Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

သားဝင့်ကျော် - Hire purchase သို့မဟုတ် ငှားဝယ်စနစ်

$
0
0


သားဝင့်ကျော် - Hire purchase သို့မဟုတ် ငှားဝယ်စနစ်

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၆

ကျနော်တို့နိုင်ငံလို ပြန်လည်ထူထောင်ရေး လုပ်နေရသောအချိန်တွင် အလွန်အင်မတန်မှ သင့်တော်သောစနစ်တစ်ခုဖြစ်ပါသည်။  တန်ဖိုးကြီးမား၍ လုပ်ငန်းအတွက်မရှိမဖြစ်လိုအပ်လှသော ပစ္စည်းကို တလုံးတခဲတည်း တစ်ကြိမ်တည်းပေးချေရခြင်းထက် အရစ်ကျပေးချေရခြင်းက လုပ်ငန်းလုပ်သူအတွက်ရော ငွေကြေးပံ့ပိုးသော အဖွဲ့အစည်းအတွက်ပါ ရှဥ့်လည်းလျောက်သာ ပျားလည်းစွဲသာ အခြေအနေပါ။

ဆိုပါစို့ သိန်း ၁၀၀ တန်စက်တစ်လုံးကို သိန်း ၁၀၀ တစ်လုံးတည်းတခဲတည်း ပေးချေရမည်ဆိုပါက သိန်း တစ်ရာ လက်ထဲရှိသောသူအတွက် လုပ်ငန်းဆက်လက် လုပ်ဆောင်နိုင်ရန် ခက်ခဲပေမည်။
ငှားဝယ်စနစ် ကျင့်သုံးမည်ဆိုပါက  ... ဆိုပါစို့

သိန်း ၁၀၀ အတွက်
ကနဦးပေးငွေ သိန်း ၂၀ ၊
အတိုးနှုန်းက တနှစ်လျှင် ၁၀%၊
ဝန်ဆောင်ခ ၂%

ပထမလအတွက် ကနဦးပေးငွေ ၂၀သိန်း
ကျန်ငွေ ၈၀သိန်း
အတိုး ၈၀×၁၀% ၈သိန်း
ဝန်ဆောင်ခ ၁၀၀×၂% ၂သိန်း
စုစုပေါင်း ၉၀ သိန်း
သိန်း ၉၀ ကို ၁၂ လဖြင့်စားပါက တစ်လအတွက် ၇သိန်း ၅သောင်း
ပထမလအတွက် စုစုပေါင်း ၂၇သိန်း၅သောင်းပေးသွင်းရမည် ဖြစ်ပြီး ကျန်လများမှာ တစ်လလျှင် ၇သိန်း၅သောင်း ပုံမှန်ပေးသွင်းရပါမည်။

 ဒီနေရာမှ ငွေကြေးပံ့ပိုးသည့်အဖွဲ့အစည်းသည် အတိုးကို ကျန်ငွေ အပေါ် တနှစ်စာ ပုံသေ တွက်ချက်ပြီး တစ်လအတွက် ပုံသေပေးသွင်းငွေ သတ်မှတ်ခြင်းဖြစ်၍ ဝယ်ယူသုံးသွဲသူအတွက် အတိုးစရိတ် ပိုကုန်ကျပါသည်။


 အကယ်၍သာ ပေးဆပ်ပီးကျန်ငွေပေါ် အတိုးတွက်ပါက ...
ဆိုပါစို့  ... ဒုတိယလအတွက်
ကျန်ငွေ ၈၀ - ၆.၆၇ = ၇၃.၃၃သိန်း
အတိုး ၇၃.၃၃ × ၁၀% × ၁၁ ÷ ၁၂ = ၆.၇၂သိန်း
ဝန်ဆောင်ခ ၂ သိန်း
စုစုပေါင်း  ၈၂.၀၅ သိန်း

 ၈၂.၀၅ သိန်းကို ကျန် ၁၁လ ဖြင့်စားလျှင် ၇သိန်းလေးသောင်းငါးထောင် ကျသင့်ပါမည်။

 တတိယလ အတွက် ပို၍လျော့ကျသွားပါမည်။နောက်လများမှာ ပို၍ကျဆင်းသွားပါမည်။

သို့ဆိုလျှင် ဝယ်ယူသုံးစွဲသူအတွက် ပို၍ တွက်ခြေကိုက်သလို ငွေကြေးပံ့ပိုးသည့်အဖွဲ့အစည်းအတွက်လည်း အကျိုးယုတ်စရာမရှိပါချေ။
သို့တည်းမဟုတ် ယခုလက်ရှိသတ်မှတ်ထားသော ချေးငွေပေါ်ပေးရသော ဘဏ်တိုးနှုန်း ၁၃%ကို Hire purchases အတွက် လျှော့ချသတ်မှတ်ပေးမည် ဆိုပါက ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေပါ။

 နိုင်ငံထူထောင်ရေးအတွက် ပြုပြင်သင့်သောအကြောင်းအရာတစ်ခု တင်ပြခြင်းဖြစ်ပါသည်။

သားဝင့်ကျော်
၁၀အောက်တိုဘာ ၂၀၁၆

ထွန်းဝင်းငြိမ်း - ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၄ နှစ်ပြည့် စာအုပ်ထုတ်ဝေ

$
0
0

ထွန်းဝင်းငြိမ်း - ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၄ နှစ်ပြည့် စာအုပ်ထုတ်ဝေ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၆
 
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အမှတ်တရနှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပါင်းချုပ် “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့"စာအုပ်ထုတ်ဝေခြင်းအခမ်းအနားကို ၉၊ ၁၀၊ ၁၆ ရက်နေ့လည် ၁း၀၀ နာရီက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ပေးပို့သော ဗိုလ်မှူးချုပ်ကျော်ဇောမိသားစု၏ သ၀ဏ်လွှာကို ကိုယဉ်ထွန်း(ယဉ်မျိုးစာပေကလည်းကောင်း)၊
 
ဆရာဦးအံ့မောင်ပေးပို့သောသ၀ဏ်လွှာကို ဦးလှရွှေကလည်းကောင်း ဖတ်ကြားခဲ့ကြပါသည်။ ထို့နောက် ဦးတင်ဦး(နာယက-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးလေးမြင့်(စာရေးဆရာလှကွန့်)၊ ဦးတင်အောင်(ကျွန်းပြန်)၊ ဦးငွေလင်း(အထွေထွေအတွင်းရေးမှူး-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးမောင်မောင်အေး(၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု)၊
 
ကိုကျော်ကိုကို(ဥက္ကဋ္ဌ-ဗကသများအဖွဲ့ချုပ်)တို့က ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။

DPNS ပါတီအတွင်းရေးမှူး ဦးငွေလင်းက အမှတ်တရစကား ပြောကြားရာတွင် ဗိုလ်မှူးချုပ်ကျော်ဇော၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များနှင့် ဗိုလ်မှူးချုပ်ကျော်ဇောကဲ့သို့ ပြည်သူကို မျက်နှာမူသော၊ ပြည်သူ့အကျိုးစီးပွါးဘက်မှ ရပ်ခံဆောင်ရွက်သော စစ်ဗိုလ်ချုပ်များ ပေါ်ပေါက်လာမှသာ လက်ရှိဖြစ်ပွါးနေသော စစ်ပွဲများ ရပ်ဆိုင်းနိုင်ပြီး ငြိမ်းချမ်းသော၊ ဒီမိုကရေစီ ထွန်းကားသော၊ တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဗိုလ်မှူးချုပ်ကျော်ဇောအတွက် ဆရာဝင်းတင့်ထွန်း ဂုဏ်ပြုရေးဖွဲ့ထားသောကဗျာကို ဆရာမနှင်းပန်းအိမ်ကရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။




မိုင်လိန်းဟုန်းလိုင်း/Chin World - ချင်းရိုးရာအစားအစာ ရန်ကုန်ကိုထိုးဖောက်နိုင်ရန် ပြုပြင်မွမ်းမံမှု လိုအပ်

$
0
0


မိုင်လိန်းဟုန်းလိုင်း/Chin World - ချင်းရိုးရာအစားအစာ ရန်ကုန်ကိုထိုးဖောက်နိုင်ရန် ပြုပြင်မွမ်းမံမှု လိုအပ်
(Myanmar NOW) မိုးမခ၊ အောက်တိုဘာ ၁၁၊ ၂၀၁၆


ရန်ကုန် (Myanmar Now) - နာမည်ကျော် ချင်းတိုင်းရင်းသား ရိုးရာအစားအစာဖြစ်သည့် ဆာဗူသီးကို ရန်ကုန်နှင့် မြို့ကြီးများတွင် ဈေးကွက်ဝင်လူကြိုက်များစေရန်အတွက် ကြော်ငြာခြင်း၊ ချက်ပြုတ် ပြင်ဆင်မှုပုံစံ အနည်းငယ်ပြောင်းလဲခြင်းတို့ လိုအပ်မည်ဟု စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူများ၊ စားသုံးသူများက ပြောသည်။

ပြောင်းဖူး၊ နွားနောက်သားတို့ကို ဆန်ပြုတ်ပမာ ချက်ပြုတ်ထားသော ဆာဗူသီးကို စားသုံးသူများက စိတ်ဝင်စားမှု နည်းပါးကြသည်ဟု ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းတွင် စားသောက်ဆိုင် ဖွင့်ထားသူ ဦးခင်ဇာစိန်က ပြောသည်။

“ချင်း အစားအစာက ရေလုံပြုတ် အစားအစာတွေ များတဲ့အတွက် မနှစ်သက်ကြဘူးထင်တယ်။ စားကြတဲ့သူတွေက ချင်းနဲ့ ကချင်တွေပဲ လာစားကြတာ” ဟု ရန်ကုန်-ချင်းပြည်နယ် ကားလက်မှတ်နှင့် ရှမ်း၊ ချင်း အစားအစာတို့ကို တွဲဘက်ရောင်းချသည့် ဆိုင်ပိုင်ရှင် ဦးခင်ဇာစိန်က ပြောသည်။

“ဈေးကွက်တစ်ခုရဖို့ တော်တော်လေး ကြိုးစားရဦးမယ်။ ဆာဗူသီးကိုလည်း ဒီထက်အရသာ ပိုကောင်းအောင်လုပ်ပြီး ကြော်ငြာအား ကောင်းကောင်းနဲ့မှ တခြား တိုင်းရင်းသား ရိုးရာ အစားအစာတွေနဲ့အတူ ဈေးကွက် ထိုးဖောက်နိုင်မယ်”

၃၈ လမ်း အောက်ဘလောက်ရှိဆိုင်သည် ရန်ကုန်ရှိ အောင်မြင်သော စားသောက်ဆိုင်များကဲ့သို့ တခမ်းတနား ပြင်ဆင်ထားခြင်း မရှိပေ။

ချင်းအစားအစာ အရောင်းသွက်ရေးမှာ ရန်ကုန်ရှိ ချင်းတိုင်းရင်းသားအရေအတွက်နှင့်လည်း သက်ဆိုင်သည်ဟု ထိုဆိုင်သို့ လာရောက်စားသုံးသူ ကချင် အမျိုးသမီးတစ်ဦးက သုံးသပ်သည်။

“ရန်ကုန်မှာဆိုရင် ကျမတို့ကချင်ရိုးရာ အစားအစာကို စားဖို့ ကျမတို့ တိုင်းရင်းသားတွေ အပြည့်ပဲ” ဟု ကချင် အမျိုးသမီးက ပြောသည်။

ဆာဗူသီးအပါအဝင် ချင်းရိုးရာအစားအစာတို့ကို ဈေးကွက်ဝင်စေရေးအတွက် ကြိုးပမ်းလျှင် အောင်မြင်နိုင်သည်ဟု သူက ဆိုသည်။

“ရခိုင်ရိုးရာ ဖြစ်တဲ့ မုန့်တီဆိုလည်း ရန်ကုန်က တိုင်းရင်းသားအားလုံး နှစ်သက်စားသုံးကြတယ်။ ရခိုင်မုန့်တီဟာ အသက် မွေးဝမ်းကျောင်းတဲ့ လုပ်ငန်းတစ်ခုအဖြစ် ဘယ်တိုင်းရင်းသားမဆို ရောင်းချလို့ရတယ်။ ဒီလိုပဲ ဆာဗူသီးလို ချင်းရိုးရာ အစားအစာကို စီးပွားရေးတစ်ခုအနေနဲ့ ထိုးဖောက်ရောင်းချနိုင်မယ်ဆိုရင်တော့ မအောင်မြင်စရာမရှိဘူးလို့ ကျွန်မတော့ ယူဆတယ်” ဟု ကချင် အမျိုးသမီးက ပြောသည်။

လှည်းတန်းမီးပွိုင့်အနီးတွင်လည်း ချင်းရိုးရာအစားအစာ သီးသန့််ရောင်းချသည့်ဆိုင်တစ်ဆိုင်ကို လမ်းသွယ်တစ်ခုအတွင်း တွေ့ရသည်။ Chinland Breeze ဟု အမည်ပေးထားသော ထိုဆိုင်၏ပိုင်ရှင် မိုင်ဒေါ့ရင်းက ၎င်းတို့၏ဆိုင်သို့ လာရောက်သူများထဲတွင် ဗမာလူမျိုး နည်းပါးသည်ဟု ဆိုသည်။

“ဆာဗူသီးက တကယ်တော့ ဆီမပါတဲ့အတွက် ကျန်းမာရေးနဲ့ ပိုညီညွတ်တယ်။ ဆာဗူသီးမှာ အမဲအူတို့လိုဟာတွေပါတော့ ဗမာတွေအတွက်က နည်းနည်း ညှီတယ်လို့ ပြောကြတယ်။ ဒါပေမယ့် လာစားကြပါတယ်။ ရုံးပိတ်ရက်တွေဆိုရင်တော့ တစ်ရက်မှာ အနည်းဆုံး လူ ၅ဝ လောက်အထိ လာစားကြပါတယ်” ဟု ၎င်းက မိုင်ဒေါ့ရင်းက ပြောသည်။

ဗမာအများစုနေထိုင်ရာ ရန်ကုန်တွင် ဆိုင်ဖွင့်ပြီး ၄ လ ကြာသည်အထိ အမြတ်မပေါ်ခဲ့ကြောင်း၊ ဈေးကွက်ထိုးဖောက်နိုင်ရေး၊ အောင်မြင်ရေးအတွက် များစွာ ကြိုးပမ်းရဦးမည်ကို သဘောပေါက်ကြောင်း ယခင်က စားသောက်ဆိုင်လုပ်ငန်း အတွေ့အကြုံ မရှိသူ မိုင်ဒေါ့ရင်းက ရှင်းပြသည်။

ရန်ကုန်မြို့တွင် နေထိုင်နေသူ ချင်းတိုင်းရင်းသား ဆလိုင်းဒေးဗစ် ကီးအွမ်မောင်းက ရန်ကုန်တွင် ရှားပါးသည့် ဆာဗူသီးကို စားသုံးမိတိုင်း ကိုယ့်ဒေသသို့ ပြန်ရောက်သွားသည့် ခံစားချက်များ ပေါ်ပေါက်လာသည်ဟု ဆိုသည်။

ဆာဗူသီး ရန်ကုန်တွင် မအောင်မြင်သေးသော်လည်း ချင်းတောင်နှင့် နီးစပ်သည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကဲ့သို့သော ဒေသမျိုးတွင် ချင်းအစာအစာ ရောင်းသည့်ဆိုင်တချို့မှာ "လူထိုင်စရာနေရာ မရလောက်အောင်"အားပေးမှုကို ရရှိနေသည်ဟု သူက ရှင်းပြသည်။

တခြားတိုင်းရင်းသားများ ချင်းအစားအစာကို နှစ်သက်လာစေရန် တီထွင်ဖန်တီးမှု များစွာ လိုအပ်နေသည်ဟု ဆလိုင်းဒေးဗစ် ကီးအွမ်မောင်းက ပြောသည်။

နိုင်ငံတကာအတွေ့အကြုံရှိသော၊ ရန်ကုန်မြို့ စားသောက်ဆိုင် အများအပြားနှင့် ထိတွေ့ဖူးသော လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုမင်းသန့်ဝင်းရွှင်ကလည်း အလားတူ သုံးသပ်သည်။

"ဆာဗူသီးက ဘယ်လိုပုံစံရှိလဲ၊ ရန်ကုန်မြို့ ဘယ်နေရာမှာရောင်းလဲ ဆိုတာ မသိဘူး။ စားသုံးသူတွေသိအောင် ကြော်ငြာဖို့ လိုလိမ့်မယ်"ဟု ရန်ကုန်တွင် နေထိုင်သူ ကိုမင်းသန့်ဝင်းရွှင်က ပြောသည်။

မကြာသေးခင်က ချင်းပြည်နယ်၊ မင်းတပ်မြို့၊ စားသောက်ဆိုင်များသို့ ရောက်ရှိစဉ် ချင်းရိုးရာအစားစာကို မတွေ့ခဲ့ရဟု သူက ဆက်လက် ပြောကြားသည်။

ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် အခြားတိုင်းရင်းသား ဒေသ စားသောက်ဖွယ်ရာများ နှင့် ချင်းရိုးရာအစားအစာများကို ပူးတွဲရောင်းချလာပါက စားသုံးသူများ ချင်းအစားအစာကို ထိတွေ့ခွင့်ရမည်ဟု သူက သုံးသပ်သည်။

ဆာဗူသီးမှာ ချင်းပြည်နယ်၊ မြောက်ပိုင်းဒေသ အခေါ်အဝေါ်ဖြစ်ပြီး ချင်းပြည်နယ်၊ တောင်းပိုင်းဒေသတွင် ပြောင်းဖူး၊ နွားနောက်သားတို့သာမက ပဲ နှင့် အသီးအရွက်တို့ကိုပါ ထည့်သွင်းချက်ပြုတ်ကြကာ အေတွီဟု ခေါ်ဝေါ်ကြသည်။ ။
----------------------------------

(မိုင်လိန်းဟုန်းလိုင်းသည် Chin World မီဒီယာမှဖြစ်ပြီး ရန်ကုန်မြို့Myanmar Now သတင်းအေဂျင်စီရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် တစ်လကြာ လုပ်ကိုင်စဉ် အထက်ပါသတင်းကို ရေးသားခဲ့ခြင်းဖြစ်သည်။)
----------------------------------

ရန်ကုန်၊ ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် တစ်ပွဲ ကျပ် ၈ဝဝ နှုန်းဖြင့် ရောင်းချသော ဆာဗူးသီး။ ဆိုင်တွင် မှာယူ စားသောက်ပါက တွဲဘက်သုံးဆောင်ရန် ဆား၊ ငရုတ်သီး၊ အမဲသားကြော်တို့ကိုလည်း ချပေးတတ်သည် (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

နန့်သွာဖောင် - ရန်ကုန်တိုင်းအတွင်း ကရင်စာပေသင် ဆရာ/ဆရာမများ ချီးမြှင့်ငွေ မရသေး

$
0
0

နန့်သွာဖောင် - ရန်ကုန်တိုင်းအတွင်း ကရင်စာပေသင် ဆရာ/ဆရာမများ ချီးမြှင့်ငွေ မရသေး
(Myanmar NOW) မိုးမခ၊ အောက်တိုဘာ ၁၁၊ ၂၀၁၆


ရန်ကုန်တွင် ကရင်စာပေ သင်ကြားနေသည်မှာ နှစ်လခန့် ကြာပြီ ဖြစ်သော်လည်း ဆရာ၊ ဆရာမများ ချီးမြှင့်ငွေ မရရှိသေးပေ အနေဖြင့် ချီးမြှင့်ငွေများ မရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဒုဥက္ကဋ္ဌ မန်းချစ်လှက အောက်တိုဘာ ၇ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

“စာပေသင်တာ သြဂုတ်လမှာ စတယ်။ အခုဆို တစ်လကျော်ပြီ။ ချီးမြှင့်ငွေ တစ်လ သုံးသောင်းပေးမယ်လို့ ပြောထားတယ်။ အခုထိပေးတာတော့ မတွေ့သေးဘူး။ စာအုပ်လည်း ချပေးတာမတွေ့ဘူး။ ဒီလထဲမှာ တိုင်း စာယဉ် အစည်းအဝေး ခေါ်မယ်ပြောတယ်။ အဲဒီကျမှ ပြန်ပြီးဆွေးနွေးရမယ်”ဟု မန်းချစ်လှက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကရင်လူမျိုး အများစုနေထိုင်သည့် မြို့နယ်များရှိ အစိုးရကျောင်း၌ သြဂုတ် ၁၉ ရက်နေ့မှ စတင်ကာ အစိုးရဝန်ထမ်း ကရင်ဆရာ၊ ဆရာမများနှင့် ပြင်ပ ဆရာ၊ ဆရာမများက ကရင်စာ စတင် သင်ကြားပေးခဲ့သည်မှာ နှစ်လနီးပါးကြာပြီဖြစ်သည်။

ကွမ်းခြံကုန်းမြို့နယ် ဆိပ်ကြီးကျေးရွာ၌ ပြင်ပ ကရင်စာသင် ဆရာမတဦးဖြစ်သူ နန့်လှလှကြည်က “အစည်းအဝေး ထိုင်တဲ့ ကာလမှာတော့ တစ်လသုံးသောင်း၊ လစာတော့မဟုတ်ဘူး၊ ချီးမြှင့်ငွေ ပေးမယ်ပေါ့နော်။ လက်ရှိမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မကြာသေးပါဘူး။ အားလုံးက စိတ်ဓာတ်နဲ့ လုပ်ကျပေမယ့် အချိန်ကြာ ရင်တော့ ခက်ခဲလာမယ်ထင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကျောင်းချိန်ပြင်ပ ကရင်စာပေသင်ကြားရာတွင် ဆိုင်ရာကျောင်းအုပ်များက အပြည့်အဝ ကြီးကြပ်မှုမလုပ်နိုင်သေးကြောင်း၊ အစိုးရအနေဖြင့် ကရင်စာပေ တရားဝင် သင်ကြားခွင့်ပေးပြီး သင်ကြားမည့် ဆရာ/ ဆရာမများရှိလာပါက ပိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း နန့်လှလှကြည်က ဆက်ပြောသည်။

လက်တလော ကရင်စာသင်ဆရာ၊ ဆရာမများ အတွက် ချီးမြှင့်ငွေကိစ္စကို ဆက်စောင့်ကြည့်ရမည်ဖြစ်ပြီး သင်ကြားရေးအပိုင်းတွင် ဆရာ/ဆရာမများအနေဖြင့် သင်နိုင်သော်လည်း ထိရောက်စွာ သင်ကြားနိုင်ရေး အတွက် မွမ်းမံသင်တန်းပေးခြင်းများပြုလုပ်သင့်သည်ဟု ကောမှူးမြို့နယ်၊ ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး မန်းသြဘာသောင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျောက်ပုံးကျေးရွာသူ နော်ငြိမ်းငြိမ်းမော်က “အခုလို လစာမရသေးတာက တစ်ဖက်မှာလည်း အခက်အခဲရှိလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ အနေနဲ့တော့ နားလည်ပေးရပါလိမ့်မယ်။ တိုင်းရင်းသားရေးရာမှာ ဘက်ဂျက်မရှိဘူး ထင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်၊ တိုက်ကြီး၊ မှော်ဘီ၊ တွံတေး၊ မရမ်းကုန်း၊ ထန်းတပင်၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် လှည်းကူးစသည့် မြို့နယ်များရှိ စာသင်ကျောင်း ၃ဝ၄ ကျောင်းတွင် ကျောင်းသား ဦးရေ ၆,၄၂၉ ဦးကို ဆရာ/ဆရာမ ၁၉ဝ ဦးကျော်တို့က ကရင်စာသင်ကြားပေးနေကြောင်း စာယဉ်တာဝန်ရှိသူများထံမှ သိရသည်။

(နန့်သွာဖောင်သည် KIC သတင်းဌာနမှ ဖြစ်သည်။)

---------------------------------

ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေယဉ်ကျေးမှုကော်မတီ၏ အစည်းအဝေး (ဓာတ်ပုံ - KIC သတင်းဌာန)

ကျော်မောင်(တိုင်းတာရေး) - ဘယ်အခန်းမှာလဲ

$
0
0


ကျော်မောင်(တိုင်းတာရေး) - ဘယ်အခန်းမှာလဲ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၆


အတန်းစဉ်တိုင်းတွင် အခန်းခွဲသော စနစ်များကို ကြုံဖူးသမျှ ပြန်တွေးကြည့်မိသည်။ ငယ်စဉ်ကာလဖြစ်သောကြောင့် မမှတ်မိသောအချက်များကို လူကြီးမိဘများထံတွင် မေးမြန်းရသည်။ မူလတန်းကျောင်းတစ်ကျောင်းတွင် သူငယ်တန်းမှ စတက်စဉ်တွင်ဖြစ်သည်။ ထိုကျောင်းတွင် သူငယ်တန်းများကို အခန်းခွဲသော စနစ်သည် ကျောင်းလာအပ်သော မိဘအုပ်ထိန်းသူများပေါ်တွင် မူတည်လေသည်။

သူငယ်တန်းတက်ရောက်မည့်ကလေးအတွက် သင့်လျော်မည်ထင်သော သူငယ်တန်းအတန်းပိုင်ကို မိဘများက ရွေးချယ်ကာ ထိုအတန်းပိုင်ထံတွင် ကလေးကို ကျောင်းအပ်နှံကြသော စနစ်ဖြစ်သည်။ ထိုအခါ ပုံပြင်အပြောကောင်းသည်၊ အသင်အပြကောင်းသည်၊ ကလေးတွေကို စိတ်ရှည်သည်းခံသည်ဟု နာမည်ကြီးသော သူငယ်တန်းပြ ဆရာ ဆရာမ၏ စာသင်ခန်းတွင် ကျောင်းသူ ကျောင်းသား အပြည့်ဖြစ်လေသည်။ ကလေးများကို ဆူသော၊ မာန်မဲကြိမ်းမောင်းသော၊ ရိုက်သော၊ စိတ်မရှည်သော ဆရာ ဆရာမ အတန်းများကား ကျောင်းသူ ကျောင်းသားနည်းလေသည်။

သူငယ်တန်းမှ ပထမတန်းသို့ တက်သောအခါတွင်လဲ ထိုနည်းအတိုင်းပင် ဖြစ်လေသည်။ ကြိုက်ရာ အတန်းပိုင်ကို မိဘများက ရွေးချယ်အပ်နှံခွင့်ရှိသည်။ သို့မဟုတ်လျှင်လဲ ဆိုင်ရာ အတန်းများမှ ဆရာ ဆရာမများ၊ အထူးသဖြင့် အတန်းမှူးများ၏ ဆုံးဖြတ်ချက်ကို လိုက်နာရသည်။ ၎င်းမှာ စာသင်ခန်းတစ်ခန်းတွင် တက်ရောက်နိုင်သည့် အရေအတွက်ထက်ကျော်လွန်သည့်အခါ နေရာလွတ်ရှိသော ကျန်နှစ်သက်ရာ အတန်းပိုင်ထံတွင် အပ်နှံရသော စနစ်ဖြစ်လေသည်။ တခါတရံတွင်လဲ စိတ်ကြိုက်ရွေးချယ်ခွင့်မပေးဘဲ ဆိုင်ရာအတန်းမှူးများ နေရာချပေးသော အခန်းတွင် တက်ရောက်ရသည်။

ဒုတိယတန်းအောင်ပြီးနောက် ထိုကျောင်းနှင့် ကံမဆုံဖြစ်တော့ဘဲ တစ်ခြားကျောင်းသို့ ပြောင်းရွှေ့သောအခါတွင် နောက်ထပ် စနစ်တစ်မျိုးကို လေ့လာသိရှိခွင့်ရခဲ့သည်။

သူငယ်တန်းမှ ပထမတန်း၊ ထို့နောက် ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်းအထိ စာသင်နှစ် ငါးနှစ်ဆက်တိုက်လုံး ကျောင်းသူ ကျောင်းသားများနှင့် တစ်တန်းပြီး တစ်တန်းလိုက်ပါသွားကာ စာသင်ခန်းကို တာဝန်ယူအုပ်ချုပ်ရင်း စာသင်ကြားပေးသော အတန်းပိုင်သည် စတုတ္ထတန်းအပြီး နောက်တစ်နှစ်တွင် သူငယ်တန်းသို့ ပြန်ဆင်းကာ မူလတန်း ကလေးများနှင့် စာသင်နှစ်ကို ပြန်စရသော စနစ်ဖြစ်သည်။

ဆိုသောအခါ ထိုစဉ်က ထိုထိုအတန်းများတွင် ဘယ်အခန်းမှာလဲဟူသော မေးခွန်းမှာ ခေတ်မစားသေးဟု ပြောနိုင်သည်။ မေးခဲ့ပါလျှင်လဲ အတန်းပိုင် မည်သူဆိုသည်ကို သိချင်လိုသောကြောင့် မေးမြန်းခြင်းသာ ဖြစ်ပေလိမ့်မည်။

အလယ်တန်းကျောင်းတစ်ကျောင်းတွင် ကြုံခဲ့ဖူးသည်မှာ ဤသို့ဖြစ်သည်။ အလယ်တန်းကျောင်းဖြစ်သောကြောင့် အဋ္ဌမတန်း (ရှစ်တန်း) သည် ကျောင်းတွင် အတန်းအကြီးဆုံးဖြစ်သည်။ သတ္တမတန်း (ခုနစ်တန်း) တွင် A (အေ) B (ဘီ) C (စီ) ဟူ၍ စာသင်ခန်း အခန်းသုံးခန်းရှိသည်။ ရှစ်တန်းတွင် အေ ဘီ ဟူ၍ နှစ်ခန်းသာ ထားသည်။ ရှစ်တန်း အေ သည် ခုနစ်တန်းစာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်သူများအတွက် ဖြစ်သည်။ ရှစ်တန်း ဘီ သည် ခုနစ်တန်းမှ အမှတ်နည်းစွာဖြင့် အောင်လာသူများနှင့် ရှစ်တန်းနှစ်ကျများအတွက်ဖြစ်သည်။

ထိုအခါတွင် ဘယ်အတန်းရောက်ပြီလဲ၊ ရှစ်တန်းရောက်ပြီဟူသော အမေးအဖြေနောက်ဆက်တွဲအဖြစ် ဘယ်အခန်းမှာလဲ ဟူသည်မှာ အတော်ပင် ရေပန်းစားသော မေးခွန်းဖြစ်လေသည်။ ဘီ အခန်းမှာဟုဆိုလျှင် ဟေ့ စာကြိုးစားဦး၊ ဒီအတန်းအောင်လို့ အထက်တန်းကျောင်းသွားရင် ကိုးတန်းမှာ ဟိုးနောက်ဆုံးအခန်းတွေမှာ ထိုင်နေရဦးမယ် ဟူသော တိုက်တွန်းသံများ ကြားရပေလိမ့်မည်။

ရှစ်တန်းတွင် အေ ဘီ အခန်းခွဲသောကြောင့် ထိုကျောင်းရှိ ခုနစ်တန်းသည် အလွန်အရေးပါသည်။ ရှစ်တန်း အေ အခန်းတွင် တက်ခွင့်ရသူသည် ဘီ အခန်းတွင် တက်ခွင့်ရသူထက် ပိုမိုဂုဏ်မြင့်သည်။ ထို့ကြောင့် ခုနစ်တန်းစာမေးပွဲမေးခွန်းများကို ကျောင်းအုပ်ကြီးကိုယ်တိုင် သေချာကြပ်မတ်လေသည်။ ခုနစ်တန်းကျောင်းသူကျောင်းသားများသည်လဲ ရှစ်တန်းတွင် အေ အခန်းရနိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားကြရသည်။

ရှစ်တန်း အေ နှင့် ဘီ တွင် ဘာသာရပ်သင် ဆရာ၊ ဆရာမများက မဲနှိုက်ကာ မဲကျသည့်အခန်းကို အတန်းပိုင်များအဖြစ် တာဝန်ယူရသည်။ အေ အခန်းအတန်းပိုင်ဖြစ်လျှင် လူတော်များထိန်းကျောင်းရသော အတန်းပိုင်ဖြစ်သဖြင့် ပိုမိုတော်လာအောင် လေ့ကျင့်ပေးရသည်။ ဘီ အခန်းအတန်းပိုင်ဖြစ်သွားလျှင်မူ နှစ်ကျကျောင်းသူကျောင်းသားများနှင့် စာညံ့သော အတန်းတက် စာသင်သားသစ်တို့ သူတော်လွေ့လွေ့ဖြစ်မသွားစေရေး ၊ စာမေးပွဲအောင်မြင်ရေး၊ အောင်ချက်ရာခိုင်နှုန်းမြင့်မားလာရေး၊ ဟိုဟိုဒီဒီ အာရုံမများစေရေး စသည်တို့ကို ထိန်းကျောင်းပြုပြင်ပေးရလေသည်။ ထို့ကြောင့် ဘီ အခန်းအတန်းပိုင်မှာ အေ အခန်းအတန်းပိုင်ထက် ပိုမိုပင်ပန်းသယောင် ရှိသည်။ လူဆိုးထိန်းဖြစ်ပြီလားဟု ဘီ အခန်းအတန်းပိုင်ကို ဆရာ ဆရာမ အချင်းချင်း နောက်ပြောင်ပြောလေ့ရှိသည်။

အေ အခန်းအတန်းပိုင်၏ အရည်အချင်းသည် ရှစ်တန်း အတန်းတင်စာမေးပွဲတွင် သူ၏ အတန်းသားများထဲမှ ဘာသာစုံဂုဏ်ထူးထွက်သူ မည်မျှများသည် နည်းသည်ပေါ်တွင် စကားပြောသည်။ ဘီ အခန်း အတန်းပိုင်၏ အရည်အချင်းသည် အတန်းတင်စာမေးပွဲတွင် သူ၏ အခန်းမှ ရာခိုင်နှုန်း အဘယ်မျှ အောင်မြင်သည်ဟူသော အပေါ်တွင်လဲကောင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း ကျောင်းပြေးခြင်း ဆေးလိပ်ခိုးသောက်ခြင်း စသော ပြဿနာများ အဘယ်မျှနည်းသွားသနည်းဟူသော အပေါ်တွင်လဲကောင်း အခြေတည်သည်။

စာတော်သူ အေ အခန်းမှာတက်၊ စာညံ့သူ ဘီ အခန်းသွားဟူသော စနစ်ဟောင်းကို တစ်နှစ်တွင် အောက်ပါအတိုင်း ပြောင်းလဲပစ်လေသည်။ ဘီ အခန်းတွင် စာတော်သူများ၊ အရည်အချင်းအသင့်အတင့်ရှိသူများကို စာညံ့သူများ၊ အတန်းစာကို စိတ်မ၀င်စားသူများနှင့် ရောနှောထားလိုက်ခြင်းဖြစ်သည်။

ကျောင်းစဖွင့်၍ စာသင်နှစ်စတင်သော နေ့မှာပင် ဘီ အခန်းအတန်းပိုင်အဖြစ် တာဝန်ကျသော ဆရာမက ဘီ အခန်းရောက် ထူးချွန်ပုဂ္ဂိုလ်လေးများကို အချိန်ယူကာ ရှင်းပြရလေသည်။ ယခင်ကဲ့သို့ လူတော် တစ်ခန်း၊ လူညံ့ တစ်ခန်း ခွဲမထားတော့ဘဲ ပေါင်းထားကြည့်သော စနစ်ဖြစ်ကြောင်း၊ သို့မှသာ စာမကြိုးစားချင်သောသူများသည် စာကြိုးစားသောသူများကို အနီးကပ်လေ့လာ အတုယူခွင့်ရမှာဖြစ်ကြောင်း၊ ထို့ကြောင့် ခုနစ်တန်းတွင် စာတော်ခဲ့သူများသည် ယခုရှစ်တန်း ဘီသို့ ရောက်လာသော်လဲ ညံ့သောကြောင့် ရောက်လာခြင်းမဟုတ်ဘဲ စာညံ့သူများကို လက်တွဲခေါ်ရန်၊ ကူညီပေးရန် ရောက်လာကြခြင်းဖြစ်သည်ဟု သဘောထားစေလိုကြောင်း အတန်ကြာ ပြောရဟောရလေသည်။

ထိုနှစ်မှစ၍ ဘယ်အခန်းကလဲဟူသော မေးခွန်းအား ယခင်ကကဲ့သို့ အေ အခန်းမှာ၊ ဘီ အခန်းမှာဟု တိုတိုတုတ်တုတ် ဖြေဆိုရခြင်းအမှု တစ်ခန်းရပ်ကာ ကျောင်းတွင် အေ အခန်းမှ အကောင်း၊ ဘီ အခန်းသည် အဆိုးဟု သတ်မှတ်ထားခြင်း မရှိတော့ဘဲ စနစ်ပြောင်းလိုက်ပြီဖြစ်ကြောင်း၊ တော်သူ ဖြစ်လျှင်လဲ ဘီ အခန်းသို့ ရောက်ချင်ရောက်သွားနိုင်ကြောင်း၊ ထိုသို့ ရောက်သွားခြင်းမှာ ထိုအခန်းရှိ စာညံ့သူများကို တစ်နည်းတစ်ဖုံကူညီရန်ဖြစ်သဖြင့် အေ အခန်းရောက်သွားသောသူများထက် ပိုမိုဂုဏ်မြင့်ကြောင်း ရှင်းပြခြင်းများ တိုးပွားလာလေသည်။

အလယ်တန်းတွင် အမြင့်ဆုံးဖြစ်သော အဋ္ဌမတန်းအောင်ပြီးနောက် အထက်တန်းကျောင်းသို့ န၀မတန်း (ကိုးတန်း) အနေဖြင့် တက်ရောက်ကြရသည်။ အထက်တန်းကျောင်းဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းပေါင်းစုံမှ ကိုးတန်းလာတက်သူများ၊ ကျောင်းတွင် မူလရှိရင်းစွဲ ရှစ်တန်းမှ တက်လာသူများ ရှိသဖြင့် ကိုးတန်းတွင် စာသင်ခန်းများကို ခြောက်ခန်း ခုနစ်ခန်းမျှ ထားရသည်။ ထိုကျောင်းတွင် အေ အခန်း၊ ဘီ အခန်း ဟူသော အခန်းခွဲခြင်းကို ပြန်လည်ကြုံတွေ့ရပြန်သည်။

စာတော်သူများကို အေ မှစ၍ အခန်းအစဉ်အလိုက် နေရာချရာတွင် မျှတမှုရှိစေရန် ကျောင်းတက်စ ပထမလအတွင်းမှာပင် စာမေးပွဲတစ်ခု ကျင်းပသည်။ ထိုစာမေးပွဲတွင် ရရှိသော အမှတ်အနည်းအများအလိုက် အေ အခန်း၊ ဘီ အခန်း၊ စီ အခန်းဟူ၍ အခန်းတက် အခန်းဆင်းခြင်း လုပ်ဆောင်ကြရသည်။ ထိုအခါတွင် ပထမလအတွင်း စစ်မေးသော စာမေးပွဲသည် အေ အခန်းတွင် တက်ချင်သူများအတွက် အလွန်အရေးကြီးလေသည်။ စာမေးပွဲဖြေအပြီး အမှတ်အနည်းအများအလိုက်ပေါ်မူတည်ကာ မည်သူတို့ မည်သည့်အခန်းတွင် တက်ရောက်ရမည်ဟု ကြေငြာထားသော အခန်းစာရင်းထွက်သောနေ့သည် ကိုးတန်းတွင် အလုပ်အများဆုံးနေ့ဖြစ်သည်။

အကြောင်းမှာ ကျောင်းတက်စ အေ အခန်းတွင် စာသင်ရသူများသည် အမှတ်အနည်းအများအလိုက်ပြန်စီရာတွင် အမှတ်နည်းပါက အေ အခန်းမှ ကျရာ တခြားအခန်းစီသို့ အခန်းဆင်းရခြင်း၊ အေ အခန်းသို့ ၀င်ခွင့်ရသူများ အားကြိုးမာန်တက် ပြောင်းလာခြင်း၊ အေ အခန်း ဘီ အခန်းများသို့ ပြောင်းတက်ခွင့်ရသော်လဲ သူငယ်ချင်းများနှင့် မခွဲနိုင်မခွာရက်ဖြစ်ကာ စာအတူတူသင်ချင်သောကြောင့် လက်ရှိ အခန်း အတန်းပိုင်ကို အပူကပ်ခြင်း၊ ရှစ်တန်းအထိ တလျှောက်လုံး စာဖက်တွင် ထူးချွန်သူဟု သတ်မှတ်ခံရသော်လဲ အကြောင်းကြောင်းကြောင့် ပထမလပတ်စာမေးပွဲတွင် အမှတ်နည်းသွားသူများအား မိဘအုပ်ထိန်းသူများမှ မြည်တွန်တောက်တီးခြင်း စသည်တို့ ကြုံရသောနေ့၊ ကြားရသောနေ့ဖြစ်လေသည်။

တချို့သော အတန်းပိုင် ဆရာ၊ဆရာမများမှာလဲ သူတို့အခန်းတွင် စာတော်သောကျောင်းသူကျောင်းသားကို အလိုရှိသောကြောင့် လက်ရှိအခန်းတွင် ပြန်ရရန် လိုလားကြလေသည်။ နောက်ပိုင်းဖြေဆိုရသော လစဉ်စစ်စာမေးပွဲများတွင် အတော်ဆုံးသူများ စုစည်းထားသော အခန်းများရှိ ကျောင်းသူကျောင်းသားများရမှတ်ထက် အောက်အခန်းမှာရှိသော ကျောင်းသူကျောင်းသားတစ်ယောက်ယောက်၏ ရမှတ်က များသွားသည်ဆိုလျှင် ထိုအချက်သည် အေ အခန်းအဖို့ တုန်လှုပ်စေသော အချက်ဖြစ်သည်။ နောက်ပိုင်းတွင် ပထမလပတ်စာမေးပွဲမှ ရလဒ်ကို ယူ၍ အခန်းတက် အခန်းဆင်းပြုလုပ်ရသော စနစ်ကို ဖျက်သိမ်းပစ်ပြီး အောက်အတန်းမှ ရရှိလာသော အမှတ်ပေါင်းပေါ်မူတည်၍အခန်းခွဲသောစနစ်ကို ပြန်လည်ကျင့်သုံးကြလေသည်။

ခြွင်းချက်အနေဖြင့် အတန်းတစ်တန်းစီသာ ရှိသောကြောင့် အတန်းများတွင် အခန်းခွဲရန်မလိုသောကျောင်းများ၊ ဆရာ ဆရာမ မလုံလောက်သောကြောင့် ဆရာ ဆရာမတစ်ယောက်တည်းကပင် ဆိုင်းဝိုင်းရှိ ပတ်လုံးများကို ပတ်ချာလည်တီးသကဲ့သို့ အတန်းစုံ သင်ရသော ကျောင်းများ ရှိနေပေသေးသည်။

ထိုသို့ အတန်းစဉ်များတွင် အေ အခန်း ဘီ အခန်းဟူ၍ စာတော်သူများ၊ စာညံ့သူများကို ခွဲခြားစာသင်စေသောစနစ်သည် ရွှေပြည်ကြီးတွင်သာမက နိုင်ငံတကာတွင် ကျင့်သုံးနေဆဲစနစ်ဖြစ်လေသည်။ မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ပြုလုပ်ကြသနည်းဟု စုံစမ်းရာတွင် ဆရာ ဆရာမများအနေဖြင့် စာသင်ကြားရေးတွင် ဉာဏ်ရည်တူသူများကို တစ်စုစီထား၍ သင်ကြားခြင်းက ပိုမိုထိရောက်ကြောင်း၊ စာသင်သားတို့အနေဖြင့်လဲ စာကို သူများထက်သာအောင် ကြိုးစားလိုစိတ်တိုးပွားစေနိုင်ကြောင်း ဟူသော အကြောင်းနှစ်ချက်ကို ရလေသည်။

ဤသို့ဖြင့် ဘယ်အခန်းမှာလဲ ဟူသော မေးခွန်းသည် ယခုခေတ်တွင် ယခင်ကထက် ပို၍ပို၍ တွင်ကျယ်လာနေသယောင် ရှိလေပေတော့သတည်း။

တူးရယ် ● ရဲဘော်တယောက်ရဲ့ကောက်ကြောင်း

$
0
0

တူးရယ် ● ရဲဘော်တယောက်ရဲ့ကောက်ကြောင်း
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂ဝ၁၆

ခရီးသွားတာ နှစ်ပတ်ထဲဝင်လာတဲ့အထိ ဒီရဲဘော်ကိုသိပ်တော့ ထူးထူးခြား ခြားသတိ မထားမိလိုက်ဘူး။ သူက နောက်ပိတ် တပ်စိတ်ထဲမှာ ဒါမှမဟုတ် ရှေ့ပြေးပွိုင့်မှာ အမြဲသွားတော့ သိပ်မတွေ့ရတာလဲပါတယ်။ လူပုံစံက ပိန်ပိန်ပါးပါး နေလောင် အသားအရည်နဲ့ ကရင်နီလူမျိုးမဟုတ်မှန်းတော့ သိတယ်။ ခပ်အေးအေးလေးပေမဲ့ ဖြတ်ဖြတ်လတ်လတ်ပါပဲ။ သံလွင်ကူးတုန်း က လူကြိုပို့လှေကို ခေါက်တုံ့ခေါက်ပြန် အားရပါးရလှော်တာကို ကြည့်ခြင်းအားဖြင့် ရေကျွမ်းတယ်ဆိုတာ ခန့်မှန်းလို့ရတယ်။ တခါတလေ ရွာထဲနားတဲ့အခါ၊ ဆေးမှူးတွေ ဆေးကုပြီး ကျန်းမာရေးပညာပေးတဲ့အခါ၊ ဒါမှမဟုတ် ရွာလူငယ်တွေနဲ့ ဆွေးနွေး ပွဲလုပ်တဲ့အခါတွေမှာ ခပ်လှမ်းလှမ်းကနေ ကျနော့်ကို အကဲခတ်နေတယ်လို့ ထင်ရတယ်။ သူ့ကိုကြည့်ရတာ ကျနော့်ကို သူစကားပြောချင်နေသလိုပဲ။

နောက်ပိုင်းမှာ ရဲဘော်အချင်းချင်းခေါ်ကြရာမှ သူ့နာမည် ခင်ဇော်ဆိုတာ သိလိုက်ရတယ်။ ဗမာစစ်တပ်ကနေ အလင်းဝင် လာတာတဲ့ (မှတ်ချက်။ ။တိုင်းရင်းသား လူမျိုးစုတွေက အစိုးရတပ်ကို ဗမာစစ်တပ်ဟုသာ ခေါ်ကြသည်)။ သြော် ဒါကြောင့် ကိုး။ သူ ကျင်လည်လာခဲ့တဲ့ရန်သူ့စစ်တပ်မှာက အဆင့်ဆင့် ကြီးနိုင်ငယ်ညဉ်း အထက်အောက် စနစ်က တင်းတင်းကြပ်ကြပ် ရှိနေတယ်လေ။ ဒီခရီးစဉ်မှာကျနော်က ရုံးအဖွဲ့ထဲမှာပါတော့ ကျနော့ကိုအရာရှိထင်ပြီး စကားမပြောရဲတာလဲဖြစ်နိုင်တာပဲ။ နောက်ပိုင်းတော့ ကျနော်က တခြားရဲဘော်တွေနဲ့ ရောရောဝင်ဝင် ထမင်းအတူဝိုင်း၊  ဟင်းအတူသွားရှာ၊ စကားဖောင်ဖွဲ့ စတာတွေလုပ်တော့ သူလည်း ကျနော့်နား တဖြည်းဖြည်းကပ်လာတယ်။ ရင်းနှီးမှုဆိုတာ တခါမှ မမြင်ဖူးသူတွေအတွက် အချိန်အတိုင်းအတာတခုတော့ ယူကြရတာပါ။

တရက်မှာ လုဝါဆိုတဲ့ရွာလေးဆီရောက်ဖို့ တောင်မြင့်မြင့်တလုံးတက်ရတယ်။ အမြင့်ရောက်လာလေ အေးလာလေပဲ။ တောင်ထိပ်ကရွာဆီကိုရောက်တော့ မပီ ဝိုးတဝါးနဲ့ နှင်းတွေဝေလို့ ခပ်ဝေးဝေးကို သဲသဲကွဲကွဲသိပ်မမြင်ရဘူး။ ရွာသားတွေက တောင်အောက်ကိုမြည်းနဲ့ရေသွားခပ်တာ နေ့တဝက်ကျော်သွားရတယ်။ အစက ဘာလို့ ဒီမှာ ရွာလာတည်တာလဲ စဉ်းစားမရ ဘူး။ နောက်တော့ ဘိန်းစိုက်ခင်းအတွက်လို့ သိရတယ်။ ဒီဒေသကအေးတဲ့အတွက် ဘိန်းကလွဲလို့ အခြားသီးနှံ မဖြစ်ဘူးလို့ ပြောတယ်။ ရွာသားတွေက ဒါနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေရတယ်လေ။ ဒီဘိန်းစိုက်ပျိုးရေးကို ပိတ်ပင်ဖို့ဆိုတာ သက် ဆိုင်ရာဒေသခံအဖွဲ့အစည်းတွေ ဒေသခံတွေနဲ့ စီမံကိန်းဆွဲပြီး အများကြီးလုပ်ရမှာပါ။ ထားပါတော့။

လုဝါမှာ ခဏနားပြီး တောင်ရဲ့ဟိုးအောက်ဘက် ပွန်ချောင်းဆီကိုဆင်းပြီး ခရီးပြန်ဆက်ရတယ်။ ခွဲခွာသွားတာကြာပြီဖြစ်တဲ့ ဇာတိမြေ လွိုင်ကော်မြို့နဲ့ တဖြည်းဖြည်း နီးလာခဲ့ပြီပဲလေ။ စိတ်ထဲမှာ လွမ်းသလိုလို ဆွေးသလိုလိုတော့ ခံစားခဲ့ရတယ်။ ပွန်ချောင်း ကိုကူးပြီးတဲ့အချိန်မှာ မိုးချုပ်နေပြီ။ တနေကုန် တောင်တက်တောင်ဆင်းခရီးဆက်ကြတာ အရမ်းပင်ပန်းနေကြ တာပေါ့။ ပွန်ချောင်းဘေးမှာ ပုခက်တွေချည်၊ မိုးကာတွေခင်းနဲ့ တခဏ လေးအတွင်းမှာပဲ တခေါခေါနဲ့အိပ်ပျော်ကြတော့တယ်။ ကျနော်က လုပ်နေကျ မအိပ်ခင် ဒိုင်ယာယီရေးရင်း လက်စွဲရေဒီယိုလေးဖွင့်ပြီး သတင်းနားထောင်နေမိတယ်။ သတင်းထဲမှာ တော့ အဘတွေစိုးမိုးတဲ့တိုင်းပြည်မှာ ထူးမခြားနားသတင်းတွေနဲ့သာ အပ်ကြောင်းထပ်နေလေရဲ့။

ထိုအခိုက် အမှောင်ထဲမှာခပ်ရေးရေးနဲ့ ကျနော့်ဆီကို ရဲဘော်တယောက် ကပ်လာတာ တွေ့လိုက်ရတယ်။ အနီးရောက်လာမှ ခင်ဇော်ဆိုတာသိလိုက်တယ်။ `ဆရာ တော်တော်ပင်ပန်းနေပြီထင်တယ် အိပ်မရဘူးလား`တဲ့။ ကျနော့်ပုခက်ဘေးနားမှာ သူထိုင် ချရင်းမေးတယ်။ ပင်ပန်းတဲ့အကြောင်း သူ့ကိုပြန်ဖြေတယ်။ `အရင်ရက်တွေကတည်းက ဆရာ့ကိုစကားပြောမလို့ လုပ်တာ မပြောရဲလို့ အခုမှလာပြောတာပါ။ မပြောရဲလောက်အောင် ကျနော်ကဘာမို့လို့လဲကွာ ရဲဘော်အချင်းချင်းပဲ၊ ညီအစ် ကိုတွေလို ပွင့်ပွင့်လင်းလင်းပေါ့ မဟုတ်ဘူးလား၊ `ဆရာလို့ မခေါ်ပါနဲ့ ရှက်စရာကြီး၊ အကိုလို့ခေါ်နိုင်ပါတယ်`။ ကျနော်သူ့ကိုရင်းရင်းနှီးနှီးပြန်ပြောတော့ အတင့်ရဲလာပြီး သူပိုပျော်လာတာ တွေ့ရတယ်။ ဒီလိုနဲ့ ဟိုအကြောင်း ဒီအကြောင်း ခရီးစဉ် အကြောင်းတွေ တစွန်းတစပြော ကြတာပေါ့။ သူ ခလရ (-) ကနေ ကရင်နီတပ်မတော်ဆီ အလင်းဝင်လာတဲ့အကြောင်းတွေ။ ထိုင်းဘက်ကို အလုပ်သွားလုပ်လို့ရပေမဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကရင်နီတပ်မတော်နှင့်လက်တွဲပြီး တိုက်ပွဲ ဝင်လိုတာကြောင့် ကရင်နီတပ်ထဲပြန်ဝင်ခဲ့ကြောင်း။ ဒီခရီးမထွက်ခင်လေးမှာ သူအိမ်ထောင်ကျတဲ့အကြောင်း။ အိမ်တောင်မှ ကောင်းကောင်း  မဆောက်ပြီးသေးတဲ့အကြောင်း။ တလတောင်မပြည့်သေးတဲ့ ချစ်ဇနီးလေးက သူရှေ့တန်း ကပြန်လာမဲ့နေ့ ကို မျှော်နေမှာသေချာကြောင်း အားရပါးရ သူကျနော့်ကို ပြောပြရှာတယ်လေ။

နောက်တော့ သူရုတ်တရက် ငိုင်ကျသွားတာ သတိထားလိုက်မိတယ်။ သူက ဆက်ပြီး `အကိုရေ ဒီတသက်တော့ ကျနော့် မိဘတွေ မိသားစုဝင်တွေနဲ့ တွေ့ရတော့မှာမဟုတ်ပါဘူးကွာ``သူတို့နဲ့ခွဲသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ`တဲ့။ ခပ်ဆွေး ဆွေးလေး သူပြောရှာတယ်။ `ဒါနဲ့ညီက ဘယ်ဇာတိလဲ?`ကျနော်က သူ့ကိုမေးတယ်။ `ကျနော် ချင်းပြည်နယ်ကပါ။ ချင်း လူမျိုးပါ။ မိဘတွေစီးပွားရေးအဆင်မပြေလို့ စစ်တပ်ထဲရောက်သွားတာပါ။ စစ်ထဲဝင်ပြီးကတည်းက ချင်းပြည်နယ်မှာမနေ ရတော့ပဲ တနယ်ပြီးတနယ်ပြောင်းရင်း ကယားဒေသကို ရောက်လာတာပါ။

ကျနော်သူ့ကိုထင်ထားတာက ဗမာလူမျိုးပါ။ အခုသူက တိုင်းရင်းသား ချင်းလူမျိုးပါပဲလား။

`မိသားစုနဲ့ ပြန်တွေ့ရမှာပါကွာ။ ကျနော်လည်း ဘာထူးလဲ။ ကျနော့ရွာက နီးနီးလေး။ ဒီကနေသွားရင် နေ့တဝက်ပဲရှိတယ်။ ဒါပေမဲ့ မိသားစုဝင်တွေနဲ့မတွေ့ရတာ (၁ဝ) နှစ်နီးနီး ရှိပြီ။ တိုင်းပြည်အခြေအနေမကောင်းလို့၊ အစိုးရမကောင်းလို့၊ စနစ်မ ကောင်းလို့ ပြန်မတွေ့ကြသေးတာပါ။ ကျနော်တို့ ညီတို့ တော်လှန်ရေးလုပ်တာ တိုက်တာ ဒီအတွက်ပဲမဟုတ်လား။ တနေ့ကျ ရင် ဒီအာဏာရှင်စနစ်ကျဆုံးပြီး စနစ်အသစ်နဲ့ အစိုးရအသစ်နဲ့ဖြစ် လာရမှာပါကွာ။ အဲဒီအခါကျရင် ညီလေးပြောတဲ့ ချင်းပြည် နယ်ဆိုတာ နီးနီးလေးကွ။ မိဘတွေ မိသားစုတွေကို အချိန်မရွေးပြန်လည်တွေ့ဆုံလို့ရပြီပေါ့ကွာ`။ ကျနော်သူ့ကို တတ် နိုင်သလောက်အားပေးတယ်။ သူ့ကိုကြည့်ရတာ တော်တော်လေး စိတ်ဓာတ်ကျတဲ့ပုံပါ။ `အကိုပြောသလို ဖြစ်လာပါစေလို့၊ ကျနော်တို့အားလုံးကံကောင်းပါစေလို့ ဘုရားသခင်ထံ ဆုတောင်းရမှာပဲအစ်ကို`။

သ ကျနော့်ကိုရင်ဖွင့်ရလို့ တော်တော်လေးရင်ထဲပေါ့သွားရှာတာနဲ့ တူပါရဲ့။ ဒါပေမဲ့လေ။ ဒါပေမဲ့ပေါ့။ သူဆုတောင်းမပြည့်ခဲ့ပါဘူး။ အဲဒီတခေါက်သူနဲ့ကျနော် စကား ပြောရတဲ့ညဟာလေ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဆိုတာ အဲဒီတုန်းက မသိခဲ့တာပါ။ လောကကြီးက တခါတလေ တော်တော်ဆန်းတယ်လို့ထင်မိတယ်။  အဲဒီနောက် တပတ် နှစ်ပတ်အထိ သူနဲ့သိပ်မဆုံဖြစ် တော့ဘူး။

အဲဒီအချိန်တုန်းက ကရင်နီပြည် အလယ်ပိုင်းဂွင်ဘက်မှာ ကိုယ့်ဖက်တပ်တွေနဲ့ ရန်သူနဲ့တိုက်ပွဲဖြစ်တယ်။ ရန်သူက အဲဒီဘက် ကိုစစ်အင်အား အလုံးအရင်းနဲ့မဲနေတယ်။ အဲဒီတော့ ရန်သူ့ဦးတည်ချက်လမ်းကြောင်း ဒွိဟဖြစ်သွားအောင် ဒီအပေါ်ဘက်မှာ လည်း စစ်ရေးလှုပ်ရှားပေးဖို့လိုတယ်။ ဗိုလ်မိုရှေး (ကျဆုံး) က သူ့တပ်တွေနဲ့ စစ်ဆင်ရေးတခု ဆွဲကြတယ်။ `လွိုင်လင်လေး`က ရန်သူ့တပ်ကိုဝင်တိုက်ဖို့ လက်ရွေးစင်တပ်စိတ်ကို ရွေးတဲ့အထဲမှာ ခင်ဇော်ပါသွားတယ်လေ။

နောက်တပတ်ကျော်လောက်မှာ ကျနော်တို့က ပွန်ချောင်းအရှေ့ဘက် တောင်ပေါ်ကိုပြန်ရောက်လာခဲ့ကြတယ်။ တနေ့ကျ တော့ ခါတိုင်းလိုပဲ ကျနော်နဲ့ဗိုလ်ကြီးမိုရှေး လယ်ကွင်းထဲက တဲကလေးထဲမှာ စကားစမြည်ပြောနေကြတုန်း စက်သတင်းဝင် လာ တယ်။ စေလွတ်သွားတဲ့ အထူးတပ်စိတ် မနေ့ညက လွိုင်လင်လေးရှိ ရန်သူကိုဝင်တိုက် ကြောင်း။ ရန်သူတွေကျဆုံး ကြောင်း၊ လက်နက်တွေရကြောင်းပေါ့။ ဒါပေမဲ့ မိမိတို့ဘက်က တယောက်ကျဆုံးကြောင်း။ ခင်ဇော်ဖြစ်ကြောင်း၊ မတတ်သာ လို့ အလောင်းကို ချန်ထားခဲ့ရကြောင်း စသဖြင့် စက်ထဲကနေသတင်းပို့လာတယ်။ ကျနော်ရော ဗိုလ်မိုရှေးရော တဒင်္ဂ အ တွင်း ကြောင်တောင်တောင် ဖြစ်သွားတယ်။ ဗိုလ်ကြီးမိုရှေးဆို ပိုခံစားရတာပေါ့။ သူရဲ့ ချစ်လှစွာသော ရဲဘော်တယောက် လက်လွတ်လိုက်ရပြီကိုး။ သွားကြိုဖို့ သူ့တပ်ကို ချက်ချင်းစုလိုက်တယ်။ တိုက်ပွဲကပြန်လာမဲ့တပ်စိတ်ထဲ လူတယောက်လျော့ လာမှာ သိနေ တာကြောင့် စိတ်ထဲမှာဟာတာတာ ဖြစ်နေမိတယ်။ ညနေပိုင်းရောက်မှ ပြန်လာတဲ့ တပ်စိတ်နဲ့ဆုံတွေ့ကြတယ်။ ဗိုလ်မိုရှေးဆီ သိမ်းဆည်းရလာတဲ့ လက်နက်ပစ္စည်းတွေ လာအပ်ကြတယ်။ အဲဒီပစ္စည်းတွေကို ကျနော်စိတ်မဝင်စားဘူး။ သွေးတွေပေစွန်းနေသေးတဲ့ ခင်ဇော်ရဲ့အီကွင့်မစ် (equipment)နဲ့ သေနတ်ကိုပဲ တွေတွေကြီးစိုက်ကြည့်နေမိခဲ့တယ်။ `ဒီတသက်မိသားစုနဲ့ မတွေ့ရတော့ပါဘူးလေ`ဆိုတဲ့ သူ့စကားသံကိုပဲ ပြန်ကြားယောင်နေမိတယ်။ `စကားနောက် တရား ပါ`ဆိုတာ ဒါမျိုးပေပဲလား။ ခင်ဇော်တယောက် ကောင်းရာသုဂတိလားပါစေ လို့စိတ်ထဲကနေ မေတ္တာပို့ပေးခဲ့တယ်။ နောက် တန်းမှာ သူ့ရဲ့ ချစ်ဇနီးသစ်လေးနဲ့ပြန်တွေ့ခဲ့ရင် ကျနော်ဘယ်လိုစကားလုံးတွေကိုသုံးပြီး ပြန်ပြောပြရမှာပါလိမ့်။
××××   ×××××          
      
အခုတော့လဲ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်တုန်းက အဖြစ်တွေပါ။ ဗိုလ်ကြီးမိုရှေးကိုယ်တိုင်အပါအဝင် အဲဒီသူ့တပ်ခွဲထဲ က ရဲဘော်တချို့လည်း တော်လှန်ရေးအတွက် အသက်ပေးလှူသွားခဲ့ကြပြီလေ။ တချို့လည်း ခြေထောက်တွေ ဆုံးရှုံးခဲ့ကြ တယ်။ ခံယူချက်တခုအတွက် ပေးဆပ်မှုတွေက တော်တော်ကြီးမားခဲ့ကြပေါ့။ ရဲဘော်တို့ အားလုံးကို ကျနော်အစဉ်အမြဲ စိတ်ထဲကနေအလေးပြုနေမှာပါ။

နှစ်တွေဖြတ်သန်းလာခဲ့ပြီးတဲ့နောက် ဒီကနေ့မြန်မာပြည်မှာ ခင်ဇော်ဖြစ်ချင် တွေ့ချင်တဲ့ အပြောင်းအလဲတွေ တဖြည်းဖြည်း တွေ့လာရပါပြီ။ ပြည်သူရွေးတဲ့ ဒါမှမဟုတ် တိုင်းရင်းသားတွေအတွက် မျော်လင့်ချက်ကြိုးတစဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရလည်းတက်လာပါပြီ။ အာဏာကိုထိန်းချုပ်ဖက်တွယ်ထားတဲ့ အဘတွေလည်း တဖြည်းဖြည်းသဘောထားပျော့လာတော့မှာပါ။ ပြည်သူတွေကလည်း အမြင်ကျယ်လာကြပြီလေ။ ထောင်သောင်းချီတဲ့ ကလေးစစ်သားနဲ့ အရွယ်ကောင်းလူငယ် လေးတွေ၊ များစွာသောအဖေတွေကို တိုင်းပြည်ကာကွယ်ဖို့မဟုတ်ဘဲ အဘတွေရဲ့ မျိုး ဆက်စည်းစိမ် ကာကွယ်ဖို့လောက်နဲ့ ထပ်ပြီးအသက်မဆုံးရှုံးချင်ကြတော့ဘူး။ အရှေ့ဘက်ဆီက ရောင်နီလေးသန်းလာခဲ့ပြီပေါ့။ အဲဒီရောင် နီလေးက ဗမာအပါအဝင် တိုင်းရင်းသား အားလုံး ငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်တဲ့ နေ့ဆီကိုပါ။

တူးရယ်

မိုးခါး ● ရေထဲကငါး ကုန်းပေါ်တက်လာတော့

$
0
0


မိုးခါး ● ရေထဲကငါး ကုန်းပေါ်တက်လာတော့
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၆

ငါတို့ဆေးခြယ်ထားတဲ့အရုပ်တွေ
အိပ်မက်အတိုင်းဖြစ်လာဖို့ဆို
အကြေးခွံမှာကပ်ငြိပါလာတဲ့အညစ်အကြေးတွေ
သေသေချာချာ ဆေးကြောမှဖြစ်မှာ။

လူသာမာန်တွေမုန်းတီးတဲ့ ရိုးသားခြင်းကို
ယုံကြည်ရာလမ်းအတိုင်း ဖမ်းဆုပ်နိုင်မယ်ဆို
ဖြူဖြူစင်စင်ပန်းသတင်းကို လေညင်းကယူဆောင်လာလိမ့်။

ခရီးမိုင်တိုင် အမှတ်သညာတွေ မသိတဲ့ဘဝ
လက်ရှိရောက်ရာအရပ်က ဖြစ်တည်မှုအတိုင်း
ချစ်ခြင်းမေတ္တာရဲ့လက်အစုံ ပေးဆပ်နိုင်ဖို့
စိတ်ဝိညာဉ်ကို သန့်စင်အောင်ထားကြ။

မိုးခါး

ကာတွန်း ညီထွေး ● အီဆို ... အီပြော ကောင်းတဲ့သူတွေ

$
0
0

ကာတွန်း ညီထွေး ● အီဆို ... အီပြော ကောင်းတဲ့သူတွေ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၆

ဖြိုးသီဟချို/Myanmar Now - "တိုက်ခိုက်လာရင်တော့ ကျွန်တော်တို့က ရွှေပြည်အေးတရားဟောလို့ မရဘူး"

$
0
0




ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှု ဖြစ်ပွားရာ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ (မြေပုံ - Google Map)

ဖြိုးသီဟချို/Myanmar Now - "တိုက်ခိုက်လာရင်တော့ ကျွန်တော်တို့က ရွှေပြည်အေးတရားဟောလို့ မရဘူး" 
(Myanmar NOW) မိုးမခ၊ အောက်တိုဘာ ၁၂၊ ၂၀၁၆

ရန်ကုန် (Myanmar Now) - ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲစခန်းတချို့ တိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ လက်နက် အများအပြား လုယက်ခံရပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက ဒေသတွင်း နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်နေပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ ဒီအရေးအခင်းကို တရားဥပဒေနဲ့အညီဆောင်ရွက်ရမယ်လို့ ညွန်ကြားထားပါတယ်။

လတ်တလော အခြေအနေနဲ့ ပတ်သက်ပြီး သမ္မတရုံးဝန်ကြီးဋ္ဌာန ပြောခွင့်ရ အရာရှိဖြစ်တဲ့ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးဇော်ဌေးကို Myanmar Now သတင်းထောက် ဖြိုးသီဟချိုက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေနဲ့ အညီဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ တရားဥပဒေနဲ့ အညီ ဆိုတာ ဘယ်လိုအချက်တွေကို ဆိုလိုပါသလဲ။

ဖြေ။ ။ တရားဥပဒေနဲ့ အညီ ထိထိရောက်ရောက် လုပ်ရမယ်ပေါ့ဗျာ။ နံပတ်(၁)အချက်အနေနဲ့က ဒါသည် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်။ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တဲ့အတွက် ဥပဒေနဲ့ အညီ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်မယ်။ အကြမ်းဖက်တိုက်ခိုက်မှုကို ဘယ်နိုင်ငံမှ လက်မခံဘူး၊ အဲဒီလိုပဲ ကျွန်တော်တို့ နိုင်ငံကလည်း လက်မခံနိုင်ဘူး၊ သို့သော် အစွန်းရောက် အကြမ်းဖက်မှုကို နှိမ်နှင်းတဲ့အခါမှာ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်တာမျိုး မဖြစ်အောင် ဆောင်ရွက်ဖို့ မှာထားတယ်။ တပ်တွေရော၊ ရဲတွေရော၊ တာဝန်ရှိတဲ့သူတွေရော အကုန်လုံး သွားပြီးတော့ ဆောင်ရွက်နေတယ်။ အကြမ်းဖက် တိုက်ခိုက်သူတွေ၊ အဲဒါနဲ့ ဆက်စပ်နေသူတွေအားလုံးကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူသွားမယ်။

မေး။ ။ နယ်မြေရှင်းလင်းရာမှာ အရပ်သားတွေ သေဆုံးမှုရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို တုန့်ပြန်ချင်ပါသလဲ။

ဖြေ။ ။ ပြန်ကြားရေးကနေပြီးတော့ သတင်းတွေ၊ ဖြစ်စဉ်တွေ ထုတ်ပြန်ပေးနေတယ်။ အခြေအနေက အရပ်သားနဲ့ အကြမ်းဖက်သမားနဲ့ ရောယှက်နေတယ်။ ဒီမှာကတော့ ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူမှာပဲ။ သူတို့က တိုက်ခိုက်လာရင်တော့ ကျွန်တော်တို့က ရွှေပြည်အေးတရားဟောလို့ မရဘူး။ အပြန်အလှန်ပစ်ခတ်တာတွေလည်း ဖြစ်မယ်။ လူသေဆုံးမှုတွေကို ကျွန်တော်တို့ ထုတ်ပြန်ပေးနေတယ်။

မေး။ ။ အခုဖြစ်ပွားတဲ့ ပြဿနာက ဘာနဲ့ ဆက်စပ်နေတယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ ဒီဖြစ်စဉ်ဖြစ်ပွားမှုအခြေအနေပေါ့၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပြဿနာပေါ့။ ၂ဝ၁၅-၁၆ ကာလမှာ အစိုးရသစ်လက်ထက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို အလေးထားပြီးတော့ နှိမ်နှင်းနေတယ်။ နှိမ်နှင်းတဲ့အခါမှာ ရခိုင်ပြည်နယ် မောင်တော-ဘူးသီးတောင်မှာ စိတ်ကြွဆေးပြားပေါင်း ၁၂ဝ,ဝဝဝ ကျော် ဖမ်းဆီးရမိတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို မကြာခဏ ဖမ်းဆီး၊ အရေးယူပြီး အမှုဖွင့်တယ်။ မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးအရေးယူတဲ့အခါမှာ စီးပွားရေးတွေက အထိနာမှုတွေ ဖြစ်လာတယ်။ နံပတ်(၂)အခြေအနေက အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်လို့ ကိုင်တွယ် ဖြေရှင်းတဲ့အခါမှာ အကြံပေးကော်မရှင် ကိုဖီအာနန်ဦးဆောင်တဲ့ အဖွဲ ဖွဲ့တယ်။ တစ်ချိန်ထဲမှာပဲ ရခိုင်ပြည်နယ်အခြေအနေ တိုးတက်လာအောင်၊ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး တိုးတက်လာအောင် ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့ အတွက် နိုင်ငံတကာမှာ မြန်မာနိုင်ငံအပေါ် ဖိအားတွေ လျော့ကျလာတယ်။ ကုလသမဂ္ဂက ကျွန်တော်တို့နိုင်ငံကို လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ သီးခြား ခေါင်းစဉ် တစ်ရပ် အနေနဲ့ ဆွေးနွေးပြီးတော့ ဖိအားပေး တိုက်တွန်းတဲ့ကိစ္စတွေကို ဒီနှစ်မှာ မတင်တော့ဘူးပေါ့။ ဒီအစီအစဉ်တွေကို ဖြုတ်သိမ်းမယ်ဆိုတဲ့ သဘောတွေ ကြေညာလာတာ ရှိတယ်။ လက်ရှိတိုက်ခိုက်မှုဖြစ်တဲ့ အချိန်က ကုလသမဂ္ဂမှာ ဒီကိစ္စတွေကို ဆွေးနွေးနေတဲ့အချိန်လည်းဖြစ်တယ်။ ပြည်တွင်းမှာလည်း ရခိုင်ပြည်နယ်ကိစ္စ ထိလွယ်ရှလွယ်ဖြစ်တယ် ဆိုသော်လည်း ပြည်တွင်းပြည်ပ ဟန်ချက်မျှအောင်ပေါ့နော်၊ တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သင့်တင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိပြီးတော့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ လုပ်နေတယ်။ ဒီကိစ္စက အစိုးရသစ် လက်ထက်မှာ ကြီးမားတဲ့ဖိအား မဟုတ်နိုင်တော့ဘူး။ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကျန်တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး စတဲ့ ကိစ္စတွေ အားလုံးထဲက တစ်ခုလို့ နိုင်ငံတကာက လက်ခံလာတယ်။ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေ ရလာတယ်။ ပြီးတော့ အခုဖြစ်တဲ့ ကိစ္စက ကြိုတင် ကြံစည်ပြီးတော့ဆောင်ရွက်တဲ့သဘော ဖြစ်တယ်။ ရဲစခန်းနေရာ ၃ နေရာကို တစ်ချိန်တည်း၊ တစ်ခါတည်း တိုက်ခိုက်တယ်။ စစ်ဆင်ရေး သဘောအရ ဆိုရင်တော့ အာရုဏ်ဦးစစ်ဆင်ရေးလို့ ခေါ်နိုင်တယ်။ နံနက်ဝေလီဝေလင်းမှာ တိုက်ခိုက်တယ်ဆိုတာက စစ်ရေးလှုပ်ရှားမှု သဘောတရား ဆန်တယ်။ ဒီမှာရှိတဲ့ ရဲစခန်းရဲကင်းတွေရဲ့ လုံခြုံရေး အခြေအနေအားလုံးကို စနစ်တကျ စုံစမ်း ထောက်လှမ်းပြီးတော့ တိုက်ခိုက်လာတဲ့ တိုက်ခိုက်မှုဖြစ်တယ်၊ သာမန်တိုက်ခိုက်မှု မဟုတ်ဘူးပေါ့။ မူးယစ်ဆေးဝါးနှိမ်နှင်းလာလို့ စီးပွားရေးတွေ ကြပ်တည်းလာလို့ လူတွေ အဖမ်းဆီးခံရလို့ အမှုတွေ အဖွင့်ခံရတယ်။ အဲဒီအပြင် နိုင်ငံတကာဖိအား၊ ပြည်တွင်းဖိအားတွေ လျော့လာတယ်။ အဲဒီအပြင် အစိုးရ၊ တပ်မတော်နဲ့ ပြည်ထဲရေးနဲ့ စနစ်တကျဖြစ်လာတဲ့ အပေါ်မှာ ပြဿနာရှာတဲ့ သဘောမျိုးလို့ ယူဆတယ်။

မေး။ ။ ဖမ်းဆီးရမိသူတွေကို စစ်ကြောရေးနဲ့ ပတ်သက်ပြီး ဘာတွေညွန်ကြားထားပါသလဲ။

ဖြေ။ ။ ဖမ်းဆီးရမိတဲ့လူတွေကို စစ်ကြောမှုတွေလည်း လုပ်နေတယ်။ အသေးစိတ် ထုတ်ပြန်သင့်တဲ့ ဟာတွေကို ထုတ်ပြန်ပေးသွားမယ်။ ဖမ်းဆီးရမိတယ်၊ စစ်ကြောတယ် ဆိုတဲ့ဟာတွေက ကျွန်တော်တို့က သေသေချာချာ မှာထားတယ်၊ လူ့အခွင့်အရေးခံစားခွင့်တွေ အပြည့်အဝ ရမယ်၊ ရှေ့နေ အပြည့်အဝ ငှားခွင့်ရှိမယ်။ သတ်မှတ်ထားတဲ့ စစ်ကြောမှုဆိုင်ရာမှာ နှိပ်စက်ညှင်းပန်းတာမျိုး မဟုတ်ဘူးပေါ့၊ အဲဒါမျိုးနဲ့ ကျွန်တော်တို့ ကိုင်တွယ် ဆောင်ရွက်နေပါတယ်။

မေး။ ။ တိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်းက ဦးဆောင်တယ်ဆိုတာ ပြောလို့ရပြီလား။

ဖြေ။ ။ အဲဒါက ကျွန်တော်တို့ မူဝါဒအရ ဘာပြောနိုင်သလဲဆိုတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင် အသိုင်းအဝန်းပေါ့၊ ဘယ်သူ ဘယ်ဝါ ဘယ်အဖွဲ့ဆိုတာ မပြောသေးတာက ကျွန်တော်တို့က သက်သေ အထောက်အထား ခိုင်မာပြီဆိုရင် ပြည်တွင်းမှာတင် မကဘူး။ ပြည်ပမှာပါ ပြောရတော့မယ်။ ။

တူမောင်ညို - သွေးနဲ့မီးခိုး တသွင်သွင် တငွေ့ငွေ့ ဆက်လက် စီးဆင်း ထွက်ပေါ်နေမယ့် ရခိုင်ပြည်နယ်

$
0
0


တူမောင်ညို  - သွေးနဲ့မီးခိုး တသွင်သွင် တငွေ့ငွေ့ ဆက်လက် စီးဆင်း ထွက်ပေါ်နေမယ့် ရခိုင်ပြည်နယ်
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆


အောက်တိုဘာ ၉ ရက်နေ့က မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်များရဲ့နောက်ကွယ်မှာ ရည်ရွယ်ချက်အမျိုးမျိုး၊ အကျိုးစီးပွား မျှော်မှန်းချက်အမျိုးမျိုးနဲ့ သွေးထိုးလှုံ့ဆော်သူ၊ ကြိုးကိုင်လှုပ်ရှားနေသူတွေရှိနေတာတော့ အမှန်ပါ ဘဲ။

ပြဿနာက ဘယ်သူ့လက်ချက်လဲ ၊ ကြိုးကိုင်လှုပ်ရှားနေသူ ဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်းလဲ၊ ဆိုတာကိုတော့ အခုချိန်အထိ အစိုးရတာဝန်ရှိသူတွေ တိတိကျကျ ထုတ်ဖော် ပြောဆိုနိုင်ခြင်းမရှိသေးတဲ့ အချက်ပါပဲ။ အရှင်ဖမ်းမိထားတယ်ဆိုတဲ့ နှစ်ယောက်တော့ မသေ မပျောက်တန်ရာ။

လုံခြုံရေးအင်အားဘက်ကပြောရင် အရေးကြီးနေရာသတ်မှတ်ပြီး၊ အများဆုံး အင်အားဖြည့်ပေးထားတဲ့ ပြည်နယ်ဖြစ်တယ်လို့ ရဲချုပ်က ဆိုပါတယ်။ ဒီလိုပြည်နယ်အခုလို ပိုးစိုးပက်စက် ဖြစ်ရတာဟာ သွေးရိုးသားရိုးမှ ဟုတ်ပါရဲ့လား။ သွေးအသက်တွေ ပက်ပက် စက်စက် စတေးပြီး ဇာတ်ရှိန်မြှင့်လိုက်လေသလား။

အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ လူမျိုးရေး၊ ဘာသာရေးသွေးထိုးလှုံ့ ဆော်မှု စတဲ့ စတဲ့ ဒုစရိုက်မှုပေါင်းစုံဟာ အဖက်ဖက်က ဆင်းရဲနိမ့်ကျလှတဲ့ ဗမာပြည်မှာ ဗိုလ်သန်းရွှေ စိုက်ခိုင်းတဲ့ ကြက်ဆူပင်တွေနဲ့ အတူ နင်လားငါလား နိုင်ငံတနံတလျားမှာ ပေါက်ရောက်ရှင်သန်ကြီးထွားနေပါတယ်။ ဒါတွေကြီးထွားနေမှလည်း ကာကွယ်ရေး၊ ပြည်ထဲ ရေး၊ နယ်စပ်ရေးကို ချုပ်ကိုင်ထားတဲ့ စစ်အုပ်စုအတွက် အလုပ်ရှိနေမယ်မဟုတ်ပါလား။ စစ်အုပ်စုအဖို့ “ငါ မရှိလို့ မဖြစ်ဘူး/ ငါ မပါလို့ မဖြစ်ဘူး ” ဆိုတဲ့ လော့ဂျစ်ကို လက်မထောင်ပြီးပြောနိုင်/ ပြနိုင်ဖို့ အကြောင်းအချက်တွေ လိုတယ် မဟုတ်လား။ အကုန်လုံးချေမှုန်းပစ်ဖို့ ဘယ်ဖြစ်မလဲ။ အစွမ်းပြစရာ ဂွင်ပျောက်သွားမှာပေါ့။

ဒါကြောင့် ရခိုင်ပြည်နယ်လို ဆင်းရဲမွဲတေလှတဲ့ ပြည်နယ်မှာတော့ “မျိုးချစ်စိတ်ဓာတ်” ရုံတင်မလား။ ထူးမခြားနား “ ဒို့တာဝန် အရေးသုံးပါး” ဇာတ်ကားပြမလား မျက်စိမှတ်ပြီးလက်ခုပ်တီးမယ့် ပရိတ်သတ်အခိုင်အမာရှိနေတဲ့ အရပ်ဖြစ်နေပုံပါပဲ။ ကိုးကန့်လောက်ကိုင် အရေးတုန်း ကတော့လည်း မရဲတရဲနဲ့ တရုတ်ကို တံတွေးဆွတ်သလိုလို မထိတထိပြောတယ်။ လောက်ကိုင်အရေးမှာ ကျောက်တိုင်တွေ ဖွေးဖွေးလှုပ်သွားတယ်။ အောက်ခြေ စစ်ဗိုလ် စစ်သားတွေ သေလိုက်ကျေလိုက်တာ သောက်သောက်လဲပဲ။ ထိပ်ပိုင်း စစ်ဗိုလ်တွေကတော့ ရာထူး ကုလားထိုင်မြဲနေဆဲ၊ ရာထူးတွေ တက်နေဆဲ။ သားတွေ သမီးတွေရဲ့ စီးပွားကုန်သွယ် လုပ်ငန်းတွေကလည်း ရွှေတွဲလွဲငွေတွဲလွဲ။ အောက် ခြေတပ်ဗိုလ်တပ်သားတွေရဲ့ကျန်ရစ်သူမိသားစုနဲ့ မသေပဲကျန်သူတွေ ကတော့ မျက်ရည်လည်ရွဲ၊ ဂျိုင်းထောက်တွဲလွဲ။

အခုလည်း စစ်ဆင်မှုစစ်ထိုးမှု ရပ်ဆိုင်းရေး အဆိုသာ လွှတ်တော်က မချမှတ်နိုင်သေးတာ၊ နိုင်ငံတော်ကာကွယ်ရေးမှာ ထိခိုက် ဒဏ်ရာရခဲ့ကြတဲ့ “တပ်မတော်သားတွေ” ကို ဆေးရုံသွားပြီး လူနာမေး/ အားပေး သွားကြရမယ်ဆိုတာမျိုးပေါ်လာရင်တော့ ဗိုလ်ရွှေမန်း၊ ဗိုလ်ခင်အောင်မြင့်တို့လို လွှတ်တော်ဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ မန်းဝင်းခိုင်သန်းတို့ စစ်ဆေးရုံတွေပေါ်သွားပြီး လူနာသတင်းမေး သွားကြအုံးမှာလား မသိပါဘူး။ အရာရာဟာ “သင့်မြတ်ရေး” ပဲလေ။

အစိုးရနဲ့ လွှတ်တော်ဟာ ကချင်ပြည်နယ်မှာ “တပ်မတော်” လုပ်သမျှကို လက်မှိုင်ချပြီး ကြည့်နေရတဲ့ သဘောလား။

အောက်တိုဘာ ၉ ရက်နေ့ ဖြစ်စဉ်များကနေ အောက်ပါ အချက် ၆ ချက်ကို ထင်မြင်စဉ်းစားမိစေပါတယ်။

ပထမဆုံး အချက်က မောင်တောနဲ့ ရသေ့တောင်ဟာ စစ်အုပ်ချုပ်ရေးအောက် ကျရောက်သွားရတာပါပဲ။ ပုဒ်မ ၁၄၄ ထုတ် ပြန်လိုက်ပြီ။ မောင်တောနဲ့ ဘူးသီးတောင်မှာ စာသင်ကျောင်း ၃၉၀ ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရပြီ။ ဘူးသီးတောင်၊ မောင်တော ကနေ ရခိုင်ပြည်နယ် တစ်ခုလုံး စစ်အုပ်ချုပ်ရေး အောက် ကျရောက် မသွားနိုင်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။ ဒီလို အလစ်အငိုက်ယူပြီး စီးနင်း တိုက်ခိုက်မှုတွေ ရခိုင်ပြည်နယ်ရဲ့ အခြားဒေသတွေမှာရော ဖြစ်မလာနိုင်ဘူးလား။ ဒါဟာ “အခြေခံဥပဒေအရ” စစ်တပ်က အာဏာ သိမ်းနည်းပဲ။ ဒေသတစ်ခုချင်းကနေ တနိုင်ငံလုံးထိ ဥပဒေနဲ့အညီ အာဏာသိမ်းနိုင်အောင် “၂၀၀၈ အခြေခံဥပဒေ” က ပြဋ္ဌာန်းထားပေး တယ်။

ဒုတိယအချက်က လူမျိုးရေး၊ ဘာသာရေး၊ မုန်းတီးမှုတွေအတွက် သွေးထိုးလှုံ့ဆော်စရာ၊ ဆင်ခြေဆင်လက် ရရှိသွားတာပါပဲ။

တတိယအချက်က “ရခိုင်ပြည်နယ် လုံခြုံရေးဟာ ရဲတပ်ဖွဲ့လက်ထဲ ထည့်ထားလို့ ဘယ်လိုမှမဖြစ်နိုင်၊ စစ်တပ် လက်ထဲအပ်ထား မှသာ လုံခြုံစိတ်ချစေနိုင်မှာ ဖြစ်တယ် ” ဆိုတဲ့ အာဘော်ကို နှပ်ကြောင်းပေး ဖန်တီးစေနိုင်တယ်။

စတုတ္တအချက် စစ်တပ်က ကချင်ပြည်နယ်မှာ မီးကုန်ယမ်းကုန် တိုက်ခိုက်နေမှုတွေနဲ့ ထိုးစစ်တိုက်ခိုက်မှု ရပ်စဲရေးတောင်းဆိုမှု တွေကို အာရုံပြောင်း၊ ပုဒ်မချပေးနိုင်စေတယ်။

ပဉ္စမ အချက် “ ကိုဖီအာနန်ကော်မရှင်” ရဲ့ လုပ်ငန်းတွေကို ပိုမိုနှောင့်နှေးကြံ့ကြာသွားစေနိုင်တယ်။

ဒီကနေရှေ့ဆက်လိုက်တော့ ဆဋ္ဌမအချက်က ရခိုင်ပြည်နယ်မှာ သွေးနဲ့မီးခိုးဟာ တသွင်သွင်၊ တငွေ့ငွေ့ ဆက်လက် စီးဆင်း၊ ထွက်ပေါ်နေအုံးမယ် ဆိုတာကို ဒီဖြစ်စဉ်တွေက အခိုင်အမာအချက်ပြနေပါတယ်။

နိဂုံးချုပ်လိုက်တော့ အတိုင်ပင်ခံဦးစီးတဲ့ သမ္မတဦးထင်ကျော်အစိုးရအဖို့ ဦးနင်းပဲ့ထောင်၊ အိုးတော်လုပ်ဖုတ်ရင်းက မကျက်ဆို တာလို အခက်အခဲတွေရင်ဆိုင်ပြီးရင်း ရင်ဆိုင်တွေ့နေရဦးမယ့် သဘောပါပဲ။

ဒီဖြစ်ရပ်တွေအားလုံးရဲ့ ဦးတည်ချက်နဲ့ နောက်ဆုံးလားရာက ဘယ်ကို ဦးတည်နေသလဲဆိုတော့

“ တပ်မတော်မရှိလို့ မဖြစ် ဘူး”။

“တပ်မတော်ရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ”ကို လောလောဆယ်ဖယ်ပေးဖို့ဆိုတာ၊ “၂၀၀၈အခြေခံဥပဒေပြင်ဆင် ဖို့ ဆိုတာတွေဟာ တွေးတောကြံစည်ဖို့တောင် သင့်တော်တဲ့အချိန်အခါ မကျရောက်သေးပါဘူး”

ဆိုတဲ့ ဆင်ခြေလိမ်တွေကို ဘတ်စ်ကား ဒရိုင်ဘာ ကွမ်းတံတွေးထွေးချလိုက်သလို ချမှတ်ပေးဖို့ ဦးတည်နေပါတယ်။






ဇ၀နအရှင် - ဘုရားလည်းကြိုက် ဥပဒေနှင့်လည်းညီ

$
0
0


ဇ၀နအရှင် -  ဘုရားလည်းကြိုက် ဥပဒေနှင့်လည်းညီ
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆


တရားရေး မဏ္ဍိုင်ကို နိမိတ်ပုံပြ အဖြစ် ချိန်ခွင်ပုံကို ထုတ်ဆောင်ပြကြသည်။ ဥပဒေကို ကိုင်ဆွဲသူတို့၏ သမာသမတ်ကျမှုကို ကိုယ်စားပြုသော နိမိတ်ပုံဟု ပြောရမည်ဖြစ်သည်။သို့သော် အာဏာရှင် ခေတ် တလျှောက် ဥပဒေက မည်သို့ပင်ဆိုစေကာမူ ဆိုတဲ့ စကားရပ်ဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူတွေနည်းမည်မထင်။ ထိုကဲ့သို့ ဥပဒေက မည်သို့ပင်ဆိုစေကာမူ ဆိုသော စကားကို ပြောဆို ကြသူတွေသည် တခြားသူမဟုတ်။ ဥပဒေကို ကိုင်ဆွဲပြီးအလုပ်လုပ်ရသောတရားသူကြီးများနှင့် အုပ်စိုးသူတို့ပင် ဖြစ် သည်။ ထိုအခါ တရားရေးချိန်ခွင်လျှာတို့ပါမက လူမှုပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကြီးပါ ဇောက်ထိုးမိုးမျှော်ကမောက်ကမဖြစ် သွားကြရ တော့သည်။

ဥပဒေပါစကားရပ်များသည်အကြီမ်ကြိမ်အခါခါဆန်းစစ်ပြီးအတည်ြ့ပုပြဓာန်းထားသည်မှာ (တရားနည်းလမ်းကျကျ ဆောင်ရွက်သော ခေတ်ကိုသာ ရည်ရွယ်သည်) အသေအချာပင်ဖြစ်သည်။ ထိုသို့ ပြဌာန်းထားသော်လည်း အချိန်အခါ အခြေနေနှင့်မကိုက်ညီ တော့ လျှင် ပြန်လည် ပြင်ဆင်ကြ ဖျက်သိမ်းရ စတာတွေလုပ်ကြရပါသည်။

မြန်မာပြည်မှာ ဥပဒေမဲ့ပါ့ကွာလို့ အပြစ်တင်ပြောဆိုသည်ကို ရှေ့နေကြီးတယောက်က ဥပဒေမဲ့တာမဟုတ်ဘူး၊ ဥပဒေကရှိတယ် ၊ ဥပဒေအတိုင်း မဆောင်ရွက်တာဟု ပြောပြသည်။ ဥပဒေတွေမှာ တချို့ချို့ယွင်းချက် ရှိနှိုင်သော်လည်း တရားဥပဒေတိုင်းရဲ့ရည်ရွယ်ချက်က လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားအတွက်ဖြစ်သည်။

သို့သော် ဥပဒေကို ပုဂ္ဂလိကအကျိုး ၊ အဖွဲ့အစည်းအကျိုး အတွက် လိုသလို အာဏာရှိသူတို့ အသုံးချခဲ့ကြသည်။ ဥပဒေ၏ အထက်တွင် ဘယ်သူမှမရှိစေရ ဆိုသော်လည်း သူတို့က ဥပဒေအထက် ခွထိုင်ထားကြသည်။ တရားစီရင်ဆုံးဖြတ်သူတို့သည်လည်း ဥပဒေလာ စကားရပ်များကို လိုသလို အသုံးချခဲ့ကြည်။

သံသယ၏အကျိုးကို တရားခံ ခံစားခွင့်ထက် တရားသူကြီး၏လုပ်ပိုင်ခွင့် ဖြစ်သွားတာတွေလည်း ရှိသည်။ နိုင်ငံတကာ စံချိန်မှီ ဥပဒေများ အပြည့်အစုံ မရှိနိုင်သေးသော်လည်း တချို့မှာ အပြည့်အစုံမဟုတ်သော်လည်း ရှိနှင့်ပြီးသား ဥပဒေတွေရှိနေသည်။

မကြာမှီက ဟော်လန်နိုင်ငံသား အသံချဲ့စက် ဝင်ရောက်ဖျက်ဆီးမှုကနေ အသံကျယ်လောင်ဆူညံခြင်းနှင့် စပ်လျှင်းပြီး အတွေး မျိုးစုံဝင်လာသည်။ ဟော်လန်ဆိုတာ ဥပဒေကို လေးလေးစားလိုက်နာသူတွေ နေသောနိုင်ငံ။ သူ့နိုင်ငံက အကျဉ်းထောင် တွေသည် အကျဉ်းသားမရှိ၍ ထောင်တွေ ပိတ်ထားရသည့်နိုင်ငံ။ သူတို့ဆီမှာ ဥပဒေလိုက်နာပုံက မှတ်သားလောက်သည်။ ကိုယ်တယောက်ထဲ လိုက်နာနေသည်မဟုတ် ကိုယ့်မျက်စေ့ရှေ့တည့်တည့် ဥပဒေချိုးဖောက်နေသူ တဦးဦးတွေလျှင်ပင် ဥပဒေအရဆောင်ရွက်သူကို ချက်ခြင်း အကြောင်းကြားသော နိုင်ငံသားများရှိသော တိုင်းပြည်။ ဒီနိုင်ငံသားက ဘယ်လို ဘယ်လို သူများနိုင်ငံမှလာ ဥပဒေ ချိုးဖောက်ပါသနည်းဟု မေးခွန်းတွေ အလီလီ ထုတ်နေမိသည်။

ဘယ်နိုင်ငံမှာမှ သတ်မှတ်ထားသော စည်းကမ်းချက်နှင့် မညီလျှင် ဆူညံခွင့်မရှိ။ ဆူညံလို့မရ။ ဆူညံမှုကို တခြားသူကို အနှောက်အယှက် ပေးမှုဟု သဘောထားကြသည်။ အဆက်မပြတ် ဆူညံမှုကို ခံရသူများ၏ စိတ်ကိုလည်း အသေအချာ ဆန်းစစ်သည် ။ ဒီအဖြေတခုကို လွယ်လွယ်ချသည် မဟုတ်။ ကျကျနန သုတေသန ပြု သည်။ စိတ်တိုခြင်း ဒေါသထွက်ခြင်း တို့ကို ဆူညံသံက မွေးဖွားစေသည်။ ဒီတော့ ဆူညံသံသည် လူတွေကို အနှောက်အယှက်ဖြစ်စေသောအရာဟု အသေအချာကို သတ်မှတ်ပြီးဖြစ်သည်။

ကိုယ့်ကိုယ်ကိုလည်း ထိုဆူညံသံကြားလျှင် အဘယ်သို့သောစိတ် ခံစားမှုဖြစ်ပေါ်သနည်းဆိုတာ စစ်ဆေးကြည့်သည်။ အဆက် မပြတ်မြည်သော စက်သံ။ တဝီဝီကျယ်လောင်သော ပန်ကာသံမှ အစ ဆူဆူညံညံ ဘာသံဖြစ်ဖြစ် ကြားရလျှင် ခေါင်းတွေ နောက်ကျိလာသည်။ စိတ်ထဲ တစုံတခုကို ဖျစ်ညှစ် ပစ်ချင်လာသည်။ ကိုယ်မကြိုက်တာ သူ့လည်းမကြိုက်နိုင်ဆိုသော ခံစားမှုက သူ့ဆီ ကိုယ့်ပယောဂကြောင့်ပေါ်လာမည့် အသံတို့ကနေ သူ့တဖက်သား နားဒုက္ခ စိတ်ကသိကအောက် မဖြစ်စေရ ဆိုတာကို အမြဲ တပ်လှန့်နေသည်။

ဟော်လန်သားကိစ္စဖြစ်တော့ မြန်မာပြည်မှာ အသံဆူညံတာနှင့် ပတ်သက်သော ဥပဒေ တိတိကျကျ မရှိဟုထင်ခဲ့သေးသည်။ နောက်မှ အသံချဲ့စက် သုံးမှုနှင့်ပတ်သက်သော ပြဌာန်းချက်က ရှိနှင့်ပြီးသား ဖြစ်နေသည်။ သေချာ ဆန်းစစ်တော့ ဥပဒေရှိပြီး ဥပဒေအတိုင်း မပြုလုပ်ခြင်းဆိုတာကို သွားတွေ့ရသည်။ ဥပဒေပြဌာန်းချက်ရှိပါက ထိုဥပဒေကို နိုင်ငံသားတိုင်းလိုက်နာကြရမည်။ ကိုယ့်အဖွဲ့အစည်းကလုပ်လို့ ကိုယ့်ဘာသာက လုပ်လို့ ကင်းလွတ်ခွင့်ကိုဥပဒေကခြွင်းချက် မထားလျှင် လိုက်ကို လိုက်နာရမည်။ မြန်မာပြည်မှ အသံချဲ့စက်ဥပဒေသည် တင်းကျပ်လွန်းသော သတ်မှတ်ချက်များမပါ။ တာဝန်ယူမှု တာဝန်ခံမှုနှင့် အချိန်ကန့်သန့် ထားပေးမှုတို့ ပါရှိတာကိုတွေ့ရသည်။ ထိုသတ်မှတ်ချက်တို့ကို တိတိကျကျလိုက်နာလိုက်လျှင် အားလုံးအဆင်ပြေသွားမည် သာဖြစ်သည်။

အသိတယောက်က ဒီလို ကွန်မင့်လာရေးသည်။

အသံမစဲ ပဌာန်းပွဲတွေ မလုပ်ရတော့ဘူးလားပဌာန်းတရား က ဘယ်လိုရည်ရွယ်ချက်နဲ့ အနည်းဆုံး ဘယ်လောက်ကြာကြာ ရွတ်ရပါသလဲ၊ ဘုရားဗုဒ္ဓတရားတော်မြတ်ပူဇော်ပွဲ ဒီဥပဒေကြောင့်ပျောက်ကွယ်သွားမလား၊ အရှင်ဘုရားတို့ နားလည်တဲ့သူတွ တစ်ခုခုပြောသင့်တယ် ... ဟူ၍ဖြစ်သည်။ သာမန်ကြည့်လျှင် အသံအဆက်မပြတ် ရွတ်ဖတ်ရသော အသံမစဲပဌာန်းပွဲများအတွက် မေးရမည့်မေးခွန်းဖြစ်သည်။

အသံကျယ်ကျယ် အချိန်ကန့်သန့်မှုတခုအတွင်းသာ လုပ်ခွင့်ရလျှင် ရက်ဆက်ရွတ်ဖတ်ကြသော ပဌာန်းပွဲတို့ ပျောက်ကွယ် သွားမည်ကို သူကစိုးရိမ်စွာမေးခြင်းဖြစ်သည်။ ထေရဝါဒတိုင်းပြည်များတွင် အသံမစဲပဌာန်းရွတ်ဖတ်ပွဲ ပြုလုပ်သော တိုင်းပြည် ဘယ်လောက်ရှိသလဲကို အရင် လေ့လာသင့်သည်။ နောက် ဒီပဌာန်းရွတ်ဖတ်ပူဇော်ပွဲများ စတင်ပေါ်ပေါက်လာတာက ဘယ်လောက်ကြာပြီလဲ။ သာသနာနှစ် ၂၅၀၀ ကျော်ပါပြီ။ အသံမစဲ ပဌာန်းပွဲများ ခေတ်စားလာသည်မှာ နှစ် ရာကျော်ပြီလား ။ ဒီပဌာန်းပွဲတွေ မပေါက်ခင် နှစ်၂၀၀၀ကျော် သာသနာမှာ ပဌာန်းဒေသနာ မကွယ်ပျောက်အောင် ဘယ်လိုထိမ်းသိမ်းခဲ့သလဲ စသော မေးခွန်းများကို -မေးပြီး အဖြေထုတ်သင့်သည်။

ဗုဒ္ဓဘာသာပွဲမို့ ဆန့်ကျင်ကန့်ကွက်သူကို ဘာသာရေးစော်ကားသူအဖြစ် အပြစ်ဒဏ်ကြီးကြီး တပ်ချင်တပ်ကြမည်။ ပဌာန်း ရွတ်ဖတ်ကြားနာခြင်းဖြစ်ရသောကုသိုလ်။ ထိုကုသိုလ် ကောင်းမှုကို ညွှန်းဆိုခြင်းများကို ပဌာန်းပွဲ များတွင် ကြားနာရခဲ့သည်။ လင်းနိုးသားငါးရာ အနက်အဓိပ္ဗါယ်မသိပဲ ရွတ်ဖတ်သရဇ္ဈာယ်သံကိုကြားခါမျှဖြင့် အကျိုးများပုံကိုဟောပြပြီး ကုသိုလ်ရှင်များ သဒ္ဓါပွားစေရန် ဟောကြားကြသည်ကို နာယူကြရမည်။

လင်းနို့သားငါးရာသည် အနက်မသိပဲ အကျိုးပေးသည်ဆိုလျှင် လူသားစစ်စစ်ကြီးက အနက်အဓိပ္ဗါယ်သိပြီး ပဌာန်းဒေသနာ တော်ကို ရွတ်ပွားနာယူသောအဆင့်ကနေ လက်တွေ့ဘဝမှာ ကျင့်သုံးလို့ရသော တရားအဖြစ် လူတွေသိအောင် ပြုလုပ်ပေး ကြမည်ဆိုလျှင်ကော အသံအဆက်မပြတ်ရွတ်ဖတ်နေခြင်းထက် အကျိုးပိုများမည် မဟုတ်ပါလော။

ကိုယ့်ရဲ့ရွတ်ဖတ်ပူဇော်မှုသည် ကြည်ညိုသဒ္ဓါထားသူတို့အတွက် အင်မတန်အလေးအမြတ် ဖြစ်နေမည်မှာ မှန်သော်လည်း သာမန်ကြည်ညိုသူ ဘာသာရေးနှင့် ကင်းဝေးနေသူတို့ဆီ ပဌာန်းဒေသနာ၏တန်ဖိုးနှင့် အနှစ်သာရ ရောက်ဖို့ဆိုလျှင် ရွတ်နေရုံဖြင့်မရ။ ပဌာန်းပွဲကို ကြည်ညိုသဒ္ဓါထားသူတို့အတွက် နားဝင်ပီယံဖြစ်နေသော်လည်း တခြားသူတွေ (မိမိဘာသာထဲမှ အဓိပ္ဗါယ်မသိပဲ နာယူရခြင်း သက်သက်ကို မလိုလားသူ)တွေဆီ ကုသိုလ်ပေးခြင်း မဟုတ်ပဲ ။ စိတ် နှလုံးထဲ အပြစ်ပေးသလို ဖြစ်နေမည်ကို ထည့်တွက်သင့်သည်။

သာမညဖလသုတ်ကို ဖတ်ရှုလေ့လာမိသူများ သဘောပေါက်ပြီးဖြစ်မည်။ ဗုဒ္ဓနှင့် ရဟန်းတော်တို့အထံ ဖူးမြင်ရန် လာရောက်သော အဇာတသတ်မင်းကြီး တထောင့်နှစ်ရာ့ငါးကျိပ်သော သံဃာတော်တို့၏ ချေ.သောအသံကိုမျှ မကြားရ၍ ထိတ်လန့်ခြင်းတို့ဖြစ်ခဲ့ဘူးသည်။

အသံဆူညံခြင်းကို ဗုဒ္ဓနှစ်သက်တော်မမူခဲ့ ။ ပိဋကဘာသာပြန်လာစာတပိုဒ်ကို ထုတ်နှုတ်ပြချင်ပါသည်။

မြတ်ဗုဒ္ဓ စာတုမမြို့၌ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် အမှူးရှိသော ရဟန်းငါးရာတို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် စာတုမမြို့သို့ ရောက်ရှိလာကြသည်။ ၎င်းတို့နှင့် အာဝါသိကကျောင်းနေ ရဟန်းတို့ စကား ပြောကြ, နှုတ်ဆက်ကြ, နေရာပြင်ကြ, သပိတ်သင်္ကန်း သိမ်းကြသော အသံတို့သည် ကျယ်လောင်ဆူညံ သွားကုန်၏။ ယင်းအသံများ မြတ်ဗုဒ္ဓ ကြားသောခါ `အာနန္ဒာ၊ ငါးစိမ်းသည် အသံကဲ့သို့ ကျယ်ကျယ်လောင်လောင် အသံပြုနေကြတာ ဘယ်သူတွေလဲ´ ဟု အရှင်အာနန္ဒာအား မေးတော်မူ၏။

အရှင်အာနန္ဒာက အကြောင်းစုံ လျှောက်ထားသောအခါ `အာနန္ဒာ၊ ငါ့စကားဖြင့် မြတ်စွာဘုရားက အရှင်ဘုရားတို့ကို ခေါ်နေတယ်လို့ ပြောချေ´ မြတ်ဗုဒ္ဓက မိန့်တော်မူ၏။

ရဟန်းတို့သည် မြတ်ဗုဒ္ဓထံ စုပေါင်းလာကြကာ မြတ်စွာဘုရားကို ရိုသေစွာရှိခိုး ထိုင်နေကြသည်။ မြတ်ဗုဒ္ဓမေးမှုကို မှန်ကန်စွာ ရိုရိုသေသေ ဖြေကြားလျှောက်ထားကြသည်။ `ရဟန်းတို့- ထွက်သွားကြ၊ သင်တို့ကို ငါနှင်တယ်, သင်တို့ ငါ့အနီးမနေကြနှင့်´ ဟု မြတ်စွာဘုရားက ရဟန်းတို့ကို နှင်ထုတ်လိုက်သည်။ ရဟန်းတို့လည်း `မှန်လှပါဘုရား´ဟု လျှောက်ထား၍ မြတ်စွာဘုရားကို အရိုအသေပေးကာ သပိတ်သင်္ကန်းယူပြီး ထွက်ခွါသွားကြ သည်။

တချို့မြို့ရွာများတွင် ရွတ်ဖတ်ရန် သံဃာမလုံလောက်သဖြင့် လူများ ပါဝင်ရောက်ရွတ်ဖတ်ကြပါသည်။ လူဒါယကာ ဒါယိကာမ များ၏ ကြည်ညိုသဒ္ဓါတိုးပွားခြင်း ကုသိုလ်ကို ဖြည့်ဆည်းပေးရာရောက်သဖြင့် ချီးမွမ်းထောမနာရမည်မှာ မှန်ပါသည်။ ထိုကုသိုလ် အဆင့်တွင်သာ ရပ်တန့်စေပြီး တဆင့်မြင့်သော လက်တွေ့ဘဝအသုံးဝင်မှုဆီကို ဆရာသမားများက မြှင့်တင်မပေး သင့်ပြီလော။ ဒါအပြင် ပြောစရာရှသေးသည်က ရွတ်ဖတ်သူများ ပုဒ်ပါဌ်အက္ခရာ အလွဲလွဲအမှားအမှားဖြင့်ရွတ်ဖတ်ခြင်းသည် သာသနာတည်အောင် လုပ်ပေးနေသည်ဟု ဘယ်လိုသတ်မှတ်နိုင်မည်နည်း။

အင်္ဂုတ္ထိုရ်လာ ဘုရားသာသနာကွယ်ကြောင်းကဗျာလေးကို အလျှင်းသင့်လို့ထည့်ပေးလိုက်ပါသည်။

သာသနာကွယ်ကြောင်း တရား (၅) ပါး

***********************

အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊ ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ဓမ္မာနုဓမ္မ၊ ပဋိပတ်ကွာ၊ ဤငါးဖြာတည်း...။

နောင်လာထို့ပြင်၊ စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွာ့မအံ၊ မကြံမစီ၊ ဤငါးလီတည်း...။

ဝါတစ်နည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဆုံးမ မယူ၊ ဒုဗ္ဗစမူ၊ စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား၊ ဤငါးပါးသည်၊ ဘုရားသာသနာ - ကွယ်ကြောင်းတည်း...။

ငါတို့ရွတ်နေတဲ့ပဌာန်းပွဲတွေကို ဝေဖန်ထောက်ပြနေသူတို့ကို သာသနာဖျက် အဖြစ် ကင်ပွန်းတပ်နေခြင်းထက် ပဌာန်းတန်းခိုးဖြင့်လောကကြီးထဲ လှလှပပနေတတ်သူတွေ ဖြစ်အောင်လုပ်ဆောင်၍ ရသောနည်းလမ်းချပြခြင်းကို တခဏလေးဖြစ်ဖြစ် ကိုယ်ဆွဲယူထားသည့်နည်းလမ်းကို ရပ်ပြီး တခြားသူ တင်ပြသောနည်းဖြင့် ဘာသာတရားကိုးကွယ်သူတွေ ဘယ်သင်းက ပိုအဆင်ပြေမည်ကို စီစစ်ကြမည်ဆိုလျှင် အားလုံး အဆင်ပြေ၍ ဗုဒ္ဓအလိုကျသော လောကဥပဒေနှင့်ညီသောဗုဒ္ဓဘာသာ မြန်မာတို့ဖြစ်ကြပါလိမ့်မည်။

ဇဝနအရှင်

လှကျော်ဇော - ကျွန်မ နောင်တ

$
0
0

လှကျော်ဇော - ကျွန်မ နောင်တ
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆

၂၀ဝ၉ ခုနှစ်၊ ဖေဖေအသက် ၉၀ ပြည့်အပြီးမှာ ဆီးချုပ် ဝမ်းချုပ်ဖြစ်ပြီး ကယောင်ကတမ်းတွေပြောလာလို့ ဆေးရုံတင်ရပါတယ်။ ဆေးရုံရာက်တော့ သွေးစစ်ကြည့်ပြီး Acidosisဖြစ်တယ်ဆိုပြီး အသက်အရွယ်ကလည်း ကြီးရင့်မှုကြောင့် ဆရာဝန်တွေက ICU ထဲ သွင်းလိုက်ကြပါတယ်။ ဖေဖေ ပထမဆုံးအကြိမ် ICU ထဲဝင်ရတာပါ။ အဲဒီထဲ ဖေဖေ ၂ ရက်လောက် မျောနေပါတယ်။ သတိကောင်းကောင်း ရလာတဲ့အခါ အနားမှာ ကျမကမရှိ၊ လူစိမ်းတွေချည်းဖြစ်၊ စကားကလည်း မပေါက်ဆို တော့ ဖေဖေက သူ့တကိုယ်လုံး တပ်ဆင်ထားတဲ့ ပိုက်တွေ၊ အပ်တွေ ဆွဲဖြုတ်ပြီး သောင်းကျန်းပါတော့တယ်။ ဒီတင် ဆရာဝန်များ က ကျမကို ဖုန်းဆက်ပြီး ဖေဖေ့ကို အခြေအနေ လာရှင်းပြပေးပါလို့ ခေါ်ပါတယ်။ အောက်ဆီဂျင်ပေးထားတဲ့ ပိုက်တွေ၊ ဆေးသွင်း ထားတဲ့အပ်တွေ၊ ဆီးပြွန်တွေကို အကုန်ဆွဲဖြုတ်ပစ်လို့ လက်တွေခြေတွေ ကြိုးနဲ့တုပ်ထားရပါတယ်လို့လည်း ကြိုရှင်းပြထားပါ တယ်။
 
 ကျမ ဆေးရုံကို ကမန်းကတမ်းရောက်သွားတော့ ဖေဖေက ကျမကိုတွေ့တာနဲ့ - “သမီးက ဖေဖေ့ကို ပစ်ခဲ့တယ်ဟုတ်လား၊ သမီးက မကြည့်နိုင်တော့လို့ ဖေဖေကို ဒီမှာ လာပစ်ထားတာလား”ဆိုပြီး မျက်ရည်လည်ရွှဲနဲ့ ရန်တွေ့ပါတယ်။ ကျမလည်း ရင်ထဲ ဆို့နင့်သွားပြီး "မဟုတ်ရပါဘူးဖေဖေရယ်။ ဖေဖေလွန်ခဲ့တဲ့ ၂ ရက်က သတိလစ်သွားလို့ ဒီ ICU ထဲ သွင်းရတာ။ ဒီထဲ ဘယ်သူမှ မဝင်ရဘူး။ အသက်ကယ်တဲ့ အခန်းလို့"ရှင်းပြရတယ်။

ဒီတော့ဖေဖေက -“ဖေဖေလည်း ထင်ပါတယ်။ ငါ့သမီးဟာ ငါ့ကို ဘယ်တော့ မှ ပစ်ထားမှာ မဟုတ်ဘူးလို့၊ အခု သမီးမတွေ့ရတော့ သမီးများ တခုခု ဖြစ်ပြီလား၊ ငါ့သမီးလေး အသက်နဲ့ကိုယ် ရှိပါသေးရဲ့လား၊ သွားရင်းလာရင်း ကားများတိုက်မိသလားဆိုပြီး ပူလိုက်ရတာ သမီးရယ်”လို့ မျက်ရည်တွေကြားက ပြောပါတယ်။

 ဖေဖေကို အဲဒီနေ့မှာပဲ သွေးတွေစစ်ပေးပြီး စိတ်ချရပြီ၊ သာမန်လူနာဆောင်ကို ပြောင်းလို့ရပြီဆိုပြီး အခန်းပြောင်းပေးလိုက်ပါ တယ်။ ဖေဖေ့ကိစ္စအေးသွားပေမယ့် ကျမမှာတော့ ရင်ထဲ မချိအောင်ဆွေးသွားမိပါတယ်။ ၁၉၉၉ ခုနှစ်က ကွယ်လွန်သွားတဲ့ မေမေကလည်း မကွယ်လွန်ခင်၊ အချိန်တချိန်မှာ အခုဖေဖေလိုပဲ မျက်ရည်လည်ရွဲနဲ့ “မေမေ့နောက်ဆုံးအချိန်မှာ တစိမ်းတရံစာနဲ့ မနေပါရစေနဲ့ သမီးရယ်။ အချိန်လည်း သိပ်ကြာမှာ မဟုတ်တော့ပါဘူး”လို့ တောင်းပန်စကားဆိုခဲ့ဖူးပါတယ်။

 ဖေဖေလို ယောကျာ်း ရင့်မကြီးတယောက်ကတောင် ဒီလောက်ပူဆွေးသောက ရောက်ခဲ့ရင် မေမေဆိုရင်တော့ ဘယ်လောက်ခံစားသွားခဲ့ ရမလဲဆိုတဲ့ အတွေးက ကျမရင်ကို လာဆောင့်နေပါတယ်။
မေမေ့ကို ဆေးရုံနောက်ဆုံးတင်ထားရတဲ့အချိန်မှာ ဖေဖေအူကျရောဂါရလို့ ခွဲစိတ်ရပါတယ်။ ဖေဖေနေကောင်းစဉ်ကတော့ ဖေဖေ့ကို အိမ်မှာ စာရေးနေရေး စီစဉ်ပေးပြီး ကျမက မေမေဆေးရုံကုတင်ဘေးမှာပဲ စောင့်ပေးပါတယ်။ မေမေ နည်းနည်း သက်သာလာ ရင်လည်း ရွှေလီမှာ ရှိတဲ့ ကျမမောင်အကြီး အောင်ကျော်ဇောတို့ ဇနီးမောင်နှံကိုခေါ်ပြီး သူတို့နဲ့ ကျမအလဲအလှယ်လုပ် ဆေးရုံနဲ့ အိမ် ပြေးလွှားပြုစုရပါတယ်။ သူတို့လည်း ၂ လ တကြိမ်၊ ၃ လ တကြိမ် ရွှေလီနဲ့ကူမင်း အသွားအလာ လုပ်နေရပါတယ်။ အဲဒီတုန်း က ကိုအောင်ကျော်ဇောသမီးလေး အေးမြကျော်ကလည်း ကျမတို့နဲ့နေပြီး ကူမင်းမှာ ကျောင်းတက်နေတာပါ။ ဒါကြောင့် ဖေဖေက မြေးကလေးကို အဖော်လုပ် အိမ်မှာ နေပါတယ်။


 နောက်ပိုင်းဖေဖေက ခွဲစိတ်ရလို့ ရေရှည်ပြုစုဖို့လည်းလို၊ မေမေကလည်း နာလန်ထူလာဖို့ မျှော်လင့်ချက်လည်း ဝေး ဖြစ်လာ နေပါတယ်။ ဒီမှာတင် ကျမတို့တတွေကို ကြည့်ရှုကုသပေးနေတဲ့ဆရာဝန်က ကျမကို တနေ့ခေါ်ပြီး ဒီလိုပြောပါတယ်။

 “မင်း အမေကြီးကတော့ အိပ်ရာပေါ် လဲသွားတော့မှာပဲ။ ရေရှည်ပြုစုရမှာ။ မင်းတို့ အခန်းဘေးက အဘွားကြီးဟာ ဒီလိုပဲ ပိုက်မျိုးစုံနဲ့ နေ နေတာ ၃ နှစ်ကျော်ပြီ။ မင်းတယောက်တည်း အမေရော အဖေရော ၂ ယောက်စလုံး မင်းပဲ ပြုစုဖို့ မဖြစ်နိုင်ဘူး။ မင်းအမေက ဆေးရုံပေါ်မှာ ဖြစ်တော့ တို့တတွေကြည့်ပေးနိုင်တယ်။ လူစောင့်တယောက် ရှာပြီး ထားခဲ့။ အိမ်က အဖေကို ဂရုစိုက်၊ ဒီလိုဇနီး မောင်နှံမျိုးဟာ တယောက်သွားပြီးရင် နောက်တယောက်က မကြာခင် လိုက်တတ်တယ်။ သတိထား”လို့ ပြောလာပါတယ်။

 ဒီအချိန်မှာပဲ ကိစ္စတခု ဖြစ်ပျက်ပါတယ်။ အဲဒါကတော့ ကျမတို့မိတ်ဆွေ ဆရာဝန်လင်မယားမှာ ယောက္ခမ အမကြီး နှလုံး ရောဂါနဲ့ ဆေးရုံမှာ ရေရှည်နေနေရစဉ် မိသားစုတွေလည်း အဘွားကြီးပဲ ဝိုင်းဂရုစိုက်နေရချိန်မှာ အိမ်မှာတယောက်တည်း ကျန်ခဲ့တဲ့ အဘိုးကြီးက ချော်လဲပြီးပေါင်ရိုးကျိုးပါတယ်။ ဆေးရုံရောက်တော့ လည်ပင်းမှာပေါ်နေတဲ့ အကြိတ်ကိုတွေ့ရပြီး ဆက်လက်စစ်ဆေး တော့ အဆုပ်ကင်ဆာ ပျံ့နှံ့ပြီး နောက်ဆုံးအဆင့်ရောက်နေပါပြီ။ အဲဒီအဘိုးကြီးက အဘွားကြီးထက် ၆ လစော ဆုံးသွားပါတော့ တယ်။ သားသမီးများလည်း ဖအေကြီးကို ပစ်ထားခဲ့မိတယ် ဆိုပြီး တရရ ဖြစ်နေကြပါတယ်။


 ကျမလည်း အလွန်တုန်လှုပ်သွားပြီး ဖေဖေ့ကို နည်းနည်းပြန်ဂရုစိုက်မှ ဖြစ်မယ်ဆိုပြီး မေမေ့ကို အစောင့်နဲ့ထားဖို့ စီစဉ်ပါတယ်။ ဒီအကျိုးအကြောင်း မေမေ့ကို ပြောပြတော့ မေမေက အထက်ပါအတိုင်း ကျမကို တောင်းပန်ပါတယ်။


 ကျမက အဲဒီအချိန်မှာ ကိုကျော်ဇောဉီးရဲ့ ဇနီးကို သူ့ဆွေနီးမျိုးစပ် ကလေးမလေးတယောက် (ဗမာလိုရော၊ တရုတ်လိုရော ပြောတတ်တဲ့)ကို ခေါ်လာ ခိုင်းထားပြီးပါပြီ။ အဲဒီကလေးမလေးကို မေမေ့ကို စောင့်ခိုင်းပြီး ကျမက အိမ်မှာ ဖေဖေ့ကို ပြုစုရပါတယ်။ ကျမက ဖေဖေ နေ့လည်နေခင်း အိပ်ချိန်မှာသာ ဆေးရုံပြေးကြည့်ရပါတယ်။ တခါတလေ မေမေ အဖျားတက်ရင် ပြင်းထန်ရင်တော့ တနေ့ ၂ ခေါက် ဆေးရုံပြေးရပါတယ်။ တူမလေး ကျောင်းပိတ်ရက်များမှာတော့ အချိန်နည်းနည်းကြာကြာ ဆေးရုံမှာ နေနိုင်ပါတယ်။


 မေမေက သူတောင်းပန်တာကို မလိုက်လျောခဲ့တဲ့အပေါ် အတော်စိတ်ထိခိုက်၊ စိတ်ခုသွားပုံရပါတယ်။ ကျမကိုရော တပတ် တစ်ကြိမ်၊ နှစ်ကြိမ်လိုက်ပြီး သူ့ကို ကြည့်တတ်တဲ့ ဖေဖေ့ကိုရော ဘာစကားမှ မပြောတော့ပါဘူး။ တခါတရံ ကျမတို့ကို မျက်လုံးစိမ်းစိမ်းကြီးနဲ့ ကြည့်နေတတ်ပါတယ်။ အဲဒီမျက်လုံးစိမ်းစိမ်းကြီးကို ကျမ မကြည့်ရဲပါဘူး။ “မေမေ့ကို ပစ်ထားရက်ကြတယ်နော်”လို့ ရန်တွေ့ နေသလိုပါပဲ။ တခါတရံလည်း ကျမကို ကျောပေး ပြီး မျက်ရည်တွေတွေ ကျနေတတ်ပါတယ်။ အထူးသဖြင့် ကျမတို့ ဆေးရုံ က ပြန်မယ်လို့ ပြင်ဆင်ချိန်များမှာ ဖြစ်ပါတယ်။
ကျမမှာလည်း ဖအေကြီးပြုစုဖို့ ဝတ္တရားရှိနေလို့သာ အိမ်ပြန်လာခဲ့ရတယ်။ တခါတလေ တလမ်းလုံး ငိုပြန်ခဲ့ရတာပါ။ စိတ်ထဲကလည်း မေမေ့ကို အကြီးအကျယ်တောင်းပန်နေမိပါတယ်။


 မေမေဆုံးပြီး ဖေဖေက ၁၃ နှစ် နီးပါး၊ အတိအကျပြောရရင် ၁၂ နှစ် ၁၀ လ ၆ ရက်ကြာမှ ဆုံးပါတယ်။ တကယ်လို့များ မေမေက အိပ်ရာပေါ်လဲသွားတာ ၁ နှစ်နီးပါးလောက်ပဲကြာမယ်။ ဖေဖေကလည်း မေမေဆုံးပြီး အကြာကြီးနေနိုင်ဉီးမယ် ဆိုတာကိုများ ကျမ သိခဲ့ရင် မေမေကို ဒီလိုတစိမ်းတရံစာနဲ့ ပစ်မထားပါဘူး။ ဒါကြောင့်ပဲ ကျမမှာ နောင်တရ မဆုံးဖြစ်နေပြီး မေမေကိုလည်း ဒီလိုတောင်းပန်စကားတွေ အကြိမ်ကြိမ် ပြောမိနေပါတော့တယ်။

 “မေမေရယ် ... မေမေကို အစောင့်နဲ့ ပစ်ထားခဲ့ရပေမယ့် မေမေအင်မတန်ချစ်တဲ့ ဖေဖေ့ကို မေမေဆုံးပြီး တောက်လျှောက် တဖဝါးမခွာ ပြုစု စောင့်ရှောက်ပေးခဲ့ပါတယ်။ မေမေ့ကိုယ်စား တာဝန်ယူခဲ့ပါတယ်။ မေမေ့အပေါ် တာဝန်မကျေပေမယ့် ဖေဖေ့အပေါ် တာဝန်ကျေပါတယ်။ မေမေ ဒါကို ကျေနပ်ပါတော့၊ ခွင့်လွှတ်ပါတော့”

  မေမေအဲဒီနောက်ဆုံးအခေါက် ဆေးရုံတက်နေစဉ်မှာပဲ သြစတြေးလျရောက်နေတဲ့ ကျမညီမ စန်းနဲ့ သူ့သမီးကြီးတို့ ၂ယောက် ကူမင်းကို ရောက်လာပါတယ်။ သူတို့ဗီဇာရတဲ့ ၂ ပတ်လုံး ဘယ်မှ မသွားဘဲ ဆေးရုံနဲ့အိမ် ကူးချည်သန်းချည်လုပ်ပါတယ်။ တနေ့တော့ စန်းက “မမလှရယ် တို့တတွေကလည်း ဖေဖေမှ ဖေဖေ၊ ဖေဖေ ဘာကြိုက်တတ်တယ်၊ ဖေဖေ့အတွက်ဘာ၊ ဖေဖေ့အ တွက်ညာနဲ့ မေမေကြီးကို ဘယ်တော့မှ ဉီးစားပေး မစဉ်းစားမိခဲ့ကြဖူး။ အခု ပြန်စဉ်းစားတော့ မေမေ့ကို သနားလိုက်တာ”လို့ ပြောပြီး ငိုပါတယ်။ သူလည်း နောင်တရတဲ့သူတွေထဲ တစ်ဉီးအပါပါပဲ။
သြော် .. ဒါကြောင့်ပဲ နောင်မှ တရလို့ နောင်တလို့ ခေါ်တာနေမှာ။

လှကျော်ဇော၊
မှတ်ချက် ၊၁၊ အလွမ်းစာပန်းခြင်းကလေး၊ (နေရီရီစာအုပ်တိုက်၊) မှ၊
၂ ၊၁၀-၁၀-၂၀၁၆၊ ဖေဖေကွယ်လွန်တာ (၄)နှစ်မြောက်- အထိမ်းအမှတ်အဖြစ် တင်ပါတယ်၊

ဇာနီကြီး - ဂျပန် ဘာကြောင့် အောင်မြင်တာလဲ (မောင်ထွန်းသူ)နဲ့ အိုင်ကီကီတာမြန်မာ

$
0
0

ဇာနီကြီး - ဂျပန် ဘာကြောင့် အောင်မြင်တာလဲ (မောင်ထွန်းသူ)နဲ့ အိုင်ကီကီတာမြန်မာ
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆


နိဒါန်း

ပုသိမ်မြို့က လူငယ် ကျောင်းအုပ်ဆရာမ တဦးနဲ့ ဆွေးနွေးခွင့်ရတော့ ""မြန်မာပြည် လက်ရှိပညာရေး (၂၀၁၆) ကတော့ ဂျပန်နိုင်ငံကို ကော်ပီလုပ်ထားတယ်"လို့ သူ့အမြင်ပြောသွားပါတယ်။ အသက်၃၀ အရွယ် ဖခင် ကွန်မြူနစ်တဦးရဲ့ စာအုပ်စင်နဲ့ကြီးပြင်းလာခဲ့သူ ၊ ပညာရေးတက္ကသိုလ်ဘွဲ့ရ ငယ်ရွယ်သူ ကျောင်းအုပ်ဆရာမပါ။ ယိုယွင်းပျက်စီးနေတဲ့ ကျောင်းတကျောင်းရဲ့ ကျောင်းအုပ်ဆရာမ တာဝန်ယူထားသူပါ။ ပညာရေးဟာ လူတစ်ဦး မိသားစုတစ်ခု မက တိုင်းပြည်တခုကိုပါ အမြစ်က လှန်ပြောင်းလဲစေတဲ့ အရာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက လူမည်းအနိုမ်ခံဘဝကနေ လွတ်မြောက်အောင်မြင်လာသူများရဲ့ တခုတည်းသောနည်းလမ်းက ပညာရေး ဖြစ်ပါတယ်။ ဒါကို အမေရိကန်က သမ္မတအိုဘားမား၊ နိုင်ငံခြားအမျိုးသမီးဝန်ကြီး မစ္စရိုက်စ်၊ လူ့အခွင့်ရေးကြိုးပမ်းသူ မာတင်လူသာကင်း စတဲ့ခေါင်းဆောင်တွေက သက်သေပြခဲ့ပြီးပါပြီ။ မြန်မာပြည် ပညာရေး ပြုပြင်ပြောင်းလဲရေး အမြန်ဆုံးအောင်မြင်ဖို့ ဒီစာအုပ် ဖတ်ရှုသူများအတွက် အသိတခုရရှိမှာပါ။

(၁)
ဂျပန်စီးပွားပညာရှင်တဦး မီချီဘို မိုနီရှီးမား Micho Morishima ကိန်းဘရစ်ဟောပြောပွဲများမှာ ပြောခဲ့တာတွေကို WHY HAS JAPAN SUCCEED စာအုပ်ထုတ်ခဲ့ပါတယ်။ မူစာအုပ်ကို မောင်ထိုက်ကြီးက ဘာသာပြန်ဖို့ မောင်ထွန်းသူ ထံ ချဉ်းကပ်ပါတယ်။ ၁၉၉၅ ကနေ ၁၉၉၉ အထိ စီစဉ်ပြီး ၂၀၀၀ ခုနှစ်မှာ မြန်မာဘာသာနဲ့ စာအုပ်ထွက်လာပါတယ်။ စာမျက်နှာ ၂၉၃ ရှိပါတယ်။ မူရင်းစာအုပ်ကတော့ ဂျပန်တွေရဲ့ နှစ် ၅၀၀၀ ရှည်တဲ့ သမိုင်းကြောင်းများစွာ ရေးသားထားလို့ မြန်မာများအတွက် သင့်လျှော်အောင် သမိုင်းအဖြစ်ပျက်တွေကိုဖြတ်ညှပ်ဘာသာပြန်တယ်လို့ အမှာစာ ရေးထားပါတယ်။

ယခင်က ဒီစာအုပ်ကို ဖတ်ရှုဖူးပြီး အားကျရုံ သက်သက်ပါ။ ယခု ၂၀၁၆ ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်စတင်ချိန်မှာ ဖတ်ရှုရခြင်းက ပိုပြီးလက်တွေ့ဆန်လာပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံကြီးကို စိုးရိမ်ကြီးစွာ နေခဲ့ရတဲ့ ဂျပန်လူမျိုးများအကြောင်း အမှာစာ (၁၉မျက်နှာ)၊ နိဒါန်း (၂၀မျက်နှာ)၊ တိုင်ကာပြုပြင်ပြောင်းလဲရေးသမိုင်း (၅၂မျက်နှာ)၊ ၁၈၆၇ - မေဂျီပြုပြင်ပြောင်းလဲရေးသမိုင်း၊ ဒုတိယကမ္ဘာစစ်ရှုံးသည်အထိ (၂၄မျက်နှာ)၊ ဂျပန်အင်ပါယာ - ၁ (၅၂မျက်နှာ)၊ ဂျပန်အင်ပါယာ -၂ (၅၅မျက်နှာ)၊ ဒုတိယကမ္ဘာစစ်ရှုံးပြီး ဆန်ဖရန်စစ္စကိုအုပ်ချုပ်ရေး (၅၀ မျက်နှာ)၊ နိဂုံး (၃မျက်နှာ) ရသဆန်ဆန် ပေါ့ပေါ့ပါးပါး ဖတ်ရှုရမှာ ဖြစ်ပါတယ်။ သမိုင်းကြောင်း နားလည်ဖို့ စာအုပ်ရဲ့ ၈၀% လောက် ဂျပန်သမိုင်းကို အခန်း ၄ ခန်း တွေ့ရပါတယ်။

(၂)
၇၇နှစ် ကြာတဲ့ မေဂျီပြုပြင်ပြောင်းလဲရေးခေတ်မှာ ဂျပန်နိုင်ငံဟာ အနောက်နိုင်ငံကြီးများရဲ့ စစ်တပ်၊ ရေတပ်နဲ့ စီးပွားရေး အင်အားကြီးများကို ကြံ့ကြံ့ခံ ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ကမ္ဘာ့ ထိပ်တန်း စစ်ရေး၊ စီးပွားရေး နိုင်ငံကြီးဖြစ်ခဲ့ပါတယ်။ ကိုးရီးယား၊ တရုတ် နယ်မြေများကို ကိုလိုနီအဖြစ် သိမ်းပိုက်ရင်း မေဂျီခေတ် နောက်ဆုံးကာလ ဒုတိယကမ္ဘာစစ် အမေရိကန်ကို စစ်ကြေငြာ တိုက်ခိုက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ အနုမြူဗုံးဒဏ်၊ ဗုံးဒဏ်ကြောင့် ဂျပန်လူမျိုး သန်းပေါင်းများစွာ သေဆုံး၊ မြို့ကြီးများ ပြာကျသွားတဲ့နောက် ဂျပန်စစ်အာဏာရှင်စနစ် ကျဆုံးသွားရပါတယ်။ သမိုင်း နှစ် ငါးထောင်လောက် လွတ်လပ်တဲ့နိုင်ငံဘဝကနေ အမေရိကန်ခေါင်းဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ခြင်း ခံလိုက်ရပါတယ်။

မြန်မာပြည်လဲ ဗြိတိသျှအင်ပါယာအောက်မှာ အာရှအချမ်းသာတဲ့ နိုင်ငံတခုအဖြစ် တိုးတက်ကြီးပွားခဲ့ပေမဲ့ စစ်အာဏာရှင် ၅၅နှစ် အုပ်ချုပ်ခံရပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်သွားပါတယ်။ စစ်အာဏာရှင်များက အာဏာလွှဲအပ်ပေးတဲ့ ၂၀၁၆ ရွေးကောက်ပွဲပြီးချိန် အစိုးရသစ်ပေါ်လာပါတယ်။

၇၇ နှစ် မေဂျီခေတ်က အလွန် အောင်မြင်ပေမဲ့ နောက်ဆုံး ၁၅ နှစ်ကာလဟာ စစ်ဝါဒီများ ကြီးစိုးသွားပြီး နောက်ဆုံးမှာ ဂျပန်စစ်ဝါဒီ ကျဆုံးပြီး အမေရိကန်ရဲ့စစ်ရေး အကွယ်အကာအောက်မှာ ဂျပန်နိုင်ငံသားများ နေထိုင်ရတဲ့အခြေအနေ ရောက်သွားရပါတယ်။ ဂျပန်မှာလဲ မေဂျီခေတ်ကတည်းက အစိုးရပိုင်စီးပွားရေး မထားတော့ပဲ အားလုံး ပုဂ္ဂလိကစီးပွားရေးပါ။ အစိုးရပိုင်လုပ်ငန်းဆို ဂျပန်လူမျိုးလဲ လူဆိုတော့ ခြစားတာပဲလေ။

ဂျပန် စစ်အာဏာရှင်များ ကျဆုံးသွားပြီးတဲ့နောက် အမေရိကန်စစ်ဗိုလ်ချုပ်ကြီး မက်အာသာ ခေါင်းဆောင်တဲ့ တပ်ပေါင်းစုကြီးနဲ့ ဂျပန်လူမျိုး အစိုးရအဖွဲ့တို့ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ကြပါတယ်။

(၃)
အိုင်ကီကီတာ Ikki Kita (1883 - 1937) ဆိုတဲ့ စာရေးဆရာတဦး ဂျပန်စစ်ဝါဒီများ ကြီးစိုးနေတဲ့အချိန် ၁၉၁၉ ခုနှစ်မှာ စာအုပ်တအုပ်ထုတ်ဝေခဲ့ပါတယ်။ Outline plan for the Reconstruction of Japan စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ရှုနှစ်ခြိုက်တဲ့ ဂျပန်တပ်မတော်က လူငယ်စစ်ဗိုလ် ၁၂ဦး နဲ့ စစ်သားပေါင်း ၁၄၀၀ နဲ့ ဝန်ကြီးချုပ်ရုံး၊ ဘုရင့်အိမ်တော်၊ မြို့တော်ရဲဌာနချုပ် တွေကို သိမ်းပိုက်ခဲ့ပါတယ်။ 26 February Incident 1936 လို့ အမည်တွင်တဲ့ အာဏာသိမ်းပွဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘုရင်မင်းမြတ်မှတပါး အစိုးရအကြီးကဲများနဲ့ စစ်ဝါဒီ ဒုစရိုက်သမားများကို ဖယ်ရှားရေး ဖြစ်ပါတယ်။ အစိုးရခေါင်းဆောင်ကြီး (၃)ဦး ဘဏ္ဍာရေးဝန်ကြီး၊ ပရီဗီတံဆိပ်တော်ထိန်း နဲ့ ဗိုလ်ချုပ်ကြီးတဦး အသတ်ခံရသေဆုံးပြီး၊ တိုက်ပွဲများနဲ့ ညှိနှိုင်းမှုများ ၃ ရက်အကြာမှာ သူပုန်စစ်ဗိုလ်များ မိမိကိုယ်ကိုအဆုံးစီရင်ပြီး လက်နက်ချ အဆုံးသတ်သွားပါတယ်။

လက်နက်ချတဲ့ အရာရှိနဲ့စစ်သား ၁၄၈၃ ဦး စလုံး ခုံရုံးတင်စစ်ဆေးပြီး၊ ၁၂၄ဦး ကို အပြစ်ဒဏ်များ ချမှတ်ခဲ့ပါတယ်။ ၁၉ ဦး ကို သေဒဏ်နဲ့ ကွပ်မျက်ခဲ့ရာမှာ စာရေးဆရာ ကီတာ အပါအဝင်ဖြစ်ပါတယ်။ ကီတာ ကို ၁၉၃၇ သြဂုတ်လ (၁၉)ရက်နေ့မှာ ကွပ်မျက်ခဲ့ပါတယ်။ ကီတာကို နောက်ဆုံးစကားပြောခွင့်ရတဲ့ သူ့ညီ ပြန်ပြောတာကတော့ "ဒီ ပုန်ကန်မှုမှာ ငါလုံးဝ မပါခဲ့ဘူး၊ ငါရေးထားတဲ့ စာတွေကို ကြိုက်တဲ့လူတွေက ထပြီး ပုန်ကန်တာမို့ ငါ့ကို အထင်ခံရတာ "လို့ ပြောသွားခဲ့ပါတယ်။

ဂျပန်စစ်တပ်က သဘောထားပျော့တဲ့ စစ်ဗိုလ်ချုပ်များ ဖယ်ရှားခံခဲ့ရပါတယ်။ စစ်ဝါဒီများ ပိုမိုအားကောင်းလာပြီး ဒုတိယကမ္ဘာစစ် အာရှတိုက်မှာ ပြင်းထန်စွာဖြစ်ခဲ့ပါတယ်။ ကိုးရီးယား၊ တိုင်ဝမ်၊ တရုပ်ပြည်နဲ့ အရှေ့တောင်အာရှ မြန်မာ၊ မလေးရှား၊ စင်ကာပူ နိုင်ငံများ ဒုတိယကမ္ဘာစစ်ဒဏ် အလူးအလဲခံခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ် ဂျပန်စစ်ရှုံးပြီး အမေရိကန် မဟာမိတ်တပ်များ အုပ်ချုပ်ရေး ပြီးဆုံးတဲ့ ၁၉၅၂ ခုနှစ်မှာ 26 February မှာ ကျဆုံးသွားတဲ့ ၂၂ ဦးရဲ့ ပြာအိုးများကို ဆာမူရိုင်း ၂၂ ဦးအုတ်ဂူ အဖြစ် အထိမ်းအမှတ်ပြုလုပ်ထားပါတယ်။

(၄)
ဆန်ဖရန်စစ္စကိုအုပ်ချုပ်ရေး ... ၁၉၄၅ ခုနှစ်မှာ ဂျပန်စစ်အာဏာရှင်များ လက်နက်ချ အရှုံးပေးတော့ အမေရိကန်စစ်တပ်ကြီး ဂျပန်နိုင်ငံကို ဝင်ရောက်တပ်စွဲလိုက်ပါတယ်။ ဂျပန်စစ်တပ်ကြီးလဲ လက်နက်ဖြုတ်သိမ်းလိုက်ပြီး  ဂျပန်စစ်ခေါင်းဆောင်ကြီးများကို ခုံရုံးတင် သေဒဏ်နဲ့ ပြစ်ဒဏ်ကြီးများ ပေးပါတယ်။ ဂျပန်နိုင်ငံမြို့ကြီးများလဲ ဗုံးဒဏ်များကြောင့် ပြာပုံဘဝ ရောက်နေချိန်၊ ထိတ်လန့်နေတဲ့ ဂျပန်လူထုကြီးအဖို့ ဝင်ရောက်လာတဲ့ အမေရိကန်စစ်တပ်ကြီးဟာ အလွန်စိုးရိမ်စရာဖြစ်ပါတယ်။ မိမိတို့ ဂျပန်စစ်တပ်ကြီးလို ကြမ်းတမ်းရိုင်းစိုင်း ညှင်ပမ်းနှိပ်စက်မှုများ လုပ်လေမလား ဆိုတဲ့ စိုးရိမ်ကြပါတယ်။ လက်တွေ့ကြုံပြီး စည်းကမ်းရှိတဲ့ အမေရိကန်စစ်တပ် အကြောင်းသိရှိ ယုံကြည်လာပါတယ်။ ဗိုလ်ချုပ်ကြီး မက်အာသာက အခြေခံအဓိက (၅)ချက်ကို ကြေငြာပြီး ဒီမိုကရေစီစနစ်သစ်တခု ကိုတည်ထောင်ဖို့ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကို စေလွှတ်လိုက်တဲ့ မဟာမိတ်တပ်များဟာ ကိုယ်ကျင့်တရား မြင့်မားပြီး တင်းကြပ်တဲ့ စည်းကမ်းများအတိုင်း တိကျစွာနေထိုင်တဲ့ တပ်များ ဖြစ်ပါတယ်။ စစ်သားများနဲ့ ဂျပန်လူမျိုးများအကြား ပြသနာမပေါ်ပဲ ဆက်ဆံကြတဲ့အတွက် စံပြအုပ်စိုးမှု လို့ အသိအမှတ်ပြုရပါတယ်။

ဂျပန်နိုင်ငံကို နောက်တခါ စစ်အင်အားကြီးဖြစ်မလာဖို့ မဟာမိတ်တပ်ပေါင်းစုက ရည်ရွယ်တဲ့အတွက် ဂျပန်စစ်တပ်ကို လုံးဝဖျက်သိမ်းပါတယ်။ စစ်လက်နက်စက်ရုံများကို ကုန်ထုတ်လုပ်ငန်းများအဖြစ် ပြောင်းလဲ လိုက်ပါတယ်။ ဒါပေမဲ့ ၁၉၅၀ ကိုရီးယားစစ်ပွဲမှာ အမေရိကန်နဲ့တရုတ် စစ်ပွဲကြီးဆင်နွဲ ရတဲ့အခါ အမေရိကန်ရဲ့ ပေါ်လစီပြောင်းလဲသွားပါတယ်။ အင်အားကြီးလာတဲ့ ရုရှားနဲ့တရုတ်နိုင်ငံတို့ရဲ့ ကွန်မြူနစ်အန္တရယ် ကာကွယ်ဖို့ ဂျပန်နိုင်ငံကို ပျိုးထောင်ပေးတဲ့ ပေါ်လစီ ဖြစ်သွားပါတယ်။

(၅)
လယ်ယာမြေပြုပြင်ပြောင်းလဲမှု
ပြန်လည်တည်ဆောက်တဲ့ ဂျပန်နိုင်ငံသစ် New Japan ဟာ ကီတာရဲ့ စာအုပ်အတိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ကီတာရဲ့ စာအုပ်မှာ လယ်ယာမြေပြုပြင်ပြောင်းလဲရေး Land Transform ပါဝင်ပါတယ်။ ကီတာက ဂျပန်လယ်သမားများ ပိုင်ဆိုင်တဲ့ လယ်ယာမြေများ မြေငှားဘဝ ရောက်ခဲ့ပြီး၊ အနည်းငယ်မျှသာရှိတဲ့ မြေပိုင်ရှင်များက လယ်မြေအမြောက်အများ ပိုင်ဆိုင်ကြတာ သတိပြုမိပါတယ်။ ဘုရင်ပိုင်တဲ့ လယ်မြေများကို ပြည်သူတရပ်လုံးကို လွှဲပေးရမယ်လို့ ကီတာ က ဆိုပါတယ်။ ကီတာ ရဲ့ လယ်ယာမြေ ပြုပြင်ရေး အယူအဆများကို မဟာမိတ်တပ်များ ဌာနချုပ်ရဲ့ လမ်းညွန်မှုနဲ့ အကောင်ထည်ဖေါ်ပါတယ်။ ၁၉၄၇ လယ်ယာမြေ ဥပဒေအရ ယခင် လယ်သမားများ လယ်မြေပိုင်ဆိုင်မှု ၂၆.၅ ရာနှုန်း ကနေ ၅၇.၁ ရာနှုန်း တက်လာခဲ့ပါတယ်။ လယ်ငှားလုပ်ရတဲ့ လယ်သမားများဟာ ၂၆.၆ ရာနှုန်းကနေ ၇.၉ ရာနှုန်းကို ကျဆင်းသွားပါတယ်။ လယ်လုပ်သူများ စားဝတ်နေရေး ဖူလုံ အဆင်ပြေပြီးမှ သူတို့ရဲ့ မျိုးဆက်များ စက်မှုကုန်ထုတ်လုပ်ငန်းကို ချောမွေ့စွာ ပြောင်းလဲခြင်းနဲ့ ဆင်းရဲချမ်းသာ ကွာခြားမှု လျော့နည်းလာပါတယ်။

ဘာကြောင့် ကီတာ လယ်ယာမြေပြုပြင်ရသလဲ၊ မေဂျီခေတ်ကတည်းက လယ်ယာမြေပြုပြင်ပြောင်းလဲလို့ စက်မှုလုပ်ငန်းတွေပါ တိုးတက်လာတာပဲ ..ပြောစရာရှိပါတယ်။ စစ်ဝါဒီ စနစ်ကြီးစိုးလာချိန်မှာ တဖြေးဖြေးနဲ့ လယ်လုပ်သူများရဲ့ လယ်မြေ တဖန် ဆုံးရှုံးသွားပြန်လို့ ဖြစ်ပါတယ်။

လယ်ယာမြေပြုပြင်ပြောင်းလဲခြင်းက အလွန်အရေးကြီးပါတယ်။ နိုင်ငံတခု ဂျီဒီပီ မြင့်မားနေပေမဲ့ ဆင်းရဲချမ်းသာကွားခြားမှု နည်းပါးမှ ဖွံ့ဖြိုးတိုးတက်တာပါ။ ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုးရီးယား တို့ဟာ လယ်မြေပြုပြင်ပြောင်းလဲခြင်းကို အောင်မြင်စွာလုပ်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်သွားပါတယ်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ကတော့ မလုပ်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံလည်း လယ်မြေပြသနာ အလွန်များပြားနေလို့ ပြုပြင်ရေး အမြန်ဆုံး လုပ်ရပါမယ်။

(၆)
ပညာရေးပြုပြင်ပြောင်းလဲမှုများ
မေဂျီခေတ်ကတည်းက ဂျပန်ပညာရေးစနစ်က ကမ္ဘာမှာ အကောင်းဆုံးတခု ဖြစ်ပါတယ်။ အနောက်တိုင်းက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံများကို ပိုက်စိတ်တိုက်လေ့လာပြီး ပညာယူခဲ့ပါတယ်။ ရေတပ်ဝန်ကြီးဌာနမှာ ဗြိတိသျှ ၈၇ယောက်၊ အမေရိကန်တယောက်၊ ဒပ်ခ်ျ ၂ယောက်၊ ပေါ်တူဂီ ၁ယောက်၊ ကြည်းတပ်မှာ ပြင်သစ် ၄၆ ယောက်၊ ဗြိတိသျှ ၁၆ ယောက်၊ အီတလီ ၃ယောက်၊ မီးရထားဘုတ်နဲ့ကြေးနန်းဌာနမှာ ဗြိတိသျှ ၅၆ယောက်၊ ဆောက်လုပ်ရေး ဘုတ်အဖွဲ့မှာ ဒပ်ခ်ျ ၆ယောက်၊ ဆေးကောလိပ်မှာ ဂျာမန် ၆ယောက်၊ တိုကျိုအင်ပီရီယယ် တက္ကသိုလ်မှာ ဗြိတိသျှ ၅ယောက်၊ တရုတ် ၁ယောက် တို့ဖြစ်ပါတယ်။ မေဂျီအစိုးရဟာ ဂျပန်တက္ကသိုလ်ကျောင်းသား အမြောက်အများကို အနောက်နိုင်ငံများနဲ့ အမေရိကန်နိုင်ငံကို ပညာသင်စေလွှတ်ခဲ့ပါတယ်။

ဂျပန်ပညာရေး မေဂျီခေတ်ကတည်းက အလွန်မြင့်မားခဲ့ကြောင်း ထင်ရှားပါတယ်။ ဂျပန်နိုင်ငံ စစ်အပြီး စီးပွားရေးကမ္ဘာ့ထိပ်တန်း နှစ်တိုတိုအတွင်း ရောက်ရှိသွားသည်မှာ နဂိုကတည်းက ပညာရေးကောင်းခဲ့တဲ့အတွက် ၁၉၄၅ - ၁၉၅၅ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဟာ တိုတောင်းလှတဲ့ အချိန်အတွင်း ကမ္ဘာထိပ်တန်းအဆင့် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

စက်မှုပြုပြင်ပြောင်းလဲခြင်းများ ... အမေရိကန်မဟာမိတ် တပ်ပေါင်းစုနဲ့ ဂျပန်အစိုးရ စီးပွားရေးပြောင်းလဲမှုများကို စာအုပ်မှာ အကျယ်ဖတ်ရှုနိုင်ပါတယ်။ အထူးသဖြင့် အခြေခံလူတန်းစား လူတော်လူကောင်းများစွာကို တက္ကသိုလ်ပညာတတ်များ ဖြစ်အောင်လုပ်ပေးတဲ့ စနစ်၊ အင်ဂျင်နီယာများစွာ ပေါ်ပေါက်လာခြင်း နဲ့ သင်္ဘော၊ လူသုံးကုန်၊ ကုန်ထုတ်လုပ်ငန်း၊ ၁၉၆၀ နောက်ပိုင်း တဟုန်ထိုး တိုးတက်သွားပါတယ်။

နိဂုံး
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး
ဂျပန်နိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံ နောက်ဆုံး တရုတ်နိုင်ငံအထိ အောင်မြင်စွာပြုပြင်ပြောင်းလဲခြင်းမှာ ပညာရေးက အဓိကအချက်ပါ။ လူငယ်ပညာရေး အတွက် လူကြီး ဆရာ၊ ဆရာမတွေ ပညာရှာတတ်ဖို့လိုပါတယ်။ လစာနဲ့လောက်ငှစွာ စားနိုင်ဖို့၊ နေစရာအိမ်ခန်း၊ ကျန်းမာရေးအထောက်ပံ့ တွေလည်း မကြာခင် အဆင်ပြေလာမှာဖြစ်ပါတယ်။ ဆရာ၊ ဆရာမများကိုယ်တိုင် လေ့လာဖတ်ရှု ကြိုးစားဖို့အတွက် ဒီစာအုပ်မျိုးက နိုင်ငံအကျိုးပြု ရသ၊ သုတ စာပေဖြစ်ပါတယ်။

ဂျပန်စနစ်တွေ အတိုင်း လုပ်ဖို့ကတော့ မြန်မာလူမျိုးများအတွက် မသင့်လှပါ။ ဂျပန်စနစ်ကို မြန်မာ့သမိုင်းနဲ့အညီ မြန်မာမှုပြု  အသုံးချရမှာ ဖြစ်ပါတယ်။ ဂျပန်စနစ်ဆိုရင် တကမ္ဘာလုံးက အားကျ၊ လေးစား၊ အတုယူဖို့ စံနမူနာထားကြပါတယ်။ ဒီစာအုပ်ကလည်း ဂျပန်တွေ သူတို့သမိုင်း၊ ခံယူချက်၊ ယဉ်ကျေးမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းများအကြောင်း ဖြစ်ပါတယ်။

အဂတိဆိုတာ နိုင်ငံအတွက် မကောင်းတဲ့ စရိုက်ပါ။ လက်ဆောင်ပေးတဲ့ စရိုက်က မြန်မာနဲ့အရှေ့တိုင်း ဂျပန်၊ ကိုးရီးယား၊ တရုတ်တွေမှာ ရှိပါတယ်။ ဒါပေမဲ့ လာဘ်နဲ့လက်ဆောင် ခွဲခြားတတ်ဖို့ အရေးယူဖို့ ဘယ်လိုလုပ်မလဲ ဆိုတာမျိုးပါ။ မြန်မာ့သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း က သမိုင်းသင်တာ "မအ"အောင်လို့ ပြောခဲ့ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ ပညာရေးနဲ့ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှု အခြေခံပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ပညာရေးဘတ်ဂျတ်ကို များစွာမြှင့်ပေးရုံမက ဘတ်ဂျတ်ငွေကို အဂတိနည်းပါးစွာ အသုံးပြုနိုင်ဖို့ ကြိုးစားနေကြပါတယ်။

စစ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာတပ်မတော် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေရာမှာ မြန်မာ့တပ်မတော်ကြီး ကိုယ်ကျင့်တရား မြင့်မားပြီး တင်းကြပ်တဲ့ စည်းကမ်းများအတိုင်း တိကျစွာနေထိုင်တဲ့ တပ်မတော်သားများ ဖြစ်လာပြီး တပ်နဲ့ပြည်သူအကြား စံပြအုပ်စိုးမှု ဖြစ်လာ(သင့်)ပါပြီ။ မြန်မာ့တပ်မတော်က နိုင်ငံအရေးအတွက် အလျှော့ပေးမှ လက်နက်ကိုင်တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေးလမ်းစ ပွင့်လာတာ လက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အထွေထွေအုပ်ချုပ်ရေးဌာနက ကာချုပ်လက်အောက်ခံ အုပ်ချုပ်နေတယ်ဆိုတာ အမှန်ပါ။ ညွန်ချုပ်၊ ညွန်မှုး၊ ပြည်နယ်တိုင်း၊ ခရိုင်၊ တချို့မြို့နယ်အထိတောင် စစ်ဗိုလ် သို့မဟုတ် အငြိမ်းစားဗိုလ်များ ဖြစ်နေပါတယ်။ ဒါကြောင့် တယ်မတော်သား သူတို့လည်း ဒီစာအုပ်ဖတ်ရှုသင့်ပါတယ်။

ဒီလို စာအုပ်မျိုးက မြန်မာပညာရေးရဲ့ ကမ္ဘာ့သမိုင်းပြဌာန်းစာအုပ်အဖြစ် အသုံးမပြုရင်တောင်၊ ကျောင်းဆရာ၊ ဆရာမ များကို ပညာရေးဝန်ကြီးဌာနက အခမဲ့ဝေငှ သင့်လှပါတယ်။ မြန်မာများရဲ့ နှလုံးသားကို ရိုက်ခတ်စေတဲ့ စာအုပ်ဖြစ်ပြီး .. ပြုပြင်ပြောင်းလဲလိုသူတိုင်း ဖတ်ရှု လေ့လာသင့်တဲ့ စာအုပ်ကောင်းတခု ဖြစ်ပါတယ်။

ဇာနီကြီး
၁၀-အောက်တိုဘာ-၂၀၁၆

မောင်စွမ်းရည် - ဦးသော်ကောင်း

$
0
0

မောင်စွမ်းရည် - ဦးသော်ကောင်း
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆
ရန်ကုန်တက္ကသိုလ်၊ ဗဟိုစာကြည့်တိုက်ကိုသွားရင်း စိမ်းစိုမြူးလွင့်နေတဲ့ သော်ကပင်ကလေးတွေ ၀န်းရံနေတာကို မြင်ရတယ်။ သော်ကပင်ကလေးတွေကို မြင်ရရင် "သော်ကောင်း"ကို ပိုလို့ သတိရစရာ ဖြစ်ရပ့ါတယ်။ "သော်ကောင်း"ဆိုတဲ့ နာမည်ကြားရင် ကျွန်တော့်ရင်ထဲမှာ လေးစားချစ်ခင်မှု လှိုင်းဂယက်တွေ ထတတ်ပါတယ်။

"သော်ကောင်း"၊ "စာကြည့်တိုက်"၊ "စာအုပ်စာပေ"ဆိုတဲ့ စကားလုံးတွေဟာ နိမိတ်ပုံတွေ ရောယှက် နေတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ စာကြည့်တိုက်တို့ ၊ စာအုပ်စာပေတို့ ဆိုတာ အသိပညာအလိမ္မာ တရားတို့ရဲ့ စုဝေးရာဖြစ်ပါတယ်။ သက်ရှိသတ္တ၀ါတွေအတွင်း လူနဲ့ တိရစ္ဆာန်တို့ရဲ့ အဓိက ခြားနားချက်ဟာ "စာအုပ်စာပေ"ပဲ ဖြစ်တယ်လို့ စဉ်းစားမိဖူးပါတယ်။ အသိပညာ အလိမ္မာတရားတွေကို စုဆောင်းသိုမှီးရာ၊ ဖြန့်ချိ ဝေငှရာဌာနဟာ ဟာကြည့်တိုက်ဖြစ်ပြီး ဖြန့်ချိဝေငှသူဟာ စာကြည့်တိုက်မှူးပါ။ စာကြည့်တိုက်မှူးလို့ဆိုလိုက်ရင် ဗမာစာပေလောကမှာ ဆရာကေခေါ်တဲ့ ဆရာဦးခင်ဇော်၊ ဆရာဇော်ဂျီ၊ ဆရာတိုက်စိုး၊ ဆရာထင်ကြီး၊ ဆရာသော်ကောင်းတို့ကို တန်းစီပြီး ထင်လာမြင်လာရမြဲဖြစ်ပါတယ်။ သူတို့ခေတ် သူတို့ဘ၀မှာ စာကြည့်တိုက် မှူးလို ရာထူးထက်ကြီးမြင့်တဲ့ ဂုဏ်ထူးတွေ၊ ဘွဲ့ထူးတွေ၊ ရာထူးဌာနန္တရတွေ ရနိုင်ပါလျက်နဲ့ စာကြည့်တိုက်မှူးရဲ့ အလုပ်ကို ရွေးချယ်ခဲ့ကြတာဟာ တိုင်းပြည်အပေါ် စေတနာထားလွန်းလို့ပါ-ဆိုတာ တွေးကြည့်ရင် နားလည် သဘောပေါက်နိုင်တဲ့အပြင် ရင်းနှီးနီးစပ်သူများကလည်း သူတို့ရဲ့ ဘ၀ရွေးချယ်မှုကို ဒီအတိုင်းပဲ နားလည် သိရှိခဲ့ကြပါတယ်။ စေတနာ ၀ါသနာပါ ထက်သန်သူတွေပါ။

စာကြည့်တိုက်လုပ်ငန်း၊ စာကြည့်တိုက်အုပ်ချုပ်မှု ပညာဆိုတာ ဒီခေတ်မှာ ၀ိဇ္ဇာ၊ မဟာဝိဇ္ဇာဘွဲ့ သာမက ပါရဂူဘွဲ့ ပေးနိုင်တဲ့ ပညာရပ်တစ်ဆူဖြစ်နေပေမယ့် တချို့နိုင်ငံတော်အကြီးအကဲတွေ လုပ်သွားသူတွေ က "စာအုပ်ဘီရိုထဲရှိ စာအုပ်တွေကို စာရင်းလုပ်ပြီး စာဖတ်ချင်သူကို ထုတ်ငှားပေးရုံလောက်သာ လုပ်ရတဲ့ အလုပ်လို့ ထင်မှတ်ခဲ့ (ထင်မှတ်ဆဲ) ပါ။

မဆလခေတ်ဝန်ကြီးတစ်ပါးဟာ တက္ကသိုလ်စာကြည့်တိုက်တစ်ခုကို ခပ်တည်တည်ဝင်ပြီး စစ်ဆေးဖူးသတဲ့။ စစ်ဆေးပြီး ညွှန်ကြားရမှာဆိုတော့ သူ့မှာ စာကြည့်တိုက်အတွက် ညွှန်ကြားတတ်တဲ့ ပညာမှ မရှိတာ-ဆိုတော့ "ခင်ဗျားတို့မှာ အက်စ်သက်တစ်ခေါ်တဲ့ အလှအပရှုမြင်တတ်တဲ့ မျက်လုံးတွေ မရှိဘူးလား၊ စာအုပ်တွေကို အရွယ်တူချင်း တန်းစီ ထားပါတော့လား။ ခုတော့ အထူအပါး၊ အနိမ့် အမြင့်မတူဘဲ ဖြစ်သလို စီထားလိုက်တာ ကြည့်မကောင်းဘူး၊ ပြန်စီလိုက်ပါ။ ကြည့်ကောင်းအောင် ရွယ်တူချင်း စီထားပါ"လို့ ညွှန်ကြားမှာခဲ့ဖူးပါသတဲ့။

အဲဒီတက္ကသိုလ်စာကြည့်တိုက်မှူးဟာ ခရီးစရိတ် အကုန်ခံကာ ပျဉ်းမနားက ရန်ကုန်ကို အမြန်ပြန်လာပြီး သူ့ကို စာကြည့်တိုက်ပညာသင်ပေးခဲ့တဲ့ ဆရာဦးသော်ကောင်းဆီမှာ "ဆရာရေ-၀န်ကြီး ညွှန်ကြားချက်ကို ကျွန်တော်တို့ ဘယ်လိုလိုက်နာဆောင်ရွက်ရမှန်းမသိတော့ဘူး"လို့ အစီရင်ခံပါသတဲ့။

စာကြည့်တိုက်မှာ စာအုပ်တွေက အများကြီးရှိတာပါ။ ဒီအများကြီးထဲမှာ လိုချင်တဲ့ ဘာသာရပ်ထဲက စာအုပ်တစ်အုပ်ကို အမြန်ရှာဖွေထုတ်ယူဖို့ဆိုတာ "ပညာ"တစ်ရပ်ပါ။ အဲဒီဝန်ကြီးကို ရှာခိုင်းရင်တောင် ရူးတောင် သွားနိုင်ပါတယ်။ ဆရာဦးသော်ကောင်းက သူ့တပည့်ကို ဘယ်လို ဖြေကြားလိုက်တယ်ဆိုတာ အသေအချာ မသိပါ။ အဲဒီတက္ကသိုလ် အကြီးအကဲတစ်ဦးကတော့ "၀န်ကြီးလာမယ်လို့ ကြိုတင်အကြောင်းကြားရင် သူ့အကြိုက် အရွယ်တူတွေချင်းပေါင်းပြီးစီထားလိုက်ပေါ့"တဲ့။ ဗုဒ္ဓေါ ! ။ စာအုပ်တစ်အုပ်ဟာ ဘာအကြောင်းအရာ (ဘာဘာသာရပ်) လဲ၊ ရေးသူ ဘယ်သူလဲ၊ ဘယ်ခုနှစ်က ထုတ်တာလဲ၊ ဘယ်နိုင်ငံ ဘယ်မြို့၊ ဘယ်စာအုပ်တိုက်က ထုတ်တယ်-အစရှိသဖြင့် အကြောင်းအချက်တွေခွဲပြီး မှတ်သားစရာ အများကြီး ပါရှိပါတယ်။ အဲသလို အချက်တွေမှတ်တမ်းတင်၊ အမျိုးတူတာတွေကို အမှတ်စဉ်တွေထိုးပြီး စင်ပေါ်တင်ပေးရ တာကိုးက ပညာတစ်ရပ်ပါ။ ထားပါတော့ အဲဒီပညာရပ်တွေကို ဦးသော်ကောင်းတို့က ဗမာပြည်မှာသာ သင်ယူဖို့မလုံလောက်လို့ နိုင်ငံခြားသွားပြီး သင်ယူရသေးတာပါ။

တစ်ခါက မြန်မာစာဌာနက ဆရာတစ်ယောက်ဟာ နိုင်ငံခြားကို ဘာသာဗေဒပညာ သင်ယူ ဖို့ ရွေးချယ်စေလွှတ်ခံရသတဲ့။ အဲဒါကိုကြားသိရတော့ "မြန်မာစာဆရာတစ်ယောက်ဟာ နိုင်ငံခြားမှာ ဘာသာ စကားပညာမှာ၊ သင်ယူစရာလိုသေးလို့လား"လို့ဆိုပြီး ပယ်ဖျက်လိုက်သတဲ့။ ထားပါတော့။ ကြုံလို့ ပြောလိုက်မိ တာပါ။

ကျောင်းဆရာများအတွက် "စေတနာ၊ ၀ါသနာ၊ အနစ်နာ"ဆိုတဲ့ နာသုံးနာရှိမှ အောင်မြင်တဲ့ ကျောင်းဆရာဖြစ်နိုင်သလို စေတနာ့ဝန်ထမ်း-စာပေသာသနာပြု ပုဂ္ဂိုလ်တစ်မျိုးဖြစ်တဲ့ စာကြည့်တိုက်မှူးရဲ့အလုပ် ကလည်း နာသုံးနာနဲ့မှ လုပ်ဖြစ်တာပါ။ ဒါ့ကြောင့် ဦးသော်ကောင်းလို့ နာမည်ကြားလိုက်ရင်ပဲ "နာသုံးနာ"ရဲ့ ရိုက်ခတ်မှုဂယက်ကို ရင်ထဲမှာ ခံစားရပါတယ်။

ဦးသော်ကောင်းဟာ ပညာမင်းကြီးဦးကောင်းရဲ့သားပါ။ ဦးကောင်းဆိုတာ မြန်မာနိုင်ငံ ပြည်သူအပေါင်းရဲ့ လေးစားကြည်ညိုမှု အခံရဆုံး ပညာရေးပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ် ပညာနဲ့ မေတ္တာရဲ့ သင်္ကေတပါ။ ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘ၀ ၁၉၅၀ ကျော်ကာလလောက်က ပညာမင်းကြီးပါ။ ငွေစက္ကူပေါ်မှာ "မောင်ကောင်း"လို့ ပါတာကို ဟိုတစ်ခေတ်ဗမာတွေ သတိရကြဦးမှာပါ။ "ငွေကြေးချမ်းသာရဲ့လား"ဆိုတာကိုတောင် "မောင်ကောင်းရှိရဲ့လား"လို့ တင်စားဖြေဆိုခဲ့ကြဖူးပါတယ်။ ဆရာကြီးဦးကောင်းဟာ အိန္ဒိယပြည်မှာ ပညာရေးကိစ္စအတွက်သွားရင်း "ကားအက်စီးဒင့်"ဆိုတဲ့ မတော်တဆကိစ္စနဲ့ ကွယ်လွန်ခဲ့ရရှာပါတယ်။ သူ့သားဦးသော်ကောင်းဟာ ပညာမင်း ကြီး ဦးကောင်းရဲ့ အတ္ထုပ္ပတ္တိကို ရေးသားပြုစုထုတ်ဝေဖို့ရာ အထူးတာဝန်ရှီပါတယ်။ ဆရာဇော်ဂျီတို့လို မိတ်ရင်း ဆွေရင်းတွေရှိစဉ်က ပြုစုထုတ်ဝေရရင် ပိုကောင်းမှာပေါ့။ ကျောင်းသုံးပြဋ္ဌာန်းရမယ့် အတ္ထုပ္ပတ္တိမျိုးမဟုတ်လား။ ဦးသော်ကောင်းဟာ ဦးသန်းဦး၊ ဦးသန်းထွတ် (ထွတ်ကလေး) တို့လို ပညာရေးဌာနက ပုဂ္ဂိုလ်များနဲ့ ပူးတွဲစီစဉ် ထုတ်ဝေဖို့ မေတ္တာရပ်ခံချင်ပါဘိ။

မင်းကြီးဦးကောင်းဟာ ကျွန်တော့်ရဲ့ မြင်းခြံ (နယ်) ဇာတိလို့ ကျောင်းသားဘ၀ကတည်းက ကြားသိ ဂုဏ်ယူခဲ့ရဖူးပါတယ်။ ကျွန်တော်ကလည်း မြင်းခြံ (နယ်) သားပါ။ မင်းကြီးဦးကောင်း၊ ကာနယ်ချစ်ကောင်း စတဲ့ "ကောင်း"ပါတဲ့ မြင်းခြံသားကြီးတွေရဲ့ နာမည်တွေကို တဖွဖွ ရွတ်ဆိုရင်း ဇာတိမာန်ထက်သန်မှုနဲ့ စာကြိုးစားခဲ့ ကြရတဲ့ ခေတ်တစ်ခေတ် ကျွန်တော်တို့မြင်းခြံမှာ ရှိခဲ့ပါတယ်။ မင်းကြီးဦးကောင်းရဲ့သားဟာ 'ဦးသော်ကောင်း'တဲ့။ ဒီအချက်ဟာ လဲကျွန်တော့်အဖို့ ဦးသော်ကောင်းကို လွမ်းစရာဖြစ်ခဲ့ပါတယ်။ ဦးသော်ကောင်းဟာ မြင်းခြံသွေးပါရှိတဲ့အပြင် ၁၉၃၇ ခုနှစ်မှာဖွားသူတဲ့။ ကျွန်တော်နဲ့ မွေးနှစ်တူနေပြန်တော့ ပိုလို့တောင် သံယောဇဉ်တွယ်ရတာအမှန်ပါ။

ကျွန်တော့်တသက်တာ ရည်မှန်းချက်တစ်ခုဟာ ကျောင်းဆရာလဲမဟုတ်၊ သတင်းစာဆရာလဲမဟုတ်၊ စာရေးဆရာလဲ မဟုတ်ပါ။ စာကြည့်တိုက်မှူးပါ။ ဒါ့ကြောင့်အသက် ၅၀ ကျော်မှာ ကျောင်းသားအဖြစ်နဲ့ ရန်ကုန် တက္ကသိုလ်၊ စာကြည့်တိုက်ပညာသင်တန်းကို တက်ခဲ့ပါတယ်။ ဌာနမှူးဦးသော်ကောင်းက 'မလာပါနဲ့ဗျာ။ ဆရာ ဇော်ဂျီ၊ ဆရာတိုက်စိုး၊ ဆရာထင်ကြီးတို့လို ဆရာကြီးတွေ မသင်တော့ဘူး။ ဆရာ ဆရာမ အငယ်တွေပဲ သင်ပေး နေကြတာ။ ခင်ဗျားကိုလည်း အားနာစရာဖြစ်တဲ့အပြင် သူတို့မှာလဲ လူကြီးကိုသင်ကြရတော့ စိတ်စနောင့်စနင်း ဖြစ်ကြရှာမှာပေါ့'လို့တားပါတယ်။ ကျွန်တော်ကဇွတ်တက်ပါတယ်။ ဦးသော်ကောင်းခဗျာ ဦးထင်ကြီး၊ ဆရာ တိုက်စိုးစတဲ့ သက်ကြီးဝါကြီးစာကြည့်တိုက်ပညာရှင်တွေကို ပြန်လည်အပူကပ်ရရှုာပါတယ်။ ကျွန်တော့်ကိုအား နာလို့ပါ။ ကျွန်တော်ကလည်း ဆရာကြီးတွေကိုရော ဆရာငယ်တွေရောလေးစားသမှုနဲ့ ကျောင်းမှန်မှန်တက်၊ စာမခက်အောင် အားထုတ်ခဲ့ပါတယ်။ ဂုဏ်ထူးတွေဘာတွေနဲ့ အောင်ခဲ့လို့ သူငယ်ချင်းတွေရှေ့မှာ ကြွားဝါမိဖူးပါ တယ်။ သူငယ်ချင်းတင်မိုးက 'ကလေးကလားကွာ'လို့ နှစ်ခါသုံးခါဟန့်တားတော့မှ သတိထားပြီး 'မကြွား'ဖြစ် အောင်နေခဲ့ရပါတယ်။

အဲဒီနှစ်ကကျောင်းသားတွေဟာ စာစုစာရင်းတွေပဲ လုပ်ကြပါတယ်။ ကျွန်တော်က ကျမ်းပြုပါတယ်။ 'ဘွဲ့ ယူစာတမ်း'ပေါ့။ 'မြန်မာစာပေဝေဖန်ရေးသမိုင်း'လို့ အမည်ရှိတဲ့ကျမ်းပါ။ ဆရာကြီးများဖြစ်ကြတဲ့ ဆရာတိုက်စိုး၊ ဆရာထင်ကြီး၊ ဆရာဦးသော်ကောင်းနဲ့ဆရာမကြီးများကပါ ကျွန်တော့်စာတမ်းကို ဂုဏ်ထူးနဲ့ အအောင်ပေး လိုက်ပြီး 'စာအုပ်ထုတ်'ပါလို့ တခါတည်းခွင့်ပြု၊ တိုက်တွန်းလိုက်ပါတယ်။ ကျွန်တော် ပြည်ပထွက်သွားလို့ စစ် အစိုးရက ကျွန်တော့်စာအုပ်တွရော နာမည်တွေကိုပါ ပိတ်ထားတဲ့အတွက် ခုမှ (၂၀၁၆ ကျမှ) ထုတ်မယ်ဆို တော့ ဦးသော်ကောင်းဆီက အမှာစာတောင်းရပါတယ်။

ကျွန်တော်က ခုအခါ အမေရိကားမှာပါ။ ၂၀၀၃-၄ လောက်က အမေရိကားကိုရောက်တော့ မြောက်အီ လီနွီုက်တက္ကသိုလ်ရဲ့စာကြည့်တိုက်မှာ တွဲဖက်ပြီး နေရေး၊ စာရေး အကုန်ထောက်ပံ့ထားပါတယ်။ အဲဒီစာကြည့် တိုက်မှာ မြန်မာစာအုပ် တစ်သောင်းလောက်ရှိတယ်။ ဦးသော်ကောင်းတို့ရဲ့ တပည့်မေကြည်ဝင်းက စတင်တည် ထောင်ခဲ့တယ်။ ကျွန်တော်က ဘာမှမလုပ်ရဘဲ ကျွန်တော့်ကို အခန်းတစ်ခန်းနဲ့ ကွန်ပျူတာတစ်လုံး ပေးထာပါ တယ်။ အဲဒီတက္ကသိုလ်မှာ Center for Burmese Studies ဆိုတာလဲ ရှိပါတယ်။ မြန်မာစာ ကောင်းကောင်းတတ်တဲ့ ဒေါ်ပြုံးပြုံး အမည်ခံ ပြင်သစ်အမျိုးသမီးကြီးက အုပ်ချုပ်ပါတယ်။ သူက ဗမာပြည်ကို တစ်နှစ်တစ်ခေါက်သွားပြီး စာအုပ် ၀ယ်ပါတယ်။ မန္တလေးလူထုတိုက်ကို အရောက်သွားပြီး လူထုဒေါ်အမာကို နှုတ်ဆက်ပါတယ်။ ဦးသော်ကောင်းနဲ့ အစစ တိုင်ပင်ပါတယ်။ ဦးသော်ကောင်းကလည်း သူတို့ဖိတ်ကြားရင်လာတယ်။ ကျွန်တော်က ဆီးကြို ပါတယ်။

ကျွန်တော်ဗမာပြည်ကို ပြန်တော့လည်း တက္ကသိုလ်စာကြည့်တိုက်ကို အရင်ဆုံး ပြေးကြည့်တာ ပါ။ ဦးသော်ကောင်းက အင်္ဂါနေ့တိုင်း တပတ်တစ်ခါ လာတယ်ဆိုလို့ အပေါက်ဝမှာ ဦးသော်ကောင်းတို့ငယ်စဉ် ကတည်းက အမှုထမ်းတဲ့ ဦးသောင်းကြီးကို ပြုံးပြုံးကြီး ထိုင်နေတာ တွေ့လိုက်ရတော့ အိပ်မက်များလားလို့ အောက်မေ့လိုက်မိပါတယ်။ သူကလည်း ကျွန်တော့်နာမည်ကိုခေါ်ပြီး ကျွန်တော်ကလည်း သူ့နာမည်ကို အော်ခေါ်ပြီး နှုတ်ဆက်ကြတယ်။ ကျွန်တော့်ကို ဆရာဇော်ဂျီရဲ့အခန်းလဲ လိုက်ပို့ပါတယ်။ ဆရာ့ဓာတ်ပုံကို ကန်တော့ပြီး ထွက်လာခဲ့ပါတယ်။ နောက်တစ်နေ့မှာ ဆရာမင်းသုဝဏ်ရဲ့အိမ်ကို သွားပြန်တော့ သူ့သားသမီးတွေက ဖျက်ပြီး ခွဲဝေယူလိုက် ကြလို့ မရှိတော့ 'ဟာ'သွားရပါတယ်။ ပြီးတော့ ဦးသော်ကောင်း၊ ဒေါက်တာသန်းထွန်းနဲ့ ဆရာတိုက်စိုးတို့ ဆုံပြီးအလုပ်လုပ်ခဲ့ကြတဲ့ မြန်မာသမိုင်းအဖွဲ့ ရုံးခန်းကို သွားဖြစ်အောင်သွားပြီး ကြည့်လိုက်ပါသေးတယ်။ အဲဒါက အမရဆောင်ပါ။

ဘာရယ်လို့ အထူးကိစ္စမရှိဘဲ ဦးသော်ကောင်းတို့ကိုဝင် နှုတ်ဆက်လေ့ရှိခဲ့ဖူးပါတယ်။ တစ်ခါတော့ ဦးသော်ကောင်းတစ်ယောက်တည်း အလုပ်လုပ်နေကြတဲ့ရုံးခန်းကို တန်းတက်သွားမိတော့ ဦးသော်ကောင်းနဲ့ အမျိုးသမီးတစ်ဦး စကားပြောနေကြပါတယ်။ ဒါနဲ့မထိုင်တော့ဘဲ နှုတ်ဆက်ပြီးပြန်ခဲ့တော့ ဘာဖြစ်ကျန်ခဲ့တယ်ဆိုတာ မသိလိုက်တော့ဘူး။ နောက်တပတ်သွားတော့ အမရဆောင်အ၀င်ဝမှာကိုပဲ အစောင့်ချထားပြီး စစ်ဆေးခံရ ပါတယ်။ နာမည်တွေဘာတွေပေးခဲ့ရပြီး ဒေါက်တာသန်းထွန်း အခန်း (မြေညီထပ်မှာပဲ) သွားတွေ့လိုက်ပါတယ်။ ဆရာက ဆီးပြီး 'ဟေ့- မင်းလုပ်လိုက်လို့ ငါတို့ မလွတ်မလပ်ဖြစ်ကုန်ပြီ။ တွေ့ခဲ့ရဲ့လား'တဲ့။ 'ဟိုတစ်နေ့က သော်ကောင်းဆီ မင်းဘာမပြော ညာမပြော တန်းတက်သွားတော့ ... အဲဒီမှာစကားပြောနေတာ သမ္မတကြီးကတော်တွေကွာ နီနီမြင့်လေ။ နောင်ကို ဧည့်သည်တွေ အဲသလို အရမ်းမလာရအောင်လို့တဲ့ ခုတော့ အဆောင်အ၀င်ဝမှာ ဂိတ် စောင့်တွေ ချထားလိုက်ပြီ။ တွေ့တယ်မဟုတ်လား'လို့ဆီးပြောပါတယ်။ ဒုက္ခပါပဲ။ ကျွန်တော်က ဒေါ်နီနီမြင့်ကိုရော၊ သူ့ခင်ပွန်းကိုရော တွေ့စရာ အကြောင်းမရှိပါ။ ကျွန်တော့်အဖို့ သူတို့ဟာ ဦးသော်ကောင်းတို့ ဒေါက်တာသန်းထွန်း တို့လိုအရေးမပါခဲ့ပါ။ စိတ်မ၀င်စားခဲ့ပါ။

အမှတ်တရဖြစ်ခဲ့ပုံကို ပြန်ပြောပြတာပါ။ ခုတခေါက်ရန်ကုန်ပြန်တော့လဲ ဦးသော်ကောင်းကို သွားတွေ့ပါ တယ်။ စာကြည့်တိုက်မှာ မတွေ့ခဲ့ရလို့ပါ။ သူ့နှောင်းတပည့်တစ်ဦးဖြစ်တဲ့ မျိုးသန့်ထွန်းက လိုက်ပို့ပါတယ်။ အတူ တွဲပြီးတော့လည်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ကျွန်တော်တို့ အခြေခံပညာဌာနက အဝေးကြီးရွှေ့သွားလို့မရောက်ခဲ့တော့ပါ။ ၁၉၈၈ မတိုင်မီကိုယ်ပိုင် အဆောက်အဦ မရှိသေးလို့ ခြောက်ထပ်ရုံးမှာ ကပ်ရပ်နေခဲ့ရပါတယ်။ အခြေခံပညာဌာနဟာ ဌာနအကြီးစားလဲ ဖြစ်၊ စာအုပ်စာပေနဲ့ အထူးသက်ဆိုင်တဲ့ ဌာနလဲဖြစ်လျက် စာကြည့်တိုက်ဌာနရယ်လို့ မရှိ။ စာကြည့်တိုက်မှူးရယ် လို့လဲမရှိ။ စာပေ၀ါသနာပါသူ တစ်ယောက်ယောက်က ကျောင်းသုံးစာအုပ်ကော်မီတီရဲ့ စာအုပ်တွေကို ထိန်းသိမ်း လေ့ရှိခဲ့ပါတယ်။ စွယ်စုံကျမ်း ဗီရိုကြီးတွေကိုတော့ တချို့ညွှန်မှူးတွေက သူတို့အခန်းမှာရွှေ့ပြီး တန်ဆာဆင်ထား ကြပါတယ်။ သူတို့ထိန်းသိမ်းမှုကိုပဲ ကျေးဇူးတင်ရပါတယ်။ ကျွန်တော်က ညွှန်ချုပ်ကိုတင်ပြပြီး အခန်းကြီးတစ်ခန်း တောင်း။ စာအုပ်ဗီရိုတွေ ပြန်စုပြီး မြန်မာစာသင်ရိုးအဖွဲ့က ကျွန်တော့်တပည့်တွေနဲ့ စာကြည့်တိုက်ဖြစ်အောင်ထူ ထောင်ပါတယ်။ တပည့်နှစ်ယောက်ကို ပညာရေးဒီပလိုမာနဲ့ စာကြည့်တိုက်ပညာဒီပလိုမာဘွဲ့ ယူခိုင်းပါတယ်။ သူတို့ကို ဦးသော်ကောင်းဆီအပ်ရပါတယ်။

လွတ်လပ်ရေးရပြီးစအခါက ပညာရေးဌာနရုံးချုပ်မှာ ပညာ မင်းကြီးဦးကောင်း (ဦးသော်ကောင်းရဲ့ဖခင်) က စာကြည့်တိုက်ထူထောင်ဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။ စာကြည့် တိုက်ဌာနခွဲရယ်လို့ ဖွဲ့စည်းပုံမရှိခဲ့လို့တဲ့ အခြေခံပညာရုံးချုပ် အဆောက်အဦကလည်း အတည်တကျမရှိသလို စာ ကြည့်တိုက်အခန်းရယ်လို့လည်း အတည်တကျမရှိခဲ့ပါ။ သင်ရိုးအဖွဲ့တွေက ဘာသာရပ်အလိုက် ကိုယ့်စာအုပ်တွေ ကိုယ့်ဗီရိုတစ်လုံးစီနဲ့ ထိန်းသိမ်းလာခဲ့ကြရတာပါ။ ရှစ်လေးလုံးအရေးတော်ပုံအပြီး စစ်ဗိုလ်တစ်ဦး လာရောက်အုပ် ချုပ်တဲ့ကာလမှာ သူ့ကို အကျိုးအကြောင်းပြောပြီး ရုံးချိန်အပမှာလုပ်အားပေး ဘွဲ့ရနှစ်ဦးကို မြန်မာစာသင်ရိုးအဖွဲ့ (ကျွန်တော့်အဖွဲ့) ထဲက ထုတ်ယူပြီး ပညာရေးဒီပလိုမာသင်တန်းကိုရော စာကြည့်တိုက်ပညာဒီပလိုမာသင်တန်း ကိုရော တက်စေရတာပါ။

ညွှန်ချုပ်ဗိုလ်မှူးက ကျွန်တော်တို့မြင်းခြံနယ်ဘက်က တင်မိုးတို့ရွာသားပါ။ ရပ်ဆွေရပ်မျိုးပါ။ သူ့ကိုပါ ပညာရေးဒီပလိုမာ စာပေးစာယူတက်ခိုင်းပြီး ကျွန်တော့်တပည့်မနှစ်ဦးနဲ့အတူ ကျွန်တော်တို့က ၀ိုင်းဝန်းကူညီခဲ့ပါ တယ်။ ခုလိုစာကြည့်တိုက်ပညာရှင်ခေါ်နိုင်သူနှစ်ဦး စာကြည့်တိုက်အတွက်ထားရှိပြီ ဆိုတော့ အခြေခံပညာစာ ကြည့်တိုက်လည်း မြဲသွားတန်ကောင်းပါရဲ့လို့ ဦးသော်ကောင်းသိရရင် ၀မ်းသာမှာပါ။ မင်းကြီးဦးကောင်း စိတ်ကူးနဲ့ စတင်ခဲ့တာကို 'မင်းကလေး'တောင်မဖြစ်ခဲ့တဲ့ သင်ရိုးလက်ထောက်တစ်ယောက်က အသက်ဆက်ခဲ့ပါတယ်။ ဦး သော်ကောင်းရေ အခြေခံပညာရေးဌာနက တပည့်သားမြေးတွေကိုလည်း ဆက်လက်စောင့်ရှောက်ပြီး မြေ တောင်မြှောက် ပေးပါဦးလို့။

ဦးသော်ကောင်းက ဦးနေ၀င်း ဖျက်သိမ်းခဲ့တဲ့ မြန်မာနိုင်ငံသုတေသနအသင်းကို ပြန်လည် ထူထောင်ကြရအောင် ကိုစွမ်းရည် အမေရိကားက ပြန်လာခဲ့ပါလို့ မှာလိုက်ပါတယ်။ ကျွန်တော့်ကို မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်ထဲမှာ ဦးသော်ကောင်းနဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ထည့်သွင်းပေးခဲ့တာပါ။ ကျွန်တော် ရန်ကုန် မရောက်ခင်ကတည်းက ပေပုရပိုက်တွေ စုဆောင်းပြီး ဆရာမင်းသုဝဏ်တို့က တစ်ဆင့် ဦးသော်ကောင်းတို့ဆီကို ပေးပို့လှူဒါန်းခဲ့ဖူးပါတယ်။ ဆရာဇော်ဂျီနဲ့ ဆရာဦးသော်ကောင်းတို့က ပေရပုပိုက် လှူတာကို ဂုဏ်ပြုကျေးဇူးတင် တဲ့ စာတစ်စောင်စီ ရေးပေးထားပါတယ်။

ဦးသော်ကောင်းက 'ခင်ဗျားမှာ ပေပုရပိုက်တွေ အလကားရလာခဲ့တာဆိုပေမဲ့ သွားလာစရိတ်၊ သယ်ယူစရိတ်တွေ ကုန်ကျမှာပေါ့။ ငွေယူပါ"လို့ပြောပေမယ့် မယူခဲ့ပါ။ တခြားသုတေသီတွေ ကတော့ ရောင်းစားခဲ့ကြတာ ကြုံဖူးပေမယ့် ကျွန်တော်က မရောင်းခဲ့ပါ။ ပုံမနှိပ်ရသေးတဲ့ ပေမူတချို့ကို ဦးသော်ကောင်းတို့က သုတေသနအသင်း စာစဉ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ 'အစိန္တေယျလေးပါ'၀တ္ထု၊ 'ဝေဿန္တရာပျို့'စသည်ဖြစ်ပါတယ်။ စာအုပ် ထုတ်ဝေနေစဉ် အသင်းကြီးကို ဖျက်ပြီး အသင်းပိုင်ငွေနဲ့ ပစ္စည်းများကိုပါ ဦးနေ၀င်းက သိမ်းဆည်းစေပါတယ်။ အင်္ဂလိပ်နယ်ချဲု့သမားတွေ ထူထောင်ခဲ့တဲ့ အသင်းဖြစ်လို့တဲ့။ သူ့သားသမီးမြေး မြစ်တွေကိုတော့ အင်္ဂလန်ပို့ ၊ အင်္ဂလိပ်နယ်ချဲ့သမားတွေဆီမှာ နယ်ချဲု့ပညာ သင်ယူစေခဲ့တာ လူတိုင်းအသိ မဟုတ်လား။ ထားပါတော့။

မြန်မာနိုင်ငံသုတေသနအသင်းကြီးအကြောင်းကို ဦးသော်ကောင်းက ဆောင်းပါး ၄-၅-၁၀ ပုဒ်ရေးပြီး ပြန် လည်နှိုးဆော်မှာဖြစ်ပါတယ်။ ကျွန်တော်လည်းအဝေးက 'အသံကုန်'အော်ပါမယ်။ ဦးခင်အေး၊ ဦးဝင်းမွန်၊ ဦးသိန်း နိုင်စတဲ့ စာပေသမားများ၊ အသင်းဝင်ဟောင်းများ၊ အမှုဆောင်ဟောင်းများနဲ့ ပြန်လည် စုစည်း လုပ်ဆောင်ကြရင် ဖြစ်မှာပါ။ ကျွန်တော်က လာဖို့ အားထုတ်ပါမယ်။ ဦးသော်ကောင်းရေ။ အသက်တွေက မငယ်တော့ဘူး။ ၈၀ စီ ရှိပြီ။

ဦးသော်ကောင်းအနေနဲ့ မြန်မာနိုင်ငံသုတေသနအသင်းကြီးကို ပြန်လည်အသက်သွင်းခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ဂုဏ်ကျက်သရေ တိုးမြှင့်နိုင်ပါစေသား။

ဦးသော်ကောင်းရဲ့
တပည့်မိတ်ဆွေရောင်းရင်းရိုးရင်းသူငယ်ချင်း
မောင်စွမ်းရည်
၂၀၁၆ စက်တင်ဘာ၁၃
နယူးယောက်

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၂)

$
0
0
မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၂)
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂ဝ၁၆

● သမိုင်းက သရော်လေသလား
၂ဝ၁၁ သမတဦးသိန်းစိန်အစိုးရ တက်ပြီးသကာလ အတန်ငယ်လွတ်လပ်ပွင့်လင်းလာသည်ဟု ဆိုရပါမည်။ ထိုအခါသမယ တွင်  ဦးသန့်၏မြေးဖြစ်သူက ဦးသန့်ပြတိုက် ဖွင့်လှစ်ပါသည်။ ဖိတ်ကြားခံရ၍ တက်ရောက်ကြသူများထိပ်ဆုံးတွင် ဦးသိန်းစိန် အစိုးရအဖွဲ့ဝင်များဖြစ်သည့် ဦးစိုးသိန်း၊ ဦးအောင်မင်းတို့နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် တာဝန်ယူနေသော ဦးမြင့်ဆွေ (ယခု ဒုသမတ) တို့ကို တွေ့ရသည်။ ဦးသန့်အရေးတော်ပုံတွင် တက်ကြွစွာလှုပ်ရှားသူများကို မတွေ့ရပေ။ သမိုင်း၏သရော်ချက် လောဟု ဆိုရပါမည်။

ဦးသန့်ပြတိုက်ဖွင့်ပွဲကို တက်ရောက်ကြသော ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်များမှာ တပ်ထဲထွင် ဗိုလ်ချုပ် ဒုဗိုလ်ချုပ်ကြီး တာဝန် ယူခဲ့သူများဖြစ်ကြပေရာ ၁၉၇၄ ခုနှစ် ဦးသန့်အရေးတော်ပုံကာလက ဗိုလ် သို့မဟုတ် ဗိုလ်ကြီးအဆင့်ခန့်ရှိနိုင်ပါသည်။ ထို အရေးတော်ပုံကာလက တက္ကသိုလ်ဝင်းတွင်း ချဉ်းနှင်းဝင်ရောက်ခဲ့သည့် တပ်များမှ အရာရှိငယ်များလည်းဖြစ်နိုင်ပါသည်။ အထက်အမိန့်အတိုင်း တသွေမတိမ်းဆောက်ရွက်သူများ ဖြစ်ကြပေလိမ့်မည်။

အကယ်၍သာ ကျောင်းသားများက စွန့်လွှတ်စွန့်စားတိုက်ပွဲမဝင်ခဲ့ကြပါက ဗိုလ်နေဝင်းတို့ မဆလအစိုးရသည် ဦးသန့်အ လောင်းအား ကြံတောသုသာန်တွင်သာ ဂူသွင်းမည်မှာ သေချာသလောက်ဖြစ်သည်။ ယခုနောက်ပိုင်း သုသာန်ရွှေ့ပုံအရ ဦး သန့်ဂူသည် ထိန်ပင် သို့မဟုတ် ရေဝေးသို့ ရောက်နေပေလိမ့်မည်။ ရွှေတိဂုံဘုရားတောင်ဖက်မုခ်ခြေရင်းတွင် သိက္ခာရှိစွာ မြှုပ်နှံထားနိုင်မည်မဟုတ်။ အထိမ်းအမှတ်ပြုထားနိုင်မည် မဟုတ်ပေ။ ကျောင်းသားတို့၏ ရဲရင့်သော တိုက်ပွဲမရှိဘဲ ဦးသန့် အုတ်ဂူသည် မြန်မာ့သမိုင်းတွင် နေရာတနေရာ မရနိုင်ပေ။

ဤသည်ကပြဆိုသည်မှာ ခေတ်အဆက်ဆက်ကျောင်းသားတို့သည် မိမိပုခုံးပေါ်ကျလာသော သမိုင်းပေးတာဝန်များကို ရဲရဲ ဝံ့ဝံ့ ထမ်းခဲ့ကြသည်မှာ နေရာတနေရာရဖို့မဟုတ် အခွင့်အရေးရဖို့မဟုတ်ဘဲ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့ကြခြင်း သာဖြစ်သည်။ မည်သူတဦးတယောက်က အသိမှတ်ပြုသည် မပြုသည်က အရေးမကြီးလှပေ။ ဆရာကြီးသခင်ကိုယ်တော် မှိုင်း၏အုတ်ဂူအနီး ဦးသန့်၏ဂူ တည်ဆောင်ခွင့်ရခဲ့သည်မှာ ရဲရဲရင့်ရင့် ကိုယ်ကျိုးမပါဘဲ သမိုင်းကပေးအပ်သောတာဝန်ကို လိုလိုလားလားထမ်းဆောင်ခဲကြသည့် တိုက်ပွဲဝင်ကျောင်းသားများ ပြည်သူများကြောင့်ဆိုသည်ကိုတော့ ပစ်ပယ်၍ မရနိုင်ပါ ချေ။ သမိုင်း၏သရော်မှုကို မည်သို့ပင်ခံရစေကာမူ ခေတ်အဆက်ဆက်ကျောင်းသားတို့ကား ခေခတ်ကာလ၏ တောင်းဆို ချက်များကို ထမ်းဆောင်သွားကြမည်သာဖြစ်ပေသည်။

● ဦးသန့်အရေးတော်ပုံအား ပြန်လည်သုံးသပ်ချက်
ဦးသန့်အားသာမန်အားဖြင့်သဘောထားပြီး ကြံတောသုသာန်တွင်သာမြှုပ်နှံလိုသည့် မဆလအစိုးရအား ဆန့်ကျင်သည့်တိုက် ပွဲအား ပြန်လည်သုံးသပ်ရပါက ဦးသန့်အားထိုက်တန်သည့်နေရာတွင် မြှုပ်နှံခွင့်ရရေးဆိုသည့်ရည်ရွယ်ချက်ပါသကဲ့သို့ မဆ လ အစိုးရအား အခွင့်အခါသင့်သည့်အချိန်တွင် ဆန့်ကျင်တိုက်ပွဲဝင်မည်ဆိုသည့် ရည်ရွယ်ချက်လည်းပါသည်။ ထိုရည်ရွယ် ချက်ကြောင့်လည်း တက်ကြွသူများက စည်းရုံးပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။သို့ရာတွင် ဤတိုက်ပွဲသည် ၁၉၇၄ ဇွန် အလုပ် သမားသပိတ်နှင့်မတူသည်က အစိုးရနှင့် ညှိနှိုင်းခွင့်ရခဲ့ခြင်းဖြစ်သည်။

အဆိုပါညှိနှိုင်းမှုအား သပိတ်ကော်မတီမှလက်ခံသော်လည်း တိုက်ပွဲဖေါ်လိုသူအချို့၏ ဆန္ဒပြင်းပြလှုံ့ဆော်မှုကြောင့် ညှိ နှိုင်းမှု ပျက်ပြယ်ခဲ့ပေသည်။ ဤသည်မှာ မြေပေါ်သပိတ်တိုက်ပွဲများတွင် ယခုတိုင်ကြုံနေကြရသည့်ပြဿနာဖြစ်သည်။ မြေ ပေါ်တိုက်ပွဲများတွင် အကျိုးအကြောင်းရှိရမည်၊ အကျိုးအမြတ်ရှိရမည်၊ အကန့်အသတ်ရှိရမည်ဟူသည်ကို လက်တွေ့ အကောင်အထည်ဖေါ်ရာတွင် ခက်ခဲခဲ့ပေသည်။ ခေါင်းဆောင်ပိုင်းက လက်ခံလိုသော်လည်း အောက်ကသွေးဆူနေသော လူအုပ်ကို မထိမ်းသိမ်းနိုင်ခြင်းများလည်း ရှိသည်။ ခေါင်းဆောင်ပိုင်းကိုယ်နှိုက်က လက်မခံနိုင်ခြင်းများလည်း ရှိသည်။

မြေပေါ်သပိတ်တိုက်ပွဲတိုင်းတွင် အကျိုးအကြောင်းရှိရမည်ဆိုသည့်အချက်ကို အားလုံးက ဆုပ်ကိုင်နိုင်ကြသော်လည်း အကျိုးအမြတ်ရှိရမည်အကန့်အသတ်ရှိရမည်ဆိုသည့်အချက်ကို မှန်ကန်စွာကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းခဲ့ကြသည်။ မြေပေါ် သပိတ်တိုက်ပွဲပေါ်လာသည်နှင့် ရန်ငါပြတ်သားရမည်ဆိုသူများ အထွေထွေသပိတ်အုံကြွမှုများဆီသို့ ဦးတည်လို သူ များ ပေါ်ပေါက်လာကာ သပိတ်များသည် အကန့်အသတ်မဲ့ဖြစ်ခါ နောက်ဆုံးတွင် အကြမ်းဖက်နှိမ်နင်းခံရသည်နှင့် အဆုံး သတ်သွားပေတော့သည်။ သို့ဖြစ်ရာ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းတို့ အာဏာသိမ်းသည်မှစ၍ ယနေ့ထိဖြစ်ပွါးခဲ့သော သပိတ် တိုက်ပွဲများကို တဖက်ကအသိအမှတ်ပြုကြရမည်ဖြစ်သကဲ့သို့ ထိုသပိတ်များနှင့်ပတ်သက်၍လည်း မှန်ကန်စွာ နိဂုံးချုပ်သုံးသပ်ကြရန်လိုပေသည်။

● ဦးသန့်အရေးတော်ပုံနှင့် သံဃာတော်များ
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားသည့်သပိတ်တိုက်ပွဲများတွင် ဦးသန့်အရေးတော်ပုံသည် ရ ဟန်းသံဃာတော်များ အလုံးအရင်းနှင့်ပါသည့် ဆန္ဒပြပွဲတခုဖြစ်သည်။ ထိုသို့ပါဝင်ခြင်းမှာ ဗုဒ္ဓဘာသာ လွန်စွာကိုင်းရှိုင်းသူ ဦးနုနှင့်နီးစပ်သူဖြစ်၍ ပါဝင်လာခြင်းသည်လည်း အကြောင်းတရပ်ဖြစ်သကဲ့သို့ ထူးချွန်သော မြန်မာနိုင်ငံသားတစ်ဦးကို ထိုက်တန်စွာဂုဏ်ပြုလိုစေခြင်းကလည်း အကြောင်းတရပ်ဖြစ်ခဲ့သည်။ ဤသို့ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုသည့် ရဟန်း သံဃာများပါဝင်ခြင်းသည် လူထုအပေါ် သြဇာသက်ရောက်မှုကြီးသကဲ့သို့ အစိုးရအနေနှင့်လည်း ကိုင်တွယ်ရခက်ခဲစေခဲ့ သည်။

ထို့နောက် သံဃာတော်များသည် ၁၉၈၈ ခု အရေးတော်ပုံအပါအဝင်၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုမှသည် ၂ဝ၁၅ ကျောင်းသား သပိတ်အထိ အနဲနှင့်အများဆိုသလိုပါဝင်ခဲ့ကြသည်။ ရဟန်းသံဃာများသည် ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ လူမှု အဖွဲ့အစည်း တွင် ထဲထဲဝင်ဝင် ပါဝင်ယှက်နွယ်နေသူများဖြစ်ကြသည်။ ထို့ကြောင့်လည်း လူထု၏ ဒုက္ခသုက္ခကို မျှဝေခံစားကြပြီးအတူ တကွပါဝင်ခဲ့ကြခြင်းဖြစ်သည်။ ယခင်ကိုလိုနီခေတ်ကလည်း ရဟန်းသံဃာတော်များသည် လွတ်လပ်ရေးအတွက် နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်သာဖြစ်သည်။

မဆလအစိုးရကလည်း ဦးသန့်အရေးတော်ပုံ၌ သံဃာတော်အများအပြားပါဝင်လာပြီး သံဃာအဖွဲ့အစည်းကို ဂရုစိုက် ကိုင် တွင်မှု ပြုလာသည်။ သာသနာသန့်ရှင်းရေးဆိုသည်ကို စနစ်တကျ ပြုလုပ်လာသည်။ အချို့သံဃာဂိုဏ်းများ အချို့သံဃာ များ သိက္ခာချ လူဝတ်လဲရသည်။ ၁၉၈ဝ တွင် မဟာသံဃာ့ နာယက ၄၇ ပါးစုံညီကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ သာသနာရေးဦးစီးဌာနအား သာသနာရေးဝန်ကြီးဌာနဟု တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ရဟန်း သံဃာများနှင့်ပတ်သက်၍ အထူးဂရုစိုက်ကိုင်တွယ်ခဲ့သည်ကို တွေ့ရပေသည်။

ထို့ပြင် ယခုနောက်ပိုင်းကာလတွင် (ဦးသိန်းစိန်အစိုးရ) လက်ထက်တွင် မဘသကဲ့သို့ အဖွဲ့အစည်းပေါ်လာပြီး ဦးသိန်းစိန် အစိုးရအားထောက်ခံသည့် (ဝါ) ပြည်ခိုင်ဖြိုးပါတီနှင့်လည်းကောင်း၊ တပ်မတော်နှင့်လည်းကောင်း နီးစပ်သည့် သံဃာအဖွဲ့ အစည်းများပေါ်လာတော့သည်။ ထိုအခါ သံဃာများအတွင်း၌ မတူသောနိုင်ငံရေးအယူအဆများပေါ် မူတည်၍ ဂိုဏ်များကွဲ လာသည်ကိုတွေ့ရသည်။

ဤတွင် မေးခွန်းများပေါ်လာသည်။ ရဟန်းသံဃာများ နိုင်ငံရေးနယ်ပယ်တွင် ပါဝင်သင့်၏ မသင့်၏ဆိုသည့် မေးခွန်းများပေါ် လာတော့သည်။ အထူးသဖြင့် ပါတီစုံနိုင်ငံရေးစနစ် ကျင့်သုံးသည်ကာလတွင် ပါတီများ၏အရောင်အသွေး ရပ်တည် ချက် ပေါ်တွင်မူတည်၍ ဂိုဏ်းကွဲသင်းကွဲဖြစ်ပါက ကောင်းသည့်ကိစ္စမဟုတ်ပေ။ တည်မြဲဘုန်းကြီး သန့်ရှင်းဘုန်းကြီး ကွဲသကဲ့သို့ NLD ဘုန်းကြီး ပြည်ခိုင်ဖြိုးဘုန်းကြီးဟူ၍ ကွဲနေကြခြင်းသည် သာသနာအတွက် ကောင်းသည့်အချက်မဟုတ်ပေ။

သို့သော် အနီးခေတ်တွင် ဦးသန့်အရေးတော်ပုံမှစ၍ နိုင်ငံရေးလှုပ်ရှားမှုများတွင် ရဟန်းသံဃာများပါဝင်မှုသည် မြင့်တက်လာ သည်ကတော့ မြန်မာ့နိုင်ငံရေး၏ ထူးခြားချက်တရပ် ဖြစ်ပေါ်လာပြီး အကောင်းအဆိုးကားဒွန်တွဲလျက်ရှိသည်။ နိုင်ငံရေးတွင် ရဟန်းသံဃာများ ပါဝင်ရန်သင့်မသင့်ဆိုသည်ကလည်း အငြင်းပွားဘွယ်ရာ အကြောင်းအရာတရပ်အဖြစ် တည်ရှိနေသည်ဟု ဆိုရပါမည်။

● အဖမ်းအဆီး
မနက်စောစော ရန်ကုန်တက္ကသိုလ်ဝင်းရောက်စီးနင်းစဉ်က တက္ကသိုလ်နယ်မြေအတွင်း နေထိုင်ကြသည့် စာရင်းရှိသည့် ဆရာ ဆရာမ ဝန်ထမ်းများအပ အားလုံးသိမ်းကျုံး၍ ဖမ်းသွားခြင်းဖြစ်၍ ဈေးလာရောင်းသူများရော အကြောင်းအမျိုးဖြင့် လာရောက်ကြည့်ရှုသူများရော အဖမ်းခံရသူများထဲတွင် ပါဝင်သွားသည်။ နောက်မှ စီစစ်ပြီးပြန်လွှတ်ပေးသည်ကို တွေ့ရ သည်။

မိမိပတ်ဝန်းကျင် သူငယ်ချင်းများထဲကတော့ စလှမောင်တစ်ယောက် အဖမ်းခံရသော်လည်း ပြန်လွတ်လာခဲ့သည်။ AE ဆောင်ဆွေးနွေးပွဲများထဲက စတင်ပါဝင်ကာ မန္တလေးဆောင် သပိတ်ကော်မတီတွင်ပါဝင်ခဲ့သည့် ကိုတိတ်တို့မှာမူ ဖမ်းဆီး ထောင်ချခြင်းခံရသည်။ ကိုတိတ်မှာ ထိုတကြိမ်သာမက ၁၉၈၂ ခုနှစ်တွင် နောက်တကြိမ် အဖမ်းခံရသည်။ ၁၉၈၈ အရေး တော်ပုံပြီးနောက်တွင် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ခွာသွားခဲ့သည်။ ၂ဝ၁၃/၂ဝ၁၄ ခန့်က ထိုင်းနိုင်ငံ မဲဆောက်ရှိ မယ်တော် ဆေးခန်းတွင် ပါဝင်လုပ်ကိုင်နေစဉ် ကိုတိတ်တစ်ယောက် ကွယ်လွန်သွားသည်ဟု ကြားသိရသည်။

ထိုဦးသန့်အရေးတော်ပုံကာလက များစွာသောကျောင်းသားများအဖမ်းခံရ ထောင်ကျခဲ့ရသည်။ သမိုင်းကို ထုဆစ်ခဲ့ကြသော အညတရများစွာဟုဆိုရပါမည်။

● ဦးသန့်အရေးတော်ပုံနှင့် မိမိ
မိမိမှာ ဦးသန့်အရေးတော်ပုံမစမှီကတည်းက တက်ကြွစွာလှုပ်ရှားခဲ့ပြီး စတင်သည့် ဒီဇင်ဘာ ၅ ရက်နေ့ကလည်း တနေကုန် တနေခန်း ပါဝင်ခဲ့သည်။ ထိုညက မင်္ဂလာဒုံအဆောင်သို့ မပြန်ခဲ့ပါ။ ပင်မတက္ကသိုလ်နယ်မြေထဲတွင် ကြုံသလိုအိပ်ခဲ့သည်။ တကယ်တော့ ဒီဇင်ဘာ ၆ ရက်နေ့တွင် မိမိတို့အတန်း၏ Final စာမေးပွဲဟုဆိုသည့် အတန်းတင်စာမေးပွဲရှိသည်။ သို့သော် စာမေးပွဲသည် ခေါင်းထဲမရှိခဲ့ပေ။ သပိတ်တွင်သာ စိတ်နှစ်ထားခဲ့သည်။ စာမေးပွဲရှိလည်း မဖြေတော့ဟုသာ စိတ်ထဲတွင် ဆုံးဖြတ်ခဲ့တော့သည်။ နောက်တနေ့ မနက်စောစောတွင်တော့ အဝတ်အစားလဲရန် မင်္ဂလာဒုံအဆောင်သို့ ပြန်သည်။

အဆောင်သို့ရောက်သော် ကျောင်းသားများက အခြေအနေဝိုင်းမေးသည်ကို ရှင်းပြရသည်။ ညက အတော်နောက်ကျမှ ရေ ဒီယို အင်္ဂလိပ်ပိုင်းအစီအစဉ်ကျမှ တက္ကသိုလ်များပိတ်လိုက်သည်ကို အစိုးရကြေညာသည်ဟု သိလိုက်ရသည်။ အချို့ကျောင်း သားများလည်း အိမ်ပြန်ရန်ပြင်ဆင်နေသည်ကို တွေ့ရသည်။ ထိုအခိုက်အတန့် သိန်းမြင့်က "မင်းအဖေ အခန်းထဲမှာစောင့် နေတယ်"ဟု ဆိုသည်။ အခန်းထဲဝင်လိုက်တော့ မိမိဖခင် အခန်းထဲ၌ ငုတ်တုတ်ထိုင်နေသည်ကို တွေ့လိုက်ရပေတော့သည်။

ထိုတွင်မှ သိရသည်မှာ မိမိဖခင်က မနေ့ကညနေကထဲက အဆောင်သို့ရောက်လာပြီး မိမိအား ည ၉ နာရီထိ ထိုင်စောင့်နေ သည်ဟု ဆိုသည်။ မနက်ဖန် အတန်းတင်စာမေးပွဲဖြေဆိုရမည့် ကျောင်းသားဖြစ်သူ မိမိကအဆောင်၌မရှိခဲ့။ ည ၉ နာရီထိ ထိုင်စောင့်သော်လည်း မိမိကပေါ်မလာခဲ့။ ထို့ပြင် တက္ကသိုလ်များ ပိတ်ကြောင်းသတင်းက မကြေညာသေး၍ မိမိအတွက် စိုးရိမ်နေပေလိမ့်မည်။ ထို့ကြောင့် မနက်စောစော တခေါက်ပြန်လာ၍ မိမိအားစောင့်ဆိုင်းစဉ် မိမိနှင့် ပက်ပင်းတိုးခြင်း ဖြစ်ပေသည်။

ဖခင်က မိမိအား "ကဲ ကျောင်းပိတ်ပြီဘဲ အဝတ်အစားတွေထည့်တော့ အိမ်ပြန်လိုက်ခဲ့"ဟု တခွန်းသာဆိုသည်။ ဖခင်ကို ကြောက်ရသည့်မိမိအဖို့ ပြန်လည်းမပြောသည်မို့ စိတ်ပျက်လက်ပျက်နှင့် အဝတ်အစားတွေထည့်ပြီးအိမ်သို့ ပြန်ခဲ့ရသည်။ ဒီဇင် ၆ ရက်နေ့မှစ၍ ပါဝင်ခွင့်မရခဲ့တော့ပေ။ အိမ်အပြန်လမ်းတလျောက် မီးရထားလမ်း ဝဲယာရှိ ရှုခင်းများကိုသာကြည့်ပြီး ဖခင်စကားတခွန်းမှ မပြောနိုင်တော့။ မိမိမကျေမလည်ဖြစ်နေသည်ကိုသိသောဖခင်ကလည်း မိမိအား ဘာမှမပြောချေ။

ဆူညံနေသော ရထားသံတွေက မိမိနားထဲတွင် ကြွေးကြော်သံများဖြစ်နေသည်။ လယ်ကွင်းများ ကောက်လှိုင်းပုံများ သစ်ပင် တောတန်းများကမိမိမျက်စေ့ထဲတွင် ဆန္ဒပြနေသော လူအုပ်ကြီးအဖြစ်မြင်နေသည်။ မိမိရင်ထဲတွင် အမျိုးအမည်ခွဲခြား မသိ နိုင်သည့် ခံစားမှုများဖြစ်ပေါ်နေခဲ့သည်။

ဦးသန့်အရေးတော်ပုံစသည့် ဒီဇင်ဘာလ ၅ ရက်နေ့က မိမိတို့ဆေးတက္ကသိုလ် ၂ မှ တကျောင်းလုံးပါဝင်ချီ တက်ခဲ့ကြသော် လည်း နောက်ရက်များတွင်ကျောင်းအနေနှင့် ပါဝင်နိုင်ခြင်းမရှိတော့။ တစ်ဦးချင်းပါဝင်ကြခြင်းသာ ရှိတော့သည်။ မိမိသူငယ် ချင်းထဲမှ မောင်မောင်ထွေးတယောက်သာ မန္တလေးဆောင်အခြေစိုက်သပိတ်အဖွဲ့တွင် ပါဝင်နေခဲ့သည်ဟု ကြားသိရသည်။ အောင်သိန်းထွန်းကတော့ ဘွဲ့နှင်းသဘင်နားက အဖွဲ့များတွင် ပါဝင်လှုပ်ရှားနေသည်ဟု ကြားရသည်။ ဆေးတက္ကသိုလ် ၁ ကလည်း ပါဝင်ကြသည်ဟု ကြားရသည်။ ကိုမိုးဝင်း (တောင်ငူ) တို့ဟုကြားရသည်။ AE ဆောင်မှာ အစည်းအဝေးလုပ်ကထဲက ပါသည်ဟုထင်သည်။

မိမိအဖို့တော့ မိသားစုသံယောဇဉ် ပညာရေးနှင့် နိုင်ငံရေး တခုခုကိုရွေးချယ်ရတော့မည့် အချိန်ကာလသို့ ဆိုက်ရောက်လာပြီ ဆိုသည်ကို ကောင်းစွာသဘောပေါက် သတိပြုမိလိုက်ပေတော့သည်။ မိမိအနေနှင့်ဆုံးဖြတ်တခုကို ပြတ်ပြတ်သားသားချ ရပေတော့မည်။ ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍လည်း မိမိဘာသာ တာဝန်ယူရပေတော့မည်။ ဦးသန့်အရေးတော်ပုံကာလ သည် မိမိ၏ဘဝအချိုးအကွေ့တခု အစပျိုးသောကာလဟု ဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)

ကိုသန်းလွင် - သမ္မတကြီးထံသို့အိပ်ဖွင့်ပေးစာ

$
0
0
ကိုသန်းလွင် - သမ္မတကြီးထံသို့အိပ်ဖွင့်ပေးစာ
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆


(၁)

နိုင်ငံတော်သမ္မတကြီးခင်ဗျား

ကျွန်တော်တို့သည် သမ္မတကြီးနည်းတူ မူလတန်း၊ အထက်တန်းမှ တက္ကသိုလ် ကျောင်းသားဘ၀ အလုပ်ခွင်ဝန်ထမ်းဘ၀၊ ယခု ပင်စင်စားဘ၀သို့ ရောက်သည့်တိုင် နိုင်ငံတွင် ကောင်းမွန်သော အပြောင်း အလဲများဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြရသူများ ဖြစ်ပါသည်၊ သမ္မတကြီးတို့ အစိုးရအဖွဲ့ စတင် တာဝန်ယူခဲ့သည့် ဧပြီလသည် ကျွန်တော်တို့၏ မျှော်လင့်ချက်ရောင်ခြည်များ တလက်လက် တောက်ပလာခဲ့ကြသည့် အချိန်များ ဖြစ်ပါသည်၊ သို့ပါသော်လည်း ယနေ့အထိ နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တယားကြီးမှာ အပြောင်းအလဲဟူ၍ ထင်ရှားစွာ မတွေ့ရဘဲ ယခင်အချိန်များအတိုင်း ကြိုးနီစနစ်၊ တင်းကြပ်သော စည်းမျဉ်းဥပဒေများဖြင့် ပြည်သူလူထုအဖို့ အလုပ်အကိုင် ခက်ခဲနေဆဲပင် ဖြစ်ပါသည်။

ကျွန်တော်တို့သည် သမ္မတကြီးတို့ ရက်၁၀၀ ရှင်းလင်းပွဲအကြောင်းကို သတင်းသာကြားရပြီး အသေး စိတ်မသိခဲ့ရပါ၊ သို့ပါသော်လည်း ကျွန်တော်တို့၏မျှော်လင့်စောင့်စားရမှုများကိုသမ္မတကြီး သိစေလိုပါ သည်၊ အကယ်၍ ကျွန်တော်တို့၏ အကြံပြုချက်များမှာ သမ္မတကြီးတို့ သိရှိအရေးယူပြီးသား ဖြစ်နေ သည်ဆိုလျင်လည်း ကျွန်တော်တို့အား နားလည်ခွင့်လွှတ်စေလိုပါသည်။

ဗဟိုဦးစီးစနစ်၊ ဗဟိုကစီမံပေးသည့် စီမံကိန်း စီးပွားရေးစနစ်ဆိုသည်မှာ ပြီးခဲ့သော အစိုးရအဖွဲ့နှင့်အတူ ပြီးဆုံးသွားပြီဖြစ်ကြောင်း သမ္မတကြီးက ရှင်းရှင်းလင်းလင်း ပြောပြစေလိုပါသည်၊ ဒီမိုကရေစီသဘော တရား များအရ တိုင်းပြည်၏ အချုပ် အခြာအာဏာကို ပြည်သူပြည်သားတို့က ပိုင်ဆိုင်သည့်နည်းတူ ၀န်ကြီးဌာနအသီးသီး၊ အောက်ခြေမှ ၀န်ထမ်း အဆင့်ဆင့်တို့သည် မိမိဖါသာ ဆုံးဖြတ်လုပ်ပိုင်ခွင့် ရှိ ကြောင်းကို သမ္မတကြီးက အစိုးရ ၀န်ထမ်းအားလုံးကို ရှင်းပြစေလိုပါသည်၊ အစိုးရ၀န်ကြီးဌာန ၀န်ကြီး တဦးသည် ဗဟိုအစိုးရက ချပေးသော ဘတ်ဂျက်ပမာဏကိုသာ စောင့်ကြည့်ရန်လိုပြီး မိမိဌာနတွင် လုပ်နည်းလုပ်ဟန်များကို ပြုပြင်ပေးရန်မှာ မိမိတာဝန်သာဖြစ်ပါသည်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ဦးစီးမှူးကြီးများသည် မိမိအဆင့်အလိုက် လုပ်ပိုင်ခွင့်အနေအထားကို ရှင်းရှင်း လင်းလင်း သိထားရ ပါမည်။

ယခုလက်ရှိ အခြေအနေမှာ ကိစ္စတခုပေါ်တိုင်း မိမိအထက်ကို တင်ပြနေကြရဆဲဖြစ်ပြီး အမိန့်လာမှ ဆုံးဖြတ်ချက်ချပေးနေရခြင်းများမှာ မဖြစ်သင့်တော့ပါ။

ဒုတိယအရေးကြီးဆုံးအချက်မှာစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကဏ္ဍအသီးသီးအလိုက် ခေတ်သစ် နှင့် မညီလျော်တော့သော ဥပဒေများနှင့် ဗျူရိုကရေစီ ယန္တယားကြီးကို ပယ်ဖျက် ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ကြရန်ဖြစ်ပါသည်။

Reform ခေါ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် e-government ဖြစ်ရန်အရေးကို ပထမ ဦးစားပေး ဆောင်ရွက်သင့်ပါသည်၊ သမ္မတကြီးက တိုက်ရိုက်ကွပ်ကဲသော MDI -Myanmar Digital Initiative ရုံးကို ဖွင့်လှစ်ပြီး ကျွန်တော်တို့နိုင်ငံ၏ နေရာကဏ္ဍအသီးသီးတွင် ဒီဂျစ်တယ် နည်းစနစ်ကို အသုံးပြု နိုင်ရေး ကိုဆောင်ရွက်ရန် ဖြစ်ပါသည်။

နိုင်ငံသားကဒ်များ ပလပ်စတစ်ကဒ်ဖြစ်ရေး ပတ်စပို့ကို ကွန်ပျူတာစက်များမှ ထုတ်ပေးနိုင်ရေး ဘဏ် များမှ ငွေပေးငွေယူ Transactions ကိစ္စများ၊ ပြည်သူများအကြား အချင်းချင်း ငွေပေးငွေယူ လုပ်ခြင်း အစရှိသည့် အခြေခံကိစ္စများအားလုံးကို ဒီဂျစ်တယ်နည်းများဖြင့်ဆောင်ရွက်နိုင်ရန် ဤရုံးက လမ်းညွှန် ပေးရပါမည်၊

လိုအပ်သော နည်းပညာအတွက်မူ သမ္မတကြီးကိုယ်တိုင်ဖြစ်စေ ကျွမ်းကျင်သော ပညာရှင်များအဖွဲ့ ကိုဖြစ်စေ နိုင်ငံအသီးသီးသို့ လေ့လာရေးခရီးစဉ်များ စေလွှတ်ပေးရပါမည်၊ ထိုနိုင်ငံများမှ ဥပမာများကို လေ့လာဆည်းပူးသည့်နည်းတူ အတတ်ပညာ အထောက်အကူများရယူနိုင်ပါလိမ့်မည်၊ ဥပမာ ဆီလီကွန်းတောင်ကြားမှ IT-Information Technology ကုမ္ပဏီများသည် လိုအပ်သော ဘတ်ဂျက် ပမာဏ Hardware, Software လိုအပ်ချက်များအားလုံးကိုပြောပြနိုင်ပါလိမ့်မည်။

ပညာရေးနှင့်ကျန်းမာရေး စီးပွားရေးကဏ္ဍအသီးသီးတွင် အင်တာနက်ဆက်သွယ်ရေး ပစ္စည်းကိရိယာ များမပါဘဲ ခရီးဆက်နေရပါလျင် အဖက်ဖက်မှနောက်ကျနေပါလိမ့်မည်၊

ဒုတိယလိုအပ်ချက်မှာ အစိုးရရုံးများ၏ ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံ၊ ၀န်ထမ်းများ၏ အယူအဆများကို ပြုပြင်ရပါမည် (Structural Change)၊ ပြည်သူလိုအပ်ချက်ကို ဦးစားပေးဖြည့်ဆည်းပေးသည့် စနစ်မျိုးဖြစ်အောင် ပညာပေး ခြင်း အလုပ်ကို လုပ်ရပါမည်။

တိုင်းပြည်၏ စီးပွားရေး မပာာဗျူဟာတွင်လယ်ယာကဏ္ဍထွက်ကုန်တိုးရေး၊ ကုန်ထုတ်လုပ်မှု စီးပွားရေး (Manufacturing Economy) ဖြစ်လာရေး၊ နိုင်ငံခြားဧည့်သည်များ ရောက်လာရေး ဆိုသော အချက် များပါဝင်ရပါမည်၊ ထို့ပြင် နိုင်ငံခြားမှ ရင်းနှီးမြှုတ်နှံမှုများဝင် ရောက်လာရေးဆိုသောအချက်မှာလည်း အရေးကြီးလှပါသည်၊

MIC-Myanmar Investment Commiddion မှ အရာရှိများက သမ္မတကြီး တာဝန်ယူခဲ့ချိန်မှစ၍ နိုင်ငံခြားရင်းနှီးမျြပ်နှံမှုမှာ အမေရိကန်ဒေါ်လာ တသန်းသာရှိသည်ဟု ဆိုပါသည်။

ယနေ့ ရင်းနှီးမြှပ်နှံမှုကော်မရှင်သည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို ဖိတ်ခေါ်ရမည့်အစားစောင့်ကြည့် သည့် ဂိတ်တံခါးကဲ့သို့ ပြုမူနေပါသည၊် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံလိုသူတဦးသည် လိုအပ်သည့် မြေ၊ လျှပ်စစ်၊ ရေ၊ လိုအပ်ချက်ပြဿနာများကို မိမိဖါသာ ဖြေရှင်းကြရပြီး ဤကော်မရှင်ရုံးတွင် လိုင်စင် (သို့) ပါမစ်ကို လျှောက်ထားကြရပါသည်၊ ပုံစံပေါင်း တဒါဇင်ကျော်တွင် တခါတရံ မဆီလျော်သော အကြောင်း အရာများစွာကို ဖြည့်စွက် တင်ပြကြရပါသည်။

အမှန်တကယ်လုပ်သင့်သည်မှာ ထက်မျက်တက်ကြွသောလူငယ်အရာရှိများ ခန့်အပ်ခါ နိုင်ငံခြား ကုမ္ပဏီများကိုဆက်သွယ် ဖိတ်ခေါ်သင့်ပါသည်၊ ထိုရုံးတွင်ရန်ကုန်အပါအ၀င် တပြည်လုံးနေရာအနှံရှိ စီးပွားရေး အရ အသုံးပြုနိုင်သည့် မြေနေရာစာရင်းကို အပြည့်အစုံပြုစုပြီးဖြစ်ရပါမည်၊ ရင်းနှီးမြှုပ်နှံမည့် သူ၏ လိုအပ်သမျှကို One Stop Station အဖြစ် ဤရုံးကြီးက ဆောင်ရွက်ပေးသင့်ပါသည်။

နိုင်ငံခြားရင်းနှီးမြှုတ်နှံသူများနှင့်ဆက်ဆံရာတွင်ဘဏ်များ၏အခမ်းကဏ္ဍမှာအရေးကြီးလှပါသည်၊ မြန်မာနိုင်ငံတွင် ဘဏ်များစွာရှိသည့်အနက်ဧရာဝတီဘဏ်တခုသာ ibanking ခေါ် ငွေစာရင်း ဆိုင်ရာကိစ္စများကို အင်တာနက်ဖြင့် လုပ်နိုင်ပါသေးသည်၊ အထူးသဖြင့် နိုင်ငံခြားဆက်ဆံ ရေး တွင် အရေးကြီးသော မြန်မာ့စီးပွားရေးဘဏ်ကြီးအနေဖြင့် ibanking လုပ်နိုင်ရေးမှာ အရေးကြီးပါသည်၊

အကောက်ခွန်ဌာနကြီးမှာ မြန်မာနိုင်ငံအတွင်းသို့ ၀င်သမျှပစ္စည်းများကို ရသင့်သည့် အခွန်ငွေကို ကောက်ခံပြီး မလိုလားအပ်သောပစ္စည်းများကို မ၀င်နိုင်အောင် တားဆီးပေးရန်သာဖြစ်ပါသည်၊ ယခုအခါ ရာဖြတ် အရာရှိများက ကုန်သည်ကကြေငြာလာသော ကုန်ပစ္စည်းတန်ဘိုးမှာမည်မျှ ဖြစ်သင့်သည်ဟု ဆုံးဖြတ်ပေးနေကြပါသည်၊ ဤလုပ်ထုံးလုပ်နည်းကြောင့် လာဘ်ပေးလာဒ်ယူ ကိစ္စကို ဖန်တီးပေးနေသလို ကုန်စည်စီးဆင်းရေးကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါသည်၊ အကောက်အခွန် အရာရှိများအနေဖြင့် ကွန်တိန်နာတွေ စုပုံနေအောင် စီစစ် စစ်ဆေးနေခြင်းသည် တိုင်းပြည်တွင် ကုန်ဈေးနှုန်းတက်လာစေပါသည်။

အကောက်ခွန်တွင် နာမည်အမျိုးအစားကွဲပြားကောက်ခံနေခြင်းအစား GST Government Service Tax ခေါ်ပုံစံအမျိုးတည်းတပြေးညီကောက်ခံသင့်ပါသည်၊ အကယ်၍သာအကောက်ခွန်ရုံးကြီးက အဟန့်အတားအမျိုးမျိုးကို ဖယ်ရှားပေးပြီး လွယ်ကူချောမွေ့အောင်ပြုလုပ်ပေးနိုင်လျင် နိုင်ငံပေါင်းစုံမှ လူသုံးကုန်ပစ္စည်းမျိုးစုံ ၀င်လာနိုင်ပါသည်၊ အင်ဒိုနီးရှားမှပို့လိုက်သော ပါတိတ် ကွန်တိန်နာသည် ယိုးဒယားသို့ ပဌမသွားပြီးကုန်းလမ်းမှ ရန်ကုန်သို့ လာရခြင်းမှာ မဖြစ်သင့်တော့ပါ၊

တိုင်းပြည်စီးပွားဖွံ့ဖြိုးမှုအတွက် အမြတ်ရရှိသော စီးပွားရေးလုပ်ငန်းများစွာ ရှိနေရန် လိုအပ်ပါသည်၊ စီးပွားရေးသမားများ အပေါ်မှ ငွေကြေးအမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ပြုမူဆက်ဆံနေခြင်းများကို အစိုးရရုံးများမှ ဖယ်ရှားပေးရပါမည်၊ ထိုအမြတ်ရရှိသော စီးပွားရေးလုပ်ငန်းများ ပေါများလာမှသာ တိုင်းပြည်စီးပွားရေး တိုးတက်ခြင်းကိုမြင်ကြရပါလိမ့်မည်။

ယနေ့ အစိုးရရုံးများလည်ပါတ်နေကြပုံမှာ စီးပွားရေးလုပ်ငန်းအများအပြားပေါ်ပေါက်စေရန်ဆိုသော ရည်ရွယ်ချက်ရှိဟန်မတူဘဲ ခေတ်ကာလအမျိုးမျိုးက အကြောင်းအမျိုးမျိုးတို့ကြောင့် ထုတ်ခဲ့ရသော ဥပဒေအမျိုးမျိုးကို အကြောင်းပြုပြီးမခက်ခဲလျင် ခက်ခဲအောင် ပြဿနာများကိုသာ ဖန်တီးပေးနေကြ ပါသည်၊ ထိုအကျင့်ဆိုးများရှိနေပါလျင် အောင်မြင်သောစီးပွားရေးလုပ်ငန်းများမပေါ်ပေါက်နိုင်ပါ။

မော်တော်ကားလိုင်စင်သက်တန်းတိုးရန်အတွက် က၊ည၊န ရုံးသို့ တနေကုန်သွားပြီးတန်းစီကြရပါသည်၊ နိုင်ငံခြားသားဖြစ်သွားသော မြန်မာတယောက် ဗီဇာသက်တန်းသွားတိုးရန်လည်း တနေကုန်ကြာသည် ဟုငြီးငြူသံကိုကြားရဖူးသည်၊ ချက်လက်မှတ်တစောင် မိမိငွေစာရင်းတွင်ဝင်ရန် ၂ရက်မှ ၃ ရက်စောင့် ကြရသည်၊ မိမိကုန်ပစ္စည်းအတွက် ဆိုင်းဘုတ် (Bill board) ထောင်လိုသူလုပ်ငန်းရှင်တဦးမှာ မြေပိုင် ဆိုင်မှုဂရန်အတောင်းခံရဘူးသည်၊ မိတ်ဆွေတဦးကရုံးခမ်း နေရာကို ဂိုဒေါင်အဖြစ်အသုံးပြုလို ရာတွင် လိုင်စင်ထုတ်ပေးမည့်သူ က လျှပ်စစ်ဌာန နှင့်မီးသတ်တပ်ဖွဲ့၏ ထောက်ခံစာပေးရမည်ဟုဆိုသည်၊

ဤကိစ္စများမှာအရေးမကြီး အသေးအမွှားပါဟု ဆိုနိုင်သော်လည်း ထိုကဲ့သို့သော အရာများက စီးပွားရေးလုပ်ငန်း များကို ပေါ်ထွက်မလာအောင် ပိတ်ပင်တားဆီးထားတတ်ပါသည်၊

ဤအခက်အခဲများကို အချိန်ယူ၍သာပြုပြင်ယူရမည်ဟု နားလည်ပါသည်၊ သို့ပါသော်လည်း အစိုးရက ထိုအကျင့်ဆိုးများကိုပပျောက်အောင်လုပ်နေပါသည်ဆိုသောအချက်ကိုမမြင်ကြရသဖြင့်ကျွန်တော်တို့ စိတ်ပျက်လက်ပျက်ဖြစ်ကြရပါသည်၊

(Manufacturing Economy ) ကုန်ထုတ်လုပ်သည့် စီးပွားရေးစနစ် ဖြစ်ပေါ်ရေးအတွက် လျှပ်စစ်၊ ရေ၊ ရေဆိုးမြောင်းများ၊ မြေနေရာ အဆောက်အဦး အစရှိသည်တို့ လိုအပ်ပါသည်၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမလုပ်ဘဲ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပါ၊ ကျွန်တော်တင်ပြလိုသော အချက်မှာ လျှပ်စစ်စက်ရုံအသစ်ကြီးရောက်လာလျင်လည်း ယနေ့ဝန်ထမ်းများ လိုက်နာကြရသည့် နည်းလမ်းထုံးတမ်းများနှင့်ဆိုလျင် ပြည်သူလူထုထံ လျှပ်စစ်ဖြန့်ဝေရန် ခက်ခဲနေပါလိမ့်ဦးမည်။

၁၉၇၉ ခုနှစ်ကစခဲ့သော စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဖြင့် တရုတ်ပြည်ကြီးသည် ချမ်းသာ သော လူလတ်တန်းစားများဖန်တီးပေးခြင်းဖြင့်ယခုအခါလူစီးလေယာဉ်ပျံများ ပြည်တွင်းတွင်ထုတ်လုပ် နေပြီဟူ၍၄င်း၊ အိန္ဒိယနိုင်ငံနိုင်ငံတွင် ၁၉၉၁ ၀န်ကြီးချုပ်နာမာဆင်ဝါရောင်း လက်ထက်မှစ၍ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကြောင့် ကမ္ဘာ့ဈေးကွက်တွင် ထင်ရှားသော စီးပွားရေး ကျားကြီးတကောင် ဖြစ်လာပုံကို၎င်း ကွန်မြူနစ်ဝါဒဖြင့် ပြည်တွင်းစစ်ဒဏ်ကိုဆိုးဆိုးရွားရွားခံခဲ့ရသော ဗီယက်နမ် နိုင်ငံတွင် ဈေးကွက်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် စီးပွားရေးတိုးတက်မှုနှုန်း အများဆုံးနိုင်ငံ ဖြစ်ခဲ့ ရသော ဥပမာပေါင်း မြောက်များစွာကို တွေ့နိုင်ကြပါသည်။

ကျွန်တော်တို့နိုင်ငံတွင်လည်း ဗီယက်နမ်နိုင်ငံနှင့်မရှေးမနှောင်း ၁၉၈၇ ခုနှစ်တွင် ဆန်ရောင်းဝယ်မှုကို ထိမ်းချုပ်ထားခြင်းကို ပယ်ဖျက်ခြင်းမှအစ နိုင်ငံခြားကုန်သွယ်ခွင့် ပုဂ္ဂလိကဘဏ်ခွင့်ဖွင့် စသည်ဖြင့် စီးပွားရေုးပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ကြိုးစားလုပ်ကိုင်ခဲ့ကြပါသည်၊ သို့ပါသော်လည်း များစွာ သောအကြောင်းများကြောင့် ယခုအချိန်အထိ အောင်မြင်မှုမရနိုင်ဘဲ အထက်ပါနိုင်ငံများနှင့် နှိုင်းယှဉ် လျင်များစွာနောက်ကျနေခဲ့ရပါသည်၊

ယခုအခါ ၂၁ ပင်လုံညီလာခံကြီးကျင်းပအပြီး ကျွန်တော်တို့၏ ညီအစ်ကို မောင်နှမများ စည်းလုံး ညီညွတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးကို ဆွေးနွေးနေကြသည့် အချိန်လည်းဖြစ်ပါသည်၊ အကယ်၍တောင်ပေါ် ဒေသအပါအ၀င် မြန်မာနိုင်ငံအ၀ှမ်း လမ်းကွေ့ဖေါက်၊လျှပ်စစ် အင်တာနက် အဆက်အသွယ်တွေ ကောင်းပြီး အထူးသဖြင့် တိုင်းရင်းသားများနေထိုင်ရာ တောင်ပေါ်ဒေသများတွင် စီးပွားရေးလုပ်ငန်းအသီးသီး လုပ်ကိုင်နေကြပြီး ၀င်ငွေကောင်းသောလုပ်ငန်းများကိုဖန်တီးပေးနိုင် ကြလျှင် ဤလက်နက်ကိုင်ဖြေရှင်းရသော ပြဿနာများမှာ များစွာဖြေလျှော့လာနိုင်မည်ဟု ကျွန်တော် ယုံကြည်မိပါသည်။

ထို့ကြောင့် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် စောင့်စားနေကြရသော တကဲ့ပြုပြင် ပြောင်းလဲမှုများကို သမ္မတကြီး၏လက်ထက်တွင် ဖေါ်ဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း ရေးသားလိုက်ရ ပါသည်။

ကိုသန်းလွင်
Voice Weekly 8 October 2016

ညိုမှိုင်းဝေ(သနပ်ပင်) - တောင်တက်သမား

$
0
0


ညိုမှိုင်းဝေ(သနပ်ပင်) -  တောင်တက်သမား
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆

(၁)

သူတို့လူစု ပစ္စည်းတွေအဆင်သင့် ဖြစ်နေလေပြီ။ သူတို့လူစုဆိုတာ တောင်တက်ဖို့ သူတို့စုဖွဲ့ထားတဲ့ စိတ်တူကိုယ်တူ လူငါးယောက်ကို ဆိုလိုခြင်းဖြစ်တယ်။ သူတို့တောင်တွေကိုတက်ဖို့ နှစ်ရှည်လများ ကြိုးစားလာခဲ့ကြတယ်။ သူတို့ မွေးဖွားလာ ခြင်းဟာ တောင်တက်ဖို့ကလွဲပြီး အခြားအတွက်မဟုတ်လို့ ခံယူထားကြသူများပင်။ သူတို့ဝါသနာနဲ့ သူတို့ယုံကြည်ချက်များကို ဒီကနေ့ စတင်ကြတော့မယ်။ သူတို့အားလုံး ပျော်ရွှင်နေကြလိမ့်မယ် ထင်တယ်။ ဒါပေမယ့် သူတို့မျက်နှာတွေကတော့ ပျော်ရွှင်မှုကိုဖမ်းကြည့်နိုင်မယ့် ပုံရိပ်တွေရှိမနေဘဲ အားလုံးတည်ငြိမ်နေကြတယ်။ သူတို့ခရီးအတွက် တစုံတခုကို တရောက်တမျိုးစီ တွေးနေကြပုံပင်။

"ပြီးရင် စထွက်ကြရအောင်"

အေးတိအေးစက် စကားသံတခု သူတို့ထဲက ထွက်လာတယ်။ စကားသံရဲ့နောက်မှာတော့ ကျောပိုးအိတ်ဖောင်းဖောင်းကြီးလွယ်ပြီး ခြေလှမ်းစလိုက်ကြတယ်။

"ဒီတောအုပ်ကိုကျော်ရင် ငါတို့တက်မယ့်တောင် ရောက်မယ်။ ဒီနေ့ တနေကုန်တော့ ဒီတောအုပ် ထဲမှာပဲ လျှောက်ကြရလိမ့်မယ်။ ညနေစောင်းရင်တော့ ငါတို့တက်မယ့်တောင်ခြေက ခင်တန်းလေး ကို ရောက်မယ်။ အဲ့ဒီမှာ ဒီညစခန်းချပြီး မနက်စောစော ထတက်ကြမယ်"

မြေပုံနဲ့တကွ အကြိမ်ကြိမ်အစီအစဉ်ချ အကြိမ်ကြိမ်ပြောခဲ့ကြပြီး အလွတ်တောင် ရနေ ပြီဖြစ်တဲ့ စကားများကိုပင် သူတို့ထဲကတယောက်က ထပ်ဖန်တလဲလဲပြောနေပြန်တယ်။ ဒါမှ မပြောရင်လည်း သူတို့ကြားမှာ တခြားပြောစရာစကား ရှိဟန်မတူ။ အတန်ကြာလျှောက်ပြီး ချိန်မှာတော့ ခရီးလည်း အတော်ပေါက်လာသလို တောလည်း တော်တော်နက်လာလေပြီ။ သူတို့ဖြတ်နေတဲ့တောက မြန်မာရုပ်ရှင်တွေထဲက တောနဲ့လည်းမတူ၊ နိုင်ငံခြားရုပ်ရှင်တွေထဲက တောနဲ့လည်း မတူပေ။ ကဗျာတွေ ဝတ္ထုတွေထဲကလိုလည်း လွမ်းမောဖွယ်မကောင်း။ တခါတလေ ထိတ်လန့်စရာအသံတွေ ကြီးစိုးပြီး တခါတလေ ကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်နေ တတ်တယ်။ မြွေပါးကင်းပါးလည်း ကြောက်ရသေးတယ် မဟုတ်လား။

"နေဝင်လုပြီကွ၊ သွက်သွက်လေး လျှောက်ရအောင်။ ရှေ့ကခင်တန်းက ငါတို့စခန်းချမယ့် နေရာပဲ"


(၂)

အလျှံညီးညီးနဲ့ တောက်နေတဲ့ မီးပုံကြီးကို သူတို့အားလုံးဝိုင်းထားရင်း အသားခြောက် မီးကင်ကို ဖဲ့စားနေကြတယ်။ သူတို့ တယောက်နဲ့တယောက် စကားမပြောဘဲ ငြိမ်ငြိမ်လေးပဲ ထိုင်နေကြတယ်။ သူတို့မျက်လုံးတွေ အားလုံးကတော့ မီးဖိုကြီးဆီမှာပင်။ သူတို့ပုံစံဟာ အပူအပင် အကြောင့်အကြကင်းစွာ ရှိနေသလိုပင်။ ဒါမှမဟုတ် ပူပင်ကြောက်လန့်နေခြင်းလည်း ဖြစ်နိုင်တယ်။ ပတ်ဝန်းကျင်က လိုအပ်တာထက်ပိုပြီး တိတ်ဆိတ်နေတယ်။ ပိုးကောင်းလေးများရဲ့အော်သံပင် မကြားရ။ ဒီအချိန်မှာ တယောက်ယောက်က စကားတိုးတိုးလေးမျှ ပြောလိုက်မယ်ဆိုရင်ပဲ အသံက ဟိန်း၍ထွက်လာလောက်တယ်။ ဒါပေမယ့် သူတို့ တယောက်မှ စကားတခွန်းမျှမပြောကြ။ သူတို့ ကြည့်ရတာ တစ်ခရီးတည်း သွားတွေဖြစ်ပေမယ့် ရင်းနှီးမှုမရှိကြ။ နွေးထွေးမှု မရှိကြ။ ယခုအချိန် ထိပင် တယောက်နာမည်တယောက် ခေါ်ခြင်းလည်း မရှိကြ။ တယောက်နာမည် တယောက် မသိခြင်းလည်း ဖြစ်နိုင်တယ်။

"ငါတို့ မီးဖို ငြှိမ်းလိုက်ကြမလား"

ခုနပြောခဲ့သလိုပဲ အသံက တကယ်ပင် ဟိန်း၍ထွက်လာတယ်။ ထိုသူ၏အမေးကို တယောက်မှပြန်မဖြေပဲနေရာမှ "ငြိမ်းလိုက်လေ"ဟု အေးစက်လေးဖင့်တဲ့လေသံနဲ့ တယောက်က ထပြောတယ်။ အဖြေစကားကို ကြားတယ်ဆိုရင်ပဲ ခုနမေးတဲ့သူက မီးဖိုကို ထငြိမ်းလိုက်တယ်။ ကျန်လူများလည်း သူနဲ့မရှေးမနှောင်းထပြီး သူတို့အိပ်ဖို့ ဆင်ထားတဲ့ ပုခတ်တွေမှာ အသီးသီး နေရာယူလိုက်ကြတယ်။ ခဏအတွင်းပင် အသံပလံ အခြေအနေတွေ အားလုံး ငြိမ်သက် တိတ်ဆိတ်သွားပြန်တယ်။

သူတို့ ဆုံခဲ့ကြတာ တစ်နှစ်ကျော်ရှိပြီ။ တိတိကျကျပြောရရင် တနှစ်နဲ့ တရက်ရှိပြီ။ တောင်တက်ဖို့ ရည်ရွယ်ချက်တခုတည်းအတွက် သူတို့ စုစည်းခဲ့ကြတယ်။ ဒီတနှစ်အတွင်း တောင်တက်ဖို့လိုအပ်တာမှန်သမျှ သူတို့ လေ့လာစုဆောင်းကြတယ်။ တောင်တွေရဲ့ သဘာဝ၊ မြေသားအနေအထား၊ ရာသီဥတုအခြေအနေ၊ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ၊ တောရိုင်းတိရစ္ဆာန် အန္တရာယ် ကာကွယ်ရေး၊ နောက်ဆုံး ဝတ်စုံ၊ ဖိနပ်ကအစ သူတို့ တော်တော်စုံအောင် လေ့လာ စုဆောင်းကြတယ်။ မြန်မာစာအုပ်တွေ၊ နိုင်ငံခြားစာအုပ်တွေ အပြင် You Tube ကနေ တောင်တက်တာနဲ့ပတ်သတ်တဲ့ Video click တွေ Download လုပ်ပြီး လေ့လာကြတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတိုင်ပင်ကြ။ မမေးမြန်းကြ။ မဆွေးနွေးကြ။ တယောက်ယောက်က အကူအညီတောင်းတာမျိုးမရှိဖူးသလို တယောက်ယောက်က ကူညီဖူးတာလည်း မရှိကြဘူး။ သူတို့ရဲ့ဒီနေ့ဆက်ဆံရေးဟာ သူတို့စတွေ့ချိန်က ဆက်ဆံရေး အတိုင်းပင်။ တရွေးသားမှ မပိုကြ။

သူတို့ဟာ တယောက်ကို တယောက် မယုံကြည်၍လား။ သူတို့ တယောက်ကို တယောက် စောင့်ကြည့်နေလား။ တယောက်ကို တယောက် လုပ်ကြံနိုင်လား။ သူတို့စိတ်ထဲကို ဝင်ကြည့်လို့ရပါမှသာ သူတို့စိတ်နေသဘောထားအမှန်ကိုသိနိုင်ပေမယ်။ သူတို့ဆက်ဆံရေး အေးစက်မှုက အဲ့ဒီလိုသံသယဝင်စရာပင်။ သူတို့နေထိုင်မှုက အေးစက်တိတ်ငြိမ်ခြင်းကို လွန်ပြီး အထီးကျန်ခြင်းအဖြစ်ကိုပင် ရောက်နေလေပြီ။ ဒါပေမယ့်လည်း သူတို့နေနိုင်ကြပေတယ်။ နေတတ်ကြပေတယ်။ ဒါဟာ အထီးကျန်ခြင်းကို စွဲလန်းနေတဲ့ စိတ္တဇနာတခု မဖြစ်နိုင်ပေဘူးလား။ ဆောရီး (Sorry)။ သူတို့ကို ဒီလိုစွပ်စွဲလို့ ဘယ်သင့်မလဲ။ ခင်ဗျားတို့ဆိုရင်ရော ကြိုက်မလား။

(၃)

တောထဲတောင်ထဲဆိုတာ မိုးချုပ်စောသလို မိုးလင်းလည်း နောက်ကျလေ့ရှိတယ်။ သစ်ရိပ်ဝါးရိပ်ကြီးတွေကို ထိုးဖောက်ပြီးမှ ရောက်လာရတဲ့ နံနက်ခင်းက တခြားလူတွေအတွက် တမူးထူးချင် ထူးနေပေလိမ့်မယ်။ သူတို့လူစုအတွက်ကတော့ အချိန်နာရီ အလွဲအချော်မရှိပဲ နေ့စဉ် လုပ်ငန်းဆောင်တာ တခုလိုပင်။ မနက်စာအတွက်ကိုတော့ ပေါင်မုန့်ခြောက်နဲ့ရေကို ဗိုက်ထဲ နေရာ ပေးလိုက်ကြတယ်။

"ငါတို့ အနှစ်နှစ်အလလက ရည်မှန်းခဲ့တာတွေ အခု အကောင်အထည်ပေါ်ဖို့ အချိန်ရောက်ပြီ"

တယောက်က စကားထပြောတော့ ကျန်လူများက ခေါင်းတဆတ်ဆတ် ညိတ်နေ ကြတယ်။

"မင်းတို့တော့ မသိဘူး၊ ငါတော့ ရင်တွေ သိပ်ခုန်နေတယ်"

စကားဆုံးတာနဲ့ ဒီနေ့အတွက် သူတို့ခရီးစဉ်ကို သူ့ခြေလှမ်းနဲ့ စဖွင့်လိုက်တယ်။ ကျန်တဲ့သူများကလည်း ထပ်ကြပ်မကွာပင်။ မှတ်မှတ်ရရဆိုရသော် သူတို့ခရီးစဉ်တစ်လျှောက်လုံး ပြောခဲ့တဲ့ စကားအားလုံးနီးပါးက အဲ့ဒီလူရဲ့ စကားသံများချည်းပင်။ ဒီအတိုင်းဆိုလျှင် သူတို့ အဖွဲ့ထဲတွင် ဒီလူ စကားအပြောဆုံး ဖြစ်လိမ့်မယ်။ အသွက်ဆုံးလို့လည်း ဆိုနိုင်ပေတယ်။ သူတို့အဖွဲ့ဟာ ခေါင်းဆောင်ဆိုတာမရှိဘဲ တယောက်နဲ့တယောက် ဟန်ချက်ညီညီ လှုပ်ရှားကြ တယ်ဆိုပေမယ့် စကားအများဆုံးပြောပြီး အသွက်လက်ဆုံးဖြစ်တဲ့ အဲ့ဒီလူက ခေါင်းဆောင် တဦးလို ဖြစ်နေလေတယ်။

(၄)

"ဒီကုန်းကို ပတ်တက်ပြီးရင် ရှေ့မှာ ဒီ့ထက်ပိုမတ်စောက်လိမ့်မယ်"

ခပ်ပြေပြေ မြေသားတောင်တွေကို ကျော်ဖြတ်ပြီးလေသမျှ ကျောက်သားတောင်တွေနဲ့ ပိုပြီး နီးစပ်လာလေတယ်။ တချို့နေရာတွေမှာ နှင်းခဲအစုအဝေးများပင် တစတစတွေ့လာရတယ်။ အခုဆို သူတို့တက်ခဲ့သည်မှာ ကီလိုမီတာ ၁၅၀၀၀ ကျော်လာခဲ့ပေပြီ။

သူတို့အားလုံးကတော့ လတ်ဆတ်တဲ့လေထုကြားမှာ လွင့်မြောနေကြတဲ့ စွန်တကောင်လို၊ သိန်းငှက်တကောင်လို လွတ်လပ်ပေါ့ပါးမှုတွေနဲ့။ သူတို့ခြေထောက်ကို ပွတ်တိုက်တိုးဝှေ့သွားတဲ့ မြူတွေနဲ့အတူ လေချွန်သံငြိမ့်ငြိမ့်လေးကလည်း ပြာလွင့်လွင့်ကောင်းကင်ကြီးကို ထိုးဖောက်ပျံသန်း မတက်ပင်။ လေချွန်သံလေးမှာ သီချင်းသံစဉ်အတိုင်း စည်းချက်ကျစွာ ပျံ့လွင့်နေတယ်။ သီချင်းနှစ်ပိုဒ်ပြီးချိန်မှာတော့ တယောက်ကထပြီး သီချင်းကို ဆက်ဆိုလိုက်တယ်။

"There's always gonna be mother mountain.
I'm always gonna wanna make it move
Always gonna be an uphill battle
Sometimes I'm gonna have to lose
Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb."

"The struggles I'm facing
The chances I'm taking
Sometimes might knock me down, but
No I'm not breaking"

တယောက်တည်းဆိုနေတဲ့ သီချင်းသံကနေ နှစ်ယောက်အသံ ဖြစ်လာတယ်။

"I may not know it, but these are the moments that
I'm gonna remember most, yeah
Just gotta keep goin',
And I, gotta be strong
Just keep pushing on, 'cause

နှစ်ယောက်ဆိုနေတဲ့ သီချင်းသံမှ သုံးသံ၊ လေးသံ၊ ငါးသံ။ သုံးယောက်၊ လေးယောက်၊ ငါးယောက်။ သူတို့တစ်ဖွဲ့လုံး သီချင်းကို သံပြိုင်သီဆိုကြလေပြီ။

"There's always gonna be mother mountain.
I'm always gonna wanna make it move
Always gonna be an uphill battle
Sometimes I'm gonna have to lose
Ain't about how fast I get there
Ain't about what's waiting on the other side

It's the climb."

It's the climb."

သီချင်းဆုံးတော့ သူတို့ တယောက်ကို တယောက်ကြည့်ပြီး အားရပါးရ ရယ်လိုက်ကြတယ်။ လွတ်လပ်မှု၊ ပေါ့ပါးမှု၊ ပျော်ရွှင်မှု၊ လွင့်မြောမှုတွေနဲ့ သူတို့။ တောင်တွေကို သူတို့ခြေဖဝါးနဲ့ ဖိနင်း ထားရင် Miley Cyrus ရဲ့ The Climb သီချင်းကို သံပြိုင်ဆိုနေတဲ့ အခိုက်အတံ့ဟာ သူတို့ ရှာဖွေနေတဲ့ တောင်တက်သမားဘဝရဲ့စိတ်ကျေနပ်မှု တစိတ်တဒေသပေလား။

"ဒီမြင်ကွင်းမျိုး၊ ဒီလို ခံစားမှုမျိုးက ငါငယ်ငယ်ကတည်းက မက်ခဲ့တဲ့အိပ်မက်တွေပဲ။ ကြည့်ပါဦး တိမ်တွေက ငါတို့နားမှာ၊ တောင်တွေက ငါတို့ဖဝါးအောက်မှာ အခုလို လွင့်ထွက်သွားမတက်တိုက်နေတဲ့လေတွေ ငါ့မျက်နှာကို ပွတ်သပ်တိုးဝှေ့နေတာ သိပ်မိုက်တဲ့ ဖီး(Feel)ပဲကွာ။

လက်နှစ်ဖက်ကို ဆန့်တန်းရင်း တောင်စောင်းတခုကို မျက်နှာမူထားရာမှ တယောက် က ပြောနေခြင်း ဖြစ်တယ်။ အားလုံးကလည်း သူ့လိုခံစားမှုကို သူနဲ့အတူ တိတ်ဆိတ်စွာ ခံစား နေကြတယ်။ ဒါ သူတို့ တောင်တက်ခြင်းရဲ့ အန္တိမပန်းတိုင်လား။ ဒါမှမဟုတ် မဟုတ်သေး ဘူးလား။

ညိုမှိုင်းဝေ(သနပ်ပင်)


တိုးနှောင်မိုး - ဟော့ပေါ့

$
0
0


တိုးနှောင်မိုး - ဟော့ပေါ့
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆

ငါ စားနေတယ်
ငါ ဟော့ပေါ့စားနေတယ်
ငါ့ အသားတွေကို လှီးလှီးထည့်ပြီး
ငါ ဟော့ပေါ့စားနေတယ်
မီးပူပူပေါ်ကအိုးထဲမှာ ကျက်သွားတဲ့ ငါ့အသားတွေကို
ငါကိုယ်တိုင်မြည်းစမ်းပြီးစားနေတယ်
ကမ္ဘာက စစ်မီးတွေနဲ့ လောင်နေပြီ
ငါကဟော့ပေါ့စားနေတယ်
တယောထိုးနေတဲ့နီရိုးဘုရင်ကြီးလည်း
ငါနဲ့အတူ
သူ့ အသားသူလှီးပြီး
ဟော့ပေါ့စားနေတယ်
ငါသိလိုက်တာတခုပဲ
လူတွေဟာဟော့ပေါ့အိုးထဲကိုခုန်ချပြီး
သူတို့ အသားသူတို့ စားစားနေကြတယ်
ဟော့ပေါလုပ်စားနေကြတယ်။ ။

မူးယစ်ဆေးဝါးနှင့် မောင်မိုးသူ

$
0
0

မူးယစ်ဆေးဝါးနှင့် မောင်မိုးသူ 

(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ အောက်တိုဘာ ၁၃၊ ၂၀၁၆
 
မူးယစ်ဆေးဝါးနှင့် မောင်မိုးသူဆောင်းပါး မရေးခင်မောင်မိုးသူရဲ့မိတ်ဆွေ ရဲဘော်ကြီး ကာတွန်းဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ၊ ပန်းချီဆရာ၊ စကားပြောဆရာ အစရှိတဲ့စွယ်စုံရ အနုပညာရှင်ကြီးလို့ ကျော်ကြားထင်ရှားတဲ့ ဝင်းဖေရဲ့ကာတွန်းနဲ့ ဝင်းဖေအကြောင်း ပြောချင်ပါတယ်။

မောင်မိုးသူရဲ့မိတ်ဆွေ ရဲဘော်တွေထဲမှာ ဝင်းဖေ နှစ်ယောက်ရှိပါတယ်။ သူတို့ကတော့ ကဗျာဆရာ မောင်စွမ်းရည်ခေါ်ဝင်းဖေနဲ့ စွယ်စုံပညာရှင်လို့ ထင်ရှားတဲ့ဝင်းဖေဖြစ်ပါ တယ်။ သူတို့နှစ်ယောက်ဟာ မြန်မာပြည်က ထွက်ပြေးပြီး အမေရိကန်မှာ တိမ်းရှောင် နေဖူးပါတယ်။ အဲသည်မှာပဲ ကွယ်လွန်သွားရှာတဲ့ တင်မိုးနဲ့ပေါင်းမိပါတယ်။ အဆိုတော်ကြီး မာမာအေးနဲ့ သွားပေါင်းမိပါတယ်။

သူတော်ချင်းချင်း သီတင်းလွေ့လွေ့လို့ ဆိုရမလားပဲ။ သူတို့သုံးယောက်ပေါင်းပြီး ကမ္ဘာကိုလှည့်ကာ ဟောပြောပွဲတွေလုပ်ကြတဲ့ သတင်းတွေလည်းဖတ်ရ၊ ကြားရပါတယ်။ ဝင်းဖေနှစ်ယောက်ပေါင်းပြီး သက်ကြီးစကားဆိုတဲ့ အစီအစဉ်မှာတစ်ယောက်တစ်လှည့် ပြောခဲ့ဟောခဲ့ကြဖူးပါတယ်။

အဲသူတို့နှစ်ယောက်ပေါင်းပြီး အမေရိကားမှ ပြုလုပ်တဲ့ ကဗျာပြိုင်ပွဲမှာ မောင်မိုးသူရဲ့မြေး ဘွန်းဘွန်း မောင်မိုးသူရေးတဲ့ ကဗျာကိုရွတ်တာကို သူတို့နှစ်ယောက်ကဆုပေးသတဲ့။

မောင်မိုးသူ ရန်ကုန်မြို့မှာ တစ်ကိုယ်တော် ပန်းချီပြပွဲလုပ်အပြီး မန္တလေးမှာတစ်ကိုယ် တော်ပြပွဲကို ကွယ်လွန်သူ ပန်းချီဆရာကြီးဦးအောင်ခင်ရဲ့သမီးမချိုရဲ့ပြခန်းမှာပြနေတုန်း အမေရိကားရောက်နေတဲ့ ဝင်းဖေက သြော်….. ခင်ဗျားက ကျုပ်မရှိတော့ ပန်းချီတွေ ဘာတွေရေးရဲတာပေါ့လေလို့ စကားနာထိုးသရော်ဖူးပါတယ်။

ထားပါထားပါ၊ အဲသည်လို စွယ်စုံရအနုပညာရှင်ကြီး ဝင်းဖေရဲ့အကောင်းဆုံး အထက်မြက်ဆုံးဟာ ကာတွန်းလို့ မောင်မိုးသူယူဆပါတယ်။ ဝင်းဖေဟာ ကာတွန်းတွေ တရားဝင်စရေးဖြစ်တာ မောင်သာနိုး၊ မောင်မိုးသူတို့ ထုတ်ဝေတဲ့ခေတ်ဂျာနယ်မှာ ဖြစ်ပါတယ်။ ခေတ်ဂျာနယ်ရဲ့ မျက်နှာဖုံးကအစ သရုပ်ဖော်ပုံတွေရော ကြော်ငြာပါ ရေးပေးရတဲ့သူက ဝင်းဖေဖြစ်ပါတယ်။

ပထမဆုံး ဝင်းဖေရေးပေးတဲ့ ခေတ်ဂျာနယ်အတွက် ကြော်ငြာကတော့နောက် ကျောပေးနေတဲ့ ကြောင်အနက်ကြီး ပုံပါပဲ။ စာကတော့ တစ်ကြောင်းတည်းပါ။ ကြောင် မနေနဲ့ ခေတ်ကိုဖတ်တဲ့။ ဒါပါပဲ။ ပရိသတ်လည်း အူကြောင်ကြောင်အောင်ကြူကြူ ဖြစ်သွားပြီး သူတို့ကိုယ်တိုင်လည်းကြောင်နေလို့ မဖြစ်တော့ဘူးလို့ယူဆကြသလား မသိပါဘူး၊ ခေတ်ဂျာနယ်ကိုဖတ်ကြပါ တယ်။

ခေတ်ဂျာနယ်ရဲ့ ပထမဆုံးနံပါတ်(၁)ဟာ ဩဂုတ်လ ၈ ရက်နေ့ ဟီရိုရှီးမားနေ့ ထုတ်ဖြစ်ပါတယ်။ ဝင်းဖေရဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးများရဲ့ ကယ်ရီကေးချားရုပ်ပုံတွေနဲ့ ဖြစ်ပါတယ်။ ခေတ်ဂျာနယ်ထုတ်ဝေခဲ့တာဟာ ခြောက်လပဲခံပါတယ်။ သုံးလမှာ အယ်ဒီ တာဖြစ်တဲ့ မောင်သာနိုးကိုဖမ်းသွားပြီး ခြောက်လအကြာမှာတော့ထုတ်ဝေခွင့်ကိုပိတ် လိုက်လို့ ခေတ်ဂျာနယ်ရပ်ဆိုင်းခဲ့ရပါတယ်။

ခေတ်ဂျာနယ်ရပ်သွားတော့မှ အဲသည်အချိန်လူထုမှာ ရောက်နေပြီးသားဖြစ်တဲ့ပေါ်ဦး သက်ရှိတဲ့ လူထုကိုဝင်းဖေရောက်သွားပြီး အင်မတန်ပြောင်မြောက်တဲ့ ကာတွန်းတွေကို ပေါ်ဦးသက်နဲ့ ၀င်းဖေတို့ ရေးကြပါတယ်၊ ဆွဲကြပါတယ်။ ကာတွန်းမှာတော့ ဝင်းဖေက ပိုပြီး စူးရှတယ်လို့ထင်ပါတယ်။ သူတို့နှစ်ယောက်စလုံးက အမေရိကန်ကထုတ်တဲ့ MAD မဂ္ဂဇင်း ကို အရူးအမူးစွဲလမ်းကြပြီး အရူးစိတ်ကူးရှိကြလို့လည်းဖြစ်နိုင်ပါတယ်။

ဝင်းဖေရဲ့ လူထုမှာပါတဲ့ ကာတွန်းတွေကို မနက်တိုင်းမောင်မိုးသူတို့တစ်တွေ လက်ဖက်ရည်ဝိုင်းမှာ ထိုင်ထိုင်ဝိုင်းဖွဲ့ပြီး ချီးမွမ်းခန်းဖွဲ့ကြတာကို ဝင်းဖေကလန့် လာတယ်ထင်ပါရဲ့။ သူက ကာတွန်းတစ်ကွက်ရေးပါတယ်။ ကာတွန်းပုံကြွက်ကလေး တစ်ကောင်ဖြစ်ပါတယ်။ ကြွက်ကလေးက ဘာပြောသလဲဆိုတော့ ခင်ဗျားတို့က ကျုပ်ကို ယုန်ထင်ကြောင်ထင်ထင်နေကြတာပါ၊ ကျုပကြွက်ပါလို့ ရေးဖူးပါတယ်။

ဝင်းဖေရဲ့ လူထုကာတွန်းတွေဟာ ပြောင်မြောက်လွန်းလို့ ဝင်းဖေနဲ့လူထုဆိုပြီး စုပေါင်းစာအုပ်ထုတ်ရတဲ့အဖြစ်ကို ရောက်ခဲ့ပါတယ်။ ဝင်းဖေရဲ ပြောင်မြောက်တဲ့ ကာတွန်းတွေကတော့ အများကြီးပေါ့လေ။ ဒါပေမဲ့ သည်ဆောင်းပါးအတွက် ရွေးချယ်ထားတဲ့ ဝင်းဖေရဲ့ကာတွန်းကသည်လိုပါ။ လူနှစ် ယောက်၊ တစ်ယောက်ကခွေးပိုင်ရှင်၊ တစ်ယောက်က ကြောင်ပိုင်ရှင်။ အဲသည်ကြောင် နဲ့ခွေးနှစ်ကောင်အနက် ခွေးကကြောင်ကိုကြောက်ပြီး သစ်ပင်ခွကြားမှာတက်ပြေးတဲ့ ပုံပါပဲ။ ဒါကိခွေးပိုင်ရှင်က ဘာပြောသလဲဆိုရင်ဘာပဲပြောပြောကွာ ငါ့ခွေးသစ်ပင်တက် နိုင်တာတော့ငါဂုဏ်ယူတယ်လို့ပြောလိုက်တဲ့ ကာတွန်းပါပဲ။ မရောင်ရာ ဆီလူး၊ မဟုတ် တဲ့နေရာမှာ အစွမ်းပြတတ်တဲ့ ကိစ္စမျိုးနဲ့ကြုံလာရင်၊ တွေ့လာရင် မောင်မိုးသူတို့တစ်တွေ က ဘာပဲပြောပြော ငါ့ခွေးက သစ်ပင်တက်နိုင်တယ်လို့ ဂုဏ်ယူစကားပြောလေ့ရှိပါတယ်။

အခုလည်း မူးယစ်ဆေးဝါးနဲ့ မြန်မာပြည်အကြောင်းရေးမယ်ဆိုတော့ ၀င်းဖေရဲ့ ကာတွန်း ထဲကလိုပါပဲ ငါ့ခွေးသစ်ပင်တက်နိုင်တာကို ဂုဏ်ယူတဲ့သဘောမျိုးပဲလေ။ မူးယစ်ဆေးဝါးကိစ္စမှာဘိန်းစိမ်း၊ ဘိန်းဖြူတို့တုန်းကလည်း မြန်မာပြည်ကထိပ်ဆုံးက ဖြစ်သလို အခုဆေးပြားမှာလည်း ထိပ်ဆုံးသဗျဖြစ်နေသကိုးခင်ဗျ။ သည်တော့ ဘာပဲပြောပြော မူးယစ်ဆေးဝါးမှာတော့ တို့မြန်မာပြည်က ထိပ်ဆုံးကကွလို့ ဂုဏ်ယူနေ မိတာ ဖြစ်ပါတယ်။

အဲနောက်တစ်ခုက ရှိသေးတယ်ခင်ဗျ။ မြန်မာနိုင်ငံရဲ့ဘိန်းခေတ်ကြီးမှာ ဘိန်းဘုရင် လော်စစ်ဟန်တို့၊ ကိုးကန့်ကဖုန်ကြားရှင်တို့၊ ဝ တို့ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်း တွေမဟုတ်လား။ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ဖြန့်ချိတဲ့နေရာမှာ လက်နက်ကိုင် များမှသာ လုပ်ကိုင်နိုငတယ်ဆိုတဲ့ အယူအဆတစ်ခု မောင်မိုးသူယုံကြည်စွဲလမ်းသွားတယ် ခင်ဗျ။

မောင်မိုးသူကလည်း ခပ်ကြောင်ကြောင်ပဲလေ။ ဒါကြောင့် ဂုဏ်ယူစွာဖြင့်ပြောရမယ်ဆိုရင် မူးယစ်ဆေးဝါးနှင့် မောင်မိုးသူဖြစ်ပါတယ်။

မောင်မိုးသူ

ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလား နဲ့မေးခွန်းများ - အပိုင်း (၆)

$
0
0

ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလား နဲ့မေးခွန်းများ - အပိုင်း (၆)
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆

(ဈ) အချိန်အတိုင်းအတာထက် ကျော်လွန်လာရင် ငြိမ်းချမ်းရေးစားပွဲကို မရောက်လာနိုင်တဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ အနာဂတ် ဘယ်လိုလဲ၊
ဒီမိုကရေစီခေတ်မှာ လူထုဟာ မျက်စိဖွင့် နားပွင့်လာပြီဖြစ်ရာ ဘယ်သူက လူထုအတွက်လုပ်တာလဲ။ ဘယ်သူက အာဏာရှင်ဖြစ်နေလဲဆိုတာ ဖြစ်စဉ်တွေက ပြောလာပါတယ်။ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး ဆန္ဒပြပွဲတွေကို ၂ ဘက်စလုံးက ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ တပ်မတော်ဘက်ကို ထိုးစစ်တွေ ရပ်ဖို့ တောင်းဆိုကြသလို၊ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ဥပဒေမဲ့ မလုပ်ဖို့ ဆန္ဒထုတ်ဖော်လာကြတာတွေလည်း တွေ့ရပါတယ်။ လူထုသာမက နိုင်ငံတကာကပါ အသိအမှတ်မပြု ၊ မထောက်ပံ့တော့ဘဲ ဆန့်ကျင်မှုတွေ တိုးလာရင် စားပွဲဝိုင်းကို မရောက်လာပါက ငြိမ်းချမ်းရေး မလိုလားသူ အဖြစ် စွပ်စွဲခံရနိုင်ပါတယ်။

တပ်မတော်ဘက်ကလည်း ၎င်းတို့ ကျင့်သုံးနေကျ ရှေးဦးစွာ အပယ်ခံ ပစ်ထားကာ ဖြတ်လေးဖြတ် ဖြင့် စက်ဝန်းကို တတ်နိုင်သမျှ တဖြေးဖြေးခြင်း ချုံလာပြီး ခြေလှမ်းမှားတာနဲ့အကြမ်းဖက်ခေါင်းစဉ် တပ်တပ်၊ မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြစ်ဖြစ် သတ်မှတ်ပြီး ချေမှုန်းလာမည်လားလို့ မှန်းဆနိုင်စရာ ရှိပါတယ်။ တပ်မတော်ဘက်တော်သားဆိုသူတွေက ဆိုရှယ်မီဒီယာတွေကနေ စိတ်ဓါတ်စစ်ဆင်ရေးနည်ဗျုဟာ ကျင့်သုံးနေတာလည်း တွေ့ရပါတယ်။ လက်ရှိအစိုးရဟာ အာဏာရှင်မဟုတ်ဘဲ လူထုတင်ထားတာဖြစ်လို့ လက်ရှိ စစ်ပွဲတွေဟာ လူထုအစိုးရအတွက် တပ်မတော်က တိုက်နေရတာဆိုတဲ့ ရှု့ထောင့် အမြင်တွေလည်း ရှိနေပါတယ်။ တပ်မတော်က ထောက်လှမ်းရေးကွန်ယက်နဲ့ အထောက်အထားပြင်ဆင် စုဆောင်းထား နိုင်လောက်ပါတယ်။ soft powerနဲ့hard power ရောထားတဲ့ smart power သုံးနိုင်ပါတယ်။

ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်ကလည်း မီဒီယာမှာ NCA သူတို့ လက်ခံသင့်တယ်လို့ အောက်ပါ အတိုင်း ပြောသွားပါတယ်။

“စစ်အစိုးရခေတ် ကျနော်တို့ ထောက်လှမ်းရေးတွေ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးေ ဆွးနွေးပွဲတွေမှာ ၁၉၈၉ ခုနှစ်ကစပြီး ၉၃၊ ၉၄ အထိ တစိုက်မတ်မတ် ကိုင်စွဲ ထားခဲ့တာက လက်နက်ကိုင် လမ်းစဉ်စွန့်ပြီး ဥပဒေဘောင် အတွင်းဝင်ရမယ် ဆိုတာကို ကျနော်တို့ ကိုင်စွဲပြီးတော့မှ ငြိမ်းချမ်းရေး လုပ်ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ကေအိုင်အေဆိုရင် လက်မှတ်ထိုးပြီးတော့ သဘောတူခဲ့ပါတယ်။ ၀၊ မွန် အစရှိတဲ့ အဖွဲ့ပေါင်း (၁၇) ဖွဲ့ဟာ ဒီဥစ္စာကိုသဘောတူပြီးတော့မှ အမျိုးသား ညီလာခံကို တက်ရောက်ခဲ့တဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော်ပြောချင်တာက အခုတပ်မတော်က တောင်းတဲ့ လက်နက်ကိုင်လမ်းစဉ်ဆိုတဲ့ စကားလုံးမျိုးက အင်မတန်မှ ပျော့ပြောင်းတဲ့ အနေအထားမျိုး ရှိပါတယ်။ တချိန်တခါက ပြင်းထန်တဲ့ စကားလုံး ကိုတောင်မှ တိုင်းရင်းသားအဖွဲ့အားလုံးက လက်ခံပြီးတော့မှ အမျိုးသားညီလာခံကို တက်ခဲ့ကြပါတယ်။ လက်နက်ကိုင် လမ်းစဉ်ဆိုတဲ့ စကားလုံးနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုတဲ့ စကားလုံးဟာ အသွင်သဏ္ဍာန် အဓိပ္ပါယ် အနှစ်သာရ အားဖြင့် အများကြီးကွာ ပါတယ်။ လက်နက်ကိုင် ပဋိပက္ခဆိုတာက တဦးနဲ့တဦး ပစ်ကြခတ်ကြလို့ ဖြစ်တာ။ ကျနော့် အနေနဲ့ပြော ရမယ်ဆိုရင် ဒီ ( AA,TNLA,NDAA) တိုင်းရင်းသား အဖွဲ့သုံးဖွဲ့ ကနေ သဘောတူမယ် ဆိုရင်လည်း ဒီလက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်တယ် ဆိုတာကို သဘောတူ လိုက်တာက သူတို့အတွက် ဘာမှ ဂုဏ်သိက္ခာ ကျစရာ မရှိပါဘူး။”

UNFC က ထိပ်ပိုင်းခေါင်းဆောင်အချို့က မိမိတို့ အကျေအလည်ဆွေးနွေးသဘောတူခဲ့တဲ့ NCA စာချုပ်ကိုပင် ထပ်ပြီးပြင်ချင်သေးတယ်။ အဲဒါအပြင် အခြားတောင်းဆိုထားတဲ့ အချက်တွေမပါရင်ဘဲ လက်မှတ်မထိုးဖူးလို့ ထပ်ပြောနေတာဟာ power Game ကစား၊ ပင်လုံညီလာခံကို အမြတ်ထုတ်တယ်လို့ တပ်မတော်လိုလားသူတွေဘက်က ကောက်ချက်ပေးတာ ကြားရပါတယ်။ ညီလာခံမှာ သူတို့တင်ပြသွားတာတွေကို ပြည်သူလူထုနဲ့ နိုင်ငံတကာက ရုပ်သံက တိုက်ရိုက် မြင်တွေ့ ကြားသိကြရတဲ့အတွက် အမျိုးမျိုးသော တုန့်ပြန်သံတွေကို ကြားရတာဟာ လူထုအတွက် အမြတ် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တပ်ချုပ်တို့မှာ ကြိုတင်တွက်ဆပြီးဖြစ်သလို ဖြေရှင်းဖို့နည်းဗျူ ဟာ ရှိနိုင်လောက်ပါတယ်။ မကြာခင် တရုတ်စစ်ကော်မရှင် ဒုဥက္ကဌ က တပ်ချုပ်ဆီ လာတွေ့တာက နယ်စပ်ကိစ္စတွေအများဆုံး ပါနိုင်ပြီး စိတ်လှူပ်ရှားစရာကောင်းပါတယ်လို့ တပ်မတော် အရာရှိအသိုင်းအ၀ိုင်းက မှတ်ချက်ပေးကြပါတယ်။

တပ်ချုပ်က လက်ရှိ တိုင်းရင်းသားနယ်မြေတွေမှာ စစ်မက်ဖြစ်ပွားနေတာကို အချက် ၃ ချက်ကြောင့်လို ပြောသွားပါတယ်။ အဲသည်အချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်အရာရှိကြီး (ငြိမ်း) တဦးကို မေးကြည့်ပါတယ်။ တစ်အချက် တိုင်းပြည်သယံဇာတွေ ခိုးထုတ်နေတာကို ဟန့်တားနိုင်ဖို့ တိုက်တယ်ဆိုတာကတော့ KIA ကို ရည်ရွယ်တာဖြစ်နိုင်ပါတယ်။ နှစ်အချက် အချုပ်အခြာ အာဏာကို ခြိမ်းခြောက်လို့ ဆိုတာကတော့ DKBA ခွဲထွက်တွေကို ဆိုတာဖြစ်ပါတယ်။ သုံးအချက် မူးယစ်ဆေးဝါးပြသနာတွေနဲ့ ပတ်သက်တယ်ဆိုတာဟာ RCSS အဖွဲ့တွေဟာ တနည်းတဖုံ ပတ်သက်နေလို့ ဆိုချင်ပုံရတယ်လို့ သူက မှတ်ချက်ပေးပါတယ်။ သို့သော်လည်း သည်အချက်တွေကို အစိုးရ၏ ပြန်ကြားရေးဝန်ကြီးကဖြစ်စေ၊ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးကဖြစ်စေ ကိုင်တွယ်ပြီး ပြည်သူလူထုနဲ့ သတင်းမီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့် ချပြဖို့ လိုမယ် ထင်ပါတယ်။

လတ်တလော အောက်တိုဘာ ဒုတိယပတ်မှာတင် ရခိုင်ပြည်နယ်၊ မောင်တောမှာ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာပါတယ်။ အဲသည် အနောက်ဖက်တံခါး လုံခြုံရေး ကိစ္စ ရှေ့တန်းရောက်လာတဲ့ဆီမှာ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်ကို မထိခိုက်စေဘဲ လူထုအစိုးရနဲ့ လူထုအကျိုးစီးပွားကို အကာအကွယ်ပေးတဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော်ရဲ့ အခမ်းကဏ္ဍကို ပေါ်လွင်အောင် ဆောင်ရွက်ပြနိုင်မယ်ဆိုရင်ဖြင့် နိုင်ငံတကာမှာကော တိုင်းရင်းသား ပြည်သူတွေအားလုံး အမြင်ကို ရှင်းလင်းစေနိုင်မယ့် အခွင့်အရေး ရှိကြောင်း တင်ပြလိုက်ရတယ်။

(ပြီးပါပြီ)
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>