Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ကျော်ကိုကို - ဝရမ်းပြေး

$
0
0
 ကျော်ကိုကို - ဝရမ်းပြေး
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၅

မေမေက စားသုံးသူတွေအတွက် ကုန်စည်တွေဖြန့်ခင်းလိုက်ချိန်မှာ
သားက ဆိုင်ခန်းတွေကြားမှာ
ဝရမ်းပြေးဖြစ်ခဲ့ရတယ် . . . . . . ။

ဖေဖေက ကျောင်းစာကြည့်တိုက်က စာအုပ်အချို့ငှားလာပေးတော့
သားက ဗီရိုကိုဖွင့်လိုက် စာမျက်နှာတွေထဲပြေးဝင်လိုက်နဲ့ တသက်လုံးပြေးနေတော့မယ့်
ဝရမ်းပြေးကလေးပေါ့ . . . . . . . . ။

သစ်ပင်တွေအောက်
အရိပ်ကောင်းကောင်းရှာပြီး
နေပူထဲက အာဖရိကကို
လိုက်ရှာကြည့်တယ် . . . . .
စိန်တွင်းတွေထဲက
အလုပ်ကြမ်းသမားတယောက် ထွက်ပြေးသလို…ဂျုံခင်းထဲက လူမည်းတယောက်ထွက်ပြေးသလို…
စာသင်ခန်းထဲက ဦးနှောက်ပျက်လုဆဲဆဲ ကျောင်းသားတယောက် ထွက်ပြေးသလို…
စိမ်းကားမုန်းတီးနေသူရဲ့
မြင်ကွင်းထဲက ချစ်သူရဲ့
အနမ်းရထားဆီကို ဦးတည်ပြီးထွက်ပြေးသလို သားဟာ ဝရမ်းပြေးဘဝကို
စိတ်ချလက်ချ ရွေးချယ်ခဲ့ပြီးပြီ။

"ခဏငယ်တခုမဆုံးခင် လူလုံးမပြချင်သေးပါ"ဆိုတဲ့ ဖော်ဝေးရဲ့စာသားတလျှောက်ပြေးရင်း
ကျောတခင်းစာနေရာကို ခက်ခက်ခဲခဲ ရှာနေရတာပါ။
ငှက်ပျောတောထဲကို ဖြတ်ပြေးပြီး ရေခန်းခြောက်စပြုနေတဲ့ ချောင်းရိုးကလေးကို ကျော်တက်ခဲ့တယ် .... ။

ကလေးတွေအတွက် ဆော့စရာအရုပ်က လက်ထိပ်မဟုတ်ပါဘူး မေမေ။
သားတို့ခေတ်မှာ ပုန်းကွယ်ဖို့ ခိုအောင်းဖို့ အသင့်ဖောက်လုပ်ထားတဲ့ ဥမင်လိုဏ်ခေါင်းတွေ ဝပ်ကျင်းတွေ လင့်စင်တွေဟာ တကြောင်းချင်း အစီအရီရေးဖွဲ့ထားတဲ့ ကဗျာတွေပါပဲ။

အင်တာနက်က လိုင်းမကောင်းတော့
ကမ္ဘာကြီးနဲ့ အဆက်အသွယ်မရဘူး။
နေပါစေ လိုင်ဇာနဲ့ မိုင်ဂျာယန်က ကလေးတွေ ဘေးကင်းလုံခြုံနေဖို့က အဓိကပါ။

ညအမှောင်ထဲမှာ ခြင်တွေတအားကိုက်နေတယ်။
နေပါစေ ပက်ရှ်ဝါနဲ့ ဘဂ္ဂဒက်က ကလေးတွေ စာကောင်းကောင်းသင်ခွင့်ရဖို့က အဓိကပါ။

သွပ်မိုးကပူလွန်းလို့ ချွေးဒီးဒီးကျနေပြီ။
နေပါစေ နိုင်ဂျာမြစ်ဝှမ်းနဲ့ ဗော်လ်ဂါမြစ်ကမ်းက မိန်းခလေးတွေ လွတ်လပ်စွာ တေးသီဆိုခွင့်ရှိနေဖို့ လိုပါတယ်။

သွေးအားနည်းပြီး ကယ်လ်စီယမ်ဓာတ်ချို့တဲ့လို့ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူး။
နေပါစေ ချင်းတွင်းနဲ့ သံလွင်တဖက်ကမ်းဆီက ညီမလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားနေဖို့ လိုပါတယ်။

ဝရမ်းပြေးဟာ ရန်ကုန်မြို့ကြီးနဲ့ ဘဝတူပဲလေ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကြာပြီ။

ဘက်ထရီတရိပ်ရိပ်ကျဆင်းနေတဲ့ ဖုန်းတလုံးနဲ့ စကားတွေပြောနေတယ်။
အာခေါင်တွေခြောက်ပြီး အသံတွေတိုးဝင်သွားတဲ့အထိ ပြောနေတယ်။

ဘားတော့ဗ်ဘရက်နဲ့ ဗန်းမော်တင်အောင်အကြောင်းကို (၂၁) ရာစုမှာ လျှို့လျှို့ဝှက်ဝှက်ပြောနေခဲ့ရတယ်။

ဒါပါပဲ အမေရယ်…လမင်းဆီက ဖြာဆင်းလာတဲ့ သွေးစက်နီတွေ စိန်ပန်းပင်ပေါ်အကျမှာ သားလွတ်လမ်းကို ရှာဖွေရ ခက်ခဲ့ ပါတယ်။

မနေ့တနေ့ကအထိ အလံတွေဝဲပျံနေတာကို မြင်ခဲ့ တယ်။ မနေ့ညက အိပ်မက်ထဲမှာတောင် ကြွေးကြော်သံတွေ ကြားခဲ့ တယ်။ ခုတော့ သားနောက်ကို စစ်ခွေးတွေလိုက်လာနေပြီဖြစ်ကြောင်း ဟောင်သံတွေက အကြောင်းကြားတယ်။

နာဇီတွေရဲ့ အမှောင်ခန်းတွေ အကျဉ်းခန်းတွေထဲမှာ သားရဲ့ရဲဘော်တွေ အထပ်ထပ်ကျရောက်နေပြီလေ။
သိပ်ပင်ပန်းနေတဲ့ စိတ်ပင်ပန်းနေတဲ့ နိုင်ငံကြီးတခုလုံးကို ကယ်တင်မယ်ဆိုရင် လောလောဆယ် ကျောမှီထားတဲ့နံရံပေါ်မှာ တော်လှန်ရေးအလံကို ရေးဆွဲလိုက်ပါ။

သားလက်ထဲက ပျောက်ဆုံးစာရင်းဟာ တညပြီး တည ရှည်လျားလာခဲ့ပြီ။
သားခြေရင်းက ပြာခံခွက်ထဲမှာ စီးကရက်အစီခံတွေလည်း မျိုးပွားနှုန်းမြန်လာခဲ့ပြီ။

လေးဖက်လေးတန် အခန်းငယ်ထဲက အသံစူးစူးတွေထွက်လာတယ်။ မွန့်ရှ်သာရှိခဲ့ရင် ကြားစေချင်ပါတယ်။

ဒါ ငါတို့အလံ ပြီးတော့ ဒါ ငါတို့အသံတွေပေါ့။ သားချစ်သူရဲ့ တီးတိုးညင်သာရယ်သံတွေကိုပါ တလွှာပြီး တလွှာ ပေါင်းထည့် ပေးလိုက်ပါရစေ မေမေ။

တော်လှန်သွေးတဝက် အနုပညာသွေးတဝက် ပေါင်းဖက်ပြီးစအချိန်မှာ မနက်ဖြန်ဆိုတဲ့ သားအိမ်ကြီးထဲက ကြယ်နီလေး တပွင့် ဝင်းပထွက်ပေါ်လာမှာ အသေအချာပေါ့။ ။

ကျော်ကိုကို

ကဗျာတင်ထားသူ Ko Phoee Kyawဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူပါသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>