Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်ခေတ်ပိုင် - လွမ်းလိုက်ပါဘိ.. ဟိုတုန်းက မဟာရန်ကုန်မြို့ရဲ့ ရုပ်ရှင်ရုံများအကြောင်း

$
0
0
မောင်ခေတ်ပိုင် - လွမ်းလိုက်ပါဘိ.. ဟိုတုန်းက မဟာရန်ကုန်မြို့ရဲ့ ရုပ်ရှင်ရုံများအကြောင်း
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅

ခုလိုဒီိဆောင်းပါးလေးကို တင်ပြရခြင်းကတော့ ခုမျိုးဆက်တွေရော နောင်လာမည့်မျိုးဆက်သစ်တွေအတွက်ပါ ဗဟုသုတ ရစေလိုတဲ့အပြင် မသိသူတွေအဖို့လည်း သိမှတ်စရာ တခုတိုးပြီလို့ မှတ်ယူဖတ်ရှုစေလိုပါတယ်။

ယနေ့မြန်မာ့ဗီဒီယိုတွေ ကားရိုက်ကျဲပြီးဈေးကွက်ပျောက်နေချိန်မှာ ခေတ်ကာလလည်းပြောင်းလို့ မြန်မာရုပ်ရှင်ကားကြီး ဈေးကွက်ကလည်း ပြန်လည်ဦးမော့လာချိန်မှာပဲ ဖြစ်နေတဲ့ပြဿနာကတော့ မဟာရန်ကုန်မြို့ကြီးမှာ ဟိုတုန်းကလို  ရုပ်ရှင်ရုံ တွေ ပေါပေါများများ မရှိတော့ခြင်းဆိုတဲ့ကိစ္စပါပဲ။ ဖြစ်ပုံက မြန်မာကားကြီးတွေ ထုတ်လုပ်ကြတဲ့ကုမ္ပ္ပဏီများက သိန်းပေါင်းများ စွာအကုန်ချခံပြီး ရင်းနှီးထားရသော်လည်း ခေတ်သစ်ခရိုနီတွေက ရုပ်ရှင်ရုံတွေကိုပိုင်ဆိုင်ထားပြီး သူတို့ပိုင်ရုံတွေမှာ ပြသခွင့် ရဖို့အရေး ဇာတ်ကားထုတ်လုပ်သူများက နှစ်ချီစောင့်နေရခြင်းက အတော်ဆိုးတဲ့ပြဿနာပါပဲ။

ယခင်ရှိပြီးသားရုပ်ရှင်ရုံတွေဖြစ်ကြသော ကျောက်တံတားမြို့နယ်မှ ရွှေဂုန်၊ မြို့မ၊ ဆုထူးပန်၊ သွင် စသောရုပ်ရှင်ရုံများမှာ လည်းခေတ်နဲ့ အညီဖြစ်အောင် စစ်အစိုးရထံမှငွေရှိသူလူတန်းစားနဲ့ ခရိုနီအုပ်စုတို့က ၀ယ်သူဝယ်ငှားသူငှားပြီး စာချုပ် တွေအမျိုးမျိုးလုပ်ပြီး လက်ဝယ်ရလာတဲ့ရုံတွေကို ခေတ်မီအောင် အသွင်အမျိုးမျိုးပြောင်းပြီး ပြန်လည်ဆောက်လုပ်ပြင် ဆင်ကြရာမှာ ကန်ထရိုက်တာများနဲ့ ရုံပိုင်တို့အကြား သူတို့အချင်းချင်း လိမ်လည်မှုအရှုပ်တော်ပုံများကြောင့် ရုံပိုင်းဆိုင်ရာပြင် ဆင်မှုတွေကိုရပ်နားထားရတာမို့ ရုပ်ရှင်ရုံတွေ နည်းပါးလာရခြင်းဖြစ်ပါတယ်။

ယနေ့ မဟာရန်ကုန်အတွင်းက ရုပ်ရှင်ရုံတွေ ဖြစ်ပျက်နေတာကု မြင်ရတော့ ဟိုတုန်းက ရုပ်ရှင်ရုံတွေ စည်ကားခဲ့တာမျိုးကို ပြန်မြင်မိနေတာမို့ လွမ်းမိတယ်ဗျာ။ အဲဒီအချိန်ကဆို ပြည်တွင်းပြည်ပက  ရုပ်ရှင်ကားအသစ်တွေကို မြို့လယ်ခေါင်တနေရာ တည်းမှာပဲ ကြိုက်တဲ့ကား  ကြိုက်တဲ့ရုံကိုသွားကြည့်ရလို့ ပျော်သလားမမေးနဲ့။ အပြေးအလွှားသွားပြီး ရုံဝင်လက်မှတ်ရအောင် တိုးဝှေ့ယူကြရတာကိုက မောတော့ မောတာပေါ့ ... ဒါပေမယ့် .. မမောဘူးဆိုတာမျိုးပါဗျာ။ ဒါပေမယ့် သမတရုံကိုတော့ မသွားဖြစ်ဘူး။

ထိုစဉ်က ရုပ်ရှင်ရုံတွေဟာ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်မှာကို တန်းစီရှိနေကြတာ။ ရွှေဂုန်၊ မြို့မ၊ ဆုထူး ပန်၊ သွင်၊ ဘုရင်ရုံ၊ ၀ဇီယာ၊ ရဲရင့်၊ အဲဒီရဲရင့်ရုံဘက်ကနေ ဆူးလေဘုရားဘက်ကို ချိုးကွေ့လိုက်တော့ နေပြည်တော်၊ ရှေ့ ဆောင်ရုံရဲ့မျက်နှာချင်းဆိုင် ဆူးလေဘုရားလမ်းမကြီးပေါ်မှာပဲ ဂုဏ်ရုံ၊ ပပ၀င်း၊ ပပ၀င်းရုံဘေးက ပြည်သူ့မုန့်တိုက်ကိုကွေ့ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်ကိုဝင်လိုက်ရင်တော့ တော်ဝင် ယုဇနဆိုတဲ့ရုံတွေကလည်း နိုင်ငံခြားကားသက်သက်ပဲ ပြနေ တာမို့ ရုပ်ရှင်ဝါသနာအိုးတို့ ပျော်မဆုံးမော်မဆုံးဖြစ်နေတာ ခုထိ မျက်စိထဲမှာ ပြန်မြင်နေဆဲပါ။

မြို့လယ် အနော်ရထာလမ်းမကြီးအပေါ် ၃၉ လမ်းနဲ့ လမ်း ၄၀ ကြားက ကုလားကားတွေသာပြသလေ့ရှိတဲ့ ဂျိုတီရုံ ခေါ် သီဟရုပ်ရှင်ရုံကလည်း စည်သလားမမေးနဲ့။ အဲဒီရုံအနားမှာပဲ ကုလားအစားအသောက်ဆိုင်တွေကလည်းစုံလို့။ ဘယာ ကြော်သုပ်၊ စမူဆာသုပ်၊ တိုရှည်၊ ပူရီ၊ ဒန်ပေါက်၊ ဖာလူဒါ၊ အိုက်စကရင်..ဒိန်ချဉ်၊  ငွေလေးများရွှင်နေလို့ကတော့ ဘာပြော ကောင်းမလဲ ရေးနေရင်းတောင် သွားရည်ကျမိတယ်။ အားလပ်ရက်တွေများဆို မြို့ပြင်၊ မြို့ပတ်ကလူတွေကလည်း မြို့ လယ်မှာလာပြီးစုကြတာမို့ ရုပ်ရှင်ရုံတွေအကြားမှာ ပွဲတော်တမျှပါပဲ။ စားသောက်ဆိုင်တွေအပြင် တေးသံသွင်းတွေကလည်း သူတို့ဆီကထုတ်တဲ့တေးစီးရီးတွေကို ရောင်းအားကောင်းအောင် စပီကာကြီးတွေနဲ့ တေးမျိုးစုံကိုလွှင့်ထုတ်နေတော့ သီချင်း သံတွေကလည်း လူတွေကြားမှာလွင့်ပြန့်နေတော့ သီချင်းလေးတွေနားထောင်ရင်း ရုပ်ရှင်လက်မှတ်တန်းစီနေရင်း လက် မှတ် မရောင်းမီ အချိန်ကုန်အောင် ရုံအောက်မှာရှိတဲ့ ကာတွန်းစာအုပ်လက်ပွေ့ငှားပေးတဲ့လူတွေဆီက ကာတွန်းငှားဖတ်ရတဲ့  အရသာကတမျိုးပေါ့။ ပြောရအုံးမယ် ယုဇနရုံဘေး ၃၁ လမ်းထိပ်ပိုင်းနားကတရုပ်မကြီးတွေရောင်းတဲ့ ၀က်သားဒုတ်ထိုးကို ပထမဆုံးစားဘူးတာလည်းမှတ်မိနေသား။ ခေါင်ဆွဲကြော်မည်ကာမတတ်လုပ်ထားပေမယ့် ၀က်ခေါင်းသုတ်ကလေးနဲ့တွဲ ပြီး ခဏခဏ၀င်စားမိတာ ကောင်းသလားမမေးနဲ့။ ဈေးကလည်း ချိုတာကိုး။ အစုံတပွဲမှ နှစ်ကျပ်ပဲ။ ဒီကြားထဲ ၀က်ခြေထောက်စွတ်ပြုတ်ကလည်းကောင်းပါ့။ လူကလည်း ဆာဆာနဲ့တုတ်လိုက်တာ ဆွေမျိုးကိုမေ့ပါတယ်ဆို။

ယနေ့လိုခေတ်အပြောင်းအလဲမှာ  အစိုးရကနောက်ကြောင်းပြန်လှည့်မှာကိုသာ စိုးရိမ်နေတာ။ ဟိုတုန်းကပျော်ခဲ့မိတဲ့ ခေတ် ကိုတော့ နောက်ကြောင်းပြန်ပြီးတွေးလေ  တွေးလေ လွမ်းမိလေပါပဲ။ အဲဒီတုန်းက လူထုကြီးကလည်း ခုလိုမကြပ်တည်း သေးတာအမှန်ပါ။ ဘာပဲပြောပြော စားဝတ်နေရေးအဆင်ပြေနေတုန်းလို့ဆိုရမှာပါ။ ခေတ်လည်း မှောင်ခိုပစ္စည်းအရောင်း ၀ယ်ကောင်းကြတယ်။ ရုပ်ရှင်လက်မှတ်မှောင်ခိုမလား။ ဈေးရောင်းမလား လူတွေက၀ယ်နိုင်သုံးနိုင်ကြသေးတယ်။ စစ်တပ် ကနေ အသွင်ပြောင်းပြီး နေပြည်တော်ရဲဆိုတာကလည်း၊ ရဲလုပ်ထုံးလုပ်နည်းနားမလည်ကြသေးတော့ လွတ်ချင်တိုင်း လွတ် နေကြတာမို့ အခြေအနေတွေက ကောင်းနေကြတာပေါ့။

ကဲ ရုပ်ရှင်ရုံတွေအကြောင်းပြန်ဆက်ပါရစေ။ ဟိုတုန်းကမဟာရန်ကုန်ရုပ်ရှင်ရုံများဆိုပြီး ရုပ်ရှင်ရုံတွေကို ရုပ်ရှင်ကော်ပိုရေး ရှင်းကနေပြီးတော့ နယ်မြေအလိုက်အဆင့်ခွဲခြားပြီးတော့ သတ်မှတ်ပေးပါတယ်။ မြို့လယ်၊ မြို့ပတ်၊ မြို့ပြင်ဆိုပြီး သုံးမျိုးခွဲ ပါတယ်။ မြို့လယ်ကိုတော့ ရုပ်ရှင်ရုံ ၁၅ ရုံသတ်မှတ်ပြီး၊ ရွှေဂုန်၊ မြို့မ၊ ဆုထူးပန်၊ သွင်၊ ဘုရင်ရုံ၊ ၀ဇီယာ၊ ရဲရင့်၊ နေပြည်တော်၊ ရှေ့ ဆောင်၊ ဂုဏ်၊ ပပ၀င်း၊ သမတ၊ တော်ဝင်၊ ယုဇန၊ သီဟ။

မြို့ပတ်ကိုတော့ လမ်းမတော်ပိုင်းက  စံပြရုံပါ။ အဲဒီအနားမှာရှိတဲ့ ကေသွယ်ရုံဆိုတာကိုတော့ မြို့ပြင်စာရင်းမှာထည့်ထား ပါတယ်။ မြေနီကုန်းစမ်ချောင်းမှာတော့ ရွှေမန်းရုံ။ တပင်ရွှေထီး၊ ရတနာပုံရုံတို့အပြင် တာမွေကျောက်မြောင်းအပိုင်းမှာ ရွှေ ဗဟိုရ်၊ ဘုရင့်နောင်၊ မရိုးဆန်းတို့ဖြစ်ပြီး ဆန်းသီရိရုံနဲ့ တော်လှန်ရေးပန်းခြံအနီးက ၀ိဇယရုံတို့ဟာ သီးခြားနိုင်ငံခြားရုပ်ရှင် တွေပြသတာများပါတယ်။ မြန်မာရုပ်ရှင်ကားပြသခြင်းမရှိကြပါဘူး။ ပြောရရင်တော့ မြို့ပတ်ကို ရုံပေါင်းခုနှစ်ရုံသတ်မှတ်ပါ တယ်။ အလုံက သီတာရုံဆိုတာကိုလည်း  မြို့ပြင်စာရင်းမှာထားတာပါ။

မြို့ပြင်အဆင့်သတ်မှတ်ခံရတဲ့ရုံများကတော့  ကမာရွတ်အလွန်က မြနန်းသီင်္ဂီ၊ သံလမ်းထိပ်နားက စန္ဒာမြိုင်ရုံ၊ အင်းစိန်က မဟာမြိုင်ရုံတို့ဖြစ်ပြီး မြောက်ဥက္ကလာ (ဈ) ဈေးအနီးက မင်းရန်အောင်ရုံ၊ တံတားလေးဘူတာအနီးက ရွှေလမင်းရုံနဲ့ ကမ္ဘာ အေးဘုရားလမ်းပေါ်က န၀ဒေးရုပ်ရှင်ရုံပြသမှုကတော့ ထူးပါတယ်။ တခါတရံ ကားသစ်များကိုလည်းပြသလေ့ ရှိတာကြောင့် မြို့ပတ်အဆင့်မှာ ရှိနေတတ်ပါတယ်။

တောင်ဥက္ကလာပက နန္ဒ၀င်ဈေးအနီးက လှရုံ။ တောင်ဥက္ကလာပ နာမည်ကြီး ဆယ်ရပ်ကွက်ဈေးအနီးမှာတော့ ပဒေသာရုံ ပေါ့။ သင်္ဃန်းကျွန်းဘီအိုစီဓါတ်ဆီဆိုင်အနားက ဧရာဝတီရုံ။ သင်္ဃန်းကျွန်းဘူတာအနီးက တံခွန်ရုံ၊ သာကေတမှာတော့ ပြိုင် ဘက်မရှိ မြရတနာရုံတို့ ဖြစ်ကြပါတယ်။ မြို့ပြင်ကိုတော့ လမ်းမတော်အပိုင်းက ကေသွယ်ရုံ၊ အလုံက သီတာရုံ။ အပါဝင် စုစု ပေါင်း ၁၂ ရုံ သတ်မှတ်ပါဝင်ကြပါတယ်။

တော်လှန်ရေးကောင်စီတက်ပြီးနောက် ၁၉၆၇ ခုနှစ်မှာ သူဋ္ဌေးပိုင်ရုပ်ရှင်ရုံတွေအပါဝင် တပြည်လုံးရှိ ရုပ်ရှင်ရုံပေါင်း ၁၇၀ ခန့် ကို ပြည်သူပိုင်အဖြစ်သိမ်းလိုက်ပါတယ်။ ပြန်ကြားရေ၀န်ကြီးလက်အောက်မှာ ရုပ်ရှင်ကော်ပိုရေးရှင်းဆိုပြီး စတင်ဖွဲ့စည်းကာပထမဆုံးဦးဆောင်ညွှန်ကြားရေးမှူးကတော့ စာရေးဆရာတက္ကသိုလ်မောင်မောင်ခင်ဖြစ်ပါတယ်။ သူက မြန်မာမွတ်စလင် တဦးဖြစ်ပေမယ့် ဦးနေ၀င်းရဲ့မဟေသီဒေါ်ခင်မေသန်းနဲ့ ကျောင်းနေဘက်လို့သိရပြီး ဒါ့ကြောင့်လည်း ရုပ်ရှင်ကော်ပိုရေးရှင်းမှာ ၁၉၈၈ ခုနှစ်အထိ ရာထူးသက်တမ်းရှည်ခဲ့ပုံရပါတယ်။

ထိုအချိန်က မဟာရန်ကုန်နယ်နမိတ်အတွင်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေအပါဝင် တပြည်လုံးအတွက် ရုပ်ရှင်ပြသမှုအခြေအနေ ကတော့ ထုတ်လုပ်ရေးကုမ္ပဏီများက တနှစ်ကို ဇာတ်ကားပေါင်းရာချီပြီး ရိုက်ကြတာပါ။ ကုမ္ပဏီတွေကလည်း ၇၀ ကျော် ရှိပါတယ်။ ရုပ်ရှင်ကားတွေကလည်း အဆင့်မီကြပါတယ်။ ကာလာဖလင်မပေါ်သေးတော့ အဖြူအမဲဇာတ်ကားများအပြင် ရာဇ၀င်သမိုင်းနဲ့ သရဲကားများပါ ပါဝင်လို့ စာရေးသူသွေးစုတ်ဖုတ်ကောင်ဆိုတဲ့သရဲကားကိုသွားကြည့်ပြီး သူရဲလုပ်တဲ့ တာ တေကြီးကိုကြောက်ပြီး အိမ်ကိုမပြန်ရဲလို့ ရုံက၀န်ထမ်းဦးလေးကြီးက ပြန်ပို့ပေးခဲ့ရတယ်ဗျ။ မင်းသမီးကတော့ ဒေါ်ခင်ယု မေနဲ့ မင်းသားက ဦးတင်ထွန်းတို့ ပါ။

ရုပ်ရှင်ကော်ပိုရေးရှင်းလက်အောက်မှာရှိတဲ့ နိုင်ငံခြားရုပ်ရှင်တင်သွင်းရေးအေဂျင်စီဆိုတာကလည်း နှစ်စဉ် ပြည်ပနိုင်ငံ ပေါင်းစုံမှ ရုပ်ရှင်ဇတ်ကားပေါင်း ရာချီတင်သွင်းပြသခဲ့တာပါ။

အချုပ်ပြောရရင်တော့ အသစ်တွေဘယ်လိုပြောင်းပြောင်း အဟောင်းကိုတော့တမ်းတမိတာကြောင့် မဟာရန်ကုန်ရုပ်ရှင်ရုံ များသမိုင်းကို လွမ်းလိုပါဘိလို့ပဲ ပြောလိုက်ပါရစေခင်ဗျ။

မောင်ခေတ်ပိုင်
နိုဝင်္ဘာ ၂၀၁၅

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>