင့်ပတ်သက်သော သဘောတူညီချက်-
နဝတစစ်အုပ်စုဖြုတ်ချရေးနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးတိုက်ပွဲ၊ သံတမန်တိုက်ပွဲ၊ လူထုတိုက်ပွဲ အပါအ၀င် ဘက်ပေါင်းစုံမှ တိုးမြှင့်တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့ တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။

ထိုသို့တိုက်ပွဲဝင်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများနှင့် တန်းတူရည်တူလက်တွဲ၍ အမျိုးသားအခွင့်အရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီအခွင့်အရေးအတွက်လည်းကောင်း၊ တပြိုင်နက်တည်း စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားကြရန်ကိုလည်း ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်းသဘောတူကြသည်။

၈။ ASEAN နှင့်ပတ်သက်သော သဘောတူညီချက်-
နဝတအုပ်ချုပ်နေသောကာလအတွင်း မြန်မာပြည်အား ASEAN အဖွဲ့ဝင်အဖြစ် လက်ခံခြင်းကိုအတတ်နိုင်ဆုံး ဆိုင်းငံ့ထား ပေးပါရန် ASEAN သို့ ပန်ကြားလွှာပေးပို့သွားရန် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။

၉။ တပ်ပေါင်းစုနှင့်ပတ်သက်သော သဘောတူညီချက်-
တိုင်းရင်းသားလူမျိုးများ၏ ပြည်လုံးဆိုင်ရာ တပ်ဦးအဖွဲ့အစည်းဖြစ်သော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု နိုင်ငံရေး၊ စစ် ရေး၊ စည်းရုံးရေး စသည်တို့ကို ပိုမိုခိုင်မာလာအောင် ၀ိုင်းဝန်းပံ့ပိုးတည်ဆောက်ကြရန် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။

၁၀။ ပြန်လည်ဆုံစည်းကြရန် သဘောတူညီချက်-
မယ်သရောထာ နှီးနှောဖလှယ်ပွဲကြီး၏ ရလဒ်များကို ဆက်လက်ထိန်းသိမ်း အကောင်အထည်ဖော်သွားရန်နှင့် အနည်းဆုံး တနှစ်လျှင် တကြိမ်၊ စုံစုံညီညီ ဆုံစည်းကြရန် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။ ။

(၃) သူးမွဲကလိုးသဘောတူညီချက် (၁၉၉၈ ခု)
အမျိုးသားသွေးစည်းညီညွတ်ရေးသဘောတူညီချက်
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သည့်တိုင်းပြည်ဖြစ်သည်။ ခေတ်သစ်မြန်မာ့သမိုင်းတွင် ဗိုလ် ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ညှိနှိုင်း၍တည်ဆောက်ထားသော အမျိုးသားသွေးစည်းညီညွတ်မှု အင် အားဖြင့် မြန်မာပြည်လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်ကျဆုံးမှုနှင့် အတူအမျိုးသားသွေးစည်းညီညွတ်ရေး သည်လည်း လွင့်ပါးပျောက်ကွယ်ခဲ့ရသည်။
စစ်အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရခြင်း၏ အကျိုးဆက်အဖြစ် အမျိုးသားသွေး စည်းညီညွတ်မှုပြို ကွဲလျက် တိုင်းပြည် ကြေပြုန်းပျက်သုဉ်းမည့် ဘေးအန္တရာယ်ကြီးကို ရင်ဆိုင်နေရသည့် အချိန်အခါ ဖြစ်ပေသည်။ တိုင်းရင်း သားပေါင်းစုံ ပြည်သူတို့၏ လက်ငင်းလိုအပ်ချက်ဖြစ်သော စစ်အာဏာ ရှင်စနစ်ဖျက်သိမ်းရေး၊ ခေတ်မီတိုးတက် ၍ သာယာဝ ပြောသောထာဝစဉ် ငြိမ်းချမ်းသာယာသည့် လူအဖွဲ့အစည်း တည်ဆောက်ရေးတို့ကို အမျိုးသားသွေးစည်းညီညွတ်မှု အင် အားဖြင့်သာ အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ သို့ပါ၍ အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေး လုပ်ငန်း သည် ယနေ့ကာလ တိုင်းရင်းသားပေါင်းစုံ ပြည်သူတို့အတွက် အဓိကကျသောလုပ်ငန်းစဉ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့သည် တိုင်းရင်းသား ကိုယ်စားပြုပါတီများနှင့် ပူးတွဲလျက် ယင်းတာဝန်ကို တက်ကြွစွာ ထမ်းဆောင်နေသည့်နည်းတူ အောက်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အ စည်း (၂၄) ဖွဲ့သည်လည်း ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကော်သူး လေပြည်နယ် သူးမွဲကလိုးတွင် အမျိုးသားသွေးစည်းညီညွတ်ရေးနှီးနှောဖလှယ်ပွဲကြီးကို အောင်မြင်စွာကျင်းပ၍ အောက် ဖော်ပြပါ အချက်အလက်များကို တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ကြပါသည်။

၎င်းသဘောတူညီဆုံးဖြတ်ချက်များမှာ -
၁။ ၁၉၄၇ ခုနှစ်တွင်ချုပ်ဆိုသည့် ပင်လုံစာချုပ်နှင့် ယင်းစာချုပ်ဆိုင်ရာ ကတိကဝတ်များ၊ ၁၉၉၀ ပြည့်နှစ် တွင်ထုတ်ပြန်သည့် ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေညာချက်၊ ၁၉၉၂ ခုနှစ်တွင်ချုပ်ဆိုသည့် မာနယ်ပလောစာချုပ်၊ ၁၉၉၇ ခုနှစ်တွင်ပြုလုပ် သည့် မယ်သရောထ သဘောတူညီချက်များသည် တိုင်းရင်းသားလူမျိုးများ၊ ပြည်သူများ၏ အခြေခံအကျိုးစီးပွားကို ကိုယ် စားပြုသည့် သမိုင်းဝင် သဘောတူညီချက်ဖြစ်သည်ဟု မှတ်ယူသည်။

၂။ မြန်မာပြည်၏ လက်ရှိပဋိပက္ခသည် ဖိနှိပ်အုပ်စိုးသူ စစ်အာဏာရှင်အုပ်စုကတဖက် အဖိနှိပ်ခံတိုင်းရင်း သားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကတဖက် ဖြစ်ပွားနေသည့် ပဋိပက္ခ ဖြစ်ပြီး ယင်းပဋိပက္ခကြီးသည် တနေ့တခြား ပိုမိုပြင်းထန်လာနေသည့် အတွက် အဆုံးအဖြတ် ကာလတခုသို့ပင် ရောက်ရှိနေသည်ဟု တညီတညွတ်တည်း သုံးသပ်ကြသည်။

၃။ နဝတ/နအဖ စစ်အာဏာရှင် ကြီးစိုးမှုကြောင့် ယနေ့မြန်မာပြည်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနှင့်အမျိုးသားအခွင့်အရေး ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နေရသည်။ ထို့ကြောင့် စစ်အာဏာရှင်ကြီးစိုးမှုကို ဖျက်သိမ်းပစ်ရန်မှာ တိုင်းပြည်၏ အဓိကဘုံလုပ်ငန်း တာဝန်ဖြစ်သည်ဟု တညီတညွတ်တည်းသဘောတူဆုံးဖြတ်သည်။

၎။ နဝတ/နအဖ စစ်အာဏာရှင်ကြီးစိုးမှု တိုက်ဖျက်ရေးတွင် လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ လက်ဝဲလက်ယာ မခွဲခြားဘဲ ပါတီ၊ အဖွဲ့အစည်းများအားလုံး၊ လူပုဂ္ဂိုလ်များအားလုံး အနိမ့်ဆုံး ဖြစ်နိုင်သည့်အဆင့်မှစတင်၍ လက်တွဲဆောင်ရွက်သွားကြရန် သဘောတူဆုံးဖြတ်သည်။

၅။ နဝတ/နအဖသည်အမျိုးသားညီလာခံကို ဦးစီးကျင်းပခွင့်မရှိပေ။ လက်ရှိပြုလုပ်နေသည့် အမျိုးသားညီလာခံ သည် အတုအယောင် အမျိုးသားညီလာခံဖြစ်၍ လုံးဝတရားမဝင်ချေ။ ထို့ကြောင့် ၎င်းအမျိုးသားညီလာခံအား လုံးဝအသိအမှတ် မပြုကြောင်း တညီတညွတ်တည်း သဘောတူဆုံးဖြတ်သည်။

၆။ တိုင်းရင်းသား လူမျိုးပေါင်းစုံပြည်သူများ၏ ဆန္ဒနှင့်အညီပါတီစုံ ဒီမိုကရေစီစနစ် ကိုကျင့်သုံးရန် တညီတညွတ်တည်း သဘောတူဆုံးဖြတ်သည်။

၇။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အဝရရှိပြီး အမျိုးသားပြည်နယ်များ စုပေါင်းပါဝင်ဖွဲ့စည်း ထားသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူ ဆုံးဖြတ်သည်။

၈။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား ကိုယ်စားပြုပါတီ (၄) ပါတီ၏ ပြည် သူ့လွှတ်တော် အစည်းအဝေးခေါ်ယူရန် တောင်းဆိုခြင်း၊ လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းခြင်း၊ လွှတ်တော်ရေး ရာကော်မတီများကို ဖွဲ့စည်းခြင်းများအား ထောက်ခံကြောင်း သဘောတူဆုံးဖြတ်သည်။

၉။ ဤနှီးနှောဖလှယ်ပွဲမှ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုပေါ်ပေါက်ရေးကို လတ်တလော လုပ်ငန်းစဉ်အဖြစ် ပူးပေါင်းကြိုးပမ်း သွားကြရန် သဘောတူဆုံးဖြတ်သည်။

၁၀။ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှမြန်မာပြည် ဒီမိုကရေစီထွန်းကားရေး နှင့်ငြိမ်းချမ်းမှုဖြစ်ထွန်းစေရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာမှုများအပေါ် ကြိုဆို ထောက်ခံသည်။ ၁၉၉၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာပြည်ဆိုင်ရာဆုံးဖြတ်ချက်များသည် တည့်မတ်မှန်ကန်သော ဆုံးဖြတ်ချက်များဖြစ်၍ တာဝန်ရှိသူများအနေဖြင့် လက်တွေ့ အကောင်အထည်ဖော်ရန် တညီတညွတ်တည်း တောင်းဆိုသည်။

၁၁။ မြန်မာပြည်အတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု ပြည်ပတင်ပို့မှုများတွင် နအဖစစ်အုပ်စု၏ အဓိကပါဝင်ပတ်သက်နေမှုကို ဆန့်ကျင်ရှုတ်ချကြောင်း သဘောတူဆုံးဖြတ်သည်။

၁၂။ နအဖစစ်အာဏာရှင် ကြီးစိုးမှုရှိနေသည့်ကာလအတွင်း မြန်မာပြည်အတွင်းသို့ မည်သည့်ရင်းနှီး မြှုပ်နှံမှု မှန်သမျှ ပြည်ပမှ ဝင်ရောက်မပြုလုပ်ရန် တောင်းဆိုကြောင်း သဘောတူဆုံးဖြတ်သည်။

၁၃။ ဤအမျိုးသားသွေးစည်းညီညွတ်ရေး နှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ်ထားသည့် သဘောတူဆုံးဖြတ်ချက်များကို ဆက်လက် ထိန်းသိမ်း အကောင်အထည်ဖော်ရန်အတွက် နှီးနှောဖလှယ်ပွဲသို့တက်ရောက်ကြသည့် အဖွဲ့အားလုံး တာဝန်ယူရန်၊ စည်းရုံး ညှိနှိုင်းရေး ကော်မတီတရပ်ဖွဲ့စည်း၍ ဆက်လက်အကောင်အထည်ဖော်သွားရန် ဆုံးဖြတ်သည်။ ။

ဂါမဏိ ပြန်လည်တင်ပြသည်။
↧

ရဲရင့်သက်ဇွဲ ● ကြောင်တွေဟာ သွားကြားထိုးတံ ဆောင်မထားကြဘူး

$
0
0


ရဲရင့်သက်ဇွဲ ● ကြောင်တွေဟာ သွားကြားထိုးတံ ဆောင်မထားကြဘူး
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆

လည်ပတ်နေတဲ့ သွေးများအေးခဲမတတ်
ဝန်ရိုးစွန်းအရပ်ရဲ့ အအေးဓာတ်ဖြတ်သွားပုံများ
အနှုတ်၂၅ တဲ့ ....
ကြောင်တွေတောင်မှ အမြီးမထောင်နိုင်
လူတွေလည်း ဂျိုမထောင်နိုင်
လူတွေ ကြောင်တွေ ငေါင်နေကြမလား ....

ငါ့မှာ ရေစိမ်ထားတဲ့ ပင်ပွားတွေလို
အတွေးတွေပွား ....
ကြောင်တွေကိုကြည့်ရင်း
အတွေးတွေများ .....
မယားနေစ ကြောင်သေမှတဲ့ 
၂၆ နှစ်ကျော်ခဲ့တဲ့ အိမ်ထောင်သက်မှာ
ကြောင်တွေ ကံကောင်းခဲ့ကြတယ်
ကျားဆရာ ကြောင်တဲ့
ဘ၀တလျှောက်မှာ ကြောင်လိုနေခဲ့မိသလား
နောက်ဆုံးတော့လည်း
အလုပ်မရှိ ကြောင်ရေချိုးဆိုသလို
ကြောင်လို လူတွေကိုရော ရေချိုးပေးရရင်ကောင်းမလား ...
(မိန်းမကတော့ ရှင်လဲကြောင်ပါပဲ ...ငကြောင်တဲ့)

ဝင်ရိုးစွန်းက အေးခဲမှုရဲ့ ပြဇာတ်
မရပ်တော့ဘူးလား
ကြောင်တွေတောင်မှ အမွှေးတွေထောင်လို့ 
ငါလဲ အတွေးတွေ ဖောင်လို့
ဘ၀မှာ အကြိမ်ကြိမ်လဲကျ
ဘယ်နှစ်ခါများ ကြောင်ကျ ကျခဲ့ဘူးပါသလဲ
ကိုယ့်ကိုယ်ကို မေးခွန်းထုတ်
ကြောင်တွေကတော့ ငုတ်တုတ်ပါပဲ....

ငါ့မှာသာ ကြောင်တွေလို အမြီးမထောင်နိုင်
ကြောင်တွေကလည်း ငါ့လို အတွေးဖောင်နေကြမှာ
သေချာငါမသိနိုင်
လူတယောက်ရဲ့ ဖြစ်တည်မှုနဲ့
ကြောင်တကောင်ရဲ့ဖြစ်တည်မှုမှာ
ဘာတွေကများ ကွာခြားနေပါသလဲ
ငါ ကြောင်တကောင်လို နေကြည့်မိတယ်
ငါ ကြောင်တကောင်လို တွေးကြည့်မိတယ်
ငါ ကြောင်တကောင်လို နာနာကျင်ကျင် အော်နေမိတော့တယ်...

လူတွေ လူတွေ ငါဖြတ်သန်းခဲ့တဲ့လမ်းမှာ ကြောင်လိုမျက်နှာနဲ့ 
ကြောင်ချေးလို လူတွေ သွားကြားထိုးတံတော့ ကိုယ်စီကိုက်လို့ .......

ကြောင်တွေဟာ ............ ......... .... ဆောင်မထားကြဘူး .....။

ရဲရင့်သက်ဇွဲ
==============

Cats do not carry around toothpicks
The coldness of the pole that feezes circulatin blood.
It is minus 25.
Eve the cats can't lift their tails.
Also the humans cant lift their horns.
Both the cats and humans are ....
As for me, my thoughts are multiplying just like the plants that
multiple in water.
As my thoughts go past, I look at the cats and wonder.
"Mayar nay sa kyoun thay mha"
The cats are lucky through out my 26 years of marrige.
Its is said that master of tiger is cat.
Did i live my whole life as a cat?
In the end, it is like the saying goes" give a cat a bath
when there is nothing to do".
Wouldn't it be better if we can do the same for humans?
My wife says " you are also a cat"
The cold and freezing show or the pole,
when will it stop?
even the hair on the cats are standing up. I tend to over think.
I dont know how many times I fell from height like a cat.
The cats are standing still as i began to question myself.
I cannot lift my tail just like a cat could.
I think the cats are also over thinking like me.
I cannot know for sure.
what is the difference of being a human and a cat.
I lived like a cat.
I cried out aloud in pain just like a cat would.
People , thorough out my life i see people's faces just like a cat.
Cats do not carry around toothpick.
Cats do not carry around toothpick.
Cats do not carry around toothpick.

Poem by ye yint thet zwe
Translate by ye yint tin aung moe

("Mayar nay sa kyoun thay mha"- Cats died from his wife
Occupation lazy girl and married that woman So how do we picture Can
anyone with a woman beloved kitten condemn beaten back from the woman
is not just looking at longer home work arise. Work was also his wife
who were newly in that excruciatingly make teach the way that show the
presence of a length convenient for Monday. (Wife, Cheung afterthought
↧

ဆောင်းလူ ● နွားအိုတကောင်ရဲ့ ပျံကျအတွေးများ

$
0
0
 
ဆောင်းလူ ● နွားအိုတကောင်ရဲ့ ပျံကျအတွေးများ
ဇူလိုင် ၃၀၊ ၂၀၁၆
 

ကျုပ်စိတ်ထဲ လူတွေရဲ့အကြောင်း တွေးမိလေလေ ... စိတ်ထဲမှာ တနုံ့နုံ့နဲ့ဗျာ ...။ ဒါလည်း ကျုပ် ငယ်နုစဉ်ကာလများ တုန်း စားပြီး စားမြုံ့ပြန်ဖို့အချိန်တောင်မရှိလို့ လူတွေအိပ်မောကျနေချိန်တွေကျမှ စားမြုံ့ပြန်ခဲ့ရတာဆိုတော့ အတွေးဆိုတာ တွေး ချိန်တောင် မရခဲ့ပါဘူးဗျာ ...။ ခုတော့ ကျုပ် အိုနေပြီလေဗျာ ...။ အချိန်တွေနည်းနည်းပိုလာတဲ့ နွားအိုကြီးပေါ့ဗျာ ...။

ကျုပ်တို့ နွားဘ၀က မလွယ်ပါဘူးဗျာ ...။ ငယ်တုန်းကကြတော့လည်း ခိုင်းလိုက်ကြတာ ရက်ရက်စက်စက်။ အိုလာလို့ ယိုင်နဲ့ နဲ့ သွားတွေနဲ့ မြက်ရင့် မြက်ခြောက်တွေ မ၀ါးနိုင်တော့လို့ မြက်နုလေးတွေ ရွေးစားမိပြန်တော့ ပြောလိုက်ကြတာ ပက်ပက် စက်စက် ...။ ဘာတဲ့ .. နွားအို မြက်နုကြိုက်တဲ့ ...။

နှစ် ၂၀ ၀န်းကျင်လောက်ရှိတဲ့ ကျုပ်တို့ နွားတွေ သက်တမ်းပြည့်နေရတယ်တို့ ဘယ်တုန်းကများ ကြားဖူးလဲ ...။ နွားသင်္ချိုင်းဆို တာရော တွေ့ဘူးလား ...။ ကျုပ် ဘိုးဘေး ဘီဘင်တွေကို တခါမှ သွားဂါရ၀ မပြုဘူးဖူး ...။ မြင်လည်း မမြင်ဘူးဖူး ...။ တခု တော့ တွေ့ဖူးတယ် ... လူတွေ နိဗ္ဗာန်ဆိုလား .. နတ်ပြည်ဆိုလား .. အဲ့ဒီရောက်ချင်လို့ ဘုန်းကြီးကျောင်းတွေ ကထိန်ပွဲတွေ မှာတော့ ကျုပ်တို့သားရေတွေကို စည်ကျက်ပြီး ဗုံတီးနေတာတော့တွေ့ဖူးတယ် ...။ နွားသားရေက ကောင်းသလေး တောင် ဆိုသေး ...။

ကျုပ်မြင်တာတော့ လူသတ္တ၀ါတွေက ကျုပ်တို့ကို ခိုင်းမယ်။ ၀အောင် ခိုင်းမယ်။

မိုးဆိုတော့လည်း လယ်။ တံခေါက်ခွက်ကျော မြှုပ်တဲ့ ရွံ့ထဲ ရေထဲ ရုန်းရ ...။ နောက်က ထပ်ပိုးထားတဲ့ ထွန်းသွားကို ဆွဲရ ...။ ဒီလူတွေ အတ္တကြီးချက်က သူများသာ ခိုင်း ချင်တာ ကိုယ်ကိုယ်တိုင်ကျ ရေသာခို အချောင်လိုက်ပြီး ထွန်းတုံးပေါ်ကတောင် တက်လိုက်လိုက်သေး ...။ အခပ်မသင့်ရင် နှင်တံနဲ့ပါ ရိုက်ချင်သေးတာ ...။

မိုးပြီးလို့ နွေဘက်ကျ နားရပြီထင်နေလား ...။ မထင်နဲ့ဗျ ...။ ထင်းမရှိလို့ဆိုပြီး ထမ်းပိုးကျောပေါ်တင်ပြီး သူတို့ထင်းရှာတဲ့နောက် တကောက်ကောက် ...။ ဟော ... ရေမရှိလို့ဆိုတော့လည်း ရေစည်တင်ပြီး လှည်းဆွဲရသေး ...။

ဒါဆို ဆောင်းတော့ နားရမှာပေါ့ဗျာ ...။ မထင်နဲ့ ဆရာ ...။ ဆောင်းကြ စပါးတွေ ရင့်မှည့်ကုန်ပြီဆိုတော့ သူတို့ရိပ်သိမ်းတော့ ကျုပ်တို့က ကောက်လှိုင်းတွေတင်ပြီး လှည်းဆွဲရသေးတာ ...။ ကောက်လှိုင်းတွေရပြန်တော့ စပါးစေ့တွေ ကြွေအောင် ကောက်ပင်တွေပေါ် ခေါင်းမူးအောင် လှည့်ပတ်နေရသေးတာ ...။ လူတွေက ကျုပ်တို့ကို ကျွေးတော့ ဒီအစေ့မပါတဲ့ ရိုးပြတ် တွေ။ သူတို့စားတာကြ အဆီအနှစ်တွေပါတဲ့ အဆံအစေ့တွေ ...။

သတ်မှတ်ပြီးသား ဘ၀မို့ နွားနဲ့လယ်ဆိုတာ ကျုပ်နားလည်ပါသေးတယ်ဗျာ ...။ တခါတလေ ဘာမဆိုင် ညာမဆိုင် ဆီဆုံ လှည့်ခိုင်းတာလည်း ရှိသေး ...။ ကျုပ်တို့နွားတွေ ဆီမပါလည်း မြက်စားတတ်ပါတယ်ဗျာ ...။ ဆီမပါလည်း ကောက်ရိုးဝါး တတ်ပါတယ်။ တခါတလေကျတော့လည်း ဆီမဖြစ်သေးတဲ့ မြေပဲပင်နုနုလေးတွေ စားချင်တာပေါ့ဗျာ ...။

လူဆိုတဲ့သတ္တ၀ါတွေက အတော်ဆိုးသပဲဗျ ...။ ကျုပ်တို့မျိုးနွယ် နွားတွေမှာ နွားထီး နွားပျိုလေးတွေဆို ခိုင်းကောင်းအောင်၊ အားရှိအောင်ဆိုပြီး မျိုးသင်းပစ်ကြတယ် ...။ လူတွေကျတော့ အဲ့လို ခိုင်းကောင်း၊ အားရှိအောင် မျိုးသင်းတယ်ဆိုတာ တခါ ဖူးမှ မရှိဘူး။ သူတို့ကျ အားမရှိရင်တော့ ဟိုဆေး ဒီဆေးတွေ မှီဝဲကြချင်သေးတာ ...။

ကျုပ်တောင် ကံကောင်းလို့ ခိုင်းစရာ နွားမျိုးပြုတ်မှာစိုးလို့ထင်တယ်။ ဒါတောင် စိတ်မချမ်းသာပါဘူး။ လူဆိုတဲ့သတ္တ၀ါတွေက ဟိရိသြတပ္ပတရား လက်ကိုင်ထားတယ်သာပြောတာ။ မနက်မိုးမလင်းသေးဘူး အစာအိမ်နုနယ်သေးတဲ့ ကျုပ်သားသမီးလေး တွေ အဟာရခွန်အားအတွက် ကျုပ်မိန်းမ သားမြက်တွေ တင်းဖောင်းနေတာကို ဒင်းတို့က ပယ်ပယ်နယ်နယ် ညှစ်နယ်ပြီး ကျုပ်သားသမီးလေးတွေ အစာကို လုကြသေးတယ် ...။ သွေးကဖြစ်တဲ့ နို့ရည်ကြည်တွေ ကျုပ်သားသမီးတွေ မသောက် မစို့ရတာ ကျုပ်စိတ်မကောင်းဘူးဗျာ ...။ ဒါပေမယ့်လည်း မတတ်နိုင်ပါဘူးဗျာ ...။ အဝေးကနေပဲ လှမ်းကြည့်ပြီး ဆွံ့အနေရ တာပါ။

ခုတော့ ကျုပ်လည်း အိုနေပြီဗျာ ...။ နွားအိုဆိုတော့ မ၀ါးနိုင်တော့လို့ မြက်နုကြိုက်တာလည်း မပြောချင်တော့ပါဘူး။ ကျုပ် အိုနေပြီဆိုတော့ ကျုပ်သေရင် သရနဂုံတင်ပြီး နွားသင်္ချိုင်းသွား ခေါင်းချရမယ်များ ခင်ဗျားထင်နေလား ...။

ကျုပ်သခင်ကဖြင့် ဈေးစကားတောင် ပြောနေပြီ။

ဇူလိုင် ၂၉၊ ၂၀၁၆
↧

မောင်ရစ် ● အမေရိကန်ရွေးကောက်ပွဲအကြို ပါတီညီလာခံ ၂ ခုနဲ့ ဆက်စပ်အတွေး (အယ်ဒီတာ့လက်ရေး)

$
0
0

မောင်ရစ် ●  အမေရိကန်ရွေးကောက်ပွဲအကြို ပါတီညီလာခံ ၂ ခုနဲ့ ဆက်စပ်အတွေး
(အယ်ဒီတာ့လက်ရေး)
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆
 
ဇူလိုင် ၁၈ ပတ်နဲ့ ၂၅ ပတ် အသီးသီးမှာ အမေရိကန်ပြည်ထောင်စုက အဓိကပါတီကြီး ၂ ခုဖြစ်တဲ့ ရီပတ်ဘလစ်ကန်နဲ့ ဒီမို ကရက်ပါတီတို့က ပါတီညီလာခံတွေ ၀ှဲချီးပြီး ကျင်းပခဲ့ကြပါတယ်။ ပါတီအသီးသီးရဲ့ သမ္မတလောင်းတဦးစီကို တခဲနက်စီ ထုတ်ပြန်အတည်ပြုခဲ့ကြပါတယ်။ တနိုင်ငံလုံးက ရုပ်မြင်သံကြားအစီအစဉ်တွေကနေ ပါတီညီလာခံကို တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့် တာကြောင့် စိတ်ဝင်စားသူ ပြည်သူတွေအားလုံး ကြည့်ရှု သုံးသပ်ခွင့်တွေ ရကြတယ်။ မြန်မာပြည်မှာကတော့ သူတို့လောက် ခေတ်မီဆန်းသစ်တာ မရှိသေးလို့ မြန်မာတွေရဲ့ပါတီ ညီလာခံတွေ တိုက်ရိုက်မကြည့်ကြရပါ။ ဗဟိုကော်မီတီ တွေက ထုတ်ပြန်တာလောက်ကို သတင်းစာရှင်းလင်းပွဲတွေကတဆင့် သိကြရတာပေါ့။

ပါတီညီလာခံတွေမှာ ပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရနဲ့ ပြည်နယ်ခေါင်းဆောင်တွေ၊ နိုင်ငံရေး သမားတွေ၊ အထူးရွေးချယ်ခံ ပြည်သူတွေကနေ ပါတီက ရွေးချယ်တဲ့ သမ္မတလောင်းကို ဘယ်သို့ဘယ်ပုံ ထောက်ခံကြောင်း၊ သူတို့တွေရဲ့ ဖြတ်သန်းမှုတွေ အောင်မြင်မှုတွေကို ဘယ်လိုမျိုးတွေ့ကြုံသိရှိကြောင်း မိန့်ခွန်းတွေပြော၊ ဟောပြောချီးမွမ်း တာတွေ လုပ်ကြပါတယ်။ လူထုနဲ့ မိတ်ဆက်ပေးကြပါတယ်။ ညီလာခံတက်ရောက်တဲ့ ပါတီပရိသတ် ကလည်း လွတ်လွတ် လပ်လပ် ထောက်ခံတာ၊ ကန့်ကွက်တာ၊ အော်ဟစ်တာတွေ လုပ်ကြပါတယ်။ သတင်းမီဒီယာတွေက မိန့်ခွန်းတွေ ဟောပြော ချက်တွေထုတ်ပြန်တာအပြင် ဟောပြောသူတွေ၊ ပရိသတ်တွေနဲ့ အင်တာဗျူးတာ၊ သုံးသပ်သူတွေရဲ့သဘောထားဆွေးနွေးတာတွေကို အချိန်မလပ် ထုတ်လုပ် ဖြန့်ချိကြပါတယ်။ မြန်မာပြည်မှာကတော့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ခေါင်းဆောင်ရဲ့ မိန့်ခွန်းနဲ့သဘောထားကိုသာ လူတွေက ကြားနာကြရတာများပြီး နောက်လိုက်ပုဂ္ဂိုလ်ကြီးတွေ နိုင်ငံရေးသမားတွေရဲ့ သ ဘောထားတွေ မိတ်ဆက်တာတွေတော့ ညီလာခံမှာ မကြားနာကြရ သေးပါဘူး။

မြန်မာပြည်က တပါတီအာဏာရှင်တွေ၊ စစ်အုပ်စုကျောထောက်နောက်ခံ အစိုးရတွေလက်ထက်မှာက သူတို့လို လူတိုင်းစင် ပေါ်တက် ပြောချင်တိုင်းပြောဟောတာထက် ညီလာခံဆိုတာ အဆင်သင့်ပြင်ထားပြီးသား မိန့်ခွန်းတွေဖတ်တာ၊ ထောက်ခံ တာ လုပ်ရုံနဲ့ပြီးကြရတာကိုး။ ၂၀၁၂ နောက်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲပြီးတော့မှသာ လူထုနဲ့တွေ့ဆုံပွဲ၊ ဟောပြောပွဲ၊ မဲဆွယ်ပွဲတွေ ဖြိုင်ဖြိုင် ကျင်းပနိုင်ကြရတာ။ သမ္မတလောင်း ရွေးချယ် မိတ်ဆက် အတည်ပြုတဲ့ ညီလာခံလိုဆိုတာမျိုး ကို တော့ နောက်လာမယ့် ရွေးကောက်ပွဲများမှာ မြန်မာပြည်လည်း လုပ်နိုင်မယ်ထင်မိပါရဲ့။

ရီပတ်ဘလစ်ကန်ညီလာခံကတော့ သူတို့သမ္မတလောင်း လုပ်ငန်းရှင်ကြီးထရန့်ကို ချီးမွမ်းခန်းဖွင့်၊ တဖက်ပါတီက သမ္မတ လောင်းကို ပုတ်ခတ်ဝေဖန်၊ သူတို့ရဲ့ပေါ်လစီတွေ လုပ်ငန်းစဉ်တွေ အလွန်ကောင်းမွန်ကြောင်း ပြောဆိုဝါဒဖြန့်တာတွေ မိုးမွှန်နေတာပါ။ သို့သော် မီဒီယာတွေနဲ့ သုံးသပ်သူတွေ အဓိကကောက်ချက်ကတော့ အလွန်ရှင်းပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဟာ လူတွေကို အကြောက်တရား၊ အမုန်းတရားတွေ ဖြန့်ချိ အသုံးချပြီး မဲဆွယ်နေတယ်ဆိုတာပါပဲ။ အစွန်းရောက်လွန်း တယ်၊ ပါတီဝင်တွေကိုယ်တိုင်ကလည်း ခါးသီးတဲ့အမြင်တွေ သဘောထားတွေပြောလွန်းတယ်လို့ ဝေဖန်ကြပါတယ်။ အမေ ရိကန်ရုပ်မြင်သံကြားက နာမည်ကျော် လူရွှင်တော်တွေကိုယ်တိုင်က ရီပတ်ဘလစ်ကန်ညီလာခံကို အကြီးအကျယ် ပြက်လုံး ထုတ်စရာ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ ပြည်ခိုင်ဖြိုးအမတ်လောင်းတွေ ပြောပုံ ဆိုပေါက်တွေဟာ လူထုကြားမှာ စိတ်ပျက်စရာ၊ စိတ်ဆိုးစရာ၊ ဟာသလုပ်စရာဖြစ်ခဲ့ကြရတာနဲ့ နှိုင်းယှဉ်ပြီး တွေးနိုင်ပါတယ်။

ဒီမိုကရက်ညီလာခံကတော့ မြန်မာပြည်က အကယ်ဒမီပွဲတက်ရသလိုမျိုးပြောနိုင်တယ်။ အမေရိကန်က ဒီမိုကရက်နိုင်ငံရေး သမားတွေ ခေါင်းဆောင်တွေဆိုတာက နိုင်ငံတကာ ပရိသတ်ကြား ရေပန်းစားသမို့ အမေရိကန်တွေမပြောနဲ့ ပြည်ပကတောင် ထိုင်ကြည့်ကြရတယ်လို့ ဆိုပါတယ်။ သမ္မတဟောင်း ကလင်တန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း မာဒရင်းသြဘရိုက်တို့ ပြော ကြ ဆိုကြတာအပြင် လက်ရှိသမ္မတအိုဘားမားနဲ့ သမ္မတကတော် မစ်ချယ်အိုဘားမားတို့တွေ စကားပြောတာကို ပရိသတ်က သောင်းသောင်းဖျဖျအားပေးကြတာကိုး။

မြန်မာပြည်မှာဆိုရင်တော့ မဲဆွယ်ပွဲတွေမှာ အဆိုတော်တွေ ရုပ်ရှင်မင်းသား မင်းသမီးတွေ စင်ပေါ်တက် ပြောကြဆိုကြ သီဆို ဖျော်ဖြေကြတာလောက်နဲ့ ပြီးခဲ့ကြတာမို့လားနော်။

မနှိုင်းကောင်းနှိုင်းကောင်းတွေ မဆိုင်ရာတွေ ပြောနေတယ်လို့ ဆိုကြမယ်။ စိတ်ထဲခံစားမိတာ ပြောမိတာပါ။ သူတို့ဆီမှာက နိုင်ငံရေးအုတ်မြစ်ကခိုင်လေတော့ ဆိုင်ရာနယ်ပယ်မှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက အသုံးတော်ခံကြတယ်။ သမ္မတလောင်း ရွေးချယ်တဲ့ ပါတီညီလာခံမှာ နိုင်ငံရေး သမားတွေကထွက်ပြီး လှုံဆော်စည်းရုံး ဟောပြောပညာပေးကြရတာပေါ့။ မနှစ်က ရီပတ်ဘလစ် ကန်ညီလာခံမှာ ကလင့်အိစ၀ုဒ် မင်းသားအိုကြီး ထွက်မဲဆွယ်တာကို အမေရိကန်တွေက ဟား ကြဖူးပါတယ်။ မြန်မာပြည်က အင်န်အယ်ဒီ ပါတီညီလာခံမှာဆိုရင် ၀ါရင့်နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ ဦးကြည်မောင် (ကွယ်လွန်)၊ သခင်အုန်းမြင့် (ကွယ်လွန်)၊ ဦးဝင်းတင် (ကွယ်လွန်) နဲ့ ဘဘဦးတင်ဦး (သက်တော်ရှည် သံမဏိနိုင်ငံရေးသမားကြီး) တို့ ထွက်ပြီး စကားပြောကြမှာလို့ မြင်ယောင်ခံစားကြည့်မိပါရဲ့။

ဒီမိုကရက်ပါတီရဲ့သမ္မလောင်း ဟီလာရီကလင်တန်ကို အတည်ပြုကြဖို့ မိတ်ဆက်ပေးကြတာလည်း စိတ်ဝင်စားဖွယ်ပါ။ သူမနဲ့အပြိုင် သမ္မတလောင်းအဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ လူငယ်တွေ အချစ်တော်၊ ၀ါရင့်နိုင်ငံရေးသမားကြီး ဘာနီဆင်းဒါးကိုယ်တိုင်က အရှုံးကိုလက်ခံပြီး ကလင်တန်ကို ထောက်ခံပါကြောင်း ၀န်ခံမိန့်ခွန်းပေးပါတယ်။ တိုင်းပြည်မှာ တိုးတက်တဲ့အတွေးအခေါ်တွေ ဆန်းသစ်တဲ့ပေါ်လစီတွေ ဆက်လက်ထွန်းကားဖို့ ရှေးရိုးစွဲတွေရဲ့ အဟောင်းအမြင်း အယူအဆတွေက ရုန်းထွက်ကြဖို့ တိုက်ပွဲဆက်ဝင်ကြဖို့၊ ကလင်တန်နောက်က ထောက်ခံလိုက်ပါ ဆက်ချီတက်ဖို့ တိုက်တွန်းဟောပြောခဲ့ပါတယ်။ နည်းနာ အသေးစိတ်ချင်းမတူသော်လည်း ခံယူချက်တူညီတာကြောင့် တပါတီတည်းအမိုးတခုအောက်မှာ ခေါင်းဆောင်တွေ အတူ တကွ နေထိုင်ရုန်းကန်နေကြတာကို သင်ခန်းစာယူချင်စဖွယ် တွေ့ရပါတယ်။ အမေရိကန်က ဘာနီဆင်းဒါးကိုမြင်တော့ မြန်မာပြည်က ဦးဝင်းတင်ကို အောက်မေ့သတိရမိပါတယ်။ ဘဘဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န် အယ်ဒီပါတီနဲ့အတူ ရပ်တည်ခဲ့သော်လည်း မတူညီတဲ့နည်းနာ အယူအဆတွေကို ပွင့်လင်းစွာ ထုတ်ဖော်ဝေဖန် ပြောဆိုခဲ့တာ တွေ ပြန်မြင်ယောင်မိပါတယ်။

အကြောင်းတိုက်ဆိုက်လို့ ဘာနီဆင်းဒါးနဲ့ ဦးဝင်းတင်တို့တတွေ သူတို့ပါတီအလံတော်အောက်မှာ လိုက်နာရပ်တည်မှု တွေကြည့်ရင်း ရီပတ်ဘလစ်ကန်ပါတီကြီးကို ပြန်ကြည့်လိုက်တော့ ဖြစ်ပုံက ပြောင်းပြန်ဖြစ်နေပါတယ်။ သူတို့ရီပတ်ဘလစ်ကန်ပါတီကိုဦးဆောင်ပြီး သမ္မတလောင်း အရွေးခံ လိုက်သူက ပါတီအပြင်ဘက်က နိုင်ငံရေးလူစိမ်း၊ စီးပွားရေးလုပ်ငန်းရှင် ထရန့် ဖြစ်ပါတယ်။ ပါတီက အစဉ်အလာရှိသူခေါင်းဆောင်တွေကို နောက်ကောက်ချပြီး ခေါင်းဆောင်နေရာကို တက်လာ တာပါ။ ပါတီခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ တော်တော်များများဟာ ထရန့်ရဲ့ နိုင်ငံရေးခံယူချက်တွေ သဘောထား တွေကို မနှစ်သက်ကြသော်လည်း ပါတီဝင်တွေ မဲဆန္ဒရှင်တွေ က ထရန့်နောက်ကနေ တခဲနက် သဲသဲလှုပ်နေကြတာကြောင့် ပါတီရဲ့ မူလအစဉ်အလာတွေ လမ်းစဉ်တွေကနေ ဖြစ်ညှစ်ပြီးတော့ အပြင်လူကို သမ္မတလောင်းအဖြစ် အတည်ပြုပေးခဲ့ ကြရတာပါ။ ထရန့်နောက်မလိုက်ကြရင် ပါတီလည်း မထွေးနိုင် မမြိုနိုင်နဲ့ ပါတီပြိုကွဲကိန်း မြင်နေရတာကြောင့် မျက်စီမှိတ်ပြီး ပါတီခေါင်းဆောင်တွေက ခေါင်းညိတ်လိုက်ကြတာမို့ ပါတီအလံတော်နောက်သို့လား ထရန့်၏တကိုယ်တော်အလံတော် နောက်သို့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ကြရပါတယ်။

၂၀၁၅ တုန်းကလည်း မြန်မာပြည်က ပြည်ခိုင်ဖြိုးပါတီက တပ်မတော် စေလွှတ်လိုက်တဲ့ မိုးကျရွှေကိုယ် စစ်ဗိုလ်ကြီးများကိုငြင်းပယ်ဖို့ ကြိုးစားခဲ့ဖူးတယ်ထင်ပါရဲ့။ ဒါနဲ့ပဲ ပြည်ခိုင်ဖြိုးဟာ သန်းကောင်ယံပါတီတွင်း အင်အားသုံးသန့်စင်ရေးလှုပ်ရှားမှုနဲ့ အားနည်းထိခိုက်မှုတွေ ဖြစ်ခဲ့ဖူးတာကို သတိရမိပါသေးတယ်။

ဒီမိုကရက်ပါတီရဲ့သမ္မတလောင်းအဖြစ် ခေါင်းဆောင်မှုပေးမယ့်သူကတော့ အားလုံးသိကြတဲ့ ဟီလာရီကလင်တန်ပါ။ တစိုက်မတ်မတ် နိုင်ငံရေးလှုပ်ရှားမှုသက်တမ်း အနှစ် ၃၀၊ အနှစ် ၄၀ ရှိတဲ့ အမျိုးသမီးခေါင်းဆောင်ကြီး ရင်ဆိုင်နေရတဲ့ ပြဿနာက ဟီလာရီကို ဘယ်သူကမှ အတွင်းကျကျ မသိကြလို့ပါ ဆိုသတဲ့။ ဒေါ်ကလင်တန်ဟာ တက်ကြွလှုပ်ရှား နိုင်ငံရေး သမား၊ သမ္မတကတော်၊ အထက်လွှတ်တော်အမတ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်များ တစိုက်မတ်မတ် ဆောင်ရွက်ရုန်းကန် ခဲ့သော်လည်း သူ့အတွင်းစိတ်ကို လူအများက မသိကြ၊ အကဲမစမ်းမိကြ၊ မယုံကြည်နိုင်ကြ ဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။ အမျိုးသမီးတွေတန်းတူညီမျှရေး၊ ကလေးသူယ်များအရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးတွေမှာ အမျိုးသားတွေကြား ရင်ဘောင်တန်း ရုန်းကန်ခဲ့သူ၊ ၂၀၀၈ တုန်းက လူမည်းသမ္မတလောင်း အိုဘားမားက သူ့ကိုဖြတ်ကျော်သွားချိန်မှာ အရှုံးကို အပြုံးနဲ့ ရင်ဆိုင်ပြီး ပါတီသမ္မတလောင်း အနိုင်ရရေး ဆောင်ရွက်ခဲ့သူ ဒေါင်ဒေါင်မြည် “မ” တဦးကို အမေရိကန်ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေက “အကြောင်းမသိကြသေး” ဆိုတာ စိတ်ဝင်စားစရာပါ။ စိတ်ဓာတ်ခိုင်မာလွန်းသူ၊ အကြိမ်ကြိမ်ရှုံးနိမ့် သော်လည်း အကြိမ်ကြိမ် ကုန်းရုန်းထပြီး နိုင်ငံရေးရည်မှန်းချက်ကြီးမားလွန်းသော “မတို့၏သြဇာ” ကို ရွံ့ကြ တွန့်ကြတာက အဓိကအကြောင်း ဖြစ်ပါလိမ့်မယ်။ သည်အတွက် ဒီမိုကရက်ညီလာခံကြီးကနေ သူတို့ပါတီရဲ့ ပထမဦးဆုံးသော အမျိုးသမီး သမ္မလောင်း ဒေါ်ကလင်တန်ကို ထောက်ခံအတည်ပြုကြချိန်မှာ သူ့မိတ်ဆွေ နိုင်ငံရေးခေါင်းဆောင်များ၊ မိသားစုဝင်များက အများသိဖို့ ဟီလာရင်ကလင်တန်ကို ၀ိုင်းပြီး “မိတ်ဆက်” ပေးခဲ့ကြတာဖြစ်ပါတယ်။ အလွန်စိတ်လှုပ်ရှား ၀မ်းမြောက်စရာ မြင်ကွင်း ဖြစ်ပါတော့တယ်။

မြန်မာပြည်နဲ့ဆက်စပ်တွေးမိပြန်တော့ ဒေါ်အောင်ဆန်းစုကြည်ကို သူမအကျယ်ချုပ်ကာလအတွင်းနဲ့ တောက်လျှောက် အနှစ် ၂၀ ကျော်  ပြည်သူလူထုတရပ်လုံးက  ထောက်ခံ ရပ်တည်ခဲ့ ကြတာပါ။ လွတ်လပ်ရေးဖခင်ကြီး ဦးအောင်ဆန်းရဲ့ နိုင်ငံရေးဂုဏ်သိက္ခာအမွေကို ဆက်ခံသူအဖြစ် လူထုက အပ်နှင်းရွေးချယ်ခဲ့ ရွေးကောက်တင်မြှောက်ခဲ့ကြတာပါ။ ဒေါ်စုကို မိတ်ဆက်ပေးစရာ မလိုလောက်အောင် ကမ္ဘာကိုပါ သြဇာလွှမ်းခဲ့သူ။ ဒေါ်စုကိုယ်တိုင် စင်တော်ကောက် မိတ်ဆက် ပေးမှသာ နိုင်ငံရေးမှာ လူလားမြောက်ရသလို “ကျမတို့ ပါတီကိုရွေးပါ၊ လူကို ရွေးမနေပါနဲ့” ဆိုတော့လည်း လူထုက “ဟုတ်ကဲ့ပါ မေ မေ” ဆိုခဲ့ကြတာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စန်းနဲ့ လမ်းဟာ ထူးခြားတယ်ဆိုရမှာ။ အဲသည်အတွက်လည်း ဒေါ်ကလင်တန်က ဒေါ်စုကို တွေ့ဆုံတဲ့အခါ  “အဝေးကြီးက လာခဲ့ရတဲ့” အမေရိကန်က အမျိုးသမီးခေါင်းဆောင်က ဒေါ်စုကို နိုင်ငံရေး သမား တဦးလို အရေထူထူခံနိုင်ရည်ရှိရှိနဲ့ ပြောင်းလဲရပ်တည်ဖို့ တိုက်တွန်းခဲ့တာ၊ လူစွမ်းကောင်းလို သူရဲကောင်းလိုမျိုးထက် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်စေလိုကြောင်း ဆန္ဒပြုပေးခဲ့တာ ပြန်ပြောင်းသတိရမိကြောင်းပါခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်က အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးအဖြစ် ရပ်တည်နေချိန်မှာ ဒေါ်ကလင်တန်ဟာ အမေရိ ကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံနိုင်ဖို့အရေး နိုဝင်ဘာရွေးကောက်ပွဲမှာ ပြိုင်ဖက်ပါတီက ရှေးရိုးစွဲဗိုလ်ကျသူ ကျား ၀ါဒီတဦးနဲ့ ယှဉ်ပြိုင် တိုက်ပွဲဝင်ရပါဦးမယ်။

နားလည်ရခက်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လူတွေမသိတဲ့ ဒေါ်ကလင်တန်တို့နဲ့ ကျနော်တို့တတွေ အခုလို စိန်ခေါ်မှုတွေ ပြည့်လျှမ်းနေတဲ့ မျက်မှောက်ခေတ်ကာလမှာ ဆုံရကြုံရတာဟာ ကံထူးတယ်လို့ပဲ ဆိုချင်ပါတယ်။ အမေရိကန်ပါတီ ၂ ရပ်ရဲ့ သမ္မတလောင်း ရွေးချယ်တဲ့ ပါတီညီလာခံတွေနောက် သတင်းလိုက်နားထောင် ဖတ်ရှုရင်း တွေးမိ ဆုံမိ မြင်မိသမျှကို တင်ပြ လိုက်ရပါတယ်ခင်ဗျား။

အော် မေ့တော့မလိုဗျာ။ အမေရိကန် အခြေခံဥပဒေကြီးမှာက ၂၅ ရာခိုင်နှုန်း အမွေရ တပ်မတော် ကိုယ်စားလှယ်ကြီးတွေမပါဘူးခင်ဗျ။ ဆိုတော့ သူတို့ အမေရိကန်တပ်မတော်ကြီးရဲ့ တပ်မတော်ညီလာခံဆိုတာကြီးကိုတော့ Live မကြည့်ရတော့တာ နာသကွာပေါ့ဗျာ။ မြန်မာပြည်မှာဆိုရင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်ကိုယ်စားလှယ်ကြီးများနဲ့ တပ်မတော် စစ်ခေါင်း ဆောင်ကြီးများဦးဆောင်သော ညီလာခံဆိုတာ Live ကြည့်ချင် ကြည့်နေကြရဦးမှာ မဟုတ်ပါလားခင်ဗျား။
↧
↧

မင်းကိုနိုင် ● ယုံကြည်သော အနာဂါတ်

$
0
0


မင်းကိုနိုင် ● ယုံကြည်သော အနာဂါတ်
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၆

(ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။)

လူကြီးတရာ ဟောပြောတာထက်
ကလေးတယောက် ရှိုက်ငိုသံက
နာကျင် ပိုထိရောက်ပါတယ်

တခါတလေ
လူကြီးတွေ မစာနာပေမယ့်
ကလေးတွေ လွယ်လွယ် သနားတတ်တယ်

တခါတလေ
လူကြီးတွေ မမီချင်ယောင်ဆောင်တဲ့အရာ
ကလေးတွေ ရအောင်ယူနိုင်တယ်

ခေါင်းလောင်းသံချိုဟာ ဗုံးသံကြောင့်ဆွံ့အ
တောင်ယာခင်းစိမ်းဟာ မီးကျည်တွေကြောင့် ပြာကျ၊
စစ်ဖိနပ်တွေက
ထမင်းဝိုင်းကို ခလုတ်တိုက်ချလိုက်တဲ့အခါ

အရွယ်ချင်းတူပေမယ့်
ဘ၀ချင်းခြား သူငယ်ချင်းများအတွက်
[ကလေးတွေသံပြိုင်]
ကောင်းကင်ကြီးပွင့်သွားအောင် တိုင်တည်လိုက်မယ်။

#မင်းကိုနိုင်
↧

ကာတွန်း ညီထွေး ● မူးယစ်ရာဇာတွေလေ ...

$
0
0


ကာတွန်း ညီထွေး ● မူးယစ်ရာဇာတွေလေ ...
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၆
↧

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၁၈)

$
0
0
 

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၁၈) 
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၆
● ကြံဖန်၍လည်း ပျော်ပါသည်
မိမိဆိုခဲ့သလိုပင် ထိုချိန်ခါက ဆေး ၂ ရှိရာ မင်္ဂလာဒုံသည် သိပ်စည်ကားလှသည်မဟုတ်။ မင်္ဂလာဒုံမှ မြို့ထဲသို့သွားရန် အ မှတ် ၉ ဟီးနိုးကားလိုင်းတခုသာရှိသည်။ နာရီဝက်တစီး ခပ်ကျဲကျဲလာတတ်သော ဟီးနိုးလိုင်းကားသည် ည ၈ နာရီကျော်လျှင် မြို့ ထဲသို့သွားရန် မလွယ်တော့။ မြို့ထဲကပြန်လာသော လိုင်းကားကလည်း ကျောင်းရှေ့မှတ်တိုင်တွင် ည ၉ နာရီခွဲခန့်ဆိုက်သည့်ကားကနောက်ဆုံးကားဖြစ်သွားတော့သည်။ ည ၁၀ နာရီခန်ဆိုလျှင် ဆေး ၂ ရှေ့ ပြည်လမ်းမကြီးသည် တိတ်ဆိတ် ခြောက်ကပ်သွားသည်။ ကားအသွားအလာမရှိတော့ပေ။ ခပ်ကြာကြာနေမှ ဖြတ်သွားတတ်သည့် ကားတစီးတလေမှအပ လူသူကင်းရှင်းသွားသည်။ ယခုကာလနှင့်များစွာ ကွာခြားသည်။ လူရော ကားရောများပြားလာပြီး နေ့နေ့ညည သွားသွား လာလာ များလှသည်။

ထိုအခါ မိမိတို့ကျောင်းမှ ကျောင်းသားအချို့လမ်းမီးရောင်အောက်၌ ပြည်မလမ်းကြီး၌ ဘောလုံးထွက်ကစားတတ်ကြသည်။သို့မဟုတ်သီတာဆောင် အုတ်ခုံရှေ့ ဂီတာသွားတီးလေ့ သီချင်းဆိုလေ့ရှိကြသည်။ ကြံဖန်၍ ပျော်ကြရသည်။ ခြောက်သွေ့ သော ညချမ်းများကို ဖြတ်သန်းရသည်။ သို့မဟုတ်ပါက ကျောင်းကန်တင်းဖြစ်ဖြစ် အဆောင်ရှေ့ကဆိုင်လေးတွေဖြစ်ဖြစ် သွားထိုင်ပြီး ဝိုင်းဖွဲ့တတ်သည်။ ငွေယားလေးလက်ထဲရှိသော လဆန်းရက်ဆိုလျှင် ထိုင်ဖြစ်ကြပြီး လကုန်ရက်ဆိုလျှင်တော့ သိပ်မကပ်နိုင်။ မိမိမိသားစုက အစိုးရဝန်ထမ်းမိသားစုဆိုတော့ တိုင်းထွာသုံးကြရသည်။ ဆေးကျောင်းရောက်တော့ တလကို အိမ်က ၁၀၀ ကျပ်ပို့ပေးသည်။ အဆောင်ကြေးနှင့် ကျောင်းလခ ၅၇ ကျပ် သွင်းပြီးတော့ ကိုယ်သုံးစရာက ၄၃ ကျပ်သာ ကျန် သည်။

ပျင်းလျင် ကြံဖန်ပျော်သည်။ တည ကျောင်းစားသောက်ဆိုင်မှအပြန် အဆောင်ရောက်တော့ ပျော်ရန်ကြံသည်။ ထိုညက ကြယ်တွေစုံနေသည်။ ကျောင်းလှေခါးပေါက်ဝမှနေ၍ "ကြယ်တွေအရောင်လက်နေပြီဟေ့ ထွက်ကြည့်ကြ ကမ္ဘာပျက်မဲ့ နမိတ်ကွ"မိမိနှင့်မောင်မောင်ထွေး ၂ ယောက်သား ကုန်းအော်ကြသည်။ မိမိတို့ ၂ ယောက်က တထပ်ပြီး တထပ် တက်အော် လည်းအော် တခန်းပြီး တံခါးတွေလိုက်ခေါက်တော့ ကျောင်းသားတွေလည်း ရုန်းရုန်းနှင့်ထွက်လာကြသည်။ အထပ် ၃ ထပ် စလုံးက လှေခါးခွင်တိုင်း ကျောင်းသားတွေပြည့်ကုန်ကြသည်။ တယောက်ကထွက်တော့ နောက်တယောက်ထွက် ဘာဖြစ် တာလဲဆိုပြီးထွက်ကြ၊ ဘာလဲမသိဘူးဆိုပြီး ထွက်ကြနှင့် ကျောင်းသားအားလုံးထွက်လာကြသည်။ နောက်ဆုံးတော့ ဒီကိစ္စ  ဘယ်သူက စမှန်းမသိ။ ကောင်းကင်မော့ကြည့်ကြပြီး "ကြယ်အရောင်လက်တော့ ဘာဖြစ်လဲကွ၊ ညတိုင်းလက်နေတာဘဲ ဘယ်ကောင်စတာလဲကွ"တရားခံရှာကြသည်။ ရုန်းရုန်းနှင့်မို့ မည်သူကစမှန်း ဘယ်သူမှမသိကြတော့။ နာရီဝက်ခန့် စည် ကားသွားသည်။ အခန်းတွေထဲပြန်ဝင်တော့ ကိုစိုးအောင်က မိမိတို့ ၂ ယောက်အား "မင်းတို့ ၂ ယောက်မဟုတ်လား ခွေး မသားတွေ"ဟု ဆိုသည်။ ဤသို့ တခါတရံ မိမိတို့ ကြံဖန်၍ ပျော်ပါသည်။

● ဆူးများ
ဆေး ၂ တွင်ရှိခဲ့စဉ် အဆင်မပြေဖြစ်ခဲ့သည်ကတော့ စစ်တပ်နှင့်ဟုသာ ဆိုရမည်။ မင်္ဂလာဒုံဆိုသည်က တပ်မြို့ ဖြစ်နေသည်။ မိမိတို့ ဆေး ၂ မှလွဲ အရပ်ဖက်ကသိပ်မရှိ။ မိမိတို့ပတ်လည်တွင်လည်း ဆေးတပ် စစ်သူနာပြုအဆောင် စစ်ဆေးရုံ စစ် တပ်ရုပ်ရှင်ရုံ စစ်တပ်ဈေး စစ်တပ်ကျောင်းတို့ဖြင့်ဝိုင်းရံထားသည်။ ကျောင်းနယ်နိမိတ်စည်းရိုးကလည်း ရှေ့ဖက် ပါမောက္ခ ချုပ်ရုံးတဝိုက်တွင်ရှိသော်လည်း ခန္ဓာဗေဒဌာနနှင့် ဆေးတပ်ကြားတွင် ဝင်းခြံစည်းရိုးဟု သတ်သတ်မှတ်မှတ်မရှိပေ။

မိမိတို့ ကျောင်းမရောက်ခင်က အောင်ဆန်းသူရိယလှသောင်းကျောင်းနှင့် ပြဿနာဖြစ်ဘူးသည်ဟု ကြားဘူးသည်။ ထို ကျောင်းကို ယခုတော့ မင်္ဂလာဒုံ အထက ၂ ဟု ခေါ်သည်ထင်သည်။ ထိုစဉ်က ထိုအထက်တန်းကျောင်းက ကျောင်းသား များနှင့် မိမိတို့ ဆေး ၂ ကျောင်းသားများ ရိုက်ကြ နှက်ကြ ဖြစ်ဖူးကြသည်။ အကြောင်းရင်းတော့ မမှတ်မိတော့ပေ။ ပါမောက္ခ ချုပ် ဆရာကြီးဦးအေးလက်ထက်က ဖြစ်သည်။




တည မိမိတို့အဆောင်မှ ကျောင်းသားများအား ဆေးတပ်မှလာဖမ်းသွားသည်ဟုသိရသည်။ မိမိတို့ကျောင်း ပရဝုဏ် ဇီဝ ကမ္မဗေဒဌာနအနီးရှိ ကျောင်းကန်တင်းခေါ် စားသောက်ဆိုင်၌ မိမိတို့ကျောင်းသားများ စားသောက်နေစဉ် စစ်ကားတစီးဖြင့် စစ်သားများရောက်လာပြီး ကျောင်းသားများကို ဝိုင်း၍သေနတ်နှင့်ချိန်ကာ ဖမ်းဆီးသွားသည်ဟုဆိုသည်။ ဖမ်းသွားသည့် အချိန်ကည ၉ နာရီလောက်ဖြစ်မည် ထင်သည်။ မြို့ထဲကပြန်လာသော နောက်ဆုံးအပိုင်း (ခ) ကျောင်းသား ကိုမြင့်အောင် (ကွယ် လွန်) ကန်တင်းအဝင်တွင် ဆိုင်ကဆီးပြော၍ သိရသည်။ ဖမ်းသွားသည့်အထဲတွင် သူ့ညီ ကိုစိုးအောင်လည်းပါသွားသည်ကိုသိရပြီး အဆောင်သို့ အမြန်ပြန်လာကာ မိမိတို့ "ဟေ့ကောင်တွေ စိုးအောင်တို့ တပ်ကဖမ်းသွားလို့တဲ့ကွ"ဟု ပြော ပြီး အဆောင်မှူးအခန်းသို့ တက်သွားသည်။

ထိုအခါမိမိတို့ ကျောင်းသားများလည်း အဖမ်းခံရသောမိမိတို့ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက် ဆေးတပ် သို့ စုဝေးချီတက်ရန် အဆောင်ရှိ အခန်းခန်းကို လိုက်လံစည်းရုံးလှုံ့ဆော်ကြရာမှာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်အကြာတွင် အ ဆောင်ဧည့်ခန်းနှင့် ပေါ်တီကိုအောက်တွင် ကျောင်းသား အတော်များများ စုမိသွားခဲ့သည်။ ဆေးတပ်သို့ ချီတက်ကြဖို့ ပြင် ဆင်ချိန်တွင် ကိုမြင့်အောင်က အဆောင်မှူးအခန်းမှ ပြန်ဆင်းလာပြီး မသွားကြနဲ့တော့ အဆောင်မှူး ဆေးတပ်ကို ဖုန်းဆက် လိုက်လို့ ပြန်လွှတ်ပေးလိုက်ပြီဟုဆိုသဖြင့် အစီအစဉ်ဖျက်လိုက်ကြသည်။ ခဏအကြာတွင် ကိုစိုးအောင်တို့ပြန်ရောက် လာ ကြ၍ အကျိုးအကြောင်းသိရသည်။

ကိုစိုးအောင်နှင့် သူငယ်ချင်းတသိုက်က ညဘက် ကန်တင်းသို့ သွားရင်းသီချင်းဆိုကြ အော်ကြဟစ်ကြလုပ်ကြသည်။ အဆဲ အဆိုလည်း နဲနဲပါသည်။ တင်ထွန်း ခေါ် ဘူးကြီး (ကွယ်လွန်) ၏အသံကလည်း အတော်ကျယ်ပုံရ၏။ မိမိဆိုသကဲ့သို့ ကျောင်းနှင့်ကပ်ရက်က စစ်သူနာပြုဆောင်ဆိုတော့ သူတို့ကြားအောင် လှမ်းအော်သည်လည်း ပါသည်။ ထိုအခါ စစ်သူနာပြု ဆောင်ဖုန်းဆက်၍ တိုင်သဖြင့် ဆေးတပ်က လိုက်ဖမ်းခြင်းဖြစ်သည်။ စစ်သူနာပြု ကိုဆဲသဖြင့် ဆေးတပ်က လိုက်ဖမ်းသည်က ပြသနာမရှိပါ။ ပြဿနာရှိသည်ကတော့ မိမိတို့ဆေး ၂ ကျောင်းပရဝုဏ်အတွင်းရှိ စားသောက်ဆိုင်သို့ လက်နက်အပြည့်အစုံနှင့် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။ ထို့ပြင် မိမိတို့ဆေးကျောင်းအတွင်းရှိ ကန်တင်း (စာသောက်ဆိုင်များ) တွင်လည်း အပြင် လူလာစားလေ့မရှိသည်ကို ထိုပတ်ဝန်းကျင်ရှိသူများ အသိပင်ဖြစ်သည်။ ထိုသို့စောအခြေအနေတွင် အရပ်ဖက်တက္ကသိုလ် တခုအတွင်းသို့ လက်နက်ကိုင်တပ်သားအပြည့်ပါ စစ်ကားတစီးဖြင့်ဝင်ရောက်လာပြီး ကန်တင်းအတွင်းထိုင်နေသောကျောင်း သားများကို သေနတ်နှင့်ချိန်ဖမ်းဆီးသွားခြင်းသည် အရပ်ဖက်တက္ကသိုလ်တခုကို မလေးစားသည် အပြုအမူဟု ဆိုရပါမည်။ လုပ်နည်း လုပ်ဟန် အမှန်ရဆိုလျှင် အရပ်ဖက်တက္ကသိုလ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ အဆောင်မှူးများကိုဆက်သွယ်၍ အကျိုးအကြောင်းပြော၍ ညှိနှိုင်းလုပ်ဆောင်ရမည်ဖြစ်သည်။ အရပ်ဖက်တက္ကသိုလ်ပရဝုဏ်တွင်းသို့ တက္ကသိုလ်အာဏာ ပိုင်များခွင့်ပြုချက်မပါဘဲ စစ်သားအပြည့်တင်ထားသော စစ်ကားတစီးဝင်ရောက်ခြင်း လက်ခံနိုင်ဖွယ်မရှိပါ။ စစ်မြေပြင် မဟုတ်သည့်နေရာတခုတွင် လက်နက်အားကိုးဖြင့် အရပ်ဖက်အဖွဲ့အစည်း အရပ်ဖက်တက္ကသိုလ်တခုကို အနိုင်ကျင့်မှု ဥပ ဒေမဲ့လုပ်ဆောင်မှု ဖြစ်သဖြင့် မိမိအလွန်ခါးသီးခဲ့သည့်ကိစ္စတခု ဖြစ်ခဲ့သည်။

အလားတူ ဆေးတပ်၏ ပါဝါပြမှု ကို မိမိကိုယ်တိုင်လည်း တကြိမ်ကြုံဖူးသည်။ တခါတရံ ညနေ မင်္ဂလာဒုံလမ်းလျှောက်ပြန်လျှင် ဆေးတပ်ဖက်ကမိမိတို့လှည့်ပြန်လေ့ရှိသည်။ လမ်းမဘေး၌ ဆေးတပ်ဝင်ပေါက်တွင် တပ်စည်းရိုး ဝင်ပေါက်ထိပ်တွင် ကင်း တဲလေးတခုရှိသည်။ ထိုဆေးတပ်မှ ဝင်လာလျှင် မိမိတို့ကျောင်းနှင့် ဆေးတပ်ကြား မည်သည့်တပ်စည်းရိုးမှ ကာရံထားခြင်း မရှိပါ။ ကတ္တရာလမ်းလေးအတိုင်း တောက်လျောက်ဝင်လာရုံသာဖြစ်သည်။

တည၌မှောင်ရီပျိုးစချိန် မိမိ၊ မောင်မောင်ထွေးနှင့် အခြားတဦး သိန်းမြင့်လား၊ သန်းဝင်းလားမမှတ်မိတော့ ပေါင်း ၃ ဦး လမ်း လျှောက်ပြန်လာတော့ သီချင်းလေး တညည်းညည်းဖြင့် ပြန်လာကြသည်။ သိပ်အကျယ်ကြီးလည်း မဟုတ်ပါ။ မတိုးမကျယ် လေးဆိုလာကြခြင်းဖြစ်သည်။ ဂိတ်ပေါက်ဖြတ်ကျော်ပြီးနောက် ကင်းစောင့်စစ်သားက "ဟေ့ သီချင်းမဆိုနဲ့"  ဟု လှမ်းအော် သည်ကို ကြားလိုက်ရသည်။ မောင်မောင်ထွေးက "ငါတို့ကို pressure (ဖိအား) ပေးနေတာကွ ဆက်သာဆိုကွ"ဟု ဆိုသည်။ မိမိတို့ကလည်း ဤသို့အကြောင်းမဲ့ ပါဝါပြခြင်းမျိုးဆိုလျှင် အလွန်မုန်းပေရာ အဆိုမရပ်ဘဲ အသံထပ်တင်ပြီး ဆက်ဆိုကာ လျှောက်ခဲ့ကြသည်။

ထိုဂိတ်ပေါက်နှင့် မိမိတို့အဆောင်ကလည်း မဝေးလှပါ။ ဂိတ်ပေါက်နှင့်အဆောင်ကြား တဝက်လောက်တွင် စစ်သား ၂ ဦး အပြေးလျှောက်၍ မိမိတို့နောက်လိုက်လာသည်။ သေနတ်တို့မပါ ဘက်နက်ကိုယ်စီးခါး၌ ချိတ်ထားသည်။ မိမိတို့အား တားပြီး "ခင်ဗျားတို့ကို ဆရာကြီးခေါ်နေတယ် လိုက်ခဲ့ပါ"ဟုဆိုသည်။ မိမိတို့လိုက်သွားတော့ ဂိတ်ပေါက်ဝနားက အဆောင် ရှေ့တွင် စစ်သားများကဝိုင်းထားသည်။ ဆရာကြီးဆိုသူက မိမိတို့အား ဘယ်ကလဲဟုမေးရာ ဆေးကျောင်းက အဆောင်ကဟု ဖြေလိုက်ရာ အော် ဆေးကျောင်းနှင့် ဆေးတပ်ဆိုသည်မှာ ညီအကိုတွေပါ ဘာညာ လေပြေထိုးပြီး ပြန်လွှတ်လိုက်သည်။ တကယ်တော့ ဤဂိတ်ပေါက်ကို ညဘက် အရပ်သားအသွားအလာမရှိပါ။ ဤဂိတ်ပေါက်ကဝင်လျှင် ဆေးတပ်အဆောင် များဆုံးသည်နှင့် မိမိတို့ အဆောင်ရောက်ပေရာ မသိစရာအကြောင်းမရှိ။ တမင်သက်သက်ပါဝါပြသည်ဟု ခံစားလိုက်ရသည်။

ဤအချင်းအရာများသည် ဆရာကြီးရွှေဥဒေါင်းပြောသကဲ့သို့ ရင်ထဲ၌ နက်နက်ရှိုင်းရှိုင်းပေါက်လာသော ဆူးများဖြစ်သည်။ ထိုဆူးများသည်ရင်ထဲ၌ အမြစ်တွယ်လာသည်။ အလားတူပင် တိုင်းရင်းသားဒေသများသို့ရောက်သောအခါ တိုင်းရင်းသား တို့၏ရင်ထဲ၌ အမြစ်တွယ်နေသောဆူးများစွာကို တွေ့ရသည်။

● ဆေးကျောင်းသူများ
အချို့သူများဆိုသကဲ့သို့ ဆေးကျောင်းသူဆိုသည်မှာ စာကြိုးစားသည့် မျက်မှန်ထူထူနှင့် ရှူနာရှိုက်ကုန်း မလှမပလေးများ ဖြစ်ကြသည်ဆိုသည်တော့ မမှန်ပါ။ မိမိသူငယ်ချင်း ဆေးကျောင်းသူလေးများသည် ငယ်ရုပ် ငယ်ဂုဏ်ငယ်သွေးနှင့် ချောမော လှပခဲ့ကြသူများဖြစ်သည်။ စာတွေကျက်ရသည်ကများ၍ သိပ်မပြင်မဆင်နိုင်ကြသော်လည်း သူချိန်သူ့ခါနှင့် ငယ်ရုပ်ဆင် တသွင်ဆန်းခဲ့ကြသူများဖြစ်သည်ဟု ဆိုရပါမည်။

မိမိတို့ကျောင်းသားတသိုက်၏ အစအနောက်မှစ၍ ပိုက်ဆံအချေးအငှားဒဏ်ပေါင်းစုံကို ခံခဲ့ရသည့် ကျောင်းသူများသည် အ တန်းဖေါ်များကို ခင်မင်ရင်းနှီးကြသကဲ့သို့ စာလည်းကြိုးစားကြသူများဖြစ်သဖြင့် အားလုံးလိုလို ဆရာဝန်ဖြစ်ကြသည်။ အထူးကု ဖြစ်သူဖြစ် ရိုးရိုးကုဖြစ်သူဖြစ် ဆေးဆိုင်ဖွင့်သူဖွင့် အစိုးရဝန်ထမ်းလုပ်သူလုပ် အပြင်အလုပ် လုပ်သူလုပ်ဖြင့် ငယ်သူငယ်ချင်းများနှင့်တွေ့ရင်တော့ ဖက်လဲတကင်းတရင်းတနှီးဖြင့် ပျော်ရွှင်လေ့ရှိသူများဖြစ်သည်။

မိမိတို့ကလည်းအစအနောက်သန်သည်။ သူတို့ငိုရလောက်အောင် စတတ်သူများဖြစ်သည်။ မိမိတို့အုပ်စုလိုက် စုစုစည်း စည်းနောက်ပြောင်၍ဆေးကျောင်းကို ခုံနံပါတ် ၁ နှင့်ဝင်လာသူ မော်လမြိုင်က စိန်စိန်ဆိုလျှင် ငိုယူရသည်။ မိမိမှာ အစ အနောက် သန်လွန်းသဖြင့် အတည်ပြောသည်ကိုပင် အတည်မယူ၍ ဒီတခါတော့ အတည်ပြောတာပါဟု ကြိမ်ဆိုခဲ့ရဖူးသည်။

မိမိကျောင်းရောက်ခါစက အိမ်ကပို့ပေးသော ၁၀၀ ကျပ်ကို လောက်ငအောင်သုံးစွဲခဲ့သော်လည်း နောက်ပိုင်းကျတော့ အ သုံးအစွဲကြီးလာ၍ မလောက်တော့ပေ။ ထိုအခါ အဆောင်ကြေး ကျောင်းလခများ မသွင်းဘဲသုံးသည်။ ပထမနှစ်ဆေးစာ မေးပွဲနီးလာတော့ ကျောင်းက စာထုတ်သည်။ အဆောင်ကြေး ကျောင်းလခကြွေးကျန်သူများအား ခုံနံပါတ်ထုတ်မပေး စာမေးပွဲဖြေဆိုခွင့်မရှိဟု ဆို၏။ မိမိလည်း ပျာယာခတ်တော့သည်။ အိမ်လည်း မတောင်းရဲသဖြင့် သူငယ်များထံမှ ချေးငှား ရတော့သည်။ ကိုစိုးအောင်၊ သိန်းမြင့်၊ မောင်မောင်ထွေးတို့ဆီက လက်ကျန်ပိုက်ဆံလေးများ တောင်းရသည်။ သူတို့လည်း အပိုအလျှံကြီးမဟုတ်ကြ။ ကိုစိုးအောင်လျှပ်စစ်မီးပူအား ကျောင်းနားက အိမ်အပေါင်ဆိုင်မှာ ပေါင်ရသည်။ ဒါလည်း မပြည့် နိုင်။ ထိုမီးပူလည်း ပြန်မရွေးနိုင်၍ ဆုံးသည်ထင်သည်။




နောက်ဆုံးတော့ ရှေ့မျက်နှာနောက်ထား၍ သူငယ်ချင်း မိန်းခလေးများထံ ရှေ့မျက်နှာနောက်ထား၍ ချေးငှားရန်ကြံရတော့ သည်။ ထို့ကြောင့်လည်း အကြံကုန် ဂဠုန်ဆားချက်ဟု ဆိုကြပုံရသည်။ သီတာဆောင်မှ အဆောင်သူများက ကျောင်းလာ တက်လျှင် ပြည်လမ်းမကိုဖြတ်၍ ပါချုပ်ရုံးဘေးကတဆင့် စာသင်ဆောင်အပြင် ကော်ရစ်ဒါမှလျှောက်၍လာကြသည်။ ထို့ ကြောင့် မိမိလည်း ထိုကော်ရစ်ဒါရှိ တိုင်တစ်တိုင်ကိုမှီ၍ ရပ်ရင်းသွားစောင့်သည်။ မိမိအကြံက သူငယ်ချင်းအဖေါ်မပါဘဲ တယောက်ထဲလာသည့်အထဲမှ မျက်မှန်းတမ်းမိသည့် ကျောင်းသူထံမှ ပိုက်ဆံချေးရန်ဖြစ်သည်။ အဖော်အပေါင်းလာက မျက်နှာပူ၍ မချေးငှားရဲပါ။

ထိုနေ့က ကံဆိုးသူက လှသိန်းအေးဖြစ်သည်။ သူကပုသိမ် အထက ၃ မှအောင်လာသူဖြစ်ပြီး April ဟုလည်း ခေါ်ကြသည်။ လှသိန်းအေးက ထိုနေ့က တယောက်ထဲကျောင်းလာသည်။ ထိုခေတ်ကစတိုင် ထမီတိုတိုဝတ်၍ ဆတ်တောက်တောက်နှင့်လမ်းလျှောက်လာသည်ကို ခပ်လှမ်းလှမ်းက တွေ့နေရသည်။ သူမက ဆံပင်တိုတို လမ်းလျှောက်လျှင် ရှေ့ကြည့်လျှောက် လေ့မရှိ။ ခေါင်းလေးငဲ့ ငုံ့၍လျှောက်သည်။ ခလုတ်တိုက်မိမှာ စိုးဟန်တူသည်။ အနားရောက်တော့ မိမိက

"လှသိန်းအေး ခဏလောက်"ဆိုတော့ "ဘာလဲ"ဟု သံပြတ်နှင့်ပြန်ထူးသည်။ "ငါ့ကို ပိုက်ဆံ အစိတ်လောက်ချေးစမ်းပါဟယ်"ဆိုတော့ မိမိအား တချက်ငဲ့ကြည့်ပြီး "အေး"ဟု တခွန်းဆိုကာ ထွက်သွား သည်။ မိမိလည်း စာမေးပွဲကြေးသွင်းနိုင်တော့မည်ဟုဆိုကာ ပျော်၍ ကျန်နေခဲ့သည်။ နောက်တနေ့ ကျောင်းလာတော့ သူမနား မယောင်မလည်လုပ်နေပေမဲ့ ပိုက်ဆံကမပေး။ သို့နှင့် ညနေအတန်းတွေပြန်စတော့လည်း တုတ်တုတ်မလှုပ်။ မိမိကတော့ ကိုယ့်အပူနှင့်ကိုယ် ဗလောင်ဆူနေပြီ။ နောက် ဆုံးရက်မှ မသွင်းနိုင်လျှင် စာမေးပွဲဖြေခွင့်ရတော့မည်မဟုတ်။

ညနေလက်တွေ့ချိန်ကျတော့ မိုက်ခရိုစကုပ် တခုနှင့်အလုပ်ရှုပ်နေသောသူမနားသို့ မယောင်မလည်သွားမေးရသည်။ "ဟဲ့ လှသိန်းအေး ပိုက်ဆံမပေးသေးဘူးလား"ဟု အရဲစွန့်မေးရတော့သည်။ သူမက မိမိအားတချက်လှည့်ကြည့်ပြီး "မောင် မောင်စိုး နင်တကယ်ပြောနေတာလား နောက်နေတာလား"ဟု ဆိုလေ၏။ မိမိလည်း စိတ်ထဲ၌ သေဟနန္ဒိယဟုသာ အော်မိ တော့သည်။ မိမိတို့တတွေ အစအနောက်ကသန်လွန်းတော့ မျက်နှာသေလေးနှင့် ပိုက်ဆံချေးတာတောင် နောက်နေသည်ဟု အထင်ခံရသည့်ဘဝဖြစ်သည်။ နောက်တော့ တကယ်ချေးနေမှန်းသိတော့ နောက်တနေ့ ယူလာပေးရှာပါသည်။

သူမပိုက်ဆံ မိမိပြန်မဆပ်နိုင်ခဲ့ပါ။ သူမနှင့် နောင် အနှစ် ၄၀ ခန့်ကြာမှ ပြန်လည်ဆုံဖြစ်သည်။ ထိုအချိန်တွင်တော့ သူမသည် ဘိလပ်ပြန် မီးယပ်သားဖွား အထူးကုဆရာဝန်မကြီးဖြစ်နေပေပြီ။ SSC ဆေးရုံတွင်လုပ်နေပြီး တရားဓမ္မနှင့်ပျော်မွေ့နေသည်ဟုသိရသည်။ ဤသို့ နှစ်လိုခင်မင်ဖွယ် သူငယ်ချင်းများနှင့် ဆုံဆည်းခဲ့ရသည့် ကျောင်းတော်ကြီးကား လွမ်းစရာပင်ဖြစ်ပေ တော့သည်။

မိမိအဖွားသည် ညဘက်ကကောင်းမွန်စွာ အိပ်စက်သွားပြီး နောက်တနေ့နံနက်တွင် နိုးထမလာနိုင်တော့ဘဲ သေဆုံးသွားခဲ့ ဘူးပါသည်။  မိမိတို့ကား နောက်တနေ့မနက် နိုးထလိမ့်ဦးမည်ဆိုသော ယုံကြည်မှုအပြည့်နှင့် အိပ်ယာဝင်ခဲ့ကြပြီး နေ့ပေါင်း များစွာကို ရင်ဆိုင်ဖြတ်သန်းဆဲဟု ဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)
photo credit U Hla Oo
↧

မင်းဇင် - ပင်လုံတိုင်းရင်းသား လူငယ်ညီလာခံအကြောင်း စာ

$
0
0
Photo - Myat San

မင်းဇင် - ပင်လုံတိုင်းရင်းသား လူငယ်ညီလာခံအကြောင်း စာ
(သူ့ဖေစ်ဘွတ်က ကူးယူဖော်ပြသည်) မိုးမခ၊ ဇူလိုင် ၃၁၊ ၂၀၁၆

မိတ်ဆွေတယောက်က ပင်လုံတိုင်းရင်းသားလူငယ်ညီလာခံ အကြောင်းမေးလို့ ခုလို စာရေးဖြစ်ပါတယ်။ သူ့ စာမျက်နှာမှာ တင်မရလို့ ကိုယ့်ဘာသာကိုယ်ပဲ တင်လိုက်ပါတယ်။

ကိုခိုင်မင်းရေ ...

ရှမ်းပြည်နယ်၊ ပင်လုံမှာ တိုင်းရင်းသားလူငယ်တွေ ကျင်းပတဲ့ညီလာခံ ပထမနေ့ မှာ ပညာရပ်ရူထောင့်ကနေ ဟောပြောပေးပါလို့ ဖိတ်ကြားခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်စွာ သွားခဲ့ပါတယ်။ ဟောပြောချက်ခေါင်းစဉ်က တော့ ”ဤခရီးနီးသလား၊ ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုသစ် တည်ဆောက်ခြင်း” ဖြစ်ပါတယ်။ ဆွေးနွေးချက်ကို ကြောင်းရပ် နှစ်ခုပေါ်မှာ အခြေခံခဲ့ပါတယ်။ တခုကတော့ နိုင်ငံတော်နဲ့ ပြည်ထောင်စုတည်ဆောက်မှု မအောင်မမြင်ဖြစ်ရခြင်းအကြောင်း ဖြစ်ပြီး၊ နောက်တခုကတော့ ၂၁ ရာစု ပင်လုံညီလာခံ စိန်ခေါ်မှုများပဲ ဖြစ်ပါတယ်။

J. S. Furnivall ရဲ့ သုတေသနတချို့ ဟာ ခုချိန်ထိ ဆီလျော်မှု ရှိ၊ မရှိဆိုတာကို သုံးသပ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့  ပြဿနာအားလုံးရဲ့ ရေသောက်မြစ်ဟာ စစ်အာဏာရှင်စနစ်ပဲ ဖြစ်တယ်ဆိုတဲ့ အကဲဖြတ်ချက်ဟာ မပြည့်စုံဘူး။ ၁၉၆၂ စစ်အာဏာသိမ်းချိန်ကစလို့ ၂၀၁၆ ဧပြီ ၁ ရက်နေ့  အစိုးရသစ် တက်ချိန်အထိ စစ်အာဏာရှင်စနစ်ဟာ ပြဿနာ အားလုံးရဲ့ ရေသောက်မြစ်ပဲ။ ဒီမိုကရေစီရရင် (လူထုက ရွေးကောက် တင်မြှောက်လိုက်သူတွေ အာဏာရရင်) သားရွှေအိုးထမ်းကိန်းဆိုက်မယ်ဆိုတာဟာ စောကြောစစ်ဆေးရမယ့် ယုံတမ်းတခုသာ ဖြစ်နိုင်ပါတယ်။ အခု တပ်မတော်ခေါင်းဆောင်ပိုင်းနဲ့ ဒီချုပ်အစိုးရခေါင်းဆောင်ပိုင်း ပြေလည်မှု ပိုရှိလာပေမယ့် (ဘုံရန်သူ စစ်အာဏာရှင်ဆိုတဲ့ သတ်မှတ်ချက်တွေ အားပျော့သွားတဲ့အခါ) ဗမာတိုင်းရင်းသားနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူနည်းစုတွေအကြား (တခါလူနည်းစုအချင်းချင်းအကြား) နားလည်မှုတွေ ပိုတိုးမလာဘူး။ မယုံကြည်မှုတွေ၊ အပြန်အလှန်သံသယတွေ ပိုဆိုးလာတယ် (ဥပမာ၊ မကြာခင်က ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ထု တိုင်းရင်းသားပြည်နယ်တွေမှာ ထားမယ့်ကိစ္စ အငြင်းပွားမှု၊ တိုင်းရင်းသားဒေသတွေမှာ ရွှေပြောင်းလုပ်သားတွေကို သန်းခေါင်စာရင်း ထုတ်ပေးတဲ့ကိစ္စ ကန့် ကွက်မှုစတဲ့ အညွှန်းကိန်းတွေ အများကြီးရှိပါတယ်။) ဗမာအများစုဘက်ကလည်း လူထုခေါင်းဆောင်နောက်က တိုင်းရင်းသားတွေ လိုက်ပါပြီး ပြည်ထောင်စုသစ်ကို တည်ဆောက်သင့်တယ်။ တိုင်းရင်းသားတွေဘက်ကလည်း အာမခံချက်ကို ရပိုင်ခွင့်အဖြစ်ခံယူတာ တွေ့ ရပါတယ်။

တကယ်တော့ မြန်မာ့ပြဿနာရဲ့ ရေသောက်မြစ်ဟာ စစ်အာဏာရှင်စနစ် ဖြိုဖျက်ရေးဆိုတာထက်နက်ရှိုင်းပါ တယ် (စစ်အာဏာရှင်စနစ်ကြောင့် ပြဿနာတွေ ပိုရှုပ်ထွေး ခက်ခဲသွားခဲ့ရတာတော့ အမှန်ပါ)။ မြန်မာ့ပြဿနာ ရဲ့ အဓိကသော့ချက်ကတော့ ပင်လုံစာချုပ် ချုပ်ခဲ့တဲ့အချိန်ကစလို့ နိုင်ငံတော်သစ်နဲ့  ပြည်ထောင်စုသစ် state and nation-building ကို အောင်အောင်မြင်မြင် မတည်ဆောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ Incomplete state-formation ပုံစံကျတဲ့ ခေတ်သစ် အမျိုးသားနိုင်ငံတော်ကို ပေမှီဒေါက်မှီ မတည်ဆောက်နိုင်ခဲ့တာပါပဲ။ ဗမာတော်တော်များများဟာ ခေတ်သစ်မြန်မာ့မြေပုံနဲ့ ခေတ်သစ်မြန်မာ့နိုင်ငံတော် ဟာ ဗြိတိသျှ ဖန်တီးချက် British creation and a product of decolonization process ကျန် အာရှ၊ အာဖရိကနိုင်ငံတွေလိုပဲ နယ်ချဲ့ စနစ် အဆုတ်မှာ ရလဒ်အဖြစ် ပေါ်ထွက်လာတယ်ဆိုတာကို လက်မခံချင်တာ လား၊ မသိတာလား မေးစရာပါ။ ဒါကြောင့် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားထိ နိုင်ငံတော်ဖွားမြင်ရာကို တဆက်တည်း ယူလေ့ ရှိပါတယ်။ တကယ်တော့ မြန်မာ့နိုင်ငံတော်သစ်ဟာ ပင်လုံစာချုပ်အရ ပေါ်လာတာပါ။ ဒီ့မတိုင်ခင်ကတော့ မြန်မာနိုင်ငံဆိုတာ မြို့ ပြနိုင်ငံတွေ စစ်ပြုလိုက်၊ နိုင်သူ အင်ပါယာထူထောင်လိုက်ပါပဲ၊ ထူထောင်တဲ့ နိုင်ငံတော်တွေဆိုတာကလည်း ခေတ်သစ်စနစ်လို အုပ်ချုပ်ရေးပါ အခြေချတဲ့ နိုင်ငံတော်မျိုးမဟုတ်ပါဘူး။ ပဏာဆက်နိုင်ငံတွေ စုဖွဲ့ ထားတဲ့သဘောမျိုးပါပဲ။ (အရှေ့ တောင်အာရှ သမိုင်းသုတေသီတွေကတော့ Mandala political model လို့ ဆိုကြပါတယ်။) ဒါကြောင့် ခေတ်သစ်နိုင်ငံတော်ဆိုတာ ပင်လုံစာချုပ်နဲ့ မှ သန္ဓေတည်လာတာပါ၊ တခါ ဒီပြည်ထောင်စုဟာ ဆွေမျိုးသားချင်း ညီနောင်ရင်းတွေ ဖွဲ့ ထားတဲ့ မိသားစု ပြည်ထောင်စု organic union မဟုတ်ဘဲ၊ ပဋိဥာဏ် စာချုပ်ပေါ်အခြေခံတဲ့ ပြည်ထောင်စု contractual union ပဲဖြစ်ပါတယ်။ တကယ်တော့ ပင်လုံစာချုပ်ဆိုတာ ပြည့်စုံလှတာမဟုတ်ပေမယ့် စ လုံးရေ စ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီစာချုပ်ရဲ့  ကတိက၀တ်တွေကို ဗမာနိုင်ငံရေးခေါင်းဆောင်တွေက ပြည့်ပြည့်၀၀ မှန်မှန်ကန်ကန် မကျင့်သုံးခဲ့သလို၊ ၁၉၆၂ မှာ ဗမာအများစုကြီးစိုးတဲ့ တပ်မတော်က ဖောက်ဖျက်ခဲ့ပါတယ်။ ဒီကိစ္စဟာ ဗမာတဦးချင်း အပြစ်ရှိတာ မရှိတာနဲ့  မဆိုင်ပါဘူး။ စနစ် အင်စတီကျုးရှင်းကြောင့် ဖြစ်လာတဲ့ကိစ္စပါ။ အစဉ်ဆက် ကျင့်ထုံး၊ ပညာရေးကစလို့  စာပေအနုပညာ အဆုံး ပတ်သက်စပ်ဆိုင်ပါတယ်။

ဒါကြောင့် ၂၁ရာစုပင်လုံမှာ အနာဂတ်ပြည်ထောင်စုကို ဘယ်လို မျှော်မှန်းချက်မျိုးပေါ်အခြေခံမှာလဲဆိုတာ အင်အားစုအသီးသီးအကြား သေချာ ဆွေးနွေး ဖလှယ်တည်ဆောက်ဖို့ုလိုပါတယ်။ တန်းတူရေးပေါ် အခြေမခံရင် ဆေးကြောင့်လေးနိုင်ပါတယ်။ လုပ်ငန်းစဉ် process ထဲ ဖုတ်ပူမီးတိုက် အတင်းသွင်းဖို့ သာ ကြိုးစားနေရင် အခက်အခဲတွေ ကြုံနိုင်ပါတယ်။

အပြန်အလှန်အမေးအဖြေမှာလည်း ကျနော့် ကနဦးတင်ပြချက် presentation ဟာ မူ ပိုင်းကဲကြောင်း၊ လက်တွေ့ နိုင်ငံရေး မှာတော့ မူ ကို တဖက်က ဆွဲကိုင်ရင်း မဟာဗျုဟာမြောက်စဉ်းစားဖို့  လိုအပ်ကြောင်း၊ မူ ကိုသာ ရှေ့ တန်းတင်ပြီး သံသယတွေနဲ့ သွားနေရင် အကျိုးမပြီးနိုင်ကြောင်း ထပ်ခါ ထပ်ခါ သတိပေးခဲ့ပါတယ်။

တင်ပြချက်အသေးစိတ်မှာတော့ အယူအဆပိုင်းတချို့ နဲ့  ဗမာ့အစဉ်အလာ နိုင်ငံတော်တည်ဆောက်ရေး ပန်းတိုင် ၂ ရပ်၊ လမ်းစဉ် ၃ ရပ်ကစလို့ ၊ ၂၁ရာစုပင်လုံအတွက် စိန်ခေါ်မှု ၃ ရပ်စသဖြင့် ပြောခဲ့ပါတယ်။ မေးခွန်းတွေလည်း အရည်အသွေးကောင်းမွန်ပြီး အစောနက ပြောသလို အပြန်အလှန်ဆွေးနွေးခဲ့ရတာတွေလည်း ရှိပါတယ်။ တကယ်တော့ ဒါဟာ သုတေသနရူထောင့်က ဆွေးနွေးတင်ပြခဲ့တာပါပဲ။ စ ဆွေးနွေးကတည်းက ကျနော့်အမြင် ကို သဘောတူစရာမလိုဘူး။ လွတ်လပ်စွာကွဲလွဲနိုင်တယ်။ စဉ်းစားစရာအဖြစ် ထည့်သွင်းစဉ်းစားနိုင်ဖို့ တင်ပြတာ လို့  ပြောခဲ့ပါတယ်။ ဒီလောက်ပါပဲ။
↧
↧

မန္တလေးမှာ တွေ့ရတဲ့ ကာတွန်းပြပွဲ (မိုးမခ) ဓာတ်ပုံသတင်း

$
0
0




မန္တလေးမှာ တွေ့ရတဲ့ ကာတွန်းပြပွဲ
(မိုးမခ) ဓာတ်ပုံသတင်း
ဇူလိုင် ၃၁၊ ၂၀၁၆

မန္တလေးမှာ "မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ"လို့ အမည်ပေးထားတဲ့ ကာတွန်းပြပွဲကို တနင်္ဂနွေနေ့က စတင် ပြုလုပ်နေပါပြီ။ 
သုံးရက်ကြာ ပြုလုပ်မယ့် ဒီပြပွဲကို ချမ်းမြသာစည်၊ မင်္ဂလာမန္တလေးမှာရှိတဲ့ သီရိ ပန်းချီအနုပညာပြခန်းနဲ့ ပြခန်းအပြင်ဘက် အနုပညာလမ်းမှာ ခင်းကျင်းထားပါတယ်။
ကာတွန်းဆရာ၊ ကာတွန်းချစ်သူ၊ ငြိမ်းချမ်းရေးချစ်သူ အများအပြား လာရောက်ကြတဲ့ ဒီပြပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အရာရှိကြီးများလည်း တက်ရောက်တာ တွေ့ရပါတယ်။
ပြပွဲကို ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုတဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်တယ်လို့ သိရပါတယ်။
(ဓာတ်ပုံများ - မိုးမခ)












↧

မန္တလေးမြို့ ငြိမ်းချမ်းရေးဆန္ဒပြပွဲ (မိုးမခ) ဓာတ်ပုံသတင်း

$
0
0
  
 မန္တလေးမြို့ ငြိမ်းချမ်းရေးဆန္ဒပြပွဲ
(မိုးမခ) ဓာတ်ပုံသတင်း
ဇူလိုင် ၃၁၊ ၂ဝ၁၆


မန္တလေးဒေသခံတချို့က ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုတဲ့ ဆန္ဒပြပွဲကို တနင်္ဂနွေနေ့မှာ အစပြုလိုက်ကြပါတယ်။ ငြိမ်းချမ်းရေးဆန္ဒပြပွဲကို ရက်အတန်ကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
လမ်းလျှောက်ဆန္ဒပြသူတွေက ပထမနေ့ အစီအစဉ်ကို မင်္ဂလာမန္တလေး စီးပွားရေးဇုန်မှာ အဆုံးသတ်လိုက်ပါတယ်။ ဆန္ဒပြသူတချို့က ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးမှာ ရောက်နေတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြပါတယ်။ (ဓာတ်ပုံများ - မိုးမခ)














↧

မောင်ရင်ငတေ ● ပါရီပုံရိပ်များ (နံရံပေါ်က အိုင်လပ်ဖ်ယူ)

$
0
0


မောင်ရင်ငတေ ● ပါရီပုံရိပ်များ (နံရံပေါ်က အိုင်လပ်ဖ်ယူ)
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၆

ပါရီပုံရိပ်များကဏ္ဍမှာ ထည့်သွင်းဖော်ပြရမယ့် အကြောင်းအရာတခု ရှိပါတယ်။ ဒီနေရာက ပါရီမြို့ရဲ့ နာမည်ကျော် မွန့်မတ်ထ် ပန်းချီတောင်ကုန်းနဲ့ မလှမ်းမကမ်းမှာ တည်ရှိနေပေမယ့်လည်း အကြောင်းမသင့်လို့ မရောက်ဖြစ်တဲ့ ကွက်ပျောက်နေရာတခု ပါ။ မောင်ရင်ငတေ့ထံသို့ လာရောက်လည်ပတ်သူတွေကိုလည်း တယောက်စ နှစ်ယောက်စကလွဲလို့ လိုက်မပြဖြစ်သေးတဲ့ နေရာတခုပါ။ လိုက်မပြဖြစ်ခဲ့ရခြင်းအကြောင်းက သာမန်ပန်းခြံလေးတခုတွင်းမှာတည်ရှိနေပြီး ဟိုအရင်ကတော့ လူသိနည်း ပါးလှတာကြောင့်ပါ။


Le Mur des Je T'aime, Square Jehan-Rictus (ဓါတ်ပုံ မရငတ)

အခုနှစ်ပိုင်းတွေမှာတော့ ပါရီမြို့တော်ရဲ့သမိုင်းကြောင်း အဟောင်းတွေနဲ့အတူ ပါရီရဲ့ ရိုမန်တစ်အလှအပများကို ခံစားချင်ကြ သူ လူငယ်လေးတွေကြားမှာ ပေါ်ပြူလာ ဖြစ်လာတဲ့နေရာတွေ ပေါ်ပေါက်လာပါတယ်။  အဲဒီထဲမှာမှ ဒီနေရာက တနေရာ အဖြစ် ထင်ရှားလာခဲ့သလို အထူးသဖြင့်ကတော့ ပျားရည်ဆမ်းခရီး မှတ်တမ်းတင်ကြသူတွေကြောင့် လူသိပိုမိုပြီးများပြား လာဟန် တူပါတယ်။

မောင်ရင်ငတေ အဲဒီနေရာကို မရောက်ဖြစ်ခဲ့တာ ကြာပါပြီ၊ အရောက်အပေါက် နည်းခဲ့လေတော့  မေ့နေသလိုတောင် ဖြစ်နေ တာလည်း ပါမှာပါ။

ဒီတခေါက် မောင်ရင်ငတေ ရောက်သွားချိန်မှာတော့ လူပရိသတ် အတော်လေးများပြားနေတာ  တွေ့မြင်ရပါတယ်။ မောင်ရင် ငတေတို့ရဲ့ အရှေ့အာရှသား လူငယ်လေးတွေ ပိုများပါတယ်။ တယောက်ချင်း နှစ်ယောက်ချင်းနဲ့ စုံတွဲတချို့ပါ။

ဟောင်ကောင် တိုင်ဝမ် ကိုရီးယားက ခရီးသွားအုပ်စုတွေကိုတော့ မတွေ့ခဲ့မိပါဘူး။ အဲလို အုပ်စုတွေ သွားလေ့သွားထရှိတဲ့ နေရာမျိုးမှ မဟုတ်တာကိုး၊ ဘယ် တွေ့လိမ့်မလဲနော်။

(Photo Google)


Les Amoureux du Mur des Je T’aime (ဓါတ်ပုံ မရငတ)

အဲဒီ နေရာကို  . . …… ….. . ….. ….. ……... ဖန်တီးခဲ့ကြသူတို့က၊ Le Mur des Je T'aime လို့ အမည်ပေးပါတယ်၊ အင်္ဂ လိပ်လိုဆိုရင်တော့ Wall of Love ပေါ့၊ တချို့တွေကတော့ Le Mur des Romantiques လို့လည်း တင်စားခေါ်ဝေါ်ကြ လေ့ရှိပါတယ်။

မေထရို အမှတ် (၁၂) အစိမ်းရင့်ရောင်လိုင်း Abbesses ဘူတာထိပ်ထွက်ပေါက်အနီးက ပန်းခြံလေးတခုအတွင်းမှာ တွေ့ရှိနိုင် ပါတယ်။

အဲဒီ Square Jehan-Rictus အမည်ရပါတဲ့ ပန်းခြံလေးက ၁၉၀၀ ခုနှစ် မတိုင်မီကပင် တည်ရှိခဲ့တာဖြစ်ပြီး ၁၉၃၆ မှာတော့ မြို့တော်ဝန်ရဲ့ အမိန့်ရ ပန်းခြံတခု ဖြစ်လာခဲ့ပါတယ်တဲ့။ ပန်းခြံရဲ့ အကျယ်အဝန်းက ဘာမှမရှိလှပေမယ့် သစ်ပင်ကြီးတွေက အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ပန်းပင်တွေကြား ခုံတန်းလျား စိမ်းစိမ်း အတော်များများ ထားရှိတာကြောင့် နေ့လည် နေ့ခင်းတွေမှာ ဝင်  ရောက် ခိုနားကြသူ အတော်အတန်များဟန် တူပါတယ်။

နံရံပေါ်က အိုင်လပ်ဖ်ယူများ (ဓါတ်ပုံ မရငတ)

ပန်းခြံစည်းရိုးနဲ့ကပ်လျှက်မှာ လေးထပ်လားငါးထပ်လားမသိ တိုက်ဟောင်းတလုံးရဲ့ ခပ်မြင့်မြင့် နံရံတခုရှိပါတယ်။ အဲဒီ နံရံ အောက်ခြေပိုင်းမှာ အပြာရောင် ကြွေပြားတွေ ကပ်ထားပါတယ်။ အဲဒီကြွေနံရံမှာ ဘာမှမဟုတ်တဲ့ စကားလုံးလေး သုံးလုံးကို ရေးထားတာတွေပါ၊ တဘာသာတည်းနဲ့တော့ မဟုတ်ပါဘူး၊ လူသိများလှတဲ့ စကားလုံးတွေရော လူသိနည်းတဲ့ စကားလုံး တွေရော တွေ့မြင်ရပါတယ်။ မောင်ရင်ငတေ ဘာမှန်းမသိနိုင်တဲ့ နားမလည်နိုင်တဲ့ စကားလုံးတွဲတွေကို အများအပြား တနေ ရာတည်းမှာ တွေ့မြင်ခဲ့ရတာမျိုး မို့ တမူထူးခြားစွာ ခံစား မြင်တွေ့ခွင့် ရခြင်းပါ။


 နံရံပေါ်က အိုင်လပ်ဖ်ယူများ (ဓါတ်ပုံ မရငတ)

နင့်ကိုငါချစ်တယ် (ဓါတ်ပုံ မရငတ)

နံရံပေါ်မှာ ရေးထားတဲ့ အိုင်လပ်ဖ်ယူတွေကတော့ အတော်များပြားပါတယ်၊ ဘာသာစာစကားပေါင်း ၃၀၀  ကျော် စုဆောင်း ရရှိ ထားပါတယ်တဲ့။ Je t'aime, I love you, Ti voglio bene, Eu amo-te, Jeg elsker dig, Wo ai ni, Te quiero ….  ….. …… …….. စသဖြင့် စသဖြင့် စုစုပေါင်း စကားလုံး တထောင်လောက် ရှိနေပါပြီတဲ့။

ဒီကနေ့ခေတ်ကာလမှာ အသုံးပြုမှု အရမ်း နည်းသွားခဲ့ပြီ ဖြစ်ကြတဲ့ အမေရိကန် ရက်ဒ်အင်ဒီးယန်း တွေရဲ့ Navajo စကားတို့ နယူးဇီလန် အော်ရဂျင်နယ်ကျွန်းသားတွေ ရဲ့ Maori စကားတို့ ရေခဲလူသား အက်စကီမိုတွေရဲ့ Inuit စကားတို့ အပြင် . …. . ……. …... …… မောင်ရင်ငတေတို့ရဲ့ မဟာ့မဟာ မဟာ ရွှေဗမာတို့ရဲ့ စကားလုံး ** * နင့်ကို ငါ ချစ်တယ် ** ကိုပါ ရှားရှား ပါးပါး ဝမ်းသာစဖွယ် မြင်တွေ့ခဲ့ရပါတယ်။


နင့်ကိုငါချစ်တယ် (ဓါတ်ပုံ မရငတ)

ဒီနံရံက အိုင်လပ်ဖ်ယူများကို ဖန်တီးခဲ့ကြသူများကတော့ လက်ရေးလှဆရာ Calligraphist Fédéric Baron နဲ့ Mural Artist နံရံဆေးရေး ပန်းချီဆရာမ Claire Kito တို့ပါ။

သက္ကရာဇ် နှစ်ထောင်ခုနှစ်မှာ သူတို့ စတင်ဖန်တီးခဲ့တဲ့ လက်ရာ Le Mur des Je T'aime ကတော့  ဘယ်လိုနည်းနဲ့ သက်ဆိုင်ရာက အတည်ပြုလို့ လက်ခံခဲ့ မခံခဲ့ဆိုတာ မောင်ရင်ငတေ သေချာ မသိရှိပေမယ့် ဒီကနေ့ ဂူဂဲလ်မြေပုံပေါ် မှာတော့ Le Mur des Je T'aime ဆိုတာက ပါဝင်နေခဲ့ပြီမို့ အလွယ်နဲ့ ရှာဖွေတွေ့ရှိ နိုင်ပါပြီ။

အဲဒီပန်းခြံကလေးနဲ့ အဲဒီတိုက်နံရံလေးဟာ ပြင်သစ်ရဲ့ ထိမ်းသိမ်းရမယ့် အဆောက်အဦး စာရင်းမှာ မပါပါဘူး၊ ယူနက်စကိုတို့ World Heritage တို့စာရင်းတွေမှာလည်း မပါဝင်ပါဘူး။ တရာ့တပါးသော နာမည်ကြီး ပုဂ္ဂိုလ်ကြီးများ စာရင်းမှာ ပါဝင်သူများ ဖြတ်သန်းသွားခဲ့ရာလည်း မဟုတ်ပါဘူး။

အဲ ဒါပေမယ့် ဗန်ဂိုးတို့ ရေးနွားတို့ ပီကာဆိုတို့ မိုဒီလျာနီတို့ အူထရီလိုတို့လို ဒီကနေ့ခေတ် ဆရာကြီးများစာရင်းမှာ ပါဝင် နေသူတွေ မအောင်မြင် မကျော်ကြားသေးစဉ်အခါက ဒီမွန့်မတ်ထ်တောင်ကုန်း လမ်းကြိုလမ်းကြား မူးမူးရူးရူး ရောက်ရာ ပေါက်ရာ သွားကြရင်း တမေ့တမော အိပ်မောကျခဲ့ဖူးကြတဲ့ ခုံတန်းလျားလေးတွေထဲက တခုလေများ ဖြစ်လေမလားလို့တော့ မောင်ရင်ငတေ တွေးမိခဲ့ရ ပါသေးတယ်။

Le Livre des Je T'aime (The Book of I Love Yous) (Photo Google)


ဖရက်ဒရစ် ဘာရွန်ဟာ လူမျိုးဘာသာပေါင်းစုံရဲ့ အဲလို လက်ရေးလှစာလုံးတွေကို လိုက်လံလေ့လာ စုဆောင်းခဲ့ပြီး စုဆောင်း မိခဲ့သမျှကို စာအုပ်တအုပ် လုပ်၍ ပြင်သစ်မှာ အုပ်ရေငါးသောင်း အလကားဝေခဲ့ပါတယ်တဲ့။

ဖရက်ဒရစ်နဲ့ ကီတိုတို့ နှစ်ယောက်ပေါင်းပြီး ဒီလိုဖန်တီးခဲ့တာက ဝါသနာအရလား ထင်ပေါ်ကျော်ကြားချင်လို့လား တွေးမိ သူတွေ သိချင်သူတွေ ရှိမှာပါ။ တချိန်မှာတော့ သမိုင်းဝင်ချင် ဝင်သွားနိုင်ပါတယ်၊ ဒီ အိုင်လပ်ဖ်ယူ နံရံကြီးကို ဖျက်စေလို့ အမိန့်ထုတ်မယ့် အသည်းနှလုံးသေးတဲ့ အာဏာပိုင်ကြီးတွေ ပေါ်ပေါက်မလာခဲ့ရင်ပေါ့လေ။

သူတို့ကတော့ သူတို့ရဲ့ဒီလက်ရာကို ဖန်တီးခဲ့ရခြင်းအကြောင်းက ငြိမ်းချမ်းမှုတွေ တစတစ နည်းပါးခန်းခြောက်လာတဲ့ ကမ္ဘာမြေကြီးမှာ မေတ္တာတရားတွေ ပြန်လည် ထွန်းကားလာစေဖို့ ရည်ရွယ်ချက်နဲ့ပါလို့ ဆိုပါတယ်။ ကမ္ဘာမြေကြီးကို စည်း မျဉ်းတွေတား နံရံတွေခြားစေချင်သူတွေ နည်းပါးလာစေဖို့ ဒီကနေ့မှာ တောင်းဆိုကြဖို့ ပိုမို လိုအပ်လာနေပါပြီလို့ သူတို့က ဆိုပါတယ်။

ဟုတ်လည်း ဟုတ်လောက်ပါပေရဲ့၊ ဒီနှစ်ပိုင်းအတွင်းမှာဘဲ ငြိမ်းချမ်းရေး ဒိုင်းကြီးတွေကိုင်ပြီး ခုတ်ကြ ထစ်ကြ ရိုက်ကြ နှက်ကြတဲ့ သတင်းဆိုးတွေကိုသာ တခြိမ်းခြိမ်း ကြားနေကြရတယ် မဟုတ်ပါလား။ ဘယ်ဒေသ ဘယ်စက်ရုံက ထုတ်လုပ်မှန်း မသိနိုင်ပါတဲ့ လက်နက်ကြီးတွေနဲ့ စစ်ရေးပြပွဲကြီးတွေက ကြီးမားသထက် ကြီးမားလာပြီး ဒီမိုကရေစီ လက်ကြားမချ အော်ဟစ်ကြသူတွေ ပိုမိုများလာနေတာ ကတော့ အမှန်ပါ။

 မောင်ရင်ငတေကတော့ အဲဒီ ဒီမိုကရေစီ ဆိုတာကြီးကို ပစ်ပြီး ရိုမန်တစ်စစ်စစ်နဲ့ ခပ်အေးအေးသာသာ နေချင်မိပါတော့တယ်၊ ကဲ နံရံပေါ်က အိုင်လပ်ဖ်ယူကို နိဂုံးချုပ်ပါမယ်။

နံရံပေါ်က အိုင်လပ်ဖ်ယူကို စတင်ဖန်တီးသူ လက်ရေးလှဆရာ Calligraphist Fédéric Baron ဟာ နိုင်ငံအတော်များများကို ရောက်ခဲ့ပြီး လက်ရေးတွေကို လေ့လာခဲ့ရာကနေ ဒီအကြံကို ရရှိပြီး ၁၉၉၈ ခုနှစ် နောက်ပိုင်းကစပြီး အကောင်အထည် ဖော် ဖြစ်ခဲ့ရာ အခုအခါမှာတော့ နာမည်ကျော်စ ပြုလာခဲ့ပါပြီ။

ဒါမျိုးတွေကို စိတ်ဝင်စားတတ်တဲ့ မောင်ရင်ငတေတို့လိုကောင် လူအိုကြီးတွေရယ် ကမ္ဘာလှည့် ပျားရည်ဆမ်းချင်ကြတဲ့ လူငယ် ချာတိတ်တွေရယ် ရှိနေတာကြောင့် ပိုမိုပြီး နာမည်ကျော်ကြားလာဖို့ ရှိပါသေးတယ်လို့ ထင်မြင်ယူမိရကြောင်းပါ ခင်ဗျား။

ဒီတခေါက် ပါရီမြို့သို့ လာလည်မယ့်သူကိုတော့ ဒီနေရာလေးကို မရောက်ရောက်အောင် လိုက်ပို့ဖို့ ရည်ရွယ်ထားမိရကြောင်းပါ၊

Wall of Love (The wall of I love yous) (ဓါတ်ပုံ မရငတ)

နောက်ဆက်တွဲ အနေနဲ့ ဆက်ရေးရရင်  . . . ……. ……… အဲဒီနေ့က ကံကြုံချင်တော့ မောင်ရင်ငတေ ပန်းခြံလေးထဲက ပြန် အထွက်မှာ အကမင်းသမီးတလက်နဲ့အဖွဲ့တဖွဲ့  ဝင်လာတာတွေ့လို့ မှတ်တမ်းတင်ဖို့ ပြန်ဝင်လိုက်သွားခဲ့ပြီး မင်းသမီးရဲ့ တကိုယ်တော်အဆိုအကကို မှတ်တမ်းတင်ခွင့်ရလိုက်ပါတယ်။ အော်ပရာမှာဆိုကသလို ဆိုကသွားတာကို မှတ်တမ်းတင်လို့ သာ တင်ခဲ့ရပေမယ့် ဘာအဓိပ္ပါယ်လဲ ဘာအတွက်လဲတော့ မသိလိုက်ပါဘူး။

သြော် ခပ်ညံ့ညံ့ ခပ်တုံးတုံးလေးသာ ကောင်းပါတယ်။ မောင်ရင်ငတေလို့သာ ကိုယ့်ကိုကိုယ် အားပေးမိလိုက်ရပါတယ် ခင် ဗျား။

အဆိုအကကို နားလည်ခံစား ကြည့်ရှုချင်သပ ဆိုရင်တော့ ဒီ ယူကျူကိုသာ ဖွင့်ကြည့်ကြပါကုန်။
https://www.youtube.com/watch?v=JJllyLXV5h0

မောင်ရင်ငတေ ၂၈၀၇၂၀၁၆

↧

တင်မိုး - သာဓု သာဓု ဆရာကြီး

$
0
0




တင်မိုး - သာဓု သာဓု ဆရာကြီး(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) သြဂုတ် ၁၊ ၂၀၁၆

ဘဘကြီး ဦးခင်မောင်လတ်
(၁၉၁၅ သြဂုတ်လ ၂၄ ရက် - ၁၉၉၆ သြဂုတ်လ ၁ ရက်)
ကွယ်လွန်ခဲ့သော ၁၉၉၆ခုနှစ် သြဂုတ်လ ၁ ရက်နေ့က အမှတ်တရကဗျာ
ကဗျာဆရာကြီးဦးတင်မိုးက ၂-၈-၁၉၉၆ နေ့က ဆရာကြီး ဦးခင်မောင်လတ်၏ ဈာပနမှ အပြန် ရေးခဲ့သောကဗျာဖြစ်ပါ၏။

နေ့စဉ်ကောင်းမူ၊ အမြဲပြုသည်
သာဓု သာဓု ဆရာကြီး။

မိမိတတ်သိ၊ ပညာရှိကို
အဓိကထား၊ မေတ္တာပွားလျက်
တပါးသူငှ၊ ပေးဝေမျှသည်
ဆရာ့ဂုဏ်မြောက်၊ ဘ၀ တလျှောက်။

ရင်၌ဖြစ်ပွား၊ သမီးသားသို့
အများအပေါ်၊ အကျိုး မျှော်လျက်
မတော်တော်အောင်၊ သူ ပျိုးထောင်ရင်း
ညဥ့်မှောင်ချိန်သို့၊ ရောက်ခဲ့ပြီ။

စာပေတတ်ပွန်၊ ဇနီးမွန်ကို
သေတပန်သက်တဆုံး၊ တပြုံးပြုံးနှင့်
နှလုံးတူမျှ၊ တွဲ ကြပြီးနောက်
တယောက်တည်း ထွက်ခွာသွားလေပြီ။

ပညာရေးနှင့်၊ တိုင်းရေး ပြည်ရေး
လူ့အရေးကို၊ အရေးကြုံအောင်
သူ ထမ်းဆောင်ကာ
ကလောင်ကိုင်ရင်း၊ စာသင်ရင်းပင်
သေမင်းရင်ခွင် လှုံခဲ့ပြီ။

ထောင်လွှား မာန၊ သူ နှိမ်ချကာ
စိတ်လှ ချောပြေ၊ မေတ္တာ ဝေလျက်
အနေရိုးရိုး၊ အသရေ တိုးစွ။

မျိုးချစ် စိတ်ဓါတ်၊ အရောင် ဟပ်ကာ
မြင့်မြတ် ရိုးဂုဏ်၊ ကိုယ်လုံးထုံလျက်
သူ ယုံကြည်ရာ၊ စေတနာဖြင့်
ပညာဖြန့်ဝေ၊ ရဲရင့်ပေ၏
အနေမြတ်သော ဆရာကြီး။

ယခုအခါ၊ တို့ဆရာသည်
တာဝန်ကျေကျေ၊ ဆောင်ပြီးလေ၍
အသေ မြတ်စွာ၊ သူ ထွက်ခွာပြီ
သာဓု သာဓု ဆရာကြီး။ 
↧
↧

ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၂)

$
0
0
ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၂)
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၆



ဘိုးတော်နီကလည်း ကျနော်တွေ့ခွင့်ရတဲ့ကလောင်ရှင်တွေထဲက ကလောင်ရှင်ပဲ။

ကျနော့်ကို စကားပြေအရေးအသား သင်ကြားပေးတယ်။ ဘိုးတော်နီနဲ့မတွေ့ခင်အထိ ကျနော်ကဗျာတွေကိုသာ ရေးခဲ့ တယ်။ ၀ါကျတကြောင်းကို ပြေပြစ်ချောမောအောင် မရေးတတ်ခဲ့ဘူး။ သူ့ရဲ့ကြီးကြပ်မှုနဲ့ ဆလိုင်းတင်မောင်ဦးအကြောင်း ရေးဖြစ်တယ်။ ဘိုးတော်နီက ကျနော့်ရဲ့ စကားပြေအရေးအသားသင်ဆရာဖြစ်သလို ကျနော့်ရဲ့ နိုင်ငံရေးလမ်းညွန်ဆရာ ဖြစ်လာတယ်။ ခါတိုအွန်ကလောင်နဲ့ ကာတွန်းတွေရေးလေ့ရှိတယ်။ ဒီဇိုင်းဆရာ၊ ဗိသုကာနဲ့ပန်းချီ၊ ကဗျာတွေလည်း ရေး လေ့ရှိတယ်။ သူ့ရဲ့ပင်မအနုပညာက ပန်းချီ။ အဖေနဲ့ ဘိုးတော်နီက ကျနော်တို့အသိုင်းအ၀ိုင်းထဲ ပန်းချီအကောင်းဆုံး။




ဆရာတင်မိုးက မီးသွေးခဲမို့မဲသကို တို့ကျောင်းသားမို့ရဲသကိုဆိုတဲ့ အစဉ်အလာနဲ့အညီ ဒေါင်းအိုးဝေရဲ့ပင်တိုင်ကလောင် လောက်ဖြစ်လာတယ်။ တပ်ဦးရဲ့ဂုဏ်ထူးဆောင်ရဲဘော်အဖြစ် ဆရာတင်မိုးကို သဘောထားပေးဖို့ ကိုလွမ်းဏီက ညီလာခံ မှာ တင်ပြခဲ့တယ်။ ဆရာတင်မိုး ဘ၀ကူးပြောင်းမှုမလုပ်ခင် မဲဆောက်ကိုရောက်တဲ့အချိန်။ ကျနော်တို့သစ်ကောင်းအိမ်တို့၊ ပွင့်သစ်(ကရိန်ကန်)တို့တွေသစ္စာမဂ္ဂဇင်းအတွက် ဆရာတင်မိုးကို အင်တာဗျူးလုပ်ကြတယ်။ အင်တာဗျူးဝါးအဖြစ် ကျနော့် ကို တာဝန်ပေးကြတယ်။ အဲ့ဒီအချိန်က ကျနော့်ရှိနေတဲ့ Mp 3 နဲ့ ကိုလွမ်းဏီအိမ်တည်းနေတဲ့ ဆရာတင်မိုးထံ ကျနော်တို့ တတွေချီတတ်ကြတယ်။




ကျနော်ဆရာတင်မိုးကို မေးခွန်းတွေမေးတယ်။ ဆရာတင်မိုးဖြေတယ်။ Mp 3 ရဲ့အသံဖမ်းကိရိယာကို ဖွင့်လို့။ ဟန်ကျ ပန် ကျမေးကြ ဖြေကြ။




ကျနော် အထမဦးဆုံး စမေးတဲ့မေးခွန်းက ယက်တူရှင်ကိုနဲ့ဆိုင်တယ်။ အဲဒီအချိန်တွေက ကျနော်တို့ကြားမှာ ယက်တူရှင် ကိုတို့ ချေဂွေးဘားရားတို့ မာယာကော့စကီးတို့အကြောင်းတွေ ဆွေးနွေးနေကြတဲ့အချိန်။ သစ်ကောင်းအိမ်က ချေဂွေဘား ရားကို ဖြစ်တည်မှုဝါဒီဖြစ်ကြောင်းတင်ပြလာတော့ ထောက်ခံတာ၊ ငြင်းဆိုတတွေနဲ့ ဝေေ၀စီစီ။ ကျနော်က ဆိုဗီယက်ခေတ် ကဗျာဆရာတွေထဲ ယက်တူရှင်ကိုက ကွန်မြူနစ်ပီသတယ်လို့ တင်ပြတော့ ထောက်ခံကြ၊ ငြင်းဆိုကြ။ မာယာကော့စကီးက ပစ္စက္ခဘ၀ထက် အနာဂတ်ကိုသာမျှော်မှန်တဲ့အနာဂတ္တိဝါဒီဖြစ်ကြောင်းတွေကိုဆွေးနွေးနေကြချိန်။ ဆရာတင်မိုးနဲ့တွေ့တော့ အဲဒီအရှိန်တွေ ထင်ဟပ်တယ်။ ဖြေပေးနေတာပဲ။




ကျနော်တို့ သစ္စာရုံးရောက်လို့ MP 3 ဖွင့်ကြည့်တော့ အသံဖိုင်ရှိမနေဘူး။ ကျနော်တို့ တကြိမ် ထပ်မေးကြရပြန်တယ်။ ဆရာ တင်မိုးသဘောထားကြီးကြီးနဲ့ ဖြေပေးတယ်။ ချင်းမိုင်ရောက်တော့ အဲဒီအင်တာဗျူးအကြောင်း ရယ်ပွဲဖွဲ့လို့ ဆရာတင်မိုး ဖောက်သည်ချနေကြောင်းကြားတော့ ကျနော်တို့ရှက်မိတော့တာပဲ။ အဲဒီအကြိမ် ဆရာတင်မိုးလာတော့ ကိုခင်လွန်း မှတ် တမ်း ဓာတ်ပုံရိုက်တယ်။




၁၉၉၄ လောက် မဲနယ်ပလောကို ရောက်လာတဲ့ခိုင်မာကျော်ဇော။ မခိုင်ကြီး ရောက်လာကတည်းက ကဗျာရေးတယ်။




KNU ထဲက ကဗျာအားကောင်းတဲ့ကလောင်။ ဒီကနေ့ထိ ကဗျာတွေရေးနေတယ်။ မခိုင်မာကဗျာရေးတဲ့အခါ နိုင်ငံရေး အားပြုမှုများတယ်။ ကရင်ထဲက လူငယ်ကဗျာဆရာတဦးရှိတယ်။ စောမူးသာ (ဆေး)။ ကျနော်တို့ ဒေါင်းအိုးဝေကိုင်တဲ့ အချိန် သူ့ကဗျာတွေ တင်ပေးဖူးတယ်။ နေထိုင်မှုအတော်နူးညံ့တဲ့ ကဗျာဆရာ။ သနူထူးလို ကရင်စာစောင်တွေထဲ ကရင်လို ရေးထားတဲ့ကဗျာတွေကို မြန်မာလို့ ဘာသာပြန်ရေးသားဖို့ သူကြိုးစားဖူးတယ်။ သူ့ရည်ရွယ်ချက်ကို အတော်သဘောကျ မိတယ်။

ကျနော့်အမကြီး မိဆူးပွင့်။ အက်ဆေးနဲ့ကဗျာတွေ အရေးကောင်းပေမယ့် အရေးနည်းနေလို့ တွေ့တဲ့အချိန်တိုင်း ကဗျာရေး ဖို့ စာရေးဖို့ ကျနော်တိုက်တွန်းလေ့ရှိတယ်။ ချိုးလင်းပြာရဲ့အယ်ဒီတာ။ အမျိုးသမီးရေးရာ လှုပ်ရှားတက်ကြွသူ။




၂၀၀၄ လောက်မှာရောက်လာတဲ့ ပြည်တွင်း ကဗျာဆရာတွေက သစ်ကောင်းအိမ်နဲ့ အပေါင်းအပါများဖြစ်တယ်။ သူနဲ့အတူ ကဗျာဆရာမြင့်အောင်ဆန်း။ မြင့်အောင်ဆန်းကတော့ စောစောစီးစီး ဘ၀ကူးခဲ့တယ်။

သစ်ကောင်းအိမ်ရဲ့ ကဗျာတွေကို ကျနော်အတော်ကြိုက်တယ်။ သစ်လွန်မှု၊ စကားလုံးအားကောင်းမှု၊ နိမိတ်ပုံအားကောင်း မှုတွေကို သူ့ကဗျာတွေထဲမှာ တွေ့ရတယ်။ ထီမထင်အတွေးရှိတဲ့ ကဗျာဆရာ။ သစ္စာမဂ္ဂဇင်းမှာ လေးအောက်ဒီဇိုင်းရေးပြီး ရပ်တည်တယ်။ အရွယ်တွေမတိမ်းမရိမ်းထဲ သူနဲ့ ကျနော်တို့အတွဲညီကြတယ်။ ကျနော်တို့က သိပ်လမ်းမယူကြဘူး။ သစ္စာ ရုံး ထုံထောင်းထဲလာဖွင့်တော့ ပိုပြီးတွဲဖြစ်ကြတယ်။ သောက်သောက်စားစား၊ ဆွေးနွေးကြ၊ ငြင်းခုန်ကြ။ သစ်ကောင်းအိမ်၊ ပွင့်သစ် (ကရိန်ကန်) အတော်တွဲကြတယ်။ ကျနော်ကတော့ သူတို့ ထုံထောင်းထဲရောက်တော့ တွဲဖြစ်ကြတယ်။




ကမာပုလဲ ရံဖန်ရံခါ မြို့တတ်လာရင် သစ္စာမှာ လူစုကြတယ်။ ကျနော်မိသားစုတွေ မြို့တတ်လာရင်လည်း သစ္စာရုံးမှာပဲ နေ ကြတယ်။ သစ်ကောင်းအိမ်တို့က ကျနော်တို့မိသားစုနေဖို့ သူတို့အိပ်ခန်းကို နေရာပေးပြီး သူတို့ကတော့ ဖြစ်သလိုအိပ် ကြတယ်။

အဲ့ဒီအချိန် ကျနော်တို့နဲ့အတွဲညီတဲ့ကလောင်တချောင်းရှိတယ်။ မျိုးမြင့်ချို။

ပေပေတေတေသမားထဲကပဲ။ မျိုးမြင့်ချိုကို ကျနော်တို့တွေ မွှေကြီးလို့ခေါ်ကြတာ မှတ်မိနေတယ်။ အက်ဆေးလှလှတွေ အရေးကောင်းတယ်။ သူ့အက်ဆေးတွေက ရိုမာန်တိကသဘောတော့ မဆောင်ဘူး။ နိုင်ငံရေးသုံးသပ်ချက်တွေကို လှပတဲ့ အရေးအသားနဲ့ရေးတဲ့လူ။

တဦးရှိသေးတယ်။ ပန်းချီဆရာ။

ဒါပေမဲ့ ကာတွန်းဆရာအဖြစ်နဲ့ ပိုပြီးအောင်မြင်တယ်။ အရိုင်းဆန်တဲ့ အနုပညာသမား။ ကလောင်အမည်ကိုက ဇူးလူးနိုင်း။ အာဖရိက ဗုံသံတွေလိုပဲ၊ လောက်ခေါင်ရေ၀င်ရင်။

သစ်ကောင်းအိမ်တို့ရောက်လာတဲ့အချိန်လောက်မှာပဲ ကျနော်တို့ တပ်ဦးက ကန - ၃ သမား ရဲဘော်နေမျိုးလေး နန္ဒာအိမ် ကလောင်အမည်နဲ့ ကဗျာတွေရေးလာတယ်။ အရင်ကတည်းကရေးနေပေမယ့် အဲဒီအချိန်လောက်မှ သူ့ကဗျာတွေကို ထုတ်ရှိုးတယ်။ အဲဒီအချိန် သစ္စာမဂ္ဂဇင်းက စာမူခပေးတယ်။ သစ်ကောင်းအိမ်၊ မျိုးမြင့်ချို၊ ဇူးလူးနိုင်၊ ပွင့်သစ် (ကရိန်ကန်) နန္ဒာအိမ်၊ ကျနော်၊ အဲဒီလူတွေ အဲ့ဒီအချိန် သစ္စာရုံးကိုဗဟိုပြုပြီး ထင်တိုင်းကြဲခဲ့ကြတယ်။




ကျနော်တို့တတွေအဲ့ဒီလိုလူစုနေကြတဲ့အချိန်ရောက်လာတဲ့မေငြိမ်း။

မဲဆောက် ကိုလွမ်းဏီတို့အိမ်ဝင်းထဲ ကဗျာရွတ်ပွဲတပွဲ အမမေငြိမ်းနဲ့ ကျနော်စပြီးတွေ့ကြတယ်။ စာရေးပွင့်လင်းသလို နေတာထိုင်တာ စကားပြောတာ အတော်ပွင့်လင်းတယ်။ ကျနော်က ကဗျာရွက်ပွဲတွေမှာ ကဗျာရွတ်တဲ့အခါ ပေနည်းနည်း ရှည်လေ့ရှိတယ်။ အဲဒီပွဲမှာ အမမေငြိမ်း ဝေဖန်တာကို ခံခဲ့ရသေးတယ်။

သစ္စာမဂ္ဂဇင်းက မယ်နယ်ပလောတွင် ဆရာနိုင်ဝင်းဆွေတို့ ဖြန့််ချိခဲ့တဲ့ သစ္စာရည်ဗျူးကို ပြည်လည် အားသစ်လောင်းဖို့ ကြိုး စားခဲ့ခြင်းဖြစ်တယ်။ သစ္စာကိုပြန်လည်ဖွဲ့စည်းရာမှာ ဆရာမောင်စိုးချိန် အဓိကတာဝန်ယူခဲ့တယ်။ သူနဲ့ ကျနော် မဲဆောက်မှာ တွေ့ကြတယ်။ အဖွဲ့အစည်းတခုခုရဲ့ အာဘော်မဟုတ်ပဲပေါ်ပေါက်လာတဲ့ လွတ်လပ်တဲ့မူရှိတဲ့ မဂ္ဂဇင်းဖြစ်တယ်လို့ ကျနော် မှတ်ချက်ပြုမိတယ်။

သစ္စာကိုဗဟိုပြုပြီး ကျနော်တို့ အယူအဆရေးရာတွေနဲ့ အနုပညာတွေ တင်ပြခွင့်ရခဲ့ကြတယ်။ တခါတရံ ဗမာသီချင်းတွေကို ဗမာသံသြသြနဲ့ အားရပါးရ သီကြွေးလေ့ရှိတဲ့ မောင်စိုးချိန်က ခင်မင်စရာကောင်းလှတယ်။

ဂျပန်ကနေ စာမူတွေတထပ်ကြီးနဲ့ ရောက်လာတဲ့မသက်ဇင်ကလည်း သတိရစရာကောင်းလှတယ်။ ဘလော့ခ်ခေတ်မှာ တော့ သမိုင်းရေးရာတွေ ရေးနေတယ်။ သတိထားမိလောက်စရာ သမိုင်းအချက်အလက်တွေကို တွေ့ရတယ်။ ကျနော်တို့ အပေါ် အမအရင်းတယောက်လို့ ချစ်ခင်တဲ့ ရဲဘော်ကြီးဖြစ်တယ်။

အရင် တပ်ဦးရဲဘော်ဖြစ်ပေမယ့် ကျနော်မဲဆောက်ရာက်ချိန် အမေရိကားကနေရောက်လာတဲ့ ပန်းချီနဲ့ကာတွန်းဆရာ မင်း ကျော်ခိုင်၊ မိုင်ကျော်ခင်း။ သူပန်းချီရေးရင် မင်းကျော်ခိုင်နဲ့ရေးပြီး ကာတွန်းရေးတဲ့အချိန် မိုင်ကျော်ခင်းအမည်နဲ့ ရေးတယ်။ ပန်းချီကားကိုကြည့်လိုက်တာနဲ့ ဒီပန်းချီကား မင်းကျော်ခိုင်ရေးတယ်လို့တန်းပြောလို့ရလောက်အောင် ကိုယ်ပိုင်ဟန်ရှိတယ်။ ကျနော် ဖြန့်ချိတဲ့ အချစ်မနှစ်သက်သူတို့နဲ့ ကွေကွင်းပြီးနောက် ကဗျာစာအုပ်ထဲ သရုပ်ဖော်ပုံရေးပေးတယ်။ အချစ်မနှစ် သက်သူတို့အတွက် မီးတောင်ကဗျာစာအုပ်ကို လေးအောက်ဒီဇိုင်းလုပ်ပေးဖူးတယ်။ ပျော်တတ်တဲ့လူ။

တပုဒ်စ နှစ်ပုဒ်စလောက်သာရေးပေမယ့် သတိထားမိလောက်တဲ့ အရေးအသားရှိသူတဦးရှိတယ်။

ကျနော်တို့က သူ့ကို တောကျီးကန်းလို့ခေါ်တဲ့ အမတင်တင်နွယ်။ အက်ဆေးအရေးအသားက ကဗျာဓါတ်စိမ့်ဝင်နေသည့် အရေးအသား။ သူရေးတဲ့ တပုဒ်စ နှစ်ပုဒ်စကပင် သူ့ အရည်အသွေးကို ဖေါ်ပြနိုင်လောက်တဲ့ ကလောင်။




စာရေးကျဲပေမယ့် စာရေးကောင်းတဲ့ ကိုဖေသက်နီနဲ့ မဲဆောက်နေ့များ။ ကိုဖေသက်နီကို ကျနော်တို့က ဒေါက်တာအာလူး လို့ ခေါ်လေ့ရှိတယ်။ ရွှေဒေါင်းတောင်စာစောင်ထဲ ရေးသားခဲ့တဲ့ ၀ထ္ထုတပုဒ်ကိုအကြောင်းပြု့ပီး ခေါ်ခဲ့ကြတာ။ မနုဿဗေဒ သမားရဲ့ မနုဿဗေဒသဘောဆောင်သည့် ၀ထ္ထု။

သူ နော်ဝေးရောက်ပြီး သူရေးတဲ့ဝထ္ထုထဲက ဒေါက်တာအာလူးလိုဖြစ်ခဲ့သေးတယ်။ သတိပြန်ရတဲ့အချိန် ကိုဖေသက်နီ သတိရတဲ့လူတွေထဲ ကျနော့်ကိုအမှတ်ရလို့ ကိုခင်လွန်းမှုတဆင့် အကြောင်းကြားတယ်။ ကျနော်ကိုဖေသက်နီကို မေးလ် ပို့ပေးပြီး အားပေးခဲ့ရတယ်။ ဒီတလော ကိုဖေသက်နီစာတွေ တွေ့တွေ့နေရလို့ ၀မ်းသာမိတယ်။




စာမူခပေးတဲ့အထဲ ခေတ်ပြိုင်၊ ကိုစိုးသစ် အယ်ဒီတာလုပ်တဲ့အချိန် ကျနော်တို့ ၀င်ရေးကြတယ်။ ကိုစိုးသစ်ခေတ်ပြိုင်မှာ အယ်ဒီတာမလုပ်တော့တဲ့အချိန် စာမူခရပေမယ့် ကျနော်တို့မရေးကြတော့ဘူး။ ကိုစိုးသစ်နဲ့ ကျနော် စပြီးလူချင်းတွေ့ကြ တာ ချင်းမိုင် BMA ညီလာခံ။ ကျနော်က ဒေါင်းအိုးဝေအယ်ဒီတာအဖြစ်တက်တယ်။

အတော်ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့ ညီလာခံ။ ကျနော်တို့ရဲ့ တပ်ဦးရပ်တည်ချက်ကို ထိပါးတယ်လို့ယူဆပြီး သတင်းထောက် မောင်မောင်စိုးနဲ့ကျနော် ပွတ်တိုက်မှုဖြစ်ခဲ့တယ်။ တပ်ဦးကိုကာကွယ်ပေးတဲ့သဘော။ ကိုကိုးကျွန်းသူရဲကောင်းတွေကို မထေမဲ့မြင် ပြောတာတွေကိုလည်း ကြားခဲ့ရတယ်။ အဲဒီကိစ္စကိုတော့ ကမာပုလဲက ခုခံကာကွယ်ပေးခဲ့တယ်။




ကမာပုလဲနဲ့အတွဲညီတဲ့လူက ဒေါက်တာလွဏ်းဆွေ။ ၂၀၀၃ လောက်ရောက်လာတယ်။ ကျနော်တို့ကြား ရင်းရင်းနှီးနှီး ခင် ခင်မင်မင်။ ဒေါက်လွဏ်းကလည်း မထေမဲ့မြင်သမား။ ကျနော်တို့ထက် နည်းနည်းကြီးပေမယ့် ကျနော်တို့နဲ့ အတွဲများတယ်။ သူကတော့ ကြားလူလိုဖြစ်နေတယ်ပြောရမလားပဲ။ ကျနော်တို့လို လူငယ်တန်းတွေနဲ့ အတွဲများပေမယ့် အရွယ်ကြီးသူတွေ နဲ့လည်း တွဲတယ်။ ရံခါကဗျာဘာညာရေးပေမယ့် အထူးအားဖြင့် နိုင်ငံရေးသုံးသပ်ချက်တွေ ရေးလေ့ရှိတယ်။ အဲ့ဒီနိုင်ငံရေး သုံးသပ်ချက်တွေကြောင့်ပဲ လူပြောသူပြောများခဲ့ရတဲ့သူ။ ၂၀၁၁ လောက်မှာ ကျနော်တို့ကြား ပွတ်တိုက်မှုအနည်းငယ်ရှိခဲ့ ပေမယ့် ကျနော်ချစ်ခင်ရတဲ့ ကျနော့်ရဲဘော်။

လူကြီးအရာတို့ ပွတ်တိုက်မှုတို့အကြောင်းပြောတော့ ဆရာဂါ (ဂါမဏီ) ကို သတိရမိတယ်။ ကိုလွမ်းဏီကို ကျနော်တို့ တပ်ဦးကျောင်းသားတွေက လူကြီးအရာထားတယ်။ ဆိုးတယ်နွဲ့တယ် ရစ်ချင်လည်း ရစ်လိုက်သေးတယ်။ ဆရာဂါကတော့ တကယ့်လူကြီးအရာ။

ဆရာဂါနဲ့ကျနော် မယ်စရီးယမ်းရုံး စတင်တွေ့တယ်။ စတင်တွေ့ရှိကတည်းက ကျနော် ဆရာဂါကို လူကြီးတဦးလို ဆရာ ကြီးအဖြစ် နေထိုင်ခဲ့တယ်။ ဆရာဂါနဲ့ကျနော် အတော်များများတူတယ်။ အတွဲညီလှတဲ့အချက်ပြောဆိုရင် ၂၀၀၆ - BMA ညီ လာခံအပေါ် သဘောထားညီကြတယ်။ အဲဒီညီလာခံအပြီး တော်လှန်နယ်မြေနဲ့ သတင်းသမားတွေရဲ့အခန်းကဏ္ဍကို မေး ခွန်းထုတ်တာမှာညီကြတယ်။ အဲဒီညီလာခံအပြီးမှာ ဆရာဂါက မီဒီယာအကြောင်းတပုဒ်ရေးသလို ကျနော်ကလည်း မီဒီယာ ကျည်အမည်နဲ့ရေးဖြစ်တယ်။ ဆရာဂါရဲ့ နိုင်ငံရေးသုံးသပ်ချက်တွေကို အမြဲတမ်းလောက် ကျနော်ရဲ့ လေ့လာရေးစာတွေ အဖြစ်သဘောထားတယ်။ ဒီကနေ့အထိ ဆရာဂါရဲ့နိုင်ငံရေးသုံးသပ်ချက်တွေက ကျနော့်အတွက် အရေးတကြီး ဖတ်ရမယ့် စာတွေ အဖြစ်ရှိနေတယ်။

လူကြီးအရာထူးတဲ့လူထဲ တပ်ဦးရဲ့ဖခင်ကြီးလို့ ချစ်စနိုးခေါ်လေ့ရှိတဲ့ ရဲဘော်မောင်မောင်တိတ်။

သူ့ကလောင်က အောင်အတိတ် (စိတ်ပညာ)။ နိုင်ငံရေးအတွေ့အကြုံတွေကို ရေးလေ့ရှိတယ်။ ကျနော်နဲ့ကိုတိတ်ကြီး ၁၉၉၄ ဒေါင်းဂွင်ထဲ စတွေ့ကတည်းက ခင်မင်ခဲ့ကြတယ်။ တပ်ဦးအပေါ်သုံးသပ်ချက်ရေးတဲ့စာတမ်းထဲ ကိုတိတ်ကြီးကို ဂုဏ်ပြုထိုက်တဲ့ ရဲဘော်အဖြစ် ရေးသားခဲ့ဖူးတယ်။

ကျနော်က ကိုတိတ်ကြီးကို တပ်ဦးရဲ့အန်ကယ်ဟိုလို့ ခေါ်လေ့ရှိတယ်။

နိုင်ငံရေးကို အခြေပြုတဲ့ဒေသနေရာထဲ တွေ့ခဲ့ကြတဲ့ကဗျာဆရာရဲဘော်တွေ။ ကျနော် ဒီကနေ့အထိ ဒီကဗျာရဲဘော်တွေကို တန်ဖိုးထားတယ်။ တန်ဖိုးထားမှုကို ဗဟိုပြုပြီး ဒီမှတ်တမ်းကိုရေးတယ်။




၂၆ - ၇ - ၂၀၁၆



ညိုထက် (လမ်းသစ်ဦး)

↧

ကာတွန်း ညီပုချေ - ငြိမ်း ... တွေ

$
0
0

ကာတွန်း ညီပုချေ - ငြိမ်း ... တွေ
(မိုးမခ) သြဂုတ် ၁၊ ၂၀၁၆

↧

မောင်မောင်စိုး - မိုင်ဂျာယာန်ညီလာခံသုံးသပ်ချက်အကျဉ်း

$
0
0


မောင်မောင်စိုး - မိုင်ဂျာယာန်ညီလာခံသုံးသပ်ချက်အကျဉ်း 
(မိုးမခ) သြဂုတ် ၂၊ ၂၀၁၆

၁။ မိုင်ဂျာယာန် ညီလာခံကို 26/7/2016 မှ 30/7/2016 အထိ ၅ ရက်ကြာကျင်းပခဲ့သည်။ ၎င်းညီလာခံကျင်းပနိုင်ရေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြု ချက်ပေးခဲ့ပြီး အစိုးရပိုင်း အောက်ခြေ တာဝန်ရှိသူအဆင့်ဆင့်မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။ မြန်မာစစ်ဖက်ခေါင်းဆောင်များကတော့ သူတို့၏စိုးရိမ်ပူပန်မှုကိုဖော်ပြခဲ့သည်။

၂။ မိုင်ဂျာယာန်ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မြို့ပေါ် တိုင်းရင်းသားပါတီ တပ်ပေါင်းစုများဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား ပါတီများမဟာမိတ် ( UNA) ညီနောင် တိုင်း ရင်းသား ပါတီများဖက်ဒရေးရှင်း (NBF) နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၉၆ ယောက်၊ နယ်ပယ်အသီးသီးမှ လေ့လာသူ ၁၁၀ ယောက်၊ စုစုပေါင်း ၂၀၆ ယောက် တက်ရောက်ခဲ့သည်။ UN ကိုယ်စားလှယ် မစ္စတာနမ်ဗီးယား တရုတ်ကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်တို့လည်း တက်ရောက် ခဲ့ကြသည်။

၃။ ဤညီလာခံသည် ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ရေး ဦးတည်ချက်ဖြင့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ဆွေးနွေးတင်ပြကြမည့် နိုင်ငံရေးပြဿနာများ အခြေခံသဘောထားများကို စုစည်းဆွေးနွေးကြခြင်းဖြစ်သည်။

၎။ ၂၀၁၅ နှစ်ကုန်ပိုင်းအတွင်း NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး သဘောထားကွဲပြားမှု ဖြစ်ပြီးနောက် ယခုအကြိမ်တွင် NCA လက်မှတ်ထိုး သောအဖွဲ့များရော လက်မှတ်ရေးထိုးခြင်း မရှိ သေးသောအဖွဲ့များပါ ၂၁ ရာစု ပင်လုံတွင် တူညီသောနိုင်ငံရေးသဘောထားရနိုင်သမျှ စုစည်း
နိုင်ကြရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

၅။ ဤညီလာခံတွင် အောက်ပါ အကြောင်းများကို ဆွေးနွေးခဲ့ကြသည်။
(က) ပင်လုံလက်စွဲစာတမ်း

(ခ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများတို့ တွင် ပါဝင်ရမည့် အခြေခံမူများ
(ဂ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေခံမူများနှင့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုင်ရာ မူဝါဒများ
(ဃ) နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကိစ္စရပ်များ စသည့် အချက် ၄ ချက်ဖြစ်ပါသည်။

၆။ ဆွေးနွေးပွဲကာလအတွင်း ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးဖြည့်စွက် ပြင်ဆင်ချက်များနှင့်အတူ ဘုံသဘောထားများကို စုစည်းနိုင်ခဲ့ကြသည်။

၇။ သို့သော် ဘုံသဘောထားများကို ဆက်လက်စုစည်းရန် လိုအပ်နေသေးသည့်အတွက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ ( CT ) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့က ပူးတွဲနည်းလမ်းရှာဆောင်ရွက်သွားမည်ဟုဆုံးဖြတ်ခဲ့ကြသည်။ အချို့ယူဆသကဲ့သို့ ဥပမာ ပြည်နယ်ပြဿနာများ၌ တိကျသည့်သဘောထား ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိပေ။ အခြေခံမူများပေါ်မှ ဆက်လက်ဆွေးနွေးသွားကြရန်သဘောတူထားခြင်းသာ ဖြစ်သည်။ ကိစ္စရပ်အားလုံးတွင် ထို့အတူ ဖြစ်သည်။

၈။ မိုင်ဂျာယာန်ဆွေးနွေးပွဲအခြေအနေများနှင့် ပတ်သက်၍ DPN မှ စဝ်စိုင်းထူး (SSPP) ဦးဆောင် သော အဖွဲ့မှ လာမည့်ရက်ပိုင်းအတွင်း ဒေါက်တာတင်မျိုးဝင်းဦးစီးသည့် ကော်မတီနှင့် တွေ့ဆုံ တင်ပြသွားမည်ဟု ဆိုပါသည်။

၉။ လိုင်ဇာ လော်ခီးလာ မိုင်ဂျာယာန်ညီလာခံများသည် တိုင်းရင်းသားများ၏ နိုင်ငံရေးအရ ဘုံသဘောထားများရရှိရန် ကြိုးပမ်းဆောင်ရွက်ချက်များဖြစ်သည်။ ဤအချက်သည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားများ၏ဘက်မှ အစပြုချက်ဟု ယူဆရမည်ဖြစ်သည်။

၁၀။ ဤညီလာခံများတွင် ဖက်ဒရယ်မူနှင့်ပတ်သက်၍ တိုင်းရင်းသားတို့၏ အမြင်မျိုးစုံကိုတွေ့ရသည်။ သဘာဝကျစွာပင် တိုင်းရင်းသားများ၏ အမြင်သည် တိုင်းရင်းသားအခွင့်အရေးကို ဇောင်းပေး ဆွေးနွေးကြသည်သာ ဖြစ်သည်။ သို့သော် အပြီးအပြတ်မဟုတ်၊ ဆက်လက် သယ်ဆောင်ရပေဦးမည်။

၁၁။ ထိုမှတဆင့် ၂၁ ရာစု ပင်လုံညီလာခံတွင် အရပ်သားအစိုးရသစ် မြန်မာစစ်ဖက်နှင့် တိုင်းရင်းသား အဖွဲ့တို့ ၃ ပွင့်ဆိုင် ဆက်လက်၍ ဆွေးနွေးကြရမည်ဖြစ်သည်။ ဖက်ဒရယ်နှင့် ပတ်သက်၍ တူညီသောသဘောထားတရပ် အားလုံးလက်ခံနိုင်သည့်အဖြေတရပ် ရရှိရေး ဦးတည်ဆွေးနွေး သွားရပေမည်။

၁၂။ မတူညီသောအမြင်များ ရပ်တည်ချက်များကြောင့် စစ်ပွဲဖြစ်ပွားနေခြင်းအား ရပ်တန့်ပြီး စားပွဲဝိုင်းတွင် ထိုင်ဆွေးနွေးနိုင်ရန် လုံးပမ်းအားထုတ်ရန်မှာ လက်ရှိလိုအပ်ချက်ဖြစ်သည်။ မတူညီသောအမြင်များရှိသည်က ပြဿနာမဟုတ်ပေ။ ထိုမတူသောအမြင်များကို စားပွဲဝိုင်းတွင် တင်ရန် ဖြေရှင်းရန် ကြိုးပမ်းသွားရန်သာ အရေးကြီးသည်။

၁၃။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အပါ ပါဝင်ပတ်သက်သူအားလုံး၏ ကြိုးပမ်းညှိနှိုင်းဆောင်ရွက်မှုများကြောင့် မကြာမီကာလအတွင်း စစ်ပွဲတွင်ပါဝင်ကြသူ ဘက်အားလုံးမှ တနိုင်ငံလုံး အပစ်ရပ်ရေးအား ကြေညာနိုင်တော့မည်ဟု သတင်းကောင်းများကြားရပါသည်။

၁၄။ လက်ရှိအချိန်တွင် အားလုံးအာရုံစိုက်ရမည့် ပြဿနာမှာ မတူကွဲလွဲသည့် အမြင်များမဟုတ်ပေ။ ထိုမတူသောအမြင်များကို စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးအဖြေရှာရေး ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်ညှိနှိုင်းအဖြေရှာရေးသာဖြစ်ပါသည်။



Mg Mg Soe ( မောင်မောင်စိုး )
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>