Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧
ခိုင်မာကျော်ဇော - မျက်ရည်သောက်တဲ့ စစ်
$
0
0
No Information, File Photo
ခိုင်မာကျော်ဇော - မျက်ရည်သောက်တဲ့ စစ်
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
ပွင့်လင်းရာသီ
မောရှမ်းပြည်မှာ
စစ်ဟုန်မာန်တင်း
ဒေါသပြင်းတော့….
 ရိတ်သိမ်းသူကင်း
စပါးခင်းတွေ
ငြိုးယော်ခွေကျ လက်မှိုင်ချလို့ ။
 ရွှေဖီဦးလည်း
လွေး နန်း မခူး
ယမ်းငွေ့ လူးနေ။
လိမ်မော်တောလမ်း
ပါးအို့ နီပျောက်
ဗုံးဆံရောက်ခဲ့။
ဗုံရှည်ကြီးလည်း
မီးလောင်စွဲလို့ 
ဝိုင်းဖွဲ့ ကုန်းက ဝေးခဲ့ရပေါ့။
ဝေဟင်ဗုံးကျဲ
ကုန်းတိုက်ပွဲကြောင့်
ရွာတွေ ကျောင်းတွေ
စစ်မြေတလင်း
မီးလောင်ကွင်းဖြစ်။
စစ်ရှောင်စခန်း အ၀င်လမ်းမှာ
သားပျောက်ရှာသူ
လင်ဆုံးသူကို
မြေးမလေးဆုံး
သားလေး ဗုံးထိ
နှလုံးကြေကွဲ
မျက်ရည်ဝဲနဲ့ 
အဖွားတယောက် အကြိုထောက်တော့
ဆေးဆရာမ
နန်းမ ပါးမှာ
မျက်ရည်တာကျိုး
ထစ်ချူန်းမိုးလို ရွာခဲ့ပြီ။
ခိုင်မာကျော်ဇော
နိုဝင်ဘာ ၁၆၊ ၂၀၁၅
↧
ကိုလေး(အင်းဝဂုဏ်ရည်) - စစ် ပွဲ တွေ ကို ရပ်
$
0
0
http://gawrifort.deviantart.com/art/War-and-Peace-352601366
ကိုလေး(အင်းဝဂုဏ်ရည်) - စစ် ပွဲ တွေ ကို ရပ်
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၅
၁၉၄၂
စစ်
တစ်နှစ်သုံးလေး ရေးတတ်ပြီ့
၁၉၄၈
မော်တာပစ်သံ အီးဝိုင်သံ
စက်ကလေးသံ စက်ကြီးသံ
ပစ္စတိုသံ ရိုင်ဖယ်သံ
အသံတိုင်းကိုခွဲတတ်ပြီ့
ဘုရားနား ငါးလောင်း
ချောင်းဘေး လေးလောင်း
သင်္ချိုင်းကုန်း သုံးလောင်း
အလောင်းကြည့် ကျောင်းပျက်
တရက်လဲမဟုတ်
နှစ်ရက်လဲမဟုတ်
ကျောင်းအုပ်ကြီးရဲ့ ကြိမ်ဒဏ်
ကျောကော့အောင်ခံခဲ့ရ
ဆရာမကလဲ
နားရွက်ဆွဲ ထိုင် ထ တဲ့
သြော် ကာလ ကာလ့
အလောင်းတွေကြား
ကစားခဲ့တဲ့
ငါ
ကံကြမ္မာသာလို့
ငါကိုယ်တိုင် အလောင်းမဖြစ်
ခု ...
အသက်ရှစ်ဆယ့့်
 မငြိမ်းချမ်းသမျှတော့
ကိန်းဂဏန်းက တိုးနေဦးမှာဘဲ့
 သေသူ
ပြတ်သူ
ငတ်သူ
ဒီလူတွေ
ဟောဒီလူတွေ
လူတွေ
လူတွေ
လူတွေ့
ရပ်
စစ်ပွဲတွေကို
ရပ်
သေနတ်သံအစား
စာအံသံကြားချင်ပြီ့
ကိုလေး(အင်းဝဂုဏ်ရည်)
16 11 2015 ည ၁၀ နာရီ
↧
↧
မြတ်သိန်းထွန်း - ပြောင်းလဲချိန်တန်သည့် အခါ ...
$
0
0
၂၀၁၅ ဇွန်လ၊ ဓာတ်ပုံ မြ၀တီ။ ရခိုင်ရေဘေးကယ်ဆယ်ရေး
မြတ်သိန်းထွန်း - ပြောင်းလဲချိန်တန်သည့် အခါ ...
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာပြည်ရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲတစ်ခုကို နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေ လက်တွဲပြီး ကြိုးစားခဲ့တာ ခုဆို လမ်းခုလတ်ရောက်နေပါပြီ။ စနစ်ကိုပြောင်းလဲဖို့ ကြိုးစားမှုနဲ့အတူ အဲဒီကြိုးစားမှုကြောင့် ပြောင်းလဲလာတဲ့ စနစ်နဲ့ လိုက်လျောညီထွေနေနိုင်ဖို့ ကြိုးစားသူတွေဖက်မှာလည်း မိမိတို့ရဲ့ အရိုးစွဲနေတဲ့ အကျင့်စရိုက်ပြောဆိုပြုမူပုံတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ စံသတ်မှတ်မှုမရှိပေမယ့် နိုင်ငံကောင်းဖို့အတွက် ကျွန်တော်တို့မှာ ကိုယ်စီကိုယ်ငှ ပြောင်းလဲသင့်တာလေးတွေ ရှိနေပါတယ်။
အဲဒီထဲက တစ်ခုကို ဆွဲထုတ်ပြရမယ်ဆိုရင် မြန်မာပြည်သူအများစုရဲ့ တပ်မတော်အပေါ်ထားတဲ့ သဘောထားအမြင်ပဲ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပါပဲ။ တပ်မတော်ဟာ အာဏာကိုချုပ်ကိုင်ထားတဲ့ လူတစ်စုရဲ့ အသုံးချခံဖြစ်နေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ တိုင်းပြည်ရဲ့ အကြီးမားဆုံး အင်အားစုဖြစ်တဲ့ တပ်မတော်ရဲ့ အမိန့်နာခံမှု၊ အဲဒီအချက်ပေါ် အခြေခံတဲ့ စစ်သည်တိုင်းရဲ့ ကျင့်ဝတ်သိက္ခာ၊ အဲဒါတွေကို အလွဲသုံးစားလုပ်ခံခဲ့ရတာ နှစ်ပရိစ္ဆေတများစွာ ကြာလာတဲ့နောက်ပိုင်းမှာ တပ်မတော်ဟာ မြန်မာနိုင်ငံမှာ လူမုန်းအခံရဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
အစုအဖွဲ့ထဲက တစ်ဦးချင်းစီရဲ့ ပြုမူလုပ်ဆောင်ချက်ဟာ အဖွဲ့အစည်းတစ်ခုလုံးအပေါ် အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိသလို အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပုံရိပ်ဟာလည်း သူ့ထဲမှာ ပါဝင်နေတဲ့ တစ်ဦးတစ်ယောက်ချင်းစီအပေါ် သက်ရောက်မှုရှိနေပါတယ်။ အဲဒီလို အပြန်အလှန်သက်ရောက်မှုရှိနေတဲ့ အနေအထားဟာလည်း သူ့ကိုထိန်းကျောင်းမောင်းနှင်တဲ့ စနစ်အပေါ်မှာ ရာနှုန်းပြည့် မှီခိုနေပါတယ်။ စနစ်မကောင်းခဲ့တဲ့အတွက် တပ်မတော်ရဲ့ ပုံရိပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ မြောင်းထဲရောက်ခဲ့ရပါတယ်။ အဲဒီရဲ့ဆိုးကျိုးကို တပ်မတော်သားတိုင်း ခံစားနေခဲ့ရပါတယ်။ ပြည်သူ့အချစ်တော်ဘ၀ကနေ ပြည်သူ့ချဉ်ဖတ်ဖြစ်သွားပြီး အာဏာရှင်ရဲ့ လက်ပါးစေ၊ စစ်ခွေးစတဲ့ ရှုံ့ချပြစ်တင်မှုတွေကို မချိမဆန့် ခံစားခဲ့ကြရပါတယ်။ သူတို့တင်မကပဲ သူတို့ရဲ့ မိသားစုဝင်တွေပါ အဲဒီဒဏ်ရာတွေကို မလိုချင်ပဲ ပိုင်ဆိုင်ခဲ့ကြရပါတယ်။ ဒီလိုအခြေအနေတွေဟာ စစ်အာဏာရှင်တွေအတွက် အာဏာလက်မလွှတ်ရဖို့ တပ်မတော်ကို ဆက်အသုံးချစရာ အကြောင်းပြချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။ အဲလိုနဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်လာတဲ့အခါ ပြည်သူအများစုဟာ တပ်မတော်သားတွေကို ပြည်သူထဲက ပြည်သူအဖြစ်တောင် မမြင်နိုင်တော့ပဲ ရွံရှာမုန်းတီးလာခဲ့ကြပါတယ်။
တကယ်တော့ တပ်မတော်သားတွေဟာ အထက်ကပေးလာသမျှ အမိန့်အတိုင်း တသွေမတိမ်းလိုက်နာနေရသူတွေပါ။ အဲဒီအမိန့်ကို လိုလိုလားလား နာခံနိုင်ဖို့ သူတို့အတွက် အဓိကတွန်းအားက နိုင်ငံနဲ့ပြည်သူကို ကာကွယ်နေတယ်ဆိုတဲ့ ခံယူချက်ပဲဖြစ်ပါတယ်။ အဲဒီခံယူချက်နဲ့အတူ လေ့ကျင့်သင်ကြားလာခဲ့ရတဲ့ တပ်မတော်သားတွေဟာ အမိန့်နာခံမှုနဲ့ အသားကျလာတဲ့အခါ ပေးအပ်လာတဲ့ အမိန့်ရဲ့ တရားခြင်း၊ မတရားခြင်းကို စောဒတက်နိုင်စွမ်း မရှိတော့ပါဘူး။ အမိန့်နာခံခြင်းသည်သာ သူတို့ရဲ့တာဝန်၊ သူတို့ရဲ့ ဂုဏ်သိက္ခာ ဖြစ်လာခဲ့ပါတယ်။ ပြည်သူ့အတွက် အသက်စွန့်ရဲတဲ့သူတွေရဲ့ အမိန့်နာခံခြင်းကို ခုတုံးလုပ်ပြီး ပြည်သူနဲ့ ရန်တိုက်ပေးခဲ့တယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။
တကယ်တော့ တပ်မတော်သားအများစုဟာ တခြားနိုင်ငံဝန်ထမ်းတွေထက် တိုင်းပြည်ကို ပိုချစ်တဲ့သူတွေ ဖြစ်ကြပါတယ်။ တော်ရုံစိတ်ဓာတ်နဲ့ အသက်ရင်းရဲဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီလိုရင်းရဲသလောက် တဖက်မှာလည်း ပြည်သူဆီက ချစ်ခြင်းမေတ္တာကို သူများထက် ပိုတောင့်တမက်မောကြပါတယ်။ ဒါပေမယ့် သူတို့မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့အခါ လူတိုင်းနာကျည်းတတ်ကြပါတယ်။ အဲဒီနာကျည်းမှုတွေကပဲ ပြည်တွင်းစစ်မှာ တိုင်းရင်းသားတွေကို စိတ်ဒဏ်ရာတွေပေးခဲ့သလို ပြည်တွင်းစစ်နဲ့အတူ စစ်အာဏာရှင်စနစ်ကိုလည်း သက်ဆိုးရှည်စေခဲ့ပါတယ်။
ပြည်တွင်းစစ်ဆိုတာ စနစ်ကြောင့် ဖြစ်ရတာပါ။ သူလိုချင်တဲ့စနစ်နဲ့ ကိုယ်လိုချင်တဲ့စနစ် မတူညီလို့ ဒါမှမဟုတ် အပေးအယူမျှတမှုမရှိတဲ့အခါ စစ်ဖြစ်ကြရပါတယ်။ လက်နက်ကိုင်ချင်းတိုက်တဲ့ပွဲမှာ ဘယ်ဖက်ကလွန်တယ်လို့ တဖက်သတ်ကောက်ချက်ဆွဲလို့မရပါဘူး။ နှစ်ဖက်စလုံးမှာ အကြောင်းပြချက် ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် စစ်ပွဲကြာရှည်လာတဲ့အခါ စစ်ဘေးဒဏ်ခံစားခဲ့ရတဲ့ သာမန်ပြည်သူတွေရဲ့ ဘေးဒုက္ခနဲ့ နာကျည်းစိတ်ကို အဲဒီနှစ်ဖက်စလုံးရဲ့ အကြောင်းပြချက်တွေက ဖာထေးလို့မရတော့ပါဘူး။ စစ်ဖြစ်ရာဒေသတွေဟာ တိုင်းရင်းသားဒေသတွေ ဖြစ်တဲ့အတွက် ခံတိုက်တဲ့ လက်နက်ကိုင် တော်လှန်ရေးသမားတွေထက် သွားတိုက်တဲ့ တပ်မတော်သားတွေက ပိုမုန်းတီးခံရပါတယ်။
မုန်းတီးဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေလည်း အများကြီး ရှိနေပါတယ်။ ရွာမီးရှို့တာ၊ ပေါ်တာဆွဲတာ၊ သူပုန်ထင်ပြီး ပစ်သတ်တာ စတာတွေအပြင် မုဒိန်းမှုစတဲ့ ပြစ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ မရှိဘူးလို့ ငြင်းမယ်ဆိုရင် ရှိခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေလည်း တပုံကြီးရှိနေပါတယ်။ ယုတ္တိကျကျ ဆင်ခြင်သုံးသပ်ကြည့်ရင်တောင် သားမယားနဲ့ လပေါင်းများစွာ ထိတွေ့ဆက်ဆံမှုမရှိတဲ့ ရှေ့တန်းရောက် တပ်မတော်သားတချို့ဟာ စစ်ဖြစ်ရာဒေသတွင်းက သားမယားနဲ့ နီးနီးကပ်ကပ် နေခွင့်ရတဲ့ လက်နက်ကိုင်တော်လှန်ရေးသမားတွေထက် မုဒိန်းမှုဖြစ်နိုင်ချေ ပိုများပါတယ်။
အဲဒီလိုဖြစ်ရပ်တွေကြောင့် တပ်မတော်သင်တန်းကျောင်းတွေမှာ ကျင့်သုံးတဲ့ One for All စနစ်လိုပဲ တစ်ယောက်မကောင်းရင် အားလုံးဟာ အပြစ်တင်ခံရပါတော့တယ်။ ဒီအချက်တွေဟာ တပ်မတော်သားတွေကို ပြည်သူမုန်းတီးဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေလို့ ပြောရင် မမှားပါဘူး။
ဒါပေမယ့် ပြောင်းလဲချိန်တန်ပြီလို့ ပြောကြတဲ့အခါ အရင်ကလိုပဲ တပ်မတော်ကို အပြစ်ထိုင်တင်နေရင်း သူ့ဘာသာသူ ပြောင်းလဲလာမယ့် အချိန်ကို ထိုင်စောင့်ကြမလား၊ ပြည်သူဖက်ကနေ စတင်ပြီး နွေးနွေးထွေးထွေး လက်ကမ်းကြိုဆို ပြောင်းလဲယူမလားဆိုတဲ့ မေးခွန်းတစ်ခု ရှိနေပါတယ်။
တပ်မတော်သားအများစုဟာ သာမန်ပြည်သူတွေလိုပဲ စနစ်ဆိုးရဲ့အောက်မှာ မချိမဆန့် ရုန်းကန်နေကြရတာပါ။ သူတို့ကို မှီခိုနေတဲ့ မိသားစုဝင်တွေရဲ့ ဘ၀ကလည်း အပြင်ကအောက်ခြေပြည်သူတွေလိုပဲ ဆိုးရွားလှပါတယ်။ အကျင့်ပျက်ချစားမှုအောက်မှာ တခြားဝန်ကြီးဌာနတွေထက် ဘတ်ဂျက်ပိုရပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က အရာရှိ၊အရာခံ၊အကြပ် စစ်သည်တွေရဲ့ဘ၀ဟာ ဒီနေ့ထိ ထူးမခြားနားလှပါဘူး။ လစာရိက္ခာအနည်းငယ် ပိုရပေမယ့်လို့ တရိပ်ရိပ်ထိုးတက်လာနေတဲ့ ကုန်ဈေးနှုန်းအောက်မှာ အသက်နဲ့ရင်းပြီး ၂၄နာရီ တာဝန်ထမ်းဆောင်နေကြရတဲ့ သူတို့ရဲ့ဘ၀က တောက်ပြောင်မလာနိုင်ခဲ့ပါဘူး။ ကြီးပွားနေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စုအတွက် စတေးခံနေရတဲ့ အောက်ခြေ တပ်မတော်သားတွေရဲ့ဘ၀ဟာ ဆယ်စုနှစ်နှစ်ခုကျော် စာနာသူကင်းမဲ့ခဲ့ရပါတယ်။
အရပ်ဖက်ပြောင်းလဲတဲ့ စနစ်မကျင့်သုံးခင်အထိ အောက်ခြေတပ်မတော်သားတွေအဖို့ သက်ပြည့်ပင်စင်ကလွဲပြီး တပ်မတော်ကထွက်ချင်ရင် အသေထွက်၊ အပြတ်ထွက်၊ အရူးထွက်၊ စစ်ပြေးထွက် အဲလေးမျိုးပဲ ရှိခဲ့ပါတယ်။ စစ်သက်ဆယ်နှစ်ပြည့်ရင် ထွက်ခွင့်ရှိတယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေက ခုချိန်ထိ အသက်မ၀င်သေးပါဘူး။ ကျွန်ဝယ်ရာ အဆစ်ပါဆိုသလို အဲဒီအောက်ခြေတပ်မတော်သားတွေရဲ့ အိမ်ထောင်ဖက်ရဲမေတွေဟာလည်း ရှေ့တန်းစစ်မြေပြင်မှာ အသက်အန္တရာယ် ကြုံကြိုက်လာတဲ့အခါ လင်သားတွေနဲ့အတူ သေနတ်ကိုင်တိုက်ခဲ့ရပါတယ်။ နောက်တန်းမှာလည်း အများစုဟာ အရာရှိမိသားစုတွေရဲ့ အိမ်တော်ပါကျွန်ဘ၀နဲ့ ရပ်တည်နေရပါတယ်။ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ မချိမဆန့်ရပ်တည်နေရတဲ့ သူတို့ဘ၀မှာ အဓိပ္ပါယ်ရှိစွာ ရှင်သန်ဖို့အတွက် တိုင်းပြည်အတွက်ပေးဆပ်နေတယ်ဆိုတဲ့ ခံယူချက်လေးတစ်ခုတည်းနဲ့ မာန်တင်းနေကြတာပါ။
လက်တကမ်းမှာ မြင်နေရတဲ့ အဆင်ပြေကြီးပွားနေတဲ့ တပ်မတော်သားတချို့ကို ကြည့်ပြီး ပြစ်တင်ဝေဖန်လိုသူတွေအနေနဲ့ လက်တကမ်းထက် ဝေးဝေးကြည့်မှ မြင်နိုင်မယ့် စုတ်ပြတ်သတ်နေတဲ့ ဘ၀တွေကို မြင်အောင်ကြည့်ပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။
လစာတစ်သိန်းကျော်ပေးမယ်၊ ရိက္ခာပေးမယ်၊ ပေါင်တစ်ရာကျော်အလေးကို ထမ်းပြီး လနဲ့ချီမနားတမ်း တောင်တက်တောင်ဆင်းသွားရမယ့် အလုပ်ကို လုပ်နိုင်မလားလို့ သာမန်ပြည်သူတွေကို မေးရင် ခေါင်းခါမယ့်လူတွေချည်းပါပဲ။ ညစ်ပတ်ပေရေပြီး ဖြစ်သလိုနေထိုင်စားသောက်ရမယ့် အခြေအနေတွေ မပါသေးပါဘူး။ အခန့်မသင့်ရင် ခြေပြတ်လက်ပြတ် မျက်စိကန်း အသက်ပါဆုံးရှုံးရမယ့် အခြေအနေတွေ မပါသေးပါဘူး။ ဒီလစာ၊ ဒီခံစားခွင့်လေးနဲ့ အဲလိုအလုပ်မျိုးကို ဂုဏ်ယူစွာလုပ်နေသူတွေဟာ တပ်မတော်သားတွေ ဖြစ်ကြပါတယ်။ သူတို့ကို ကိုယ့်ရဲ့ သွေးသားရင်းခြာအဖြစ် ရှုမြင်ကြည့်ပါ။ ကိုယ့်သွေးသားကို အဲဒီအခြေအနေမျိုးမှာ မြင်ရက်ပါ့မလား။
တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းတချို့မှာ ခွဲတမ်းချပေးတဲ့ ရိက္ခာတွေကို အဆင့်ဆင့် အလွဲသုံးစားလုပ်တဲ့အတွက် ရဲဘော်သစ်လေးတွေဟာ အပြင်လူဆိုရင် နှာခေါင်းရှုံ့လောက်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို ဖြစ်သလို စားသောက်နေကြရပါတယ်။ တခါတလေ အထက်အရာရှိက ဖော်ရှိုးလုပ်ပြဖို့ စားရိပ်သာမှာ တ၀ိုင်းတည်း လာစားတဲ့နေ့လောက်ပဲ ကောင်းကောင်းစားရပါတယ်။ မြိုမကျနိုင်တဲ့လူသစ်တွေကို မြိုကျလာအောင် ခေါင်းထဲရိုက်သွင်းတဲ့ စနစ်အမှားတစ်ခုက စစ်သားဆိုတာ အစားအသောက် ဂျီးများခွင့်မရှိဘူး။ ငါတို့လည်း ဒီဘ၀ကတက်လာတာ။ ဒီလိုမျိုးစားသောက်ခဲ့ရတာ။ မင်းတို့ သင်တန်းမှာ ဒီဟာတွေ မ၀င်နိုင်ရင် ရှေ့တန်းမှာ ဘယ်လိုလုပ်စစ်တိုက်မလဲ။ အဲဒီသြ၀ါဒတွေကြားမှာ မုန်ညှင်းရွက်ရေလုံပြုတ်၊ သဲတရှပ်ရှပ်ငါးခြောက်၊ ယင်မနားငါးပိနဲ့ အမဲရွတ်တွေကို ရဲဘော်သစ်တွေ အံကြိတ်ဝါးနေရတုန်းပါပဲ။ ဒီခလေးတွေကို ကိုယ့်သွေးသားအဖြစ် မြင်ကြည့်ပါ။ ဘယ်လောက်သနားစရာကောင်းသလဲ။ ခုနောက်ပိုင်း သင်တန်းကျောင်းတွေရဲ့ အခြေအနေ မဆိုစလောက် ပြန်ကောင်းလာတယ်ဆိုပေမယ့် ရှိသင့်ရှိထိုက်တဲ့ အဆင့်အတန်းကို မရောက်နိုင်သေးပါဘူး။
တပ်မတော်ကထွက်လာတဲ့အချိန်မှာ တချို့အရာရှိတွေလို အရပ်ဖက်မှာ နေရာကောင်းမရနိုင်လို့ အပြင်မှာ လုပ်ကိုင်စားသောက်မတတ်ပဲ ဘ၀ပျက်နေတဲ့ စစ်မှုထမ်းဟောင်းတွေ တပုံကြီးရှိနေပါတယ်။ စစ်တပ်ကိုအကြောင်းပြပြီး နိုင်ငံရဲ့သယံဇာတတွေကို အလွဲသုံးစားလုပ်နေတဲ့ ဦးပိုင်လိုမျိုး အဖွဲ့အစည်းတွေ ပြစ်တင်ဝေဖန်နေတဲ့အချိန်မှာ သူတို့ရဲ့ ဒဏ်ကို သာမန်ပြည်သူလို ပြန်မပြောရဲ၊ ဆန္ဒမပြရဲကြတဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ ဘ၀ကို စာနာဖို့မမေ့ပါနဲ့။ စစ်အာဏာရှင်တွေ ဆက်ရှင်သန်နိုင်ဖို့ တပ်မတော်ကို ခုတုံးလုပ်၊ ပြည်သူတွေကြား ၀ါဒမှိုင်းတိုက်နေတဲ့ လက်တစ်ဆုပ်စာ စစ်မှုထမ်းဟောင်းတွေကို ကြည့်ပြီး တခြားစစ်မှုထမ်းဟောင်းတွေရဲ့ ရင်ဘတ်ထဲ ၀င်ကြည့်ဖို့ မတွန့်သွားပါနဲ့။ ခင်ဗျားတို့လိုပဲ သူတို့ဟာ တိုင်းပြည်ကို အင်မတန်ချစ်မြတ်နိုးပြီး တိုးတက်စေချင်သူတွေပါ။
စစ်အစိုးရခေတ်မှာ အရပ်သားပြည်သူတွေထက် ပိုမိုကောင်းမွန်တဲ့ ပညာရေးကို တပ်မတော်အရာရှိတွေ ရခဲ့ကြပါတယ်။ ဒါပေမယ့် ခိုင်မာမှုမရှိတဲ့ ပေါ်လစီတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေ အများကြီးသုံးပြီး ပညာတော်သင်လွှတ်ခံရတာကနေ ပြည်တော်ပြန်လာခဲ့တဲ့ တပ်မတော်သားပညာရှင်တချို့ဟာ သူတို့တတ်မြောက်လာတဲ့ ပညာရပ်တွေနဲ့ နိုင်ငံကို အကျိုးပြန်ပြုရမယ့်အစား ရှေ့တန်းမှာ သေနတ်ကိုင် တိုက်ပွဲဝင်နေကြတာတွေ ရှိပါတယ်။ နောက်တန်းမှာ ဖက်တိတ်အင်ချက်တွေ ဖြစ်နေကြရပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်နေလို့ ထည့်မရေးတော့ပါဘူး။ အဲဒီလိုနေရာမှန်လူမှန် မဖြစ်လို့ စိတ်လေလွင့်နေရတဲ့ တပ်မတော်အရာရှိတချို့ရှိနေပါတယ်။ နောင်တချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်ရမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ သူတို့ကို ပညာရှင်အဖြစ်မမြင်ပဲ မုန်းတီးစရာ စစ်အာဏာရှင် လက်ပါးစေတွေအဖြစ် ရှုမြင်နေရင် တိုင်းပြည်အတွက် အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ အလဟသဆုံးရှုံးသွားပါလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်တွေကို နိုင်ငံအတွက် အကျိုးပြုခွင့်ပေးပြီး ဆုံးရှုံးနေတဲ့ ပြည်သူ့မေတ္တာကို ပြန်လည်ပိုင်ဆိုင်ခွင့် ပေးသင့်ပါတယ်။
အာဏာနိုင်ငံရေးကို အားဖြည့်ဖို့ ၀ါရင့်တပ်မတော်အရာရှိကြီးတွေကို အရပ်ဝတ်လဲစေခဲ့တဲ့အတွက် ယနေ့တပ်မတော်မှာ မျိုးဆက်ပြတ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အထင်ရှားဆုံး သာဓကကို ပြရရင် ပြီးခဲ့တဲ့ လောက်ကိုင်စစ်ပွဲနဲ့ ခုဖြစ်နေတဲ့ ရှမ်းပြည်နယ်ထဲက စစ်ပွဲတွေမှာ တပ်မတော်ဖက်က လိုအပ်တာထက် ပိုမိုအကျဆုံးများနေခဲ့ပါတယ်။ စစ်ရေးအတွေ့အကြုံ လုံလုံလောက်လောက် မရှိတဲ့၊ မြေပြင်အနေအထားကို အကျွမ်းတ၀င်မရှိတဲ့ တာဝန်ရှိသူတွေဆီက ဆင်းလာတဲ့ ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အမိန့်မျိုးအောက်မှာ ယနေ့ချိန်ထိ ရှမ်းပြည်နယ်အတွင်း အသက်စွန့်သွားရတဲ့၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့ တပ်မတော်သားတွေ အများအပြား ရှိနေပါတယ်။ ကျဆုံးသွားသူတွေထဲမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိရောက်ဆုံး အထောက်အကူပြုနိုင်တဲ့ ပညာရှင်အရာရှိစစ်သည်တွေ ပါသွားနိုင်ပါတယ်။ သူတို့ကိုလေ့ကျင့်ပျိုးထောင်ပေးဖို့ သုံးစွဲခဲ့ရတဲ့ နိုင်ငံ့ဘဏ္ဍာနဲ့ သူတို့ကို ဒီအနေအထားထိ မြေတောင်မြှောက်ပေးခဲ့ရတဲ့ မိဘတွေအတွက် ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။
ပြည်တွင်းစစ် သက်ဆိုးရှည်နေသမျှ စစ်ဘေးသင့်ဒေသတွေက ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ ဘ၀ဟာ နလံပြန်ထူနိုင်မယ့် လမ်းမမြင်ပါဘူး။ လက်နက်ကိုင်တော်လှန်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေထဲက တိုင်းရင်းသားလူငယ်တွေရဲ့ အနာဂတ်ဟာလည်း လမ်းပျောက်နေအုန်းမှာပဲ။ သူတို့အားလုံးဟာ တိုင်းပြည်သာ တကယ်ငြိမ်းချမ်းသွားရင် အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာမှာ မြေကြီးလက်ခတ် မလွဲပါဘူး။ အင်မတန် အကဲဆတ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ကြားဝင်ဖြန်ဖြေမယ့် နိုင်ငံရေးအင်အားစုတွေ အနေနဲ့
ဘက်မလိုက်ပဲ မှန်မှန်ကန်ကန် ရပ်တည်ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။ ခုအစိုးရလက်ထက်မှာ လုပ်နေသလိုမျိုး ငြိမ်းချမ်းရေးကို ပွဲစားနည်းနဲ့သာ ဆက်လုပ်နေမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးဟာ နာတာရှည် ဆက်ဖြစ်နေအုန်းမှာပါပဲ။
ဘယ်နိုင်ငံမှာမဆို ကာကွယ်ရေးဝန်ကြီးဌာနဘတ်ဂျက်ဟာ တခြားဝန်ကြီးဌာနတွေထက် ပိုများပါတယ်။ နိုင်ငံတစ်ခုစီရဲ့ စစ်အင်အားနဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်ပြီး ပမာဏကွာသွားတာပါ။ အကျင့်ပျက်ခြစားနေတဲ့ တိုင်းပြည်တွေမှာတော့ တပ်မတော်သားအများစုဟာ တခြားအရပ်ဖက်ဝန်ထမ်းတွေလိုပဲ အရိုးအရင်းပဲ ကိုက်နေကြရပါတယ်။ တပ်မတော်အသုံးစရိတ် လျှော့ချမယ်လို့ စဉ်းစားရင် ဒါဟာ လက်တွေ့မကျဘူးလို့ ဝေဖန်ချင်ပါတယ်။ တကယ်လုပ်သင့်တာက တပ်မတော်ရဲ့ လက်ရှိအသုံးစရိတ်ကို အလေအလွင့် နည်းသထက်နည်းပါးအောင်၊ တပ်မတော်သားတိုင်း ထိုက်တန်တဲ့လစာခံစားခွင့် ရရှိအောင်၊ ခိုင်မာတဲ့ ဘ၀အာမခံချက်ရှိအောင် ဥပဒေတွေနဲ့ ဖန်တီးပေးခြင်းကသာ လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။
အဲဒီလိုမျိုး တပ်မတော်အတွက် အကျိုးရှိတဲ့ အဆိုပြုချက်တွေကို တပ်မတော်သားကိုယ်စားလှယ်တွေထက် ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကသာ တင်သွင်းနိုင်ရင် တပ်မတော်နဲ့ ပြည်သူတသားတည်းပြန်ဖြစ်လာမယ့် အချိန်မှာ လွှတ်တော်ထဲ လူပိုဖြစ်လာမယ့် တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ စစ်တန်းလျားပြန်မယ့်နေ့ရက်ဟာ မကြာခင်ဆိုက်ရောက်လာမှာ သေချာပါတယ်။
အဲဒီလို အခင်းအကျင်းတွေဖြစ်လာဖို့ လွှတ်တော်ပြင်ပက ဒီမိုကရေစီအင်အားစုတွေ၊ သူတို့ကိုထောက်ခံတဲ့ ပြည်သူတွေဟာ တပ်မတော်သားတွေနဲ့ အပြုသဘောဆက်ဆံရေးတွေ တိုးတက်လာအောင် ခုကတည်းက ကြိုးပမ်းဆောင်ရွက်သွားကြမယ်ဆိုရင်၊ တပ်မတော်သားတွေကလည်း စစ်အာဏာရှင်ဟောင်းတွေရဲ့ အရိပ်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူထဲက ပြည်သူတွေအဖြစ် တသားတည်းဖြစ်အောင် ကြိုးစားသွားကြမယ်ဆိုရင် အာဏာနိုင်ငံရေးမှာ ဘက်မလိုက်ပဲ ပြည်သူ့ဖက်ကရပ်တည်မယ့် ပြည်သူ့တပ်မတော်ကြီးကို ကျွန်တော်တို့ မကြာခင် ပိုင်ဆိုင်ခွင့် ရလာလိမ့်မယ်လို့ မျှော်လင့်ရင်း နိဂုံးချုပ်ပါတယ်။
↧
ကာတွန်း စောငို - တပ်မတော် တရားခံ မဖြစ်စေရ
$
0
0
ကာတွန်း စောငို - တပ်မတော် တရားခံ မဖြစ်စေရ
(မိုးမခပြန်လည်ဆန်းသစ်) နိုဝင်ဘာ ၁၇၊ ၂၀၁၅
↧
ကိုသန်းလွင် - ဆီလီကွန်း တောင်ကြား
$
0
0
ကိုသန်းလွင် - ဆီလီကွန်း တောင်ကြား
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
(၁)
ဖွံ့ဖြိုးစနိုင်ငံ၊ ဖွံ့ဖြိုးပြီးနိုင်ငံ၊ စက်မှုလက်မှုတိုးတက်ပြီးနိုင်ငံ၊ ပေါင်းများစွာမှ ခေါင်းဆောင်ကြီးများသည် အမေရိကန် အဆင့်မြင့် (High Tech) စက်မှုကုမ္ပဏီကြီးများ ရှိရာ ဆီလီကွန်တောင်ကြား (Silicon Valley) သို့ အရောက်သွားပြီး ကမ္ဘာကျော် ကုမ္ပဏီကြီးများမှ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ဆွေးနွေးလျက် ရှိကြပါသည်။
ဖြစ်လေ့ ဖြစ်ထရှိသည်မှာ နိုင်ငံတော် သမ္မတကြီးများ၊ ၀န်ကြီးချုပ်ကြီးများ သည် အမေရိကန်သို့ လာပြီဆိုလျင် နိုင်ငံရေးရာ ကိစ္စများ စီးပွားရေးဆိုင်ရာ ကိစ္စများအတွက် အိမ်ဖြူတော်ရှိရာ ၀ါရှင်တန် သို့ဖြစ်စေ  ဘဏ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများကို လေ့လာရန်၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် Wall Street ခေါ်ကမ္ဘာကျော် ကုမ္ပဏီကြီးများရှိရာ နေရာသို့ဖြစ်စေသွားလေ့ရှိကြပါသည်၊ စက်မှုလုပ် ငန်းနှင့်ပတ်သက်လျင် မော်တော်ကား ထုတ်လုပ်ရာ  Detroit  လို မြို့များသို့သာသွားလေ့ရှိကြပါသည်။
မကြာသေးမီကမှ အင်ဒိုနီးရှားနိုင်ငံ သမ္မတကြီး ဂျိုကိုဝီဒိုဒိုသည် ဆီလီကွန်တောင်ကြားရှိ ဂူဂဲလ်၊ မိုက်ခရိုဆော့ဖ်၊ ဖေ့(ေ)ဘွတ် ကုမ္ပဏီရုံးးများရှိသည့် ကုမ္ပဏီများ ၏ အကြီးအကဲများနှင့်တွေ့ရန် ဂျကာတာ မြို့တော်မှ ထွက်ခွာခဲ့ပါသည်၊ အမေရိကားသို့ရောက်ချိန်တွင် မိမိနိုင်ငံက တောမီးလောင်သည့် ပြည်တွင်း ပြဿနာများ ဖြေရှင်းရန် လိုအပ်လာသောကြောင့် ခရီးစဉ်ကို ပြီစီးအောင် မသွားနိုင်ဘဲ ရုတ်တရက် ပြန်သွား ခဲ့ရပါသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလည်း ဆီလီကွန်တောင်ကြားသို့ ယမန်နှစ်ကရောက်ရှိလာသည်၊  ပြင်သစ် ၀န်ကြီးချုပ် ဖရန်စွာဟော်လွန်း၊ အစ္စရေးဝန်ကြီးချုပ် နာတာညာဟု၊ အီတလီဝန်ကြီးချုပ် Matteo  Renzi တို့လည်းရောက်လာဖူးသည်။
အိန္ဒိယ၀န်ကြီးချုပ် မိုဒီသည် အိန္ဒိယကို ကုန်ထုတ်နိုင်ငံဖြစ်ရမည်ဟု Make in India ကြွေးကြော်သံဖြင့် ဤစက်ရုံများရှိရာနေရာသို့ ရောက်လာခဲ့သည်၊ တရုတ်သမ္မတ စီဂျင်ပင်းမှာလည်း ဇနီးဖြစ်သူနှင့်အတူ ၀ါရှင်တန် သို့ မသွားမှီ  ဤနေရာသို့ ဦးစွာရောက်လာခဲ့သည်။                   
ဆီလီကွန်တောင်ကြားသို့ သွားရာလေဆိပ်မှာ  Mineto San Jose မှာရှိပြီး ယမန်နှစ်ကအထိ ဤလေဆိပ်တွင် နိုင်ငံတော် ခေါင်းဆောင်များကို ကြိုဆိုရန်     ကော်ဇောနီပင်မရှိဟုဆိုသည်၊ ဖွဲ့စည်းစ ကုမ္ပဏီ များမှာ ဦးဆောင်သူများသည် အသက်ငယ်၊ အတွေ့အကြုံမရှိသေးသူများ ဖြစ်ရာ သံခင်း၊ တမန်ခင်း ကိစ္စများတွင် ကသိကအောက် ဖြစ်စရာများ ကြုံကြရသည်၊  တစ်ခါက ဗွီအိုင်ပီ တဦးကို ဧည့်ခံရာတွင်  ကုမ္ပဏီ  CEO  တဦးမှာ ခြေထောက်ကို စားပွဲပေါ်တွင် တင်ရင်းစကားပြောသည်ဟုဆိုသည်။  
ဝေဖန်သူများကြောင့် အစိုးရက နိုင်ငံခြားသံတမာန် ဆက်ဆံရေး Protocol များကို အသိပညာပေးနိုင်စေရန် Non Profit အဖွဲ့အစည်းတခုကို ဆီလီကွန်းတောင်ကြားတွင် ရုံးခန်းဖွင့်ပေးခဲ့ရသည်၊  နိုင်ငံခြားမှရောက်လာ သော ခေါင်းဆောင်ကြီးများနှင့် ဆက်ဆံရာတွင် လိုက်နာရန် စည်းမျဉ်း၊စည်းကမ်း၊ ဆောင်ရန် ရှောင်ရန်၊ များကို ကုမ္ပဏီ အုပ်ချုပ်သူများ အား သင်ပေးရသည်။
(၂)
သဲတွင်ပါဝင်သော ဆီလီကွန်ဒြပ်စင်မှာ ထရန်စစ္စတာကဲ့သို့သော ဆီမီကွန်ဒက်တာများ ထုတ်လုပ်ရာတွင် အသုံးကျသည်၊   ကွန်ပျူတာ နှင့် အင်တာနက် ပေါ်လာချိန်တွင် ဤသို့ ဆီမီကွန်ဒက်တာ ထုတ်လုပ် ရေးလုပ်ငန်းများမှာ တဟုန်ထိုး တိုးတက်လာသည်၊   ၁၉၇၀ ခုနှစ်က အင်တဲလ်ကုမ္ပဏီသည် သူ့ဆီမီကွန်ဒတ်တာစက်ရုံ ကို ဤနေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်၊ အမေရိကန်နိုင်ငံ အနောက်ဖက် ကမ်းချေရှိ ဧရိယာအားဖြင့် မြို့တမြို့ စာထက်ပိုမကျယ်သော ဤနေရာလေးတွင် စွန့်စားတီထွင် သူများ၊ စိတ်ကူးစိတ်သန်းကောင်းရှိသူများ အတွက် လုပ်ငန်းသစ်၊ စက်ရုံသစ်၊ အလုပ်သစ် စတင်ရန် နေရာ ဖြစ်လာခဲ့သည်။ တဖြေးဖြေးနှင့် ဆီလီကွန်း တောင်ကြားဟု လူသိများလာခဲ့ သည်
ဟီတာချီ၊ ဂူးဂဲလ်၊ Apple, HP စသည်ဖြင့် တကမ္ဘာလုံး မိမိထွက်ကုန်များဖြင့် လွှမ်းမိုးထားနိုင်သော နိုင်ငံတကာကုမ္ပဏီကြီးများ  နည်းတူ လုပ်ငန်းသစ်စတင် လုပ်ကြသည့် ကုမ္ပဏီ များမှာ ထောင်ချီ၍ ရှိလာကြသည်။
နိုင်ငံခေါင်းဆောင်ကြီးများက ထိုကုမ္ပဏီ ဥက္ကဌ များနှင့် လာရောက်တွေ့ဆုံဆွေးနွေးနေကြခြင်းမှာ တစတစ  များပြားလာပြီဖြစ်ရာ အဘယ့်ကြောင့် ထိုခေါင်းဆောင်ကြီးများသည် အမေရိကန်သမ္မတကြီးကို မတွေ့ရသေးမီ မှာပင်  ဤစက်မှုမြို့တော်သို့ အရောက်လာကြရပါသနည်း ဟုမေးစရာ ဖြစ်လာပါသည်။ နိုင်ငံခြား မှ ရင်းနှီးမြုပ်နှံမှုလာစေချင်သောကြောင့် လား ဟု စဉ်းစားစရာ ရှိသည်၊ 
ဤခေါင်းဆောင်ကြီးများ ကိုယ်စားပြုရာ နိုင်ငံများမှာ တရုတ်၊ ပြင်သစ်၊ ဂျပန် ဆိုသည် နှင့် အမေရိကန် ကုမ္ပဏီကြီးများ၏ရင်းနှီးမြှုပ်နှံ မှုကို အရမ်းကာရောလိုနေသော နိုင်ငံများ မဟုတ်တော့ပါ၊  စီးပွားရေး နှင့် နိုင်ငံရေး မှာ ဆက်နွယ်နေကြ သော် လည်း အလွယ်တကူ ရောပေါင်းသွား တတ်ခြင်းကားမရှိ၊ ဆီလီကွန်တောင်ကြား တွင်ထူထောင်ခါစ ကုမ္ပဏီ ပေါင်းမြောက်များစွာရှိပေရာ သူတို့၏  ဘတ်ဂျက်မှာ အများအစားကြီး မဟုတ်၊ ထိုကုမ္ပဏီများရောက် လာခြင်းဖြင့်လည်း အလုပ်အကိုင်အသစ်ဖန်တီးရာ မရောက်နိုင်ပါ၊  မိမိနိုင်ငံစီးပွားရေးအတွက် ပစ္စည်း အသစ်ထုတ်လုပ်ရေးဆိုင်ရာစက်ရုံဖွင့်ခြင်း ရေနံတူးစင် ထူထောင်ခြင်းတို့ကဲ့သို့ အလုပ်များ အတွက်မူ အခြားနေရာများသို့ သွားကြရန် သာရှိသည်။
တီထွင်တတ်ခြင်း၊ လုပ်ငန်းအကြီးထွားမြန်ဆန်ခြင်းတို့ဖြင့် ကျော်ကြားသော ဆီလီကွန်တောင်ကြား မှာ စီးပွားရေးတွင် အောင်မြင်သလောက် ၀ါရှင်တန်နိုင်ငံရေးအပေါ် လွှမ်းမိုးနိုင်မှုမှာ ခက်ခဲပြီး အချိန်ယူရပါ သည်၊ နိုင်ငံခြား တိုင်းပြည်ကို သြဇာလွှမ်းမိုး နိုင်ဘို့ နေနေသာသာ မိမိအမေရိကန် နိုင်ငံ အတွင်းမှာ ပင်သြဇာရှိရန် မလွယ်ကူပါ။
ကုမ္ပဏီအများစု၏ CEO များမှာ ငယ်ရွယ်ပြီး နိုင်ငံရေးအမြင်တွင် ကလေးသာသာ တွေးခေါ်တတ်ပြီး သူတို့အလုပ်မှာမိမိတို့ကုမ္ပဏီတိုးတက်ကြီးပွားရေးသာဖြစ်သည်၊ ချွင်းချက်မှာ Apple, Amazon, Microsoft, Facebook အစရှိသည့် ကုမ္ပဏီကြီးများသည် မကြာသော အချိန်များအတွင်း ပို၍ ရင့်ကျက် လာကြပါသည်။
တခါက အမေရိကန် အစိုးရသည် Stop Online Piracy Act (Sopa) ကိုအတည်ပြုရန် ကျိုးစားခဲ့ဘူးသည်၊ ကုမ္ပဏီအများစုက လက်မခံကြချေ၊ သူတို့စည်းရုံးမှုဖြင့် ၀က်ဆိုက်ပေါင်း ၁၁၅၀၀၀ ကျော်က ဤဥပဒေကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖေါ်ကြရာ အစိုးရက သူတို့အစီအစဉ်ကို ရုတ်သိမ်းသွားကြရဘူးသည်။
Center For Responsive Politics ၏အဆိုအရ အင်တာနက်ကုမ္ပဏီများသည် မိမိရည်ရွယ်ချက်ပြည့်ဝရေး အတွက် ဆွဲဆောင်လော်ဘီလုပ်ရန်  ၂၀၁၀ က အမေရိကန်ဒေါ်လာ ၁၅ သန်းမျှ သုံးစွဲခဲ့ကြသည်၊   ယခုအခါ ထိုပမာဏ မှာ ၂ ဆကျော် တိုးပွား ခဲ့ပြီး ၄၂ သန်း မျှရှိသည်ဟုခန့်မှန်းသည်။
အမေရိကန် စီးပွားရေး၏ ဗဟိုရ် ချက်မသည် အရှေ့ဘက်ကမ်းမှ အနောက်ဘက်ကမ်းသို့ ပြောင်းသွားပြီ ဟုမှတ်ချက်ပေးကြသည်။
ယခင်ကတိုင်းပြည်မှ တော်ပေ့ ဆိုသည့် ဘွဲ့ရလူငယ်များသည် Wall Street မှ ဘဏ်ကြီးများ၊ဘဏ္ဍာ ရေးဆိုင်ရာ   ကုမ္ပဏီများ၌ အလုပ်ဝင်ကြသည်၊ ယခုမူ အချို့ဘဏ်များမှ စီအီးအိုများ သည်ဆီလီကွန်း တောင်ကြားမှ ကုမ္ပဏီများ သို့ ပြောင်းရွေ့နေကြပြီဖြစ်သည်၊ အခြား ကမ္ဘာကျော် ကုမ္ပဏီကြီးများ မှ စီအီးအို၊ စီအက်(ဖ)အို များမှာ လည်း အလားတူ ပြောင်းရွှေ့နေကြသည်။
ယခုအခါအဆင့်မြင့် စက်မှုကုမ္ပဏီများမှ စီအီးအို များမှာနိုင်ငံစီးပွားရေးကိုကိုင်လှုပ်သူများဖြစ်နေကြပြီး ၀ါရှင်တန်နှင့် ကီလိုမီတာ ၄၀၀၀ အဝေးတွင် အလုပ်လုပ်နေကြရာ မြို့တော်ဝါရှင်တန်၏ အရှုပ်အထွေးများမှ ကင်းဝေးရာ နေရာတွင် အလုပ်လုပ်နေကြခြင်းဖြစ်သည်။
ဆီလီကွန်တောင်ကြားရှိ အသစ်ကိုရှာဖွေနေကြသူများ၊ ရဲရဲ ၀င့်ဝင့် စွန့်စားနေသူများကို ငွေအရင်းအနှီးထုတ် ပေးနိုင်သော သူဌေးကြီးများကလည်း ကူညီထောက်ပံ့မှုပေးရန် အဆင်သင့်ရှိနေတတ်သည်။
ဆီလီကွန်တောင်ကြား၏ဂျီဒီပီ မှာ ၅၃၅ ဘီလီယံမျှရှိရာ နိုင်ငံပေါင်းများစွာ၏ ဂျီဒီပီ ထက်သာလွန်နေပေ သည်၊ တဦးချင်း Per Capita ဂျီဒီပီမှာ ဇူးရစ်နှင့် အော့စလို ပြီးလျင် တတိယအကြီးဆုံးဖြစ်သည်။
နိုင်ငံပေါင်းများစွာမှ ခေါင်းဆောင်းကြီးများအနေဖြင့် ဆီလီကွန်တောင်ကြား သို့သွားရောက်လေ့လာနေ ကြခြင်း မှာ မိမိတို့နိုင်ငံတွင်လည်း ဆီလီကွန်းတောင်ကြား ၏ပုံစံကို ယူခါ စက်မှုလုပ်ငန်းအသစ်များ ထူထောင် နိုင်ရေးအတွက်လည်းဖြစ်ပါလိမ့်မည်၊ လူငယ်ခေါင်းဆောင်များနှင့် တိုင်ပင်နှီးနှောခြင်းဖြင့် အောင် မြင်သော လုပ်ငန်းများထူထောင်ရန် အကြံဥာဏ်များ ရရှိလိုကြခြင်းပင်ဖြစ်ပါလိမ့်မည်၊ နည်းဥပဒေ၊ အကောက်ခွန်နှင့် Infra structure တည်ဆောက်ရေးသည် ဆီလီကွန်တောင်ကြား ၌ အကောင်းဆုံး ဥပမာ နမူနာများရှိကြပါသည်၊
မိမိတို့နိုင်ငံမှလုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပေးနိုင်လျင်နှစ်ဦးနှစ်ဖက် အကျိုးဖြစ် ထွန်း ရန်ရှိပါသည်။
ဆီလီကွန်တောင်ကြားတွင်နေထိုင်ကြသူများ၏ သုံးပုံတပုံမှာ အာရှတိုက်သားများဖြစ်ပါသည်၊ ထိုအာရှတိုက် သားများသည် ရာထူးအဆင့်ဆင့်တွင် ရှိနေကြပြီး တချိန်တွင် စီအီးအို များ ဖြစ်လာကြပါလိမ့်မည်၊  Google, Microsoft, Adobe ကုမ္ပဏီကြီးများ၏ဥက္ကဌ များမှာအိန္ဒိယ နိုင်ငံသားများဖြစ်ရာ သူတို့နှင့်ဆွေးနွေးခြင်းဖြင့် ၀န်ကြီးချုပ် မိုဒီအဖို့ အကြံဥာဏ်ကောင်းများစွာ ရရှိနိုင်ပါလိမ့်မည်၊
ဝန်ကြီးချုပ်မာမိုဟန်ဆင်း လက်ထက်က အမေရိကန်မှ နျူးကလီးယား ဓါတ်ပေါင်းဖို ၀ယ်ရန်ကိစ္စကို သဘောတူလက်မှတ်ရေးထိုးခဲ့ဘူးသည်၊ ဆယ်နှစ်ကျော် ကြာလာသည့်တိုင် ဤကိစ္စမှာဖြစ်မလာခဲ့ပေ၊ ကွန်ဂရက် လွှတ်တော်က ညုကလီးယားလက်နက် မပြန့်ပွား ရေး ကိစ္စကိုအကြောင်းပြခါ အချိန်ဆွဲနေ သည်ဟုဆိုကြသည်၊ ကွန်ဂရက်လွှတ်တော်ကို လွှမ်းမိုးနိုင်သူတို့မှာ စီးပွားရေး သမားများသာ ဖြစ်သည် ဟုထောက်ပြကြသည်၊ သမတ နည်းတူ ပါဝါသြဇာရှိသော ကွန်ဂရက်ကို စည်းရုံးရန် နည်းလမ်းများ ကို သိရှိရန် အမေရိကန်နိုင်ငံရေးကိုလည်းနားလည်ကြရန်လိုပါသည်၊
ကမ္ဘာ လှည့်ခရီးသည်များမှာလည်း ဤဒေသသို့အရောက်လာခါ ကမ္ဘာကျော် (Brand) တံဆိပ်များဖြစ်သည့် ထိုကုမ္ပဏီ များ၏ရုံးများရှေ့တွင်အမှတ်တရဓာတ်ပုံရိုက်ကြသည်၊   နိုင်ငံခေါင်းဆောင်ကြီးများအဖို့မှာလည်း ထိုကုမ္ပဏီအုပ်ချုပ်သူများနှင့် စကားလက်ဆုံ ဆွေးနွေး ကြသည်မှာ ဖက်ရှင်ဖြစ်နေပေသည်။
Wall Street မှ ဘဏ်ကြီးများသည် တကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကြပ်အတည်းကို ကိုဖြစ်စေ ခဲ့ကြပြီး နာမည်ပျက်ခဲ့ကြသည်၊ အမေရိကန်စက်မှု ထုတ်ကုန် လုပ်ငန်းမှာထို နာမည်ဆိုးများမရှိပေ၊ ဆီလီကွန် တောင်ကြား ၏အနာဂါတ် လုပ်ငန်းတိုးတက်ကျယ်ပြန့် လာရေးမှာလည်း မျှော်လင့်ချက်အပြည့်ရှိနေ ဆဲပင် ဖြစ်သည်။
(၃)
အင်တာနက်ခေတ်နှင့် ဖေ့(စ)ဘွတ်ခေတ်ကြီးတွင် သတင်းအချက်အလက်ဆိုသည်မှာ နေရာပေါင်းစုံ အလုပ်ပေါင်းစုံအတွက်ရှိနေပြီးဖြစ်သည်၊ စီးပွားရေး စက်မှုလက်မှု လုပ်ငန်းထူထောင်ရေးတို့အတွက် နည်းပညာဆိုသည်မှာလည်း ရှိနေပြီးဖြစ်သည်၊ လိုအပ်ချက်ကို ရှာဖွေတတ်ရန်သာလိုပါသည်၊ ဆီလီကွန်း တောင်ကြား သို့လာပါလျင် ထိုလုပ်ငန်းများ ထူထောင်ရန် အတွက် အကြံကောင်း ဥာဏ်ကောင်း ပေးနိုင်သူတွေ မြောက်များစွာရှိမှာသေချာပါသည်၊ ထိုအချက်ကို အထက်ဖေါ်ပြပါ ခေါင်းဆောင်ကြီးများ သိထားကြပြီးဖြစ်ဟန်တူသည်၊
ကိုသန်းလွင်
↧
↧
မောင်ခေတ်ပိုင် - လွမ်းလိုက်ပါဘိ.. ဟိုတုန်းက မဟာရန်ကုန်မြို့ရဲ့ ရုပ်ရှင်ရုံများအကြောင်း
$
0
0
မောင်ခေတ်ပိုင် - လွမ်းလိုက်ပါဘိ.. ဟိုတုန်းက မဟာရန်ကုန်မြို့ရဲ့ ရုပ်ရှင်ရုံများအကြောင်း
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
ခုလိုဒီိဆောင်းပါးလေးကို တင်ပြရခြင်းကတော့ ခုမျိုးဆက်တွေရော နောင်လာမည့်မျိုးဆက်သစ်တွေအတွက်ပါ ဗဟုသုတ ရစေလိုတဲ့အပြင် မသိသူတွေအဖို့လည်း သိမှတ်စရာ တခုတိုးပြီလို့ မှတ်ယူဖတ်ရှုစေလိုပါတယ်။
ယနေ့မြန်မာ့ဗီဒီယိုတွေ ကားရိုက်ကျဲပြီးဈေးကွက်ပျောက်နေချိန်မှာ ခေတ်ကာလလည်းပြောင်းလို့ မြန်မာရုပ်ရှင်ကားကြီး ဈေးကွက်ကလည်း ပြန်လည်ဦးမော့လာချိန်မှာပဲ ဖြစ်နေတဲ့ပြဿနာကတော့ မဟာရန်ကုန်မြို့ကြီးမှာ ဟိုတုန်းကလို  ရုပ်ရှင်ရုံ တွေ ပေါပေါများများ မရှိတော့ခြင်းဆိုတဲ့ကိစ္စပါပဲ။ ဖြစ်ပုံက မြန်မာကားကြီးတွေ ထုတ်လုပ်ကြတဲ့ကုမ္ပ္ပဏီများက သိန်းပေါင်းများ စွာအကုန်ချခံပြီး ရင်းနှီးထားရသော်လည်း ခေတ်သစ်ခရိုနီတွေက ရုပ်ရှင်ရုံတွေကိုပိုင်ဆိုင်ထားပြီး သူတို့ပိုင်ရုံတွေမှာ ပြသခွင့် ရဖို့အရေး ဇာတ်ကားထုတ်လုပ်သူများက နှစ်ချီစောင့်နေရခြင်းက အတော်ဆိုးတဲ့ပြဿနာပါပဲ။
ယခင်ရှိပြီးသားရုပ်ရှင်ရုံတွေဖြစ်ကြသော ကျောက်တံတားမြို့နယ်မှ ရွှေဂုန်၊ မြို့မ၊ ဆုထူးပန်၊ သွင် စသောရုပ်ရှင်ရုံများမှာ လည်းခေတ်နဲ့ အညီဖြစ်အောင် စစ်အစိုးရထံမှငွေရှိသူလူတန်းစားနဲ့ ခရိုနီအုပ်စုတို့က ၀ယ်သူဝယ်ငှားသူငှားပြီး စာချုပ် တွေအမျိုးမျိုးလုပ်ပြီး လက်ဝယ်ရလာတဲ့ရုံတွေကို ခေတ်မီအောင် အသွင်အမျိုးမျိုးပြောင်းပြီး ပြန်လည်ဆောက်လုပ်ပြင် ဆင်ကြရာမှာ ကန်ထရိုက်တာများနဲ့ ရုံပိုင်တို့အကြား သူတို့အချင်းချင်း လိမ်လည်မှုအရှုပ်တော်ပုံများကြောင့် ရုံပိုင်းဆိုင်ရာပြင် ဆင်မှုတွေကိုရပ်နားထားရတာမို့ ရုပ်ရှင်ရုံတွေ နည်းပါးလာရခြင်းဖြစ်ပါတယ်။
ယနေ့ မဟာရန်ကုန်အတွင်းက ရုပ်ရှင်ရုံတွေ ဖြစ်ပျက်နေတာကု မြင်ရတော့ ဟိုတုန်းက ရုပ်ရှင်ရုံတွေ စည်ကားခဲ့တာမျိုးကို ပြန်မြင်မိနေတာမို့ လွမ်းမိတယ်ဗျာ။ အဲဒီအချိန်ကဆို ပြည်တွင်းပြည်ပက  ရုပ်ရှင်ကားအသစ်တွေကို မြို့လယ်ခေါင်တနေရာ တည်းမှာပဲ ကြိုက်တဲ့ကား  ကြိုက်တဲ့ရုံကိုသွားကြည့်ရလို့ ပျော်သလားမမေးနဲ့။ အပြေးအလွှားသွားပြီး ရုံဝင်လက်မှတ်ရအောင် တိုးဝှေ့ယူကြရတာကိုက မောတော့ မောတာပေါ့ ... ဒါပေမယ့် .. မမောဘူးဆိုတာမျိုးပါဗျာ။ ဒါပေမယ့် သမတရုံကိုတော့ မသွားဖြစ်ဘူး။
ထိုစဉ်က ရုပ်ရှင်ရုံတွေဟာ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်မှာကို တန်းစီရှိနေကြတာ။ ရွှေဂုန်၊ မြို့မ၊ ဆုထူး ပန်၊ သွင်၊ ဘုရင်ရုံ၊ ၀ဇီယာ၊ ရဲရင့်၊ အဲဒီရဲရင့်ရုံဘက်ကနေ ဆူးလေဘုရားဘက်ကို ချိုးကွေ့လိုက်တော့ နေပြည်တော်၊ ရှေ့ ဆောင်ရုံရဲ့မျက်နှာချင်းဆိုင် ဆူးလေဘုရားလမ်းမကြီးပေါ်မှာပဲ ဂုဏ်ရုံ၊ ပပ၀င်း၊ ပပ၀င်းရုံဘေးက ပြည်သူ့မုန့်တိုက်ကိုကွေ့ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်ကိုဝင်လိုက်ရင်တော့ တော်ဝင် ယုဇနဆိုတဲ့ရုံတွေကလည်း နိုင်ငံခြားကားသက်သက်ပဲ ပြနေ တာမို့ ရုပ်ရှင်ဝါသနာအိုးတို့ ပျော်မဆုံးမော်မဆုံးဖြစ်နေတာ ခုထိ မျက်စိထဲမှာ ပြန်မြင်နေဆဲပါ။
မြို့လယ် အနော်ရထာလမ်းမကြီးအပေါ် ၃၉ လမ်းနဲ့ လမ်း ၄၀ ကြားက ကုလားကားတွေသာပြသလေ့ရှိတဲ့ ဂျိုတီရုံ ခေါ် သီဟရုပ်ရှင်ရုံကလည်း စည်သလားမမေးနဲ့။ အဲဒီရုံအနားမှာပဲ ကုလားအစားအသောက်ဆိုင်တွေကလည်းစုံလို့။ ဘယာ ကြော်သုပ်၊ စမူဆာသုပ်၊ တိုရှည်၊ ပူရီ၊ ဒန်ပေါက်၊ ဖာလူဒါ၊ အိုက်စကရင်..ဒိန်ချဉ်၊  ငွေလေးများရွှင်နေလို့ကတော့ ဘာပြော ကောင်းမလဲ ရေးနေရင်းတောင် သွားရည်ကျမိတယ်။ အားလပ်ရက်တွေများဆို မြို့ပြင်၊ မြို့ပတ်ကလူတွေကလည်း မြို့ လယ်မှာလာပြီးစုကြတာမို့ ရုပ်ရှင်ရုံတွေအကြားမှာ ပွဲတော်တမျှပါပဲ။ စားသောက်ဆိုင်တွေအပြင် တေးသံသွင်းတွေကလည်း သူတို့ဆီကထုတ်တဲ့တေးစီးရီးတွေကို ရောင်းအားကောင်းအောင် စပီကာကြီးတွေနဲ့ တေးမျိုးစုံကိုလွှင့်ထုတ်နေတော့ သီချင်း သံတွေကလည်း လူတွေကြားမှာလွင့်ပြန့်နေတော့ သီချင်းလေးတွေနားထောင်ရင်း ရုပ်ရှင်လက်မှတ်တန်းစီနေရင်း လက် မှတ် မရောင်းမီ အချိန်ကုန်အောင် ရုံအောက်မှာရှိတဲ့ ကာတွန်းစာအုပ်လက်ပွေ့ငှားပေးတဲ့လူတွေဆီက ကာတွန်းငှားဖတ်ရတဲ့  အရသာကတမျိုးပေါ့။ ပြောရအုံးမယ် ယုဇနရုံဘေး ၃၁ လမ်းထိပ်ပိုင်းနားကတရုပ်မကြီးတွေရောင်းတဲ့ ၀က်သားဒုတ်ထိုးကို ပထမဆုံးစားဘူးတာလည်းမှတ်မိနေသား။ ခေါင်ဆွဲကြော်မည်ကာမတတ်လုပ်ထားပေမယ့် ၀က်ခေါင်းသုတ်ကလေးနဲ့တွဲ ပြီး ခဏခဏ၀င်စားမိတာ ကောင်းသလားမမေးနဲ့။ ဈေးကလည်း ချိုတာကိုး။ အစုံတပွဲမှ နှစ်ကျပ်ပဲ။ ဒီကြားထဲ ၀က်ခြေထောက်စွတ်ပြုတ်ကလည်းကောင်းပါ့။ လူကလည်း ဆာဆာနဲ့တုတ်လိုက်တာ ဆွေမျိုးကိုမေ့ပါတယ်ဆို။
ယနေ့လိုခေတ်အပြောင်းအလဲမှာ  အစိုးရကနောက်ကြောင်းပြန်လှည့်မှာကိုသာ စိုးရိမ်နေတာ။ ဟိုတုန်းကပျော်ခဲ့မိတဲ့ ခေတ် ကိုတော့ နောက်ကြောင်းပြန်ပြီးတွေးလေ  တွေးလေ လွမ်းမိလေပါပဲ။ အဲဒီတုန်းက လူထုကြီးကလည်း ခုလိုမကြပ်တည်း သေးတာအမှန်ပါ။ ဘာပဲပြောပြော စားဝတ်နေရေးအဆင်ပြေနေတုန်းလို့ဆိုရမှာပါ။ ခေတ်လည်း မှောင်ခိုပစ္စည်းအရောင်း ၀ယ်ကောင်းကြတယ်။ ရုပ်ရှင်လက်မှတ်မှောင်ခိုမလား။ ဈေးရောင်းမလား လူတွေက၀ယ်နိုင်သုံးနိုင်ကြသေးတယ်။ စစ်တပ် ကနေ အသွင်ပြောင်းပြီး နေပြည်တော်ရဲဆိုတာကလည်း၊ ရဲလုပ်ထုံးလုပ်နည်းနားမလည်ကြသေးတော့ လွတ်ချင်တိုင်း လွတ် နေကြတာမို့ အခြေအနေတွေက ကောင်းနေကြတာပေါ့။
ကဲ ရုပ်ရှင်ရုံတွေအကြောင်းပြန်ဆက်ပါရစေ။ ဟိုတုန်းကမဟာရန်ကုန်ရုပ်ရှင်ရုံများဆိုပြီး ရုပ်ရှင်ရုံတွေကို ရုပ်ရှင်ကော်ပိုရေး ရှင်းကနေပြီးတော့ နယ်မြေအလိုက်အဆင့်ခွဲခြားပြီးတော့ သတ်မှတ်ပေးပါတယ်။ မြို့လယ်၊ မြို့ပတ်၊ မြို့ပြင်ဆိုပြီး သုံးမျိုးခွဲ ပါတယ်။ မြို့လယ်ကိုတော့ ရုပ်ရှင်ရုံ ၁၅ ရုံသတ်မှတ်ပြီး၊ ရွှေဂုန်၊ မြို့မ၊ ဆုထူးပန်၊ သွင်၊ ဘုရင်ရုံ၊ ၀ဇီယာ၊ ရဲရင့်၊ နေပြည်တော်၊ ရှေ့ ဆောင်၊ ဂုဏ်၊ ပပ၀င်း၊ သမတ၊ တော်ဝင်၊ ယုဇန၊ သီဟ။
မြို့ပတ်ကိုတော့ လမ်းမတော်ပိုင်းက  စံပြရုံပါ။ အဲဒီအနားမှာရှိတဲ့ ကေသွယ်ရုံဆိုတာကိုတော့ မြို့ပြင်စာရင်းမှာထည့်ထား ပါတယ်။ မြေနီကုန်းစမ်ချောင်းမှာတော့ ရွှေမန်းရုံ။ တပင်ရွှေထီး၊ ရတနာပုံရုံတို့အပြင် တာမွေကျောက်မြောင်းအပိုင်းမှာ ရွှေ ဗဟိုရ်၊ ဘုရင့်နောင်၊ မရိုးဆန်းတို့ဖြစ်ပြီး ဆန်းသီရိရုံနဲ့ တော်လှန်ရေးပန်းခြံအနီးက ၀ိဇယရုံတို့ဟာ သီးခြားနိုင်ငံခြားရုပ်ရှင် တွေပြသတာများပါတယ်။ မြန်မာရုပ်ရှင်ကားပြသခြင်းမရှိကြပါဘူး။ ပြောရရင်တော့ မြို့ပတ်ကို ရုံပေါင်းခုနှစ်ရုံသတ်မှတ်ပါ တယ်။ အလုံက သီတာရုံဆိုတာကိုလည်း  မြို့ပြင်စာရင်းမှာထားတာပါ။
မြို့ပြင်အဆင့်သတ်မှတ်ခံရတဲ့ရုံများကတော့  ကမာရွတ်အလွန်က မြနန်းသီင်္ဂီ၊ သံလမ်းထိပ်နားက စန္ဒာမြိုင်ရုံ၊ အင်းစိန်က မဟာမြိုင်ရုံတို့ဖြစ်ပြီး မြောက်ဥက္ကလာ (ဈ) ဈေးအနီးက မင်းရန်အောင်ရုံ၊ တံတားလေးဘူတာအနီးက ရွှေလမင်းရုံနဲ့ ကမ္ဘာ အေးဘုရားလမ်းပေါ်က န၀ဒေးရုပ်ရှင်ရုံပြသမှုကတော့ ထူးပါတယ်။ တခါတရံ ကားသစ်များကိုလည်းပြသလေ့ ရှိတာကြောင့် မြို့ပတ်အဆင့်မှာ ရှိနေတတ်ပါတယ်။
တောင်ဥက္ကလာပက နန္ဒ၀င်ဈေးအနီးက လှရုံ။ တောင်ဥက္ကလာပ နာမည်ကြီး ဆယ်ရပ်ကွက်ဈေးအနီးမှာတော့ ပဒေသာရုံ ပေါ့။ သင်္ဃန်းကျွန်းဘီအိုစီဓါတ်ဆီဆိုင်အနားက ဧရာဝတီရုံ။ သင်္ဃန်းကျွန်းဘူတာအနီးက တံခွန်ရုံ၊ သာကေတမှာတော့ ပြိုင် ဘက်မရှိ မြရတနာရုံတို့ ဖြစ်ကြပါတယ်။ မြို့ပြင်ကိုတော့ လမ်းမတော်အပိုင်းက ကေသွယ်ရုံ၊ အလုံက သီတာရုံ။ အပါဝင် စုစု ပေါင်း ၁၂ ရုံ သတ်မှတ်ပါဝင်ကြပါတယ်။
တော်လှန်ရေးကောင်စီတက်ပြီးနောက် ၁၉၆၇ ခုနှစ်မှာ သူဋ္ဌေးပိုင်ရုပ်ရှင်ရုံတွေအပါဝင် တပြည်လုံးရှိ ရုပ်ရှင်ရုံပေါင်း ၁၇၀ ခန့် ကို ပြည်သူပိုင်အဖြစ်သိမ်းလိုက်ပါတယ်။ ပြန်ကြားရေ၀န်ကြီးလက်အောက်မှာ ရုပ်ရှင်ကော်ပိုရေးရှင်းဆိုပြီး စတင်ဖွဲ့စည်းကာပထမဆုံးဦးဆောင်ညွှန်ကြားရေးမှူးကတော့ စာရေးဆရာတက္ကသိုလ်မောင်မောင်ခင်ဖြစ်ပါတယ်။ သူက မြန်မာမွတ်စလင် တဦးဖြစ်ပေမယ့် ဦးနေ၀င်းရဲ့မဟေသီဒေါ်ခင်မေသန်းနဲ့ ကျောင်းနေဘက်လို့သိရပြီး ဒါ့ကြောင့်လည်း ရုပ်ရှင်ကော်ပိုရေးရှင်းမှာ ၁၉၈၈ ခုနှစ်အထိ ရာထူးသက်တမ်းရှည်ခဲ့ပုံရပါတယ်။
ထိုအချိန်က မဟာရန်ကုန်နယ်နမိတ်အတွင်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေအပါဝင် တပြည်လုံးအတွက် ရုပ်ရှင်ပြသမှုအခြေအနေ ကတော့ ထုတ်လုပ်ရေးကုမ္ပဏီများက တနှစ်ကို ဇာတ်ကားပေါင်းရာချီပြီး ရိုက်ကြတာပါ။ ကုမ္ပဏီတွေကလည်း ၇၀ ကျော် ရှိပါတယ်။ ရုပ်ရှင်ကားတွေကလည်း အဆင့်မီကြပါတယ်။ ကာလာဖလင်မပေါ်သေးတော့ အဖြူအမဲဇာတ်ကားများအပြင် ရာဇ၀င်သမိုင်းနဲ့ သရဲကားများပါ ပါဝင်လို့ စာရေးသူသွေးစုတ်ဖုတ်ကောင်ဆိုတဲ့သရဲကားကိုသွားကြည့်ပြီး သူရဲလုပ်တဲ့ တာ တေကြီးကိုကြောက်ပြီး အိမ်ကိုမပြန်ရဲလို့ ရုံက၀န်ထမ်းဦးလေးကြီးက ပြန်ပို့ပေးခဲ့ရတယ်ဗျ။ မင်းသမီးကတော့ ဒေါ်ခင်ယု မေနဲ့ မင်းသားက ဦးတင်ထွန်းတို့ ပါ။
ရုပ်ရှင်ကော်ပိုရေးရှင်းလက်အောက်မှာရှိတဲ့ နိုင်ငံခြားရုပ်ရှင်တင်သွင်းရေးအေဂျင်စီဆိုတာကလည်း နှစ်စဉ် ပြည်ပနိုင်ငံ ပေါင်းစုံမှ ရုပ်ရှင်ဇတ်ကားပေါင်း ရာချီတင်သွင်းပြသခဲ့တာပါ။
အချုပ်ပြောရရင်တော့ အသစ်တွေဘယ်လိုပြောင်းပြောင်း အဟောင်းကိုတော့တမ်းတမိတာကြောင့် မဟာရန်ကုန်ရုပ်ရှင်ရုံ များသမိုင်းကို လွမ်းလိုပါဘိလို့ပဲ ပြောလိုက်ပါရစေခင်ဗျ။
မောင်ခေတ်ပိုင်
နိုဝင်္ဘာ ၂၀၁၅
↧
မောင်မိုးသူ - ရှုံးသူကို အရှက်မရပါစေနဲ့နှင့် မောင်မိုးသူ
$
0
0
မောင်မိုးသူ - ရှုံးသူကို အရှက်မရပါစေနဲ့နှင့် မောင်မိုးသူ
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပြုလုပ်ပါတယ်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော် ပါဝင် ယှဉ်ပြိုင်ကြတာဖြစ်ပေမဲ့ အဓိကအားဖြင့် အာဏာရ ပြည်ခိုင်ဖြိုးနဲ့ အတိုက်အခံအင်န်အယ်လ်ဒီတို့ အဓိကယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရွေးကောက်ပွဲကို မဆင်နွှဲကြဖူးလေတော့ ဒါပထမဆုံး ပြောရမလို ဖြစ်နေပါတယ်။ ဟို ရှေးယခင် ဖဆပလတို့၊တည်မြဲသန့်ရှင်းတို့ရဲ့ ပါလီမန်ရွေးကောက်ပွဲခေတ်နောက်ပိုင်း ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့ဆိုရှယ်လစ်တို့၊ တစညတို့ အဓိကအားဖြင့် စစ်အစိုးရတွေရဲ့ တစ်ပါတီစနစ်မှာ ကြက်ခြေခတ်နဲ့ အမှန်ခြစ် မဲပေးတာ မျိုးပဲ လုပ်ခဲ့ကြရပါတယ်။ အဲသည်လို စစ်အစိုးရဟာ နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်ကို စီမံအုပ်ချုပ်ခဲ့ကြပါတယ်။ သူတို့ဟာ တိုင်းပြည်ရဲ့ သယံဇာတတွေကို အမျိုးမျိုးချယ်လှယ် အသုံးပြုပြီး သူတို့လူတစ်စုလေးပဲချမ်းသာပြီး တစ်ချိန်က အရှေ့တောင် အာရှမှာ ထိပ်ဆုံး ရှေ့ဆုံးကရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။
စစ်အစိုးရနှစ်ဆက်ဟာ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ကျန်းမာရေးနယ်ပယ်စုံမှာ တပ်တွင်းအရာရှိများနဲ့ စီမံအုပ်ချုပ်စေ ခဲ့ပါတယ်။ စီမံခန့်ခွဲမှုက ညံ့ဖျင်းလွန်းလို့ လုပ်သမျှ ကိုင်သမျှ အောင်မြင်မှု မရှိခဲ့ဘဲ ဆုံးရှုံးခဲ့ပါတယ်။
စစ်အစိုးရအဆက်ဆက် တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့တဲ့အတွက် နိုင်ငံတကာပိတ်ဆို့မှုတွေ ခံရတဲ့အတွက် အခြေအနေအရပ် ရပ်ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး နာဂစ်မုန်တိုင်းအပြီး ၂၀၀၈ ခုနှစ်မှာ စစ်တပ်စိတ် တိုင်းကျရေးဆွဲထားတဲ့ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူ မဲပေးခြင်း ပြုလုပ်ခဲ့ပါတယ်။ ပြည်သူက ဘယ်လောက် မဲပေးခဲ့သ လဲတော့ မသိဘူးခင်ဗျ။ ၉၈ ရာခိုင်နှုန်း ထောက်ခံအတည်ပြုခဲ့တယ်လို့ ကြေညာအတည်ပြုခဲ့ပါတယ်။ အဲသည် အခြေခံဥပ ဒေအရ ၂၀၁၀ မှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီမိုကရေစီရွေးကောက်ပွဲဆိုပေမဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းဟာ ရွေးကောင်တင်မြှောက်စရာမလိုဘဲ လွှတ်တော်ထဲ ရရှိပြီးဖြစ်တဲ့ အတွက် တစ်ဝက်တပျက် ဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲသည် အခြေခံဥပဒေနဲ့ ပြုလုပ်ခဲ့တဲ့အတွက် အင်န်အယ်လ်ဒီက ပါတီမှတ်ပုံတင်ခြင်းမလုပ်၊ ရွေးကောက်ပွဲမှာ လည်း မဝင်ခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အစိုးရက အရပ်ဘက် လူမှုရေးအဖွဲ့အစည်းဆိုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ပါတီ အဖြစ် အသိအမှတ်ပြုဝင်ရောက် အရွေးခံရာမှာ ပြည်ခိုင်ဖြိုးက အနိုင်ရရှိပြီး လွှတ်တော်စိုးရ ပေါ်ပေါက်လာပါတယ်။ အဲသည် လွှတ်တော်အစိုးရမှာ သမ္မတ ဦးသိန်းစိန် ဖြစ်လာပါတယ်။ သမ္မတ ဦးသိန်းစိန်က ပြည်သူများ အလိုကျ ပြည်သူတွေ လိုလားကြတဲ့ မြစ်ဆုံစီမံကိန်းကို သူ့ရဲ့ ငါးနှစ်သက်တမ်းမှာ ရပ်ဆိုင်းထားပါ့မယ်လို့ ကြေညာခဲ့နိုင်တာ တခုပါပဲ။
သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဝင်များရဲ့ နေရာမှာ လွှတ်တော်ကိုယ်စားလှယ်နေရာများ လစ်လပ်သွားတဲ့အတွက် ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါတယ်။အဲသည် ကြားဖြတ်ရွေးကောက်ပွဲမှာ  သမ္မတ ဦးသိန်းစိန် နဲ့ အင်န်အယ်လ်ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းပြီး အင်န်အယ်လ်ဒီ ရွေးကောက်ပွဲ ဝင်နိုင်ခဲ့တဲ့ အတွက် အဲသည်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ အားလုံးနီးပါး ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီများ လွှတ်တော်ထဲရောက်လာခဲ့ပြီး နိုင်ငံတကာ အမြင်မှာ လွှတ်တော်ထဲမှာ တရားဝင်အတိုက်အခံများ ရှိလာပါတယ်။ အဲဒါကြောင့်လည်း နိုင်ငံတကာက ပိတ်ဆို့မှုတွေ ဖြေလျှော့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
သည်လို သည်လိုနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရဟာ ငါးနှစ်သက်တမ်းပြည့်မြောက်လာပြီးတဲ့နောက် ၂၀၁၅ ရွေးကောက်ပွဲကြီး ပြုလုပ်ကျင်းပဖို့ ဖြစ်လာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ကြီးမှူးကျင်းပတဲ့ တာဝန်ရှိသူကတော့ သမ္မတ ဦးသိန်းစိန် ခန့် အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဖြစ်ပါတယ်။ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥက္ကဋ္ဌက စစ်အစိုးရအဆက်ဆက်မှာ ထိပ်တန်းစစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးတင်အေးပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ အဓိကအားဖြင့် မဲစာရင်းပြုစု ကြေညာရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ သူ့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ မဲစာရင်းကို၊ အားလုံး ကျေနပ်လက်ခံနိုင် လောက်တဲ့ မဲစာရင်းကို ရွေးကောက်ပွဲမတိုင်မီ ငါးရက်နေ့အထိ ပြည့်စုံအောင် မကြေညာနိုင်ခဲ့ပါဘူး။ တချိန်တည်းမှာ မဲပေးပုံ မဲပေးနည်းက တံဆိပ်တုံးထု မဲပေးရမယ်ဆိုတဲ့ ခက်ခဲရှုပ်ထွေးတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တာ တွေ့ရပါတယ်။
အဲသည်လို အဲသည်လို ကြားထဲကပဲ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
မောင်မိုးသူက ရန်ကုန်မြို့ ပန်းဘဲတန်းမှာ နေထိုင်သူဖြစ်ပါတယ်။ မောင်မိုးသူ ကိုယ်တိုင်က လမ်းသိပ်လျှောက်နိုင်တာ မဟုတ် တဲ့အတွက် ၇ ရက်နေ့မှာ ကြိုတင်မဲပေးခဲ့ပါတယ်။ သမီးနဲ့သားငယ်တို့ဟာ ရွေးကောက်ပွဲကျင်းပတဲ့ မနက် ၆း၀၀ နာရီ မထိုးခင်ကပဲ သွားရောက်မဲပေးခဲ့ကြပါတယ်။ သမီးနဲ့ သားတို့နည်းတူ တပြည်လုံးမှာရှိတဲ့ မဲဆန္ဒရှင်များကလည်း အလွန်စိတ် အားထက်သန်စွာနဲ့ `အပြောင်းအလဲ´ ကို လိုလားကြောင်းပြသပြီး ဆန္ဒမဲများ တခဲနက်ပေးခဲ့ကြပါတယ်။ အဖြေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုအနိုင်ရရှိခဲ့ပြီး လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုးကတော့ အရေးနိမ့်တာ တွေ့ရပါ တယ်။
ဒီမိုကရေစီရဲ့ သဘောတရားအရ ရွေးကောက်ပွဲမှာ နိုင်သူနဲ့ရှုံးသူ နှစ်မျိုးကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သည်တော့ မောင်မိုးသူ ပြောချင်တဲ့စကားက ရှုံးသူကို အရှက်မရပါစေနဲ့ ဖြစ်ပါတယ်။
အရေးအကြီးဆုံးက ဆင်းရဲတွင်းနက်လှပြီဖြစ်တဲ့၊ အဘက်ဘက်က နိမ့်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ စီမံအုပ်ချုပ်ရေးတွေကို ပြောင်းလဲ ပြုပြင်ကြပြီး တိုင်းပြည်ကြီးကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။
သည်တပတ် မောင်မိုးသူ ပြောချင်တဲ့ စကားက ရှုံးသူကို အရှက်မရပါစေနဲ့ ဖြစ်ပါတယ်။
↧
ကျော်မောင် (တိုင်းတာရေး) - လည်လွန်လွန်းလို့
$
0
0
ကျော်မောင် (တိုင်းတာရေး) - လည်လွန်လွန်းလို့
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
လည်လိုက်တာမှ ပန်ကာကျနေတာပဲ ဟုပြောသော စကားမျိုး၊ ဒီလူက ဂျင်ဗျ၊ ဂျင်ထက်လည်တဲ့လူ၊ တော်တော်ဖျံကျတဲ့လူ ဆိုတာမျိုးသည် လူ့အသိုင်းအ၀ိုင်းတွင် ကြားရဖန်များသော စကားများဖြစ်သည်။ ထိုကဲ့သို့သော ပြောစကားမျိုး ခဏခဏ ကြားရလျှင် ထိုအသိုင်းအ၀ိုင်းအတွက် မကောင်းတတ်။
တခါက မိသားစုထမင်းဝိုင်းတွင် အားလုံးစုံစုံညီညီစားသောက်နေကြသည်။  သားသမီးများအား မိခင်ဖြစ်သူမှ ဟင်းများကို ဝေပုံကျ ခွဲဝေပေးသည်။ ထို့နောက်တွင် မြိန်ရေရှက်ရေ အားပါးတရ စားသောက်နေကြချိန်၊ သားအလတ်မှ ဟင်းပေးပါဦးဟု တောင်း၏။  မိခင်က သတိပြုမိသဖြင့် ခုနလေးတင်ပဲ ဟင်းတွေ ပေးထားသေးတယ်၊ မကျန်တော့ဘူးလားဟု ဟင်းထပ်ထည့် မပေးသေးဘဲ မေးသော် ကုန်သွားပြီဟု ဖြေသည်။ တခြားသူတွေက မကုန်သေး။ သားလတ်ဖြစ်သူက ထမင်းပုံထဲတွင် ဟင်း ကိုအုပ်ကာ ဖွက်ထားသည်။ ဖခင်ဖြစ်သူက ထမင်းပုံကို ထိုးနှောက်ရှာဖွေလိုက်မှ ဟင်းတုံးတွေကို တွေ့သည်။ ခေါင်းတချက် ခေါက်လိုက်ပြီးမှ ဟင်းထပ်ထည့်ပေးလိုက်သည်။
အတန်းငယ်တခုရှိ အင်္ဂလိပ်စာမေးခွန်းတွင် အစ အက္ခရာစာလုံးတလုံးဖော်ထားသော ကွက်လပ်ဖြည့် မေးခွန်းတခုပါသည်။ ထိုမေးခွန်းသည် စာသင်သားများအတွက် ဝေါဟာရကြွယ်ဝစေရန် ရည်ရွယ်ပုံရသည်။ သို့သော် စာသင်သားတယောက်က စာမေးပွဲနီးမှ လေ့လာသည့်အတွက် အချိန်က မရ။ မဖြေခင် ညဖက်တွင် သူဘာလုပ်သနည်းဟူသော် အစပေးထားသော အဖြေစကားလုံးများကိုသာ နှုတ်တိုက်ကျက်မှတ်သွားသည်။ စာမေးပွဲတွင် ထိုအပိုင်းကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သည်။
ခရီးတခုသွားရာတွင် အုပ်စုထဲ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ ပါသည်။ တည်းခိုရာနေရာရောက်ချိန်တွင် ပုံမှန်ညစာ စားချိန်ကို အတော်လေး ကျော်ခဲ့သည်။ ကလေးတွေက ဆာနေပြီ။ ငိုတဲ့သူကငို၊ ဂျီကျတဲ့သူကကျ၊ မှိုင်တဲ့သူက မှိုင်နဲ့ဖြစ် နေကြသည်။ လူကြီးတွေက ကလေးတွေစားဖို့အတွက် ကြံရတော့သည်။ မူလအစီအစဉ်မှာ တည်းခိုသောနေရာတွင် ထမင်း ဟင်းရမည်၊ အဆင်သင့်စားကြမည်ဟု စီစဉ်ထားခဲ့သည်ဖြစ်သည်။ သို့သော် ခရီးသွားတွေ ကြိတ်ကြိတ်တိုးကျလာသည့်အခါ ထမင်းဆိုင်တွေမှာ ထမင်းတွေ ဟင်းတွေက ကုန်သွားသည်။ ထမင်းအတွက် ပါလာသည့်ဆန်ကို မီးမွှေးပြီး ချက်လိုက်ကြ သည်။ ချိုင့်အလွတ်တလုံးဆွဲပြီး ထမင်းဆိုင် တဆိုင်ပြီးတဆိုင် ဟင်းလိုက်ရှာဝယ်ရသည်။ တဆိုင်မှာပဲ ၀ယ်သူတွေ စုပြုံနေ တိုးဝှေ့နေကြပြီး အလုအယက်ဝယ်နေကြသည်ကို တွေ့သည်။
ငါးဖယ်ဟင်းတခွက်ကို ဈေးရောင်းသူက လှမ်းအပေး အလယ်ကနေ ဖြတ်ယူပြီး ချိုင့်အလွတ်ထဲ လောင်းချလိုက်သည်။ ၀ယ် သူက အခြားတယောက်။ ဒီဟင်းတခွက်ပဲ ကျန်တော့တာ။ မရတဲ့သူက ဟေ့လူ ခင်ဗျား ကျနော်ဝယ်ထားတဲ့ဟင်းလို့ မကျေမ နပ်အပြောကို ဒါ ကလေးတွေအတွက်ပါလို့ ပြောကာ ဟင်းဖိုးချေပြီး ဆိုင်ထဲမှ အမြန်ထွက်သည်။ အဲဒါနဲ့ ကလေးတွေအတွက် ညစာ မငတ်ရအောင် ကြံဆောင်နိုင်ခဲ့သည်။ ကလေးတွေကို ငါးဖယ်ဟင်းထည့်ပေးချိန်မှာ ချီးကျူးသူက ချီးကျူးကြသည်။
ရပ်ထဲရွာထဲက ပညာရှိကြီးတယောက်ကို အသရေဖျက်လှောင်ပြောင်ချင်သည့်အတွက် ကြက်အရှင်တကောင်ကို လည်ပင်း ကကိုင်ထားပြီး လက်ထဲကကြက် အရှင်လား အသေလား မေးသောဖြစ်ရပ်တွင် ပညာရှိကြီး၏ မောင့်သဘောအတိုင်းပါကွယ် ဟုဆိုပြီးဖြေပုံကို သတိရမိပါသည်။ ပျင်းတာပေါ့မောင်တို့ရယ်ဟု မပြောရုံတမယ်။
မှတ်မိခဲ့တဲ့ ဟာသလေးတခုမှာ ပိုက်ဆံကျပျောက်သွားလို့ ငိုနေတဲ့ ကလေးကို ကျပျောက်သွားတဲ့ ပိုက်ဆံဘယ်လောက်လည်း မေးပြီး ပေးတဲ့အခါ သိပ်မကြာခင်မှာပဲ အဲဒီကလေးက ထပ်ငိုပြန်ပါတယ်။ စုံစမ်းတဲ့အခါ ခုနက ပိုက်ဆံသာ မပျောက်ရင် သူ့မှာအခုရတာနဲ့ဆိုရင် နှစ်ဆဖြစ်နေမှာပဲ ဆိုတဲ့အတွေးနဲ့ ပျောက်သွားတဲ့ပိုက်ဆံကို သတိရပြီး ငိုတာပါတဲ့။
သူက ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတာကွ၊ ဟိုက ချိန်ခွင်နဲ့ ချိန်ပြီးရောင်းစားသွားဦးမယ်ဟု အပြောကို ဟေ့ ဒို့က ချိန်ခွင်ပေါ်တက်ထိုင်မယ်များထင်နေလားဟု ပြန်ပက်သည်။ အေးဗျ ဟုတ်သားပဲ ဘယ်သူက ချိန်ခွင်ပေါ်တက်ထိုင်ပြီး အချိန်ခံမှာ လည်းဗျဟု ဘေးကတယောက်က ထောက်ခံစကားဆိုသည်။ စပြောသော လူက အတောမသတ်အောင် ရယ်သည်။ မင်းတို့က ရောင်းစားတယ်ဆိုတာ ချိန်ခွင်နဲ့ရောင်းတယ်ပဲ ထင်ကြတာကိုးကွဟု ရယ်ရင်းပြောသည်။
လည်သူများအကြောင်း ရေးမည် စဉ်းစားသည့်အခါ နီးစပ်ရာ မိတ်ဆွေများကို စကားမစပ် လိုက်မေးဖြစ်သည်။ ကြုံတွေ့ဖူးကြ သော လူလည်များအကြောင်း၊ ကြားဖူးနားဝရှိသော လူလည်များအကြောင်း ရှိခဲ့လျှင် မျှဝေပါဟု။ တချို့က စဉ်းစားပြီး ပြန် ဖြေသည်။ မရှိပါဟု။ တချို့က သူတို့ကြုံတွေ့ခဲ့ရသော လူလည်များအကြောင်း ပြောပြသည်။ တချို့က သူတို့ ကြားဖူးခဲ့ရ သော လူလည်များအကြောင်း တဆင့်ဖောက်သည်ချသည်။
လူ့လောကတွင် လူလည်တွေက များလှသည်။ လည်လည်ဝယ်ဝယ်ရှိသူဟု ချီးကျူးပြောဆိုခံဖြစ်နေရာမှ တော်တော်လည် တဲ့လူဟု ပြောဆိုခံရပြီဆိုလျှင် လည်သည့်အဆင့် တဖက်ကမ်းခပ်ပြီဟု ပြောနိုင်သည်။ တခါတရံတွင် လူလည်ပိုပိုသာ သာလုပ်သူများသည် တခြားသူကို လူလည်ကျရင်း တခြားသူမှ တန်ပြန်လူလည်ကျသည်ကို ကြုံတွေ့ရသည်များလည်း ရှိတတ်သည်။ လည်သူတွေကို တွေ့သောအခါ ထိုသူတွေ လည်သည်ကို နပ်သူတချို့က သိသည်။ ထိုသို့ နပ်ဖို့က တော်ရုံ အတွေ့အကြုံဖြင့် မရ။ ဘာပဲဖြစ်ဖြစ် လူလည်ကျ မခံရအောင် နပ်ဖို့လိုသည်။
လည်သူတွေ အကြောင်း ရေးနေချိန် သီချင်းတပုဒ် နားထောင်မိသည်။ တောသူတွေမယ် အရိုးခံပါကွယ် ချစ်တယ်ကြိုက်တယ် ဆိုလာပါတဲ့ ကိုလူညိုထွား မြို့ကြီးသားရယ်ဆိုသော သီချင်းစာသားပါသည့် သီချင်းဖြစ်နေသည်။
ထို့ပြင် မင်းက ဒို့ကို အတယ်လို့များထင်နေလား။ ဒီမှာကြည့် အံတိုနေပြီဟုဆိုသောစကားအားလည်း အဖန်ဖန်တလဲလဲ ကြားယောင်မိကာ ကိုယ့်အံသွားကိုကိုယ် အသာအယာစမ်းမိပါကြောင်း။
ကျော်မောင် (တိုင်းတာရေး)
↧
ကာတွန်း ATH - ပြောင်းလဲချိန် တန်ပြီ
$
0
0
ကာတွန်း ATH - ပြောင်းလဲချိန် တန်ပြီ 
နိုဝင်ဘာ ၁၇၊ ၂၀၁၅
ကာတွန်းဆရာ၏ လူမှုကွန်ယက်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
↧
↧
တူမောင်ညို - သြော် .... ဖျာလိပ်ကိုယ်စီနဲ့တဲ့လား
$
0
0
တူမောင်ညို - သြော် .... ဖျာလိပ်ကိုယ်စီနဲ့တဲ့လား
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
သိုးဆောင်းစကားပုံတစ်ခု ရှိပါရောလား။
“အောင်မြင်မှုမှာ ဖခင်တစ်ထောင်ရှိပြီး  ရှုံးနိမ့်မှုကတော့ မိဘမဲ့” ဆိုတာလေ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားတဲ့ ကြံ့ဖွံ့ပါတီမှာတော့ ရှုံးနိမ့်မှုဟာ မိမဲ့ ဘမဲ့မဟုတ်ပါဘူး။
ဘူးလက်ဗိုလ်လှဆွေ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ သူရဦးအောင်ကို၊ ဦးဌေးဦးစတဲ့ စစ်ဗိုလ်ဟောင်းများဟာ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲမှာ ဘာကြောင့်ရှုံးရသလဲဆိုတာနဲ့ပတ်သက်ပြီး သန်ရာသန်ရာ ရှုဒေါင့်ကနေပြောဆိုနေကြပါတယ်။ အဲဒီလို ပြောနေတာတွေထဲကသူရဦးအောင်ကိုပြောတာကို တည်ပြီးပြောပါရစေ။ အခြားသူတွေပြောတာတွေကိုလည်း လိုအပ်တဲ့နေ ရာမှာ ထည့်ပြောသွားပါ့မယ်။
နှိုင်းယှဉ်ပြောရရင် ဘူးလက်ဦးလှဆွေပြောတာနဲ့ သူရဦးအောင်ကို ပြောပုံ ပြောနည်းမတူပါဘူး။ ကြံ့ဖွံ့ပါတီကို ပြည်သူတွေက ဒဏ်ခတ်လိုက်တယ်ဆိုတာကိုတော့ တိုက်ရိုက်ဒဲ့ဒိုးမဟုတ်ပေမယ့် သူ့နည်းသူတို့ဟန်နဲ့ ဝန်ခံကြတာမှာတော့တူပါတယ်။ ဒီလိုပြောရာမှာတော့ ဘူးလက်ဗိုလ်လှဆွေပြောပုံက ကွက်ကွက်ကွင်းကွင်းပြောပြီး၊ မိုက်မိုက်ကန်းကန်း ဝန်ခံသွားတာမျိုးဖြစ် ပါတယ်။
ဘူးလက်ဗိုလ်လှဆွေအပြောကို  အပေါ်ယုံအားဖြင့် နားထောင်လိုက်ရင် အနိုင်ရပါတီကို မလိုမုန်းထားစိတ်နဲ့ပုတ်ခတ်ပြော တာဖြစ်ပေမယ့် တကယ့်အနှစ်သာရကတော့ ကြံ့ဖွံ့ပါတီကဝင်ပြိုင်ရင် ဘယ်လောက်သိက္ခာရှိတဲ့သူ၊ ဖြောင့်မတ်မှန်ကန်တဲ့သူ ဖြစ်ဖြစ် အရှုံးကြီးရှုံးမှာပဲဆိုတဲ့အချက်ကို ဗြောင်ဝန်ခံလိုက်တာဖြစ်ပါတယ်။
သူရဦးအောင်ကိုကတော့ ရှုံးနိမ့်သွားရတဲ့ အကြောင်းတရားများစွာရှိပေမယ့် လိုရင်းအကြောင်းကိုပဲ အချက် ၃ ချက်နဲ့သုံးသပ် ပြပါတယ်။
● ပထမနဲ့ အဓိကအကြောင်းတရား
“ဒီလောက်ကြီးတော့ အပြတ်အသတ်ရှုံးနိမ့်လိမ့်မယ်လို့မထင်ခဲ့ပါဘူး” လို့ အစချီပါတယ်။ ဒီလိုတစ်ဖက်သတ်ရှုံးနိမ့်သွားရတာရဲ့ ပထမနဲ့ အဓိကအကြောင်းတရားအဖြစ် သြဂုတ်လ ၁၂ ရက်နေ့ညမှာ ဗိုလ်ရွှေမန်းကို ကြံ့ဖွံ့ဥက္ကဋ္ဌနေရာကနေ ရဲအင် အားသုံးဖယ်ရှားခဲ့တဲ့ဖြစ်ရပ်ကြောင့်လို့ သုံးသပ်ပါတယ်။
● ဒုတိယအချက်
“ပြည်သူအကျိုးစီးပွားထက် လူပုဂ္ဂိုလ်တဦးတယောက်၊ အဖွဲ့အစည်းတခုရဲ့အကျိုးစီးပွားကိုကာကွယ်တဲ့အနေအထားမျိုးပို ပြီး လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ ဒါတွေကို တနိုင်ငံလုံးကသိနေပါတယ်။ သူတို့တွေသာ မသိကြတာပါ။ ဒါဟာ ပြည်ခိုင်ဖြိုး ရှုံးနိမ့်ရခြင်းရဲ့ ဒုတိယအချက်ဖြစ်ပါတယ်”
● တတိယအချက်
“တတိယအချက်ကတော့ (NLD) ခေါင်းဆောင်ကတဦးတည်းပါ။ ဒေါ်အောင်ဆန်းစုကြည်တဦးထဲပါ။ ပြည်ခိုင်ဖြိုးမှာ ခေါင်း ဆောင်နှစ်ယောက်ဖြစ်နေပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရော၊ သူရဦးရွှေမန်းရော၊ ထိပ်သီးခေါင်းဆောင်ပေါ့။ သူတို့နောက် မှာမှ ပထမတန်းခေါင်းဆောင်တချို့ရှိပါတယ်။ ခေါင်းဆောင်နှစ်ယောက် နေရာခွဲဝေမှု၊ ညီညွတ်မှုမရှိတာ တွေ့ရပါတယ်။ ခေါင်းဆောင်နှစ်ယောက် ညီညွတ်မှုမရှိရတဲ့ကြားထဲမှာ ပထမတန်းခေါင်းဆောင်အချို့ထဲမှာလည်း သမ္မတလုပ်ချင်သူ၊ သမ္မ တရောဂါထနေသူတွေရှိနေပါတယ်။ ဒါကြောင့် ထိပ်သီးခေါင်းဆောင်နှစ်ယောက်စိတ်ဝမ်းကွဲပြားအောင် သွေးထိုးသွေးခွဲကြ တယ်လို့ ပါတီဝင်အောက်ခြေက သုံးသပ်ကြပါတယ်။ အကယ်၍ ထိပ်သီးခေါင်းဆောင်နှစ်ယောက် အပြန်အလှန်တိုက်ခိုက် ကြပြီးမှောက်လျက်လဲသွားရင် ပထမတန်းထဲမှာရှိတဲ့ပုဂ္ဂိုလ်တချို့က ဖျာလိပ်ပိုက်ပြီး စောင့်နေကြသူတွေရှိပါတယ်။ သ ဘောပြောရရင် ပွဲလန့်တုန်းဖျာခင်းကြမယ်ပေါ့။ သူတို့က သမ္မတနေရာကို မျှော်နေကြသူတွေပေါ့ဗျာ”။
သူရဦးအောင်ကိုက ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာဆိုတော့ သက်သက်ညှာညှာထောင်းလိုက်ပုံပါပဲ။
အရှုံးရဲ့ ပထမနဲ့အဓိကအကြောင်းတရားကို သြဂုတ်လ ၁၂ ရက်ဖြစ်ရပ်လို့ ဆိုထားပါတယ်။ ထိပ်သီး ၂ ဦး အကြား အဝေမတဲ့ ပြဿနာရှိတာလည်းဖော်ထုတ်ထားတယ်။ ပထမတန်းတွေအကြား (ဗိုလ်ဌေးဦးက ပထမတန်းထင်တယ်) သမ္မတရူးရောဂါထ နေသူတွေက ဖျာလိပ်ကိုယ်စီနဲ့ ရှိနေတာလည်း ဖွင့်ချထားတယ်။
ဒီနေရာမှာ သူရဦးအောင်ကိုက ဗိုလ်သိန်းစိန်နဲ့ ဗိုလ်ရွှေမန်းကို “ထိပ်သီး” လို့သုံးပြီး၊ အဲဒီအောက်ကလူတွေကို “ပထမတန်း” လို့ ဆိုထားပါတယ်။
ဦးအောင်ကို သုံးသပ်ပြသလိုဆိုရင်တော့ ထိပ်သီး ၂ ယောက်ဟာ “ဖျာလိပ်ပိုက် ပထမတန်းတွေ” ရန်တိုက်ပေးတာကြောင့်  “သြဂုတ်လ ၁၂ ရက် ဖြစ်ရပ်” ဖြစ်ရတယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။
ဒီလိုဆိုရင်တော့ ထိပ်သီး၂ ယောက်ဟာ သနားစရာပါပဲ။ ဖျာလိပ်ပိုက်ပထမတန်းတွေ သမ္မတရူးရောဂါထနေသူတွေ က ရန် တိုက်ပေးတာခံရတဲ့ “ထိပ်သီး၂ယောက်” လို့ ဆိုရပါလိမ့်မယ်။ တစ်ယောက်က နိုင်ငံတော်သမ္မတကြီး၊ တစ်ယောက်က ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဆိုတော့ အရပ်ရပ်နေပြည်တော်ကြားလို့မှ ကောင်းကြသေးရဲ့လားဗျာ။
 ဒီလိုမှမဟုတ်ရင်လည်း ဖျာလိပ်ပိုက်ပထမတန်းတွေ သမ္မတရူးရောဂါထနေသူတွေက ပါတီ “ထိပ်သီး” ကို ဖယ်ရှားနိုင်တယ် ဆိုရင်တော့ ဖျာလိပ်ပိုက်ပထမတန်းတွေ၊ သမ္မတရူးပထမတန်းတွေဟာ သိပ်ကိုအစွမ်းထက်တာပဲလို့ မှတ်ချက်ချရတော့မှာ ဖြစ်ပါတယ်။
ဖျာလိပ်ပိုက်တွေ၊ သမ္မတရူးတွေချည်းသူတို့သဘော၊ သူတို့အင်အားနဲ့ချည်း မဖယ်ရှားနိုင်ပါဘူး။ “ထိပ်သီး” ကိုဖယ်ရှားနိုင်တဲ့ “ထိပ်သီးချုပ်ကြီး” ရှိနေလို့သာ လွယ်လွယ်ဖယ်ရှားနိုင်တာလို့ ယူဆပါတယ်။
ဒီတော့ သူရဦးအောင်ကိုပြောတဲ့ အချက်သုံးချက်အပေါ်က ကောက်ချက်ချနိုင်တာကတော့ ကြံ့ဖွံ့ပါတီဆိုတာ  အာဏာအဝေ မတည့်တဲ့ ထိပ်သီးတွေခေါင်းဆောင်နေတဲ့ ပါတီ၊ ပထမတန်းခေါင်းဆောင်တွေဆိုတာ သမ္မတ ရူး ရူးနေသူတွေဖြစ်ပြီး၊ သမ္မ တရာထူးအတွက် ပွဲလှန့်ပြီး ဖျာခင်းမယ့်အကောက်အကြံသမားတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ပါတီဖြစ်တယ်ဆိုတာ ဘွားဘွား ကြီး ပေါ်သွားပါတော့တယ်။
ဒီနေရာမှာ ကြံ့ဖွံ့ပါတီကို ဘယ်လိုအစားတွေနဲ့ဖွဲ့စည်းထားသလဲဆိုတဲ့ ဘူးလက်ဗိုလ်လှဆွေ အထုတ်ဖြေပြသွားတဲ့အချက်ကို ဖော်ပြရပါလိမ့်မယ်။ ဒီအချက်က ကြံ့ဖွံ့ပါတီရဲ့လူတန်းစားလက္ခဏာပေါ်လွင်နေပါတယ်။
"ကျနော်တို့ (USDP) မှာ ၃ မျိုးရှိတယ်။ တမျိုးက သူဌေးတွေ။ တမျိုးက ဝန်ကြီးဟောင်းတို့၊ ဗိုလ်ချုပ်ဟောင်းတွေ၊ တမျိုးက လက်ညှိုးထောင်ခေါင်းညိတ်အဖွဲ့ ဒီသုံးစားရှိတယ်” တဲ့။
တတိုင်းပြည်လုံးကို လက်ကြီးအုပ် အပိုင်စီးထားတာ ဒီ ၃ စားပဲဖြစ်ပါတယ်။
မရှင်းဘူးလား။ စစ်ဗျူရိုကရက်တွေ၊ ခရိုနီတွေ၊ လက်ဝေခံတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီဆိုတော့ ဒီပါတီရဲ့ရပ်တည်ချက်နဲ့အကျိုး စီးပွားဟာ ဘယ်လူတန်းစားအတွက်ဖြစ်မလဲဆိုတာ ရှင်းနေပါတယ်။ ဒီတော့ ပြည်သူတွေက သူတို့အကျိုးစီးပွားကို ဟိုတုန်း ကလည်း ကိုယ်စားမပြုခဲ့၊ မရပ်တည်ခဲ့တဲ့ပါတီ၊  အခုလည်း သူတို့အပေါ်မှာ နည်းမျိုးစုံနဲ့ ဖိနှိပ်သွေးစုပ်၊ ရသမျှ ညှစ်ထုတ် သွားကြတဲ့ ကြံ့ဖွံ့ပါတီကို မဲမပေးတာ ပြည်သူလူထုရဲ့မဟော်သဓာလို စဉ်းစားမှုနဲ့ဆုံးဖြတ်မှုပဲဖြစ်ပါတယ်။
ဒါကြောင့် တစ်ဆက်ထဲတိုးပြီး ပိုင်ပိုင်နိုင်နိုင်ကောက်ချက်ရမယ့်အချက်က -
ဒီလိုအာဏာရူးတွေ - သမ္မတရူးတွေ ပွဲလှန့်ဖျာခင်းလိုသူတွေ၊ မင်းသားကြီး မလုပ်ရရင် ပတ်မကြီးထိုးဖောက်မယ့်လူစားတွေ ခေါင်းဆောင်နေတဲ့ ကြံ့ဖွံ့ပါတီ၊ သူရဦးအောင်ကိုစကားနဲ့ဆိုရင် “အတိတ်ကပုံရိပ်မကောင်းခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ ကိုယ်ကျိုး စီးပွား ကာကွယ်လွန်းချင်တဲ့ပုဂ္ဂိုလ်တွေ” ပါဝင်ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီကို “၂၀၁၅ ရွေးကောက်ပွဲ” မှာ ပြတ်ပြတ်သားသားဆုံးမဒဏ် ခတ်လိုက်တာဟာ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ အမြှော်အမြင်ရှိမှုနဲ့ ကြီးမြတ်မှုပဲဖြစ်ပါတော့တယ်။
အခုလို သူရဦးအောင်ကို သူတို့ကြံ့ဖွံ့ပါတီဗွက်ပုပ်အိုင်ကြီးထဲက အရှုပ်တွေ၊ အပုပ်တွေ၊ အကောက်ကြံ ကလိန်ခြုံဇာတ်လမ်း တွေကိုဖော်ထုတ်ဝေဖန်နေတဲ့အတွက် သူရဦးအောင်ကိုဟာ ဒီမိုကရေစီဘက်ကို မျက်နှာမူလာပြီလို့ သုံးသပ်နိုင်ပြီလား။ အချိန်စောနေသေးတယ်လို့မြင်ပါတယ်။ ကြံ့ဖွံ့ပါတီထဲကနေ ကွဲအက်မှုတွေ၊ ခွဲထွက်မှုတွေ ကြားရမြင်ရနိုင်တယ်လို့ ထင်မြင် ယူဆမိပါတယ်။ ဘာတွေ ပဲဖြစ်လာဖြစ်လာ “ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှသာ တကယ်သေပြီလို့ အတည်ပြုနိုင်မယ်” ဆိုတဲ့စကားကို ရင်ဝယ်ပိုက်လျက်။
↧
ဆောင်းယွန်းလ - ကမ္ဘာအတွက်ရေးတဲ့ကဗျာ
$
0
0
ဆောင်းယွန်းလ - ကမ္ဘာအတွက်ရေးတဲ့ကဗျာ
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
ပုံမှန်လည်နေတယ်ဆိုတဲ့ ကမ္ဘာကြီးက
ငါတို့နာရီတွေပေါ်မှာ ပုံမမှန်ခဲ့တာ ကြာပြီ...
ကမ္ဘာမြေမှာ
စနေတွေ တနေပြီး တနေ ထွက်ခဲ့ ၀င်ခဲ့တယ်...
တနင်္ဂနွေတွေ
တနွေပြီးတနွေ ရောက်ခဲ့ပျောက်ခဲ့တယ်....
အပျင်းပြေစရာ တနင်္ဂနွေတွေက
ကမ္ဘာ့အပြင်ဘက်ကို ထွက်သွားခဲ့တာ
ခုထိပြန်မရောက်လာနိုင်ခဲ့သေးဘူး....
ကမ္ဘာပျက်ခြင်းတရားကို
ကမ္ဘာစစ်ပွဲပေါင်းများစွာက ပြခဲ့ပြီးပြီ
အကြမ်းဖက်သမားတွေက ပြခဲ့ပြီးပြီ
ဆိုးဝါးလှတဲ့ သဘာဝဘေးတွေက ပြခဲ့ပြီးပြီ...
ကမ္ဘာဖြစ်ခြင်းတရားကို
ဘယ်ပစ်ကွင်းနားမှာ ထိုင်စောင့်ရင်း
ဘာသတင်းနဲ့ ငါတို့ နာကြရမှာလဲ.....
အာဏာရှင်တွေနဲ့ အစွန်းရောက်ဝါဒီတွေ
သံပါတ်လှည့်ပေးထားတဲ့ နာရီထဲက
အကြောက်တရားနဲ့ ထထမြည်နေရတဲ့
နေမှု ထိုင်မှု ရှင်သန်မှုအားလုံးဟာ
ဓါးတုံးတုံးတလက်ပေါ်မှာ
ငါတို့ အသက်နဲ့ဘ၀တွေကို ပစ်တင်ထားရသလိုပါပဲ...
အာဏာရှင်အဆက်ဆက်
မြန်မာပြည်ကို သွေးထွက်သံယိုဖြစ်အောင်
စိန်ခေါ်ခြောက်လှန့်ခဲ့ခြင်းဟာ
ကမ္ဘာမြေကို စိန်ခေါ်ခြောက်လှန့်ခဲ့ခြင်းတခုပဲ…
အစွန်းရောက် အကြမ်းဖက်ဝါဒီတွေ
ပါရီကို စိန်ခေါ်ခြောက်လှန့်ခဲ့ခြင်းဟာ
နယူးယောက်ကို စိန်ခေါ်ခြောက်လှန့်ခဲ့ခြင်းဟာ
ဝါရှင်တန်ဒီစီကို စိန်ခေါ်ခြောက်လှန့်နေခြင်းဟာ
ကမ္ဘာမြေကို စိန်ခေါ်ခြောက်လှန့်ခြင်းတခုပဲဖြစ်တယ်…
 သေသူတို့ရဲ့အသက်တွေက
ဆုတောင်းခြင်းနဲ့ ပြန်ရောက်မလာနိုင်ဘူးဆိုတာကို
ငါတို့ မယုံချင်လည်း ငါတို့ ယုံလိုက်ဖို့လိုတယ်....
ရှင်သူတို့ရဲ့ အသက်တွေ မပျောက်ဖို့အတွက်
အကြမ်းဖက် အစွန်းရောက်ဝါဒီတွေကို
ငါတို့ ယုံယုံကြည်ကြည်နဲ့ ဖျောက်ပစ်ရမယ်...
မေတ္တာသုတ် ထိုင်ရွတ်နေရုံနဲ့တော့
ငါတို့ ကမ္ဘာမြေကြီးက မငြိမ်းချမ်းနိုင်သေးဘူး....
ပုံမမှန်တဲ့ကမ္ဘာကြီး ပုံမှန်လည်ပတ်ဖို့အတွက်
ငါတို့အကြောက်တရားတွေကို
ချောက်ကမ်းပါးထဲ အပြီးတိုင် ကန်ချပစ်လိုက်ကြစို့ရဲ့......။
ဆောင်းယွန်းလ
↧
ကာတွန်း ဇာနည်ဇော်ဝင်း - ဆေးမတိုက်ရသေးလို့ပါ
$
0
0
ကာတွန်း ဇာနည်ဇော်ဝင်း - ဆေးမတိုက်ရသေးလို့ပါ
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
↧
ရန်နောင် (ဗိုလ်တထောင်) - အလွမ်းတွေပြေ အလန်းတွေဝေခဲ့တဲ့ ဆရာစွမ်း တွေ့ဆုံပွဲ
$
0
0
ရန်နောင် (ဗိုလ်တထောင်) - အလွမ်းတွေပြေ အလန်းတွေဝေခဲ့တဲ့ ဆရာစွမ်း တွေ့ဆုံပွဲ
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅
ကဗျာဆရာကြီး၊ စာရေးဆရာကြီး မောင်စွမ်းရည် မြန်မာပြည်ကို အလည်လာမည်ဟု ကဗျာဆရာကျော်ဟုန်းမှ ကျနော့်ကို သတင်းလှမ်းပေးထားတာ မနှစ်ကတည်းက ဖြစ်သည်။ ထိုသို့လာခဲ့ရင် အတတ်နိုင်ဆုံးကူညီပေးပါဟု ဆရာကျော်ဟုန်းမှ ပြောကတည်းက ကဗျာကဝိပညာရှိကို ပြုစုခွင့်ရမည့်အရေး တွေးပျော်နေခဲ့သည်။ သို့သော်လည်း ထိုစဉ်က ဆရာစွမ်း မလာ ဖြစ်ခဲ့။ သူမလာဖြစ်သည့်အတွက် ကဗျာတပုဒ်တောင် မိုးမခမှာ ရေးဖွဲ့ခဲ့သည်ကို ဖတ်ခဲ့ရသေးသည်။
ဒီနှစ် ဆရာစွမ်းလာတော့ မိုးမခ ဆရာရစ်က လေယာဉ် ဘယ်အချိန်ဆိုက်မည်၊ ဘယ်တော့ရောက်မည်ဟုတော့ ပြောသည်။ သို့သော် ရွေးကောက်ပွဲ နီးကပ်ကာလဖြစ်၍ မဲဆွယ်ပွဲများ၊ အောင်နိုင်ရေးပွဲများ တက်ရောက် တင်းယူနေရ၍ သွားရောက်ကြို ဆိုနိုင်ခြင်းမရှိခဲ့ချေ။ ဆရာရစ်၏မိခင်ဖြစ်သူ ဆရာမ တက္ကသိုလ်ရွှေရီဝင်းမှလည်း လေဆိပ်ကို ဘယ်သူတွေသွားလဲ လှမ်းမေးတော့ မသွားဖြစ်ပါဘူး ဆရာမရယ်ပေါ့။ 
သည်လိုနှင့် ဘကြီးမိုးတို့၊ ဦးဝင်းချိုတို့နှင့် ဆရာစွမ်းတွေ့ပြီး အညာဘက်ခရီးထွက်သွားသည်ကိုတော့ ဖေ့ဘုတ်ခ် စာမျက်နှာ တွင်တော့ တွေ့ခဲ့ရသည်။ ဆရာစွမ်းမရောက်ခင်ကတည်းက ဆရာရစ်က ကျနော်တို့အဖွဲ့အား ဆရာစွမ်းနှင့် စာပေမိတ် ဆွေများ စကားဝိုင်းကို မဖြစ်ဖြစ်အောင်လုပ်ရန် တာဝန်ပေးခဲ့ပေသည်။
 ဆရာစွမ်း နှင့် ရင်းနှီးသော စာပေမိတ်ဆွေများကား ကျနော်တို့ အဖိုးအရွယ်၊ အဖွားအရွယ်တွေ ဖြစ်နေတော့ စုစည်းကာ တွေ့ဆုံဖို့ ဘကြီးမိုးကပဲ ဖိတ်ရမည့်သူများကို စီစဉ်ပေးခဲ့သည်။ ထိုအချိန်တွင် ဆရာစွမ်းက မန္တလေးတွင် မန်းစာရေးဆရာများ နှင့်ဆုံညီပွဲကို နွှဲနေပြီ ဖြစ်သည်။
ရန်ကုန်တွင် ရှိသော စာရေးဆရာကြီးများကို ကျနော် နှင့် ဆရာငြိမ်းချမ်းအေးတို့ ဘကြီးမိုး၊ ဆရာစွမ်းတို့ အစီအစဉ် အတိုင်း လိုက်လံ ဖိတ်ကြားခဲ့ကြသည်။ ခန်းမကို အထူးတလည် ရှာမနေဘဲ ကျနော်တို့ မိုးမခ ရုံးစိုက်ရာ ဟုမ်းမီဒီယာ ခန်းမတွင် ပင် ဦးသူရ (ဇာဂနာ) က စီစဉ်ပေးသည်။ ပထမတွင် စနေနေ့ကို စီစဉ်ထားရှိသော်လည်း ထိုနေ့တွင် ကျောင်းသားသမဂ္ဂ ကိုလှရွှေ ၏ စာအုပ်မိတ်ဆက်ပွဲရှိနေသဖြင့် အင်္ဂါနေ့သို့ ရက်ကိုရွှေ့လိုက်ရသည်။ ကြားရက်ဖြစ်သွားသဖြင့် ရုံးသမား၊ အလုပ်သမား ၊ကျောင်းသား စာရေးဆရာ၊ ကဗျာဆရာများ မလာရောက်နိုင်မည်ကိုလည်း တွက်ဆရသေးသည်။
သို့နှင့် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ဆရာစွမ်းပွဲကို အတည်ဖြစ်ခဲ့သည်။
ထိုရက် မတိုင်မီ ဗကသ ဒုဥက္ကဋ္ဌ (၂)  ကိုအောင်ဒင် ၏ စာအုပ်မိတ်ဆက်ပွဲ ကလည်း ရှိနေသောကြောင့် တိုင်းရက်သည့်ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်ဖြစ်သွားသည်။ စာအုပ်မိတ်ဆက်ပွဲတွင်တွေ့ရသော စာရေးဆရာများ၊ အယ်ဒီတာများ၊ ကဗျာဆ ရာများကို ကိုယ်တိုင်ဖိတ်စာပေးမိရက်သားဖြစ်သွားသည်။ ဆရာ လေးကိုတင်ကလည်း ကူညီကာ ဖိတ်ပေးခဲ့သေးသည်။
ပွဲကျင်းပသော နေ့တွင်တော့ မနက်ကိုးနာရီကျော်ကတည်းက မီဒီယာသမားများ  ဦးစွာရောက်ရှိနေခဲ့ကြသည်။ တဖြည်းဖြည်း နှင့် ဆရာစွမ်းကို လေးစားချစ်ခင် မြတ်နိုးသော စာရေးဆရာ၊ ကဗျာဆရာများလည်း တဖွဲဖွဲ နှင့် ရောက်ရှိလာပါသည်။
စာရေးဆရာ၊ ကဗျာဆရာများသည် ဆရာစွမ်း ရောက်လာသောအခါ သူတို့၏ တတ်စွမ်းရာလက်ဆောင်များနှင့် သူတို့၏ စာ အုပ်များအား ဆရာစွမ်းအားပေး၍ ဂါရဝပြုကြသည့်မြင်ကွင်းကို မြင်ရသောအခါတွင်ကား ကိုယ်ကြိုးစားပမ်းစား လုပ်ပေးရ သည့်ပွဲလေး အောင်မြင်စပြုနေပြီကို ပီတိဖြစ်နေမိသည်။
ဆရာများ စုံညီသောအခါ အခမ်းအနားမှူးက ဆရာစွမ်းနှင့် စာပေမိတ်ဆွေများပွဲလေးကို စတင်ပြီဖြစ်ကြောင်း ကြေညာ လိုက်သည်။ ရှေးဦးစွာ  ဆရာငြိမ်းချမ်းအေးမှ ပွဲလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆရာကြီး ဦးဝင်းဖေ၊ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်၊ ဘကြီးမိုး၊ ဆရာကြီးဇော်ဇော်အောင်နှင့် ဆရာမကြီး ဒေါ်ခင်ဆွေဦးတို့မှ မိတ်ဆက် စကားအား တိုတိုနှင့်ထိထိမိမိ ပြောခဲ့သည်။
ထို့နောက် ဆရာကြီးမောင်စွမ်းရည်မှ မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆရာကြီးများ အားလုံးပြောအပြီးတွင်တော့ အမေး အဖြေ ကဏ္ဍအား ကိုငြိမ်းချမ်းအေးမှ ဦးဆောင်ကာ မေးမြန်းပေးခဲ့သည်။
သက်ရွယ်ကြီးပြင်းလာချိန်တွင် ငယ်ပေါင်းများကားလွန်စွာ ရှားသွားခဲ့ချေပြီ။ ထိုအချိန်တွင် ယခုကဲ့သို့ ဆုံတွေ့ခွင့် ရနိုင်ရန်မှာ မလွယ်ကူလှချေ။ ငယ်သူငယ်ချင်း အချင်းချင်း နာမည်ပြောင်များဖြင့် နှုတ်ဆက်ကြ၊ ထွေးပွေ့ နှုတ်ဆက်ကြသည့် မြင်ကွင်း ကား ကြည်နှူး မဆုံး ရှိလှချေသည်။
ဆရာစွမ်းနှင့် မိတ်ဆွေများတွေ့ဆုံပွဲကား အောင်မြင်စွာပြီးဆုံးခဲ့ချေပြီ။ နောက်နှစ် နောက်နှစ်များတွင်လည်း ယခုကဲ့သို့သော ပွဲမျိုးများကို လုပ်ပေးချင်ပါသေးသည်။ လုပ်ခွင့်ရ၍ လုပ်ခွင့်ပေးသော ဆရာရစ်ကိုလည်း ကျေးဇူးတင်ပါသည်။ ညနေဘက် ခြောက်နာရီသတင်းတွင် မြန်မာ့အသံက ပွဲသတင်းကို ထုတ်လွှင့်သွားခဲ့သည်။ ထိုအချိန်တွင် ဆရာရစ်၏ မိခင်ဖြစ်သူဆီမှ ချီးကျူးစကားသံကို ဖုန်းဖြင့်လှမ်းပြောသည့်အတွက်လည်း ထပ်မံ၍ဝမ်းသာရပြန်သေးသည်။ တက်ရောက်လာသော ဆရာ၊ ဆရာမများသည် တော်တန်ရုံ ပွဲမတက်သောဆရာ၊ဆရာမများ ဖြစ်သဖြင့်လည်း ကျေးဇူးတင်စကား အထပ်ထပ်ဆိုမိခဲ့သည်။
ဘယ်လိုပင် ပင်ပန်းနွမ်းနယ်စေကာမူ ဆရာစွမ်းနှင့် သူ၏မိတ်ဆွေများ တွေ့ဆုံပွဲကား အောင်မြင်မှုအတွက် ဂုဏ်ယူမိပါတော့ သည်။
↧
↧
ဂျူနီယာဝင်း ၏ အမေးအဖြေစွယ်စုံကျမ်း ၂၀၁၅ အီးဘွတ်
$
0
0
ဂျူနီယာဝင်း ၏ အမေးအဖြေစွယ်စုံကျမ်း ၂၀၁၅ အီးဘွတ်
(မိုးမခစာအုပ်စင်) နိုဝင်ဘာ ၁၈၊ ၂၀၁၅
Academic Weekly Journal မှာ ၂၀၁၄ကစ၍ ၂နှစ်တာ အပတ်စဉ် ရေးသားနေဆဲဖြစ်သော စွယ်စုံကျမ်း အမေးအဖြေများကို စုစည်းကာ အီးဘုတ်အဖြစ် ထုတ်လိုက် ခြင်းဖြစ်ပါသည်။ သည့်အရင်က အမေးအဖြေစွယ်စုံကျမ်း စာအုပ်များ ထွက်ခဲ့စဉ်က မူရင်းစာအုပ် 2012 Encyclopedia ကို မြန်မာ ဘာသာပြန်ထားတာ ဖြစ်သောလဲ ယခုစာအုပ်မှာ စာအုပ်များစွာ- Why, When, How, Environment, Encyclopedia 2012, 2014 များမှ ကောင်းနိုးရာရာများကို စုပေါင်းကာ ရေးသားထား သည်များ ဖြစ်ပါသည်။ ထို့ပြင် ယခုရေးသားမူများသည် အင်တာနက်များ၊ Encyclopeia စာအုပ်များထဲက အကြောင်းအရာများ၊ ကိုသာမက အပ်ဒိတ်ဖြစ်သော အချက်အလက်များကို တိုးပွားကာ စုစည်းရှာဖွေကာ မေးခွန်းများ၊ ဖြည့်စွက်ချက်များဖြင့် ရေးသားထားတာ ဖြစ်ပါသည်။
ဤစာအုပ်ကို အမှန်တော့ စာအုပ်ပုံစံဖြင့် ပြည်တွင်းတွင် ထုတ်ဝေဖိှုှ့ဆန္ဒရှိသောလည်း ထုတ်ဝေမူအခက်အခဲများ၊ စာဖတ်သူများ၏ စိတ်ဝင်စားတုံ့ပြန်မူ မည်၍မည်မျှ ရရှိလိမ့်မည်ကို ခန့်မှန်းရခက်ခဲမူ၊ စာအုပ်သည် စာမျက်နှာအားဖြင့် ၄၀၀နီးပါးရှိနေခြင်းတို့ကြောင့် တစည်းတပေါင်းတည်းထုတ်ဖို့ရန် အခက်အခဲ၊ ရုပ်ပုံများအား ကာလာဖြင့် နိုင်ငံတကာ အဆင့်မှီပုံစံဖြင့် အပြည့်အ၀ထုတ်ဖို့ခဲယဉ်းမူ၊ စသော လက်လှမ်းမှီသလောက်စဉ်းစားမိခြင်းဖြင့်၎င်း၊ အချိန်ကာလအားဖြင့်လည်း စီစဉ်ဖို့ကြန့်ကြာနိုင်မူများကို တွက်ချက်မိကာ စိတ်ကြိုက်ပုံစံတစ်ခုကို မြန်မြန်ဆန်ဆန်တော့ ကိုယ်တတ်နိုင်သလောက် ကင်ဒဲလ်မှာ ထွက်ရှိဖို့ အားထုတ်လိုက်တာ ဖြစ်ပါသည်။
စာဖတ်သူများအနေနှင့်တော့ အပြည့်အ၀ဖတ်ရူဖို့မှာ ကင်ဒဲလ်အား ရင်းနှီးမူရှိရန်၊ ဒေါင်းလုပ်များလုပ်တတ်ရန်သာမက ပြည်တွင်းက စာဖတ်ပရိသတ်များ ကင်ဒဲလ်ကနေ ဘယ်လိုအကောင့်ဝင်ကာ စာအုပ်ဝယ်ဖတ်ဖို့ရန်မဖြစ်နိုင်သော ရာခိုင်နှူန်း များနေတာကို လေ့လာမိခဲ့ပါသော်လဲ ပြည်တွင်းမှာစာအုပ်ထွက်ရန် အဆင်မပြေမူများခြင်း၊ စာအုပ်အားပေးမူ အပြည့်အ၀မရရှိနိုင်သော အခြေအနေများခြင်း စသည်တို့ကြောင့် အခုလိုအီးဘုတ်ထွက်ရှိဖို့ကိုသာ အားစိုက်လိုက်ရခြင်းကို နားလည်ပေးမည်ဟု မျော်လင့်မိပါသည်။
သည်စာအုပ်ကတော့ ဟောသည်လင့်ကနေ ဖတ်ကြပါကုန်လော အားပေးကြပါကုန်လောဟု ဆိုလိုက်တာနှင့် ကလစ်တချက်နှိတ်ကာ ကင်ဒဲလ်က အွန်လိုင်းစာအုပ်တစ်အုပ် ကိုစာဖတ်သူတွေ အလွယ်တကူ စာအုပ်နမူနာ ကြည့်ဖို့အဆင်မပြေတာ၊ ၀ယ်မဖတ်နိုင်ကြသေးတာကို သိသိကြီးနှင့်ပင် အားနာစကားမဆိုနိုင်ပဲ ကင်ဒဲလ်မှာ သံချေးတက်သွားမည့် အွန်လိုင်းစာအုပ်တစ်အုပ်အဖြစ် အသိပေး ကြော်ငြာလိုက်ရပါကြောင်း။
http://www.amazon.com/Junior-Win-Encyclopedia-2015-Burmese-ebook/dp/B017OLT4AE/ref=sr_1_3?ie=UTF8&qid=1447568142&sr=8-3&keywords=moemaka
↧
မောင်စွမ်းရည်နှင့်မိတ်ဆွေများစာပေစကားဝိုင်း (၁၇-နိုဝင်ဘာ) အသံဖိုင် အပြည့်အစုံ
$
0
0
 မောင်စွမ်းရည်နှင့်မိတ်ဆွေများစာပေစကားဝိုင်း (၁၇-နိုဝင်ဘာ)အသံဖိုင် အပြည့်အစုံ
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅
မောင်စွမ်းရည်၊ ဝင်းဖေ၊ ဇော်ဇော်အောင် မောင်မိုးသူ၊ ဂုဏ်ထူးဦးသိန်းနိုင်၊ ခင်ဆွေဦး
စီစဉ်သူ - မိုးမခ မီဒီယာ မဂ္ဂဇင်း နှင့် Home မီဒီယာ
မေးခွန်းမေးမြန်းသူ - ငြိမ်းချမ်းအေး
@ Moemaka Media Note: The audio file is not edited. Size: 59.6 MB
↧
လူထုအောင်ပွဲ ၊ ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲ နှင့် ဘကြီးမိုး
$
0
0
လူထုအောင်ပွဲ ၊ ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲ နှင့် ဘကြီးမိုး
ဘကြီးမိုး၊ ကုမုဒြာသတင်းဂျာနယ် ၊၁၇ နိုဝင်ဘာလ ၂၀၁၅
    ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ ၏ အောင်ပွဲဟာ ပြည်သူလူထုရဲ့ အောင်ပွဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲဖြစ်တယ်ခင်ဗျ။
    ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်များဟာ မဲဆန္ဒဖြင့် အရွေးခံစရာမလိုဘဲ ၂၅ ရာခိုင်နှုန်း အော်တိုမက်တစ်ရရိှပြီး ဖြစ်ပါတယ်။ သည်တော့ အထွေထွေရွေးကောက်ပွဲကြီးဆိုပေမဲ့ ၇၅ ရာခိုင်နှုန်းမှာသာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သည်ရွေးကောက်ပွဲမှာ လှုပ်လှုပ်ခတ်ခတ်နဲ့ ဖေ့ဘုတ်ခ် ဆရာကြီးဘူးလက်က တွက်ပြတယ်။ သူတို့ရဲ့ ကြံ့ခိုင်ပါတီဟာ၂၆ ရာခိုင်နှုန်း အနိုင်ရရင်ပဲ စစ်တပ်ရဲ့ ၂၅ နဲ့ ပေါင်း ၅၁ ရာခိုင်နှုန်းရှိပြီမို့ အစိုးရဖွဲ့နိုင်တယ်လို့ အော်ကြီးဟစ်ကျယ် ပြောပါတယ်။
    ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တစ်သီးပုဂ္ဂလထဲမှာမှ ထူးထူးဆန်းဆန်း လက်ရှိအစိုးရဝန်ကြီး နှစ်ဦးဟာ တသီးပုဂ္ဂလ အမည်နဲ့ အရွေးခံပါတယ်။ (တဦးနိုင်ပြီး တဦး ရှုံးပါတယ်)။ အဲသည်လို ယှဉ်ပြိုင်ကြရာမှာ အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းက အရေအတွက်အားဖြင့် ကြံ့ခိုင်ထက် ပိုပါတယ်။ ဘယ်လောက်များသလဲဆိုရင် လက်ရှိအစိုးရရဲ့ ကြံ့ခိုင်ထက်တောင် ပိုများဆိုပဲ။
    နိုင်ငံရေးပါတီတွေ ၉၀ ကျော်၊တသီးပုဂ္ဂလတွေ အများကြီးဆိုပေမဲ့ တကယ့် တကယ်က ပါတီကြီးနှစ်ခု ယှဉ်ပြိုင်ရတဲ့ ပွဲလို့ အားလုံးက နားလည်ထားကြပါတယ်။
    ကိုယ်စားလှယ်တွေ စာရင်းတင်သွင်းပြီးတဲ့နောက် မဲဆွယ်စည်းရုံးရေးတွေ လုပ်ကြရပါတော့တယ်။ သည်မှာတင် အင်န်အယ်လ်ဒီဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပြည်လုံးအနှံ့ ခရီးဆန့်ပြီး နယ်ထွက် စည်းရုံးရေး ဟောပြောပွဲတွေ ပြုလုပ်ပါတယ်။ဂျာနယ်တစောင်ရဲ့ ဖော်ပြချက်အရ ပြည်လုံးအနှံ့ ခရီးမိုင်ပေါင်း အများကြီး အများကြီး ၇၀၀၀ ဆိုလား ထွက်သတဲ့။ မဲဆွယ်စည်းရုံးရေး ဆင်းရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ` ပြောင်းလဲချိန်တန်ပြီ ´ ဆိုတဲ့ အချက်ကို အဓိက ပြောပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက်တွေ အားလုံးဟာ နိုင်ငံရေးသဘောတရားစာအုပ်တွေထဲက အကိုးအကားများ မပါတဲ့အပြင် အင်္ဂလိပ်စာလုံး တလုံးမှ မပါဘဲ ပြည်သူတွေ နားလည် အရှင်းလင်းဆုံး အလွယ်ကူဆုံး ရင်ထဲကို အရောက်ဆုံး စကားလုံးများနဲ့ ဟောပြောခဲ့ပါတယ်။ နားထောင်တဲ့ ပရိတ်သတ်ပြည်သူကလည်း တခဲနက်အားပေးထောက်ခံခဲ့ကြပါတယ်။
    လွှတ်တော် ကိုယ်စားလှယ်လောင်း များကလည်း မြို့နယ်အလိုက် အနီရောင် ဝတ်စုံတွေဝတ်၊ အနီရောင် အလံတွေထူ၊ တအိမ်တက်ဆင်းသွား စုပေါင်းမဲဆွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
    တချိန်တည်းမှာ အနှေးယာဉ်များကလည်း ရာနဲ့ချီပြီး ထောက်ခံ ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုကိတ်မုန့် ပေးပို့ခဲ့တာ တွေ့ရပါတယ်။
    အနုပညာသည်အဖွဲ့တွေကလည်း တပြည်လုံးအနှံ့ဟောပြောကြ၊ သီဆို ဖျော်ဖြေကြ လုပ်ကိုင်ခဲ့ကြပါတယ်။ အဲသည် အနုပညာရှင်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်ဝင်းထဲမှာ ဖိတ်ကြားပြီး ဂုဏ်ပြုချီးကျူးစကား ပြောခဲ့ပါသေးတယ်။
    အဲသည်လို အင်န်အယ်လ်ဒီက လုပ်နေလေတော့ အစိုးရနဲ့ ကြံ့ခိုင်ကလည်း မနေသာတော့ဘဲ မဲဆွယ်စည်းရုံးရေးတွေ၊ ဟောပြောရေးတွေ၊ ဖျော်ဖြေရေးတွေ အပြိုင်အဆိုင် လုပ်ပါတော့တယ်။ အဲသည်မှာ ပိုဆိုးကုန်တော့တာပေါ့။ ဟောပြောကြတဲ့ လူကြီးများကလည်း သူတို့ တသက်လုံး ပြည်သူလူထုကို အမိန့်ပဲ ပေးတတ်လာခဲ့လေတော့ အမိန့်ပေးဟောပြောချက်တွေနဲ့ တလွဲတချော် ဟောပြောချက်တွေ ဟောပြောရင်း အင်န်အယ်လ်ဒီကို မဲဆွယ်ပေးသလို အထိ ဖြစ်ခဲ့ရပါတယ်။
    ဖျော်ဖြေရာမှာလည်း သိကြ ကြားကြတဲ့အတိုင်း အဆင်မပြေလို့ သူတို့ဖျော်ဖြေခိုင်းသူများက ၁၀ သိန်းရလို့ပါဆိုတော့ ပိုဆိုးတာပေါ့။ ဝတ်စားဆင်ယင်မှုကလည်း ခေတ်လွန်ဖြစ်နေလေတော့ ကြံ့ခိုင်အတွက် မဲဆွယ်ပေးသလို မဖြစ်ဘဲ အင်န်အယ်လ်ဒီကို မဲဆွယ်ပေးသလို ဖြစ်သွားတဲ့အပြင် ကြံ့ခိုင်အတွက် မဲဆွယ်ဖျော်ဖြေပေးခဲ့တဲ့ အနုပညာသည်တွေ ပြည်သူက ဆန့်ကျင်ခံရတဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။
    နိုဝင်ဘာလ ၈ ရက်နေ့ တကယ်မဲပေးဖို့ ဖြစ်လာတော့ ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားမှုအတိုင်း အနီရောင်မဝတ် ၊အလံမထူ၊ တံဆိပ်များလည်း မတပ်ဆင်ကြဘဲ ရွေးကောက်ပွဲနေ့မှာ မဲရုံက ၆း၀၀ နာရီမှ ဖွင့်တာကို စိတ်အားထက်သန်စွာ၊ စည်းကမ်းရှိစွာ ၄း၀၀ နာရီကပဲ စောင့်ဆိုင်း ပေးခဲ့ကြပါတယ်။ ပြည်တွင်းမှာလားဆိုတော့ မဟုတ်ပါဘူး။ နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားတွေဟာ ဆန္ဒမဲပေးဖို့အရေး မြန်မာသံရုံးရှေ့ကို ညကတည်းက အိပ်စောင့်ပြီး မဲပေးခဲ့ကြတာတွေ့လိုက်ရပါတယ်။ စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံသားများဟာ စင်္ကာပူမှာ မဲပေးခွင့်မရလိုက်လို့ မြန်မာနိုင်ငံကို လေယာဉ်နဲ့ ပြန်လာပြီး မဲပေးတာတွေအထိ ရှိလာတာကို တအံ့တဩ တွေ့ကြရပါတယ်။
    အဲသည်လို အဲသည်လို ပြည်သူလူထုက စိတ်အားထက်သန်စွာ၊ စည်းကမ်းရှိစွာ တခဲနက် မဲပေးလိုက်ကြတော့ မဲများရေတွက်ပြီးတဲ့နောက် ၁၅ ရက်နေ့ အချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာခိုင်နှုန်း ၈၀ ကျော် အပြတ်အသတ် အနိုင်ရခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် လွှတ်တော် သုံးရပ်စလုံးမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
    အဲဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ စည်းကမ်းရှိ၊ စိတ်အားထက်သန်စွာ တခဲနက် မဲပေးလိုက်တာကြောင့် အနိုင်ရခြင်း ဟာ ပြည်သူလူထုရဲ့ အောင်ပွဲဖြစ်ပါတယ်။
    တချိန်တည်းမှာ သည်လိုအပြတ်အသတ် အောင်ပွဲရရှိအောင် ဦးဆောင်လုပ်ဆောင်နိုင်ခဲ့တဲ့ ဒီချုပ်ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်။ အဲသည်လို  အောင်မြင်မှုကို နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတကာက အကြီးအကဲများရဲ့ ချီးကျူးဂုဏ်ပြုစကား ပေးပို့ခြင်းခံရပါတယ်။
    ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် စကားကို ဘယ်လောက်များ နားထောင်ပြီး စည်းကမ်းရှိသလဲဆိုရင် အနိုင်ရပြီးသည့်တိုင် အောင်ပွဲမကျင်းပကြဖို့ ညွှန်ကြားတာကိုလည်း အထူးတလည် လိုက်နာတာကို တွေ့ရပါတယ်။
    အားလုံးပေါင်းလိုက်ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လူထုအောင်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲ ဖြစ်ကြောင်းပါ။
↧
ခိုင်မာကျော်ဇော - ရှမ်းပြည်ဟာ ငါတို့ ရဲ့ ပါရီ
$
0
0
ခိုင်မာကျော်ဇော - ရှမ်းပြည်ဟာ ငါတို့ ရဲ့ ပါရီ
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅
ရှမ်းပြည်ဟာ
မြန်မာပြည်ရဲ့ …. ပါရီပါပဲ
ငါတို့ ရင်တွေ ကြေကွဲရတယ်။
ပါရီဟာ
ကမ္ဘာ့ကြီးရဲ့  အနုပညာအသဲနှလုံးတဲ့
အနုပညာကို ရင်ခုန်သူမို့ 
မငြင်းဘူး ယုံတယ်။
ရှမ်းပြည်ဆိုတာ
ပအို့ ဝ်၊ ပလောင်၊ ရှမ်းညီနောင်နဲ့ 
ကချင်၊ ၀၊ လားဟူ
တောင်ရိုး၊ ဓနု၊ အင်းသားစုရာ
ပြည်ထောင်စုရဲ့ နှလုံးသည်းပွတ်တည်ရာ
ဖက်ဒရယ်ပြည်ထောင်စုကို ရင်ခုန်ရင်တော့
ပင်လုံကို မမေ့ကြနဲ့ ။
မမေ့ကြနဲ့ 
ငါတို့ ရဲ့  ပါရီကို
ဗုံးမိုးတွေ ရွာလို့ နေပြီ။
မမေ့ကြနဲ့ 
ဗုံးခိုကျင်းထဲက
အစာ ပေးပါ
ရေ ပေးပါလို့ 
ကလေးတွေရဲ့  ငိုကြွေးသံဟာ
ပြည်ထောင်စုရဲ့ ရှိုက်သံပါ။
မမေ့ကြနဲ့ 
စစ်ရှောင်စခန်းဆိုတာ
ဒုက္ခတွေကို ထမ်းပိုးထားရတဲ့နေရာ
ဟောနန်းကြီးတွေလို မသာယာဘူး။
မမေ့ကြနဲ့ 
သားပျောက်တဲ့ မိခင်
ဇနီးဆုံးတဲ့ ယောက်ျား
ခြေ လက် မျက်လုံး
ဆုံးရှုံးသူတွေရဲ့ နှလုံးသားမှာ
အနာတရတွေ ကိုယ်စီနဲ့ ပါ။
အမုန်းစကားတွေ မပြောကြနဲ့ တဲ့
စစ်ပွဲတွေဖြစ်နေကြတာလေ
ပန်းပွင့်တွေ ကြဲနေကြတာမဟုတ်ဘူး
စစ်ပွဲတွေကို ငါတို့ မုန်းတယ်
စစ်သားတွေကို ငါတို့ မုန်းတယ်
မတရားမှုကို ငါတို့ မုန်းတယ်
ခွဲခြားမှုတွေကို ငါတို့  မုန်းတယ်
မေ့လျော့မှုတွေကိုလည်း ငါတို့ မုန်းတယ်။
မုန်းသင့်လို့ မုန်းတယ်
ကျည်ဆံစစ်စစ်တွေနဲ့ 
မြင်မြင်သမျှပစ်နေတဲ့
စစ်ဘုရင်တွေကို
ဘုရားသခင်အထင်နဲ့ 
အာမင်ဆိုပြီး နေရမှာလား။
မမေ့ကြနဲ့ 
ရှမ်းပြည်ဟာ ငါတို့ ရဲ့  ပါရီ
ရှမ်းပြည်ဟာ ငါတို့ ရဲ့  နှလုံးသည်းပွတ်
ရှမ်းပြည်ဟာ ငါတို့ ရဲ့ ရင်ခုန်သံ
ရှမ်းပြည်ဟာ ငါတို့ ရဲ့  မနက်ဖြန်လည်းဖြစ်တယ်။
ခိုင်မာကျော်ဇော
(နိုဝင်ဘာ ၁၇၊ ၂၀၁၅)
↧
↧
သွန်းခ - တန်ဆောင်မုန်းလပြည့်ည မြန်မာ့ရိုးရာလက်ဝှေ့ပွဲ စာနယ်ဇင်းရှင်းလင်း
$
0
0
သွန်းခ - တန်ဆောင်မုန်းလပြည့်ည မြန်မာ့ရိုးရာလက်ဝှေ့ပွဲ စာနယ်ဇင်းရှင်းလင်း
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅
ပုဂံဒေသတွင် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲနှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်စေရေး စာနယ်ဇင်းရှင်းလင်းပွဲကို နိုဝင်ဘာ ၁၆ ညနေ၆နာရီတွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်း၊ စင်ထ ရယ်ဟိုတယ်မှာ ကျင်းပလုပ်ခဲ့သည်။
လာမည့် တန်ဆောင်မုန်းလပြည့်နေ့၌ ပုဂံမြို့ရွှေစည်းခုံဘုရားပွဲ၊ လူအစည်ကားဆုံးအချိန်မှာ ကျင်းပရန် စီစဉ်ထားကြောင်း၊ သက်ဆိုင်ရာတို့ထံမှ ခွင့်ပြုချက်များလည်း ရယူထားပြီးဖြစ်ကြောင်း သိရသည်။  မြန်မာ့ရိုးရာလက်ဝှေ့ပွဲများကို ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင်သာ အများဆုံး ကျင်းပနိုင်ခဲ့ရာမှ ပုဂံဒေသတွင် အခက်အခဲများကြားက စီစဉ်ခဲ့ကြောင်း၊ ကူညီပံ့ပိုးပေးသည့် ကမ္ဘောဇလေကြောင်းလိုင်းနှင့် မြန်မာမီဒီယာအုပ်စုမှ မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဏအား ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားသည်။
ယခင်ရိုးရာလက်ဝှေ့ပွဲများနှင့်ကွာခြားသည်မှာ မျိုးဆက်သစ်လူငယ် လက်ဝှေ့ပွဲနှင့် စိန်ခေါ်ပွဲကို ရောနှောစီစဉ်ထားသည်ဟု ဆိုသည်။ မျိုးဆက်သစ်လက်ဝှေ့ပွဲ ၃ ချီပွဲ၊ ၄ ချီပွဲများ သာမက ယခုပွဲတွင် ၅ ချီ ပွဲများ ထည့်သွင်းကြောင်း၊ ၃ချီ အထူး သရုပ်ပြပွဲတွင် မြန်မာပြည်ချန်ပီယံဟောင်း ရွှေဝါထွန်း (ရွှေသောင်းရင်း)နှင့် လုံးချော (သတ္တိ) တို့ အထူးသရုပ်ပြမည်ဟု သိရသည်။
ပွဲ တိုက်ရိုက်မကြည့်နိုင်သူများအတွက် စကိုင်းနက်မှ နောက်တစ်နေ့ ထုတ်လွှင့်ပြသသွားမည်ဟု ရှင်းလင်းတင်ပြသွားခဲ့သည်။
↧
ဇင်လင်း - လူထုက NLD ကို ဘာကြောင့် မဲပေးခဲ့တာလဲ ?
$
0
0
ဇင်လင်း - လူထုက NLD ကို ဘာကြောင့် မဲပေးခဲ့တာလဲ ?
(ဒီလှိုင်းဂျာနယ်) မိုးမခ၊ နိုဝင်ဘာ ၁၈၊ ၂၀၁၅
၂၀၁၅ ခုနှစ် နိုဝင်ဘာ (၈) ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ကာလအတွင်း မဲဆန္ဒရှင် ပြည်သူလူထု အနေဖြင့် အပြောင်းအလဲ ဖြစ်ပေါ်ဖို့ ဘယ်ပါတီကို မဲပေးကြမလဲ..ဆိုတာ အသေအချာ စဉ်းစားခဲ့ကြရတယ်။ မြန်မာ လူထုရဲ့ နိုင်ငံရေးရေချိန်ဟာ မနိမ့်ပါ။ အာဆီယံဒေသ အတွင်းမှာ နိုင်ငံရေးစိတ်အားထက်သန်မှု အမြင့်မားဆုံးနိုင်ငံဟာ မြန်မာလို့တောင်ပြောနိုင်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ ၈၀% ကျော် မဲပေးခဲ့ကြတာက သက်သေပါပဲ။ အရေးကြီးတဲ့ အခါတိုင်း လူထုရဲ့ ဆုံးဖြတ်ချက်ဟာ တိတိကျကျ မှန်မှန်ကန်ကန် ရှိစမြဲဖြစ်ပါတယ်။ အချိန်အခါနဲ့ လျော်ညီ စွာ အပြောင်းအလဲကို ဖန်တီးဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးချယ်ပြလိုက်ပါ တယ်။
 လက်ရှိသတင်းတွေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၈၀ သာသာ အနိုင်ရရှိမယ့် အနေအထားရှိပါတယ်။ မြန်မာပြည် အပြောင်းအလဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်မယ့် အစိုးရက လက်ရှိ အာဏာရပါတီ ထက် ပိုမိုလုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ပြည်သူက ယုံကြည်ကြောင်း ရွေးကောက်ပွဲ ဖြစ်စဉ်က သက်သေပြနေပါတယ်။
ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာ(၆) ရက်နေ့ ရေဒီယိုမိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က အစိုးရနဲ့ တပ်မတော်အနေဖြင့် တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲများ၏ ရလဒ်ကို လေးစားလိုက်နာ သွားမည်ဖြစ်ကြောင်း ပြည်သူလူထုကို ကတိပြုခဲ့ပါတယ်။တနည်းအားဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီကျင့်ဝတ်ကို လိုက်နာကျင့်သုံးမယ်လို့ ကတိပေးတာဖြစ်ပါတယ်။ ဒီ သဘော အယူအဆကိုတော့ ပြည်သူလူထုက ကြိုဆိုမှာပါပဲ။
ဆယ်စုနှစ်တွေနဲ့ချီပြီး ပြည်သူလူထုအသက်သွေးချွေးတွေနဲ့ရင်းနှီး တိုက်ပွဲဝင်ခဲ့ရတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံ ရဲ့ အရုဏ်ဦးကို နိုဝင်ဘာ(၈)ရက်နေ့က စတင်မြင်ကြရပြီလို့ ဆိုနိုင်ပါတယ်။ယုံကြည်လက်ခံနိုင်လောက်တဲ့  သတင်း ကောင်းတွေကို အဆက်မပြတ် ကြားနေရပါတယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရွေးကောက်ပွဲနေ့မှာ မြန်မာလူထုရဲ့ ပူးပေါင်း ပါဝင်မှုနဲ့၊ သူုတို့ရဲ့ နိုင်ငံသားအခွင့်အရေးအတွက် တက်တက်ကြွကြွ ပါဝင်မှုတွေဟာ အထူး ချီးကျူးစရာ ဖြစ်တယ်လို့ ကာတာစင်တာက လေ့လာရေးအဖွဲ့ကို ဦးဆောင်သူ Jimmy Carter က မှတ်ချက်ပြုကြောင်း မီဒီယာကတဆင့် သိရပါတယ်။ နိုဝင်ဘာ(၈) ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွေဟာ ပြည်သူအများမျှော်လင့်ထားတာ ထက် ပိုမိုကောင်းမွန်တဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်ကြောင်း၊ မဲပေးမှု နဲ့ မဲရေတွက်မှုကို စောင့်ကြည့်လေ့လာခဲ့တဲ့ ဥရောပ သမဂ္ဂ(EU) Election Observer Team တာဝန်ခံက ချီးကျူးစကား ဆိုလိုက်ပါပြီ။ မဲရေတွက်ခြင်းမှုလည်း ပွင့်လင်း မြင်သာမှုရှိတယ်လို့ နိုဝင်ဘာ(၁၀)ရက် ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ခေါင်းဆောင် အလက်ဇန္ဒာ ဂရဖ် လမ်းစ်ဒေါဖ် (Alexander Graf Lambsdorff) က နိုင်ငံတကာမီဒီယာတွေကို ပြောကြား ခဲ့ပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ရွေးကောက်ပွဲရလဒ် ဖြစ်ထွန်းလာရေးအတွက် ကျန်ရှိ နေသေးတဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး အဆင့်ဆင့်ကို ဆက်လက်အကောင်အထည်ဖေါ်ဖို့ လိုနေသေးတယ်လို့ Lambsdorff က သတင်းထောက် တွေကို ပြောပါတယ်။သူ့အဖွဲ့ဝင် ၁၅၀ ဟာ မဲရုံ ၅၀၀ ကျော်ကို စောင့်ကြည့်ခဲ့ရာ မှာ ၉၅ ရာခိုင်နှုန်း ကောင်းတယ် လို့ဆို ပါတယ်။ "ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ တည်ငြိမ်အေးချမ်းမှုရှိတဲ့အတွက် အများမျှော်လင့်ထားတာထက် ပိုပြီးကောင်းမွန် ပါတယ်"လို့ Lambsdorff  ကပြောပါတယ်။
ဒါထက်ပိုမို ကောင်းမွန်တဲ့ သတင်းတစ်ခုကတော့ ဒီမိုကရေစီကျင့်စဉ်(Democratic Practice)ကို ပထမဆုံး စတင်ကျင့်သုံး ပြသလိုက်တဲ့ ဖြစ်ရပ်ပါ။ နိုဝင်ဘာလ ၉ရက်နေ့က မြန်မာနိုင်ငံ၏ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ သူရဦးရွှေမန်းက ရွေးကောက်ပွဲ မဲရလဒ်အရ သူ ရှုံးနိမ့်ခဲ့ပြီဖြစ်ကြောင်း၊ NLD အမတ်လောင်း ဦးသန်းညွန့်အတွက် ၀မ်းသာဂုဏ်ယူကြောင်း၊ ဖုန်းဆက်ချီးကျူးစကား ပြောကြားပြီး ဖွင့်ဟ ၀န်ခံလိုက်တဲ့ ကိစ္စပါပဲ။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှ ယှဉ်ပြိုင်အရွေးခံတဲ့ ဦးရွှေမန်းက သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘုတ် (Facebook) ပေါ်က တဆင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြိုင်ဘက်ကို ချီးကျူးဂုဏ်ပြုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့မှုဟာ လည်း အလွန် ဂုဏ်သိက္ခာရှိတဲ့ ဆောင်ရွက်ချက်ပါပဲ။ ဒါဟာ ဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံသူတို့ရဲ့ ဂုဏ်သက္ခာရှိတဲ့ အပြုအမူဖြစ်ပါတယ်။
ဒီအပြင် နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲမှာ အာဏာရပြည်ခိုင်ဖြိုးပါတီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုက်အခံပါတီ NLD ကို ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို လက်ခံသွားမှာဖြစ်တယ်လို့ USDP ပါတီပူးတွဲဥက္ကဌဖြစ်သူ ဦးဌေးဦးက ၀န်ခံလိုက်တာဟာ လည်း မင်္ဂလာတစ်ပါးပါပဲ။ "ကျွန်တော်တို့ ရှုံးပါတယ်။"လို့ ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဌေးဦးက ရိုက်တာ သတင်းဌာန (Reuters News) နဲ့ အင်တာဗျူးမှာ ၀န်ခံခဲ့ကြောင်း မစ္ဖျိမသတင်းက ထပ်ဆင့် ဖေါ်ပြခဲ့ပါတယ်။
နောက်ထပ် သတင်းကောင်းတစ်ခုလည်း ရှိပါသေးတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရှိခဲ့မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ပြီး ဂုဏ်ပြု စကားပြောကြားဖို့ဆန္ဒရှိနေကြောင်း  ဒီမိုကရေစီ တူဒေး သတင်းစာ သို့ ပြောခဲ့တယ်လို့ ကြားရပါတယ်။ အလွန် မင်္ဂလာရှိတဲ့ ဒီမိုကရေစီ ရှေ့ပြေးနိမိတ်ပါပဲ။
နိုဝင်ဘာလ(၉)ရက်နေ့ အမေရိကန်သမ္မတအိမ်ဖြူတော် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာနိုင်ငံရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာပြည်သူလူထုကို အမေရိကန်ပြည်ထောင်စုက ချီးကျူးဂုဏ်ပြုကြောင်း၊ ရွေးကောက်ပွဲ အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ဖို့ လက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းအားလုံး ကိုလည်း ချီးကျူးကြောင်း၊ အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်ရုံးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Josh Earnest က ပြောကြားခဲ့တဲ့ သတင်းကို လွတ်လပ်တဲ့ အာရှအသံကတဆင့် သိရပါတယ်။ လုပ်နည်းလုပ်ဟန် နည်းစနစ်ပိုင်းမှာ အားနည်းချက်တွေ ရှိတာ မှန်ပေမယ့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းပြလိုက်တာပဲလို့ Josh Earnest က ဆိုပါတယ်။
အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မှု ရှိသော် လည်း မျှတမှု မရှိကြောင်း၊ နေရာတချို့မှာ ခြိမ်းခြောက်မှုတွေ ရှိခဲ့ကြောင်း  ဘီဘီစီ သတင်းဌာန နဲ့ အင်တာဗျူးမှာ  ပြောဆိုခဲ့တာလည်း ကြားရပါတယ်။
ဘယ်လိုပင်ဖြစ်စေ ၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံအတွက် လူထု တောင်းဆိုမှုကြောင့် အပြောင်းအလဲတံခါးတစ်ချပ်ကို စတင်ဖွင့်ပေးခဲ့ရတယ်။ နောက်တဆင့် တံခါးအားလုံးဖွင့်နိုင်ဖို့ ၁၉၉၀ ခု ရွေးကောက်ပွဲတုံးက NLDပါတီ ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးခေါင်းဆောင်မှု (သို့မဟုတ်) လုပ်ပိုင်ခွင့် (Mandate) ကို လူထုက စွန့်စွန့်စားစား ပုံအောပေးလိုက်ပြန်ပါပြီ။ ပြောင်းလဲချိန်ကျပြီဖြစ်တဲ့အတိုင်း အပြောင်းအလဲအတွက် ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ နိုင်ငံကိုဦးဆောင်နိုင်စွမ်းရှိမယ့် NLD ပါတီကို ပြည်သူလူထုက Mandate ပေးလိုက်ခြင်းဖြစ်ပါတယ်။
 ပြည်သူလူထုက ဘာကြောင့် NLD ပါတီကို ယခု ၂၀၁၅ ရွေးကောက်ပွဲမှာ နောက်တစ်ကြိမ် အခွင့်အရေးပေးခဲ့ သလဲ…..ဆိုတဲ့ ကိစ္စ သုံးသပ်ရရင် လက်ရှိ အစိုးရလက်ထက် ပေါ်ပေါက်ခဲ့တဲ့ အရေးကြီး ပြဿနာ များကို ဖြေရှင်းပေးစေချင်လို့ ဖြစ်ပါတယ်။  ပြဿနာများစွာ အနက် အချို့ကို ပြောရရင်
(၁) တိုင်းရင်းသား တွေ တောင်းဆိုနေတဲ့ တန်းတူရေး တရားမျှတရေး ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာ။
(၂) အဓမ္မ မြေယာသိမ်းဆည်းမှု ကြောင့် တောင်သူလယ်သမား အများအပြား အတိ ဒုက္ခရောက်ခဲ့ရတဲ့ ပြဿနာ။
(၃) ပြည်သူကို ချပြတိုင်ပင်မှုမရှိဘဲ သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းစေတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေရဲ့ ပြဿနာ။
(၄) ပြည်သူအများ အကျိုးခံစားမှုအတွက် မြင်သာ ထင်သာမရှိတဲ့ သယံဇာတတွေ ရောင်းချမှု ပြဿနာ။
(၅) အစိုးရ၀န်ကြီးဌာနအသီးသီးရဲ့ ခြစားမှုတွေကို သမ္မတက အရေးယူဖို့ပျက်ကွက်တဲ့ ပြဿနာ။
(၆)  အလုပ် လက်မဲ့ ပြဿနာ နဲ့ လုပ်ခလစာ နိမ့်ကျလွန်းတဲ့ ပြဿနာ။
(၇) တရား ဥပဒေ စိုးမိုးမှု ယိုယွင်းပျက်စီးနေတဲ့ ပြဿနာ။
(၈) ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသားလူငယ်များကို အင်အားအလွန်အကျွံသုံး ဖမ်းဆီးထားတဲ့ ပြဿနာ။ ….အစရှိ သဖြင့် တွေ့ရပါတယ်။
အခြားပြဿနာတွေ အများအပြားရှိသေးပေမယ့် အခု ပြောခဲ့တာတွေ ကတော့ ထင်ရှားတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ခြုံငုံပြောရရင် ဦးသိန်းစိန်အစိုးရ ယခု ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းဟာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို ထိထိရောက်ရောက် မလုပ်နိုင်ရုံမက၊ တရားဥပဒေစိုးမိုးရေးအတွက်လည်း လူထုထောက်ခံမှု ရလောက်အောင် မည်မည်ရရ လုပ်မပြနိုင်ခဲ့လို့ပါပဲ။
အဲဒီ ဦးသိန်းစိန်အစိုးရ မလုပ်ဆောင်နိုင်ခဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့  ပြဿနာတွေကို ဖြေရှင်းပေးဖို့ ပြည်သူလူထုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံယုံကြည်ကြည် Mandate အပ်နှင်းလိုက်ခြင်းဖြစ်တယ်။ တိုင်းရင်းသား ဒေသဖြစ်တဲ့ ပြည်နယ်အသီးကပါ NLD ကို ဆန္ဒမဲ ပုံအောပေးလိုက်တာကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရကို ပြည်သူလူထုက အယုံအကြည်မရှိတော့ကြောင်း ပြသလိုက်ခြင်းဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်အားကိုး ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း - “ကျမတို့အနေနဲ့ ရွေးကောက်ပွဲမှာ တစ်ရာ ရာခိုင်နှုန်း နိုင်ခဲ့ရင်တောင် နိုင်ငံအတွက် အစဉ်အလာကောင်းတရပ်ကို ချမှတ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အစိုးရတရပ် ဖွဲ့စည်းလိုပါတယ်။ နိုင်တဲ့သူက အကုန်ယူပြီး ရှုံးတဲ့သူက အကုန်ရှုံးတာမျိုး မဖြစ်သင့်ပါဘူး” လို့ ရွေးကောက်ပွဲအကြို ရန်ကုန်မှာ ကျင်းပတဲ့ NLD ရဲ့ နောက်ဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောစကားက မင်္ဂလာတရားနဲ့ ပြည်စုံပါတယ်။ ဒါကြောင့် ယခုရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရှေ့တစ်လှမ်း တိုးနိုင်ဖို့ ပြည်သူလူထုက သူတို့ဆန္ဒမဲများနဲ့ NLD ကို ပုံအောတာဝန်ပေးလိုက်ခြင်းဖြစ်တယ်လို့ မြင်မိကြောင်းပါ။။။။။
16 November, 2015 (Monday) ဒီလှိုင်းစာစောင် အတွဲ (၄) အမှတ် (၄၅) မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။
↧
နေလင်းညီ - NLD က မဲနိုင်တမ်း ကစားတတ်ရုံပဲလား
$
0
0
နေလင်းညီ - NLD က မဲနိုင်တမ်း ကစားတတ်ရုံပဲလား
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅
၈ နိုဝင်ဘာ ၂၀၁၅ ရွေးကောက်ပွဲကြီးတွင် NLD က အကြီးအကျယ် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။ ထိုရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ဝေဖန်သုံးသပ် ဆွေးနွေးမှုများမှာ၊ စိတ်ဝင်စားဖွယ်ကောင်းလှသည်။
    ‘NLDနဲ့ ကြံ့ခိုင်ရေး၊ အဓိက ပြိုင်ဖက် ၂-ခုပေါ့။ ကြံ့ခိုင်ရေးဖက်က မဲဆွယ်ရာမှာ မဲဆွယ်တာနဲ့မတူ၊ မဲခါတာနဲ့တူတာတွေ ဖြစ်ခဲ့တယ်။ ဥပမာ- ၀န်ကြီးတစ်ဦးက ဒီလိုပြောခဲ့ကြောင်း ဂျာနယ်တွေထဲမှာ ပါလာတယ်။ နိုင်ငံသားတစ်ဦးစီမှာ ကြွေး၅-သိန်းတင်နေတာ နိုင်ငံသားများ ဖိနပ်တွေ အ၀တ်အစားတွေ အရမ်းဝယ်ကြလို့ဆိုလား၊ သူပြောချင်တာက မချွေတာပဲ ဖြုန်းတီးကြတဲ့ကိစ္စ ဖြစ်မယ်။ ဒီသဘောမျိုးကို ဗိုလ်ချုပ်အောင်ဆန်းလဲ ပြောခဲ့ဖူးတယ်။ မွဲတေဆင်းရဲမှုမှာ မချွေတာခြင်းက ၁၀-ရာခိုင်နှုန်းပါနိုင်တယ်။ အာဏာရှင်တွေနဲ့ ပြည်ပကုမ္ပဏီတွေ၊ ခရိုနီတွေ ခိုးဝှက်လုယက်ကြတာက အကြောင်းရင်းရဲ့ ၉၀-ရာခိုငှ်ုန်း ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ လူထုရဲ့ မျက်ချေးဖတ်ကျတော့ မြင်တယ်၊ သူတို့ တကိုယ်လုံး မစင်ဖတ်တွေပေနေတာ မမြင်ကြဘူး။ ပိုပြီး အမြင်ကတ်ခံကြရတာပေါ့။ မီဒီယာလွတ်လပ်ခွင့်လဲ အသင့်အတင့် ရလာပြီဆိုတော့ ဒီနေ့ပြောတာကို နောက်နေ့ဆို မီဒီယာမျိုးစုံမှာပါလာရော။ ဟိုလူတွေကလဲ သူတို့ မင်းမူခဲ့ရာ ကာလတလျှောက်မှာ ငါ့စကားနွားရ၊ ပြောချင်ရာ ပြောခဲ့တာဆိုတော့ မျှမျှတတ ချင့်ချင့်ချိန်ချိန်ပြောဖို့ မစဉ်းစားနိုင်ကြဘူး။ အဲဒီတော့ သူတို့ မဲဆွယ်တာ NLDအတွက် ဖြစ်သွားတယ်။ NLDရဲ့ ကျေးဇူးတင်ထိုက်သူစားရင်းမှာ ကြံ့ခိုင်ရေးက (မဲမဆွယ်ပဲ) မဲခါနေသူတွေကိုလဲ ထည့်ရမလို ဖြစ်နေတယ်။’
‘ဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းတလျှောက်မှာလဲ ပြောစမှတ်တွင် လောက်အောင် ဗလွတ်ရွှတ်တပြောခဲ့သူတွေ ပေါ်,ပေါ်လာတယ်။ ‘ဘူးလက်’လွှတ်လိုက်မယ်တို့ …။ ‘ထမင်းတစ်နပ်ပဲစား’တို့ …။ ‘နယ်လှည့်ပါးရိုက်လာတာ’တို့ …။ ‘၃-သိန်း မကျော်ရင် လာဘ်စားမှု မမြောက်ဘူး …’တို့။ အဲဒါတွေဟာလဲ မဲဆွယ်ရာ မရောက်၊ မဲခါရာ ရောက်သွားတယ်လေ’
‘၂-ခါ ပါးနမ်းသွားတာ’ ဆိုတာလဲ ပါတယ်။ NLDကို လိုလားသူတွေက လင်မယားလို နမ်းတာမဟုတ်၊ မိတ်ဆွေလိုနှုတ်ဆက်တာ၊ ကမ္ဘာ့ထုံးစံပါလို့ မီဒီယာတွေမှာ ပြန်ရှင်းပြတော့ ပြောသူ အရှက်ကွဲတာပေါ့။
    သက်တော် ၈၀ ၀ါတော် ၆၀ ရှိ ဆရာတော်ကြီး တစ်ပါးကမူ အောက်ပါအတိုင်း မိန့်တော်မူပါသည်။
‘စကား ၆-ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်တဲ့။ ဗုဒ္ဓတရားတော်ထဲမှာ ပါတယ်။ မင်္ဂလသုတ်မှာလဲ သုဘာသိတာစယာဝါစ ဆိုပြီးပါတယ်။ စကားတစ်ခွန်းကြောင့် မြောင်းထဲရောက် သွားနိုင်သလို၊ စကားတစ်ခွန်းကြောင့်လဲ စင်ပေါ်ရောက်သွားတာ တွေ့နေရတယ်။ ၈၈-အရေးအခင်းကာလတုန်းက ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး ရဲ့ ဝေစာတွေကြောင့် လူထုက တော်တော်အားကိုးခဲ့ကြတာ။ ဒါပေမဲ့ လူထုဟောပြောပွဲတစ်ခုမှာ လူထုအနေနဲ့က စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့ဆိုပြီးလဲ ပြောလိုက်ရော၊ ‘ဟာ’ ဆိုပြီး အားလုံးနီးပါးက စိတ်ပျက်သွားရော။ စစ်တပ် လုံထိန်းက ပစ်လို့ သေသွားကြတာ မကြာသေးဘူး။ အကျဉ်းထောင်ပို့တဲ့ ကားထဲမှာ မွန်းကြပ်ပြီးသေတဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ကိစ္စ မကြာသေးဘူး။ အဲဒီအချိန်မှာ တပ်ကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့ဆိုတော့ လူထုက သူ့ကို ချဉ်သွားရော။ နောက်ဟောပြောပွဲတစ်ခုမှာ ဦးအောင်ကြီးက ပြန်ပြောပါသေးတယ်။ စစ်တပ်ကလဲ လူထုကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့တဲ့။ ဒါပေမဲ့ ဘယ်သူကမှ စိတ်မပါတော့ဘူး။ စကားတစ်ခွန်ဟာ သိပ်အရးကြီးတယ်နော်။ လူထုကလဲ စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့၊ စစ်တပ်ကလဲ လူထုကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့ဆိုပြီး တဆက်ထဲပြောခဲ့ရင် အလွန်ထိရောက်ခဲ့မှာ …။’
‘အခုလဲ ဒေါ်စုက စကားတစ်ခွန်းကြောင့် စင်ပေါ်ရောက်သွားတာ။ ပြောင်းလဲနိုင်ဖို့ NLDကိုသာ မဲပေးကြပါဆိုတဲ့ သဘောမျိုးပြောသွားတာ။ ဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲခဲ့တာလဲ အမှန်တော့ မနည်းပါဘူး။ အကြီးမားဆုံးလို့ ဘုန်းကြီးထင်တာကတော့ မီဒီယာလွတ်လပ်ခွင့် ကို အသင့်အတင့်ပေးခဲ့တာ။ ဦးသန်းရွှေခေတ်နဲ့ ယှဉ်ကြည့်ရင် ဘယ်လောက်ကွာသလဲဆိုတာ တွေ့ရမယ်။ ဒါပေမဲ့ အချို့က ကြီးမားလွန်းတော့ မမြင်ကြဘူး။ ထူးဆန်းပြန်တာက ဧည့်စားရင်းဥပဒေကို ဖျက်သိမ်းဆို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အထောက်အထား ခိုင်ခိုင်လုံလုံ၊ အကြောင်းအကျိုး ပြည့်ပြည့်စုံစုံနဲ့ တင်ပြခဲ့ပေမဲ့ ပြည်ထဲရေးဝန်ကြီးက လုံခြုံရေးအကြောင်းပြပြီး ပယ်ချခဲ့သတဲ့။ မလေးရှား၊ စင်္ကာပူရောက်မြန်မာအလုပ်သမားတွေတောင် နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် Work Permit လိုဟာမျိုးရှိရုံနဲ့ ဘယ်မှာ အိပ်အိပ်ရနေတယ်။ ကမ္ဘာမှာ ဧည့်စာရင်းတိုင်ရတဲ့ နိုင်ငံလဲ ဘယ်နှနှိင်ငံရှိတော့လို့တုံး။ လုံခြုံရေးအကြောင်းပြရအောင် သူတို့ စစ်ဆေးချင်ရင် ဧည့်စာရင်းစစ်မှ မဟုတ်ဘူး။ အချိန်မရွေး၊ နေရာမရွေး စစ်ဆေးနေကြတာပဲ မဟုတ်လား။ ပြောချင်တာက မီဒီယာလွတ်လပ်ခွင့်တောင်ပေးပြီး၊ လွတ်လပ်စွာ တည်းခိုနေထိုင်ခွင့်တောင် မပေးဘူးဖြစ်နေတာ။ လူထုအများစုနဲ့ တိုက်ရိုက်ဆိုင်တဲ့ကိစ္စကို မပြင်ကြဘူး၊ ဟိုတုန်းကလို ခဏခဏ ဧည့်စာရင်းစစ်တာမျိုး မရှိတော့ပေမဲ့၊ ဧည့်စာရင်းတိုင်ရမယ်ဆိုတဲ့ ဥပဒေက ရှိနေသေးတော့ ဘာအပြစ်မှ မရှိတဲ့ နိုင်ငံသားစစ်စစ်တွေဟာ ဧည့်စာရင်းမတိုင်မိရင် အလိုလိုကြောက်နေကြရတာ။ နောက်ကြောမလုံဘူး။ ဒါ့အပြင် လယ်သိမ်းယာသိမ်းကိစ္စ၊ ကုန်ဈေးနှုန်းတက်တဲ့ကိစ္စ၊ ကျောင်းသားတွေ အဖမ်းခံရတဲ့ ကိစ္စ၊ ယဉ်ကြောပိတ်ဆို့တဲ့ကိစ္စ၊ တရားဥပဒေ မစိုးမိုးတဲ့ ကိစ္စ၊ ဒါတွေရှိနေတယ်။’
‘ဘုန်းကြီးကတော့ စင်္ကာပူခေါင်းဆောင် လီကွမ်ယူရဲ့ အယူအဆကို သဘောကျတယ်။ ကျောင်းသားတွေ ပညာသင်ကြားရေးကိုပဲ အဓိက ဆောင်ရွက်သင့်တယ်ု။ ပညာတတ်တွေများမှ တိုင်းပြည်ဖွံ့ဖြိုးမယ်။ ပညာသင်ရမဲ့ အချိန်မှာ နိုင်ငံရေးဝင်လုပ်ကြတော့ ပညာရေးတွေ ကမောက်ကမဖြစ်ကုန်ရော။ စစ်အစိုးရကလဲ နိုင်ငံရေးလုပ်တဲ့ကျောင်းသားတွေကို အပြစ်ဖို့ပြီး ခဏခဏကျောင်းပိတ်တယ်၊ ကူးချခွင့်ပြုပြီး ဖောဖောသီသီ ဘွဲ့ပေးတယ်၊ ကျောင်းတွေကို ကျောင်းအင်္ဂါရပ်နဲ့ မညီတဲ့ လယ်ကွင်းထဲ၊ ရွှံ့ဗွက်ထဲ အဝေးကို ပို့ပစ်တယ်။ ကျောင်းသားတွေက ပညာရေး ဧရိယာကို နိုင်ငံရေးကစားကွင်း လုပ်ပစ်ခဲ့တာတွေဟာလဲ မမှန်ဘူး။ စစ်အစိုးရက နိုင်ငံရေးကြောက်လို့ ပညာရေးကို သတ်တာလဲမှားတယ်။ လက်ခုတ် ၂-ဖက်တီးလို့ အသံမြည်တာပေါ့။ ပြောချင်တာက ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်သလောက်လုပ်ခဲ့ပေမဲ့ ပြည်သူလူထုနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကိစ္စတွေ မပြုပြင်နိုင်တော့ အဲဒါဟာ ဒေါ်စုအတွက် အကြောင်းပြချက် ကောင်းသွားတယ်။ ဘာတဲ့ ဆောင်ပုဒ်က။ ပြောင်းလဲချိန်တန်ပြီ - ဟုတ်လား။ အဲ့ဒါကို လူတွေက ခိုက်သွားတာ ကြိုက်သွားတာ။
ပြောင်းလဲဖို့ဆိုတာလဲ အစိုးရဖွဲ့ နိုင်လောက်အောင် အပြတ်အသတ်မဲပေးကြမှ ဖြစ်မယ်လို့ ဆက်စပ်ပြလိုက်တယ်။ ဒါပေမဲ့ ၂၀၀၈ ခြေ ဥရဲ့အတားအဆီးကြောင့် ဒေါ်စုလဲ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အကန့်အသတ်ရှိပါတယ်။ မဲဆွယ်တုန်းက အပြောကောင်းခဲ့သလောက် အလုပ်ကောင်းဖို့ရာ မလွယ်ပါဘူး။ ဒါပေမဲ့ ပြောင်းလဲဖို့ လိုလားတဲ့ လူထုအဖို့တော့ စကားတစ်ခွန်းနဲ့ စင်ပေါ်ရောက်သွားတာပေါ့။’
နိုင်ငံရေးလေ့လာသုံးသပ်သူ ၈၈-ကျောင်းသားဟောင်းတစ်သီးက ပြည်နယ်များ၌ပင် တိုင်းရင်းသားပါတီများ ဘာ့ကြောင့်ထင်သလောက် မဲ မရကြသလဲဆိုသော ကိစ္စကို ပြောဆို ဆွေးနွေးပါသည်။
‘ဗမာတိုင်းရင်းသား အများစုနေထိုင်ကြတဲ့ တိုင်းဒေသကြီးတွေမှာတော့ NLD ကပဲ အများဆုံးနိုင်မယ်လို့ ကျနော်တို့ ခန့်မှန်းကြပါတယ်။ ပြည်နယ်တွေမှာတော့ အခြားတိုင်းရင်းသားလူမျိုးစုပါတီတွေက အဓိကနိုင်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားပါတီငယ်တွေ တော်တော်များနေသလိုဖြစ်တော့ မဲပြန့်သွားတာလဲ ပါပါလိမ့်မယ်၊ ဥပမာ - ချင်းပြည်နယ်မှာ မြို့နယ် ၉-မြို့နယ်ပဲ ရှိပေမဲ့ ချင်းပါတီက ၆-ခု မကဘူး။ လူထုက ဘယ်သူ့ကို မဲပေးရမလဲလို့ေ၀၀ါးကုန်တယ်။ အဲဒီအခြေအနေမှာ ဒေါ်စုက မိုင်ပေါင်း ၆၀၀၀-ကျော်ခရီးနှင်ပြီး တိုင်းရင်းသားတွေရဲ့တန်းတူရေးကိစ္စ NLD ကပဲ ဆောင်ရွက်နိုင်မဲ့ သဘောမျိုး၊ ပြောင်းလဲရေးကို လုပ်နိုင်ဖို့ မဲအပြတ်အသတ်နိုင်မှ ဖြစ်မယ်ဆိုတဲ့ အကြောင်း ပြောလိုက်တော့ တိုင်းရင်းသားတွေက ဒေါ်စုဖက်ကို စိတ်လည်သွားတယ်။ ပြီးခဲ့တဲ့ သက်တမ်း၅-နှစ်မှာ လူမျိုးစုပါတီတွေ မဲ အတန်အသင့်ရခဲ့ကြပေမဲ့ စစ်တစ်ပိုင်းအရပ်သားအစိုးရကို ဘာမျှ ထိထိရောက်ရောက် မရင်ဆိုင်နိုင်ခဲ့ကြတာ ဒေသခံတွေအသိပဲ။ ဒေါ်စုက အာဏာရဖို့ ကံ ပါ မပါတော့ မသေချာဘူး။ မဲ ရဖို့ ကံ ကတော့ သေချာတယ်လို့ ပြောရမလိုဖြစ်နေတယ်။’
စာရေးဆရာတစ်ဦးက ဤသို့ သုံးသပ်ပါသည်။
‘ဦးနု၊ ဦးနေ၀င်း၊ ဦးသန်းရွှေ … သူတို့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလုပ်ခဲ့ကြတယ်။ ခုလဲ ဒေါ်စုကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုသဘောမျိုးနဲ့ မဲတွေစုပြုံထည်.ကြလို့ အပြတ်အသတ် နိုင်သွားတာလို့ ထင်ပါတယ်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဟာ အန္တရာယ်ရှိပါတယ်။ မရင့်ကျက်တဲ့ သက်သေသာဓကလဲ ဖြစ်နေတယ်။ ၉၀-ပြည့် ရွေးကောက်ပွဲတုန်းက ဦးနုတို့၊ ၀ိဓူရသခင်ချစ်မောင်တို့ အရွေးမခံ ကြရတာ တိုင်းပြည်အတွက် နစ်နာတယ်။ ခု ၂၀၁၅-မှာ ဦးရွှေမန်းတို့၊ ဦးသိန်းညွန့်တို့၊ ဒေါက်တာ ညိုညိုသင်းတို့ ပြန်အရွေးမခံရတာလဲ တိုင်းပြည်အတွက် နစ်နာတယ်။ အစဉ်အလာရှိတဲ့ အတွေ့အကြုံရှိတဲ့ စိတ်ကောင်းရှိတဲ့သူတွေ ပါဝင်ဖို့လိုတယ်။ လက်ညှိုးထောင်ခေါင်းညိတ်မဲ့ အမတ်တွေကို ခိုင်းစေညွှန်ကြားတာက ဒ်ီမိုကရေစီရဲ့ အနှစ်သာရ မဟုတ်ဘူး။ ကြေကြေလည်လည် နှံ့နှံ့စပ်စပ် ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ခြင်းကသာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ လူကို မကြည့်ပါနဲ့၊ ပါတီကိုပဲကြည့်ပါဆိုတာလဲ သဘာဝ မကျပါဘူး။ ဒေါ်စု ဒီနေ့သေရင် နက်ဖြန် NLD ပျက်မယ်လို့ အချို့သူတွေက ဘာ့ကြောင့် ဝေဖန်ခဲ့ကြသလဲ။ အဲဒါလေးစဉ်းစားဖို့ လိုပါတယ်။’
“ဒါပေမဲ့ ဒေါ်စုက အားလုံးပါဝင်ရေးကို ဆောင်ရွက်နိုင်ရင်တော့ သာဓုခေါ်စရာ ဖြစ်ပါလိမ့်မယ်။ ပါတီတွင်း ပြိုင်ဆိုင်မှုမှာ နိုင်သွားတဲ့ အိုဘားမားက ရှုံးသွားသူ ဟီသာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီး ခန့်ပြီးတွဲလုပ်သွားတာမျိုးလေ။ ဒေါ်စုက ဒေါ်ညိုညိုသင်းကို ထိုက်ထိုက်တန်တန်ရာထူးတစ်ခုခု မပေးနိုင်ဘူးလားလို့ မေးချင်ပါတယ်။
၉၀-ပြည့်ရွေးကောက်ပွဲမှာ တစ်ခါ၊ ၂၀၁၂-ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ခါ NLDကို နိုင်ငံရေးတာဝန်အပ်နှင်းခဲ့ကြပါတယ်။ တာဝန်ကြေနိုင်ခဲ့သလားဆိုတာ စဉ်းစားသင့်ပါတယ်။ ခု ၂၀၁၅ မှာလဲ ထပ်ပြီး တာဝန်အပ်နှင်းခဲ့ပြန်ပါပြီ။ မဲနိုင်တမ်းကစားတတ်ရုံပဲဆိုတာမျိုးဆိုရင်တော့ မဟုတ်သေးဘူးပေါ့ဗျာ။’
↧
Viewing all 9633 articles
Browse latest View live