Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မောင်လူပေ - ဆန်ဖရန်စစ္စကို (၆) (၇)

$
0
0
မောင်လူပေ - ဆန်ဖရန်စစ္စကို (၆) (၇)
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉

(၆)

ဆန်ဖရန်စစ္စကိုမြို့သည် အကျယ်အဝန်းအားဖြင့် (၄၇) စတုရန်းမိုင်နီးပါးသာရှိသော်လည်း ၂၀၁၇ စာရင်းအရ လူဦးရေစုစုပေါင်း ရှစ်သိန်းရှစ်သောင်းကျော်နေထိုင်ကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နယူးယော့ခ်မြို့ပြီးလျှင် ဒုတိယမြောက် လူနေသိပ်သည်းမှုအများဆုံးမြို့ကြီးလည်းဖြစ်၏။


ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ဒေသ (San Francisco Bay Area)တဝိုက်တွင်ရှိသော အုက္ကလံ (Oakland)၊ ဆီလီကွန်တောင်ကြားတည်ရှိရာ ဆန်ဟိုဆေး (San Jose) တို့အပါအဝင် လူဦးရေစုစုပေါင်း ဆယ်သန်းနီးပါးနေထိုင်ကြ၏။ ထိုဧရိယာ၏ ဂျီဒီပီစုစုပေါင်းသည် ဒေါ်လာဘီလီယံကိုးရာကျော်ရှိသည်။ ဆန်ဖရန်စစ္စကိုတစ်မြို့ထဲ၏ ဂျီဒီပီက ဒေါ်လာဘီလီယံ တစ်ရာ့ငါးဆယ်ရှိ၏။ ထို့ကြောင့် ၂၀၁၇စာရင်းအရ ဆန်ဖရန်စစ္စကိုသည် အမေရိကန်ပြည်ထောင်စု၏ ဝင်ငွေမြင့်သောမြို့များစာရင်းတွင် အမှတ်စဉ်(၇)ရှိသည်။ ကမ္ဘာ့အချမ်းသာဆုံးမြို့များစာရင်းတွင် အမှတ်စဉ်(၁၄)ရှိသည်။


၁၉၄၀ခန့်က မြို့နေလူထု၏ ၉၂% ရှိခဲ့သော လူဖြူများသည် ၂၀၁၇တွင် ၄၂%သာ ကျန်ရှိတော့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြောင်းရွှေ့လာသူများက သူတို့နေရာတွင် ဝင်ရောက်နေထိုင်ကြသည်။ ၁၉၉၀မှ ၂၀၀ဝပြည့်နှစ်အထိ ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ဒေသသို့ ကမ္ဘာနိုင်ငံအသီးသီးမှ ဝင်ရောက်လာသူစုစုပေါင်း ရှစ်သိန်းခွဲခန့်အထိ ရှိခဲ့ရာ အယ်လ်အေနှင့် နယူးယော့ခ်ပြီးလျှင် အများဆုံးဖြစ်၏။


အာရှသားသုံးပုံတစ်ပုံနေထိုင်သော ဆန်ဖရန်စ္စကိုမြို့၌ ဒုတိယအများဆုံးအာရှသားများမှာ ဖိလစ်ပိုင်လူမျိုးများဖြစ်သည်။ အာရှသားများ၏ လေးဆယ်ရာနှုန်းသည် တရုတ်ပြည်မှာမွေးဖွားသူများဖြစ်၍ ၁၃%သည် ဖိလစ်ပိုင်ပြည်မှာ မွေးဖွားသူများဖြစ်၏။ မြန်မာပြည်ဖွားများစွာ ဆန်ဖရန်စစ္စကိုမြို့တွင် နေထိုင်ကြသော်လည်း စာရင်းအတိအကျမသိရပါ။ ထောင်ဂဏန်းမျှတော့ ရှိနိုင်ပါသည်။ ဆန်ဖရန်စစ္စကို၏ အိမ်ခြံမြေဈေးကွက်က အမေရိကန်ပြည်ထောင်စုတွင် အမြင့်ဆုံးသောဈေးကွက်မို့ ယခင်နှစ်များစွာက ရောက်ရှိလာကြသည့် မြန်မာပြည်ဖွားများနှင့် ဆွေမျိုးသားချင်းများသာ အများစုဖြစ်သည်။ ဆန်ဖရန်စစ္စကိုနှင့်ကပ်လျက်ရှိသည့် ဒေးလီစီတီ (Daly City) မြို့၊ ဖရီးမောင့် (Fremont)မြို့ စသည်တို့တွင်လည်း မြန်မာမိသားစုများစွာနေထိုင်သည်။ ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ဒေသတစ်ခုလုံးဆိုလျှင် မြန်မာနွယ်ဖွား တစ်သောင်းကျော်မျှရှိမည်ဟု ခန့်မှန်းကြသည်။


ဆန်ဖရန်စစ္စကိုမြို့သည် ၂၀၁၄စာရင်းအရ အမေရိကန်ပြည်ထောင်စုတွင် လူနေမှုအဆင့်အမြင့်ဆုံးမြို့များ၌ ပထမနေရာရခဲ့သည်။ သို့သော် အလွန်ကြီးမြင့်လှသော လူနေမှုစာရိတ်ဒဏ်ကြောင့် ကော်လာပြာလုပ်သားဟုခေါ်ကြသည့် အလုပ်သမားမိသားစုများပါဝင်သည့် အလယ်အလတ်တန်းစားများသည် မြို့ကိုစွန့်ခွာ၍ ပို၍သက်သာရာဒေသသို့ ပြောင်းရွှေ့သွားကြသည်။ သူတို့နေရာတွင် ကော်လာဖြူဟုခေါ်သည့် မန်နေဂျာကြီးများအပါအဝင် ဝင်ငွေကောင်းသည့် အဆင့်မြင့်နည်းပညာ (High Tech)လုပ်သားများက အစားထိုးဝင်ရောက်လာသည်။ ကွန်ဒိုအခန်းများသည် ဒေါ်လာသန်းချီတန်ဖိုးများဖြစ်ကုန်ပြီး အခန်း(၂)ခန်းပါ သာမန်အိမ်ခန်းတစ်ခု၏ ငှားရမ်းခသည် တစ်လလျှင် ဒေါ်လာလေးထောင်ကျော်အထိ ပေးရသည်။

၂၀၁၄ခုနှစ် Pew Research Center စာရင်းအရ ဆန်ဖရန်စစ္စကိုမြို့သားများ၏ တစ်ဝက်နီးပါးဖြစ်သည့် ၄၈%က ခရစ်ယာန်၊ ၃၅% ဘာသာမရှိ၊ ၅% ဟန္နူ၊ ၃% ဂျူး၊ ၂% ဗုဒ္ဓ၊ ၁% အစ္စလ္လမ် ဘာသာတို့ဖြစ်၏။ ၅၅% သာ အိမ်မှာ အင်္ဂလိပ်ဘာသာတစ်မျိုးတည်း ပြောကြ၍ ကျန်သူတို့တွင် ၁၉%က တရုတ်စကားမျိုးစုံ၊ ၁၂% က စပိန်စကား၊ ၃% က တဂလို့( Tagalog)ခေါ်ဖိလစ်ပိုင်စကား၊ ၂% က ရုရှစကားများကို အိမ်သုံးစကားပြောကြသည်တဲ့။ ရုရှလူမျိုးဦးရေလည်း ဆန်ဖရန်စစ္စကိုတွင်မနည်းလှ။ မြန်မာများကတော့ အားလုံးလိုလိုပင် အိမ်သုံးစကားကို မြန်မာစကားသာ သုံးကြမည်ထင်ပါသည်။ မြန်မာပြည်ဖွား အမေရိကန်များတွင် တရုတ်နွယ်ဖွားများက အများစုဖြစ်ပါသည်။


အိမ်ထောင်စုစုစုပေါင်း၏ ၄၄%က ရိုးရိုးဘွဲ့တစ်ခု သို့မဟုတ် မြင့်မားသောဘွဲ့များ ရှိကြသူတွေဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဆီယားတယ်လ် (Seattle) မြို့ပြီးလျှင် ပညာတတ်အများဆုံးဖြစ်၏။ ပညာတတ်များသဖြင့် ကလေးမွေးဖွားမှုနှုန်းသည်လည်း အမေရိကန်ပြည်ထောင်စုတွင် အနည်းဆုံးဖြစ်ရသည်။ ၂၀၁၈တွင် ကလေးမွေးနှုန်းထက် ခွေးမွေးနှုန်းက ပိုများသည်ဟုဆို၏။ ပညာတတ်များက အိမ်ထောင်ပြုနောက်ကျသည့်အပြင် ကလေးမယူသူ၊ ယူလျှင်လည်း ကလေးငယ်တစ်ယောက်ထက်ပို၍မယူကြသူများ၏။ တစ်ယောက်တည်းသမားဘဝနှင့် နေသူတွေလည်းမနည်းလှ။

ဆန်ဖရန်စစ္စကိုလူဦးရေစုစုပေါင်း၏ ၁၅%မှာ LGBT ခေါ် လိင်တူချစ်သူများဖြစ်ကြသဖြင့် အမေရိကန်ပြည်ထောင်စုမြို့ကြီးများတွင် လိင်တူချစ်သူနေထိုင်မှုနှုန်း အမြင့်ဆုံးဖြစ်၏။


အထက်ပါ ကိန်းဂဏန်းများအရ ဆန်ဖရန်စစ္စကိုသည် အစစ ပြည့်စုံသည့်မြို့ကြီးအဖြစ် ထင်စရာရှိပါ၏။ သို့သော် ပြသနာပေါင်းများစွာကိုလည်း ဖြေရှင်းနေရဆဲဖြစ်သည်။ အဓိကမှာ အိမ်ရာမဲ့လူများပြသနာ (Homelessness Problem) ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ မြို့နယ်အသီးသီးမှ ရောက်ရှိလာသည့် အိမ်ရာမဲ့များစွာသည် မြို့လယ်လမ်းဘေးပလက်ဖောင်းများပေါ်၊ အဝေးပြေးလမ်းမကြီးများ၏ အောက်လစသည်တို့တွင် ဖြစ်သလိုနေထိုင်ကြသည်။ ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်ပေါင်းစုံ၊ အနံ့အသက်ပေါင်းစုံနှင့် သည်လိုနေထိုင်နေသူဦးရေ ရှစ်ထောင်ခန့်ထက်မနည်းရှိသည်။ အိမ်ရာမဲ့စုစုပေါင်းမှာ ခန့်မှန်းစာရင်းအရ တစ်သောင်းလေးထောင်ခန့်ရှိပြီး ကျန်သူများက မြို့မှစီစဉ်ပေးသော ယာယီအခန်းများတွင် နေကြသည်။ ထိုသူများ၏ သုံးပုံနှစ်ပုံသည် စိတ်ဝေဒနာရှင်များ၊ အေအိုင်ဒီအက်ဝေဒနာသည်များ၊ မူးယစ်ဆေးစွဲနေသူများ ဖြစ်ကြသည်။ မြို့တော်အစိုးရမှ ထောက်ပံ့ငွေများ၊ ထောက်ပံ့မှုများရှိသော်လည်း မူးယစ်ဆေးသံသရာမှရုန်းမထွက်နိုင်ကြ၍ ပြသနာကို မရှင်းနိုင်သေး။ ၂၀၁၇-၁၈ မြို့တော်သုံးငွေစုစုပေါင်း၏ ဒေါ်လာသန်းပေါင်းသုံးရာကျော်ခန့်ကို အိမ်ရာမဲ့ပြသနာအတွက် သုံးစွဲခဲ့ရသည်။

(၇)

ဆန်ဖရန်စစ္စကိုမြို့လည်ရှိ Civic Center တွင် ခန့်ညားလှသော မြို့တော်ခန်းမကြီးရှိပြီး မြို့တော်အစိုးရရုံးစိုက်သည်။ အစိုးရကို မြို့နေလူထုကရွေးချယ်ပေးသော မြို့တော်ဝန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခြားရွေးချယ်ခံပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။

မြို့တော်ဝန်သည် လေးနှစ်သက်တန်းကို နှစ်ကြိမ်အထိသာ တာဝန်ထမ်းဆောင်နိုင်သည်။ အစိုးရအဖွဲ့ကို ဦးဆောင်ရသူဖြစ်၍ ဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာမြို့တော်အေဂျင်စီခေါင်းဆောင်များဖြင့် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်ရသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ (Board of Supervisors) နှင့် ပေါ်လစီများဆွေးနွေးလုပ်ဆောင်ရသည်။ လစ်လပ်နေရာများအတွက် နာမည်စာရင်း တင်သွင်းရသည်။ မြို့တော်ဘဏ္ဍာရေးရသုံးငွေစာရင်းကို အတည်ပြုလက်မှတ်ထိုးရသည်။ အုပ်ချုပ်ရေးမှူးများတင်ပြလာသည့် ဥပဒေသစ်များကို မဆီလျှော်ပါက ဗီတိုဖြင့်ပယ်ချနိုင်ခွင့်ရှိသည်။ လက်ရှိမြို့တော်ဝန်ဖြစ်သူ နှုတ်ထွက်လျှင်၊ သို့မဟုတ် သေဆုံးလျှင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်က ခေတ္တတာဝန်ယူရသည်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များထဲမှ သင့်တော်သူကို ခေတ္တမြို့တော်ဝန်အဖြစ် မဲပေးခန့်ထားနိုင်သည်။



မြို့တော်အုပ်ချုပ်ရေးအတွက် ရပ်ကွက်ခေါင်းဆောင် အုပ်ချုပ်ရေးမှူး (၁၁)ဦးကို ရပ်ကွက်အလိုက် ရွေးချယ်တင်မြောက်ရပြီး ထိုသူများကို Board is Supervisors များဟုခေါ်သည်။ မြို့၏ ကောင်စီဝင်များလည်းဖြစ်သည်။ သူတို့တာဝန်မှာ ဥပဒေပြုရေးနှင့် ရသုံးငွေစာရင်းပြုစုနိုင်ရေးဖြစ်သည်။ ထိုအဖွဲ့တွင် ဥက္ကဌတစ်ဦးရွေးချယ်ကာ ခေါင်းဆောင်ရသည်။ ရပ်ကွက်များကို District ဟုသတ်မှတ်ထားပြီး တစ်မှ ဆယ့်တစ်အထိရှိသည်။ သူတို့၏ သက်တန်းမှာလည်း လေးနှစ်ဖြစ်၏။ သက်တန်းကန့်သတ်ချက်မရှိ။

မြို့တော်ဝန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပြင် ရွေးကောက်တင်မြှောက်ရသော မြို့တော်အစိုးရအဖွဲ့ဝင်များရှိသေး၏။ မြို့တော် မှတ်တမ်းထိမ်းသိမ်းသူ (City Assessor-Recorder)၊ မြို့တော်အစိုးရရှေ့နေ(City Attorney)၊ ရပ်ကွက်ဒေသရှေ့နေ (District Attorney)၊ ပြည်သူ့ကာကွယ်ရေးရှေ့နေ (Public Defender)၊ ကောင်တီရဲချုပ် (Sheriff)၊ မြို့တော် ဘဏ္ဍာရေးမှူးနှင့် အခွန်ဝန် ( City Treasurer and Tax Collector) တို့ကိုပါ မြို့နေလူထုက ရွေးချယ်ပေးရသည်။ မြို့တော်အုပ်ချုပ်ရေးဥပဒေ ( City Charter) အရ ဆောင်ရွက်ကြရသည်။


ချာတာ (Charter)ဥပဒေနှင့်အုပ်ချုပ်သော ကောင်တီ (County) များမှာ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၃)ကောင်တီသာရှိသည်။ ကောင်တီဆိုသည်မှာ မြန်မာပြည်မှ မြို့နယ်အဆင့်ကို ဆိုလိုသည်။ ဆန်ဖရန်စစ္စကိုကောင်တီတွင် ဆန်ဖရန်တစ်မြို့ထဲသာရှိသဖြင့် Government of the City and County of San Francisco ဟု မြို့အစိုးရကို ခေါ်ဝေါ်သည်။ အခြားသော အစိုးရဌာနများနှင့် အေဂျင်စီများစွာရှိသည်။ အများစုသောခေါင်းဆောင်များကို မြို့တော်ဝန်က တိုက်ရိုက်ခန့်ထားသည်။

ဆန်ဖရန်စစ္စကိုမြို့အတွက် ၂၀၁၉-၂၀၂၀ ရသုံးငွေစာရင်းကို ဒေါ်လာ(၁၁)ဘီလီယံ သတ်မှတ်ထားသည်။ အမရေိကန်ပြည်ထောင်စုရှိ မြို့ကြီးများအနက် အသုံးစားရိတ်အများဆုံးမြို့လည်းဖြစ်သည်။ ဤ ရသုံးငွေစာရင်းသည် မြန်မာပြည်တစ်ခုလုံး၏ နှစ်စဉ်ဘဏ္ဍာရေးရသုံးငွေစာရင်းနီးပါးရှိ၏။ အစိုးရ၏ ဝင်ငွေများအနက် အိမ်ခြံမြေခွန်သည် ငါးပုံတစ်ပုံရှိသည်။ တစ်နှစ်လျှင် ဒေါ်လာ(၂)ဘီလီယံကျော် ဖြစ်၏။
ရောင်းဝယ်ခွန် အဖြစ် ဆယ်ရာခိုင်နှုန်းနီးပါး(၉.၇၅%) ကောက်ခံသည်။ ဝင်ငွေ (၃၀%) အထိသည် ရောင်းဝယ်ခွန်မှ ရရှိသည်။ ကျန်သောငါးဆယ်ရာခိုင်နှုန်းသာ အခြားဝင်ငွေများဖြစ်၏။

မြို့တော်အစိုးရသည် မြို့၏ အကြီးမားဆုံးအလုပ်ရှင်လည်းဖြစ်၏။ မြို့တော်၏ အမြဲတန်းနှင့် ယာယီအစိုးရဝန်ထမ်းစုစုပေါင်း နှစ်သောင်းခုနှစ်ထောင်အထိ ရှိသည်။ ပြည်သူ့ဝန်ထမ်းဌာန (Department of Public Work) သည် မြန်မာပြည်တွင် စည်ပင်သာယာနှင့်ညီမျှသည်။ မြူနီစပယ် ပို့ဆောင်ရေး အေဂျင်စီ (Municipal Transportation Agency) မြို့တွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သည်။ ပြည်သူ့အခြေခံလိုအပ်ချက်များ ကော်မရှင် (Public Utility Commission) သည် ရေ၊မီး၊ ဓါတ်ငွေ့ စသည့်လိုအပ်ချက်များကို ကိုင်တွယ်ရသည်။ ရဲဌာန၊ မီးသတ်ဌာန၊ အကျဉ်းဦးစီးဌာနစသည်ဖြင့် အခြားသောဌာနပေါင်း ရာချီရှိသည်။

ဆန်ဖရန်စစ္စကို၏ ရာဇဝတ်မှုသည် အခြားမြို့ကြီးများနှင့်ယှဉ်လျှင် နည်းပါးသည်။ ရဲဌာနတွင် ရဲအရာရှိပေါင်း နှစ်ထောင့်တစ်ရာကျော်ရှိ၍ ရဲစခန်းဆယ်ခုဖွင့်လှစ်ထားသည်။ ဆန်ဖရန် ရဲဌာနသမိုင်းတွင် ပထမဆုံး အာရှနွယ်ဖွားအမျိုးသမီးရဲချုပ်သည်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ထိုနည်းတူစွာပင် ဆန်ဖရနစစ္စကိုမြို့၏ မီးသတ်ဦးစီးချုပ်သည်လည်း အမျိုးသမီးဖြစ်သည်။ မြို့တော်ဝန်သည်လည်း အမျိုးသမီးဖြစ်သည်။ မြို့အုပ်ချုပ်ရေးမှူးများတွင်လည်း အမျိုးသမီးများစွာပါဝင်သည်။ ဆန်ဖရန်စစ္စကိုမြို့သည် အမျိုးသမီးများ၏ဂဏ္ဍကို များစွာအားပေးသည့်မြို့တစ်မြို့ဖြစ်၏။ ထို့ကြောင့်လည်း မြို့၏ခေါင်းဆောင်ပိုင်းတွင် အမျိုးသမီးထုအားကောင်းနေခြင်းဖြစ်သည်။ ကျားမခွဲခြားမှုအနည်းဆုံးမြို့ဟု ဆိုသည်။


မြို့၏အထွေထွေကုန်ကျစားရိတ်ကြီးမြင့်သလို လုပ်ခလစာလည်း မြင့်သည်။ အမေရိကန်ပြည်ထောင်စု၏ အနိမ့်ဆုံးလစာသည် (၇.၂၅) ဒေါ်လာသာ သတ်မှတ်ထားသော်လည်း ဆန်ဖရန်စစ္စကိုမြို့အစိုးရက တစ်နာရီလျှင် (၁၅)ဒေါ်လာ သတ်မှတ်ထားသည်။

မြို့တည်နေရာအရ အနောက်ဖက်တွင် ပစိဖိတ်သမုဒ္ဒရာ၊ မြောက်ဖက်နှင့် အရှေ့ဖက်တွင် ပင်လယ်ကွေ့တို့ဝိုင်းရံထားပြီး တောင်ဖက်သည်သာ ကုန်းပိုင်းဖြစ်သည်။ တောင်တန်းများစွာတည်ရှိသဖြင့်တည်နေရာအလွန်ထူးခြားလှပသည်။ ရေနှင့်ကုန်းမြေတို့သဘာဝ၏ ဆက်စပ်အလှတရားများ၊ လူလုပ်ကျွန်း၊ ပန်းခြံကြီးများ၊ ရှေးဟောင်းအဆောက်အဦများစသည်ဖြင့် ကြည့်ရှုလည်ပတ်စရာ များစွာရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။



မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၇) – “ရှေးဟောင်းစုပေါင်းဆက်ဆံ” နှင့် “ထာဝရ တစ်လင်တစ်မယားစနစ်"

$
0
0

မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၇) – “ရှေးဟောင်းစုပေါင်းဆက်ဆံ” နှင့် “ထာဝရ တစ်လင်တစ်မယားစနစ်"


 Sapiens– A Brief History of Humankind by Yuval Noah Harari


(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉ 

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

ဆေပီယန်စ် - ၁၇

အခုလို အငြင်းပွားစရာကိစ္စကိုဖြေရှင်းဖို့၊ ကျွန်တော်တို့ရဲ့ လိင်သဘာဝ၊ လူ့အဖွဲ့အစည်း နှင့် နိုင်ငံရေး စတာတွေကို နားလည်ဖို့အတွက် ကျွန်တော်တို့ရဲ့ရှေးဘိုးဘေးတွေရှင်သန်ရာ ဘဝအခြေအနေတွေအကြောင်းကို လေ့လာဖို့လိုအပ်လာပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀,၀၀၀) က ဖြစ်ခဲ့တဲ့ စဉ်စားသိမြင်ခြင်းပြောင်းလဲမှုကြီး နှင့် စိုက်ပျိုးရေးပြောင်းလဲမှုကြီး စတင်ခဲ့တဲ့ နှစ်ပေါင်း ၁၂,၀၀၀ တို့ရဲ့ကြားကာလမှာ ဆေပီယန်စ်တို့ ဘယ်လိုနေထိုင်ခဲ့ကြတယ်ဆိုတာကို ကျွန်တော်တို့ ဆန်းစစ်ရမှာပါ။

ကံမကောင်းစွာပဲ ကျွန်တော်တို့ရဲ့ ဘိုးဘေးရှာဖွေစားသောက်သူတွေရဲ့ ဘဝနှင့်ပတ်သက်တာပြီး သေချာပြောနိုင်တာဆိုလို့ အနည်းငယ်သာရှိပါတယ်။ “ရှေးဟောင်းစုပေါင်းဆက်ဆံ” သီအိုရီ နှင့် “ထာဝရ တစ်လင်တစ်မယားစနစ်” သီအိုရီ နှစ်ခုလုံးရဲ့အငြင်းပွားမှုဟာလည်း မခိုင်လုံတဲ့ ခနော်ခနဲ့အထောက်အထားတွေပေါ်မှာပဲ အခြေခံကြတယ်။

အမဲလိုက်ရှာဖွေစားသောက်သူခေတ်က အရေးအသားအထောက်အထားတွေ ကျွန်တော်တို့မှာ မရှိတာ အမှန်ပဲ။ ရှိပါတယ်ဆိုတဲ့ ရှေးဟောင်းသုတေသနအထောက်အထား အများစုကလည်း ရုပ်ကြွင်းဖြစ် အရိုးတွေ နှင့် ကျောက်လက်နက်ကိရိယာတွေသာ ဖြစ်တယ်။ ရှေးဟောင်း လူ့အသုံးအဆောင်ပစ္စည်းတွေကိုလည်း အထူးသီးသန့်အခြေအနေမျိုးမှာပဲ ကြာရှည်ခံတဲ့ သားရေ၊ ဝါး၊ သစ်သားစတဲ့ ပျက်စီးလွယ်တဲ့ အရာတွေနဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်။ လူသားတွေဟာလည်း စိုက်ပျိုးရေးခေတ်မတိုင်မှီက ကျောက်ခေတ်မှာပဲနေထိုင်ခဲ့ကြတယ်လို့ အများက အထင်မှားယူဆတာကလည်း ရှေးဟောင်းသုတေသနဆိုင်ရာ ဘက်လိုက်မှုကြောင့် ဖြစ်ပါတယ်။ အမှန်တကယ်မှာ ကျောက်ခေတ်ကို သစ်သားခေတ်လို့ ခေါ်သင့်တာပါ။ ဘာကြောင့်လည်းဆိုတော့ ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့လက်နက်ကိရိယာအများစုကို သစ်သားနဲ့ ပြုလုပ်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကျန်ရှိနေသေးတဲ့ ရှေးဟောင်းလူ့အသုံးအဆောင်ပစ္စည်းတွေကိုသုံးပြီး ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ ဘဝကို ပုံဖော်ပြန်လည်တည်ဆောက်တယ်ဆိုတာ အလွန်တရာမှ ခဲရာခဲဆစ်နိုင်တဲ့ အလုပ်ပါ။ ရှေးခေတ်ရှာဖွေ စားသောက်သူတွေ နှင့် သူတို့ရဲ့ သားစဉ်မြေးဆက်တွေဖြစ်တဲ့ စိုက်ပျိုးစားသောက်သူ၊ စက်မှုထုတ်လုပ်သူ တွေအကြား အကြီးမားဆုံး ကွာဟမှုတစ်ခုရှိပါတယ်။ အဲဒါကတော့ ရှေးခေတ်ရှာဖွေစားသောက်သူတွေမှာ လူ့အသုံးအဆောင်ပစ္စည်းဆိုလို့ အလွန်တရာကို နည်းပါးလွန်းတာပါပဲ။ ပြီးတော့ အဲဒီပစ္စည်းတွေဟာလည်း သူတို့ရဲ့ဘဝမှာ သိပ်အရေးမပါတဲ့ ကဏ္ဍမှာပဲ ရှိခဲ့ပါတယ်။

ဒီနေ့ခေတ် အလျှံပယ်ကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းတစ်ခုက သာမန်လူတစ်ယောက်ဟာ သူ့ဘဝသက်တမ်းတလျှောက်မှာ ကား၊ အိမ်၊ တစ်ခါသုံးကလေးအနှီး ကအစ နွားနို့ဗူးတွေအထိ သန်းနဲ့ချီတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ ပိုင်ဆိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ၊ ယုံကြည်မှု နှင့် ခံစားချက် စတဲ့အရာတွေဟာ ကျွန်တော်တို့ဖန်တီးထားတဲ့ အရာဝတ္ထုတွေရဲ့ လွှမ်းမိုးသက်ရောက်ခြင်း မခံရဘူးဆိုတာ မရှိသလောက်ပဲ။ အခုလို ဇွန်းတွေ၊ ဖန်ခွက်တွေ၊ မျိုးရိုးဗီဇပြောင်းလဲထားတဲ့သိုးတွေ၊ ဧရာမ ပင်လယ်ကူးသင်္ဘောကြီးတွေ စတဲ့ စိတ်ကူးနဲ့လိုက်မမှီအောင် များပြားလှတဲ့ အရာဝတ္ထုပစ္စည်းအမျိုးမျိုးက ကျွန်တော်တို့ရဲ့ အစားသောက်အလေ့အထအပေါ် လွှမ်းမိုးသက်ရောက်မှုတွေ ရှိပါတယ်။

ကစားပျော်ပါးဖို့အတွက်လည်း လိုအပ်တာထက်ပိုတဲ့ ကစားစရာအရုပ်တွေသုံးကြတာ ပလပ်စတစ်ကဒ်တွေကအစ လူတစ်သိန်းဆန့် ကစားကွင်းကြီးတွေအထိပဲ။ လက်စွပ်တွေ၊ အိပ်ယာတွေ၊ အဝတ်စားကောင်းတွေ၊ ဆက်ဆီ အတွင်းခံတွေ၊ ကွန်ဒုံးတွေ၊ ဖက်ရှင်ကျတဲ့ စားသောက်ဆိုင်များ၊ ဈေးပေါတဲ့ မိုတယ်တွေ၊ လေဆိပ်စင်္ကြန်တွေ၊ မင်္ဂလာခန်းမတွေ နှင့် ဧည့်ခံကျွေးမွေးရေးကုမ္ပဏီ စတာတွေဟာ ကျွန်တော်တို့ရဲ့ ချစ်စိတ်ကူးယဉ်မှု၊ လိင်ဆိုင်ရာ ရမ္မက်တွေနဲ့ ဆက်စပ်လျက်နေပါတယ်။

ရှေးဂျာမန်ဂေါ့သစ်ဘုရားကျောင်းကြီးတွေ၊ မွတ်ဆလင်တို့ရဲ့ ဗလီတွေ၊ ဟိန္ဒူကျောင်းတွေ၊ ရဟူဒီတိုးရကျမ်း သားရေလိပ်တွေ၊ တိဘက်ဂါထာရွတ်ဘီးတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ ဝတ်ရုံလွှာတွေ၊ ဖယောင်းတိုင်တွေ၊ အမွှေးတိုင်တွေ၊ ခရစ်စမတ်သစ်ပင်တွေ၊ ရဟူဒီ နံပြားချပ်တွေ၊ သင်္ချိုင်းဂူကမ္ပည်းကျောက်စာတိုင်တွေ၊ ရုပ်တုအမျိုးမျိုး စတဲ့အရာတွေကိုသုံးပြီး ကိုးကွယ်ရာဘာသာတရားက မြင့်မြတ်မှုဆိုတာတွေကို ကျွန်တော်တို့ရဲ့ဘဝထဲ ယူဆောင်လာပါတယ်။

အိမ်သစ်တစ်အိမ်သို့ပြောင်းရွှေ့ရတဲ့ အခါကျမှပဲ ပစ္စည်းပစ္စယတွေ ကျွန်တော်တို့မှာ ဘယ်လောက်များနေပြီလဲဆိုတာ သိရတာပါ။ ရှာဖွေစားသောက်သူတွေဟာ လတိုင်း၊ အပတ်တိုင်း၊ တခါတရံ နေ့တိုင်းလိုလို ရှိရှိသမျှအရာသမျှအရာကို ကျောမှာစုပေါင်းလွယ်ပိုးပြီး ရွေ့လျား အိမ်ပြောင်းခဲ့ကြတာပါ။ အဲဒီအချိန်က ရွှေ့ပြောင်းကုမ္ပဏီတွေ၊ ကုန်ကားတွေ ဒါမှမဟုတ် ဝန်ထုပ်တွေကူသယ်တဲ့ ကုန်တင်တိရိစ္ဆာန်တွေတောင် မရှိခဲ့ပါဘူး။ ရလဒ်အနေနဲ့ သူတို့ဟာ အရေးအကြီးဆုံး မရှိမဖြစ်ပစ္စည်းတွေကိုသာ ရွေးချယ်သယ်ယူကြခဲ့ကြပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ဘာသာရေး နှင် ခံစားမှုဆိုင်ရာတော်တော်များများကိုပြုမူဆောင်ရွက်တဲ့အခါ လူ့အသုံးအဆောင်ပစ္စည်းတွေမပါဘဲ လုပ်ဆောင်ခဲ့ကြမယ်လို့ ယူဆတာ သင့်လျော်ပါတယ်။

နောင်နှစ်ပေါင်း တစ်သိန်း(၁၀၀,၀၀၀)မှာ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးအနေနဲ့ ပျက်စီးနေတဲ့ဗလီတစ်ခုကနေ တူးဖော်ရရှိတဲ့ အမျိုးစားစုံလင်လှတဲ့ပစ္စည်းတွေကိုဆက်စပ်ပြီး မွတ်ဆလင်တွေရဲ့ ယုံကြည်မှု၊ ကျင့်ကြံမှုတွေကို အတိုင်းအတာတစ်ခုအထိ မှန်မှန်ကန်ကန် ပုံဖော်နိုင်မှာပါ။ ဒါပေမယ့် ရှေးခေတ်ရှာဖွေစားသောက်သူတွေရဲ့ ယုံကြည်မှု နှင့် ရိုးရာဓလေ့ကျင်းပမှုတွေကို နားလည်ဖို့ကြိုးစားတဲ့အခါမှာတော့ ကျွန်တော်တို့ အကြီးအကျယ် လမ်းပျောက်နေပါတယ်။

 နောင်ကျရင် ၂၁ရာစု ဆယ်ကျော်သက်တွေရဲ့ လူမှုဆက်ဆံရေးဘဝကို ခုလက်ရှိကျန်နေသေးတဲ့ စာတိုက်ကပို့စာတွေနဲ့ ပုံဖော်ဖို့ကြိုးစားတဲ့အခါ အနာဂတ် သမိုင်းပညာရှင်တွေလည်း အခုလိုပဲ အကျပ်ရိုက် လမ်းပျောက်ကြမှာပါ။ ဘာကြောင်လည်းဆိုတော့ ဒီဆယ်ကျော်သက်တွေ အချင်းချင်းဖုန်းပြောတာ၊ အီးမေးလ်၊ ဘလော့ဂ်တွေ၊ မက်ဆေ့ခ်ျတွေ ကျန်ရှိနေမှာ မဟုတ်တော့တဲ့ အတွက်ပဲဖြစ်ပါတယ်။

ဒါကြောင့် ရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကို အခြေပြုအားကိုးပြီး ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ ဘဝကိုဖော်ထုတ်တာဟာ ဘက်လိုက်မှုတွေ ဖြစ်စေပါတယ်။ ဒီပြဿနာကို နောက်နည်းလမ်းတစ်ခုနဲ့ ဖြေရှင်းတာကတော့ ဒီနေ့ခေတ် ရှာဖွေစားသောက်သူလူ့အဖွဲ့အစည်းတွေကို လေ့လာတာပါ။

ဒီလူ့အဖွဲ့စည်းတွေကို မနုဿဗေဒဆိုင်ရာ စောင့်ကြည့်လေ့လာမှုတွေနဲ့ တိုက်ရိုက်လေ့လာနိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ရှာဖွေစားသောက်သူ လူ့အဖွဲ့အစည်းတွေကို လေ့လာဆန်းစစ်ပြီး ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ ဘဝကို ခန့်မှန်းတဲ့နေရာမှာ အလွန်သတိထားသင့်တယ်ဆိုတဲ့ အကြောင်းပြချက်ကောင်း တွေရှိပါတယ်။

ပထမ အနေနဲ့ ဒီနေ့ခေတ်အထိ ရှင်သန်ရစ်တဲ့ ရှာဖွေစားသောက်သူလူ့အဖွဲ့အစည်းအားလုံးဟာ သူတိုရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ စိုက်ပျိုးရေး နှင့် စက်မှုထုတ်လုပ်သူ လူ့အဖွဲ့အစည်းတွေ လွှမ်းမိုးတာကို ခံရပါတယ်။ ရလဒ်အနေနဲ့ သူတို့အတွက်မှန်တဲ့အရာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သောင်းနဲ့ချီခဲ့တဲ့ အချိန်ကလည်း မှန်နေမှာပဲလို့ ယူဆခြင်းဟာ အန္တရာယ်များပါတယ်။


ဒုတိယ အနေနဲ့ ဒီနေ့ခေတ် ရှာဖွေစားသောက်သူလူ့အဖွဲ့အစည်းတွေဟာ ခက်ခဲကြမ်းတမ်း ရာသီဥတုအခြေအနေတွေ၊ မြေဆီလွှာဆိုးဝါးပြီး စိုက်ပျိုးရန်မသင့်တော်တဲ့ နေရာတွေမှာသာ ရှင်ကျန်ရစ်ပါတယ်။ တောင်အာဖရိကမှာရှိတဲ့ ကလဟာရီ သဲကန္တာရ လို ပြင်းထန်စွားဆိုးဝါးတဲ့နေရာမှာ လိုက်လျောညီထွေအောင် နေထိုင်ခဲ့တဲ့လူ့အဖွဲ့အစည်းတွေဟာ မြေသြဇာကောင်းတဲ့ ယန်ဇီမြစ်ဝှမ်းမှာနေထိုင်ခဲ့တဲ့ ရှေးခေတ်လူ့အဖွဲ့အစည်းကို နားလည်ဖို့ အလွန်လွဲမှားတဲ့ ဥပမာကို ပေးမှာပါ။

အထူးသဖြင့် ကလဟာရီ သဲကန္တာရက လူဦးရေထူထပ်မှုဟာ ရှေးခေတ်ယန်ဇီမြစ်မှာ ရှိတဲ့လူဦးရေပမာဏထက် အများကြီးပိုလျော့နည်းပါတယ်။ ဒီအရာက သူတို့ လူ့အသိုင်းအဝိုင်းနှစ်ခုအကြား လူဦးရေပမာဏနှင့် လူ့အသိုင်းအဝိုင်းဖွဲ့စည်းပုံ စတဲ့အရာတွေနဲ့ ပတ်သက်လို့ အရေးကြီးတဲ့မေးခွန်းတွေကို ဖြေဆိုတဲ့နေရာမှာ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိပါတယ်။

တတိယ အနေနဲ့ ရှာဖွေစားသောက်သူလူ့အဖွဲ့အစည်းအမျိုးမျိုးအကြား အသိသာဆုံး အမှတ်လက္ခဏာကတော့ သူတို့တစ်ခုနှင့်တစ်ခုအကြားမှာရှိတဲ့ ကွဲပြားခြားနားမှုပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ခြမ်းစီမှာရှိတဲ့ လူ့အဖွဲ့အစည်းအချင်းချင်း ကွဲပြားကြတာမျိုးမဟုတ်ဘဲ နယ်မြေတစ်ခုထဲမှာလည်း အချင်းချင်းကွဲပြားကြတယ်။ ဥပမာကောင်းတစ်ခုကတော့ ဥရောပကနေ သြစတေးလျတိုက်ကို ကနေဦးအခြေချသူတွေဟာ သြစတေးလျတိုက်က အဘိုရိုဂျီနယ်လူတွေကြားမှာ များပြားလှတဲ့ကွဲပြားခြားနားမှုအမျိုးမျိုးကို တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဗြိတိသျှက မသိမ်းပိုက်ခင်အထိ သြစတေးလျတိုက်မှာ ရှာဖွေစားသောက်သူတွေ အယောက်သုံးသိန်း ကနေ ခုနစ်သိန်းအထိ မျိုးနွယ်စု အရေအတွက် ၂၀၀ ကနေ ၆၀၀ အကြားနေထိုင်ခဲ့ကြပါတယ်။ မျိုးနွယ်စုတစ်ခုတည်းကိုပဲ နောက်ထပ် အုပ်စုတွေအများအပြား ထပ်ခွဲခြားနိုင်ပါသေးတယ်။ မျိုးနွယ်စုတစ်ခုချင်းဟာလည်း ကိုယ်ပိုင်ဘာသာစကား၊ ကိုးကွယ်မှုဘာသာတရား၊ လူမှုရေးသတ်မှတ်ချက်တွေ၊ ဓလေ့ထုံးတမ်းတွေ ရှိပါတယ်။ ဒီနေ့အချိန်မှာ အဲတလိတ် လို့ခေါ်တဲ့ သြစတေးလျတောင်ပိုင်းဒေသမှာ နေထိုင်တဲ့ ယောက်ျားကြီးစိုးတဲ့ မျိုးနွယ်စုအများအပြားဟာ အဖေဘက်ကဆင်းသက်လာတဲ့ အမျိုးကိုသာ အသိအမှတ်ပြုကြတယ်။ အဲဒီမျိုးနွယ်စုတွေဟာ စုပေါင်းမျိုးနွယ်စုတစ်ခုအဖြစ် ပေါင်းစည်းကြပြီး တင်းကျပ်တဲ့ ကန့်သတ်နယ်နမိတ်အတွင်းမှာ နေထိုင်ကြတယ်။ တခြားတစ်ဘက်မှာတော့ သြစတေးလျမြောက်ပိုင်းက မျိုးနွယ်စုအချို့ဟာ လူတစ်ယောက်ရဲ့ အမေဘက်ကမျိုးဆက်ကိုသာ ပိုမိုအရေးပေးကြပါတယ်။သည်။ ဒါ့အပြင် လူတစ်ယောက်ရဲ့မျိုးနွယ်စုအမှတ်လက္ခဏာဟာ သူနေထိုင်တဲ့နယ်နမိတ်အစား သူကိုးကွယ်တဲ့ မျိုးနွယ်စုနတ်ရုပ် အပေါ်မှာသာ အခြေခံပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ရှေးခေတ် ရှာဖွေစားသောက်သူတို့ရဲ့ အမျိုးမျိုးသော မျိုးနွယ်စုနှင့်ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားမှုပေါင်းစုံဟာ တကယ်အထင်ကြီးအံ့သြစရာကောင်းတာကို တွေ့ရပါတယ်။ စိုက်ပျိုးရေးပြောင်းလဲမှုကြီးခေတ်မတိုင်မီက ကမ္ဘာပေါ်က လူဦးရေ ၅သန်းကနေ ၈သန်းကြားမှာရှိတဲ့ ရှာဖွေစားသောက်သူတွေဟာလည်း ထောင်ပေါင်းများစွာသော မတူကွဲပြားတဲ့ မျိုးနွယ်စုတွေအဖြစ် ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေ ထောင်ပေါင်းများစွာနဲ့ ကွဲပြားရှင်သန်ခဲ့ကြတယ်။

နောက်ဆုံးတော့လည်း ဒီအခြင်းအရာတွေကပဲ စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီးရဲ့ အဓိကအမွေအနှစ် ဖြစ်ပါတယ်။ စိတ်ကူးယဉ်ဖန်တီးနိုင်ခြင်း ဆိုတဲ့အရာ ပေါ်လာတာကြောင့် မျိုးရိုးဗီဇတူညီပြီး တူညီတဲ့ဂေဟပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ လူတွေတောင်မှ အလွန်တရာကွဲပြားခြားနားတဲ့ စိတ်ကူးအရှိတရားတွေ ဖန်တီးနိုင်ခဲ့ကြတယ်။ အဲဒီစိတ်ကူးအရှိတရားတွေမှာ သူတို့တွေရဲ့ မတူကွဲပြားတဲ့ လူမှုရေးသတ်မှတ်ချက်တွေ၊ လူမှုတန်ဖိုးတွေ တွေ့ရပါတယ်။

ဥပမာအနေနဲ့ အခုချိန် အောက်စဖို့ဒ်တက္ကသိုလ် ရှိတဲ့နေရာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသောင်းက နေထိုင်တဲ့ ရှာဖွေစားသောက်သူအုပ်စု နှင့် အခုချိန် ကင်းဘရစ်ခ်ျတက္ကသိုလ် ရှိတဲ့နေရာမှာ နေထိုင်တဲ့ လူအုပ်စုတို့ဟာ ကွဲပြားတဲ့ဘာသာစကားကို ပြောဆိုခဲ့ကြမှာ အသေအချာပါပဲ။ အုပ်စုတစ်ခုက အေးဆေးငြိမ်းချမ်းပြီး တခြားအုပ်စုက ရန်လိုခက်ထန်ခဲ့မှာပဲ။ ကင်းဘရစ်ခ်ျမှာ နေတဲ့လူတွေက အသိုင်းအဝိုင်းအလိုက်နေထိုင်ပြီး အောက်စဖို့ဒ်က လူတွေကတော့ သီးသန့်မိသားစုငယ်အဖြစ် နေကောင်းနေခဲ့ကြမှာပဲ။ ကင်းဘရစ်ခ်ျက လူတွေက သူတို့ကိုစောင့်ရှောက်တဲ့ နတ်ဝိဉာဉ်တွေကိုသစ်သားရုပ်ထုအဖြစ် နာရီပေါင်းများစွာထုလုပ်ကြပြီး အောက်စဖို့ဒ်က လူတွေကတော့ ကခုန်ခြင်းနဲ့ ကိုးကွယ်ပူဇော်ခဲ့ကြမှာပါ။ ကင်းဘရစ်ခ်ျမှာ နေတဲ့လူတွေက လူဝင်စားခြင်းကိုယုံကြည်ကြပြီး တခြားအုပ်စုကတော့ အဲဒါကို အဓိပ္ပါယ်မရှိတဲ့အရာအဖြစ် ထင်မြင်ခဲ့မှာပါ။ အသိုင်းအဝိုင်းတစ်ခုမှာ လိင်တူချစ်ကြိုက်ခြင်းကို လက်ခံကြပေမယ့် အခြားတစ်ခုမှာတော့ လုံးဝတင်းကျပ်စွာ တားမြစ်ထားတဲ့အရာ ဖြစ်ကောင်းဖြစ်ခဲ့မှာပါ။


တခြားနည်းနဲ့ပြောရရင် ဒီနေ့ခေတ်ရှာဖွေစားသောက်သူတွေကို မနုဿဗေဒနည်းလမ်းနဲ့ လေ့လာစောင့်ကြည့်မှုတွေဟာ ရှေးခေတ်ရှာဖွေစားသောက်သူတွေရဲ့ ဖြစ်နိုင်ချေတချို့ကို နားလည်နိုင်စေပေမယ့်လည်း ရှေးခေတ်ကဖြစ်နိုင်ချေရှိတဲ့အရာတွေကလည်း မိုးကုပ်စက်ဝိုင်းပမာ အလွန်ကျယ်ပြန့်လှပါတယ်။ ပြီးတော့ အဲဒီိအရာတော်တော်များများဟာလည်း ကျွန်တော်တို့မမြင်နိုင်အောင် ဖုံးကွယ်လျက်ရှိပါတယ်။

ဟိုမို ဆေပီယန်စ်တို့ရဲ့ “သဘာဝတရားနဲ့လိုက်လျောစွာနေထိုင်မှု” ဆိုတဲ့အရာကို လူအများ အလွန်အငြင်းပွားကြတာကပဲ တကယ်အဓိကကျတဲ့ အကြောင်းအရာတွေကနေ လူတွေကို လမ်းလွဲစေတာပါ။ စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီး စတင်ဖြစ်ပျက်ချိန်ကစပြီး ဆေပီယန်စ်အားလုံးရဲ့ တသမတ်တည်းသော “သဘာဝတရားနဲ့လိုက်လျောစွာနေထိုင်မှု” ဆိုပြီး မရှိခဲ့ပါဘူး။ အမျိုးမျိုးသော လူ့ယဉ်ကျေးမှုပုံစံတွေကို မယုံနိုင်လောက်အောင်များပြားလှတဲ့ ဆေးစပ်ပန်းချီပြားပေါ်မှာရှိတဲ့ ဖြစ်နိုင်ချေအမျိုးမျိုးထဲက ရွေးသလိုမျိုး ရွေးချယ်ခဲ့ရတာပါ။

မိုးကုပ်စက်ဝိုင်းလို ကြီးမားကျယ်ပြန့်တဲ့ ဖြစ်နိုင်ချေအမျိုးမျိုး ဆိုတာဟာ ပတ်ဝန်းကျင်ဂေဟစနစ်၊ နည်းပညာ နှင့် ယဉ်ကျေးမှုဆိုင်ရာ အကန့်အသတ်တွေရှိပေမယ့်လည်း လူ့အသိုင်းအဝိုင်းတစ်ခုမှာ ဖြစ်နိုင်တဲ့ ယုံကြည်ကိုးကွယ်မှုတွေ၊ အလေ့အထတွေ၊ ခံစားတွေ့ကြုံစရာအမျိုးမျိုးသော ရောင်စဉ်တန်းကြီးတစ်ခုလုံးကို ဆိုလိုပါတယ်။

ဘာသာပြန် - မာန်သီဟထွန်း

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။
http://www.aboriginal.photography/
https://instinctmusic.com.au/live…/aboriginal-performers-sa/
https://www.warpaths2peacepipes.com/native-…/stone-tools.htm
http://www.krugerpark.co.za/africa_bushmen.html

မြန်မာပြည်ရဲ့ တောခေါင်ခေါင်တစ်နေရာမှာ ထူးဆန်းစွာပေါ်ထွက်လာတဲ့ တရုတ်မြို့တစ်မြို့

$
0
0

မြန်မာပြည်ရဲ့ တောခေါင်ခေါင်တစ်နေရာမှာ ထူးဆန်းစွာပေါ်ထွက်လာတဲ့ တရုတ်မြို့တစ်မြို့
ဘားတေး လစ်တနာ၊ Asia Times
Myanmar NOW က ဘာသာပြန်သည်
(မိုးမခ) မတ် ၁၊ ၂၀၁၉ 


တရုတ်နှင့်မြန်မာနိုင်ငံ အလံနှစ်ခုကို စိတ်ကူးဖြင့်ပေါင်းစပ်ထားပုံ (ဓာတ်ပုံ - Getty images)

မြို့ကိုတည်ဆောက်နေဆဲ ဆိုသော်လည်း တရုတ်အငွေ့အသက်တို့က လွှမ်းခြုံနေပါသည်။ တရုတ် စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ ကာရာအိုကေဆိုင်များ ရောက်နေပါပြီ။ တရုတ်လူမျိုးများသည် တိုက်ခန်းအသစ်၊ အိမ်ရာအသစ်များ ပြီးစီးမည့်အချိန်ကို စောင့်ဆိုင်းရင်း ယာယီဆောက်ထားသည့် တန်းလျားပုံစံ တိုက်ခန်းတွဲများတွင် နေထိုင်နေကြသည်။

ကျန်သည့်အဆောက်အအုံများမှာ ဂိုထောင်အကြီးစားများ၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် အုပ်ချုပ်ရေး ဌာနများ အတွက် ရုံးခန်းဖြစ်လာဖွယ်ရှိသော အရာများဖြစ်သည်။ တရုတ်ရွှေ့ပြောင်းများ နေထိုင်ရာ နေအိမ်အချို့၏ အပြင်ဘက်တွင် စောင့်နေသည့် လက်နက်ကိုင်လုံခြုံရေးများသည်ပင်လျှင် တရုတ်စာများပါသော လက်ပတ်များ လက်မောင်းမှာ စည်းထားကြသည်။

ထိုမြင်ကွင်းသည် တရုတ်ပြည်တွင်း၌ မြင်ရသည့်မြင်ကွင်း မဟုတ်ပါ။ တရုတ်ပြည်တွင်းရှိ ဆောက်လုပ်ရေးစီမံကိန်း နောက်ထပ်အသစ်တစ်ခု မဟုတ်ပါ။

ယခုပြောခဲ့သမျှသည် ရန်ကုန်မြို့အရှေ့ဘက် ကီလိုမီတာ ၄၂၀ (၂၆၁ မိုင်)၊ ဘန်ကောက်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၅၀ဝ (မိုင် ၃၁၀) ခန့်အကွာ ထိုင်းမြန်မာနှစ်နိုင်ငံ အကြား နယ်စပ်မျဉ်းအဖြစ် စီးဆင်းနေသည့် သောင်ရင်းမြစ်၏ အနောက်ဖက်ကမ်း မြန်မာဘက်ခြမ်းရှိ ရွှေကုက္ကို အမည်ရှိ မြို့ငယ်လေးမှာ မြင်ရသည့်မြင်ကွင်းဖြစ်သည်။ ထိုမြို့၏ နယ်စပ်ပတ်လည်ကို ကရင်စစ်ဗိုလ်ကလေး စောချစ်သူက ထိန်းချုပ်ထားသည်။ ချစ်သူသည် မြန်မာတပ်မတော်နှင့် ငြိမ်းချမ်းရေးယူပြီး ゞင်း၏ တပ်ကို နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့သူ ဖြစ်သည်။

တရုတ်တို့တည်ဆောက်နေသည့် စုစုပေါင်းဧရိယာမှာ ဧက ၂၀ဝ၀ (ဟက်တာ ၈၀ဝ ကျော်) ရှိသည်။ တရုတ်၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ရှိနိုင်သည်ဟု မြန်မာမီဒီယာများက ဖော်ပြကြသည်။ ထိုပမာဏဖြင့်ဆိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်ကို ယူရမည် ဖြစ်သည်။


နယ်ခြားစောင့်တပ်မှူးဝတ်စုံဖြင့် ၂၀၁၄ ခုနှစ်ကတွေ့ရသည့် စောချစ်သူ (ဓာတ်ပုံ - facebook)


သို့သော် တကယ့်တကယ်တမ်းတွင် ထိုကဲ့သို့ခွင့်ပြုချက်တောင်းခံပြီးမှ တည်ဆောက်နေခြင်း ဟုတ်မဟုတ်မှာ မရှင်းလင်းပေ။ မည်သို့ဆိုစေ နေပြည်တော်ရှိ ဗဟိုအစိုးရရော ကရင်ပြည်နယ်အစိုးရရော၏ အုပ်ချုပ်မှုအောက်မှာ မဟုတ်ဘဲ စောချစ်သူနှင့်သူ့လူများ တာဝန်ယူထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်သည့် နေရာမှာ အဆိုပါဆောက်လုပ်ရေးများ တည်ရှိနေခြင်းသည် အံ့ဩစရာတော့ မဟုတ်ပါ။

ထိုရင်းနှီးမြှုပ်နှံမှုကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Jilin Yatai Group က ကျောထောက်နောက်ခံ ပေးထားသည်ဟု သတင်းထွက်နေသည်။ ထိုကုမ္ပဏီသည် Myanmar Yatai International Trading Company ဆိုသော အမည်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍဍာရေးဝန်ကြီးဌာနတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မှတ်ပုံတင်ခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် နေ့စွဲဖြင့် ‘မြန်မာတိုင်း(မ်)’ သတင်းစာ၏ ရေးသားချက်အရ ထိုကုမ္ပဏီနှင့် စောချစ်သူတို့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက မိတ်ဖက်ပူးပေါင်းရေး စာချုပ် တစ်ရပ်ချုပ်ဆိုခဲ့ရာ ထိုပွဲဖြစ်မြောက်အောင် China Federation of Overseas Chinese Entrepreneurs က စီစဉ်ခဲ့သည်။

စောချစ်သူသည် တစ်ချိန်က ကရင့်တော်လှန်ရေးလက်နက်ကိုင်တပ်ဖြစ်သော KNLA တွင် အဆင့်နိမ့် အရာရှိ တစ်ဦးဖြစ်ခဲ့သည်။ ၁၉၉၄ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး KNU နှစ်ခြမ်းကွဲသည့်အခါ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) သို့ဝင်ရောက်ခဲ့သည်။ ထိုအဖွဲ့သည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးယူခဲ့သည်။

ထို့နောက်ပိုင်းတွင် စောချစ်သူသည် DKBA ၏ တန်ခိုးအထက်ဆုံး တပ်မှူးတစ်ဦးဖြစ်လာပြီး သောင်ရင်းမြစ် နယ်စပ်အနီးရှိ KNLA တပ်စခန်းများကို အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ဖူးသည်။ သူ၏ တပ်ဖွဲ့သည် ၂၀၁၀ ပြည့်နှစ်တွင် BGF အဖြစ် အသိအမှတ် ပြုခံခဲ့ရသည်။ နောင်ငါးနှစ်အကြာ ၂၀၁၅ အောက်တိုဘာလတွင် ကျန်ရှိသည့် DKBA တပ်ဖွဲ့များသည် မြန်မာအစိုးရနှင့် ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်’ ကို ချုပ်ဆိုရေးထိုးခဲ့သည်။ ゞင်းနှင့်အတူ KNU နှင့် တခြား ခွဲထွက်ကရင်တပ်ဖွဲ့ငယ်တစ်ဖွဲ့လည်း ပါဝင်လက်မှတ်ထိုးခဲ့သည်။

ရွှေကုက္ကို၌ တရုတ်က တည်ဆောက်နေသည့် ဆောက်လုပ်ရေးအချို့ကို ၂၀၁၉ ဖေဖော်ဝါရီ ၂၂ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ - ဘားတေး လစ်တနာ)

စောချစ်သူသည် သူနှင့် မြန်မာ့တပ်မတော်တို့အကြား ကာလရှည်ကြာ ရှိလာခဲ့သည့် ဆက်ဆံရေးကြောင့် ရွှေကုက္ကိုဒေသစ်ဝိုက်ကို ထိန်းချုပ်ခွင့်ရလာခဲ့သည်။ ထိုနေရာသည် ကော်မူးရ် ခေါ် ဝမ်းခ ခေါ် KNLA အခြေစိုက်စခန်းတစ်ခု ရှိခဲ့ဖူးသည့် နေရာပင်ဖြစ်သည်။ ထိုအခြေစိုက်စခန်းကို အစိုးရတပ်များက ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ခဲ့သည်။

ရွှေကုက္ကိုကို ကော်မူးရ်၏ အကြွင်းအကျန်များပေါ်မှာပင် တည်ဆောက်ခဲ့ပြီး စည်ကားသည် ဈေးမြို့လေး တစ်မြို့ ဖြစ်လာခဲ့သည်။ ကရင်ဖားစည်ပုံစံတူ ကျောက်များဖြင့် တန်ဆာဆင်ထားသည့် နာရီစင်တစ်စင်ကို မြို့လယ်ကောင်တွင် တည်ဆောက်ခဲ့ပြီး ထိုမြို့သစ်အနီးတွင် စောချစ်သူ၏ နန်းတော်တစ်မျှ ခမ်းနားသည့် နေအိမ်တစ်လုံးရှိသည်။

ထိုမြို့လေး၏ ကရင်များနေထိုင်သည့်ဘက်ခြမ်းတွင် စာသင်ကျောင်း၊ စေတီပုထိုး၊ ဘုရားရှိခိုးကျောင်းများ ရှိသလို ဒေသထွက်ကုန်များ ရောင်းဝယ်ဖောက်ကားရာ ဈေးတစ်ဈေးလည်း ရှိသည်။ BGF တပ်မှူးတစ်ဦး ဖြစ်လာစဉ်မှ စပြီး ချစ်သူသည် သူ့ကိုယ်ပိုင်ခါးပိုက်ဆောင်တပ်သဖွယ်ဖြစ်နေသော ထို BGF တပ်ကို ခံ့ညားလေးစားရသည့် တပ် တစ်တပ်ဖြစ်လာအောင် တည်ဆောက်ခဲ့သည်။

သူသည် ပညာရေး၊ ကျန်းမာရေးနှင့် ကရင်ယဉ်ကျေးမှု စသည်တို့တွင် ရပ်ရေးရွာရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လူကြိုက်များကြောင်းနှင့် သိမ်းသွင်းစည်းရုံးမှုကောင်းသည့် စေ့စပ်ညှိနှိုင်းသူတစ်ဦးအဖြစ် သူ့ကို လူသိများသည်ဟု သတင်းများတွင်ဖတ်ရသည်။

တည်ဆောက်ရေးများမပြီးစီးမီ တရုတ်အလုပ်သမားများ နေထိုင်သည့်ယာယီတန်းလျားများကို ၂၀၁၉ ဖေဖော်ဝါရီ ၂၂ ရက်တွေ့ရစဉ် (ဓာတ်ပုံ - ဘားတေး လစ်တနာ)


အသစ်တည်ဆောက်နေသည့် မဟာစီမံကိန်းကို ဒေသခံများက “တရုတ်တန်း” ဟု ခေါ်ပြီး ၂၀၁၇ ဧပြီလတွင် ပန္နက်ရိုက်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အရေးပါသည့်သတင်းရင်းမြစ်များအဆိုအရ ထိုစီမံကိန်း ပြီးစီးသည့်အခါတွင် ဇိမ်ခံအိမ်ရာများ၊ ဟိုတယ်၊ ဈေးဝယ်စင်တာကြီးများ၊ ကုန်သွယ်ရေး စင်တာကြီးများ၊ စက်ရုံများ၊ ဂေါက်ကွင်းတစ်ကွင်း၊ ကာစီနိုကစားရုံအပြင် လေဆိပ်တစ်ဆိပ်ပင် ပါလိမ့်မည်ဟု ဆိုကြသည်။

ရွှေကုက္ကိုရှိ တရုတ်ပညာရှင်နှင့် အလုပ်သမားအရေအတွက် အတိအကျကိုတော့ သိရဖို့မလွယ်ပါ။ လွန်စွာ လျှို့ဝှက်ထား၍ဖြစ်သည်။ သို့သော်လည်း ထိုနေရာကိုဖြတ်သန်းကာ ကားမောင်းကြည့်ပြီး စူးစမ်းလေ့လာကြည့် မည်ဆိုပါက အရေအတွက်ရာဂဏန်းရှိသည်မှာ အသေအချာပဲဖြစ်သည်။ ထောင်ဂဏန်းရှိလျှင်လည်း မဖြစ်နိုင် လောက်စရာတော့ မဟုတ်ပါ။

မည်သို့ပင်ဆိုစေကာမူ မရှင်းလင်းသေးသည့်အချက်ရှိသည်။ ဝေးကွာလှသည့် နယ်စပ်မြစ်တစ်စင်း၏ မြစ်ကမ်းနား ဒေသတွင် ဤမျှကြီးမျှသော မြို့စီမံကိန်းကြီးတစ်ခုကို ဘာကြောင့် တည်ဆောက်နေရသည်၊ ဘာတွေရည်မှန်းထားသည် ဆိုသော အချက်ပင်ဖြစ်သည်။

ရွှေကုက္ကိုသည် မြဝတီ-မဲဆောက်နယ်စပ်ဖြတ်ဂိတ်၏ မြောက်ဘက် ကီလိုမီတာ ၂၀ (၁၂ မိုင်) ခန့်သာ ဝေးသည်။ မြဝတီ-မဲဆောက်နယ်စပ်တွင် တံတားတစ်စင်းကို ပထမဆုံး တည်ဆောက်ခဲ့ရာ ၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေးသည် ကုန်ပစ္စည်းများအပြည့်တင်ထားသည့် ထရပ်ကားများ၊ မြစ်ကိုနေ့စဉ်နှင့်အမျှ ဖြတ်သန်းသွားလာနေကြသည့် ထောင်နှင့်ချီသောလူများဖြင့် ပိုမိုထွန်းကားလာခဲ့သည်။

ဒုတိယမြောက်တံတားတစ်စင်း (ချစ်ကြည်ရေးတံတား) ကို မကြာသေးမီကပင် ရွှေကုက္ကို အနီးတွင် တည်ဆောက်ခဲ့သည်။ သို့သော် မြေယာအငြင်းပွားမှုများကြောင့် တံတားကိုမဖွင့်နိုင်သေးဘဲ ထိုနေရာတစ်ဝိုက်သည် ကူးသန်းရောင်းဝယ်ရေး ခြောက်ကပ်လျက်ရှိနေဆဲဖြစ်သည်။


မြန်မာဘက်ခြမ်းရှိ ကာစီနို လောင်းကစားရုံကို သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းဘက်ခြမ်းမှ ၂၀၁၉ ဖေဖော်ဝါရီ ၂၂ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ဘားတေး လစ်တနာ)

ထို့ပြင် ရွှေကုက္ကို၏တောင်ဘက်၊ သောင်ရင်းမြစ်၏မြန်မာဘက်ခြမ်းတွင် ကာစီနိုများ တန်းစီပေါ်ပေါက်လာ ခဲ့သည်။ ထိုကာစီနိုများတွင် ကစားမည့်သူများမှာ မြစ်ဖြတ်၍တရားမဝင် ရောက်လာကြသည်။ မြစ်ကိုဖြတ်သည့် နေရာများသည် တရားဝင် သတ်မှတ်ထားသည့်နေရာများ မဟုတ်သလို နောက်တစ်ချက်က မြန်မာနိုင်ငံတွင် ကာစီနိုလောင်းကစား လုပ်ငန်းဆိုသည်မှာ စာအုပ်ထဲမှာတော့ ပိတ်ပင်ထားသည့်အရာဖြစ်သည်။

သို့သော်လည်း ဘီလျံနှင့်ချီမည့် ထိုစီမံကိန်းကြီးဆောက်ရသည်မှာ ကာစီနိုလောင်းကစားသမားများ အတွက် သက်သက်ဟု အကြောင်းပြ၍ မရနိုင်ပါ။ ထိုနေရာသည် တောခေါင်ခေါင်နေရာကြီးဟု ဆိုကြသည့်နေရာဖြစ်သည်။

မဲဆောက်ရှိ စီးပွားရေးသမားများကြားတွင်မူ ယူဆချက်တစ်ခုရှိနေပြီး ゞင်းအရ ထိုစီမံကိန်းသည် တရုတ်ပြည်တွင်းမှ ပိုက်ဆံများကို အပြင်သို့သယ်ထုတ်ချင်သည့် တရုတ်လုပ်ငန်းရှင်များ၏ ပုဂ္ဂလိက လုပ်ငန်းတစ်ခုဖြစ်သည်ဟု ဆိုသည်။ ထိုဒေသကိုဖြတ်သန်းဖောက်လုပ်သည့် အမြန်အဝေးပြေးလမ်းမများ များပြားလာသည်နှင့်အမျှ ထိုစီမံကိန်းသည် တစ်နေ့တွင် အကျိုးအမြတ် တစ်လုံးတစ်ခဲရမည့် ကုန်သွယ်ရေး ဗဟိုဌာနတစ်ခုဖြစ်လာနိုင်သည်ဟု အဆိုပါ မဲဆောက်မြို့သားများက ဆိုသည်။

မဲဆောက်-မြဝတီ နယ်စပ်ဂိတ်သည် အမှတ် (၁) အာရှအဝေးပြေးလမ်းမ သို့မဟုတ် AH1 ပေါ်တွင် တည်ရှိပြီး ထိုလမ်းမသည် အာရှတိုက်၏ အရှေ့၊ အရှေ့တောင်၊ တောင်နှင့် အနောက်ဘက်ပိုင်းများကို ဆက်သွယ်ထားသည့် လမ်းမဖြစ်သည်။ မြန်မာနိုင်ငံအတွင်းပါဝင်သည့် AH1 မှာမူ လမ်းတစ်လျှောက်တွင် လှုပ်ရှားနေကြသည့် တိုင်းရင်းသား လက်နက်ကိုင်များကြောင့် အမြဲပင် ပြဿနာဖြစ်ခဲ့သည်။ သို့သော်လည်း မကြာသေးမီက အပစ်ရပ် လက်မှတ်များ ရေးထိုးခဲ့ခြင်း၊ နယ်ခြားစောင့်တပ်များ ဖွဲ့စည်းခဲ့ခြင်းတို့ကြောင့် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဒေသတွင်းမှ အချက်အလက်စုဆောင်းလေ့လာသူများအပါအဝင် သံသယရှိကြသူအများအပြားကမူ ထိုမျှ ကြီးမားသည့် ဧရာမစီမံကိန်းကြီးသည် ပေကျင်းနှင့်တရားဝင် အဆက်အသွယ် မရှိဘဲ နိုင်ငံပိုင် ကုမ္ပဏီတစ်ခု၏ စောင်မမှုဖြင့် ဤသို့အကောင်အထည်ပေါ်လာစရာမရှိဟု ဆိုကြသည်။
ရွှေကုက္ကိုမြို့လယ်ကို ဖြတ်သန်းမောင်းနှင်သွားသည့် ထရပ်ကားတစ်စင်းကို ၂၀၁၉ ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဘားတေး လစ်တနာ)

သို့ဖြစ်လျှင် အဓိပ္ပာယ်မှာ ထိုစီမံကိန်းသည် တရုတ်နိုင်ငံကို ဒေသတွင်းရော ဒေသအပြင်ရောနှင့် ချိတ်ဆက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဒေါ်လာတစ်ထရီလျံ (ဘီလျံ ၁၀ဝ၀) တန် ခေတ်သစ်ပိုးလမ်းမစီမံကိန်း၏ အသက်သွေးကြောအဖြစ် စိတ်ကူးထားသည့် မြန်မာ-တရုတ်စီးပွားရေးစင်္က࿿န်ြတွင် ခြေကုပ်စခန်းတစ်ခုကို ဖန်တီးမည်ဖြစ်ရာ ထိုစီမံကိန်းသည် တရုတ်အတွက် မဟာဗျူဟာမြောက် အရေးပါလာမည်ဟု ဆိုလိုပေသည်။

တရုတ်နှင့်နယ်နိမိတ် ထိစပ်နေသည့် မြန်မာနိုင်ငံ၏မြောက်ပိုင်းနယ်စပ်တစ်လျှောက်ရှိ ဒေသအချို့တွင်လည်း အလားတူ ကုန်သွယ်ရေးစင်တာများကို တည်ဆောက်ပြီးဖြစ်သည်။

ထိုရှုထောင့်မှကြည့်လျှင် ရွှေကုက္ကိုသည် တောခေါင်ခေါင်မဟုတ်ပါ။

မြန်မာ၊ ထိုင်းနှစ်နိုင်ငံနှင့် နယ်စပ်တောင်တန်းဒေသများ၌ လှုပ်ရှားနေဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား မဟာဗျူဟာမြောက် အရေးပါသည့် ဆုံချက်တစ်ခုတွင် ရွှေကုက္ကိုသည် တရုတ်ပြည်အတွက် AH1 ကို လေ့လာစောင့်ကြည့်ရန်နှင့် အတိုင်းအတာတစ်ခုအထိ စီးဆင်းမှုကို ထိန်းချုပ်ရန် ဖြစ်နိုင်ခြေပေးမည့်အရာ တစ်ခု ဖြစ်ဖွယ်ရှိသည်။

သို့သော်လည်း တရုတ်ပြည်၏ ရည်ရွယ်ချက်များကို အတိအကျမသိရမချင်းတော့ ထိုဒေသခံပြည်သူများသည် ဆောက်လုပ်ရေးမှအသံများနှင့်တကွ တစ်တိုက်ထက်တစ်တိုက် ပိုမြင့်ဟန် ရှိသည့် မိုးမျှော်အဆောက်အဦကြီးများ သောင်ရင်းမြစ်၏အနောက်ဘက်ကမ်းပေါ် ပေါ်ပေါက်လာသည်ကို မျက်စိဖွင့် နာစွင့်နေကြရလိမ့်ဦးမည်ဖြစ်သည်။


(မတ်လ ၁ ရက် နေ့စွဲဖြင့် Asia Times ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆောင်းပါးရှင်း ဘားတေး လစ်တနာ ၏ A Chinatown mysteriously emerges in backwoods Myanmar ကို ပြန်ဆိုပါသည်။)

ကျော်နိုင် - အာရ်အိုင်တီ၊ ရွှေရတု၊ သြဘာလမ်းနဲ့ မျိုးဆက်သစ်တို့လျောက်သောလမ်း

$
0
0


ကျော်နိုင် - အာရ်အိုင်တီ၊ ရွှေရတု၊ သြဘာလမ်းနဲ့ မျိုးဆက်သစ်တို့လျောက်သောလမ်း
(မိုးမခ) မတ် ၃၊ ၂၀၁၉ 
(သူ့ဖေ့စ်ဘွတ်ကနေ ယူပါတယ်)

ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖေါ်နိုင်ဘို့အတွက် အိပ်မက်တွေမက်ရဲဘို့ အရင်ဆုံး လိုအပ်ပါတယ်။

၁၉၈၂ ခုနှစ် ဒီဇင်္ဘာလ (၁၃) ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကို ပထမနှစ် မောင်သစ်လွင်ကျောင်းသားအဖြစ် ရောက်လာခဲ့တဲ့နေ့မှာဘဲ သြဘာလမ်းနဲ့ သြဘာလက်ခုပ်သံတွေကို မိတ်ဆက်သိရှိခဲ့ရပါတယ်။ ရိုးရိုးရှင်းရှင်းလေးပါ။ Building 1 လို့သတ်မှတ်ထားတဲ့ ပင်မဆောင်ကြီးနဲ့ Building 2 တို့အကြား ဆက်သွယ်ထားတဲ့ လမ်းလေးကို တစ်စုံတစ်ယောက် (ကျောင်းသား၊ ကျောင်းသူတွေပေါ့လေ) ဖြတ်လျှောက်တိုင်း လက်ခုပ်သြဘာပေးပြီး ဝိုင်းဝန်းအားပေးကြတာပါ။


ကျောင်းသားသစ်တစ်ဦးအနေနဲ့ အဲ့ဒီအတွေ့အကြုံဟာ ထူးဆန်းသလိုဖြစ်နေပေမယ့် ရက်ပိုင်းအတွင်းမှာဘဲ သြဘာလမ်းယဉ်ကျေးမှုနဲ့ အသားကျသွားခဲ့ပါတယ်။ ဆိုလိုတာက ကိုယ်တိုင်ပါဝင်ပြီး လက်ခုပ်သြဘာပေးတတ်လာခဲ့တာပါ။

အဲ့ဒီလမ်းလေး ဖြတ်လျှောက်သူတွေကို ဘာကြောင့် လက်ခုပ်သြဘာ ဝိုင်းပေးကြသလည်းလို့ စုံစမ်းကြည့်လိုက်တော့ RIT (BIT) ရဲ့အစောပိုင်းနှစ်တွေမှာ ဘွဲ့နှင်းသဘင်ကို ကျောင်းမှာဘဲလုပ်တယ်လို့ သိရပါတယ်။ ဘွဲ့ချီးမြှင့်ခံရမယ့်သူတွေဟာ Building 2 ဘက်ကနေ Building 1 ကို သြဘာလမ်းအတိုင်း ဖြတ်လျှောက်လာကြရမှာ Building 1 အထပ် (၃) ထပ်ရဲ့ ကော်ရီဒါ ပတ်ပတ်လည်မှာရှိနေကြတဲ့ ပရိသတ်က ဂုဏ်ပြုလက်ခုပ်သြဘာ ဝိုင်းပေးကြတဲ့ အစဉ်အလာကနေ အစပြုလာခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ RIT စတက်တဲ့အချိန်မှာတော့ စက်မှုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် (ယခု ရန်ကုန်တက္ကသိုလ်) မှာရှိတဲ့ ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်နေပါပြီ။

စက်မှုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားတွေကို ဘယ်နှစ်ကစပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပြုလုပ်တယ်ဆိုတာ သေသေချာချာမသိပေမယ့် ဦးသန့်အရေးအခင်းပြီးနောက် ၁၉၇၆ ခုနှစ်၊ ဒီဇင်္ဘာလမှာ ကျင်းပတဲ့ (၁၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကိုတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပတယ်ဆိုတာကို သိရပါတယ်။


သြဘာလမ်းရဲ့ လက်ခုပ်သံတွေအကြောင်း လေ့လာသိရှိခဲ့ပြီးနောက်မှာတော့ ငါတို့တွေဘွဲ့ယူရင်လည်း ဟိုးအရင်တုန်းကလို ကိုယ့်ကျောင်းထဲမှာဘဲ သြဘာလမ်းကို ဖြတ်လျှောက်ပြီးယူရရင် ကောင်းမှာဘဲဆိုတဲ့အတွေး ရံဖန်ရံခါ ဝင်လာတတ်ပေမယ့် အဲ့ဒီကိစ္စကို အလေးတယူ မစဉ်းစားခဲ့မိပါဘူး။ တနည်းအားဖြင့် အဲ့ဒီအိပ်မက်ကို သေသေချာချာ စူးစူးစိုက်စိုက် မမက်ခဲ့မိဘူးလို့ ဆိုရပါမယ်။

ကျွန်တော်တို့ မမက်ရဲခဲ့တဲ့ အိပ်မက်ကို မျိုးဆက်သစ်တွေက မက်ရဲခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ (၆) နှစ်က ရန်ကုန်နည်းပညာတက္ကသိုလ်ကို မောင်မယ်သစ်လွင်တွေအဖြစ် ရောက်ရှိခဲ့ကြတဲ့ မျိုးဆက်သစ်တွေဟာ သြဘာလမ်းရဲ့သမိုင်းကို ပြန်လည်အသက်သွင်းဘို့ အိပ်မက်ခဲ့ကြပါတယ်။ သူတို့နဲ့အတူ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ (YTUSU) ကလည်း အဲ့ဒီအိပ်မက်ကို ရဲရဲဝံ့ဝံ့ မက်ခဲ့ကြပါတယ်။


မျိုးဆက်သစ်ကျောင်းသားတွေဟာ သူတို့ရဲ့အိပ်မက်ကို အကောင်အထည်ဖေါ်ဘို့လည်း မဆုပ်မနစ်သောဇွဲလုံ့လတွေနဲ့ ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့အားထုတ်မှုရဲ့ ရလာဒ်အဖြစ် ဒီကနေ့ (၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်) မှာတော့ ရန်ကုန်နည်းပညာတက္ကသိုလ်ရဲ့ အကြိမ် (၅၀) မြောက် ရွှေရတု ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်းရဲ့ စုဝေးခန်းမမှာ ကျင်းပပြီး သြဘာလမ်းသမိုင်းကို ပြန်လည် ဆန်းသစ်စေခဲ့ပါတယ်။ အသတ်ခံရလို့ သေဆုံးခြောက်သွေ့ခဲ့ရတဲ့ သြဘာလမ်းကို ပြန်လည် အသက်သွင်းခဲ့ကြပါတယ်။

ကျောင်းသားတွေရဲ့အိပ်မက်ကို အကောင်အထည်ဖေါ်နိုင်ဘို့အတွက် ပါမောက္ခချုပ်အမှူးပြုတဲ့ ကျောင်းအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေရဲ့ နားလည်မှုနဲ့ ကူညီပံ့ပိုးမှုတွေဟာ အရေးပါတဲ့အခန်းက ပါဝင်ခဲ့တယ်ဆိုတာကိုလည်း ကျွန်တော်တို့ ကျေးဇူးတင် လေးစားစွာ အသိအမှတ်ပြုပါတယ်။


အဓိကအားဖြင့်တော့ အိပ်မက်မက်ရဲပြီး မက်တဲ့အိပ်မက်ကို အကောင်အထည်လည်းဖေါ်နိုင်တဲ့ မျိုးဆက်သစ်ကျောင်းသားတွေရဲ့ ရဲရင့်ခိုင်မာတဲ့ စိတ်ဓါတ်ကို အထူးတလည် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။

ခိုင်မာကျော်ဇော - ရပ်အကြောင်း ရွာအကြောင်း - ၃

$
0
0


ခိုင်မာကျော်ဇော - ရပ်အကြောင်း ရွာအကြောင်း - ၃
(မိုးမခ) မတ် ၃၊ ၂၀၁၉ 

အညိုရောင် နယ်မြေထဲက အမိုး(အမေ) ခေါင်းချသွားတဲ့ ရွာလေးဟာ ယနေ့ ချိန်ထိလည်း အညိုရောင်တွေ စွန်းထင်းနေဆဲပါ၊

ဒီရွာလေးကို ပြန်ရောက်တော့ အမိုးတို့ ခေတ်က မူးဂါ့ကြီးတယောက် ပြောပြဖူးတာကို ပြန်ကြားယောင်မိတယ်။

တို့ ရွာက ပေါက်တူး(၃)ပေါက်မှ တို့ ဗိုက်ထဲ (၁)ချက် ရောက်တဲ့ရွာပါ။ (၁)ချက်က အမျိုးသားအတွက်၊ (၁)ချက်က အစိုးသားအတွက် နောက်ဆုံးအချက်မှ တို့ အတွက်တဲ့။ အဲ့ဒီတုန်းကတော့ မူးဂါးကြီးရဲ့  စကားကို ကိုယ်တွေ ဘယ်နားလည်ပါ့မလဲ။ ဘာလဲ အမျိုးသား၊ ဘာလဲ အစိုးသားလို့  မူ့ ဂါးကြီးကို ပြန်မေးရတယ်၊

တို့ ရွာက ညှပ်ပူးညှပ်ပိတ်ရွာတဲ့၊ ကိုယ့်အမျိုးသားအဖွဲ့ (ကေအဲန်ယူ)ကလည်း အမျိုးသားတော်လှန်ရေးကို အားပေးရမယ်၊ သူတို့ ကို ကူညီရမယ်တဲ့၊

ဗမာအစိုးရဖက်ကလည်း သူတို့ တောင်းတာပေးရမယ်။ သူတို့ ဟာ တို့ ကို ကာကွယ်စောင့်ရှောက်နေရတာတဲ့

နီးရာ ဓားကြောက်ရတဲ့ တို့ မှာ ဟိုဘက်တောင်းလည်း ပေးရ၊ ဒီဘက်တောင်းလည်းပေးရ၊ တို့ စားဖို့ လည်း လုပ်ရနဲ့ ဒုက္ခသိပ်ကြီးတယ်တဲ့

ဒီကြားထဲ (၂)ဖက်လုံးက တို့ ကို စွပ်စွဲကြသေးတယ်။
ကေအဲန်ယူက… “နင်တို့  ရန်သူတောင်းတိုင်းပေးတယ်။ အဲ့ဒါ နင်တို့ ရန်သူကို အားပေးတာဘဲ” တဲ့။

အစိုးရဘက်ကလည်း တို့ ကို ပြောတာက “ နင်တို့  သူပုန်အားပေးတွေ၊ နင်တို့ က သူပုန်တွေ” တဲ့။

“တို့ လည်းက ဘယ်သူ့ ကိုမှ ကြိုက်လို ပေးနေတာ မဟုတ်ဘူး ကြောက်လို့ ပေးနေရတာပါ” တဲ့ အခုတော့ အဲ့ဒီ မူ့ ဂါးကြီးလည်း ဆုံးရှာပါပြီ။

တကယ်လည်း ဒီရွာလေးဟာ (၂)ဖက်ဝန်တွေကို အတော်လေး ထမ်းပိုးပေးခဲ့ရတာပါ၊ လုပ်အားပေး၊ ပေါ်တာ၊ ကင်းသမား၊ လှည်း၊ ၀ါး၊ တောင်ထန်း၊ ဒညင်းသီး၊ ကွမ်းသီး၊ ဆီ၊ ဆန်၊ ဆား၊ ဆေး၊ ကြက်၊ ၀က် တောင်းရင် တောင်းသလို ပေးခဲ့ရပြီး မထင်ရင် မထင်သလိုလည်း နှိပ်စက် သတ်ဖြတ်တာတွေကို ခံခဲ့ရတာပါ။

တိုတိုတုတ်တုတ်ပြောရရင် အိမ်ရှေ့ က စစ်တပ်ဝင်လို့ နောက်ဖေးက ခုန်ချရင်ကိုဘဲ သူပုန်ဖြစ်ကြတဲ့ ရွာလေးဟာ စစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေက ရေးလို့ ရယ်မကုန်ပါ။

အခုချိန်မှာရော ရွာအခြေအနေ ဘယ်လိုရှိနေသေးလဲလို့ မေးတော့ ရွာသူနှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်လို့ 
“ အရင်ထက်စာရင်တော့ နည်းနည်းလေး တော်လာတယ်” တဲ့။

ဘယ်လို တော်လာတာလဲ မေးတော့ … “ငြိမ်းချမ်းရေး ခေတ်ဆိုတော့ အရင်လို အတောင်းအရမ်းတွေ မများတော့ဘူးပေါ့” တဲ့။ အရင်လို မများတော့ဘူးဆိုပေမဲ့ ရှိတော့ ရှိနေသေးတယ်ဆိုတဲ့ သဘောပါဘဲ။

ရွာလယ် လမ်းဘေးတဖက်မှာရှိတဲ့ ဘောလီဘောကွင်းနားရောက်တော့ ဖိုးစော်ကဲတို့  အဖွဲ့ ထဲက ၃-၄ ယောက် စုစုလုပ်နေတာကို တွေ့ လို့  ဘာလုပ်နေကြတာလဲ၊ ဘယ်သွားမလို့ လဲမေးတော့ … ကေအဲန်ယူက စည်းဝေးခေါ်လို့ ဟိုဘက်ရွာကို သွားဖို့  လူလိုက်စုနေတာလို့ ပြောတယ်။

ဘယ်နှစ်ယောက် သွားရမှာလဲ၊ ဘယ်တော့လဲလို့ မေးတော့ တို့ ရွာက (၇)ယောက်၊ (၁၀)နာရီအရောက်လို့  ဖြေတယ်။

ရွာထဲကို လျှောက်ပတ်ကြည့်တော့ သိသိသာသာ ပြောင်းလဲနေတာ တခုကို သတိထားမိတယ်။ အိမ်တိုင်းလိုလိုမှာ ယင်လုံအိမ်သာလေးတွေကို သေသေသပ်သပ် ဆောက်လုပ်ထားကို တွေ့  ရလို့  နင်တို့ ရွာက တိုးတက်နေပါလား အိမ်တိုင်းမှာ ယင်လုံအိမ်သာတွေ သုံးနေကြတယ်လို့  ပြောတော့ ရွာသူ နှစ်ယောက်ရဲ့ မျက်နှာတွေက ပြုံးလို့    အဲ့ဒါ ဝေါလ်ကွန်ဆမ်း (World Concern) ကျေးဇူးပေါ့လို့  တယောက်က ပြောတယ်။
“ဟုတ်တယ် အဒေါ်ရဲ့ ဝေါလ်ကွန်ဆမ်းက ကျမတို့ ရွာကို တော်တော်လေး လုပ်ပေးသွားတာ” လို့  တယောက်က ၀င်ထောက်ခံတယ်။

ရွာကို အဲ့ဒီအဖွဲ့ လာတော့ ရွာမှာ ငှက်ဖျားရောဂါသည်တွေ အတော်များတာ။ အဲ့ဒါ ရေကို ကျိုချက်သောက်ဖို့ ၊ အိပ်ရင် ခြင်ထောင်နဲ့  အိပ်ဖို့ ၊ ယင်လုံအိမ်သာတွေ ဆောက်ဖို့ ၊ လက်ကို စင်အောင် ဆေးဖို့ တွေကို သင်တန်းတွေပေးတယ်၊ လက်တွေလည်း လုပ်ပြတယ်တဲ့။

“ ဟုတ်တယ်နော် ဖောလာ လက်ဆေးနည်းတွေ သင်ပေးခဲ့တာ နင်မှတ်မိသေးလား” လို့ 
ရွာသူ တယောက်က ကိုယ့်ကိုလည်းရှင်းပြရင်းနဲ့  သူ့ အဖော်ကိုပါ လက်ဆေးနည်း စာမေးပွဲ စစ်လိုက်သေးတယ်။

အမေးခံရ သူကလည်း ခေသူ မဟုတ်ပါ။
“ ငါ မှတ်မိပါတယ်။ သူတို့ သင်ပေးခဲ့တာ လက်ဆေးနည်း (၆)နည်းပါ” တဲ့ အလုပ်က ပြန်လာရင် ဘယ်လိုဆေး၊ အိမ်သာက ထွက်လာရင် ဘယ်လိုဆေး၊ ထမင်းစားတော့မယ် ဆို ဘယ်လိုဆေးနဲ့  လက်ဆေးနည်းတွေကို ကိုယ်တွေကို တတွတ်တွတ်နဲ့ ရွတ်ပြနေတယ်။

ဟုတ်တယ်အဒေါ်ရဲ့  ဝေါလ်ကွန်ဆမ်းက ကျမတို့ ကို ယင်လုံအိမ်သာတွေ ဆောက်ဖို့ သင်တန်းပေးတယ်။ ကိုယ်တိုင်လည်း ဆောက်ပြတယ်။
အိမ်သာခွက်တွေကိုလည်း အိမ်တိုင်းစေ့ အလကား ဝေပေးတယ်တဲ့။
နောက်တယောက်က ပြောသေးတယ်။ ဒါတင်ဘယ်က မလဲ၊ ငှက် ဖျား ရောဂါမဖြစ်အောင် ခြင်ထောင်နဲ့  အိပ်ဖို့ ပြောတယ်၊ ခြင်ထောင်ကို တော့ အလကားမပေးဘူး၊ ဈေးချိုချိုနဲ့ ရောင်းပေးတယ်။ အဲ့ဒီတုန်းက သူတို့ ရောင်းတာ ခြင်ထောင်တလုံးမှ ၂၅၀၀၊ ဈေးမှာ ၀ယ်ရင် အဲ့ဒီဈေးနဲ့ ဘယ်ရမလဲ၊ ခြင်ထောင်က ချုပ်ရိုးချုပ်သားလည်း ကောင်းတယ်။ အသားလည်း ကောင်းတယ်တဲ့။

သူက ဆက်ပြောသေးတယ်။ အဲ့ဒီတုန်းက ကျမ (၃)လုံးတောင် ၀ယ်ထားလိုက်တယ်။ တလုံးက ကျမတို့ လင်မယားအတွက်၊ တလုံးက ကလေးတွေအတွက်။ တလုံးက ဧည့်သည် ဆောင်သည် အတွက်ပေါ့၊

ညက အဒေါ်ကို ထောင်ပေးတဲ့ ခရမ်းရောင် အပွင့်နှုတ်နှုတ်လေးတွေနဲ့ ခြင်ထောင်လေ၊ အဲ့ဒါ ဝေါလ်ကွန်ဆမ်း ခြင်ထောင်ပေါ့လို့  ကိုယ့်ကို သက်သေခံ ပစ္စည်းနဲ့ ပါ ဝေါလ်ကွန်ဆန်း အကြောင်း ပြောလာတယ်။

အဲ့ဒီအဖွဲ့ ရှိသေးလို့ ရွာကို ပြန်လာရင် သိပ်ကောင်းမှာဘဲလို့ သူတို့ က တမ်းတမ်းတတ ဆိုကြတယ်။

ထုံးစံအတိုင်း နေ၀င်ပြီဆို အိမ်ဆိုင်လေးတွေမှာ လူစုံတယ်။

ဆန် ၂ ပြည်၊ ဆီပုလင်းသေး တဗူး၊ ငါးပိ ၂၀ သား။ သကြား ၃၀၀ ဖိုး၊ ကွမ်းရွက်ပုံ တထုတ်၊ ကွမ်းစားဆေး ၂၀၀ ဖိုးဆိုတဲ့ အသံတွေက အိမ်ဆိုင်လေးတွေမှာ စီစီညံညံလို့ 

ကိုယ်တွေတည်းခိုတဲ့ အိမ်ဆိုင်လေးထဲကို မနက်က စည်းဝေးသွားမယ်ဆိုတဲ့ ဖိုးစော်ကဲ တယောက် ကွမ်းလေး တ၀ါးဝါးနဲ့  ၀င်လာတယ်။

စည်းဝေးသွားတာ ဘာထူးလဲလို့ မေးတော့..
ဘာမှ မထူးပါဘူးလို့  ခေါင်းလေး တကုပ်ကုပ်နဲ့  ဖြေတယ်။

စည်းဝေးခေါ်တာဆိုတာ တခုခုထူးလို့ ခေါ်တာပေါ့ ဘာမှ မထူးဘူးဆိုတာ ဟုတ်ပါ့မလားတဲ့ ဆိုင်ရှင်က ၀င်ထောက်တယ်။
သူက မထူးပါဘူး အကျော(အကို)ရယ်တဲ့။

ဒါဆို အစည်းအဝေးခေါ်တာ ဘာတွေဆွေးနွေးတာလဲ လို့ ထပ်မေးတော့မှ
“ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး” တဲ့။

မင်းကလည်းကွာ ဒါလည်း ထူးတာဘဲပေါ့လို့ ဆိုင်ရှင်က ပြောတော့..
အော် ကိုယ်တွေက ရွာမှာ ကျောက်ကြမ်းလမ်းလေးများ ခင်းပေးမလား၊ ကျောင်းဆောင်လေးကို ကောင်းအောင်များ လုပ်ပေးမလား၊ ရွာမီးလင်းရေးများ ပြောမလားလို့  ထင်ထားခဲ့တာလို့  ဖိုးစော်ကဲက ပြန်ပြောတယ်။

အဲဒီအချိန်မှာဘဲ ဆိုင်ရှင် အမျိုးသမီးက “ အေးလေ အဲ့ဒီအကြောင်းတွေတော့ တလုံးမှ မဟဘူးလား၊ တို့  မှာတော့ အဲ့ဒီအရေးတွေကို သူတို့ များ ဘာလုပ်ပေးမလဲလို့  မျှော်လိုက်ရတာ” လို့  မျက်နှာလေး မဲ့ကာမဲ့ကာနဲ့ ဝင်ပြောတယ်။

“ အခုတော့ ငြိမ်းချမ်းရေး ဖုန်ရူရတာဘဲ အဖတ်တင်တယ်၊ တနေ့ တနေ့ သူ့ တို့ မောင်းတဲ့ကားတွေ နည်းလား၊ တို့ ရူတဲ့ ဖုန်တွေကလည်း နည်းနည်းနှောနှောလား” လို့  အနားမှာ ရပ်နားထောင်နေတဲ့ ရွာသူ တယောက်ကလည်း မျက်နှာထိ မျက်နှာထားနဲ့  ပြောလာတယ်။

မင်းတို့ အစည်းအဝေးက သက်ငယ်မုဒိမ်းပပျောက်ရေးဘဲလား တခြား ဘာတွေဆွေးနွေးသေးလဲလို့ ဆိုင်ရှင် အမျိုးသားက ထပ်မေးပြန်တယ်။
ဖိုးစော်ကဲကလည်း အဲ့ဒါဘဲ၊ တခြားဘာမှ မပြောဘူးလို့  ဖြေတယ်။

ဆိုင်ရှင်က မကြေနပ်နိုင်သေးဘဲ မင်းတို့ ရော ဘာမှ ပြန်မဆွေးနွေးဖူးလားလို့ မေးတော့
ဖိုးစော်ကဲက “ ဘယ်တပ်ဖွဲ့ မှ မရှိရင် ဘာမုဒိမ်းမှုမှ မရှိဘူးလို့  ပြောတာပေါ့” တဲ့

ဆိုင်ရှင် အမျိုးသမီးက အစည်းအဝေးမှာ ပြောတာလားလို့ မေးတော့
ဘယ်ဟုတ်ပါ့မလဲ ကိုယ့်အချင်းချင်းဘဲ ပြောတာပါတဲ့။

စည်းဝေးထဲမှာတော့ ဘယ်ထ ပြောရဲ ပါ့မလဲ သူတို့ က သေနတ်ကြီးတွေနဲ့ တဲ့။
သူ့ အပြောကြောင့် ကိုယ်တို့ အားလုံး ၀ိုင်းရယ်လိုက်ကြတယ်။

ဖိုးစော်ကဲ ခင်မျာမှာလည်း ကွမ်းရွက်စိမ်းတထုတ်၊ ထုံးဗူး တဗူးကို ကရင်လွယ်အိတ်လေးထဲ ကောက်ထည့်ပြီး ဆိုင်ကယ်လေးနဲ့  သုတ်ခြေတင်သွားလေရဲ့ ။

အပြင်မှာလည်း မှောင်နေပြီ၊
အိမ်ဆိုင်လေးလည်း လူတွေ ရှဲသွားကြပါပြီ
အိပ်ယာဝင်ဖို့  ခြင်ထောင်လေးချလိုက်တော့ နေ့ လည်က သူတို့  တမ်းတမ်းတတ ပြောကြတဲ့ ဝေါလ်ကွန်ဆမ်းကို သွားသတိရတယ်။

ရွာလေးကတော့ မူ့ ဂါးကြီးပြောတဲ့ အမျိုးသားတို့  အစိုးသားတို့  ထက် ဝေါလ်ကွန်ဆမ်းကို လွမ်းနေကြလေရဲ့ ။

ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ၊ ၂၅၊ ၂၀၁၉

ဂါမဏိ ● လူ့အခွင့်အရေး၏ တခြားတဖက်မျက်နှာ

$
0
0
ဂါမဏိ ● လူ့အခွင့်အရေး၏ တခြားတဖက်မျက်နှာ
(မိုးမခ) မတ်လ ၃၊ ၂ဝ၁၉

၂ဝဝ၈ ခု ဒီဇင်ဘာ ၁ဝ ရက်မှာ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၆ဝ ပြည့်အခမ်းအနားတွေ တကမ္ဘာလုံးမှာ ကျင်းပခဲ့ပါ တယ်။ လူ့သမိုင်းမှာ ပထမဆုံးအဖြစ် လူ့အခွင့်အရေးတွေကို အပြည့်အစုံစနစ်တကျ ဖော်ထုတ်လိုက်နိုင်တာ ကုလသမဂ္ဂရဲ့ ဧရာမအောင်မြင်မှုကြီးတခု ဖြစ်ပါတယ်။ ဒီလိုဖော်ထုတ်လိုက်နိုင်တဲ့ ၁၉၄၈ ခုကစပြီး ကမ္ဘာ့ပြည်သူတွေအဖို့ အာဏာရှင်စနစ် တွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေကို ရင်ဆိုင်ရာမှာ အရေးပါ အစွမ်းထက်တဲ့ လက်နက်တခု ရလာခဲ့ပါတယ်။

အာဏာရှင်စနစ်အမျိုးမျိုးအောက် ပြားပြားမှောက်နေရတဲ့ ကမ္ဘာ့ပြည်သူတွေဟာ ကုလသမဂ္ဂကထုတ်ပြန်တဲ့ လူ့အခွင့် အရေးအချက် ၃ဝ ကိုအသုံးချပြီး အခွင့်အရေးတောင်းဆိုဖို့ အင်မတန်အသုံးတည့် အကျိုးရှိခဲ့ပါတယ်။ ၇၅ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမြင့်အေးနဲ့တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေရဲ့ တပင်တပန်းအနစ်နာခံစည်းရုံး ပညာပေးမှုတွေ ကြောင့် မြန်မာနိုင်ငံမှာလည်း ၁၉၆၂ ခု၊ ၁၉၇၄ ခုတွေထက်စာရင် ဒီလိုလူ့အခွင့်အရေးတွေကို နားလည်သိမြင်မှုတွေဟာ အတိုင်းအတာတခုထိ မြင့်တက်လာခဲ့ပါတယ်။ ပြည်သူလူထုတွေအနေနဲ့ လူ့အခွင့်အရေးတွေ နားလည်လာ၊ တောင်းရ ကောင်းမှန်းသိလာလို့ နအဖစစ်အာဏာရှင်တွေ မခံမရပ်နိုင်ဖြစ်ပြီး ကိုမြင့်အေးတို့ကို မဆီမဆိုင် ဗုံးခွဲမှုပုဒ်မတပ် အမှုဆင် ထောင်ချရတဲ့အဆင့်ထိ ဖြစ်လာပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးဆိုတာ ဒင်္ဂါးပြားတပြားရဲ့ ဘက်တဘက်သာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လူ့အခွင့်အရေး အကြောင်းပြောရုံနဲ့ မလုံလောက်သေးပါဘူး။ လူ့အခွင့်အရေးကိုသိဖို့ မလွဲမသွေလိုအပ်တဲ့အပြင် လူ့ တာဝန်ဝတ္တရားကိုပါသိမှ အပြောင်းအလဲ ဖြစ်မြောက်နိုင်မှာဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ လူ့တာဝန်ဟာ ခွဲလို့မရပါဘူး။ ဒီတော့ လူ့တာဝန်ဝတ္တရား တွေက ဘာတွေလဲ။

ဘာသာရေးနယ်ပယ်မှာ လူ့တာဝန်ဝတ္တရားတွေကို သက်ဆိုင်ရာဘာသာတွေအလိုက် ဖော်ထုတ်ထားတာတွေရှိပါတယ်။ ဥပမာ—ဗုဒ္ဓဘာသာမှာ ငါးပါးသီလ၊ ဗြဟ္မစိုရ်တရားလေးပါး၊ ခရစ်ယာန်ဘာသာမှာ ပညတ်တော်ဆယ်ပါး တို့ဟာ လူ့တာဝန် တွေကို လောကုတ္တရာနည်းအရ သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ လောကီရေးအတွက်လည်း မင်္ဂလာ တရား ၃၈ ပါး၊ မင်းကျင့်တရား ၁ဝ ပါးဆိုတာလဲ ရှိပါသေးတယ်။

ခေတ်သစ်နိုင်ငံရေးနယ်ပယ်မှာတော့ လူ့တာဝန်ဝတ္တရားဆိုတာ မတရားတဲ့လုပ်ရပ်တွေ၊ ဖောက်ပြန်ဆိုးယုတ်တဲ့ အုပ်စိုး သူတွေ၊ မှားယွင်းတဲ့စနစ်တွေ၊ မတရားတဲ့အမိန့်အာဏာနဲ့ ဥပဒေတွေကို ဖီဆန်တိုက်ဖျက် ချေမှုန်းဖို့ဖြစ်ပါတယ်။ တခုပြော စရာရှိတာက နိုင်ငံရေးအရောင်အသွေးမတူရင် မတူသလို မတရားမှု၊ ဖောက်ပြန်ဆိုးယုတ်မှု၊ မှားယွင်းမှုကို သတ်မှတ်ပြဋ္ဌာန်း ချက် ကွဲလွဲနိုင်ပါတယ်။ ဒါပေမဲ့ လူသားတိုင်းရဲ့ မွေးရာပါဆင်ခြင်ဉာဏ်နဲ့ မတရားမှု၊ ယုတ်မာမှု အနိမ့်ဆုံးစံတွေကို သတ်မှတ် လို့ရပါတယ်၊ မခဲယဉ်းပါဘူး။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း စကားချီးပိုင်းမှာတော့ လူ့အခွင့်အရေးတွေကို ထိန်းသိမ်း ကာကွယ်မ ပေးရင် တရားလက်လွတ်နှိပ်စက်ကလူပြုအုပ်စိုးမှုနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတို့ကို နောက်ဆုံး မလွှဲမရှောင်သာ လက်နက်စွဲကိုင် တော်လှန်ပုန်ကန်ရမယ်ဆိုတဲ့ လူ့တာဝန်ဝတ္တရားကို ယေဘုယျကျကျထောက်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကလည်း “မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုပြီး လူ့တာဝန်ကို မီးမောင်း ထိုးပြဖူးပါတယ်။

ကုလသမဂ္ဂဟာ လူ့အခွင့်အရေးတွေကိုဘဲ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအဖြစ် စာနဲ့ပေနဲ့ ဖော်ထုတ် ခဲ့ပြီး လူ့တာဝန်ဝတ္တရားတွေကိုတော့ အပြည်ပြည်ဆိုင်ရာ လူ့တာဝန်ဝတ္တရားကြေညာစာတမ်းအဖြစ် တိတိကျကျ အသေး စိတ် ဖော်ထုတ်မပေးခဲ့ပါဘူး။ ပညာရှင်တချို့ပြောတာက အဲဒီ ၁၉၄၈ ခုကာလတုံးက ကွန်မြူနစ်နိုင်ငံတွေကို ထိုးနှက် အပုပ် ချဖို့ဘဲ ရည်ရွယ်ခဲ့တာဖြစ်လို့ လူ့အခွင့်အရေးသက်သက်ကိုဘဲ ဖော်ထုတ်သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ လူ့တာဝန်ဝတ္တရား တွေကိုပါ ဖော်ထုတ်လိုက်ရင် ကွန်မြူနစ်နိုင်ငံတွေတင်မကဘဲ ဒီမိုကရေစီနိုင်ငံအစိုးရများ မဟုတ်တာလုပ်တာတွေ၊ အထူး သဖြင့် အဲဒီကာလက နယ်ချဲ့ကိုလိုနီစနစ်ကျင့်သုံးတာနေတွေကိုပါ သက်ဆိုင်ရာပြည်သူလူထုတွေက ပြည်သူ့စွမ်းအားနည်းနဲ့ တိုက်ပွဲဝင်တွန်းလှန်ပစ်တာတွေ ဖြစ်လာမှာစိုးလို့ မဖော်ထုတ်ခဲ့တာလို့ ဆိုကြပါတယ်။

လူ့အခွင့်အရေးတဖက်တည်းကိုပြောရင် ရသင့်ရထိုက်တာကို ပြောတာဘဲဖြစ်နေပြီး ရဖို့နည်းလမ်းမပါ ဖြစ်နေပါတယ်။ အောက်ကနေ လက်ဖြန့်တောင်းတာ၊ ငိုပြတာ အဓိကဖြစ်နေပါတယ်။ သူများပေးသနားမှ ရမယ့်သဘော ရောက်နေပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေးတွေကို ကုလသမဂ္ဂ ကလုပ်ပေးမှရမလိုလို၊ ဂမ်ဘာရီ လုပ်ပေးမှရမ လိုလို၊ ဒါမှမဟုတ်လဲ ဒေါ်အောင်ဆန်းစုကြည်လုပ်ပေးမှဘဲ ရမလိုလို တွေးမြင်ကုန်ကြပါတယ်။ တကယ်တော့ လူတိုင်းမှာ လူ့အခွင့်အရေးတွေ ခံစားရရှိနိုင်ခွင့် ရှိသလို၊ ဒီလူ့အခွင့်အရေးတွေ ပိတ်ပင်ချိုးဖောက်နေသူ ဘယ်သူကိုမဆို ဖယ်ရှားရှင်းလင်း ပစ်ဖို့ လူ့တာဝန်လည်း လူတိုင်းလူတိုင်းမှာ သေချာပေါက်ရှိနေပါတယ်။

အနိမ့်ဆုံးဥပမာပြရရင် ကိုယ့်မျက်စိရှေ့မှာ အမျိုးသမီးတယောက်ကို လူဆိုးတယောက်က မုဒိမ်းကျင့်နေတာတွေ့ရင် "ဟေ့ လူ၊ ခင်ဗျား လူ့အခွင့်အရေးကို မဖောက်ဖျက်ပါနဲ့” လို့ဘဲ ဝိုင်းအော်နေမှာလား။ တရားဟော ဖြောင်းဖြနားချနေမလား။ “ခင်ဗျား အမျိုးသမီးအခွင့်အရေးဖောက်ဖျက်တာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်”  လို့ဘဲ ထိုင်ကြေညာနေမှာလား။ (ဒီထက်ပိုဆိုးတာကတော့ “ခင်ဗျား အခုလိုလုပ်တဲ့အခါမှာ ကွန်ဒွမ်သုံးသင့်တယ်” လို့ ပြောတာမျိုး) အဲဒါတွေထက်စာရင် ရဲစခန်းကိုဖုံးဆက်တိုင်တာ တစုံတရာတော့ အဓိပ္ပါယ်ရှိပါသေးတယ်။ ဒါပေမဲ့ ရဲတွေရောက် လာတဲ့အချိန်မှာတော့ မုဒိမ်း ကောင်ဟာ ရည်မှန်းချက်ပြီးမြောက်သွားလို့ အေးအေးဆေးဆေး စီးကရက်ထိုင်သောက်နေတာဘဲ တွေ့ရမှာဖြစ်ပြီး မိန်းက လေးခမြာမှာတော့ အပျိုရည်ပျက်ပြီးသွားတာ သို့မဟုတ် ကိုယ်ဝန်ရသွားတာ သို့မဟုတ် အနိမ့်ဆုံးအားဖြင့် ခန္ဓာကိုယ်ဒဏ်ရာ စိတ်ဒဏ်ရာ ရသွားတာဘဲ အဖတ်တင်သွားတော့မှာ ဖြစ်ပါတယ်။ မုဒိမ်းကောင်ကို အရေးယူနိုင်ဖို့အတွက်လည်း လုံချည်တွေ ထမိန်တွေ ဓာတ်ခွဲခန်းပို့ရပါအုံးမယ်။ (ရွေးကောက်ပွဲရှုံးသွားတဲ့ အမေရိကန် ရီပတ်ဘလစ်ကန်ပါတီ ဒုသမတလောင်းမ ဆာ ရာပါလင်းဟာ မုဒိမ်းကျင့်ခံရတဲ့မိန်းကလေးတွေရဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်ရုံမက မုဒိမ်းမှုအတွက် ဓာတ်ခွဲစစ်ဆေးခကို မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးက ကျခံရမယ်လို့တောင် ပေါ်လစီချခဲ့ဖူးသေးတယ်။)

ဒါကြောင့် ဒီလိုနေရာမှာ လူ့အခွင့်အရေးကို အသိအမှတ်ပြုဖို့ ဟောပြောဆော်သြမနေဘဲ တွေ့မြင်သိရှိသူတွေက လူ့တာ ဝန်ဝတ္တရားနဲ့အညီ မုဒိမ်းသမားကို ဝိုင်းသမရမှာဖြစ်ပါတယ်။ အနည်းဆုံး ၄-၅ ချက်လောက် ဝိုင်းဗြင်းပြီးမှ ရဲစခန်း ပို့သင့် ပါတယ်။ ဒါမှသာ လူ့တာဝန်ကျေမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးကိုဘဲ တဖက်စောင်းနင်းအမွှန်းတင်နေတဲ့ အနောက်နိုင်ငံတချို့မှာ လမ်းကြားထဲ ပန်းခြံထဲ မုဒိမ်းကျင့်နေ၊ အကျင့်ခံရတဲ့မိန်းကလေးက ရုန်းကန်အော်ဟစ်နေတာကို ဖြတ်သွားဖြတ်လာတွေက ကိုယ်နဲ့မဆိုင်သလိုဘဲ မျက်နှာလွှဲ သွားကြတဲ့အကြောင်း အဲဒီနိုင်ငံတွေ ရောက်သွားသူတွေဆီက ပြန်ကြားရပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ လူ့တာဝန် မျှမျှတတအားပေးတဲ့ တခြားအနောက်နိုင်ငံတွေမှာတော့ ခုနလိုသတင်းမျိုး သိတ်မကြားရပါဘူး။

၁၉၆၄ ခု မတ်လတုံးက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကစ်တီဂျီနိုဗိစ် ဆိုတဲ့ (၂၉) နှစ်အရွယ် အမျိုးသမီး တယောက် ကို မုဒိမ်းကျင့် လူသတ်သွားတာ အိမ်နီးနားချင်း (၃၈) ယောက်က တွေ့မြင် (သို့မဟုတ်) အော်ဟစ်အကူအညီ တောင်းသံ ကြားခဲ့ပေမဲ့ ရဲတောင်ဖုန်းဆက်မတိုင်ဘဲ ကိုယ်နဲ့မဆိုင်သလိုနေခဲ့လို့ နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ ဟိုးလေး တကျော် သတင်းပါလာခဲ့ပါတယ်။ ၁၉၈၃ မတ်လက မက်ဆာချူးဆက်ပြည်နယ် ဘက်ဒ်ဖို့ဒ်မြို့မှာလည်း (၂၁) နှစ် အရွယ် မိန်းကလေးတယောက်ကို အရက်ဆိုင် ဘိလိယက်ခုံပေါ် အမျိုးသား (၆) ယောက် မုဒိမ်းကျင့်နေတာ ဆိုင်မှာ အရက်သောက် နေသူ (၁၅)ယောက်လောက်က ဝိုင်းကြည့်နေခဲ့ပုံကို နောက်ပိုင်းမှာ ရုပ်ရှင်အဖြစ်တောင် ပြန်ရိုက်ခဲ့ရပါတယ်။ ၂ဝဝ၇ သြဂုတ် လမှာလည်း မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့မှာ (၂၆) နှစ်အရွယ်အမျိုးသမီးတဦးကို လှေခါးဟောခန်းထဲ ရိုက်နှက် ထိုးကြိတ်ပြီး မုဒိမ်းကျင့်နေတာကို အိမ်နီးနားချင်း (၁ဝ) ယောက်လောက်က ထွက်ကြည့်စူးစမ်းခဲ့ပေမဲ့ ဘယ်သူကမှ မတား ဆီးခဲ့ဘဲ တနာရီကျော်ကြာမှသာ တစုံတယောက်က ရဲကိုခေါ်ခဲ့ပါတယ်။

၁၉၈ဝ ခုတုံးက အိန္ဒိယနိုင်ငံမှာ ယောကျာ်း (၂၂) ယောက်ကနေ (၃) ပတ်ကြာအောင် အုပ်စုလိုက်မုဒိမ်းကျင့်ခံခဲ့ရ၊ ရွာထဲ ကိုယ်တုံးလုံးချွတ် လမ်းလျှောက်ပြရပြီးနောက် ဖူလန်ဒေဝီဟာ ငွေများတရားနိုင် ဘက်လိုက်တရားဥပဒေရဲ့ အကူအညီကို ဘယ်လိုမှမရနိုင်တာသိလာလို့ ဓားပြဗိုလ်လုပ်ပြီး သူမကိုမုဒိမ်းကျင့်တဲ့ ယောကျာ်း (၂၂) ယောက်စလုံးကို တယောက်ပြီး တယောက် လိုက်သတ်ပစ်ခဲ့ပါတယ်။ ၁၉၆၈-၆၉ ခုနှစ်တွေလောက်ကလည်း ရှမ်းပြည် ပင်းတယ-ရွာငံ-ရပ်စောက်-မိုးလုံး ဟိန်းဒေသမှာ အုပ်စုလိုက်မုဒိမ်းကျင့်ခံရတဲ့ ပအိုဝ်းအမျိုးသမီးတယောက်က ဓားပြဗိုလ်လုပ်ပြီး သူ့ကို မုဒိမ်းကျင့်ခဲ့တဲ့ ယောကျာ်းတွေနဲ့ ဘက်လိုက်တဲ့ရွာသူကြီးတွေ၊ ရဲတွေကို ပြန်လိုက်သတ်ခဲ့တဲ့အဖြစ် ရှိခဲ့ဖူးပါတယ်။

လူ့တာဝန်ကိုထည့်မပြောဘဲ လူ့အခွင့်အရေးကိုသာ စောင်းပေးနေသရွေ့ အာဏာရှင်တွေ၊ ကိုယ်ကျိုးရှာသမားတွေကို ဖယ်ရှားရေးဟာ သူ့တာဝန်လိုလို ကိုယ့်တာဝန်လိုလို၊ ပြည်တွင်းကအဲန်အယ်လ်ဒီ စီအာပီပီတာဝန်လိုလို ပြည်ပက စင်ပြိုင် အစိုးရတာဝန်လိုလို၊ ကုလသမဂ္ဂတို့ နိုင်ငံတကာတရားရုံးတို့တာဝန်လိုလို၊ တရုတ်တာဝန်လိုလို အမေရိကန် တာဝန်လိုလိုနဲ့ ဇာတ်မျောကြီးဖြစ်နေမှာပါဘဲ။

ဂါမဏိ
(၂ဝဝ၉ ဇန်နဝါရီလထုတ် မိုးကြိုးစာစောင်မှာ ဖော်ပြခဲ့ပြီး)

ညိုထက် (လမ်းသစ်ဦး) ● ရန်စယ်လီယာက ကင်မရာလေးကို လွမ်းတယ်

$
0
0
ညိုထက် (လမ်းသစ်ဦး) ● ရန်စယ်လီယာက ကင်မရာလေးကို လွမ်းတယ်
(မိုးမခ) မတ်လ ၃၊ ၂၀၁၉

ရန်စယ်လီယာ က ကင်မရာလေးကိုလွမ်းတယ်
ဘယ်ဝတ်စုံ ဝတ်ဝတ် ဝတ်စုံပြည့် ဝတ်လေ့ရှိတဲ့ ကင်မရာလေးပေါ့
လူစည်ကားတဲ့ ပွဲတွေတိုင်း ကင်မရာလေးရောက်လာလေ့ရှိတယ်
အရက်ကိုကြိုက်လို့ သောက်တာလား ကင်မရာလေးရဲ့ ပျော်ပါစေ ချစ်သဲလေးပေါ့
ကင်မရာလေးက အိမ်လူစည်တာကို ကြိုက်တဲ့ ကိုလူစည်ပေါ့
လူစည်ပြီဆိုရင် ကင်မရာလေးက ခေါ်တယ်
“ငယ်” ရေတဲ့ “ကို” ရေတဲ့
“ငယ်” ရယ် “ကို” ရယ်ဆိုတာ ကင်မရာလေးနဲ့ ထရိုင်ဘုတ်ဖြစ်တယ်
ဟောလီးဝု စတားဘယ်သူထင်သလဲ
ကျနော်က တုံးကို တုံးတဲ့ တကယ့် ငတုံး
ကင်မရာလေးရဲ့ ဆိုဗီယက်တွေက “ကိတ်” တယ်
ကင်မရာလေးက ပြောတယ် မနေချင်တော့ဘူးတဲ့
ရှေ့နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး ကင်မရာလေးရဲ့
ဘာညာမဟုတ်တာကြောင့်ပေါ့ ဟုတ်လား
ဘာညာ ဖြစ်တယ် ပြောပင်ပြောနေသော်ငြားသော်လည်း
အိုးထိမ်းသည်လုပ် ဇာတ်မြှုပ်နေခဲ့/နေလျက်
ရန်စယ်လီယာက ကင်မရာလေးကို လွမ်းတယ်
နေလျက်

ညိုထက် (လမ်းသစ်ဦး)
၁၇ - ၂ - ၁၉

မိုးခါး ● လက်မပါပဲနတ်ဘုရားဖြစ်ချင်နေသူ

$
0
0
မိုးခါး ● လက်မပါပဲနတ်ဘုရားဖြစ်ချင်နေသူ
(မိုးမခ) မတ်လ ၃၊ ၂၀၁၉

ပျင်းရိနေတဲ့ကပ်ပါးတကောင်ပေါ့
ငရဲကိုပန်းလိုအထင်နဲ့
စိတ်ကြီးဝင်နေ
လက်ညှိုးထိုးမရတဲ့သမ်းဝေမှုမှာ
သွေးဆာနေတဲ့နှလုံးသားကကိုက်ခဲ
အရှင်ဆိုတဲ့စာသားနဲ့ ပုတ်အဲ့နေတဲ့အလောင်းကောင်လို

သူရဲကောင်းမဏ္ဍိုင်ကိုသာအားကျပြီး
အရေပြားပေါ်ပုတ်သိုးနေတဲ့မာယာ
တဖက်သားရဲ့ကိုးကွယ်ခံမှုမှာ အမှောင်ကျချင်နေတဲ့အခါ

စကားလုံးတွေ
ဟန်ဆောင်ကောင်းခဲ့
ကိုယ့်အလံနဲ့ကိုယ်မီးစွဲလောင်ခြင်းမှာ
သေဖော်ညှိ
ပန်းလိုဂုဏ်ဒြပ်နဲ့ရနံ့ကို အပွင့်ဖော်လို့

ကြီးကျယ်မြင့်မြတ်ပုံစာတမ်းသာထိုးထား
ယားယံနေတဲ့ဘဝ
အမှောင်ထဲ
မှန်စီရွှေချလို့

ပျင်းရိနေတဲ့ကပ်ပါးတကောင်ပေါ့
သူမပိုင်တဲ့ကမ္ဘာကို
အစိမ်းသေလိုသွေးစုပ်လို့ကောင်းတုန်း။         ။

မိုးခါး
၁၂၊ ၁၊ ၂၀၁၉

ကျော်ထင် ● ကြွက်ဂယ်လောင်းတွေ

$
0
0
ကျော်ထင် ● ကြွက်ဂယ်လောင်းတွေ
(မိုးမခ) မတ်လ ၄၊ ၂၀၁၉

၁။
ကျုပ်ကို အိပ်မရအောင် အနှောက်အယှက်အပေးဆုံးက မျက်နှာကျက်ပေါ်က ဂယ်လောင်းတွေ တကျွိကျွိအော်သံ၊ တဂျစ် ဂျစ် ကိုက်ဖြတ်သံတွေနဲ့ တဝေါဝေါပြေးသံတွေပဲ။  ကျုပ်အိမ်ခေါင်းရင်းမှာ အရူးအရက်သမား ရှိတယ်။  ဒီကောင်က အရက် သောက်ပြီးရင် အရူးတစ်ယောက်လိုပဲ။  ပြောချင်ရာစကားတွေ အကျယ်ကြီးပြောလေ့ရှိတယ်။ မိန်းမနဲ့လည်း မနက်လင်းတဲ့ထိ ရန်ဖြစ်တယ်။  ဒါပေမယ့် ကျုပ် အိပ်လို့ရပါတယ်။

အိမ်ခြေရင်းမှာကျတော့ စားသောက်ဆိုင်ဖွင့်ထားတဲ့ မိသားစုနေတယ်။  မနက်ခင်းဆို ထွက်သွားပြီး ဉာဥ့်နက်သန်းခေါင်းကျမှ ပြန်လာတယ်။ အိမ်ပြန်ရောက်ရောက်ချင်း သူတို့မအိပ်ကြသေးဘူး။ စကားတွေ ပြောကြ၊ ရယ်ကြနဲ့။ ဒါလည်းပဲ ကျုပ်အိပ် ပျော်တာပါပဲ။ အိမ်နောက်က လူကတော့ ခပ်ပေါပေါဗျ။ အသက်ကြီးပေမယ့် အချိန် သိပ်မစီးတဲ့လူစားမျိုး။ သူ့အကျင့်ကTVကို အကျယ်ကြီးဖွင့်တတ်တာ။ ပြီးတော့ဘေးလူ မကြားဝံ့မနာသာကိုလည်း မကြာမကြာ အော်ဟစ်ပြောဆိုတတ်တယ်။ ဒါ လည်းပဲ ကျုပ်အတွက်တော့ အေးဆေးပါ။ နေသာသပ၊ လေညာက ဆိုသလိုပေါ့။ အိပ်လို့ ရပါတယ်။

အဲ့ဒီ့အသံတွေအားလုံးက ကျုပ်အိမ်ကမှ မဟုတ်တာ။ ကျုပ်နဲ့မှ မပတ်သက်တာ။ ဒီအသိနဲ့ ကျုပ်အိပ်လို့ရတာလည်း ဖြစ် ချင်ဖြစ်မှာပေါ့။ ကျုပ်ကို အိပ်လို့မရအောင် အနှီးအသံတွေက မနှောက်ယှက်နိုင်ပါဘူး။ အသံတွေသိပ်ကျယ်လို့ အိပ်ရာက လန့်နိုးမိလည်း ခဏပါပဲ။ အသံတွေရဲ့ ရုန့်ရင်းကြမ်းတမ်းတာတွေကို ဝိဘစ္ဆရသလိုလို၊ ရုဒ္ဒရသလိုလို ခံစားရင်းပြန်အိပ် ပျော်သွားတယ်။

ကျုပ် အိပ်လို့မရအောင် နှောက်ယှက်တဲ့အကောင်တွေက ဂယ်လောင်းတွေ။ ဂယ်လောင်းတွေဆိုတာက ကျုပ်အဘဆီက ကြားရင်း ကျုပ်လက်ထက်ထိ ခေါ်နေမိတဲ့အမည်ပါ။ ကျုပ်အဘက လူပျံတော်ကြီးဆိုတော့သူပြောလိုက်ရင် အဆန်းချည်းပဲ။ ကမ္ဘာပြားကြောင်းကို ကျုပ်နဲ့သူပြောကြတာ၊ သူက ပြားကြောင်းရှင်း ကျုပ်က လုံးကြောင်းပြောနဲ့၊ တစ်လကိုးသီတင်း မက ဘူး ကြာတယ်။ အဲ့ဒါကို မကျေနပ်သေးလို့ ကျုပ်ကို ဗုဒ္ဓဝါဒီ ကမ္ဘာ့ပထဝီဆိုတဲ့စာအုပ်တစ်အုပ်လည်း ပေးဖတ်ထားသေးသဗျ။ ကျုပ်ဖြင့် ဖတ်ကြည့်တာ ခုထက်ထိ နားမလည်သေးဘူး။  အဘက ရုပ်ဝတ္ထုနဲ့ပတ်သက်ရင် ကမ္ဘာလုံးတာကို မယုံတဲ့သူပါ။ နေ မလည်ဘူးဆိုတာကိုလည်း လက်မခံဘူး။  အဘက ခုထက်ထိ ကမ္ဘာပြားနေတဲ့သူ။ အဲ့ဒီ့အကြောင်း သားအဘနှစ်ယောက် ဆုံတိုင်း အကြိမ်ကြိမ်ရှင်းပြပေမယ့် ကျုပ်က ဉာဏ်တိမ်လို့ပဲလားတော့ မသိဘူး။ အဘပြောတဲ့ ကမ္ဘာပြားပုံ၊ နေလည် နေပုံ၊ သုံးကျွန်းလင်း၊ သုံးကျွန်းမိုက်ဆိုတာတွေကို နားကိုမလည်တာ။ အဘကလည်း သူ့အယူအဆပေါ်မှာ ကျောက်ချထားလို့  ပဲလားတော့ မသိဘူး။ ကျုပ်သင်ရတဲ့ ကမ္ဘာလုံးတဲ့အကြောင်းကို လက်မခံဘူး။

စိတ်နဲ့ပတ်သက်တာကျတော့ အဘက ကံ၊ ကံ၏ အကျိုးတဲ့။ ကိုယ်လုပ်တဲ့ကံ ကိုယ်ဆီပြန်လာမှာပဲတဲ့။ အဲ့ဒါကို အမြဲ တမ်းပြောတယ်။ ကျုပ် တော်တော်မူးပြီး ပြန်လာတဲ့နေ့က အန်တယ်။ ဒါကိုကြည့်ပြီး အဲ့ဒါ ပေါ့ကွ၊ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်လာတယ်ဆိုတာ။ မင်းမူးတဲ့ကံကြောင့်၊ မင်း အန်တဲ့ကံဖြစ်တာတဲ့။ အဲ့လိုအဘက ကြွက်ကိုလည်း ဂယ်လောင်းတဲ့။ ကြွက် ဂယ်လောင်းတွေတဲ့။ အဲ့ဒီတော့ ကျုပ်ကလည်း ဂယ်လောင်းလို့ပဲ ခေါ်တတ်ခဲ့တာပေါ့။

၂။
ကျုပ်တို့ အခန်းလေးကို ချဲ့တော့ အပေါ်ထပ်က အမှုန်တွေ၊ ဖုန်တွေ အခန်းထဲ မကျအောင် မျက်နှာကျက် ထည့်ရိုက်လိုက်တယ်။ ဆင့်ပေါ်မှာ သုံးထပ်သားနဲ့ ရိုက်ခိုင်းလိုက်တာ။ မရိုက်ခင်က ဆင့်နဲ့ရက်မကြားကို ကြွက်ဂယ်လောင်းတွေ မဝင်နိုင်အောင် ထိပ်နှစ်ဖက်ကို သုံးနှစ်တွေဖြတ်ပြီး ပိတ်ဖို့ရည်စူးထားပေမယ့် လက်သမားတွေ မျက်နှာကျက်ရိုက်တော့ ကျုပ်က အိမ်မှာ မရှိ လိုက်ဘူး။ ရိုက်မှပဲပြောမယ်ဆိုပြီး ကြိုလည်းမမှာထားမိဘူး။ ကျုပ် အိမ်ပြန်ရောက်တော့ မျက်နှာကျက်တွေက အကုန်ရိုက်ပြီး ကုန်ပြီ။ ဇလီတွေတောင် သတ်ပြီးကုန်ပြီ။ ကြွက်ဂယ်လောင်း ဝင်ပေါက်တွေ ပိတ်မထားခိုင်းလိုက်ရဘူး။

လက်သမားတွေကလည်း ပိတ်ပြီးမှ မျက်နှာကျက်ကိုရိုက်တာ မဟုတ်ဘူး။ စေတနာပေါ့။ သူတို့က အိမ်ရှင်တွေအပေါ် စေတနာထား လုပ်ကြတာမဟုတ်တော့ ဖြစ်သလိုပဲ၊ ပြီးလွယ်စီးလွယ်ပဲ လုပ်ပေးကြတယ်။ ဘာဖြစ်ဖြစ် ခိုင်းမှလုပ်တယ်။ ပြောမှသိတယ်။ တကယ်တမ်းကသူတို့က လက်သမားတွေပဲ။ အိမ်အခြေခံအကြောင်းကို ပိုသိရမှာ။ ဘယ်နေရာမှာ ဘာလို ရင် ဘာတွေဖြစ်တတ်တယ်၊ ဟာကွက်၊ ပျော့ကွက်တွေ ဘာရှိတယ်ဆိုတာ ပိုသိသင့်တယ်။

ဒါပေမယ့် ခုခေတ်လက်သမားဆရာဆိုတာ ဆရာကျကျ တတ်လို့ထက် ငတ်လို့လုပ်တယ်ဆိုတဲ့သူက များများဆိုတော့ ဂယ် လောင်းတွေပေးတဲ့ဒုက္ခ၊ကျုပ်မယ် ကောင်းကောင်းကြီး ခံရတော့တာပေါ့။ မျက်နှာကျက်တွေတပ်ပြီးလို့ မကြာပါဘူး မိုးတွေ တအားရွာတဲ့ညက ဂယ်လောင်းတစ်သိုက် ကျုပ်မျက်နှာကျက်ပေါ် ရောက်လာကြတယ်။ လာတုန်းကတော့ မိုးခိုဖို့ ခဏ တဖြုတ် ရောက်လာတာနေမှာပေါ့။ ဒါပေမယ့် မျက်နှာကျက်ဟာ ဂယ်လောင်းတွေအတွက် လွတ်မြောက်နယ်မြေကြီးတစ်ခု ဆိုတာ သိသွားကြပြီး မပြန်ကြတော့ဘူး။ တဝေါဝေါ ပြေးလို့။ တကျွိကျွိ တေးဆိုလို့။ တဂျစ်ဂျစ် ကိုက်ဖြတ်လို့။ အားလုံး လွတ်လွတ်လပ်လပ်ပဲ။ မျက်နှာကျက်ထဲမှာဆို ကြွက်ဂယ်လောင်းတွေကို ကြောင်တွေ ဘာမှလုပ်လို့ မရတော့ဘူး။

ကြမ်းပြင်နဲ့ မျက်နှာကျက်ဟာ သုံးလက်မပဲ ကွာတာဆိုတော့ ကြောင်တွေ လျှောက်လည်း မဝင်သာ၊ ဝပ်လည်း သွားလို့မရနဲ့၊ ဒီအတိုင်း အသံပဲ နားစွင့်နေကြရတာ။ မီးဖိုထဲ၊ ထမင်းစားခန်းထဲ နယ်လွန်လာမှသာ ဖမ်းနိုင်၊ ခုပ်နိုင်ကြတာ။

မနက်ဘက်၊ နေ့ဘက်တွေမှာတော့ ကျုပ်က အိမ်မှာမရှိတတ်လို့ ကြွက်ဂယ်လောင်းတွေ နှောက်ယှက်တာ သိပ်မခံရဘူး။ ည ဘက်များမှာဆိုရင်တော့ ဒီကောင်တွေဒဏ် ကျုပ်ခံရပြီ။ ကျုပ်ကလည်း ကျုပ်ပဲ။ တခြားအသံတွေ ဘာကြားကြား အိပ် လို့ရတယ်။ အဲ့ဒီ့ကြွက်ဂယ်လောင်းတွေ မျက်နှာကျက်ပေါ် ပြေးတဲ့အသံ၊ သူတို့ တကျွိ ကျွိအော်တဲ့အသံ၊ သုံးထပ်သားတွေ ကို တဂျစ်ဂျစ် ကိုက်ဖြတ်နေတဲ့အသံတွေ ဆိုရင်တော့ ဘယ်လိုမှ သည်းခံလို့ မရဘူး။ အသံသေးသေးလေးတွေဆိုပေမယ့် အဲ့ဒီ့အသံသေးသေးလေးတွေကို ကျုပ်က မုန်းနေတာ။ မကြားဟန်ပြုပြီး အိပ်ကြည့်လည်း မရဘူး။ တခြားအသံတွေလိုပဲ သဘောထားပြီး မှိန်းပြီးမှေးအိပ်ကြည့်လည်း မရဘူး။ စိတ်ထဲမှာ ဒေါသက ဆိုင်ဖွဲ့နေတာ။ ဒေါသက သွေးကို ဆူစေတာ။ ဒီတော့ အိပ်ရာကထ။ မျက်နှာကျက်ကို တုတ်နဲ့ပုတ်ပြီး ဂယ်လောင်းတွေကို ခြောက်ရတယ်။ တအားလည်း မပုတ်ရဲဘူး။ အပေါ်ထပ်မှာက အဘနဲ့အမေတို့ အိပ်နေတော့ သူတို့ လန့်နိုးမှာလည်း စိုးရသေးတယ်။ ပုတ်ပြီး ပြန်အိပ်တော့ မကြာပါဘူး ဂယ်လောင်းတွေ ပြန်လာ ပြန်တယ်။ ကျုပ်လည်း ပြန်ထ ပြန်ပုတ်နဲ့၊ ကြွက်နဲ့ကျုပ်ဟာ Tom and Jarry ကာတွန်းကား တစ်ပုဒ်လိုပဲ။

၃။
ကြွက်နဲ့ ကျုပ်ကာတွန်းမှာ နောက်ဆုံးတော့ ကျုပ်ပဲ အိပ်ရေးပျက် ကျန်ခဲ့တာ။ ကြာတော့ အိပ်ရေးပျက်ဒဏ် ကျုပ်မခံနိုင်ဘူး။ ညတိုင်းဟာ ပထမပိုင်းမှာပဲ အိပ်လို့ ပျော်တယ်။ ၂ နာရီ၊၃ နာရီလောက်ဆို ကြွက်ဂယ်လောင်းတွေ မျက်နှာကျက်မှာ ပြေး တမ်းလိုက်တမ်းဆော့နေကြလို့ ကျုပ်ရဲ့အိပ်ချိန်ဟာ half time အဖြစ် ရပ်နားလိုက်ရတယ်။ လိင်စိတ်ကြွဖို့ ကြွက်ဂယ်လောင်း တွေရဲ့ဖိုနဲ့မ တကျွိကျွိအော်သံဟာ ကျုပ်အတွက်တော့ ခဏခဏ ထနေရတဲ့ အသံပဲ။ ဂယ်လောင်းပေါက်လေးတွေရဲ့ တီတီ တာတာအော်သံကမသတီစရာအသံ။ ဂယ်လောင်းမကြီးရဲ့ ကလေးချော့တေးသံကလည်း ကျုပ်ကို ဖင်ပုတ်နှိုးနေသလိုပါပဲ။

အတူ အိပ်ကြတဲ့အထဲမှာမိန်းမက ကျုပ်လောက် မဟုတ်ပေမယ့် သူလည်း အအိပ်ပျက်ရတာပါပဲ။ ကြွက်ဂယ်လောင်းတွေကို ဘယ်လို လုပ်မလဲဆိုတဲ့အဖြေကို ကျုပ်တို့လင်မယား စဉ်းစားကြတယ်။ ကြောင်ကတော့ အိမ်မှာ ရှိပြီးသားဖြစ်လို့ ပေးချက်ထဲ ထည့် မပေးတော့ဘူး။ ကြောင်တွေနဲ့ အလုပ်မဖြစ်ဘူးဆိုတာ လက်တွေ့ပဲ။ ဒီတော့ ထောင်ချောက်နဲ့ကြွက်ကပ်ကော်ကို ပေးချက်ထား စဉ်းစားကြည့်တယ်။ ကြွက်ထောင်ချောက်ထဲ မိနေပြီဆိုပါတော့။ ဘယ်လိုလုပ်မလဲ။ လမ်းထိပ်ကလူတွေလို ဘုန်းကြီးကျောင်း ယူသွားပြီး လွှတ်ကြမလား။ မကောင်း ကျောင်းပို့ရမယ့်ကိစ္စက တော်တော်မတရားသလိုပဲ။

ပိုပြီးမဖြစ်နိုင်တာက ကြွက်ထောင်ချောက်ကို ဘယ်သူကိုင်ပြီးပို့မှာလဲ။ ကျုပ်က ကြွက်ဂယ်လောင်းတွေကို ရွံကြောက် ကြောက်တာဗျ။ မိန်းမလည်း အတူတူပဲ။ ကြွက်ဂယ်လောင်းတွေဆို မီးညှပ်နဲ့ ညှပ်ပြီးကိုင်တာတောင် မကိုင်ရဲကြဘူး။ အူတွေ ယား၊ အသည်းတွေ ဖားလားဖားလားနဲ့။ မဖြစ်သာလို့ မီးညှပ်နဲ့ တစ်ခါကိုင်ခဲ့ရဖူးတယ်။ ကြွက်ကပ်ကော်မှာ ကပ်နေတာ။ ကြွက်ဂယ်လောင်းတစ်ကောင် မသွားနိုင်တော့ဘူး။ သေလည်း မသေ၊ ပြေးလည်း မပြေးနိုင်တော့ ကြွက်ကပ်ကော်ပေါ်မှာ လူးလွန့်နေတာ။ အဲ့ကျတော့လည်း ကျုပ်ဖြင့် မြင်ရတာ စိတ်မကောင်းဘူး။

မျက်စေ့ရှေ့မှာ သတ္တဝါတစ်ကောင် ဒုက္ခရောက်နေတာကို မကြည့်ရက်ပါဘူး။ ပြီးတော့ ဒီဒုက္ခကလည်း ကျုပ်တို့ပေးတဲ့ ဒုက္ခဆိုတော့ ပိုပြီး စိတ်မကောင်းဘူး။ ကျုပ်တို့ကို အိပ်ရေးပျက်အောင် လုပ်တဲ့ကောင်တွေဆိုပြီး မုန်းမနေဘူး။ ကျုပ်တို့ကြောင့် ဒုက္ခရောက်နေတာဆိုတဲ့အတွေးနဲ့ သနားနေတာ။ ဒါတွေဟာ အဘရဲ့ ကံ၊ကံရဲ့အကျိုး ဆိုတဲ့ သွန်သင်ချက်တွေကြောင့်ပဲလား။ ဒါနဲ့ပဲ ကျုပ်လည်း ပါဏာတိပါတကံကို လိပ်ပြာ လုံချင်တာနဲ့ဂယ်လောင်း ပြေးလို့ ရလိုရညား ဘေးပတ်လည်က ကော်တွေကို မကပ်တော့အောင် ပြာတွေဖြူးပြီး ထားပေးလိုက်သေးတယ်။  ကြွက်ဂယ်လောင်း ကံမကောင်းပါဘူး။ ကျုပ်ရှေ့မှာတင် ကြောင်စားသွားတာ တွေ့လိုက်ရတယ်။

ဒီတော့ ထောင်ချောက်နဲ့ကြွက်ကပ်ကော် သီအိုရီနှစ်ခုစလုံးဟာ ကျုပ်တို့ဂယ်လောင်ပုစ္ဆာအတွက် အဖြေထုတ် မပေးနိုင်ကြ ဘူး။ မိန်းမက ကိုယ့်ရှေ့မှာ သေတာမကြည့်ချင်ရင် ကွယ်ရာသေမယ့် ကြွက်သတ်ဆေးကောတဲ့။ ကျုပ်က ဒါကိုတော့ အဆို မှာတင်ပဲ ခါးခါးသီးသီး ငြင်းပယ်ပစ်လိုက်တယ်။ မျက်နှာကျက်ပေါ်မှာ တွေ့ရာသေနေမှ ဒုက္ခကွလို့ ဒုက္ခတလိုက်တယ်။ မိန်းမလည်း မပြောတတ်တော့ဘူးထင်တယ် ငြိမ်သွားတယ်။

၎။
ကျုပ် အိမ်ပြန်ရောက်ရောက်ခြင်းပဲ မိန်းမက ကြွက်သတ်ဆေး ဝယ်လာခဲ့တဲ့အကြောင်းပြောတယ်။

"ဟာ-မိန်းမကလည်း မျက်နှာကျက်ပေါ်သေနေရင် ဘယ်နှယ့်လုပ်မလဲ။ အဲ့ဒီ့ဆေးတော့ မသုံးပါနဲ့ကွာ"

"တော်ကလည်း စကားဆုံးအောင် နားထောင်ပါဦး။ ဒီဆေးက ပုပ်ဆော်မနံဘူးတဲ့။ ဆေးကြောင့် ကြွက်တွေသေ လည်းသေ၊ ပုပ်စေတဲ့ ကြွက်ရဲ့သွေးသားတွေလည်း ခန်းခြောက်သွားတယ်တဲ့"

"ဟာ ... ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒီညပဲ ဆေး စချမယ်ကွာ"

ကြွက်ဂယ်လောင်းတွေ ဆေးရောထားတဲ့အစာကို စားပြီး သူတို့ဘာသာသူတို့ သေချင်တဲ့နေရာ သေနေပါစေ။ ပြဿနာ မရှိတော့ဘူး။ ကျုပ်လည်း မမြင်ရ၊ မကိုင်ရဆိုတော့ အဆင်ပြေတယ်။ မျက်စေ့ကွယ်ရာ၊ နားကွယ်ရာမှာ ဖြစ်တာမျိုးကျ တော့လည်း ကျုပ်စိတ်ထဲ သိပ်ထိခိုက်လှတယ် မထင်ပါဘူး။ ဒီသဘောကို အသွင်တူ အိမ်သူကလည်း လက်ခံတယ်။ ဒါနဲ့ပဲ ဂယ်လောင်းတွေ သွားတတ်လာတတ်တဲ့နေရာတွေမှာ ပန်းရောင်ဝေဖာလေးတွေလို ဆေးကို ချထားလိုက်တယ်။ ကြောင်နဲ့ လည်း ဝေးအောင်၊ ကလေးလည်း မထိခိုက်အောင်၊ ကြွက်ဂယ်လောင်းတွေလည်း သေစေအောင်။

ဒီကောင်တွေ ဇီဝိန်ချုပ်မှ မျက်နှာကျက်ပေါ်တက်ပြီး ပေးနေတဲ့ဒုက္ခတွေ ငြိမ်းမှာ။ အဲ့ဒီ့ည ကျုပ်အိပ်တော့ ကြွက်ဂယ်လောင်း တွေ မြန်မြန်စား မြန်မြန်သေပါစေဆိုတဲ့ အိပ်တာ။ ပထမတော့ ဒီကောင်တွေ ဆေးကို မတွေ့သေး၊ မစားသေးလို့လားမသိဘူး။ တပျော်တပါးနဲ့ တဝေါဝေါ ပြေးတုန်းရှိသေးတာ။ ပြေးရင်းလွှာရင်းနဲ့ တကျွိ ကျွိက လည်း အော်လိုက်သေး။ အတွင်းဘက်ထောင့် ရောက်တော့ အဲ့ဒီနားမှာရပ်ပြီး တဂျစ်ဂျစ်ကိုက်ခြစ်နေတာ။  တစ်ကောင်နဲ့တစ်ကောင် လုံးထွေးနေတဲ့ အသံမျိုးတွေလည်း အဲ့ဒီ့ နားကပဲကြားနေရတယ်။ ကြွက်ဂယ်လောင်းတွေ မစားသေးဘူး။ ကြွက်ဂယ်လောင်းတွေ မသေကြသေးဘူး။ တအောင့် နေတော့ ဂယ်လောင်းတွေ တဝုန်းဝုန်းနဲ့ မျက်နှာကျက်အပြင် ပြန်ထွက်သံတွေ ကြားပြန်တယ်။ မြန်မြန်ထွက်၊ မြန်မြန်ထွက်လို့ ကျုပ်စိတ်ထဲက တောင့်တနေဖြစ်တယ်။ မျက်နှာကျက်အထွက်လမ်းမှာ ဆေးချထားတာ။ အပြင်ပြန်ထွက်မှ ဆေးကိုတွေ့မှာ။ ဆေးကို မြန်မြန်စားပြီး ဇီဝိန်ချုပ်လိုက်ပါတော့လား။ တော်တော်ကြာကြာလေးထိ ကြွက်ဂယ်လောင်းသံတွေ ပျောက်သွားပြန် တယ်။ ကျုပ်လည်းအိပ်ချင်တဲ့စိတ်ထဲ ပျော်ဝင်စီးစင်းသွားတယ်။ ကျုပ်အခန်းထဲမှာနာရီလက်တံ ရွေ့လျားသံကလွဲရင် ဘာ သံမှ မကြားရတော့ဘူး။ သေကုန်ပြီလား မသိဘူးဆိုတဲ့ မိန်းမရဲ့အသံ တိုးတိုးထွက်လာတော့ ကျုပ်က သိစိတ်နဲ့ မသိ စိတ်ကြားထဲမှာ ရောက်နေပြီ။ မိန်းမလည်း ကြွက်ဂယ်လောင်းတွေသေတာကို စိတ်လှုပ်ရှားရင်း စောင့်နေတာပဲ။

ကျုပ်လိုပဲ ဂယ်လောင်းတွေကို မြန်မြန်သေစေချင်နေမှာပဲ။ ဟုတ်တယ်။ ဂယ်လောင်းတွေဟာ အိပ်ပျက်ညတွေကို ဖန်တီး ခဲ့တာပဲ။ ဒီကောင်တွေ မြန်မြန်သေမှပါ။ ဂယ်လောင်းတွေ သေဖို့တွေးရင်း ကျုပ် အိပ်ပျော်သွားတယ်။ ဘယ်အချိန်မှာ အိပ်ပျော်သွားတယ် မသိဘူး။ ကြွက်ဂယ်လောင်းတွေ သေမသေဆိုတာ မသေချာဘူး။  ထူးခြားတာက အဲ့ဒီ့တစ်ညလုံး တရေးနိုးခဲ့လား မနိုးခဲ့လား မတွေးတောနိုင်လောက်အောင်ကို အသံတွေက ငြိမ်သက်နေတာပါပဲ။

၅။
"ကြွက်ဂယ်လောင်းတွေတော့ သေကုန်ပြီနဲ့တူတယ်မိန်းမ"လို့ ဝမ်းမြောက်ဝမ်းသာကြီးနဲ့ပြောလိုက်မှန်း ကျုပ်ဘာသာ ကျုပ် သိတယ်။

"ဟုတ်တယ်။ တစ်ညလုံး ငြိမ်သက်နေတာ။ စောစောပိုင်းလောက်ကပဲ သောင်းကျန်းပြီး၊ နောက်ပိုင်း ဘာသံမှမကြားရတော့ ဘူး"

မိန်းမဆီကပါ ဒီလို မှတ်ချက်ကြားရတော့ စိတ်ထဲ ပိုကျေနပ်သွားတယ်။ ကျုပ်ဘာသာကျုပ်ဆို ကြွက်ဂယ်လောင်းတွေ သေ၊ မသေဆိုတာ မတင်မကျရယ်။ သေဖို့မျှော်လင့်ကြည့်တာကလွဲရင် သေသေချာချာကောက်ချက် မချနိုင်သေးဘူး။ ရဲရဲ မဆုံး ဖြတ်နိုင်သေးဘူး။ ခုတော့ မိန်းမကပါ ကြွက်ဂယ်လောင်းသံတွေ မကြားရတော့တာဆိုတော့ ဒီကောင်တွေ သေကုန်တာ သေချာတယ်။ အကုန်မဟုတ်တောင် တော်တော်သောင်းကျန်းတဲ့အကောင်တွေ သေကုန်တာဖြစ်လိမ့်မယ်လို့ တွေးထင်လို့ ရတယ်။ ဒီညမှာတော့ ညစ၊ ညလယ်၊ ညဆုံး တိတ်ဆိတ်မှုတွေဖုံးလို့ အိပ်ပျော်ရတော့မယ်။ ကျုပ်အတွက် စိတ္တဇညတွေဟာ ကြွက်ဂယ်လောင်းတွေနဲ့အတူ ဇီဝိန်ချုပ်သွားပြီပေါ့။

ဒါနဲ့ လင်မယားနှစ်ယောက်သားဂယ်လောင်းတွေစားဖို့ ချထားတဲ့ဆေးတွေကို သွားကြည့်တာ နည်းနည်းပဲ ကျန်တော့တာ တွေ့ရတယ်။ မိန်းမက -"ဆေးကျန်တွေ သိမ်းလိုက်တော့မလား"

"ထားလိုက်ပါ။ ဒီကောင်တွေ အကုန် စားချင်မှ စားရဦးမှာ။ မစားရသေးတဲ့အကောင်တွေ စားပါစေဦး"

ဒီလိုပြောလို့ ကျုပ်ကို သိပ်ရက်စက်တဲ့ယောက်ျားလို့များ တွေးနေလေမလား။ မတတ်နိုင်ဘူး။ ကြွက်ဂယ်လောင်း တွေရဲ့ အသံတွေကို ကျုပ် မခံစားနိုင်ဘူး။ ကြွက်ဂယ်လောင်းမီး တစ်ရန်ငြိမ်းတဲ့စိတ်ဟာ ဘယ်လောက်ချမ်းသာ လိုက်သလဲဆိုတာ ကျုပ်က ပိုသိတယ်။ ဘာလို့လဲဆိုတော့ ကျုပ်က ကြွက်ဂယ်လောင်းသံတွေပေါ်မှာ စိတ္တဇ ဖြစ်နေတာကိုး။ ခုတော့ ငြိမ်းပြီ။ ဂယ်လောင်းတွေ မရှိတော့ဘူး။ သေပြီ။

၆။
ညပိုင်း အိမ်ပြန်ရောက်လို့ အခန်းထဲဝင်လိုက်တာနဲ့ အပုပ်နံ့ကို သဲ့သဲ့ရလိုက်တယ်။ စိတ်ထဲမှာ ဟာ ... သွားပြီဆိုတဲ့ စိုးရိမ်စိတ် က ဒိတ်ခနဲဝင်လာတယ်။ ကြွက်ဂယ်လောင်းတွေ သေပြီး ပုပ်ကုန်ပြီလား။ မဟုတ်ပါစေနဲ့လို့ ကျုပ်စိတ်ထဲ ကြိတ်ဆုတောင်း မိတယ်။ ညနေကတည်းက အနံ့ရနေတာတဲ့။ မိန်းမ ဝယ်လာတဲ့ဆေးကတော့ မပုပ်ဘူး လို့ ပြောထားသားပဲ။ မဟုတ်နိုင်ပါဘူး။ အိမ်မြှောင်များ သေနေတာလား။ အိမ်မြှောင်တွေ သေရင်လည်း ဒီလိုပဲ ပုပ်အဲ့အဲ့လေး နံတတ်တယ်။ မဟုတ်ဘူးဆိုရင်ကော။ ကြွက်ဂယ်လောင်းသေတွေဆီကလား။ ဆေးကမပုပ်ဘူးဆိုတာ ညာရောင်းတာလား။ သေချာတာကတော့ အပုပ်နံ့ဟာ ကြာလေကြာလေပိုပြီ ပီသလာလေပဲ။

အခန်းထဲမှာ သိသိသာသာ အနံ့ကဲလာတယ်။ အိပ်ချိန်နားနီးလေ ပိုနံလေပဲ။ အိပ်ရာဘေးတွေ လျှောက်ကြည့်။  ကြိုကြို ကြားကြားတွေ ဓာတ်မီးနဲ့ထိုးရှာ။ ဒါပေပေမယ့် ဘာမှ မတွေ့ဘူး။ မျက်နှာကျက်တွေကို အနံ့ခံကြည့်တော့ အနံ့က ပိုနံနေတယ် ထင်ရတယ်။ နံတာမှ နေရာအနှံ့မှာ နံနေတာ။ နေရာအနှံ့မှာများ သေနေကြသလား။ ဒါဆိုရင်တော့ မျက်နှာကျက်တွေ ဖြုတ် ရတော့မှာပဲ။ အလုပ်တွေ ရှုပ်ရတော့မယ်။ ဇလီတွေခွါဦး၊ သံတွေ နုတ်ဦးနဲ့။ အမှုန်အမွှားတွေ ကျမယ့်ဘေးကလွတ်အောင် အင်္ကျီစင်တွေ၊ အိပ်ရာတွေနဲ့စာအုပ်တွေကိုလည်း တနွယ်ငင်၊ တစင်ပါ သိမ်းရဦးမယ်။

အမေလေး ... ကိုရွှေကြွက်ဂယ်လောင်းတို့ရေ။ ဒုက္ခပေးချက်က ကြမ်းလှချည့်လားလို့သာ အော်ဟစ်ပစ်လိုက်ချင်တော့တာပဲ။ မနက်ပြဿနာကို တွေးရင်း၊ အခုလောလောဆယ် ပြဿနာအတွက်လည်း ရင်မောရတယ်။  ကျုပ် ဘယ်လိုအိပ်ရမလဲ။ ဒီအပုပ်နံ့ကြီး တထောင်းထောင်းနဲ့ဆို အိပ်ရမှာ မဟုတ်ပါဘူး။ အနံ့က ဉာဥ့်နက်လေ ပိုနံလေ ဖြစ်ဖြစ်လာတာ။ အခန်းပြင် ထွက်အိပ်ရင်ကော။ အိပ်ရာတွေတော့ ရွှေ့ရမှာပဲ။ မတတ်နိုင်ဘူး။ ဒီအတိုင်း အခန်းထဲ အိပ်ဆို၊ မအိပ်နိုင်ဘူးလေ။

၇။
မနက်လင်းတော့ အခန်းထဲမှာ အပုပ်နံ့က လှိုင်နေကျိုင်နေပြီ။ အလုပ် မသွားတော့ဘဲ ကျုပ်ကိုယ်တိုင် မျက်နှာကျက်တွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မိန်းမက ကူပေါ့။ မျက်နှာကျက်ကိုဖြုတ်ရင် ဘယ်မျက်နှာကျက်က စဖြုတ်ရမလဲဆိုတာကတော့ စဉ်း စားရ တော်တော်ကျပ်တယ်။ ရှေ့မျက်နှာကျက်က စ,ရမလား၊ နောက်မျက်နှာကျက်က စ,ရမလား၊ မဝေခွဲတတ်ဘူး။ အဲ့ဒါ ကျုပ်က အနံ့ခံကောင်းကောင်းနဲ့ အနံလိုက်ခံကြည့်တော့ အနံ့က နေရာအနှံ့မှာ ရနေတာပဲ။ ဘယ်လိုခွာရမှန်းတောင် မသိ တော့ဘူး။

မိန်းမကို စစ်ကူတောင်းကြည့်တယ်။ သူကလည်း မပေးတတ်ဘူးတဲ့။ ကဲ ... ဒီတော့လည်း ကျုပ်ဘာသာကျုပ်ပဲ ဆုံးဖြတ်တော့ မယ်။ ကြွက်ဂယ်လောင်းတွေ ပိုပြီးပျော်မွေ့တာက နောက်မျက်နှာကျက်တွေမှာ။ ဒါကြောင့် နောက်မျက်နှာကျက်တွေကို စ,ခွာတယ်။ အခန်းထဲမှာ မျက်နှာကျက်သုံးထပ်သား ဆယ်ချပ်ရှိတယ်။ ပထမအချပ်ကို ခွာတော့တောင် ကျုပ်ဆုတောင်း ဖြစ်တယ်။ တချပ်တည်းနဲ့ ပြီးပါစေကွာလို့။ ဆုတောင်း မပြည့်ပါဘူး။ ဘာမှ မတွေ့ဘူး။ ဘာဂယ်လောင်းမှ သေနေတာ မရှိဘူး။ ဆက်ခွာတယ်။ ဘာမှ မတွေ့ဘူး။ အဲ့ဒါ ကိုးချပ်မြောက်ခွာပြီးတဲ့ အထိပဲ။ ဘာကောင်မှ မရှိဘူး။ ဒါပေမယ့် အနံ့ကတော့ နံနေတုန်းပဲ။ ဒါဆို ကျန်နေသေးတဲ့ မျက်နှာကျက်ဟာ တရားခံရှိနေတဲ့နေရာပဲ၊ သေချာပြီ။ အဲ့လိုမှန်းသိ ရှေ့မျက်နှာကျက် ကစပြီး ခွာပါတယ်ကွာလို့ မိန်းမကို မချိတင်ကဲ ပြောရင်း နောက်ဆုံးအချပ်ကို ခပ်ဖြည်းဖြည်းခွာလိုက်တယ်။ ဟကြည့်လို့ရတဲ့အနေအထားလောက်ရောက်တော့ သုံးထပ်သားကို ကျုပ် ဟကြည့်လိုက်တယ်။ ဇလီ မခွာရသေးတဲ့ ထောင့်မှာ ကြွက်ဂယ် လောင်း သေတွေကို တွေ့ လိုက်တယ်။ နည်းနည်း မှောင်နေလို့ သုံးကောင်လား၊လေးကောင်လား မကွဲဘူး။

"တွေ့ပြီ မိန်းမရေ၊ တွေ့ပြီ။ တွေ့တော့လည်း နောက်ဆုံးဆိုမှ နောက်ဆုံးမှပါလားကွာ။ သူ့ထက် နောက်ဆုံးကျတာတောင် မရှိတော့ပါဘူး"

"ဟုတ်ပါ့တော်၊ တိရစ္ဆာန်တွေများ ဒုက္ခပေးချက်။ ကိုယ်ဟာကိုယ်မနေကြဘူး။ လူတွေနေတဲ့နေရာ လာပြီးတော့ ဒုက္ခပေး တယ်"

"အဲ့ဒါ အရေးမကြီးဘူးမိန်းမရေ၊ ကြွက်ဂယ်လောင်းကို လှမ်းယူရမှာ အူယားတယ်ဟ"

"ဒါဆို အဘကို ခေါ်လိုက်မယ်။ "

ပြောပြောဆိုဆိုနဲ့  အပေါ်ထပ်က အဘကို လှမ်းအော်ခေါ်တယ်။ မခေါ်နဲ့လို့ တားချိန်မရလိုက်ဘူး။ အဘ မီးညှပ်ကိုင်ပြီး ရောက်လာတယ်။ ကျုပ်က အဘကို ကြွက်ဂယ်လောင်းသေ ရှိတဲ့နေရာပြပြီး၊ ဂယ်လောင်းတွေ မြှုပ်ဖို့ ကြွင်းသွားတူးလိုက်တယ်။ အဘက မီးညှပ်နဲ့ တစ်ကောင်ချင်းညှပ်ပြီး ကော်ပြားနဲ့ တင်ယူလာတယ်။  ကြွက်ဂယ်လောင်း သုံးကောင်။ တွင်းထဲထည့်ပြီးလို့ မြေဖို့နေတုန်း ...

"အဲ့ဒါပေါ့ကွ၊ကိုယ်ပြုတဲ့ကံ၊ကိုယ်ဆီ ပြန်လာတယ်ဆိုတာ။ သူတို့ က အေးအေးမနေဘဲ လူတွေကို နှောက်ယှက်နေတော့ အသေဆိုးနဲ့သေရတာပေါ့။ မင်းတို့ကလည်း သူတို့အသက်ကို သွားပြီးဒုက္ခပေးမိတော့၊ ကိုယ်လည်း ကာယဒုက္ခတွေ ပြန်ခံ စားရတာပေါ့"

အဘ စကားကို နားထောင်နေတာမဟုတ်ပေမယ့် ကျုပ်ကြားနေရတာ။ မြေကို ခပ်မို့မို့လေးဖို့ပြီး လက်စသတ်မယ်လုပ်ကာမှ ခွေးတွေယက်၊ ကြောင်တွေယက်ပစ်ရင် ခက်မယ်ဆိုတဲ့ အတွေးဝင်လာလို့ ကျောက်ခဲကြီးကြီးနဲ့ အုတ်နီခဲကျိုးတွေရှာပြီး အပေါ်ကနေ ဖိထားလိုက်ရသေးတယ်။ တော်တော်ဒုက္ခပေးတဲ့ ကြွက်ဂယ်လောင်းတွေ။

ကျော်ထင်

မောင်လှဝင်း (မြင်းခြံ) ● ဗိုလ်ကျော်ဇော မော်ကွန်း

$
0
0

မောင်လှဝင်း (မြင်းခြံ) ● ဗိုလ်ကျော်ဇော မော်ကွန်း
(မိုးမခ) မတ်လ ၄၊ ၂၀၁၉

သူတို့အသက်မီးအိမ်တွေ ဘယ်မှာ ချိတ်ဆွဲထားခဲ့ပါလိမ့်
လောက်လေးထဲမှာ သူတို့ဘဝတွေ ပစ်လွှဲလိုက်သလိုပဲ။

လေရိုင်းကလည်း ထန်လို့
ညရိုင်းကလည်း ပိန်းပိတ်လို့
မြင်းရိုင်းကြီးတွေရဲ့ လည်ဆံမွေးတွေကလည်း တဖားဖားလွင့်လို့
လည်ဆံမွေးတွေကို ဆုပ်ကိုင်ခိုတွဲထားရင်း
စူးစူးတစ်တစ် ဟစ်အော်ကာ သူတို့ဝင်လာကြတော့
ကောင်းကင်မည်း မျက်နှာ
ဆတ်ခနဲ တချက်တုန်ခါသွားတယ်။

ဒီညထဲမှာပဲ သူတို့အလံတော်ကို လွှင့်ခဲ့ကြတယ်
သွေးရည်ဖလားထဲမှာ သစ္စာတရားတွေ ပလုံစီလို့
နာကြည်းဒေါသတွေ ပွက်ပွက်ဆူလို့
ခေတ်သစ်မှာ လွှင့်လိုက်တဲ့ အလံသစ်ပါ
တပ်တော်ဉီးမှာ တလူလူ လွင့်လို့
ဟုတ်တယ် ... အဦးဆုံး တပ်တော်ရဲ့ တပ်တော်ဦး။

မြေရိုင်းတွေကို ထွန်ယက်ရတဲ့အခါ
သူရဲကောင်းတို့ရဲ့ရင်မှာ ထွန်ခြစ်ရာတွေ ထင်းလို့
အလင်းခေတ်ကို ဘယ်သူတွေ သိုဝှက်ထားတာလဲ
ညအသင်္ချေရဲ့အနားသတ်ဟာ ဘယ်မှာလဲ။

ကန္တာရ ဆူးကြမ်းကြီးတွေ လက်သည်းတွေထုတ်လို့
ကောင်းကင်မျက်နှာ ကုတ်ခြစ်ပစ်မလို့တဲ့
အလင်းပေးခဲ့သူတွေရဲ့ကျေးဇူးနဲ့
မဟူရာ ညရဲ့ အလင်းပျပျမှာ
ကန်လယ်မှာ ကြာတွေဖူးမြဲ ဖူးလို့
လယ်မြေက အနင်းခံ ကောက်ရိုးနွယ်တွေက
ရုန်းကန် လူးလွန့်ထလို့။

ဒီလိုနဲ့ပဲ
မလင်းသေးတဲ့ ညကောင်းကင်ထိပ်မှာ
သူတို့နှလုံးသားတွေ ချိတ်ဆွဲခဲ့ကြတော့ ...
အဲဒါ ... ကြယ်နီတွေလေ ... ။

ငိုကြွေးနေတဲ့ ဆင်းရဲသားအမယ်အိုရဲ့
မျက်ရည်ပူတွေ သုတ်ပေးတဲ့အထဲမှာ သူ ပါခဲ့တယ်။
ကလေးငယ်လေးတွေ ပွေ့ချီပြီး ကမ္ဘာမကြေ သီချင်းဆိုရင်း
မျိုးစေ့တွေ ဗမာပြည်အနှံ့ သူပက်ကြဲခဲ့တယ်။
စစ်သားတယောက်ရဲ့ နူးညံ့အသည်းနဲ့
တိုင်းချစ် ပြည်ချစ်တယောက်ရဲ့ သစ္စာလက်နဲ့
ချိုးဖြူငှက်လေးတွေ သူ အကြိမ်ကြိမ်လွှတ်ပေးခဲ့ပေမယ့်
ချိုးငှက်လေးတွေ မြှားဒဏ်ခ ကြေကွဲဖွယ် ဒီနေ့အထိပဲ။

ဒီနေ့အထိပဲ ... ဒီနေ့အထိပဲ ... ဒီနေ့အထိပဲ ...

အမျိုးသားဂုဏ်သိက္ခာ ပွင့်ကြွေတွေနဲ့အတူ ကုန်းကောက်ရတော့မယ်
ပြည်သူ့မျက်ရည် သုတ်ပေးသူတွ ထပ်မံ မွေးဖွားရဦးမယ်
ပြည်သူ့လက်ထဲ မျိုးကောင်းတစေ့ ကျောက်ကောင်းတပွင့်
ထည့်ပေးမယ့်သူတွေ မုန်းတိုင်းထဲကအလာ စောင့်ကြိုနေရဦးမယ်
ငိုကြွေးသံတွေဆိုတာ သန်းခေါင်ချိန်မှာ ပိုကျယ်လောင်တတ်တယ်
ကျောက်ဆောင် ကျောက်သားထက် သစ်ခွနီပွင့်ဖို့ နှစ်ပေါင်းများစွာ
လူထုအသိန်းအသန်းကို နှစ်မြှုပ်ပစ်တဲ့ လှိုင်းလုံးတွေတက်နေတာ          
နှစ်ပေါင်းများစွာ
ဒီလိုနဲ့ပဲ ဗိုလ်ကျော်ဇောဟာ အနီပွင့်ပန်းခင်းကို ဖြတ်ပီး ကိုယ့်အိမ်ကိုယ့်ရာ      
ပြန်လာတယ်။

စစ်ဘုရင်တွေ ယုတ်မာသောင်းကျန်း မိုးကောင်းတုန်း ရွာနေဆဲ ...
နှိုင်းယှဉ်ကြည့်လိုက်တိုင်း အကြိမ်ကြိမ် ဂုဏ်ပြုတယ်              
အကြိမ်ကြိမ်ဉီးညွတ်တယ်
အကြိမ်ကြိမ် အလေးနီပြုတယ် ထာဝရ ဂုဏ်ယူနေမယ် ...
မိုးသက်မုန်တိုင်းထဲမှာ တို့အားလုံးအတွက် တပြည်လုံးအတွက်
ဗိုလ်ကျော်ဇောဟာ လက်တဖက်က မီးရှူးတန်ဆောင်ကို မြှောက်ကိုင်လို့
လက်တဖက်က လက်ညှိုးညွှန်ပြလို့ ....
ချီတက်ကြလော့ ....။


မောင်လှဝင်း (မြင်းခြံ)

တောင်ကြီးမြို့ ခြေဥ ပြင်ဆင်ရေး ထောက်ခံပွဲကို ခြိမ်းခြောက်မှုများကြားမှ ပြုလုပ်ခဲ့

$
0
0


တောင်ကြီးမြို့ ခြေဥ ပြင်ဆင်ရေး ထောက်ခံပွဲကို ခြိမ်းခြောက်မှုများကြားမှ ပြုလုပ်ခဲ့


အခြေခံဥပဒေပြင်ဆင်ရေးကို ကြိုဆိုသည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ လှုပ်ရှားမှုသည် အနှောင့်အယှက်တချို့ ရှိခဲ့သော်လည်း အေးချမ်းစွာ ပြီးဆုံးသွားသည်

ဖြိုးသီဟချို/Myanamr Now
(မိုးမခ) မတ် ၂၊ ၂၀၁၉ 

အကြမ်းဖက်နှောင့်ယှက်မည်ဟူသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တော်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲကို ယနေ့ နံနက်ပိုင်းက အေးချမ်းစွာ ပြုလုပ်နိုင်ခဲ့သည်။

ကြိုတင်ခွင့်ပြုချက်တောင်းပြီး ပြုလုပ်သည့် အဆိုပါ လှုပ်ရှားမှုတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် ချီတက်ခြင်း၊ ဗိုလ်ချုပ်ပန်းခြံတွင် ဟောပြောခြင်းတို့လည်း ပါဝင်သည်။

ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ရှမ်းပြည်နယ်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက ၎င်း၏ အမည်ကို ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြကာ ခြိမ်းခြောက်သူတချို့ ရှိသော်လည်း ထောက်ခံပွဲကို ကျင်းပသွားမည်ဟုMyanmar Now ကို ယမန်နေ့က ပြောသည်။

မစိုးရိမ်ပါဘူး။ ကျွန်တော်တို့က တင်ပြီးတော့ တရားဝင်လုပ်တာလေ။ အဲဒီအတွက်ကြောင့် သက်ဆိုင်ရာက လုံခြုံရေး ယူပေးရမှာပဲ။ လာပြီး နှောက်ယှက်မယ် ဆိုရင်လည်း သူတို့က ဟန့်တားပေးရမယ်။ ကာကွယ်ပေးရမယ်ဟု ၎င်းက ပြောသည်။

ခြိမ်းခြောက်မှုနှင့် လုံခြုံရေး
-------------

ခြိမ်းခြောက်မှုများကို အင်တာနက်စာမျက်နှာတချို့တွင် တွေ့ခဲ့ရသည်။

Thin Oo Oo ဟု အမည်ပေးထားသော facebook အကောင့်တစ်ခုက အန္တရာယ်ဖြစ်မှာကြောက်လျှင် ပြည်သူလူထုများ လမ်းပေါ်မထွက်ရန် သတိပေးလိုက်သည်ဟု ရက်အနည်းငယ် ကြိုတင်ပြီး ရေးသားခဲ့သည်။

နေမင်းသူရ ဟု အမည်ပေးထားသည့် အကောင့်တစ်ခုတွင်လည်း ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံပွဲကို အကြမ်းဖက်သွားမည်ဟု ရေးခဲ့သည်။

ရှေ့ကိုထွက်လာခဲ့ပါ၊ မြေပြင်မှာပဲ ဆုံတွေ့လိုက်မယ်။ နှစ်ဖွဲ့ထဲက တစ်ဖွဲ့ ပြုတ်မှ အေးမယ်စသဖြင့် ရေးသားထားသည်။

ယမန်နေ့က တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး မောင်မောင်နိုင်ကို ဆက်သွယ်မေးမြန်းရာ ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံပွဲများအတွက် လုံခြုံရေး ပိုမို တင်း ကြပ်ထားကြောင်း Myanmar Now ကို ပြောသည်။

လုံခြုံရေးကတော့ ကျွန်တော်တို့ အဓိက ဦးစားပေးပြီးတော့၊ လုံခြုံရေး မကျိုးပေါက်ဖို့ပေါ့၊ အင်အားကို အရင်ကထက်ပိုပြီးတော့ တိုးပြီးတော့ ဖြည့်စွက်ထားပါတယ်ဟု ၎င်းက ပြောသည်။

##

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ယနေ့ နံနက်ပိုင်းက တွေ့ရသော အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲ မြင်ကွင်းတချို့ (ဓာတ်ပုံများ - Myanmar Now)
























ကိုသန်းလွင် ● အိန္ဒိယအစိုးရနှင့် အင်တာနက်ဆင်ဆာ

$
0
0
 
ကိုသန်းလွင် ● အိန္ဒိယအစိုးရနှင့် အင်တာနက်ဆင်ဆာ
(မိုးမခ) မတ်လ ၄၊ ၂၀၁၉

အိန္ဒိယအစိုးရက မိမိတို့ဘာသာ အင်တာနက်ကို ဆင်ဆာလုပ်ကိုင်ခွင့် အာဏာအပြည့်ပေးထားသော ဥပဒေကို ပြဌာန်းပါ တော့မည်။ ချက်ချင်းကမ္ဘာကိုလွှမ်းမိုးထားသောအင်တာနက်ကုမ္ပဏီများနှင့် တိုက်ပွဲကို အစဖော်ပေးလိုက်သည်။ ဝေဖန်သူ တွေက တရုတ်ပြည်နှင့် တူတူလာပြီဟု ဆိုကြပါသည်။

ရည်ရွယ်ထားသော ဥပဒေတွင် အိန္ဒိယအရာရှိများက တောင်းဆိုလျင် ဖေ့စ်ဘွတ်၊ ဂူဂဲလ်၊ တွစ်တာနှင့် TikTok တို့က တပါး သူကိုသိက္ခာကျစေသော၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုနှောင့်ယှက်သော၊ မုန်းတီးရေးတရား၊ အလိမ်အညာပြောသောစကားစသည့်ပို့စ်များကိုဖယ်ရှားပေးကြရမည်ဖြစ်ပါသည်။ အင်တာနက်ကုမ္ပဏီများက အိန္ဒိယအမျိုးသားများကို ဥပဒေနှင့်မလွတ် ကင်းသောသတင်း (သို့မဟုတ်) အချက်အလက်များကို မမြင်ရအောင် ကာကွယ်ပေးရမည်ဖြစ်သည်။ နောက်လိုက်နာရန် အချက်တခုမှာ အများတကာ၏အကျိုးကိုထိခိုက်နေသောသတင်းကို ဘယ်သူကပို့လိုက်သည်ဆိုခြင်းကို ဖော်ထုတ်ပေးနိုင် ရမည်ဟု ဆိုသည်။

ဤဥပဒေအသစ်မှာ အများပြည်သူ၏ဆန္ဒကို စောင့်ကြည့်သည့်အနေဖြင့် တပတ်မျှစောင့်ကြည့်ပြီးအတည်ပြုမည်ဖြစ်သည်။ အာဏာပိုင်များက ဤဥပဒေကို နေရာတကျဖြစ်စေချင်သည့်အကြောင်းမှာ ရွေးကောက်ပွဲနီးလျှင် ဥပဒေသစ်ပြဌာန်းရန် ခက်ခဲသည့်အတွက်ဖြစ်သည်။ ရွေးကောက်ပွဲကသည်နှစ် အတွင်းကျင်းပရန်ရှိသည်။

မြို့ပြလွတ်လပ်ခွင့် (Civil Liberties) အုပ်စုနှင့် အခြားဝေဖန်သူတို့က ပြောသည်မှာ ဤဥပဒေအသစ်သည် ဖွဲ့စည်းပုံဥပဒေက ပြဌာန်းထားသော ပြည်သူတို့၏လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် လွတ်လပ်စွာနေထိုင်ခွင့် (Privacy) တို့ကို ထိခိုက်နေသည့် အတွက် အိန္ဒိယကို တရုတ်နှင့်ရုရှားတို့မှာကဲ့သို့ ဖြစ်နေပြီဟု ဆိုလိုက်သည်။ ရွေးကောက်ပွဲတွင် အတိုက်အခံတို့ကတင် သောပို့စ်များကို ဤဥပဒေအသစ်ကတား ဆီးနိုင်လိမ့်မည်ဟု စွပ်စွဲကြသည်။

အင်တာနက်လွတ်လပ်ခွင့် ဖေါင်ဒေးရှင်း (Internet Freedom Foundation) ကလည်း ဤဥပဒေကိုသာ ပြဌာန်းလျှင် တရားရုံးတွင် စိန်ခေါ်မည်ဟု ဆုံးဖြတ်ထားကြသည်။ ဤအဖွဲ့၏ဒါရိုက်တာက “တရုတ်ပြည်မှာ ပြည်သူတစ်ယောက်က ပို့စ် တင်လျှင် အာဏာပိုင်တို့က ချက်ချင်းသိပြီးချက်ခြင်း အရေးယူဆောင်ရွက်နိုင်သကဲ့သို့ပင်ဖြစ်သည်” ဟုစွပ်စွဲထားသည်။

အိန္ဒိယနိုင်ငံ၏ လုပ်ရပ်မှာတချိန်ကသူတို့၏ ပို့စ်များကို လွတ်လပ်စွာတင်နိုင်သော ဖေ့စ်ဘွတ်နှင့် ဂူဂဲလ်တို့ အတွက်များစွာအခက်အခဲဖြစ်သွားစေသည်။ ဥရောပတွင် လူတို့၏ ကိုယ်ပိုင်ဒေတာအချက်အလက်များကိုကာကွယ်ရန်ဥပဒေများကို ယမန် နှစ်က ပြဌာန်းခဲ့သည်။ တရုတ်ပြည်တွင် “Great Firewall” ဖြင့် ဖေ့စ်ဘွတ်နှင့် ဂူဂဲလ်စသောကုမ္ပဏီကြီးများ၏ ၀က် ဆိုဒ်များကို ပိတ်ပင်ထားသည်။ ၂၀၁၇ ခုနှစ် နယူးရော့တိုင်းသတင်းစာကစာရင်းပြုစုရာတွင် နိုင်ငံ ၅၀ ကျော်တို့တွင် နှစ်များမကြာမီက အင်တာနက်ကိုထိန်းချုပ်နိုင်ရန် ဥပဒေများကို ရေးဆွဲထားသည်ဟုဆိုသည်။

အကျိုးရလဒ်မှာအင်တာနက်သည် Information Super Highway ဖြစ်ရမည့်အစား အကွဲကွဲအပြားပြား ဖြစ်ကုန်ရသည်။ အိန္ဒိယနိုင်ငံတွင်လူအများကို အမေရိကန်မှကုမ္ပဏီများအစား ပြည်တွင်းကုမ္ပဏီများ၏ Application ဆော့ဖ်ဝဲယားများကို သုံးစွဲရန် အားပေးနေသည်။ ShareChat သည် တိုင်းရင်းသားဘာသာစကားနှင့် ပြုလုပ်ရသောပရိုဂရမ်ဖြစ်သည်။ ဤ ဆော့ဖ်ဝဲယားမှာ အိန္ဒိယ၏ ဆဲလ်ဖုန်းကုမ္ပဏီပိုင်ရှင်က ငွေကုန်ကြေးကျခံ၍ပြုလုပ်ထားပြီး အိန္ဒိယဘာသာစကားနှင့် သုံးရ သည်။

အိန္ဒိယအနေဖြင့် အင်တာနက်ကိုထိန်းချုပ်နိုင်ရန် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း အကြိမ်ကြိမ် ကြိုးစားခဲ့ပြီးတရားရုံးကြောင့်သာမအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါအစိုးရက ထပ်မံကြိုးစားနေပြန်ပြီ ဖြစ်သည်။ အိန္ဒိယတွင်ရှိသော ဥပဒေတခုမှာ သုံးစွဲသူ ၅ သန်းကျော်ပါက ထိုနိုင်ငံခြား ကုမ္ပဏီအနေဖြင့် နိုင်ငံတွင်းတွင် ရုံးခွဲဖွင့်ရန်လိုအပ်ပြီး လုပ်ငန်းများလုပ်ကိုင်ရန် တာဝန်ခံတစ်ယောက်ယောက်ကိုခန့် ထားရမည်ဖြစ်သည်။
မိုက္ကရိုဆော့ဖ်နှင့် ဖေ့စ်ဘွတ်တို့အပြင် အခြားတစ်ဒါဇင်ကျော်မျှသော ကုမ္ပဏီများက တစ်ဦးချင်းအနေဖြင့်လည်းကောင်း အုပ်စုခွဲ၍သော်လည်းကောင်းး ဤအဆိုပြုချက်ကို တိုက်ခိုက်ကြသည်။ ထိုလုပ်ရပ်မှာ နည်းပညာအရ မဖြစ်နိုင်ဟူ၍ဆိုသည်။ သုံးစွဲသူတို့၏ဒေတာများကိုအသုံးပြုပုံမှာ အခြားနိုင်ငံများနှင့် များစွာကွာဝေးသွားစေမည်ဟု ပြောကြသည်။

တခြားနိုင်ငံများနှင့်အိန္ဒိယ၏လက်ရှိဥပဒေများအရ သုံးစွဲသူတို့က တင်လာသောဒေတာများကို မဖွယ်မရာ အကြောင်း အရာ များပါလာလျှင် ဖယ်ရှားသည်ဆိုပါက သဘာဝကျပါသည်။ “Safe Harbor” ဟုခေါ်သော မကောင်းသည့်အရာအတွက် ကုမ္ပဏီများတွင် တာဝန်မရှိသောသဘောပင်ဖြစ်ပါသည်။

ကုမ္ပဏီ၏ ဟိုက်ဒြာဘက်တွင် မွေးဖွားသော မစ္စတာနာဒဲလ်မှာ“Satya Nadells” မှာ အိန္ဒိယ၏ထင်ရှားသော စီးပွားရေးခေါင်း ဆောင်တစ်ယောက်ဖြစ်သည်။ သူက ၀ိုင်ဖိုင်နက်ဝပ်တွင်လည်းကောင်း၊ ဆိုရှယ်နက်ဝပ်များတွင်လည်းကောင်း၊ လောင်း ကစားခြင်းဆိုင်ရာများ မပါဝင်စေရဟု သတ်မှတ်ရန်မဖြစ်နိုင်ကြောင်း၊ ထိုအရာများမပါဝင်ရအောင်ကြိုးပမ်းရာတွင် ငွေကုန် ကြေးကျ လွန်စွာကုန်ကျမည်ဟု ဆိုသည်။

အခြားကုမ္ပဏီများကလည်း အလားတူကန့်ကွက်လွှာများ အစိုးရထံတင်ပြနေကြသည်။

လွန်ခဲ့သောအပတ်အတွင်းက ဖေ့စ်ဘွတ်ပိုင် “WhatsApp” မှာသုံးစွဲသူ ၂၅၀ သန်းမျှရှိသည်။ ၎င်းက အင်တာနက်တွင် ပြန့် ပွားနေသည့် ဖိုင်တိုင်းလိုလိုကို ထိန်းချုပ်ရန်မဖြစ်နိုင်ကြောင်း၊ လူတို့၏ တစ်ကိုယ် ရေလွတ်လပ်ခွင့် (Privacy) နှင့် ဤဆော့ ၀ဲလ်၏ “Core Value” ကိုမထိခိုက်စေဘဲဖိုင်ပို့သူကို ဖော်ထုတ်ပေးရမည်ဆိုခြင်းမှာမဖြစ်နိုင်ပါဟု ဆိုသည်။

ဂူဂဲလ်နှင့် ဖေ့စ်ဘွတ်ကမူ သူတို့အဖွဲ့များအနေဖြင့် ကန့်ကွက်လွှာတင်သွင်းထားပြီးပြီဟုဆိုခြင်းမှအပ ၎င်းတို့နှင့်ပတ်သတ်၍ ဖွင့်ပြောရန်ငြင်းဆိုသည်။ တွစ်တာကမူ လင်္ကျာယိမ်းမူဝါဒပါစာသားများကို ဆင်ဆာလုပ်သည်ဟု စွပ်စွဲလိုက်ပြီး ၎င်းက လက်ရှိဥပဒေကို ပြင်ဆင်မည်ဆိုပါက လွတ်လပ်စွာဖော်ထုတ်ခွင့်ကို မထိခိုက်စေရန်လိုသည်ဟုပြောသည်။

အိန္ဒိယက ယမန်နှစ်ကစတင်၍ ကုမ္ပဏီများအတွက်လိုက်နာရန်ခက်ခဲသောဥပဒေများကို ရေးခြင်းအားဖြင့် လူဦးရေ ၁.၃ ဘီလီယံမျှရှိသောနိုင်ငံတွင် လွတ်လပ်စွာလုပ်ငန်းလုပ်ကိုင်ခြင်းကို ရပ်ဆိုင်းသွားစေတော့မည်ဖြစ်သည်။ အိန္ဒိယတွင် အင် တာ နက်သုံးသူများ တစ တစ ပိုမိုများပြားလာလျက်ရှိသည်။ ဥရောပ ပုံစံအတိုင်းကုမ္ပဏီများအနေဖြင့် အသုံးပြုသူတို့၏ ဒေ တာများကို စိတ်တိုင်းကျစီမံခန့် ခွဲခွင့်ကို ကန့်သတ်ခြင်းပါလျင် လုံလောက်ပြီဟုဆိုသည်။

အစိုးရအနေဖြင့် ကုမ္ပဏီကြီးများနှင့် လွန်ခဲ့သော ဒီဇင်ဘာလက ဤအကြောင်းများကို တွေ့ဆုံဆွေးနွေးပြီးဖြစ်သည်။ လွန်ခဲ့ သောနှစ်များက WhatsApp တွင်သတင်းမှားများပြန့်လွှင့်ခဲ့ပြီးအပြစ်မဲ့သူ ၂ ဒါဇင်မျှ လူတို့ကို ဒေါသထွက်နေသော လူအုပ် ကြီးက သတ်ဖြတ်မှုပေါ်ပေါက်ခဲ့၏။ ထိုအဖြစ်မျိုးကို အစိုးရအနေဖြင့် မကြုံလိုတော့ပေ။

အိန္ဒိယရွေးကောက်ပွဲကော်မရှင်ကလည်း ဆိုရှယ်မီဒီယာများကိုမဲမပေးမှီ ၄၈ နာရီမျှပိတ်ထားရန် အဆိုပြုချက်ကို စဉ်းစား လျှက်ရှိသည်။ အိုင်တီဝန်ကြီးဌာနသို့စာရေးသားရာတွင် ရွေးကောက်ပွဲ ဥပဒေများနှင့် မကိုက်ညီသောစာများနှင့် ကော်မရှင် ၏အမိန့်ပေးစာများကို အင်တာနက်တွင်မပါဝင်စေရန် အကြံပြုထားသည်။

ကိုသန်းလွင်
Ref: India Proposed Chinese Style Internet Censorship, Vindu Goel , New York Times February 14.

သာထက်အောာင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၄)

$
0
0
သာထက်အောာင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၄)
(မိုးမခ) မတ်လ ၄၊ ၂ဝ၁၉

(၂) နာရီ လောက်အနှိပ်ခံလိုက်ရတော့ လူက ပေါ့ပါးလန်းဆန်းလာတယ်။ ညစာမစားခင်မှီဝဲလာတဲ့ ယမကာတန်ခိုးလည်း ဘယ်ရောက်သွားမှန်းမသိတော့။  ကဲ..... ကာရာအိုကေသွားကြမယ်တဲ့။ တောသားမြို့ရောက်ဆိုတော့ ရန်ကုန်သားလူလည် နှစ်ယောက်က မြို့အနှံ့လိုက်ပို့ပြီး တွေ့လား ဒို့ရန်ကုန်လည်း မခေပါဘူးဆိုတာ ပြချင်ဟန်တူပါတယ်။ "မျက်စိလည်လေ ဆန်ရလေ"ဖိုးသူတော်ထုံး နှလုံးပိုက်ပြီး သူတို့ခေါ်ရာလိုက်ခဲ့ပါတယ်။

သူတို့နဲ့ မစိမ်းတဲ့ ဆိုင်ထင်ပါရဲ့။ ဆိုင်က ဧည့်ကြိုးလေးတွေ ပျာယာခတ်ကြိုဆိုကြပါတယ်။ စားစရာသောက်စရာတွေမှာပြီး မကြာခင်မှာပဲ ဖိုသတ္တဝါ သုံးယောက်ကြား မသတ္တဝါတွေဝင်ရောက်နေရာယူကြပါတယ်။ ဖျပ်ခနဲ တချက်အကဲခပ်ကြည်တော့ ရုပ်တွေက လွမ်းလောက်စရာမရှိပေမယ့် ဖိုသတ္တဝါ ရာဂဘီလူးတွေရဲ့အိတ်ကပ်ထဲက ဖွတ်ကလိ ဒင်္ဂါးထွက်လာဖို့ အတတ်နိုင် ဆုံး (sexy) ဖြစ်ဖို့ကလည်းလိုသေးသကိုး။ တချို့က စကပ်တိုတို တချို့ကဘောင်းဘီတိုတို။ ဒီလိုနေရာမျိုးမှာ ဘီးစပတ်နဲ့ ထိုင် မသိမ်းဝတ်လို့ ဘယ်အဆင်ပြေပါ့မလဲ။ ဘီယာလေးဘာလေးသောက်ပြီး ကိုယ်ငယ်ငယ်က အသည်းစွဲခဲ့ရတဲ့ ကိုသန်း လှိုင်တို့ သန်းဖေလေးတို့သီချင်းလေး တပုဒ် နှစ်ပုဒ်လောက်ဟဲလိုက်ရရင် အခုဘေးမှာထိုင်နေတဲ့ နှုတ်ခမ်းနီရဲရဲ ပန်းနီရဲရဲတွေ ကျွန်တော့်အတွက်မလိုပါဘူး။ သူတို့အလုပ်ရဲ့ထုံးစံထင်ပါရဲ့။ ညစာပြီးခဲ့ပြီမို့ ဘာမှဟုတ်တိပတ်တိမစားနိုင်ပေမယ့် စားစရာ တွင်တွင်မှာပြီး တော်တော်လည်းသောက်နိုင်ကြတဲ့မိန်းကလေးတွေပါ။ ဘီယာလောကက်တော့ ပျင်းတောင်ပျင်းသေးဆိုပဲ။

တဆောင်းသစ်ပြန်ပြီ။ ငယ်ငယ်က ပါးစပ်ကမချခဲ့တဲ့သီချင်း၊ ပြီးတော့ "မလွမ်း ဘယ်သူနေပါ့မယ်"။ အဲဒီ သီချင်းတွေကြား ဖူးလားမေးတော့ ကလေးမလေးတွေခေါင်းရမ်းတယ်။ အရှိန်လေးနည်းနည်းရလာတော့ ခေတ်ဟောင်းဟဲချင်တဲ့စိတ်က ကြွလာတယ်။ ဒါနဲ့ ပြည်လှဖေရှာပေးစမ်း၊ ဦးဘညွန့်ရှာပေးစမ်းပြောမိတော့ သူတို့ခမျာမျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ဒီလူကြီး ဘာတွေလာပြောနေပါလိမ့်ပေါ့။ ပြည်လှဖေလည်း မရှိဘူး၊ လက်ပတန်းလှဖေလည်း မသိဘူးတဲ့။ ပြတ်ကရော။ တအောင့်လောက်ကြာတော့ ဇော်မင်းဦးက အရက်တစက်မှမသောက်ပဲ ရေသောက်ပြီး သီချင်းတပုဒ်ဟဲပါလေရော။ အဲဒီကျ မှ လက်ခုပ်သံတဖြောင်းဖြောင်းထွက်လာတယ်။ နေပါဦး မသိလို့မေးပါရစေ။ အဲဒီသီချင်း ဘယ်သူဆိုတာတုန်း....မနော လေ... ဟာ အကိုကြီးမသိဘူး.. သိပ်ဟော့တဲ့သီချင်းလေ၊ ဗိုလ်အောင်ဒင်ဆိုတာ....။ အင်း...မျိုးဆက်ကွာဟမှုလို့ပဲဆိုကြပါစို့။ သူဆိုတဲ့သီချင်းကိုယ်မသိ၊ ကိုယ်ဆိုတဲ့သီချင်း သူစိတ်မဝင်စား။ ကာလယန္တရားက အသိတွေ၊ အကြိုက်တွေ၊ အတွေး အခေါ်တွေ  ခံစားမှုတွေ၊ တန်ဖိုးထားမှုတွေကို ပိုင်းဖြတ်ပေးနေမှန်း သေရည်နဲ့ ရာဂခိုးငွေ့မွှန်နေတဲ့ အခန်းကျဉ်းလေးထဲမှာ တယောက်တည်း တွေးမိတွေးရာ တွေးနေမိပါတယ်။ ပုရိသယောက်ျားကြီးတွေကြားထဲ ဝင်ခလုပ် ထွက်ခလုပ်နဲ့ အတို့ အဆိတ် အပွေ့အဖက်ခံ ဝန်ဆောင်မှုပေးနေကြတဲ့ ဒီမိန်းကလေးတွေကို မိကောင်းဖခင်သားသမီးလို့ ဘယ်သူကမှ သဘောထားမှာမဟုတ်ပေမယ့် အားလုံးကို ကြေးစားအပျက်တွေလို့လည်း ပြောလို့ရမယ်မထင်ဘူး။ သေချာတာက တော့လက်ကြောမတင်းပဲ ငွေကို လွယ်လွယ်ရတဲ့ဖြတ်လမ်းမှာ သာယာနေကြတဲသူတွေလို့ပဲပြောရမယ်ထင်ပါရဲ့။ နိုင်ငံခြား မှာလည်း ဒီလိုမိန်းကလေးတွေအများကြီးပါ။ အရက်၊ မူးယစ်ဆေး၊ လိင်ကိစ္စတွေနဲ့ ထွေးလုံးရောပတ်ပြီး နောက်ဆုံးဘဝ ပျက်တော့တာပါပဲ။ တိုင်းပြည်တပြည် ချွတ်ခြုံကျပြီဆိုရင် မိန်းကလေး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ထိပ်ဆုံးကဒုက္ခ ရောက်ကြရတာ ဓမ္မတာပါ။ ပုရိသယောက်ျားတွေ ကာမဂုဏ်အာရုံခံစားပျော်ပါးရာ ဇိမ်ခန်းအနှိပ်ခန်း၊ နိုက်ကလပ် ဖော်ချွတ် ကလပ်တွေဆိုတာ ကမ္ဘာ့မြို့ကြီးတိုင်းလိုလိုမှာ ရှိကြပါတယ်။ ဒါပေမယ့် စည်းလေးကမ်းလေးတော့ ရှိသင့်ပါတယ်။ စာသင် ကျောင်းဘာသာရေးအဆောက်အဦ၊ လူနေရပ်ကွက်နဲ့ နီးတဲ့နေရာတွေမှာ ဖွင့်ခွင့်မပေးပါဘူး။ ခြွင်းချက်ကတော့ လောင်း ကစားမြို့တော် ဗီးဂတ်စ်တို့၊ မကာအိုတို့မှာတော့ ပေါ်ပေါ်တင်တင်ပါပဲ။ လောင်းကစား၊ အသောက်အစား မူးယစ်ဆေး၊ အပျော်အဖော် မိန်းမဆိုတာတွေနဲ့ လုံးထွေးနေတဲ့သူ ဘယ်တော့မှမကြီးပွားသလို စိတ်ချမ်းသာမှုအစစ်အမှန်လည်း မရနိုင်ပါ ဘူး။ ပုထုဇဉ်မို့ ကာမဂုဏ်အာရုံတွေနဲ့မကင်းဘူးဆိုသော်ငြား ထိန်းချုပ်နိုင်ရင်တော့ ကိုယ့်ကျန်းမာရေး၊ မိသားစုပျော်ရွှင်မှု၊ ငွေကြေးစုဆောင်းနိုင်မှုဆိုတဲ့အကျိုးတွေ ခံစားရပါလိမ့်မယ်။

ကျန်တဲ့နေရာတွေမှာ ပိုက်ဆံရှားချင်ရှားမယ်။ KTV မှာတော့ ငွေစက္ကူတွေ ဖွေးဖွေးလှုပ်နေတာပါပဲ။ ကိုယ့်မိန်းမနဲ့ ကိုယ့်မိ သားစုအပေါ် နှမြောတွန့်တိုကောင်း တွန့်တိုမယ်။ ကာရာအိုကေမှာတော့ ဘီလ်ဂိတ်တောင် သူလောက်ချမ်းသာမယ် မထင် ရဘူး။ ကားပေါ်ရောက်တော့ ဗဟုသုတရအောင် စပ်စုကြည့်တော့ (၁) နာရီ တဆက်ရှင် ၁၀၀၀၀။ ဒါက အပေါဆုံးနော်။ တ ခ ၂ - ၃ သောင်း။ ဘီယာအစားအသောက် အပြင်ဈေးထက် နှစ်ဆပဲ။ ကလေးမလေးတွေမုန့်ဖိုးကတော့ ကိုယ်ချဉ်ချဉ်သလို ပေါ့။ကြမ်းခင်းဈေးကတော တယောက် ၅ ထောင်အနည်းဆုံး။ ကျန်တာကတော့ ကိုယ့်အစွမ်းအစနဲ့ကိုယ်၊ ကိုယ့်ဒေါသနဲ့ ကိုယ်။ ဒီလိုနဲ့ ဘဝပျက် အိမ်ထောင်ပျက်တဲ့သူတွေအများကြီးတဲ့။ ကိုယ်ကသာရောက်တုန်းရောက်ခိုက် ကြုံဖူးတယ်ရှိအောင် လာခဲ့ပေမယ့် တချို့များ ညတိုင်းလာတဲ့သူတွေတောင်ရှိသတဲ့။ ဘယ်ကရတဲ့ပိုက်ဆံတွေနဲ့များ သုံးဖြုန်းနေကြပါလိမ့်။

အိမ်ပြန်ရောက်တော့ ည နာရီပြန် (၁) ချက်ကျော်ပြီ။ KTV မှာတော့ တဝုန်းဝုန်းနဲ့ သောင်းကျန်းလို့ ကောင်းကြတုန်း။ သြော် .... ရွှေပြည်ကြီး ... ကျန်တဲ့နေရာတွေမှာ ကမ္ဘာကြီးနဲ့ ရင်ဘောင်မတန်းနိုင်ပေမယ့် အပျော်အပါးဆိုရင်တော့ လာခဲ့၊ အမီ လိုက်ပြမယ်။ ဒီတခေါက် သတိထားမိသလောက် ရွှေပြည်ကြီးမှာ လက်ညှိုးထိုးမလွဲ အတွေ့ရဆုံးကြော်ငြာက မြန်မာဘီယာနဲ့ Grand Royal အရက်ကြော်ငြာပါပဲ။ ဘုန်းကြီးကျောင်း၊ ဘုရားပုရဝဏ်ပတ်ဝန်းကျင်တွေပါမရှောင် တွေ့ရတော့ ... အင်း မြန်မာလူငယ်ခြေတက်လေးတွေရဲ့ သောက်အား မသေးလှဘူးလို့ ခန့်မှန်းမိပါတယ်။ နိုင်ငံ့ရှေ့ရေး ရင်လေးစရာပါ။ စိတ်ကြွဆေးတပြားကို နိုင်ငံခြားအရက် (၂) ပက်ဖိုးလာက်နဲ့ ဝယ်လို့ရတဲ့ တိုင်းပြည်၊ ဘိန်းအထွက် ကမ္ဘာကျော်တဲ့ တိုင်းပြည် မှာ ဘယ်ကလေးလာဝယ်ဝယ် ရောင်းတဲ့တိုင်းပြည်။ ကျန်းမာရေးအတွက် အဟာရဖြစ်မယ့်ပစ္စည်းကျ ဈေးကြီးပြီး မရဏစခန်း မြန်မြန်ကြွမြန်းမယ့် အရက်၊ ဆေးလိပ် မူးယစ်ဆေးတို့ကတော့ ဈေးနှုန်းချိုသာစွာနဲ့ရနိုင်သဗျား။ လူကြီးမင်းများ .. စဉ်းစဉ်း စားစားနဲ့ ဘယ်လိုထိန်းချုပ်မလဲဆိုတာလေးတော့ ခေါင်းထဲထည့်သင့်ပါပြီ။

မနက်လင်းတော့ အိပ်ရေးပျက်တဲ့ဒဏ်၊ ယမကာများသွားတဲ့ဒဏ်တွေကြောင့် လူက လန်းလန်းဆန်းဆန်းမရှိ။ ဘယ်မှလည်း မသွားချင်။ မဟာရန်ကုန်ရဲ့ ပူလောင်တိုးကြိတ်ဆူ ပွက်ရှုပ်ယှက်ခတ်နေတာတွေနဲ့ဝေးရာကို ပြေးချင်စိတ်ပေါက်လာပြီ။ ခပ် ငယ်ငယ် အညာတောမြို့လေးမှာနေတုန်းက ချောင်းအနောက်ဖက် တောကလူတွေ မြို့ပေါ်ရောက်ရင် ဆံပင်ညှပ်တယ်။ ဖာလူဒါသောက်တယ်။ ခေါက်ဆွဲကြော်စားတယ်။ ခုလည်းပဲ တောသားမြို့ရောက် ကျနော် ရွှေတိဂုံဘုရား တက်ဖးတယ်။ ကြက်လျှာစွန်းဒံပေါက်စားတယ်။ ရွှေပုဇွန်မှာ ဖာလူဒါသောက်တယ်။ အနှိပ်ခံတယ်။ ကာရာအိုကေသွားတယ်။ တပတ်အ အတွင်း စုံအောင်ရောက်ပြီးပြီ။ ဘယ်သွားရပါ့။ နားအေး ပါးအေး တနေရာမှာ ခိုအောင်းအနားယူရင်း ကျန်တဲ့ လေးပတ်ကုန် အောင် ဘယ်မှာအဆင်ပြေနိုင်မလဲ။ ပုဂံ - ညောင်ဦး - အင်းလေး - တောင်ကြီး - မန်းတလေ ... ဒါက ရွှေပြည်ကြီးရောက်သူ တိုင်း သွားနေကျနေရာတွေ။ ချောင်းသာ ငွေဆောင် ... ဆစီဒနီမှာတောင် တနှစ်နေလို့ Becah တခါမှ မရောက်။ ပြီးတော့ ရှက်ရှက်နဲ့ ဝန်ခံရရင် အညာသား ရေလည်းမကူးတတ်ဘူး။ ရေလည်းကြောက်တတ်တယ်။ အဲ့ ... ဟုတ်ပြီ။ မရောက်ဖူးသေး တဲ့နေရာ၊ သွားချင်နေတာ ကြာပြီ။ လွိုင်ကော် ... ကယားတို့ဌာနီ ငွေတောင်ပြည်။ ကန္တရာဝတီအလှကိုခံစားကြည့်ချင်သေးတယ်။ ဘီလူးချောင်းက ရေစီးသံကိုကြားချင်နေတယ်။  ဘယ်မှာမှမတွေ့နိုင်တဲ့ ရှေးဆန်လှတဲ့ ရိုးရာယဉ်ကျေးမှုတခုဖြစ်တဲ့လည်ပင်းမှာ ကြေးကွင်းတွေစွပ်ထားတဲ့ ကယန်းအဖွါးအိုကို မြင်ဖူးချင်တယ်။ ကယားခေါင်ရည် မြည်းကြည့်ချင်တယ်။

ဖုန်းထုတ်ပြီး လွိုင်ကော်က အေးသီရိဇော်ကို လေယာဉ်လက်မှတ် ၂ စောင်နဲ့ ဟိုတယ် ၂ ယောက်ခန်းတခန်း ဘွတ်ကင် လုပ် ပေးဖို့ပြောလိုက်တယ်။ အေးသီရိဇော်က ဆစ်ဒနီနေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုမောင်ဝင်း မခင်အေးတို့ရဲ့တူမ။ ဆစ်ဒနီလာ လည်တုန်းကခင်မင်ကြပြီး လွိုင်ကော်ကိုလာလည်ဖို့ အမြဲဖိတ်ခေါ်နေသူ။သူ့ဆီကလေယာဉ်လက်မှတ်အဆင်ပြေပြီဆိုတာနဲ့ ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၆ နာရီခွဲထွက်တဲ့  MNA လေကြောင်းနဲ့ ကျွန်တော်တို့ညီအကိုနှစ်ယောက် လွိုင်ကော်ကိုထွက်ခဲ့ကြပါ တယ်။  ။
     
ဆက်ရေးပါဦးမည်။

သာထက်အောင်
၂၊ ၃၊ ၂၀၁၉

ကာတွန်း ရာဇာသာစည်ရဲ့ မိုးလင်းတော့မယ်ဟေ့ ... မိုးလင်းတော့မယ် ...

$
0
0

ကာတွန်း ရာဇာသာစည်ရဲ့ မိုးလင်းတော့မယ်ဟေ့ ... မိုးလင်းတော့မယ် ...
(မိုးမခ) မတ်လ ၄၊ ၂၀၁၉

မောင်စွမ်းရည် - ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့ ပြန်ပေးလော့

$
0
0

မောင်စွမ်းရည် - ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့ ပြန်ပေးလော့
(မိုးမခ) မတ် ၅၊ ၂၀၁၉

ဖက်ဆစ်ဂျပန်တွေကို ဗမာပြည်က တော်လှန်ခဲ့တာဟာ ပြည်သူတရပ်လုံးရဲ့ တော်လှန်ရေးပါ။ တပ်မတော်တခုတည်းရဲ့ တော်လှန်ရေး မဟုတ်ပါ။ တော်လှန်ရေးနေ့ဆိုတာ လွတ်လပ်ရေးနေ့ရဲ့ ရှေ့ပြေးဖြစ်လို့ အရေးကြီးတဲ့ နေ့တနေ့လဲ ဖြစ်ပါတယ်။ ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့ကို စစ်အစိုးရက ဖျောက်ဖျက်ပြီး စစ်တပ်ရဲ့ တဦးတည်းမူပိုင်လုပ်ခဲ့ပါတယ်။ 'တပ်မတော်နေ့'တဲ့။

တပ်မတော်ဆိုတာ ဗိုလ်ချူပ်အောင်ဆန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဗမာလူမျိုး မျက်စိကုဆရာဝန်ကြီး ဦးလွန်းဖေရဲ့ အိမ်မှာ စခန်းထောက်ရင်း Burma Independence Army (BIA) ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်လို့ ဖြစ်ခြင်းဖြစ်ရင် အဲဒီနေ့သာ တပ်မတော်နေ့ရယ်လို့ ဖြစ်သင့်ပါတယ်။ ၁၉၄၁ ဒီဇင်ဘာ ၂၆ ပေါ့။

ဗိုလ်နေ၀င်းက သူတို့အာဏာသိမ်းပြီးချိန်မှာ နိုင်ငံတကာရဲ့ ထောက်ခံမှုမရလို့ လွတ်လပ်ပြီး ဂျပန်ကို တွယ်ဖက်နေရပါတယ်။ ဒါကြောင့် ဂျပန်ကို ဖက်ဆစ်အဖြစ် တော်လှန်ခဲ့တဲ့ရက်ဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို သမိုင်းထဲက ဖျောက်ဖျက်ပေးချင်ပါတယ်။ ဒါ့အပြင်လဲ တော်လှန်ရေးနေ့ကို စစ်တပ်တဦးတည်းပိုင် လုပ်ချင်ပါတယ်။ ပြည်သူတွေရဲ့ ညီညွတ်တဲ့ တော်လှန်ရေးသမိုင်းကို မြန်မာ့သမိုင်းထဲက ဖျောက်ဖျက်ပစ်ပြီး ပြည်သူ့တော်လှန်ရေးစိတ်ဓာတ်ကို မှုန်ဝါးမှေးမှိန် သွားစေချင်ပါတယ်။ ဒါပေမယ့် သူတို့ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကိုတော့ "တောင်သူလယ်သမားနေ့"အဖြစ် သတ်မှတ်ပေးခဲ့တာဟာ ဘာမှ မဆိုင်ပါ။ ဆရာစံသူပုန်ဆိုတဲ့ လယ်သမားတွေရဲ့ ပုန်ကန်မှုကိုလည်း မှေးမှိန်ထားခဲ့ခြင်းအားဖြင့် တော်လှန်ရေးဟူသမျှကို တတ်နိုင်သမျှ မှုန်ဝါးပစ်ချင်တဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်တခုလည်း ပါရှိခဲ့ပါတယ်။

ဖက်ဆစ်တော်လှန်ရေးဆိုတာ ဘာလဲ။ တချိန်က ဂျပန်ဖက်ဆစ်အကြမ်းဖက် နယ်ချဲ့ဝါဒီတွေဟာ ဗမာပြည်ကို ၀င်ရောက်သိမ်းပိုက်ပြီး ဗမာစီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အားလုံးကို ဖိနှိပ် ၀ါးမျို နင်းခြေခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချူပ်အောင်ဆန်းကိုယ်တိုင် ဦးစီးပြီး သူပြည်ပမသွားခင် သူကိုယ်တိုင် တည်ထာင် ဖွဲ့စည်းခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် ပဲခူးရှိ ဗိုလ်ကျော်ဇောရဲ့ အိမ်မှာ တွေ့ဆုံ တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊ သခင်စိုးက နိုင်ငံရေးတာဝန်ခံ၊ သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ၊ သခင်သိန်းဖေက အိန္ဒိယပြည်မှာ မဟာမိတ်တပ်တွေနဲ့ ဆက်သွယ်ပြီး ဗမာလူငယ်တွေကို စစ်သင်တန်းပေးရန် တာဝန်ခံ၊ သခင်ဗဟိန်းက ပြောက်ကျားစစ်တာဝန်ခံ စတဲ့ တာဝန်တွေ ခွဲဝေယူပြီး တိုင်း ၇ တိုင်း ခွဲဝေ တာဝန်ယူစေတဲ့အခါမှ ရဲဘော်သုံးကျိတ်ဝင်တွေက တိုင်းအသီးသီးမှာ ဖြန့်ပြီး ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီတော့မှ ဗိုလ်နေ၀င်းက သခင်စိုးနဲ့ တွဲပြီး မြစ်ဝကျွန်းပေါ် တိုင်း ၂ မှာ စစ်ရေးတာဝန်ခံ အဖြစ်နဲ့ ဖက်ဆစ်တော်လှန်ရေးမှာ ကိုယ်ထိလက်ရောက် ပါဝင်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် သူက နိုင်ငံရေးသမိုင်းတွေ နိုင်ငံရေးဝေါဟာရတွေကို မှုန်ဝါးပစ်လိုက်တာ ဖြစ်ပါတယ်။

တပ်မတော်ကို ခေတ်သစ်လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့တဲ့သမိုင်းဟာလဲ အရေးကြီးပါတယ်။ ဒါကြောင့် တပ်မတော်နေ့ကို သတ်မှတ်ဖို့ လိုပါတယ်။ ဒါပေမယ့် တပြည်လုံးရဲ့ တော်လှန်ရေးနေ့နဲ့ ဆိုင်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကိုတော့ မြန်မာသမိုင်းထဲက ပယ်ဖျက်မပစ်သင့်ပါ။ ပြည်သူဆိုတာ တပ်မတော်ရဲ့ အထက်ကပါ။ တပ်မတော်ကိုလဲ ပြည်သူက မွေးခဲ့၊ ပြည်သူက ကျွေးထားတာပါ။ ဒါကြောင့် ...

(၁) ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့ ပြန်ပေးပါ။
(၂) တပ်မတော် စတင်ဖွဲ့စည်းတဲ့နေ့ကိုပဲ တပ်မတော်နေ့လို့ သတ်မှတ်ပါ။
(၃) တောင်သူလယ်သမားနေ့ကိုလည်း စစ်တပ်အာဏာသိမ်းတဲ့နေ့ မဟုတ်တဲ့နေ့ကို ပြန်ပြင်ပေးပါလို့
ပန်ကြားပါရစေ။

မောင်စွမ်းရည်
မတ် ၃၊ ၂၀၁၉
နယူးယောက်


မောင်လူပေ – ဆန်ဖရန်စစ္စကို (၈) (၉)

$
0
0


မောင်လူပေ – ဆန်ဖရန်စစ္စကို (၈) (၉)

(မိုးမခ) မတ် ၅၊ ၂၀၁၉

 (၈)

ဆန်ဖရန်စစ္စကိုကို လာလည်မည်ဆိုလျှင် မရောက်မဖြစ်သွားလည်ရမည့်နေရာများ မနည်းလှ။ မြို့တွင်းအပြင် မြို့ပြင်ဖက်တွင်ပါ သွားရောက်သင့်သည့်နေရာများစွာရှိသည်။ ထိုနေရာများထဲမှ ကောင်းနိုးရာရာနေရာများကို မိတ်ဆက်ပေးချင်ပါသည်။



(၁) ဂိုးလ်ဒင်းဂိတ်တံတား (Golden Gate Bridge)
Golden Gate တံတားသည် ဆန်ဖရန်၏ သင်္ကေတဖြစ်သည်။ ဆန်ဖရန်မြောက်ဖက်ပိုင်းရှိ မြို့များနှင့်ဆက်သွယ်ရန်အတွက် လေတိုက်နှုန်းအလွန်ပြင်းသော ပင်လယ်ကွေ့အဝကို ဖြတ်သန်းထားသည့် ကြိုးတံတားဖြစ်သည်။ သဘောင်္များဝင်ထွက်ရာအပေါက်ဝဖြစ်၍ ကြိုးတံတားဒီဇိုင်းကို ရွေးချယ်ခဲ့သည်။ ခေတ်သစ်ကမ္ဘာ၏ ထူးခြားအံ့မခန်းသောတည်ဆောက်မှုအဖြစ် ယနေ့တိုင် တည်ရှိနေဆဲဖြစ်၏။ ထိုခေတ်အခါက မဖြစ်နိုင်ဟုဆိုသောအရာကို ဖြစ်အောင်လုပ်ပြခဲ့ကြသည့် အင်ဂျင်နီယာများကို လေးစားပါသည်။ ယခုခေတ်တွင် အလွန်တရာရှည်လျှားသော ကြိုးတံတားများ တည်ဆောက်နိုင်ခြင်းမှာလည်း ဤတံတား၏ ဆောက်လုပ်ရေးလုပ်ငန်းမှ လေ့လာသင်ယူခဲ့မှုများကြောင့် ဖြစ်၏။

တံတားအရှည်စုစုပေါင်း (၁.၇)မိုင်ရှည်ပြီး အကျယ်ပေကိုးဆယ်၊ အမြင့် (၇၄၆)ပေရှိသော ဤကြိုးတံတားကို ၁၉၃၃ခု ဇန်နဝါရီလတွင်စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၇ခုနှစ် မေလ(၁၇)တွင်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်းရှစ်ဆယ်ကျော်ရှိခဲ့ပြီ။ ဖိုးဖိုးကြီးအရွယ်ရောက်နေပြီဖြစ်သော ထိုတံတားအိုကြီးပေါ်မှ နေ့စဉ်လိုလို ယာဉ်မျိုးစုံအစီးရေစုစုပေါင်း တစ်သိန်းတစ်သောင်းကျော် ဖြတ်သန်းလျှက်ရှိ၏။ ပြုပြင်ထိန်းသိမ်းမှုကောင်းသဖြင့် နှစ်ရာကျော်သည့်တိုင် အသုံးတော်ခံနေမည်မှမလွဲ။ ဘယ်ညာ တစ်ဖက်လျှင် တစ်ပေမျှရွေ့လျှားနိုင်သဖြင့် ငလျှင်ဒါဏ်လည်း ပူစရာမရှိ။

ဤနေရာသည် ရှုခင်းအလှဆုံးတံတားတစ်ခုမို့ ဓါတ်ပုံဆရာများအကြိုက်တွေ့ကြ၍ ဓါတ်ပုံအရိုက်ခံရဆုံး တံတားတစ်စင်းအဖြစ် တည်ရှိနေသည်။ တံတားပေါ်မရောက်မှီမှစ၍ တံတားပေါ်အထိ ဓါတ်ပုံရိုက်ရန်ရှုခင်းပေါင်းစုံက ရင်သတ်ရှုမော။ ရုပ်ရှင်ဇာတ်ကားများစွာတွင် အဓိကဇာတ်ကောင်အဖြစ်အသုံးတော်ခံခဲ့ရသလို ယနေ့တိုင်လည်း အသုံးတော်ခံနေမြဲဖြစ်သည်။



(၂) အယ်ကာထရဇ်ကျွန်း (Alcatraz Island)
ဆန်ဖရန်စစ္စကိုမြောက်ဖက် ကမ်းခြေနှင့် (၁.၂၅)မိုင်အကွာတွင်ရှိသောကျွန်းငယ်လေးသည်လည်း နာမည်ကျော်နေရာတစ်ခုဖြစ်၏။ မီးပြတိုက်ထားရှိရာကျွန်းကလေးမှသည် ၁၉၃၄မှ ၁၉၆၃ အထိ ဗဟိုအစိုးရအကျဉ်းထောင်ဖြစ်ခဲ့သောသည်ကျွန်းလေးတွင် အမေရိကန်ပြည်ထောင်စု၏ နာမည်ကျော်လူဆိုးကြီး အယ်လ်ကာပုန်း (Al Capone)အပါအဝင် ထိပ်တန်းဒုစရိုက်သမားများစွာကို ထိန်းသိမ်းထားခဲ့ရာ နေရာဖြစ်၏။

ကမ်းခြေနှင့်တစ်မိုင်သာသာအကွာအဝေးသာဖြစ်၍ အကျဉ်းထောင်မှ ထွက်ပြေးရန်အကြိမ်ကြိမ်ကြိုးစားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အောင်မြင်မှုမရခဲ့ကြ။ ဖေါက်ထွင်းထွက်ပြေးခဲ့သူ အကျဉ်းသား(၃၆)ဦးတွင် (၂၃)ဦးအရှင်ဖမ်းမိ၊ (၆)ဦးကိုအသေပစ်ခတ်ဖမ်းမိ၊ (၂)ဦးရေနစ်သေဆုံးသည်။ ကျန်သူများမှာ ရေနစ်သေဆုံးဟုယူဆ၍ ပျောက်ဆုံးစာရင်းဝင်သည်။ အလွန်အေးမြသောပင်လယ်ရေနှင့် ပြင်းထန်သောလှိုင်းပုတ်မှုကို အံ့တုနိုင်စွမ်းမရှိခဲ့ကြ။

ယခုအခါ ပြတိုက်ပြုလုပ်ထားသောအကျဉ်းထောင်ဟောင်းပေါ်သို့ သဘောင်္ဖြင့် သွားရောက်လည်ပတ်နိုင်သလို သဘောင်္ဖြင့်ပင် ကျွန်းတစ်ပတ်ပတ်၊ ရွှေတံတားကြီးအောက်မှဖြတ်၍ ဆန်ဖရန်စစ္စကိုမြို့၏ ရင်သတ်ရှုမောရှုခင်းများကို အဝေးမှကြည့်ရှုခံစားနိုင်သည်။ နာမည်ကျော် ဂျိန်းစဘွန်းမင်းသားကြီး ရှောင်ကွန်နရီသရုပ်ဆောင်ခဲ့သည့် The Rock အမည်ရှိ အကျဉ်းထောင်ရုပ်ရှင်ကားသည် သည်ကျွန်းကိုအခြေပြု၍ ရိုက်ကူးခဲ့သည်။



(၃) တောင်ကုန်းညီနောင် (Twin Peaks)
အမြင့်ပေ(၉၂၅)ပေမြင့်သော တောင်ကုန်းညီနောင်သည် ဆန်ဖရန်စစ္စကိုမြို့တစ်မြို့လုံးနည်းပါးကို မြင်တွေ့ရသည့်နေရာဖြစ်၏။ တချိန်က အိုလိုနီလူရိုင်းတို့အမဲလိုက်ရာတွင် အပေါ်စီးမြင်ကွင်းအဖြစ်အသုံးပြုခဲ့ရာဖြစ်သော သည်နေရာသည် ဆန်ဖရန်စစ္စကိုမြင်ကွင်းကျယ်ကြိုက်သူများအတွက် မရောက်မဖြစ်ရောက်ရမည့်နေရာဖြစ်၏။ မနက်ပိုင်းနှင့် ညနေပိုင်းဆိုလျှင် မြူများဖုံးနေ၍ မြို့ကိုမမြင်ရတတ်သောကြောင့် နေ့ခင်းပိုင်းတွင် သွားသင့်သည်။



(၄) ဂိုးလ်ဒင်းဂိတ်ပန်းခြံ (Golden Gate Park)
အရှေ့မှအနောက်သို့ သုံးမိုင်ကျော်ရှည်လျှား၍ တောင်မှမြောက်သို့ မိုင်ဝက်ခန့်ကျယ်သော ဤပန်းခြံကြီးကို ၁၈၇၁ခုနှစ်မှစ၍ စတင်အကောင်အထည်ဖေါ်ခဲ့သည်။ မြေဧက တစ်ထောင်ကျော်အကျယ်အဝန်းရှိသည်။ နယူးယောခ်မြို့ရှိဗဟိုပန်းခြံကြီး (Central Park) ထက် နှစ်ဆယ်ရာနှုန်းကျော်ပိုမိုကျယ်ဝန်းပြီး နှစ်စဉ် လူဦးရေ (၁၃)သန်းကျော်လာရောက်လည်ပတ်ကြသည်။ အပင်ပေါင်း တစ်သိန်းခွဲခန့်စတင်စိုက်ပျိုးပြုစုခဲ့ရာမှ ယခုအခါ တောအုပ်ကြီးများ၊ ပန်းမျိုးစုံ၊ ရေကန်ကြီးငယ်များ၊ ကလေးကစားကွင်းများ၊ ငှက်တိရိစ္ဆာန်များဖြင့် သာယာလျှက်ရှိ၏။မြို့ပြ၏ မွန်းကျပ်မှုကို ရှောင်တိမ်းလိုသူတို့အတွက် အကောင်းဆုံးနေရာဖြစ်၏။ မြို့ထဲမှာ တောအုပ်ကြီးဖြစ်အောင် ဖန်တည်းထားသည်။ ပန်းခြံ၏ အနောက်ဖက်အစွန်းသည် ပစိဖိတ်သမုဒ္ဒရာအထိ ကျယ်ဝန်းသဖြင့် ပန်းခြံမှထွက်၍ ကမ်းခြေတလျှောက် လမ်းလျှောက်နိုင်သည်။ ပနိးခြံထဲတွင်အနုပညာဆိုင်ရာ၊ သိပ္ပံဆိုင်ရာ ပြတိုက်ကြီးများလည်းတည်ဆောက်ထားသည်။

ဤနေရာသည် ၁၉၀၆ခုနှစ် ဆန်ဖရန်စစ္စကိုငလျှင်ကြီးအပြီးတွင် ဒုက္ခသည်နှစ်သောင်းအား ယာယီအိမ်ရာများတည်ဆောက်ပေးခဲ့သည့် နေရာလည်းဖြစ်သည်။ တေးဂီတပွဲတော်များလည်း မကြာခဏ ကျင်းပရာနေရာဖြစ်သည်။

 

(၅) အနုပညာမြောက်နန်းတော်နေရာ (Palace of Fine Arts)
ရောမနှင့်ရှေးဟောင်းဂရိနန်းတော်ဟောင်းကြီးပုံစံ တည်ဆောက်ထားသည်။ ၁၉၁၅တွင်ကျင်းပခဲ့သော ပနားမား ပစိဖိတ် ကုန်စည်ပြပွဲအတွက် အဆောက်အဦပေါင်းများစွာတည်ဆောက်ခဲ့ရာမှ တစ်ခုဖြစ်၏။ ပွဲကြီးအပြီးတွင် အခြားလက်ရာများစွာကို ဖြိုချဖျက်စီးခဲ့သော်လည်း ဤနန်းတော်ဟောင်းပုံစံ အဆောက်အဦးကြီးကို မဖျက်ဆီးလိုသောသူများက စောင့်ရှောက်ထိန်းသိမ်းခဲ့ရာမှ နှစ်တစ်ရာကျော်လာသော ယနေ့တိုင် မြင်တွေ့နေရဆဲဖြစ်သည်။

ဓါတ်ပုံရိုက်ရန် အလွန်လှသောနေရာဖြစ်၍ မင်္ဂလာဆောင်ကြမည့်သူများ မရောက်မဖြစ် ရောက်အောင်လာ၍ ရိုက်ကြရသည်။ မရင်နာ (Marina) ခေါ် ပင်လယ်ဆိပ်ကမ်းလမ်းတစ်လျှောက် လမ်းလျှောက်ရင်း လေကောင်းလေသန့်ရှုနိုင်သည်။

(၉)
 
(၆) တံငါဆိပ် (Fishermen’s Wharf)
၁၈၀ဝပြည့်၏ နှောင်းပိုင်းတွင်ရောက်ရှိလာသူ အီတလီနိုင်ငံသားတံငါသည်များ စတင်အခြေချရာမှ တံငါဆိပ်ဖြစ်ပေါ်လာသည်။ ထိုသူတို့သည် ဆန်ဖရန်စစ္စကို မြောက်ပိုင်းကမ်းခြေတွင်နေထိုင်ရာမှ North Beach ရပ်ကွက် ဖြစ်တည်လာသည်။ ထိုနေရာကို ဒေါ်လာ(၁၅)သန်းအကုန်အကျခံကာ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားလာရေးအတွက် ပြင်ဆင်ခဲ့ကြသည်။

ဆိပ်ကမ်းအမှတ်(၃၉) တည်ရှိရာဖြစ်၍ Pier 39 ဟုလည်းခေါ်သောသည်နေရာနှင့်တဆက်တည်းတွင် အမျိုးသားရေကြောင်းသမိုင်းပြတိုက်၊ ဒုတိယကမ္ဘစစ်ကအသုံးပြုခဲ့သည့် ရေငုတ်သဘောင်္ဟောင်း (USS Pampanito)၊ ၁၉ရာစုက အသုံးပြုခဲ့သည့် ကုန်ပစ္စည်းတင်သဘောင်္ (Balclutha ) စသည်တို့ကိုပါ တွေ့မြင်နိုင်သည်။ ပင်လယ်ဖျံကြီးများ (Sea Lion)သည်လည်း ဆိပ်ကမ်းတစ်ဝိုက်တွင်နေထိုင်ကြသည်။ ပင်လယ်ပြင်မှ ပြန်လည်ဆိုက်ရောက်လာသော ငါးဖမ်းလှေများလည်း နေ့စဉ်ဆိုက်ကပ်နေဆဲဖြစ်၍ လတ်ဆတ်သော ပင်လယ်စာများ ရရှိသည်။ ပင်လယ်ဂဏန်းကြီးများသည် အလွန်အရသာထူးကဲလှသည်။ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ပြခန်းများစွာဖြင့် အလွန်စည်ကားသည်။ လွတ်လပ်ရေးနေ့တွင် မီးရှူးမီးပန်းပစ်ဖေါက်ရာနေရာဖြစ်၏။

 
(၇) ကေဘယ်လ်ကား (Cable Car)
ဆန်ဖရန်စစ္စကိုရောက်လျှင် ကေဘယ်လ်ကားစီးရန်လည်း မမေ့ပါနှင့်။ မော်တော်ကားကဲ့သို့ စက်မပါပဲ မီးရထားလမ်းအောက်တွင် ရွေ့လျှားနေသော ကေဘယ်လ်ကြိုးကြီးဖြင့် ချိတ်ဆက်မောင်းနှင်ခြင်းဖြစ်၏။ ထို့ကြောင့် တစ်နာရီ(၁၃)မိုင်သာသာ အလွန်နှေးသောနှုန်းဖြင့်သာ ရွေ့လျှားသည်။

မြင့်မားသောတောင်ကုန်းများကြောင့် မြင်းလှည်းများလန်ကျ၍ မကြာခဏဒုက္ခဖြစ်ရာမှ ၁၈၇၃တွင် ကေဘယ်လ်ကားပေါ်ပေါက်ခဲ့သည်။ ၁၈၉၀အထိ လိုင်းပေါင်း (၂၃)လိုင်းရှိခဲ့သော်လည်း နှစ်တစ်ရာကျော်ခန့်ကြာသောအခါ လိုင်းသုံးလိုင်းသာ ကျန်ရှိသည်။ နေ့စဉ်လူနှစ်သောင်းခန့်ကိုပို့ဆောင်ပေးနေသောကြောင့် နှစ်စဉ်လူခုနှစ်သန်းခန့် စီးနင်းလိုက်ပါသည်။ ကေဘယ်လ်ကားပြတိုက်သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။ မတ်စောက်သောတောင်ကုန်းများပေါ်တွင် တည်ဆောက်ထားသဖြင့် ကားစီးရင်း သဘာဝရှုခင်းကို ခံစားနိုင်သည်။ ယူနီယံစကွဲမှ တံငါဆိပ်အထိကေဘယ်လ်ကားလမ်းသည် ခရီးသည်များအကြိုက်တွေ့ကာ အထင်ရှားဆုံးဖြစ်၏။

 
(၈) ယူနီယံစကွဲ (Union Square)
မြို့လည်ရှိ ပန်းခြံလေးတစ်ခုဖြစ်၏။ Shopping သမားတို့အကြိုက်ဖြစ်၍ အမျိုးသမီးထုအတွက် မရောက်မဖြစ်။ အလုပ်သမားသမဂ္ဂများကို ထောက်ခံသူတို့စုဝေးရာနေရာဖြစ်၍ Union Square ဟု ခေါ်တွင်သည်။ စီးပွားရေးရပ်ကွက် (Financial District)၊ တရုတ်တန်း (Chinatown )တို့နှင့် ကပ်လျှက်တည်ရှိသည်။ ဟော်တယ်ကြီးများ၊ ဈေးဝယ်စင်တာများ၊ ပြဇာတ်ရုံများ၊ စားသောက်ဆိုင်များ အနီးအနားတွင်ရှိသည်။ တံငါဆိပ်သွားရာ ကေဘယ်လ်ကားဂိတ် စတင်သည့်နေရာဖြစ်သည်။ ပန်းခြံအလယ်တွင် နိုက်ကီ(Nike) ဟုအမည်ရသည့် အောင်မြင်ခြင်းကိုကိုယ်စားပြုသော ဂရိနတ်ဘုရားမ၏ ရုပ်ထုကိုကျောက်တိုင်ထိပ်တွင် မြင်တွေ့နိုင်သည်။ (ကမ္ဘာကျော်ဖိနပ်တံဆိပ်သည် ထို Nike ခေါ် အောင်မြင်ခြင်းဂရိနတ်ဘုရားမ၏ အမည်ပင် ဖြစ်ပါ၏။)

 (၉) တရုတ်တန်း (Chinatown)
အမေရိကန်ပြည်ထောင်စုရှိ တရုတ်တန်းများတွင် ရှေးအကျဆုံးဖြစ်သည်။ မိုင်ဝက်ပတ်လည်အလျှားအနံရှိ စတုရန်းပုံသဏ္ဍန်ရှိ ဆန်ဖရန်စစ္စကိုတရုတ်တန်းသည် မြောက်အမေရိကတိုက်တွင် အကြီးမားဆုံးလည်း ဖြစ်သည်။ ဤနေရာကျဉ်းလေးတွင် နေထိုင်ကြသူ လေးသောင်းနီးပါးရှိသဖြင့် နယူးယော့ခ်မြို့၏ မဟက်တန်ရပ်ကွက်မှလွဲလျှင် အမေရိကန်ပြည်ထောင်စု၌ လူနေသိပ်သည်းမှုအများဆုံးဖြစ်၏။ မိသားစုများ စုစုပေါင်း၏ သုံးပုံနှစ်ပုံသည် ဟော်တယ်ခန်းအရွယ်အခန်းငယ်များတွင် နေထိုင်ကြသည်။ တစ်နှစ်ဝင်ငွေ နှစ်သောင်းခန့်သာရှိသဖြင့် ဝင်ငွေအလွန်နည်းပါးကြသည်။ နေထိုင်သူစုစုပေါင်း၏ ရာနှုန်းပြည့်နီးပါးမှာလည်း တရုတ်လူမျိုးများ သို့မဟုတ် အာရှတိုက်သားများပင် ဖြစ်ကြသည်။ ချမ်းသာသူတရုတ်အများစုကမူ Sunset၊ Richmond စသည့် ပင်လယ်နှင့်နီးသောရပ်ကွက်များတွင် နေထိုင်ကြသည်။ တရုတ်တန်း၏ သမိုင်းကြောင်းမှာ ရှည်လျှားလှသည်။

ဂရန့်လမ်း( Grant Avenue) ပေါ်ရှိ တရုတ်တန်း၏အဝင်ပေါက်တစ်ခုပေါ်ရှိ နဂါးဂိတ် (Dragon Gate) သည် အလှဓါတ်ပုံရိုက်သူတို့အတွက် မျက်စိကျစရာနေရာဖြစ်သည်။ နှစ်တစ်ရာကျော်ပြီဖြစ်သည့် တရုတ်ရှေးဟောင်းလက်ရာ လမ်းမီးတိုင်ကြီးများကိုလည်း တွေ့နိုင်သည်။ တရုတ်ရိုးရာအစားအစာများကိုလည်း ဈေးနှုန်းသက်သာစွာ စားသုံးနိုင်သည်။ အမှတ်တရပစ္စည်းဆိုင်များ၊ ရှေးဟောင်းတရုတ်ဘုရားကျောင်းများ ရှိသည်။


ကမ္ဘာကျော် ကွန်ဖူးဘုရင် ဘရုစလီ ( Bruce Lee) မွေးဖွားခဲ့ရာ တရုတ်ဆေးရုံ (San Francisco Chinese Hospital) ကိုလည်းတွေ့မြင်နိုင်မည်။ ဘရုစလီသည် ထိုဆေးရုံတွင်မွေးဖွားခဲ့ပြီး ဆန်ဖရန်တဖက်ကမ်းရှိ ဥက္ကလံမြို့တွင် ကလေးဘဝက နေထိုင်ခဲ့သည်။ ကိုးနှစ်သားအရွယ်တွင် ဟောင်ကောင်သို့ ပြောင်းရွှေ့သွားကာ အသက်(၁၈)နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စုသို့ပြန်လည်ရောက်ရှိလာပြီး ဆန်ဖရန်တရုတ်တန်း၌ လအနည်းငယ်နေထိုင်ပြီးနောက် ဆီရားတယ် (Seattle)မြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။

 
(၁၀) ကွိုက်တာဝါ (Coit Tower)
မြို့မြောက်ဖက်ရှိ North Beach ရပ်ကွက်ရှိ တယ်လီဂရပ်တောင်ကုန်း (Telegraph Hill ) ပေါ်တွင်တည်ရှိသည်။ ပေပေါင်း (၂၁၀)အမြင့်ရှိသော ကွန်ဂရိတာဝါတိုင်ကြီးဖြစ်သည်။ မြို့လယ် တစ်မြို့လုံးကို အပေါ်မှ ၃၆၀ ဒီဂရီ အနေအထားဖြင့် တွေ့မြင်နိုင်သည်။ ၁၉၃၂-၃၃ တွင် မီးသတ်မျှော်စင်အဖြစ်အသုံးပြုရန် တည်ဆောက်ခဲ့သည်။ တယ်လီဂရပ်တောင်ကုန်း၏ လှေခါးထစ်များသည်လည်း မြင့်မားလှသဖြင့် ကျန်းမာရေးလိုက်စားသူများ၊ လမ်းလျှောက်သူများအကြိုက်တွေ့ကြသည်။


ထိုနေရာများအပြင် အကွေ့အကောက်များလှသဖြင့် ကမ္ဘာ့အကောက်ကွေ့ဆုံးလမ်းဟု တင်စားကြသည့် Lombard Street ၊ ဂျပန်တောင်း (Japan town)၊ မြို့တော်ခန်းမ (City Hall) ၊ ကုလသမဂ္ဂပလာဇာ (United Nation Plaza)၊ ဆန်ဖရန်ဆိပ်ကမ်းရှိ သမိုင်းဝင် Ferry Building ၊ Nob Hill တောင်ကုန်းပေါ်ရှိ သန်းကြွယ်သူဌေးကြီးများ၏ အိမ်များ၊ Cliff House ခေါ် ပင်လယ်အစွန်းကျောက်တုန်းကြီးပေါ်မှ အိမ်ကြီး၊ ကုန်းမြေ၏အဆုံး (Land End)ရှိ ပစိဖိတ်ကမ်းခြေ (Ocean Beach)၊ Sea Cliff မှ အိမ်ကြီးများ၊


 Presidio ခေါ် ရေတပ်စခန်းဟောင်းတည်ရှိရာ တောအုပ်ကြီး စသည်ဖြင့် မြို့တွင်းလည်ပတ်စရာတွေ အများအပြား ကျန်ရှိနေသေးပါသည်။

(ဆက်ရန်)

ဆောင်းယွန်းလ ● လူ့ဖြစ်ခြင်းကို သီချင်းလုပ်ဆိုမိတယ်

$
0
0

ဆောင်းယွန်းလ ● လူ့ဖြစ်ခြင်းကို သီချင်းလုပ်ဆိုမိတယ်
(မိုးမခ) မတ်လ ၅၊ ၂၀၁၉

သရဲမြင်းကြီးစီးပြီး
ငရဲမင်းကြီးချီတက်လာတာကို စောင့်ရတာမောပြီ
သရဲကမှကိုယ့်ကိုမခြောက်ရင်
ကိုယ်က သရဲကိုပြန်ခြောက်ရမယ့်အပေါက်ဘဲ
ငရဲမင်းကမှ ကိုယ့်ဆီတက်မလာရင်
ကိုယ်က ငရဲတွင်းထဲဆင်းသွားရမယ့်အချိုးဘဲ

ဒီမိုးဒီရေမှာ ဒီလေအတိုင်း
ငြိမ့်ငြိမ့်လေးတိုက်တိုက် သိမ့်သိမ့်ဘဲတုန်တုန်
တောင်လေအတိုက်မှာ အမှိုက်တွေရင်ခုန်ရစမြဲမို့လား

အရှိုက်ထဲရှူသွင်းထားလိုက်မိတဲ့ အမြိုက်တွေက
တောမီးလိုလောင်ကျွမ်းလို့ 
ဒီမြို့ပေါ်မှာ အသိအကျွမ်းကိုကမ္ဘာပတ်ရှာရင်း
သီချင်းပျက်သွားတဲ့ သံစဉ်တွေ ကျိုးတိုးကြောင်တောင်နဲ့
မိုးကြီးလည်းမှောင်ခဲ့

တိမ်စိုင်တွေဖြစ်ဖြစ် မြူတွေဖြစ်ဖြစ်
ကောင်းကင်ကြီးကိုချစ်တတ်ဖို့ အရေးက အရေးကြီးပြီး
ကျောက်ခဲတွေဖြစ်ဖြစ် သလဲတွေဖြစ်ဖြစ်
မြေကြီးကိုတန်ဖိုးထားတတ်ဖို့ အကြောင်းက သေကောင်ပေါင်းလဲလိုအပ်လို့ 
မဟာပထဝီမြေကြီးပေါ်မှာ သမိုင်းကြောင်းတွေကိုလေ့လာရင်း
ကယ်တင်ခြင်းသတင်းတွေနားထောင်နေရတာ ကပ်ဆိုက်တာဘဲ
ငြိမ်းချမ်းရေးစကားဝိုင်းတွေကိုကြည့်နေရတာ စစ်ကြီးမပြီးသေးလို့ဘဲ

ရာသီဥတုက ကိုယ့်ဖက်ပါမလာတဲ့နေ့တွေထဲမှာ
သားရဲတွင်းထဲခုန်ဆင်းဖို့ အတွက်
ဖိနပ်ပျောက်ကိုရှာရင်း ထီးကျိုးစည်ပေါက်ခဲ့ရတဲ့ဖြစ်ရပ်များနဲ့
လူ့ဖြစ်ခြင်းကို သီချင်းလုပ်ဆိုမိသော သံစဉ်တွေ။

ဆောင်းယွန်းလ

မြဇင်ယော် ● မုန်တိုင်းနောက်ကွယ်က ငှက်ငယ်များ

$
0
0
မြဇင်ယော် ● မုန်တိုင်းနောက်ကွယ်က ငှက်ငယ်များ
(မိုးမခ) မတ်လ ၅၊ ၂၀၁၉

(၁)
နေဝင်သွားလေပြီ။ အိမ်အပြန်နောက်ကျမှာ စိုးရိမ်နေသော မောင်မြင့်လွင်သည် ဖုန်ပေနေသော လက်နှစ်ဖက်ကို ပြန်ကာ လှန်ကာ ခါပြီး ရေးကြီးသုတ်ပျာနှင့် အိမ်သို့ ပြန်ပြေးလာခဲ့လေသည်။ မမှောင်ခင် ပြန်မရောက်ခဲ့လျှင် ဖခင်ဖြစ်သူ၏ ကြိမ်း မောင်းရိုက်ပုတ်ခြင်းကို ခံရလိမ့်မည်။ စိတ်ကစောနေလေရာ သွားနေကျလမ်းပေါ်တွင် ခလုတ်တိုက်၍ ဟပ်ထိုးလဲကျလေ သည်။ ရင်ဘတ်အနည်းငယ် အောင့်သွားသည့်အပြင် ခြေမအသားလန်သွားပြီး သွေးများထွက်လာလေသည်။ သို့သော် မသုတ်အားသေးဘဲ အိမ်သို့သာ မြန်မြန်ရောက်ချင်နေမိသည်။ ခြံဝိုင်းထဲသို့အဝင်တွင် ဖခင်က မိခင်အား ခြေထောက်င့်နှင်မ့် လှိမ့်၍လှိမ့်၍ ကန်နေသည်ကို မြင်တွေ့လိုက်ရလေရာ သူ့ခြေလှမ်းများတုံ့သွားပြီး ရင်မှာတဒိန်းဒိန်း ခုန်လာလေသည်။ ကြောက်ရွံ့စိတ်၊ အားငယ်စိတ်၊ ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာပြီး မိခင်ဖြစ်သူအား ကြီးစွာသနားမိလေသည်။ မိခင်၏နှုတ်မှ တောင်းပန်သံ၊ အသနားခံသံများကိုလည်း မသဲမကွဲ ကြားနေရသေးသည်။ ဖခင်သည် ဘာ့ကြောင့်စိတ်ဆိုးနေသည်ကို မသိရဘဲ မောင်မြင့်လွင်ရပ်ကြည့်နေဆဲမှာပင် မိခင်ကို အိမ်ဦးကြမ်းပြင်မှ ''ဝုန်းခနဲ''ကန်ချလိုက်လေသည်။ မြေကြီးပေါ် ပုံလျက်သားကျနေသော မိခင်ကို မောင်မြင့်လွင် သွား၍မထူရဲ၊ ရပ်နေသော နေရာမှလည်း မရွေ့ရဲပေ။ သူ့ကို တွေ့သွားလျှင် ဖခင်ကြီး၏ဒေါသက သူ့အပေါ် ပုံကျလာပေလိမ့်မည်။ တွေးရုံနှင့်ပင် ကြောက်ဒူးများတုန်၍ သူ့ကို မမြင်စေဖို့သာ ဆုတောင်းမိ လေသည်။ မောင်မြင့်လွင်သည် နဂိုကတည်းက ဖခင်ကို ကြောက်ရွံ့နာကျည်းပြီး မိခင်ကို သနားနေခဲ့လေရာ၊ ယခုကဲ့သို့ မိခင်ကို ရက်ရက်စက်စက် အိမ်ပေါ်မှ ကန်ချလိုက်သောအခါ ဖခင်အပေါ် ပို၍နာကျည်းမိလေသည်။

ဖခင်သည် နံနက်မိုးလင်းလျှင် အရက်နှင့်မျက်နှာသစ်၍ ညရောက်သည်အထိ အရက်ကို ရေသောက်သလို သောက်လေ့ရှိ သည်။ သူလိုချင်သော အမြည်းမရလျှင်၊ သူသောက်ချင်သောအချိန် မသောက်ရလျှင် အကြောင်းအမျိုးမျိုးရှာ၍ မိခင်ကို နှိပ် စက်တတ်သည်။ မိခင်ခမျာမှာ နံနက်မိုးလင်းကတည်းက သားနှင့်ယောက်ျားဖို့ ချက်ပြုတ်လျှော်ဖွပ်ရသည့်အပြင် စားသောက် ဖို့လည်း ရှာဖွေပေးရသေးသည်။ မောင်မြင့်လွင်သည် မိခင်ကို ''ဘယ်လိုကူညီရမလဲ''ဟုသာ အချိန်တိုင်း စဉ်းစားနေမိသည်။ အိမ်အလုပ်များကိုလည်း သူလုပ်တတ်သလောက် ကူညီပေးသည်။ နေ့စဉ်သာ ဤသို့နှိပ်စက်ခံနေရလျှင် ''မကြာခင် မိခင် သေသွားမလား''ဟုတွေးရင်း ပူပန်မိသေးသည်။ ဖခင်ကို မုန်းလိုက်သည်မှာလည်း ဆိုဖွယ်ရာ မရှိတော့ချေ။ မိခင်ဖြစ်သူအား ''တဖုန်းဖုန်း''နှင့် ပါးနားရိုက်နေစဉ်ကဆိုလျှင် ဖခင်ကြီးကို ကျောက်ငရုတ်ဆုံ၏ ကျည်ပွေ့နှင့်ပင် နောက်ကနေ ရိုက်ပစ်မည် ဟု စိတ်ရိုင်းဝင်မိသေးသည်။ သို့သော် ''အဖေ''ဟူသောအသိက နောက်တွန့်သွားစေသည်။ တတ်နိုင်လျှင် ဖခင်အား အိမ် တွင်မနေစေချင်ဘဲ သူ့မယားငယ်များ၏အိမ်သို့သာ သွား၍နေစေချင်သည်။ ဖခင်သည် မောင်မြင့်လွင်၏မိခင်အပြင် နောက် ထပ် မယားနှစ်ယောက်ကို ထပ်မံယူထားသေးသည်။ မိခင်ဖြစ်သူနှင့် တလ ကိုးသတင်းလာနေလိုက်၊ မယားငယ်တွေ အိမ် အလှည့်ကျသွားနေလိုက်နှင့် အချိန်ကိုကုန်ဆုံးစေလေသည်။ ဖခင်မရှိသောနေ့များတွင် မောင်မြင့်လွင်တို့အိမ် အေးချမ်းလှ ဘိခြင်း။ ခက်သည်က ဖခင်သည် သူ့အပေါ်အနွံတာအခံဆုံးဖြစ်သော မောင်မြင့်လွင်၏မိခင်နှင့်သာ အချိန်အများဆုံး နေ ထိုင်လေသည်။ ဖြစ်နိုင်လျှင် မိခင်ဖြစ်သူအား ''အမေရယ် ဒီလူကြီးကို လက်မခံတော့ပါနဲ့၊ ကျွန်တော်တို့သားအမိနှစ်ယောက် ဖြစ်သလို လုပ်ကိုင်စားသောက်ကြရအောင်ပါ''ဟု ပြောလိုက်ချင်သည်။ သို့သော်လည်း ဖခင်မရှိသည့်နေ့များတွင် တစုံတရာ ကို စိုးရိမ်သောကရောက်နေဟန်တူသောမိခင်သည် ဖခင်ပြန်ရောက်လာတော့မှ ထိုစိုးရိမ်နေခဲ့သော တစုံတရာကို စိတ်ချ သွားပုံရလေသည်။ ထိုအခါ မောင်မြင့်လွင် မပြောရက်တော့။ ဖခင်နှင့်ကင်းပြီးမနေနိုင်သော မိခင်ကိုသာ တိုး၍ သနားမိလေ သည်။ မြန်မြန်သာ လူကြီးဖြစ်လိုက်ချင်သည်။ မိခင်ကို လုပ်ကျွေးချင်သည်။ ကိုယ်ပိုင်လယ်မြေမရှိသော်လည်း သူရင်းငှားလုပ် ၍ ကျွေးနိုင်ပေမည်။ အမေစိုးရိမ်နေသော တစုံတရာကိုလည်း အကာအကွယ်ပေးချင်သည်။ ဖခင်မရှိဘဲ ဖခင်၏ဒုက္ခ မခံ စေရဘဲ မိခင်ကို သက်သောင့်သက်သာလေး နေစေချင်သည်။ ယခု လောလောဆယ်တွင်မူ မောင်မြင့်လွင် တတ်နိုင်သည်က ညစဉ် အိပ်ရာဝင် ဘုရားရှိခိုးပြီးတိုင်း ''မနက်ဖြန်ရောက်လျှင် အမေ အရိုက်မခံရပါစေနှင့်''ဟု ဆုတောင်းရုံသာ ဖြစ်လေသည်။
★ ★ ★

ညကိုးနာရီတွင် ဆရာမပြန်သွားလေပြီ။ ယခုမှသာ မောင်သက်နိုင် ''ဟင်း''ခနဲ သက်ပြင်းချနိုင်တော့သည်။ ညစဉ် ဆရာမပြန် သွားတိုင်း ''အိပ်ရတော့မည်''ဟူသောအသိကြောင့် ခုန်ပေါက်မတတ်ပျော်သည်။ မိခင်ဖြစ်သူဆီသွားပြီး အိပ်တော့မည်ဟု တွေးနေစဉ် ''ဟေ့ကောင်သက်နိုင် ထွက်ခဲ့စမ်း၊ မင်း ဘယ်ချောင်ကပ်နေတာလဲ၊ ငါ့ဖို့ ပုလင်းနဲ့ခွက်ယူခဲ့စမ်း''ဝေါခနဲ ကားဆိုက်သံနှင့်အတူ ဖခင်၏အသံက မိုးခြိမ်းသံလို ထွက်ပေါ်လာလေသည်။ မောင်သက်နိုင် မလှုပ်ရဲတော့ပေ။ စောစော တုန်းက အပျော်လေး ဘယ်ရောက်သွားသည်မသိ။ ကြောက်ရွံ့စိတ်များသာ လွှမ်းမိုးနေသည်။

''ရှင် အပြင်ကသောက်လာရင် အေးအေးဆေးဆေးနေ၊ ကျွန်မတို့သားအမိကို ဒုက္ခမပေးနဲ့၊ ရှင့်ဖာသာရှင် မူးလာရင် သွားအိပ် ချေ၊ မအိပ်ချင်သေးလို့ သောက်ချင်သေးရင်လည်း ကျွန်မသားကိုတော့ အယူမခိုင်းနဲ့၊ ကျွန်မသားလေး ရှင့်လိုဖြစ်သွားမှာ အကြောက်ဆုံးပဲ''

မောင်သက်နိုင်သည် မိခင်၏အသံကြောင့် အားရှိလာပြီး အကြောက်ပြေသွားသော်လည်း ဒူးများကတော့တုန်နေဆဲ။ သူ စိတ်အညစ်ရဆုံး ၊ မရောက်ချင်ဆုံးသောအချိန်ကို ရောက်လာခဲ့လေပြီ။

''ဘာပြောတယ်ကွ! ငါက ဘာဖြစ်နေလို့လဲ၊ ဒီမိန်းမ တော်တော်လူပါးဝတယ်၊ ငါ့လိုကောင်မျိုးရထားတာပဲ မင်း ကံကောင်း တယ်မှတ်ကွ''

''ချလွမ် --- ချွမ်း --- ခွမ်း ---''

ဧည့်ခန်းထဲရှိ စားပွဲပေါ်မှ ပန်းအိုးများ ကော်ဖီပန်းကန်များ အားလုံးကို ပေါက်ခွဲပစ်လေပြီ။ ထို့နောက်တွင် မိခင်၏ ရန်တွေ့သံ၊ ဖခင်၏ ကြိမ်းမောင်းသံများ ဆူညံဝေစည်လာတော့သည်။ မောင်သက်နိုင်အတွက်တော့ ဤမြင်ကွင်းမှာ ညစဉ်လိုလို မြင် တွေ့နေရသော ဇာတ်ဝင်ခန်းတခုဟုပင် ဆိုနိုင်လေသည်။ မိခင်ဖခင်တို့၏ရန်ပွဲမှာ တခါတလေ ပါးစပ်ဆိုင်းတီးရုံဖြင့် ပြီးသွား တတ်ကြသော်လည်း တခါတလေတွင် ဘီလူးဆိုင်း တီးတတ်ကြလေသည်။ မောင်သက်နိုင်၏ဖခင်သည် ဇနီးနှင့် ရန်ဖြစ်တိုင်း အိမ်တွင်ရှိသမျှ ပန်းကန်ခွက်ယောက်များကို စိတ်ရှိလက်ရှိ ရိုက်ခွဲပစ်တတ်သည်။ ခွဲစရာကုန်မှသာ ရန်ပွဲသိမ်းတတ်သည်။

နောက်တနေ့ရောက်သောအခါ ဖခင်ဖြစ်သူ ဖြုန်းတီးပစ်သမျှ အိုးခွက်ပန်းကန်များကို မိခင်ဖြစ်သူက ပြန်လည်ဝယ်ယူရလေ သည်။ ဤနည်းဖြင့် မောင်သက်နိုင်တို့မိသားစု သံသရာလည်နေတော့သည်။ ဌာနဆိုင်ရာ အရာရှိဖြစ်သော မောင်သက်နိုင်၏ ဖခင်သည် ဝင်ငွေကောင်းသည်နှင့်အမျှ သောက်စားပျော်ပါးကာ အရာရှိစည်းစိမ်ကို အပြည့်အဝခံစားလေသည်။ တခါတရံ ဆံပင်နီနီ၊ ဆံပင်ဝါဝါ၊ မောင်သက်နိုင် မခေါ်တတ်သော ဆံပင်အရောင်နှင့် မိန်းကလေးများကိုလည်း အိမ်ခေါ်လာတတ်သေးရာ၊ ထိုအခါမျိုးတွင် မိခင်ဖြစ်သူက ယမ်းပုံမီးကျ ဒေါထလေတော့သည်။ နှစ်ဖက်အဖိုးအဖွားများရောက်လာကြပြီး ဖျန်ဖြေပေးမှ သာလျှင် ပြန်လည်သင့်မြတ်ကြလေသည်။

မောင်သက်နိုင်အတွက် မိခင်ဖြစ်သူသည် သူ၏ကမ္ဘာကြီးပင် ဖြစ်လေသည်။ မိခင်မျက်နှာ သာလျှင် သာသလို၊ နွမ်းလျှင် နွမ်းသလို နေတတ်သောအကျင့်လည်း ရလာလေသည်။ မိခင်ဖြစ်သူ ဒေါထနေသောအခါများတွင် နေစရာမရှိတော့ပေ။ နဂိုကတည်းက ဖခင်၏ချစ်ခြင်းမေတ္တာမရခဲ့သော မောင်သက်နိုင်သည် မိခင်ကပါ မျက်နှာသာမပေးသောအခါတွင်မူ ချောင် တချောင်မှာ ကျိတ်မှိတ်၍ ငိုကြွေးနေရရှာလေသည်။

 (၂)
''တူနှစ်ဖြာ ××× ရွှေဂဟေဆက်ဖို့ ××× သွေမပျက်တဲ့ မေတ္တာ ××× ရေစက်နဲ့ရှေးအလာ ××× ''မောင်မြင့်လွင်သည် သူ၏ မင်္ဂလာပွဲအခမ်းအနားတွင် မိခင်နှင့်ဖခင်တို့၏ အိမ်ထောင်ရေးအနေအထားများကို ပြန်လည်မြင်ယောင်နေရင်း ချွေးပြန်နေမိသည်။ မိမိ၏အိမ်ထောင်ရေးက အလားတူဖြစ်မည်လား ကြောက်မိသည်။ ရတက်မအေးဖြစ်မိသည်။ ထို့ကြောင့် သတို့သား အသစ်စက်စက်ဘဝကတည်းက ''ငါ ဘယ်တော့မှ ဇနီးကိုအနိုင်မယူဘူး၊ လက်နဲ့ရိုက်ပုတ်ဖို့ ဝေးလို့ ပါးစပ်နဲ့တောင် မအော်ဘူး မငေါက်ဘူး၊ သူ့အဖေသား သူ့အဖေလိုပဲလို့ ပတ်ဝန်းကျင်ကကဲ့ရဲ့ကြမှာကို သည်းမခံနိုင်၊ အဖေနဲ့မတူစေရ အဖေနေသလို မနေ''ဟု သန္နိဋ္ဌါန်ချလိုက်လေသည်။

အမှန်တကယ်ပင် ဤအတိုင်း ကြိုးစား၍ ကျင့်ကြံနေထိုင်လေသည်။ ဇနီးသည်ကို အလိုလိုက် အကြိုက်ဆောင်၍ ကြင်နာ ယုယရှာလေသည်။ ကံဆိုးသည်က ဇနီးချောလေးသည် မောင်မြင့်လွင်၏ဖခင်ကို မကြည်ဖြူ။ ထို့ကြောင့် မိခင်ကိုပါ ငြူစူလေ သည်။ ယခုအချိန်တွင် ဖခင်ကြီးမှာ အသက်အရွယ်ရလာသည့်အပြင် ကျန်းမာရေးယိုယွင်းလာသောကြောင့် အရက်ဖြတ် လိုက်ပြီး မောင်မြင့်လွင်၏မိခင်နှင့်သာ ပေါင်းသင်းနေထိုင်လေသည်။ ငယ်စဉ်ကတည်းက မိခင်ကို လုပ်ကျွေးပြုစုချင်ခဲ့သော မောင်မြင့်လွင်သည် အိုးအိမ်မခွဲဘဲ မိဘတို့နှင့်အတူ နေထိုင်မည်ဟု ရည်မှန်းထားသော်လည်း သူ့ဇနီးက မနေချင်ပေ။ သမီး ယောက္ခမချင်းလည်း မကြာခဏ စကားများကြ ရန်ဖြစ်ကြလေသည်။

မိခင်အပေါ် ကြင်နာသနားပိုခဲ့သူ မောင်မြင့်လွင်သည် ဇနီးချောက မိခင်အား ကက်ကက်လန်အောင် ရန်တွေ့နေသည်ကို မြင်ရသောအခါ အသည်းက ဆတ်ဆတ်ခါအောင်နာ၍ ဒေါသအမျက် ချောင်းချောင်းထွက်လေသည်။ ဇနီးကို စိတ်ရှိလက်ရှိ ထုရိုက်ပစ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာလေသည်။ သို့သော် မိမိငယ်စဉ် ဖခင်ကြီးက မိခင်ကိုနှိပ်စက်ခဲ့သော မြင် ကွင်းများကို ပြန်လည်မြင်ယောင်လာသည်။ မိမိသည် ဖခင်ကြီးကဲ့သို့ မဖြစ်ချင်သလို ဇနီးသည်ကိုလည်း မိခင်ကြီးကဲ့သို့ မခံ စားစေလိုပါ။ မိမိသားသမီးများကိုလည်း မိမိငယ်စဉ်က စိတ်ဒဏ်ရာရခဲ့သလို မရစေချင်ပါ။ ထို့ကြောင့် ဇနီးအလိုကျ အိမ်ခွဲ နေခဲ့သည်။ ဖခင်ကြီး စွဲလန်းနှစ်ခြိုက်စွာ သောက်သုံးခဲ့သော အရက်ကိုလည်း စိတ်ထဲမှ အလိုလိုမုန်းမိကာ ရာသက်ပန် ရှောင်ကြဉ်လေသည်။ အလုပ်ကြိုးစားသည်။ သူရင်းငှားဘဝမှ လယ်ပိုင်ယာပိုင်ဘဝ ရောက်လာသည်။ သားသမီးများကို တတ်စွမ်းသမျှ စောင့်ရှောက်သည်။ အိမ်ခွဲပြီးချိန်မှ ယခု ဦးမြင့်လွင်ဘဝရောက်သည်အထိ မိဘတို့အပေါ်မှာလည်း ဝတ္တရား မပျက်ခဲ့ပေ။ ယခင်က မိခင်ဖခင်တို့အား ငြူစူခဲ့သော ဇနီးသည်ကိုလည်း အမျိုးမျိုးဖျောင်းဖျ စည်းရုံးကာ မိခင်ဖခင်တို့ လို လေသေးမရှိစေရန် အဝေးမှနေ၍ ဖြည့်ဆည်းပေးနေခဲ့လေသည်။
★ ★ ★

မြို့ပေါ်နေအရာရှိကြီး၏သား မောင်သက်နိုင်မှာ အရွယ်ရောက်လာကတည်းက အရက်ကိုကြိုက်တတ်လာလေသည်။ အစ တွင် မိခင်ဖြစ်သူက အမျိုးမျိုးတားဆီးနေ၍ ပုန်းလျှုးကွယ်လျိုးသောက်နေသော်လည်း မိမိကိုယ်တိုင် အရာရှိဖြစ်လာသောအခါ ပြောင်ပြောင်တင်းတင်းပင် သောက်လေတော့သည်။ မိခင်ခမျာလည်း အလုပ်ကို အကြောင်းပြလာသော မောင်သက်နိုင်ကို မတားဆီးသာတော့ပေ။

အိမ်ထောင်ပြုချိန်တွင်လည်း အရာရှိသူဌေးကြီး၏သား အရာရှိကလေးဖြစ်သောကြောင့် မြို့နေလူ တန်း စား များကြားတွင် ''ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်''ဖြစ်နေလေသည်။ မိမိစိတ်ကြိုက် အမျိုးသမီးတစ်ယောက်ကို သေချာရွေးချယ်၍ လက် ထပ်ခဲ့သည်။ သို့သော်လည်း လူပျိုဘဝက အပျော်အပါးနှင့် အသောက်အစားများကို မစွန့်လွှတ်နိုင်။ အလုပ်ပင်ပန်းမှုများ၊ စိတ်ဖိစီးမှုများကို အကြောင်းပြကာ ကေတီဗီများ၊ အနှိပ်ခန်းများသို့ ပုံမှန်ချီတက်လေသည်။ သားနှင့်သမီး၏ ပညာရေးကို လည်း ဇနီး၏တာဝန်ဟုသဘောထားပြီး မိမိမှာ ပိုက်ဆံရှာပေးရုံဖြင့် တာဝန်ကျေရုံမက ပိုလျှံ၍ပင်နေသည်ဟု ယူဆလေသည်။ ဖခင်လက်ထက်တုန်းက မိခင်နှင့် ရန်ဖြစ်ကြလျှင် အိုးခွက်ပန်းကန်များကို ရိုက်ခွဲခဲ့ပြီး ယခု မောင်သက်နိုင်လက်ထက်တွင် ဇနီးနှင့်ရန်ဖြစ်ကြလျှင် လက်ရှိကိုင်နေသော နောက်ဆုံးပေါ်လက်ကိုင်ဖုန်းကို ပေါက်ခွဲ၍ ဒေါသကိုပြလေသည်။ မယားအငယ် အနှောင်းများကိုလည်း တစ်ယောက်ပြီးတစ်ယောက်ယူနေရာ လက်ရှိမိန်းကလေးသည် ဘယ်နှယောက်မြောက်မှန်းပင် မသိတော့ပေ။

အရာရှိကြီးဦးသက်နိုင်ဖြစ်သည်အထိ တနေ့ တနေ့ အလုပ်သွားလိုက်၊ ပျော်ပါးလိုက်၊ အိမ်ပြန်ရောက်လာလျှင် ဆူပူပေါက်ကွဲ လိုက်နှင့် သားသမီးဇနီးတို့အား အချိန်မပေးနိုင်လောက်အောင် အလုပ်ရှုပ်ရှာလေသည်။ မိခင်ကြီးက ...

''မြေးလေးတွေ မျက်နှာကြည့်ပါဦး သားကြီး၊ သူတို့အရှက်ရစေမယ့်ကိစ္စမျိုးတွေ မလုပ်ပါနဲ့။ သူတို့ကို ချစ်ချစ်ခင်ခင်လေး ဆက် ဆံပေးပါကွယ်'ဟု မကြာမကြာ ဖျောင်းဖျတတ်လေရာ အရာရှိကြီး ဦးသက်နိုင်က

''သူတို့ ဘာပူစရာလိုလဲအမေ၊ သူတို့ကို အကောင်းဆုံးကျောင်းမှာ ထားပေးတယ်၊ အတော်ဆုံးဂိုက်ဆရာမတွေ ခေါ်ပေး တယ်။ သူတို့ဝတ်နေတဲ့ အဝတ်အစား၊ သူတို့သုံးနေသမျှပစ္စည်းတိုင်းဟာ အကောင်းစားတွေချည်းပဲအမေ၊ ဘယ်မိဘက ကျွန်တော့်လောက် ဖြည့်ဆည်းပေးနိုင်လို့လဲ''ဟူ၍သာ ပြန်လည်ချေပပြောဆိုတတ်လေသတည်း။

 မြဇင်ယော်

ဝင်းနန္ဒာ (Myanmar Now) ● မီးဒဏ်သင့် အညာသားမီးသတ်သမား

$
0
0
 ဝင်းနန္ဒာ (Myanmar Now) ● မီးဒဏ်သင့် အညာသားမီးသတ်သမား
(မိုးမခ) မတ်လ ၅၊ ၂၀၁၉

မီးခိုးငွေ့ ထူထူထပ်ထပ် ဖုံးလွှမ်းနေသော တိုက်ခန်းအတွင်းရှိ မီးတောက်မီးလျံများကြား  ကျယ်လောင်သည့်အသံကြီး ပေါ် ထွက်လာချိန်တွင် မီးသတ်သမား ဦးထွန်းထွန်း ခေတ္တမေ့မြောသွားသည်။ သတိပြန်လည်လာချိန်၌မူ အရေးပေါ်လူနာ တင်ယာဉ်အတွင်း  သူရောက်နေပြီ။

ရန်ကုန်မြို့ အထပ်မြင့်တိုက်ခန်းတစ်ခုရှိ အဆိုပါမီးလောင်မှုတွင် ကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေး လုပ်ငန်းများ လုပ်ကိုင် ခဲ့ကြသော နက်ပြာရောင်ဝတ်စုံဝတ် လုပ်ဖော်ကိုင်ဘက် ရဲဘော်တချို့လည်း သူ့ဘေးတွင် လိုက်ပါလာကြသည်။

 
နေအိမ်တွင် တယ်လီဖုန်း အသုံးပြုနေသော အသက် ၄၇ နှစ်အရွယ် မီးသတ်တပ်ကြပ်ကြီး ဦးထွန်းထွန်း (ဓာတ်ပုံ - ဝင်းနန္ဒာ / Myanmar Now)

သူ့တစ်ကိုယ်လုံး ရုတ်တရက် မလှုပ်ရှားနိုင်။ မိနစ်အနည်းငယ်အကြာတွင် ခန္ဓာကိုယ်အနှံ့ အပြင်းအထန် ပူလောင်သည့်ဒဏ်ကို  စတင် ခံစားလာသည်။ မီးလောင်ခံရမှုကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ခြေလက်များကို ဆေးရုံသို့ ရောက်သွားချိန်တွင် ဦးထွန်းထွန်း စတင် သတိပြုမိလာသည်။

“အရေခွံမှန်သမျှ ဒီလက်သည်းမှာလာပြီး တန်းလန်းကြီးတွေ ဖြစ်နေတာ” ဟု ဦးထွန်းထွန်းက  ကွေးကောက်နေသည့် လက်ချောင်းများကို ထောင်ပြပြီး ၂ဝ၁၃ နှစ်လယ်ပိုင်း အတွေ့အကြုံကို ပြောပြသည်။ မီးတောက်မီးလျှံများကြား တာဝန်ထမ်းဆောင်စဉ်  မီးလောင်ဒဏ်ရာ အပြင်းအထန် ရခဲ့သူ ဦးထွန်းထွန်းသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် ရှိနေဆဲဖြစ်သည်။   အရေပြား မီးလောင် ဒဏ်ရာတို့ကို ၆ နှစ်အတွင်း အကြိမ် ၃ဝ နီးပါး ခွဲစိတ်ကုသမှု ခံယူခဲ့သော်လည်း လက်ချောင်းများကို ကောင်းစွာ အသုံးပြုနိုင်ခြင်း မရှိသေးပေ။

● မီးလောင်ခံရ
မီးငြိမ်းသတ်ရင်း ခန္ဓာကိုယ်အရေပြားများ ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဗီလာအိမ်ရာ မီးလောင်မှုတွင် ဖြစ်ပွားခဲ့သည်။ မီးလောင်နေသည့်  အခန်းတွင် ပိတ်မိနေသူရှိသည် ဟူသော သတင်းကြောင့် တပ်ကြပ်ကြီး ထွန်းထွန်း နှင့် တပ်သားနှစ်ဦး အတွင်းသို့ ဝင်ရောက် ကယ်ဆယ်ကြသည်။

ပထမတံခါးကြီးကို လွယ်လွယ်ကူကူ ဝင်ရောက်သွားနိုင်သည့် မီးသတ်သမားတို့သည် ပိတ်မိနေသည်ဆိုသောသူကို အသည်းအသန် ရှာဖွေကြသည်။ မတွေ့သဖြင့် ဒုတိယတံခါးကို ကျော်ဖြတ်မည့်အချိန်တွင် တံခါးကြားမှ မီးခိုးပူများ  ပန်းထွက်လာရာ မီးသတ်ရဲဘော်နှစ်ယောက်  အခန်းအပြင်ဘက်သို့ တိမ်းရှောင်နိုင်ခဲ့သည်။ ဦးထွန်းထွန်း နောက်မှ လိုက်ထွက်သော်လည်း တံခါးမကြီးမှာ ရုတ်တရက် ပိတ်သွားသည်။ ၎င်းတို့သွားရောက် ကယ်ဆယ်သည့် နိုင်ငံခြားသား ဆိုသူမှာ ထိုနေ့က မီးလောင်သည့်အခန်းအတွင်း ရှိမနေခဲ့ပေ။

ကျယ်လောင်စွာ ကြားလိုက်ရသည့် တံခါးပွင့်ထွက်သွားသံနဲ့အတူ ဦးထွန်းထွန်း စက္ကန့်ပိုင်းမျှ မေ့မြောသွားသည်။ ပြန်သတိရလာချိန်တွင် အဆောက်အအုံ အပြင်ဘက်သို့ ဦးထွန်းထွန်း ရောက်ရှိနေပြီဖြစ်သည်။ သရဏဂုဏ်သုံးပါးကို စိတ်ထဲ ရွတ်ဆို ဆောက်တည်လိုက်သည်။

“ကိုယ်လည်း သေလူပေါ့လို့ အောက်မေ့ထားလိုက်တယ်။ စိတ်လျှော့ထားလိုက်တယ်။ စစချင်းတော့ ဘာမှမခံစားရဘူး။ ဆေးရုံသွားတဲ့ တွန်းလှည်းပေါ်မှာ အလူးအလဲ ခံရတော့တာပဲ” ဟု ဦးထွန်းထွန်းက ရှုံ့တွနေသည့် လက်နှစ်ဖက်ကို ကြည့်ပြီး ပြောပြသည်။

ဆောင်းထားသည့်ဦးထုပ်ကြောင့် မျက်နှာနှင့် ဦးခေါင်းမှာ မီးဘေးမှ ကင်းဝေးခဲ့သည်။

● ကုသမှု ခံယူခြင်း
ပြင်းထန်သည့် မီးလောင်ဒဏ်ရာကို မြောက်ဥက္ကလာပ ဆေးရုံတွင် သုံးရက်၊ ရန်ကုန်ဆေးရုံကြီးတွင် နှစ်လ အထိ ကုသခဲ့ရသည်။ ကနဦးကာလမှာ  မိသားစုဝင် အားလုံးအတွက် စိတ်ထိခိုက်ဖွယ်နေ့များ ဖြစ်သည်ဟု သူ၏ ဇနီးသည် ဒေါ်ဥမ္မာက ပြောသည်။

“ပတ်တီးဖြည်တော့ အရိုးတွေ၊ အကြောဖြူဖြူကြီးတွေပဲ မြင်ရတော့တာပေါ့။ မီးလောင်ဒဏ်ရာ မှန်သမျှက ချက်ချင်း မသိသာဘူး၊ ကောင်းပြီဆိုပြီး နေလို့မရဘူး။ အရေခွံက ကျစ်သွားပြီး ပင်ကို အရေခွံမဟုတ်တဲ့အခါ ကျတော့ လက်တွေက ဆွဲကုန်တာ” ဟု ဆေးရုံတွင် ကြုံတွေ့ခဲ့ရသည်ကို ပြန်ပြောပြသည်။

လက်ကောက်ဝတ်၊ တံတောင်ဆစ်တို့ ဆန့်ချည်ကွေးချည်လုပ်သည့်အခါ အရေခွံ ပြဲစုတ်သွားမတတ် ခံစားရသည်။ နှစ်နှစ်အကြာတွင်မှ ဆန့်နိုင်၊ ကွေးနိုင်တော့သည်။

တင်းမာနေသော အရေခွံများကြောင့် ဆန့်မရကွေးမရဖြစ်နေသည့် အသားချိုင့်ခွက်နေရာများအတွက် ပေါင်မှအသားမျှင်များကို အစားထိုးရသည်။ ဆေးရုံတက်  အစားထိုးခွဲစိတ်မှုပြီးလျှင် နောက်တစ်ကြိမ် ခွဲစိတ်မှုအတွက် ပေါင်မှအသားစိုင်များပြန်ပြည့်ဖြိုးလာရန် အားမွေးရပြန်သည်။

ထိုသို့ခွဲစိတ်ကုသသည်မှာ  ၂၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး  ကုသသည့်အခါတိုင်း မေ့ဆေးကို အသုံးပြုရသည်။ 
“ခွဲစိတ်တာတွေ များနေတော့ သိပ်တောင် မမှတ်မိတော့ဘူး” ဟု ဦးထွန်းထွန်းက  စတင် လှုပ်ရှားလာနိုင်ပြီဖြစ်သည့် ဘယ်ဘက်လက်မှ လက်ချောင်းများကို ထောင်ပြကာ ပြောသည်။ အတိတ်မှ မတော်တဆ ဖြစ်ရပ်အကြောင်း မေးခွန်းများကို ပြန်ဖြေရာတွင်  ဦးထွန်းထွန်းက  နားနားပြီးတွေးရ ပြောရသည်။

“အသားတွေလွှာရင်တော့ ခံရတယ်။ နှစ်ပတ်လောက်က လမ်းမလျှောက်နိုင်ဘူး။ ပေါင်ကနေလှီးပြီး ပြန်ထည့်တာ။ ပေါင်က အသားကတော့ သုံးပတ်လောက်ဆို ပြန်တက်လာတာပဲ။ ဒီအရေခွံတွေဆို ပေါင်သားတွေပဲလေ” ဟု ဦးထွန်းထွန်းက အမာရွတ်ကျန်ခဲ့သည့် ပေါင်မှ အသားလွှာကြောင်းများကို ပြကာ ပြောသည်။ 


အသက် ၄၇နှစ် အရွယ် မီးသတ်တပ်ကြပ်ကြီး ဦးထွန်းထွန်း (ဓာတ်ပုံ - ဝင်းနန္ဒာ / Myanmar Now)

● အညာသား ဆံသဆရာ
အညာသူ အညာသားများ ဖြစ်ကြသည့် ဦးထွန်းထွန်းရော သူ့ဇနီးပါ ဇာတိမြေ စစ်ကိုင်းတိုင်း ဒေသကြီး ဘုတလင်မြို့တွင် မင်္ဂလာဆောင်ပြီးနောက် ရန်ကုန်သို့ ပြောင်းရွှေ့လာကြသည်။ သားသမီးနှစ်ဦး ထွန်းကားခဲ့ရာ ယခုအခါ ယခုအခါ သမီးဖြစ်သူက တက္ကသိုလ် နောက်ဆုံးနှစ်၊ သားဖြစ်သူက အထက်တန်းကျောင်း တက်နေပြီဖြစ်သည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် ဝန်ထမ်းအိမ်ရာရှိ သူ့မိသားစုနေထိုင်ရာ အခန်းကျဉ်းလေးတွင် ကုန်ခြောက်ဆိုင် ဖွင့်ထားသည်။  ဦးထွန်းထွန်း အငြိမ်းယူချိန်အထိ သူနှင့် သူ့မိသားစု ထိုနေရာတွင် နေထိုင်နိုင်မည်။  ယင်းနောက်ပိုင်း သားသမီး တစ်ဦးဦးက ဌာနချုပ်ရုံးတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါက သူတို့မိသားစု ထိုအခန်းတွင် ဆက်လက် နေထိုင်သွားနိုင်ကြမည့် အလားအလာ ရှိသည်။

မီးလောင်ဒဏ်ရာမရခင်ကမူ ဦးထွန်းထွန်းသည် ဆံပင်ညှပ်ဆိုင်လေးဖွင့်ထားသူဖြစ်သောကြောင့် မိသားစုအတွက် အပိုဝင်ငွေ အသင့်အတင့်ရှာဖွေနိုင်ခဲ့သည်။

ဆံပင်ညှပ်သည် ဆိုသော်လည်း သူ၏ အဓိက အလုပ်ကိုသာ မဖြစ်မနေ ဦးစားပေးရသည်။

“ညှပ်ရင်းတန်းလန်း မီးသတ်ကား ဥသြဆွဲသံကြားရင် ထပြေးရတာပဲ။  ဆံပင်ညှပ်ခံနေတဲ့သူကို တန်းလန်းကြီး ထားခဲ့ရတာပေါ့။ ဘယ်တတ်နိုင်မလဲ။ ရုံးနဲ့နီးတော့ ယူနီဖောင်းကို ဆိုင်ထဲမှာ အဆင်သင့် ထားထားတာ” ဟု ဆေးမင်ကြောင်များ ထိုးထားသော ဦးထွန်းထွန်းက ပြောပြသည်။

သူ့ကျောကုန်းတွင် နဂါးပုံ၊ လက်မောင်းတွင် အရွယ်အစားကြီးမားသော နှင်းဆီပွင့်ပုံ တို့ ဖုံးလွှမ်းထားသည်။ ယခုအခါ အဆိုပါ ဆေးမင်ကြောင်များပေါ်တွင် အမာရွတ်များက ထင်ထင်ရှားရှား နေရာယူထားကြသည်။

● ရဲသူရိန်ဘွဲ့
အကုန်အကျများသည့် ရန်ကုန်တွင် နေထိုင်သူ ဦးထွန်းထွန်း၏ လစာမှာ  ကျပ်နှစ်သိန်းခွဲခန့်ဖြစ်သည်။ ခွဲစိတ်မှုပြုလုပ်သည့်အခါ ဆေးဖိုးထက် ပိုမို ကုန်ကျသည်မှာ လမ်းစရိတ်၊  ဆေးရုံတက်ချိန် စားသောက်စရိတ်တို့ ဖြစ်သည်။ ဌာနချုပ်ထံ တင်ပြလျှင် ဆေးဖိုးကိုသာ ပြန်ရနိုင်မည်ဖြစ်ပြီး    အခြားစရိတ်များကိုမူ ကိုယ်တိုင် ကျခံရသည်ဟု ဆိုသည်။

ထို့အတွက်ကြောင့် ကွေးဆန့်ခြင်းမပြုနိုင်သေးသည့်  ညာဘက်လက်ကို ခွဲစိတ်မှု ထပ်မံ မပြုလုပ်လိုတော့ကြောင်း ရှင်းပြသည်။

ဒေါ်ဥမ္မာက ခင်ပွန်းသည်၏ လက်များ ပိုမို အခြေအနေကောင်းလာရေးအတွက် ဌာနဆိုင်ရာက ကူညီဆောင်ရွက်ပေး လာမည်ကို မျှော်လင့်နေသည်။

“ခန္ဓာကိုယ် တစ်ခုလုံးလည်း ပေးဆပ်ပြီးသွားပြီ။ ဖြစ်နိုင်ရင်တော့ လက်တွေ ကွေးလို့ ဆန့်လို့ရတဲ့အခြေအနေ အထိ ဆေးကုသမှုပေးရင် ကောင်းတာပေါ့” ဟု ဒေါ်ဥမ္မာက ပြောသည်။

တာဝန် ထမ်းဆောင်စဉ် စွန့်လွှတ် စွန့်စားမှုအတွက် သမ္မတဟောင်း  ဦးသိန်းစိန် လက်ထက်တွင် အာဏာပိုင်တို့က ဦးထွန်းထွန်းကို နေပြည်တော်သို့ ခေါ်ယူကာ ရဲသူရိန်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျပ် ခြောက်သောင်းကို ပေးအပ် ချီးမြှင့်ခဲ့သည်။

“တစ်ခါမှ မရောက်ဖူးတဲ့ သမ္မတအိမ်မှာ ညစာ စားရတယ်။ ဒီလောက်ပါပဲ” ဟု ဦးထွန်းထွန်းက ခပ်ကျဲကျဲ ရယ်လိုက်ကာ ပြောသည်။


အသက် ၄၇နှစ် အရွယ် မီးသတ်တပ်ကြပ်ကြီး ဦးထွန်းထွန်း (ဓာတ်ပုံ - ဝင်းနန္ဒာ / Myanmar Now)

ဦးထွန်းထွန်းက သူ့ဖခင် ကျောင်းဆရာသည် ရပ်ရွာအကျိုးအတွက်  အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သောကြောင့် သူလည်း ငယ်စဉ်ကပင် မီးသတ်ရဲဘော် ဖြစ်လိုခဲ့သည်ဟု ဆိုသည်။

ဦးထွန်းထွန်း ရန်ကုန်စရောက်ပြီး မီးသတ်ဌာနသို့ဝင်ခဲ့ချိန်တွင်  အသက် ၂၁ နှစ်မျှသာ ရှိသေးသည်။ နှစ်နှင့်ချီ လုပ်ကိုင်ခဲ့သည့် ထိုအလုပ်သည် သာမန်စိတ်မျိုးဖြင့်မရ၊ ဝါသနာကြီးမှသာ လုပ်နိုင်ကြောင်း ဦးထွန်းထွန်းက ပြောသည်။

ယခင်က မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက်ရန် အချက်ပေး သံချောင်းခေါက်သံ ထွက်ပေါ်လာလျှင် ဦးထွန်းထွန်းသည် အခြား ရဲဘော်များထက် ရှေ့ဆုံးမှ ရောက်နှင့်နေပြီး ဖြစ်သည်။  ဦးထွန်းထွန်းက မီးသတ်သမားတိုင်းကို ထိုသို့ တက်တက်ကြွကြွ တာဝန် ထမ်းဆောင်စေလိုသည်။

ယခုတော့ ရဲသူရိန် တပ်ကြပ်ကြီး ထွန်းထွန်းသည် နေအိမ်တွင် အချိန်ပြည့် ရှိနေတတ်သည်။

လူနေထူထပ်ပြီး ကျယ်ဝန်းလှသော ရန်ကုန်တွင် မီးသတ်ကားများသည် မီးလောင်သည့် နေရာသို့  ဥသြသံပေးပြီး ဦးတည် ထွက်ခွာကာ မီးငြှိမ်းသတ်ကြသည်။ ဦးထွန်းထွန်းသည် မီးသတ်သမားဘဝတွင် ရှိနေဆဲ ဖြစ်သော်လည်း အခြားသော ရဲဘော်များနည်းတူ ထိုကားများပေါ်သို့ ပြေးတက်ပြီး လိုက်ပါသွားနိုင်ခြင်း မရှိပေ။

သို့သော်လည်း သူ့စိတ်ကမူ ဥသြသံပေးနေသော ကားပေါ်တွင် လိုက်ပါသွားလေသည်။ ။

ကျော်လင်း ● ရက္ခိတလမ်းစဉ်ဟာ အိပ်မက်ချိုလား၊ အိပ်မက်ခါးလား

$
0
0
 ကျော်လင်း ● ရက္ခိတလမ်းစဉ်ဟာ အိပ်မက်ချိုလား၊ အိပ်မက်ခါးလား
(မိုးမခ) မတ်လ ၅၊ ၂၀၁၉

Myanmar Now မှ ပြန်လည်ကူးယူ ဖော်ပြသည်။

ရက္ခိတလမ်းစဉ် ခေါ် ရခိုင်လူမျိုးတို့၏ ရည်မှန်းချက်ဆိုသည်မှာ တိတိပပအနက်ဖွင့်၍ မရနိုင်ပါ။ သို့ရာတွင် ထိုလမ်းစဉ်က ပေးသည့် ရခိုင်တစ်မျိုးသားလုံး ညီညွတ်ကြလော့ဆိုသည့် သတင်းစကားမှာမူ အရှိန်သြဇာကြီးလှသည်။

တစ်ချိန်က ရခိုင်တို့၏ ဘုရင့်နိုင်ငံတော် အတိတ်ဖြစ်ရပ်များကို အတွေးပန်းချီတွင် တစ်ဖန်ပြန် နိုးကြွလာစေသော ရက္ခိုင့်တပ် မတော် (AA) ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရက္ခိတလမ်းစဉ် အကြောင်း ပြောဆိုချက်များသည် ရခိုင်လူမျိုးတို့ကို လှုပ်နှိုးလိုက် သလိုပင်ဖြစ်သည်။ လက်ရှိအစိုးရက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် စေ့ဆော်ပြောဆိုမှုများသည်ပင် ယခုလောက် ပြည်သူလူထုကို စိတ်ဓာတ် နိုးကြားအောင် မတတ်နိုင်ပါ။


ကလေးမျက်နှာမြင်ရန် ရက်အနည်းငယ်အကြာတွင် စစ်ဘေးရှောင်ရန် နေရပ်စွန့်ခွာထွက်ပြေးရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆည်တောင်ကျေးရွာမှ မထွေး (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

သို့သော် ရခိုင်လူမျိုးတို့ကြား ရေပန်းစားထိုးဖောက်နေသည့် ‘ရက္ခိတလမ်းစဉ်’ ဆိုသည်ကပင်လျှင် လာမည့်နှစ် များစွာအတွင်း ရခိုင်ပြည်သူများအတွက် ဒုက္ခဆိုးများ တိုးသည်ထက်တိုးလာစေအောင် ဖန်တီးမည့်အရာပင်ဖြစ်တော့သည်။

ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့ကြား စစ်ပွဲများ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်။ AA က ကိုယ်ပိုင်အချုပ် အခြာပိုင် နယ်မြေထူထောင်ရန် လက်နက်ကိုင်စွဲပြီး တပ်မတော်ကိုပုန်ကန်ခဲ့သည်။ AA တို့အင်အားကြီးထွားလာသည်နှင့်အမျှ တိုက်ပွဲများလည်း ပိုမိုပြင်းထန်လာသည်။ ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင်တော့ AA က ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး၊ ကိုးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် AA က လက်နက်ငယ်များ နှင့် ထောင်သောင်းချီသော ခဲယမ်းပစ္စည်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းများသိရှိရသည်။

ထိုတိုက်ခိုက်မှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရအဖွဲ့က AA အား “အကြမ်းဖက်အဖွဲ့အစည်း” တစ်ခုအဖြစ်ကြေညာခဲ့ပြီး၊ နယ်မြေရှင်းလင်းရေး၊ သောင်းကျန်းသူ တန်ပြန်နှိမ်နင်းရေး နည်းလမ်းများသုံးစွဲပြီး ချေမှုန်းရန် မြန်မာစစ်တပ်ကို အမိန့်ပေးစေခိုင်းခဲ့သည်။

အကျိုးဆက်အားဖြင့် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် နှင့် ဘူးသီးတောင်မြို့နယ်များတွင် အရပ်သား ၅၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ စစ်ဘေးဒုက္ခသည်များ ဖြစ်လာခဲ့သည်။

တိုက်ပွဲများကြောင့် အဓိက အတိဒုက္ခရောက်ကြသူ အရပ်သားများမှာ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်သည်။

မေးစရာရှိသည်မှာ ရခိုင်လူမျိုးတို့ကြား AA ကိုဘာကြောင့် လှိုက်လှိုက်လှဲလှဲ ထောက်ခံနေကြသနည်း ဆိုသည့်အချက်ဖြစ်သည်။ အမှန်တော့ မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရန် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန် ကြိုးပမ်းနေစဉ်တွင် ရခိုင်လူမျိုး ၅၀၀၀ ကျော်ကို အခြေအနေမဲ့အောင်ဖြစ်စေခဲ့သော တိုက်ပွဲများကို အစပျိုးခဲ့သည်မှာ AA ဖြစ်သည်။

သို့သော်လည်း အစိုးရ၏ ငြိမ်းချမ်းနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံရေးများဖြစ်ပေါ်အောင် ကြိုးပမ်းမည် ဆိုသော အသံများသည် ရခိုင်လူမျိုးတို့အတွက် စိတ်ဝင်စားဖွယ်မရှိပါ။ ရခိုင်လူမျိုးတို့သည် အတိတ်က ဗမာလူမျိုးတို့အပေါ် သမိုင်းကြောင်း မကျေနပ်မှုများကိုလည်း မမေ့နိုင်သလို၊ ၎င်းတို့ရင်ဆိုင်နေရသည့် မျက်မှောက်ခေတ် ပကတိနိုင်ငံရေး အခြေအနေများကိုလည်း ကောင်းစွာ သိကြပါသည်။

ဗမာဘုရင့်တပ်တို့၏ ကျူးကျော်သိမ်းပိုက်မှုမခံရခင် ခရစ်သက္ကရာဇ် ၁၇၈၄ ခုနှစ်ထိ ရခိုင် ဘုရင့်နိုင်ငံတော်သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းနိုင်သော သီးခြားလွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ ဗမာတို့အား စစ်ရှုံးခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်ထိ ရခိုင်ပြည်သည် လွတ်လပ်မှုဆိတ်သုဉ်းခဲ့ပြီး၊ ဗမာတို့၏အုပ်ချုပ်မှုမှာ ယခုဆိုလျှင်နှစ်ပေါင်း ၂၀၀ ကျော်ပင် တိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တွင် သယံဇာတ အလွန်ပေါများ လှသော်လည်း လူမှုစီးပွားချွတ်ခြုံကျမှု၊ လူတန်းစားမညီမျှမှုများကို တွေ့မြင်ရမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေအထွေရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံ၏တတိတ အင်အားအကြီးဆုံး ဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP) သည် တစ်နိုင်ငံလုံးတွင် ကိုယ်စားလှယ် ၄၅ နေရာ အနိုင်ရရှိခဲ့သည်။ ထိုသို့ ၄၅ နေရာ ရရှိသည့်တိုင် ရခိုင်ပြည်နယ်၏အုပ်ချုပ်ရေးပိုင်းတွင် NLD ပါတီက ANP ကို အာဏာခွဲဝေပေးမှုမရှိခဲ့ပေ။

အလားတူနိုင်ငံရေးအခက်အခဲများကို အတိတ်ကလည်း ရခိုင်တို့ကြုံတွေ့ခဲ့ရပြီး ရခိုင်လူမျိုးများက တန်ပြန်မှုများပြုလုပ်ခဲ့ သည်။ ၁၉၆၂ ခုနှစ်မှ စတင်သော ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အုပ်ချုပ်ရေး ကာလအတွင်း ရခိုင်အမျိုးသားလွတ်လပ်ရေးတပ် (AIA)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP) တို့သည် ‘ငါတို့ရခိုင်ပြည်နယ်ကို ငါတို့ရခိုင်တွေသာ အုပ်ချုပ်နိုင်ရေး အတွက် ရက္ခိုင့်လွတ်လပ်ရေးပေး’ ဆိုကာ လက်နက်ဆွဲကိုင်ပုန်ကန်ထကြွခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ထိုနှစ်ဖွဲ့လုံး ပြိုကွဲသွားခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးစီးကာ လွတ်လပ်သော ရခိုင်ပြည်အတွက် တိုက်ပွဲ ဆက်လက်ဆင်နွှဲရန် ရက္ခိုင့်တပ်မတော် (AA) နှင့် ညီညွတ်သော ရက္ခိုင့်အဖွဲ့ချုပ် (ULA) တို့ကိုတည်ထောင်ခဲ့သည်။

ထိုအချိန်မှစတင်ကာ AA သည် အင်အားလျင်မြန်စွာ တိုးချဲ့လာနိုင်ခဲ့ပြီး အချို့သောခန့်မှန်းချက်အရ စစ်သည်အင်အားမှာ ၇၀၀၀ ခန့်ရှိသည်ဟုသိရသည်။ AA သည် စစ်အင်အားနှင့် ရခိုင်လူထုအကြား အရှိန်သြဇာတို့ တိုးပွားလာသည်နှင့်အမျှ ရခိုင်လူမျိုးများအတွက် ရခိုင်ပြည်နယ်ကို အတိတ်ကကဲ့သို့ လွတ်လပ်ပြီးဂုဏ်ရှိန်ဝင့်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲအောင်ဖန်တီးမည့် တစ်ခုတည်းသော ကယ်တင်ရှင်အဖြစ် ၎င်းကိုယ်၎င်း ပုံဖော်လာသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ချပြသော “ရက္ခိတလမ်းစဉ်” ဟူသောအယူအဆသည် အဖိနှိပ်ခံစိတ် နက်နက်ရှိုင်းရှိုင်းကိန်းဝပ်နေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုက်ယူလိုသော ရခိုင်လူမျိုးတို့နှင့် အလွန်ပင် အံကိုက်ဖြစ်သွားခဲ့သည်။

ရခိုင်တို့ လက်နက်ကိုင်ပုန်ကန်ရခြင်း၏ ရည်မှန်းချက်တစ်ခုမှာ လုံးဝလွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ ထူထောင်ရေးဟု အနက်ဖွင့်ကြသည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ သူဆိုလိုသည်မှာ အခြားသော ပြည်နယ်များထက် လုပ်ပိုင်ခွင့်ပိုမိုရှိသည့် ဝ ပြည်နယ်ကဲ့သို့သော ‘ကွန်ဖက်ဒရိတ်’ အဆင့်မျိုး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ရခိုင်ပြည်နယ်အတွက် ရရှိရေးဖြစ်ကြောင်း ဆိုသည်။

ရက္ခိတလမ်းစဉ်ကို မည်သို့ပင်အနက်ဖွင့်စေကာမှု ရခိုင်လူမျိုးများအဖို့ ထိုဆော်သြချက်သည် ဗမာတို့၏ဗိုလ်ကျစိုးမိုးမှု နိဂုံးချုပ်ရေး၊ ကိုယ်ပိုင်အချုပ်အခြာနိုင်ငံတော်တစ်ခု တည်ထောင်ရေးဆိုသည့် ၎င်းတို့ဘိုးဘွားတို့၏ ဆန္ဒကို ပြန်လည်လှုပ်နိုးလိုက်ခြင်းဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရရှိရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဖော်ဆောင်ရေး မြန်မာအစိုးရက ကြွေးကြော်မှုများပြုလုပ်နေသော်လည်း ရခိုင်ပြည်နယ်တွင်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များဖြစ်ပေါ်လာခဲ့ခြင်း မရှိသေးသကဲ့သို့၊ သွေးထွက်သံယိုပဋိပက္ခများ ချုပ်ငြိမ်းစေခြင်းမရှိသေးပါ။

ဒီမိုကရေစီအဆောက်အအုံများနှင့်တကွ ယင်းအဆောက်အအုံများကို မောင်းနှင်နေသော ဗဟိုအစိုးရတို့ကို ရခိုင်လူမျိုးတို့ အယုံအကြည်ကင်းမဲ့နေကြပါသည်။

ထို့အတွက် ၎င်းတို့ကို အပြစ်ဖို့၍မရပါ။

စီးပွားရေးအခွင့်အလမ်းများကင်းမဲ့နေခြင်း၊ နိုင်ငံရေးအရကိုယ်စားပြုမှုတွင် ပစ်ပယ်ခံထားရခြင်း၊ ရခိုင်ပြည်နယ်မှ လူဦးရေပို၍ပို၍ ထွက်ခွာနေကြခြင်းနှင့် နှစ်ပေါင်းများစွာ အဆက်မပြတ် ကျရောက်လာသော ဖိအားများသည် တော်လှန်ရေးတစ်ရပ်ပေါ်ပေါက်လာစေရန် အကြောင်းဖန်လာပါသည်။ ၎င်းတို့ရင်ဆိုင်နေရသော ပြဿနာများအတွက် တစ်နည်းတစ်ဖုံ အဖြေရှာရန် ရခိုင်လူမျိုးတို့ ကြိုးစားကြသည်မှာ မမှားပါ။

ထိုအခြေအနေတွင် AA နှင့် ရက္ခိတလမ်းစဉ်အယူအဆများ ရောက်ရှိလာခြင်းဖြစ်သည်။

ယခုကဲ့သို့သော ရည်မှန်းချက်များ၊ အယူအဆများသည် အတိတ်က ရွှေထီးဆောင်းခဲ့သည်များကို ပြန်ပြောင်း လွမ်းဆွတ်စရာ ဖြစ်ပေါ်စေသည်ဆိုသော်လည်း အမှန်တွင်မူ ထိုအချက်များသည် ရခိုင်လူမျိုးတို့အတွက် လာလတံ့သောကာလများတွင် ပို၍ဆိုးသောဒုက္ခများကိုသာ ဆောင်ကြဉ်းလာဖို့ အလားအလာရှိပေသည်။

(ရခိုင်အမျိုးသား အလွတ်တန်းသတင်းသမား ကျော်လင်း၏ Asia Times သတင်းစာမျက်နှာတွင် ရေးသားထားသော ‘The Way of Rakhita’: dream or nightmare? ဆောင်းပါးကို Myanmar Now က မြန်မာဘာသာပြန်ဆိုထားပါသည်။)
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>