လင်းသက် ငြိမ် - မှော်အောင် (သို့) သတ္တိကောင်းတဲ့ကဗျာ
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၅
လက်မှတ်ကသေချာတယ်
တစ်နည်းအားဖြင့်မပြန်လို့မရတဲ့ခရီးပေါ့
လောကကြီးထဲငါတို့ရောက်ကတည်းက
အစီအစဉ်တကျရရှိထားခဲ့ပေါ့။
သေခြင်းတဲ့ငါတို့ရဲ့အခန်းနက်ကြီး
တွင်းမည်းကြီး ...
သမ္မတကြီးလည်းသေတယ်
ပြည့်တန်ဆာမလည်းသေတယ်
ဘုရားတကာလည်းသေတယ်
ကဗျာဆရာတွေလည်းသေကြတယ်
မြတ်ဗုဒ္ဓလည်းပရိနိဗ္ဗာန်ပြုရတယ်
ယေရှုလည်းသေတယ်
မိုဟာမက်လည်းသေတယ်
ဟစ်တလာကောအိုင်းစတိုင်းကော
ထူးအိမ်သင်ကောမောင်ချောနွယ်ကော
ဘယ်သူမှ မလွတ်ကြဘူး
ဘယ်သူမှ လွတ်မှာမဟုတ်ဘူး
ခန္ဓာရဲ့သစ္စာဟာတစ်ဆင့်ချင်းပြိုကွဲပျက်စီး...။
ငါကြောက်တယ်
ကျွန်တော်ကြောက်တယ်
ခင်ဗျားကမကြောက်ဘူး
ခင်ဗျားရဲရင့်တယ်
ခင်ဗျားကသတ္တိရှိတယ်
ကင်ဆာတဲ့အဲဒီမိစ္ဆာနဲ့ပျော်ပျော်ကြီးနေတယ်
အပြုံးမပျက်ပိုက်ဆံမရှိဘူး
ဆေးသွင်းဖို့မသေချာဘူး
စိတ်ဓာတ်မကျဘူး
ကဗျာတွေပဲရေးတယ်
ကဗျာတွေပဲပို့တယ်
ကဗျာအလုပ်တွေပဲလုပ်တယ်
ငြင်းခုံတယ်၊ရန်ဖြစ်တယ်၊ပြဿနာတက်တယ်
အရင်အတိုင်းပဲအရင်ကမှော်အောင်ပဲ
သေခြင်းကိုမှော်အောင်ထားတဲ့အတိုင်းပဲ။
ခေါင်းတုံးဖြစ်နေတဲ့ဦးခေါင်းကို
ဦးထုပ်ဆောင်းပြီးကဗျာရွတ်တယ်
ပိန်လှီတဲ့ခန္ဓာကိုယ်နဲ့ လရောင်လမ်းချိုး မဂ္ဂဇင်းကို
အယ်ဒီတာ လုပ်တယ်
မဂ္ဂဇင်းတွေမှာ ခပ်စိပ်စိပ်ကဗျာတွေပါခဲ့တယ်
ရသအလင်းကထောက်ပံ့ကြေးပေးတယ်
ကျွန်တော့်ကဗျာတွေကို ဖတ်တယ်
ကျောင်းသားတွေနိုင်ကြောင်းပြောတယ်
လက်ပတ်ဖြူ ပတ်ခဲ့တယ်
ဖက်ဒရယ်အကြောင်းကို လူတိုင်းနဲ့ ငြင်းခုံတယ်
ခင်ဗျားကို ကျွန်တော်အကုန်လုံး မကြိုက်ပါဘူး
ခင်ဗျားကိုတော်တော်များ ကြိုက်ပါတယ်
မသေခင်က သရဏဂုံလာတင်တဲ့
ကဗျာတစ်ပုဒ်ကို ခွင့်လွှတ်ပေးတာကအစ
ဖတ်သမျှ စာကဗျာတွေကို
မှတ်မိနေတတ်တာက အဆုံး
ခင်ဗျားဟာလူသားဆန်သူကဗျာဆရာပါပဲ
သင်္ကြန်တွင်း ကျွန်တော်လူ့ဘောင်က ခဏခွာတယ်
ပြန်ရောက်လာတော့ခင်ဗျားဆေးရုံတက်နေတဲ့
သတင်းကြားတယ်
ဆေးရုံမှာ ညသွားစောင့်ပေးတော့လည်း
ခင်ဗျားက အမာ ...
လင်းသက်ငြိမ်
အချိုရည်တွေ မုန့်တွေရှိတယ်ကြိုက်တာစားတဲ့
ကျွန်တော်က ခင်ဗျားရဲ့အဆုတ်ထဲ ထုတ်ထားတဲ့
သွေးပုလင်းတွေကိုကြည့်ရင်းသွေးပျက်
ခင်ဗျားကိုကြည့်တော့မာမြဲ မာလျှက်
ခင်ဗျားကို ကဗျာတွေ ရွတ်ပြခဲ့တယ်
ခင်ဗျားက ကဗျာကို စူးစူးစိုက်စိုက်နားထောင်နေတယ်
ခင်ဗျား မသေသေးဘူးလို့ ကျွန်တော်ယုံတယ်
ကဗျာဆရာမှော်အောင်။ ။
လရောင်လမ်းချိုးခေတ်ပေါ်ကဗျာအဖွဲ့မှ ကွယ်လွန်သူ ကဗျာဆရာမှော်အောင်အတွက်
သတိရခြင်းအားဖြင့်ရေးဖွဲ့ပါသည်။