လင်းရီဝေ - ဆင်ဆာမဲ့ ဓာတ်ပြား
(မိုးမခ) အောင်တိုဘာ ၃၊ ၂၀၁၅
နူတ်ဆက်လိုက်တယ်
ပြတင်းပေါက်က ခုန်ဆင်းထွက်လာတဲ့ ည ၁၂ နာရီထဲမှာ
နားကွင်းတစ်ဖက်နဲ့ ညီလေးရယ်
ညီမလေး အသေးရယ်
ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်တဲ့ ဦးထုပ်တစ်လုံးရယ်
တေလေတစ်ယောက်ရဲ့ မတေချင်မလေချင်တဲ့ စိတ်ဟာ တေမိ လေမိ
ကြာပါပြီ
အိမ်ထဲမှာ မိုးယိုနေတာ
အပြင်မှာ အရမ်းအေးတယ်
ကျွန်တော် ကုန်းတံတားကြီးပေါ် ဖြတ်မလျှောက်ချင်ဘူး မေမေ
ငယ်ငယ်ကလို
ပြားငါးဆယ်တန် အကြော်တစ်ချပ်ကို ဗိုက်ဝအောင်စားချင်တယ်
မေမေ့ချွေးခံအိတ်ကလေးအကြောင်းသိလို့
ငါးပြားတန် အုန်းကပ်စေးကြီးတော့ မပူဆာတော့ပါဘူး
နောက်ဆိုလည်း
အကြွေစေ့လေးတွေ ဖွေးသွားအောင် မြေကြီးပေါ်ချ
ဖနောင့်နဲ့ ဘယ်တော့မှ နင်းမလှည့်တော့ပါဘူး
ဒါနဲ့
ညီမလေး အသေးရော အရင်လိုချုချာတုန်းလား
ညီလေးကရော နားကွင်းတစ်ဖက်နဲ့
အိမ်ပြန်နောက်ကျနေတတ်တုန်းလား
မေမေ့အိမ်ခြံဝန်းလေးကရော
အရင်လိုပဲ အမှောင်ထဲ တိတ်ဆိတ်နေတုန်းပဲလား
ကျွန်တော်ကတော့ ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်တဲ့
ဦးထုပ်တစ်လုံးရဲ့ ကျောနံပါတ်ကို ဝတ်ဆင်ပြီး
ကျွန်တော် တေလေမဟုတ်ဘူး မေမေ
စကားလုံးအစိမ်းတွေနဲ့ မျက်နှာအစိမ်းတွေနဲ့ တေမိ လေမိတုန်းပဲ
အိမ်ထဲမှာ မိုးယိုနေလို့
အပြင်မှာ အရမ်းအေးတာပဲ မေမေ
အခုရော … ???
သဘာဝတရားကြီးနဲ့
မိုးလိုက်လို့ ရွာတဲ့ မြွေနဂါးကြီးတွေနဲ့
'ဒိန်း တပ် တပ် 'ဗုံသံတွေကြား
တွန့်လိမ် ကခုန်တတ်သူတွေရဲ့ နွားခြေရာခွက်တွေချည်းပဲ
ခေတ်ကြီးကတော့
ကလေးဘဝတုန်းကဆို မိုးသည်းသည်းထဲ သရက်သီးကြွေ ထွက်ကောက်လို့
မိုးစက်တွေကြား မြူးထူး ခုန်ပေါက်လို့
အရွယ်ရောက်တော့
သေလည်းအေးတာပဲဆိုတဲ့ပန်းတွေ ခေါင်းမှာ ဝေနေအောင်ပန်လို့
အခုဆို
မိုးလေသည်းရင် ဘုရာချည်းတတနေရတဲ့
ဝါတွင်းကာလ ကုသိုလ်ထူးရတဲ့ခေတ်ကြီးပေါ့ မေမေ …
မေမေရေ …
မေမေ နေကောင်းရဲ့လား …
ကျွန်တော် အိပ်မက်တွေ မကောင်းဘူး
မေမေ ငိုနေတာလား …
မေမေ့မျက်ဝန်းတွေက ကြေကွဲစွာ စို့နင့်လို့
နောက်ဆို မမေးတော့ပါဘူး
ကျွန်တော်တို့ရဲ့ မျက်စိတစ်ဆုံး အနာဂတ်က
မနက်ဖြန် ဘာဟင်းချက်မှာလဲ မေမေ … ။ ။
လင်းရီဝေ

illustration : Toni Demuro