Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မောင်အောင်မွန် ● ကြည်အေး

$
0
0

မောင်အောင်မွန် ● ကြည်အေး
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂ဝ၁၈

(၁)
ငယ်နာမည် ကြည်ကြည် ကွယ်လွန်ချိန် နာမည် ကြည်ကြည်တင်မြင့်၊ ကာယကံရှင်ကိုယ်တိုင် ရွေးထားသည့် ကလောင်အမည် ကြည်အေးဟုသာ ကျွန်တော်ရေးသားပါမည်။ ထို့ပြင် ကြည်အေးဘဝထက် ကြည်အေး၏စာကိုသာ အဓိကထားမှာကိုး။

အောက်တိုဘာလ (၂၄) ရက်နေ့ လက်ထပ်ပြီး၊ ရှမ်းပြည်သို့ Honeymoon ပျားရည်စမ်းထွက်ပြီး ကျွန်တော်ပြန်လာစအချိန်၊ ဆရာထင်လင်းက မိတ်ဆက်ပေး၏။ ကျွန်တော်လည်း ဝမ်းသာအားရနှင့် ကလောမှာ သူ့စာတွေဖတ်ကြောင်း ပြောပြလိုက် ရာ ကိုအောင်မွန်ရယ် Honeymoon ထွက်ချိန်မှာများ ကြည်အေးဝတ္ထု ဖတ်ရတယ်လို့ဟု ရယ်ပြီးပြောသည်။

အပျော်ဆုံးအချိန်မှာ အကြိုက်ဆုံးစာ ဖတ်တာလေ။

ကျွန်တော့်ဖြေပုံကို ကြည်အေးနှင့် အားလုံးသဘောကျသွားကြ၏။

(၂)
အမှန်မတော့ ၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ်ရောက်မှ ကြည်အေးဝတ္ထုတွေ စဖတ်ဖူး၏။

မီကိုဖတ်ပြီး ကြိုက်၏။ နွမ်းလျအိမ်ပြန်ထဲက တင်မေဘဝ အဖြစ်ဆိုးအောင် ဖြစ်စေသည့် အဖေဆိုး အမေဆိုးကို သရုပ်ဖော် ရေးရဲပုံ အံ့သြကြရသည်။ နောက်တော့ ရှုမဝမဂ္ဂဇင်းထဲမှာပင် ဖုန်းသက်တိုင် ဝတ္ထုရှည်ပါလာရာ တက္ကသိုလ်လောကတွင် အ တော်ဂယက်ရိုက်သွား၏။

ကျွန်တော်တို့ခေတ်က တက္ကသိုလ်နယ်မြေဝယ် ရသစာပေ ထွန်းကားသီးပွင့်၍ စာတိုပေစရေးကြ ကလောင်သွေးကြသူတွေ ကလည်း များပါဘိ။ နိုင်ငံရေး အတွေးအမြင်နှင့် စာပေရောစပ်ကြသူတွေလည်းရှိ၏။
ကြည်အေး၏စာများသည် ပြည်သူအတွက်မဟုတ်ဟုဆိုသံများလည်း ကြားရ၏။
ကျွန်တော်လည်း ဝတ္ထုတိုများရေးသားရင်း မောင်အောင်မွန်ဖြစ်လာပြီ။
စာပေလောကထဲ နေရာယူထားသူ စာရေးဆရာကြီးအချို့က ကြည်အေးကိုမကြိုက်ကြ၊

ကြည်အေးလို စာဖတ်အားကောင်း၊ အတွေးပြတ် အရေးရဲကြသူတွေမှ မဟုတ်ကြပဲကိုး။

စာအုပ်တွေကို အိပ်ရမှန်းမသိ၊ စားရမှန်းမသိနဲ့ စာဖတ်တာဟာ ကျွန်မရဲ့ဘဝမှာ အသက်ရှင်ဖို့စားရ၊ သောက်ရ၊ လေရှူရသလို မရှိမဖြစ်တဲ့ အာဟာရဖြစ်သွားတယ်ဟု ကြည်အေးကိုယ်တိုင်ရေးဖူး၏။ သခင်ဘသောင်း၏ ပန်းသာမစာအုကို အခါ (၁ဝဝ) နီးပါးဖတ်ဖူးသူ ကြည်အေးလေ။

စစ်ကြီးဖြစ်တော့ (၁၁) နှစ်အရွယ် ၃ တန်းနှင့် ကျောင်းထွက်ခဲ့ရ။ ကုလားကျောင်းဆရာကြီး K.K. Mitra က အခမဲ့ လက် ဖက်ရည်တိုက်၊ ဘစ်စကစ် သစ်သီးယိုသုပ်ကျွေးပြီး သင်ပေးလို့ Golden Treasury ထဲက ကဗျာတွေ အလွတ်ရ၊ စကားပြေ ပြန်ရေးတတ်နေသူ ကြည်အေး ၁၉၆၂-၆၃ ခု၊ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဋ္ဌနမှာ နည်းပြဆရာမဖြစ်လာချိန် အဲဒီ Golden Treasury ကို B.A. တန်း ပြဋ္ဌာန်းစာအုပ်အဖြစ် မြင်လိုက်ရပေမည်။

အဲ ဒါကြည်အေးပါ။ မကြိုက်နိုင်သူများ အားကျသူများ အသီးသီးရှိကြနိုင်ပါ၏။

(၃)
ကွန်မြူနစ် သူ့အစ်ကိုကြီးအား ချစ်ကြည်ညိုသူ (၁၃) နှစ်သမီး ကြည်အေးက ကားလ်မတ်နှင့် အိန်ဂျယ်တို့၏ စာအုပ်များဖတ်၏၊ သို့သော် နားမလည်ဟုရေးဖူးရာ၊ ကျွန်တော်လက်ဝဲကျောင်းသားဘဝ ကားလ်မတ်၏ Capital စီပွားရေးကျမ်းကြီး Dictionary အားကိုးနှင့် ကြိုးစားဖတ်ရာ ဘာမှနားမလည်၊ ဂျွမ်းထိုးမှောက်ခုန် ဖြစ်ခဲ့ရပုံ ပြန်တွေးမိသည်။

၁၉၅ဝ ခုလွန်နှစ်များတုန်းက ကဗျာရွတ်ခြင်း မထွန်းကားသေးပါ။

သို့သော်လည်း ကြည်အေး၏ ကဗျာတပိုင်းတစဖြစ်သော ...
တနွေကူးမယ်လို့
နှစ်ဦးအသာလှယ်တော့ကို
စိန်ပန်းနီနီခြယ်သမို့
စိတ်ငယ်သူ အပူကြွချိန်မှ
ဆိုခဲ့တယ်သူက
ဘဝတိုတို လျှောက်ချင်သတဲ့ ... ကို သီချင်းလို တနှုတ်၌ ရေပန်းစားနေကြသည်။

ဖုန်းသက်တိုင်ထဲက မေမေစိန်က ကြည်အေးဆိုလျှင် အဲ့ .. ကိုဖုန်းခင် မည်သူနည်း။

စာရေးဆရာပေါက်စ ကျွန်တော်တို့တတွေ ကြည်အေးကို အလွန်အမင်းသဘောကျနေပုံဟန်ဆောင်ရန် အကြောင်းမမြင်၊ အဘယ့်ကြောင့် ဖုန်းကွယ်နေရပါမည်နည်း။

ထို့ကြောင့် ၁၉၆၁ ခု၊ လန်ဒန် BBC မှာ တနှစ်လုပ်ပြီး ကြည်အေးပြန်လာရာ အစ်ကိုသန်းဆွေက ကျွန်တော့်အား မောင်ရင့် ကိုးကွယ်ရှင်မပြန်လာပြီဟု ပြောပြဖူး၏။

(၄)
၁၉၇၂ ခု၊ဒီဇင်ဘာလက အမေရိကန်နိုင်ငံသို့ရောက်လာပြီး ရုန်းကန်ရင်း ချီကာဂိုမြို့တွင် အလုပ်သင်ဆရာဝန်၊ နယူးယောက် မှာ စိတ်ရောဂါလေ့လာ၊ ၁၉၈၆-၈၈ ကျတော့ စင်စင်နတီတက္ကသိုလ်၌ အပျို လူပျိုတို့၊ မိသားစုဆိုင်ရာ စိတ်ရောဂါများ အထူး ကုဆရာဝန်ကြီးနှင့် ကထိကဖြစ်ခဲ့သည်ဟု ဆို၏။ အင်္ဂလန်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကဆေးရုံများတွင် သွားလုပ်ပြီးနောက် ၂ဝဝ၁ ခု၊ ၌ အနားယူကာ ကြည်အေးသည် အမေရိကန်မှာ စာရေးနေသည်။

၁၉၉၅ ခု၊ အောက်တိုဘာလတွင် VOA မြန်မာပိုင်း၌ အလုပ်ရ၍ ကျွန်တော် Washington DC သို့ရောက်လာ၏။

စင်စင်နတီတက္ကသိုလ်ဆေးရုံမှ စိတ်ရောဂါအထူးကု ဆရာဝန်မလေးသည် ကျွန်တော့သူငယ်ချင်းသမီး၊ သည်လိုနှင့် တယ်လီ ဖုန်းနံပါတ်ရ၍ ကြည်အေးနှင့် ဆက်သွယ်မိပြီ။ မောင်အောင်မွန်ကိုမသိ၊ မမှတ်မိ၊ ကိစ္စမရှိ။ ကျမပညာသည် ဝတ္ထုထဲက လူပြက်နာမည် ကိုပဏ္ဍဂစ်ဟုဆိုလက်သောအခါ အံ့သြဝမ်းသာသွားပြီး အန်တီ့စာတွေသိပ်ကြိုက်တာပဲလို့သာ ပြောနေကြ တာ၊ ဖတ်ဖူးကြပုံမပေါ်ဘူးဟု ကြည်အေးကပြောသည်။ ထိုအခါအခြားဝတ္ထုတွေထဲက ကျွန်တော်အများကြီး ပြောလိုက် သည်။

အဘယ် စာရေးဆရာသည် သူ့စာတွေထိုသို့ မှတ်နေသည်ကို မနှစ်သက်ပဲ နေပါမည်နည်း။

လိုလိုလားလားရှိသမို့ မကြာခဏ ကြည်အေးထံ မကြာခဏ ဖုန်းဆက်စကားပြောကြရာ တနာရီမက ကြာချင်ကြာတတ်၏။ သားငယ်နှင့် နေနေကြောင်း၊ စိုက်ခင်းခြံလည်းရှိကြောင်း၊ လာလည်စေချင်ကြောင်း ဖိတ်သည်။ ခွင့်ရက်မရှိ၍ ကျွန်တော် မသွားဖြစ်။ နယူးယောက်က သမီးထံသွားသည့်အခါ လာတွေ့ပါဟုလည်း ကြည်အေးကပြောသည်။

ဆရာရင်း တက်တိုး၊ မင်းသုဝဏ်၊ နုယဉ်၊ ဦးခင်မောင်လတ်၊ ခင်မျိုးချစ်၊ ထင်လင်း၊ ဒဂုန်တာရာ စသူတို့မှတပါး အခြားစာရေး ဆရာများနှင့် ဆုံဖူးခြင်းသိပ်မရှိလှ၊ ရှုမဝဦးကျော်ကိုပင် (၂) ကြိမ်သာမြင်ဖူးသတဲ့။ အခင်မင်ဆုံးက သန်းဆွေ၊ သူကသာ မိမိရေးသောစာများ မဂ္ဂဇင်းတိုက်တွေပို့ပေး၊ ပါလာလျှင် စာအုပ်နှင့်စာမူခ ယူလာပေးပုံပြောပြသည်။

လွတ်လပ်ခွင့်ကို အလွန်အမင်း ခုံမင်နှစ်သက်သောကြည်အေးသည် ၁၉၆၂ ခု၊ အာဏာသိမ်း စစ်အစိုးရလက်အောက် မြန်မာ ပြည်တွင် ဆက်နေရန်မဖြစ်နိုင်၊ နိုင်ငံခြားသွားရောက် နေထိုင်နိုင်ရန် အင်္ဂလိပ်စာတော်ရုံလောက်နှင့် မလုံလောက်။ ထို့ ကြောင့် 3rd MB နှင့်ထွက်ခဲ့ရသော ဆေးသိပ္ပံတွင်ပြန်တက်၏။

၁၉၇ဝခု၊ တွင် MBBS ဘွဲ့ရ၊ ဆရာဝန်ဖြစ် ပြည်သူ့ဆေးရုံကြီး၌ လုပ်ခဲ့စသဖြင့် စနစ်တကျပြင်ဆင်ခဲ့၏။

(၅)
ကြည်အေးက အကူအညီတောင်းလာ၏။

မှန်၏မှောင်ရိပ် စိုးနှင့်ခိုင်၊ မှန်၏မှောင်ရိပ် အိမ်ဖြူလင်းသစ် စာအုပ်(၂) အုပ်ဖတ်ပြီး ဆွေးနွေးပေးပါ၊ စာအုပ်တွေ စာတိုက်ကနေ ပို့ပေးမယ်၊ ပြီးတော့ ပြန်ပို့ပေးပါတဲ့။ မပို့ပါနဲ့ဟုဆိုကာ မြန်မာပြည်သို့ လှမ်းမှာ၍ ကျွန်တော်ရ၏။ ဖတ်ကြည့်၏။ မြန်မာစာဖတ်သူ တို့အတွက် အငြင်းပွားဖွယ်ရာ Controversial ဖြစ်ပါမည်။

သူကုသခဲ့ရသော မောင်နှမ (၂) ယောက်၊ အဖေက ဝရမ်းပြေး ရာဇဝတ်ကောင်၊ သူတို့လို (၁၆) နှစ်အရွယ်တွေနှင့် အရက် သောက်၊ ဆေးခြေက်ရှူ ညဥ့်နက်အောင်ကကြရင်း တည မောင်နှမ (၂) ယောက် မူးမူးရူးရူးနှင့် မှားယွင်းကြ၏၊ အင်္ဂလိပ်လို ပီသစွာရေးသားနိုင်ပါမည်။ မဖုံးမကွယ် ဖွင့်ဟဝန်ခံသည့် စိတ်ရောဂါလူနာ၏စကားများကို မြန်မာလိုရေးသား၍ မဖြစ်နိုင်စိတ် ကူးယဉ်ဆန်ဆန်ရေးသားဟု ကြည်အေးက အမှာစာရေးသားသည်။

ကျွန်တော်ဖတ်ပြီး စိတ်မပါ၍ မဆွေးနွေးဖြစ်။

ကြည်အေး နိုင်ငံခြားသို့ထွက်သွားပြီးနောက် ရေးသားပေးပို့သော ကဗျာများဖတ်ရ၏။ ဝတ္ထုတိုများ မတွေ့ရ၊ နောက်တော့ မောင်၊ ကိုကိုနှင့် မြနန္ဒာ ဝတ္ထုရှည်၊ ခု လုံးချင်း ၂ အုပ်တွဲ။

(၆)
ကြည်အေးသည် သူ့သမီးနှင့်လာနေပြီ။

နယူးယောက်၌နေသောကျွန်တော့် တူတော်မောင်ကလည်း ကြည်အေးပရိသတ်မို့ သူလိုက်ပို့မည်ဟုဆို၍ အဆင်ပြေချိန် စောင့်ရင်း ထုံစံအတိုင်း တယ်လီဖုန်းဆက် စကားပြောဖြစ်ကြ၏။ ဝတ္ထု ကဗျာအကြောင်းဆို ပြောလို့ဆွေးနွေးနိုင်ပါ၏။ သူ လေ့လာနေသည့် ဘာသာရေးအကြောင်းကိုတော့ ကျွန်တော်လိုက်မမီ။

ကြည်အေးက Serious ဖြစ် အဆင့်မြင့်လွန်းသကိုး။

ကြည်အေး၏ကဗျာများ စာအုပ်ပအကြိမ်ထွက်လာတော့ ဝမ်းသာအားရဖြစ်မှု ရေပွက်ပမာဆိုသလို ခဏသာခံ၏။ အမှားတွေ များလွန်းလို့ပါ။ ဒုအကြိမ်ကျတော့မှ သန့်စင်သွားပြီး ကြည်အေးအမှာကိုပါ ဖတ်ကြရသည်။ မြန်မာပြည်မှ ကာရံမဲ့ကဗျာကိစ္စ အပါဝင် ကြည်အေးသဘောထာအမြင် Interview ရှည်ကြီး RFA မှ ဦးသိန်းထိုက်ဦး (ကဗျာဆရာ ထိုက်သူနိုင်) ထုတ်လွှင့် ပေး၍၊ မြန်မာပြည် ပြန်လို့မဖြစ်ရရှာ သူ့ဘဝ ရင်တွင်းပူဆွေးသံ ကြားလိုက်ကြရ၏။

ကဗျာဆရာမ စမ်းစမ်းတင်ကမူ ကြည်အေးဘဝတွင်း ပို၍ထဲထဲဝင်ဝင်ရှိ၏။

စောစောပိုင်းကတည်းက လေးနက်ရှိုင်းသော ကဗျာများရေးသူ ကြည်အေးသည် တရားအနှစ်သာရ (ဓမ္မကဗျာဟု ခေါ်ရ မလား မပြောတတ်) ရေးသားလာသည်။ ကျွန်မ အခု စာကဗျာပြန်ရေးနေသည်မှာ အရင်းခံ တိုက်တွန်းရုံမက လက်ရေးမူက စာအုပ်ဖြစ်တဲ့အထိ စီမံပြုလုပ်းပေးတဲ့ ကျွန်မထက်များစွာငယ်တဲ့ Cynthia San San Tin ကြောင့်ဖြစ်ပါတယ်။ သူ့ကျေးဇူးကြီး မားတာကို အသိအမှတ်ပြုပါရစေဟု ကြည်အေးကိုတိုင် ပွင့်ဒင်္ဂ စာအုပ်အမှာ၌ ရေးသားထားပါသည်။ ပွင့်ဒင်္ဂစာအုပ်အမှာ၌ ကိုအောင်မွန်သို့ ဓမ္မလက်ဆောင် ကြည်အေးဟု လက်မှတ်ထိုးပို့ပေး၏။

နောက်တအုပ်က ဘဝအစွန်ပါ။

သော်တာဆွေ၏ မတော်မရားရေးခြင်းခံကြရသော ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ တင့်တယ်၊ ကြည်အေး စသဖြင့် ကျွန် တော်တို့ ကြားဖူးဖတ်ဖူးခဲ့ကြပါသည်။ ထိုသူများအနက် ကြည်အေး၏ ရှင်းလင်းချေပချက် နှင်းဆီဖြူဂျာနယ်၌ ပါလာကြောင်း ကြားရ၍ ဖတ်ချင်လှသော်လည်း အဝေးမှာမို့ ကျွန်တော်လက်လှမ်းမမီ။

ခုတော့ ဆန္ဒပြည့်ဝလေပြီ။

ဖတ်ပြီးချင်း နယူးယောက်သို့ တယ်လီဖုန်းဆက်ကာ ကြည်အေးနှင့် စကားပြောဖြစ်၊ ဆွေးနွေးဖြစ်ကြ အမြင်ချင်းဖလှယ်ကြ၏။ တရားပြည့်ဝသူ သို့သော် ပုတုဇဉ်လူသား၏ ခံစာချက်၊ အဆင့်မြင့်ဝါရင့် စိတ်ရောဂါအထူးကု သမားတော်ကြီးအနေနှင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ထားပုံကား အံ့ဖွယ်ပါကလား။

သည်လိုနှင့်ပင် စာပေလောကအကြောင်း၊ စာရေးဆရာများအကြောင်းကနေ ကျွန်တော်စိတ်ဝင်စားပြောကြားချင်သော ကြည်အေးဝတ္ထုများသို့ ပြန်ရောက်ခွင့်ရလိုက်လေပြီ။ ကြည်အေးက သူ့ထံလာလည်ရန် ဖိတ်ကြားချင်း အကြောင်းရင်းမှာ ထိုင်စကားပြောကြ၊ လိုအပ်ပါက စာအုပ်စင်က စာအုပ်ရွေးထုတ်ကြည့်ကြ စသည့်အခွင့်အရေး များကြောင့်ဖြစ်ပါလိမ့်မည်။
မောင်အောင်မွန်ကို ကြည်အေးခင်မင်ရခြင်းမှာ ကာယကံရှင် ကြည်အေးကိုယ်တိုင်မေ့နေပြီဖြစ်သော ဝတ္ထုထဲက အသုံး အနှုန်းများကို ကျွန်တော်ကမှတ်မိနေ၏။ ယခုလို အဆင်ပြေနေခိုက် နှစ် (၆ဝ) ခန့် ရင်တွင်းအောင်းနေသော မေးခွန်းခေါင်းထဲ ဝင်လာလေပြီ။

ဖုန်းသက်တိုင်ထဲ ကိုဖုန်းခင် မည်သူနည်း။

မေးဖို့သင့် မသင့် ချိန်ဆရင်း အချိန်တွေကြာခဲ့ပြီ။ ကျွန်တော်လက်ဝယ် ကြည်အေးစာအုပ်တွေ အစုံနီးပါး၊ ဝတ္ထုတိုစုများဆို နှစ်စုံတောင်ရှိသည်။ သို့သော် ဖုန်းသက်တိုင်မရှိ။ ကြည်အေးမှာလည်းမရှိ။ ကံကောင်းချင်တော့ ၂ဝ၁၆ ခု၊ နိုဝင်ဘာလ ဆန်းတွင် စိတ်ကူးချိုချိုတိုက်ထုတ် ဖုန်းသက်တိုင် ကြည်အေးရ၊ ကျွန်တော်ထံသို့ ကိုဝင်းကိုကို ပို့ပေး၍ ရောက်လာပြီ။

ချက်ချင်း အငမ်းမရ ထိုင်ဖတ်လိုက်၏။

ဒုတိယအကြိမ် အေးအေးဆေးဆေးဖတ် ဆွေးနွေးလိုသော အချက်အလက်များကို High Light လုပ်မှတ်သားနေကြောင်း ပြောပြတော့ ကြည်းအေးက သူလည်းဖတ်ပြီး ဝမ်းသာစွာစောင့်နေမည်ဟုဆို၏။




တယ်လီဖုန်းဆက်တော့ ပြန်မထူးပါ၊ နိုင်ဝင်ဘာလ (၁၁) ရက်နေ့စွဲနှင့် စာတိုလေးရယ် စာအုပ်တအုပ်ရယ် ကျွန်တော့်ထံ စာတိုက်ကရောက်လာ၏။

ဆေးရုံတက်နေရဟုဆို၍ အမြန်ဆုံးနေပြန်ကောင်းရန် အကောင်းဆုံး စာသားပါသည့် ဆုတောင်းကပ် ရွေးပြီး--လက်ရေးနှင့် မြန်မာလို ထပ်ဖြည့်ကာ ပို့လိုက်၏။ ဆေးရုံပေါ်၌ ကြည်အေးဖတ်ရပေမည်။

(၇)
ကြည်အေးစာချစ်ကြသူများလည်း ထိုသတင်းကြားရ၍ ဝိုင်းဆုတောင်းကြ၏။

Social Media ၏ အထိရောက်ဆုံး Face Book ပေါ်၌ အများကြီးတွေ့ရသည်။ နိုင်ဝင်ဘာ (၂၆) ရက်၌ မောင်အောင်မွန်လည်း အကြိုက်ဆုံး ကြည်အေး၏ ခေါ်ထူးထမ်း သရုပ်ဖော်ပုံပါကဗျာနှင့် Face Book ကနေ ပါဝင်ခဲ့၏။ မိသားစုကလွဲပြီး အခြေအနေ မှန်ကို သိနိုင်သူကတော့ ကဗျာဆရာမ စမ်းစမ်းတင်ပါ။ ဝိုင်းဝန်းဆုတောင်းသော်လည်း မပြည့်။

ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် RFA မှ Cynthia San San Tin က ကြည်အေးကွယ်လွန်သွားပြီဟု ကြေကွဲဆို့နင့်သံနှင့် ကျွန်ထော့်ထံ တယ်လီဖုန်းဆက်၏။ RFA နှင့် VOA မြန်မာပိုင်းတို့ကနေ Interview တိုလေးနှင့် ကြည်အေးအား မောင် အောင်မွန် ကန်တော့လိုက်ရသည်။

ကြည်အေး ဖုန်းသက်တိုင် ပြန်ဖတ်ဖြစ်လေစ၊ ကိုဖုန်းခင် ဘယ်သူလဲမမေးလိုက်ရ၊ ကိုဖုန်းခင်အသုဘ၌ မေမေစိန် ယပ်တောင် ကိုင်လိုက်ပို့သလို ကြည်အေး၏ နောက်ဆုံးခရီးကို မောင်အောင်မွန် လိုက်မပို့ရ။ BBC, New York Time တို့ကလည်း ကြည်အေးအား ဂုဏ်ပြုကြသည်။ ကမ္ဘာကျော် စာရေးဆရာတို့၏ အဆိုအမိန့်တို့ ကဗျည်းထိုးစမြဲပင်။

ကြည်အေးက လူကောင်းဖြစ်ချင်ရင် တရားကောင်းကို လေ့လာရသလို၊ စာကောင်း ကဗျာကောင်း ရေးချင်ရင် စာကောင်း ကဗျာကောင်း များများဖတ်ကြဟု မှာခဲ့ပုံ တွေးမိကြောင်းပါ။

၂ဝ၁၈ ခု၊ ဒီဇင်ဘာလ (၁၁) ရက်နေ့

စိုးနောင် (မုံရွာ) ● ရန်ကုန်ရောက်စ

$
0
0
 စိုးနောင် (မုံရွာ) ● ရန်ကုန်ရောက်စ
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၈

ထမင်းချိုင့်လေးထဲ
စောင့်စားခြင်းတွေထည့်လို့။

ရန်ကုန်သူတွေ လည်ပင်းလှတာ
လိုင်းကားစောင့်ရလွန်းလို့ဖြစ်မယ်။

လိုင်းကားစောင့်ရင်း
ငါ့ခြေထောက်က သစ်မြစ်တွေထွက်လာပေါ့။

ကားတွေက
လူလိုလမ်းလျှောက်နေပြီး
လူ့စိတ်တွေက
ကားလိုပြေးနေကြတယ်။

သံဃာတွေ့တိုင်း
ဆွမ်းမကပ်နိုင်ပေမယ့်
ထိုင်ခုံကပ်နိုင်ပါတယ်။

လူကြီးသူမတွေ့တိုင်း
ငွေကြေးမကန်တော့နိုင်ပေမယ့်
ထိုင်င်ခုံကန်တော့နိုင်ပါတယ်။

ကောင်မလေးတွေက
ရင်နဲ့တိုက်လိုက်
တင်နဲ့တိုက်လိုက်
ငါ့မှာ
ရှိန်းရှိန်း ဖိန်းဖိန်း။      ။

စိုးနောင် (မုံရွာ)

illustration by Nofar Grad

နှင်းခါးမိုး ● သက္ကရာဇ်ကျောက်စာ

$
0
0

နှင်းခါးမိုး ● သက္ကရာဇ်ကျောက်စာ
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၈

၂၀၁၈ သြဂုတ်လထုတ် မိုးမခမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြသည်။

 ပါတော်မူ

အရှင်နှစ်ပါး၊ ဖုရားကျမတို့ကို ထားခဲ့ပြီလားဖုရာ့
ဂေါဝိန်ကိုဆည်းဆာအကျမှာ လိမ့်ဆင်းလာတဲ့ဗီရိုလှည်းကလေးအရိပ်
အဲလို ကြည့်ဖူးတဲ့ဇာတ်ထဲကစကားတွေနဲ့လည်း မလွမ်းချင်တော့ပါဘူး
အချုပ်တန်းဆရာရဲ့ သုံးသုန်းပြန်လစ် သုညခေတ်ကိုတော့
သေသော်မှတည့် သြော်ကောင်း၏လို့ ပြည့်ပြည့်၀၀ကြီး
ကိုယ်ချင်းစာနိုင်ခဲ့ကြ၊ တောက်ခေါက်နိုင်ခဲ့ကြ။
ကိုလိုနီမီးသင်္ဘောပေါ်မှာ ရွှေတိဂုံကိုလည်ပြန်ဖူး လိုက်ပါသွားရင်း
(ဘာဆုတွေ သူတောင်းခဲ့လေမလဲ) ၁၉ ရာစုသမိုင်းလွမ်းချင်းရဲ့
ပတ္တမြားကျောက်စီ ရေမြေ့အရှင်စံနစ်ကြီးလေ
ရတနာဂီရိအကျဉ်းသားဘ၀နဲ့ နိဂုံးချုပ်ခဲ့ပေါ့၊ သည့်တိုင်
ငါတို့ ၂၁ ရာစု ကျေးတော်မျိုး ကျွန်တော်မျိုးတွေကတော့
နန်းဝတ်နန်းစားအပြည့်နဲ့ ဆလိုက်မီးရောင်ဇာတ်စင်မြင့်ထက်က
ဟဲ့ မောင်မင်းများဆို အခုအချိန်ထိ ဘုရားလို့ ယောင်ပြီးထူးမိနေကြတုန်းပဲ။

 ဆရာစံ

သေနတ်နဲ့ပစ်ရင် ဓါးနဲ့ခုတ်မယ်၊ အမြောက်နဲ့ပစ်ရင် ဓါးနဲ့ခုတ်မယ်
အရင်းကျမ်းကိုမသိဘူး လီနင်ကိုမသိဘူး
ကျောနဲ့ရင်ကို ဆေးရုပ်ထိုးပြီး
ငတ်ပြီးသေမယ့်အတူတူ တိုက်ပြီးသေခဲ့ကြတယ်
ကြိုးစင်ဆိုတာ ဖိနှိပ်သူတို့ဘုရားကျောင်း
ကြိုးစင်ဆိုတာ ပုန်ကန်သူတို့ခေါင်းလောင်းထိုးတဲ့စင်
ဗမာမှန်ရင် ဆရာစံကိုချစ်ကြတယ်
သူထားခဲ့တဲ့ခေါင်းပေါင်းစလေးဟာ
အောက်ဆုံးကျောမွဲတို့ရဲ့ လွတ်မြောက်ရေးအလံတလက်။

 ၁၉ ဇူလိုင်

၁၉၄၇ ရန်ကုန်မြို့ အတွင်းဝန်ရုံး မနက် ၉ နာရီ မိုးကလေးတဖွဲဖွဲ
ဒီနေ့အထိ အဲဒီမိုးကမတိတ်တော့ဘူး
ခါရာသီရွေ့ပေမဲ့
လူသတ်တဲ့နိုင်ငံရေး လေသင့်ရင် သွေးနံ့က တချက်တချက်ပါလာတုန်း
မဆေးရသေးတဲ့လက်ကသွေးဟာ မခြောက်သေးသလို၊
ဥသြသံမှာ ခြေစုံရပ်ဦးညွှတ်ရင်း
နောက်ထပ် ဒီလိုမိုးတွေ မရွာစေချင်တော့ပါ။

 ဆဲဗင်းဇူလိုင်
တခါက ဘန်ကောက်ပုဆိုးနဲ့ ဂိုယာရေမွှေးနံတွေကြားမှာ
ဖျင်ကြမ်းတိုက်ပုံနဲ့ ခုံဖိနပ်တွေကြောင့် ကျော်ကြားခဲ့ရာ
ငရဲခွေးကြီးလွတ်နေပေမဲ့ သွေးတို့ဖြင့်ချင်းချင်းနီ၏ ဦးကားမညွှတ်ခဲ့ရာ
တိုင်းပြည်ကြီးချောက်ထဲကျရန် လက်တလုံးသာလိုတော့လို့
အိုကေရှင်းတမ်းမှာတော့ စကွိုင်းလက်ဂန်း (တင့်ကားပစ်အမြောက်) နဲ့ပစ်လိုက်တာပါတဲ့။
နံရံပေါ်သွေးနဲ့ရေးခဲ့ မမေ့ကြပါနဲ့
မြေအုတ်တို့ပြိုလေရာ ခုထိကျောက်အုတ်တို့ကိုစောင့်မျှော်ဆဲ။

 ဇွန် ၁၄ နဲ့ ၇၀ ခုနှစ်များ
အုတ်ကျင်းဂုန်ရှော်၊ သမိုင်းချည်မျှင်၊ ဆင်မလိုက်သဘောင်္ကျင်း
ကျည်ဆန်မတောင်း ဆန်တောင်းတာပါ။ ပင်လယ်ဝမှာ သွားသွန်ပစ်တယ်တဲ့ (အရပ်ထဲကတီးတိုးသတင်းစာ) အဲဒီတုန်းက လုပ်သားပြည်သူတွေပေါ့လေ၊
ရာဇဝင်တွေရိုင်းခဲ့ရပြီအဘိုးရေ့
အမျိုးသားစာဆိုကြီးလေ အနှစ်တရာလည်းမနေခဲ့ရ
အနှစ်တရာရာဇ၀င်လည်းရိုင်းခဲ့ရ
(မီးရှို့ခံခဲ့ရတဲ့ရုပ်ရှင်ရုံတွေကတော့ ဟိုတယ်တွေဖြစ်ကုန်ပြီ)၊
ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီးပေါ့
မြန်မာပြည်ရောက်တော့ ဆူပူလှုံ့ဆော်ရေးသမား
သေတဲ့သူမြေပုံကိုခြေထောက်နဲ့ကန်လို့
မြေထိုးစက်ရှေ့ရင်ဘတ်တွေထိုးကာခဲ့ကြ
အလောင်း ၁၄ လောင်းကာထားတဲ့ ပင်နံယံသွားထဲမှာ
စပါးနှံဟာ ကားစင်တင်ခံခဲ့ရပါတယ်။

 မတ်လရဲဘော်

မနက်က အမေ့ချွေးခံအိတ်ထဲက အမေ့ဈေးဖိုး သားမုန့်ဖိုး ၇၅ ကျပ်တန်လေးဟာ
ညနေလည်းရောက်ရော စက္ကူနွမ်းလေးတရွက်ဖြစ်သွားတယ်။
လမ်းဘေးဈေးသည်လေးဟာ မနက်ဖြန်အတွက် အရင်းလက်မဲ့သွားတယ်။
စာမေးပွဲဖြေမယ့်ကျောင်းသားလေးဟာ ဘက်စကားခမရှိဖြစ်သွားတယ်။
အစိုးရဟာ သူခိုးဓါးပြပါလားလို့ အရက်သမားအိုကြီးက ညည်းတွားနေတယ်။
ဖုန်းမော်ဟာ ချွန်ထက်တဲ့ဆူးတချောင်းကြောင့်သေရတယ်
မြို့လည်ကမီးပွိုင့်တွေဟာ အမိန့်ပေးတယ်၊ ဖိနှိပ်သူကိုကိုယ်စားပြုတယ်
ဒါကြောင့် လူထုက ရိုက်ချိုးဖျက်ဆီးပစ်လိုက်ကြတယ်။

 ရှစ်လေးလုံး

လုံထိန်းကားကိုခဲနဲ့ထုတယ်
ခွပ်ဒေါင်းတွေကျောင်းထဲကထွက်လာတယ်
ဖြူသလားနီသလား ဤတံတား အများဆုံးဖြတ်ပါ
မေနီကုန်းမှာ မီးခိုးလုံးကြီးတက်လာတယ်
အချုပ်ကားထဲမှာအစုလိုက်အပြုံလိုက်သေကြရတယ်
ထောင်အုတ်ရိုးနောက်က ကျောင်းသူလေးများရဲ့မျက်ရည်စများ
ခရစ္စတိုဖာဂါးနက်၊ ဘီဘီစီနေမင်း၊ အရေးပေါ်ပါတီညီလာခံ
စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး
စိန်လွင်ခြောက်တန်း တစောက်ကန်း
သားသတ်သမားရဲ့လက်ထဲမှာ သေနတ်ဟာ ကျည်ထိုးထားပြီးသား
ဒီလိုနဲ့ ရှစ်ရက်ရှစ်လဟာ ရှစ်ဆယ့်ရှစ်မှာရောက်လာတယ်
လှည်းလမ်းကြောင်းမှာ ဖုန်တထောင်းထောင်းထခဲ့တယ်
မြို့တော်ခန်းမရှေ့မှာ ညကသွေးတွေဟာ မနက်ကျတော့ရေဆေးပြီးပြီ
ဆေးရုံကြီးဝင်းတံခါးဝနားမှာ ဖိနပ်တွေပြန့်ကျဲကျန်ခဲ့တယ်
စည်းရိုးသံတိုင်ဟာ ကျည်ရာနဲ့ကွေးကောက်နေတယ်
အရေးပေါ်ဌာနမှာ ဒါဏ်ရာတွေတန်းလန်းနဲ့ သပိတ်စခန်းဖွင့်ကြတယ်
နောက်တော့ ဆန္ဒမစောကြပါနဲ့၊ ပျော်ပျော်ပါးပါးကြီးအုတ်မြစ်ချကြတာပေါ့တဲ့
နဖူးပြောင်ပြောင် ရူးကြောင်ကြောင် ဦးမောင်မောင်ထွက်လာတယ်
စစ်တပ်ကိုစိတ်နဲ့တောင်မပစ်မှားနဲ့၊ ဆမူစာအောင်ကြီးထွက်လာတယ်
ကျွန်ုပ်သည်သာရာသက်ပန်ဝန်ကြီးချုပ်ဖြစ်ပါကြောင်း၊ ဘုရားဒကာကိုကြီးကောင်းထွက်လာတယ်
ဒါဟာ ဒုတိယလွတ်လပ်ရေးတိုက်ပွဲပဲ
ရွှေတိဂုံခြေရင်းမှာ လူပင်လယ်ကြီးဟာ သူကိုင်ရမယ့်အလံကိုရခဲ့တယ်၊
သူစီးရမဲ့မြစ်ကိုတွေ့ခဲ့တယ်၊
မြစ်ဟာ ဇာတ်ညွှန်းအတိုင်း ကွေ့တယ်ကောက်တယ်
ဂိုဒေါင်ဖောက်တယ်၊ ထမင်းထုပ်ထဲအဆိပ်ခတ်တယ်၊ ကပစထုတ်ဂျင်ကလိတွေတဲ့
ခေါင်းဖြတ်ပွဲတွေပေါ်လာတယ်။
တန်ပြန်သပိတ် တစ္ဆေအရိပ်မဲကြီးဟာ မင်းမဲ့စရိုက်ကို မြို့တွေရွာတွေထဲ မှုတ်သွင်းလိုက်တယ်။ မျှော်လင့်ထားသလိုပဲ
ညနေခင်းတခုရဲ့လေထုထဲ စစ်ချီသီချင်းတွေပြိုကျလာတယ်
အိမ်တံခါးတွေပိတ် လမ်းတွေပိတ်ကြ
အမှောင်ထဲ အံကြိတ်တက်ခေါက်ကြ အထုပ်အပိုးပြင်ကြ
စစ်ဖိနပ်သံတွေ ခွေးအူသံတွေ တချက်တချက်ထကြွေးကြော်လိုက်သံတွေ
မနက်မိုးလင်းတော့ ရပ်ကွက်လေးထိပ်မှာ ပစ်သတ်ခံထားရတဲ့အလောင်းတလောင်း
သူ့နာမည်က စက်တင်ဘာ။

 ရွှေဝါရောင်

ငါတို့ကတော့ မမေ့နိုင်ဘူး၊ ငါတို့ကိုမေ့ချင်မေ့ပစ်လိုက်
စက်တင်ဘာဟာ အသက်ပြင်းတယ်၊ သူများသတ်တိုင်းမသေဘူး။
၂၀၀၇ မှာ မေတ္တာသုတ်ကိုထမ်း လမ်းပေါ်ပြန်တက်လာတယ်
ဒကာဒကာမတွေရဲ့မျက်ရည်ပေါက်ကြီးငယ်အတွက် အမျိုးဘာသာ သာသနာဟာ
နံပတ်ဒုတ်တွေရှေ့မှာ သံဆူးကြိုးတွေရှေ့မှာ လက်အုပ်ကလေးချီခဲ့ပါတယ်
ဖိနှိပ်သူတို့ရဲ့ဘုရားစင်မှာ အာဏာကိုရွှေချထားတဲ့အခါ
သွေးစွန်းနေတဲ့လက်မှာ ကြာပန်းဟာမပွင့်နိုင်ဘူး
ထောင်တံခါးတချပ်ပွင့်တာဟာ ကျောင်းတံခါးတချပ်ပိတ်တာပဲတဲ့
ပိတ်ထားတဲ့ကျောင်းတကျောင်းဟာ အချုပ်ထောင်ဖြစ်သွားတယ်
ဘုရားသားတော်တပါးဟာ ချောင်းရေထဲမှာ ပုပ်ပွပြီးမျောလာတယ်
အပယ်ကျနေတဲ့တိုင်းပြည်မှာ
ရေကြည်အိုင်ကိုလည်းမကြောက်ကြတော့ဘူး
အဝီစိကိုလည်း မကြောက်ကြတော့ဘူး။

 နာဂစ်
ကျန်နေတဲ့သူတွေကကံကောင်းတာလား
ပါသွားတဲ့သူတွေကကံကောင်းတာလား
ဘဝတွေသေပြီး ဒုက္ခတွေရှင်ကျန်ခဲ့ကြတယ်၊
ကမ်းကပ်ခွင့်မရတဲ့ ကယ်ဆယ်ရေးတပ်ကြီးတွေနဲ့
ဈေးထဲရောက်သွားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ
ပျက်သွားတဲ့လယ်ကွင်းတွေထဲကအလောင်းတွေနဲ့
ထောင်ထဲရောက်သွားတဲ့ကူညီရေးသမားတွေ
အိတ်ဖောင်းသွားတဲ့ ပြည်လည်ထူထောင်ရေးစီမံကိန်းတွေနဲ့
မြို့ပြငါးမွေးကန်ထဲရောက်သွားတဲ့ နာဂစ်သမီးပျိုတွေ
အဖေသမီးကိုလွှတ်မချလိုက်ပါနဲ့ဆိုတဲ့အသံလေးဟာ
လယ်သမားလူထွက် ဆိုက်ကားဆရာကြီးလက်ထဲကအရက်ခွက်ကို
တုန်ယင်ဖိတ်စင်စေတုန်းပဲ
ပျောက်သွားတဲ့လူတွေ ဘယ်တော့ပြန်လာကြမှာလဲ။

နှင်းခါးမိုး

ဇော်ရဲသွေး (Myanmar Now) ● ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် စာရေးဆရာတချို့ကို ဖိတ်ကြား

$
0
0
ဇော်ရဲသွေး (Myanmar Now) ● ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် စာရေးဆရာတချို့ကို ဖိတ်ကြား
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၈

နေပြည်တော်တွင် လာမည့်ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ကလောင်ရှင် ၆ဝ ခန့် တွေ့ဆုံမည့် အစီအစဉ် ရှိနေသည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရန်အတွက် စာရေးဆရာ ၆ဝ ခန့်ကို နေပြည်တော်သို့ ဖိတ်ခေါ်ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်အောင်က ယနေ့ ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် စာရေးဆရာတို့ကို ညစာစားပွဲဖြင့် ဧည့်ခံပြီး မိတ်ဆက်၊ တွေ့ဆုံသွားရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

ဖိတ်ကြားခံရသူများထဲတွင် အနယ်နယ်အရပ်ရပ်သို့ သွားရောက်ပြီး စာပေရေးရာ၊ နိုင်ငံရေးရာများ ဟောပြောလေ့ရှိသူတို့ ပါဝင်နေကြောင်း တွေ့ရသည်။

တွေ့ဆုံပွဲအကြောင်း အသေးစိတ် မသိရှိရသေးဟု ဖိတ်ကြားခံထားရသူ တချို့က ပြောရာ ၎င်းတို့အထဲတွင် ထိပ်တန်း ကာတွန်းဆရာ အော်ပီကျယ်လည်း ပါဝင်သည်။

“ဘာကြောင့်ဖိတ်မှန်းကို မသိရဘူး။ ဘာခေါင်းစဉ်နဲ့ ဖိတ်မှန်းကို မသိဘူး။ အဲ့ဒီ ညစားစားပွဲ အနေနဲ့ပဲ ဖိတ်ထားတာ” ဟု မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ဥက္ကဋ္ဌ အော်ပီကျယ်က ပြောသည်။

စာရေးဆရာ ထင်လင်းဦးကလည်း အလားတူ ပြောကြားသည်။

စာရေးဆရာ မောင်သာချိုကမူ စာပေဟောပြောပွဲများအတွက် ကြိုတင်စီစဉ်ထားပြီး ဖြစ်သောကြောင့် နေပြည်တော်သို့ သွားရောက်နိုင်မည်မဟုတ်ဟု ဆိုသည်။

စာရေးသူ အများအပြားထဲမှ ရွေးချယ်ဖိတ်ခေါ်မှုအတွက် နားလည်ရန် ခက်ခဲနေသည်ဟု ၎င်းက ဆက်ပြောသည်။

“တချို့လည်း ကလောင်ငယ်လေးတွေ ပါတယ်၊ တချို့လည်း စာပေအရ သိပ်ပြီးတော့ တန်းမဝင်ပေမယ့် ပါတယ်။ တချို့လည်း စာပေအရလည်း တန်းဝင်တယ်၊ နာမည်လည်းရှိပါလျက်နဲ့ ကျန်ခဲ့တဲ့အခါကျတော့ … မရွေးချယ်တတ်လို့ ကျန်တာလား၊ တမင်တကာပဲ ဖယ်တာလား ဆိုတာတော့ ကျွန်တော့်တို့ မသိနိုင်တဲ့အရာပေါ့။ ဘယ်သူက တာဝန်ယူပြီး ဖိတ်မှန်းလည်း မသိဘူးလေ” ဟု ဆရာ မောင်သာချိုက ပြောသည်။

“ကျွန်တော် ရမ်းသန်းပြီး ခန့်မှန်းတာပေါ့ဗျာ … စာဖတ်ရှိန် မြှင့်တင်ချင်လို့ လုပ်တာပဲလား၊ ဒါမှမဟုတ်ဗျာ လာမယ့် ရွေးကောက်ပွဲ အတွက် မျှော်လင့်ပြီးတော့ … စာရေးဆရာတွေက ဒီမိုကရေစီ ဘက်တော်သားတွေ အဖြစ် ပြန်ပြီးတော့ အားပေးကြဖို့ လုပ်ချင်တာလား ဆိုတာတော့ အခမ်းအနားပြီးမှပဲ သိရမယ်”

စာဆိုတော်လ
ထင်ရှားသော ကလောင်ရှင် တစ်ဦးဖြစ်သည့် စာရေးဆရာမ နုနုရည် (အင်းဝ) ကို ယနေ့ ဆက်သွယ် မေးမြန်းရာ ၎င်းက နတ်တော်လဆန်း ၁၂ (ဒီဇင်ဘာ ၁၉) ရက်နေ့တွင် ပြုလုပ်မည့် တွေ့ဆုံပွဲသို့ ဖိတ်ကြားခံရခြင်း မရှိသေးကြောင်း ပြောသည်။

“ဒီရာသီက စာဆိုတော်လရာသီ ဖြစ်တဲ့အတွက် စာပေဟောပြောပွဲတွေ သွားနေရတယ်။ အဲ့ဒီ ၁၉ ရက်နေ့မှာလည်း ဟောပြောပွဲက ရှိနေတဲ့အခါကျတော့ အဲ့ဒီစာပေဟောပြောပွဲကို ဖျက်ပြီးတဲ့အခါကျတော့ ဘယ်သူနဲ့မှ ကျွန်မတို့က သွားမတွေ့နိုင်ဘူး။ ဖိတ်ခဲ့ရင်လည်း ကျွန်မ မသွားဘူး။ စာဖတ်ပရိသတ်မျက်နာပဲ ကြည့်ရမယ်လို့ ကျွန်မကတော့ အဲ့ဒီလိုပဲ သဘောထားတယ်” ဟု နုနုရည် (အင်းဝ) က ဆိုသည်။

မြန်မာပြည်တွင် နတ်တော်လကို စာဆိုတော်လအဖြစ် ဒုတိယကမ္ဘာစစ်အတွင်းကပင် သတ်မှတ်ခဲ့ကြပြီး စာပေဟောပြောပွဲ၊ ပြဇာတ် စသည့် စာပေရေးရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

ယနေ့ခေတ်တွင်မူ စာပေဟောပြောပွဲများကို အခြားသော ကာလများတွင်လည်း ပြုလုပ်နေကြသည်ကို တွေ့ရသည်။

ပြည်ပရောက် မြန်မာပြည်သားတို့ကလည်း အထင်ကရ ကလောင်ရှင် တချို့ကို ဖိတ်ခေါ်ပြီး နိုင်ငံတကာမြို့ကြီးများတွင်လည်း စာပေဟောပြောပွဲများ ပြုလုပ်လျက်ရှိသည်။

ပုံစာ
ဒီဇင်ဘာ ၈ ရက်နေ့က ရန်ကုန်တွင် တွေ့ရသော ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ် စာအုပ်ဈေး (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

မိုးဦးဆွေညိန်း ● ကျွန်တော်နဲ့ ဆေးမင်ကြောင်

$
0
0
မိုးဦးဆွေညိန်း ● ကျွန်တော်နဲ့ ဆေးမင်ကြောင်
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၈

၂၀၁၈ သြဂုတ်လထုတ် မိုးမခ မဂ္ဂဇင်းပါ အက်ဆေးဖြစ်သည်။

အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးကို မပြုခင် ကြိုတင်ပြီး စဉ်းစဉ်းစားစားလုပ်၊ နောင်အခါပြင်နိုင်ခဲသည့်အမျိုးလို့ ဆိုစမှတ်ပြုကြတယ်။ အိမ်ထောင်ပြု ဘုရားတည်ကိစ္စကို ထားလိုက်ပါတော့ ဆေးမင်ရည်စုတ်ထိုးတဲ့ ဆေးမင် ကြောင်ကိစ္စနဲ့ ပတ်သက်လို့တော့ ကျွန်တော့်မှာ နည်းနည်းပြောစရာရှိတယ်။

ကျွန်တော် နေထိုင်ကြီးပြင်းရာ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးဟာ တကယ့်တကယ်တော့ တောဆန်ဆန် ရွာဆန်ဆန်ပါပဲ။ ဟိုအရင် တုန်းက ရွာကြီး၊ ဖဆပလခေတ်လောက်မှ ရပ်ကွက်ဖြစ်ခဲ့တာကိုး။ လမ်းတွေ၊ ခြံဝင်းတွေဆိုလည်း အကွက်ကျကျ သိပ်မရှိလှ။ မြို့ဆန်တဲ့အမူအရာ သိပ်မရှိဘူး။ ငယ်စဉ်တုန်းကဆို ကျွန်တော် နေထိုင်ရာရပ်ကွက်မှာ နှစ်စဉ် ဘုရားပွဲဆိုတာမျိုးရှိတယ်၊ တစ်ခါတစ်ရံ ဘုန်းကြီးပျံပွဲတောင် ကြုံခဲ့ဖူးသေးတယ်။ သာရေးနာရေးလို ပွဲရှိရင် တိတ်ရီကော်ဒါနဲ့ဖွင့်တဲ့ လော်စပီကာကြီး တွေဆီက တွံတေးသိန်းတန်တို့၊ မောင်မောင်ညွန့်တို့ရဲ့အသံတွေ အင်မတန်ကြားရလှပေါ့။ လမ်းအခေါ်အဝေါ် တောင်မှ ရွာလယ်လမ်းတဲ့၊ အခုချိန်ထိ ဒီအတိုင်း အမည်တွင်လျက်ပဲ။ ဦးသန့်အရေးအခင်းကာလလောက်က ခေတ်စားခဲ့တဲ့ တေး သရုပ်ဖော်ပွဲမျိုးတွေလည်း ဟိုနားဒီနားမှာ တန်ဆောင်တိုင်ပွဲတွေမှာ ကြည့်ခဲ့ကြုံခဲ့ဖူးတယ်။

ဆိုရရင် ဘုရားပွဲဈေးတန်းလိုမျိုးဟာလည်း ရင်းရင်း နှီးနှီးရှိခဲ့ရပါတယ်။ အဲသမှာ ကျွန်တော်နဲ့ ဆေးမင်ကြောင်ကိစ္စ စခဲ့တာ ပါပဲ။ ဆေးမင်ကြောင်ထိုးလို့ရတာကလည်း ဘုရားပွဲဈေးမှာပဲ ရှိတယ်။ ၇ တန်းအရွယ်မှာ စထိုးခဲ့ဖူးတယ်။ လက်ခုံမှာ၊ တနင်္လာသားဆိုတော့ ကျားပုံပေါ့။ စုတ်က ဘက်ထရီနဲ့ တွဲသုံးရတာ၊ အထိုးခံတော့ ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ ခံလို့တော့အကောင်းသား။ မနက်လင်းမှ ထိတော့တာ၊ လက်တွေရောင်ကိုင်းလို့။ ဘုရားပွဲရာသီကလည်း ဆောင်းတွင်းဆိုတော့ အနာရင်းကောင်းပေါ့။ လူကြီး မိဘတွေလည်းမပြောရဲဘူး။ လက်မမြင်အောင်ဝှက်ရတယ်။ သုံးလေးရက်နေမှ လူကြီးတွေသိတော့ အရှိန်ပြေချိန် ရောက်ပြီ၊ အဆူအပြောသိပ်မခံရတော့။

အမှန်တော့ ဆေးမင်ကြောင်ထိုးတာနဲ့ပတ်သက်လို့ ကျွန်တော့်မှာ သီးခြားခံစားချက်ရှိလှတာမဟုတ်ပါဘူး။ လူပျိုပေါက်အရွယ် စိတ်ခံစားမှုမျှသာပါ။ ရှေးမြန်မာကြီးတွေလို ယောက်ျားပီသတဲ့ သင်္ကေတသရုပ်သကန်တွေလည်း ရှိဟန်မတူပါဘူး။ ရှေ့မှာ အစ်ကိုတွေ သူငယ်ချင်းတွေ စသဖြင့် ထိုးတာတွေ့လို့ လိုက်ထိုးတဲ့ သဘောလောက်ပါပဲ။ သူများတွေများ အသည်း ဓားစိုက်တဲ့ပုံတို့၊ အသည်းပုံထဲ ခင်တို့ ထိုးတာတွေ အောထလို့။ ကိုယ်က ရည်းစားသနာတွေ ဘာတွေ မရှိတော့ နာမည်ထိုး မျိုးတွေ မလုပ်ဖြစ်ခဲ့ဘူး။ ၈ တန်းနှစ်လောက်မှာ နောက်တစ်ပုံ ထပ်ထိုးဖြစ်သေးတယ်။ လက်မောင်းအိုးမှာ ကြယ်ကို စပါးနှံ ဝန်းထားတဲ့ပုံ။ ဟား ဟား၊ အရာခံဗိုလ်လိုလို တံဆိပ်ကြီး။

ကိုယ့်အရေပြားပေါ် ထင်နေတဲ့ အမှတ်တံဆိပ် ဆေးမင်ကြောင်နဲ့ပတ်သက်လို့ သူများတွေ့တော့ မသိ။ ကျွန်တော်တော့ဖြင့် အခုအချိန်မှာ နောင်တရသလားမေးရင် နောင်တမရတဲ့အပြင် ဝမ်းတောင်သာနေရသေးတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန် တော်က ကျကျနနကို ပြောပြချင်သေးပါရဲ့။

ကျွန်တော်တို့ လူငယ်ဘ၀တုန်းက မဆလခေတ် လူဖြစ်ခဲ့ကြသူတွေရဲ့ထုံးစံအတိုင်းပေါ့ စစ်တပ်ရဲ့ သြဇာလွှမ်းမိုးဖို့ကြိုးစားခြင်းကို အနည်းနဲ့အများ ခံကြရတာပါပဲ။ ယောက်ျားလေးဆို စစ်သားဖြစ်ဖို့၊ မိန်းကလေးဆို ကျောင်းဆရာမ၊ နပ်စ်မ စသဖြင့် ၀ါးလုံးခေါင်းထဲ လသာနိုင်ဖို့ ကျုံးသွင်းတာခံရတာပဲ။ ကလေးဘ၀ ကစားကြတာတောင်မှ စစ်တိုက်တမ်းကစားခဲ့ကြတာ ကလား။ ဆိုတော့ လူ့သဘာဝအရ လူငယ်တစ်ယောက် တက်တက်ကြွကြွ လုပ်ချင်ကြတဲ့အခါ လုပ်စရာဟာ စစ်သားပဲလုပ်ရ တော့မလို ကျုံးထဲ မောင်းသွင်းတော့တာပေါ့။ အဲသမှာ ဆယ်တန်းအောင်တဲ့အခါ ဗိုလ်သင်တန်းလျှောက်တာတို့၊ အိမ်ပြေး ဖြစ်ပြီးရင် စစ်တပ်စုဆောင်းရေးရောက်သွားတာတို့ သိပ်ဖြစ်ကြတဲ့အချိန်တွေပေါ့။

ထုံးစံအတိုင်းထဲ ကျွန်တော်လည်းပါပြီး ဆယ်တန်အောင်တဲ့နှစ် ၁၉၈၅ ခုနှစ်မှာ ဗိုလ်သင်တန်းလျှောက်ဖို့ FORM တွေဘာတွေ သွားယူလိုက်သေးတယ်။ မုဆိုးမအမေက မျက်ရည်လေးစမ်းစမ်းနဲ့တားတာကြောင့် လျှောက်လွှာ မတင်ဖြစ်လိုက်ဘူး။ တင် ဖြစ် လို့ရှိရင်လည်း ပါနိုင်တဲ့အခွင့်အလမ်းမျိုး၊ ဘက်ဂရောင်းမျိုး ကိုယ့်မှာရှိတာ မဟုတ်ပါဘူး။ ထားပါတော့ ဒါကတစ်ပိုင်း။

ဒါပေမဲ့ ကျွန်တော်က မလျှော့ဘူးဗျရယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းပြီး ရေတပ်ထဲဝင်ဖို့ လုပ်လိုက်သေးတယ်။ FORM တွေယူ တင်၊ ဝိတ်ချိန်၊ အင်တာဗျူးဝင်ဖြေ လုပ်လိုက်သေးတယ်။ ရေတပ်ထဲဝင်ရင် ကိုယ်အလေးချိန် ပေါင် ၁၁၀ ပြည့်မှ ရတယ်။ အတူသွားတဲ့သူငယ်ချင်းက ပေါင် ၉၀ ပဲရှိလို့ ဝိတ်ချိန်ပြီးတာနဲ့ စောစောစီးစီး ပြုတ်သွားတယ်။ သူ့ခမျာ ငှက်ပျော သီးတွေစား၊ ရေတွေဖိသောက်လည်း ၀ိတ်က မမီဘူး။ ကျွန်တော်ကတော့ နောက်တစ်ရက် ထပ်သွားရတယ်။ အင်တာဗျူး ၀င်ဖို့။ အင်တာဗျူးဝင်ပြီး ကျွန်တော်လည်း ပြုတ်တာပါပဲ။ စိတ်ထဲတော့မကောင်းဘူးပေါ့။ ဆယ်တန်းအောင် ဝင်ရင် ဂရိတ်ဝမ်း ဆိုတော့ အခွင့်အလမ်းက မဆိုးဘူး၊ မက်စရာပေါ့။

နောက် မကြာပါဘူး၊ ၃ နှစ်လည်းကြာရော ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လို့ ကြုံရာနေရာက လမ်းလျှောက်ဆန္ဒပြရင်း ဗိုလ်နေ၀င်းရဲ့ မဆလကိုလည်း နာကြည်း၊ စစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်စွက်ဖက်မှုကိုလည်း ရွံမုန်းစိတ်တွေ ဖြစ်လာတဲ့အခါမှာ တော့ ငါဟာ စစ်တပ်ရဲ့ တိုက်ရိုက်သြဇာခံမဖြစ်ခဲ့လေတာ ကံကောင်းလေစွပေါ့။

အဲဒီမှာ ဆေးမင်ကြောင်ရဲ့အစွမ်းကို သိလိုက်ရတာပါပဲ။ ကျွန်တော်ငယ်ငယ်တုန်းက ရူးရူးမိုက်မိုက်နဲ့ လုပ်ခဲ့တဲ့ ဆေးမင်း ကြောင်ရုပ်တွေက ကျွန်တော့်ကို ကယ်တင်လိုက်တာ ဖြစ်ပါတယ်။ ရေတပ်ထဲဝင်ဖို့ ကြိုးစားခဲ့စဉ်က အင်တာဗျူးမှာ ပြုတ်ခဲ့ တာ ကျွန်တော့်ရဲ့ လက်ခုံ၊ လက်မောင်းတွေမှာ ထိုးထားမိခဲ့တဲ့ ဆေးမင်ကြောင်တွေ ကြောင့်ပါပဲ။ ဒါကြောင့်မို့ ဆေးမင်ကြောင် (အခုခေတ်တော့ဖြင့် တက်တူးလို့ပဲ အင်္ဂလိပ်အသံထွက်နဲ့ပဲ တိုက်ရိုက်ခေါ်နေကြပြီ) ထိုးခဲ့မိတာဟာ ကျွန်တော့်အဖို့တော့ဖြင့် ဝမ်းသာဂုဏ်ယူရမယ့်အကြောင်း ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော့်မိတ်ဆွေများကို ပြောပြချင်တာပါ။ တကယ်လို့များ စစ် တပ်ထဲရောက်ခဲ့ရင် ဘုရား ဘုရား ငါ့စိတ်ဓာတ်မျိုးနဲ့ ဘယ့်လောက်တောင်များ စိတ်ဖိစီးမှုတွေ များလိုက်မလဲလို့ တွေးမိပြီး လွတ်လပ်ပေါ့ပါးစိတ်ကို ဖြစ်စေခဲ့တဲ့ ဆေးမင်ရည်စုတ်ထိုးခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်နေမိပါတယ်။

မိုးဦးဆွေညိန်း
ဧပြီ ၇၊ ၂၀၁၈။
၀၀း ၄၃

မောင်စွမ်းရည် - မန်းတက္ကသိုလ် ကဗျာဆရာတဦး တက္ကသိုလ်မောင်ထွန်းဝေ (၁၉၃၃-၂၀၁၈)

$
0
0


မောင်စွမ်းရည် - မန်းတက္ကသိုလ် ကဗျာဆရာတဦး တက္ကသိုလ်မောင်ထွန်းဝေ (၁၉၃၃-၂၀၁၈)
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၈

ကျွန်တော်တို့ မန္တလေးတက္ကသိုလ်က စာရေးဆရာတွေတော်တော်များများ ထွက်ပေါ်ခဲ့တာပါကလားလို့ တွေးမိပါတယ်။

မန်းတက္ကသိုလ်မဖြစ်ခင်က ရန်ကုန်တက္ကသိုလ်ရဲ့လက်အောက်ခံ ဒေသကောလိပ်ပေါ့။ ဒေသကောလိပ် ကာလအစမှာပဲ ဦးသိန်းဖေမြင့်၊ ဇေယျာမောင် (မန်းတက္ကသိုလ်ကျောင်းအုပ်ကြီး ဦးကိုလေး)၊ ဒေါက်တာ ထွန်းရွှေ၊ ဒေါ်အုန်း၊ ဒေါ်အမာတို့စတဲ့ စာရေးဆရာတွေကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ် လိုက်တော့အတော်ခြားသွားခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးစနောက်မှာတော့ မောင်သာရ၊ မောင်သာနိုး (မောင်သိင်္ဂါ)၊ မောင်ပေါက်စည်)မန်းတက္ကသိုလ်)၊ တက္ကသိုလ်ဝင်း၊ တက္ကသိုလ်မောင်ထွန်းဝေ၊ မောင်အောင်သျှန်၊ ဘုတလင်ချစ်လေး စတဲ့ကလောင်ရှင်တွေကို မွေးထုတ်ပေးခဲ့ပါတယ်။

ဒီနောက်ခေတ်ကတော့ ကျွန်တော်တို့ရဲ့ခေတ်ဖြစ်ပြီး ပိုများလာပါတယ်။ တင်မိုး၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ညွန့်အေး(အင်းဝ)၊ ပင်းယဌေး၊ ပင်းယမွှေး၊ အရိုင်း(ရွှေမန်းညာမြေ)၊ ဂုဏ်ထူးသိန်းနိုင်၊ ဓမ္မ၀တီမောင်ငွေစန်း၊ စောလူ၊ မောင်စွမ်းရည်၊ ရွှေဘိုတူးမာ၊ မောင်သီလာ၊ သလ္လာမောင်သင်းရီ(ဇော်ဇော် အောင်) စသဖြင့် တော်တော်များများပါတယ်။ ဒီနှစ်တွေအတွင်းမှာ တင်မိုးရဲ့ ဖလ်မီးအိမ် ကဗျာစာအုပ်လေး ထွက်ပေါ်လာပြီး စာပေဗိမာန်ဆုရတယ်။ (၁၉၅၈) မှာပေါ့။ ဒီတော့မှ တင်မိုးရဲ့ရှေ့က နောင်တော်ကဗျာဆရာ တွေ ဖြစ်ကြတဲ့ တက္ကသိုလ်ထွန်းဝေ၊ ဘုတလင်ချစ်လေး၊ မောင်ပေါက်စည်တို့ပါ ကဗျာစာအုပ်အဖြစ် ကဗျာစုလေးတွေ ရဲရဲဝံ့ဝံ့ပြန်လည်ထုတ်ဖြစ်လာခဲ့ကြပါတယ်။ တင်မိုးကစပြီး အမျိုးသားစာပေဆုရလာကြတာ လည်း ဆက်တိုက်ပါ။ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး(အင်ဝဂုဏ်ရည်)၊ ဘုတလင်ချစ်လေး တဲ့။ တင်မိုးက “ဖလ်မီးအိမ်” ကဗျာနဲ့ ဆုရပြီးနောက် ကလေးကဗျာတွေ ဆက်ထုတ်တယ်။ ကလေးကဗျာဆု ရပြန်တော့ မန္တလေးတက္ကသိုလ်ကပဲ မုံရွာဝင်းဖေ၊ မောင်သန်းဌေး၊ မောင်မျိုးမြတ်၊ ရေဦးမြင့်မောင်၊ မောင်မျက်သျှင်၊ မောင်စန်းသော် စတဲ့ ကျောင်းသားကဗျာဆရာတွေက ကဗျာစာအုပ်လေးတွေ ဆက်ထုတ်ကြ ပြန်တော့ မောင်သန်းဌေး၊ မောင်မျိုးမြတ် ညီအကိုက ကလေးကဗျာ ပထမနဲ့ ဒုတိယဆု အသီးသီးရကြပြီး မုံရွာဝင်းဖေက တတိယဆုရတယ်။ (ခုနှစ်တူပါ။)

သူတို့နောက်မှာ ဂျူး၊ နုနုရည်(အင်းဝ)၊ နန်းတော်ရှေ့ မဝင်းမြင့်၊ မဝင်း(မြစ်ငယ်) စသဖြင့်ကျောင်းသူ ကလောင်ရှင်တွေ အစုတစု ပေါ်ထွက်လာပြန်ပါတယ်။ နုနုရည်(အင်းဝ)က အမျိုးသားစာပေဆုရတယ်။ အဲ့နောက်က အစုထဲကလည်း ညီပုလေးက ဆုရပြန်တယ်။ ဒီအခါမှာတော့ လမ်းကြောင်းက ပြောင်းသွားပြီ။ ဝတ္ထုရှည်ဆုတွေချည်း ရကြပြန်တယ်။ ခုလို စာပေဆုတွေ ရကြပြန်တော့ ကိုယ့်တက္ကသိုလ်အတွက် ဂုဏ်ယူမိတာ အမှန်ပါ။ မဆန်းဘူးလေ။ ဒါပေမဲ့ အခုလိုဂုဏ်ယူကြောင်း ထထပြီးပြောပြန်တော့ တချို့ကလည်း မျက်စိနောက်မှာပေါ့နော်။ မတက်နိုင်ဘူးလေ။(ကိုကိုးကျွန်းပြန်တွေ ဘယ်နှစ်ယောက် ဆိုတာတောင် ရေတွက် နေသေးတာပဲ။ “ထောင်ဆု”လည်း ဂုဏ်ယူနေပြန်ပြီလို့ ပြောကြမှာစိုးလို့ အောင့်ထားရပါတယ်။)

ဆုရတာ မရတာ အပထားပြီး ကျွန်တော်တို့ရဲ့ မန်းတက္ကသိုလ်ကျောင်သားတွေထဲက ဘယ်နှစ်ယောက် ဆုရပြီလဲ၊ ကဗျာစာအုပ် ဘယ်နှစ်အုပ်ထွက်ပြီလဲ စသဖြင့် လူငယ်ခြေတက်တွေက အရင်လုပ်ကြည့်ကြစေချင် တယ်။ ကျွန်တော်က ပြည်ပမှာဆိုတော့ ကိုးကားစရာတွေ စနစ်တကျလုပ်ဖို့ မလွယ်လှလို့ အောင့်အည်းထားရ ပါတယ်။ (လူထုစာကြည့်တိုက်က ကိုအောင်မြင့်ဦး လုပ်ပေးစေချင်ပါတယ်။ ပန်ကြားပါရစေ။) ဝတ္ထုရေးရာမှာ ဂျူးတို့၊ နုနုရည်(အင်းဝ)တို့လို ထူးချွန်ထက်မြတ်သူတွေ ထွက်ပေါ်လာပေမယ့် ကဗျာစာအုပ်ထုတ်တဲ့ ကျောင်းသူတော့ မကြားမိသေဘူး။ နုယဉ်၊ ငွေတာရီ၊ နွယ်(စစ်တွေ) တို့လို ကဗျာဆရာမတွေ မန်းတက္ကသိုလ်က မထွက်ဘူးနော်။

“ဘဝ” ဆိုတဲ့ ကဗျာစာအုပ်လေးတအုပ် ကြားဖူးကြရဲ့လား။ ၁၉၆၂ လောက်ကဆိုတော့ ကြာပြီပေါ့။ အဲဒီကဗျာစာအုပ်ကို ထုတ်ဝေသူ ကဗျာဆရာကတော့ တက္ကသိုလ်မောင်ထွန်းဝေ တဲ့။ မနေ့တနေ့ကပဲ ကွယ်လွန်ရှာတယ်။ သူက ရှေ့နေကြီး ဦးထွန်းဝေလေ။ မောင်ပေါက်စည်တို့၊ မောင်သာနိုးတို့နဲ့ ကျောင်းနေဘက် သူငယ်ချင်းပေါ့။ မောင်သာနိုး၊ မောင်ထွန်းဝေ နဲ့ တင်မိုးတို့က ရွယ်တူတွေပါ။ သူကွယ်လွန်တော့ အသက်အရွယ်က ၈၅ နှစ်တဲ့။ ခုတော့ သူကွယ်လွန်ကြောင်းကို မန္တလေးက ကျော်ရင်မြင့်နဲ့ သိုက်ထွန်းသက် တို့က ချက်ခြင်းပဲ ပြိုင်တူသတင်းပို့လိုက်ကြလို့ သူတို့ဆီကိုပဲ သတင်းအသေးစိတ်ပြန်မေးပြီး ဒီဆောင်းပါးကို ရေးလိုက်ရတာပါ။ သိုက်ထွန်းသက်ကတော့ မောင်ထွန်းဝေရဲ့ အတ္ထုပ္ပတ္တိအကျဉ်း စာရွက်ကလေး တမျက်နှာကို ချက်ခြင်း ကူးပို့လိုက်တယ်။ ဒါနဲ့ ချက်ခြင်း ပြန်မေးလိုက်တယ်။ ဟ … ဘယ်လိုရသလဲလို့။ နေထွတ်ရဲ့ မန္တလေးအဘိဓာန်က တဲ့။ နေထွတ်ကိုရော၊ သိုက်ထွန်းသက်ကိုပါ ကျေးဇူးတင်လိုက်တာ။

တက္ကသိုလ်ထွန်းဝေဆိုတာ မန္တလေးဆိုင်းတန်းရပ်၊ ပဲပုပ်တန်း၊ ရွှေကုန်သည် ဦးရှင်း ၊ ဒေါ်အမ တို့က ၁၂၉၅၊ သီတင်းကျွတ် လပြည့်ကျော် ၁၁၊ စနေနေ့ မှာ မွေးဖွားသူဖြစ်တယ်လို့ ခုမှ အသေအချာသိရပါတယ်။ အထူးသတိထားမိတာက သူဟာ မန္တလေးသား စစ်စစ်ပေါ့။ မောင်သာရတို့၊ မောင်မိုးသူတို့က သူတို့ဟာ မန္တလေးသား စစ်စစ်တွေဆိုပြီး ဂုဏ်ယူလေ့ရှိပါတယ်။ တယောက်က နာရီစင်ကြီး ဖက်မွေးတာဆိုလို့ဆို။ တယောက်က ဈေးချိုတော် ခေါင်မိုးပေါ်မှ မွေးတာလို့ ပြောလို့ပြော။ ဦးထွန်းဝေကတော့ “ရွှေဆိုင်”ပေါ် မွေးတာလို့ ပြောမှာပေါ့။ မန္တလေး ဈေးချိုတော်၊ ရွှေဆိုင်တန်းဆိုတာ ဆရာကြီးမဟာဆွေ၊ ဆရားကြီးမျိုးမြင့်လွင် တို့ ဝတ္ထုတွေမှာ နာမည်ကျော်တွေပ။ ဦးထွန်းဝေက အသားဖြူဖြူ သွယ်သွယ်နွဲ့နွဲ့လေးရယ်။ မောင်သာနိုး၊ တင်မိုး၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ ဂုဏ်ထူးသိန်းနိုင်တို့လို ညိုတိုတိုမဟုတ်ဘူး၊ တချို့က အညာသားဆိုတာ ညိုညိုတုတ်တုတ်တွေချည်းလို့ ထင်တတ်တာကိုး။ “ရန်ကုန်အကြွား၊ မော်လမြိုင်အစား၊ မန္တလေးစကား” လို့ ဆိုရိုးရှိပေမယ့် ရှေ့နေဖြစ်တဲ့ ဦးထွန်းဝေဟာစကားကို များများပြောနေတာ တခါမှ မကြုံခဲ့ရဘူးပါ။

ဦးထွန်းဝေဟာ တင်မိုးနဲ့ တနှစ်တည်းမွေးသူတွေပါ။ မောင်ပေါက်စည်တို့ မောင်သာနိုးတို့နဲ့လည်း ရွယ်တူတန်းတူပေါ့။ သူ ၁၀ တန်းအောင်လို့ တက္ကသိုလ်ရောက်တော့ ၁၉၅၃ တဲ့။ ကျွန်တော် သတ္တမတန်း အောင်တဲ့နှစ်ပေါ့။ သူဘွဲ့ရတဲ့ ၁၉၅၆ ကျမှ ကျွန်တော်နဲ့အတူ မောင်မိုးသူ၊ ကြည်အောင် တို့ တက္ကသိုလ်ရောက် ကြတာ။ ၁၉၆၀ မှာ ဦးထွန်းဝေဟာ ရန်ကုန်တက္ကသိုလ်မှာ ၂ နှစ်နေခဲ့ပြီး ဥပဒေဘွဲ့ ယူခဲ့တာ။ ဥပဒေဘွဲ့တို့၊ ပညာရေးဘွဲ့တို့၊ ဆရာဝန်ဘွဲ့တို့ဆိုတာ အဲဒီကာလမှာ ရန်ကုန်သွားမှ ရနိုင်တာဖြစ်ပါတယ်။ ရှေ့နေလုပ်စမှာပဲ တဖက်ကလည်း အလွတ်ကျောင်းမှာ စာပြခဲ့သေးတာလည်း အဲဒီခေတ်ရဲ့ ထုံးစံပါပဲ။ ကျွန်တော်တို့ သူငယ်ချင်းတွေအားလုံး အလွတ်ကျောင်းတွေမှာ စာပြခဲ့ဖူးကြတာချည်းပါ။ အဲဒီကာလမှာ ၁၉၅၃ က အောက်တိုဘာ ကျောင်းတလပိတ်ရေး ကျောင်းသားလှုပ်ရှားမှုမှာ ခေါင်းဆောင်ခဲ့လို့ ကိုသာနိုးကို အဖမ်းခံခဲ့ရာက ပြန်လွတ်လာတဲ့နှစ်ပေါ့။ ကိုသာနိုး၊ မုံရွာတင်ရွှေ တို့လို ကျောင်းသားဟောင်းကြီးတွေနဲ့အတူ မောင်မိုးသူ၊ မောင်စွမ်းရည်တို့လည်း မန်းတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ အမှုဆောင်လုပ်နေကြတော့ တက္ကသိုလ် ဆီးနိတ်အဖွဲ့မှာ ကျောင်းသားတွေရဲ့ ကိုယ်စားလှယ် တောင်းတဲ့အခါ ရှေ့နေကြီးဦးထွန်းဝေကို ကိုယ်စားလှယ်အဖြစ် ပေးခဲ့ကြပါတယ်။ လူထုဦးလှက မြို့မိမြို့ဖ ကိုယ်စားလှယ်တဦးအဖြစ်နဲ့ ဆီးနိတ်မှာ ပါဝင်ခဲ့ပါတယ်။ ဦးထွန်းဝေဟာ ကျွန်တော်တို့ကိုယ်စားလှယ်အဖြစ် ၃-၄ နှစ်လောက် ဆောင်ရွက်ရတယ် ထင်ပါတယ်။ အတိအကျတော့ မမှတ်မိတော့ပါ။

အဲဒီကာလမှာ မန္တလေး-ရန်ကုန်၊ ကဗျာလောကမှာ ကဗျာဆရာ၊ ကဗျာစာအုပ်တွေ တဦးချင်း၊ သီးခြား ထုတ်နေကြတာ အလေ့အထမရှိသေးပါဘူး။ မန္တလေးတက္ကသိုလ်မှာ လုံးချင်းကဗျာစာအုပ် စရောက်တာက ၁၉၅၈ ခုနှစ်မှာ တင်မိုးက စထုတ်ခဲ့တာပါ။ မန်းတက္ကသိုလ်က ကလောင်ရှင်အသင်း စာစဉ် အမှတ် (၁)အဖြစ် စတင်ပုံနှိပ် ထုတ်ဝေခဲ့တာပါ။ အတွင်းရေးမှူးက ဂုဏ်ထူသိန်းနိုင်ပါ။ ပွဲဦးထွက်ထုတ်တဲ့ တင်မိုးရဲ့ “ဖလ်မီးအိမ်” ကဗျာစာအုပ်ကလေးဟာ ပွဲဦးထွက် စာပေဗိမာန်ဆုကို ရရှိခဲ့ပါတယ်။ နောက်ထပ် နှစ်စဉ်ဆိုသလို ဆက်လက်ထုတ်ဝေခဲ့တဲ့ ကြည်အောင်၊ မောင်စွမ်းရည်၊ တင်မိုး၊ မောင်သန်းဌေး၊ မောင်မျိုးမြတ် တို့ရဲ့ ကလေးကဗျာစာအုပ်များလည်း စာပေဗိမာန်ဆုက အမည်ပြောင်းလိုက်တဲ့ အမျိုးသားစာပေဆုတွေကို ဆက်တိုက် ရရှိခဲ့ကြပါတယ်။ ဒီအခါကျမျ ကျောင်းသားကြီးတွေရဲ့ ကဗျာစာအုပ်တွေလည်း လုံးချင်းကဗျာ စာအုပ်အဖြစ် ထုတ်ဝေလာကြပါတော့တယ်။ မောင်ပေါက်စည်(မန်းတက္ကသိုလ်)၊ တက္ကသိုလ် မောင်ထွန်းဝေ စတဲ့ “စီနီယာ” ကြီးတွေရဲ့ ကဗျာစာအုပ်တွေဟာ သူတို့တတွေက တက္ကသိုလ်ပြင်ပမှာ အလုပ်လုပ်နေကြ တော့မှ ထုတ်ဝေခဲ့ကြတာပါ။
တက္ကသိုလ်မောင်ထွန်းဝေရဲ့ လုံးချင်းကဗျာစာအုပ်က မန္တလေးတောင်ခြေက ပုံနှိပ်တိုက်မှာ ရိုက်တာတဲ့။ စာအုပ်အမည်က “ဘဝ” ကဗျာများတဲ့။ တင်မိုးရဲ့ ဖလ်မီးအိမ် ကဗျာစာအုပ် ထုတ်ဝေစဉ်က တင်မိုးနဲ့ ကျွန်တော် နှစ်ယောက်သား မြန်မာစာ ပါမောက္ခ ဦးချမ်းမြ အိမ်ကိုသွားပြီး အမှာစာတောင်းခဲ့ကြဖူးပါတယ်။ ဆရာကြီးက ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ တို့နဲ့အတူ ခေတ်စမ်းခေတ်ကတည်းက မြကေတု ကလောင်အမည်နဲ့ ကဗျာတွေရေးလာခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီခေတ်က မြန်မာစာ ပါမောက္ခအနေနဲ့ တပ်ဦးကျောင်းသားတွေကို အားပေးရင် အထက်က ငြိုငြင်မှာစိုးဟန်ရှိပါတယ်။ ရေးမပေးလိုက်ပါ။ တက္ကသိုလ်မောင်ထွန်းဝေကိုတော့ ကျောင်းပြင်ပရောက်နေသူဖြစ်လို့ ထင်ပါတယ်။ အမှာစာ ရေးပေးလိုက်ပါတယ်။

တက္ကသိုလ်မောင်ထွန်းဝေဟာ ရှေးရိုးသမား၊ ဂန္ထ၀င်သမား ဖြစ်ပါတယ်။ မြန်မာကဗျာမှာ ကာရံမပါရင် ကဗျာမဟုတ်တော့ဘူးလို့ စိုက်လိုက်မတ်တတ် ပြောဆိုလာသူဖြစ်ပါတယ်။ သူ့ကဗျာတွေဟာ ကာရန်စနစ်နဲ့ အသေအချာရေးဖွဲထားတာတွေဖြစ်ပါတယ်။ ဆုရကဗျာတွေကလည်း ကာရန်စနစ်နဲ့ ရေးကြတာချည်းဖြစ် ပါတယ်။ သူ့ကဗျာစာအုပ်ထုတ်တဲ့ ၁၉၆၂ လောက်က ကာရံမဲ့ကဗျာဆိုတာမျိုးလည်း မပေါ်သေးပါဘူး။ သူက အတွေးအမြင်က နည်းနည်းရိုးပါတယ်။ ဒါကြောင့်ထင်ပါရဲ့ မန်းတက္ကသိုလ်က ဆုရကဗျာစာအုပ်တွေနဲ့ တဆက်တည်း ထုတ်ပေမယ့် ဆုမရခဲ့ပါ။ သူလည်း နောက်ထပ် ကဗျာစာအုပ် မထုတ်ဖြစ်တော့ပါ။

မကြာခင် ကျွန်တ်ာတို့တတွေ ရန်ကုန်ပြောင်းကြတော့ သူကျန်ရစ်ပါတယ်။ ၁၉၈၄-၈၅ လောက်မှာ သူ့ရဲ့သူငယ်ချင်း မောင်ပေါက်စည် ရန်ကုန်မှာ ခရစ်ယာန်သာသနာပိုင်ချုပ်ဖြစ်တော့ မောင်ပေါက်စည်ရဲ့အိမ်ကို အလည်လာခိုက် ကျွန်တော်နဲ့ ခေတ္တခဏ ပြန်ဆုံပါသေးတယ်။ ၂၀၁၆ မှာတော့ သူငယ်ချင်းမောင်သာနိုးက တသက်တာစာပေဆု ရပါတယ်။ ညီပုလေးက ၀တ္ထုရှည်ဆု၊ သစ်ရာကောက် မောင်တင်စိုးက ကဗျာဆု ရပါတယ်။ ဆုရသူတွေကို ဂုဏ်ပြုပွဲမှာ ဒေါက်တာ ခင်မောင်ညွန့်၊ ကိုလေး(အင်းဝဂုဏ်ရည်) နဲ့ မောင်စွမ်းရည် တို့လို ဆုရသူလူဟောင်းများကိုလည်း အတူဖိတ်ကြားပြီး ပင်မ မန်းတက္ကသိုလ်ကျောင်းသား ဟောင်းများက ဂုဏ်ပြုပွဲလုပ်တာဖြစ်ပါတယ်။ သူလည်း ကျောင်းသားဟောင်းအနေနဲ့ ကြွရောက်လာပါတယ်။ ဂုဏ်ပြုခံပုဂ္ဂိုလ် တစုနဲ့အတူ စကားဝိုင်းဖွဲ့ ပြောကြပါတယ်။ အဲဒါဟာ သူနဲ့ကျွန်တော်တို့ နောက်ဆုံးတွေ့ဆုံခြင်းပါပဲ။

ခုအခါ မန္တလေး နေ့စဉ်မှာ မန်းတက္ကသိုလ်ကလောင်ရှင်အသင်း စာပေလှုပ်ရှားမှုတွေကို အားရပါးရ စားမြုံပြန်နေပါတယ်။ ကျွန်တော်တို့မသိတာတွေလည်း သူရေးမှ သိရတာတွေ အများကြီးပါ။ ဆောင်းပါးတွေရေးလာတာ ၁၇ ပုဒ် ရှိသွားခဲ့ပါပြီ။ အပြီးမသတ်ခင် ကွယ်လွန်သွားခဲ့ရှာပါတယ်။ ကျော်ရင်မြင့် ပို့ပေးလို့ ကျွန်တော်လည်း အဆက်မပြတ် ဖတ်နေတာပါ။ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းကို ဘယ်သူတွေက ဘယ်နေ့ဘယ့်ရက်မှာ ဘယ်လိုထူထောင်ခဲ့တယ်ဆိုတာ သေချာမေးပေးပါလို့ ကျော်ရင်မြင့်ကို ကျွန်တော်လှမ်းပြောထားပါတယ်။ သူ့ဆောင်းပါးတွေထဲမှာ သူရေးသွားခဲ့သလား အသေအချာ မသိပါ။ ကျွန်တော်က မျက်စိမကောင်းလို့ တချို့ကို တယ်လီဖုန်း မက်ဆေ့အဖြစ်ဖတ်တဲ့အခါ စေ့စေ့စပ်စပ် မဖတ်နိုင်လို့ စာအုပ်ထုတ်မှာ သေချာဖတ်မယ်။ စာအုပ်အဖြစ် ချက်ခြင်းထုတ်ပါလို့ လှမ်းပြီး မက်ဆေ့ပို့ တိုက်တွန်းထားပါတယ်။

ခုတော့ ကျောက်ကပ်ရောင်လို့ ဆေးရုံတက်ရသတဲ့။ ဆေးရုံမှာပဲ ကွယ်လွန်ခဲ့ရှာ ပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့၊ ည ၁၀ နာရီက မြို့တော်ဆေးရုံမှာပဲ ဆုံးသတဲ့။ သူမကွယ်လွန်ခင်က သူ့ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ် ခန္ဓဗေဒဌာနကို လှူပေးခြဲ့တာဆိုတော့ နံနက် ၉း၃၀ မှာ ယူသွားရတော့မှာပါ။ သူ့အိမ်က အသုဘပို့ဆောင်တာမျိုး မလုပ်နိုင်တော့ပဲ ရက်လည်၊ လလည် စတဲ့ အမှတ်တရပွဲ၊ သပိတ်သွတ်ပွဲများပဲ လုပ်ပါလိမ့်မယ်။ အသက်က ၈၅ နှစ်တဲ့။ သားသမီး ၄ ယောက်ကျန်ခဲ့သတဲ့။

သူ့ရဲ့ အခန်းဆက်ဆောင်းပါးတွေကို စာအုပ်ကလေးတအုပ်အဖြစ် အမှတ်တရ ထုတ်ဖို့ကောင်းပါတယ်။ သူ့ကဗျာစာအုပ် “ဘဝကဗျာများ” ကို ပြန်လည် ပုံနှိပ်ထုတ်ဝေရင်း သူ့ဆောင်းပါးတွေကို နောက်ဆက်တွဲ ထည့်ရိုက်ဖို့ သင့်ပါတယ်။ သူ့ဆောင်းပါးကိုတော့ ဆက်လက်ပြီး အသေအချာရေးနိုင်သူက မန်းတက္ကသိုလ် ကလောင်ရှင်အသင်းမှ ဥက္ကဋ္ဌတို့ ၊ အတွင်းရေးမှူးတို့ လုပ်ခဲ့တဲ့ ဂုဏ်ထူးသိန်းနိုင်ပဲ ရှိပါတယ်။ ဂုဏ်ထူး သိန်းနိုင်ကို ဆက်ရေးပါလို့ ပန်ကြားလိုက်ပါတယ်။

သူကွယ်လွန်သည်အထိ ကျွန်တော်တို့နဲ့တုန်းကလို နိုင်ငံရေးစိတ် မကုန်ရှာဘူး။ သူနေတဲ့ရွာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လုပ်နေတာတဲ့။ ဆက်ရှိနေရင်တော့ အမတ်ရွေးခံခိုင်းရမှာပါ။ တက္ကသိုလ် မောင်ထွန်းဝေ ဘဝ အဆက်ဆက် အောင်မြင်တဲ့ ကဗျာစာဆိုကြီးဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မောင်စွမ်းရည်
၂၀၁၈ နိုဝင်ဘာ ၁၈။ နယူးယောက်

နိုင်ဝင်းသီ - သန် လျင်

$
0
0
KT#
 သန် လျင်
နိုင်ဝင်းသီ
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၈

( တစ် )

ကြည့်တော့သာ လက် တစ် ဝါးစာရှိတဲ့မြို့
မြစ် ကူးတံတားက သုံးစင်းနဲ့
ပြော တော့သာ ကျေးလက် ဆန် တယ် တဲ့
ဘီယာဆိုင် တွေဆိုတာ များမှများ
ဘဏ် တိုက် တွေဆိုတာ ဒင်္ဂါးသံ တချွင် ချွင် နဲ့
အေတီအမ် ကဒ် သံ တဖျတ် ဖျတ် နဲ့
ဆိုင် ကယ် က တော့ ပေါသလားမ မေးနဲ့ကိုယ့် လူ
အိမ် ထဲထိုင် နေတဲ့ ခင် ဗျား ဘေး တောင်
ဗျီးခနဲ ဖြတ် မောင်းသွားလိမ့်မယ် ။

သန် လျင် မြေတစ် စ လောင်း ငွေတစ် သောင်းတဲ့
အတိတ် လိုလို တ ဘောင် လိုလိုစကား
တယ် ဟုတ် ပါလားကိုယ့် လူ သွားမလုပ် နဲ့
အဲဒါ ရွှေတစ် ကျပ် သား တစ် ရာတစ် ရာ့ငါးဆယ်
ခေတ် က စကား
မြေကွက် တွေကို ခုထိုင် ထားတဲ့ ကောင် ဟာ
အခုချိန် မှာမှာ သူကြွယ် ။

သခင် စိုးဟာ ဒီ နေရာ လေးမှာ တယောထိုး
တတ် တာ ပေါ့
သူ အမြဲမှီထိုင် တဲ့ အုတ် တိုင် လေးဟာ
ချိုင့် တောင် နေတယ်
ဇာတ် ရုံလမ်းထဲက ငါတို့ရဲ့အဘွား လေး
ငါတို့ကို ပြောပြ တော့
မျက် လုံး လေး တွေ ကလယ် ကလယ်
သမိုင်းဟာ နူးညံ့ခဲ့သားပဲ။

ဟေ့ တညင် သား တွေ
လွတ် လပ် ရေးထက် အ ရေးကြီးတာ ဘာရှိလဲ
သောက် ရေးမပါတဲ့စကား တွေကို အခုရပ် စမ်း
သဲပုံ စေတီ ဘေးက ကွင်းမှာ
ဗိုလ် ချုပ် အောင် ဆန်း ဒေါ တွေကန် နေ တော့
ငါတို့သန် လျင် သား တွေဟာ
မီးကို ရေ နဲ့ လောင်းချလိုက် သလို
ရဲခကနဲ ထိပ် စည်းငြိမ်
သန် လျင် ဟာ အဲဒီလိုပါဆို
ဒီကြားထဲ
ဒီဘရစ် တိုဆိုတဲ့ပင် လယ် ဓားပြကလည်း
ဓမ္မ စေတီ ခေါင်း လောင်းကြီးကို
သန် လျင် ကို ဆွဲချလာ ခဲ့ သေးတာ ပေါ့။
မ အောင် မြင် ပေလို့ ပေါ့ကွာ။

( နှစ် )

သန် လျင် မှာ ဘာထွက် သလဲ မေးခဲ့ရင်
ခန္ဓာငါးပါး ရုပ် နာမ် နှစ် ဖြာ
သံသရာသွားမလား အဟုတ် မှန် စွာ
မိုးညှင်းဆရာ တော် ဘုရားထွက် ခဲ့တယ်
သာသနာကို နေလိုလလို လင်း စေတဲ့
သ ပြေကန် ဆရာ တော် ဘုရား ထွက် ခဲ့တယ်
ပြီး
ည မွှေးပန်းထွက် ခဲ့တယ်
စံ ရွှေမြင့်  ထွက် ခဲ့တယ်
သူငယ် ချင်းလို့ပဲ ဆက် ၍ ခေါ်မည် ခိုင် ထွက် ခဲ့တယ်
 
တက် တိုးထွက် ခဲ့တယ်
မြင့် မြင့် ခင် ထွက် ခဲ့တယ်
ကာတွန်းသန်းကြွယ် ထွက် ခဲ့တယ်
စက် ဆုပ် ရွံရှာစရာ လောက် ကောင် တချို့နဲ့
ကိုယ့် အမြီး ကိုယ် ပြန် မျိုတဲ့
မြွေ တချို့လည်း ထွက် ခဲ့တယ်
မြေကြီး ကိုစားပြီး ဖောင်းကားဝဖီး နေတဲ့
မြေကြွက် တွေလည်း ထွက် ခဲ့တယ်
လူမသိ သူမသိ
အ ညတြသူရဲ ကောင်းတချို့လည်း
ထွက် ခဲ့တာ ပေါ့ကွာ
အနုပညာနဲ့  ပတ် သက် လာရင် တော့
သန် လျင် ဟာ
ဘယ် တော့မှ အညွန့် မကျိုးတဲ့ မီး တောက်
လောင် ချင် တိုင်း လောင် လာခဲ့တဲ့ မီးပန်း။

( သုံး )

ကျိုက် ခေါက် မှာ ဘယ် သူရှိသလဲ မေးလာရင်
နတ် ရှင် နောင် ရှိ နေတယ် ငါ ပြောမယ်
ပ ဒေသရာဇာ ရှိ နေတယ် ငါ ပြောမယ်
"ကျိုက် ခေါက် "လို့ ဆိုလိုက် တာနဲ့
ချစ် ခြင်း မေတ္တာမှာ တစ် ခန်းရပ်
အလွမ်းဇာတ်
ရှင် မွေ့နွန်းနဲ့ မင်းနန္ဒာတို့ရဲ့
မဆုံစည်းခဲ့ လေ သော အချစ်
ပြီး
စေတီ ခြေ တော် ရင်းက
မင်းနန္ဒာ အလွမ်းကန်
ပြီး
တိုက် ကြီးကုန်းထိပ် တောင် စောင်း လေး ပေါ်မှာ
မွေ့နွန်းရဲ့အလွမ်း တွေနဲ့ တည် ထားခဲ့တဲ့
မျှော် တော် ယောင် လွမ်း စေတီ ။

မှောင် နေ ပေမယ့် ငါမြင် နေရတယ် မူမူ
လွမ်း စေတီ လေးကို ကြည့်  ငေးရုံနဲ့တင်
စိန် ပန်းပွင့်  တွေ ပြန့် ကြဲ နေတဲ့ မြို့က လေးဟာ
မိုးစက် ဖွဲဖွဲမှုန် မှုန် အောက် မှာ
လွမ်းစရာ ကောင်းသွားခဲ့ပြီ။

( လေး )

မဏိဒီပကျွန်း ၊သန် လျင် ၊ တညင် ၊ စံကား၊ ကျောက် ဖျာ၊ သီဟဒီပ၊ ဆီရီယမ် (Syriam)
သမိုင်း ကြောင်းရှည် လျားခဲ့တဲ့ မြို့က လေးဟာ
အမည် နာမ တွေလည်း များမှများ
ဘယ် လိုပဲ ခေါ် ခေါ်
ငါတို့ဟာ သန် လျင် သား တွေပါကွာ
ဘယ် လို ခေတ် မျိုးလာလာ
ခေတ် ကြီးကို ခေါင်းနဲ့ဝင် တိုက် ရဲတဲ့
ဘာမထီ သန် လျင် သား တွေ ပေါ့
ပြောမယ် ဆိုရင် ပေါ့ကွာ
ရာဇဝင် မှာ
ငါတို့သန် လျင် ဟာ ကျွန် သက် အရှည် လျားဆုံး
သမိုင်းမှာ ပထမဦးဆုံး ကိုလိုနီဖြစ် ခဲ့တာဟာ
ငါတို့ရဲ့သန် လျင်
အဲဒီသန် လျင် ဟာ
၁၅ ရာစု နှစ် လောက် ကတည်းက
အာရှနဲ့ ပင် လယ် နီကို ဆက် သွယ် ပေးထားတဲ့
ဆိပ် ကမ်းမြို့။

အဒီ နောက် ပိုင်း
ပြင် သစ် ဟာလည်း အင်္ဂလိပ် နဲ့အပြိုင်
သ င်္ဘော တွေတည် ဆောက်
ဈေးကွက် ထဲ ချ ရောင်းပြီး
သူ့ကိုယ် သူ တစ် ထစ် ချင်း ဆွဲတင် ခဲ့တာ ပေါ့။

ဗျူဟာအရဆိုရင်
ခြ င်္သေ့ပုံပန်းသဏ္ဍာန် ရှိတဲ့
ငါတို့ရဲ့သန် လျင် ဟာ
ပင် လယ် ကို ခါးလှန် ချိုးလို့ရတဲ့မြို့။

အဲဒီ လောက် ခမ်းနားခဲ့တဲ့ ဆိပ် ကမ်းမြို့ဟာ
ခေတ် တွေ စနစ် တွေ အမျိုးမျိုး အောက် မှာ
အ မေ့ လျော့ခံ ဘဝနဲ့
အပစ် ပယ် ခံဘဝနဲ့
အ မှောင် ထဲမှာ ငြိမ် သက် လာခဲ့ ရ ပေါ့။

ဒီလိုနဲ့ပဲ
ရာဇဝင် ထဲမှာ တောက် ပခဲ့တဲ့ သန် လျင် ဟာ
သွေးဆုံး နေတဲ့ မြစ် တစ် စင်းလို
တဖြည်းဖြည်း ပိန် လှီ ခြောက် ကပ် လာပြီး
ဖြူဖတ် ဖြူ ရော် ဖြစ်
အသက် ဇီဝဓာတ် ကို  ခပ် မျှင်းမျှင်းရှူ
ဘယ် သူကမှလည်း သူ့ကို လာမထူနိုင် ဘူး။

အေး လေ
အရူးအနှမ်း တွေဆိုတာ
ဗော် လ် တဲယားမှ မဟုတ် တာကွာ
ဘာပဲ ပြော ပြောပါကွာ
ငါတို့ရဲ့ဘိုးဘွား တွေဟာ
ကျူး ကျော် သူမှန် သမျှကို
ခေတ် အဆက် ဆက် တိုက် ခဲ့ကြပါတယ်
သမိုင်းမှာ သူရဲ ဘော မ ကြောင် ခဲ့ပါဘူး
သန် လျင် မြေကို တူးဆွကြည့် ရင်
သစ္စာတရားများနဲ့ မာ ကျောဝင်းပ နေတဲ့
ငါတို့ဘိုးဘွား တွေရဲ့အရိုး ဟာ
"ဟိတ် "ဆိုတဲ့ အသံကြီးနဲ့ အော် ပြီး
တစ် ချောင်းပြီးတစ် ချောင်း    ခုန် ထွက် လာလိမ့် မယ်။

ငါတို့ဟာ
သန် လျင် သားကွ
မာ ကျောပြတ် တောက် တဲ့အသံကြီးနဲ့
မြည် ဟိန်းပြလိမ့် မယ် ။

မဟုတ် မတရား လုပ် ထားတဲ့ လူ့အန္ဓ တွေ ရေ
အရိုး တွေ သံပြိုင် မတွန် ခင် မှာ
အဲဒီအရိုး တွေ ခင် ဗျားတို့ ခေါင်းကို  ရိုက် မခွဲခင် မှာ
ပြေးဖို့သာ ကြံထား ကြ ပေ တော့။

( ငါး )

အဲဒီလို
လောဘ၊ ဒေါသ ၊ မောဟ နည်းပါးခဲ့တဲ့
ငါတို့ရဲ့မြို့ က လေးဟာ
ရိုးသားဖြူစင် ရုံတင် ဘယ် ကလိမ့် မလဲ
ညဦးပိုင်း ရောက် တာနဲ့
လမ်း ဘေး ဂစ် တာဝိုင်း လေး တွေဆီက
သဲ့သဲ့ဖွဖွ ဂီတာသံ ဟာ
ညဉ့် နက် တဲ့အထိ လွင့် လွင့်  မျော မျော။

ဝါ  စိမ်း  နီ  ပြာ ကြယ် ပွင့်  လေး တွေဟာ
ငါတို့ရဲ့မြို့ လေး ပေါ်မှာ
ကလို့ ... ခုန် လို့
နီညို ရောင် မ ဟော် ဂနီရွက် တွေဟာ
တစ် ရွက် ပြီးတစ် ရွက်
ဝဲလို့ ... ကြွေလို့
ည မွှေးပန်းရနံ့ဟာ
အိပ် မောကျ နေတဲ့ မြို့ လေးထဲမှာ
ပြေးလို့ ... လွှားလို့
မြို့ က လေးထဲက ဘာသာကြီး လေးရပ် ဟာ
တစ် ခုအ ပေါ်တစ် ခု လေးနက် ချစ် ခင် လို့
တစ် ဖက် နဲ့တစ် ဖက် အပြန် အလှန် ယိုင်းပင်းလို့
တစ် ဦးနဲ့တစ် ဦး နွေး ထွေး စောင့်  ရှောက် လို့
ဘယ် လောက် ချစ် စရာ ကောင်းတဲ့  မြို့ က လေး လဲလို့။

( ခြောက် )

နတ်ရှင်နောင်ဟာ
အဖွဲ့အနှောင်တခုထဲမှာ
မလူးသာမလွန့်သာ
ပိတ်မိနာကျင်ခဲ့ဖူးတယ်
ကြေကွဲဖွယ်အော်သံတစ်ခုဟာ
သွေးစက်တွေအောက်မှာ
တဆတ်ဆတ် တုန်ရီ နေဆဲပေါ့။

သွားစမ်းပါကွာ
သမိုင်းဆိုတာမျိုးဟာ
စစ်နိုင်တဲ့ ဘုရင်တစ်ပါးက
စစ်ရှူံးသူ ဧကရာဇ်တစ်ယောက်အပေါ်
ရေးချင်သလို ရေးခြစ်ထားတဲ့
အရေးအသားတစ်မျိုးပါကွာ
ဘယ်တုန်းကမှ
အမှန်တရားနဲ့ မနီးစပ်ခဲ့ပါဘူး
ငါကတော့
"ဇီမာလမ်းဆုံ"ကို ကြိုက်ခဲ့သလို
"ပေါ်နွေလလျှင် "ကိုလည်း ခိုက်ခဲ့တာပဲ
"ဘောင်းဘီဝတ်မိုးတိမ် "ကို ငြိခဲ့သလို
"ဆွတ်ပျံ့ဖွယ်အောင် "ကိုလည်း အစွဲအလမ်း
ကြီးခဲ့တာပဲ
သူ့ရဲ့အရေးအသားတချို့ဟာ
ငါတို့လူငယ် ဘဝရဲ့အ ရေပြား ပေါ်က
တက်တူးတချို့ ပေါ့
အငြင်းပွားဖွယ် အဖြစ်အပျက်တွေနဲ့
နတ်ရှင်နောင်ဟာ
ကျိုက်ခေါက်စေတီခြေတော်ရင်းမှာ
နာကျင် ပြီးဆုံးသွားခဲ့ပြီ။

ငါသိတာပေါ့
သူဟာ
သံသရာ အဆက်ဆက်
မဟာဓမ္မရာဇာကို
ဘယ်တော့မှ အခဲမကြေဘူးဆိုတာ
ဘာပဲပြောပြော
ငါတို့ဟာ
တောင်ငူဘုရင်ဆီကို
မကြာခဏ သွားခဲ့ကြပါတယ်
ငါတို့သွားတတ်တဲ့အချိန်ဟာ ညနေခင်းတွေပေါ့ကွာ
တစ်ခါတစ်ခါဆို
မှောင်ရီသမ်းနေခဲ့ပြီ။

အဲဒီလိုအချိန်မျိုးဆိုရင်
ကျိုက်ခေါက်စေတီ ဝန်းကျင်ဟာ
တိတ်ဆိတ်အေးလွင်လို့
ဆည်းလည်းသံလွင်လွင်နဲ့ ညနေခင်းဟာ
ဆွတ်ရီလွမ်းမောစရာ။

အဲဒီ နှစ်တွေတုန်းက
ငါတို့ဟာ
မြို့ကလေးရဲ့ လမ်းမတွေပေါ်မှာ
ရင် ဘောင်တန်းလမ်းလျှောက်
မြင်မြင်ကရာကို
ဖြတ်တိုက်သွားရဲတဲ့ မုန်တိုင်းတွေ ပေါ့
အရပ် ရှစ် မျက် နှာကို
လွင့် ချင် တိုင်းလွင့်  မျောခဲ့တဲ့ မိုးတိမ် တွေ ပေါ့
ခုချိန်မှာတော့
တချို့မုန်တိုင်းတွေဟာ
အားပျော့ပျက်ပြယ်သွားခဲ့ပြီ
တချို့မုန်တိုင်းတွေကတော့
ကမ္ဘာမြေရဲ့တစ် ဖက်အခြမ်းမှာ
တချို့မုန်တိုင်းတွေက
ကုန်းတွင်းပိုင်းကို
ဖြတ်သန်းဝင်ရောက်ဖို့ အားယူနေတုန်း။

ဘာပဲ ပြော ပြောပါကွာ
ငါအချက်ပြလိုက်တဲ့
သန် လျင် မြို့ရဲ့ အလံတော်ကို
ငါ့သူငယ်ချင်း သန် လျင် သား တွေ
အ ဝေး ရောက် နေတဲ့ ဆယ် လ် မွန် ငါး တွေ
ရောက်ရာအရပ် က
မြင်နိုင် ကြားနိုင် ကြပါ စေကွာ
ငါက တော့
၂၁ ရာစုထဲဝင် လာကာမှ
တောင် ပံ တဖျတ် ဖျတ် ခတ် ပြီး 
ပြာပုံထဲက ရုန်းထလာတဲ့
Syriam ဖီးနစ် ငှက် က လေးကို
ရာဇဝင် ထဲက ငါ့ရဲ့မြို့ က လေး ကို
အမြင့် တစ် နေရာ ဖောက် ထွက် မပျံသန်းခင်
"ချစ် သော သန် လျင် မြို့က လေး ရေ"  လို့
ချစ် သူများရဲ့ကိုယ် စား
ချစ် ခင် စွာ နှုတ် ခွန်းဆက် သလိုက် ပါရဲ့  ......။   
          
       
နိုင်    ဝင်း   သီ
၁၇ ၊ ၁၂ ၊ ၂၀၁၈
အောက် ခြေမှတ် စု ....... 
ညမွှေးပန်း .......သန်လျင်မြို့သား ကိုအောင်ထွန်းရေးဖွဲ့သွားခဲ့သော သီချင်းတစ်ပုဒ်။
သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် ...ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးခဲ့သောလုံးချင်းဝတ္ထု
အမည် ။
မြင့်မြင့်ခင် .....   ရုပ်ရှင်မင်းသမီးအကယ်ဒမီ ဒေါ်မြင့်မြင့်ခင် ။
တက်တိုး ..... စာပေပညာရှင် စာရေးဆရာကြီးဦးတက်တိုး။
စံ ရွှေမြင့် ...ကာတွန်းမြင့်သိန်း၏ ထင်ရှားသောကာတွန်းဇာတ်ကောင် ။
ကာတွန်းသန်းကြွယ် ...မြားနတ်မောင် ၊ ဘုတ်ဆုံ၊ မာတလိ၊ အင်္ဂါဂြိုလ် ၊ ပါမောက္ခကြီး ဦးတာတီးနှင့်
အခြားအခြားသော ဇာတ်ကောင် ဇာတ်ရုပ်များစွာကို ရေးဆွဲခဲ့သော ကာတွန်းပညာရှင်ကြီး။

ကာတွန်း ကိုခေတ် - အစစ်တွေလည်း ပေါပါတယ်

$
0
0
 ကာတွန်း ကိုခေတ် - အစစ်တွေလည်း ပေါပါတယ်
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၈

စိုးခိုင်ညိန်း ● ဆောင်း နံနက်ခင်း

$
0
0
စိုးခိုင်ညိန်း ● ဆောင်း နံနက်ခင်း
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂ဝ၁၈


ညက ကောင်းကောင်း အိပ်မပျော်ပေမဲ့ ထုံးစံအတိုင်း မနက်စောစော အိပ်ရာမှ ထလိုက်ပါသည်။ ကိုယ်လက်သန့်ရှင်းရေးလုပ် မျက်နှာသစ်ပြီး လမ်းလျှောက်ထွက်ဖို့ ပြင်ဆင်ရသည်။ အားကစားဘောင်းဘီ၊ အနွေးထည်၊ ခေါင်းစွပ်၊ လမ်းလျှောက်ရှူးဖိနပ် တို့ကို စီးပြီး တံတားဘက် လမ်းလျှောက်ထွက်ခဲ့လိုက်သည်။ အအေးဓါတ်သည် ဆောင်းပီသစွာ မြို့အနှံ့ကို လွှမ်းခြုံထားသည်။ ဟိုနေ့က ရန်ကုန်က သူငယ်ချင်းတယောက်နဲ့စကားပြောဖြစ်၍ သူတို့ရန်ကုန်မှာတော့ အအေးဓါတ်ကောင်းကောင်းမရ သေးဟု ဆိုသည်။ ချင်းပြည်နယ်၏အစပ်မှာဖြစ်သော ဒီမြို့ကလေးမှာတော့ နိုဝင်ဘာလလောက်ကတည်းက အေးနေခဲ့ပြီ ဖြစ်သည်။

မြို့လေးထဲက လမ်းများပေါ်တွင် လူသွားလူလာ သိပ်မရှိသေး၊ လင်းနေဆဲ ဖြစ်သော လမ်းမီးရောင် လဲ့လဲ့များထဲတွင် မြူနှင်း မှုံတို့က ဝေ့ဝဲစွာ ကျနေသည်။ ဟို အရှေ့ဘက်ဆီမှ ရောင်နီသည် ပျပျလင်းနေ၏။ ကောင်းကင်တခုလုံးသည် အနည်းငယ်မျှ မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေသည်။ တိမ်တို့၏ အစအနကိုမှပင် မမြင်ရ။ ကောင်းကင်၏ အလင်းသည် လမ်းမီးများကို မဖုံးအုပ်နိုင် သေး။ လမ်းမီးတိုင်များသည် တတိုင်နှင့်တတိုင် အလင်းရောင်ကို လက်ဆင့်ကမ်းကာ လမ်းရှိသမျှ တိုးဝင်လျှက်ရှိသည်။ မည်းနက်နေသော ကတ္တရာလမ်းမသည် အအေးဓါတ်ဖြင့် အိပ်စက်၍ကောင်းတုန်းပဲ ရှိသေးသည်။ ရံဖန်ရံခါ သူ၏ ကျော ပေါ်မှ ဆိုင်ကယ် တစီးစ နှစ်စီးစ ဖြတ်သွားပေမဲ့လည်း သူသည် မလှုပ်မရှက် ငြိမ်သက်လျှက်ပင် ရှိသည်။

ဈေးနားတဝိုက်မှာတော့ အနည်းငယ်မျှ လှုပ်လှုပ်ရှားရှား တွေ့ရသည်။ ဆိုက်ကားအချို့သည် ပစ္စည်းအချို့ကိုတင်ကာ ဈေး ဆီသို့ နင်းလာကြသည်။ အနီးအနား ရွာတွေဆီက ဈေးရောင်းဖို့ ဟင်းသီးဟင်းရွက်များကို တောင်းထဲထည့်ကာ ရွက်လာ ကြသော အမျိုးသမီးအချို့ကိုလည်း တွေ့ရသည်။

ဈေး၏ အရှေ့ဘက် လမ်းသွယ်ကလေး၏ အကွေ့ထောင့်မှာတော့ အကြော်တဲကလေး တတဲရှိသည်။ အကြော်ဖိုမှာ အမျိုး သမီးကြီးတယောက်သည် အကြော်ကြော်လျှက်ရှိသည်။ ဖိုဘေးက စားပွဲဝိုင်းလေးမှာက ဆိုက်ကားဆရာသုံးယောက်က ရေနွေးသောက်ရင်း အကြော်စားနေကြသည်။ တရှဲရှဲကြော်နေသောအကြော်ဖို၏ အထက်မှာ အပူငွေ့နှင့် ဆီပူငွေ့တို့သည် ဝေ့ဝဲနေသည်။ ကပ်ဖြင့်မိုးထားသော အကြော်ဖို၏အမိုးသည် ကျပ်ခိုးစွဲကာ မည်းလျှက်ရှိသည်။ နွေ မိုး ဆောင်း ဖြတ် သန်းထားပြီး အကြော်တဲ၏ ဘဝသက်တမ်းတခု၏ ကြာမြင့်ချိန်ကို ဖော်ပြနေသကဲ့သို့ ရှိသည်။

တံတားဘက်ဆီသို့ သွားသော လမ်းမပေါ်တွင် သူ့လို လမ်းလျှောက်ထွက်လာသူ သုံးလေးယောက်ကို တွေ့ရသည်။ တ ဖြည်းဖြည်း ရောင်နီသည် လင်းသထက်လင်းလာကာ လမ်းအချို့သည် အိပ်စက်ရာမှနိုးထကာ ပျင်းကြောဆန့်၍ သက်ဝင် လှုပ်ရှားစ ပြုပေပြီ။ ဟောဒီက ပဲပြုပ်ဟုအော်၍ လမ်းသွယ်တခုထဲမှ ထွက်လာသော ပဲပြုပ်သည်၏ ခြေလှမ်းတို့သည် သွက် လျှက်ရှိသည်။ သူသည် လမ်းကို ခပ်မြန်မြန်လေးလျှောက်နေမိသည်။ မကြာမီ တံတားပေါ်သို့ ရောက်လာသည်။ တံတားပေါ် တွင် လေအနည်းငယ် တိုက်နေပေမဲ့ လမ်းမြန်မြန်လျှောက်ခဲ့သဖြင့် သွေးက နွေးနေသည်။

တံတား၏ အောက်မှာက စီးဆင်းနေသော ရေသည် မရှိတော့ပေ၊ သဲသောင်ပြင်ကျဉ်းကျဉ်းနှင့် ဘေးတဖက်တချက်ဆီမှ ရိုးတံ ရှည်ရှည်နှင့် မြက်ရိုင်းပင်တွေပဲ ရှိတော့သည်။ မြို့၏ တဝက်လောက်ကို ဖြတ်စီးသွားသော ချောင်းသည် မိုးရာသီမှာပဲ ရေရှိတတ်သည်။ အခုလို ဆောင်းနှင့် နွေမှာတော့ ရေမရှိတော့။ တံတားအလယ်လောက်မှာ မတ်တတ်ရပ်ကာ ကိုယ်လက် လေ့ကျင့်ခန်း လုပ်သည်။ စီးဆင်းလာသော ချောင်း၏ လာရာအဝေးကို မျှော်ကြည့်လိုက်တော့ မြူနှင်းတို့ဖြင့် မှုံမှိုင်းနေသည်။ တဖြေးဖြေး လင်းလာသည်နှင့်အမျှ မြူနှင်းတို့က ပို၍ဝေ့ဝဲမှုံမှိုင်းလာသည်။ ဟိုအမေရိကမှာလို နှင်းတွေ အဖတ်လိုက်ဖွေး နေအောင်ကျတာမျိုးတော့မဟုတ်၊ ဝန်းကျင်တခုလုံး မြူခိုး၊ နှင်းခိုး၊ မီးခိုးတွေလို မှုံမှိုင်းလာခြင်းမျိုး ဖြစ်သည်။ ဆောင်းသည် သူ၏ လမ်းကြောင်းအတိုင်း အေးအေးချမ်းချမ်းဖြင့် ဝင်ရောက်လာနေခြင်းဖြစ်သည်။ နှင်းတွေကို လက်ဝါးနှစ်ဖက်ကို ဖြန့်ကာ ဆီကြိုလိုက်မိသည်။ သစ်ရွက်တွေလည်း ကြွေဆင်းလာပြီ။

ဆောင်းလမ်း
 

ဘာအစီအစဉ်တွေရှိနေလို့
နှင်းတွေနဲ့ ဖုံးထားခဲ့တာလဲ။

ဆိုက်ပရပ်စ်လမ်းမှာ
စတော်ဘယ်ရီသီးမှာ
ကုက္ကိုရွက်မှာ
တံစက်မြိတ်မှာ။

စိတ်ရှုပ်ရှုပ်နဲ့ စွန်လွှတ်ခြင်း
ကြိုးရှည်ရှည်နဲ့ သံယောဇဉ်ကြီးခြင်း။

လောကဓံဟုဆိုသော်လည်း
ကိုယ်စိတ်နှစ်ပါးရဲ့အပူပဲ။

ဘာမှပြန်မပြောခဲ့သော်လည်း
ကိုယ်မြင်နေရပါတယ်။

နှင်းတွေကို
မင်းပဲ စောင့်ခေါ်လိုက်ပါတော့။ ။

ဝင်းမြင့်


လူဝက် ကုန်တဝက်တင်ထားသော ဒိုင်နာကားတစီးသည် တံတားပေါ်မှ ဖြတ်မောင်းသွား၍ တံတားသည် အနည်းငယ် တုန်သွားသည်။ အနီးအနားရွာတရွာမှ ဈေးကိုလာသော ကားဖြစ်မည် ထင်သည်။ နေထွက်လာပြီဖြစ်သော်လည်း နေရောင် ခြည် သည် မြူနှင်းများကို မထိုးဖောက်နိုင်သေး။ အခုအချိန်မှာတော့ မြို့လေးသည် လမ်းမတွေပေါ်မှ ပဲပြုပ်သည်တို့၏ ပဲပြုပ်အော်သံများဖြင့် တမြို့လုံး အိပ်ရာမှ နိုးနေခဲ့ပြီ ဖြစ်သည်။

သူသည် အတန်ကြာကိုယ်လက်လှုပ်ရှားမှု လုပ်ပြီး တံတား၏ တဖက်သို့ ဆက်လျှောက်ခဲ့လိုက်သည်။ တံတား၏အဆင်း လမ်း၏ ညာဖက်ဘေး တဖက်ရပ်တည်းကလေး၌ ပေါင်းတင်းဝါးများကို စီတန်းကာ ထောင်ထားပြီး မီးဖုတ်နေတာ တွေ့ရ သည်။ ဒီမြို့လေးမှာက ပေါင်းတင်းက နာမည်ကြီးသည်။ ဒီရာသီမှာ ဒီပေါင်းတင်းကိုပဲ အိမ်ပြန်လက်ဆောင်ပေးလေ့ ရှိကြ သည်။ ဒီလိုပေါင်းတင်းဖုတ်ပြီး ရောင်းသည့် ဆိုင်ကလေးတွေ ဒီမြို့က လမ်းအတော်တော်များများမှာ ရှိသည်။ ဒီဆိုင်လေးမှာ က ပေါင်းတင်းသာမက မုန့်ပေါင်းလည်း ပေါင်းရောင်းတာ တွေ့ရသည်။ သူသည် ထိုင်နေကျ လက်ဖက်ရည်ဆိုင်ဆီသို့ ဆက် လျှောက်ခဲ့လိုက်သည်။

လက်ဖက်ရည်ဆိုင်ဘေးမှာလည်း မုန့်ဟင်းခါး၊ အကြော်စုံရသည့်ဆိုင် ရှိသည်။ ကောက်ညှင်းပေါင်းလည်း ရသည်။ သူက အကြော်သုပ်တပွဲနဲ့ လက်ဖက်ရည်တခွက်မှာသောက်လိုက်သည်။ ဒီအကြော်သုပ် ကလည်း ဒီမြို့လေးမှာ နာမည်ကြီးသည်။ အကြော်စုံကို ဖွခြေပြီး ပဲမှုန့် ဆီချက် မုန့်ဟင်းခါးဖတ်တို့ဖြင့် မုန့်ဟင်းခါးရည် နည်းနည်းစမ်းကာ သုပ်ထားခြင်းဖြစ်သည်။ စား ရတာ အတော်လေး အရသာရှိပါသည်။ ဒီလိုမျိုး အကြော်သုပ်ကို ဒီမြို့ကို ရောက်မှပဲ တွေ့ဖူးစားဖူးခြင်း ဖြစ်သည်။

သူ၏ အိမ်အပြန်လမ်းကတော့ အလာတုန်းကလို ခြောက်ခြောက်သွေ့သွေ့ မဟုတ်တော့ ဆိုင်ကယ်တို့ဖြင့် အနည်းငယ် ရှုပ်ထွေးနေခဲ့ပြီ ဖြစ်သည်။ လမ်းမီးတိုင်မှ မီးတို့သည်လည်း ငြိမ်းသွားလေပြီ။ တံတားပေါ်မှာတော့ အဖိုးအိုတယောက်သည် တုတ်ကောက်တချောင်းဖြင့် လမ်းလျှောက်နေသည်။ စီးဆင်းသွားရာ ချောင်း၏အဖျား ဟိုးအဝေးဆီမှာ မီးခိုးတွေ အူတက် နေတာ မြင်ရသည်။ ဆောင်းရာသီမှာ မီးခိုးကို မြင်ရခြင်းသည် ပန်းချီကားတချပ်လိုပဲဟု စိတ်မှာထင်လိုက်မိသည်။ ရာသီသုံးပါးထဲတွင် ဆောင်း ရာသီသည် အေးစက်တိတ်ဆိတ်သော ရာသီဖြစ်မည်ထင်သည်။ နွေနဲ့မိုးကတော့ ဆောင်းလို မဟုတ် အနည်းငယ် အရိုင်းဆန်သည်ဟု ထင်သည်။

ဆောင်း

ပြောစရာစကားများရှားပါးလာပြီးနောက်
ဆောင်းဟာပိုအေးလာတဲ့ အကြောင်း
မြူတွေပိုကျလာတဲ့အကြောင်း
အချိန်ဟာ လူအိုတယောက်လို လေးလံနေချိန်
စိမ့်ဝင်နေတဲ့ အတွေးဟာ ပြာကျသွားတယ်။

သတိရခြင်းဟာ အပေါ်ယံကြောမှာအေးခဲပြီး
အတွင်းသားမှာ မီးစွဲနေတယ်
သစ်ရွက်ခြောက်လို ကြွပ်ဆတ်နေသော
အိမ်ပြန်လမ်းတလျှောက်
ဓါတ်တိုင်အောက်က ဖြတ်လျှောက်စဉ်မှာ
မှောက်မှားနေသူ အရိပ်တယောက်ကို မြင်တယ်
လမ်းဟာ တကိုယ်ရေမှောင်မည်းလို့
အိမ်ဟာ တစစီပြိုကျလို့
ဘယ်သူရှိခဲ့တာလဲ
ဟို အဝေးမှာ
တောမီးတွေလည်း လောင်လို့ပေါ့။ ။


အေးမင်းစော


ကလေးဘဝ ရွာမှာနေခဲ့တုန်းက အခုလို ဆောင်းတွင်းမှာ အိမ်ရှေ့ကွက်လပ်က မီးဖိုမှာ မီးလှုံရင်း ထန်းပင်မြစ်ဖုတ်စားခဲ့ရ သည်ကို အမှတ်ရလိုက်မိသည်။ အဖေ၊ အမေတို့နှင့် ညီအကို မောင်နှမတတွေ မီးဖိုကို ဝိုင်းထိုင်ပြီး စကားတပြောပြောနှင့် ထန်းပင်မြစ်ဖုတ်ကို ဆီနဲ့ ဆားနဲ့ ရောထည့်ထားသော ခွက်၌ တို့စားခဲ့ရသည်မှာ အရသာပဲဖြစ်သည်။ အခုတော့ ရွာမှာ ဆောင်းတွင်း မီးဖိုပြီး မီးလှုံကြသည့်အလေ့ပင် မရှိတော့ဘူးထင်သည်။ ရင်ထဲက ကိုယ်စီတောက်လောင်နေသော ရင် အပူတို့ဖြင့် ဆောင်း၏ အအေးဒဏ်ကို ခုခံနေကြပုံရပါသည်။ လူတွေ၏ လောဘ၊ ဒေါသအပူတွေကြောင့် ဆောင်းကပဲ အရင် ကလောက် မအေးနိုင်တာလည်း ဖြစ်နိုင်သည်။ ရွာဘေးမှာလည်း အရင်လို တောကောင်းကောင်းကလည်း မရှိတော့ပြီပဲ ဖြစ်သည်။

ကလေးဘဝတုန်းကတော့ နှင်းရည်တို့ဖြင့် စိုစွတ်နေသော မြက်ခင်းပြင်ကိုဖြတ်ကာ ယာတောအစပ်မှာ ရှိသည့် သခွပ် ပင်အောက်ကိုသွားပြီး သခွပ်ပွင့်တွေ လိုက်ကောက်ခဲ့ရတာကို ပျော်စရာလို့ ထင်သည်။ အခုတော့ ထိုသခွပ်ပင်ကြီးလည်း မရှိတော့၊ ဆောင်းမှာ အတူပျော်ခဲ့ရသည့် အဖေလည်း မရှိတော့၊ အစ်မလည်း မရှိတော့။ သူသည် လေပူတချက် မှုတ်ထုတ် လိုက်မိသည်။ ပါးစပ်ထဲမှ အငွေ့များထွက်လာကာ မြူနှင်းတွေထဲ ရောထွေးပျောက်ကွယ်သွားတာ တွေ့လိုက်ရသည်။

စိုးခိုင်ညိန်း

ကိုအောင်မှိုင်း ● စီးပွားရေးစစ်တမ်း

$
0
0

ကိုအောင်မှိုင်း ● စီးပွားရေးစစ်တမ်း
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၈

တကယ်တော့
အမုန်းတရားဆိုတာ
စီးပွားရေးလုပ်ငန်းတခုမဟုတ်လား။

တကယ်တော့
ပြည်တွင်းငြိမ်းချမ်းရေးဆိုတာကလဲ
စီးပွားရေးလုပ်ငန်းစစ်စစ်ပါဘဲ။

တကယ်တော့
ငြိမ်းချမ်းရေးရမှ နိုင်ငံရေးကထွက်မယ်ဆိုတာကြတော့ရော
စီးပွားရေးလုပ်ငန်းအကြီးကြီးလုပ်နေကြတာလေ။

တကယ်တော့
၂၀၀၈ ပြင်မယ်ဆိုတာကလဲ
စီးပွားရေးဖက်ရှင်တခုထက်မပိုပါဘူး။

တကယ်တော့
ဆရာဦးကိုနီ အသတ်ခံရတာက
စီးပွားရေးကို နိုင်ငံရေးလို့ထင်မှတ်မှားခဲ့လို့တဲ့။

တကယ်တော့
မေမေနိုင်မှဖြစ်မယ်ဆိုတာလဲ
စီးပွားရေးဓာတ်ပြား စစ်စစ်ကြီးဖြစ်သွားပြီလေ။

ပေါင်းစားတဲ့ကောင်တွေ ရောင်းစားတဲ့ကောင်တွေ
ရိုက်စားတဲ့ကောင်တွေ နိုက်စားတဲ့ကောင်တွေကို
ငါတို့အလေးပြုနေကြရဦးမှာလား။

ပါးစပ်ကထ္မင်းလုပ် ပုတ်ထုတ်တဲ့လက်ကို
လျှာနဲ့ရက်ရလောက်အောင်
မိုက်တွင်းနက်တုန်းဘဲလား။

နှစ် ၇၀ အိပ်မက်  လိမ်ယူခဲ့သူတွေကို
အိမ်ဦးတင်ထားရတာ ဝမ်းနည်းစရာအဖြစ်ပါဘဲ။

သတ္တိကလဲမရှိ  အဖြစ်ကလဲမရှိ
ဘ၀င်နဲ့အကြောက်ဘဲရှိလေတော့
ဟောက်စား  ခြောက်စားတွေရှေ့ မှာ
မှောက်စားနေတာများ ပြားပြားဝတ်ပါဘဲ။

ဘုန်းကြီးအတု စစ်ဗိုလ်အတု
ဒီမိုကရေစီအတု ငွေစက္ကူအတု
စာရေးဆရာအတု မီဒီယာအတု
အမတ်အတု ဇရပ်အတု
အတုတွေများလွန်းတဲ့ ဗမာပြည်မှာ
အစစ်တွေတော့ လမ်းပေါ်ရောက်ကြရဦးတော့မယ်။

စစ်ဗိုလ်လိုလို ပွဲစားလိုလို
နိုင်ငံရေးသမားလိုလို ကုန်သည်လိုလို
လိုလိုတွေများလွန်းတဲ့နိုင်ငံ
လူလိမ်တွေများလွန်းတဲ့နိုင်ငံမှာ
အစစ်တွေလမ်းပေါ်ရောက်တာ ဘာဆန်းလို့လဲ။

နာတာရှည်ဖြစ်နေတဲ့ ပြည်ထောင်စုကြီးကို
လေယဉ်တွေ ဒုံးတွေဗုံးတွေနဲ့တော့
ကယ်တင်နိုင်လိမ့်မယ်မထင်။

အရေးသုံးပါးကို
နောက်ထပ်နှစ်ခုတိုးလိုက်တယ်
တခုထဲသောတပ်မတော်နဲ့ ခွဲမထွက်ရ
အရေးငါးပါးဖြစ်သွားရပြီပေါ့
မြေးလေးအတွက် ပိုက်ဆံစုဘို့အချိန်လိုတယ်လေ။

ရထားကြီးကတော့
ဘူတာရောက်တဲ့အထိ
မပျက်မကွက် ဆက်လက်ထွက်ခွာဦးနေမှာပါ
အနာဂါတ်ဆိုတာတွေအတွက်
စီးပွားရေးစစ်တမ်းတွေရေးရင်း
ရှေ့ ဆက်လျှောက်ကြဦးစို့ရဲ့။

ကိုအောင်မှိုင်း  (၁၆ ရက် ဒီဇင်ဘာလ ၂၀၁၈ ခုနှစ်)

သန်းဝင်းလှိုင် - ဗြိတိသျှစစ်သေနာပတိ ဗိုလ်ချုပ်မှူးကြီး ဆာဝီလျံစလင်း

$
0
0


သန်းဝင်းလှိုင် - ဗြိတိသျှစစ်သေနာပတိ ဗိုလ်ချုပ်မှူးကြီး ဆာဝီလျံစလင်း
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၈

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ အားကစားကွင်းကို တစ်ချိန်က ဗြိတိသျှစစ်သေနာပတိ ဆာဝီလျံ၊ ဂျေ၊ စလင်းကို ဂုဏ်ပြုသောအားဖြင့် ''စလင်းကွင်း''ဟု အမည်မှည့်ခေါ်ခဲ့ ကြသည်။ ဆာဝီလျံဂျိုးဇက်စလင်း (Sir William Joseph Slim KG, GCB, GCMG, GCVO, GBE, DSO, MC, K St.J) ၁၈၉၁ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် ဖွားမြင်၍ ဘာမင်ဂမ်မြို့ ကင်းအက်ဒဝပ်ကျောင်းတွင် ပညာသင်ကြားခဲ့ သည်။ ကျောင်းမှထွက်သောအခါ အခြားအဆင့်ရိုးရိုးစစ်သည် အဖြစ် စစ်ထဲသို့ ဝင်ရောက်အမှုထမ်းခဲ့သည်။ သို့သော် မကြာ မီပင် ဗိုလ်သင်တန်းသို့ တက်ခွင့်ရပြီး ဝါစစ်ရှိုင်းယားတပ်ရင်း တွင် ဗိုလ်အဆင့်ရာထူး တိုးမြှင့်ခံရသည်။

ပထမကမ္ဘာစစ်ကြီးအတွင်း ဂလစ်ပိုလီ၊ ပြင်သစ်နှင့် မက် ဆိုပိုတေးမီးယား စစ်မြေပြင်များ၌ ရွပ်ရွပ်ရွံ့ရွံ့ သက်စွန့်ကြိုးပမ်း အမှုထမ်းရွက်ခဲ့သဖြင့် ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသည်။ ပထမကမ္ဘာစစ်ကြီး အပြီးတွင် အိန္ဒိယပြည်သို့ သွား ရောက်၍ ဂေါ်ရခါးသေနတ်ကိုင်တပ်ရင်း (General Rifles) အမှတ် (၇) တွင် ထမ်းရွက်ခဲ့ရသည်။ စစ်ကြီးနှစ်ခုကြားကာလ တွင် အိန္ဒိယနိုင်ငံ၌သာ စစ်မှုထမ်းရွက်ရသော်လည်း ၁၉၃၄ မှ ၁၉၃၆ ခုနှစ်အထိ ကမ်ဘာလေဗိုလ်သင်တန်းကျောင်း၌ နည်းပြဆရာအဖြစ် ထမ်းရွက်ခဲ့ရသးသည်။
ဒုတိယကမ္ဘာစစ်ကြီး ၁၉၃၉ စက်တင်ဘာလ ၃ ရက် တွင် ဖြစ်ပွားလာသောအခါ အာဖရိကတိုက်ရှိ ဆူဒန်နယ်တွင် ခြေလျင်တပ်မဟာ အမှတ် ၁၀ ကို အုပ်ချုပ်ကွပ်ကဲရပြီးလျှင် အီရစ်ထရီးယားတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ရသည်။

ထို့နောက် ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ် အဆင့်ဆင့် တိုးမြှင့်ခံရပြီးနောက် DSO (Distinguished Service of Order)) ခေါ် စစ်မှုထမ်းကောင်းတံဆိပ်ကို ရရှိခဲ့ သည်။ ယင်းနောက် အာရှအရှေ့တောင်ပိုင်း မြန်မာပြည် စစ် မျက်နှာသို့ ၁၉၄၂ ခုနှစ်တွင် စေလွှတ်ခံရပြီးနောက် ဆာဝီလျံ စလင်းသည် အမှတ် ၁၄ ဗြိတိသျှတပ်မဟာကို ကွပ်ကဲအုပ်ချုပ် ခဲ့ရသည်။

အမှတ်(၁၄) ဗြိတိသျှတပ်မတော် ဗိုလ်ချုပ်ကြီးဝီလျံစလင်း ၏ စစ်ဌာနချုပ်သည် မိတ္ထီလာမြို့တွင် တပ်စွဲနေစဉ် ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၄၅ ခု၊ မေလ ၁၆ ရက်နေ့တွင် စစ်ရေး ကိစ္စနှင့် ပတ်သက်၍ ဝီလျံစလင်းထံ သွားရောက်တွေ့ဆုံလေ သည်။ ထိုသို့ ဗိုလ်ချုပ်အောင်ဆန်း သွားရောက်ရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီးစလင်းက ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်ကို သူ ရေးသားခဲ့သော ''အရှုံးမှအနိုင်သို့'' (Defeat into Victory)) စာအုပ်၌ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့လေသည်။

''ကျွန်ုပ်အတွက် ဖြေရှင်းရန် ပြဿနာများ ကျန်နေသေး သည်။ ပြဿနာတစ်ခုမှာ ဗမာပြည် မြို့ပြအုပ်ချုပ်ရေးဖြစ်၍၊ အခြားပြဿနာမှာ ဂျပန်တို့အား ပြန်လည်၍ တိုက်ခိုက်နေသော ဗမာ့အမျိုးသားတပ်မတော်အား မည်ကဲ့သို့ သဘောထား၍ မည်ကဲ့သို့ ဆက်ဆံရမည်ဆိုသော ပြဿနာပင် ဖြစ်၏။ ဤတပ်မတော်သည် ကျွန်ုပ်တို့၏ ရန်သူအား ဒုက္ခပေးနိုင် လိမ့်မည်ဟု ကျွန်ုပ်သည် ဗမာပြည်တိုက်ပွဲ အစကပင် ယုံကြည် နေခဲ့၏။ သို့သော် ဤတပ်မတော်၏ လှုပ်ရှားမှုမှန်သမျှကို ကျွန်ုပ်တို့၏ လှုပ်ရှားမှုနှင့် ပူးတွဲ၍ မထားခဲ့ပါမူ၊ ဤတပ်မတော် သည် ဂျပန်တို့အား ဒုက္ခပေးခဲ့သလိုပင် ကျွန်ုပ်တို့အားလည်း ပြန်၍ဒုက္ခပေးနိုင်သည်ကို ကျွန်ုပ် သိပြီး ဖြစ်သည်။ ထို့ကြောင့် ဤဗမာ့အမျိုးသားတပ်မတော်တွင် ပါဝင်သော စစ်သည်တော် တို့အား နှစ်ဦးနှစ်ဖက် နှစ်သက်ကျေနပ်စွာ ချုပ်ကိုင်ထားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့၏ ဗိုလ်ချုပ်ဖြစ်သော အောင်ဆန်းအား ကျွန်ုပ်၏ အမိန့်များကို လိုက်နာအောင် ပြုလုပ် ရေးပင် ဖြစ်၏။

အောင်ဆန်းအကြောင်းကို ကျွန်ုပ်သိထားသမျှနှင့် ဗမာ့ မျိုးချစ်များ အကြောင်းကို ကျွန်ုပ်နားလည်ထားသမျှ အကြောင်း အချက်များအရ အောင်ဆန်းအား ကျွန်ုပ်၏အမိန့်ကို နာခံရန် ပြုလုပ်ရေးမှာ လွယ်ကူမည်မဟုတ်ကြောင်း ကျွန်ုပ်သဘော ပေါက်ထားသည်။ သို့သော် တတ်နိုင်သမျှ ကြိုးစားကြည့်မည် ဟု ဆုံးဖြတ်ထားသည်။

အောင်ဆန်းသည် ဖြစ်ပေါ်လာသော အခြေအနေကို လက်တွေ့သုံးသပ်၍ လုပ်ဆောင်တတ်သူဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်က ရန်ကုန် တက္ကသိုလ်တွင် ကျောင်းသားများနည်းတူ နိုင်ငံရေးတွင် တက်တက်ြွကြွက ပါဝင်ခဲ့သည်။ အခါပေါင်း များစွာပင် ပြင်းထန်သော နိုင်ငံရေးလုပ်ငန်းများ၌ ပါဝင်ခဲ့သည်။ ၁၉၃၉ ခုနှစ်သို့ ရောက်သောအခါ သူသည် အယူသည်း နိုင်ငံရေးအဖွဲ့အစည်းတစ်ခု (ဗမာ့ထွက်ရပ်ဂိုဏ်း)တွင် အတွင်း ရေးမှူး ဖြစ်လာပြီးနောက် သူ၏ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင် ၁၅ ရက်ခန့် ကျခံခဲ့ရသည်။
ဤအချိန်လောက်တွင်ပင် စိတ်ဓာတ်တက်ြွကသလောက် ထွန်းထွန်းပေါက်ပေါက် လုပ်နိုင်သော လူငယ်နိုင်ငံရေး မျိုးချစ် ဖြစ်သူ အောင်ဆန်းအား ဂျပန်ကိုယ်စားလှယ်များက သူတို့ လုပ်ငန်းတွင် လက်ကိုင်တုတ်အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်မည်ဟု ယူဆကာ အောင်ဆန်းနှင့် ဆက်သွယ်မှု ယူတော့သည်။

၁၉၄၀ ပြည့်နှစ်တွင် အောင်ဆန်း ပါဝင်သော အစည်း အရုံးမှာ မတရားသင်းအဖြစ် ကြေညာခြင်းခံရပြီး အောင်ဆန်း နှင့်တကွ နောင်တွင် ရဲဘော်သုံးကျိပ်ဝင်ဖြစ်မည့်သူတို့သည် ပုလိပ်များကို လှည့်စားကာ ဂျပန်သို့အရောက် ကိုယ်ရောင် ဖျောက်နိုင်ခဲ့ကြ၏။ ဂျပန်တွင် အောင်ဆန်းနှင့် သူ၏ရဲဘော်များ ကို စစ်သင်တန်းတက်စေပြီးနောက် ဂျပန်သည် မကြာမီပင် ဗမာ့မြေကြီးပေါ်မှ အင်္ဂလိပ်များကို အယုံသွင်းလိုက်တော့သည်။

ဂျပန်က ဗမာပြည်ကို တိုက်ခိုက်သောအခါ အောင်ဆန်း နှင့် သူ့ ရဲဘော်များလည်း တစ်ပါးတည်း ပါလာကြသည်။ သူတို့အဖွဲ့သည် တိုက်ပွဲဖြစ်ပွားရာ ဒေသတစ်လျှောက်၌ ဗမာ ပြောက်ကျားတပ်များ ဖွဲ့ရန်နှင့် ပဉ္စမံတပ်များ ဖွဲ့ရန်အတွက် အမြုတေအဖွဲ့ ဖြစ်လာတော့၏။ ဤပြောက်ကျား တပ်နှင့် ပဉ္စမံတပ်ဖွဲ့များမှာ သူတို့၏ အရှင်သခင်များဖြစ်သော ဂျပန်များ အတွက် များစွာအထောက်အပံ့ဖြစ်သည်ကို ယုံမှားဖွယ် မရှိ။ ၁၉၄၂ ခုနှစ် ကျွန်ုပ်တို့ မြန်မာပြည်မှ ဆုတ်ခွာရစဉ်က ဤ လက်နက်ကိုင်အဖွဲ့သည် ကျွန်ုပ်တို့အား တစ်ခါနှစ်ခါမျှ ရဲဝံ့စွာ လာရောက်တိုက်ခိုက်သည်ကို တွေ့ရသည်။

ဉာဏ်စွမ်းနှင့် ရဲစွမ်းကြောင့် ရှေ့တန်းခေါင်းဆောင် ဖြစ် လာသော အောင်ဆန်းသည် ဗမာ့အစိုးရဖွဲ့ရန် များစွာ လိုလား လျက် ရှိသော်လည်း အောင်ဆန်းမှာ သူတို့ကြိုးဆွဲသည့်အတိုင်း 'က'မည့် ရုပ်သေး မဟုတ်ကြောင်းကို အနံ့ခံမိလာသော ဂျပန် အာဏာပိုင်တို့က အောင်ဆန်းအား ဗမာအစိုးရအဖွဲ့ခေါင်းဆောင် အဖြစ် မတင်မြှောက်လိုဘဲ ရှိနေကြသည်။
ဂျပန်အာဏာပိုင်တို့သည် သူတို့ကြိုးဆွဲရာ 'က'မည့် 'ဒေါက်တာဘမော်'အား နိုင်ငံတော်အဓိပတိအဖြစ် တင်မြှောက် လိုက်ပြီးနောက် အောင်ဆန်းအား 'ဗမာ့ကာကွယ်ရေးတပ် မတော်' (BDA) ဟု အမည်ပြောင်းလိုက်သော ဗမာ့အမျိုး သား တပ်မတော်၏ သေနာပတိအဖြစ်သာ ခန့်ထားလိုက်တော့ သည်။

သို့သော် အောင်ဆန်းအဖို့ ဂျပန်ကပေးသော လွတ်လပ် ရေး ဆိုသည်မှာ မည်ကဲ့သို့သော အဓိပ္ပာယ်ဆောင်သည် ဆိုသည်ကိုသိရန် အချိန်များစွာ မလိုပါချေ။ ကျားကြောက်၍ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက် ဆိုးသည်ကို အောင်ဆန်း သိလာတော့သည်။ အောင်ဆန်း၏ ထင်ရှားသော နောက်လိုက် တစ်ဦးက ကျွန်ုပ်အား တစ်ခါကပြောဖူးသော စကားမှာ ''အင်္ဂလိပ်တွေက ကျွန်တော်တို့သွေးကို စုပ်တယ်ဆိုရင် ဂျပန်တွေက ကျွန်တော်တို့ချဉ်ဆီ တွေကိုပါ စုပ်တယ်''ဟူ၍ ဖြစ်ပါသည်။

အောင်ဆန်းသည် ဂျပန်တို့နှင့် ပို၍ပို၍ အပေါက် အလမ်းမတည့် ဖြစ်လာသည်။ ၁၉၄၃ ခု စောစောပိုင်းတွင်ပင် အောင်ဆန်းက ဂျပန်အပေါ်တွင် ထားရှိသော သဘောထား များမှာ ပြောင်းလဲနေကြောင်းဖြင့် တောင်ပေါ် ကရင်အမျိုးသား များအကြားတွင် စွန့်စား၍ ကျန်ရစ်ခဲ့သော 'ဆီးဂရင်းမ်'ထံမှ သိရှိရသည်။

၁၉၄၄ ခု၊ သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပသော လူထုအစည်း အဝေးပွဲတစ်ခု၌ အောင်ဆန်းသည် ဂျပန်တို့က ပေးသော လွတ်လပ်ရေး ဆိုသည်မှာ အတုအယောင်မျှသာ ဆိုသည်ကိုပင် ပြောင်ပြောင်တင်းတင်း ပြောဆိုလာတော့၏။ ဤအချက်ဖြင့်ပင် ကျွန်ုပ်တို့အတွက် အသုံးဝင်မည့် လူတစ် ယောက် ဖြစ်လာတော့မည်မှာ သေချာလှသည်။

ကျွန်ုပ်တို့၏ အမှတ် ၁၃၆ ထောက်လှမ်းစုံစမ်းရေး အဖွဲ့သည် အထောက်အထားများမှတစ်ဆင့် အဆက်အသွယ် ရှိခဲ့ပြီးဖြစ်ရာ ဗမာ့အမျိုးသား တပ်မတော်က ဂျပန်အား ထ၍ တော်လှန် ပုန်ကန်လိုက်သောအခါ အောင်ဆန်းသည် ပြောသည့် အတိုင်းပင် ပြတ်ပြတ်သားသား လုပ်လာပြီကို တွေ့ရှိရသည့် အတိုင်း သူနှင့် တိုက်ရိုက် ဆက်သွယ်ရန်အချိန်သို့ ရောက် လာခဲ့တော့သည်။
ထို့ကြောင့် အာရှအရှေ့တောင်ပိုင်းဆိုင်ရာ စစ်ဌာနချုပ်၏ သေနာပတိကြီးဖြစ်သူ ရေကြောင်းဗိုလ်ချုပ်ကြီး လော့ဒ်လူဝီ မောင့်ဘက်တန် (Admiral Lord Louis Mountbatten) ၏ သဘောတူခွင့်ပြုချက်အရ အမှတ် ၁၃၆ တပ်ဖွဲ့က အောင်ဆန်း အား ကျွန်ုပ်ထံသို့ ၁၉၄၅ ခု၊ ဧပြီလ ၂၁ ရက်နေ့တွင် လာ ရောက်တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ပေးသည်။

အောင်ဆန်းနှင့် ကျွန်ုပ်တို့ တွေ့ဆုံဆွေးနွေးရာ၌ နှစ်ဦး နှစ်ဖက် သဘောတူညီမှု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်ုပ် က အောင်ဆန်းအား ဘေးမသီ ရန်မခစေဘဲ သူ့လူများထံ ပြန်၍ လွှတ်ပေးပါမည်ဟု ကတိပေးခဲ့ရသည်။

အောင်ဆန်းသည် မေလ ၁၄ ရက်နေ့အထိ ကျွန်ုပ်နှင့် လာရောက် တွေ့ဆုံခြင်း မရှိဘဲ မေလ ၁၅ ရက်နေ့သို့ ရောက်သောအခါမှ သူနှင့် သူ၏အမှုဆောင် အရာရှိတစ်ဦးသည် ဧရာဝတီမြစ်ကို အာလံ (အောင်လံ) မှနေ၍ ဖြတ်ကူးလာပြီး ကျွန်ုပ်နှင့် တွေ့ဆုံခွင့်ပေးပါဟု တောင်းဆိုလာကြောင်းဆိုင်ရာမှ သတင်းပို့လာသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ဌာနချုပ် ရှိရာ မိတ္ထီလာမှ လေယာဉ်တစ်စင်း စေလွှတ်၍ အောင်ဆန်းနှင့် သူ၏ အမှုဆောင်အရာရှိအား နောက်တစ်နေ့ (မေလ ၁၆ ရက်နေ့) တွင် အခေါ် လွှတ်လိုက်၏။

ဂျပန်ဗိုလ်ချုပ်နှင့် ကောင်းကောင်းကြီးတူသော မေဂျာဂျင် နရယ် (ဗိုလ်ချုပ်ကလေး) စစ်ဝတ်စုံကို ဝတ်ကာ၊ ခါးတွင် ဆာမူရိုင်းဓားရှည် ချိတ်ထားသော အောင်ဆန်းကို ရုတ်တရက် တွေ့လိုက်ကြရသော ကျွန်ုပ်၏ ဌာနချုပ်မှ အဖွဲ့သားတစ်ဦး နှစ်ဦးမှာ ပထမတွင် အတော်ပင် ထိတ်လန့် တုန်လှုပ်သွား ကြ၏။ မည်သို့ပင်ဖြစ်စေ အောင်ဆန်းသည် အယဉ်ကျေးဆုံး ပြုမူဆက်ဆံ ပြောဆိုသည်။ ကျွန်ုပ်ကလည်း သူ့လိုပင် ယဉ်ကျေးစွာ ဆက်ဆံသည်။

လူလတ်ပိုင်း အရွယ်လောက်ရှိသော အောင်ဆန်းသည် ကိုယ်ခန္ဓာ တောင့်တောင့်တင်းတင်းနှင့် စစ်သားဥပဓိရုပ်ကို ဆောင်ထားသူဖြစ်သည်။ မျက်နှာအသွင်အပြင်မှာ ရိုးရိုးဗမာ တစ်ယောက်၏ အသွင်အပြင်ပင် ဖြစ်သော်လည်း အေးဆေး တည်ငြိမ်သည့် အမူအရာ (သို့မဟုတ်) ဟာသဉာဏ်နှင့် ဇဝန ဉာဏ်တို့ ရှင်သန်ပေါင်းစပ်ထားသည့် အမူအရာရှိသည်ဟု ဆို နိုင်သည်။ သူသည် အင်္ဂလိပ်စကားကို ကောင်းစွာပြောနိုင် ကြောင်း တွေ့ရ၏။ သူဝတ်စားထားပုံမှာ သေသပ်သည်။ သူသည် အကင်းပါးသူဖြစ်ပြီး မြန်မာတို့ ဓလေ့အတိုင်း ရယ် စရာ၊ မောစရာ ထည့်၍ စကားပြောတတ်သည်။ သူနှင့် အတူပါလာသော အမှုဆောင်အရာရှိမှာလည်း အင်္ဂလိပ်စကား ကို ရေလည်စွာ ပြောနိုင်သည်။ ဤအမှုဆောင် အရာရှိဖြစ်သူ၏ ဖခင်မှာ ဗြိတိသျှအမျိုးသား အထက်တန်း အရာရှိကြီးတစ်ဦး ဖြစ်ပြီး၊ ဗမာအမျိုး သမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်ဟု ကျွန်ုပ် ကြားသိရသည်။ ဟုတ်မဟုတ်ကား မပြောတတ်ပေ။

အောင်ဆန်းနှင့် ကျွန်ုပ် ပထမအကြိမ် တွေ့ဆုံပွဲတွင် အောင်ဆန်းက သူသည် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ် လပ်ရေး အဖွဲ့ချုပ်ကြီးမှတစ်ဆင့် ဗမာပြည်သူလူထုက ဖွဲ့စည်း ထားသော ဗမာပြည်ယာယီအစိုးရအဖွဲ့၏ ကိုယ်စားလှယ်တော် ဖြစ်ကြောင်း၊ သူနှင့်တကွ သူ၏ ဗမာ့အမျိုး သားတပ်မတော် သည် ဤအစိုးရအဖွဲ့၏ အမိန့်ကို နာခံဆောင်ရွက်ရကြောင်း၊ သူသည် မဟာမိတ် စစ်သေနာပတိတစ်ဦး ဖြစ်သည့်အလျောက် ကျွန်ုပ် နှင့် ပူးတွဲဆောင်ရွက်လိုသော ဆန္ဒရှိကြောင်း ကျွန်ုပ်၏ လက်အောက်ခံ စစ်ဗိုလ်ချုပ်အဖြစ် ဆောင်ရွက်နိုင်မည် မဟုတ် ကြောင်း တင်ပြပြောဆိုသည်။

ကျွန်ုပ်က သူပြောပြသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ် ရေး အဖွဲ့ချုပ်ဆိုသည်ကို နားမလည်ကြောင်း၊ ထို့ကြောင့် ထိုအဖွဲ့ချုပ်၏ ကိုယ်စားလှယ်ဆိုသည်ကိုလည်း သဘောမပေါက်ကြောင်း၊ ကျွန်ုပ်နှင့်တကွ တစ်ကမ္ဘာလုံးက နားလည်သိရှိနေသည်မှာ ဗမာပြည်အစိုးရဟု ဆိုသည်နှင့် တစ်ပြိုင်နက် ဘုရင့်အစိုးရကိုသာ ဆိုလိုသည်ကို နားလည် ကြောင်း၊ ယခု အချိန်၌ ဘုရင့်အစိုးရသည် အာရှအရှေ့ တောင်ပိုင်းဆိုင်ရာ စစ်သေနာပတိချုပ်မှတစ်ဆင့် ဗမာပြည် ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ဗမာပြည် ယာယီအစိုးရ၏ ကိုယ်စားလှယ်ဆိုသည်မှာ မရှိတော့ ကြောင်း အောင်ဆန်းအား ပြောပြပါသည်။

သူသည် ကျွန်ုပ်ထံမှ ကြားရသော စကားကြောင့် စိတ် ပျက်သွား ပုံရသော်လည်း သူ့အား မဟာမိတ် စစ်ဗိုလ်ချုပ် တစ်ဦးအဖြစ် ဆက်ဆံရန် ထပ်မံ၍ တင်ပြတောင်းဆိုပြန်သည်။ ကျွန်ုပ်သည် အောင်ဆန်း၏ ရဲဝံ့ပုံကို စိတ်ထဲမှ အံ့သြ လိုက်မိပြီး နှုတ်မှလည်း ဤအတိုင်း ပြောပြလိုက်ပြီး ''ဗြိတိသျှ အစိုးရရဲ့ လက်အောက်ခံ တိုင်းရင်းသားဖြစ်တဲ့ ခင်ဗျားဟာ ဗြိတိသျှအစိုးရကို ပြန်ပြီး ပုန်ကန်တိုက်ခိုက်တဲ့ကိစ္စကို ဘေးဖယ် ထားလိုက်ဦး။ ခင်ဗျားကို လူသတ်မှုနဲ့ အရေးယူဖို့ ပြောနေတဲ့ လူတွေ ကျုပ် ဌာနချုပ်ထဲမှာ ရှိနေတယ်။ သက်သေတွေရော၊ သက်သေခံပစ္စည်းတွေရော အားလုံးအသင့်ပဲ။ ခင်ဗျားတို့ကို ကျုပ် ဌာနချုပ်က ပြန်လွှတ်ဖို့ဆိုတာ ကြားလူတစ်ယောက်က ပြောခဲ့တဲ့စကားပဲ ဖြစ်တယ်။ ခင်ဗျားဆီမှာ ဘာမှ စာနဲ့ ပေနဲ့ ဝန်ခံထားတာ မရှိဘူးမဟုတ်လား။ ဒီတော့ ဒီကိုလာပြီး ဒီလိုတောင်းဆိုချက်တွေ လုပ်နေတာဟာ ခင်ဗျား အန္တရာယ်ကို ခင်ဗျား ရှာနေတာနဲ့ တူမနေဘူးလား''ဟု မေးလိုက်၏။
''မတူပါဘူး''
အောင်ဆန်းက တိုတိုတုတ်တုတ်ပင် အဖြေပေးလေသည်။
''ဘာဖြစ်လို့လဲ''
''ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားဟာ ဗြိတိသျှစစ်ဗိုလ်ချုပ် တစ်ယောက် ဖြစ်နေလို့ပါပဲ'' (ဗြိတိသျှတို့သည် ကတိတည် သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်)

အောင်ဆန်းသည် ဤစကားတစ်ခွန်းဖြင့် ကျွန်ုပ်အပေါ် တွင် အနိုင်ကြီး နိုင်သွားတော့သည်။
ကျွန်ုပ်သည် အောင်ဆန်း ပြန်၍ ဖြေလိုက်ပုံကို သဘော ကျကာ ဟက်ဟက်ပက်ပက် ရယ်လိုက်မိပြီး-
''ဗြိတိသျှတွေကို ဒါလောက်အထင်ကြီးနေရင်လည်း ဘာဖြစ်လို့ ဗြိတိသျှတွေကို မောင်းထုတ်ဖို့ ဒါလောက်ကြိုးပမ်း နေရတာလဲ''
ဟု မေးလိုက်၏။
အောင်ဆန်းက သူသည် ဗြိတိသျှများကို မုန်း၍ ဤကဲ့သို့ တိုက်ထုတ်ရန် ကြိုးစားနေခြင်း မဟုတ်ကြောင်း၊ သူ့တိုင်းပြည် ကို ဗြိတိသျှသော်လည်းကောင်း၊ ဂျပန်သော်လည်းကောင်း အခြား မည်သည့်နိုင်ငံမဆိုသော်လည်းကောင်း လာ၍ အုပ်စိုး နေခြင်းကို မလိုလား၍သာဖြစ်ကြောင်း ပြောပြသည်။

ကျွန်ုပ်က သူ့သဘောထားကို နားလည်သော်လည်း ကျွန်ုပ်မှာ စစ်သားတစ်ယောက်သာဖြစ်၍ ဗမာပြည်၏ အနာဂတ်အစိုးရအကြောင်းကို ဆွေးနွေးပိုင်ခွင့် မရှိကြောင်း၊ ဗြိတိသျှအစိုးရသည် ဗမာပြည်အား ဗြိတိသျှဓနသဟာယ အတွင်းတွင် ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်ရှိသောနိုင်ငံအဖြစ် ထူ ထောင်ပေးရန် ဆန္ဒရှိကြောင်းကို ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ရာ ကျွန်ုပ်တို့အတွက် ဆွေးနွေးစရာအချက်မှာ ဗမာပြည် အတွင်းရှိ ဂျပန်များအား မည်သည့်နည်းဖြင့် မောင်းထုတ်ခြင်း သည် အကောင်းဆုံးဆိုသည်ကို ဆွေးနွေးရန်ပင် ဖြစ်ကြောင်းဖြင့် ပြောဆိုသည်။

ကျွန်ုပ်နှင့်အောင်ဆန်းသည် စိတ်ထားနှလုံးထားကောင်း ကောင်းဖြင့် ဆက်၍ ဆွေးနွေးကြသည်။
ကျွန်ုပ်က သူ ဦးစီးသော ဗမာ့အမျိုးသား တပ်မတော်၏ လူအင်အားနှင့် ယခုအချိန်တွင် သူ၏တပ်ဖွဲ့များ စခန်းချထား သော ဌာနများ၏ စာရင်း ကိုပေးရန် တောင်းဆိုသည်။ သူသည် ဤစာရင်းကို မပေးလိုဟူ၍လည်း ကောင်း၊ မပေးနိုင်ဟူ၍ လည်းကောင်း ကျွန်ုပ် ယူဆထားသည့်အနက် အကြောင်းနှစ်ရပ် စလုံးပင် အနည်းငယ်စီ အကျုံးဝင်လိမ့်မည်ဟု ထင်ရ၏။ ကျွန်ုပ်တို့သည် ဤစာရင်းကို ရရှိရန်အတွက် အတော်ပင် ဖိ၍ပြော သည်။ သို့သော် အောင်ဆန်းထံမှ အဖြေဟူ၍ တိတိကျကျ မရ။ သူသည် သူ့တပ်မတော်၏ အင်အား ယခု အချိန်၌ မည်မျှရှိသည်ကိုလည်းကောင်း၊ တပ်မတော်မှ တပ်ဖွဲ့ များ မည်သည့်ဒေသသို့ ရောက်ရှိနေသည်ကိုလည်း ကောင်း၊ သို့မဟုတ် အချို့သောတပ်ဖွဲ့များ မည်သို့ပြုလုပ်နေသည်ကို လည်းကောင်း၊ ဂဃနဏ သိရှိထားခြင်းမရှိဟု ကျွန်ုပ်က ထင်မြင်ယူဆမိလေ သည်။

ကျွန်ုပ်က သူ၏ ဗမာ့အမျိုးသား တပ်မတော်ဟူသော အမည်ကို ခံယူလျက်၊ လက်နက်စွဲကိုင်ကာ ဗမာ ဗမာချင်း လုယက်တိုက်ခိုက်နေသောအဖွဲ့များ ရှိနေသည်ကို သတင်း ရကြောင်း၊ ထိုအဖွဲ့များသည် ဓားပြများထက် မသာကြောင်းကို ပြောပြလိုက်သောအခါ အောင်ဆန်းက သူနှင့် ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အဖွဲ့များကို ပြင်းပြင်းထန်ထန် နှိပ်ကွပ် ရမည်ဖြစ်ကြောင်းဖြင့် ချက်ချင်းပင် ဝန်ခံလိုက်သည့်အတွက် ထိုသို့အလွယ်တကူ ဝန်ခံပုံကို ကျွန်ုပ် အံ့သြရပြန်တော့သည်။

သူသည် လက်နက်ကိုင် အဖွဲ့အစည်းများအကြောင်းနှင့် ဆက်နွယ်ရင်း ဂျပန်က တကယ့်လွတ်လပ်ရေး အစစ်အမှန်ကို ပေးမည်ဟု မျှော်လင့်ခဲ့ကြောင်း၊ သို့သော် ဂျပန်က တကယ့် အစစ်အမှန် လွတ်လပ်ရေးကို ပေးမည့်အစား ပိုမိုနှိပ်ကွပ်လာ သည်ကို တွေ့လာရသောအခါ ကျွန်ုပ်တို့ ဗြိတိသျှတို့က ပေး သော ကတိကို ယုံကြည်၍ ကျွန်ုပ်တို့နှင့် ပူးပေါင်းရန် ဆန္ဒရှိ လာကြောင်းဖြင့် ပြောပြနေသည်။
ကျွန်ုပ်တို့က သူ့စကားကိုဖြတ်ကာ-
''ဒါဖြင့် ခင်ဗျားက ကျွန်ုပ်တို့ အနိုင်ရနေတာ တွေ့နေ တော့မှ ကျုပ်တို့ဆီ လာတာပေါ့ ဟုတ်လား''
ဟု မေးလိုက်ပါသည်။
ဤတွင် အောင်ဆန်းက-
''ခင်ဗျားတို့ ရှုံးနေတုန်း၊ ခင်ဗျားတို့ဆီ ကျုပ်တို့လာလို့ ဘယ်လိုလုပ်ပြီး အကျိုးရှိမှာလဲခင်ဗျာ''ဟု ရိုးရိုးပင် အဖြေပေး လိုက်ပါသည်။

သူ ပေးလိုက်သောအဖြေမှာ သွေးထွက်အောင် မှန်နေပြန် သည်။ သည် တစ်ချီတွင်လည်း အောင်ဆန်းသည် ကျွန်ုပ်အပေါ် တွင် အနိုင်ရသွားခဲ့ပြန် လေပြီ။ ကျွန်ုပ်သည် သူ၏ရိုးသားမှုကို သဘောကျနေမိသည်။ အမှန်တော့ ကျွန်ုပ်သည် အောင်ဆန်းကို အလွန်ပင် သဘောကျနေမိပြီ ဖြစ်သည်။

ကျွန်ုပ်က စစ်ကြီးပြီးသည့်အချိန်တွင် ယခင်က ရှိနေခဲ့ သော ဗြိတိသျှ အရာရှိများ ဦးစီးသည့် တပ်မတော်ကို ယခုရှိ နေဆဲ လက်နက်ကိုင်တပ်ရင်းများ ဖွဲ့စည်းသည့်မူအတိုင်း ပြန်လည်ဖွဲ့စည်းသင့်ကြောင်း၊ ထိုအချိန်တွင် အောင်ဆန်း၏ ဗမာ့အမျိုးသား တပ်မတော်အတွက် နေရာရှိလိမ့်မည် မဟုတ် တော့ကြောင်း ရှင်းလင်းပြလိုက်သောအခါ အောင်ဆန်းက သူ၏ တပ်များကို အသစ်ဖွဲ့စည်းသော တပ်မတော်တွင် အဖွဲ့လိုက် ထည့်သွင်းပေးရမည်ဟု ချက်ချင်းပင် တောင်းဆိုလာတော့၏။

ဤတောင်းဆိုချက်မှာ ဗိုလ်ချုပ်တစ်ယောက်က မိမိ၏ ရဲဘော်ရဲဘက်များ အလုပ်လက်မဲ့ မဖြစ်စေရန် တောင်းဆိုမှုများ မဟုတ်ဘဲ၊ နိုင်ငံရေး တောင်းဆိုချက် ဖြစ်သည်မှာ ထင်ရှားလှ ပါသည်။
မြန်မာ့အမျိုးသား တပ်မတော်မှ တပ်သားများအား ဗမာ ပြည်အစိုးရက အဖွဲ့လိုက်လက်ခံမည် မဟုတ်သည်မှာ သေချာ လှကြောင်း၊ တစ်ယောက်ချင်းအနေဖြင့် ရှေးက ကိုယ်ရေးကိုယ် တာ ရာဇဝင်များကို စစ်ဆေး၍ လက်ခံစရာရှိကြောင်းကို ဖြေကြားလိုက်သောအခါ အောင်ဆန်းက သူ့တပ်များကို အဖွဲ့လိုက် လက်ခံရန်သာ ထပ်၍ တောင်းဆိုနေပါသည်။

သို့သော် သူ့တောင်းဆိုချက်မှာ မည်သည့်နည်းနှင့်မျှ ဖြစ်လာနိုင်စရာ မရှိသည်ကို ကျွန်ုပ်သိပြီး ဖြစ်ပါသည်။
ထို့နောက် အောင်ဆန်းက စစ်မြေပြင်တွင် ဂျပန်များအား တိုက်ခိုက် လျက်ရှိသော တပ်ဖွဲ့များကို ရိက္ခာထောက်ပံ့ပါ မည်လား၊ လစာပေးပါမည်လားဟု မေးမြန်းသည်။ ကျွန်ုပ်က အောင်ဆန်းနှင့်တကွ အောင်ဆန်း၏ တပ်ဖွဲ့ဝင်များ ကျွန်ုပ် လက်အောက်သို့ လာရောက် အမှုမထမ်းမချင်း၊ လစာနှင့်ရိက္ခာ ထောက်ပံ့ရေးပြဿနာကို စဉ်းစားနိုင်မည် မဟုတ်ဟု ဖြေပေး လိုက်သည်။ အောင်ဆန်းနှင့် ကျွန်ုပ်တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ နောက်ပိုင်းတွင် အောင်ဆန်းသည် သူ့ တပ်မတော်၊ သူ့အဖွဲ့ချုပ်၏ တကယ့် အခြေအနေမှန်ကို ပို၍ မြင်လာဟန်တူသည်။ သို့သော် သူသည် သူ့ 'အစိုးရ အဖွဲ့'နှင့် တိုင်ပင်ပါဦးမည်။ တစ်ပတ်အတွင်း ကျွန်ုပ်နှင့် ထပ်၍တွေ့ ဆုံ ပါဦးမည်ဟု မယုတ်မလွန်ပြောသဖြင့် သူနှင့် သူ့အမှုဆောင် အရာရှိများအား ၄င်းတို့စီးလာသော လေယာဉ်ဖြင့်ပင် ပြန်လည် ပို့ပေးလိုက်ပါသည်။

ကျွန်ုပ်သည် အောင်ဆန်းအား တစ်ဖက်စောင်းနင်း တောင်းဆိုတတ်သော စေ့စပ်ညှိနှိုင်း၍ မရနိုင်သော ပြောက် ကျားခေါင်းဆောင်တစ်ဦးသာ ဖြစ်လိမ့်မည်ဟု အစက မျှော်လင့် ထားခဲ့ရာ သူနှင့် ပထမအကြိမ် တွေ့ဆုံရသည်နှင့် သူသည် ကျွန်ုပ်မျှော်လင့်ထားသော ခေါင်းဆောင်မျိုးမဟုတ်ဘဲ နှိုင်းနှိုင်း ချိန်ချိန် ဆောင်ရွက်တတ်သူဖြစ်ကြောင်း တွေ့လာရပြီး အောင် ဆန်း အပေါ်တွင် များစွာ အထင်ကြီး၍ သွားမိပါတော့၏။ သူသည် အမျိုးကို အချစ်ကြီးချစ်သူ ဖြစ်သော်လည်း မိမိ၏ ဗမာလူမျိုးသာ ကောင်းသည်ဟု ထင်နေသော ဗမာစစ်ဝါဒီ သမား မဟုတ်။ လူမျိုးပေါင်းစုံကို ရိုသေလေးစားသော လူမျိုး ပေါင်းစုံဝါဒကို လက်ခံထားရှိသူသာ ဖြစ်သည်။ ထို့ကြောင့် လည်း သူ၏ လက်တွေ့ဆောင်ရွက်ချက်များသည် တစ်ဖက် စောင်းနင်း မဟုတ်ဘဲ တရားမျှတမှု ရှိခဲ့သည်။ အောင်ဆန်း၏ 'စရိုက်'မျိုးကား ရှားပါဘိတောင်း။

အောင်ဆန်းအပေါ်တွင် ကျွန်ုပ် အထင်ကြီးမိသော အဓိက အချက်မှာ သူ၏ ရိုးသားပွင့်လင်းမှုပင် ဖြစ်၏။ သူသည် ကျွန်ုပ်နှင့် ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က ကျွန်ုပ်တို့နှင့် ပူးပေါင်း ဆောင်ရွက်ရေးကို အလွယ်တကူ လက်ခံခဲ့ခြင်း မရှိသော်လည်း သူသည် ကတိတစ်လုံး ပေးပြီးနောက် ထိုကတိဖျက်မည့် လူစား မျိုးကား မဟုတ်ပါချေ။ ကျွန်ုပ်သည် အောင်ဆန်းနှင့်တွဲ၍ အလုပ်လုပ်နိုင်ပေတော့မည်။

ဤအချိန်၌ ကျွန်ုပ်တို့သည် နေရာအနှံ့အပြားတွင် ဂျပန်နှင့် တိုက်ပွဲ ဖြစ်လျက်ရှိသည်။ ကျွန်ုပ်၏ တပ်များနှင့် အောင်ဆန်း၏တပ်များ ပဋိပက္ခ မဖြစ်ပွားမီ အောင်ဆန်းတပ်များ ၏ 'အခန်း'ကို ပြတ်ပြတ်သားသား ဖြစ်ထားဖို့လိုသည်။

ကျွန်ုပ်သည် အောင်ဆန်းနှင့် ဆွေးနွေးပွဲအကြောင်းကို လည်းကောင်း၊ အောင်ဆန်းအပေါ်တွင် ကျွန်ုပ်က ယုံကြည် စိတ်ချသည့်အကြောင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ အထက် အရာရှိထံသို့ အစီရင်ခံလိုက်ပြီးနောက် အောင်ဆန်းအလာကို မစောင့်တော့ဘဲ တိကျပြတ်သားသော အဆိုပြုချက်များပါ သည့် စာတစ်စောင်ကို သူ့ထံသို့ ပေးပို့လိုက်၏။

ကျွန်ုပ်၏ အဆိုပြုချက်တွင် ဂျပန်ကို ယခုတိုက်ခိုက် လျက်ရှိသော ဗမာ့အမျိုးသားတပ်မတော်မှ တပ်ဖွဲ့တိုင်းသို့ လစာနှင့်ရိက္ခာများ ထုတ်ပေးမည်။ တပ်ဖွဲ့တိုင်းသည် နီးစပ်ရာ  ဗြိတိသျှတပ်မှူးများထံသို့သွား၍ သတင်းပို့ပြီးနောက် ထိုဗြိတိ သျှ တပ်မှူးများ၏ အမိန့်ကို နာခံ၍ မိမိတို့ တာဝန်ဝတ္တရား များကို ဆက်လက်ဆောင်ရွက်ရမည်။ ဗမာ့အမျိုးသားတပ်မတော်မှ သင့်လျော်သော ပုဂ္ဂိုလ်များ အား နောင်ဖွဲ့စည်းမည့် ဗမာ့ကာကွယ်ရေးတပ်ဖွဲ့များတွင် ပါဝင်နိုင်အောင် ကျွန်ုပ်က ထောက်ခံပေးမည်။ ကျွန်ုပ်၏ အဆိုပြုချက်များကို အောင်ဆန်းက များစွာ ဈေးဆစ်မနေဘဲ လွယ်လွယ်ကူကူပင် လက်ခံသည်။ အမြဲတမ်း တပ်မတော်ဖွဲ့စည်းရာ၌ ဗမာ့အမျိုးသားတပ်မတော်မှ ပုဂ္ဂိုလ် များကို လက်ခံရာတွင် အရေးကြီးသော ကိစ္စများ၌ သူ့ကို တိုင်ပင်ပြီးမှ ဆုံးဖြတ်ပါဟု တောင်းဆိုသည်။

မေလ ၃၀ ရက်နေ့တွင် ကျွန်ုပ်၏ မြို့ပြရေးရာ လက် ထောက်အရာရှိကြီးက ကျွန်ုပ်နှင့် အောင်ဆန်းတို့၏ သဘော တူညီချက်ကို စစ်သေနာပတိချုပ်ထံ တင်ပြထားကြောင်း၊ ထို သဘောတူညီချက်ကို အကောင်အထည်လည်း ဖော်နေကြောင်း အောင်ဆန်းအား ပြောပြလိုက်သည်။

ရက်အနည်းငယ်အတွင်းတွင်ပင် ကျွန်ုပ်တို့၏ တပ်မှူးများ သည် ဂျပန်ယူနီဖောင်း ဝတ်ဆင်ထားသော ဗမာအမျိုးသား တပ်မတော်မှ တပ်ဖွဲ့ များသည် တာဝန်အတွက် လာရောက် သတင်းပို့သည်ကို အံ့သြစွာ တွေ့နေကြတော့၏။ သူတို့သည် အောင်ဆန်းကတိပေးထားသည့်အတိုင်း ဗြိတိသျှ အရာရှိများ၏ အမိန့်ကို ကောင်းစွာ လိုက်နာသည်ကို တွေ့ရ၏။

ဗမာ့အမျိုးသားတပ်မတော်မှ တပ်ဖွဲ့များသည် ရန်သူ သတင်းကို ထောက်လှမ်းရာ၌လည်းကောင်း၊ ရန်သူအုပ်စု ကလေးများကို ချေမှုန်းရာ၌ လည်းကောင်း များစွာ 'လက်သံ ပြောင်'လှပေသည်။
ကျွန်ုပ် အင်္ဂလန်သို့ ခွင့်နှင့်ပြန်နေစဉ် ဗမာ့မျိုးချစ် တပ်မတော်မှ လူ ၄၀ဝ ခန့်စီ အင်အားရှိသော တပ်ရင်း ၅ ရင်းသည် ကျွန်ုပ်တို့၏ အမှတ် ၄ တပ်မကြီးနှင့် လက်တွဲလျက် ပဲခူးရိုးမ ဖြတ်ကျော်ဆုတ်ပြေးမည့် ရန်သူဂျပန်များကို တိုက်ခိုက် နေလေသည်။


''အောင်ဆန်းကား ပေးခဲ့သောကတိ တည်ခဲ့လေသည် တကား''ဟူ၍ သူ၏ ''အရှုံးမှ အနိုင်သို့''(Defeat into Victory) စာအုပ် စာ မျက်နှာ ၄၃၂ တွင် ရေးသားခဲ့လေသည်။

ဤသည်မှာ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဗြိတိသျှစစ်ဗိုလ် ချုပ်ကြီးတစ်ဦး၏အမြင် ဖြစ်သည်။
ဝီလျံစလင်းသည် မြန်မာပြည်ကို ဂျပန်များလက်မှ ပြန်လည်သိမ်းပိုက်ပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် တွင် အရှေ့တောင်အာရှမဟာမိတ်ကြေးတပ်များ၏ သေနာပတိ အဖြစ်ခန့်ထားခြင်းခံရသည်။ ဒုတိယကမ္ဘာအတွင်းမှာပင် ၁၉၄၄ ခုနှစ် ''ဆာ'' (SIR) ဘွဲ့ဖြင့် သူကောင်းပြုခံရသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားသောအခါ ဗြိတိသျှစစ်ဘက်ဆိုင်ရာ အမြင့်ဆုံးရာထူးဖြစ်သော ဖီးလ်မာရှယ် (Field Marshal) ခေါ် စစ်သူကြီးရာထူး တိုးမြှင့်ပေးအပ်ခြင်းခံရသည့်အဖြစ် CIGS ခေါ် ဗြိတိသျှအင်ပါယာလုံးဆိုင်ရာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်ထားတာဝန်ပေးခြင်းခံရသည်။ သူသည် ၁၉၄၆ တွင် အင်္ဂလန်ပြည် ဘုရင့်စကောလိပ်ကျောင်း၌ ကျောင်းအုပ်အဖြစ် တစ်နှစ်ခန့် အမှုထမ်းခဲ့ရသေးသည်။
ထို့နောက် ၁၉၄၇ ခုနှစ်တွင် ဆဋ္ဌမမြောက်ဂျော့ဘုရင်၏ ကိုယ်ရံတော်ဗိုလ်အဖြစ် ထမ်းရွက်ခဲ့ရသည်။ ထိုနှစ်မှာပင် ပြည်သူပိုင်ပြုလုပ်ထားပြီးဖြစ်သော မီးရထားသယ်ယူပို့ဆောင် ရေးလုပ်ငန်း၏ အုပ်ချုပ်ရေးအဖွဲ့ဝင် ဆောင်ရွက်ရန် စစ်တပ်မှ အနား ယူလိုက်သည်။ သို့သော် ၁၉၄၈ ခုနှစ် အောက်တိုဘာလ တွင် ဗြိတိသျှစစ်တပ်မှ ပြန်လည်ခေါ်ယူ၍ စစ်သူကြီး မောင်ဂိုမာရီ၏နေရာတွင် ဗြိတိသျှတပ်မတော်စစ်ဦးစီးချုပ်အဖြစ် ဆက်ခံထမ်း ရွက်ခဲ့ရသည်။

ယင်းတာဝန်များ ဆောင်ရွက်နေစဉ်အတွင်း အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ တက်ရောက်ခဲ့ရ သည်။ ၁၉၅၀ တွင် အက်တလီနှင့်တစ်ကြိမ်၊ ၁၉၅၂ တွင် ချာချီနှင့်တစ်ကြိမ် ဝါရှင်တန်ဆွေးနွေးပွဲသို့ လိုက်ပါခဲ့ရသည်။ ၁၉၅၃ ခုနှစ်၊ နှစ်ဦးပိုင်းတွင် စလင်းသည် ဆာဝီလျံမက်ကဲ (Sir William McKell) ၏နေရာကို ဆက်ခံ၍ သြစတြီး ယားနိုင်ငံ၏ ဘုရင်ခံချုပ်အဖြစ် ဆောင်ရွက်ခဲ့ရလေသည်။
သူသည် ၁၉၁၄ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ စစ်မှုထမ်း ခဲ့ပြီးနောက် အငြိမ်းစားယူကာ အသက် ၇၉ နှစ်အရွယ် ၁၉၇၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် အင်္ဂလန်ပြည် လန်ဒန်မြို့၌ ကွယ်လွန် ခဲ့လေသည်။

ဇနီးဖြစ်သူမှာ အိုင်လင်းရောဘတ်ဆန် ((Aileen Robertson) ဖြစ်ပြီး သမီး Mary Slim (နောင် ဒုတိယမြောက် ဗိုင်းကောင့်စလင်း) ထွန်းကားခဲ့သည်။
ဆာဝီလျံစလင်းသည် အမေရိကန်ပြည်ထောင်စုမှ ချီးမြှင့် သော Chief Commander of the Legion of Merit  ဘွဲ့တံဆိပ်ကိုလည်း ရရှိခဲ့သည်။

စာကိုး
(1)    Richard Mead, Churchill's Lions: A biographical guid to World War II. Stroud (US): Spellnont. 2007.
(2)    Gerlard Weinberg, A World in Arm A Global History of World War II. Cambridge University Press. 2005.
(3) Field Marchal Sir William Slim, Defeat into Victory, Cassell and Company, 1956.
(၄) သန်းဝင်းလှိုင်၊ သူတို့မြင်သော ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်၊ မိုးကျော်စာပေ၊ ၂၀၁၀။

မေဇော် ● အရောင်များ ...

$
0
0
မေဇော် ● အရောင်များ ...
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၈

၂၀၁၈ သြဂုတ်လထုတ် မိုးမခမဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်သည်။

အရောင်တွေနှင့်ပတ်သက်၍ သူဆက်၍ တွေးကြည့်နေခဲ့မိသည်မှာကြာပြီ။ အရောင်တွေသည်မြင်နေရသည့် အရာတို့ အပေါ်က ထင်ဟပ်ပြနေသည်ထက် ပိုသည့်အနက်အဓိပ္ပါယ်များရှိနေလိမ့်မလားဟု အရောင်တွေကို ငေးကြည့်နေတိုင်း သူသိချင်နေလေ့ရှိသည်။

လက်ဆုပ်လက်ကိုင်ပြ၍မရသည့်အရာတို့နှင့် ထင်သာမြင်သာရှိလှသည့်အရောင်တို့ကြားက အဆက်အစပ်ကို သူက မဖြစ် မနေ ရှာဖွေကြည့်ချင်စိတ်လည်း ရှိနေပြန်သည်။

အောင်မြင်မှုဆိုသည်က မည်သည့်အရာမျိုးတွေ ဖြစ်မှာပါလိမ့်။ အောင်မြင်မှုဟု လူတို့သတ်မှတ်ထားကြသည့်အရာတို့ အ ကြောင်းကို သူသေသေချာချာ သိချင်နေခဲ့မိသည်မှာလည်း ကြာပြီ။ အောင်မြင်မှုသည် မည်သို့သော အရောင်အဆင်း၊ အနံ့ အရသာတို့ရော ရှိကြပါသနည်း။ ချိုသည်ဟူ၍ လူပြောများလှသည်ဆိုတော့ အောင်မြင်မှုမှာ အရသာတမျိုးမျိုးတော့လည်း သေချာပေါက် ရှိနေလိမ့်မည်ထင်သည်။

အောင်မြင်မှုများသည်ချဉ်၏ သို့မဟုတ် ခါး၏ ဟူ၍တော့လည်း ပြောသံ မကြားရဖူးသေးပါ။ ထိုသို့ ဆိုလျှင်တော့ အောင်မြင် မှုသည် သေချာပေါက် ချိုမြနေ၍လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ အောင်မြင်မှုဟု သတ်မှတ်ထားကြသည့်အရာများအနီးသို့သူလည်း အများနည်းတူရောက်သွားခဲ့ဖူးသည်။ အများကလည်း ထိုအရာတို့သည် အောင်မြင်မှုများ ဖြစ်သည်ဟု ပြော ကြသည်။ အောင်မြင်မှုတွေဆီရောက်လျှင် ပြီးပြီဟူ၍တော့ သူလည်း ထင်မှတ်မှားခဲ့ဖူးပြီး မပျော်ရွှင်မှုများလည်း အဆုံး သတ်သွားလိမ့်မည်ဟု ထင်ခဲ့သည်။ အောင်မြင်မှုဆိုသည်တို့အပေါ် အရသာခံယူနိုင်စွမ်းကင်းမဲ့ခဲ့ရခြင်းသည် သူ့အရသာ ခံအာရုံ၏ ပြဿနာအစိတ်အပိုင်းသက်သက်လည်း ဖြစ်နိုင်ပါသည်။

အောင်မြင်မှုတို့တွင် အရောင်အဆင်းရော ရှိကြပါသလား။ အရောင်အဆင်းဆိုသည်ကတော့ ပို၍ပင် ပြောရခက်မည်ထင် သည်။ ရှေးတုန်းကတော့ အရောင်တို့သည် အနည်းငယ်သာရှိကြပြီး အရောင်တခုနှင့်တခုကြားက အကွာအဝေးကလည်း ပို၍ တိပပြတ်သားဟန်တူပြီး ရှုပ်ရှုပ်ထွေးထွေးလည်း နည်းသည်။ ထိုစဉ်အခါတွေ တုန်းကတော့ အောင်မြင်မှုကို အရောင်ဖြင့် ပိုင်းဖြတ်ရန်ဆိုသည်က လွယ်ချင်လည်း လွယ်နေလိမ့်မည်။ အောင်မြင်မှုတို့သည် မှေးမှေးမှိန်မှိန်အရောင်တို့နှင့်တော့ လိုက် မည်မထင်၊ တောက်ပလင်းလက်နေသည့်အရောင်တို့သည် အောင်မြင်မှုနှင့် လိုက်ဖက်လိမ့်မည်ထင်သည်။ ယနေ့ ခေတ်တွင် နည်းပညာနှင့်ပတ်သက်သောအရောင်အဖြစ် အပြာရောင်ကို ရာခိုင်နှုန်းအများဆုံး လူတို့အသုံးပြုကြသည်ဟုဆိုသည့်အခါ နည်းပညာခေတ်ကြီးထဲတွင် အောင်မြင်မှု၏အရောင်အဆင်းသည် အပြာရောင်လည်း ဖြစ်နေနိုင်ပါသည်။

တကယ်တမ်းကြတော့လည်း အပြာရောင်ဟု လူတို့ခေါ်သည့်အရောင်ကို အတိအကျ လက်ဆုပ်လက်ကိုင် ဆွဲထုတ်ပြရန်က ခက်သည်။ အပြာရောင်ဟုခေါ်ကြသည့် အရောင်တမျိုးတည်း၏ ခေါင်းစဉ်အောက်မှာ ရောင်စဉ်အမျိုးပေါင်း ၇၀ ကျော်ရှိပြီး ထိုအပြာများထဲတွင် ဒဂုန်တာရာ၏ ဝေါ့ဒစ္စနေးအပြာ ပါမှပါလေရဲ့လားသူမသိ။ အောင်မြင်မှုကို အပြာရောင်ဟု မဖြစ်မနေ သတ်မှတ်မည် ဆိုပါလျှင် သူကတော့ ဝေါ့ဒစ္စနေးအပြာကိုသာ သတ်မှတ်လိုသည်။ ဝေါ့ဒစ္စနေး၏ အပြာရောင်ကာတွန်းကား ကလေးများကို သူချစ်ခင်စွဲလန်းခဲ့ဖူးပြီး ထိုအရောင်တွေအောက်မှာ သူ ငြိမ်းချမ်းခဲ့ဖူးသည်။ ထိုအပြာရောင်နောက်ခံ ကာ တွန်းကားကလေးများသည် အောင်မြင်ခြင်းဆိုသည်ထက် သူ့ကိုကျရှုံးမသွားဖို့၊ ပြန်လည်တောင့်ခံနိုင်ဖို့ ပို၍ထောက်ပံ့ ပေး နိုင်ခဲ့ကြဟန်တူသည်။ မည်သို့ဆိုစေ အောင်မြင်မှုကို ရောင်စဉ်တန်းတခုတည်း တိတိကျကျသတ်မှတ်ဆွဲထုတ်ပြဖို့ ခက်မည် ထင်သည်။

မှေးမှိန်ဖျော့တော့မှုတွေကိုတော့ လူတို့သည် နှစ်လိုကြဟန်မရှိ။ လူတွေက လင်းလက်တောက်ပမှုတွေကိုသာ ပို၍ ငေးမော အားကျလိုသည် ထင်သည်။ ငေးကြည့်နေရသည့် သူတို့ကိုအောင်မြင်သည်ဟု သတ်မှတ်ကြတာလည်း ဖြစ်ကောင်းဖြစ် လိမ့်မည်။ ထိုသို့ဆိုပါလျှင် အာင်မြင်မှု၏ အရောင်အဆင်းသည် တောက်ပသော အရောင်များပဲဖြစ်လို့နေလိမ့်မည်လား။ ပန်းချီဆရာတွေကတော့ အရောင်တွေကို အပူရောင်၊ အအေးရောင်ဟု ထပ်၍ခွဲကြသေးသည်။ နေမင်းကြီး၏ အနွေးဓာတ်ကို သတိရစေသည့် အနီ၊ အဝါ၊ လိမ္မော်တို့သည် အပူရောင်များ ဖြစ်ကြ၍ သဘာဝတရားကြီးကို သတိရစေသည့် အပြာ၊ အစိမ်း နှင့် ခရမ်းရောင်တို့သည် အေးချမ်းသည့် အအေးရောင်တို့ဖြစ်ကြသည်တဲ့။ ထိုသို့ဆိုသည့်အခါ ချစ်သောသူအတွက် ရည်ရွယ် ခဲ့သည့် အေးချမ်းလှသည့် ခရမ်း ရောင်ပန်းချီကား ကလေး တကားကို သတိရရင်း ဟုတ်မှာပဲဟု ခပ်ပြုံးပြုံးတွေးမိသွားပြန်သည်။

မီးခိုးရောင်သည် အပူရောင်အဖြစ်ရော၊ အအေးရောင်အဖြစ်ပါ ကူးပြောင်းလွယ်စွမ်းရှိသည်ဟုဆိုသည့်အခါ သူက အောင်မြင် မှုကို မီးခိုးရောင်ဟု သတ်မှတ်ချင်မိပြန်သည်။ အောင်မြင်မှုသည် ကျရှုံးမှုဆီအလွယ်တကူ ကူးပြောင်းလွယ်စွမ်းရှိသည့် ခပ်ပါးပါး မီးခိုးရောင်အဆင်းလည်း ရှိနေနိုင်သည် မဟုတ်ပါလား။ လောကတွင် လူတို့သတ်မှတ်ကြသည့် အောင်မြင်မှု ဆို သည့်အရာတွေဆီကို သူလည်း အတော်များများ ချဉ်းကပ်ကြည့်ခဲ့ဖူးပြီ။ "အောင်မြင်မှုဆိုတဲ့အရာတွေက ပုံသေနည်းတွေ၊ မခက်လှဘူးသိလားကလေး၊ စိတ်လိုလက်ရ ပျော်တတ်ဖို့ကြမှခက်တာ သိလား"ထိုအကြောင်းကို သူရိပ်မိလာရသည့်အခါ ထုံထိုင်းအေးခဲနေသည့် နှလုံးသားများအတွက် ဝမ်းနည်းရုံသာ တတ်နိုင်ခဲ့တော့သည်။ အောင်မြင်မှုဆိုတာက ကောင်းကင် တခုလုံးရစ်သန်းနေတဲ့ မီးခိုးရောင်တွေလို မှိုင်းမှိုင်းပျပျပဲ ဖြစ်မှာပါ။ ဖမ်းဆုပ်ထားရတာလည်း သိပ်ပြီးခက်မှာဟု မိုးသားများအုံ့ မှိုင်းနေသည့် ကောင်းကင်ပြင်ကြီးကိုငေးကြည့်နေရင်း တိမ်တွေလို ဖမ်းဆုပ်ရခက်သည့်လူတယောက်ကို သူ လွမ်းဆွတ်သွား မိပြန်သည်။

ချစ်ခြင်းမှာရော သူအောင်မြင်ခဲ့ပါသလား
မေတ္တာသက်သက်မှာ အောင်မြင်တာရော ကျဆုံးတာပါ မရှိဘူးလေ ဟု တွေးမိသည့်အခိုက် သူ့ စိတ်ထဲ အစိမ်းရောင်တွေ ဝင်လာခဲ့ကြသည်။

ကားမောင်းသွားနေရင်း လမ်းဘေးကိုငေးကြည့်မိသည့်အခိုက် စိမ်းစိုနေသည့်အရောင်များ စိတ်ထဲသိပ်သိပ်သည်းသည်း ဝင်ရောက်လာကြသည်။ သစ်ပင်များစိမ်းနေသည့်အကြောင်းပြောရသည်က အူတိအူကြောင်နှင့် ရယ်တော့လည်း ရယ်ချင် စရာ။ ကမ္ဘာပ်ါက သစ်ပင်တွေသည် ယေဘုယျအားဖြင့်တော့ အစိမ်းရောင်တွေပဲ မဟုတ်လား။ သစ်ပင်များ၊ လူများ၊ တိမ် များ၊ အရောင်များသည် အမြဲပြောင်းလဲနေကြသည်။ အစိမ်းရောင်ကိုလည်း ထိုသို့နားလည်ပေးမှပဲ ဖြစ်လိမ့်မည်ထင်သည်။ အစိမ်းနုနုကို မြင်သည်ဖြစ်စေ၊ အစိမ်းတို့သည် ရင့်မှောင်နေကြသည်ဖြစ်စေ သစ်ပင်တို့ဆီမှာ ဖြာထွက်နေကြသည့် အစိမ်းတို့ သည် လူတယောက်ကို အမြဲလွမ်းဆွတ်လာစေခဲ့သည်ကလွဲ၍ သူ့ကိုအမြဲ စိတ်ကြည်နူးစေခဲ့ကြသည်။

နုရာမှ ရင့်လာခဲ့ကြသည့် အစိမ်းများ၊ စိမ်းမြလတ်ဆတ်မှုများ၊ ခပ်မှောင်မှောင် စိမ်းရင့်ရောင်များ လေထုထဲတွင် အစိမ်းတို့ ရစ်ဖွဲ့နေသည်ကို မြင်တွေ့ ရသည့်အခါတိုင်း သူပျော်ရွှင်လာလေ့ရှိသည်။ စိမ်းနေသည့်သစ်ပင်များကိုငေးကြည့်ရင်း ပျော ရွှင်တတ်လာဖို့ ဒါမှမဟုတ်လည်း လွမ်းဆွတ်လာမိစေဖို့ မည်သို့သော နှလုံးသားဖြတ်သန်းမှုတို့ လိုအပ်ခဲ့ကြပါမည်နည်း။ သူကတော့  ကံကောင်းခဲ့ဟန်တူသည်။ သစ်ပင်တွေမှာ အနံ့ရှိရုံသာမက၊ အစိမ်းရောင်တွေမှာလည်း အနံ့ရှိနေကြဟန်တူသည်။ အစိမ်းရောင်တို့စိတ်ထဲအထိဝင်လာတိုင်း အနံ့အမျိုးမျိုးကို သူပြောင်းလဲရလာလေ့ရှိသည်။ အထူးသဖြင့်တော့ အတိတ်တို့ သည် အစိမ်းရောင်နှင့် ဆက်စပ်နေကြသည်။ အစိမ်းရောင်သစ်ရွက်တို့ထိပ်ဖျားတွင် လွမ်းဆွတ်ခြင်းရနံ့များရှိပြီး အညိုရောင် ပင်စည်တို့တွင်မူ အထီးကျန်ခြင်းရနံ့ များတွဲလည်းခိုနေခဲ့ကြပြန်သည်။


"အောင်မြင်မှုဟာ အစိမ်းရောင်တော့ မဟုတ်လောက်ဘူး အဲဒါသေချာတယ်သိလား” အောင်မြင်မှုဆိုတာတွေဆီရောက်ဖို့ ပြင်းထန်သည့် ရမ္မက်ဇောတို့တော့ လိုအပ်ကြလိမ့်မည်ထင်သည်၊ “ဟင့်အင်း…အဲဒါဆိုမဖြစ်ဘူး မဟုတ်လား၊ အစိမ်းရောင် တွေက သိပ်ပြီးအေးချမ်းလွန်းတယ်၊ အောင်မြင်မှု ဆိုတာကြောင့်တော့ သူ့ကို ညစ်နွမ်းမသွားစေချင်ဘူး” အောင်မြင်မှုမှာ အရောင်တခုခုမဖြစ်မနေရှိနေရမယ်ဆိုရင် အပူရောင်တွေနဲ့ပဲ လိုက်ဖက်မှာ။ အစိမ်းရောင်တွေက အလွမ်းရဲ့အရောင်၊ တ လောကလုံးစိမ်းနေတဲ့အခါ သူသိပ်ပြီးလွမ်းတာပဲ။ အစိမ်းရောင် သစ်ပင်တွေ၊ အစိမ်းရောင်မြက်ခင်းတွေ၊ အစိမ်းရောင် တောတန်းတွေ၊ စိမ်းရောင်သန်းနေတဲ့ရေတွေ။ တကယ်ဆို အစိမ်းရောင်တွေဟာ အလွမ်းတစ္ဆေတွေလိုပဲ ၊ ဘယ်လိုအစိမ်း တွေပဲ သူ့စိတ်ထဲဝင်လာလာ သိပ်ပြီးတော့ လွမ်းတာပဲ။

“အရောင်တွေကတော့ သူ့ဘာသူပဲနေကြတာလေ၊ ကြည့်မိတဲ့ စိတ် အခံတွေ ကွာသွားလို့ပဲ ဖြစ်မှာပေါ့’’

တကယ်တော့လည်း အောင်မြင်မှုတွေထဲမှာတင်မကပဲ အကြည့်တွေထဲမှာလည်း အရောင်တွေရှိကြသည်။ အထူးသဖြင့်တော့ မျက်နှာတွေပေါ်တွင် အရောင်တွေအများဆုံး စွန်းထင်းနေလေ့ရှိသည်။ လူတွေက အင်္ကျီတွေပေါ်မှာ၊ နံရံတွေပေါ်မှာသာ အရောင်စွန်းရင်မကြိုက်တာ၊ မျက်နှာပေါ်က အရောင်တွေကိုကြတော့လည်း နှစ်တော့ နှစ်လိုကြပုံပါပဲ။ လူတိုင်းနီးပါးပဲပေါ့ သူတို့မျက်နှာအပေါ်မှာ အရောင်တခုခု အမြဲဖုံးကာထားခဲ့ကြသည်။ လူတို့၏ မျက်နှာပြင်ပေါ်မှ အတွေ့ များသည့်အရောင်များ အကြောင်းကို ဖော်ပြပါဟု တယောက်ယောက်က မေးလာလျှင် မည်သို့ပြန်ဖြေဖြစ်မည်မသိ။ လူတွေ၏မျက်မှာပြင်ကို အ ရောင်တွေနှင့်တွဲ၍မြင်ရခြင်းမှာ ပျော်ရွှင်စရာတို့သိပ်ရှိလိမ့်မည်မဟုတ်ကြောင်း ဖြစ်နိုင်မည်ဆိုလျှင် မည်သူ့ကိုမျှ သူမပြောပြ လိုပါ။

မာနအရောင် သို့မဟုတ် မာန်အရောင်၊ ထိုအရောင်နှစ်ခုသည် တူမလိုလိုနှင့် တူတော့တူမည်မထင်။ မာန်အရောင်သည် အနီစွက်ထားသည့် ဆည်းဆာ ဒါမှမဟုတ်လည်း အရုဏ်ဦး လိမ္မော်ရောင်ကလေး ဖြစ်ခဲ့မည်ဆိုပါလျှင် မာနအရောင်သည် တောက်ပနီစွေးသည့် အနီသက်သက်တော့ ဖြစ်နေလိမ့်မည်။ မဖြစ်မနေ မာန်တင်းထားရသည့် အရောင်သည် မာနဖြင့် တောက်ပနေသည်နှင့်တော့ အမှန်ပင် အရောင်အဆင်းကွာနေသင့်သည် မဟုတ်ပါလား။ ထိုအကြောင်းကို သူတွေးမိတော့ မာန်အရောင်ဖြင့် အမြဲတောက်ပ တင့်တယ်နေသည်ဟု သူထင်မှတ်မှားခဲ့မိသည့် ထင်ရှားကျော်ကြားသည့် မျက်နှာတခု၏ အရောင်အသွေးကို သူ့စိတ်ထဲ ချက်ချင်းမြင်လာပြီး ပြုံးမိသွားသည်။ လူတွေကို ဒုက္ခပေးနေတဲ့အရာက prediction လုပ်နေ မိမှုတွေပဲ။ ကောင်းမှာမဟုတ်ဘူး၊ ကောင်းမယ်ထင်ပါတယ်၊ အဲဒီလူက အဲလိုလူစား မဖြစ်နိုင်ဘူးဟူသည့် တင်ကူးမျှော်မှန်း ချက်တွေဖြင့် ပေးထားသည့်အချက်အလက်များစွာကို မမြင်နိုင်တော့ပဲ ဖုံးကွယ်ကျော်လွှားပစ်ခဲ့ကြသည်။ မာနအရောင်၊ မာန်အရောင်၊ မထေမဲ့မြင်အရောင်၊ စော်ကားမော်ကားအရောင်၊ အထင်သေးအရောင်၊ အထင်ကြီးအရောင်၊ အားကျအရောင် ၊ သိမ်ငယ်ရောင်များ။ လူတို့၏ မျက်နှာပေါ်တွင် အရောင်အဆင်းများစွာ တည်ရှိနေခဲ့ကြပါသည်။

လူတွေ၏ မျက်နှာပေါ်မှ စွန်းထင်းပေကျံလွယ်သည့် အရောင်များကို မြင်လာတတ်ကတည်းက သူကတော့ပို၍ တိတ်ဆိတ် လာသည်။ လူတွေ၏ မျက်နှာအစား ပန်းချီကားတွေကိုသာ ပို၍ငေးကြည့်နေလိုသည်။ အရောင်များသည် ရှိသင့်ရှိထိုက်သည့် နေရာတွင်သာ တန်ဖိုးရှိကြောင်း သူပို၍နားလည်လာခဲ့သည်။

တဘဝလုံးကို ဖြတ်သန်းသွားဖို့ အရောင်တွေရွေးချယ်ဖို့ လို အပ်လာခဲ့ပါလျှင် ဘယ်အရောင်တွေကိုများ သူရွေးချယ်ဖြစ်မှာပါလိမ့်။

အစိမ်းရောင်ခပ်များများ
ခရမ်းရောင်သန်းနေသည့် ပန်းချီကားအနည်းငယ်နှင့်
မီးခိုးရောင်တွေကို သူ့အနားမှာ ရှိနေစေချင်မိမည် ထင်ပါသည်။ 


သို့သော် အရောင်တွေကို အ ရောင်တွေသက်သက်အဖြစ်သာ သူချစ်ပါသည်။ အရောင်များသည် အခြားအနက်အဓိပ္ပါယ်များ ထပ်မံမစွန်းထင်းပဲ သူ့ အနားနားရှိနေစေချင်သည်။ မဟုတ်လျှင် မည်သည့်အရောင်မျှရှိမနေသည့် အမှောင်တွေထဲမှာသာ သူဆက်၍ နစ်နေချင်မိပါ သည်။

မေဇော်
၁၇၊ ၆၊ ၂၀၁၈

အိမ့်ကြည်ဖြူ - ဖြူဖြူ မကြောက်တော့ပါ

$
0
0
ဖြူဖြူ မကြောက်တော့ပါ
အိမ့်ကြည်ဖြူ
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၈
           
အသက်၂၁ နှစ်ပြည့်ပြီဖြစ်တဲ့ ဖြူဖြူဟာ သတင်းဌာနကြီးတခုရဲ့လှေကားရင်းမှာ ရပ်နေတယ်။ သူမရဲ့ လက်ထဲမှာ ဖိုင်တခုကို ကိုင်ထားတယ်။ အဲဒီဖိုင်ထဲမှာ ပညာရေး ဝန်ကြီးဌာနကပေးလိုက်တဲ့ဘွဲ့လက်မှတ် တခု၊ ခရီးသွားလုပ်ငန်းကပေးလိုက်တဲ့အသိအမှတ်ပြုကတ်ပြားတခုနဲ့ တခြားစာရွက်စာတမ်း အနည်းငယ် လည်း ပါတယ်။ သူမဟာ သတင်းဌာနကြီးရဲ့ဆိုင်းဘုတ်ကို လည်ပင်းကအကြောလေးတွေ တင်းသွားတဲ့ အထိ မော်ကြည့်လိုက်တယ်။ ပြီးတော့ ပထမဆုံးလှေကားထစ်ကို စပြီးနင်းတက်လိုက်တယ်။

သူမဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ သတင်းဌာနရဲ့ ကြော်ငြာကို တွေ့ခဲ့ရတာဖြစ်တယ်။ အဲဒီကြော်ငြာ ထဲမှာ အလုပ်သင်သတင်းထောက်တွေအလိုရှိတဲ့အကြောင်း ပါတယ်။ အဲဒီအထဲမှာ ဖြူဖြူသဘောကျမိတဲ့ အချက်ပါတယ်။ အဲတာက ဘွဲ့တခုခုရထားစရာမလိုဘဲ ဆယ်တန်းအောင်ရုံနဲ့ လျှောက်ထားနိုင်လို့ပါ။ ဆယ်တန်းဆိုတာ လူငယ်ဘဝရဲ့ အတားအဆီးလို ဖြစ်နေတယ်။ အဲတာကိုတော့ ကျော်ဖြတ်နိုင်ရမယ်။ ဘွဲ့အကြောင်းစဉ်းစားမိတော့ အော်ဟစ်ရယ်မောလိုက်ချင်ပြန်ရော။ ဖြူဖြူ့သူငယ်ချင်းတွေထဲမှာ ဘွဲ့ရပြီးပေ မဲ့ သတင်းစာတစ်စောင်မှ မဖတ်ဖူးသူတွေအများကြီးပဲ။

ခြေထောက်တွေထဲမှာ အားအပြည့်ထည့်ပြီး လှေကားထစ်တွေကို နင်းတက်လိုက်တယ်။

ဖြူဖြူ ဟာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ဘီအေ(ဂျာမန်)ဘွဲ့ကို ရရှိထားတာဖြစ်တယ်။ ကျောင်းပြီးတော့ ဖြူဖြူအပါအဝင် သူငယ်ချင်း အတော်များများဟာ ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားပြီး ဧည့်လမ်းညွှန်လုပ်ဖို့ စဉ်းစားကြတယ်။ ဖြူဖြူကတော့ ပုဂံဒေသဧည့်လမ်းညွှန်သင်တန်းကို သွားတက်ထား လိုက်ပါတယ်။ အဲဒီကနေ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အဖြစ် အသိအမှတ်ပြုပေးတဲ့ ကတ်ပြားလေးတခုရခဲ့ တယ်။ လိုင်စင်ရဧည့်လမ်းညွှန်တစ်ယောက်ဖြစ်လာဖို့တော့ ဝမ်းစာဗဟုသုတနဲ့ဘာသာစကားကျွမ်းကျင်မှု ကို ဖြည့်တင်းရအုံးမှာပါ။

ပညာဆက်ဆည်းပူးလိုတဲ့စိတ်ရယ်၊ စိတ်ပါဝင်စားတဲ့လုပ်ငန်းခွင်တခုမှာ အတွေ့အကြုံရှာလိုစိတ်ရယ် ကြောင့် ရန်ကုန်မြို့ကို လွန်ခဲ့တဲ့လကပဲ ဖြူဖြူရောက်လာခဲ့တယ်။ ဖြူဖြူတို့သင်ခဲ့ရတာက ဘာသာစကား ရယ်၊ အခြေခံဧည့်လမ်းညွှန်ပညာရပ်ရယ်ပါ။ ရန်ကုန်မြို့ကြီးက ခရီးသွားလုပ်ငန်းတွေအားလုံးနီးပါးဟာ ရေခဲတုံးကြီးတွေလိုအေးစက်နေကြတယ်။ ဖြူဖြူ့သူငယ်ချင်းတယောက်ကတော့ အစိုးရရုံးတရုံးမှာ အလုပ် ဝင်သွားတယ်။ သူငယ်ချင်းက ပြောတယ်။ "ဖြူဖြူရေ ငါလဲ ကြာလာရင် ဂျာမန်စာတွေရော စကားတွေပါ မေ့သွားတော့မယ် ထင်ပါတယ်"တဲ့။ သူငယ်ချင်းရဲ့စကားဟာ ဖြူဖြူအတွက် အများကြီးကို စဉ်းစားစရာ ဖြစ်လာခဲ့တယ်။

ဖြူဖြူစဉ်းစားမိတာက ဒီလိုပါ။ အခုလို ဘာသာစကားနဲ့ပတ်သက်တဲ့ဘွဲ့တခုကိုရဖို့ လေးနှစ်လုံးလုံး ကြိုးစား ခဲ့ကြရတယ်။ ဖြူဖြူတို့နေစရာအဖြစ် အစိုးရကျောင်းဆောင်မရခဲ့ပါဘူး။ မန္တလေးမြို့ရဲ့နန်းရှေ့တဝိုက်မှာပဲ အပြင်ဆောင်ငှားနေကြရတယ်။ အစိုးရက အဆောင်တောင်မပေးမှတော့ ထမင်းကျွေးဖို့ဆိုတာ အဝေးကြီး ပေါ့။ အပြင်မှာပဲ အဆင်ပြေ သလို ဝယ်စားခဲ့ကြရတယ်။ ဖေဖေနဲ့မေမေက ဖြူဖြူ အဆင်ပြေပြေနဲ့ စာကျက် နိုင်ဖို့ အတန်းတက်နိုင်ဖို့ ပိုပြီးအလုပ်လုပ်ပေးခဲ့ကြရတယ်။ ဖြူဖြူတို့ကျောင်းတက်စဉ်ကာလ တစ်လကုန် ကျစရိတ်ဟာ နည်းမှမနည်းပဲ။ အဲဒီနောက်တော့ သင်ထားတဲ့ပညာလေးကို လုပ်ငန်းခွင်မှာအသုံးပြုဖို့ ဧည့် လမ်းညွှန်သင်တန်းဆက်တက်ခဲ့တယ်။

ဖြူဖြူတို့လိုဘာသာစကားနဲ့ဘွဲ့တခုရပြီးကာစ သူတွေမှာ လက်တွေ့လုပ်ငန်းခွင်အလုပ်တွေက ရှားပါးနေဆဲ ပါ။ ဘာသာပြန်လုပ်ငန်းတွေလုပ်ဖို့ဆိုတာကလည်း ဆက်လက်ဆည်းပူးရအုံးမှာပါ။ တက္ကသိုလ်ပညာရေး လေးနှစ်တာမှာ မပြည့်ခဲ့သေးတာတွေကို ဖြည့်ရအုံးမှာပါ။ ဖြူဖြူ ရန်ကုန်ရောက်ရောက်ချင်း ခရီးသွား ကုမ္ပဏီတွေမှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ 
 
ခရီးသွားလုပ်ငန်းတွေအများစုဟာ ဝန်ထမ်းတွေကိုသာလျှော့ချဖို့ ကြိုးစားနေကြရပါတယ်။ "ခရီးသွားလုပ်ငန်းဟာ ပိန့်ရှုံ့နေတဲ့ပေါင်မုန့်မာမာကြီးကို ဝိုင်းကိုက်နေကြရသလိုမျိုး"လို့ ဧည့်လမ်းညွှန် အလုပ်ကိုလည်းလုပ်ကိုင်သလို တဖက်မှာလည်း ဘာသာပြန်လုပ်ငန်းလုပ်ကိုင်နေတဲ့ ဂျာမန်ဘာသာစကား ကျွမ်းကျင်သူဆရာတယောက်က ပြောပါတယ်။

ရန်ကုန်မှာဆက်နေပြီး ပညာဆက်လက်သင်ယူဖို့အတွက် အလုပ်ကလေးတခုရှိရမယ်လို့ ဖြူဖြူကယူဆမိပါ တယ်။ အဲဒီအလုပ်ဟာလည်း ဖြူဖြူသင်ကြားခဲ့ရတဲ့ ပညာနဲ့တော့ အနည်းနဲ့အများ ဆက်စပ်ပတ်သက်နေရ မယ်လို့ယူဆမိပါတယ်။ ဖြူဖြူရပ်မနေချင်ပါဘူး။ လေယာဉ်တစင်းဟာ အပေါ်လည်းမတက်၊ ရှေ့လည်းခရီး မဆက်နိုင်ပဲရပ်နေရင် ကြောက်စရာကောင်းနေတဲ့အကြောင်း ဖြူဖြူဖတ်ခဲ့ဖူးတယ်။ ဖြူဖြူက အဲဒီလေယာဉ် ကြီးလို အောက်ကိုပြုတ်မကျသွားချင်ပါဘူး။ နောက်ပြီးတော့ လူရောစိတ်ပါအပင်ပန်းခံပြီး တက္ကသိုလ်ပညာ ရေးအတွက် ထောက်ပံ့ပေးခဲ့ကြတဲ့ ဖေဖေနဲ့မေမေကိုအားနားတဲ့စိတ်ဟာ ဖြူဖြူ့ကိုအနှိပ်စက်ဆုံးလို့ ဖြူဖြူ ကယုံကြည်နေပါတယ်။

လှည်းတန်းအဆောင်လေးက ဖြူဖြူ့အိပ်ရာဘေးမှာ စာအုပ်တွေပုံထားတယ်။ ခရီးဆောင်အိပ်လေးထဲမှာ အင်္ကျီအဝတ်အစားကတဝက်၊ စာအုပ်တွေက တဝက်ထည့်ပြီး ခရီးတခုကိုဆက်လှမ်းဖို့ ဖြူဖြူ ထွက်လာခဲ့ တာပါ။ ဖြူဖြူက အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ မိန်းကလေးတယောက်။ သာမန်အားဖြင့်တော့ အလှအပနဲ့ ကျောင်းပညာရေးကလွဲရင် ပြင်ပလောက၊ လူနေမှုဘဝတွေကို စိတ်ဝင်စားလိမ့်မယ်မထင်ရပါဘူး။
 
စာအုပ်တွေဖတ်လိုက်၊ စာကျက်လိုက်၊ ဗိုက်ဆာလာတဲ့အခါတခုခုဆင်းစားလိုက်နဲ့ လှည်းတန်းအဆောင် လေးရဲ့နေ့ရက်တချို့ကို ဖြူဖြူ ကျော်ဖြတ်ခဲ့ပါတယ်။ ညအချိန်ရောက်ရင် ကချင်တောင်တန်းတွေရဲ့တနေ ရာမှာရောက်နေတတ်တဲ့ဖေဖေ့ဆီက ဖုန်းဝင်လာတတ်တယ်။ "အလုပ်လုပ်နေပြီလားသမီး၊ ဘာအလုပ် ဖြစ်ဖြစ်ဆိုတာမျိုးတော့ ဝင်မလုပ်စေချင်ဘူး။ လစာငွေကြေးအရ နည်းချင်နည်းပါစေ၊ သိက္ခာရှိတဲ့အလုပ် မျိုးတော့ ဖြစ်ရမယ်။ ပြီးတော့ သင်တန်းတွေဆက်တက်ရင်း ပညာတိုးလာတာမျိုးကို ဖေဖေလိုလားတယ်။ ရရာအလုပ်ဝင်လုပ်ရင်း ကိုယ့်ဘဝကိုယ် နာကျင်နေရတဲ့အဖြစ်မျိုး မဖြစ်စေနဲ့"ဆိုတဲ့ ဖေ့ဖေ့အသံဟာ အနီး နားလေးမှာ လာပြောနေသလို ပဲ။

အဲဒီနေ့ကတော့ ဖြူဖြူ့ ဖေဖေနဲ့ဖုန်းဆက်အပြီးမှာ အိပ်ရာဘေးက ဂျာနယ်တွေကို လျှောက်ဖတ်နေမိတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေပါတဲ့ဂျာနယ်ထဲမှာလည်း ဖြူ ဖြူနဲ့အဆင်ပြေမယ့် အလုပ်လိုအပ်ချက်မျိုး ပါ မလာပါဘူး။ အဲဒီအချိန်မှာ မီဒီယာတစ်ခုက သတင်းစာတစောင်မှာ အလုပ်သင်သတင်းထောက်ခေါ်တဲ့ သတင်းကိုတွေ့မိလိုက်တယ်။ အိပ်ရာထဲပြန်လဲပြီး နဖူးပေါ်လက်တင်ရင်း သတင်းထောက်တွေအကြောင်း ကို စဉ်းစားနေမိပါတယ်။ မြန်မာပြည်ကသတင်းထောက်တွေအကြောင်းရော ကမ္ဘာပေါ်က သတင်းထောက် တွေ အကြောင်းရောပါပါတယ်။ ဗီဒီယိုဇာတ်ကားတွေထဲက စစ်မြေပြင်သတင်းထောက်တွေအကြောင်းကို ပါ တမျှော်တခေါ်ကြီး တွေးနေမိတော့တယ်။ ဖေဖေရဲ့ "သိက္ခာရှိတဲ့အလုပ်"ဆိုတဲ့အသံကိုလည်း ပြန်ပြန် ကြားနေမိတော့တယ်။

ဖြူဖြူက ငယ်ငယ်ကတည်းက ဖေ့ဖေ့စကားတွေကို နားရည်ဝခဲ့တာပါ။ ဖေဖေက စာရေးတယ်။ မဂ္ဂဇင်း တိုက်တွေကို ပို့တယ်။ အဲဒီတုန်းကလည်း ဖေဖေ့မျက်လုံးတွေ စာအကြာကြီးကြည့်ရင် ဝါးတတ်တာမို့ ဖြူဖြူ ပဲ အချောပြန်ကူးပေးရတယ်။ အဲဒီအချိန်တွေတုန်းကတော့ ကျောင်းစာတွေကတဖက်နဲ့မို့ ဖေဖေ့ကို စိတ်ခု ခဲ့ဖူးတယ်။ အခုအချိန်ကျတော့လည်း အဲတာတွေကို ကျေးဇူးတင်မိပါတယ်။ ဖြူဖြူနဲ့ဝေးတဲ့ဗဟုသုတ၊ ကျောင်းသင်ခန်းစာတွေထဲမှမပါတဲ့ သတင်းထောက်တွေအကြောင်းကို ဖေဖေ့စာတွေထဲမှာ ဖတ်ခဲ့ရတယ်။ ဖတ်ခဲ့ရတာမှ ကူးဖတ်,ဖတ်ခဲ့ရတာပါ။ မုံရွာမြို့မှာအလုပ်ကြံခံလိုက်ရတဲ့သတင်းထောက်အကြောင်း၊   သတင်းထောက်ကိုပါကြီးအကြောင်း၊ သတင်းထောက် ကိုကျော်စိုးဦးနဲ့ ကိုဝလုံး အကြောင်းတွေကို ဖြူဖြူ သိခဲ့ရဖူးတယ်။ မလိုသူတွေက လုပ်ကြံတာ၊ ဖမ်းဆီးနှိပ်စက်တာတွေကို ခံကြရတဲ့ နိုင်ငံရပ်ခြားက သတင်းထောက်တွေအကြောင်းကိုလည်း ရုပ်မြင်သံကြားမှာ ဖြူဖြူ ကြည့်ခဲ့ဖူးပါပြီ။ သူတို့ဟာ ဘာဖြစ်လို့များ အဲဒီလို ဖြစ်ခဲ့ကြရပါလိမ့်လို့ ဖြူ ဖြူတွေးမိပါတယ်။ ဖြူဖြူ့အတွေးထဲမှာ သတ်ဖြတ်တဲ့လူဟာ လူဆိုးတွေပါပဲ။ အသတ်ခံရသူက သူတို့ ဆိုးတဲ့အကြောင်းပြောလို့ဖြစ်မှာပေါ့။

ဖြူဖြူ့ဘေးနားက အိပ်ရာလေးကို ကုမ္ပဏီတခုမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းပြန်ရောက်လာချိန်မှာ အတွေးတွေ ပြတ်သွားခဲ့ရတယ်။ သူတို့ကို မြင်မိတော့လည်း အလုပ်ကိုလုပ်ချင်လာပါတယ်။ ဘေးက သူငယ်ချင်းက ဥပဒေနဲ့ကျောင်းပြီးထားပြီး မျက်မှန်ကုမ္ပဏီတခုမှာ အလုပ်ဝင်လုပ်နေတာပါ။

သူငယ်ချင်းဟာ အခုတော့လည်း ဥပဒေတွေ၊ နည်းဥပဒေတွေကိုမေ့ထားပြီး အစင်းပါတဲ့မှန်နဲ့ အစင်းမပါတဲ့ မှန် ခွဲခြားရတဲ့အလုပ်ကို လုပ်နေရပါတယ်။ ဖြူဖြူလည်း အလုပ်တခုကို လုပ်ချင်လာမိတယ်။

"သိက္ခာရှိတဲ့အလုပ်"တခုပေါ့။ အလုပ်သင်သတင်းထောက်တွေခေါ်တဲ့ ကြော်ငြာလေးကို နောက်တခေါက် ပြန်ဖတ်မိတယ်။ အကြာကြီးတွေပြီးကြည့်နေမိတယ်။ ကြော်ငြာကွက်ကွက်လေးနေရာမှာ အဖမ်းအဆီး အနှိပ်စက်အသတ်ဖြတ်ခံခဲ့ရတဲ့ သတင်းထောက်တွေရဲ့ပုံရိပ်တွေ။ ပုံရိပ်တွေက သိက္ခာတွေနဲ့လင်းလင်း ချင်းချင်းကြီးပေါ်လာကြတယ်။ ဒါပေမဲ့ ဖြူ ဖြူ ကြောက်နေမိပါတယ်။ အဲဒီအလုပ်ကို ဖြူဖြူ စိတ်ဝင်စားမိ တယ်။ ဖြူဖြူကြောက်တယ်။ ကမ္ဘာလှည့်ခရီးသွားတွေကို လမ်းညွှန်ပေးနိုင်ဖို့ ဧည့်လမ်းညွှန်သင်တန်းကို ဖြူဖြူတက်ခဲ့ပါတယ်။ နိုင်ငံတော်ထဲကို ဝင်လာတဲ့ခရီးသည်တွေကို ဖြူ ဖြူလမ်းညွှန်ဖို့ အခွင့်မသာသေးပါ ဘူး။ ဖြူဖြူဟာ ဘယ်သူ့တွေကိုများ ဘယ်လိုလမ်းညွှန်ပေးရပါ့လို့ တွေးမိပါတယ်။ ပြီးတော့ အလုပ်လုပ်ချင် စိတ်တွေပေါ်လာတယ်။ ဖေဖေ့ဆီကို ဖုန်းဆက်လိုက်တယ်။

ဖုန်းလိုင်းမမိတမိဖြစ်နေတော့ ဖေဖေ့အသံက နည်းနည်းတုန်နေတယ်။ ဒါမှမဟုတ် ဝမ်းသာလို့ တုန်နေ တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့  "ဟိုး...တောင်ပေါ်တက်ပြီး အင်တာနက်လိုင်းမိတဲ့နေရာကနေ သမီးဆီကို လင့်ခ်တစ်ခုပို့ပေးလိုက်မယ်"ဆိုတဲ့ အသံကတော့ ဂုဏ်ယူနေသလိုအသံကြီး။ နောက်ထပ်တစ်နာရီကျော်ကျော်လောက်ကြာတဲ့အခါမှာ ဖေဖေ့ဆီကနေ လင့်ခ်တစ်ခုရောက်လာတယ်။ ဖြူဖြူ ချက်ချင်းပဲဖွင့်ဖတ်မိပါတယ်။

"SEA Food from SLAVES"ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်ရယ် မြန်မာသတင်းထောက် အက်စ်စတာထုဆန် ရယ်ဟာ ဖြူဖြူ့ကို စိတ်ကူးသစ်တွေရွက်ဖွင့်စေခဲ့တယ်။ အင်ဒိုနီးရှားကျွန်းတွေပေါ်မှာရှိတဲ့ ရေလုပ်ငန်းဆိုင် ရာလုပ်ငန်းခွင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ၊ ကျွန်ပြုစေခိုင်းခံနေရတဲ့ ရေလုပ်သား တွေအကြောင်းကို စုံစမ်းဖော်ထုတ်ပြီးရေးသားထားတဲ့ မြန်မာသတင်းထောက်အမျိုးသမီးတယောက်ရဲ့ ပူလစ်ဇာဆုရဆောင်းပါးပါ။ သူ့ရဲ့ရေးသားမှုကြောင့် သူများနိုင်ငံမှာသောင်တင်နေတဲ့ ရေလုပ်သားတွေကို ကယ်တင်နိုင်ခဲ့ကြတယ်။

သတင်းထောက်လုပ်ငန်းဆိုတာ လူတွေကို အသိပညာပေးရုံ၊ သတင်းပေးရုံတင်မကပဲ လွတ်မြောက်မှုကိုပါ ပေးနိုင်တဲ့လုပ်ငန်းပါလားလို့ ဖြူဖြူ သိလိုက်ရပါတယ်။

ဖြူဖြူ မကြောက်တော့ပါ။ လှေကားထစ်တွေကိုရဲရဲနင်းပြီး ဖြူဖြူဆက်တက်ခဲ့တယ်။ အခုတော့ ဘာကိုမှ ဖြူဖြူမကြောက်တော့ပါဘူး။

အိမ့်ကြည်ဖြူ

ေ အာ င်ေ ဝး ● ချ စ် လို့ ေ ရ း တဲ့ က ဗ် ာ ( ၂ ၁ )

$
0
0

ေ အာ င္ ေ ဝ း ● ခ် စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၁ )
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၈

ပြည်သူ့နီတိ။

အမုန်း၏ အစကား ... သေခြင်း
အချစ်၏ အစကား ... နေခြင်း။

အမုန်းနဲ့စရင် စစ်ဖြစ်တယ်
အချစ်နဲ့စရင် ငြိမ်းချမ်းရေးဖြစ်တယ်။

အမုန်းနဲ့ စမလား
အချစ်နဲ့ စမလား။

အမုန်းက လမ်းပျောက်တဲ့မြိုင်
အချစ်က လှမ်းကိုင်မယ့်ပန်းတိုင်။

အမုန်းနဲ့ တွေးခေါ်ရင် စစ်
အချစ်နဲ့ တွေးခေါ်ရင် ငြိမ်းချမ်းရေး။

အမုန်းကို ကြွေးကြော်မလား
အချစ်ကို ကြွေးကြော်မလား။

အမုန်းက မှောင်တယ်
အချစ်က လင်းတယ်။

မှောင်သောလမ်းမှာ ငြိမ်းချမ်းရေးမရှိ
လင်းသောလမ်းမှာ စစ်မရှိ။

အမုန်းစဲရင် စစ်စဲမယ်
အချစ်စဲရင် ငြိမ်းချမ်းရေးစဲမယ်။

အမုန်းတွေ စဲစေ
အချစ်တွေ မစဲစေနဲ့။

အမုန်းတွေကို မုန်းပါ
အချစ်တွေကို ချစ်ပါ။

ဥပမာ- စစ်ကို မုန်းပါ
ဥပမာ- ငြိမ်းချမ်းရေးကို ချစ်ပါ။

စစ်ဟာ အမုန်း
ငြိမ်းချမ်းရေးဟာ အချစ်။

အမုန်းတွေကို မချစ်ပါနဲ့
အချစ်တွေကို မမုန်းပါနဲ့။

ဥပမာ- စစ်ကို မချစ်ပါနဲ့
ဥပမာ- ငြိမ်းချမ်းရေးကို မမုန်းပါနဲ့။

မုန်းလျှင် စစ်
ချစ်လျှင် ငြိမ်းချမ်းရေး။

မယ်တို့ မောင်တို့ - စစ်မဲ့ ငြိမ်းချမ်းဖို့
မောင်တို့ မယ်တို့ - အချစ်ဖွဲ့ စိမ်းလန်းစို့။

"စစ်ကို မလိုပါ
ငြိမ်းချမ်းရေးသာ ပေးကြပါ
စစ်ဆိုသည်မှာ အနုတ်လက္ခဏာ
ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာ" (မြတ်လေး)

ေ အ ာ င္ ေ ဝ း
ဒီဇင္ဘာ ၁၈၊ ၂၀၁၈။

ခရစ်စမတ်ပွဲပြင်ဆင်ချက်ပြုတ်သူတို့တိုက်ခံရမှု တရားခံ မမိသေး

$
0
0

ခရစ်စမတ်ပွဲပြင်ဆင်ချက်ပြုတ်သူတို့တိုက်ခံရမှု တရားခံ မမိသေး

ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသတစ်ခုတွင် ပွဲတော်အတွက် ပြင်ဆင်နေသူတချို့ တိုက်ခိုက်ခံရသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်ထားသည်

ထိုက်နန္ဒာဝင်း/Myanmar Now
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂ဝ၁၈


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ပေါ်လယ်ကျေးရွာတွင် ခရစ္စမတ်ပွဲတော်ကျင်းပရန် ချက်ပြုတ်နေသူတို့ တိုက်ခိုက်ခံရမှုတွင် ပြစ်မှုကျူးလွန်သည်ဟုယူဆရသူများကို ဖမ်းဆီးမိခြင်း မရှိသေးကြောင်း နယ်မြေရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၉ တွင် ပြောသည်။

ခဲဖြင့် အပစ်ခံရသောကြောင့် နေအိမ်ပျက်စီးသွားခဲ့သည့် ကာယကံရှင် ဦးဝါဒေါင်က ခဲနှင့် ပစ်ပေါက်သူ အယောက် ၃ဝ ခန့်ကို အရေးယူရန် လာရောက် အမှုဖွင့်ထားကြောင်း ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဝင်းထွဋ်က ပြောသည်။

“ဖော်ထုတ်နေတုန်းပါပဲ။ မှောင်တုန်းဖြစ်တာကြောင့် တိုင်သူကလည်း လုပ်သူတွေကို သေချာ မမှတ်မိတော့ ရှာနေတုန်းပဲ”ဟု ရဲတပ်ဖွဲ့မှူးက ပြောသည်။

အသက် အန္တရာယ် သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသော နာကျင်စေမှု ပုဒ်မ ၃၃၇၊ ပျက်စီးနစ်နာစေသော အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇ တို့ဖြင့် အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်သည်။

ယင်းပုဒ်မများသည် ပြစ်မှုထင်ရှားပါက ငွေဒဏ်မှ အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။
ထိုညက   ချက်ပြုတ်ပြင်ဆင်နေကြသူ ၂ဝ နီးပါး ရှိရာ ခဲထိမှန် ဒဏ်ရာရသူ ၆ ဦး ရှိပြီး နေအိမ်လည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  ၂ဝ၁၆၊ ၂ဝ၁၇  ခရစ္စမတ်ကာလအတွင်း အငြင်းပွားမှု တချို့ ပေါ်ပေါက်ခဲ့သော်လည်း ယခုကဲ့သို့ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းသည် ပထမဆုံးဖြစ်သည်ဟု ဂန့်ဂေါမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က Myanmar Now ကို ပြောသည်။

“အရင်တုန်းက နားလည်မှုလွဲ၊ အငြင်းပွားတာ ရှိခဲ့ဖူးတယ်။ အကျယ်ဖြစ်တာ၊ လက်ပါတာ မရှိဘူး။ ဒီလိုမဖြစ် သင့်ပါဘူး။ မင်းမဲ့တိုင်းပြည်မှ မဟုတ်တာ”  ဟု ၄င်းကဆိုသည်။

တိုက်ခိုက်မှုကြောင့် မီးဖိုဆောင်သုံးပစ္စည်းများ ပျက်စီးခဲ့ရကြောင်း Myanmar Now က ကြည့်ရှုခဲ့ရသည့် ရုပ်သံဖိုင်တစ်ခုတွင် ခဲဖြင့်ပစ်ခံခဲ့ရသည့် မိသားစုဝင် တစ်ဦးက ပြောဆိုထားသည်။


အခြားရုပ်သံတစ်ခုတွင် တိုက်ခိုက်ခံထားရမှုကို နေအိမ်အနှံ့အပြားတွင် တွေ့ရသည်။



ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – မာခီယာဘယ်လီ၏ အငွေ့အသက်

$
0
0


ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – မာခီယာဘယ်လီ၏ အငွေ့အသက်
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၁၉
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၈


Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသောHOW DEMOCRACIES DIE - The Unwritten Rules of American Politics အခန်းကို ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) က ဘာသာပြန်ခြင်း ဖြစ်သည်။
တရားရုံးကို နိုင်ငံရေးအရ စွက်ဖက်သော အလုပ်သည် အခြေခံဥပဒေကို မချိုးဖောက်ဘဲလုပ် နိုင်သော အမေရိကန်သမတများ၏ လုပ်ပိုင်ခွင့်ဖြစ်သော်လည်း၊ သို့သော် အမေရိကန်သမတများ သည် ထိုအလုပ်ကို မလုပ်ကြပါ။ သို့သော် ထိုအလုပ်ကိုထိုအချိန်က အမေရိကန်သမ္မတတစ်ဦးသည် လုပ်ခဲ့ဖူးပါသည်။ လုပ်ခဲ့သော ပုဂ္ဂိုလ်မှာ အလွန်လူကြိုက်များသော၊ မဲအများဆုံးဖြင့် အပြတ်အသတ် အနိုင်ရခဲ့သော သမ္မတရူးစဘယ် (Roosevelt) ဖြစ်သည်။ ဤအလုပ်ကို လုပ်ခဲ့သည့်အတွက် သူ၏ လူကြိုက်များမှုနှင့် အရာအားလုံးကို ထိခိုက်စေခဲ့ပါသည်။

ထိုကိစ္စကို သမ္မတရူးစဘယ့်ကို ထောက်ခံသော လွှတ်တော်အမတ် ဂျိုးဇက်မာဟိုနီ (Joseph O' Mahoney) ကပင် ဤသို့ကန့်ကွက်ပြောဆိုခဲ့သည်။ ဒီကိစ္စတစ်ခုလုံးဟာ မာခီယာဘယ်လီ (Machiavelli) ရဲ့အနံ့အသက်တွေပါနေတယ်။ အဲဒီအနံ့အသက်တွေဟာ ပုပ်စော်နံနေပါတယ်။ သူ၏အဆိုသည် နိုင်ငံရေးသိပ္ပံတွင် အလွန်ထင်ရှားခဲ့သော မာခီယာဘယ်လီအကြောင်းကို သိသောသူများသာလျှင် ကောင်းစွာနားလည်နိုင်မည်ဖြစ်၍ ထိုအကြောင်းကို ဘာသာပြန်သူအနေဖြင့် ဖြည့်စွက်၍ရေးသားချင်ပါသည်။

ကမ္ဘာ့သမိုင်းတွင် ခုနှစ် ၅၀ဝ နှင့် ၁၄၀ဝ ကြားကို အမှောင်လွှမ်းသော ခေတ် (Dark Ages) ဟု အမည်တွင်သည်။ ၄င်းသည် ဤအတောအတွင်းတွင် ဥရောပတိုက်တွင် ပညာရပ်များသည် လုံးဝ ဆုတ်ယုတ်ခဲ့သည်။ ခုနှစ် ၁၄၀ဝ နောက်ပိုင်းတွင် ပြန်လည်မွေးဖွားသော ခေတ် (Renaissance) ဟုတွင်ခဲ့သည်။ ပြန်လည်မွေးဖွားသော ဒေါက်တွင် ပညာရပ်များပြန်လည်တိုးတတ်လာ၍၊ ထိုအချိန် တွင် ထွန်းကားခဲ့သော ပညာရှင်တစ်ဦးမှာ မာခီယာဘယ်လီ (၁၄၆၉-၁၅၂၇) (Machiavelli) ဖြစ်သည်။

မာခီယာဘယ်လီသည် ကမ္ဘာတွင် ပထမဦးဆုံးသော ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာရှင်ဟူ ၍ အများက အသိအမှတ်ပြုထားသူဖြစ်သည်။ သူ၏နိုင်ငံရေးကျမ်းကို ယခုတိုင်ပင်ညွှန်းနေရဆဲဖြစ် သည်။

မာစီယာဘယ်လီရေးသားသော နိုင်ငံရေးကျမ်းဖြစ်သော မင်းသား (The Prince) သည် ကောက်ကျစ်ခြင်း၊ စဉ်းလဲခြင်း၊ လိမ်ညာခြင်းတို့ကို အခြေခံသော နိုင်ငံရေးဗြူဟာများကို ဖော်ထုတ် ပြသရာတွင် အလွန်နာမည်ကြီးပါသည်။ မာခီယာဘယ်လီဖော်ထုတ်ခဲ့သော အဆိုမိန့်အချို့မှာ –

အစိုးရအဖွဲ့အစည်းသည် ကမ္ဘာတွင်အကြမ်းဖက်မှုကို တရားဝင်သုံးနိုင်ခွင့်ရှိသော တစ်ခုတည်း သော အဖွဲ့အစည်းဖြစ်သည်။ အုပ်ချုပ်သောသူကို ပြည်သူများက ချစ်ခြင်းထက် ကြောက်ရွံ့ခြင်းသည် လိုအပ်သော အရည် အချင်းဖြစ်၏။ အာဏာကို ထိရောက်စွာသုံးစွဲခြင်းသည် အများလက်ခံထားသော အကျင့်စာရိတ္တဆိုင် ရာစည်းမျဉ်းများကို အလေးမထားခြင်း/ချိုးဖေါက်ခြင်း ဖြစ်သည်။

မာခီယာဘယ်လီအကြောင်းကို ဤမျှလောက်သိထားလျှင် မာခီယာဘယ်လီနှင့် နှိုင်းယှဉ်ခံရ သောသူကို ဘယ်လိုသဘောထားသည် ဟူသည်ကို သိနိုင်ပါသည်။ ယခုဆောင်းပါးကို ဆက်ပါမည်။

သမ္မတရူးစဘယ်သည်သူ၏ အာဏာနှင့်လူကြိုက်များမှုတို့ကို အပြည့်အဝသုံးပြီး၊ တရားရုံး ချုပ်ကို နိုင်ငံရေးအရစွက်ဖတ်ခဲ့ပြီး၊ မအောင်မြင်သည်နောက်ပိုင်းတွင် အမေရိကန်သမ္မတမှ ဤအလုပ် မျိုးကို မလုပ်တော့ပါ။

အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေသည် သမ္မတကို အာဏာရှင်လုပ်၍ရအောင် အခွင့်အလမ်း များကို ပေးထားပါသည်။ ထိုအခွင့်အလမ်းများကိုသာ အပြည့်အဝသုံးလျှင်၊ အမေရိကန်နိုင်ငံသည် အာဏာရှင်နိုင်ငံဖြစ်သွားခြင်းသည် မူကြောင့်မဟုတ်၊ အတိအကျပြောရန် အခြေခံဥပဒေကြောင့် မဟုတ်၊ လူကြောင့်ဖြစ်သည်ဟု ကောက်ချက်ချရလိမ့်မည်။ သမ္မတဘက်က ထိန်းသိမ်းရသကဲ့သို့ လွှတ်တော်ဘက်ကလည်း ထိန်းသိမ်းသောအလုပ်များရှိပါသည်။

လွှတ်တော်ဘက်ကလည်း သည်းခံခြင်းကိုလည်ကောင်း၊ စိတ်ရှည်ခြင်းဖြင့် ထိန်းသိမ်းရခြင်းများရှိပါသည်။ ဤကဲ့သို့ ထိန်းသိမ်းခြင်းသည် ရေးသားထားသော ဥပဒေများ ကြောင့် မဟုတ်ပါ။ လူပုဂ္ဂိုလ်များ၏ ထိန်းသိမ်းသောစိတ်ဓာတ်ဖြစ်ပါသည်။ ဥပမာ ပြောရလျှင်၊ နိုင်ငံရေးဆိုင်ရာသဘောထားကွဲလွဲမှုများသည် ပုဂ္ဂိုလ်ရေးခံစားချက်များကို လွှမ်းမိုးမှု၊ အကျိုးသက် ရောက်မှု မရှိစေရဟူသော (ရေးသားမထားသည့်) စည်းမျဉ်းကို ထိန်းသိမ်းခြင်းလို့ မြင်ကြည့်ပါ။

ဤကိစ္စကို အလွန်ခက်ခဲသော အလုပ်ဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် မက်သယူး (Matthews) က ပြောသည်မှာ တော်တော်ရှင်းပါသည်။ ရှင်းလွန်း၍ နားဝင်ရတာတောင်တော်တော် ခက်ပါသည်။ သူကဆိုသည်မှာ - "လူတစ်ယောက်ကို ညာနေမှန်းသိလျှက်နဲ့ညာနေတယ်လို့ မပြောဘဲ နေရတာဟာ သိပ်တော့မလွယ်ပါဘူး။"

လွှတ်တော်အမတ်များအနေဖြင့် ယဉ်ကျေးမှုရှိခြင်းသည် သူတို့၏အောင်မြင်မှုအတွက် အရေး ပါသည်ဟု မြင်ကြသည်။ အများ၏အမြင်မှာ ရန်သူတွေကြားမှာ မိတ်ဆွေတွေဆိုတဲ့ အမြင်မျိုးဖြစ် အောင် နေထိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုဟန်ဆောင်ရင်းနဲ့လည်း တကယ်လုပ်ဖော်ကိုင်ဘက်၊ မိတ်ဆွေတွေ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံရေးဟူသည် ဤကဲ့သို့ဖြစ်သည်ဟုသာ မှတ်ရ ပါမည်။ သာမန်လူများ (စာရေးသူအပါအဝင်) အနေနဲ့တော့ နားမလည်လှပါ။

လွှတ်တော်အမတ်များသည် သူတို့၏ရှိသမျှလုပ်ပိုင်ခွင့်နှင့် အာဏာတို့ကို အပြည့်အဝမသုံး ခြင်းသည်၊ နောင်အခါတွင် ပူပေါင်းဆောင်ရွက်ခြင်းကိုလည်း မထိခိုက်စေပါ။ မက်သယူးသည် သူ၏လေ့လာချက်များကို အဆုံးသတ်လိုက်သည်။ "လွှတ်တော်မတ်တစ်ဦးဟာ၊ သူ၏တရားဝင်လုပ် ပိုင်ခွင့်အာဏာကို အပြည့်အဝသုံးခဲ့လျှင်၊ သူသည်ရေးသားမထားသော နားလည်မှု၊ သဘောတူညီချက် ကို ချိုးဖောက်ရာရောက်ပါသည်။ ထိုအခါ အခြားအမတ်တွေဆီက ပူပေါင်းဆောင်ရွက်ခြင်းကို မရရှိ ဘဲ၊ တန်ပြန်တွန်းလှန်ခြင်းကို သင်ရရှိပါလိမ့်မည်။"ဤနေရာတွင် မက်သယူးကဆိုသည်မှာ – "တစ်ဦးနှင့် တစ်ဦး မိတ်ဆွေဖြစ်တာနဲ့မဆိုင်ပါဘူး။ မင်း ဒီလိုမလုပ်ရင် ငါလည်း ဒီလိုမလုပ်ဘူး ..."ဆိုတဲ့ သဘောထားဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရေးတွင် အခြေခံဥပဒေအားဖြင့် ၁၉၁၇ မတိုင်မီနှင့် ထိုကာလအပြီးတွင် ပြောင်းလဲမှုတစ်ခုရှိခဲ့ပါသည်။ ၁၉၁၇ ခုနှစ်မတိုင်မီက ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်မပေးနိုင်အောင်၊ လွှတ်တော်တွင် မပြီးပြတ်အောင် ဆွေးနွေးနေသောနည်းဖြင့်၊ မည်သူမဆို တားဆီးထားသောနိုင်ပါသည်။ (filibuster) သို့သော် ဤကဲ့သို့ မလုပ်နိုင်အောင် ၁၉၁၇ နောက်ပိုင်းတွင် အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါ သည်။ နောက်ပိုင်းတွင် ပြင်လိုက်သော စည်းမျဉ်းအရ၊ အနည်းဆုံး သုံးပုံနှစ်ပုံ (ယခု ငါးပုံသုံးပုံ) အရေအတွက်ရှိသော အမတ်များက၊ ဆွေးနွေးမှုတစ်ခုကို ရပ်တန့်ရန် မဲပေးဆုံးဖြတ်နိုင်သည်။

လွှတ်တော်တွင်လုပ်ခွင့်ရှိသော အရာတစ်ခုမှာ တရားရုံးချုပ်နှင့်အခြားအရေးပါသော နေရာ များတွင် သမ္မတ၏ခန့်အပ်သော လုပ်ရပ်များအပေါ် "အကြံပေးခြင်းနှင့် သဘောတူညီခြင်း"ဟုခေါ် သည်။ ယင်းပြဌာန်းချက်အရ၊ သမ္မတ၏ ခန့်အပ်ခြင်းအလုပ်များကို လွှတ်တော်မှအတည်ပြုရန်နှင့် သဘောတူရန်လိုအပ်ပါသည်။ ယင်းပြဌာန်းချက်များကိုသာ အပြည့်အဝသုံးမည်ဆိုလျှင်၊ သမ္မတက ခန့်အပ်သော ကိစ္စများကို လုံးဝဆက်မလုပ်နိုင်အောင် လွှတ်တော်ကပိတ်ထားနိုင်သည်။ သမ္မတဘက် ကလည်း အာဏာရှင်ကဲ့သို့ ပြုကျင့်နိုင်သော လုပ်ပိုင်ခွင့်အာဏာများ အပြည့်ရှိပါသည်။ အကယ်၍များအားလုံးက သူတို့၏ လုပ်ပိုင်ခွင့်အာဏာများကို အပြည့်အဝသုံးမည်ဆိုလျှင် ဘာဖြစ်မည်ကို မသိပါ။ ဤကဲ့သို့မသိခြင်းသည်လည်း အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီသည် တည်တံ့နေခြင်း၏ အကြောင်းဖြစ်ပါသည်။

ထပ်မံ၍ပြောရလျှင်၊ အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီမပျက်စီးသေးခြင်းမှာ မူလကြောင့် မဟုတ်၊ လူကြောင့်ဖြစ်ပါသည်။

ဤဆောင်းပါးကို အနှစ်ပြန်၍ချုပ်ရသော် –

ကမ္ဘာတွင် မာခီယာဘယ်လီ (၁၄၆၉ – ၁၅၂၇) သည် ကမ္ဘာတွင် ပထမဦးဆုံး သော ခေတ်သစ်နိုင်ငံရေး သိပ္ပံပညာရှင်ဟု အသိမှတ်ပြုခံရသူဖြစ်ပါသည်။

အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေသည် သမ္မတကို အာဏာရှင်လုပ်နိုင်အောင် အခွင့်အလမ်း များအပြည့်ပေးထားပါသည်။ သမ္မတများသည် ဤလုပ်ပိုင်ခွင့်အာဏာများကို အပြည့်အဝမသုံးသော ကြောင့် ဒီမိုကရေစီမပျက်စီးသေးခြင်းဖြစ်ပါသည်။

လွှတ်တော်အမတ်ကလည်း သမ္မတ၏အချို့သောလုပ်ရပ်များကို ပိတ်ပင်ထားနိုင်သော အခွင့် အလမ်းများ ရှိပါသည်။ ၄င်းတို့ကို မသုံးသောကြောင့်သာ၊ ဒီမိုကရေစီမပျက်စီးခြင်းဖြစ်ပါသည်။

အချုပ်ဆိုရသော လူသည် မူထက် အရေးပါသည်ဟုသာ ဆိုရပါမည်။

ဤဆောင်းပါး၏ ခေါင်းစဉ်ကို "မာခီယာဘယ်လီ၏အငွေ့အသက်"ဟူ၍ပေးထားသော်လည်း၊ အစပိုင်းတွေသာ မာစီယာဘယ်လီ၏ အကြောင်းပါဝင်ပါသည်။ ကျန်အကြောင်းအရာများ မှာ သမ္မတနှင့် လွှတ်တော်တို့၏ နိုင်ငံရေးကိစ္စများဖြစ်ကြပါသည်။

ကမ်လူဝေး - အိတ်​ကိုင်

$
0
0
အိတ်​ကိုင်
ကမ်လူဝေး
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၈
ကျွီ     ဝုန်း    ဂျိ​မ်း
လမ်းမ​ပေါ်မှကျယ်​​လောင်​​သောအသံ​ကြောင့်​ လူများဝိုင်းအုံလာကြသည်​။ လမ်းမ​ပေါ်တွင်​ ကုန်​တင်​ကား တစီးနှင့်​ဆိုင်​ကယ်​တစီးတို့ ​ခေါင်းခြင်းဆိုင်​တိုက်​ထားကြသည်​။ အရှိန်​နှင့်​ ယာဉ်​​ကျောအမှန်​အတိုင်း​မောင်း လာ​သော ကုန်​တင်​ကားက ယာဉ်​​ကျော​ပြောင်းပြန်​ ​မောင်းဝင်​လာ​သောဆိုင်​ကယ်​ကိုတိုက်​မိခြင်းဖြစ်​သည်​။ ဆိုင်​ကယ်​​ပေါ်တွင်​ပါလာ​သောလူငယ်​​လေးမှာ ဆိုင်​ကယ်​​ပေါ်မှလွင့်​စင်​ထွက်​သွားပြီး လမ်းမ​ပေါ်တွင်​ငြိမ်​သက်​​သေဆုံးလျက်​ရှိသည်​။ ထူးခြားချက်​မှာ ​သေဆုံးသွားသည်​အထိ လူငယ်​​လေးသည်​ သူ၏လက်​ထဲတွင်​အိတ်​တလုံးကို ကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ကိုင်​ထားသည်​။

x          x              x           

မျိုးကိုသည်​ ငယ်​စဉ်​ကတည်းက အ​ဖေမရှိ​တော့ အ​မေနှင့်​သာကြီးပြင်းလာခဲ့ရသူဖြစ်​သည်​။ သူ၏အ​ဖေမှာ သူငယ်​ငယ်​ နှစ်​နှစ်​သုံးနှစ်​သားအရွယ်​ကတည်းက ​သေခဲ့ပြီဖြစ်​သည်​။  ရပ်​ကွက်​ထဲတွင်​စကားများရန်​ဖြစ်​ကြရင်း ဓားနှင့်​ထိုးခံရ​သော​ကြောင့်​ သူ့အ​ဖေ​သေခဲ့ခြင်းဖြစ်​သည်​။
အ​မေ၏အလိုလိုက်​ခြင်းကိုခံခဲ့ရ​သော​ကြောင့်​ စာလည်း​ကောင်း​ကောင်းမသင်​ ၈ တန်းနှင့်​​ကျောင်းထွက်​ပြီး ​ ပေါ့​ပေါ့​နေ​ ​ပေါ့​ပေါ့စားဘဝဖြင့်​  ရပ်​ကွက်​ထဲကလူများ လက်​တိုလက်​​တောင်းခိုင်းသမျှလုပ်​ရင်း အသက်​ရှင်​​ နေသူဖြစ်​သည်​။

ကံထမ်းလာတာမမြင်​ရဟူ​သောစကားလိုမျိုးကိုတ​ယောက်​ကံဇာတာတက်​လာသည်​။ သူနင့်​​ဆွေမျိုးမကင်း​သောအကိုတ​ယောက်​ ​ဆေးတက္ကသိုလ်​မှဘွဲ့ရပြီး သူတို့ မြို့က​လေးကြို ပန်​လာ၍​ဆေး ခန်းဖွင့်​သည်​။ ထိုအခါ ​ဆေးခန်းတွင်​ လက်​တိုလက်​​တောင်းခိုင်းရန်​ မျိုးကိုကို​ ခေါ်ထားသည်​။ ဆရာဝန်​ရှား ပါးဆေးခန်းရှားပါး​သော သူ တို့မြို့က​လေးတွင်​ အရှင်​​မွေး​နေ့ခြင်းကြီးဆိုသလို မျိုးကိုတယာက်​မျက်​နှာပွင့်​ လူရာဝင်​လာသည်​။

ဆေးခန်းတွင်​​တောက်​တိုမယ်​ရ သူ့ဆရာကိုကူရပြီး သူ့ဆရာ အိမ်​ပင့်​လူနာကြည့်​သွားပါက သူ့ဆရာ၏​ဆေး အိတ်​ကိုကိုင်​၍​နောက်​ကလိုက်​ရသည်​။ ထို​ဆေးအိတ်​ကို ကိုင်​ရသည့်​အချိန်​မှစ၍ မျိုးကိုတယောက် ပြောင်း လဲလာပါ​တော့သည်​။

မျိုးကို၏​နေပုံထိုင်​ပုံ ဝတ်​ပုံစားပုံ တို့အလုံးစုံ​ပြောင်းလဲသွားသည်​။ သူ့ဆရာစွန့်​ကြဲထား​သော စတိုင်​​ဘောင်း ဘီကို မချွတ်​တမ်းဝတ်​တတ်​လာသည်​။ လမ်း​လျှောက်​​သောအခါတွင်​ ​ခေါင်းကို​မော့ ရင်​ဘတ်​ကို​ကော့ ၍ ​ခြေဖ​နောင့်​ သံစူးသလို ​မြောက်​ကြွကြွ ဆတ်​​တောက်​​တောက်​ ​လျှောက်​တတ်​လာသည်​။

သူ့ငယ်​သူငယ်​ချင်း မိတ်​​ဆွေများ လက်​ဖက်​ရည်​ဆိုင်​ထိုင်​ဖို့​ခေါ်​သောအခါများတွင်​  "ငါက မင်းတို့​တွေလို အားယား​နေတာ မဟုတ်​ဘူးကွ။ အလုပ်​ရှိတယ်​။ မင်းတို့​တွေလဲ အ​လေလိုက်​မ​နေကြနဲ့ အလုပ်​​လေး ဘာ​ လေးလုပ်​ကြဦး။ ​နောက်​ကြုံတုန်းတခါတည်း​ပြောထားရဦးမယ်​။ ငါ့ဆီက ​အ​ကြွေး​တောင်းသလို အကူအညီ လာမ​တောင်းကြနဲ့။ ငါက အ​ကြွေး​တောင်းမည့်​​ကောင်​​တွေကို​ဝေး​ဝေးက​ရှောင်​တယ်​ "စသဖြင့်​​ပြောဆိုပြီး ငြင်းတတ်​လာသည်​။

သူ့မိတ်​​ဆွေ​ဟောင်းများနှင့်​သာ လက်​ဘက်​ရည်​ဆိုင်​ထိုင်​ရန်​ငြင်းတတ်​​သော်​လည်း သူယခင်​က ကြည့်​မရ​ သောသူ့ကိုလည်းအဖက်​မလုပ်​ခဲ့​သော ရပ်​ကွက်​ထဲမှ ငွေ​ကြေးချမ်းသာ​သောသူများနှင့်​မူ ​နေ့စဉ်​အတူထိုင်​၍ လက်​ဖက်​ရည်​​သောက်​တတ်​လာသည်​။ ကိုမျိုးကို ကိုမျိုးကိုဟု​ခေါ်​သော ပိုက်​ဆံချမ်းသာသူများ၏အသံများ ကြားတွင်​သာယာ​နေပြီဖြစ်​သည်​။ ပိုက်​ဆံချမ်းသာသူများ​သောက်​​သောလက်​ဖက်​ရည်​ကပင်​လျှင်​ ပို၍​ကောင်းသလို အဆင့်​ရှိသလို ထင်​မြင်​​ကျေနပ်​​နေပြီဖြစ်​ပါသည်​။

မျိုးကိုသည်​ သူ၏လုပ်​ပိုင်​ခွင့်​ကို အခွင့်​အ​ရေးတရပ်​အဖြစ်​​ကောင်းစွာအသုံးချတတ်​သူဖြစ်​သည်​။ သူ့ကို​ပေး​ကျွေးထားသူများ​ဆေးခန်းသို့လာပြလျှင်​ တန်းစီ​စောင့်​​နေ ကြသူများကို​ကျော်​၍ဆရာဝန်​စမ်းသပ်​ခန်းထဲသို့​ကျော်​ထည့်​တတ်​သည်​။ တန်းစီ​စောင့်​​နေသူများက မ​ကျေနပ်​၍ ​ပြောလျှင်​လည်း သူကပင်​တပြန်​ အပြစ်​တင်​စကား ကိုမျက်​နှာ​ပြောင်​တိုက်​၍​ပြောတတ်​သည်​။

"ဒါက​ဆေးကု​နေတာဗျ။ လူနာအ​ရေးကြီးရင်​ကြီးသလိုဦးစား​ပေးရမှာ။ ခင်​ဗျားက အ​အေးမိ​ချောင်းဆိုးတာပဲ သူကရင်​တုန်​တယ်​လို့​ပြော​နေတာ ဒါအ​ရေးကြီးလို့ အရင်​ပြ​ပေးတာ။ ဘာလဲသူကကျုပ်​ကို​ကျွေး​မွေးထားလို့ကြားဖြတ်​ထည့်​​ပေးတယ်​ထင်​တာလား "စသဖြင့်​ ရန်​​တွေ့တတ်​သည်​။

ဆေးခန်းရှားပါး​သောမြို့က​လေးတွင်​ သူ​ပြောသမျှကိုပြန်​မ​ပြောသာသ​ရွေ့အားလုံးက ​ခေါင်းငုံ့ခံကြရသည်​။ လည်​ဝယ်​သူ​တွေက​တော့ သူ့ကိုအတင်းပေါင်း သင်း ​ကျွေး​မွေးထား​တော့သည်​။ ထိုသို့ ​ပေါင်းသင်း​ကျွေး​မွေးထားသူ အ​အေးမိ​ချောင်းဆိုး၍​ဆေးခန်းသွားပြလျှင်​လည်း သူကဦးစား​ပေးကြားဖြတ်​ဝင်​ခွင့်​ရသူ။ ထိုသို့​သောအ​ခြေအ​နေတွင်​ မျိုးကို၏စကားက တမျိုးပြောင်းသွားပြန်​သည်​။

"အ​အေးမိ​ချောင်းဆိုးတယ်​ဆိုတာက ကူးစက်​​ရောဂါပဲ။ ဒီမှာကြာကြာ​နေရင်​ကျန်​တဲ့သူ​တွေ ကူးကုန်​မှာစိုးရ တယ်​။ ​ချောင်းဆိုးတယ်​ဆိုတာက အသက်​ရှူပါကြပ်​​နေ တာအန္တရာယ်​ရှိတယ်​။ ဒါ​ကြောင့်​အရင်​ပြ​ပေးတာ။ သူ​ကျွေးတာစားထားလို့လုပ်​တယ်​ထင်​မ​နေနဲ့ "

ငြိမ်​မခံနိုင်​သူက "ငါလည်းအ​အေးမိပြီး​ချောင်းဆိုးလို့လာပြတာပဲကွာ။ ငါက​တော့အ​ရေးမကြီးဘူးလား"

"ခင်​ဗျားကဘယ်​​လောက်​နားလည်​လို့လဲ။ ကျုပ်​​လောက်​နားလည်​လို့ရှိရင်​ ကျုပ်​​နေရာမှာ လာလုပ်​လိုက်​ပါလား။ ကျုပ်​​လောက်​နားလည်​​အောင်​အရင်​လုပ်​လိုက်​ဦး။ ​ဆေးကုခံမယ်​ဆိုပါးစပ်​ပိတ်​ပြီး ငြိမ်​ငြိမ်ထိုင်စောင့်​ နေ"စသဖြင့်​ အနိုင်​ယူတတ်​သည်​။

ဤသို့ဖြင့်​ ငယ်​သူငယ်​ချင်းအရင်း​ခေါက်​​ခေါက်​များ အားလုံး တစတစ မျိုးကို​ဘေးမှ ဖယ်​ခွာသွားကြသည်​။ မျိုးကိုက​တော့ သူ့ထံမှအခွင့်​အ​ရေးကို​မျှော်​ကိုး၍ ပေး​ကျွေး​ပေါင်းသင်းသူများကြားတွင်​ မိုးမမြင်​​လေမမြင်​​ ကျေနပ်​​ပျော်​ရွှင်​လို့​နေသည်​။

မျိုးကို၏ဆရာက ​ဆေးခန်းတွင်​သုံးရန်​ ဆိုင်​ကယ်​တစီးဝယ်​​ပေးထားသည်​။ ထိုဆိုင်​ကယ်​​ပေါ် တက်​ခွရတိုင်း မျိုးကိုတ​ယောက်​ ကြွားကြွားဝင့်​ဝင့်​။ ထိုဆိုင်​ကယ်​ဖြင့်​ မီးပွိုင့်​တွင်​မီးနီဖြတ်​​မောင်းသည်​။ မဝင်​ရ​သောလမ်း ကိုဝင်​သည်​။ လမ်း​ပြောင်းပြန်​ ယာဉ်​​ကျော​ပြောင်းပြန်​​မောင်းသည်​။ အားလုံးကမ​ပြောသာသ​ရွေ့ ​ဘေးမဲ့လွှတ်​ထားကြသည်​။ ထိုအခါ မျိုးကိုတ​ယောက်​ မိုးမမြင်​​လေမမြင်​ ထင်​သလို​မောင်း​တော့သည်​။

x          x              x      
     
ဒီ​နေ့ အိမ်​ပင့်​လူနာကြည့်​သွား​သောအခါ မျိုးကိုသူ့ဆရာနှင့်​အတူပါသည်​။ လူနာကို​ဆေးကု​ပေးပြီး​သောအခါ လူနာရှင်​က ဆရာဝန်​ကိုသူ့အိမ်​မှကားနှင့်​လိုက်​ပို့​ပေးမည်​ဟု​ပြောသည်​။ ထို့​ကြောင့်​ ​ဆေးအိတ်​ကိုယူ၍ မျိုး ကိုတ​ယောက်​တည်း ဆိုင်​ကယ်​နှင့်​​ဆေးခန်းသို့ပြန်​ရန်​ ထွက်​လာခဲ့သည်​။ ထုံးစံအတိုင်း ​ဆေးအိတ်​ကို ​ပေါင်​ကြားတွင်​ညှပ်​ပြီး လက်​တဖက်​ဖြင့်​ထိမ်းကိုင်​ရင်း ဆိုင်​ကယ်​ကို​မောင်းထွက်​လာခဲ့သည်​။ 
ဆေးခန်းနားသို့​ ရောက်​​သောအခါ လုပ်​​နေကျအတိုင်း လမ်းမကြီး​ပေါ်တွင်​ ယာဉ်​​ကျောကို​ပြောင်းပန်​​မောင်း၍ ​ဆေးခန်းဖက်​သို့ဦးတည်​လိုက်​သည်​။ လှမ်းကြည့်​လိုက်​​သောအခါ ခပ်​လှမ်းလှမ်းမှ ကုန်​ကားတစီး​ မောင်းလာ​နေသည်​။ သူ့ဆိုင်​ကယ်​ကိုမြင်​လျှင်​ ခါတိုင်းလို ကားကအရှိန်​​လျော့၍ ရပ်​​စောင့်​လိမ့်​မည်​ဟု​တွေးသည်​။ ​ဆေးအိတ်​ကိုပြုတ်​မကျ​အောင်​ထိမ်းကိုင်​ရင်းဆိုင်​ကယ်​ကိုဆက်​​မောင်းလာခဲ့သည်​။ အရှိန်​ဖြင့်​​မောင်းလာ​သောကားစက်​သံ ကျယ်​​လောင်​​သောဟွန်းသံ ဘရိတ်​ညှစ်​သံတို့ကိုကြားလိုက်​ပြီး ဒုံးခနဲ ကျယ်​​လောင်​​သောအသံနှင့်​အတူ မျိုးကို၏ ခန္ဓာ ကိုယ်​သည်​ ဆိုင်​ကယ်​မှလွှင့်​စင်​ ထွက်​သွား​လေသည်​။

မျိုးကို၏ခန္ဓာကိုယ်​သည်​ အရှိန်​ပြင်းစွာ ကားလမ်းမနှင့်​ရိုက်​မိ​လေသည်​။ မျိုးကိုသည်​ တချက်​နှစ်​ချက်​မျှတွန့် လိမ်​ပြီး ငြိမ်​သက်​သွား​လေသည်​။ မျိုးကိုသည်​ ​နောက်​ဆုံးထွက်​သက်​အထိ သူ့ကိုအခွင့်​အာဏာဖြစ်​တည် စေသော​ ဆေးအိတ်​ကို ကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ကိုင်​ရင်း အသက်​ထွက်​သွား​လေသည်​။   ။

ကမ်​လူ​ဝေး

ဝင်းနန္ဒာ/Myanmar Now - လက်ထဲရောက်လာနိုင်သော တစ်သောင်းတန် အတု

$
0
0
လက်ထဲရောက်လာနိုင်သော တစ်သောင်းတန် အတု
တစ်သောင်းတန်ငွေစက္ကူအတုပြဿနာသည် မြန်မာပြည်သားများကိုသာမက ပြည်ပဧည့်သည်တို့ပါ ဒုက္ခပေးနေသည်

ဝင်းနန္ဒာ/Myanmar Now
(မိုးမခ) ဒီဇင်ဘာ ၂ဝ၊ ၂ဝ၁၈



(ဓာတ်ပုံများ - Myanmar Now)

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ နော်သောသွဲ့မှူးသည် စင်ကာပူတွင် လစာနည်း အိမ်အကူအဖြစ် လုပ်ကိုင်ပြီး ဇာတိမြေသို့ ဒီဇင်ဘာလဆန်းတွင် ပြန်ရောက်လာခြင်းမှာ ခရစ်စမတ် ကာလတွင် မိသားစု စုံစုံညီညီ ထမင်းစားပြီး ဆုတောင်းပွဲ ပြုလုပ်နိုင်ရေးအတွက် ဖြစ်သည်။

အလုပ်ရှင်ကလည်း သူ့လုပ်ခငွေများကို စင်ကာပူရှိ ငွေလဲကောင်တာတွင် မြန်မာငွေဖြင့် လဲလှယ်ပြီး ထည့်ပေးလိုက်သည်။ သို့သော်လည်း စိတ်ကူးထားကြသည့်အတိုင်း ခရစ်စမတ်နေ့တွင် သူတို့မိသားစု စုံစုံလင်လင် ပျော်ရွှင်စွာ နေထိုင်ကြရေး အစီအစဉ်ကို ထိခိုက်စေနိုင်သည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။

ယင်းမှာ စင်ကာပူမှ ယူလာသော ကျပ်တစ်သောင်းတန်တချို့မှာ အတုဖြစ်နေသောကြောင့် နယ်မြေရဲတပ်ဖွဲ့က သူ့ကို ထိန်းသိမ်းလိုက်သည်ဟူသော ဖြစ်ရပ်ပင်။ မိသားစုအတွက်မူ ၂၅ နှစ်အရွယ် နော်သောသွဲ့မှူးသည် မိဘနှစ်ပါး၊ ညီမနှစ်ယောက်တို့ကို ရှာဖွေကျွေးမွေးသူဖြစ်သည်ဟု သူ၏မိခင် ဒေါ်သီသီခိုင်က ပြောသည်။

“တစ်အိမ်လုံးက သူ့လုပ်စာနဲ့ပဲ စားနေကြတာ။ ဒီတစ်ခေါက်ပြန်လာတာ နောက်ဆုံးပဲ တဲ့။ သူပြန်မသွားချင်တော့ဘူး တဲ့။ ရလာတဲ့ပိုက်ဆံလေးနဲ့ သားအမိတွေ ကုန်စုံဆိုင်လေး ဖွင့်မယ် စိတ်ကူးထားတာ” ဟု ၄၅ နှစ်အရွယ် ဒေါ်သီသီခိုင်က တိမ်ဝင်နေသောအသံကို ထိန်းကာ ပြောပြသည်။

သမီးဖြစ်သူ အရေးယူခံရခြင်းကြောင့် ဒီဇင်ဘာလကို စောင့်ဆိုင်းနေကြသော မိသားစု တုန်လှုပ်သွားသည်။

ဤဖြစ်ရပ်မတိုင်မီ ရက်ပိုင်းအလိုကလည်း ရန်ကုန်တွင် နိုင်ငံခြားသားတချို့ တစ်သောင်းတန်အတု ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရပြီး ဖြစ်ရာ ဤသတင်း ကြားသိရသူ အများအပြား အနည်းနှင့်အများ တုန်လှုပ်သွားကြသည်။

နိုင်ငံအနှံ့အပြား ချက်လက်မှတ်၊ ဘဏ်ကတ် အသုံးပြုမှု နည်းပါးပြီး ငွေသားအသုံးပြုမှု တွင်ကျယ်နေသည့် အခြေအနေတွင် လူအများအပြားသည် အတုအစစ် အလွယ်တကူ ခွဲခြားရန် ခက်ခဲသော တစ်သောင်းတန် ငွေစက္ကူနှင့် မကင်းနိုင်ကြသောကြောင့် ဂယက်ရိုက်ခတ်နေခြင်း ဖြစ်လေသည်။



တစ်သောင်းတန်ငွေစက္ကူတချို့ကြောင့် နော်သောသွဲ့မှူး ဒိုက်ဦးမြို့ ရဲစခန်းတွင် အထိန်းသိမ်းခံနေရစဉ် မိခင် ဒေါ်သီသီခိုင်သည် နေအိမ်တွင် သောကရောက်နေသည် (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)
ငွေတုဖြင့် ဈေးဝယ်ထွက်မိခြင်း

စတုတ္တတန်းအထိသာ တက်ရောက်ခဲ့ဖူးသည့် နော်သောသွဲ့မှူးသည် ညီမနှစ်ယောက်၏ ကျောင်းစရိတ်ကို နှစ်စဉ် ရှာဖွေထောက်ပံ့နေသူ ဖြစ်သည်။

စင်ကာပူမှပြန်ရောက်လာသည့် သူ့ကို ကြည့်ပြီး ဒေါ်သီသီခိုင် မကြာခဏ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ စင်ကာပူတွင် အိမ်အကူလုပ်ခြင်းဖြင့် တစ်လလျှင် ကျပ် လေးသိန်းမှ ငါးသိန်းအထိ ရနိုင်သော်လည်း သမီးဖြစ်သူသည် စင်ကာပူတွင် အိမ်ထောင်စုနှစ်စု၏ ဝေယျာဝစ္စကို ပင်ပန်းကြီးစွာ လုပ်ရသူဖြစ်သည်ဟု ဒေါ်သီသီခိုင်က ပြောသည်။

ရဲစခန်းအချုပ်တွင် ရောက်ရှိနေသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သော ပါးဖောင်းဖောင်း၊ မျက်နှာချိုချို သမီးဖြစ်သူက မိခင်ကို ပြန်လည် အားပေးသည့်အနေအထား ဖြစ်နေသည်။

“အချုပ်ထဲမှာ အဝေးကြီးကနေ လှမ်းပြောရတယ်။ သူကတော့ အမေကို ပြုံးပြနေတာပဲ။ နာရေးကူညီမှု အသင်းကလည်း ထမင်း လာပို့တယ်။ သူအဆင်ပြေပါတယ် တဲ့၊ မျက်ရည်ဝဲဝဲနဲ့ပဲ ပြုံးပြီးပြောတယ်။ မျက်ရည်ဝဲနေတော့ ရင်ထဲ ဆို့သွားတာပေါ့။ ဟိုဒီကြည့်ပြီးမှ သူ့ကိုပြန်ပြောရတယ်” ဟု ၄င်းက ပြောသည်။

ဖခင်မှာလည်း သမီးစိတ်ဖြင့် အစားအသောက်မမှန်တော့ဘဲ “မိုးမလင်းသေးဘူး၊ ထထငိုတယ်” ဟု ဒေါ်သီသီခိုင် မျက်ရည်ဝဲကာ ပြောပြသည်။

ဒီဇင်ဘာ ၂ တွင် စင်ကာပူမှ ပြန်ရောက်ပြီးနောက် ဒိုက်ဦးမြို့ပေါ်တွင် ဈေးဝယ်သည်။ သစ်ဆန်းထွန်း ကုန်စုံဆိုင်တွင် ဆန်သုံးအိတ်၊ ဖွဲနှစ်အိတ်ဝယ်ယူခဲ့သည်။ ဒီဇင်ဘာ ၄ တွင် Hello ဖုန်းဆိုင်သို့ ရောက်သောအခါ သူပေးချေမည့် ငွေမှာ အတုဖြစ်နေကြောင်း ဖုန်းဆိုင်က ပြောပြသဖြင့် ၎င်းတို့သားအမိသည် ဗျာများသွားပြီး ကျေးရွာလူကြီးများထံ အကူအညီ တောင်းခံခဲ့သည်။ ရွာလူကြီးတို့က သူတို့ကို ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နှင့် ချိတ်ဆက်ပေးလိုက်သည်။

အဖွဲ့ချုပ်မှ လက်ထောက်ဌာနမှူး ကိုဟိန်းလတ်က ထိုငွေစက္ကူများကို ဘဏ်သို့ ယူသွားပြီး စစ်ဆေးရန်၊ ငွေအတုဖြစ်မှန်း သေချာပါက ရဲစခန်းသို့သွားရောက်အပ်နှံရန် အကြံပေးခဲ့ကြောင်း ပြောသည်။

ဒီဇင်ဘာ ၆ နံနက်ပိုင်းတွင် ဘဏ်သို့ သွားကြစဉ် ဆန်ရောင်းခဲ့ဖူးသည့် သစ်ဆန်းထွန်းကုန်စုံဆိုင်က ၎င်းတို့ သားအမိကို ခေတ္တ ခေါ်ထားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားခဲ့သည်ဟု ဒေါ်သီသီခိုင် ပြောသည်။ ထို့နောက် ၎င်းတို့ သားအမိကို ထိုရုံးက ခေါ်ဆောင်ကာ ငွေစက္ကူများ ဖြန့်ပြီး ဓာတ်ပုံ ရိုက်ကြကြောင်း၊ နေအိမ်သို့ ပြန်စေကာ အိမ်တွင်ပင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ဒေါ်သီသီခိုင်က အာဏာပိုင်တို့အနေဖြင့် ငယ်သည့်အမှုကို ပပျောက်အောင် လုပ်သင့်သည်ဟု ဆိုသည်။

“သူတို့(ရဲစခန်း)ကို ပြောပစ်လိုက်ချင်တာပေါ့။ လုံးဝမှ မတရားဘူး။ ကျွန်မ သမီး ပြန်မလွတ်ဘူး၊ ကျပြီ ဆိုလို့ကတော့ ဘယ်ကို လိုက်ရ လိုက်ရ၊ အထက်ထိတိုင် ဆိုလည်း တိုင်မှာ။ ကိုယ့်လက်ထဲလည်း ငွေလည်း မရှိတော့ဘူး။ သူပြန်လွတ်ရင်ကျေနပ်ပါပြီ” ဟု ၎င်းက မချိတင်ကဲ ဆိုသည်။


တစ်သောင်းတန်ငွေစက္ကူတချို့ကြောင့် အထိန်းသိမ်းခံနေရသော နော်သောသွဲ့မှူး၏ ဓာတ်ပုံကို ဒိုက်ဦးမြို့နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)

အာမခံ ရရှိရေး
ဒိုက်ဦးမြို့ ငွေတု အဖမ်းအဆီး သတင်းကို အာဏာပိုင်တို့ ထုတ်ပြန်ရာတွင် အဓိက အချက်တချို့ မပါဝင်ကြောင်း၊ ငွေအတု ဟုတ်မဟုတ် စစ်ဆေးရန် ဘဏ်သို့ သွားရောက် အကူအညီတောင်းစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟူသော အချက်ကို အများပြည်သူ သိစေလိုကြောင်း အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ကိုဟိန်းလတ်က ပြောသည်။ နော်သောသွဲ့ထူး လွတ်မြောက်ရေးအတွက် ဆောင်ရွက်ရာတွင် စင်ကာပူ အလုပ်ရှင်ဟောင်း၏ အကူအညီကိုလည်း ရယူကြမည်ဟု သူက ဆက်ပြောသည်။

“အလုပ်ရှင်အနေနဲ့ စင်ကာပူဆိုင်ရာ မြန်မာသံရုံးမှာ ဒီငွေတွေကို သူတို့ကိုယ်တိုင် ငွေလဲကောင်တာကနေ သွားလဲပေးတယ်ဆိုတာ သွားရောက်ထွက်ဆိုပေးဖို့ စာပို့ထားတယ်။ အခုထိတော့ အကြောင်း မပြန်သေးဘူး” ဟု ကိုဟိန်းလတ်က ပြောသည်။

လတ်တလောတွင်မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့က မိသားစုကို ကျပ် ဆယ်သိန်း လှူဒါန်းထားကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရ၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပွယ်စေးကလည်း နော်သောသွဲ့ထူး အာမခံ ရရှိရန် ကြားဝင် ကူညီနေပြီး မိသားစုထံ သွားရောက် တွေ့ဆုံ အားပေးခဲ့သည်။ အချုပ်ခန်းသို့လည်း သွားရောက် တွေ့ဆုံခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

အာမခံ ရမည်ဟု အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေအကြံပေးက မျှော်လင့်နေသည်။



အထူးဥပဒေတွင် အာမခံပေးခွင့်မရှိသောအမှုဟု သတ်မှတ် မထားကြောင်းလည်း သူက ထောက်ပြသည်။

ဤအမှု မတိုင်မီ ရက်ပိုင်းအလိုက တစ်သောင်းတန်အတု ကိုင်ဆောင်မှုဖြင့် အထိန်းသိမ်းခံရသည့် နိုင်ငံခြားသား သုံးဦး ရှိရာ ၎င်းတို့ထဲမှ တစ်သောင်းတန်အတု ၄၅ ရွက်ဖြင့် ဖမ်းဆီးရမိသည်ဟူသော စင်ကာပူနိုင်ငံသား ဇနီးမောင်နှံကို တရားရုံးက အာမခံဖြင့် ပြန်လွှတ်ပေးပြီးဖြစ်သည်။

တစ်သောင်းတန်အတု ၄၁ ရွက်ဖြင့် ဖမ်းမိသည်ဟူသော ထိုင်းအမျိုးသမီး၏ အမှုအခြေအနေအကြောင်း မသိရသေးပေ။

ရခိုင်ဒေသ ပဋိပက္ခကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားဧည့်သည် လာရောက်ရေး အဟန့်အတား ဖြစ်နေရာ အစိုးရက ပြည်ပခရီးသွားများ အထူးသဖြင့် အာရှခရီးသွားများ ပိုမို ဝင်ရောက်လာရန် စီစဉ်နေချိန်ဖြစ်သည်။ ဤအခြေအနေတွင် အစိုးရ၏ စာနယ်ဇင်းများနှင့် သတင်းထုတ်ပြန်ရေးဌာနများက နိုင်ငံခြားသားတချို့ကို ထိုသို့ အရေးယူလိုက်ခြင်းနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

၎င်းတို့သည် ငွေအတုမှန်းသိလျက်နှင့် လက်ဝယ်ထားရှိ သုံးစွဲခြင်း ဟူသော ဗဟိုဘဏ်ဥပဒေပုဒ်မ ၁ဝ၅ နှင့် တရားစွဲခံနေရခြင်း ဖြစ်သည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ငွေဒဏ် သို့မဟုတ် ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်သည်။

သို့သော်လည်း ထိုနိုင်ငံခြားသားတို့နှင့် မတူသော အခြေအနေတစ်ခု နော်သောသွဲ့မှူးထံတွင် ရှိနေသည်။

၎င်းသည် ငွေအတုကို ပြည်ပမှ ပြည်တွင်းသို့ သယ်ဆောင်လာမှု ပုဒ်မ ၁ဝ၆ ဖြင့်လည်း အရေးယူခံနေရသည်။ ထိုပုဒ်မသည် ထောင်ဒဏ် ၁ဝ နှစ်မှ နှစ်၂ဝ အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ယခင်က မိတ္တူကူးစက်ဖြင့် ထုတ်လုပ်သည့် ငွေစက္ကူတုပမှုကို အများအပြား ဖမ်းဆီးရမိခဲ့သည်ဟု ဝင်းမြင့် (ဗဟိုဘဏ်) ကလောင်အမည်ဖြင့် ရေးသားသည့် ဆောင်းပါးတစ်ပုဒ်ကို ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

“ယခုတွေ့ရှိရတာတွေကတော့ တစ်ဦးချင်းစီက စုပြီး တွေ့ပြီးတော့ ပြည်ပက ဝင်လာတာတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပုံစံနဲ့ တုပထားတယ် ဆိုတာကတော့ မထုတ်ပြန်သေးပါဘူး။ ပြည်ပ တာဝန်ရှိအဖွဲ့ အစည်းတွေကလည်း ဆက်စပ် ကွင်းဆက်တွေကို စစ်ဆေး နေတာဖြစ်တဲ့အတွက် ရင်းမြစ်ကို ဖော်ထုတ် အရေးယူနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။



တစ်သောင်းတန်ငွေစက္ကူတချို့ကြောင့် နော်သောသွဲ့မှူး ဒိုက်ဦးမြို့ ရဲစခန်းတွင် အထိန်းသိမ်းခံနေရစဉ် နေအိမ်ရှိ မိဘနှစ်ပါးမှာလည်း သောကရောက်နေကြသည် (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)
၂ဝ၁၂ နှစ်လယ်ပိုင်းတွင် စတင် ထုတ်ဝေသော ကျပ်တစ်သောင်းတန် ငွေစက္ကူကို အတုပြုလုပ်သုံးစွဲမှု သတင်းများ မကြာခဏ ထွက်ပေါ်ခဲ့သည်။

တစ်သောင်းတန် အတုများမှာ ထိုင်း၊ တရုတ် နယ်စပ်ဒေသများမှ အလုံးအရင်း ဝင်ရောက်လာသည်များ ရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်မှုများလည်း ရှိသည်ဟု အာဏာပိုင်တို့ကို ကိုးကားပြီး စာနယ်ဇင်းများတွင် ရေးသားနေကြသည်။

မိမိကိုင်ဆောင်သည့် ငွေသားထဲတွင် တစ်သောင်းတန်ငွေအတု အနည်းငယ် ပါဝင်နေသည့် ဖြစ်ရပ်မျိုးက အနယ်နယ် အရပ်ရပ်တွင် မကြာခဏ ပေါ်ပေါက်နေသည်။ ဒိုက်ဦးမြို့ ရဲဌာန အချုပ်ခန်းတွင်မူ နော်သောသွဲ့မှူးသည် ငွေအတု ကိုင်ဆောင်မှု၊ ပြည်ပမှ သယ်ဆောင်မှုတို့ဖြင့် အမှု ရုတ်တရက် ရင်ဆိုင်နေရပြီး အာမခံရရှိရန် မျှော်လင့်နေသည်။

ဒိုက်ဦး၊ စစ်ဗိုလ်ကြီးကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးလှဝင်းက ကျေးရွာတွင် အနေအေး၊ ရိုးသားသည့် ကရင်အမျိုးသမီးငယ် နော်သောသွဲ့ထူး ပြန်လည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသူတစ်ဦး ဖြစ်သည်။

“တအားနစ်နာနေပြီ။ ကိုယ့်နိုင်ငံ ဆင်းရဲလို့ သူများနိုင်ငံမှာ ကျွန်သွားခံရပြီး ငွေတုတွေပဲ ပြန်ရလာတာ ဆိုတာမျိုး စိတ်ထဲ ဝင်မသွားစေချင်ဘူး။ ဦးတို့ တောသူတောင်သားက ငွေတုလား၊ ငွေစစ်လား မသိဘူးလေ။ နိုင်ငံဆင်းရဲနေတဲ့အတွက် ကိုယ့်နိုင်ငံသားတွေက နာပြီးရင်း နာရင်းနဲ့ မိအေးသုံးခါနာဖြစ်နေတယ်” ဟု ဦးလှဝင်းက ပြောလိုက်သည်။

ကာတွန်း နေညိုအေး- ပြည်သူကိုကိုယ်စားပြုသမား

$
0
0
ပြည်သူကိုကိုယ်စားပြုသမား
ကာတွန်းနေညိုအေး
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၈


မင်းငြိမ်းအေး - မီးလင်းဖို

$
0
0
KT#
မီးလင်းဖို
မင်းငြိမ်းအေး
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၈

မိသားစုအငွေ့အသက်လေးက
မီးထဲမှာ
ပူပူနွေးနွေးနဲ့ပြာစများ
အဖေ့အသားကင်အနံ့က
လူတစ်ယောက်ဆိုတာ
သေချာပါတယ်
အမေကမီးထပ်ထည့်ပြီး
သူလည်းပြာအဖြစ်ကူးပြောင်းသွားပါတယ်
ဒီမီးလင်းဖိုရှေ့မှာ
ငါတို့အဖေနဲ့အမေကိုသတိရကြောင်း
မောင်နှမတွေပြောဖြစ်ကြတယ်
တစ်ယောက်တစ်နေရာဆီကပေါ့ ။ ။

Viewing all 9633 articles
Browse latest View live