Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဇော်လူစိမ်း ● ကာလပေါ်ဝတ္ထု

$
0
0
ဇော်လူစိမ်း ● ကာလပေါ်ဝတ္ထု
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂ဝ၁၉

မိုးမခ ၂ဝ၁၈ သြဂုတ်လထုတ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်သည်။

အပူချိန်တအားပြင်းတယ်။ လူတွေဟာ လျှောက်သွားရင်းနဲ့ တငွေ့ငွေ့လောင်နေတယ်။ လောင်ကျွမ်းမှုတွေက ကြည့်လို့ ကောင်းသား။ အနီ အဝါ အပြာ စသဖြင့် တငွေ့ငွေ့ တလျှံလျှံ။ စကားပြောရင်းနဲ့ ရေဓာတ် ခန်းခြောက်လာတယ်။ ကားတွေက လမ်းမတွေပေါ်မှာအပြည့် လှုပ်မရ ပြုမရ ကျပ်ခဲကြီး အငွေ့ပျံနေတယ်။ ကိုယ့်စိတ်ကိုကိုယ် ရစ်လုံးကကြိုးလို လျှော့လိုက် ပြန်ရစ်လိုက် ပြတ်ထွက်သွားမှာလည်း စိုးရတယ်။ ငါတို့ခေါင်းတွေထဲမှာ ယင်ကောင်တွေတလောင်းလောင်းပဲ အော်မြည်နေ တာ။ အကျဉ်းကျနေတဲ့ စိတ်က မောင်းမထုတ်နိုင်ဘူး။ သံခြေကျင်းတွေကို ငုံ့ငုံ့ကြည့်နေရတာ မအားဘူး။ ဒီတော့ ဦး နှောက်ကို ဝိုင်းတွတ်ကြမယ်။ မရှိတော့တဲ့ မီးရထားဟိုတယ်ရှေ့နားမှာ အရင်လိုမြို့ကို သွေးပေါင်တိုင်းထားသေးလား  မော့ ကြည့်မိရင်းနဲ့ ကိုယ်တိုင် ဦးနှောက်သွေးကြော ထောင်းခနဲပြတ်သွားမယ်။ အရုပ်ကြိုးပြတ်။ ရှေ့တည့်တည့်ကြည့်။ နေထွက် ရာအရပ်ကို ခဏမေ့ထား။ ခင်ဗျားနောက်ကျောမှာ စိတ်ချောက်ချားနေတဲ့ အောက်ခြေသန်းတဝက်လောက်ရှိတယ်။ ခင်ဗျား ရှေ့မှာ ဘဝင်မြင့်နေတဲ့ အပေါ်ထပ် အဆောက်အအုံကြီးတွေ ရှိတယ်။ ဖြတ်သွားဖြတ်လာတွေရဲ့ အပြုံးအရယ်ထဲ ငါတို့ အားကျမိတာ သမိုင်းထဲပါသွားပြီ။ မနေ့က  ‘မအ’ အောင်လို့အဆိုအငိုလှခဲ့တဲ့ ချစ်သောသူများ  ဒီနေ့ ‘အ’ နေတဲ့ အထက်တန်း စားများအဖြစ် ပန်းဆိုးတန်းဘက် ဖမ်းကွေ့လိုက်တယ်။  ရုတ်တရက် ကတ္တရာလမ်းနဲ့ ကားဘီးပွတ်သံက ဖြိုလက်စ တိုက်အိုကြီးရဲ့နံရံမှာ အစင်းကြောင်းထင်သွားတယ်။ ဖြတ်သွားဖြတ်လာတွေက ခြေဦးတည့်ရာ လှမ်းကျိန်ဆဲလိုက်တယ် “အရိမေတ္တယျဘုရား အဖူးရစေ”။  တက္ကစီသမားက မှန်အလုံပိတ်ပြီး ပြောနေတယ်။ ဒါပေမယ့် ခင်ဗျားပြောနေတဲ့စကားပဲ တမြို့လုံးပြောနေကြတာပဲ ခင်ဗျားကျမှ။ ဟုတ်ပါတယ် ကူးစက်လွယ်ပါတယ်။ လူကိုလောင်စေတာကတော့ ပေါ့ဆတာပဲ။ ခင်ဗျားရဲ့ အေသင်မြို့ထဲက/ ပထမဆုံးပုဂံမြို့ကြီးပြကြီးထဲက မုတ်ဆိတ်တွေကျင်စွယ်တွေ ဘယ်သူရိတ်သွားတာလဲ။ ကမ္ဘာ ကြီးမှာ လူနှစ်မျိုးတည်းရှိတယ်မဟုတ်လား။ စူပါမင်းနဲ့ စပိုက်ဒါမင်းတွေကတော့ ဘယ်တော့မှ သမ္မတဖြစ်လာမှာ မဟုတ်ဘူး လေ စိတ်ချ။   မျက်နှာပြောင်စပ်စပ်နဲ့ အသည်းကွဲရတာ ဘေးလူတယောက်အတွက် အရသာ မရှိလှ ဘူး ဆိုပါ တော့။    တယောက်တလေတွေကပဲ လောင်ကျွမ်းရတာကို သဘောမတူတဲ့ အတွေးအခေါ်မျိုးရှိနေလေတော့ အစုလိုက် အပြုံလိုက် တွေခေတ်စားလာတယ်။ မာရ်နတ်ရဲ့စင်္ကြာတွေ ဘယ်အင်ပါယာမှာ နန်းစိုက်ခဲ့တာပဲဖြစ်ဖြစ် ပေါ့ပ်ယဉ်ကျေးမှုမှာ ရက်လည် နေကြပြီ။ အေဒီ၂ဝ၁၈ မှာလည်း ဝင်းမော်ဦးလေး အမျှမျှော်နေတုန်းပဲလား။ လက်ကိုင်တုတ်တွေကိုလည်း ရှိသမျှ အမျှတွေ ဝေပေးလိုက်ရင် ကောင်းမလား ...၊ ခုနက ဘရိတ်အုပ်လိုက်တာ တိုက်နံရံမှာ အစင်းကြောင်းထင်ပြီးမှ ခုတော့မိပြီ။ ရပ်သွာ ပြီ။ တုတ်ကိုင်လက်ကလည်း လျှောက်သွားရင်းနဲ့ တငွေ့ငွေ့လောင်နေတာပါ။ ငါတို့ကိုယ်၌က ပလပ်ကျွတ်နေသလို လွတ်နေ သလိုမျိုးပေါ့။ နာဇီတယောက်နဲ့ နှစ်ပေလောက်အကွာမှာ ကျွိကနဲထိုးရပ်သွားတာကိုက ငါတို့ကံကောင်းပါတယ် ၊ ကမ္ဘာကြီး ကံကောင်းပါတယ်။ ရန်ကုန်မှာပြုတ်ကျရင် ပြန်တက်ဖို့မလွယ်တော့ဘူး။ ဟိုနှစ်တုန်းက နေပြည်တော်ရုံမှာ လေတိုက်လို့ ပင့်ကူလူသားခမျာ တွဲလောင်းနဲ့ ဆိုင်းဘုတ်ကြီးပြုတ်ကျနေတာ၊  စပိုက်ဒါမင်းတယောက် အခု ရန်ကုန်တော အုပ်မှာ တာဇံလိုလစ်နေပြီ၊ အမေးဇင်း။ ဘေးဘယာ ဝေးကွာပါစေ။ အာမင်။

● ဗစ်တိုး ရီးယားရဲ့လျှို့ဝှက်ချက်

မိုးရွာထားပြီးပေမယ့် ညဟာအေးလှတယ်မဟုတ်ဘဲ အပူငွေ့ပြန်သလိုလို၊ တနေ့ခင်းလုံးပူထားခဲ့တာကြောင့်လား။ ညဥ့်နက် နေပြီ၊ အိမ်မီးတွေကပျက်နေပြီး လမ်းမီးတွေကပဲလင်းနေလေတော့ ညကပိုနက်သယောင်။ လမ်းသွယ်လေး ကတော့ ရေအစိုဓာတ်လေးကဲလို့ ဟိုတကွက် ဒီတကွက် ပြောင်လက်။ ဒီဘက်ဝရန်တာလေး ကနေ တခြားဝရန်တာတွေဆီ၊ ဟိုဟိုဒီဒီအကြောင်းမဲ့ငေးကြည့်ရတာကလည်း ဒီလိုညနဲ့ အတော်လိုက်ဖက် သားလို့။ မိုးရေစိုတိစိုစွတ်ကြောင့်လားမသိ လမ်းပေါ်မှာ ခွေး တွေလှဲနေတာတောင် မတွေ့ရဘူး။ ဆိုက်ကားတစီးဖြတ်သွားတော့ ပါလာတဲ့ခရီးသည်လူကြီးတယောက် ဖုန်းနဲ့စကား အကျယ်ကြီးပြောသွားတာ အဆဲ အဆိုတွေ့နဲ့။ ဘာသာစကားမှာ အဆဲအဆိုတွေသာမရှိရင် အတော်လေး ခြောက်ကပ်နေမှာ လားလို့ တွေးမိတာ။ ကားပုလေးတစီးက တွန့်ဆုတ်တွန့် ဆုတ်တွန့် နဲ့လမ်းထဲဝင်လာတုန်း မှောင်ရိပ်ထဲက ကောင်လေး တယောက် ထွက်လာတာ ဘာတိုက်ဆိုင် ပတ်သတ်မှုမှမရှိဘူး။ လမ်းထဲမှာ ညအိပ်ထိုးထားပြီဖြစ်တဲ့ ကားတွေကပြည့်နေ လေတော့ လွတ်တဲ့နေရာကို ကြွက်အစာရှာနေသလို ကားလေးက ရှာနေတာကလား။ ဒါပေမယ့် အိပ်ချင်နေတဲ့ ကလေး တယောက်လိုမျိုးပဲ မြန်မြန်သူ့အိပ်ရာကိုရောက်ချင်နေတဲ့ပုံ ကားလေးနေရာလွတ်လေးကိုရှာနေတာ။ ကားမီးတန်းရဲ့ခပ်လှမ်းလှမ်းမှာ မှောင်ရိပ်ထဲကထွက်သွားတဲ့ကောင်လေး ဆေးလိပ်မီးကို ရဲခနဲ လမ်းမပေါ် ပစ်ပေါက်သွား တော့ ခံတွင်းချဉ်တဲ့စိတ်က လျှာဖျားဆီရောက်လို့။ မလွတ်တလွတ်နေရာလေးမှာ ကားလေး ဖင်စောင်းထိုးထည့်နေတာ စိတ်မရှည်ချင်စရာ။ ကားရပ်ထားပြီးမှ ကားပေါ်ကတဦးတယောက်မျှ ဆင်းမလာသေး။ ကျောပိုးအိပ်လေးတွေလွယ်လျက်သား အတွဲတတွဲ တရွေ့ရွေ့ ဖြတ်လျှောက်လာတာက ကြိုးနဲ့ပူချည်ထားသလိုမျိုးပဲ။ ခြေသံကလွဲလို့ သူတို့ဆီမှ ဘာသံမှမကြားရ။ ပတ်ဝန်း ကျင်ကိုမေ့လျော့ထား ရင်းက အနမ်းချင်းကျစ်ကျစ်ချည်ထားသလိုမျိုး ရပ်လိုက် လျှောက်လိုက် တရွေ့ရွေ့။ ညကို လျို့ဝှတ်ချက် တို့ဖြင့်ဖန်တီး ထားပါက မှောင်နေသော ပြတင်း ပေါက်များရဲ့နောက်ကွယ်၊ အေးစက်စက်ဝရန်တာလက်ရန်း များရဲ့အတွင်းဘက်၊ လှမ်းမြင်နေရသော အလင်းမရှိတရှိအိမ်ခန်းများ၊ ယိုင်နဲ့နဲ့အမှောင်မှီတင်းနေထိုင်သော နံရံထောင့်ချိုး များ၊ ရက်စက်သောအလင်းများအောက်က ကိုယ်ယောင်ဖျောက်ထားသော အမှောင်များ၊ အလုံးစုံသော ညကာလ အခင်း အကျင်းများဖြင့် အေးစက်သောလျှို့ဝှက်မှုများ။ ညကြီးထဲ အမှောင်ရဲ့အနံ့အရသာတို့ ငြိမ်သက်နေ ကြတုန်း ရုတ်ချည်းဝေ့ဝဲ တိုက်ခတ်လာသော တဖက်စောင်းနင်းလေပြင်းလေးကြောင့် ဝရန်တာများ ပြတင်းပေါက်များမှာ လှိုင်းပုတ်ခံလိုက်ရသလိုပင်။ လေးပြင်းလေးအရှိန်ကြောင့် စိုတိစိုစွတ် လမ်းလေးထဲမှာ အမှောင်လှိုင်းကြီး တလိပ်လိပ်ဖြတ်နင်း သွားသလိုလို၊ အလင်း တွေခါသွားကြ၊ အသံတွေတုန်ယင်သွားကြ။ လမ်းမပေါ်ကန့်လန့်ဖြတ် တန်းထားတဲ့ ဓာတ်ကြိုးတန်းတွေးယိမ်းထိုးလို့။ ဒီအခြေ အနေမှာ မီးတိုင်နဲ့ မလှမ်းမကမ်းကကားဖြူလေးရဲ့အမိုးပေါ် ပဝါတထည်လို ပြုတ်ကျလာတဲ့ ပန်းနုရောင် အဝတ် တစ။ ဘယ်နေရာကပြုတ်ကျလာသလဲလို့ တွေးနိုင်မယ် မထင်ဘူး။ ကားအမိုးပေါ်မှာလုံးထွေး နေတဲ့အဝတ်က နောက်ထပ် လေအရှိန်ရှိနေတာနဲ့ ထပ်ရွေ့ပြီး အမိုးစွန်းနားမှာ ပြန့်ကားလို့။ အောက်ခံ ဘောင်းဘီလေး။
ညအလင်းရောင်အောက်မှာ ထင်ရှားတဲ့ ပန်းနုရောင် အတွင်းခံသန့်သန့်လေး၊ ကားဖြူလေးပေါ်မှာ
အထီးကျန်စွာ။ နောက်ထပ်များ လေတချက် ဖြတ်ရိုက် သွားရင်ဖြင့် စိုစွတ်နေတဲ့ လမ်းအောက် ကျလွင့်လို့ မသတီစရာအမှောင်နဲ့ရောထွေးပြီး ညစ်ပေသွားရမယ့်ဖြစ်ခြင်း။ နောက်ထပ် ရင်မဆိုင်ချင်သော ရင်မဆိုင်သင့် သော အခြေအနေများအတွက် ရှောင်လွှဲရန် လူတိုင်းလူတိုင်း အတွက် အခွင့်အရေးတကိုက်စာ ရှိထားပြီးသား။ ဒါကြောင့် ဒီအခြေအနေကို ဒီနေရာမှာပင် မရပ်တန့်ခင် သနားစရာဘောင်းဘီလေးကို နှုတ်ဆက်လိုက်ပါ၊ နောက်ထပ်လေမတိုက်ခင် ဒီအရေးအသားကို ဒီမှာ ရပ်စဲလိုက်ပါတယ်။

● ဘုရားအဆူဆူပွင့်ပြီးနောက်ပိုင်း စနေမနက်ကြီးထဲ

အသံသဲ့သဲ့တွေကြားနေရပြီးတော့ အိပ်ပျော်ရာကနေ ကိုယ် တဖြည်းဖြည်းချင်းနိုးလာတယ်။ အိပ်ပျော်နေခဲ့တယ်ဆိုတာ ကတော့ ကိုယ့်အထင်ပဲလေ။ ကိုယ်အိပ်တော့ နောက်ဆုံးမှတ်မိတဲ့အချိန်က ည ၁၂နာရီကျော်ပြီ။ ကိုယ့်အမျိုးသမီးက ANNABELLE ရုပ်ရှင်ကို အသံတိုးပြီး ခုတင်ပေါ်ကနေ ကြည့်နေတုန်းအချိန်၊ အသံတိုးထားရတော့ ကြောက်စရာ လည်းကောင်းမယ်မဟုတ်တော့ဘူး။ သူက အိပ်ရင်အမှောင်ကြိုက်တယ်၊ မီးပလပ်ခုံပေါ်က လင်းနေတဲ့ မီးနီသေးသေးလေးကအစ ပိတ်မှရတယ်။ မှိန်နေတဲ့မီးပွင့်သေးသေးလေးဟာ အမှောင်ထဲမှာ ကြာလာရင် အသက်ရှင်သလို ကြီးထွားကျယ်ပြန်လာတာပဲလို့တော့ ကိုယ်လည်းယူဆထားပါတယ်။ ခုတော့ အခန်းအမှောင်ထူထူထဲမှာ အပြင်က ရိုက်ခတ်တဲ့ အလင်းတငွေ့ငွေ့လေး။ ခပ်လှမ်းလှမ်းအပေါ်ဘက်ငါးလွှာ အိမ်ခန်းဆီက ပရိတ်တရားခွေဖွင့်ထားသံ ခပ်တိုးတိုးလည်းကြားနေရပြီဆိုတော့ ဝေလီဝေလင်းခါနီးပေါ့။ ဒါပေမယ့်လို့ ကိုယ်တို့ ပုံမှန်နိုးချိန်မဟုတ်တာ သေချာတယ်။ ကိုယ့်အမျိုးသမီးကတော့ ရုပ်ရှင်ကြည့်ပြီး မောပမ်းထားသလိုလို ငါးတကောင်လို ဖျတ်ခနဲတချက်တွန့်ပြီး အိပ်မောကျနေတုန်းပဲ။ ကိုယ် တကယ်နိုးလာရတာက ဘာမှန်းမသဲကွဲတဲ့ အသံတွေကြောင့်ပါ။ နိုးတဝက်ဖြစ်နေတဲ့ အချိန်ကနေ လုံးဝနိုးလာပြီးတဲ့အထိလည်း ကြားနေရတယ်။ ကိုယ့်ဘေးနားက နံရံကိုစမ်းလိုက်မိသေးတယ်၊ အသံကနံရံတွေထဲကလာတာလား။ မဟုတ်သေးဘူး၊ ခပ်ဝေးဝေးက လှိုဏ်သံပါတဲ့အသံအမျိုးအစား။ အရည်ပြားပေါ် ပုရွက်ဆိတ်မှုံမှုံကလေးတွေတက်လာသလိုမျိုး အကောင်အထည်သိပ်ရှိလှတာမဟုတ်ပေမယ့် ရွစိစိခံစားမှုကတော့ ကြီးမားလို့ လည်ပင်းနဲ့ရင်ဘတ်တွေကိုတောင် လိုက်ပွတ်သပ်နေမိတယ်။  တိုက်ရိုက်အပြင်လာတဲ့အသံနဲ့ ကိုယ်ကြားနေ ရတဲ့အသံဟာ ခွဲခြားသိနေပေမယ့်လို့ သိပ်ပြီးကွဲပြားနေတာမျိုးတော့လည်း မဟုတ်ဘူး။ ဒီလိုပြောလို့ ကိုယ်ကြားနေ ရတဲ့အသံဟာ အပြင်ကလာတာမဟုတ်ဘူးလို့ မဆိုလိုပါ၊ ဒီအသံတွေဟာ အပြင်ကချည်းလာတာပဲ။ အမှောင်ထဲရပ်နေရင်းနဲ့ လှိုင်းနိမ့်လွန်းတဲ့အသံတချို့လည်း နားထဲမြည်သွားတယ်။ ဘယ်လိုလဲဆိုတော့ ကင်မရာဖလက်ရှ်မီး ပွင့်တာမျိုး၊ သုံးလွှာက ကျောက်ကပ်ဆေးနေရတဲ့ဘွားတော်ဆီ ဆေးရုံကား လာလာခေါ်တော့ ကားဟာအရေးပေါ်အသံ အော်မလာဘူး၊ ဒါပေမယ့်လို့ မီးလုံးကတဖျပ်ဖျပ်လင်းနေတော့ အဲ့ဒီအသံ ကြားနေရတာမျိုးပဲ။

ရှေးသီချင်းကြီးတွေ ညည်းနေတဲ့အသံမျိုးလား၊ လိင်ရမ္မက်ကြောင့်လား၊ အနာတရကြောင့်လား ကြိတ်ငိုညည်းသံလိုလို။ အိမ်ရှေ့လမ်းလေးပေါ်က တချက်ချက် ကားတစီးတလေဟွန်းသံနဲ့ဖြတ်သွား ရောထွေး။ လာနေတဲ့နေရာက ရေချိုးခန်းဘက်ကလိုလို မှန်းဆလိုက်မိတယ်။ အာခေါင်ခြောက်ကပ်လာလို့ ရေတခွက်ငှဲ့သောက်လိုက်တယ်။ ပြီးတော့ ကိုယ်မှန်းဆလိုက်တဲ့အတိုင်း ရေချိုးခန်းဘက် တဖြည်းဖြည်းကပ်သွား၊ မီးခလုတ်စမ်းမိရင်း အတွင်းမီးဖွင့်လိုက်ပြီး အသက်မျှင်းမျှင်းရှူလို့ ခဏစောင့်နေလိုက်တယ်။ ခပ်ဝေးဝေး အလှမ်းမမီတဲ့ဆီက အသံမျိုးစုံတွေ ရောထွေးနေတဲ့ တသဲ့သဲ့ အထဲကကြားနေရတာ။ ဒါနဲ့ ရေချိုးခန်းတံခါး ဖွင့်လိုက်တော့လည်း အထဲမှာ လင်းရှင်းလို့။ ဘီယာပုလင်းခွံ လေးငါးလုံးထောင့်ကပ်ထားတဲ့နေရာက ပိုးဟပ်တကောင်တိုးသွားတာ တွေ့လိုက်တယ်။ ဆီးသွားချင်တာနဲ့ ကမုတ်ပေါ်ထိုင်ရင်း ဆက်နားစွင့်ထားလိုက်တော့ အသံလဲ့လဲ့လေးတွေက တရိပ်ရိပ်၊ ခန့်မှန်းကြည့်တော့ ခက်နေပြီ၊ နေရာပေါင်းစုံက လာနေတာဆိုတော့။ ဘယ်လိုပါလိမ့်၊ စောစောစီးစီး ဆေးလိပ်သောက်ချင်လာသလို ခံတွင်းချဉ်လာ တာကြီး၊ အရေးထဲ။  တကယ်နားစိုက်ကြည့်တော့ မိလ္လာခွက်ထဲမှာလည်း အစုလိုက်အော်သံတွေလိုမျိုးရှိနေပြန်တယ်။ ဒါနဲ့ ရေဆွဲချလိုက်တယ်။ ရေကျသံဆူညံသွားတာနဲ့ ခဏလောက် သက်သာရာရသွားတယ်ပေါ့။ ကိုယ့်နားကနံရံဟာ အလင်း ထဲမှာ လှိုင်းလေးတွေ တရိပ်ရိပ်ပြေးနေသလို မြင်နေရ၊ လက်နဲ့အသာစမ်းကြည့်မိတော့ ထူးဆန်းတဲ့ထိတွေ့မှု။ အသံရဲ့ အရင်းအမြစ်တွေက အဖက်ဘက်ကဖြစ်နေလေတော့ နံရံပေါ်ကလက်ကိုပြန်ရုတ်လိုက်တယ်။ ဒါပေမယ့်လို့ တုန်ခါမှု တခုခုဟာ လက်ဖျံလက်မောင်းတလျှောက် စီးဆင်းနေသလိုမျိုးပဲ။ လက်ဆေးဇလုံဘက်ထလာပြီး ရေခေါင်းဖွင့်၊ လက်ဆေး။ သွားတိုက်ဖို့ပါပြင်ရင်း မှန်ကြည့်မိတော့ ဘာမှမပေါ်ဘူး။ ဟုတ်ပါတယ်၊ မှန်ရှိတယ်၊ မှန်အသားပဲ၊ ရေနဲ့ပက်ပြီးသုတ်လိုက်လည်း မထူးခြားဘူး။ ကိုယ်အောက်ငုံကြည့်တော့ ကိုယ့်အရိပ်လည်းရှိပါတယ်၊ မှန်ဆီကသာ ဘာမှပြန်မမြင်ရတာ။ ချွေးစို့ချင်ချင်ဖြစ်လာတာနဲ့ သွားမြန်မြန်တိုက်ပြီး မျက်နှာသစ်ချလိုက်တယ်။ နောက် ရေပိုက်ခေါင်း ပိတ်လိုက်တော့မှ အသံတွေပိုကြားလာရတာ၊ ရေပိုက်ခေါင်းထဲက အနီးဆုံးပဲ။ ရေဒီယိုက လှိုင်းတွေညိနေတဲ့အသံမျိုးတွေ၊ ဘာသာစကားရယ်လို့မဟုတ်တဲ့အသံမျိုးတွေ။ မှန်ကို တချက်ပြန်ကြည့်လိုက်တော့ လှိုင်းတွန့်သွားသလိုနဲ့ ဘာမှပြန် မမြင်ရပြန်ဘူး။ ရေပိုက်ခေါင်းဝနားကပ်ပြီး နားစိုက်နေထောင်နေတုန်း အဝေးက သတ္တဝါအကောင်ကြီး တွေရဲ့အော်ဟစ်သံလိုလို ရယ်သံလိုလို၊ ပါးစပ်ဟလျက်ကြီးနဲ့ လူသေအလောင်းတွေဆီ အသံတွေထွက်နေသလိုလို။ ပိုက်ခေါင်းနဲ့ နားရွက်ကပ်လိုက်မိတော့ ကိုယ် ရုတ်တရက်လန့်ပြီး နောက်ဆုတ်လိုက်မိတယ်။ နားရွက်ကိုလာထိတဲ့ ရေပိုက်ခေါင်းဟာ ပျော့အိချွဲကျိသွားတဲ့ခံစားမှု၊ ပြီးတော့ နားရွက်ကို လျှာနဲ့လာသပ်သလိုမျိုး။ ပြန်ကြည့်လိုက်တော့ ပိုက်ခေါင်းဟာ ဖြူရော်ရော်မီးအလင်းအောက်မှာ နီကယ်ရောင်တလက်လက်နဲ့။ ပုလင်းချောင်ထဲက ထွက်လာတဲ့ပိုးဟပ်ဟာ ကိုယ့်ခြေထောက်နား မယောင်မလည်ရောက်လာလို့ ယောင်ရမ်းပြီးနင်းချလိုက်မိတယ်၊ သေရော။ ခြေဖဝါးအောက်က မနှစ်မြို့စရာ အရသာ။ ရေချိုးခန်းထဲ အသံတွေပိုပြည့်လျှံလာသလိုမျိုး မွန်းကြပ်လာတာနဲ့ ပြန်ထွက်၊ တံခါးပြန်ပိတ်ပြီး မီးခလုတ်ပိတ်လိုက်တယ်။ ထိုင်ခုံပေါ်လွှားထားတဲ့ ညကချွတ်ထားတဲ့ပုဆိုးကို စမ်းတဝါးဝါးပြန်ဝတ် အခန်းအပြင်ဘက် ထွက်ဖို့ပြင်လိုက်တယ်။ အမျိုးသမီးဆီက အသက်ရှူသံရေးရေးနဲ့ ကိုယ်ကြားနေရတဲ့အသံသဲ့သဲ့တွေကလွဲလို အခန်းလေးက မှောင်ရိပ်ထဲအေးစက်လို့။ တံခါးကို အသံမကျယ်အောင်ဖြည်းဖြည်းဖွင့်ပြီး ထွက်လိုက်တော့ အခန်းအပြင်က ကြမ်းပြင်ကလည်း အေးစက်နေတယ်။

အပြင်ပြတင်းပေါက်တွေကို ညက ဖွင့်ထားမိသလားလို့ ပြန်စဉ်းစားမရတော့ဘူး။ ကိုယ့်ဆီကို ရိပ်ခနဲရိပ်ခနဲ လေတွေ ဖြတ်ဖြတ်တိုက်သွားတာတော့ ဘေးနားကနေ လူတွေ အသဲအသန်ဖြတ်ပြေးသွားကြသလို ခံစားမှုကြီးနဲ့ သံသယဖြစ်မိတယ်။ ကိုယ်ကြားနေရတဲ့ ထူးဆန်းတဲ့အသံပေါင်းစုံသဲ့သဲ့ဟာ ပြတင်းပေါက်တွေကနေ ဆက်လက်ဝင်လာ နေတဲ့ပုံပဲ။ အပြင်လမ်းမမှာ စံပယ်ပန်းအော်ရောင်းသွားတဲ့ စက်ဘီးနဲ့အသည်တဦး တရားခွေဖွင့်သွားရင်းဖြတ်သွားပြန်တယ်။ ဝရန်တာတံခါးကို ဖွင့်ရင်းအပြင်ဘက်ကလေကို တဝရှူချင်တာနဲ့ ခပ်ပြင်းပြင်းရှိုက်လိုက်မိတယ်။ နားထဲအသံတွေပိုထင်လာသလိုပဲ၊ ခေါင်းမိုးပေါ်ကနေသွယ်ဆင်းထားတဲ့ အိမ်နံရံနဲ့ကပ်လျက်ပိုက်လုံးကြီးတွေအထဲမှာ အဲဒီအသံတွေရှိနေသလိုလို၊ အောက်ဘက် ရေမြောင်းပေါက်ထဲက လာသလိုလို။ အကြမ်းဖက်မှုထဲက အော်ဟစ်သံ တွေလိုလို၊ ကိုယ် လက်လှမ်းမမီတဲ့ ငရဲတွင်းထဲက အသံတွေလိုလို။ ကိုယ့်နားနှစ်ဖက်ကို ပြန်အုပ်လိုက်မိတော့ ကိုယ့်နားရွက်ကြီးက အကြီးကြီးပါလား၊ လက်ထဲက ပျော့စိနေတဲ့ အရည်တရွှဲရွှဲနားရွတ်ကြီးတွေ။ လန့်ဖျပ် မျက်လုံးတွေပြာသွားပြီး မိုက်ခနဲဖြစ်သွား၊ ကိုယ်မျက်လုံးပြန်ဖွင့်လိုက်တော့ ကိုယ့်ရှေ့မြင်ကွင်းဘက်က လေထုထဲမှာ ပျော့ဖက်နေတဲ့ နားရွက်ကြီးတွေအများကြီးပဲ၊ ကြည့်လေရာမှာ လေထဲပေါလောမျောနေတာ။ အသံတွေဟာ နားရွက်ကြီးတွေကြားထဲပြေးလွှားနေတာ။ အပေါ်ဘက် ခပ်ဝေးဝေးကောင်းကင်မှာ နေရောင်အကြိုအလင်းရောင်တွေ အလင်းတချို့တလေကြားထဲမှာလည်း ငှက်အုပ်တွေဝဲနေသလို နားရွက်ကြီးတွေတွေ့နေရတယ်။ လမ်းမပေါ်ပြန်ငုံ မိတော့လည်း ဒရွတ်တိုက်နေတဲ့နားရွတ်တွေ၊ အဲဒီကြားထဲကဖြတ်ပြီး တွန်းထိုးနေတဲ့အသံတွေ၊ တခြားအိမ်ခန်းဝရန်တာ တွေပေါ်ကနေ အောက်ကိုတွဲလောင်းချထားတဲ့ ကြိုးတွေချိတ်တွေမှာ အဲ့ဒီအရည်တရွှဲရွှဲနားရွက်တွေပဲ တွဲလောင်း ချိတ်နေလိုက်ကြတာကြီး။ မြင်ကွင်းက ကြည့်လို့အော်ဂလီဆန်လာတာနဲ့ ညည်းညူမိ၊ လက်ရန်းပေါ်ခေါင်းတင်ရင်း မျက်လုံးပိတ်ထားလိုက်မိတယ်။ ခဏတော့ကြာသွားတယ်ထင်တာပဲ၊ ကိုယ့်ပုခုံးပေါ် လက်တဖက်ရောက်လာလို့ ပြန်ဖွင့်ကြည့်မိတော့ ကိုယ့်အမျိုးသမီး၊ ခုတင်ပေါ်ကအဝတ်အစားနဲ့ပဲ အိပ်မှုံစုံမွှားနဲ့ မျက်လုံးတောင်သိပ်မဖွင့်ချင်တဲ့ပုံ။ ကိုယ့်ပုခုံးကိုလှုပ်ရင်း အထဲပြန်ဝင်ရအောင်လို့ ပြောတယ်။ ဘာဖြစ်လို့လာခေါ်တာလဲပြောတော့ သူက စိတ်မရှည်တဲ့အသံနဲ့ နေ့တိုင်းဒီလိုထွက်ခေါ်နေရတာပဲဟာကို တဲ့။ ကိုယ် နားလည်ပြန်ဘူး။ မော့ကြည့်လိုက်တော့ အလင်းရောင်က ကောင်းကင် အစွန်အဖျား ခပ်ဝေးဝေးမှာ။ မင်း  နားရွက်တွေတွေ့လား ပျံနေတဲ့ဟာတွေ၊ ကြိုးတွေမှာတွေ့လား တွဲလောင်းတွေ ဆိုတော့ ဘေးနားမှာ သူကမရှိတော့ဘူး၊ ပြန်ဝင်သွားပြီ။ လမ်းထဲကားတချို့ဖြတ်မောင်းသွားတော့ ပေါလောမျောနေတဲ့ နားရွက်တွေလှုပ်ရမ်းကုန်ပြီး အသံတွေလည်း ပြန်မှိန်သွားပြန်တယ်။ အော်ဂလီဆန်တာ နည်းနည်းသက်သာ သွားပေမယ့်လို့ စီးကရက်တလိပ်လောက်သောက်ချင်စိတ်လို ပြန်ရောက်လာတာ၊ သံသယပဲလား။

● လူမှုပဋိညာဉ်ဆီသို့ ဒေါသထွက်နေသောလူအုပ်ကြီး အပြင်းချီတက်လာခြင်း

ခပေါင်းစီးကရက်ကို ပရုတ်သုတ်ပြီးသောက်တာ ခုနေပြန်စဉ်းစားကြည့်လိုက်တော့ ဦးသိန်းဇံတယောက်သာ တွေ့ဖူးခဲ့တာပဲ။ စီးကရက်မှာ စိုထိုင်းထိုင်းပရုတ်ဆီလေးတွေကွက်လို့  ဦးသိန်းဇံကြီးများ အနားကဖြတ်သွားလို့ကတော့ သူ့ချွေးနံ့နဲ့ ပရုတ်နံ့ရောပြီးရနေတာ ပြောရရင် ချွေးဆေးလိပ်ပရုတ်နံ့ဆိုတဲ့ နည်းနည်းဆိုးဆိုး ရနံ့သစ်လို့ဆိုရမယ်။ တခြားလူနဲ့ စကားပြောတာသိပ်မတွေ့ဖူးပေမယ့် စကားပြောနေရင်း  စီးကရက်ဆေးအမှုန်တွေကို လျှာဖျားနဲ့နှုတ်ခမ်းစုပြီး တထွစ် ထွစ် ထွေးထုတ်နေတတ်တယ်။ အသက်က လေးဆယ်ကျော်ကျော်လောက် ခပ်တောင့်တောင့်၊ ရာဂူဇာတချို့လိုပဲ ဒါပေမယ့်လို့ ခြေသန်းနှစ်ချောင်းလုံးပြတ်နေတာ။ အပြင်မှာ ကိုယ်တွေကစားနေကြတုန်းများ စွပ်ကျယ်ချိုင်းပြတ် ဇကာကွက်နဲ့၊ လက်မောင်းမှာ နို့ဆီခွက်ဖင်ပုံစံ စက်ဝိုင်းအထပ်ထပ်ပတ်ထားတဲ့ ဓားနှစ်လက်တက်တူးနဲ့၊ တက်ထရက် အကွက်ကျဲထူထူကြီး တရွှမ်းရွှမ်းနဲ့ ကွင်းထိုးဖိနပ်အဖြူကြီးစီးပြီး  သူလမ်းထွက်လာရင် အားလုံးဇက်ကိုပု ညိမ်ကုန်ရော့ပဲ၊ လမ်းထဲမှာလည်း တွေ့ရခဲတာကိုး။ ဦးသိန်းဇံခြံက လမ်းထောင့်နားမှာ၊ ခြံအထဲမမြင်ရအောင် သံဆူးကြိုးမှာ ပုံနရိပ်ပင်တွေအပြည့်အသိပ်နဲ့ အပေါ်ကပျဉ်ပြားပိတ်ပြီး အသေအချာကာထားတာ။ အိမ်က နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး။

လမ်းထဲ အဲဒီကာလအရ ကားကောင်းကောင်းလေးများ ဝင်လာပလားဆို ဦးသိန်းဇံအိမ်။ ဒါပေမယ့်လို့ ခပ်ပြာပြာ လေးဘီးကားလည်းလာတာ၊ လိမ္မော်ရောင်မကျတကျ သုံးဘီးကားလည်းလာတာ၊ ဆိုင်ကယ်သံတအုန်းအုန်းနဲ့လည်း သူ့အိမ်ထဲဝင်တာပဲ။ တချို့က ကိုယ့်ရိက္ခာနဲ့ကိုယ်လာကြတဲ့ဘူးသီးတွေ၊ တချို့ဘီးကျဲတွေကတော့ ဦးသိန်းဇံရဲ့ ပစ္စည်းတွေဆီပေါ့။ ကိုယ်တွေအိမ်နဲ့က ခပ်လှမ်းလှမ်းဆိုတော့ သူ့အိမ်ကို တွေ့မနေရပေမယ်လို့ ဦးသိန်းဇံခြံရှေ့များ ဖြတ်သွားရင် စပ်စပ်စုစုကြည့်မိကြတယ်။ မနက်ကိုးနာရီလောက်ဆိုရင် ခြံဝင်းတံခါးထောင့်မှာ အမွှေးတိုင် အဆုပ်လိုက်ကြီးမီးစွဲနေတာ မြင်မကောင်းဘူး၊ မီးခိုးတထောင်းထောင်း ချိုအီမူးမိုက်စရာ အနံ့တညီးညီး။ အဲဒီအချိန် ကိုယ်တွေထဲက ခပ်ရွတ်ရွတ်ချာတိတ်တကောင်လောက်ကများ တံခါးတိုင်နားကပ်ပြီးချောင်းကြည့်လိုက်ရင် အမွေးတိုင်တွေရဲ့အောက်ဘက်မှာ ငရုတ်ဆုံကြီးထဲ ငရုတ်ကျည်ပွေ့တပ်ထားလျက်သား၊ နှင်းဆီတပွင့်လည်း စိုက်လျက်သားနဲ့ သရုပ်ပြတင်ဆက်ထားတာကိုပါ တွေ့ရပါလိမ့်မယ်။

တခါတလေကျောင်းပိတ်ရက်မှာ ဘိုကြက်ချီးတို့ခြံထဲ ကိုယ်တွေသွားဆော့တတ်ကြတယ်။ ဘိုကြက်ချီးတို့မိသားစုအားလုံးက တော်ဝင်အင်္ဂလိပ် ဗြိတိသျှစကားကို အိန္ဒိယလျှာပါးပါးလေးပေါ်တင်ပြီး အမြဲပြောကြတယ်လို့ ထင်တာပဲ။ တော်တော်လေး ဘလွတ်ရွှတ်ပြောကြပေမယ့်လို့ ပိုလီယို အနုစားလေးဖြစ်နေတဲ့ အငယ်ဆုံးကောင်တိုနီငမည်းနဲ့ကမှ ကိုယ်တွေက လေယူလေသိမ်းဖြောင့်ပြီး ကစားဖေါ်ဖြစ်ရတာပေါ့။ အဲ့ဒိဘိုကြက်ချီးတို့ခြံက ဦးသိန်းဇံခြံနဲ့ ဖင်ခြင်းပေါက်၊ အိမ်နောက်ဘက် ခြံစည်းရိုးက ကြည့်ရင် အိမ်ရှေ့ပိုင်းအထိကို မြင်နေရတယ်။ ကြားမှာ မိုးတွင်းဘက်ပဲရေစီးတဲ့ မြောင်းတခုခြားတယ်။ တိုနီငမည်းတို့ နောက်ဖေးမြောင်းစပ်စပ်က သီဟိုပင်ပေါ် လင့်စင်ထိုးဆော့လည်းဆော့ ဟိုဘက်ခြံမှာ ဦးသိန်းဇံ အရိပ်အကဲမတွေ့ရရင်လည်း လှမ်းချောင်းတတ်ကြတယ်။ မိတ်ကပ်မျက်နှာမျိုးစုံနဲ့ မိန်းမသုံးလေးယောက်ကတော့ တွေ့နေရတာပဲ။ တခါများ ဦးသိန်းဇံတို့အိမ်ရှေ့ ခြံတံခါးပေါက်နားမှာ အမျိုးသမီးတယောက်ရပ်နေရင်းနဲ့ ထမီခါးတောင်းကြိုက်စဆွဲ ခြေထောက်ကားပြီးရပ်နေတယ်၊ နောက်တော့ ဦးသိန်းဇံထွက်လာပြီး ငွေဖလား ခပ်လတ်လတ်နဲ့ရေထည့်ပေးတော့ အဲဒီအမျိုးသမီးက ဖလားခွက်ထဲကိုရေကို ပေါင်ကြားအတိုင်းပဲ အရှေ့ကနေ အနောက်ပိုင်းဆီ ငုံပြီးပက်နေတာတွေ့လိုက်ရတယ်။ ကြည့်နေတုန်း ကိုယ်တွေကို ဦးသိန်းဇံတွေ့သွားလို့ တုတ်ကိုင်ပြီး နောက်ဖေးလာခြောက်တော့ အားလုံးဝရုန်းသုန်းကားနဲ့ပဲ ပြေးကြရတာ။ ဒါကို ကာတွန်းဆိုင်က ကိုသံချောင်းကိုပြောပြတော့ ဟကောင်လေးတွေရ အဲဒါ လူခေါ်တာလို့ ခေါ်တယ်ကွ၊ မင်းတို့လည်း အဲသလိုကြပ်ကြပ်သွားချောင်း ဟိုက မင်းတို့ချိုးတွေ အိမ်လာဖြတ်လိမ့်မယ် တဲ့ ဆိုတာပဲ။ အဲတုန်းကတော့ သိပ်နားမလည်ဘူး ထူးဆန်းတာပဲသိတယ်။ တော်တော်နဲ့တော့ ဘိုကြက်ချီးအိမ်ဘက် သွားမဆော့ဖြစ်ကြတော့ဘူး။

ဒီအတိုင်းပဲ လမ်းထဲ သူ့မနာ ကိုယ်မနာ သဘောထားနဲ့ အဲ့သလိုမျိုးတည်ရှိမှုကို မသိသလိုနေလာခဲ့ကြတာ။ တညနေ ဦးသိန်းဇံ ဘာထပေါက်တယ်မသိဘူး ခပေါင်းတောင်မခဲနိုင်တော့ဘဲ သူ့ခြံရှေ့ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ပါးစပ်က တတွတ်တွတ်နဲ့ ပတ်ဝန်းကျင်ကို ဓားကြိမ်း တုတ်ကြိမ်း လုပ်နေသတဲ့။ အေဘီစီ အေးလွင်ပြောစကားအရတော့ အဲဒီအိမ်ကို လေးဘီးကားလေးနဲ့ ခပ်ကုပ်ကုပ်လာနေကျဘဲကြီးတပွေဟာ ပိုင်ရာဆိုင်ရာကလူကြီးတယောက်ပဲတဲ့၊ ခု ခေါင်မိုးတဝင်းဝင်းနဲ့ ကိုသိန်းဇံအိမ်အမိုးကို သွတ်ပြားအသစ်တွေမိုးဖို့ ဟိုတလောက ကားနဲ့လာချပေးတာ အဲဒီဘဲကြီး လမ်းကြောင်းနဲ့ပဲတဲ့၊ ဒါပေမယ့် ခုဖြစ်နေတာက ရပ်ကွက်ကောင်စီရုံးမှာ ဘယ်ကလာမှန်းမသိတဲ့တိုင်စာရောက်လို့ ခေါ်တွေ့ခံထားရသတဲ့၊ ဒါကို ကိုသိန်းဇံက သူ့အိမ်သွတ်အသစ်မိုးတာ ပတ်ဝန်းကျင်က မနာလိုလို့ သူ့ကို ချောက်ချတယ် ပေါ့လေတဲ့၊ အဲဒါကို သူ့ခြံရှေ့ထွက်ရမ်းနေတာပဲဆိုတော့မှ ဇာတ်ရည်နည်းနည်းလည်သွားကြတယ်။ သူထင်ဝံ့လည်း ထင်စရာ၊ သွတ်အသစ်ရဖို့ဆိုတာကလည်း ငွေရှိရင်တောင် တမျိုးခက်ခဲ ခဲ့ဖူးတာကိုး၊ အနီးနားပါးနား အိမ်သွတ်မိုးကြရင် အဟောင်းလေးဘာလေး ဆေးအထပ်ထပ်ပြန်သုတ် မိုးကြရတာပဲ။ ဒါနဲ့ လမ်းထဲက လူငယ်လူကြီးတချို့က ဦးသိန်းဇံကို မကျင်အေးတို့ခြံရှေ့က မီးကင်းတဲမှာ ခေါ်တွေ့တယ်၊ အထင်မမှားဖို့အကြောင်း ကိုယ့်လုပ်ငန်းကိုင်ငန်းနဲ့ကိုယ် အေးအေး နေဖို့အကြောင်း ခပ်ပြေပြေပြောခဲ့ကြတယ်တဲ့။ ဒါပေမယ့်လို့ ဦးသိန်းဇံကတော့ သိပ်အစာကြေပုံမပေါ်ဘူး စောင်းငမ်း နေတုန်းဆိုတော့ ရပ်ရေးလမ်းရေးမှာ မချောမွေ့ဖို့ဖြစ်သွားတယ်။

အဲဒိည ကိုယ်တွေအိမ်အောက်ထပ်က စကားသံတွေကြားနေရတော့ ညကြီးပိုင်း ၁၁နာရီလောက်ရှိပြီ၊ အိပ်ရာကနေ အိပ်ချင်မူးတူးထပြီးဆင်းလာတော့ လူတွေအတော်စုံပဲ။ တကြိတ်ကြိတ်နဲ့ ခေါင်းချင်းရိုက်စည်းဝေးနေကြတာ။ မကျင်အေး ခေါင်းဆောင်တဲ့ ဘောင်းဘီတိုမိန်းခလေးတွေတဖွဲ့၊ ကိုယ်တွေဦးလေးတွေရယ် အေဘီစီအေးလွင်တို့က ဘောင်းဘောင်းနဲ့ ခါးတောင်းကျိုက်တစု၊  အန်တီပဲလှော်တို့ ထမီတိုတိုအမျိုးသမီးတွေက တစုနဲ့ဆိုတော့  အယောက်သုံးဆယ်ကျော်ကျော်။ လွယ်အိတ်တွေ ခြင်းတွေ ပုဆိုးစလွယ်တွေနဲ့ ပြင်ဆင်ထားကြတာတော့ ဘာမှန်းကိုမသိခဲ့တာ။ နောက်တော့ လူစုကွဲသွားတာနဲ့ ကလေးပီပီအိမ်ပေါ်ပြန်တက်လာရတာ မကြာလိုက်ဘူး ဆယ်မိနစ်လောက်ပဲရှိဦးမယ် ခပ်လှမ်းကနေ သွတ်ပြားပေါ် အရွယ်အစားမျိုးစုံနဲ့ ခဲတွေ အုတ်ခဲကျိုးတွေကျသံဆိုတာ ဝုန်းဒိုင်းကျဲကြားရတော့တာပဲ။ လမ်းထဲက ကဘာပျက်ခန်းဟာ ဆယ်စက္ကန့်လောက်ကြားလိုက်ရမယ်ထင်တယ်၊ နောက် ၁မိနစ်လောက် ငြိမ်ချက်သားကောင်းနေတုန်း ဦးသိန်းဇံရယ် သမီးယောက်ဖ နှစ်ယောက်သား ဓားတဝင်းဝင်း ဓာတ်မီးတဝင်းနဲ့ လမ်းထဲမှာ ဟိုဘက်ဒီဘက်ပြေးလွှားရင်းက ဟေ့ဟေ့ ဘယ်သူတွေလဲကွ လုပ်စမ်းပါ မိုက်ရင်ထွက်လာစမ်းပါ လို့ဆိုတဲ့ပြီး ကွမ်းတယာညက်လောက် တရကြမ်း တန်ပြန်နေခဲ့သေးတယ်။ အရာရာတိတ်ဆိတ်နေတဲ့ အကာလကြီးဟာ နောက်ထပ် နာရီဝက်လောက်ပဲကြာပါတယ်။

နောက်တကျော့ သွတ်ပြားတွေပေါ်ကလာတဲ့ မက်တယ်သံတွေ မိုးချုံးသံတွေထပ်ကြားရပြန်လေပြီ။ ဒီတခါကတော့ ပထမအသုတ်ထက် ပိုကြာသယောင်ရှိမယ်ထင်တယ်။ ထစ်ချုံးသံတွေပြန်လည်စဲသွားပြီးစ  အချိန်မှာ ဦးသိန်းဇံ အိမ်ရဲ့ဓားလွယ်ခုတ် ရခိုင်ကြီးဦးထွန်းအောင်အိမ်က အော်လံပါတဲ့ဓာတ်ပြားစက်အဟောင်းကြီးကနေ ပြည်လှဖေလိုလို ဘာလိုလို သီချင်းသံကြီးလည်း လမ်းထဲမှာပတ်ပြေးနေတော့တာပဲ။ တညတာသာကုန်သွားတယ် ဦးသိန်းဇံအိမ်က ဘာတုန့်ပြန်သံမှ ထွက်မလာတော့ဘူး။ သူ့အိမ်က လှတပတ ပစ္စည်းတွေခမျာလည်း နောက်ဖေးပေါက် ဘိုကြက်ချီးတို့မြောင်းတလျောက်ကနေ အပြင်ကိုလစ်ပြေးကုန်ကြရရှာတယ်လို့ ပြောသံကြားတာပဲ။

နောက်ရက် နေ့လည်စောင်းပိုင်းတွေမှာ တက်ထရက်ပုဆိုးတိုတိုဝတ်ထားတဲ့ ဦးသိန်းဇံကို တံမြက်စည်းရှည်ကြီး ကိုင်လျက်သားနဲ့ အရပ်ထဲလမ်းထဲ တွေ့လာရတယ်။ ပရုတ်နံ့ထွက်တဲ့ ခပေါင်းကြီးခဲလို့၊ ငိုက်စိုက်ငိုက်စိုက်နဲ့ တလမ်းလုံး ကအမှိုက်တွေ လိုက်လှည်းကျင်းနေတာဟာဖြင့် ပြောရရင် အလွန်အန္တရာယ်ကြီးနေတဲ့ မလိုတမာအုတ်ခဲကျိုးတွေ ကူလီကူမာခဲလုံးတွေကတော့ လမ်းပေါ် တသက်လုံးမတွေ့စေရလို့ စိတ်နာနာနဲ့ လမ်းပေါ်ရွေဘော်ထိုးနေသလားပဲ။

သစ်ရွက်ခြောက်ကနေ သကြားလုံးခွံနဲ့ ပဲကြီးလှော်ခွံအထိ ပြောင်နေရော့ဆိုတာ။ သူ့ဟာသူအဲဒီအချိန်ဆို ဦးထွန်းအောင်အိမ်က ဓာတ်ပြားဟောင်းကြီးကလည်း ကျယ်ကျယ်ကြီးကြားရပြန်တာပဲ။ ပေါက်တူးလေးဆွဲလာပြီး လမ်းပျက်နေတာ ချိုင့်နေတာတွေကို လိုက်ဖို့လိုက်ပြင်နဲ့ တပတ်လောက် ရက်ဆက်လုပ်နေခဲ့တာဆိုတော့သူ့လုပ်ငန်းကိုင်ငန်းလည်း တပတ်ကျော် နှစ်ပတ်လောက်နားထားရတယ်ပေါ့။  ပိန်လိမ်ရွတ်တွ တလက်လက်ထ နေတဲ့ခေါင်းမိုးကို ပြန်ပြင်ရင်းနဲ့ အုတ်ပက္ကားတက်လိုက်တယ်၊ အဲ့ဒိတုန်း သူ့အိမ်ထဲကို ဒေါသတကြီးရောက်လာခဲ့ဖူးတဲ့ အုတ်ခဲကျိုးတွေ ကျောက်စရစ်ခဲတွေကိုလည်း သူ့အိမ်ကွန်ကရစ်လောင်းတဲ့အထဲ မြုပ်နှံထားလိုက်တယ်လို့ ကျွမ်းကျင်ပုံရတဲ့ အမည်မသိပန်းရံဆရာတယောက်က ပြန်ပြောပြခဲ့တယ်လို့ကြားတယ်။ ဒီဖြစ်ရပ်ဟာ ၈၈အရေးတော်ပုံမတိုင်ခင် လမ်းထဲကလူထုလှုပ်ရှားမှုလို့ အကြယ်တဝင့်ဆိုကြတာပဲ။ ဘာပဲဖြစ်ဖြစ် ဟိုတုန်းကတော့ အဲဒီလမ်းထဲမှာ အဲဒီလှုပ်ရှားမှုရဲ့ နှစ်ပတ်လည်များရောက်ရင် လူစုလူဝေးနဲ့ အမှတ်တရ စားပွဲသောက်ပွဲများတောင်လုပ်တတ်ကြသေး တာဟာ ဦးသိန်းဇံအိမ် လမ်းထဲမှာရှိနေသေးတဲ့ နောက် ဆယ်စုနှစ်လောက်အထိအောင်ပဲလို့ ဆိုကြတယ်။

● ရာရာစစ ရန်ကုန်မှတိုက်ရိုက်တင်ဆက်နေရတယ်လို့
ပြေး -ပြေး နောက်မှာရေတွေလိုက်လာပြီဆိုတော့  ဘယ်ကရဲတွေလဲတဲ့ တက္ကစီသမားက အူကြောင်ကြောင်နဲ့ ပြန်မေးသေးတယ်။ မဟုတ်ဘူး ရေတွေလိုက်လာတာ မမြင်ဘူးလားဆိုတော့ သြော်…နောက်နေတာလားတဲ့။ မိုးက ဝေါကနဲ ဝေါကနဲရွာနေတော့ ပလက်ဖောင်းအောက်တွေထဲကနေ နောက်ဖေးလမ်းတွေထဲကနေ ထူးဆန်းသောရေတွေ အလုံး အရင်းနဲ့ထွက်လာလို့မို့ ကားတွေ ကိုယ်လွတ်ရုန်း ထွက်ပြေးဖို့ပြင်နေတယ်။ ဒါပေမယ့်ဘယ်လွတ်လိမ့်မတုန်း ကားဗိုက် အောက်ကို ရေတွေလာလာရိုက်နေတယ်။ ကိုယ့်လူတော့ ဒီနေ့ နေတွက်ခြေကိုက်ပါ့မလားမသိ ကိုယ်တိုင်တော့ စိတ်ကို လျှော့ထားဖို့ပြင်လိုက်တယ် ရောက်ချင်တဲ့အချိန်မှသာရောက်တော့ပေါ့။ ရေတောထဲမှာ ကားတွေရွေ့ရခက်နေတာ ထက်စာရင် လမ်းဆင်းလျှောက်သွားရင်ကောင်းမလားလို့ စဉ်းစားကြည့်သေးတယ် ၊မဟုတ်သေးဘူးပါဘူးလေ အရေးကြီး ချင်လို့မှမရရင် အရေးကြီးစရာဘုံးပေါလအောခေတ်ကြီးမှာ ဘာအရေးကြီးရဦးမှာလဲပေါ့၊ ဘာမှအရေးကြီးနေစရာမှ မလိုတော့တာလို့ ပြန်တွေး၊ တွေးရတာမလွယ်ဘူး။ ငါတွေးတယ် ဒါကြောင့် ငါပင်ပန်းတယ်။ ပလက်ဖေါင်းပေါ် ရေစိုနေတဲ့ဖြတ်သွားဖြတ်လာတွေ လမ်းသွားရင်းဘာတွေတွေးနေမယ်မသိဘူး။ ဒီလောက်မိုးရွာနေတဲ့ကြားက ကောင်လေးတယောက် မှန်တံခါးတွေခေါက်ပြီး ပိုက်ဆံတောင်းနေတော့ ဘယ်သူမှ တံခါးဖွင့်ပေးချင်မှာမှမဟုတ်တာ မြင်နေရတယ်။ အဲကွန်းဖွင့်လို့ရတာမှမဟုတ်တာ တံခါးလေးဟထားပေး ပါလား လို့ပြောလိုက်ရတယ် မွန်းလာလို့၊ မိုးရေတော့နည်းနည်းဝင်လာတာပေါ့လေ။ ထမင်းမစားရသေးလို့တဲ့ ရေစိုနေတဲ့ခေါင်းကြီး မှန်ပေါက်ထဲကနေ ဝင်လာပြီးပြောနေတယ်၊ အရောင်ဆိုးထားတဲ့ ဆံပင်ဝါဝါတွေကနေ ရေတွေတစက်စက် ကားထဲမှာ၊ ကားဆရာက အသံမာမာနဲ့ သွားပါကွာ ငါလည်းထမင်းစားရသေးတာမဟုတ်သေးဘူးဆိုတော့ အစ်ကိုတို့က ပါမုန့်စား လို့ရတယ်လို့ ဗလုံးဗထွေးနဲ့ပြန်ပြောတယ်။ ကားကဆက်လှိမ့်တော့မယ် သူ့ခေါင်းကကားထဲက မထွက်သေးတာ၊ ခေါင်းကြီးများပြတ်ပါလာမလား၊ မထူးတော့ဘူး နှစ်ရာတန်လေးထုတ် မင်းလည်းပါမုန့်စားပေါ့ကွာဆိုတော့ သူလည်း ကျေနပ်သွားပြီးတော့မှ သူ့ခေါင်းကြီးပြန်ယူသွားတယ်။
အမိန့်ရအပေါင်ဆိုင်ဝမှာ ထောင်ထားတဲ့ တရုတ်လက်ရေးစာလုံးကြီးကိုငေးကြည့်လိုက်မိတယ်၊ ဘာမှန်းမသိပေမယ့်လို့ ကြည့်လို့အကောင်းသား။ ရေစိုနေတဲ့ ခပ်နွမ်းနွမ်းမိန်းမကြီးတယောက် အဲဒီဆိုင်းဘုတ်နားမှာ မိုးခိုနေတာ ဓာတ်ပုံ လှမ်းရိုက်ချင်စိတ်ဖြစ်သွားတယ်၊ စောနက တရုတ်လက်ရေးစားလုံးရဲ့ ဘက်ဂရောင်းကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ကားဆရာက ရေတိမ်တဲ့ဘက်ကို ယူချင်လို့ လမ်းအလယ်ကို တက်ဖို့ပြင်လိုက်တယ်၊ နောက်မှာလည်း ဟွန်းသံတွေဆူညံလို့။ မီးပွိုင့်နဲ့လည်း နီးလာတော့ ပိုပြီး အားတက်လာတယ်။ ကားချိုးလိုက်တော့ ဖွင့်ထားတဲ့မှန်တကနေ မိုးရေတွေ တဖြန်းဖြန်း ဝင်လာလို့ မှန်တွေ ပြန်တင်လိုက်ပြီး ဒီနေ့ည ကမ္ဘာ့ဖလားဖွင့်ပွဲမီပါ့မလားဆိုတော့ ကားဆရာက ဖိုင်နယ်ပွဲတော့မီမှာပါဆိုပြီး ပြန်နောက်တယ်။ ပြောရင်းဆိုရင်း ဖွင့်ပွဲမှာ နောက်တကြိမ်ပြီး နောက်တကြိမ်ပြီး နောက်ထပ်တကြိမ်ပြန်လည် အရွေးခံရတဲ့ မစတာသမတပူတင် ဂျူဒိုဝတ်စုံနဲ့များ သီချင်းဖျော်ဖြေဦးမလားပေါ့ ရင်ခုန်မိတာ၊ အဲဒီမှာက ဘာမဆို ဖြစ်သွားနိုင်တာချည့်ပဲမဟုတ်လား။ ဆိုတာကို သတိရလိုက်သေးတယ်၊ ဘာပဲဖြစ်ဖြစ် ဘရာဇီးပွဲ ကြည့်ရဦးမယ်၊ တူရကီပွဲလည်း ကြည့်ရဦးမှာပါလားလို့ အားတက်သွားတယ်။ အိမ်မရောက်ခင် တဆိုင်ဆိုင်ဝင်ပြီး ညဘောပွဲကြည့်ရင်း စားစရာ သောက်စရာ တခုခုဝင်ဝယ်ရ ကောင်းမလား။

ကားက မီးပွိုင့်ကျော်သွားတော့ ခရီးကနည်းနည်း အလျှင်မီသွားတယ်။ ကားဆရာကလည်း နည်းနည်းအသက်ရှူ ချောင်သွားတဲ့ပုံပဲ ရေဒီယိုတွေ ဘာတွေဖွင့်လိုက်တော့ ယဉ်ကြောပိတ်ဆို့မှု တိုက်ရိုက်ထုတ်လွှင့်နေပါသတဲ့။ အစီအစဉ်တင်ဆက်နေတဲ့ မိန်းခလေးအမည်က ဗဂျီတဲ့၊ စကားပြောနေရင်း အမည်ပါ ထည့်ထည့်ပြောသွားတာပဲ။ တောင်ဥက္ကလာ မြင်သာဘက်မှာ ရေကြီးကားပိတ်နေတာကို အငှားယာဉ်မောင်း မတရုတ်မက ပြီးခဲ့တဲ့ငါးမိနစ်က သတင်းပေးသွားပါတဲ့၊ ကိုယ်သွား တဲ့လမ်းနဲ့ တခြားစီပေမယ့်လို့ ရေကြီးကားပိတ်နေတာကိုတော့ မြင်ယောင်လိုက်ရလို့ မဆိုးဘူးလို့ ကျေနပ်သွားရသေးတယ်။  ကမ်းနားလမ်းဘက်ကနေ ကားကကွေ့ချသွားတော့ မြင်လမ်းကျယ် မြင်ကွင်းကျယ်ထဲ ရောက်သွားပြန်တယ်။ မိုးရေထဲမှာ ငြိမ်သက်နေတဲ့ ရန်ကုန်ဆိပ်ကမ်းဘက်က အဆောက်အအုံတွေ အစီစဉ်လိုက်ကို မြင်လိုက်တော့ ဆိုဗီယက်ခေတ်က စက်ရုံတွေကို မြင်နေရသလိုမျိုးပဲ ဝေဒနာတခုခု ရနေတယ်။ တာမွေအဝိုင်းဘက်မှာလည်း ငါးဖက်ငါးတန် ကားတွေပိတ်နေပြီး ကျိုက္ကဆံလမ်း ဘက်မှာလည်း ကားလမ်းပိတ်ဆို့နေပါတယ်လို့ လွန်ခဲ့တဲ့သုံးမိနစ်က  အငှားယာဉ်မောင်း ဦးဟစ်တလာက သတင်းပို့ထားပါတယ်ရှင့် ဆိုပြီး ထုတ်လွှင့်နေတဲ့ နှာသံလေးနဲ့ အသံနွေးနွေးလေး။ ပန်းဆိုးတန်းဘက်က ကြယ်ငါးပွင့် သင်္ဘောကြီးရဲ့အပေါ်ပိုင်းကို လှမ်းမြင်လိုက်တော့ အင်္ဂလိပ်တွေ ရန်ကုန်ကိုစသိမ်း ပိုက်တဲ့ရက် ပြန်စဉ်းစား ကြည့်တာ ခပ်မေ့မေ့ရယ်၊ ဟိုတုန်းက အလွတ်ကျက်ခဲ့ဖူးတဲ့ဟာ။ ရန်ကုန်ဆိပ်ကမ်းပေါ်ကိုကျတဲ့ အင်္ဂလိပ်အမြောက်ဆံတွေကိုမြင် ယောင်ကြည့်ပြီး ရယ်ချင်သလိုဖြစ်လာတယ်။ အင်္ကျီအိပ်ထဲကဖုန်းမှာအသံတုန်ရင်ပြီး မစ်စ်ကောဖြစ်သွားလို့ ကြည့်လိုက်ပြီးတော့ ပြန်မခေါ်ဖြစ်တော့ပြန်ဘူး၊ ဒါနဲ့ ဖေ့စ်ဘွတ်ခ် ဖွင့်ကြည့်လိုက်မိတယ်။ ကားပေါ်မှာ ဘိုသီချင်းတပုဒ်ပဲ ကြားနေတယ်၊ ကားဆရာတခုခုပြောလိုက်သလားလို့ မသဲကွဲပေးမယ့်ပြန်မေးမနေတော့ဘူး။ ဖုန်းပေါ်မှာ နည်းနည်းစောင့်လိုက်ရ ပြီးတော့မှ ပုံတချို့တက်လာတယ်။ လမ်းပေါ်မှာရေလွှမ်းပြီး ကားတွေနဲ့ပုံတွေ၊ အမျိုးသားရေးကိစ္စတွေ၊ ဘာသာရေးအရှုပ်အရှင်းပိုစ့်တွေနဲ့ စုံလို့။ ဟိုက်- ဒီပုံလေးတွေကိုမြင်တော့ ရင်ထဲ ယားကျိကျိဖြစ်သွားတယ်။ မိုးရေထဲမှာ ကားပိတ်နေတုန်း ကားအနက်တစီးပေါ်မှာရိုက်ထားတဲ့ပုံ။ ကိုယ်က တခွိခွိနဲ့အုပ်ရယ်နေတော့ ကားဆရာက နောက်ကြည့်မှန် ကနေကြည့်ပြီး လှမ်းမေးတယ် ကားအမိုးပေါ်မှာ အတွင်းဘောင်းဘီလေးနဲ့ ကိုယ်ဟန်ပြနေတဲ့ အမျိုးသမီးအကြောင်း သူ့ကိုပြောလိုက်တယ်၊ အေဒီမီးပွိုင့်ဘက်နားမှာ ကားပိတ်နေတုန်း ဒီအမျိုးသမီး ဘယ်လိုစိတ်ကူး ပေါက်သွားတယ် မသိဘူးလို့။ ဓာတ်ပုံရိုက်တင်တဲ့ သူတွေကလည်း ကားကြိုကားကြားကနေရိုက်ထားသေးတာ။ အောက်လမ်းမီးပွိုင့် မိနေတုန်း ဖုန်းကိုကားဆရာဆီ ပေးပြလိုက်တယ်၊ သူ့မှာခွက်ထိုးခွက်လှန် ရီလိုက်တာဆိုတာ။ အဲ့ဒါ ဘယ်တုန်းကလဲဆိုတော့ လွန်ခဲ့တဲ့ လေးနှစ်လောက်က တင်ထားတာပြန်ပေါ်လာတာပဲလို့ ဖုန်းထဲကိုပြန်ကြည့်ပြီး ပြောလိုက်တယ်။ ဖြစ်ပုံများ အတိတ်ကိုပြန်ဖေါ်ရတယ်လို့။ ကိုယ်ဟန်က ခပ်ပြည့်ပြည့်နဲ့ အလန်းကြီးမဟုတ်ပေမယ် အတော်စိတ်ကူးကောင်းတဲ့ အမျိုးသမီးပါတဲ့၊ အီရန်တို့ ဘာတို့မှာဆိုရင်တော့ ကမ္ဘာကျော်မလားတောင် မပြောတတ်ဘူးတဲ့ ကားဆရာက မှတ်ချက်တွေပေးနေတယ်။

အောက်လမ်းမှာ နည်းနည်းလေးပိတ်နေလေတော့ ကားဆရာက ဘာရယ်မဟုတ်ဘူးထင်ပါတယ် ရေဒီယိုကို အသံ နည်းနည်းထပ်ချဲ့လိုက်ပြန်တယ်။ မိုးရေထဲမှာ အလုပ်ကြမ်းသမားတချို့ ရေလွှတ်မြောင်းထဲကနေ တခုခုကို ကြိုးနဲ့ဆွဲထုတ်နေတယ်။ လေးငါးယောက်ဝိုင်းဆွဲနေတာ ဘာကြီးကိုလည်းမသိဘူး၊ လုပ်ငန်းခွင်ဦးထုတ်လည်းမပါ၊ တဖက်မှာကလည်း လုပ်ငန်းခွင်တခုရှိနေပြန်တယ်၊ အဲဒီလုပ်ငန်းခွင်ထဲက အဝါရောင်ရွှံ့ရေတွေ လမ်းမပေါ် လျှံထွက်နေတယ်။ ဒီတချက်ပိတ်နေတာလေး ကျော်ရင်တော့ ကားလမ်းက သိပ်မဆိုးတော့ဘူး။ သီချင်းသံရပ်သွားပြီး ဗဂျီဆိုတဲ့မိန်းခလေးရဲ့အသံ ထွက်လာပြန်တယ်။ ကားကြီးနှစ်စီး တိုက်မှုတခုဖြစ်ထားလို့ လမ်းပိတ်နေတဲ့အကြောင်း လွန်ခဲ့တဲ့ နှစ်မိနစ်က ကိုယ်ပိုင်ကားမောင်းသူ တယောက်က သတင်းပို့ထားတဲ့အကြောင်း ပြောသွားတော့ ကားဆရာကိုမရှင်းလို့ထပ်မေးရတယ် ဘယ်နားမှာလဲလို့။ အေးဗျာ ကမ္ဘာ့ဖလားမီမယ်လို့တော့ ထင်တာပဲ၊ သူပြောသွားတဲ့အတိုင်းဆို ကားတိုက်လို့ပိတ်နေတာ ကျနော်တို့ ရှေ့နားလေးမှာတဲ့။ ဒီအတိုင်းဆို ဟိုကွေ့ဒီကွေ့ လုပ်ဖို့စဉ်းစားရဦးတော့မယ်ပေါ့၊ ဘေးဘီကြည့်လိုက်တော့ သူလိုကိုယ်လို ကားတွေ တဖြည်းဖြည်း ပြည့်ခဲလာလိုက်တာ မိုးရေထဲမှာ ။  နည်းနည်းမွန်းကျပ်လာလို့ ကားတံခါးဟလိုက်တော့ ဟွန်းသံတွေ ဆူညံနေကြပြီ။ နေမဝင်သေးဘူးလို့ ထင်ရပေမယ့် ကမ္ဘာ့ဖလားပွဲကို မီပါ့မလားလို့ ရီစရာမပြောရဲတော့ဘူး။ ဒီလိုအခြေအနေမှာ ဘယ်လိုအမျိုးသမီး တယောက်ယောက်ကများ မထင်မှတ်ဘဲထွက်လာဦးမလဲလို့ ကားခေါင်မိုးတွေပေါ် လှမ်း ကြည့်နေမိတယ် သူလိုကိုယ်လို။

● နေရှင်နယ်လစ်ဇင်-ဇာပန်းခရမ်းပိုးပဝါတွေ
ဘယ်အချိန်ကစလိုက်သလဲလို့ ပြန်လိုက်လည်း မထူးတော့ပါဘူး၊ ကိုယ်တွေခပ်ငယ်ငယ်ကာလ ချိန်ခွင်ထဲ ဓာတ်ခဲအလေးတွေတွေ့မိတော့ ဘယ်နှကျပ်သားတိတိဆိုတာ အပ်ကျမတ်ကျ မရှိပေမယ်လို့ ဘယ်သူမှစောဒကတက်စရာ အကြောင်းမှမရှိပဲနဲ့၊ ဒါက အောက်ခြေအလွှာမှာတော့ အနီရောင်အောက်ခံနဲ့ သမာဓိ နေရှင်နယ်ဓာတ်ခဲ ဖြစ်နေတော့တာကိုး။ နေရှင်နယ်ဆိုကတည်းက အရင့်အရင်က အရင်းရှုံးဆိုရှယ်လစ်ခေတ်ရဲ့လူ့အဖွဲ့အစည်းထဲမှာ အကြီးအကျယ်လူရှိန်ပါတယ်။ လေးထောင့်ကွက်ထဲမှာ မိုးကြိုးသွားလျှပ်စီး အတွန့်လေးနဲ့က အင်္ဂလိပ်လို နေရှင်နယ်ပဲ။ နောက် ကုလားမခြင်းဆွဲနို့ဆီခွံကလည်း ဇလုတ်တိုက် စံမလွှဲ ပြည်သူ့ဆန်ခြင်ဗူးခွံဖြစ်နေခဲ့တယ်။ ရှိတာလေးနဲ့ ကိုယ်တို့အသုံးတည့်ပုံကလည်း သူများဂျပန်ကားပေါ်ကချထားတဲ့ ဝတ္ထု စာအုပ်လေးလို ဘူးအပြားလိုက်ပုံ ကားကတ်ဆက်လေးကို အိမ်ပေါ်ခေါ်တင်ပြီး ဈေးထိပ်က ဆရာမက်ကင်းနစ်ကောင်းမှုနဲ့ စပီကာလေး ဆောင်းဘောက်လေး တွဲလိုက်တော့ မြန်မာ့ဂီတဆီရော ကမ္ဘာ့ဂီတဆီပါ ခြေဆန့်လက်ဆန့်လုပ်လို့ရခဲ့ပြီ။

ဒါပေမယ့် အဲ့တုန်းက ရုပ်ဝတ္ဘု္ထနဲ့ နည်းပညာပစ္စည်းဆိုတာတွေရဲ့ အရည်အသွေးဟာ အမာထည်တွေအပေါ်မှာ အခြေခံထားတာဆိုတော့ တည်ငြိမ်ရမယ် အကြမ်းခံရမယ် တာရှည်ခံရမယ်။ အဲ့သလိုတကြောင်းဆွဲနဲ့ပြောရရင် နေရှင်နယ်ပစ္စည်းတွေရဲ့အရည်အသွေးဟာ လုပ်သားပြည်သူတွေရဲ့အသေအလဲယုံကြည်မှုနဲ့ သေချာနေခဲ့တယ်။ ပြိုင်ဘက်မရှိဆိုသလိုပဲ တခြားရွေးချယ်စရာတံဆိပ်ဆိုတာကလည်း ဘာမှသိပ်ရှိမှမရှိပဲနဲ့။ တခြားငွေရှိဂုဏ်ရှိ တွေရဲ့အိမ်တွေမှာ နေရှင်နယ်ပစ္စည်းမျိုးစုံတွေ့ရတတ်တာပဲ။ တီဗွီ ကတ်ဆက် ပန်ကာ၊ နောက်ပိုင်း ရေခဲသေတ္တာ ထမင်းပေါင်းအိုး။ အစုံပါပဲ နေရှင်နယ်ပစ္စည်းဆိုတော့ ဘွဲ့ယူထားတဲ့ပုံတွေနဲ့ အပြိုင် ဧည့်ခန်းမှာချည့် လူမြင်သူမြင်ထားတတ် ကြတယ်။ ကိုယ်တွေပေါက်စက ကိုယ့်ရပ်ကွက်ထဲမှာတော့ ထမင်းပေါင်းအိုးဆိုတာမမြင်ဖူးပါဘူး၊ ဂုဏ်သရေရှိ အိမ်တအိမ်ရဲ့ ဧည့်ခန်းမှာ ထမင်းပေါင်းအိုးထဲက အငွေ့တွေပန်းထွက်နေတာ စတွေ့ဖူးခဲ့တယ်၊ သင်္ဘောသား တယောက်အိမ်ဦးခန်းမှာ တီဗွီခပ်ကြီးကြီးတလုံး ပန်းထိုးဇာပဝါနဲ့အုပ်ထားခဲ့တယ်။ နေရှင်နယ်ကြီးတွေပေါ့။

အဲ့တုန်းက ရပ်ကွက်ထဲမှာ လျှပ်စစ်မီးနပ်မှန်အောင် လာတာမဟုတ်ဘူး၊ ရပ်ကွက်ထဲက ဦးသံချောင်းဘတ္ထရီဆိုင်မှာ လပေးနဲ့ ဘတ္ထရီအားသွင်း ညနေဆိုကိုယ်တွေအလုပ်တလုပ်က အားသွင်းပြီးသားဘတ္ထရီ သွားယူရတာ။ ၁၂ဗို့ ကားဘတ္ထရီအိုးကို တယောက်တည်းဘယ်နိုင်မလဲ၊ မောင်နှမနှစ်ယောက် တယောက်တဖက်သွားသယ်ရတာ။ မြေကြီးပေါ်ချရင် အားလျော့ကုန်တယ်ဆိုလို့ ဘယ်လက်နဲ့ ညာလက် ပြောင်းပြောင်းပြီးသယ်လိုက်ရတာ တညောင်း၊ အဲတာလည်း နေရှင်နယ်အိုးပဲ။ ညောင်းကားညောင်း၏ ညရောက်ရင်တော့ဇိမ်ကျကျ ရှစ်နာရီသတင်းပြီးချိန် လောက်မှန်းပြီး တီဗီဖွင့်ပေးလို့ ဇာတ်လမ်းတွေကြည့်ရတယ်။ သူကြိုက်တဲ့တီဗီဇာတ်လမ်းများဆို ဖန်သားပြင်အနားကပ် မျက်မှန်နဲ့ တေ့တေ့ကြည့်တတ်တဲ့ ကိုယ်တွေဖွားအေတော်သူနဲ့ရယ် အိမ်နီးပါးချင်းနဲ့ဘာနဲ့ဝိုင်းအုံကြည့်ရတာဆိုတော့ ခုနေခါများ အဲ့ဒီ အဖြူအမည်းတီဗီ ပေါက်စလေးကိုက ရယ်စရာဇာတ်ကောင်ဖြစ်လောက်တယ်။ သစ်သားအိမ်လေးနဲ့အဟန့်ကြီးတယ်လို့ ထင်ရပေမယ့် ရုပ်မြင်ရတဲ့ဖန်သားပြင်က ၁၂လက်မပဲရှိတာကို၊ ရုပ်ထွက်က အဖြူအမည်း မှုံတုန်ပေမယ့် မာတော့အတော်မာတဲ့ကောင်၊ လိုင်းမကြည်လို့သစ်သားအိမ်ကြီးကို တဘုန်းဘုန်းရိုက်ထုပြီးကြည့်နေဦးတော့ နေရှင်နယ်ပဲ ဘယ်လာဖြုံလိမ့်မလဲ။ နောက်ပိုင်းတော့ ယိုးဒယားလမ်းတွေကနေ ပလတ်စတဘော်ဒီတွေနဲ့ ဆိုနီတို့ ဆန်ညိုတို့ စက်လှေချဘာညာ မှောင်ခိုဝင်လာ၊ ဒိနောက်ပိုင်းလည်း ပါပီမဇာတ်လမ်း၊ အဖေနဲ့သားများ ရုပ်သံဇာတ်လမ်းခေတ်တို့ ဖွံ့ဖြိုးလာ၊ တိုရှီဘာ ရောင်စုံခေတ်တခေတ် တရားဝင်ရောက်လာ၊ ဒေဝူးခေတ်ရောက်လာ။ ပြောမယ်ဆို အပျော့ထည်သိမ်းပိုက်လာတဲ့ ဒစ်ဂျစ်တယ်လ်ခေတ် မဝင်ရောက်မီ နေရှင်နယ်မှ နေရှင်နယ်၊ တကယ့်ဆတ်ဆတ်ထိမခံ နေရှင်နယ်ပါဆိုရော။ ကိုယ့်အဖေက စက်ဘီးဆို ရယ်လေးမှ ရယ်လေး၊ ကိုယ့်အမေ အပ်ချုပ်စက်ဆို ဆင်းဂါးမှဆင်ဂါး၊ အဲဒါတွေ စုတ်နေခါမှ စုတ်ရော၊ ဘာမှလည်း အိမ်မှသိပ်အသုံးဝင်လှတော့တာလည်းမဟုတ်တော့ဘူး။ ဆီလေးဆွတ်လိုက် ချုလိုက်လုပ်ရုံနဲ့မရ ပြင်သုံးလို့လည်း အဆင်မပြေကြတော့ ဘူး။ ဒါပေမယ်လို့ အိမ်မှာ ရှုပ်နေပါလားလို့မထင်လိုက်နဲ့၊ သူတို့ခေတ်သူတို့တပ်မက်တဲ့အမှတ်တံဆိပ်လေး ဖုန်သုတ်ပြီး အိမ်မှာရှိနေတာကိုက သူတို့အရသာ။ သူတို့အရသာ သူတို့သိသလိုမျိုးပဲ နေရှင်နယ်ဟေ့ဆိုရင်လည်း ဒီအတိုင်းပဲ ဖုန်ပြန်သုတ်လိုက်တိုင်း သူတို့ကိုယ်၌ပါ အရောင်လက်သွားတဲ့အတိုင်း။ ကိုယ့်အဖွားဆို သေသာသွားရော သူ့နောက်ဖေးခန်းလေးထဲ နေရှင်နယ်သစ်သားပုံးတီဗီလေး ထားပေးခဲ့ရတာ၊ ကိုယ့်လူကြီးတွေတအိမ်လုံးက အဲသစ်သားပုံးလေးထဲ အမွေအနှစ်တခုခုထည့်ထားတဲ့အလား ပွတ်သပ်ကြည့်ရ တဲ့အရသာ ခုနေခါအထိ ရှိနေကြတုန်းပဲ။ စိတ်ကူးနဲ့လည်း ပွတ်သတ်နေကြတုန်းဆိုပါတော့။ အိမ်ရှေ့ဘီရို အပေါ်မှာအခန့်သားနေရာယူထားတဲ့ နေရှင်နယ်ဓာတ်ခဲထည့်ထားတဲ့ နေရှင်နယ်ရေဒီယိုကြီးတွေနဲ့ ခေတ်ရဲ့ဆက်တင် တွေကိုလည်းပဲ စိတ်ကူးနဲ့ ဖုန်သုတ်နေကြမြဲပေါ့။ မရှိတော့တာ တခုပဲ၊ အိမ်ရှေ့ပတ်ရောင်းတဲ့ ငါးစိမ်းသည်ဖြစ်ဖြစ် ငါးခြောက်သည်ဖြစ်ဖြစ် အိမ်ခေါ်ချိန်တဲ့အခါ ကဲကဲကျုပ်အမရေ ဒီကအလေးကိုမယုံရင် အမအိမ်ပေါ်က နေရှင်နယ်ဓာတ်ခဲနဲ့ ယူသာချိန်ကြည့်လို့ ပြောမယ့်သူတွေ မရှိတော့တာပဲပေါ့လေ။


● နောက်ဆုံးသတင်းပို့ချက်

ကိုယ့်ဆီ တည့်တည့် ဆက်သွယ်လာတော့လည်း ဘယ်လိုမှရှောင်လွဲမရ။ ဓားအိမ်ထဲက ထုတ်ထားတဲ့ဓားကို ပြန်ထည့်ရတာ လွယ်တယ်။ ပြောင်းဝကထွက်လာတဲ့ ကျည်ဆံကတော့ ဘယ်လိုပြန်သိမ်းလို့ရမလဲ။ ကိုယ့်ဆီကို တိုက်ရိုက် ဆက်သွယ်လာပြီဖြစ်တဲ့ ကျည်ဆံ။ ကမ္ဘာကြီးရဲ့လိုအပ်ချက်ဟာ ရေချို၊ ဂျုံ၊ အာလူး၊ သကြား၊ ရေနံနဲ့ အတူ အသစ်စက်စက်ကျည်ဆံဟာ နေရောင်မှာ တဖိတ်ဖိတ်လက်နေတယ်။ ဈေးကွက်အရ ထုတ်လုပ်ပြီးသွားရင်တော့သုံးစွဲပစ်ဖို့ဆိုတာ ကမ္ဘာကြီးရဲ့သင်ရိုးပဲ။ ဈေးကွက်မှာ ပစ်မှတ်ပါလာပြီးသား။ ကိုယ့်ရင်ဘက်နဲ့လက်ခံမလား၊ ကိုယ့်ကျောသားနဲ့ လက်ခံမလား၊ ကိုယ့်ဦးခေါင်းနဲ့ လက်ခံမလား၊ ကျည်ဆံဟာ ကိုယ်သိရသလောက် ခပ်အေးအေးလေး လာနေပြီ။ ကိုယ်သေပေးလိုက်ရရင် ကိုယ့်နားကအယောက်တရာ ရှင်သွားမလား၊ ကိုယ့်ကျောသားရင်သား ဖွင့်ပေးလိုက်ရရင် ကိုယ့်ချစ်တဲ့သူတွေ ပျော်ရွှင်သွားမလား၊ ကိုယ့်ဦးနှောက်တွေ ဖွာလံကြဲပစ်လိုက်ရရင် ကိုယ့်လူမျိုးတွေ ငြိမ်းချမ်းသွားမလား။ ဘာမှဖြစ်မလာလည်း ကျည်ဆံကတော့ သွေးအေးအေးနဲ့လာနေပြီ။ မအောင်မြင်တဲ့ အဘိဓမ္မာထက် ရက်လွန်နေတဲ့ကျည်တတောင့်ဟာ အန္တရာယ်ကြီး ပါရောလား။ ဘယ်တတ်နိုင်မလဲ ကိုယ့်ဆီတည့်တည့် ဆက်သွယ်လာ မှတော့ ကိုယ့်မှာ အကြောင်းပြန်ကြားစရာ အကြောင်းပြချက်မရှိ။

ကျော်ဟုန်း ● စိတ္တဇ အလင်္ကာ ရှင်းတမ်း

$
0
0

ကျော်ဟုန်း ● စိတ္တဇ အလင်္ကာ ရှင်းတမ်း
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉

ကိုယ့်စိတ်ကူးနဲ့ကိုယ်
ရူးနေရတာဆိုတော့
ကိုယ်လိုအရူးတွေ ရှိဖို့လိုအပ်တယ်။

အားမငယ်ပါဘူး
ဗုဒ္ဓရှင်တော်ဘုရားက
လူတွေအားလုံး အရူးတဲ့။

အားမငယ်ပါဘူး
တွေးခေါ်ပညာရှင်တွေ ဖွင့်ဆိုချက်က
အချစ်ဆိုတာ ရူးနှမ်းခြင်းတဲ့။

အားမငယ်ပါဘူး
ဗန်ဂိုးလည်း
သူမွေးသမျှ လျှောမွေးတွေချည်းပဲ
ရုပ်ကြွင်းကျမှ ဆေးဘက်ဝင်သွားတာ။

အားမငယ်ပါဘူး
ဗဂျီအောင်စိုးက သူ့ပန်းချီကို
တပုံ တကျပ်နဲ့
လမ်းဘေးထိုင် ရေးပေးဖူးတယ်။

အားမငယ်ပါဘူး
ပန်းချီဆရာ ခင်မောင်ရင်ခင်မျာ
အလိုက်မသိ ယူငင်ခံရတဲ့ သူ့ချစ်ခြင်းတွေ
ပြုံးပြီး ကြည့်နေရကြိမ် မနည်းဘူးတဲ့။

အားမငယ်ပါဘူး
ဗန်ဂိုးကတော့ အသက်ရှင်စဉ်မှာ
သူရေးသမျှ ပန်းချီကား ထောင်ကျော်ထဲ
တချပ်တည်း ရောင်းရဖူးသတဲ့။

ဗိုက်က တဂွီဂွီအော်မြည်ချိန်တိုင်း
ရူးနှမ်းခြင်းတံတွေးကို
ပြန်မျိုချရင်း နှစ်သိမ့်
ချစ်ခြင်းရဲ့တန်ဖိုးကို
ဘာနဲ့ ဘောင်ခတ်ထားကြပါလိမ့်။

အယူအဆကို အဆ အယူနဲ့ လက်ခံတာ
သဘာဝကျလည်း
မိုးပေါ်ကျ အပ်နဲ့
မြေပြင်ထောင်အပ်ချင်း ထိဖို့
အချိန်သမယကြုံသလိုမျိုး
ကြာနေတတ်ပါသလား။

အဿပြာထက် တန်ဖိုးရှိတဲ့
မြတ်နိုးစွာ ရူးသွပ်ခြင်းကို
ချစ်ခြင်းလို့ ဘာသာမပြန်နိုင်ကြတဲ့ ကြားကာလ
အရူးလို့သာ သမုတ်ခံလိုက်ကြ
ပါရမီဟာ ဇာမဏီသွေးရှိမှ လုပ်နိုင်သကိုး။

တကယ်တော့ ဘာမဆို
ချက်ပေါ်ကို လက်တော်နဲ့ ရစ်သလောက်
လွယ်လို့လား မေးချင်
ကိုယ့် စိတ်နယ်လွန်တွေ
အလင်္ကာမြောက် မမြောက် မသိချင်
ရူးနှမ်းစွာ ချစ်နေဖို့ပဲ
ဆရာ့ ဆရာကြီးတွေလို သိဒ္ဓိတင်မယ်။

ဒါပေမဲ့ လက်တွေ့ကျ
လူလားမြောက်ဖို့ ခပ်ခက်ခက်
အရူးပေါများပေမယ့်
ရူးသွပ်သူရှားတဲ့ လောကပါလေ။။

ကျော်ဟုန်း
၂၀၁၉၊ ၀၂၊ ၁၆

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၉၈)

$
0
0
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၉၈)
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
ဆရာမြသန်းတင့် ကွယ်လွန်ခြင်း ဆယ်ကြိမ်မြောက်

ကျွန်တော့်ဇနီးက ဆရာမြသန်းတင့် ကွယ်လွန်သွားပြီဟု Washington DC သို့ တယ်လီဖုန်းဆက်ပြော၍ VOA မြန်မာပိုင်း ကနေ ဂုဏ်ပြုအစီအစဉ်တိုလေး လုပ်ပေးနိုင်ခဲ့၏။ (၄) နှစ်အကြာ၌မူ ဖျာပုံလမ်းသို့ အယ်ဒီတာ ဦးရဲထွဋ် (ဗိုလ်တထောင်/ဟံသာဝတီ) လိုက်ပို့၍ ကိုယ်တိုင်သွားရောက်ကာ မိသားစုနှင့် တွေ့ခွင့်ရခဲ့သည်။

မြသန်းတင့်က မောင်အောင်မွန်၏ ထုခြေလွှာအတောင်း နောက်ကျခြင်းဝတ္ထုကို အကြိုက်ဆုံး မောင်အောင်မွန်ကမူ ဆရာ ရေးသမျှအားလုံးထဲ ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း ကိုအကြိုက်ဆုံးမို့ အမှတ်တရသုံးလိုက်ပြီး၊ ကြုံဖူးဆုံ ဖူးကြိုက်ဖူး သူများစာအုပ်ထဲက ဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ပါ၏။

လေသူရဲ လက်နှိပ်စက်နှင့် မြသန်းတင့်
(၁)
ကျနော် Radio Moscow တွင်အလုပ်လုက်ပြီး မြန်မာ့အသံသို့ပြန်အလာ (၅၂)လမ်း၌တိုက်ခန်းဝယ်နေ၊ ပါလာသည့် ရေခဲ သေတ္တာ၊ ခြင်ကာတံခါး၊ ပန်ကာ၊ တယ်လီဖုန်း၊ ရေဒီယိုဂရမ်ကြီးနှင့် ဓာတ်ပြားများ၊ Grundic Recorder ကြီးနှင့် သီချင်း တိပ်ခွေများ စသဖြင့် ဇိမ်ကျကုံလုံ သို့သော် အဖော်မဲ့တကိုယ်တည်း စည်းစိမ်ရှင်ဆီ အပေါင်းအသင်း ကြီးငယ်တို့မကြာခဏ လာကြကုန်၏။

Privacy ကိုအင်မတန်ခုံမင် အထိမခံသမို့ ခင်မင်သူတိုင်းကိုပင် ကြိုတင်အသိမပေးလျှင် လာခွင့်မပြု။

မှန်မှန်ရောက်လာသူက စာရေးဆရာ မောင်တင်မြ၊ တခါတလေယောက်တည်း၊ တခါတလေ အတွဲ၊ တခါတလေ ရဲသုံးဖော်၊ တယ်လီဖုန်းဆက်ဖို့မလို ကျနော့်အလုပ်ချိန် သိနေသမို့ ကိုင်တင်မြအတွက် ၀င်ချင်ဝင် ထွက်ချင်ထွက်ပေါ့။

တနေ့ ကိုတင်မြက အမျိုးသားတယောက်ခေါ်လာ၊ ပါလာသော အထုပ်များအတွက် ကျန်နော်က ပန်းကန်ယူလာပေးစဉ် သူ့ဆီမှာဘာစားစရာမှမရှိလို့ အိမ်ကြွက်တွေတောင် တခြားသွားရှာစားရတာဟု ကိုတင်မြကပြော၏။ အမြည်းများ အငမ်းမရ ယူစားနေသည်ကိုကြည့်ပြီး မျက်နှာစိမ်းဧည့်သည်က Say thank you. You are very rude. စာရေးဆရာချင်း Thank you လေးတောင်မပြောဘူးလားဟုပြောရာ-- ဒေါသထွက်ရမည်ထက် အံ့သြစွာ မျက်နှာစိမ်းဧည့်သည် အားငေးကြည့်နေမိ၏။

ကိုတင်မြက ခပ်အေးအေး-- စာရေးဆရာ လေသူရဲ(တဦး)ဟု မိတ်ဆက်ပေးသည်။

သူလည်းတေးဂီတကြိုက်သမို့ ၀တ္ထုတိုရေးသမား ၃ ယောက် စကားပြောလို့ကောင်း၊ သီချင်းရွေးကြ နားထောင်ကြ၊ အချိန် တွေကုန်မှန်းမသိကြနှင့် အပြန်တွင် လေသူရဲ(တဦး)လည်း Thank you ပြောဖို့သတိမရ။ ခင်မင်ရင်းနှီးသွား လိုက်ကြတာ-- နှစ်ပေါင်းများစွာကြတော့ Thank you လည်းဘယ်ပျောက်သွားသည်မသိ။

ထိုပုံစံနှင့် ၁၉၆၉ ခု၊ နွေညတည ပူစပ်စပ်ကာလ ရန်ကုန်မြို့ (၅၂) လမ်းက အိုအေစစ်လေး၌ လေသူရဲ(တဦး)နှင့် မောင် အောင်မွန် ပထမဆုံးဆုံခဲ့ကြသည်။

(၂)
မြန်မာ့အသံ မြန်မာပိုင်းတွင် Full time Radio Broadcaster ဖြစ်နေပြီမို့ ကျနော်နှင့်ရင်းနှီးသူ ဗိုလ်မှူးစောမြင့် (ရေ) ၏ မြန်မာ့သတင်းစဉ် (ပြည်တွင်း) သို့ ရောက်သွားလေ့ရှိရာ အထူးအရာရှိ ဗိုလ်ကြီးလှဝင်း (လေ) အဖြစ် သူနှင့်ဆုံရပြန်၏။ သ တင်းစာသင်တန်းအောင်၊ အယ်ဒီတာချုပ်ဖြစ်လာချိန် သူပြောနေကျ စာရေးဆရာချင်း ဆိုသောစကားလိုပင် ဦးသောင်း အား အောင်ဗလအဖြစ်၊ ဦးဘသော်အားမောင်သော်ကအဖြစ် လေသူရဲကခင်မင်ရင်းနှီးသည်။
Japan Radio NHK မှာသွားလုပ်ဖို့ ရွေးချယ်ခံရပြီးမှ ထန်းပင်လိုမြင့်သူအတွက် ကျနော်ဖယ်ပေးရ၍ တိုက်ခန်းရောင်းကာ အကိုကြီး ဦးကြည်လွင်နှင့် သွားနေ၏။ ပဲခူးမှာ သူမယ်ဒလင်တီးရင် ဘေးကနားထောင်၊ သူဘောလုံးကန်ရာ လိုက်ကြည့်သူ ကျနော့်အား ညီငယ်အရင်းလိုချစ်သူ-- ချင်းပြည်နယ် ဒုတိယအတွင်းဝန်ကနေ ရာထူးတက် ရန်ကုန်စည်ပင်သာယာအဖွဲ့ အတွင်းရေးမှူးအဖြစ် ဖိုးစိန်လမ်း၌ နှစ်ထပ်အိမ်ကြီးတွင် မိသားစုနှင့် နေနေသည်။

မင်းက စာရေးဆရာဆိုတော့ ဒီလက်နှိပ်စက်လေး အသုံးဝင်လိမ့်မယ်--ဟုတနေ့ ရုံးကအပြန်တွင် Olympia Portable Tyewriter ကျနော့်အားလက်ဆောင်ပေးသည်။ သားရေးအိတ်နှင့် လက်ဆွဲပေါ့ပေါ့ပါး။

(၃)
လက်နှိပ်စက်ရိုက်ပြီး စာရေးသူ ကျနော်ပထမဆုံး မြင်ဖူးသူသည် အထောက်တော်လှအောင်ဖြစ်၏။ ဘာသာပြန်စာအုပ်တွေကို တဖြောင်းဖြောင်းနှင့်ရိုက်ပြီး တနေ့စာမျက်နှာမည်မျှရကြောင်း ဒိုင်ယာရီထဲရေး၏။ ၃၃ မျက်နှာအထိ ရဖူးကြောင်းပြောပြသည်။ သို့သော် သူသုံးနေသော လက်နှိပ်စက်မှာ ဟောင်းပြီးမကြာခဏ ပျက်ပျက်နေ၍ ခေါ်ခေါ်ပြင်ရသည်။

ခမျာအတော်ပင်ပန်းရှာ၏။

ကျနော်သည် ၀တ္ထုတိုရေးသမား၊ စိတ်ကူးကိုလက်နှင့်သာရေးခဲ့စမြဲမို့ လက်နှိပ်စက်ရိုက်ပြီး မရေးတတ် မရေးနိုင်။ သို့သော် ပင်ကိုရေးမဟုတ်သော ဘာသာပြန်များကို စိတ်ထဲစကားလုံးရွေး ၀ါကျဖွဲ့လက်နှိပ်စက်ရိုက်၊ စမ်းကြည့်ရာ အောင်မြင်၍ ၀မ်းသာအားတက်မိပြီ။

သည်လိုနှင့်ပင် The Wind Cannot Read By Richard Mason ကို လက်နှိပ်စက်ရိုက်ပြီး စတင်၍ ဘာသာပြန်သည်။ ကျနော်သည် Touch Method ခေါ် လက်(၁၂) ချောင်းနှင့် ရိုက်တတ်သူမဟုတ်၊ မြန်မာအက္ခရာကို ဟိုရှာဒီရှာနှင့်သာ လက်ညှိုးနှစ်ချောင်းနှင့်သာ ရိုက်ရပါ၏။ သည်ကြားထဲ မှားမည်ကိုလည်း စိုးရိမ်ရသေး။

မည်သို့ဆိုစေ ပထမတမျက်နှာ ပြီးသွားသည်ကိုကြည့်ပြီး ရလိုက်သည့်ပီတိ ခုတိုင်ရင်ထဲနွေးနေဆဲ။

ဘယ်လောက်ကြာသွားသည် ၃၁-၇- ၁၉၈၂ နေ့တွင် အစအဆုံး ဘာသာပြန်ပြီးသွားလေပြီ။ မောင်အောင်မွန်ကို ပင်ကိုရေး စာရေးဆရာ၊ အထူးသဖြင့် ရှုမ၀၊ မြ၀တီ၊ ပေဖူးလွှာ စသည့်မဂ္ဂဇင်းများတွင် ပါသည့်ဝတ္ထုတိုရှည်တို့ကိုသာ ဖတ်ဖူးကြသူများအဖို့ ဘာသာပြန်လုံးချင်းက ထူးဆန်းနေမည်လော။ ပြီးတော့ ဈေးကွက်အသစ်ထဲ ၀င်ရမည့်မျက်နှာစိမ်း။

ကံကောင်းအဆင်ပြေချင်တော့ ပန်းခြွေတဲ့လေ ဟုအမည်ပေးထားသည့် The Wind Cannot Read By Richard Mason ဘာသာပြန်ကို ဖတ်ကြည့်ပြီး ဘ၀တက္ကသိုလ် ကိုနေ၀င်းက သဘောကျ၍ ၁၉၈၄ ခု၊ မတ်လတွင် ၂ တွဲထုတ်ပေးသည်။

ထို့နောက် The Purple Plain By H.E. Bates ကို လက်နှိပ်စက်ရိုက်ပြီး ဘာသာပြန်၏။ ပြီးသွားတော့ ပေဖူးလွှာမဂ္ဂဇင်းတွင် (၆)လ အခန်းဆက် ထည့်နိုင်ရန် စာမျက်နှာအကန့်အသတ်ကိုက်ညီရေး ကျုံ့သွားအောင် အတိုချုံ့ပေးရသည်။ အယ်ဒီတာချုပ် ဦးမြလှိုင်၊ မှူးသမိန် (ဗိုလ်မှူးကြီးစောမြင့်) တို့နှင့် ၃ ယောက်သားတိုင်ပင် လုပ်ဆောင်ကြပြီး ထိုခရမ်းရောင်လွင်ပြင် ဘာသာပြန်ဝတ္ထုကို နောက်ပိုင်း အပြည့်အ၀လုံးချင်းအဖြစ် ထုတ်ခဲ့၏။

မကြာသေးခင်ကပင် ရာပြည့်တိုက်က ဒုတိယအကြိမ်ပှုံနှိပ်ထုတ်ဝေခဲ့သေးသည်။

ကျနော်တို့ခေတ်က မြန်မာပြည်တွင် လူကြိုက်များခဲ့သော ရုပ်ရှင်ဇာတ်ကား၏ မူရင်းဝတ္ထုဖြစ်သော The Teahouse of the August Moon By Vern Sneider ကိုလည်း လပြည့်ဝန်းသည့်ဖန်ရည်ဆောင် ဟူ၍ ဘာသာပြန်ကာ ဂီတပဒေသာ မဂ္ဂဇင်းတွင် (၈) လအခန်းဆက် ဖော်ပြခဲ့၏။ ယခုလုံးချင်းအဖြစ် ပြန်ထုတ်နိုင်ဖို့ ကြားတလ ရှာမရနိုင်သေး၍ အခက်ကြုံနေသည်။

ကျနော်အများဆုံး လက်နှိပ်စက်ရိုက်ပြီး ရဖူးသည်ကား တနေ့ (၁၁) မျက်နှာ ၃ကြိမ်ထက်မပို၊ မည်သို့ဆိုစေ စာအုပ်ကြီး ၃ အုပ်ကို လက်နှိပ်စက်ရိုက်ပြီး ဘာသာပြန်နိုင်ခဲ့၍ ကျေနပ်ပါ၏။

(၄)
ကျနော်အိမ်ထောင်ကျပြီး ပုသိမ်လမ်း၌နေစဉ် ဖျာပုံလမ်း၌နေသူ ကိုမြသန်း (တင့်) နှင့်မိသားစုချင်းပါ ခင်မင်ရင်းနှီးသည်။ သူ့မိသားစုတွင် ကလေးငယ်မရှိသေး၍ ကျနော့်သားပေါက်စကို ၀ိုင်းချစ်ကြ၏။ မြသန်းတင့်နှင့် မောင်အောင်မွန် ထမင်းစားချိန်နှင့်ကြုံလျှင် လက်ဆေးကာ ၀င်စားဖြစ်သည်အထိ ရင်းနှီး၏။ သူ့ညီများကိုအကြောင်းပြု၍ ပွင့်လင်းစွာ ပြောကြဆိုကြ၊ သို့သော် စည်းကမ်းနှင့် Off the record, for your ears only မို့ ထိန်းသိမ်းရသည်။

ကျနော် မြန်မာ့အသံက ထွက်ဖို့ပြင်ဆင်ရင်း စာပေဗိမာန်နောက်ဘက် ဘိုကလေးကျောင်းလမ်းသို့ ပြောင်း၏။

ထိုလမ်းတိုလေးသည် အလောင်းစည်သူကျောင်းဟု လူအများနောက်ခေါ်ကြသော စမ်းချောင်း အထက(၁)နှင့်ကပ်လျက် ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။ လမ်းထိပ်တွင် လူစည်ကားသော လက်ဖက်ရည်ဆိုင်ရှိ၏။ ကုက္ကိုပင်ကြီးများ ပိတောက်ပင်ကြီးများနှင့် အရိပ်ကောင်း အေးဆေးငြိမ်သက်စမြဲ။

ကျနော့်အားခင်မင်သူများကမူ ဘယ်နေရာပြောင်းပြောင်း၊ လိုက်ရှာကာ ရောက်လာတတ်သည်။ အထူးသဖြင့် ကျနော်နှင့် စကားပြောချင်ကြသည့် မြသန်းတင့်၊ အောင်သင်း၊ အထောက်တော်လှအောင်တို့ ပုံမှန်လောက်ရောက်လာ လေ့ရှိသည်။

ထူးထူးခြား မြသန်းတင့်ကမူ အသုဘပို့အပြီး ယပ်တောင်လေးကိုင်ကာ ရောက်လာတတ်၏။ ကျနော့်ဇနီး၏ မြင်းခွါရွက်သုပ်ကို ခံတွင်းတွေ့၊ မွန်းလွဲပိုင်း အပူချိန်အပြင်းဆုံးအချိန် အသုဘပို့အပြီး အရိပ်လည်းခိုရင်း ဖြစ်သလားမသိ။ အဖန်ရည်သောက် အေးအေးလူလူ စကားပြောကြ၊ ညနေဘက်ကျမှ နှစ်ယောက်သား ဖျာပုံလမ်းသို့ လမ်းလျှောက်ကြသည်။

ကိုမြသန်း  (တင့်) ရောက်လာတိုင်း ကျနော်၏ လက်နှိပ်စက်ရိုက်ပြီး ဘာသာပြန်လက်စ စာရွက်များ ယူကြည့်ဖတ်ကြည့် လေ့ရှိ၏။

(၅)
ကျနော်ပုသိမ်လမ်း၌ နေစဉ်တုန်းက တခါတလေ သူ့သားအပါကိုပါခေါ်လာကာ ရေဒီယိုဂရမ်ကြီးနှင့် သီချင်းလာနား ထောင်လေ့ရှိသော စာရေးဆရာ လေသူရဲ (တဦး) သည် ဘိုကလေးကျောင်းလမ်းသို့ ပြောင်းသွားသည့်တိုင် စုံစမ်းကာရောက် လာတတ်၏။ အခြေအနေကားပြောင်းလဲနေပြီ၊ ၅၂ လမ်းတုန်းကနှင့် မတူ--နည်းနည်းလေးမှမတူတော့။ ယခုအခါ အိမ်သာ ကိုပင် အိမ်ရှင်နှင့်တွဲသုံးရသည့်ဘ၀။

သို့သော် ရောက်လာကြသူတို့၏ ခင်မင်မှုကမူ နွေးထွေးလှလေစွ။

လေသူရဲ (တဦး) သည် ကျနော့်နှင့်စကားပြောချင်ပုံရ၏။ မကြာခဏဆိုသလို သူ့ဇနီးဆရာဝန်မ ဆေးခန်းဖွင့်ထားရာ သာကေတသို့လိုက်ပို့ရင်း စကပြောဖို့ ကျနော့်အားခေါ်သွားလေ့ရှိသည်။ စာအကြောင်း ပေအကြောင်း စာပေလောက အကြောင်း စာရေးဆရာတို့အကြောင်း သူ့အမြင် ကိုယ့်အမြင်။ ကျနော်တို့ နှစ်ယောက်စလုံးသိသော နှစ်ယောက်စလုံး ခင်မင်သော စာရေးဆရာများကလည်း အများသား။

အဲဒီထဲ မြသန်းတင့်လည်းပါသည်။

ပြေး ရှောင် ပုန်းနှင့် နောက်ဆုံး ကိုကိုးကျွန်းရောက်သွားသော မြသန်းတင့် စာမရေးနိုင်ခြင်းသည် တိုင်းပြည်အတွက် များစွာနစ်နာသည်ဟု ကျနော်တို့နှစ်ယောက် ကောက်ချက်ချ၏။ မြသန်းတင့်လက်ရေးသည် ရှင်းလင်းလှပပါ၏၊ သို့သော်သူ ကား ကဗျာဆရာမုဟုတ်၊ စာအုပ်များစွာ ဘာသာပြန် ရေးသားသောသူမို့ မျက်စိကလည်း အင်မတန်အားနည်းနေပြီဖြစ်၍ လက်နှင့်ရေးလို့တော့ စာအုပ်တွေထွက်လာမည်မထင်ဟု ကျနော့်အမြင် ပြောဖြစ်ခဲ့သည်။

(၆)
ဘိုကလေးကျောင်းလမ်းထိပ်၌ သူ့မော်တော်ကားရပ်ခဲ့ကာ လေသူရဲ (တဦး) ရောက်လာ၏။ လက်နှိပ်စက်ရိုက် ဘာသာပြန် နေသော ကျနော့်အား သူ့မှာလည်း ဤ Olympia Portable Tyewriter မျိုးတလုံးရှိသော်လည်း သိပ်မရိုက်ဖြစ်ဟုပြောသည်။ ထုံးစံအတိုင်း စကားပြောကြပြီး သူအပြန်ကျနော့်အား ဖျာပုံလမ်းသို့ ၀င်ပို့ပေးပါဟု ဆိုကာ သူ့ကားနှင့် လိုက်ပါသွားရင်း ဟိုရောက်တော့သူလည်းဆင်း၏။

မြသန်းတင့် အိမ်မှာရှိနေ၍ သုံးယောက်သား စကားကောင်းနေကြချိန်--၊

လေသူရဲ (တဦး) က ရုတ်တရက် ကျနော့်မှာ Olympia Portable Tyewriter တလုံးရောင်းဖို့ရှိတယ် ဟုပြော၏။ ခေတ် ကောင်းစဉ်က မြန်မာပြည်တွင် မြသန်းတင့်လို စာရေးဆရာအဖို့ ၀တ္ထုတပုဒ်စာမူခနှင့်ပင် ထိုသို့သော လက်နှိပ်စက်ဝယ် နိုင်ပါသည်။ ဟင်းရွက်ကန်စွန်းလို့ လူတကာဝယ်လို့လည်းရပါသည်။

သို့သော်လည်း မဆလ ခေတ်တွင်မူ-- ဘားလမ်းက လက်နှိပ်စက်ရိုက်နေသူများပင် မထင်တော့သော သို့မဟုတ် ပျောက် နေသော စာလုံးကိုလက်ရေးနှင့် ဖြည့်နေရသောအချိန်ပါ။ မြန်မာတပြည်လုံးတွင် လက်ချိုး၍ ရေတွက်ရလောက်အောင် နည်းပါးသော Olympia Portable Tyewriter ၏ ကာလပေါက်ဈေးကို ခန့်မှန်းမရ။ အတန်ကြာချိန်ဆနေပြီးမှ--- မြသန်း တင့်က ကျနော်--ကျနော် အမြတ်ဘယ်လောက်ပေးရမလဲဗျာဟုမေး၏။

မြသန်းတင့်စာအုပ်တွေ ထွက်ရေးအတွက် ကျနော်ဘယ်လိုလုပ် အမြတ်ယူရမှာလဲ--ဟူ၍ လေသူရဲ (တဦး)ကဖြေလိုက်သည်။

(၇)
နှစ်တွေများစွာ ကြာခဲ့ပါပြီ။ မြသန်းတင့်ကွယ်လွန်ချိန် ကျနော့်မိသားစုသာ လိုက်ပို့နိုင်ပြီး ကျနော်ကမူ VOA မြန်မာပိုင်းက အမှတ်တရဂုဏ်ပြု အသံလွှင့်နိုင်ခဲ့၏။ လေသူရဲ (တဦး)၏ အသံလည်း ခုမှပြန်ကြားရ၏။ မြသန်းတင့်၏ စာအုပ်တွေများစွာ ထွက်ရေး၌ ထိုလက်နှိပ်စက် မည်မှအရေးပါသနည်း၊ ကျနော်မသိ။

လေသူရဲ (တဦး) ပြောနေကျ စာရေးဆရာချင်း ကျေးဇူးတင်စကား ပြောဖို့မလိုဆိုသည်ထက် ကျနော်ဘယ်လိုလုပ် အမြတ်ယူရမှာလဲ--ဟူသော အသံလေးသာ ကျနော့်ရင်ထဲပဲ့တင်သံထပ်နေဆဲပါ။

၂၀၁၉ ခု၊ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့။

မောင်စွမ်းရည် - စာပေဝေဖန်ရေး

$
0
0

မောင်စွမ်းရည် - စာပေဝေဖန်ရေး
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉

ကျနော် အခုအခါမှာ ပြေးရင်းလွှားရင်း အမေရိကားမှာပဲ သော`င်တင်နေပါတယ်။။ ၁၄-၅ နှစ် ကြာခဲ့ပါပြီ။ ၂၀၁၅-၁၆ တို့မှာ ဗမာပြည်ကို ခနပြန်တယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေကို ကဗျာကရာ ရှာဖတ်ပါတယ်။ စာနယ်ဇင်းတွေမှာ စာပေဝေဖန်စာရယ်လို့ မတွေ့ခဲ့မိပါဘူး။ တွေ့သမျှ စာပေဆောင်းပါးများကလည်း အဆင့်အတန်းမရှိဘူးလို့ ထင်မိပါတယ်။ စိတ်မကောင်းစရာပဲ။

စာပေဝေဖန်တယ်ဆိုတာ စာတပုဒ်ကို ဖတ်ပြီး ကောင်းမကောင်းကို ကျိုးကြောင်းပြပြီး ရေးသားပြောဆိုခြင်းပါပဲ။ ဝေဖန်မှုမရှိဘဲနဲ့ စာပေလောကမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အသေအချာမသိနိုင်ပါဘူး။ ဒီတော့ စာပေဟာ မတိုးတက်နိုင်ပါဘူး။ စာပေဝေဖန်မှုရှိမှသာ တိုးတက်နိုင်မှာပါ။ ကျနော်တို့ခေတ်သစ်စာပေလောကမှာ ခေတ်ဦးပိုင်းကဆိုရင် ရန်ကုန်တက္ကသိုလ်အသိုင်းအ၀ိုင်းက ဆရာကြီးဦးဖေမောင်တင်တို့ ဦးဆောင်ပြီး ခေတ်သစ်စာပေဝေဖန်ရေးတို့ကို လမ်းခင်းပေးခဲ့ပါတယ်။ ခေတ်သစ်ဝေဖန်ရေးလို့ ဆိုရတာက ရှေးဟောင်းနဲ့ မတူနိုင်လို့ပါပဲ။ ရှေးကတော့ ရှေးဟောင်းပါဠိဝေဖန်နည်းတွေ သုံးခဲ့တယ်။ ဂုဏ်၊ ရသ၊ အလင်္ကာ ဆိုတာတွေနဲ့ပေါ့။ ခေတ်သစ်ဝေဖန်ရေးကတော့ လောက၊ သဘာဝ၊ လူ့သဘာဝကို ဘယ်လောက် ထင်ဟပ်ဖော်ကျူးနိုင်သလဲ၊ ဘယ်လို ထင်ဟပ်ဖော်ကျူးသလဲ၊  ဆိုတာမျိုးကို အဓိကထားကြည့်တဲ့နည်းပေါ့။ အနောက်တိုင်းဝေဖန်နည်းလို့ အလွယ်ပြောရင်လည်း ရပါတယ်။

ဦးဖေမောင်တင်တို့က ဦးလတ်ရဲ့ စပယ်ပင်ဝတ္ထုတို့ ဂျိမ်းလှကျော်ရဲ့ မောင်ရင်မောင်၊ မမယ်မ ၀တ္ထုတို့ကို ဝေဖန်ခဲ့ပါတယ်။ တက္ကသိုလ်အသိုင်းအ၀ိုင်းထဲက ပါမောက္ခ ဂေါ်ဒွန်လုစ်တို့ ဂျေအက်စ်ဖာနီဗယ်တို့လို ပုဂ္ဂိုလ်များကလည်း မြန်မာစာပေတွေကို အင်္ဂလိပ်လို ရေးသားဝေဖန်ခဲ့ကြပါတယ်။ သုတေသနဂျာနယ်၊ ဂန္ထလောကမဂ္ဂဇင်း စတဲ့ စာစောင်တွေ ထုတ်ဝေပြီး ခေတ်မှစာပေသုတေသနနဲ့ စာပေဝေဖန်ရေး ဗဟုသုတတွေ ခင်းကျင်းဖော်ပြပေးခဲ့ကြပါတယ်။ သူတို့မွေးထုတ်ထားတဲ့ မြန်မာစာပေတပည့်များဖြစ်သူ သိပ္ပံမောင်ဝနဲ့ ဆရာဇော်ဂျီတို့ကလည်း စာပေသစ်များကို ပြုစုရင်း စာပေဝေဖန်ရေးတို့ကိုလည်း တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါက ကိုလိုနီခေတ်နောက်ဆုံးအပိုင်းနဲ့ လွတ်လပ်ရေးခေတ်ဦးပိုင်း အထိပါပဲ။

လွတ်လပ်ရေးခေတ်ဦးပိုင်းမှာတော့ ဒဂုန်တာရာနဲ့ တာရာမဂ္ဂဇင်းပေါ်လာပြီး စာပေဝေဖန်ရေးတာဝန်ကို ယူပါတယ်။ ဒီကာလမှာတော့ စာပေဝေဖန်ရေးက နိုင်ငံရေးကဲပါတယ်။ လက်ဝဲဂိုဏ်းနဲ့ လက်ယာဂိုဏ်း စာပေတိုက်ပွဲ ပြင်းထန်ခဲ့သလို၊ လက်ဝဲဂိုဏ်းတွေကြားမှာလဲ လက်ဝဲချင်း စာပေတိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ 'စာပေသည် ပြည်သူကို အကျိုးပြုရမည်'ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ 'ပြည်သူ့စာပေအယူအဆ'ရှေ့တန်းကို ရောက်လာခဲ့ပါတယ်။ တာရာမဂ္ဂဇင်းကလည်း ခနပဲခံပြီး ရပ်သွားတော့ စာပေဝေဖန်သံတွေလည်း စဲသွားခဲ့တယ်။ စစ်အစိုးရတက်လာပြီး စာရေးဆရာတွေ ထောင်ထဲနဲ့ ပင်လယ်ထဲက ကျွန်းပေါ်ကို ရောက်ကုန်ကြပါတယ်။ ဖိနှိပ်ချူပ်ချယ်မှုတွေများပြီး ဝေဖန်ရေး ဆွံ့ရှားသွားခဲ့ပါတယ်။

စစ်တပ်နောက်ခံ 'မဆလ'ဆိုရှယ်လစ်အစိုးရခေတ်မှာ ဆိုရှယ်လစ်သံ မြည်ဟည်းနေတဲ့ကြားထဲကို 'ဆိုရှယ်လစ်သရုပ်မှန်'ဆိုတဲ့ အသံပေးပြီး စာပေဝေဖန်ရေးတမျိုး တိုးဝင်လာခဲ့ပါတယ်။ ဆိုရှယ်လစ်အသံပါလို့လား မသိ - မဆလက မန္တလေး လူထုသတင်းစာမှာပါတဲ့ စာပေဝေဖန်ရေးကို ခွင့်ပြုထားခဲ့ပါတယ်။ တခါနှစ်ခါတော့ အဖြတ်ခံ၊ အဖြုတ်ခံရတာပေါ့။ မင်သုတ်ခံရတာလဲ ရှိတာပေါ့။ ဒီကြားကပဲ မောင်စွမ်းရည်ရဲ့ လူထုသတင်းစာ ဝေဖန်ရေးကဏ္ဍဟာ ၁၀နှစ်လောက် သက်တမ်းရှည်ခဲ့ပါတယ်။ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းရဲ့ စာဆိုတော်နေ့ စာတမ်းဖတ်ပွဲက ရှေးစာ - ခေတ်စာ ဝေဖန်စာတမ်းတွေဟာလည်း နှစ်စဉ်မြိုင်ဆိုင်ခဲ့ပြီး ဝေဖန်ရေးစာတမ်းစာအုပ်တွေ ထုတ်နိုင်ခဲ့ပါတယ်။ တကယ်တော့ မဆလ-ဆိုရှယ်လစ်နဲ့ မပတ်သက်တာတွေ။ ဗိုလ်နေ၀င်းက ဘာအဖွဲ့မှ မဖွဲ့ရ၊ ဘာစာတမ်းဖတ်ပွဲမှ မလုပ်ရ ဆိုပြီး ပိတ်ပင်လိုက်တော့မှ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းလည်း ပိတ်၊ ဝေဖန်စာတမ်းတွေလည်း ပိတ်။ လူထုသတင်းစာမှာ ပါနေတဲ့ မောင်စွမ်းရည်ရဲ့ စာပေဝေဖန်ရေးကဏ္ဍလည်း ပိတ်သွားခဲ့ပါတယ်။

မန္တလေးမှာ လူထုသတင်းစာကို ပိတ်လိုက်ပြီး အစားထိုးတဲ့အနေနဲ့ ဟံသာဝတီသတင်းစာတိုက်က်မှာ ကြေးမုံဦးဝင်းတင်ကို အယ်ဒီတာချုပ်ခန့်ပြီး မန္တလေးကို ပို့လိုက်ပါတယ်။ လူထုအယ်ဒီတာ၊ လူထုစာရေးဆရာတွေနဲ့ မပတ်သက်ရ လို့ ဗိုလ်နေ၀င်းက မှာလိုက်ပေမယ့် ဦးဝင်းတင်က မောင်စွမ်းရည်ကို ဟံသာဝတီမှာ ရေးဖို့ ဖိတ်ခေါ်ပါတယ်။ မောင်စွမ်းရည်က စာပေဝေဖန်စာတွေ လုံးဝမရေးဘဲ ကျေးလက်လူထုတေး၊ ကောက်စိုက်သီချင်းတွေအကြောင်းကို အဓိကထားပြီး နာမည်ရင်းနဲ့ ရေးပေးခဲ့ပါတယ်။ ဒီတော့ မောင်ဝန်ဇင်း အမည်နဲ့ ဦးဝင်းတင်ပဲ စာပေဝေဖန်စာတချို့ ရေးပါတယ်။ စနေစာပေ၀ိုင်းကို တီထွင်ပြီးလုပ်တော့ မောင်စွမ်းရည်တို့က မသွားပါ။ မလွှဲသာလို့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ပဲ သွားကြပါတယ်။ ဦးသိန်းဖေမြင့် ရန်ကုန်ကလာပြီး စာတမ်းဖတ်ပါတယ်။ ဒီသတင်းကိုလည်း ဗိုလ်နေ၀င်းသိတော့ ဟံသာဝတီသတင်းစာကိုလည်း ပိတ်၊ အယ်ဒီတာကိုလည်း ဖြုတ်လိုက်ပါတယ်။

အဲဒီကတည်းက ဖိနှိပ်မှုတွေ ပိုများလာပြီး စာပေဝေဖန်ရေးရော ဘာဝေဖန်ရေးမှ မရှိတော့ပါ။ ရှစ်လေးလုံးအရေးတော်ပုံတို့ ရွှေဝါရောင်အရေးတော်ပုံတို့ ဆက်တိုက်ပေါ်လာပြီး ပွဲကြမ်းကုန်တော့တာပါပဲ။ စာရွက်ပေါ်က ဝေဖန်ရေးမရှိတော့ပဲ လမ်းပေါ်လူထုဝေဖန်ရေးတွေပဲ ပေါ်ပေါက်ခေတ်စားလာခဲ့ပါတယ်။ ဒီလိုနဲ့ စာပေဝေဖန်ရေးမရှိတဲ့ တိုင်းပြည်ဆိုတာ ကမ္ဘာမှာ ဗမာကွ ဆိုပြီး ရပ်တည်လာခဲ့တာ ခုအထိ အရှိန်မပြေသေး။ လူငယ်တွေက ကမ္ဘာကြီးနဲ့ အဆက်ပြတ်ပြီး ကမ္ဘာစာပေလည်း မသိ၊ ဗမာ့စာပေလည်း နှံ့စပ်အောင် မသိကြတော့။ ဝေဖန်စာတွေ မရေးနိုင်ကြတော့ စာနယ်ဇင်းတွေလည်း မထွန်းကားကြတော့။ စာပေဝေဖန်ရေးသမား မရှိတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ ဗမာပြည်ဟာ ဘယ်လောက်ကြာကြာ ရပ်တည်နေမလဲ မသိ။ ဝေဖန်ရေးလုပ်မယ့် လူငယ်တွေဟာ ကမ္ဘာစာပေနဲ့လည်း ချိတ်မိပါစေ၊ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးကို စာပေနောက်ခံအဖြစ် လေ့လာနိုင်ပါစေ။ မြန်မာ့စာပေကိုလည်း ရှေးရော ခေတ်ပါ နှံ့စပ်ပါစေ။

မောင်စွမ်းရည်
၂၀၁၉ ဖေဖော်ဝါရီ ၇၊ နယူးယောက်

လင်းသက်ငြိမ် ● နှလုံးသားမပါတဲ့ ပေါင်မုန့်တွေ

$
0
0

လင်းသက်ငြိမ် ● နှလုံးသားမပါတဲ့ ပေါင်မုန့်တွေ
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈

မှန်ကောင်တာထဲက ပေါင်မုန့်ဖြစ်ဖြစ်
ခြင်းထဲက ပေါင်မုန့်ဖြစ်ဖြစ်
အတူတူ အနူနူပဲ
အကောင်းစားပေါင်မုန့်ဖြစ်ဖြစ်
အညံ့စားပေါင်မုန့်ဖြစ်ဖြစ်
ပေါင်မုန့်စရိုက် ပေါင်မုန့်အချိုးက တစ်ပုံစံတည်း
လမ်းတိုင်းမှာ ပေါင်မုန့်အိတ်ခွံတွေကို တွေ့နိုင်ပေမယ့်
ပေါင်မုန့်တွေကိုတော့ လမ်းတိုင်းမှာ မတွေ့နိုင်တဲ့
ဘယ်သူ့ နိမိတ်စကားလည်း မသိဘူး
အခုထိ သွေးသံတရဲရဲ
လက်တစ်ကမ်းအနေအထားမှာ ရှိတဲ့
ပေါင်မုန့်တွေ ငေးရင်း
သူ့ခွက်ကလေးထဲက ကျောက်ခဲတွေကို အသံမြည်အောင်
လှုပ်ခါနေတဲ့ သူတောင်းစားကလေးတွေ
ပေါင်မုန့်တွေကို ငေးနေရုံနဲ့
ပေါင်မုန့်တွေက မင်းတို့ဗိုက်ထဲကို ရောက်မလာဘူးတဲ့
ခြေတစ်ဖက်ပြတ်နေတဲ့ သူတောင်းစားအိုကြီးက
စိတ်ပျက်နေတဲ့ အသံနဲ့လှမ်းအော်တော့လည်း
ပေါင်မုန့်တွေက မသိသလိုနေနေကြတုန်းပဲ
ကမ္ဘာမှာပေါင်မုန့်တွေအများကြီးရှိမှန်း
ပေါင်မုန့်တွေသိကြတယ်
ကမ္ဘာမှာငတ်မွတ်နေသူတွေအများကြီးရှိမှန်း
ငတ်မွတ်နေသူတွေမသိကြဘူး
ပေါင်မုန့်တစ်လုံးကို စစ်တိုက်သလိုတိုက်ယူရင်
ပေါင်မုန့်ဆိုင်ကလူတွေက ခွေးရိုက်သလို ဝိုင်းရိုက်မှာကို
သူတောင်းစားကလေးတွေ သိထားတော့
ပေါင်မုန့်တွေဟာ သူတို့ရဲ့ သောက်ချိုးအတိုင်းနေထိုင်တယ်
မိုးပေါ်ကနေ လေယာဉ်တွေ ပျက်ကျလာနိုင်ပေမယ့်
ပေါင်မုန့်တွေကတော့ ဘယ်ကမှ ပျက်ကျမလာနိုင်ဘူး
တရားဟောဖို့လောက်သာ စိတ်ဝင်စားပြီး
ပေါင်မုန့်တစ်လုံးကို လွှတ်ချလိုက်ဖို့ မလွယ်တဲ့လူသားတွေ
ပေါင်မုန့်ဆိုင်ထဲမှာ ကျကျနနထိုင်လို့
ဆိုင်အပြင်ဘက်မှာတော့
ဆာလောင်နေတဲ့မျက်လုံးများစွာနဲ့
လေထဲလွင့်နေတဲ့ ပေါင်မုန့်အိတ်ခွံတွေနဲ့
ပေါင်မုန့်ဆိုင်ထဲက သီချင်းသံကို အားလုံးကြားရတယ်
ကမ္ဘာမြေ ငြိမ်းချမ်းပါစေတဲ့။      ။

လင်းသက်ငြိမ်

ကိုသန်းလွင် ● လွတ်လပ်ခွင့်

$
0
0
ကိုသန်းလွင် ● လွတ်လပ်ခွင့်
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉

(၁)
၁၉၆၈ ခုနှစ်ကစာစီစာကုံးတခုတွင် ဂျရပ်ဟာဒင် (Garrett Hardin) က လူတွေကို “အရာအားလုံးမှာ လူတွေကို လွတ်လွတ်လပ်လပ် ကြိုက်သလို လုပ်ခွင့် ပေးလိုက်ရင် အားလုံးပျက်စီးကြမှာဘဲ” ဟုရေးခဲ့ပါသည်။ ဟာဒင်က စာရူသူကိုဥပမာပေးရာတွင်မြေကွက်တခုကိုလွတ်လွတ်လပ်လပ်သုံးခွင့်ပေးပြီး စောင့်ကြည့်ခိုင်းပါသည်။ နွားအုပ် ကိုပိုင်ဆိုင်သူအနေဖြင့်သူ့နွားကိုစားစေခြင်းဖြင့်အကျိုးရှိနိုင်ပါသည်။ အခြားပိုင်ဆိုင်သူများ၏နွားကစားလျင်သူ့မှာ စားကျက်မှ မြက်တွေကုန်သွား သဖြင့်တဖြည်းဖြည်းတော့ အကျိုးသက်ရောက်မှု ရှိရမည်ဖြစ်သည်။ မိမိ နွားအုပ် တွင်တစ်ကောင်တိုးလိုက်ပါက တစ်တောင်သိသိသာသာ အကျိုးရှိမည်ဖြစ်သည်။ ထိုအခါလူတိုင်းက မိမိ လိုပင် နွားအုပ်ကို အကောင်တိုးပါက တချိန်တွင် စားကျက်ပျက်စီးရလိမ့်မည် ဟုဖြစ်ပါသည်။

(၂)
၁၉၆၈ ခုနှစ်ကသိပ္ပံ (Science) မဂ္ဂဇင်းတွင် (The Tragedy Of the Commons) ပါလာချိန်မှစ၍ ဤအကြောင်း ကို ဆွေးနွေးနေကြသည်မှာယနေ့တိုင်ဆွေးနွေး၍ မပြီးနိုင်ဖြစ်နေပါသည်။

ဤကဲ့သို့ ပျက်စီးရမည့်အကြောင်းကိုသိသူမှာ ဟာဒင်သည်ပဌမဦးဆုံးမဟုတ်ပါ။ သူ့ထက်အရင်အရစ်စ္စတိုတယ် ကလည်း သူ၏ Politics စာအုပ်တွင် “အများပိုင် အနေဖြင့် သတ်မှတ်ထားသောနေရာတခုတွင် သုံးစွဲသူ တဦးစီ က ထိမ်းသိန်းရမည်ဟု မသိရှိသဖြင့် သုံးစွဲသူများကလည်း မိမိကိုယ်ကျိုးကိုသာ ကြည့်ပါက အများပြည်သူ၏ အကျိုးစီးပွားပျက်စီးရသည်” ဟုရေးခဲ့ပါသည်။ ဖီလိုဆိုဖါ ဟုဖ် (Hobbe) ကလည်း “လူတို့သည် မိမိကိုယ်ကျိုး ကိုသာ ကြည့်သဖြင့် နောက်ဆုံးတွင် တဦးနှင့်တဦး ခိုက်ရန်ဖြစ်ပွားရသည်” ဟုရေးခဲ့ပြန်သည်။ ၁၈၃၃ ခုနှစ်တွင် လွိုက် (Willian Foster  Lloyd) ကအများပိုင်ပစ္စည်းကို အားလုံးက၀ိုင်း၍ သုံးစွဲခြင်းဖြင့် အားလုံးပျက်စီးရ ပုံကို ရေးသားခဲ့သည်။

ဟာဒင်ကငါးဖမ်းသမားများပင်လယ်ပြင်တွင် ငါးဖမ်းရပုံနှင့်ပါတ်သက်၍လည်းဥပမာပေးခဲ့ပါသည်။ ငါးဖမ်းလိုင်စင် မှာရရှိရန် လွယ်ကူသောကြောင့် ငါးကိုဖမ်းခွင့်ပေးသဖြင့် ငါးများရှားသွားပုံ၊ ဤအခြေအနေကို မည်ကဲ့သို့တား ရ မည်၊ ဤကဲ့သို့ ငါးရှားသွားခြင်းမဖြစ်ပေါ်အောင်ဘာတွေလုပ်ရမည်ကို အကြံပြုခဲ့ပါသည်။ ဤပြဿနာမှ ဆက်၍ တတိယကမ္ဘာတွင် ထင်းရှားခြင်းပြဿနာ၊ အက်ဆစ်မိုးရွာချမှု၊ အမေရိကန်ကွန်ဂရက်မှ ငွေသုံးစွဲလွန်မှုပြဿနာ၊ လူအုပ်စုအတွင်း ပြဿနာဖြစ်ရမှုများ၊ စီးပွားရေးစနစ်တွင် အစိုးရပိုင်နှင့်ပုဂ္ဂလိကပိုင် ခွဲခြားရေးပြဿနာ၊ အပြည် ပြည်ဆိုင်ရာဆက်သွယ်ရေးပြဿနာ၊ ဆိုက်ပရပ်မှလူအချင်းချင်း မညီညွတ်မှု၊ ကောလိပ်ဘော်ဒါဆောင်မှ ပုဂံ ဆေးရာနေရာ၊ စသည်မှပြစ်မှုပေါင်း မြောက်များစွာတို့ကို ထုတ်နှုတ်ဖေါ်ပြရလျှင် မဆုံးနိုင်သော ပြဿနာများကို တွေ့လာရပါသည်။

ကျွန်တော်တို့သည်အားလုံးဆိုင်သည့် ပစ္စည်းတွေကို ဘယ်လိုထိန်းသိမ်းကြမည်နည်း။ ရေထဲမှငါးများ၊သစ်တော အုပ် အတွင်းမှာ လှည့်လည်ပြေးလွှားနေသော သမင်များ၊ အထက်မိုးကောင်းကင်မှာ ပျံသန်း၍အသိုက်ပြောင်း နေကြသော ငှက်များစသည်တို့မှာ အားလုံးက ပိုင်ဆိုင်ကြပါသည်။ သို့သော် ဘယ်သူမှ သူတို့ကိုအကာအကွယ် မပေးကြပါ။ ပင်လယ်ထဲမှ ငါးများနှင့်သစ်တောထဲမှ ကျွန်းပင်များ စသည်တို့မှာ အကာအကွယ်လိုပါသည်။

ကျွန်တော်တို့သည် လျှာကိုလိုချင်သဖြင့် ကျွဲတကောင်လုံးကို သတ်ခါပြစ်ထားခဲ့သည့် အဖြစ်မျိုးကို ကြုံကြရပါ သည်။ သတ္တ၀ါကလေးများ မျိုးတုန်းတော့မည့်အရေးသည်လည်းရှိပါသေးသည်။

ဟာဒင်၏ပထမဆုံးဦးတည်ချက်မှာ ကမ္ဘာကြီး၏လူဦးရေနှင့်ဆိုင်ပါသည်။ ကမ္ဘာကြီးတွင် လူဦးရေ များပြားလာ သည်နှင့်အမျှ ပထမနိုင်ငံတခု၊ ပြီးနောက်ပိုင်းတွင် တကမ္ဘာလုံးတွင် စားရေးရိက္ခာတွင် မလုံမလောက်ဖြစ်ကြရပါ လိမ့်မည်။ သူကထိုသို့ဖြစ်လာသည့်အခါရိတ်သိမ်းမှုကများပြီး သီးနှံကနည်းနေသောကြောင့်အားလုံးပျက်စီးရ လိမ့်မည်ဟုသတိပေးလိုခြင်းဖြစ်ပါသည်။ သူကအကြံပေးခဲ့သည်မှာ ပြဿနာ၏သဘာဝမှာ (Technical)မဟုတ် ဘဲ (Social) လူမှုရေးပြဿနာများသာ ဖြစ်ကြောင်း၊ ထို့ကြောင့်သဘာဝအရင်းအမြစ်များကို ပုဂ္ဂလိကပိုင်လုပ်ပြီး လူပုဂ္ဂိုလ်တဦးစီကို ဖိအားပေးရမည်ဖြစ်ကြောင်း (Coercive) ပြောခဲ့ပါသည်။

လူတို့၏သမိုင်းကြောင်းတစ်လျှောက် ကြည့်မည်ဆိုလျှင်လည်း ကမ္ဘာပေါ်တွင်  နေရာဟူ၍သတ်သတ် မှတ်မှတ် ရှိနေပြီး ( သစ်တော၊ ပင်လယ်သမုဒ္ဒရာ၊ တိရစ္ဆာန်) စသည်ဖြင့် သဘာဝ သယံဇာတများမှာ များပြားသည်မှန် သော်လည်း၎င်းတို့တွင် အကန့်အသတ်ရှိသည်။

၁၇၉၈ ခုနှစ်တွင် မဲလသတ် (Thomas Robert Melthus) ကမ္ဘာ့လူဦးရေသည် ဂျော်မကြီနည်းနှင့်တိုးပွားနေချိန် တွင် အစာရေစာက သင်္ချာနည်းနှင့်သာတိုးပွားနေ၍ ဒုက္ခရောက်ကြရမည်ဟု သတိပေးခဲ့သည်။ လက်တွေ့တွင် လူဦးရေသည် ထပ်တိုးနည်း (expoential) နည်းနှင့်တိုးပွားနေပါသည်။ ထို့ကြောင့် ကမ္ဘာကြီးတွင်ရနိုင်သော (Resources) များကမလောက်နိုင်ဘဲ ဒုက္ခတွေ့ကြရပါလိမ့်မည်။ ဟာဒင်၏ပုံစံတွင် သဘာဝကိုလေ့လာ ရာတွင် အခြေအနေတစ်ခုသည်တာရှည်မခံ။ အသုံးကျသော ပုံစံဖြစ်ရန်လိုသည်။ ဟာဒင်ကအသုံးပြုသောပုဂ္ဂိုလ် တို့ကို မထိမ်းချုပ်သမျှမရနိုင်ဟုဆိုခဲ့သည်။ ဒီမိုကရေစီစနစ်အရ ဒီမိုကရေစီစံနှုန်းများနှင့်ပြောင်းပြန်ဖြစ်နေသည်။

ဟာဒင်က နည်း ၂ နည်းဖြင့် ဤအဖြစ်အပျက်များကိုကာကွယ်နိုင်သည်ဟု ပြောပြခဲ့ပါသည်။ (၁) လူတစ်ဦးစီကို ပိုင်ဆိုင်ခွင့် (Property Right) ပေးလိုက်ခြင်းနှင့် (၂) အထက်မှအောက်သို့အမိန့်ပေးခိုင်းစေ ခြင်းတို့ဖြစ်ပါသည်။ နောက် ပရော်ဖက်ဆာအော်စထရန် ( Elinor Ostrom) ကအခြားနည်းတစ်နည်းရှိသေးကြောင်း။ ၄င်းမှာ (၃) ယဉ်ကျေးမှု (Culture) အရ အချင်းချင်းလိုအပ်သည်များကိုပြောဆိုဆက်ဆံ ၍ ထိမ်းသိမ်းသောနည်း တို့ဖြစ်ပါ သည်။

ဥပမာ နယူးဇီလန် တွင်ငါးဖမ်းရာ၌အချင်းချင်းထိမ်းသိမ်းစောင့်ရှောက်သော နည်းကိုသုံးသည်။ ITQ Individual Tranferrable Quota ဟုခေါ်ပြီး ငါးဖမ်းသူတစ်ဦးချင်းစီ  ကိုထုတ်ပေးထားသည်။ ငါးဖမ်းသူအချင်း ချင်း အလွဲ သုံးစားမလုပ်စေရန်စောင့်ရှောက်သည်။ ဤစံနစ် စတင်ကျင့်သုံးသည် ၁၉၈၆ ခုနှစ်ကငါးအကောင်ရေမှာ လျော့ မသွားဘဲတိုးပွားလာသည်ကိုတွေ့ကြရသည်။

စားကျက်ဥပမာတွင်စားကျက်ကိုအများပိုင်အဖြစ်မှ ဥပမာလူ ၄ ဦးရှိလျင် စည်းတား၍ ကိုယ်ပိုင် အဖြစ်သတ်မှတ် ပေးလိုက်ခြင်းဖြစ်ပါသည်။ သူ့နေရာနှင့်သူ စည်းတားထားသဖြင့် မိမိဖါသာမိမိ စားကျက်ကိုထိမ်းသိမ်းစောင့် ရှောက်ရန်သာရှိတော့သည်။ ၁၉၇၄ ခုနှစ်ကအာဖရိကမြောက်ပိုင်းတွင် ရိုက်ယူသောဂြိုလ်တု ဓါတ်ပုံတွင် ၃၉၀ စတုရန်းမိုင်ရှိသောကုန်းမြေ ကိုတွေ့ကြရသည်။ ကိုယ်ပိုင်မြေမှာ ခြံခတ်ထားပြီး စည်းအတွင်းတွင် မြက်ပင် တွေ ဝေဆာနေခါ စည်းအပြင်မှ မြေမှာ ဘာပင်မှမရှိ၊ ပျက်စီးယိုယွင်းနေသည်။

ငါးမပြုန်းတီးရေးအတွက် ငါးကိုအချိန်အကန့်အသတ် နှင့်ဖမ်းခွင်းပေးနိုင်သည်။ လိုင်စင်တွင်ရေးပေးလိုက်ခြင်း ဖြစ်သည်။ ထိုအခါလူတို့က စက်မှုလက်မှု တိုးတက်သောခေတ်ဖြစ်သဖြင့် သင်္ဘောကြီးကြီး အင်ဂျင်ပါဝါ ကြီးကြီး သုံးနိုင်သဖြင့်အလုပ်မဖြစ်ပြန်ပေ။ စည်းကမ်းကိုချိုးဖေါက်ခြင်းမရှိသဖြင့် လိုင်စင်ထုတ်ပေးသူကလည်း ဘာမှမ တတ်နိုင်။ တဖန်ငါးများမှာ နယ်နိမိတ်သတ်မှတ်ရန်ခက်ခဲသည်။ ငါးအုပ်သည်စားကျက် ပြောင်းနေသဖြင့်လိုင်စင် ၏သဘောမှာ တိတိကျကျရေးရန်မဖြစ်နိုင်ပေ။

ပိုင်ဆိုင်မှုအကြောင်းကို ပြောပြမည်ဆိုလျှင်ပိုင်ဆိုင်မှု ၄မျိုးတွေ့နိုင်သည်။ (၁) ပွင့်နေသော (ထိန်းချုပ်မှုမရှိသော) နေရာ (၂) အများလူထုပိုင်(၃) အစိုးရပိုင်နှင့် (၄) ပရိုက်ဗိတ်တို့ ဖြစ်သည်။ ထိန်းချုပ်မှုမရှိသောနေရာဆိုသည်မှာ ပစ္စည်းတခုသည်လူတိုင်းအတွက်ဖြစ်သည်။ ထိမ်းချုပ်မှုဟူ၍ဘာမှမရှိဘဲလူတိုင်းအသုံးပြု နိုင်သည်။  ဥပမာ အ များ နှင့်ဆိုင်သော ဥယျာဉ်ပန်းခြံစသည်တို့ ဖြစ်သည်။ ထိုဥယျာဉ်တို့ကို လူတိုင်းအသုံး ပြုနိုင်ပါသည်။ သို့သော် ထိုသို့ အသုံးပြုခြင်းမှာ တခြားလူကိုမထိခိုက်ဖို့လိုသည်။ အများပိုင် ဥယျာဉ်အတွင်းရှိ မဖွယ်မရာလုပ်ခြင်း၊ ဆူညံ ခြင်း တို့ကိုမလုပ်ရဘဲ မိမိဆန္ဒလည်းပြည့်ဝအောင် နေထိုင်၍ ရပါသည်။

ဥယာဉ်ခြံမြေကို နည်းပေါင်းများစွာနှင့် စီမံခန့်ခွဲ၍ရပါသည်။ ပုဂ္ဂလိကသို့ရောင်းနိုင်သည်။ သူ့ကိုအများပိုင်အနေ နှင့်ထားနိုင်သည်။ သို့သော်အားလုံးလဲ ၀င်ရန်မဖြစ်နိုင်သောကြောင့် ပန်းခြံဝင်ခွင့်ကို ကန့်သတ်နိုင်သည်။ လူတို့ ၏ငွေသုံးနိုင်မှု၊ ကြွယ်ဝမှုကိုအခြေခံသည်။ အများသဘောတူ ၀င်ကြေးကိုသတ်မှတ်နိုင်သည်။ သို့မဟုတ် ထီဖွင့် သလို ကံစမ်းမဲဖွင့်နိုင်သည်။ ဦးရာလူကို လက်ခံသောစနစ်အဖြစ်လည်း သတ်မှတ်နိုင်သည်။ ထိုအခါရှည်လျား သော စောင့်ဆိုင်းသူများလူတန်းရှည်ကိုတွေ့ရလိမ့်မည်။ အားလုံးသည်ကန့်ကွက်စရာတွေနှင့်ပြည့်နေလိမ့်မည်။ ဥယာဉ် တစ်ခုတည်တန့် ခိုင်မြဲရေးအတွက် တိုအရာများကို လုပ်ရလိမ့်မည်၊
ဟာဒင်ကအများပိုင် ဥယာဉ်များတွင် ထိမ်းချုပ်မှုကင်းမဲ့နေပါက ဗရမ်းဗတာဖြစ်မည်ဟု သတိပေးခဲ့သည်။ ထို ဥယာဉ်ကို မန်နေဂျာခန့်၍ ကိုယ်ပိုင်အဖြစ်ပေးလိုက်မှ အိမ်သာများသန့်ရှင်းလာခြင်း၊ ပန်ကလေးများ လှပစွာ ပွင့်နိုင်ခြင်းတို့ဖြစ်နိုင်သည်။ ကိုယ်ပိုင်အဖြစ်ပေးသဖြင့် အဆိုးအကောင်း တာဝန်အားလုံးသည်သူ့အပေါ်မှာ ကျ ရောက်သွားသည်။

ထိုနည်းတူမြန်မာပြည်မြို့တိုင်းလိုလိုတွင် အမှိုက်များးရှုတ်ပွနေခြင်းကို တွေ့နိုင်သည်။ ဤသည်မှာပိုင်ဆိုင်မှု မရှိ ခြင်း၊ ကန့်သတ်မထားခြင်း ကြောင့်ဖြစ်သည်။ စည်ပင်သာယာက သန့်ရှင်းရေးကို တာဝန်ယူရသော်လည်း မြို့ တိုင်းတွင် စည်ပင်သာယာက သူနှင့်မဆိုင်သလိုပြုမူနေသည်။ ကျွန်တော်တွေ့ဖူးသမျှ မြို့များထဲတွင် ထားဝယ် တစ်မြို့သည်စည်ပင်သာယာ အလုပ်လုပ်ဆုံးမြို့ဖြစ်သည်။ အမှိုက်သရိုက်မရှိ။ မြို့၏လမ်းမများမှာ တစုံတယောက် ၏ စောင့်ရှောက် ခြင်းခံရသကဲ့သို့ ထိမ်းသိမ်းထားသည်။ ဖေါ်ပြခဲ့သည့်အတိုင်း အော်စထရန်၏နည်းနံပါတ် (၃) အရ မြို့လူထုက တောင်းဆိုကြမည်ဖြစ်သော်လည်း အကြောင်းမျိုးစုံပြ၍ စည်ပင်သာယာက တာဝန်ကိုရှောင်လွှဲ နေပါလိမ့်မည်။ ဒေလီမြို့တော်ကြီး အမှိုက်များနှင့် ရှုတ်ပွနေသည် မှာလည်းဝမ်းနည်းစရာပင်။

လမ်းလုပ်လျင် ရေစီးဖို့ထိုလမ်းဘေးမှာ မြောင်းဖေါ်ပေးရသည်။ ထိုမြောင်းရှိလျင် ရေကစီးသဖြင့်လမ်းမှာမထိ ခိုက်။ ကျွန်တော်ရောက်ဖူးသော ဥယာဉ်ထဲ မှာ လမ်းဖေါက်ထားရာ မြောင်းမရှိသည့်နေရာတစ်ခုရှိသည်။ ကန် ထရိုက်က အရင်လိုသဖြင့် လည်းကောင်း၊ ကြီးကြပ်သူက ပေါ့လျှော့၍လည်းကောင်း တချို့လမ်းပိုင်းတွေ မှာ ရေမြောင်းမရှိ။ ရေမြောင်းမရှိသည့်နေရာတွေမှာ လမ်းခလယ်က ကွဲအက်ပြိုဆင်းနေသည်။ မြန်မာပြည်မှာ ရေမြောင်းမရှိသော လမ်းအရှည် မည်မျှရှိမည်လဲမသိနိုင်ပြီ။

ငါးများရေမှာနေ၍ အမျိုးတုံးသော်လည်း ကုန်းပေါ်နေ ကြက်များအတွက် အမျိုးမတုံးအောင်ထိမ်းသိမ်းထားနိုင် ကြသည်။ ဤသည်မျာ ကြက်များကို အမြဲတစေ ဖြည့်ပေးနေသော ပိုင်ရှင်များရှိပြီးဖြစ်နေသောကြောင့်ပင်။
အစိုးရပိုင်နှင့် ပုဂ္ဂလိကတို့မှာ ရှင်းပါသည်။ အစိုးရပိုင်ဆိုင်ပြီ ဆိုသည်နှင့် ပုဂ္ဂလိက ကဘာမှလုပ်ပိုင် ခွင့်မရှိတော့ ပေ။ ပရိုက်ဗိတ်ပိုင်ပစ္စည်း ဆိုသည်မှာလည်း မိမိတို့ စိတ်တိုင်းကျ စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ ပိုင်ဆိုင်မှု ပေးလိုက် သည်နှင့် ပိုင်ရှင်ကထိမ်းသိမ်းစောင့်ရှောက်တော့သည်။

ကားလမတ်စ် (Karl Marx) က အများပိုင်ပစ္စည်းနှင့် ဘုံရိပ်သာတည်ဆောက်ရေး မှာ အောင်မြင်စရာအကြောင်း မရှိပေ။ လူတို့သည်ကိုယ်ပိုင်ပစ္စည်းမဟုတ်သရွေ့ ထိမ်းသိမ်းစောင့်ရှောက်ရန်အကြောင်းမရှိတော့ပေ။ ဤနည်း ဖြင့် ကွန်မြူနစ်ဝါဒ ကျရှုံးခဲ့ရပါသည်။ တရုတ်ပြည်တွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု မလုပ်မှီအိုးအိမ် ပိုင်ဆိုင်ခွင့် ကို ဥပဒေပြု၍ပေးလိုက်ရသည်။ မိမိပစ္စည်းဟူ၍ ပိုင်ဆိုင်လာသော အခါထိုပစ္စည်းကို တိုးပွားအောင် ပြုလုပ်ကြပုံ ကိုတွေ့နိုင်ပါသည်။
ဟာဒင်ကပြောသည်မှာ အများပိုင်ကိစ္စများတွင်ပျက်စီးဆုံးရှုံးမှု မရှိစေရန် အများနားလည် သဘောတူလက်ခံပြီး သားထားပြီး ဖြစ်သည့် ဥပဒေများလည်းရှိရမည်ဟုဆိုသည်။ ဥပမာ ကျွန်တော်တို့သည် ဘဏ်တခုကို ဓါးပြတိုက် လိုသည်။ ကျွန်တော့်လိုလူတိုင်းမှာဆန္ဒရှိကြသောကြောင့်ဘဏ်ကိုဓါးပြမတိုက်စေရန်ဥပဒေ ရေးဆွဲရမည်။ ထိုသို့  ဥပဒေများကို ထင်ထင်ရှားရှားမရေးဆွဲထားလျင်ဖြစ်ချင်ရာဖြစ်သွားနိုင်ပါသည်။

ကမ္ဘာကြီးတွင်လူဦးရေများပြားလာသည်နှင့်အမျှ လူပုဂ္ဂိုလ်တဦးစီ၏ လွှတ်လပ်ခွင့်မှာလည်းဆုံးရှုံးရသည်။ ဥပမာ မြို့တော်ကြီးတွင် လူဦးရေများပြားလာသည်နှင့် ကားပါကင်နေရာမှာ အဖိုးတန်လာသည်။ ယခင်ကကားကိုရပ် လိုရာနေရာတွင် ရပ်နိုင်သော်လည်း ယခုအခါမဖြစ်တော့ပေ။ ကားပါတ်ကင်မီတာများ ကားရပ်ပိုင်ခွင့် အတွက် လက်မှတ်များ၊ အော်တိုမစ်တစ် မောင်းတန်များပေါ်လာရသည်။ ဟောင်ကောင်တွင်ကားတစီးရပ်စရာ နေရာ အတွက် ဒေါ်လာငါးသိန်း ပေးရသည်ဟု ကြားဖူးသည်။

ကုလသမဂ္ဂသည် ထိုကဲ့သို့ ကန့်သတ်ရမည့် နေရာများအတွက် ပါဝင်လှုပ်ရှားရမည်။ ဥပမာ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတိုင်းကလိုက်နာရန်စည်းကမ်းချက်များချ ထားနိုင်သည်။  လေယာဉ်ပျံများအတွက် (Air Pollution ) မဖြစ်စေရန် အိပ်ဇောမှ ထုတ်သောသတ္တု (Metal) ကို ၅၀% လျှော့ချရမည်ဟူသော သတ် မှတ်ချက်မျိုးချမှတ်ရမည်။ အလားတူ အများသဘောတူနိုင်မည့်အချက် များချမှတ်နိုင်သည်။ ထိုသို့ ဖြစ်လာ နိုင်သော ပြဿနာများကို ရီပို့ပေးခြင်း၊ မော်နီတာလုပ်ခြင်း၊ လိုက်နာမှုရှိမရှိ ထိန်းသိမ်း စောင့်ရှောက် ခြင်း၊ ပြဿနာပေါ်ပေါက်ပါက ဖြေရှင်းပေးခြင်း စသည်တို့ကို ပြုလုပ်ရမည်။

ပြဿနာရှိသည်မှာ ကိစ္စတစ်ခုဖြစ်ပေါ်စေရန် အချိန်ကြာမြင့်ခြင်းပင်ဖြစ်သည်။ ရာသီဥတုပြုပြင်ပြောင်းလဲမှုကိုသိ ရန်အတွက်တစ်ခါတရံ အနှစ်တစ်ရာကျော်မျှစောင့်ကြရသည်။ နှစ်ပေါင်းရှည်ကြာမှပြဿနာမှာ ထင်ထင်ရှားရှား ပေါ်လာသည်။

(၃)
ဂျရပ်ဟာဒင်၏ (Commons) အပေါ်ထိမ်းသိမ်းစောင့်ရှာက်မှုမျိုးမှာ ရှိသင့်သည်။ ကျွန်တော်တို့ပါတ်ဝန်းကျင်တွင် ထိုပြဿနာများမှာ နေ့စဉ်နှင့်အမျှဖြေရှင်းနေကြရသည်။ ထိုအခက်အခဲများအတွက် ဂျရပ်ဟာဒင် ပြောပြသော အဖြေရှာနည်းပုံစံမှာ အဆင်သင့်ရှိနေပေသည်။

ကိုသန်းလွင်
Ref: Garrett Hardin , The Tragedy Of The commons

မောင်သာနိုး - သတိပြုသင့်သည့် မြန်မာစာလုံးပေါင်းများ

$
0
0
photo - dated 23rd Oct 2004, Maung Thar Noe, Tin Moe and Maung Swan Yi

မောင်သာနိုး - သတိပြုသင့်သည့် မြန်မာစာလုံးပေါင်းများ
(မိုးမခပြန်လည်ဆန်းသစ်) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉

တစ်နေ့က တစ်ရက်တည်းမှာပဲ စာလုံးပေါင်းတစ်ခုတည်း မှားတာကိုနှစ်နေရာမှာတွေ့ခဲ့တယ်။ မှားတာကလည်း 'စိတ်တိုင်းကြ'ဆိုတဲ့ စကားလုံး။ ပထမတစ်နေရာကကုန်တိုက်။ 'ပစ္စည်းများကိုစိတ်တိုင်းကြ ရောင်းချပေးနေပါသည်'တဲ့။ ကောင်တာတိုင်းမှာ ဒီစာတန်းကိုတွေ့ရတယ်။ နောက်တစ်နေရာကကားရေဆေး ဆီထိုး အလုပ်ရုံ။ ရုံထိပ်မှာဧရာမ စာလုံးမည်းကြီးတွေနဲ့ 'လုပ်ငန်းများကိုစိတ်တိုင်းကြ ဆောင်ရွက်ပေးနေပါသည်'တဲ့။ အဲဒီကတည်းကဒီဆောင်းပါး ရေးဖို့တေးထားခဲ့တာပါ။

တကယ်ကတော့ကုန်တိုက်တို့၊ ကားရေဆေးဆီထိုးတို့ ဆိုတာက စာပေနဲ့တိုက်ရိုက်ဆက်စပ်ခြင်း မရှိကြဘူးလို့ ပြောနိုင်ပါတယ်။ ဝတ္ထုစာအုပ်တို့၊ မဂ္ဂဇင်းတို့ ဆိုတာတွေကမှ စာပေနဲ့ တိုက်ရိုက်ဆက်နွယ် စပ်ယှက်နေတဲ့ စာအုပ် စာတမ်းတွေမှာ စာလုံးပေါင်းမှားကြတယ်။ ဒါကမှအရုပ်ဆိုးတာပါ။ မဂ္ဂဇင်းတစ်စောင် ကောက်ကိုင်ကြည့်လိုက်လို့ မရှူမလှ စာလုံးပေါင်းမှားနေတာ တွေ့ရရင် မြန်မာစာပေ ချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ အင်မတန် စိတ်ဆင်းရဲရတယ်။ တစ်ခါ အဲဒီ မဂ္ဂဇင်းမှာ ကိုယ်က အမှန်ရေးပေးလိုက်တာကြီးကို အမှားလုပ်ထားတာ တွေ့လိုက်ရတော့ သေချင်စော် နံရရော။ နောက်ပြီး ဒီမှားတာတွေ ကြည့်လိုက်တော့ ခဲရာခဲဆစ် မဟုတ်။ အခြေခံ စာလုံးပေါင်းကလေးတွေ၊ နေ့စဉ်သုံး စကားလေးတွေ။

'စိတ်တိုင်းကြ'ကိုပဲ ကြည့်လေ။ အမှန်က 'စိတ်တိုင်းကျ'ရယ်လို့ဖြစ်ရပါမယ်။ 'စိတ်တိုင်းကျ'တယ်ဆိုတာ မိမိစိတ်က အလိုရှိတဲ့အတိုင်း အခြေအနေ ရောက်ရှိတယ်လို့ ပြောတာပါပဲ။ အလားတူ 'ကျ'ကိုသုံးပုံတွေက 'အလိုကျတယ်'၊ 'ဟန်ကျတယ်'၊ 'နေရာကျတယ်'၊ 'ဇိမ်ကျတယ်'စသဖြင့်တွေ့ရပါတယ်။ အဓိပ္ပါယ် သိုးကာသီကာ လွဲတဲ့ 'ကျ'ကတော့ 'မျက်စိကျနေတယ်'၊ 'နောက်တန်းကျတယ်'၊ 'အောက်တန်းကျတယ်'၊ 'အထက်တန်းကျတယ်'၊ အံဝင်ခွင်ကျတယ်'တို့ပါပဲ။

ကျွန်တော်ကိုယ်တိုင် ခံလိုက်ရတဲ့ 'ကျ'ကတော့ 'လုပ်နေကျအလုပ်'၊ 'စားနေကျ အစာ'၊ 'လာနေကျ ဧည့်သည်'မှာပါတဲ့ 'ကျ'ဖြစ်ပါတယ်။ ကျွန်တော်က ဆောင်းပါးထဲမှာ 'ကျွန်တော် သွားနေကျ ခရီး'လို့ ရေးပေးလိုက်ပါတယ်။ မဂ္ဂဇင်း ထွက်လာတော့ 'သွားနေကြ'ဖြစ်သွားလို့ အတော်စိတ်ပျက်ရပါတယ်။ 'နေကျ'ကို မြန်မာအဘိဓာန်က 'ဖြစ်တည်ဆောင်ရွက်လေ့ရှိသည်ကိုပြသော စကားလုံး'လို့ရှင်းပြပြီး၊ 'လုပ်နေကျအလုပ်'ကိုနမူနာပေးထားပါတယ်။ 'အလေ့အထရှိ'တာပါပဲ။ 'စားနေကျအစာ'ဆိုတာ စားလေ့စားထရှိတဲ့ အစာလို့အဓိပ္ပာယ်ရပါတယ်။ တကယ်လို့ 'နေကြ'ရယ်လို့ရရစ်လိုက်ရင် အများသဘော၊ ဗဟုဝုစ် အဓိပ္ပာယ် ဖြစ်သွားလိမ့်မယ်။ ဥပမာ၊ ကလေးတွေ ဆော့ 'နေကြ'တယ်ဆိုတာမျိုး။

နောက်အမှားအများဆုံး စကားလုံးက 'တ'ပါပဲ။ ကျွန်တော်က 'တ'လို့ စသတ်မပါဘဲ ရေးပေးလိုက်တာကို စသတ်ထည့်ပြီး 'တစ်'လုပ်ပေးနေကြလေ့ရှိတယ်။ ဥပမာ 'တချို့'ကို 'တစ်ချို့'လုပ်ပစ်ကြတာမျိုး၊ တဝမ်းပူစသတ် 'တစ်'က အရေအတွက် 'တစ်'ကိုပြောမှသုံးရပါတယ်။ လူတစ်ယောက်၊ စာအုပ်တစ်အုပ်၊ မြို့တစ်မြို့။ နောက်ပြီး သားငါးကို 'တစ်'တာ၊ လည်ချောင်းထဲ 'တစ်'ဆို့နေတာ၊ ကျားသတ္တဝါ 'တစ်' (အသံပြု)တာ၊ တစ်တီတူးငှက်၊ တစ်တစ်ခွခွ၊ တစ်တစ်ရစ်ရစ်၊ ကကတစ်(ငါး) စတာတွေမှာလည်း စသတ်သုံးပါတယ်။ ဒါပေမဲ့ အဲသလိုမဟုတ်ရင် စသတ်မပါပါဘူး။ တကယ်၊ တချို့၊ တခြား၊ တကတဲ၊ တကားကား၊ တကူးတက၊ တကွ၊ တခမ်းတနား၊ မိုးတစိမ့်စိမ့်၊ တတွတ်တွတ်၊ တရင်းတနှီး၊ တလွဲတချော် စသဖြင့်။ ဒါတွေကို မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာ ရှင်းပြထားပါတယ်။

အများနားလည်နေကြပုံ ရပေမဲ့ တချို့နားလည်သေးပုံမရတဲ့ စကားနှစ်လုံးကတော့ 'ဖူး'နဲ့ 'ဘူး'ပဲဖြစ်တယ်။ 'ဖူး'က'ကြုံတွေ့သိမြင် ဖြစ်ပျက်ခဲ့ပြီးကြောင်း ထင်ရှားစေ'တဲ့ အဓိပ္ပာယ် ဆောင်ပါတယ်။ 'တွေ့ဖူးတယ်'၊ 'ဖတ်ဖူးတယ်'စသဖြင့်။ 'ဘူး'က 'ငြင်းပယ်သော အနက်ဖြင့် ကြိယာကိုထောက်ကူ'တာပါ။ ဥပမာ၊ 'မသိဘူး''မစားဘူး'စသဖြင့်။ ဒီနှစ်ခုရောလိုက်တဲ့အခါ မမှားဖို့ သတိထားရတယ်။ 'မတွေ့ဖူးဘူး'၊ 'မဖတ်ဖူးဘူး'၊ 'မစားဖူးသေးဘူး'စသဖြင့်။ 'ဖူး'ကို 'ဖူးပွင့်'၊ 'ဖူးမြော်'၊ 'ဖူးစာ'တို့မှာလည်း သုံးသေးတယ်။ 'ဘူး'ကိုတော့ 'ဘူးသီးကြော်'၊ 'သံဘူး'တို့မှာတွေ့ရတယ်။

နောက်တစ်တွဲကတော့ 'ပဲ'နဲ့ 'ဘဲ'ပါပဲ။ 'ပဲ'ကို မြန်မာအဘိဓာန်က'ရည်ညွှန်းသော ပုဒ်ကိုလေးနက်စေသောစကားလုံး'လို့ဖွင့်တယ်။ ကြိယာ ရဲ့ အနက်ကို ကန့်သတ်လိုရာမှာ သုံးတယ်လို့လည်း ဆိုတယ်။ အတူတူပါပဲ။ (ဒီ 'အတူတူပါပဲ'မှာသူ့အသုံးကိုမြင်ရမယ်။) 'ဘဲ'ကိုတော့ 'ကြိယာ၏အနက်ကိုတားမြစ်လိုရာ၌သုံး'တယ်လို့ပြတယ်။ ဥပမာ၊ မသွားဘဲ၊ မလာဘဲ။ ဒါကိုပဲ စာစောင်တချို့မှာ 'ကုန်သည်ဘဲ'၊ 'သားသမီးဘဲ'သုံးသူကသုံး၊ 'မသိပဲ'၊ 'နားမလည်ပဲ'ရေးသူကရေး၊ လုပ်နေကြတာများ တွေ့နေရသေးတယ်။ နည်းနည်း ပညာသားပါလာရင် သွားရော။ 'မသိတာပဲ ကောင်းပါတယ်'ဆိုရာမှာ ရည်ညွှန်းတဲ့စကားလုံး (မသိတာ) ကိုလေးနက်စေတာပါ။ 'မသိဘဲ'လို့ပြောတာမဟုတ်ဘူး။ ဒါကြောင့် 'ပဲ'ကိုသုံးရတယ်။ 'ဘဲ'မဟုတ်ဘူး။

ကျွန်တော်စိတ်ပျက်ရတဲ့ အမှားတစ်ခုကတော့ မေးခွန်းစကားလုံး 'လဲ'ကို 'လည်း'လို့ရေးတာပါပဲ။ 'လဲ'ကို မြန်မာအဘိဓာန်က 'အမေးသဘော သက်ရောက်သော ဝါကျအဆုံးသတ်'လို့ ဖွင့်ဆိုတယ်။ 'လည်း'ကိုအတူတကွဖြစ်ကြောင်း၊ ပါဝင်ကြောင်းပြ'တဲ့ စကားလုံးလို့ရှင်းပြပါတယ်။ ဒါကြောင့် 'ဘယ်သူလည်း၊ ဘယ်သွားမလို့လည်း'ဆိုတာမျိုးဟာ အလွန်အရုပ်ဆိုးတယ်။ 'ဘယ်သူလဲ၊ ဘယ်သွားမလို့လဲ'ဖြစ်ရမယ်။ ကျွန်တော့ဆောင်းပါးတစ်ပုဒ်မှာ 'လဲကျသေဆုံး'တာကိုရေးလိုက်တာ 'လည်းကျသေဆုံး'ဖြစ်နေတော့တာကိုလည်း ကြုံရဖူးရဲ့။

နောက်မှားတတ်တဲ့ စကားလုံးတစ်တွဲကတော့ 'မှ'နဲ့ 'မှာ'ဖြစ်ပါတယ်။ 'တစ်ခါမှမလာဘူး'၊ 'တစ်ယောက်မှမရှိဘူး'၊ 'နားခါမှသိမယ်'ရေးပေးလိုက်ရင် မဂ္ဂဇင်းထဲမှာ 'တစ်ခါမှာ'၊ 'တစ်ယောက်မှာ'၊ 'နားခါမှာ'ဖြစ်ကုန်တော့တာပဲ။ မြန်မာစကားမှာ 'မှ'ဆိုတဲ့ ကန့်သတ်ချက် အဓိပ္ပာယ်ဆောင်တဲ့ စကားလုံးရှိတယ်ဆိုတာကို သိကြဟန်တောင်မရှိဘူး။ အလားတူရှားပါး အဓိပ္ပာယ်ဆောင်တဲ့ 'ခဲ'ကိုလည်း ကြားဖူးကြဟန် မရှိဘူး။ အောက်မြစ်ထည့်ပြီး 'ခဲ့'လုပ်ပစ်ကြတယ်။ 'ပညာရှိ သတိဖြစ်ခဲ'ရေးပေးလိုက်ရင် 'သတိဖြစ်ခဲ့'လို့ အောက်မြစ်နဲ့ လုပ်ပစ်ကြပါလေရော။ အလားတူ 'ပြောခဲတယ်'၊ 'ကြုံရခဲတယ်'စသည်ဖြင့် ရေးပေးလိုက်ရင် 'ပြောခဲ့တယ်'၊ 'ကြုံရခဲ့တယ်'ဆိုပြီး ပြီးခဲ့ကြာင်း အဓိပ္ပာယ် ဖြစ်သွားရပါတော့တယ်။

နှိုင်းယှဉ်ရာမှာသုံးတဲ့ 'ထက်'ကိုလည်း 'တဲ့'လုပ်ပစ်တတ်ကြသေးတယ်။ 'အတိုင်းတဲ့ အလွန်'၊ 'လှသတဲ့လှမယ်ဆိုရင်၊ 'ခက်သတဲ့ ခက်'စသဖြင့်ရေးနေကြတာများ တွေ့ရတယ်။ အမှန်က 'အတိုင်းထက်အလွန်'၊ "လှသည်ထက် လှမယ် ဆိုရင်'၊ 'ခက်သည်ထက်ခက်'စသဖြင့် ဖြစ်ရပါမယ်။

လက်ဖက်ရည်ဆိုင် ဆိုင်းဘုတ်မှာလည်း တွေ့၊ စာထဲမှာလည်း တွေ့ရတတ်တဲ့ အမှားကြီးတစ်ခုကတော့ 'ဆုံဆည်းရာ'ပါပဲ။ 'ဆုံ'တာကတွေ့တာ၊ ကြုံကြိုက်တာ၊ မျက်နှာချင်းဆိုင်မိတာပါ။ 'ဆည်း'က စုဆောင်းတာ၊ ချဉ်းကပ်ခစားတာပါ။ ဒီတော့ 'ဆုံဆည်း'ဆိုရင် တွေ့ကြုံဆည်းပူးတယ်လို့ အဓိပ္ပာယ်ထွက်သွားမယ်။ အမှန်က ဒါကိုပြောချင်တာ မဟုတ်ပါဘူး။ တွေ့ဆုံကြပြီး စည်းရုံးကြ၊ စည်းဝေးကြ၊ စည်းလုံးကြတာကို ပြောချင်တာပါ။ 'ဆုံစည်း'ပဲ ဖြစ်ပါတယ်။ 'ဆုံစည်း'ကို မြန်မာအဘိဓာန်က 'တွေ့ဆုံကြုံကြိုက်သည်'လို့ အဓိပ္ပာယ် ဖွင့်ထားပါတယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာလည်း 'ဆုံစည်း'ပဲ ပေးထားတယ်။ 'ဆုံဆည်း'ဆိုတာ မြန်မာစကားမှာ ရှိကို မရှိဘူး။ ဒီလိုအမှားမျိုးဟာ 'စ'လုံးနဲ့ 'ဆ'လိမ် ခွဲခြား အသံမထွက်တတ်တဲ့ နိုင်ငံခြားသားတွေ မပီကလာ ပီကလာနဲ့ မြန်မာစကား သုံးနှုန်းရာကစတင်ခဲ့တယ်လို့ ခန့်မှန်းရတယ်။

မဂ္ဂဇင်း တချို့က မှန်မှန်ကန်ကန် သုံးတတ်သွားကြပြီး တချို့က ခုထိမှားတုန်း စကားလုံးစုကတော့ 'ကိုယ့်ကိုယ်ကိုယ်'ဖြစ်တယ်။ သုံးခုစလုံး ယသတ်ရတယ်။ 'ကိုယ့်ကိုယ်ကိုယ်'ဆိုတာကို 'ကိုယ်ရဲ့ ကိုယ်ကို ကိုယ်က"လို့အပြည့်အစုံရေးရမှာဖြစ်တယ်။ 'ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတယ်'ဆိုတာ 'ကိုယ်ရဲ့ ကိုယ်ကို ကိုယ်က အထင်ကြီးတယ်'လို့ ပြောတာဖြစ်တယ်။ 'မိမိကိုယ်မိမိ'၊ 'သူ့ကိုယ်သူ'၊ 'မင်းကိုယ်မင်း'တို့နဲ့ နှိုင်းယှဉ်ကြည့်သင့်ပါတယ်။ 'မင်းကိုယ်မင်း ပြန်ကြည့်စမ်း'ဆိုတာ 'မင်းရဲ့ကိုယ်ကို မင်းပြန်ကြည့်စမ်း'လို့ပြောတာပါပဲ။

ဒီနေရာမှာ အသံထွက် အပြောင်းအလဲကိုလည်း သတိမူအပ်တယ်။ 'ကိုယ့်ကိုယ်ကို'လို့ရေးရင် အသံထွက်မှာ နောက်ဆုံး ကံပုဒ်နောက်ဆက် 'ကို'ဟာ ဃောသသံ ပြောင်းသွားပြီး 'ကိုယ့်ကိုယ်ဂို'လို့ထွက်လိမ့်မယ်။ အခု အဲသလိုမဟုတ်။ အဃောသသံနဲ့ 'ကို' (KO) လို့ အသံထွက်နေတာပါ။ ဒါကြောင့်လည်း 'ကို'မဟုတ်မှန်းထင်ရှားတယ်။ 'ကိုယ်'နေရာမှာ 'ဘာသာ'ထည့်သုံးလို့ရတယ်။ 'ကိုယ့်ဘာသာကိုယ်'၊ 'မိမိဘာသာမိမိ'၊ 'သူ့ဘာသာသူ'စသဖြင့် ရမယ်။ တခြားစကားလုံးများထည့်ပြီးလည်း 'ကိုယ့်အကြောင်း ကိုယ်သိတယ်'၊ 'ကိုယ့်ထမင်းကိုယ်စားတယ်'၊ 'ကိုယ့်အိမ်ကိုယ်ပြန်တယ်'၊ 'ကိုယ့်ကလေး ကိုယ်ရိုက်တယ်'စသဖြင့် သုံးကြတာ ဆင်ခြင်လေ။ 'ကိုယ့်အကြောင်းကိုသိတယ်'မဟုတ်ဘူး။

မြန်မာစကားထဲ ဝင်ရောက်နေတဲ့ ပါဠိ စကားလုံးတချို့လည်း စာလုံးပေါင်း မှား၊ အသံထွက် မှားနေတာတွေ့ရသေးတယ်။ တစ်ဆယ်ကို ပါဠိလို 'ဒသ'လို့ခေါ်ပါတယ်။ 'ဒဿ' (သကြီးနဲ့) မဟုတ်ပါ။ မယ်သီတာကိုခိုးတဲ့ ဘီလူးဟာ ခေါင်းဆယ်လုံး ရှိတဲ့အတွက် 'ဒသဂီရိ'လို့ အမည်တွင်တယ်။ 'ဒ - သ - ဂီ - ရိ'လို့အသံထွက်ရတယ်။ 'ဒဿဂီရိ'မဟုတ်ဘူး။ အသံထွက်လည်း 'ဒတ် - သ - ဂီ - ရိ'မဟုတ်ဘူး။ အလားတူ ဆယ်လီစိတ်ကြောင်း ပြညွှန်းတဲ့ အစက်ကလေးကိုလည်း 'ဒသမှတ်'။ ကာလရွေ့လျားတော့ 'ဒသမတ်'ခေါ်ကြတယ်။ အခု 'ဒသမ'ဖြစ်သွားပြီ။ မြန်မာအဘိဓာန်မှာ အဲဒီအတိုင်းပဲ ပြထားတယ်။ 'ဒဿမ'မဟုတ်ဘူး။ 'ဒတ်သမ'လို့အသံမထွက်ရဘူး။

အသုံးနည်းပေမဲ့ သုံးစရာကြုံရင် မှားတတ်သေးတဲ့ ပါဠိစကားတစ်လုံးကတော့ ခွေးကိုခေါ်တဲ့ 'သုနခ'ပါပဲ။ 'သုနက္ခ'မဟုတ်ဘူး။ သုနက္ခတ္တံ သုမင်္ဂလံ (နက္ခတ်ကောင်း၊ မင်္ဂလာကောင်း) ဆိုတာနဲ့ ရောသွားပုံရပါတယ်။ အလားတူပဲ ရေကူးကောင်းတဲ့ ဘုရားလောင်းမင်းသားဟာ 'ဇနက'ဖြစ်ပါတယ်။ 'ဇနက္က'မဟုတ်ပါဘူး။ မြန်မာစာပေလုပ်ငန်းနဲ့ ဆက်နွယ်နေတယ်ဆိုမှတော့ မြန်မာစာလောက်တော့တတ်ဖို့ ကောင်းပါကြောင်း။

မောင်သာနိုး

(မောင်သာနိုး၏စာမူကို ဖော်ပြနိုင်ရန် ဆရာစွမ်းထံက ခွင့်ပြုချက်တောင်းပြီး)

သန်းဝင်းလှိုင် – သူရရွှေမန်းကို လေ့လာခြင်း (၃)

$
0
0

သန်းဝင်းလှိုင် – သူရရွှေမန်းကို လေ့လာခြင်း (၃)


(မိုးမခစာအုပ်စင် ကောက်နုတ်ချက်) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉

ပါတီတွင်း အဖြုတ်ခံရခြင်း

 ယခုကဲ့သို့ ၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် အလွန်နီးကပ်လာချိန်မှ ပြည်ခိုင်ဖြိုးပါတီ၏ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအလုပ်အမှုဆောင် ၁၂ ဦး ကို ဖြုတ်ချကာ အသစ်ပြန်လည် ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုကြား၌ ဝေဖန်ပြောဆိုမှုများ ကျယ်ကျယ်လောင်လောင် ထွက် ပေါ်လာခဲ့သည်။

သူရဦးရွှေမန်းသည် အငြိမ်းစားယူသွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သာမက သူ၏မိသားစုများနှင့်ပါ အလွန်အကျွမ်းတဝင်ရှိ၍ လူသိ အလွန်များသူ ဖြစ်သည်။ သူရ ဦးရွှေမန်း တပ်မတော်တွင်း ရာထူး အဆင့်ဆင့် ထမ်းရွက်ခဲ့စဉ်ကလည်း ပြစ်မှုတစ်စုံတစ်ရာ ရှိခဲ့ဖူးသူ မဟုတ်ပေ။ ၂၀၁၀ မတိုင်မီ နအဖ စစ်အစိုးရလက်ထက်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ပြီးလျှင် သူသည် နံပါတ် (၃)အဆင့် ရှိသူပင် ဖြစ်သည်။

 တပ်မတော် ထောက်လှမ်းရေးညွှန်မှူးနှင့် ဝန်ကြီးချုပ်ရာထူးကို ပူးတွဲ ရယူထားခဲ့သော ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖမ်းဆီခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဗိုလ်ချုပ်ကြီး သူရရွှေမန်းက တာဝန် ယူ ရှင်းလင်းခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီးခင်ညွန့် လုပ်ဆောင်ခဲ့သည့် ကြောက်မက်ဖွယ် အမှားများကို အချိန်တန်လျှင် ပြည်သူလူထုကို အသိပေး မည်ဟု သူကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘာသိ ပြောဆိုခဲ့သော်လည်း ယခု အချိန်ထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

သူရဦးရွှေမန်းအား ကြံ့ခိုင်ရေးပါတီမှ ထုတ်ပယ်ရသည့် အကြောင်း များ၌ ပြည်ခိုင်ဖြိုး ပါတီတွင်းသို့ ဝင်ရောက်လာသော စီနီယာ စစ်ဘက် အရာရှိကြီး ၁၄၃ ဦးအနက် ၅၉ ဦးကိုသာ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက လက်ခံခဲ့သည်။ ယင်းသို့ စစ်ဘက်ပုဂ္ဂိုလ် ၈၄ ဦးကို ဖယ်ရှားလိုက်သည့် အတွက် စစ်တပ်မှ သဘောထား တင်းမာသူများသာမက အလွန်အမင်း မကျေမနပ် ဖြစ်ခဲ့ကြသည်။

ဦးသန်းရွှေသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်တွင်းအတိုက် အခံများ၏ တောက်လျှောက် ဝေဖန်ခြင်းခံထားရသော လွှတ်တော်တွင်း စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လျှော့ချရန်အလို့ငှာ ပြည်ခိုင်ဖြိုး ပါတီထဲသို့ ယူနီဖောင်းချွတ် စစ်ဘက်မှ အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ထည့်သွင်း ရန် အစီအစဉ်ရေးဆွဲခဲ့သည်။ ဤနည်းဖြင့် အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂ (EU) တို့၏ ထောက်ခံမှုကို ပိုမိုရရှိအောင် ဖန်တီးလိုသည့် ရည်ရွယ်ချက် ထားရှိပုံရသည်။ သို့သော် ဦးသန်းရွှေ၏ အစီအစဉ်ကိုပျက်ရန် ဦးရွှေမန်းက စစ်ဘက်ပုဂ္ဂိုလ်များ ပါတီတွင်းသို့ ဝင်ရောက်လာမှုကို ပယ်ချ လိုက်သောအခါ ကျွဲမြီးတိုသွားခဲ့သည်။

 ထို့ပြင် ဦးသန်းရွှေသည် ၎င်း၏အာဏာကို ခြိမ်းခြောက်လာသူဟု ယူဆရသူ၊ ပြည်သူများအကြား၌ ရေပန်းစားလာသူများကို လက်ဦးမှုယူကာ အမြဲတစေ ဖြုတ်ချလေ့ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အငြိမ်းစား ယူသွားပြီဟု ထုတ်ပြန် ကြေညာနေသော်လည်း ယနေ့တိုင် မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှုကို စောင့်ကြည့်လေ့လာနေသူ ဖြစ်သည်။

 ထို့ပြင် သူရဦးရွှေမန်းကို ဦးသန်းရွှေ အလိုမကျမှုတစ်ခုမှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသောဆက်ဆံရေး တည် ဆောက်လိုမှုနှင့် ဒေါ်အောင်ဆန်းစုကြည့် သမ္မတဖြစ်ခွင့်ကို တားဆီးပိတ်ပင် ထားသော အခြေခံဥပဒေ အခန်း (၃) ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်လိုမှုကြောင့် ပင် ဖြစ်သည်။

 ၂၀၁၅ ခုနှစ် ဇွန်လ ၂၃ မှ ၂၅ ရက်နေ့အထိ သုံးရက်တိုင်တိုင် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်၌ ကျင်းပခဲ့ရာ မဲခွဲဆုံးဖြတ်ရာ၌ ပုဒ်မ ၅၉ (ဃ) တစ်ခုကိုသာလျှင် ပြင်ဆင်ခွင့် ရရှိခဲ့သည်။ ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ ၄၃၆ (ခ) တို့မှာ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ကန့်ကွက်မဲပေးခဲ့သောကြောင့် ရှုံးနိမ့်ခဲ့ရသည်။

အခန်း (၃) ပုဒ်မ ၅၉ (ဃ)၌ နိုင်ငံတော်အရေးအရာများ ဖြစ်သော နိုင်ငံအရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များ ရှိရမည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၉ (စ)၌ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊ မိမိ၏တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထို တရားဝင်သားသမီး တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက် အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။

ပုဒ်မ ၆၀ (ဂ) ၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော် ၏ အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် နေ့ရက်မှစ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာလွှတ်တော် များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးထားသော အဖွဲ့အစည်းဝင် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ဝင်များ သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူ ရမည်။

ပြင်ဆင်ရေးအတွက် ပြည်သူ ၅ သန်းကျော် လက်မှတ်ရေးထိုး ဆန္ဒ ပြုထားသည့် ပုဒ်မ ၄၃၆ (က) တွင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉ မှ ၆၀ ထိ၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀ဝ၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက် ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
ပုဒ်မ ၄၃၆ (ခ) တွင် ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်း ချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ် စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင် ရမည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ သူရဦးရွှေမန်းကို လွှတ်တော်ဥက္ကဋ္ဌမှ ဖယ်ရှားရန်အတွက် လွှတ်တော် ကိုယ်စားလှယ် တာဝန်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်း ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ သြဂုတ်လ ၁၃ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

 ယင်းဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင်က ပြုစုပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်၌ ပထမအကြိမ်၊ ၂၀၁၃ သြဂုတ် ၂၈ ရက်တွင် ဒုတိယအကြိမ်၊ ၂၀၁၅ ဇူလိုင်လ ၃ ရက်တွင် တတိယအကြိမ်၊ ၂၀၁၅ သြဂုတ်လ ၁၃ တွင် စတုတ္ထအကြိမ် ပြည်ထောင်စုလွှတ်တော် နာယက ထံ တင်ပြခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လေ့လာပါက ပုဒ်မ (၇)၌
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း။
(၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကိုဖောက်ဖျက် ကျူး လွန်ခြင်း။
(၃) အကျင့်သိက္ခာ ပျက်ပြားခြင်း။
(၄) ကိုယ်စားလှယ် အရည်အချင်းပျက်ယွင်းခြင်း။
(၅) ဥပဒေအရ ပေးအပ်ထားသည့် တာဝန်ကို မကျေပွန်ခြင်း စသည် တို့ တစ်ခုခုကိုကျူးလွန်ခဲ့လျှင် ပြန်လည်ရုပ်သိမ်းခွင့် ရှိသည် ဟူ၍ ဖော်ပြထားသည်။

ထို့ပြင် ပုဒ်မ (၈)၌ မူလ မဲဆန္ဒနယ်များထဲမှ အနည်းဆုံး (၁) ရာခိုင်နှုန်း၊ ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားချက်ကို ပို့ရမည်ဟု ဖော်ပြထားသည်။

ဤနေရာ၌ သတိပြုရမည့်အချက်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၆၉ (ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ် မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်း ခွင့် ရှိသည်ဟု ဖော်ပြထားသည်။ ပုဒ်မ ၃၉၆ နှင့် ပုဒ်မ ၃၉၇ တို့တွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည်။ သို့သော် ပုဒ်မ ၃၉၆ (ခ) ပါ လွှတ်တော်ကိုယ်စားလှယ် အား တာဝန်မှ ပြန်လည်ရုပ်သိမ်းရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့ တိုင်တန်းနိုင်သည့် မူလမဲဆန္ဒရှင် အနည်းဆုံး (၁) ရာခိုင်နှုန်းကို ပြင်ဆင် နိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဦးစွာပြင်ဆင်နိုင်ရမည် ဖြစ်သည်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၉ (ခ) ပါ ပြဋ္ဌာန်းချက်ကို ပြင်ဆင်နိုင်ခြင်း မရှိသရွေ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်း အတည်ပြုရေးမှာ ကြန့်ကြာနေဦးမည် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်စွဲပါ အစီရင်ခံစာတွင် ပုဒ်မ ၃၉၆ (ခ) ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်တာဝန် မှ ပြန်လည်ရုပ်သိမ်းရေး တိုင်တန်းချက်ကို သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် ပြည်ခိုင်ဖြိုးပါတီက ၂၀ ရာခိုင်နှုန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀ ရာခိုင်နှုန်း၊ ရခိုင်အမျိုးသားပါတီက ၁၀ ရာခိုင်နှုန်း အသီး သီး ပြင်ဆင်သင့်ကြောင်း အဆိုပြုသော်လည်း ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိပေ။

ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကလည်း လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းရာတွင် အတားအဆီးဖြစ်နေသည်။ တပ်မတော်သား ကိုယ် စားလှယ် ၂၅ ရာခိုင်နှုန်းကို တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်ခြေ မရှိလျှင် တရားမျှတမည် မဟုတ်ပေ။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်တွင်းရှိ ပါတီ ၁၉ ပါတီ အနက် ၁၃ ပါတီက ၁ ရာခိုင်နှုန်းဖြင့် တိုင်ကြားနိုင်သည် ဆိုသည့်အချက်မှာ အလွယ်တကူ တိုင်ကြားနိုင်ခြင်း၊ မသမာသည့်နည်းဖြင့် တိုင်ကြားလာနိုင် ခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှသာ အချိန်ယူဆောင်ရွက် သင့်ကြောင်း သဘောထားပေးပို့ခဲ့သည်။

ထို့နောက် ၂၀၁၅ သြဂုတ်လ ၂၀ ရက်တွင် ယင်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်၏ အဆုံအဖြတ်ရယူကာ စက်ခလုတ် အသုံးပြု မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ ၂၃၅ မဲ၊ ကြားနေမဲ ၁၂ မဲဖြင့် လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ခေတ္တဆိုင်းငံ့ထားရန် အတည်ပြုခဲ့လေသည်။


ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒီမိုကရေစီ၏ ကံကြမ္မာ

$
0
0
Photo Credit - Digital Media Pro / Haoka / Shutterstock / Paul Spella / The Atlantic

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒီမိုကရေစီ၏ ကံကြမ္မာ
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၇

(မိုးမခ)  ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉

Steven Levitsky နှင့် Daniel Ziblatt ရေးသာသော HOW DEMOCRACIES DIE စာအုပ်မှ Trump Against the Guardrails ကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

“ဒီမိုကရေစီ၏ ကံကြမ္မာ” ၏ ခေါင်းစဉ်အပြည့်အစုံမှာ “သမ္မတထရမ်၏ ကျန်ရှိသော သက်တန်းတွင် ဒီမိုကရေစီ၏ ကံကြမ္မာ” ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် ၂၀၁၇ တွင် အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။ သူ၏လက်ထက်တွင် ဒီမိုကရေစီစံနှုန်းများချိုးဖောက်ခဲ့ခြင်းအကြောင်းကို ရှေ့တွင် ဖော်ပြခဲ့သည်။ သူ၏ ကျန်ရှိသော သမ္မတသက်တမ်းအတွင်းတွင် ဒီမိုကရေစီ၏ ကံကြမ္မာသည် အဘယ်နည်း?။ ဤမေးခွန်း၏ အဖြေမှာ- အချက်အလက်တော်တော်များများအပေါ်တွင် တည်နေပါသည်။ ထိုအချက်အလက်များကို ယခုသုံးသပ်၍ ပြနိုင်ရန် ကြိုးစားပါမည်။

ထရမ့်သည် ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတဖြစ်လာခြင်း ဖြစ်ပါသည်။ ဒီမိုရေစီ၏ ကံကြမ္မာသည် ရီပတ်ဘလစ်ကန်ပါတီ၏ ခေါင်းဆောင်များ၏ အပြုအမူအပေါ်တည်သည်။ ဒီမိုကရေစီအဖွဲ့အစည်းများ၏ လုပ်ငန်းများ၏ အောင်မြင်မှုသည် ၎င်းတို့ထဲမှ အစိုးရအဖွဲ့ထဲတွင် ပါဝင်သော သူများက သူတို့ကို အကာ အကွယ်ပေးခြင်းအပေါ်တည်သည်။ အကာအကွယ်ပေးခြင်းဟူရာတွင် အစိုးရကိုပင် လိုအပ်လျှင် အတိုက် အခံလုပ်၍ ကာကွယ်ပေးရန် ပါဝင်သည်။ သမ္မတရူးစဘယ် (Roosevelt) ၏ တရားရုံးကို သူ့သဘောရှိ ပြင်ဆင်ခြင်း အစီအစဉ်နှင့် သမ္မတနစ်ဆင် (Nixon) ၏ အာဏာရှင်သန်သော အစီအစဉ်များ၊ ကျဆင်းသွား ခြင်းသည် အာဏာရပါတီကိုယ်တိုင်က သမ္မတကို ဆန့်ကျင်သောကြောင့် ဖြစ်သည်။ ပိုလန် (Poland) နိုင်ငံတွင် အာဏာရပါတီကိုယ်တိုင်က အစိုးရ၏ အာဏာရှင်ဆန်ဆန်လုပ်ရပ်များကို ဆန့်ကျင်ခဲ့သည်။ ပါတီ ခေါင်းဆောင်များသည် အစိုးရက တင်သွင်းသော ဥပဒေမူကြမ်းများကိုပင် ပယ်ချခဲ့သည်။ ဟင်ဂေရီ (Hungary) နိုင်ငံတွင်မူကား အာဏာရ၀န်ကြီးချုပ်လုပ်သမျှကို အာဏာရပါတီခေါင်းဆောင်များက အားလုံး ကောင်းပါသည်ဟူ၍ လိုက်လျောခဲ့သည့်အတွက်၊ အာဏာရှင်စံနစ် ရှင်သန်၍ ဒီမိုကရေစီကျဆုံးခဲ့သည်။

သမ္မတဒေါ်နယ်ထရ့မ်နှင့် သူ၏ ရီပတ်ဘလစ်ကန်ပါတီတို့၏ ဆက်ဆံရေးသည်လည်း ဒီမိုကရေစီ၏ ရှေ့ရေးအတွက် အရေးပါပါသည်။ သစ္စာစောင့်သော ပါတီဝင်များ သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ- ထက်သန် သော သစ္စာစောင့်သူများ (active loyalists) မလုပ်မပြုတ်နေသော သစ္စာစောင့်သူများ (passive loyalists) ဝေဘန်တတ်သူသစ္စာစောင့်သူများ (Critical loyalists) ဟူ၍ ဖြစ်သည်။ ထက်သန်သူများသည် သမ္မတကို ထောက်ခံရုံသာမက သမ္မတဘာကိုပဲ လုပ်စေကာမူ လူသိရှင်ကြားထောက်ခံသည်။ မလုပ်မပြုတ်နေသော သူများသည် အရှက်တကွဲဖြစ်သောအခါတွင် လူများရှေ့မှ နောက်ကွယ်သို့ရောက်သွားသည်။ သို့သော် မဲပေးသည့်အခါတွင် သမ္မတကိုသာ မဲပေးသည်။ ဝေဘန်တတ်သူများသည် သမ္မတကို ဝေဘန်သည်။ သမ္မတသည် မဟုတ်တာလုပ်လျှင်၊ ခပ်ခွါခွါနေသည်။ သို့သော် သမ္မတကို အားနည်းစေမည့်အလုပ်အမျိုး ကို မလုပ်ပါ။ ထိုသုံးမျိုးစလုံးသည် သမ္မတကို သစ္စာစောင့်သူများ ဖြစ်ကြ၍ သမ္မတ၏ အာဏာတည်မြဲရေး အတွက်သာ လုပ်ကြသည်။

သမ္မတနှင့် သက်ဆိုင်ရာတွင် သုံးတတ်သော ဗျူဟာနောက်တစ်မျိုးမှာ- ဘောင်တစ်ခုအတွင်း ကန့်သတ်မှတ်ဖြင့် ထိန်းချုပ်ခြင်း (containment) ဖြစ်သည်။ အာဏာရပါတီဝင်များသည် သမ္မတကို ကိစ္စ တော်တော်များများတွင် ထောက်ခံသည်။ သို့သော်လည်း သမ္မတသည် နိုင်ငံကိုအန္တရာယ်ပြုနိုင်သော နေရာတွင် စည်းတားထားသည်။ နိုင်ငံကို အန္တရာယ်ပြုနိုင်သော စည်းကိုမကျော်စေရန် ဂရုစိုက်သည်။ သမ္မတနှင့် သူတို့သည် ပါတီတစ်ခုတည်း၏ အဖွဲ့ဝင်များဖြစ်ကြသဖြင့်၊ သမ္မတ၏ ကောင်းကျိုးသည် သူတို့၏ ကောင်းကျိုးဖြစ်သည်။ သို့သော်လည်း ရည်ရှည်အားဖြင့် သမ္မတသည်နိုင်ငံ၏ ဒီမိုကရေစီအဖွဲ့အစည်းများ ကို အန္တရာယ်ပေးနိုင်သည်ဟူသည်ကို မှတ်သားထားသည်။ ထို့ကြောင့် အာဏာရပါတီဝင်များသည် သမ္မတ နှင့်ပူးတွဲ၍ လုပ်ကိုင်ဆောင်ရွက်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ကြသည်။ သို့သော်လည်း သမ္မတသည် အာဏာကိုအလွဲသုံးစားပြုခြင်း (abuse of power) ကို မလုပ်နိုင်အောင် ကြိုးပမ်းကြရသည်။ အာဏာရ ပါတီဝင်များသည် သမ္မတကို တည်မြဲနေစေရန် သို့သော်အာဏာကို အကန့်အသတ်ဖြင့်သာ သုံးနိုင်ရန် ဆောင်ရွက်ကြသည်။

တတိယနည်းဗြူဟာမှာ၊ သမ္မတကို ရာထူးမှ ဖယ်ရှားနိုင်သော နည်းများကို ရှာခြင်းဖြစ်သည်။ ထိုအလုပ်သည် တန်ဖိုးကြီးကြီးပေးဆပ်ရသော အရာဖြစ်နိုင်သည်။ သမ္မတကဲ့သို့သော ပုဂ္ဂိုလ်ကို ဖယ်ရှား သောအလုပ်ကို လုပ်သောသူသည် နိုင်ငံတော်ကို သစ္စာဖောက်မှုဖြင့် တရားစွဲခံရနိုင်သည်။ သို့သော်လည်း သမ္မတ၏ လုပ်ငန်းသည် မဲပေးထားသော ပြည်သူများကို ထိခိုက်စေသော အလုပ်မျိုးဖြစ်သည်ဟု အများက ယူဆလျှင်၊ ပါတီခေါင်းဆောင်များကလည်း ဤအလုပ်သည်နိုင်ငံအတွက် လုပ်ရမည့်အလုပ်ဖြစ်သည်ဟု သဘောတူလျှင် လုပ်ရမည်ဖြစ်သည်။

ယခုအချိန်အထိမည်သည့် အာဏာရပါတီ (ရီပတ်ဘလစ်ကန်) ခေါင်းဆောင်များသည် သမ္မတထရမ့် ကိုရာထူးမှ ဖယ်ရှားသည့်အလုပ်ကိုစတင်၍ မကြိုးပမ်းသေးပါ။

ယခုပြောခဲ့သော ဗျူဟာသုံးခုတွင် သမ္မတထရမ်အပေါ်မည်သည့်နည်းဖြင့်မဆို သစ္စာစောင့်ခြင်း (loyalty) သည် ဒီမိုကရေစီအတွက် အကျိုးမပြုပါ။ အကန့်အသတ်ဖြင့် ထိန်းချုပ်ခြင်းသည်၊ အကန့် အသတ်ဖြင့် အထောက်အကူ ပြုနိုင်ပါသည်။ ထရမ့်ကဲ့သို့သော သမ္မတကို ဖယ်ရှားခြင်းသည် ဒီမိုကရေစီကို အထောက်အကူပေးနိုင်သော်လည်း မည်သည့်အာဏာရပါတီဝင်ကမှ မလုပ်ကြပါ။

ဒီမိုကရေစီ၏ ကံကြမ္မာကို အကျိုးသက်ရောက်နိုင်သော နောက်ထပ်အရာတစ်ခု ပြည်သူ့ဆန္ဒ (public opinion) ဖြစ်သည်။ အကယ်၍ စစ်တပ်ကိုလည်း အားကိုး၍ မဖြစ်၊ အကြမ်းဖမ်းမှုများကိုလည်း လုပ်ဖို့မလိုလာလျှင်၊ လူအများ၏ ဆန္ဒ (ပြည်သူ့ဆန္ဒ) ကို အားကိုးရမည်ဖြစ်သည်။ အကယ်၍ လူများ၏ မဲဆန္ဒနှင့်တက်လာသော ခေါင်းဆောင်သည်။ ပြည်သူလူထု၏ ထောက်ခံမှု  70% ကိုရရှိထား လျှင်၊ ဝေဖန်သူများသည် ခေါင်းဆောင်ဘက်က လိုက်ကြသည်။ မီဒီယာများသည်လည်း ပျော့ပြောင်းသွားကြ သည်။ တရားသူကြီးများကလည်း အစိုးရကိုဆန့်ကျင်သော အမိန့်မျိုးကို ချမှတ်ရန်ဝန်လေးကြသည်။ ပြိုင်ဘက်ဖြစ်သော နိုင်ငံရေးသမားများသည်ပင်လျှင် အထီးကျန်ဖြစ်နေမည်ကို စိုးရိမ်၍ အစိုးရကို သိသိ သာသာမဆန့်ကျင်ရဲကြချေ။

အကယ်၍ မဲဆန္ဒနှင့်တက်လာသော အစိုးရဖြစ်သော်လည်း ပြည်သူလူထု၏ ထောက်ခံမှုသည် 50% ကျော်ရုံမျှသာ ဖြစ်လျှင် မီဒီယာနှင့်အတိုက်အခံတို့သည် ဆန့်ကျင်ရဲကြသည်။ တရားသူကြီးများ သည် သမ္မတကို ဆန့်ကျင်သော ဆုံးဖြတ်ချက်မျိုးကို ဆုံးဖြတ်ရဲကြသည်။ နိုင်ငံရေးသမားများကြားတွင် လည်း၊ သမ္မတကို ဆန့်ကျင်သူများပေါများလာနိုင်သည်။

အမေရိကန်သမ္မတထရမ့်၏ လူထုထောက်ခံမှုသည် ဘယ်လောက်အကျိုးသက်ရောက်မှုရှိသည်ကို သိရန်၊ ဤမေးခွန်းကိုဘဲဖြေကြည့်ကြပါ။

အကယ်၍ အမေရိကန်နိုင်ငံတစ်ခုလုံးသည် အနောက်ဗာဂျီးနီးယားပြည်နယ် (West Virginia) ကဲ့သို့ဖြစ်ခဲ့လျှင် ဒီမိုကရေစီဒ အခြေအနေသည် ဘာဖြစ်မည်နည်း?

ဤနေရာတွင် မြောက်ဗာဂျီးနီးယားပြည်နယ်နှင့် အမေရိကန်တစ်နိုင်ငံလုံး၏ နိုင်ငံရေးအခြေအနေ ကိုသုံးသပ်၍ကြည့်သော် ဤကဲ့သို့တွေ့နိုင်သည်။

၂၀၁၇ ၏ ပထမနှစ်ဝက်တွင် ထရမ့်ကို ထောက်ခံသော လူထု၏ ရာခိုင်နှုန်းသည် 60% ရှိသည်။ ထိုကာလတွင် တစ်နိုင်ငံလုံး၏ ထောက်ခံမှုသည် 40% သာရှိသည်။

အနောက်ဗာဂျီးနီးယားတွင် သမ္မတ၏ ထောက်ခံမှုများပြားမှုကြောင့် ထိုပြည်နယ်တွင် သမ္မတ ထရမ့်ကို ဆန့်ကျင်မှုသည် အတော်လျော့သွားသည်။ အတိုက်အခံအမတ်များဖြစ်သော ဒီမိုကရက် တစ်အမတ်များထဲတွင်ပင်လျှင် သမ္မတကို ဆန့်ကျင်မှုအားနည်းလျှက်ရှိသည်။ ဒီမိုကတစ်အမတ် ဂျိုးမန်ချင် (Joe Manchin) သည် အချိန်ထက်ဝက်ကျော်ကျော်တွင် သမ္မတရမ့်ကို ထောက်ခံအားပေးသည်။ လွှတ်တော်၏ ဒီမိုကရက်တစ်အမတ် ဂျင်ဂျွတ်စတစ် (Jim Justice) သည် ဒီမိုကရေတစ်ပါတီမှ ရီပတ်ဘလစ်ကန်ပါတီသို့ပင် ပြောင်းသွားခဲ့သည်။

ဤသည်ကားအနောက်ဗာဂျီးနီးယာတွင်ဖြစ်သော အဖြစ်အပျက်များဖြစ်သည်။ သမ္မတထရမ့်၏ လူကြိုက်များလာလေ၊ သူသည် ဒီမိုကရေစီအတွက် အန္တရာယ်များလေလေဖြစ်သည်။

သမ္မတထရမ့်၏ လက်ထက်တွင် ဒီမိုကရေစီ၏ ကံကြမ္မာကို သုံးသပ်ကြည့်သော်၊ ၎င်းသည်အောက် ပါ အကြောင်းအရာများအပေါ်တွင် မူတည် နေပါသည်။

အာဏာရပါတီ ရီပတ်ဘလစ်ကန်ပါတီဝင်များ၏ အပြုအမူ။

သမ္မတထရမ့်နှင့် ရီပတ်ဘလစ်ကန်ပါတီ တို့၏ ဆက်ဆံရေး။

သမ္မတကို သစ္စာစောင့်သောသူ သုံးမျိုး (loyalists 3 kinds)။

သမ္မတကို အကန့်အသတ်ဖြင့် ထိန်းချုပ်ခြင်း (containment)။

ပြည်သူ့ဆန္ဒ (public opinion)

(ဆက်လက်ဖော်ပြပါမည်)

သာထက်အောင် - လူရောင်စုံ၊ ဘ၀ရောင်စုံ၊ ဒုက္ခရောင်စုံ - ၂

$
0
0

သာထက်အောင် - လူရောင်စုံ၊ ဘ၀ရောင်စုံ၊ ဒုက္ခရောင်စုံ -  ၂
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉


"ကိုင်း ... ကားဆရာ၊ ဒီမှာပဲရပ်"
တာမွေဈေးရှေ့ရောက်တော့ တက်စီပေါ်က ဆင်းလိုက်တယ်။

"အကိုအားရင် ကျွန်တော့်ဆိုင် တရက်လောက် အလည်လာပါဦး၊ တာမွေဈေးရှေ့ ဇော် မိုဘိုင်း ဆို လူတိုင်းသိပါတယ်"
 ဇော်မင်းဦးက သူ့ဆိုင်လာဖို့ ခေါ်နေတာ ခုလမ်းကြုံတုန်း ၀င်မယ်စိတ်ကူးပြီး ကားပေါ်က ဆင်းလိုက်တော့... အားပါးပါး... လူတွေ တယောက်ဖနောင့် တယောက် မနင်းမိရုံ။ ဟိုကြည့် သည်ကြည့်နဲ့ ဇော်မိုဘိုင်းကို ရှာလို့မတွေ့၊ နောက်ဆုံး ဖုံးထုတ်ပြီး "ငါ မှတ်တိုင်ရှေ့မှာ မင့်ဆိုင်ရှာလို့မတွေ့ဘူး"ဆိုမှ သူကိုယ်တိုင် လာခေါ်မှ ရောက်ပါတော့တယ်။ ပလက်ဖေါင်းပေါ်တက်ရောင်းနေတဲ့ လမ်းဘေးဈေးသည်တွေရဲ့ထီးတွေ၊ တာလပတ်မိုးကာတွေက ကွယ်နေတော့ ဆိုင်းဘုတ်ကို ရုတ်တရက်မြင်ဖို့ မလွယ်။

 ဇော်မင်းဦး တည်ခင်းဧည့်ခံတဲ့ လက်ဖက်ရည်သောက်ရင်း ဘေးဘီ တချက်ဝေ့ အကဲခတ်လိုက်တော့ သူ့ဆိုင်ရှေ့ပလက်ဖေါင်းပေါ်မှာ ဒယ်အိုးကင်းပူထဲ ဆီအပြည့်ထဲ့ပြီး ဘူးသီးကြော် ဘယာကြော် ကြော်နေတဲ့ နေလောင်မျက်နှာနဲ့ မြန်မာအမျိုးသမီးကြီး။ သူနဲ့ မလှမ်းမကမ်းမှာက ကြိမ်ခြင်းကြီးထဲ အပြည့်အမောက်ထည့်ထားတဲ့ ၀က်နားရွက် ၀က်နှာခေါင်း ၀က်သားဒုတ်ထိုး ရောင်းတဲ့ စိနသွေးစပ်ပုံရတဲ့ အမျိုးသမီးကြီး။ သူတို့ကျောပေးထားတဲ့နောက်မှာက မွတ်စလင်ဆိုင် ၂ ဆိုင်... ဗဟုယဉ်ကျေးမှု (Multi culture) က မမျော်လင့်ပဲ တာမွေဈေးရှေ့မှာ လာထွန်းကားနေပါ့လားဆိုပြီး တယောက်တည်း ပြုံးမိပါသေးတယ်။

 ဇော်မိုဘိုင်းဆိုင်ရှေ့က တိုးဝှေ့သွားလာနေတဲ့လူတွေကို ငေးကြည့်ရင်း ပလက်ဖေါင်းပေါ်ဈေးရောင်းနေတဲ့ အသွေးစုံ အရောင်စုံ ပစ္စည်းမျိုးစုံ လူတန်းစားပေါင်းစုံတို့ရဲ့ နေ့စဉ်ရုန်းကန်နေရတဲ့ သူတို့ဘ၀ကို ဘယ်အုပ်ချုပ်သူလူတန်းစား ဘယ်ခရိုနီကမှ စာနာ နားလည်နိုင်ကြလိမ့်မယ်မထင်ဘူး။

လမ်းဘေးဈေးသည်... ခေတ်အဆက်ဆက် ရန်ကုန်မြို့မှာ မဖြေရှင်းနိုင်တဲ့ ပြဿနာပေါင်းမြောက်များစွာထဲမှာ ဒီလမ်းဘေးဈေးသည်ကိစ္စကလည်း ထိပ်ဆုံးတန်းမှာ ရှိပါတယ်။ မဆလခေတ်တုန်းက နေ့စားနဲ့ ငှားထားတဲ့ ဂဠုန်ဆိုတဲ့အမည်နဲ့ နံမည်ပျက်ခဲ့ဖူးတဲ့အဖွဲ့ကို သိမှီသူတို့ မှတ်မိကြပါလိမ့်ဦးမယ်။ ဂဠုန်လာပြီဟေ့ ... ဆို ပြေးကြလွှားကြ လဲကြ ပြဲကြ။ ကားပေါ် ဗမ်းတွေ တောင်းတွေ ခုံတွေ အတင်းတင် ၊ ဈေးသည်က အတင်းပြန်ဆွဲ ၊ တချို့လည်း ကားပေါ် ပါသွား မျက်နှာငယ်လေးနဲ့ ၊ ရုံးတင် ဒဏ်တပ် ။ နောက်နေ့ကျ ဒီလူ ဒီဈေးသည်တွေ ဒီနေရာ ပြန်ရောက်လာပြန်ရော။ နောက်တော့... ထုံးစံအတိုင်း ဂဠုန်နဲ့ ဈေးသည် ပလဲနံပ သင့်ပြီး ဆက်ကြေး ဆက်သထားတော့ ဂဠုန်လာမယ်ဆို သတင်းတွေ ဘာတွေ ကြိုရလို့။ အဆင်ကိုပြေလို့။

နှစ်ပေါင်းများစွာ စွဲကပ်လာတဲ့ဒီရောဂါကို ခုထိ ဘယ်အုပ်ချုပ်ရေးသမားတော်မှ ပျောက်အောင် မကုနိုင်ပါဘူး။ တချို့က ပြောတယ် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ရတာ အဓိကတရားခံက လမ်းဘေးဈေးသည် ... တဲ့။ အကြောင်းပေါင်းများစွာထဲက အကြောင်းတခုအနေနဲ့ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် ဒိထက် ကြီးကျယ်လေးနက်တဲ့ အကြောင်းတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံရေးစနစ် စီးပွါးရေးစနစ် မြို့ပြစီမံခန့်ခွဲမှု၊ တရားဥပဒေစိုးမိုးမှု၊ လာဘ်ပေးလာဘ်ယူမှု စတဲ့ အကြောင်းပေါင်းမြောက်များစွာနဲ့ ဆက်စပ် ပတ်သက်နေတယ်လို့များ ပြောရင် ကြီးကျယ်ရာများ ကျနေမလားပဲ။

တိုကျိုမှာ ပလက်ဖေါင်းပေါ် တက်ရောင်းတဲ့ လမ်းဘေးဈေးသည်ရှိသလား။ စင်ကာပူမှာ ဘီဂျင်းမှာ ဆစ်ဒနီ မှာ နယူးယောက်မှာ ဘာ့ကြောင့်လမ်းဘေးဈေးသည် မရှိသလဲ။ ရိုးရိုးလေးစဉ်းစားကြည့်ရင် လမ်းဘေးဈေးသည်ဆိုတာ ချမ်းသာသူ ကြေးရည်တတ် တယောက်မှ မပါဘူး။ တ၀မ်းတခါးအတွက် ဖြစ်သလို ရှာဖွေရုန်းကန်နေရသူချည်းပဲ။ သူတို့မှာ ဆိုင်ခန်းဝယ်နိုင် ငှားနိုင်လောက်တဲ့ ငွေကြေးကလည်း မရှိ၊ ဘုစုခရုတွေနဲ့ ငုတ်တုတ်ထိုင် အငတ်ခံလို့ကလည်း မဖြစ်တော့ လမ်းဘေးမှာပဲ ဖြစ်သလို မီးဖိုလေးနဲ့ အကြော်ရောင်းသူကရောင်း၊ အဟောင်းပေး အသစ်ယူနဲ့ ကုန်စိမ်းလေး ဗမ်းပေါ်တင် ရောင်းသူကရောင်း ၊ တချို့လည်း မုန့်ဟင်းခါး အသုပ်စုံ စိတ်ကူးတည့်ရာ အဆင်ပြေမယ်ထင်ရာ ရောင်းရင်း လောကဓံ အံတုပြီး စားဝတ်နေရေးတံပိုးအောက် ချွေးပါက်ပေါက် ကျရတဲ့သူတွေပါ။ သေချာတာကတော့ အားလုံး တ၀မ်းတခါးအတွက်ထက် ဘာမှမပိုပါဘူး။

ဒါဖြင့်... တခြားနိုင်ငံကလူတွေရော... အားလုံး သူဌေးတွေချည်းပဲလား။ ဆင်းရဲသား လက်လုပ်လက်စား မရှိတော့ဘူးတဲ့ လား။ ရှိပါသော်ကော။ ဒါပေမယ့် သူတို့ လမ်းဘေးမှာ အလုအယက် ဈေးရောင်းစရာမလိုတဲ့အကြောင်းက သူတို့နိုင်ငံတွေမှာ စက်ရုံ အလုပ်ရုံ ဖွံဖြိုးတယ်။ ဘာငွေကြေးအရင်းမှ မစိုက်ထုတ်ရပဲ တနေ့၈နာရီ စက်ရုံမှာလုပ်ရင် တ၀မ်းတခါးတော့ မပူရဘူး။ အဲ... အလုပ်မလုပ်နိုင်တော့ဘူး၊ ဒါမှမဟုတ် ပြုတ်လာပြီ ၀င်ငွေမရှိတော့ဘူး ဆိုရင် နိုင်ငံတော်က ထောက်ပံ့ပေးတယ်။ အသက် ၆၅ နှစ် ကျော်ပြီဆိုရင် သက်ပြည့်ပင်စင် - မသေမချင်း အစိုးရက တာဝန်ယူကျွေးမွေးထားရတယ်။ ဒီတော့... အဲသလိုနိုင်ငံမျိုးတွေမှာ ဘယ်သူမှ ပလက်ဖေါင်းပေါ်တက် ပုလိပ်အဖမ်းခံပြီး အော်ဟစ်ဈေးရောင်းနေမှာလဲ။

အဓိကကတော့ စနစ်ပါ။ စီးပွါးရေးချွတ်ခြုံ ကျနေတဲ့နိုင်ငံတွေမှာ ဆင်းရဲတဲ့ ကိုယ့်နိုင်ငံသားတွေကို တပြားတချပ်မှ မထောက်ပံ့နိုင်တဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရင်း လမ်းပေါ်တက် ဈေးရောင်းတဲ့ဘ၀ ရောက်ကုန်ကြတာပါ။ ဒါ့ကြောင့် ဆင်းရဲတဲ့ အာရှနဲ့ အာဖရိကနိုင်ငံအချို့မှာ လမ်းဘေးဈေးသည်ဆိုတာ မမြင်ချင်မှ အဆုံးပါ။ တချိန်က ဆင်းရဲလှပါတယ်ဆိုတဲ့တရုတ်ပြည်ကြီး ... ခု ဖွံဖြိုးကြီးပွါးလာတော့ (social security) လို့ ခေါ်တဲ့ ထောက်ပံ့ကြေးတွေ ပေးလာလို့ သက်ကြီးရွယ်အိုတွေ ပင်စင်လစာနဲ့ နေ၀င်ချိန်ကို အေးဆေးစွာ ဖြတ်သန်းနိုင်ကြပြီ။ လမ်းဘေးဈေးသည်ကို ဖမ်းပြရုံနဲ့ ပပျောက်လိမ့်မယ်ထင်ရင် မှားလိမ့်မယ်။

 သေချာတာတခုက တိုင်းပြည်တပြည် စီးပွားရေးချွတ်ခြုံကျလေ ပြည်သူတွေ ဆင်းရဲတွင်း နက်လေ၊ လမ်းဘေးဈေးသည်တွေ ပေါလေ၊ ရာဇ၀တ်မှု ထူပြောလေ၊ နိုင်ငံရေးမတည်ငြိမ်လေ။
နိုင်ငံရေး မတည်ငြိမ်တဲ့ နိုင်ငံတနိုင်ငံကို ဘယ် ကမ္ဘာကျော် ကုမ္ပဏီကြီးတွေကမှ အမိုက်မဲခံလာပြီး ရင်းနှီးမြှုပ်နှံကြမှာ မဟုတ်ပါဘူး။ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံတခု ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများဆုံး နိုင်ငံတခု၊ ပါတီတွေ အဖွဲ့အစည်းတွေ အမည်အမျိုးမျိုးနဲ့ မွစာတက်နေတဲ့ နိုင်ငံတခု ၊ စစ်တပ်ရဲ့ သြဇာ မလွန်ဆန်နိုင်တဲ့အစိုးရ အုပ်ချုပ်နေတဲ့နိုင်ငံတခု၊ ရေ မီး လမ်းပမ်းဆက်သွယ်ရေး၊ ဒေသလုံခြုံရေး၊ အခွန်စနစ်၊ ဘဏ်စနစ် ငွေကြေးစနစ် အားရစရာမရှိတဲ့ နိုင်ငံတခု ၊ လာဘ်ပေး လာဘ်ယူ အဂတိလိုက်စားမှုမှာ ကမ္ဘာကျော်တဲ့ နိုင်ငံတခု၊ တရားဥပဒေ မစိုးမိုးတဲ့အပြင် စစ်အစိုးရ ပြန်လည်အသက်သွင်းဖို့ကြိုးစားနေတဲ့ လူ၊သင်္ကန်းဝတ်အဖွဲ့အစည်း ခိုင်ခိုင်မာမာရှိနေတဲ့ နိုင်ငံတခု၊ နည်းပညာ အတတ်ပညာ မထွန်းကားပဲ ကျွမ်းကျင်လုပ်သား ရှားပါးတဲ့ နိုင်ငံတခု။ ဒီလိုနိင်ငံမျိုးကို Samsung လို၊ Toyota လို Apple လို ကုမ္ပဏီကြီးမျိုးတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ဆိုတာ တော်တော်ကြီး အလှမ်းဝေးပါတယ်။

လာရင်းလာ တနေ့ ၈ နာရီ လုပ်တာတောင် ဒံပေါက် ၂ ပွဲ ဖိုး လောက် လုပ်အားခပေးချင်တဲ့ တရုတ်တောသူဌေးတွေ၊ မသေမရှင် လခလေးပေးပြီး ခေါင်းပုံဖြတ်ချင်တဲ့ မမြောက်မခြောက် ကုမ္ပဏီတွေပဲ လာကြမှာပါ။ ဆင်းရဲလွန်းတော့လည်း သိသိကြီးနဲ့ ၀င်လုပ်ကြရ။ တချို့လည်း စင်ကာပူသွား အိမ်ဖေါ် လုပ်၊ အညာမှာ ထန်းတက်နေတဲ့သူလည်း မတတ်သာတဲ့အဆုံး မလေးရှားမှာ ထိုင်းမှာ ကြုံရာ ကျရာ လုပ်ရင်းနဲ့ ခုတော့ မြန်မာအမျိုးကောင်း အားကောင်းမောင်းသန် ၅ သန်း လောက် ပြည်ပမှာ အောက်ခြေသိမ်းအလုပ်တွေလုပ်ပြီး အသက်မွေးနေကြရပါတယ်။ သန်း ၅၀ ကျော်ရှိတဲ့ တိုင်းပြည်တပြည်မှာ လူ ၅ သန်း ပြည်ပထွက် အလုပ်လုပ်နေတယ်ဆိုတာ အလုပ်လုပ်နိုင်သူဦးရေနဲ့ အချိုးချကြည့်ရင် နည်းတဲ့ရာနှုန်း မဟုတ်ပါဘူး။ သယံဇာတ အရင်းအမြစ်သာမက လူသားအရင်းအမြစ်ပါ ဆုံရှုံးနေတဲ့ သဘောပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်လာပြီး အာစီယံနှုန်းနဲ့ လုပ်အားခများ ရရင် ဘယ်သူမှ မျက်နှာငယ်ငယ်နဲ့ နိုင်ငံခြားမှာ နေမှာလဲ။ စက်ရုံအလုပ်ရုံ ကြီးတွေ အပြိုင်းအရိုင်း ပေါ်လာမယ်၊ တိုးရစ်ဇင်လုပ်ငန်းတွေ ဖွံဖြိုးလာမယ်၊၊ ဟိုတယ်ကြီးတွေ မိုးထိုးနေမယ်။ နည်းပညာအတတ်ပညာတွေ ခေတ်မီဆန်းသစ်လာမယ် ဆိုရင် လမ်းဘေးဈေးသည်ဆိုတာ တဖြည်းဖြည်းလျော့သွားမှာပါ။

ခုပုံနဲ့တော့... ... တလောက အနောက်တံခါး ရခိုင်ဘက်မှာ ဘင်ဂါလီပြဿနာလည်း ပေါ်လာရော ဘွတ်ကင်လုပ်ပြီးသားတွေတောင် cancel လုပ်ကြတော့ တိုးရစ်ဇင်နဲ့ ခရီးသွားလုပ်ငန်း အ သွား ရော။ အကောင်းအဆိုး အားလုံးဟာ နိုင်ငံရေးနဲ့ တနည်းမဟုတ် တနည်း ပတ်သက်နေတာချည်း ပါပဲ။ ဗိုလ်ချုပ်ရုပ်တုတွေ ထုပြီး မြို့နယ်အနှံ စိုက်ထူတာလည်း နိုင်ငံရေးပါပဲ။ တိုင်းပြည်ကြီးပွါးရေးအတွက် ဘယ်လောက် အထောက်အကူဖြစ်သလဲ ဆိုတာကတော့ မျက်မြင်ပြည်သူတွေ ပိုသိပါလိမ့်မယ်။

နိုင်ငံခြားရင်းနှိးမြှပ်နှံမှုကို လာပါလာပါ တစာစာ အော်နေရုံနဲ့ လာမယ်ထင်ရင်တော့ မှားပြီ။ ငွေထုပ်ပိုက်ပြီး လိုက်ရှာမယ်လို့ပြောရင်တော့ ဒီပုဂ္ဂိုလ်စိတ် ပုံမှန် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ရင်းနှီးမြှုပ်နှံလို့ သင့်မသင့်ကို အသေအချာ လေ့လာ တွက်ချက်ပြီး သေချာမှ လာလေ့ရှိတဲ့ စီးပွါးရေးကုမ္ပဏီကြီးတွေကို လာပါ လာပါ ဘယ်လောက်ခေါ်ခေါ် လှည့်ကြည့်လိမ့်မယ် မထင်ပါနဲ့။

အဲ... ... တခုတော့ ရှိတယ်၊ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးအမှားတွေ၊ ဆုံးဖြတ်ချက်အမှားတွေ၊ နိုင်ငံရေးအကြပ်အတည်းတွေ၊ အာဏာလောဘဇောတိုက်မှုတွေကြောင့် ပြည်သူရဲ့ထောက်ခံမှုလည်း မရ ၊ ကမ္ဘာကြီးကလည်း "ကျဉ်"လာတဲ့အခါမှာ ကိုးမိကိုးရာ ကွယ်မိကွယ်ရာ ဆရာအတင် သခင် အရွေးမှားပြီး အဲဒီနိုင်ငံကြီးများက ၀ါးမျိုသွားတာကို စေတနာနဲ့ လာရင်းနှီးမြှုပ်နှံတယ် ထင်ရင် တက်တက်စင် လွဲပါလိမ့်မယ်။ ဒေါ်လာ မီလျံ ဘီလျံနဲ့ ချီတဲ့ နိုင်ငံခြားချေးငွေကို ၄.၅ ရာနှုန်း အတိုးနှုန်းနဲ့ ယူရဲတဲ့အစိုးရမျိုး ကတော့ ကမ္ဘာမှာ သိပ်ရှိမယ် မထင်ပါဘူး။

ရန်ကုန်မှာ ၄- ၅ ရက်နေပြီး ဟိုဟို ဒီဒီ သွားလိုက်တော့ သဘောပေါက်ပြီ။ ရန်ကုန်မြို့ရဲ့ အကျယ်အ၀န်းနဲ့ လူဦးရေနဲ့ ကားအစီးရေနဲ့ မဆန့်မပြဲ ဖြစ်နေပြီ။ တနေ့တခြား တိုးပွါးနေတဲ့လူဦးရေ၊ လမ်းဘေးဈေးသည် ၊ ကားစီးရေ နောင် ၅ နှစ် ၁၀ နှစ် လောက်ဆို ... အခု တောင် မြို့ထဲမှာ ကားရပ်ဖို့တနေရာစာရဖို့ အချိန်ကုန်ခံ ဓါတ်ဆီအကုန်ခံ ရှာနေရပြီ။ ကားရပ်ဖို့ နေရာလုရင်း ဒုတ်တပြက် ဒါးတပြက်တွေ ဖြစ်ကုန်ပြီ။ ခရီးတွင်ရေး အမြန်ရောက်ရေးအတွက် လမ်းကြိုလမ်းကြားကအစ အတင်းဝင် အတင်းထွက်နေရပြီ။ ကားရှိလျက်သားနဲ့ ရပ်စရာနေရာအခက်အခဲကြောင့် အိမ်ကကား ထားခဲ့ပြီး မြို့ထဲကို တက်စီငှားလာတဲ့သူတွေ ရှိနေပြီ။ အင်း... ... ကားသွင်းဖို့ပဲ စဉ်းစားပြီး ကားရပ်ဖို့နေရာ ၊ ယာဉ်ကြောကြပ်မယ့်ပြဿနာတွေ ခေါင်းထဲမရှိတော့ နေ့စဉ် စိတ်ရှုပ် စိတ်မောနေကြရတဲ့ ရန်ကုန်မြို့ကြီးသားတွေရဲ့ဘ၀ကို ခံစား နားလည်ပေးလို့ရ ပါတယ်။ ။

ရဲဘော်ငွေ ● မမစိန်တို့ ဇနီးမောင်နှံ

$
0
0
 ရဲဘော်ငွေ ● မမစိန်တို့ ဇနီးမောင်နှံ
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉

(၁)
အခု ကျွန်မရေးနေတဲ့ မမစိန်ဆိုတာ ဗိုလ်ချုပ်ကတော် ဒေါ်သန်းစိန်ပါ။ ဒေါက်တာ လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော၊ ကို အောင်ကျော်ဇော (ကိုမြမောင်) နဲ့ ကိုကျော်ဇောဦး (ကိုခိုင်အောင်) တို့ရဲ့မိခင်ဖြစ်ပါတယ်။ နယ်စပ် အရှေ့မြောက် လွတ် မြောက်ရေးဒေသ ပန်ဆန်းသို့ သူတို့မိသားစုဝင်များအနက် နောက်ဆုံး (၁၉၈၀ ခု) မှ ရောက်လာသူ ဖြစ်ပါတယ်။ ဗိုလ် ချုပ် ကတော်ဖြစ်ပေမယ့် နည်းနည်းမှ မောက်မာမှုမရှိဘဲ ယဉ်ကျေးသိမ်မွေ့၊ စကားပြော အလွန်ကောင်းသူ။ ဆက်ဆံရေး ကောင်း သူဖြစ်လို့ ကျွန်မအပါအဝင် ကျွန်မတို့ ရဲဘော်အားလုံးနဲ့ အချိန်တိုအတွင်းမှာ ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ကျွန်မကတော့ ဒေါက်တာလှကျော်ဇောနဲ့ ဆေးလုပ်ငန်းကို အတူလုပ်ကိုင်သူဖြစ်တော့ အတူနေ၊ အတူစား၊ အတူအိပ်ဖြစ်လို့သာမက တော် လှန်ရေးထဲမှာ အသက်အရွယ်အားဖြင့် သိပ်မကွာလှသူ အမျိုးသမီးချင်းဖြစ်လို့ အထူးရင်းနှီးကျွမ်းဝင်လှပြီး ညီအစ်မ အရင်း လိုသဘောထားကာ ရှေးဟောင်းနှောင်းဖြစ်များရော၊ လက်ငင်းကိစ္စများပါ ပြောပြလေ့ရှိပါတယ်။ ပြောဆိုရာမှာလည်း ချက် ကျကျ ပြောဆိုတတ်သလို မှတ်လောက်သားလောက်ဖြစ်အောင်လည်း ပြောတတ်ပါတယ်။

ခုတော့ မမစိန်ရဲ့ခင်ပွန်း ရဲဘော်ဦးတင်လည်း ၂၀၁၂ အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၃ နာရီခွဲမှာ ကွယ်လွန် သွားခဲ့ရှာ ပါပြီ။ မမစိန်ကတော့ ၁၉၉၉ ခုနှစ်က ကွယ်လွန်သွားခဲ့တာပါ။ တဦးနဲ့တဦး သန့်ရှင်းဖြူစင်တဲ့ ချစ်ခြင်းမေတ္တာ ပိုင်ရှင် များဖြစ်ကြလို့ တမလွန်မှာ ပြန်လည်ဆုံဆည်းကြမှာပါလို့ ကျွန်မယုံကြည်နေမိတယ်။ အခုလို သူတို့ဇနီးခင်ပွန်း ၂ ယောက်လုံး ကွယ်လွန်သွားပေမယ့် မမစိန်ပြောပြခဲ့တဲ့ အဖြစ်အပျက်တွေဟာ ကျွန်မ အာရုံမှာ ပြန်လည်ထင်ဟပ်လာပြီး သူတို့နှစ်ဦးကို သတိရနေစေပါတယ်။ ပြန်လည် လွမ်းတနေမိပါတယ်။

(၂)
ပန်ဆန်းကာလများရဲ့ နေ့တနေ့ ကျွန်မဟာ မမစိန်ကို ဧည့်ခံထိုင်စကားပြောနေရင်း အိမ်ထောင်တခုအကြောင်း စကားစပ်မိ သွားရာက သတိရပြီး မမစိန်က သူတို့ အိမ်ထောင်အကြောင်းကို ခုလို ကျေနပ်အားရစွာ ပြောပြဖူးပါတယ်။

“ဇနီးခင်ပွန်းဆိုတာ လူ ၂ ဦး၊ စိတ် ၂ စိတ်၊ တမိသားစုဆီက ဆင်းသက်လာကြတာဆိုတော့ အကြိုက်ချင်းကလည်း မတူ နိုင်သလို ဓလေ့စရိုက်ချင်းကလည်း မတူနိုင်ဘူးပေါ့ ဆရာမကြီးရယ်။ ဒီမှာ အဓိကကျတာကတော့ တဦးမကြိုက်တာကို တဦးက မလုပ်မိဖို့ဘဲ၊ စိတ်အခန့်မသင့်လို့ ဖြစ်လာရင်လည်း တဦးက အလျော့ပေးလိုက်တာမျိုး လုပ်ရတယ်။ ဒီလိုနဲ့ အချိန် ကြာလာတဲ့အခါ တဦးသဘော တဦးသိလာပြီး ဇနီးခင်ပွန်းဆိုပေမယ့် မောင်နှမလေးလို ဖြစ်လာတယ်။ တဦးနဲ့တဦး ခင်မင် တွယ်တာမှုကလည်း ပိုလာပြီး သံယောဇဉ် ပိုကြီးလာတယ်” တဲ့။

“နှစ်ဦးလုံးဟာ ဘဝကြင်ဖော်အနေနဲ့ ဆိုးတူကောင်းဖက်သဘောထားပြီး ဘဝကိုရုန်းကန်ကြရတဲ့အခါ တဦးကိုတဦး ပိုမိုကြင် နာ ပိုမိုနားလည်လာတယ်။ အရာရာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြစ်လာတယ်” တဲ့။

မမစိန်ဟာ သူတို့မိသားစုကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ အတိတ်တွေကို ပြန်လည်သတိရမိဟန်တူပါတယ်။ သက်ပြင်းရှည်ကြီး တ ချက်ချလိုက်ပြီး ...   

“ကျွန်မကတော့ ကိုယ့်ဘဝကိုယ် ကျေနပ်ပါတယ် ဆရာမကြီးရယ်။ ကျွန်မခင်ပွန်းဟာ ပြည်သူ အပေါ်မှာလည်း သစ္စာရှိတယ်။ နိုင်ငံရေးဘက်တင်မကဘူး လူမှုရေးဘက်မှာရော အိမ်ထောင်အပေါ်မှာ အင်မတန်သစ္စာရှိပါတယ်။ ကောင်းမွန်ပါတယ်။ သားသမီးတွေအပေါ်မှာလည်း ဖခင်တယောက်အနေနဲ့ တာဝန်ကျေပါတယ်။ ကျွန်မဘဝတသက်တာမှာ သူဟာ အလွန် ကောင်းတဲ့ ခင်ပွန်းသည် သူတော်ကောင်းကြီးပါ။ ကျွန်မရဲ့ဘဝဟာ ခင်ပွန်းသည်က လိုလေသေးမရှိအောင် ယုယကြင်နာ တန်ဖိုးထား သစ္စာထား မြတ်နိုးခြင်းခံရသူတဦးဖြစ်လို့ နေရင်လည်း နေပျော်ပါတယ်။ သေရင်လည်း သေပျော်ပါတယ်လို့ ကြည်နူးမှုတွေနဲ့ပြောရင်း စကားကို အဆုံးသတ်လိုက်ပါတယ်။

အဲဒီလို မမစိန် ပြောပြနေတဲ့အချိန်မှာ မမစိန်ရဲ့ သွယ်လျလျ မျက်နှာလေးဟာ နုပျိုရွှင်လန်း၊ ကြည်လင်လို့နေပါတယ်။ မမစိန် ရဲ့မျက်လုံးလေးတွေကလည်း စိန်ပွင့်လေးတွေလို တဖျတ်ဖျတ် တောက်ပနေတယ်။ မမစိန်ပြောပြတာကို နားထောင်ရင်း “အိမ်ထောင်ရှင် အမျိုးသမီးတိုင်း မမစိန်လိုဘဝမျိုး ပိုင်ဆိုင်နိုင်ကြပါစေ” လို့ စိတ်ထဲက ကြိတ်ဆုတောင်းနေမိတယ်။

ကြိတ်ဆုတောင်းနေရင်း အခန်းတံခါးကနေ အပြင်ကို ကျွန်မလှမ်းကြည့်လိုက်တော့ လမ်းဘေးဝဲယာက နေကြာရိုင်းပွင့်တွေ ဟာ ဝင်းထိန်နေပြီး နောက်ခံ တောင်တန်းပြာကြီးတွေနဲ့ ပနံတင့်လှပါတယ်။

မမစိန်ကတော့ နှုတ်ဆက်ပြီး မရှုယဉ်တို့အိမ်ဘက်ထွက်သွားပါတော့တယ်။

ကျွန်မက မမစိန်ပြောနေတဲ့ စကားတွေထဲမှာ နစ်မြောနေရင်းက သူပြောပြဖူးတဲ့ သူတို့ နှစ်ဦးရဲ့ ရင်ခုန်ဖွယ် ချစ်ဇာတ်လမ်းဆီကို အတွေးရောက်သွားပါတယ်။

 ၁၉၄၂ ခုနှစ် အစောပိုင်း ....
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး ဖွဲ့စည်းထားတဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးဟာ ပြည်တွင်းကို ခြေချဝင်ရောက် လာပါပြီ။ သတင်းတွေကလည်း လေရဲ့အဟုန်လို လျင်မြန်စွာ ရောက်လို့လာပါတယ်။

“ကျွန်မလည်း ရင်တွေခုန်နေပြီပေါ့ ဆရာမကြီးရယ်။ ပျိုတို့မောင်လည်း သူလည်းပါ ချေပြီဆိုသလိုပေါ့၊ သူက ရဲဘော်သုံး ကျိပ်ဝင်တယောက် ဖြစ်နေပြီလေ။ ကျွန်မတို့ မောင်နှမလည်း ဝမ်းသာမဆုံးဖြစ်နေတာပေါ့”

“အစ်ကိုဖြစ်သူ ကိုခန့်က သူ့တူ ကိုရွှေကိုချစ်သလို နှမဖြစ်သူ ကျွန်မကိုလည်း သိပ်ချစ်ခင်ရှာပါတယ်။ ကျွန်မတို့ရဲ့ ချစ်မေတ္တာ ကို မြန်မြန်အကောင်အထည်ပေါ်စေချင်လှပါပြီ။ ကာယကံရှင်နှစ်ဦးထက် အစ်ကိုက ပိုစိတ်လောနေတယ်လေ”

“သူက ရဲဘော်သုံးကျိပ်ဝင် တပ်မှူးတယောက်ဖြစ်နေတော့ ပင်ကိုယ်က ဥပဓိရုပ်ကောင်းသလောက် စိတ်နေသဘောထား ကောင်းသူ။ ရိုးသားဖြောင့်မတ် တည်ကြည်သူ။ အပျော်အပါး မူးယစ်သောက်စား လောင်းကစားကင်းသူဖြစ်တော့ ဂုဏ် သတင်းမွှေးသူ တယောက်ဖြစ်နေတာပေါ့”

“သမီးရှင်တွေကလည်း ဝိုင်းဝိုင်းလည်နေတာပေါ့၊ အချို့များဆိုရင် ဆရာမကြီးရယ် သမီးလေးနဲ့လက်ထပ်မယ်ဆိုရင် ရှိရှိ သမျှ စိန်ရွှေရတနာ အတွင်းပစ္စည်းများသာမက မိမိတို့ပိုင်ဆိုင်တဲ့လယ်ယာမြေကိုပါ လက်ဖွဲ့ပစ္စည်းအဖြစ် ထည့်ပေးမယ် ဆိုတဲ့သတင်းမျိုးတွေကလည်း ဟိုကတမျိုး ဒီကတဖုံ ထွက်နေပြီး။ တချို့လည်း လူလွှတ် နားဖောက်နေကြတာ”

“ဒီတော့ အစ်ကိုဖြစ်သူ ကိုခန့်က နှမဖြစ်သူ ကျွန်မအတွက် စိုးရိမ်သောက ဖြစ်ရှာတာပေါ့”

“ကျွန်မက ဒါလောက်လည်း မစိုးရိမ်ပါနဲ့အစ်ကိုရယ်၊ သူက ဘာမဆို လေးလေးနက်နက်စဉ်းစားပြီးမှ အလုပ်တခု လုပ်တတ် သူပါ။ ဂျပန်ကိုသွားခါနီးမှာ အစိန့်ကိုဖွင့်ပြောပြီးမှ ဘုရားမှာ နှစ်ဦးသဘောတူ သစ္စာဆို၊ သစ္စာရည်သောက်ခဲ့တာ၊ အမှတ်တရ ပစ္စည်းအနေနဲ့ စိန့်ဆီက နေ့စဉ်သုံးနေကျ ဘီးဆံထုံးရှေ့မှာ အမြဲစိုက်လေ့ရှိတဲ့ ဘီးဖြူလေး (လခြမ်းပုံ ဘီးကုပ်လေး) ပေး လိုက်ရတာ၊ သူကတော့ သူဝတ်ထားတဲ့လက်စွပ်ကို ချွတ်ပြီး အစိန့်ကို ကိုယ်တိုင်ဝတ်ပေးခဲတာ၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် စိတ်ချ ယုံကြည်ဖို့ပြောပြီးမှ လူချင်းခွဲခဲ့တာ၊ အစိန်က သူ့ကိုစိတ်ချတယ်လို့ အစ်ကိုခန့်ကို ရှင်းပြလိုက်ရတယ်လေ”

“အေးဟာ ... အစ်ကိုကပဲ စိုးရိမ်စိတ်များနေလို့လား မသိဘူး။ သူက သိပ်ရိုးတာ။ ရိုးလွန်းတော့ အ တယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ တော်တော်ကြာ အလည်တွေနဲ့ တွေ့သွားမှာ ကြောက်တယ်။ ဒါတခုပဲ စိုးရိမ်တာပါ။ သမီးရှင်တွေကလည်းကွာ သဲလိုက် ကဲလိုက်ကြတာ။ ငါတော့ ကြားရတာ စိတ်မချမ်းသာပါဘူးကွာ။ ဒီလောက်တော့ မသဲသင့်ဘူးထင်တယ်လေ”

“သြော် ... သဲတယ်လဲဘယ်ဟုတ်မလဲ အစ်ကိုခန့်ရယ်၊ မိဘဆိုတာက ကိုယ့်သားသမီးကို ဆင်စီးလို့ မြင်းရံစေချင်ကြတာ မျိုးချည်းပဲလေ”

“အစ်ကို တခြားမကြည့်နဲ့ စိန့်တို့သားအဖကိုပဲ ကြည့်ပါဦး။ ဖေဖေရယ်လေ အရင်ကတော့ အမျိုးထဲမှာ ကိုရွှေကို ချစ်လိုက်တာ တရွှေထဲ ရွှေနေတာ။ ဟော အခုတော့ အစိန်နဲ့ ချစ်ခင်စုံမက်နေကြပြီဆိုတော့ ‘သဘောမတူဘူး။ မပေးစားနိုင်ဘူးတဲ့။ ‘စစ် သားမို့လို့ ငါ့သမီးလေး ငယ်ငယ်လေးနဲ့ မုဆိုးမအဖြစ် မခံနိုင်ဘူးတဲ့၊ အစိန်ဖြင့် ဖေဖေက ဒီလိုပြောလိုက်တော့ ဝမ်းနည်း လိုက်တာ။ ဖေဖေကို့လည်း သနားတယ်။ ကိုရွှေကိုလည်း သနားတယ်”

“အေးလေ ဒါကလည်း ဒုက္ခတခုပဲ၊ ဒါပေမဲ့ တခုတော့ရှိတယ်။ လူငယ်ချင်း မေတ္တာခိုင်မြဲလို့ကတော့ ခွဲမရဘူးဆိုရင် မိဘ ဆိုတာ သဘောတူလိုက်ရတာပါပဲ”

အမှန်ပါပဲ။ မမစိန်တို့ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်သူမှ ခွဲလို့မရနိုင်တော့ဘဲ မမစိန်ကို အစ်ကိုဝမ်းကွဲလုပ်သူ အစ်ကိုခန့်က သူ့တူအတွက် မမစိန်ရဲ့မိဘများ အိမ်ကနေခိုးသွားပြီး သူ့တူလက်ထဲ အပ်လိုက်ပါသတဲ့။

ဒီလိုနဲ့ မမစိန်တို့ ၂ ယောက်ဟာ
၁၉၄၅ ဇန်နဝါရီ ၁၅ ရက်၊ ခေါင်းဆောင်ကြီး သခင်မြ နေအိမ်
သတို့သား ဗိုလ်ကျော်ဇောနဲ့ သတို့သမီး မသန်းစိန်တို့ရဲ့ လက်ထပ်ပွဲ ကျင်းပလိုက်ပါတယ်။

သတို့သားအရန်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ဆောင်ရွက်ပေးပြီး သတို့သမီးအရန်အဖြစ် ဗိုလ်ချုပ်ကတော် မခင်ကြည်က ဆောင်ရွက်ပေးပါတယ်။ သတို့သမီး မသန်းစိန် (မမစိန်) ကို သတို့သမီးအရန် မခင်ကြည်ကတွဲပြီးထုတ်လာတော့ သတို့သား အရန်ဖြစ်တဲ့ ဗိုလ်ချုပ်က သူ့ဘေးက ဗိုလ်ကျော်ဇော ရင်ဘတ်ကို လက်နဲ့ဖိပေးပြီး “ကျော်ဇော-ကျော်ဇော သတိထား သတိ ထား” လို့ ပြောကာ နောက်လိုက်သတဲ့။ ဗိုလ်ကျော်ဇောက ရှက်တတ်တဲ့သူဆိုတော့ တမျက်နှာလုံး ချွေးပြန်လာတာနဲ့ အိတ်ထဲက လက်ကိုင်ပဝါထုတ်။ သုတ်လိုက်တော့ လက်ကိုင်ပဝါ အကြမ်းကြီးဖြစ်နေလို့ ရွှေပွဲလာပရိသတ်တွေ ပွဲကျသွား သတဲ့။

သတို့သား သတို့သမီးတို့ကို သခင်နု (ထိုစဉ်က နိုင်ငံခြားဝန်ကြီး) နဲ့ ဝန်ကြီးကတော် မမြရီတို့က လက်ထပ်ပေးခဲ့ပါသတဲ့။ မင်္ဂလာပွဲရဲ့ လက်ထပ်မင်္ဂလာသြဘာစာကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဖတ်ကြားဘိသိက်သွန်းပေးပြီး လက်ထပ် မင်္ဂလာပွဲကို အောင်မြင်စွာ အဆုံးသတ်ခဲ့တယ်လို့ပြောတာကို ပြန်လည်သတိရလာမိပါတယ်။ နိုင်ငံခေါင်းဆောင်တဦးရဲ့ လွမ်းမောဖွယ် မင်္ဂလာပွဲတခုပါကလား။

အတွေးထဲ လွမ်းမောနေတုန်း ရိက္ခာရုံက ထမင်းလာယူဖို့ သံချောင်းခေါက်လိုက်တော့ အတွေးစကို လက်စသတ်လိုက် ရပါတယ်။
  
(၃)
ပန်ဆန်းဆိုတာ တရုတ်ပြည်နဲ့ နမ့်ခါချောင်းလေး ခြားထားတဲ့နေရာလေး၊ မယ်စ လီပွင့်တွေ။ နေကြာရိုင်းပွင့်တွေနဲ့ သူ့အချိန် နဲ့သူ လှနေတတ်တဲ့နေရာ၊ ဘယ်နေရာကြည့် လိုက်ကြည့်လိုက် ပြာမှိုင်းမှိုင်းတောင်တန်းကြီးတွေက ဝန်းရံထားပြီး ကောင်း ဟုန်။ ကောင်းမူဆိုတဲ့ ရှမ်းရွာတွေရှိတဲ့ လျှိုမြောင် ချိုင့်ဝှမ်းဒေသလေး ဖြစ်တယ်။ လယ်စိုက်ချိန်ရောက်ရင် လယ်ကွက် တွေဟာ မြစိမ်းရောင်လှိုင်းထနေတတ်သလို စပါးနှံတွေထွက်လာပြန်ပြီဆိုတော့လည်း ပန်ဆန်းကွင်းတခုလုံး ရွှေရောင်လှိုင်း ထနေ တတ်ပါတယ်။ သူ့အချိန်နဲ့သူ လှနေတတ်တဲ့ ဒေသလေးလို့ဆိုရင် မမှားပေဘူးပေါ့။

ဒါပေမဲ့ ရာသီဥတုကျတာ့ အပြောင်းအလဲ မြန်တတ်ပါတယ်။ ပူနေလို့ဆိုပြီး အဝတ်ပါးပါးနဲ့ အခန်းထဲထိုင်နေမိလို့ကတော့ အအေးမိသွားပြီသာမှတ်ပေတော့။ ဒီလိုနဲ့ ကျွန်မတို့ ရဲဘော်တွေ အအေးမိတတ် ဖျားတတ်ပါတယ်။

ရဲဘော်ဦးတင် (ဗိုလ်ကျော်ဇော) ဟာ ကျန်းမာရေး အလွန်ဂရုစိုက်တတ်သူပါ။ ဒါပေမဲ့ မမစိန်ရောက်ပြီးတဲ့နောက် မကြာ သေးမီကာလတခုမှာ ဘယ်ကဘယ်လိုဖြစ်လာတယ် မသိလိုက်ပါဘူး။ ခေါင်းကိုက်လို့ဆိုပြီး တရက်မှာ သမီးဒေါက်တာ လှကျော်ဇောထံ ဆေးတောင်းသောက်ပါတယ်။ အမှတ်မထင် အေပီစီကို ပေးတိုက်လိုက်မိသတဲ့။ အဲဒီဆေး သောက်ပြီး နောက် ဦးတင်ဟာ အစာအိမ်နာလာတယ်။ အန်လည်း အန်တယ်။ ဝမ်းလည်း သွားတယ်။ အန်တဲ့အထဲရော ဝမ်းသွားတဲ့ အထဲမှာ သွေးပါလာခဲ့တယ်။ ဒါကြောင့် ကျွန်မတို့လည်း အလွန် စိုးရိမ်သွားမိတယ်။ တဖက်နိုင်ငံက ဆေးရုံကို ပို့ဖို့လုပ်ပါတယ်။ ဥက္ကဌ သခင်ဗသိန်းတင်ကလည်း သိပ်စိုးရိမ်နေပြီး စီစဉ်ဆောင်ရွက်ပေးသင့်တာတွေကို သူကိုယ်တိုင် စီစဉ်ဆောင်ရွက်ပေး ပါတယ်။ ဒီလိုနဲ့ လူနာတင်ကား အမြန်ရောက်လာပါတယ်။

ကျွန်မတို့လည်း လူနာကို ဆေးသွင်းရင်းတန်းလန်းဖြစ်နေပေမယ့် လူနာကို ဆေးပိုက်တန်းလန်းနဲ့ပဲ ဂရုစိုက်ပြီး လူနာကားပေါ် တင်လိုက်ပါတယ်။ မမစိန်ကို စိတ်ချပါရန် ဖျောင်းဖျပြောဆို ထားခဲ့ပြီး နီးရာဆေးရုံကို ပထမပို့လိုက်ပါတယ်။ အဲဒီကတဆင့် လိုအပ်မှုအရ လူနာကို ကူမင်းဆေးရုံထိ ပို့။ ကုသခဲ့ပါတယ်။ အချိန်တပိုင်း ကုသလို့ လူနာအခြေအနေ စိတ်ချရတော့ ဦးတင် ဆေးရုံက ဆင်းပြီး ပန်ဆန်းကို ပြန်ရောက်လာပါတယ်။

ဦးတင် ဆေးရုံဆင်းလာပြီးနောက် တရက်မှာ ကျွန်မ လူနာမေးဖို့ ဗဟိုရုံး (ဝ၇၈၉) ဌာနသို့ တက်လာခဲ့ပါတယ်။

မမစိန်ဟာ လူနာမေးရောက်လာတဲ့ ကျွန်မကို ဧည်ခံစကားပြောရင်း သူ့ခံစားချက် တွေကို ခုလို ပြောပြပါတယ်။

“ဆရာမကြီးရေ လူနာဟာ ပိန်သွားတာကလွဲပြီး အိပ်တာ၊ စားတာ၊ လှုပ်ရှားတာတွေ အားလုံးပုံမှန်ပါပဲ။ ကျွန်မက ဒါကြောင့် ဖေဖေရေ စားချင်တာရှိရင် ပြောပါ။ မေမေကို အားနာစရာ မလိုပါဘူး။ ဘာများစားချင်သလဲ။ မေမေ ကောင်းကောင်းလေး ချက်ကျွေးပါ့မယ်ပြောတော့ ဆရာမကြီးရယ်  သူ့ခမျာ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘဲနဲ့ ‘မေမေရယ်  ဖေဖေကိုသနားရင် ဒီ တချက်တော့ တောင်းဆိုချင်တယ်။ မေမေ့ကိုလည်း အားနာပါတယ်။ ဒါပေမဲ့ ဆရာဝန်က သေသေချာချာမှာလိုက်တယ်။ အလုပ်တွေကို လုပ်ချင်တယ်ဆိုရင် နေ့တိုင်း အနည်းဆုံး ကြက်ဥတလုံးတော့ မဖြစ်ဖြစ်အောင်စားပါတဲ့။ ဒါမှ သွေးအား ပုံမှန် ပြန်ရောက်နိုင်မယ်တဲ့။ မေမေကိုတော့ သနားပါတယ်။ ဖေဖေ အလုပ်တွေ လုပ်စရာရှိနေလို့ပါ မေမေရယ်။ မေမေကိုလည်း တောင်းပန်ပါတယ်။ နေ့တိုင်း ကြက်ဥတလုံးတော့ ဖြစ်အောင်ကျွေးပါနော်တဲ့”

“အို ကျွန်မဖြင့် သူ့ကိုကြည့်ပြီးသနားလိုက်တာ၊ ဟုတ်တယ်။ အစားအသောက်ကို သူဒီလိုတောင်းဆိုတာ တခါမှမရှိခဲ့ဖူးပါဘူး။ ဒါ သူ့ရဲ့ တသက်လုံး စိတ်ဓာတ်ပဲ”

“ဖေဖေရယ် စိတ်ချပါ။ မေမေကျွေးနိုင်ပါတယ်။ မေမေမှာ တနေ့ ကြက်ဥ ၃ လုံးရတယ်။ တလုံးက ဖေဖေကိုကျွေးပြီး ကျန်တဲ့ နှစ်လုံးက ဟင်းဖိုးအတွက် စုမှာပေါ့၊ စိတ်ချ။ စိတ်ချ မေမေကျွေးမှာပေါ့လို့ ကျွန်မ အာမခံလိုက်ပါတယ် ဆရာမကြီးရယ်၊ ကျွန်မ ဒီလောက်တော့ဖြစ်အောင်လုပ်နိုင်ပါတယ်” လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။

ဒီလိုနဲ့ မမစိန်ဟာ သူကိုယ်တိုင် မစားရက်မသောက်ရက်ပဲ ဦးတင်ရဲ့ကျန်းမာရေးကို ပြန်လည်ကောင်းမွန်လာအောင် တည် ဆောက်ပေးခဲ့လို့ ဦးတင်ဟာ ခုနောက်ဆုံး အသက် ၉၀ ကျော်အထိ အသက်ရှည်ရှည်နေနိုင်သွားခဲ့တာပါလားဆိုတာကို ပြန်လည်တွေးမိလို့ မိမိခင်ပွန်းသည်အပေါ် မေတ္တာစေတနာကြီးမားလှတဲ့ ကရုဏာရှင်မကြီး မမစိန်ရဲ့ သျှောင် နောက်ဆံထုံး ပါဘဝကို တွေးမိပြီး အိမ်ထောင်ရှင်မကောင်းပီသလှတဲ့ မမစိန်ကို ကောင်းချီး ထောမနာ ပြုနေမိတော့တယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ မမစိန်တို့ ဇနီးခင်ပွန်းအကြောင်း ပြောပြလိုပါသေးတယ်။ မမစိန်တို့ ဇနီးမောင်နှံဟာ ငယ်ရွယ်စဉ် တုန်းကတော့ တဦးနဲ့တဦး ခေတ်အလိုက် ခေါ်ဝေါ်ခဲ့တာတွေ ရှိခဲ့ပေမယ့် သားသမီးတွေ အရွယ်လေးတွေရလာကတည်းက တဦးကို တဦး မေမေရေ၊ ဖေဖေရေလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတယ်လို့လည်း ပြောပြဖူးပါတယ်။ သူတို့နှစ်ယောက် ဒီလိုပဲ အပြန်အလှန်ခေါ်ဝေါ်ပြောဆိုနေတာ တောက်လျှောက်ကြားခဲ့ရပါတယ်။
          
(၄)
ပန်ဆန်းဟာ ငါးရက်တဈေး မြို့လေးပါ။ ဈေးနေ့တွေမှာ ပတ်ဝန်းကျင် အနီးအဝေးမကျန် ဝ၊ လားဟူ၊ တရုတ်၊ ရှမ်း၊ ဂျင်းဖောစတဲ့ တိုင်းရင်းသား လူမျိုးစုံတွေ ဈေးလာဝယ်ကြ။ ရောင်းကြနဲ့ စည်စည်ကားကား ရှိလှတယ်လို့ ပြောလို့ရပါတယ်။ ရောင်စုံပန်းတွေ ပွင့်နေ သလိုပါပဲ၊ အဲဒီလို ဈေးနေ့တိုင်းလောက်မှာ မမစိန်ဟာ ဈေးဝယ်ရင်း သားသမီးများရှိရာ ပန်ဆန်းထဲကို ဗဟိုရုံးကနေ ဆင်းလာတတ်ပါတယ်။ တရက် အဲဒီလို ဈေးနေ့ ဈေးဝယ်အပြီး ကိုမြမောင်အိမ်ဘက်ကနေ ကျွန်မဆီကို ရောက် လာပါတယ်။ ကျွန်မတို့ ပန်ဆန်းဘဝဆိုတာ အိမ်ကို မိတ်ဆွေ ရဲဘော်တွေ ရောက်လာလို့လည်း ချကျွေးစရာ ဘာမှ မရှိတတ်တာက များတတ်ပါတယ်။ စကားဝိုင်းဖွဲ့ ဧည့်ခံတာပဲ လုပ်လေ့ရှိပါတယ်။ အဲဒီလို ဧည့်ခံပြောဆိုနေခဲ့ကြတဲ့အထဲက တချီမှာ မမစိန်က ခုလိုအစချီပြီး ....

“ဗဟိုရုံးက ရဲဘော်ကြီးတွေက ကျွန်မကို ‘ဒေါ်သန်းစိန်တို့ ကြည့်ရတာ ဒေါ်သန်းစိန်နဲ့ ဦးတင်တို့ အကြင်လင်မယားဖြစ်လာတာ ဦးတင်အစွမ်းအစကြောင့်တော့မဟုတ်ဘူးထင်တယ်လို့ပြောကြတော့ ကျွန်မလည်း မခံနိုင်ဘဲ သြော် ... ရှင်တို့က ရှင်တို့ လူကြီးကို အအ ကြီးလို့ ထင်နေသလား၊ လူကြည့်တော့ နှုတ်ခမ်းထူကြီးနဲ့ အအကြီးလိုနေတာ၊ သူပြောချင်တာကျတော့ ပါး လိုက်တာ လှစ်နေတာဘဲ” လို့ မမစိန်က ခုလိုရင်ဖွင့်ဖူးပါတယ်။

“ဆရာမကြီးနှယ် ပြောရဦးမယ်၊ ပဲခူးစံပြတပ်မှာ သူနေတုန်းက စနေ။ တနင်္ဂနွေဆိုရင် ကျွန်မမှာ မျှော်လိုက်ရတာ အမောပဲ သိလား၊ အိမ်ရှေ့လည်း မထွက်ရဲဘူး၊ အိမ်ရှေ့မှာ လည်ပင်းကိုးတောင်ဖြစ်နေတာက ဖေဖေလေ။ ပါးစပ်ကလည်း တရွှေထဲ ရွှေနေတာ၊ သူ့သားမက်ကို ချစ်လိုက်တာကလည်း အလွန်ပဲ၊ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်ကတည်းက မျှော်နေတာ၊ ကျွန်မကလည်း ဖေဖေနဲ့ဆိုတော့ အတူသွားပြီး မမျှော်ရဲဘူးသိလား၊ ကျွန်မတို့က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေဆိုတော့ မေမေနဲ့ဆိုရင်တော့ တော်သေးတယ်လေ။ အခုဟာက ဖေဖေဆိုတော့ ကျွန်မမှာ စိတ်မောလူမောသာ ဖြစ်နေတယ်။ အခန်း ထဲကထွက်ပြီး အရောင်လေးတောင်မပြရဲဘူး။ အဲဒါကို သူရောက်လာတော့ ဘာပြောသလဲသိလား။ သူ့ကို ထွက်မကြိုလို့ တဲ့လေ ...”

“ကိုယ့်ဖြင့် အိမ်များမှားဝင်မိသလားလို့တောင် ထင်မိတယ်” တဲ့၊

“ကြည့်လေ ပြောပုံက၊ ကျွန်မကို စကားနာထိုးနေတာ”

“စိန်လည်း မျှော်နေတာပဲ၊ ဒါပေမဲ့ အိမ်ရှေ့တော့ထွက်ပြီး မမျှော်ရဲဘူးလေ၊ အိမ်ရှေ့မှာက အဖေကြီးတယောက်လုံး ရှိနေ သေးတာတော့လို့ ပြောလိုက်ရတယ်” တဲ့၊

မမစိန်ကတော့ သူပြောချင်တာ ပြောလိုက်ရလို့ စိတ်ထဲပေါ့သွားပုံရပါတယ်။ ကျွန်မကတော့ ဗမာအမျိုးသမီးတွေရဲ့ ကာအိ နြေ္ဒကြီးမှုအတွက် ဂုဏ်ယူမဆုံးဖြစ်နေမိပါတယ်။

(၅)
ပန်ဆန်းဈေးနေ့တနေ့မှာ ကျွန်မဟာ ဗဟိုရုံးကို မနက်စာ ထမင်းစားပြီး စောစောတက်လာခဲ့ပါတယ်။ ဒီနေ့တော့ ကျွန်မရဲ့ ခြေလှမ်းတွေက သွက်နေတယ်လေ၊ သွက်တယ်လေ။ ဒီနေ့တော့ နေ့လည်စာစားရအောင် ကျွန်မ အကြော်စုံဝယ်လာတယ်။ ရောက်တိုင်း မမစိန်ကပဲ အမျိုးစုံလုပ်ကျွေးနေတာမို့ ဒီနေ့တော့ ကိုယ်တတ်နိုင်သလောက် ဝယ်ပြီးလာခဲ့တယ်။ ကျွန်မက ဗဟိုရုံး ရောက်တော့ မမစိန်ကို သူ့အိမ်ရှေ့ကနေ “မမစိန် မမစိန် ဘာတွေလုပ်နေတာလဲ” လို့ ခေါ်ပြီး နှုတ်ဆက်လိုက်တော့-

“ဟော ဆရာမကြီးလာပြီ၊ လ္ဖာလ္ဖာ ဆရာမကြီးရွှေအလုပ်က ရှုပ်တာတော့ မပြောပါနဲ့၊ ကျွန်မလေ တမနက်ခင်းလုံး တလှုပ် လှုပ်နဲ့ ချက်လိုက် ပြုတ်လိုက်လုပ် နေရတာဆိုတော့ ထမင်းစားပြီး တရေးလောက်တော့ မှေးလိုက်ဦးမယ်ဆိုပြီး ခုတင်ပေါ် တက်အိပ် လိုက်တာ။ ဖေဖေရယ်လေ ဘာစိတ်ကူးပေါက်တယ် မသိပါဘူး၊ ပြတင်းပေါက်က လူတွေ မြင်ရတယ်။ ရှက်စရာ ဘာညာနဲ့ဆိုပြီး ကျမအိပ်တာကို သဘောမတူဘူးတဲ့၊ အမယ် ပါ ပါ ချေသေးတော့တယ်။ သူ့ဘက်ကိုလည်း လှည့်ပြီး မအိပ် ရဘူးတဲ့၊ သူကပဲ ပြောရတယ်ရှိသေးတယ်။ ပြောခြင်းပြောရင် ကျွန်မကပြောရမှာ သူက ပြောနေတယ်။ နေစမ်းပါဦး၊ လူတွေ မြင်တော့ ဘာဖြစ်တုန်း၊ ကျွန်မက ဘာလုပ်နေလို့တုန်း ... ဟင်။ ပြောစမ်းပါဦး။ ဖေဖေက လူပျိုမို့လား၊ ကလေးတွေတောင် ဒါလောက်ကြီးလာလို့ အလုပ်တွေလုပ်။ အိမ်ထောင်ရက်သားကျပြီး။ သားတွေ သမီးတွေနဲ့ ဖြစ်နေပြီ။ အဲဒါ ကိုယ်တို့နှစ်ယောက် လူကြီးတွေပဲ လူမြင်တော့ဘာဖြစ်သလဲ၊ ပြောစမ်းပါဦး”

မမစိန်က ပေါက်ကွဲမဆုံးဖြစ်နေပါတယ်။ ကျွန်မက မမစိန်ပေါက်ကွဲနေတာကိုကြည့်ရင်း အနားမှာ ဘာမှမပြောဘဲ တိတ်တိတ် လေး ထိုင်နေတဲ့ ဦးတင်ကို လှမ်းကြည့်လိုက်ပါတယ်။

“မဟုတ်ပါဘူး မေမေရယ်။ ကိုယ့်ဘက်လှည့်အိပ်တော့ မေမေက မှုတ်ထုတ်လိုက်တဲ့လေတွေဟာ ဖေဖေဆီကို မျက်နှာလာပြီး ထိတော့ ဖေဖေက အိပ်လို့မရတော့ဘူး၊ ဒါကြောင့် ပြောတာပါ” လို့ လေအေးလေးနဲ့ပြောပြီး မျက်နှာကြီးတခုလုံး နီရဲကာ ခေါင်းငုံ့ထိုင်နေပါတယ်။

“အမယ် အခုမှ လေအေးလေးနဲ့လုပ်နေပြန်တယ်။ စောစောကတော့ ရှက်လို့ဆိုပြီး။ ရှက်ရင်ရှက်တယ်ပေါ့။ ဘာဖြစ်လဲ မေ မေလည်း ရှက်တတ်ပါတယ်”

“မေမေကလည်း တော်ပါတော့၊ ပြီးတာ ပြီးပြီပေါ့၊ စခန်းကော်မတီက ချက်ချင်းပဲ ခုတင်တလုံး လာခင်းပေးပြီးပြီပဲ၊ တော်ပါ တော့” လို့ သမီးဖြစ်သူကလည်း ဝင်တောင်းပန်ပါတယ်။

“ဆရာမကြီးရေ အခုမှ ကျွန်မတို့ သားအမိနှစ်ယောက်လည်း ကျယ်ကျယ်ဝန်းဝန်း နေစရာရတော့တယ်။ ဆရာမကြီးလည်း နေ့လည် မောရင် ဒီမှာလာနားပါ။ ရပါတယ်”

“ဟုတ်ကဲ့ပါ မမစိန်။ ကျေးဇူးတင်ပါတယ်” လို့ ကျွန်မလည်း ပြန်ပြောလိုက်ပါတယ်။

နေလည်စာ စားတဲ့အချိန်ကျတော့ ဦးတင်မရှိတော့ပါ။ အစည်းအဝေးသွား တက်နေပါတယ်။ မမစိန်က ...

“သမီးရေ ဖေဖေဖို့ အကြော်မုန့်ချန်ထားရင် ကောက်ညှင်းကြော်လေး များများချန်ပါကွယ်၊ ဘူးသီးကြော်နဲ့တွဲချန်ပါ” လို့ မီးဖို ထဲရှိနေတဲ့ ကျွန်မနဲ့ မရှုယဉ်ထံ လှမ်းအော်ပြောနေပါတယ်။

သြော် .. မမစိန်တယောက် စောစောတုန်းကတော့ ပေါက်ကွဲနေလိုက်တာ ခုတော့လည်း သူမဟုတ်သလိုပဲ။ သြော် ... ကရု ဏာ ဒေါသောဆိုတာ ဒါပဲထင်ပါရဲ့။ မုန်းလို့ဟုတ်ဘူး... မုန်းလို့ဟုတ်ဘူး။
                   
(၆)
ကျွန်မတို့ ပန်ဆန်းဘဝရဲ့ နောက်ပိုင်းနှစ်တွေမှာ အိမ်ထောင်သည်ရဲဘော်တွေ ကြက်မွေးခွင့်ရလာခဲ့ပါတယ်။ ဒါကြောင့် အိမ် ထောင်သည်တွေမှာ ကြက်ဥလေးတွေ ရှိတော့ ကိုယ့်အချင်းချင်း ဖျားနာရင် ကြက်ဥလေးနဲ့ ဒါမှမဟုတ် ကြက်ဥလေးရောင်းချပြီး စားစရာ တခုခုဝယ်သွားပြီး လူနာကို သွားရောက်မေးမြန်းနိုင်ခဲ့ကြပါတယ်။

အဲဒီလိုနဲ့ မွေးလူနာ မီးဖွားရဲဘော်မတယောက်ကို သွားမေးမြန်းရင်း အဲဒီမှာ ကျွန်မ မမစိန်နဲ့ ဆုံမိပါတယ်။ ဒါနဲ့ လူနာမေးပြီး ခရီးလမ်းကြုံတာနဲ့ သူ့သမီးဆီသွားဖို့ စကားတပြောပြောနဲ့ ကျွန်မနဲ့အတူလိုက်လာပါတယ်။ အဲဒီတုန်းက မရှုယဉ်နဲ့ ကျွန်မက တဝိုင်းတည်းမှာ နေနေတဲ့ကာလပါ။ (နောက်ပိုင်းမှာ ကျွန်မ စစ်ဒေသဌာနချုပ်ဘက်ကို လုပ်ငန်းလိုအပ်မှုအရ ပြောင်းခဲ့ရပါ တယ်။)

“ဆရာမကြီးရယ် ဗမာစကားမှာ ယောကျာ်းဖောင်စီး။ မိန်းမမီးနေလို့ဆိုတယ် မဟုတ်လား၊ အမျိုးသမီးတွေ ကလေး မီးဖွားရ တယ်ဆိုတာ တကယ်သက်စွန့်ဆံဖျားဘဝပါပဲ၊ အဲဒီလိုအချိန်မျိုးမှာ မိမိခင်ပွန်းသည် အနားရှိနေရင်တော့ တအားပဲပေါ့၊ အချိန်တန်လို့ ခင်ပွန်းသည် မျက်နှာမတွေ့ရရင် သိပ်အားငယ်။ သိပ်ဒေါသ ဖြစ်တယ်။ ဒါကြောင့် ကျွန်မ ဟိုတုန်းက တပ်ထဲမှာ ‘မိခင်နဲ့ကလေး စောင့်ရှောက်ရေးအဖွဲ့တွေ ဖွဲ့ခဲ့တာပေါ့”

“ဒါနဲ့ ဆရာမကြီးကိုပြောရဦးမယ်၊ ကျွန်မ သူ့ကိုရန်တွေ့ဖူးတဲ့ကိစ္စတခု၊ ကျွန်မ သားအငယ်ဆုံးလေး တွတ်တွတ်ကို မင်္ဂလာဒုံ ဆေးရုံမှာ မွေးတယ်။ မနက်အစောကြီးမွေးတာ၊ အဲဒီနေ့က ကျွန်မက သူ့ကိုတနေ့လုံးမျှော်တာ မလာဘူး။ နောက်နေ့လည်း လာမကြည့်ဘူး။ ကျွန်မစိတ်လည်းဆိုး စိတ်လည်းကောက်ပေါ့။ မွေးပြီး ၂ ရက်ကြာမှလာတွေ့တယ်။

သူက ရုံးလုပ်ငန်းတွေလုပ်ရင်း ဆေးရုံက လူနာကြည့်ချိန်ကျော်သွားလို့တဲ့လေ။ အဲဒီကာလကလည်း အင်းစိန်တိုက်ပွဲတွေ ဘာတွေ ပြီးကာစ အလုပ်အလွန်များတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆရာမကြီးရေ ‘သူ့နှမ ကလေးမျက်နှာမြင်တော့ ဦးထွန်း တင် (ဦးတင်နဲ့  ငြိမ်းချမ်းရေးအဖွဲ့မှာပါဝင်တဲ့လွှတ်တော်ရှေ့နေကြီး ဦးထွန်းတင်) ကိုခေါ်ပြီး သူ့နှမဆေးရုံမီးဖွားတဲ့ ဒပ်ဖရင် ဆေးရုံဆီကို လိုက်ပို့ခိုင်းတယ်လေ။ ဘာရမလဲ ကျွန်မသူ့ကို စကားနာထိုးခဲ့တာပေါ့”

“သူက အဲဒီတော့ ဘာပြန်ပြောသလဲ သိလားဆရာမကြီး။  ‘အဲဒီတုန်းက မင်းက ဗိုလ်ချုပ်ကတော်ဆိုတော့ မင့်အနားမှာ ဝိုင်း ဝိုင်းလည်နေတာ၊ ကိုယ့်နှမကျတော့ အားငယ်နေမှာစိုးလို့။ သနားလို့ သွားကြည့်ရတာတဲ့၊ သူက သူ့ဥမှ သူ့ဥလေ။ ပြီးတော့ သူက မင်းအခုထိ စိတ်မကောင်းဖြစ်နေတယ်ဆိုရင်လည်း ကိုယ်တောင်းပန်ပါတယ်တဲ့လေ”

“အဲဒီညီမလေးဆိုတာ တခြားလူမဟုတ်ပါဘူး၊ ဖေဖေရဲ့ တဦးတည်းသော နှမလေးဖြစ်တဲ့ ကျင်ကျင် (ဒေါ်ကျင်မြ) ကို ပြော တာပါ။ အစ်ကိုတွေ အိမ်ထောင်ကျသွားလည်း မခွဲဘူး။ အပျိုကြီးဘဝနဲ့ ကျွန်မတို့နဲ့ တအိမ်တည်းလိုက်နေတာပါ။ သူ့အစ်ကို ကိုလည်း အင်မတန်ချစ်ရှာပါတယ်။ ရုပ်ရည် ချောမော လိမ်မာရေးခြားရှိသူလေးပါ။ ဖေဖေဟာ သူ့နှမလေးကို ချစ်ရှာလွန်းလို့ သူ့ စိတ်ကြိုက်အိမ်ထောင်ဖက်ရှာပြီး သူ့နှမလေးကို ဖွင့်ပြောကာ သူ့စိတ်ကြိုက်စီစဉ်လက်ထပ်ပေးခဲ့တာပါ” လို့ ပြောရင်း စကားကို အဆုံးသတ်လိုက်ပါတယ်။

နေဝင်ရိုးရီမို့ ပန်ဆန်းတခွင်လုံးလည်း အုံ့မှိုင်းနေပါပြီ။ လမ်းဘေးမယ်စလီတန်းက မယ်စလီပင်တွေလည်း အိပ်မောကျစ ပြုနေပါပြီ။ လမ်းဘေးဝဲယာ သစ်ပင်တွေပေါ်က ပုစင်းရင်ကွဲတွေကတော့ စီညံနေဆဲပါပဲ။ ပတ်ဝန်းကျင်တောင်တန်းတွေပေါ်က မီးစောင်းတန်းတွေလည်း လင်းလက်နေပါပြီ။

(၇)
ဒါတွေဟာ မတူတဲ့ အိမ်ထောင် ၂ ခုက ဆင်းသက်လာတဲ့ လူသား ၂ ဦး။ အမျိုးသားနဲ့ အမျိုးသမီး ၂ ဦးတို့ ထူထောင်ထားတဲ့ အိမ်ထောင်လေးတခုအတွင်းက ဘယ်လိုမှ အပြစ်မြင်လို့ မရနိုင်တဲ့ လူသားဆန်တဲ့ လူ့ဘဝအကျင့်စရိုက် အပြုအမူလေးတွေပါ။

ဒီလိုနဲ့ မိမိတို့ ၂ ဦး ထူထောင်လိုက်တဲ့ လူမှုဘဝဆိုတဲ့သစ်ပင်ကြီးကို မြေသြဇာလောင်း ပေါင်းသင်းရင်း ရှင်သန်စည်ပင် ဖွံ့ဖြိုး တိုးတက်အောင် ပြုစုပေးရင်းနဲ့ လူ့အဖွဲ့အစည်းတရပ် ရှင်သန်ရေးကို လုပ်ဆောင်ခဲ့ကြရတာချည်းပါပဲ။

အခုတော့ မမစိန်တို့ ဇနီးခင်ပွန်း ၂ ဦးလုံး ရှောင်ကွင်းလို့မရနိုင်တဲ့ သဘာဝတရားရဲ့ ခေါ်ဆောင်ရာကိုပါသွားပြီး ကျွန်မတို့ တတွေနဲ့ ထာဝရ ခွဲခွာသွားခဲ့ကြပါပြီ၊

မမစိန်ကလည်း သူ့ဘဝကို “သေရင်လည်း သေပျော်ပါတယ်။ နေရင်လည်း နေပျော်ပါတယ်” လို့ သူ့ရဲ အိမ်ထောင်သည်ဘဝနဲ့ ပတ်သက်လို့ ကျေနပ်နှစ်သိမ့်မှုတွေကို အထက်တနေရာမှာ ဖော်ကျူးသွားခဲ့ပါတယ်။ သူ့ခင်ပွန်း ကျွန်မတို့ခေါင်းဆောင် ရဲ ဘော်ဦးတင်ကလည်း ဇနီးဖြစ်သူ ဒေါ်သန်းစိန် (မမစိန်) ကွယ်လွန်တဲ့အခါ များစွာဝမ်းနည်းမှုဖြစ်ပြီး ပြည်ပအသံလွှင့် ဌာန နဲ့ဖြေကြားရာတွင် “ကျွန်တော့်အနေဖြင့် စိတ်မကောင်းဆုံးမှာ နှစ်ပေါင်းများစွာ ဆိုးတူကောင်းဖက် လောကဓံကို မိမိနဲ့အတူ ကြံ့ကြံ့ခံခဲ့တဲ့ ဇနီးမယားဖြစ်သူအား မကွယ်လွန်မီ သူ့အပေါ် တာဝန်ကျေခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း မပြောလိုက်ရတာ ကို များစွာယူကျုံးမရဖြစ်ရတယ်” လို့ ဆိုခဲ့ဖူးပါတယ်။ သမီးလှကျော်ဇောကလည်း “အလွမ်းစာပန်းခြင်း” လေးထဲမှာ “မေမေ တာဝန်ကျေပါတယ်။ အားလုံးအပေါ် တာဝန်ကျေပါတယ်။ ကျေးဇူးတင်ပါတယ် မေမေ” လို့ ရေးသား ကမ္ဗည်းထိုးခဲ့ပါတယ်။

မမစိန်ဟာ ကျွန်မတို့ တော်လှန်ရေးတပ်ဖွဲ့အတွင်းက တာဝန်ကျေပွန်လှတဲ့ အိမ်ထောင်ရှင်မ ဇနီးကောင်းနဲ့ မိခင်ကောင်း တဦးအဖြစ် ကျွန်မရင်ထဲ ကမ္ဗည်းထိုး ထာဝစဉ် လေးစားသွားမှာပါ။

မမစိန်တို့ ဇနီးမောင်နှံ အေးချမ်းစွာထာဝရ အနားယူနိုင်ပါစေ။


ရဲဘော်ငွေ

လင်းသစ်နီ ● ငပျင်း

$
0
0

လင်းသစ်နီ ● ငပျင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉

ဇာတ်​လမ်းမှာ
အကုန္လံုးက ​ေ​ခါက္​ဓား​ေ​တြခ်ည္ပဲ​

ဘာလို့ ပုလင်းလွတ်​ထဲက စာကို
မျှော်​လင့်​ချက်​နဲ့ အနားသတ်​ချင်​ရတာလဲ

အဓိပ္ပာယ်မရှိ
မြင်​ကွင်းဆုံးလည်း ပင်​လယ်​​ရေက ငံတယ်
မမြင်​ဖူးလို့
က​မ်းမမြင်​လမ်းကို လက်​ပစ်​ကူးပြပါလား
သူတို့ တရားချခဲ့တာပါ

ရေကြည်​ရာသွားချင်​တဲ့စိတ်​ကို
မြက်​နုရာမ​ရောက်​လည်းထားခဲ့လိုက်ကြ

သဲပြင်​ဆိုတာ
ဓားပေါက်ေ​လ့ကျင့်ရတဲ့
နေရာ။

လင်းသစ်​နီ

ဆောင်းယွန်းလ ● ဗဟိုဖျောက်စဉ်းစားခန်း

$
0
0

ဆောင်းယွန်းလ ● ဗဟိုဖျောက်စဉ်းစားခန်း
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉

ကိုယ့်ကိုကိုယ်ဗဟိုပြုစဉ်းစားတဲ့
တကိုယ်တော် ဗဟိုပြုခေတ်ကြီးပြီးသွားတဲ့အခါ
စစ်မီးလျှံတွေငြိမ်းသွားလိမ့်မယ်
ရုပ်ရှင်တွေအသက်ဝင်လာကြမယ်
သီချင်းတွေပီပြင်လာကြမယ်
ကယ်တင်ရှင်ဟာ
တဆူတည်းသော ဘုရားမဟုတ်သလို
တပါးတည်းသော ဘုရင်လည်းမဟုတ်ဘူး
ဂူတဂူတည်း ခြင်္သေ့နှစ်ကောင်အောင်းမရရင်
ဂူကိုဖျက်ပြီး ထူထပ်အုံ့ဆိုင်းတဲ့တောကြီတခုဖန်တီးလိုက်ရုံဘဲ
နွေအကြောင်းကို
နေကရှင်းပြမှ ပူနွေးပြီး
ဆောင်းသတင်းကို နှင်းကရှင်းပြမှ အေးမြမယ့်သဘာဝတရားဘဲ
ရဲရဲပွင့်နိုင်တဲ့ နှင်းဆီနီနီတွေရှိသရွေ့
ရဲရဲခူးဆွတ်နိုင်မယ့် လက်တွေရှိနေရဦးမှာလည်း သဘာဝတရားဘဲ
သဘာဝက ရွာချပေးတဲ့မိုးစက်တွေအောက်မှာ
ပျောက်သောထီးကို ရှာသူနဲ့ 
ရှာသောထီးကို တွေ့ ရှိသူတို့ဟာ
တယောက်တည်းဖြစ်သလို တယောက်တည်းလည်းမဟုတ်ဘူး
ကိုယ့်ဒူးကိုယ်ယုံတိုင်းလည်း
တဒိုင်းဒိုင်းပစ်နေတဲ့သတ်ကွင်းထဲရောက်တဲ့အခါ
မှောက်ရက်မဟုတ်ရင် ပက်လက်သေဖို့ စဉ်းစားထားရုံဘဲ
မယုံကြည်လို့ ပုံပြင်မှတ်ရင်း
ရုံသွင်းပြထားရတဲ့ ပုံပြင်ဇယားတွေလည်းရှည်လို့ကိုမဆုံးတော့ဘူး
တိုတိုပြောရင်း လိုရင်းရောက်နိုင်သလို
လိုရင်းရောက်ဖို့ ရှည်ရှည်ဝေးဝေးပြောနေရတဲ့ကမ္ဘာမှာ
မိမိကိုယ်မိမိဗဟိုပြုစဉ်းစားခြင်းခေတ်ကကုန်ဖို့ကောင်းနေပါပြီ
အရည်အသွေးကောင်းတဲ့ရုပ်ရှင်တွေကိုကြည့်ရင်း
ပီပြင်တဲ့သီချင်းတွေကို တစိမ့်စိမ့်နားထောင်နိုင်ဖို့။

ဆောင်းယွန်းလ

ကဗျာဆရာကြီး ညွှန့်သစ် ၇၇ နှစ် ကွယ်လွန်

$
0
0


ကဗျာဆရာကြီး ညွှန့်သစ် ၇၇ နှစ် ကွယ်လွန်
(မိုးမခ) ဖေဖော်ဝါရီ  ၂၁၊ ၂၀၁၈


ကဗျာဆရာညွန့်သစ် (၁၉၄၂-၂၀၁၉) ကွယ်လွန်ကြောင်း ကြားသိရပါ၍ ကျန်ရစ်သူ မိသားစုများ၊ စာပေမိသားစုများနဲ့ ထပ်တူ ၀မ်းနည်းကြောင်း မှတ်တမ်းပြုအပ်ပါသည်။

မိုးမခတွင် ဖော်ပြခဲ့သည့် ကဗျာနဲ့ ကိုယ်ရေးအကျဉ်းသတင်းကို ပြန်လည် ဖော်ပြလိုက်သည်။

ကဗျာဆရာကြီး ညွှန့်သစ် ၇၆နှစ်ပြည့် မွေးနေ့ နေအိမ်မှာ ကျင်းပ
K (မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၈

 ကဗျာဆရာ ညွှန့်သစ်ရဲ့၇၆နှစ်ပြည့် မွေးနေ့ကို သူနေထိုင်ရာ ရန်ကုန် ရွှေပြည်သာမြို့နယ်၊ ၁၀ရပ်ကွက်၊ ပုသိမ်လမ်း၊ အမှတ်(၁၂၈၈)မှာ နိုဝင်ဘာ ၂၄ရက် ယနေ့မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ကဗျာဆရာ ညွှန့်သစ်ရဲ့၇၆နှစ်ပြည့် မွေးနေ့ပွဲကို ကဗျာဆရာညွှန့်သစ် ချစ်ခင်သူများ၊ စာရေးဆရာ၊ ကဗျာဆရာတို့တက်ရောက်ခဲ့ကြပါတယ်။ ကဗျာဆရာ ညွှန့်သစ်ဟာ မိုးဝေခေတ်ကဗျာဆရာတဦးဖြစ်ပြီး သခွပ်နီ၊ အုန်းမြင့်လှိုင်၊ ခင်ဝမ်းအစရှိတဲ့ကဗျာဆရာကြီးများရဲ့ရဲဘော်ရဲဘက်တဦး ဖြစ်ပါတယ်။

ကဗျာဆရာ ညွှန့်သစ် ကိုယ်ရေးအကျဉ်း အမည်ရင်း- ဦးစိုးညွှန့် ၁၉၄၂၊ နိုဝင်ဘာ ၂၄ရက်ဖွား ဧရာဝတီတိုင်းဇကာကြီးရွာတွင်အဖ- ဦးအုန်းမောင်၊ အမိဒေါ်ညိုတို့မှ မွေးဖွားခဲ့။ မွေးချင်းညီအကို သုံးယောက်အနက် ဒုတိယသားဖြစ်။ ၁၉၅၀ ပြည်တွင်းစစ်ဖြစ်ပွားနေချိန် ရန်ကုန်ရောက် ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ပထမဆုံးကဗျာစာမူ- ၁၉၇၁၊ မိုးဝေမဂ္ဂဇင်းမှာ ဒါပါပဲ ကဗျာဖြစ် စုပေါင်းကဗျာစာအုပ်များတွင်လည်း ပါဝင်ရေးသားခဲ့ တကိုယ်တော်အနေနဲ့ ခါးသက်တဲ့အရသာ(၁၉၉၄)၊ ကောင်း ကင်ပင်လယ် (၂၀၀၄)အင်္ဂလိပ်-မြန်မာနှစ်ဘာသာ (သားဂျာနယ်ကျော် မိုးဟိန်း အင်္ဂလိပ်ဘာသာပြန်ဆို) လုံးချင်းကဗျာစာအုပ် ၂အုပ်ထုတ်ဝေထား။ သြဂုတ်လအတွင်းက လေ ဖြတ်ဝေဒနာကြောင့် ဆေးရုံတက် ကုသခဲ့ရ။ မကြာသေးမီက ကဗျာဆရာများနှင့် စကားစမြည်စာအုပ် ထွက်ရှိ။

ဇနီး- ဒေါ်မြမြသန်း (ကွယ်လွန်) သား ၃ ဦးရှိ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ ၁၀ရပ်ကွက်၊ ပုသိမ်လမ်း၊ အမှတ်(၁၂၈၈)တွင် နေထိုင်ရင်း ကဗျာ၊ ဆောင်းပါးများရေးသားလျက်ရှိ

၁၉၇၃ခုနှစ်က သူရေးသားခဲ့တဲ့ ဟင်းလင်းပြင်များ ကဗျာဖြင့် ၇၆ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုလိုက်ရပါတယ်။

ဟင်းလင်းပြင်များ
===========
ညွှန့်သစ်

အကာမဲ့ကင်း
တိမ်စင်ကင်းပ ကြယ်လတွေသာ
လွတ်လပ်ပါပေစွ အို. . . ကောင်းကင်။

ငါ့ဘဝရိပ်
လှောင်ပိတ်မွန်းကြပ် အသက်ရှုရပ်မျှ
ထူထပ်လေစွ နံရံကြား။

စိတ်ပျော့ညံ့လျှင်
အားအင်ကုန်ခမ်း ညှိုးနွမ်းပျော့ဖတ်
လွတ်လပ်ခြင်းအရသာ
ဘယ်မှာရှာမတွေ့
ဟာလာဟင်းလင်း ငါ၏ရင်။

ဘဝရဲ့ ဒဏ်
ကြံ့ကြံ့ခံလျက် ပြင်းထန်စိတ်ဓာတ်
ကြုံတွေ့လတ်သော် လေပေါ်ကစား
ပေါ့ပါးရှင်းလင်း ဟင်းလင်းပြင်ကျယ်။

ကောင်းကင်ဟင်းလင်း
လွတ်လပ်ခြင်းမျိုး
ရင်တွင်းခံစားနိုင်ပါပြီ. . . ။

အမ္ဗနဒီကျော်စွာ - စာကြည့်တိုက်တို့ဥပဒေ နင်ဘယ်ကိုင်းမှာနေ

$
0
0
Photo - Yan Naung (Botahtaung)

အမ္ဗနဒီကျော်စွာ - စာကြည့်တိုက်တို့ဥပဒေ နင်ဘယ်ကိုင်းမှာနေ
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉


ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဥပဒေမူကြမ်းကြီးသည်ကား ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း ဆိုသလို ရင်ဝကိုစုံကန်ကာ အခုရက်ပိုင်းမှာ ထွက်ရှိလာခဲ့သည်။ လေ့လာ ဆန်းစစ် ကြည့်ရ သလောက် ဆိုလျှင်ကား ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တို့ ပူးပေါင်းကာ ရေးသား စီစဉ်ခဲ့သော ဥပဒေမူကြမ်းဟု ကြားသိရသည်။

မူကြမ်းထွက်ထွက်ခြင်းမှာပင် စာကြည့်တိုက်မှူးများ စာကြည့်တိုက်များကို စာအုပ် ငွေကြေး လိုအပ်သည့်ပစ္စည်း များစွာတို့ကို ကူညီပေးနေကြသည့် ပရဟိတ အသင်းအဖွဲ့များ စာပေချစ်သူများ စသည့်ဖြင့် တပြိုင်နက် ညီညီညာညာ ကန့်ကွက်ခြင်းများ ဖြစ်ပေါ်လာသည်။

သေချာသည်ကတော့ စာပေအသင်းအဖွဲ့များ၏ သဘောထား စာအုပ်စာပေများကို လှူဒါန်းပြီး တနိုင်တပိုင် စာကြည့်တိုက်များ လုပ်ကိုင်ကူညီပေးနေကြသူများ၏ ခံစားချက်များ စာပေချစ်သူများ၏ အသံများ မြို့နယ် ခရိုင် တိုင်း အလိုက် စာကြည့်တိုက်မှူးများ၏ အတွေ့အကြုံကောင်းများ စာကြည့်တိုက်နှင့်ပတ်သက်သော အသိပညာရှင် အတတ်ပညာရှင်တို့၏ အယူအဆများကို ထိတွေ့ခံစားရခြင်း မရှိပေ။

ယခုမူကြမ်းအရဆိုလျှင် စာကြည့်တိုက်များ၏ ကိစ္စဝိစ္စအဝဝတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ပါမည်။ ဝန်ကြီး တစ်ဦးဦးပါမည်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကိုယ်စားလှယ် ပါမည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကိုယ်စားလှယ် ပါမည်။ စာကြည့်တိုက်ပညာရှင် ကိုယ်စားလှယ် ပါမည်။ စာကြည့်တိုက်အသင်း ကိုယ်စားလှယ် ပါမည်။ သတင်းစာဆရာအသင်း ကိုယ်စားလှယ် ပါမည်။ စာရေးဆရာအသင်း ကိုယ်စားလှယ် ပါမည်။ စာကြည့်တိုက်လုပ်ငန်းကို စိတ်ဝင်စားသူ မြို့မိ/ဖ ကိုယ်စားလှယ် သုံးဦးပါမည် ဟု သတ်မှတ်ထားသည်။ ကော်မတီများ မြို့နယ်ကော်မတီများဖွဲ့ဦးမည်။ စာကြည့်တိုက်ဆိုသော ခေါင်းစဉ်အောက်တွင် စာအုပ်၊ စာတမ်း၊ စာပေပစ္စည်း၊ ၎င်းတို့ကို အများပြည်သူတို့ လေ့လာဖတ်ရှု အသုံးပြုနိုင်စေရန် ဖွင့်လှစ်ထားသော နေရာများ အခန်းများ အဆောက်အဦများ အားလုံးအကျုံးဝင်သည်။ ဥပမာ ကိုယ်ပိုင်၊ လမ်းပိုင်၊ ရပ်ကွက်ပိုင်၊ စာကြည့်တိုက်များ ပိဋ္ဋကတ်တိုက်များ စာကြည့်ခန်းများ စာဖတ်ခန်းများ စာကြည့်အသင်း အများပြည်သူတို့ စာပေဖတ်ရှုရန် ငှားရမ်းရန် ရည်ရွက်ချက်ဖြင့် ဖွင့်လှစ်ထားသည့် နေရာများ အခန်းများ အဆောက်အဦးများ ရွေ့လျား သွားလာ လှည့်လည် နိုင်သော ယာဉ်များအားလုံး ပါဝင်သည်ဟု သတ်မှတ်ထားသည်။ စာအုပ်၊ စာတမ်း၊ စာပေပစ္စည်း ဆိုရာတွင်လည်း မည်သည့်ဘာသာစကားဖြင့်မဆို ရေးသားခြင်း လွှင့်တင်ထားခြင်း ပုံနှိပ်ထားခြင်း လက်ရေးမူများ ပေစာ ပုရပိုက်စာ မင်စာ ကျောက်စာ ပုံနှိပ်စာ စာနယ်ဇင်းများ မြေပုံများ ရုပ်ပုံများ ဓါတ်ပုံများ ဂီတသင်္ကေတများ ဓါတ်ပြားများ မိုက်ခရို ဖလင်များ ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြုထားသော စာပေ၊ အီလစ်ထရောနစ် အရင်းအမြစ်များ အားလုံးလိုလို ပါဝင်နေသဖြင့် မည်သည့် အနုပညာပစ္စည်းတစ်မျိုးမျိုးမှ ထိုစာကြည့်တိုက်ဥပဒေ လက်အောက်က လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ပေ။ အတိုင်းတိုင်း အမြို့မြို့ အနယ်နယ် အရပ်ရပ်ရှိ စာကြည့်တိုက်များ အားလုံး၏ ဥက္ကဋ္ဌတို့သည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လာရောက်အုပ်ချုပ်ကာ စီမံခန့်ခွဲပေလိမ့်မည်။ အတွင်းရေးမှူးများကလည်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနကသာ ဖြစ်ပေလိမ့်မည်။

၎င်းတို့၏ လုပ်ငန်းတာဝန်များမှာ စာကြည့်တိုက်များဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ ညွှန်ကြားခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်း၊ စည်းမျဉ်းစည်းကမ်းများသတ်မှတ်ခြင်း၊ စစ်ဆေးကြီးကြပ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ စိစစ်ခြင်း၊ လက်မှတ်များထုတ်ပေးခြင်း၊ မြို့နယ် ရပ်ကွက် ကျေးရွာများတွင် စာကြည့်တိုက်များ ပိုမိုဖွင့်လှစ်နိုင်အောင် စည်းရုံးခြင်း တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေများထဲမှ ငွေကြေးများ စာအုပ်များ နည်းပညာများ အခြားလိုအပ်သော အရာများကို အဆင့်ဆင့် တင်ပြပေးပြီး ရယူပေးခြင်းများကို ပြုလုပ်ပေးမည်ဟု ပါရှိသည်။ အမှန်တကယ် ပြုလုပ်ပေးနိုင်လျှင်တော့ ထိုအချက်ကို ကြိုဆိုရမည်ဖြစ်သည်။

စာကြည့်တိုက်များကို တည်ထောင်လိုပါက သက်ဆိုင်ရာ မြို့နယ်ကော်မတီမှတဆင့် ကော်မတီထံသို့ လျှောက်ထားရမည်ဖြစ်ပြီး ကော်မတီဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်များဖြင့် မှတ်ပုံတင် သက်သေခံ လက်မှတ် ထုတ်ပေးခြင်း ငြင်းပယ်ခြင်း သတိပေးခြင်း မှတ်ပုံတင် သက်သေခံလက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း မှတ်ပုံတင် သက်သေခံလက်မှတ်ကို ရုပ်သိမ်းခြင်း စသည်တို့ကိုပါ ပြုလုပ်နိုင်သလို အယူခံဝင်ခြင်းဆိုင်ရာ ပြဿနာများသည်လည်း ကော်မတီဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်ဟု ပါရှိသည်။ ဤသို့ဆိုလျှင် စာကြည့်တိုက်နှင့် ပတ်သက်သော ပြဿနာအရပ်ကို ဖြေရှင်းရန် တရားရေးမဏ္ဍိုင်အပြင် စစ်ဘက် တရားခုံရုံးရှိသလို ရဲတရားရုံးများရှိသလို စည်ပင်တရားရုံးများရှိသလို စာကြည့်တိုက်တရားရုံးသည်လည်း သီးသီးသန့်သန့် ပေါ်ထွက် လာမည့် အဓိပ္ပါယ်ကဲ့သို့ သက်ရောက်လာနိုင်သည်။ အကယ်၍ ဥပဒေပါအတိုင်း ကိုယ်ပိုင် လမ်းပိုင် ရပ်ကွက်ပိုင် မြို့နယ်ပိုင် စာကြည့်တိုက်များသည် မှတ်ပုံတင်သက်သေခံလက်မှတ်ကို မလျှောက်ထားမိပါက ထောင်ဒဏ် တစ်လ သို့မဟုတ် ငွေဒဏ် တစ်သိန်းမှ နှစ်သိန်းအထိ ပြစ်ဒဏ်များ ကျခံရနိုင်သည်။

စာကြည့်တိုက်ဥပဒေသာ အတည်ပြုခဲ့ရင်တော့ ကိုယ်ပိုင်တနိုင်တပိုင်ဖွင့်ထားတဲ့ စာကြည့်တိုက်ကလေးကို ဝမ်းနည်းစွာနဲ့ ပိတ်ပစ်ရတော့မည်ဟု ဆိုသူများ အများအပြားရှိသလို ကိုယ့်ထမင်းကိုယ်စားပြီး လူမှုကျင့်ဝတ်အရ ဝါသနာ စေတနာ အနစ်နာတွေနဲ့ ဖွင့်လှစ်ထားကြတဲ့ ရပ်ကျေးစာကြည့်တိုက်ကလေးတွေ အများစုကလည်း မှတ်ပုံတင် ပြုလုပ်ဖို့ ဟိုသွားရ သည်သွားရ မြို့တက်ရ ကော်မတီတက်ရနဲ့ဆိုတော့ မိမိစီးပွားရေးလုပ်ငန်းလည်း မဟုတ်ဘဲ အလုပ်တွေ အရှုပ်ခံကာ မှတ်ပုံတင်ရန် အခက်အခဲများစွာဖြစ်ပေလိမ့်မည်။ အလွယ်အကူ ပြန်ကျလျှင် ကောင်းပါသော် လည်း ရစ်ခြင်း ညစ်ခြင်း စာရွက်စာတမ်းကြေး ဘာကြေး ညာကြေး အမြန်ကြေး လက်ဘက်ရည်ဖိုးတွေတောင်းလျှင် ပြည်သူလူထု၏ အငြိုငြင်ကိုပါ ခံရပေလိမ့်မည်ထင်သည်။

ထို့အပြင် စာကြည့်တိုက်နှင့် ပတ်သက်လျှင် စာကြည့်တိုက်ဘာသာရပ်ရှိသည်။ စာကြည့်တိုက် ပညာရှင်များ ရှိသည်။ ရန်ကုန်တက္ကသိုလ်တွင် စာကြည့်တိုက်ဘာသာရပ်ကို လေ့လာလိုက်စားနေကြသော ကျောင်းသားများရှိသည်။ စာကြည့်တိုက်လုပ်ငန်းကို စိတ်ပါဝင်စားစွာ အစဉ်တစိုက်ဆောင်ရွက်နေကြသော တက်ကြွလှုပ်ရှားနေကြသူများ ရှိသည်။(ဥပမာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနေရာများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆုချီးမြှင့်ပေးခဲ့သော ကိုဇော်ဇော်တို့လို ပုဂ္ဂိုလ်များ၊ ရပ်တည်ရန် ခက်ခဲသော စာကြည့်တိုက်များကို စာအုပ်များ ငွေကြေးများ လူအင်အားများပါ ထောက်ပံ ကူညီပေးနေသော Save The Library အဖွဲ့ တာဝန်ခံ ကိုမောင်မောင်စိုးလို ပုဂ္ဂိုလ်များ၊ တစ်လ တစ်ယောက် တစ်ထောင် စုစည်းကာ စာကြည့်တိုက်များအတွက် လိုအပ်သော နေ့စဉ်ထုတ် သတင်းစာ အပတ်စဉ်ထုတ် ဂျာနယ် နေ့စဉ်ထွက်/လစဉ်ထွက် စာအုပ်စာပေ အသစ်များကို စုဆောင်းဝယ်ယူကာ စာကြည့်တိုက်ရောက်သည် အထိ ပို့ဆောင်ပေးနေသော ပေါ်ပြူလာဂျာနယ်မှ အယ်ဒီတာချုပ် ဆရာညိုသစ်ငယ်လို ပုဂ္ဂိုလ်များ တိုက်မှထွက်ရှိသမျှသော စာအုပ်များကို လစဉ် နှစ်စဉ်လိုလို စာကြည့်တိုက် တစ်တိုက် ဖွင့်နိုင်လောက်သည် အထိ လှူဒါန်းမတည်ပေးနေသော မန္တလေးမှ ပုံနှိပ်တိုက်ပိုင်ရှင် ကဗျာဆရာမိုသျှန်းလို ပုဂ္ဂိုလ်များကို ရွေးချယ်ကာ နေရာပေး ခန့်အပ်ဖို့သာ ပြည်သူလူထုက စိတ်ပါဝင်စားလိမ့်မည်ဖြစ်သည်။)

စာကြည့်တိုက်ဆိုသည်မှာ ကျန်းမာရေး လူမှုရေး နိုင်ငံရေး စီးပွားရေး အနုပညာ အားကစား သုတ ရသ အထွေထွေ ဗဟုသုတ အကြားအမြင် အတွေးအခေါ်တို့ စုံလင်စွာ ပေါင်းစုရာ ဖူးပွင့်ရာ ကူးလူးယှက်သွယ်ရာ ပေါင်းကူး ထုံသင်းရာ အရပ်ဒေသဖြစ်သည်။ ထိုကဲ့သို့သော နေရာဒေသ အသင်းအဖွဲ့များသည် အစိုးရတစ်ရပ်၏အရိပ် နိုင်ငံရေးသမားများ၏အရိပ် စီးပွားရေးသမားများ၏အရိပ် အနုပညာသမားများ၏အရိပ် အစားကစားသမားများ၏အရိပ် စသည်ဖြင့် အရိပ်တစ်ခုခု၏ အောက်တွင် ရပ်တည်နေထိုင်ရမည့် အရာမဟုတ်ပေ။ အစိုးရများ စီးပွားရေးသမားများ နိုင်ငံရေးသမားများ အရာရှိ အရာခံများ တာဝန်ကျေသာထမ်းဆောင်မည့် နိုင်ငံဝန်ထမ်းများက စီမံခန့်ခွဲမည်ဆိုပါက ထိုစာကြည့်တိုက်များသည် အားကောင်းမောင်းသန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်ပါမည်လားဆိုတာ စဉ်းစားစရာဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် စာတတ်သူများသော်လည်း စာမဖတ်သူများသဖြင့် အသိပညာ ဗဟုသုတအကြားအမြင် နည်းပညာ နည်းကာ ပြစ်မှုပေါင်းများစွာဖြစ်ပွားလျက် ကျန်းမာရေးအားနည်းလျက် အားကစား ကိုယ်ကာယ အသိပညာ အတတ်ပညာ နိုင်ငံတကာနှင့်ဆက်ဆံရေးများ နည်းဗျူဟာများ ဒေသတွင်းအင်အားနည်းပါးမှု များ နိုင်ငံရေး စီးပွားရေး လှုမှုရေး ပညာရေး အစစအရာရာ အားနည်းနေသည့်အပြင် စာနယ်ဇင်းလောကများကိုပါ ထိခိုက်မှုများရှိနေပြီး ရောင်းလိုအား ဝယ်လိုအားများ ကျဆင်းကာ မဂ္ဂဇင်းများ ဂျာနယ်များ နေ့စဉ်ထုတ်သတင်းစာများ တစ်တိုက်ပြီးတစ်တိုက် ရှုံးနိမ့်ပြီး နှုတ်ဆက်လက်ပြကာ ထွက်ခွာနေကြရချိန်တွင် စာကြည့်တိုက်များ စာအုပ်အငှားဆိုင် ကလေးများ စာအုပ်အရောင်းဆိုင်များ မဂ္ဂဇင်း ဂျာနယ် သတင်းစာများကို တဖက်တလမ်းမှ တနည်းနည်းဖြင့် ကူညီ လုပ်ကိုင်ပေးရမည့်အချိန်တွင် ယခုကဲ့သို့ ဥပဒေမူကြမ်းထွက်လာခြင်းမှာ နိုင်ငံတော်နှင့် ပြည်သူလူထုကို ကူညီရာ မရောက်သည့်အပြင် ရေနစ်သူကို ဝါးကူထိုးသကဲ့သို့ ချစ်ရာမရောက် နှစ်ရာရောက် ဖြစ်နေပေလိမ့်မည်ထင်သည်။

အစိုးရအဖွဲ့အစည်းဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူလူထုကို ကူညီလုပ်ကိုင်ဆောင်ရွက်ပေးရန် ရွေးချယ် ခန့်အပ် ထားသော တင်မြှောက်ရွေးကောက်ထားသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ပြည်သူလူထုတို့၏ လိုအပ်ချက်များ ဆောင်ရွက်ပေးရမည့် အရာများ ကူညီလုပ်ကိုင်ပေးရမည့် ပြဿနာများကိုသာ မေးမြန်းစုံစမ်းပြီး ငွေကြေးများ မြေနေရာများ အခန်းများ စာအုပ်စာတမ်းများ နည်းပညာများ ပစ္စည်းကိရိယာတန်ဆာပလာများကိုသာ ထောက်ပံ့လှူဒါန်း ချီးမြှင့်ပေးကမ်းရမှာဖြစ်ပြီး ပြည်သူလူထုတို့က သင့်တော်၍ လက်ဖြင့်ရေးသည့် အစီအစဉ်များကို အရာများကို ခြေဖြင့်ဖျက်ရန် အကြံစည်သင့်ပါကြောင်း နေရာတကာတွင် ငါတို့က အစိုးရပဲဟူသောအမြင်ဖြင့် ငါတို့က အမှုထမ်း အရာထမ်းဟူသော အမြင်ဖြင့် အပေါ်စီးမှ စီမံအုပ်ချုပ်ခွင့်မရှိကြောင်း စာကြည့်တိုက်များဖွင့်ရန် အခက်တွေ့ စေလျှင် ထောင်တံခါးတို့သည် များများပွင့်လာမှာဖြစ်တဲ့အတွက် ထောင်များကိုတိုးချဲ့ဆောက်လုပ်ထားရန် အကြံပြု ရပါတော့မည်လား စဉ်းစားရပေလိမ့်မည်။

အမ္ဗနဒီကျော်စွာ

ဗန်းမော်ညိုနွဲ့ - "အမေ့ဘဝ ငွေလမင်း"

$
0
0

ဗန်းမော်ညိုနွဲ့ - "အမေ့ဘဝ ငွေလမင်း"
(မိုးမခပြန်လည်ဆန်းသစ်) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉
သည်လောကသည်
တက်ချီကျချည် ၊ စက်ဝန်းလည်မြဲ
သည်စက်ဝန်းသွား ၊ မောင်းလက်ကြား၌
ဓားသွားမငြိ ၊ အထိမခံ
အမှန်ဖက်နေ ၊ ရှာဖွေအမှန်တရား
ရုန်းသွားတိုးဝေ့ ၊တရွေ့ရွေ့သော
အမေ့ဘဝ ၊ အရိပ်မြ၌
ယုယပိုက်ဖြား ၊ စုစည်းအားဖြင့်
သားတို့ဝန်းလှည့် ရှိပါကြောင်း။ ။

(မောင်စွမ်းရည် ညွှန်းပေးသည်)
(၈၁နှစ်မြောက် အမေ လူထုဒေါ်အမာမွေးနေ့) 
၂၉ အောက်တိုဘာ ၁၉၉၆

အောင်ဝေး - ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၇ )

$
0
0
Than Htay Maung

အောင်ဝေး - ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၇ )
မိုးမခ၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၁၉

ငါ့ ပခုံး နဲ့
မင်းအလောင်းကို ထမ်းမယ်။

မင့်း ပခုံး နဲ့
ငါ့ အလောင်းကို ထမ်းပါ။

ရဲဘော် ရဲဘက် ဆိုတာ
စမ်းချောင်းကလေး
စီးနေသလို
တစ်ယောက် ရင်ထဲ
တစ်ယောက် တသွင်သွင်။ ။

ေ အ ာ င္ ေ ၀ း
(ဖေဖော်ဝါရီ ၂၂- ၂၀၁၉)

မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၆) – အာဒံနှင့် ဧဝတို့၏ တနေ့တာဘဝ

$
0
0


မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၆) –
အာဒံနှင့် ဧဝတို့၏ တနေ့တာဘဝ
 Sapiens– A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၉ 


စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

ကျွန်တော်တို့ရဲ့ လူသားသဘာဝ၊ သမိုင်း နှင့် စိတ်ပိုင်းဆိုင်ရာသဘောတရားတွေကို နားလည်ဖို့အတွက် ကျွန်တော်တို့ရဲ့ဘိုးဘေးတွေဖြစ်တဲ့ အမဲလိုက်ရှာဖွေစားသောက်သူတို့ရဲ့ ခေါင်းထဲကို ဝင်ကြည့်မှ ရမှာပါ။ ကျွန်တော်တို့လူသားမျိုးစိတ်ရဲ့ သမိုင်းတလျှောက်လုံးနီးပါး ဆေပီယန်စ်တို့ဟာ ရှာဖွေစားသောက်သူတွေအဖြစ်သာ ရှင်သန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကစပြီး လူဦးရေ ဆက်လက်တိုးပွားလာတာနှင့်အမျှ ဆေပီယန်စ်တို့ဟာ မြို့ပြအလုပ်သမား၊ ရုံးအလုပ်သမားတွေ အဖြစ် တစ်နေ့တာစားစရာကို ရှာဖွေကြရတယ်။ ဒါတွေအားလုံးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀,၀၀၀ က ဆေပီယန်စ်တော်တော်များများ လယ်သမားတွေ၊ တိရိစ္ဆာန်ထိန်းကျောင်းသူတွေအဖြစ်နဲ့ ရှင်သန်ခဲ့ပြီး ကျွန်တော်တို့ရဲ့ဘိုးဘေးတွေ နှစ်ပေါင်းထောင်သောင်းချီအောင် အမဲလိုက်ခဲ့ချိန်၊ အစာရှာဖွေစားသောက်ခဲ့ချိန်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် မျက်တောင်တစ်ခတ်မျှသာ ကြာမြင့်ပါတယ်။

အခုနောက်ပိုင်းရှင်သန်ဖွံ့ဖြိုးလာတဲ့ နယ်ပယ်တစ်ခုဖြစ်တဲ့ ဆင့်ကဲပြောင်းလဲခြင်းစိတ်ပညာက အဆိုပြုထားတာက ကျွန်တော်တို့ရဲ့ ဒီနေ့ခေတ်လူမှုအသိုင်းအဝိုင်း နှင့် စိတ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာတော်တော်များများဟာ အခုလိုအချိန်တော်တော်ကြာခဲ့တဲ့ စိုက်ပျိုးရေးခေတ်မတိုင်မီကာလမှာ ဖြစ်တည်ပုံပေါ်ခဲ့ပြီးသားလို့ ဆိုပါတယ်။ ဒီနေ့လိုခေတ်မှာတောင် ကျွန်တော်တို့ရဲ့ ဦးနှောက်တွေ၊ စိတ်တွေဟာ အမဲလိုက်အစာရှာဖွေတဲ့ဘဝနဲ့ သင့်တော်နေတုန်းပဲလို့ အဲဒီနယ်ပယ်ကပညာရှင်တွေက အခိုင်အမာပြောပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိ အစာစားသောက်တဲ့ပုံစံ၊ လူမှုပဋိပက္ခတွေ နှင့် လိင်ဆိုင်ရာအပြုအမူတွေဟာ ကျွန်တော်တို့ရဲ့အမဲလိုက်ရှာဖွေစိတ်ထားတွေနဲ့ လက်ရှိ ခေတ်လွန်စက်မှုလုပ်ငန်းပတ်ဝန်းကျင်မှာရှိတဲ့ မီဂါမြို့ပြကြီးတွေ၊ လေယဉ်ပျံ၊ တယ်လီဖုန်း၊ ကွန်ပျူတာ စတဲ့အရာတွေ အပြန်အလှန်တုံ့ပြန်ခြင်းရဲ့ ရလဒ်ပဲဖြစ်ပါတယ်။

အရင်ဘယ်လူသားမျိုးဆက်ကမှ မခံစားလိုက်ရတဲ့ ပိုမိုများပြားတဲ့အရင်းအမြစ်တွေ၊ လူ့သက်တမ်းပိုရှည်လာတာ စတဲ့အရာတွေကို ဒီနေ့ခေတ်ပတ်ဝန်းကျင်က ကျွန်တော်တို့ကို ပေးစွမ်းပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေကြောင့်လည်း ကျွန်တော်တို့ဟာ ဒါတွေနဲ့မတန်ဘဲ သီးသန့်ကွဲထွက်နေတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုများတာ စတာတွေလည်း မကြာခဏ ခံစားရပါတယ်။ ဘာကြောင့် အခုလိုဖြစ်ရတာကို နားလည်ဖို့အတွက် ဆင့်ကဲပြောင်းလဲခြင်းစိတ်ပညာရှင်တွေ အဆိုပြုထားတာကတော့ ကျွန်တော်တို့ကို အခုလိုပြုပြင်ပုံသွင်းလိုက်တဲ့ အမဲလိုက်ရှာဖွေစားသောက်သူတို့ရဲ့ကမ္ဘာ ကို ကျွန်တော်တို့ နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာဖို့လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ရဲ့ မသိစိတ်ဟာ အဲဒီကမ္ဘာထဲမှာ မသိမသာ နေထိုင်နေသေးတာကိုး။

ဥပမာပြောရရင် ဘာကြောင့် လူတွေဟာ ခန္ဓာကိုယ်အတွက်အကျိုးမရှိတဲ့ ကယ်လိုရီများတဲ့အစားအစာတွေကို အငမ်းမရစားသုံးကြတာပါလဲ။ ဒီနေ့ခေတ်က အလျှံပယ်ကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းတွေ အဝလွန်ခြင်းဆိုတဲ့ကပ်ဆိုးမှာ ဆန့်တငင်ငင်ဖြစ်နေ ကြပါတယ်။ ဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုပါ အလျင်အမြန်ကူးစက်နေတယ်။ အချိုဆုံး၊ ဆီအရွမ်းဆုံးဖြစ်တဲ့ အစားအစာတွေကို ကျွန်တော်တို့တွေ ဗိုက်ကားတဲ့အထိ အငမ်းအရစားသောက်တတ်ကြတာဟာ ပဟေဋ္ဌိတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ ရှာဖွေစားသောက်သူတွေရဲ့ အစားအသောက်အလေ့အထတွေကို ဆင်ခြင်မိတဲ့အခါမှသာ အဓိပ္ပါယ်ရှိပါတော့တယ်။

သူတို့နေထိုင်ခဲ့တဲ့ ဆဗားနားဒေသ နှင့် တောတောင်တွေမှာ ကယ်လိုရီများတဲ့ ချိုမြိန်တဲ့အစားအစာတွေဆိုတာ အလွန်တရာမှပဲရှားပါးလှပြီး အစားအသောက်ဆိုတာကလည်း အများအားဖြင့် နည်းနည်းပဲ ရှိတာပါ။ လွန်ခဲ့တဲ့ နှစ် ၃၀,၀၀၀ က သာမန်ရှာဖွေစားသောက်သူတစ်ယောက်မှာ ချိုမြိန်တဲ့စားစရာဆိုလို့ သစ်သီးမှည့်ပဲ ရှိတယ်။ ကျောက်ခေတ်အမျိုးသမီးတစ်ယောက်ဟာ သဖန်းသီးမှည့်တွေ ပြွတ်နေတဲ့သဖန်းပင်တစ်ပင်နှင့်တိုးရင် အလုပ်သင့်ဆုံးကတော့ အဲဒီနေရာမှာပဲ သဖန်းသီးမှည့်တွေကို စားနိုင်သမျှ များများခူးစားမှာပါ။ ဒါမှပဲ အဲဒီတောအုပ်မှာရှိတဲ့ ဘာဘွန်းမျောက်တွေက တစ်ပင်လုံး ပြောင်သွားအောင်ခူးစားမသွားခင် စားခွင့်ရမယ်။ ကယ်လိုရီများတဲ့အစားအသောက်တွေဆို တဝတပြဲစားရမယ်ဆိုတဲ့ ပင်ကိုအသိစိတ်ဓာတ်ခံဟာ ကျွန်တော်တို့ရဲ့ဒီအဲင်အေထဲမှာ မွေးရာပါအမြစ်တွယ်နှင့်ပြီ ဖြစ်ပါတယ်။


ဒီနေ့ခေတ်မှာ မြင့်မားတဲ့တိုက်တွေမှာ ပစ္စည်းတွေပြည့်နှက်နေတဲ့ ရေခဲသေတ္တာတွေနဲ့ ကျွန်တော်တို့ နေထိုင်ကြပေမယ့်လည်း ကျွန်တော်တို့ရဲ့ ဒီအဲင်အေတွေကတော့ ကျွန်တော်တို့ဟာ ဆဗားနားမြက်ခင်းပြင်တွေမှာ ရှင်သန်နေကြဆဲလို့ ခံယူထားတုန်းပါ။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ ရေခဲသေတ္တာထဲမှာ ‘ဘင်နှင့်ဂျယ်ရီ ရေခဲမုန့်’ တွေတွေ့ရင် တစ်ပုံးလုံးကုန်အောင်စားပြီး ကုတ်အချိုရည်ဗူးကြီးတွေနဲ့မျောချကြတာ ဖြစ်ပါတယ်။

ဒီတဝတပြဲစားတဲ့ဗီဇ သီအိုရီကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြပါတယ်။ တခြားသီအိုရီတွေကတော့ ဒီ့ထက်အများကြီးအငြင်းပွားစရာပါပဲ။ ဥပမာပြောရရင် ဆင့်ကဲပြောင်းလဲခြင်းစိတ်ပညာရှင်တစ်ချို့ အဆိုပြုတာက ရှေးခေတ်ရှာဖွေစားသောက်သူအုပ်စုတွေကို တစ်လင်တစ်မယားစနစ်ကို အခြေခံတဲ့ ‘သီးသန့်မိသားစုငယ်’ တွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ အဲဒီအစား သူတို့ကို တစ်ဦးချင်းပိုင်ဆိုင်မှုတွေ မရှိတဲ့၊ တစ်လင်တစ်မယားစနစ် မဟုတ်တဲ့၊ အဖေဘယ်သူလဲ မသေချာတဲ့ လူ့အဖွဲ့အစည်းအဖြစ် နေထိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။ အဲဒီလို လူအုပ်စုတစ်ခုမှာ မိန်းမတစ်ယောက်ဟာ ယောက်ျားများစွာနဲ့လိင်ဆက်ဆံနိုင်ပြီး အတွင်းကျကျသိကျွမ်းရင်းနှီးနိုင်သလို တချိန်တည်းမှာပဲ တခြားအမျိုးသမီးများစွာနဲ့လည်း အဲဒီလို ရင်းနှီးနိုင်ပါတယ်။ ပြီးတော့ အုပ်စုအတွင်းရှိ အရွယ်ရောက်ပြီးသူအားလုံးက ကလေးငယ်တွေကို အတူဝိုင်းဝန်း ပြုစုပျိုးထောင်ကြပါတယ်။ ဘယ်ယောက်ျားကမှာ ဘယ်ကလေးဟာ သူ့ကလေးမှန်း အသေအချာမသိတဲ့အတွက် ကလေးအားလုံးကို တန်းတူညီမျှ ပြုစုစောင့်ရှောက်ပါတယ်။

ခုလိုမျိုး လူမှုအဆောက်အအုံတစ်ခုဟာ ‘မယားပြိုင်ယူ စိတ်ကူးယဉ်လောက’ တစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့နဲ့အနီးစပ်ဆုံးဖြစ်တဲ့ ချင်ပန်ဇီတွေ၊ ဘိုနိုဘိုမျောက်တွေကြားမှာ ဒီအကြောင်းအရာကို ကောင်းကောင်း မှတ်တမ်းတင်ထားတွေရှိပါတယ်။ ဒီနေ့လိုခေတ်မှာလည်း တစ်ချို့လူ့ယဉ်ကျေးမှုတွေမှာ ဘုံဖခင်ဆိုတာကို ကျင့်သုံးနေကြဆဲပါ။ ဥပမာအားဖြင့် ဘာရီအိန္ဒိယလူမျိုးတွေ ရှိပါတယ်။ အဲဒီလို လူ့အသိုင်းအဝိုင်းတွေရဲ့ ယုံကြည်မှုတွေအရ ကလေးဆိုတာ လူတစ်ယောက်ရဲ့သုတ်ပိုးကနေ မွေးဖွားလာတာမဟုတ်ဘဲ မိခင်ရဲ့သားအိမ်ထဲမှာ သုတ်ပိုးများစွာ စုပေါင်းပြီးမှသာ ဖြစ်တည်လာတယ်လို့ ယူဆကြတယ်။ အဲဒါကြောင့် မိခင်ကောင်းတစ်ယောက်ဟာဆိုရင် မတူတဲ့ယောက်ျားအမျိုးမျိုးနဲ့ လိင်ဆက်ဆံရမှာပါ။ အထူးသဖြင့် သူမကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပါတယ်။ ဒါမှသာ မွေးဖွားလာမယ့် သူမရဲ့ကလေးငယ်ဟာ အကောင်းဆုံးအမဲလိုက်သမားရဲ့ စွမ်းရည်ကိုသာမက အကောင်းဆုံးပုံပြောတတ်သူ၊ အသန်မာဆုံး စစ်သည်တော်၊ အသိမ်မွေ့ဆုံး ချစ်တတ်သူ စသူတို့ရဲ့ စွမ်းရည်အမျိုးမျိုးကို အမွေရပြီး သူတို့အားလုံးကလည်း ဖခင်ပမာ သူ့ကို ဂရုစိုက်ကြမှာပါ။ ဒါဟာ အူကြောင်ကြောင်နိုင်တယ်လို့ ယူဆတယ်ဆိုရင် အဲဒီခေတ်က ခုခေတ်လို သန္ဓေဗေဒဘာသာရပ်တွေ မရှိသေးဘူးဆိုတာကို အမှတ်ရပါ။ ကလေးတွေကို လူအများကနေ မဟုတ်ဘဲ ဖခင်တစ်ယောက်နဲ့သာ ရတယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထား လူတွေမှာ မရှိခဲ့ပါဘူး။

ဒီ “ရှေးဟောင်းစုပေါင်းဆက်ဆံ” သီအိုရီကို လက်ခံသူတွေ အဆိုပြုတာက ဒီနေ့ခေတ်အိမ်ထောင်ရေးတွေမှာ မကြာခဏ လင်မယားဖောက်ပြန်မှုတွေ၊ လင်မယားကွာရှင်းမှု မြင့်တက်လာတယ်။ အဲဒါတင်မက ကလေးငယ်တွေ၊ လူကြီးတွေပါခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလဏ္ခာပြဿနာပေါင်းစုံအမျိုးမျိုး အစပြုရာနေရာရှိပါတယ်။ အဲဒါကတော့ လူတွေကို တစ်လင်တစ်မယားစနစ် နှင့် ‘သီးသန့်မိသားစုငယ်’ တွေအဖြစ်သာ နေထိုင်ကြဖို့ အတင်းသွတ်သွင်း တာတွေကြောင့် ဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဇီဝသဘောတရားတွေနဲ့ ကိုက်ညီမှုမရှိပါဘူး။

ပညာရှင်တော်တော်များက ဒီသီအိုရီကို ခါးခါးသီးသီးငြင်းပယ်ကြပြီး တစ်လင်တစ်မယားစနစ် နှင့် ‘သီးသန့်မိသားစုငယ်’ တွေအဖြစ်နေထိုင်ခြင်း နှစ်ခုလုံးဟာ လူ့အပြုအမူတွေရဲ့ အနှစ်သာရဖြစ်ကြောင်း အခိုင်အမာဆိုကြပါတယ်။ ရှေးခေတ်ရှာဖွေစားသောက်သူ လူ့အဖွဲ့အစည်းတွေဟာ ဒီခေတ်လူ့အဖွဲ့အစည်းတွေထက် ပိုပြီးတန်းတူညီမျှ ဘုံသဘောဆန်ပေမယ့်လည်း သီးသန့်ကွဲပြားမိသားစုများဖြင့် စုစည်းနေထိုင်ကြတယ်။ လင်မယားစုံတွဲတွေကလည်း မိမိတို့ပိုက်ထားတဲ့ ကလေးကိုယ်စီနဲ့ အချင်းချင်းမနာလိုမှုတွေ ရှိခဲ့ကြတယ်လို့ အဲဒီသုတေသန ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ခေတ်မှာ တစ်လင်တစ်မယားစနစ် နှင့် သီးသန့်မိသားစုငယ်တွေဟာ ကြီးမားကျယ်ပြန့်တဲ့ လူ့ယဉ်ကျေးမှုတော်တော်များများရဲ့ သတ်မှတ်ချက် ဖြစ်နေတာပါ။ မိန်းမ၊ ယောက်ျားတွေဟာ သူတို့ရဲ့ အိမ်ထောင်ဘက်တွေ၊ သားသမီးတွေနှင့်ပတ်သက်လာရင် အလွန်တရာပိုင်ဆိုင်လိုစိတ်ရှိကြပြီး ဒီခေတ်နိုင်ငံတွေဖြစ်တဲ့ ဆီရီးယား၊ မြောက်ကိုးရီးယား တို့မှာလည်း နိုင်ငံရေးအာဏာကို အဖေကနေ သားကိုသာ လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။

ဘာသာပြန် - မာန်သီဟထွန်း

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။

https://www.dreamstime.com/stock-illustration-eating-junk-f…
http://anygivenfood.com/giveaway-free-ben-jerrys-ice-cream/
https://www.canstockphoto.ie/fat-man-eating-fast-food-hambe…
https://www.pinterest.com/pin/203295370654631379/

မောင်လူပေ - ဆန်ဖရန်စစ္စကို (၁)

$
0
0

မောင်လူပေ - ဆန်ဖရန်စစ္စကို (၁)
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၉ 


အမိမြေနှင့် မိုင်သောင်းချီဝေးသောမြို့။ ငယ်ငယ်ကကြည့်ခဲ့ဖူးသည့် Take me Away ဆိုသော ဂျပန်ရုပ်ရှင်ထဲမှာ မြင်ဘူးတဲ့မြို့။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာ မကြာခဏ ပါတဲ့မြို့။


ဒီမြို့ကို ၁၉၉၆မှာ စတင်ရောက်ဖူးသည်။ တောင်ကုန်းတွေအပြည့်နဲ့မြို့မို့ လမ်းတွေက အတက်အဆင်းကြမ်းသည်။ ဝါယာကြိုးကြီးနဲ့ ရွေ့လျှားတဲ့ ကေဘယ်လ်ကား ဆိုတာကြီးလည်းတွေ့သည်။ မြို့ပတ်ရထားစီးသည်။ တရုတ်တန်းသွားသည်။ အမှတ်တရ ဓါတ်ပုံရိုက်သည်။ ဒီမြို့မှာ အလုပ်သမားဖြစ်မည်ဟု ယောင်လို့တောင် အိပ်မက်မမက်ခဲ့။ ဒီမြို့အကြောင်းလည်း ဘာမျှမသိခဲ့။


ဆန်ဖရန်စစ္စကိုတဝိုက်မှာ စတင်နေထိုင်သူများသည် အိုလိုနီ(Ohlone) အမည်ရှိသော ဌာနေအင်းဒီယန်း(Native Indian) တို့ဖြစ်၍ ဘယ်အချိန်ထဲက ရောက်နေကြသည်မသိ။ အနည်းဆုံးတော့ နှစ်ပေါင်းသောင်းချီမည်။ ခရစ်တော်မပေါ်မှီ နှစ်သုံးထောင်ခန့်(3000 BC) ကနေထိုင်ခဲ့ကြသည့်အထောက်အထားတွေတော့ တွေ့ရှိခဲ့ပြီ။ သူတို့ကို အာရှအလယ်ပိုင်းမှ ရောက်ရှိလာကြသော လူတွေဟု ယူဆကြသည်။ အုပ်စုလေးတွေဖွဲ့ကာ နေကြသည်။ ထိုအာရှသားတို့ပင် အမေရိကတိုက် အနှံ့ပျံ့နှံ့နေထိုင်ကြကာ မာယာ(Maya)လူ့အဖွဲ့အစည်းကြီးကို တည်ထောင်ခဲ့ကြ၏။ အမေရိကတိုက်၏ မူလပိုင်ရှင်များမှာ သူတို့ဖြစ်ကြသည်။


ဒုတိယရောက်လာသူများကား ဥရောပတိုက်သားစပိန်များပင်။ စပိန်ဘုရင်အတွက် အိန္ဒိယတိုက်သို့သွားသော ပင်လယ်ရေလမ်းခရီးရှာဖွေရင်း မျက်စိလည်လမ်းမှားကာ အမေရိကတိုက်ကို ကိုလံဘတ်တွေ့ပြီးနောက်ပိုင်း ဥရောပသားတွေ နယ်မြေသစ်ရှာဖွေရန် ခြေဆန့်ကြသည်။သာသနာပြုမစ်ရှင်တွေကို အကြောင်းပြုကာ ဒီနေရာသို့ ပထမဆုံး ရောက်လာသည်က ဟိုဆေး(José) မိုရာဂါ(Moraga) နှင့် ဖရန်စစ္စကို( Francisco) တို့သုံးဦးသား။ နေရာသစ်ကို စိန့်ဖရန်စစ်(St Francis) အားဂုဏ်ပြုသည့်အနေဖြင့် ဆန်ဖရန်စစ္စကို(San Francisco) ဟု အမည်သညာ ပေးကြလေ၏။ ၁၇၇၆ခုနှစ် ဇွန်လ လေးရက်နေ့တွင် နာမည်သစ်နှင့်အတူ စပိန်လက်အောက် ရောက်ခဲ့ပြန်သည်။


ထိုအချိန်တွင် ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးမှာ လူအနည်းငယ်သာရှိသည့်အတွက် ဆန်ဖရန်တစ်ဝိုက်မှာ ကျီးနှင့်ဖုတ်ဖုတ်အခြေအနေ။ အနေအထားပြောင်းချင်တော့ ဒီဒေသကြီးတစ်ခုလုံးသည် ၁၈၂၁တွင် စပိန်လက်အောက်မှ မက္ကဆီကိုအောက်ရောက်လာခဲ့သည်။ ထိုမှတဖန် ၁၈၄၈ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုအောက်သို့ ရောက်လာ၏။


ထိုအချိန်အထိ မည်သူမျှ စိတ်မဝင်စားသည့်အနေအထား။ မြေပြင်ပေါ်မှာလည်း သစ်ပင်ကြီးတွေကလွဲလို့ ဘာမျှမရှိ။မမြင်ရသည့် မြေအောက်တွင်တော့ ရွှေကြောကြီးတွေအပြည့်။ ဒီရွှေကြောကြီးက ပဲ့ထွက်လာသော ရွှေသားအပဲ့အပိုင်းအစတွေကို မတော်တဆတွေ့သွားရာမှ ရွှေပြည်နယ်(Golden State)အဖြစ် နာမည်ကြီးကာ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းသို့ ရွှေရှာကြမည့်လူများ အလုံးအရင်းဖြင့် ဝင်လာကြသည်။ ၁၈၄၉မှာ အများဆုံးရောက်လာကြ၍ ၄၉သမား( 49ers) တွေဟု ခေါ်ကြပါ၏။


ဒီလူတွေအတွက် ဆန်ဖရန်စစ္စကိုသည် ပျော်စရာနေရာဖြစ်ဖို့ ဖန်တည်းခဲ့သည်။ ၁၈၄၈ခုနှစ်က လူဦးရေတစ်ထောင်သာရှိသောဆန်ဖရန်စစ္စကိုသည် နောက်တစ်နှစ်ဖြစ်သော ၁၈၄၉တွင် လူနှစ်သောင်းခွဲအထိ တိုးပွားလာခဲ့ရာမှ ၁၈၅၀တွင် တရားဝင်မြို့အဆင့်သို့ ရောက်လာသည်အထိ။ ထိုနှစ်မှာပင် ကယ်လီဖိုးနီးယားပြည်နယ်သည်လည်း အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်ပြည်နယ်တစ်ခုအဖြစ်တရားဝင် သတ်မှတ်ခံရခြင်းဖြစ်လေသည်။

ကာတွန်း Kzzh ရဲ့ မအားကြသူများ ...

$
0
0

ကာတွန်း Kzzh ရဲ့ မအားကြသူများ ...
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
Viewing all 9633 articles
Browse latest View live